← Chapters

အခန်း ၄၇၄

Vol. 32 Ch. 474

အခန်း ၄၇၄

Vol. 32 Ch. 474

အခန်း (၄၇၄) ဓားသိုင်းပညာရှင်

ဆုမိုသည် ခေတ္တမျှ မှင်တက်သွားသည်။ သူ၏ရှေ့မှ ဓားကိုကိုင်ကာ မတ်တတ်ရပ်နေသော ထိုသူမှာ ခုနစ်ပေရှည်သော ဓားရှည်ကြီးကို လွယ်ကာ ဟိုဟိုဒီဒီ ပြေးလွှားတတ်သည့် ထိုလူကို သတိရစေသည်မှာ အမှန်ပင်ဖြစ်၏။

သို့သော်လည်း သူ၏ရှေ့မှ လူမှာ သေချာပေါက် 'ကျောက်စိမ်းချီလင်' မဟုတ်ပေ။

(ဟ... ဒီလူက လည်း ဘယ်လိုလူပါလိမ့်။ ဝတ်ထားတာက စာပေသမား ပုံစံနဲ့၊ ဆောင်းထားတဲ့ ခမောက်ကလည်း မျက်နှာကို လုံအောင်ပိတ်ထားတာပဲ။ တစ်ခုခုတော့ ထူးခြားနေသလိုပဲ)

ထိုသူသည် စာပေသမား တစ်ဦးကဲ့သို့ ဝတ်ဆင်ထားသော်လည်း ခေါင်းတွင်မူ ခမောက်တစ်ခုကို ဆောင်းထားသည်။ ခမောက်၏ အနားသတ်များတွင် အနက်ရောင်ပိတ်စများ ဝိုင်းရံထားသဖြင့် သူ၏မျက်နှာကို လုံးဝ မမြင်ရပေ။ သူသည် ဓားတစ်လက်ကို ရင်ခွင်ထဲ၌ ပိုက်ထားသော်လည်း ထိုဓားမှာ ခုနစ်ပေအထိ မရှည်လျားချေ။

ခုနစ်ပေ မရှည်သော်လည်း ထိုဓား၌ 'ကြယ်ခုနစ်ပွင့်' ပါရှိသည်။ သူ၏ ဓားအိမ်ပေါ်တွင် အရောင်အသွေးစုံလင်သော ရတနာခုနစ်ပါးကို စီခြယ်မြှုပ်နှံထား၏။ ထိုရတနာများမှာ ကောင်းကင်ယံမှ 'ခုနစ်စင် ကြယ်စု' ပုံစံအတိုင်း စီတန်းထားခြင်းဖြစ်ရာ သာမန်ပစ္စည်းတစ်ခု မဟုတ်သည်မှာ အထင်အရှားပင် ဖြစ်သည်။

ဆုမို၏ အကြည့်များက သူ့ထံသို့ ရောက်ရှိသွားသောအခါ ထိုသူသည် ခေါင်းကို အသာအယာ လှည့်၍ ဆုမိုအား တစ်ချက် ကြည့်လိုက်သည်။

ဆုမိုက လက်သီးဆုပ်၍ ယဉ်ကျေးစွာ အရိုအသေပေးလိုက်ရာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ထိုသူကလည်း အသာအယာပင် ပြန်လည် အရိုအသေပေး၏။ ထို့နောက် သူသည် ကွင်းပြင်အလယ်မှ ဝမ်ချန်ရှင်းထံသို့သာ အကြည့်လွှဲလိုက်တော့သည်။

ထိုအချိန်တွင် ဝမ်ချန်ရှင်းမှာ သူသိသမျှ အကြောင်းအရာအားလုံးကို လူအုပ်ကြီးအား ထပ်မံ ရှင်းပြနေလေပြီ။

"ကျွန်တော့်ရဲ့ စီနီယာအစ်ကိုကြီးအကြောင်း ခင်ဗျားတို့လည်း နည်းနည်းပါးပါးတော့ ကြားဖူးကြမှာပါ။ သူက တကယ့်ကို သူရဲကောင်းစိတ်ဓာတ် ရှိတဲ့သူပေါ့။ မိစ္ဆာတွေကို နှိမ်နင်းဖို့ ထာဝရညတောင်ကြားထဲအထိ ကိုယ်တိုင် သွားခဲ့တာလေ။ ဒါပေမဲ့ ကံမကောင်းချင်တော့... မိစ္ဆာဂိုဏ်းချုပ်ရဲ့ သိုင်းပညာက တကယ်ကို နက်နဲလွန်းတယ်။ ကျွန်တော့်အစ်ကိုကြီးက နည်းမျိုးစုံသုံးပြီး အစွမ်းကုန် တိုက်ခိုက်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ရှုံးနိမ့်သွားခဲ့ရတာပေါ့"

