အခန်း ၄၆၉
Vol. 32 Ch. 469
အခန်း (၄၆၉) ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ (အပိုင်း ၂)
လောင်ကျွမ်းနေသော မီးလျှံများ၏ အရှိန်အဝါမှာ တဖြည်းဖြည်း မှေးမှိန်စပြုလာသော်လည်း၊ တောအုပ်အတွင်း၌မူ မီးခိုးငွေ့များမှာ ဝေ့ဝဲနေဆဲ ဖြစ်သည်။ ဆုမိုသည် ဝမ်ချန်ရှင်း၏ မျက်နှာကို သေချာစွာ ကြည့်ရှုရင်း လေးနက်သော လေသံဖြင့် ဆိုလိုက်၏။
"ကျွန်တော်ကတော့ တည်းခိုခန်း ပြန်နားမလို့ပဲ... ဒါပေမဲ့ ခြေလှမ်း နှစ်လှမ်းလောက်ပဲ လှမ်းရသေးတယ်၊ ကောင်းကင်ကို ထိုးဖောက်သွားတဲ့ ဓားချီကြီးကို ခံစားလိုက်ရလို့ ပြန်လှည့်လာခဲ့တာပါ။ သူရဲကောင်းဝမ် ချုံခိုတိုက်ခိုက်ခံရပြီး ထွက်သွားပြီလို့ သိရလို့ နောက်ကနေ ခြေရာခံ လိုက်လာတာ... လမ်းမှားသွားလို့ နည်းနည်းတော့ ကြန့်ကြာသွားတယ်ဗျ။ ဒီကို မီးတောက်တွေ မြင်လို့ ရောက်လာတာ... ဒါပေမဲ့ ဘာတွေဖြစ်ကုန်လဲ ဆိုတာကိုတော့ အခုထိ စဉ်းစားလို့ မရသေးဘူး။ ရန်သူကော ဘယ်ရောက်သွားပြီလဲ"
ထိုအခါ၊ ဝမ်ချန်ရှင်းသည် သက်ပြင်းရှည်ကြီး တစ်ချက်ကို မှုတ်ထုတ်လိုက်ပြီးနောက်၊ စိတ်ပျက်အားငယ်နေသော အမူအရာဖြင့် ပြန်လည် ဖြေကြားလိုက်သည်။
"ခေါင်းဆောင်ဆု တစ်ယောက်တည်း ဇဝေဇဝါ ဖြစ်နေတာ မဟုတ်ပါဘူးဗျာ... ကျွန်တော်ကိုယ်တိုင်လည်း အခု ဘာဖြစ်နေမှန်းကို မသိတော့ဘူး။ အဲဒီလူက ကျွန်တော့်အခန်းထဲကို ဝင်လာပြီး ဓားနဲ့ တိုက်ခိုက်တော့တာပဲ။ သူ့ရဲ့ သိုင်းပညာက... မမျှော်လင့်ထားလောက်အောင် မြင့်မားလွန်းတယ်။ ကျွန်တော်လည်း အမှတ်မထင် ဖြစ်သွားတော့ ခုခံရင်းနဲ့ပဲ နောက်ဆုတ်လာခဲ့ရတာပေါ့။ ဒီနေရာ ရောက်တော့မှ အဲဒီလူက ရုတ်တရက် ပျောက်သွားတာ... အဲဒီတော့မှ သူ့ရဲ့ ကိုယ်ဖော့ပညာက ကျွန်တော့်ထက် သာနေမှန်း သိလိုက်ရတယ်။ သူ့နောက်ကို လိုက်ဖို့ ကြိုးစားပေမဲ့ ခြေရာပျောက်သွားတယ်ဗျာ။ လှည့်ကြည့်လိုက်တော့မှ ဒီနေရာမှာ မီးလောင်နေတာ တွေ့ရတာပဲ... ဘယ်သူကများ ကျွန်တော့်ကို ဒီည စကားကိုဒီနေရာအထိ မျှားခေါ်လာပြီး ဘာတွေ ကြံစည်နေလဲ ဆိုတာကိုတော့... တကယ်ကို စဉ်းစားလို့ မရနိုင်တော့ဘူးဗျ"
ထိုနေရာသို့ ရောက်ရှိနေသော အခြားသော သိုင်းလောကသားများကလည်း ဝမ်ချန်ရှင်း၏ ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြကြသည်။ ဆုမိုသည် တစ်ခဏမျှ စဉ်းစားပြီးနောက် ပြုံးလျက် ဆိုလိုက်သည်။
