အခန်း ၄၇၃
Vol. 32 Ch. 473
အခန်း (၄၇၃) စီနီယာအစ်ကိုကြီး (အပိုင်း ၃)
ယွမ်ရှန်းဓားဂိုဏ်းကဲ့သို့သော အင်အားကြီးဂိုဏ်းတစ်ခု၏ ရှေ့မှောက်တွင် ဤသို့ လာရောက်ရမ်းကားရန်မှာ လွယ်ကူလှသည် မဟုတ်ချေ။
ယွမ်ရှန်းဓားဂိုဏ်းမှ လူများ၏ တင်းမာသော အမူအရာကို မြင်သောအခါ၊ ဟွာယန်ဂိုဏ်းမှ တပည့်အချို့မှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ နောက်ဆုတ်ချင်စိတ် ပေါက်သွားကြသည်။
သို့သော် သူတို့သည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာတွင် အလျှော့ပေးလိုက်ပါက သိက္ခာကျမည်ကို စိုးရိမ်သဖြင့်၊ ထိုသူတို့ထဲမှ တစ်ဦးက ရုတ်တရက် အသံကုန်ဟစ်၍ ငိုကြွေးတော့သည်။
"ယွမ်ရှန်းဓားဂိုဏ်း ဆိုတာ ဂိုဏ်းကြီး (၇) ဂိုဏ်းထဲက တစ်ဂိုဏ်း ဖြစ်ပြီးတော့ ငါတို့လို ဟွာယန်ဂိုဏ်းလေးကို အနိုင်ကျင့်နေတာပဲဗျို့။ ငါတို့ ဂိုဏ်းချုပ်ကို သတ်တဲ့ လူသတ်သမားကိုလည်း အကာအကွယ် ပေးထားကြသေးတယ်.."
ထိုသို့ အသံကုန်ဟစ် ငိုကြွေးသံကြောင့် ဘေးမှ ဝိုင်းကြည့်နေသော လူအုပ်ကြီးမှာ တီးတိုးဝေဖန်လျက် ယွမ်ရှန်းဓားဂိုဏ်းကို လက်ညှိုး ထိုးကြသည်။
ကင်းစောင့်နေသော တပည့်များမှာ မျက်နှာများ ပျက်ယွင်းသွားကာ ဒေါသတကြီး အော်ဟစ်ရန် ပြင်လိုက်စဉ်မှာပင်၊ လော့ချန်ရှင်းသည် အထဲမှနေ၍ အပြေးအလွှား ထွက်လာခဲ့သည်။
"အားလုံး တိတ်ကြစမ်း.."
"ဦးလေးကြီး.."
"ဆရာကြီး.."
ကင်းစောင့်တပည့်များက လော့ချန်ရှင်းကို မြင်သောအခါ လက်သီးဆုပ်၍ ကပျာကယာ အရိုအသေ ပေးလိုက်ကြ၏။ လော့ချန်ရှင်းသည် လက်ကို ဝှေ့ယမ်းပြလိုက်ပြီး ငိုကြွေးနေသော ဟွာယန်ဂိုဏ်းတပည့်ထံသို့ လျှောက်သွားကာ မချိတင်ကဲ ဆိုလိုက်သည်။
"မိတ်ဆွေတို့... ဒီကိစ္စက စုံစမ်းလို့ မပြီးသေးပါဘူး။ ဝမ်ချန်ရှင်း က လူသတ်သမားပါလို့ အလောတကြီး ဆုံးဖြတ်ဖို့ကတော့ စောလွန်းပါသေးတယ်ဗျာ"
"စောသေးတယ် ဟုတ်လား.."
ဟွာယန်ဂိုဏ်းတပည့်က ဒေါသတကြီးဖြင့် ပြန်လည် အော်ဟစ်လိုက်၏။
"ဒီစီနီယာကြီးကို ကျွန်တော် မေးပါရစေဦး။ ကျွန်တော်တို့ ဂိုဏ်းချုပ်ကြီးက ဘယ်လို ဓားသိုင်းနဲ့ အသတ်ခံလိုက်ရတာလဲ"
"...အဲဒါက 'ကောင်းကင်စမ်းရေ နှလုံးသားသန့်စင် ဓားသိုင်း' ပါပဲ"
လော့ချန်ရှင်းက ခေါင်းညိတ်၍ ဝန်ခံလိုက်ရသည်။
"ဒါဆို ထပ်မေးဦးမယ်။ ဝမ်ချန်ရှင်း ကလွဲလို့ ဒီလောကမှာ အဲဒီ ဓားသိုင်းကို တတ်တဲ့လူ နောက်တစ်ယောက် ရှိသေးလို့လား"
သူက စကားကို ခေတ္တရပ်လိုက်ပြီး လှောင်ပြုံး ပြုံးလိုက်၏။
"အော်... ဟုတ်သားပဲ။ အကြီးအကဲ ထျန်းချွမ် လည်း ရှိတာပဲ။ ဒါဆို စီနီယာကြီး ပြောချင်တာက အကြီးအကဲ ထျန်းချွမ် က ကျွန်တော်တို့ ဂိုဏ်းချုပ်ကို လာသတ်တယ်လို့ ပြောချင်တာလား"
"အဲဒါကတော့ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပါ"
"ဒါဆိုရင် ရှင်းနေတာပဲ မဟုတ်လား.."
