အခန်း ၄၇၂
Vol. 32 Ch. 472
အခန်း (၄၇၂) စီနီယာအစ်ကိုကြီး (အပိုင်း ၂)
"နောက်ပြီး ထျန်းချူဓားပြိုင်ပွဲကလည်း ရက်ပိုင်းပဲ လိုတော့တာလေ။ ဒီကြားထဲမှာသာ ထပ်ပြီး ဆူဆူပူပူတွေ ဖြစ်ကုန်ရင်တော့ တကယ်ကို ကိုင်တွယ်ရ ခက်သွားလိမ့်မယ်ဗျ"
လော့ချန်ရှင်းသည် မိမိ၏စကားမှာ အနည်းငယ် လွန်သွားသည်ဟု ထင်မှတ်သွားဟန်ဖြင့် ကပျာကယာ ပြန်လည်ပြင်ဆင်ပြောဆိုလိုက်သည်။
"ကြည့်စမ်း... ကျွန်တော် ဘာတွေ လျှောက်ပြောနေမိတာလဲ။ ဒါတွေက ခေါင်းဆောင်ဆုနဲ့လည်း ဘာမှမဆိုင်တဲ့ ကိစ္စတွေပဲဟာ။ ခုတော့ ဂိုဏ်းချုပ်ရှေ့မှာ လာပြီး ညည်းညည်းညူညူတွေ လုပ်နေမိပြီ... တကယ်ကို မတော်တရော် ဖြစ်သွားပါတယ်ဗျာ"
(အင်းလေ... သူ့ခမျာလည်း နယ်မြေလုံခြုံရေး တာဝန်ယူထားရတာဆိုတော့ ခေါင်းမီးတောက်နေမှာပေါ့။ ဒါပေမဲ့ ငါ့ကိုလာပြောနေလည်း ဘာထူးမှာလဲ။ ငါက ဧည့်သည်ပဲဟာ။)
"ကိစ္စမရှိပါဘူးဗျာ"
ဆုမိုက ခေါင်းကို အသာအယာ ခါယမ်းရင်း ဆိုလိုက်သည်။
"ဒါပေမဲ့ ဒီကိစ္စကတော့ စီနီယာလော့ အနေနဲ့ ပိုပြီး ဂရုစိုက်ဖို့တော့ လိုလိမ့်မယ်။ ထျန်းချူဓားပြိုင်ပွဲက တုန်းချန်တစ်ခွင်မှာ အတော်လေး ဂယက်ရိုက်နေတာဆိုတော့ အခုလို အဖြစ်အပျက်မျိုးက အခြေအနေကို ပိုပြီး ရှုပ်ထွေးသွားစေနိုင်တယ်။ အဓိကကတော့ လူသတ်သမားကို အမြန်ဆုံး ဖမ်းမိဖို့ပါပဲ"
"အမှန်ဆုံးပါပဲဗျာ.."
လော့ချန်ရှင်းသည် မတ်တတ်ရပ်လိုက်ပြီးနောက် ဆုမိုအား နှုတ်ဆက်၏။
"ခေါင်းဆောင်ဆုဆီကနေ အဖြေတစ်ခု ရပြီဆိုတော့ ကျွန်တော်လည်း ထပ်ပြီး အနှောင့်အယှက် မပေးတော့ပါဘူး။ အခုပဲ ပြန်ခွင့်ပြုပါဦးဗျာ... ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်"
"အားနာစရာကြီးဗျာ... စီနီယာ"
ဆုမိုသည် လော့ချန်ရှင်းကို အောက်ထပ်အထိ ကိုယ်တိုင် လိုက်လံပို့ဆောင်ပေးလိုက်သည်။ အောက်ထပ်ရှိ လူအုပ်ကြီးမှာမူ သူတို့နှစ်ဦး ဘာတွေ ဆွေးနွေးခဲ့ကြသနည်းဆိုသည်ကို သိချင်ဇောဖြင့် စောင့်ဆိုင်းနေကြလေ၏။ သို့သော် ဆုမိုသည် ယွမ်ရှန်းဓားဂိုဏ်းမှ လူများကို တံခါးဝအထိ ပို့ပေးပြီးနောက် မည်သည့်စကားမျှ ထပ်မဆိုဘဲ ပြန်လည်ဝင်ရောက်လာသဖြင့် လူအများမှာ စိတ်ပျက်သွားကြရသည်။
(ဒီလူတွေကလည်း တကယ်ပဲ။ သူများ လျှို့ဝှက်ချက်ကို သိချင်လိုက်ကြတာ... နားရွက်တွေတောင် နည်းနည်းရှည်နေကြသလား မသိဘူး။ ငါ့ကို ကြည့်နေတဲ့ အကြည့်တွေကလည်း တစ်မျိုးပဲ။ နာမည်ကြီးတာလည်း တစ်ခါတလေကျတော့ ဒုက္ခပဲ..)