"ဘာပဲဖြစ်ဖြစ်လေ... သူရဲကောင်းဝမ် ဘာမှ မဖြစ်တာပဲ တော်ပါသေးတယ်။ ထျန်းချူ ဓားပြိုင်ပွဲကလည်း နီးနေပြီဆိုတော့ ဒီလို လူယုတ်မာတွေနဲ့ တွေ့ရတာ သဘာဝပါပဲ။ သူရဲကောင်းဝမ်... ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်ပါဦးဗျာ"
မီးကြွင်းမီးကျန်များ ငြိမ်းသတ်ပြီးနောက်တွင် ဆုမိုနှင့် ဝေဇီယီတို့သည် ထျန်းချူမြို့တော်အတွင်းရှိ တည်းခိုခန်းဆီသို့ ပြန်လည် ရောက်ရှိလာခဲ့ကြသည်။ ဝမ်ချန်ရှင်းမှာမူ ပျက်စီးသွားသော အခန်းခေါင်မိုးအတွက် တည်းခိုခန်းပိုင်ရှင်နှင့် စကားပြောဆို ဖြေရှင်းနေရသဖြင့် အလုပ်ရှုပ်နေတော့၏။
ဆုမိုသည် သူ၏ အခန်းအတွင်းသို့ ဝင်ရောက်လာချိန်တွင် ဝေဇီယီသည်လည်း အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့သည်။
ဆုမိုသည် လက်ချောင်းကို တောက်၍ ဆီမီးအိမ်ကို ထွန်းညှိလိုက်ရာ၊ ဝင်းလက်သော အလင်းရောင်သည် အခန်းအတွင်းသို့ ပျံ့နှံ့သွားသည်။ သူသည် ဝေဇီယီအား လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးရင်းမှ မချိတင်ကဲ ဆိုလိုက်၏။
"သခင်မလေးဝေရယ်... နင်ကလည်း တကယ်ပါပဲ။ အပျိုစင် မိန်ကလေး တစ်ယောက်က ညနက်သန်းခေါင်ကြီး အမျိုးသားတစ်ယောက်ရဲ့ အခန်းထဲမှာ လာထိုင်နေတယ်ဆိုတာ... သူများတွေ သိသွားရင် ဘယ်လို ထင်ကြမလဲ"
(ဒီမိန်းကလေးကတော့လေ... လူကိုများ အေးအေးဆေးဆေး အိပ်ခွင့်မပေးဘူး။ သူ့ဆရာမတွေသာ သိရင်တော့ ငါ့ကို ဓားနဲ့ ဝိုင်းထိုးကြမလား မသိဘူး။ တကယ့် ဒုက္ခပဲ။)
"ငါကတော့ ဂုဏ်ယူစရာကြီးလို့တောင် ထင်မိပါသေးတယ်။ အကယ်၍ ဒီသတင်းသာ ပြန့်သွားရင် ငါ့ဆရာသခင်တို့ကတောင် ဝမ်းသာနေကြဦးမှာ"
ဝေဇီယီက ခပ်အေးအေးပင် ပြန်လည် တုံ့ပြန်လိုက်သော်လည်း၊ ဆုမိုကမူ စားပွဲပေါ်တွင် လက်ဖက်ရည်စက်များဖြင့် စာလုံးအချို့ကို တိတ်တဆိတ် ရေးသားလိုက်သည်။
'တစ်စုံတစ်ယောက် ချောင်းကြည့်နေသည်၊ မြွေကို မလန့်စေနှင့်။'
ဝေဇီယီ၏ မျက်ခုံးများမှာ ရုတ်ချည်း မြင့်တက်သွားပြီးနောက်၊ သူမသည်လည်း လက်ချောင်းကို လက်ဖက်ရည်ခွက်အတွင်း နှစ်ကာ ခွက်ပေါ်တွင် ပြန်လည် ရေးသားလိုက်၏။
'အခုထိ စောင့်ကြည့်နေတုန်းလား..'