ထိုလူသည် မတ်တတ်ရပ်ကာ ဒေါသတကြီး အော်ဟစ်တော့၏။
"တခြားဟာတွေကို ထားလိုက်ဦး။ ဒီ ထျန်းချူမြို့ထဲမှာ ကျွန်တော်တို့ ဂိုဏ်းချုပ်ကို သတ်နိုင်လောက်တဲ့ အစွမ်းရှိတဲ့လူ ဘယ်နှစ်ယောက် ရှိလို့လဲ။ အကယ်၍ ဒါက တစ်ယောက်ယောက်က လုပ်ကြံဖန်တီးတာ ဆိုရင်တောင်၊ သုံးသွားတဲ့ ဓားသိုင်းကတော့ အစစ်အမှန်ကြီး ဖြစ်နေတာပဲလေ။ လူသတ်သမားက ဝမ်ချန်ရှင်း ကလွဲလို့ ဘယ်သူ ဖြစ်နိုင်ဦးမှာလဲ.."
"ယွမ်ရှန်းဓားဂိုဏ်း က အခု ထျန်းချူမြို့ရဲ့ အရေးအရာတွေကို တာဝန်ယူထားပြီးတော့၊ အခုကျမှ တကယ့် ရာဇဝတ် ကောင်ကို ကာအကွယ် ပေးနေတာလား။ ဒါမှမဟုတ် မကြာခင် ကျင်းပမယ့် ထျန်းချူ ဓားပြိုင်ပွဲကြီး ပျက်သွားမှာ ကြောက်နေတာလား။ ဒါမှမဟုတ်... ဝမ်ချန်ရှင်း ကို ခင်ဗျားတို့က ကြောက်နေကြတာလား"
"အမှန်အတိုင်း ပြောရရင် ကျုပ်တို့ ဟွာယန်ဂိုဏ်း က ဂိုဏ်းကြီး (၇) ဂိုဏ်းလောက် အင်အား မကြီးဘူး၊ မချမ်းသာဘူး ဆိုပေမဲ့၊ ကျုပ်တို့မှာလည်း သတ္တိ ရှိကြပါတယ်ဗျာ။ အကယ်၍ ဂိုဏ်းကြီး (၇) ဂိုဏ်း ကသာ ဝင်မပါဘူး ဆိုရင်၊ ကျုပ်တို့ဘာသာ ကျုပ်တို့ ကလဲ့စားချေပြီး ဝမ်ချန်ရှင်း ဆီကနေ အဖြေတောင်းပါ့မယ်...."
"ဒီကိစ္စကတော့..."
လော့ချန်ရှင်းသည် သက်ပြင်းရှည်ကြီးကို ချလိုက်မိသည်။
"အခုတော့ အိမ်ပြန်ကြပါဦးဗျာ။ ကျွန်တော့်ကို ရက်ပိုင်းလောက် အချိန်ပေးပါ။ ခင်ဗျားတို့အတွက် တရားမျှတမှုကို သေချာပေါက် ရှာပေးပါ့မယ်"
"တရားမျှတမှု ဟုတ်လား..ဟားဟားဟားဟား"
ဟွာယန်ဂိုဏ်းတပည့်က မျက်ရည်များကြားမှ ဟားတိုက် ရယ်လိုက်၏။
"ဒီလောကကြီးမှာ ဘယ်မှာ တရားမျှတမှု ကျန်သေးလို့လဲ။ လောကကြီးက ကျယ်ပြောတယ်၊ သိုင်းလောကက အဆုံးမရှိဘူး။ ဒါပေမဲ့ ကျုပ်တို့ မြင်နေရတာကတော့ အမှောင်ထုကြီးပဲလေ။ ကျုပ်တို့လို သာမန်လူတွေက တရားမျှတမှုကို ဘယ်မှာ သွားရှာရမှာလဲ"
"ကျုပ်တို့ ဂိုဏ်းချုပ်ကြီးရဲ့ အသက်အတွက် ကလဲ့စားတောင် မချေပေးနိုင်တဲ့ အတူတူ၊ ဒါ ဘယ်လို တရားမျှတမှုမျိုးလဲ။ ဒီလို လောကကြီးမျိုး၊ ဒီလို သိုင်းလောကမျိုးမှာ ကျုပ်... ကျုပ်..."