ဆုမိုသည် သူ့အား စကားပြောရန် ဟန်ပြင်နေသူများကို အပြုံးဖြင့်သာ တုံ့ပြန်လိုက်ပြီး၊ လက်သီးဆုပ်၍ အားလုံးကို အရိုအသေပေးကာ သူ၏ နေရာတွင် ပြန်ထိုင်လိုက်သည်။ ထို့နောက် သူသည် လော့ချန်ရှင်း ပြောသွားသော အကြောင်းအရာများကို ဝေဇီယီတို့အား ခပ်ကျဉ်းကျဉ်း ပြန်လည်ပြောပြလိုက်၏။
သူသည် လျှို့ဝှက်အသံလွှင့်ခြင်း ကို မထုတ်ဖော်ဘဲ ပုံမှန်အတိုင်းသာ ပြောလိုက်သဖြင့် တည်းခိုခန်းအတွင်းရှိ နားပါးသော သိုင်းသမားများမှာ ထိုအကြောင်းကို အကုန်ကြားလိုက်ကြရသည်။ ချက်ချင်းပင် တွတ်ထိုးသံများ ညံသွားတော့၏။
"ဒါဆို ဟွာယန်ဂိုဏ်းချုပ်က တကယ်ပဲ ကောင်းကင်စမ်းရေ နှလုံးသားသန့်စင် ဓားသိုင်းနဲ့ အသတ်ခံရတာပေါ့။ တခြားလူကော ရှိနိုင်ဦးမလား"
"ဟုတ်ပါ့ဗျာ။ အဲဒီ ဓားသိုင်းကို တတ်တဲ့လူက လောကမှာ ဘယ်နှစ်ယောက် ရှိလို့လဲ"
"ဒါပေမဲ့ မနေ့ညက ဝမ်ချန်ရှင်း တစ်ယောက်ယောက်နောက်ကို လိုက်သွားတာကို မြင်တဲ့သူတွေ အများကြီးပဲလေ"
"အဲဒါကော ဘယ်သူက သေချာ မြင်လိုက်လို့လဲ။ သူတို့က ကိုယ်ဖော့ပညာတွေ ကောင်းကြတာပဲ။ ခေါင်းဆောင်ဆုတောင် ခြေရာပျောက်သွားလို့ ပြောနေတာပဲဟာ။ ဝမ်ချန်ရှင်းက ခဏလောက် ပျောက်သွားပြီးမှ လူသတ်ဖို့ ပြန်လာတာလည်း ဖြစ်နိုင်တာပဲလေ။ ပြီးမှ လူကြားထဲမှာ အစီအစဉ်တကျ ပြန်ပေါ်လာတာပေါ့"
"မင်းပြောပုံအရဆိုရင် လူသတ်သမားက ဝမ်ချန်ရှင်းပေါ့... ဟုတ်လား"
"အဲဒါကတော့... ဘယ်သူက တပ်အပ်ပြောနိုင်မှာလဲ"
လူအုပ်ကြီးမှာ အပူတပြင်း ငြင်းခုံနေကြသော်လည်း ဝေဇီယီ၏ မျက်ခုံးတန်းများမှာမူ ကျစ်ကျစ်ပါအောင် ကြုတ်ထားလျက် ရှိနေသည်။ သူမသည် ဤကိစ္စ၏ ဖြစ်ပေါ်တိုးတက်မှုများမှာ တစ်ခုခု လွဲချော်နေသည်ဟု ခံစားနေရ၏။
(မနေ့ညကပဲ ငါနဲ့ဆုမိုနဲ့ အဲဒီ ဝမ်ချန်ရှင်း ဆိုတဲ့ လူ သစ်ပင်မှာ အသတ်ခံထားရတာကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့တာလေ။ အခုကျတော့ နောက်ထပ် ဝမ်ချန်ရှင်း တစ်ယောက်က အကောင်းကြီး ပြန်ပေါ်လာတယ်။ ပြီးတော့ ဟွာယန်ဂိုဏ်းချုပ်ကလည်း နှလုံးသားကို ဓားနဲ့ အထိုးခံရပြီး သေပြန်ပြီ။ အဲဒီ အသေအပျောက်က မနေ့ညက ဝမ်ချန်ရှင်း သေတာနဲ့ တစ်ပုံစံတည်းပဲ။ ဆိုလိုတာက... မနေ့ညက သေတာ ဝမ်ချန်ရှင်း မဟုတ်ဘဲ ဟွာယန်ဂိုဏ်းချုပ်ကြီးများလား။)