"အခုတလော ငါ့ကို အိမ်ထောင်ပြုဖို့ အတင်း ဖိအားပေးနေကြတာ... နင်နဲ့ ပေးစားချင်နေကြတာလေ။ ငါတို့တွေ ဒီလောက်ထိ အတူတူ ဖြတ်သန်းလာခဲ့ပြီးမှတော့ နင် တစ်ခုခု ဆုံးဖြတ်သင့်ပြီ မဟုတ်လား။ ငါက ယန်မိသားစု ညီမလေးရဲ့ နေရာကို လုချင်တာ မဟုတ်ပါဘူး... ဒါပေမဲ့ အနည်းဆုံးတော့ ငါ့မိသားစုကို ရှင်းပြဖို့အတွက် နင်က ငါ့ကို အဆင့်အတန်းတစ်ခု ပေးသင့်တယ်လေ။ ဟုတ်တယ်မလား"
ဆုမိုသည် စားပွဲပေါ်တွင် 'ရှိနေတုန်းပဲ၊ စကားအများကြီး မပြောနဲ့တော့၊ အမြန်ပြန်တော့'ဟု ရေးသားရင်းမှ လေသံကို မြှင့်ကာ ပြန်လည် ပြောဆိုလိုက်သည်။
"သခင်မလေးဝေရယ်... နင်က ပန်းလိုလှတဲ့ ရုပ်ကလေးနဲ့ သိုင်းပညာကလည်း ဒီလောက် မြင့်တာပဲ၊ နင့်ကို လိုချင်တဲ့သူတွေ တန်းစီနေမှာပေါ့။ ငါလို သာမန်လူ တစ်ယောက်ကတော့ နင်နဲ့ ဘယ်တန်ပါ့မလဲ..."
ဝေဇီယီသည် စားပွဲကို ဝုန်းခနဲ ရိုက်ချလိုက်ပြီးနောက်၊ ဒေါသတကြီးဖြင့် မတ်တတ်ရပ်ကာ အော်ဟစ်လိုက်တော့၏။
"ဆုမို.. နင်က ကိုယ့်ကိုယ်ကို သူရဲကောင်းလို့သာ အမည်ခံနေတာ၊ တကယ်တမ်း အရေးကြီးတဲ့ အချိန်ကျတော့ ဝေခွဲမရ ဖြစ်နေတာပဲ။ တကယ့်ကို အမြင်ကတ်စရာ ကောင်းလွန်းတယ်။ နောက်ထပ် သုံးရက်ပဲ အချိန်ပေးမယ်... နင်သာ တစ်ခုခု မဆုံးဖြတ်နိုင်ရင်တော့၊ ငါကိုယ်တိုင် ယန်မိသားစု အစ်မဆီ သွားပြီး အကျိုးအကြောင်း မေးတော့မယ်.."
"အဲဒါတော့ လုံးဝ မဖြစ်ဘူးနော်.."
ဆုမိုက အမှတ်မထင် လွှတ်ခနဲ ပြောလိုက်သော်လည်း၊ ဝေဇီယီကမူ အခန်းတံခါးကို ဝုန်းခနဲ ပိတ်ကာ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ ဆုမိုသည် သက်ပြင်းရှည်ကြီး တစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး အခန်းမီးကို ငြှိမ်းလိုက်သည်။ ခဏအကြာတွင် သူ၏ အကြားအာရုံက ချောင်းကြည့်နေသော အငွေ့အသက်များ ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း အတည်ပြုလိုက်သောအခါမှ ဆုမိုသည် ကုတင်ပေါ်တွင် ထိုင်ကာ ပြုံးလိုက်မိတော့၏။
(ဒီကစားပွဲကတော့... တဖြည်းဖြည်းနဲ့ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာပြီပဲ။)
နောက်တစ်နေ့ နံနက်ခင်းသို့ ရောက်ရှိလာသောအခါ၊ ဆုမိုနှင့် သူ၏ အဖွဲ့သားများသည် တည်းခိုခန်း၏ ဧည့်ခန်းမဆောင်ကြီးအတွင်း၌ စုဝေးကာ မနက်စာ သုံးဆောင်နေကြသည်။ ဟူဆန်းတောက်မှာမူ အဆက်မပြတ် သမ်းဝေနေရင်းမှ သူ၏ လည်ပင်းကို ပွတ်သပ်ကာ ညည်းတွားနေတော့၏။
"ဒီတည်းခိုခန်းက အိပ်ရာကတော့... နည်းနည်းလေးတော့ အဆင်မပြေဘူးဗျာ။ လူကို တစ်ကိုယ်လုံး ညောင်းညာနေတာပဲ"
--