သူသည် စကားပြောရင်း မြေပြင်ပေါ်သို့ ဝုန်းခနဲ ဒူးထောက်ချလိုက်ပြီး အော်ဟစ် ငိုကြွေးတော့သည်။
"အီးဟီးဟီး၊ ဂိုဏ်းချုပ်ကြီး... ဂိုဏ်းချုပ်ကြီးရယ်။ တပည့်က သောက်သုံးမကျလို့ ဆရာ့အတွက် ကလဲ့စား မချေပေးနိုင်ခဲ့ဘူး။ ဒီနေ့တော့ တပည့်မှာ တခြား ဘာဆန္ဒမှ မရှိတော့ပါဘူး။ ဆရာ့နောက်ကိုပဲ လိုက်ခဲ့ပါတော့မယ်။ ဒီဘဝကို အချည်းနှီး အကုန်မခံချင်တော့ဘူးဗျာ...."
သူသည် ပြောပြောဆိုဆိုဖြင့် ခေါင်းကို ရုတ်တရက် မော့လိုက်၏။
လော့ချန်ရှင်း၏ မျက်နှာမှာ ရုတ်ချည်း ပျက်ယွင်းသွားသည်။
"နေဦး... မင်း..."
စကားမဆုံးမီမှာပင် ထိုလူ၏ မျက်နှာမှာ ဖြူလျော်သွားပြီး၊ သွေးတစ်လုပ်ကို အန်ထုတ်ကာ မြေပြင်ပေါ်သို့ ပက်လက်လန် လဲကျသွားတော့၏။
သူသည် မိမိ၏ နှလုံးသွေးကြောကို မိမိဘာသာ ဖြတ်တောက်ကာ အသက်ကို အဆုံးစီရင်သွားခဲ့ခြင်း ဖြစ်သည်။
"ဟာ...."
လော့ချန်ရှင်း တစ်ယောက် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကာ ခြေဆောင့်နေတော့၏။
"ဘယ်လိုတောင် စိတ်မြန်ရတာလဲဗျာ... ဘယ်လိုတောင် လုပ်လိုက်ရတာလဲ.."
"အစ်ကိုကြီး.. အစ်ကိုကြီးရယ်...."
ကျန်ရှိနေသော ဟွာယန်ဂိုဏ်းသားများမှာ ထိုလူ၏ ရုပ်အလောင်းကို ဝိုင်းမလိုက်ကြသည်။
သူတို့၏ ငိုကြွေးသံများမှာ ရင်နာစရာ ကောင်းလှသည်။
"ငါတို့ ဟွာယန်ဂိုဏ်း က လောကအလယ်မှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်ခဲ့တာပါ။ တုန်းချန်အရပ် အတွက်ရော၊ ပြည်သူတွေ အတွက်ပါ ငါတို့ အစွမ်းကုန် ကြိုးစားခဲ့ကြတယ်။ တရားသောလမ်းစဉ် နဲ့ မိစ္ဆာလမ်းစဉ် တိုက်ပွဲတွေမှာလည်း ငါတို့ ဘယ်တုန်းကမှ အနောက်မှာ ကျန်မနေခဲ့ပါဘူး"
"ငါတို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ချင်တယ်။ ငါတို့ သိုင်းပညာကို ဒီလောက်အထိ အလေးထားပြီး လေ့ကျင့်လာခဲ့တာ... နောက်ဆုံးတော့ ဒီလို ကံကြမ္မာမျိုးနဲ့ ကြုံရဖို့လား၊ ဝမ်ချန်ရှင်း... ဝမ်ချန်ရှင်း။ မင်း တကယ်ပဲ နှလုံးသား မရှိတော့တာလား၊ ထွက်လာခဲ့စမ်း...."
ထိုစကားအဆုံးတွင် အပေါ်ထပ်မှနေ၍ အက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး၊ ပြတင်းပေါက်မှနေ၍ အရိပ်တစ်ခု ခုန်ဆင်းလာ၏။ မြေပြင်ပေါ်သို့ လျင်မြန်စွာ ဆင်းသက်လိုက်သော ထိုသူ၏ မျက်နှာမှာ ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်နေသည်။
ဟွာယန်ဂိုဏ်းသားများက သူ့ကို ရုတ်တရက် မော့ကြည့်လိုက်ကြရာ၊ သူတို့၏ မျက်ဝန်းများတွင် ဒေါသအရှိန်များ တောက်လောင်နေတော့၏။
"ဝမ် ချန် ရှင်း......"