သူမသည် ဆုမိုကို တစ်ချက် ခိုးကြည့်လိုက်မိသည်။
ဆုမိုမှာမူ ဘာမှမဖြစ်သကဲ့သို့ပင် တည်ငြိမ်နေပြီး၊ အမာရွတ်နှင့်လူစိမ်းကိုသာ ရံဖန်ရံခါ လှမ်းကြည့်နေသည်။ ဆုမိုနှင့် အကြည့်ချင်း ဆုံတိုင်း ထိုလူစိမ်းမှာ ဆုမို၏ မျက်နှာအမူအရာကို အတိအကျ လိုက်တုပြနေသဖြင့် ဆုမိုမှာ ရယ်ရမလို၊ ငိုရမလို ဖြစ်နေတော့၏။
မနက်စာ စားပြီး၍ လူတိုင်း အခန်းသို့ ပြန်ရန် ပြင်ဆင်နေစဉ်မှာပင်၊ တည်းခိုခန်း တံခါးဝဆီမှ အလျင်စလို ပြေးဝင်လာသော ခြေသံများကို ကြားလိုက်ရပြန်သည်။ 'ထျန်းချူ အရာရာသိ' ဟူသော လူငယ်လေးသည် အမောတကောဖြင့် ပြေးဝင်လာပြီး အော်ဟစ်လိုက်တော့၏။
"ဒုက္ခပဲဗျို့.. ဟွာယန်ဂိုဏ်းက လူတွေ ဖန်လိုင်တည်းခိုခန်းကို ဝိုင်းထားကြပြီ။ ယွမ်ရှန်းဓားဂိုဏ်းကို အဖြေပေးဖို့ ဖိအားပေး တောင်းဆိုနေကြတယ်.."
ဤသတင်းကို ကြားသည်နှင့် တည်းခိုခန်းအတွင်းရှိ ဧည့်သည်များမှာ အားတက်သရောဖြင့် အပြင်သို့ ထွက်ခွာသွားကြသည်။ ပွဲကြည့်ရမည်ဆိုလျှင် မည်သူကမျှ အနောက်ကျ မခံလိုကြပေ။
ထိုစဉ်၊ ဝေဇီယီက ဆုမိုကို အရိပ်အကဲ ကြည့်လိုက်ရာ ဆုမိုက ခေါင်းညိတ်ပြလိုက်၏။
"သွားကြတာပေါ့... ငါတို့လည်း သွားကြည့်သင့်တာပဲ"
ဖန်လိုင်တည်းခိုခန်းမှာ သူတို့ရှိရာမှ လမ်းသုံးလမ်းခန့်သာ ကွာဝေးသဖြင့် ခဏအတွင်းမှာပင် ရောက်ရှိသွားကြသည်။
သို့သော် ထိုနေရာသို့ ရောက်ချိန်တွင်မူ ပတ်ဝန်းကျင်တစ်ခုလုံးမှာ လူအုပ်ကြီးဖြင့် ပြည့်နှက်နေတော့၏။
လမ်းမများပေါ်တွင်သာမက အဆောက်အအုံများ၏ ခေါင်မိုးများနှင့် ဝရန်တာများပေါ်တွင်ပါ ပွဲကြည့်ပရိသတ်များ ရောက်ရှိနေကြသည်။ သိုင်းလောကသားများသာမက မြို့ခံလူထုကလည်း စပ်စုရန် ရောက်နေကြခြင်း ပါပင်။
ဆုမိုနှင့် သူ၏အဖွဲ့သားများသည် ပွဲကို ကောင်းကောင်းမြင်ရမည့် နေရာတစ်ခုတွင် နေရာယူလိုက်ကြသည်။ သူတို့ နေရာချပြီးသည်နှင့် ဟွာယန်ဂိုဏ်းမှ လူတစ်ဦး၏ ဒေါသတကြီး အော်ဟစ်သံကို ကြားလိုက်ရတော့၏။
"ဝမ်ချန်ရှင်းကို ထုတ်ပေးစမ်း.."
"ဟုတ်တယ်.. ငါတို့ ဂိုဏ်းချုပ်က သူ့အပေါ်မှာ ဒီလောက်တောင် အလေးထားခဲ့တာကို။ နားလည်မှုလွဲတာ ရှိရင်တောင် စကားနဲ့ ဖြေရှင်းလို့ ရတာပဲ။ ဘာလို့ လူသတ်တဲ့အထိ လုပ်ရတာလဲ.."
"ငါတို့ ဟွာယန်ဂိုဏ်းသားတွေက မိုင်ပေါင်း ထောင်ချီ ခရီးနှင်ပြီး ထျန်းချူမြို့ကို လာတာက သူ့ကို အားပေးဖို့ပဲ။ ငါတို့ ဂိုဏ်းချုပ်ကြီး ဒီလို ရက်ရက်စက်စက် အသတ်ခံရလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ.."
သူတို့၏ အော်ဟစ်သံများမှာ ဟိန်းထွက်နေသော်လည်း တည်းခိုခန်း တံခါးဝတွင်မူ ယွမ်ရှန်းဓားဂိုဏ်းမှ လူများက ကင်းစောင့်နေကြသည်။ သူတို့က ထိုလူအုပ်ကို အတွင်းသို့ ပေးမဝင်နိုင်ချေ။
"ခင်ဗျားတို့ ပြောသလိုပဲလေ... ဂိုဏ်းချုပ်ကြီးက ဝမ်ချန်ရှင်းကို အလေးထားတယ်၊ သူတို့ ဆက်ဆံရေးကလည်း ကောင်းတယ်ဆိုရင်... ဝမ်ချန်ရှင်းက ဘာလို့ လူသတ်ရမှာလဲဗျ။ စဉ်းစားကြည့်ပါဦး"
ယွမ်ရှန်းဓားဂိုဏ်းမှ ကင်းစောင့်က စိတ်ရှည်လက်ရှည် ရှင်းပြနေရသည်။
"ဘယ်သူက သိမှာလဲ.. တစ်ခုခု ငြင်းခုံရာကနေ ဒေါသထွက်ပြီး သတ်လိုက်တာလည်း ဖြစ်နိုင်တာပဲလေ။ သိုင်းလောကသားပဲ... ဘယ်သူက ဒေါသ မရှိဘဲ နေမလဲ"
"အော်... မင်းတို့ ပြောပုံအရဆိုရင်တော့ ငါတို့ ယွမ်ရှန်းဓားဂိုဏ်းကို အတင်းအဓမ္မ လာပြီး အကျပ်ကိုင်ချင်တာပေါ့... ဟုတ်လား"
ကင်းစောင့်များမှာလည်း ဒေါသထွက်လာကြပြီ ဖြစ်၏။
တစ်ဖက်လူများမှာ တည်းခိုခန်းရှေ့တွင် အမွှေးတိုင်တစ်တိုင်စာမျှ အချိန်ကြာအောင် လာရောက် ဆူညံပွက်လောရိုက်နေကြသဖြင့် လူအများ၏ အာရုံစိုက်ခြင်းကို ခံနေရသည်။
ဤသို့ ဆက်လက် ဖြစ်နေခြင်းမှာ သူတို့ဂိုဏ်းအတွက် သိက္ခာကျစရာပင် မဟုတ်ပါလော။
ဂိုဏ်းကြီး (၇) ဂိုဏ်းဝင် ဖြစ်သော သူတို့အနေဖြင့် ဤမျှအထိ စိတ်ရှည်လက်ရှည် ရှင်းပြနေခြင်းမှာပင် အတော်လေး လွန်လှပြီ ဖြစ်၏။
ယခုမူ အတုအယောင် အကြောင်းပြချက်များဖြင့် လာရောက် အော်ဟစ်နေကြသည်မှာ တကယ်ကို သည်းခံနိုင်စရာ မရှိတော့ချေ။
--