လော့ချန်ရှင်းမှာလည်း ထိုသူ့ကို မြင်သောအခါ ပို၍ပင် စိတ်ရှုပ်သွားရသည်။
"မင်း... မင်းက ဘာလို့ ထွက်လာရတာလဲ"
ဝမ်ချန်ရှင်းက လော့ချန်ရှင်းကို တစ်ချက်ကြည့်ကာ ခေါင်းကို အသာအယာ ခါယမ်းလိုက်၏။ ထို့နောက် လဲကျနေသော ရုပ်အလောင်းကို ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်သည်။
"ပေါ်ရန် ကို ကျွန်တော် မသတ်ခဲ့ပါဘူး။ ဒါပေမဲ့ ပေါ်ရန် က ကျွန်တော့်ကြောင့် သေခဲ့ရတာပါ။ ဒီအခြေအနေ ရောက်မှတော့ ကျွန်တော် လိပ်လို ခေါင်းလျှိုပြီး ပုန်းမနေနိုင်တော့ပါဘူး"
"တော်ပါပြီ... တော်ကြပါတော့။ ခင်ဗျားတို့ အဖြေလိုချင်တယ် ဆိုရင် ကျွန်တော် အဖြေပေးပါ့မယ်"
လူတိုင်း၏ အကြည့်များမှာ ဝမ်ချန်ရှင်းထံသို့ ချက်ချင်း ရောက်ရှိသွားကြသည်။ သူသည် ဟွာယန်ဂိုဏ်းသားများကို ဝမ်းနည်းစွာဖြင့် ကြည့်ကာ ဆိုလိုက်၏။
"မိတ်ဆွေတို့... ကျွန်တော် ဝူရှန်းဆောင် ကနေ တုန်းချန်ကို ပြန်ရောက်ကတည်းက ပထမဆုံး သွားတွေ့ခဲ့တာ ဟွာယန်ဂိုဏ်း ပါပဲ။ ခင်ဗျားတို့ရဲ့ ဂိုဏ်းချုပ်နဲ့ ကျွန်တော်က အသက်ချင်း ကွာပေမဲ့ ညီအစ်ကိုတွေလို ခင်မင်ခဲ့ကြတာလေ။ ကျွန်တော် သူ့ကို ဘယ်လိုလုပ် သတ်ရက်မှာလဲ"
"တကယ်တော့... ဒီကိစ္စရဲ့ နောက်ကွယ်မှာ လျှို့ဝှက်ချက် တစ်ခု ရှိနေပါတယ်။ ကျွန်တော်ကိုယ်တိုင် ဖြေရှင်းပြီးမှ အကျိုးအကြောင်း ပြောပြဖို့ စိတ်ကူးထားတာပါ။ ဒါပေမဲ့ မမျှော်လင့်ဘဲ အခုလို နောက်ထပ် ကြေကွဲစရာ ကိစ္စတွေ ဖြစ်လာခဲ့ပြီ"
"နောက်ထပ် နားလည်မှုတွေ မလွဲရအောင် ကျွန်တော် အကုန်လုံးကို အသေးစိတ် ရှင်းပြပါ့မယ်။ မနေ့ညက လူသတ်သမားဟာ... ကျွန်တော် မဟုတ်ပါဘူး"
"အဲဒီလူက... ကျွန်တော့်ရဲ့ စီနီယာအစ်ကိုကြီး ပါပဲ.."
ဤစကားကို ကြားလိုက်ရသည်နှင့် ပွဲကြည့်နေသော မြို့ခံလူထုရော၊ တုန်းချန် သိုင်းလောကသားများပါ အကုန်လုံး မှင်သက်သွားကြတော့၏။
(ဝမ်ချန်ရှင်းရဲ့ စီနီယာအစ်ကိုကြီး ဟုတ်လား။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မိစ္ဆာဂိုဏ်းချုပ်ကို သတ်ဖို့ ထာဝရညတောင်ကြားထဲကို တစ်ကိုယ်တည်း ဝင်သွားပြီး အသတ်ခံလိုက်ရတဲ့လူ မဟုတ်လား။ အဲဒီလူက သေတာတောင် ကြာလှပြီကို... အခုမှ ထျန်းချူမြို့ထဲမှာ လူလာသတ်နေတယ် ဆိုတာကတော့... ဘယ်လိုမှ မဖြစ်နိုင်တာကြီးပဲ။)
ဆုမိုသည် မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းကာ စဉ်းစားနေမိသည်။
ထိုစဉ်မှာပင် သူ၏ ဘေးနားမှ နှာခေါင်းရှုံ့သံ ခပ်အေးအေးတစ်ခုကို ကြားလိုက်ရ၏။
ဆုမိုသည် လန့်သွားကာ ဘေးသို့ လှည့်ကြည့်လိုက်ရာ၊ ခမောက်ဆောင်းထားသော လူတစ်ဦးသည် ဓားတစ်လက်ကို ကိုင်ဆောင်ကာ မတ်တတ်ရပ်နေသည်ကို တွေ့လိုက်ရလေတော့၏။
--