"အဲဒီတုန်းကတော့ လူတိုင်းက ကျွန်တော့်အစ်ကိုကြီးဟာ မိစ္ဆာဂိုဏ်းချုပ်လက်ချက်နဲ့ သေဆုံးသွားပြီလို့ပဲ ထင်ခဲ့ကြတာ။ ဘယ်သူက သိမှာလဲ... သူက မသေဘဲ မိစ္ဆာဂိုဏ်းချုပ်ရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတာလေ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သူ ဂိုဏ်းကို ရုတ်တရက် ပြန်ရောက်လာပြီး ကျွန်တော်တို့ ဆရာသခင်ကို ဒုက္ခပေးခဲ့လို့သာ သူ မသေဘူးဆိုတာ သိလိုက်ရတာ"

ဆုမိုက ကြိတ်၍ မှတ်ချက်ချလိုက်၏။

(ဟက်... ဒီဇာတ်လမ်းကလည်း တော်တော်လေးကို ဟောလိဝုဒ်ဆန်နေတာပဲ။ သေပြီလို့ အထင်ခံရတဲ့လူက ရန်သူ့ဘက်သားဖြစ်ပြီး ပြန်ပေါ်လာတယ်ပေါ့။ ဒီ ဝမ်ချန်ရှင်းကလည်း ဇာတ်လမ်းဆင်တာလား၊ တကယ်ပဲလားဆိုတာတော့ စဉ်းစားစရာပဲ။)

ဝမ်ချန်ရှင်းက ဆက်လက်၍ ဝမ်းနည်းဖွယ်လေသံဖြင့် ဆိုသည်။

"ဒါပေမဲ့... သူ အသက်ရှင်နေတာ မှန်ပေမဲ့ သူက အရင်လူ မဟုတ်တော့ဘူးဗျ။ သူ့ရဲ့ စိတ်ဓာတ်တွေက ပြောင်းလဲသွားပြီး အခုဆိုရင် မိစ္ဆာဂိုဏ်းချုပ်ရဲ့ လက်ပါးစေတောင် ဖြစ်နေပြီ။ ကျွန်တော်တို့ဆရာက သူ့ကို ဒဏ်ရာရအောင် တိုက်ပြီး မောင်းထုတ်လိုက်နိုင်ပေမဲ့ တစ်နေ့နေ့မှာ သူ ပြန်လာဦးမယ်ဆိုတာ သိနေခဲ့တာ"

"ဒါကြောင့်လည်း ကျွန်တော်ဟာ အကြီးအကဲ ထျန်းချွမ်ရဲ့ တပည့်တစ်ယောက်အနေနဲ့ အနောက်တောင်ဘက်က 'ယွီလျိုအိမ်တော်' ရဲ့ သခင်ကြီး 'လျူဆွေ့ဖုန်း' ကို ထျန်းချူဓားပြိုင်ပွဲဆီ ဖိတ်ခေါ်ခဲ့တာပါ။ အနောက်တောင်ဘက်က ဓားသိုင်းတွေကို စမ်းသပ်ပြီး ကျွန်တော့်ရဲ့ 'ကောင်းကင်စမ်းရေ နှလုံးသားသန့်စင် ဓားသိုင်း' ကို ပိုပြီး ပြည့်စုံအောင် လေ့ကျင့်ချင်လို့ပေါ့။ အဲဒီနောက်မှာတော့ ထာဝရညတောင်ကြားကို သွားပြီး ဂိုဏ်းရဲ့ သစ္စာဖောက်ကို ကိုယ်တိုင် သုတ်သင်ဖို့ ဆုံးဖြတ်ထားတာပါ"

"မမျှော်လင့်ဘဲ... သူက ထျန်းချူမြို့ထဲကို ရုတ်တရက် ရောက်လာပြီး အခုလို ကြေကွဲစရာတွေ ဖြစ်အောင် လုပ်သွားခဲ့တယ်။ ဒီအတွက်တော့ ကျွန်တော် ဝမ်ချန်ရှင်းမှာ တာဝန်ရှိပါတယ်။ ကျွန်တော့်ကို ရက်ပိုင်းလောက်ပဲ အချိန်ပေးကြပါ။ ကျွန်တော် အားလုံးအတွက် သေချာပေါက် အဖြေပေးပါ့မယ်။ ဘယ်သူ့ကိုမှ အချည်းနှီး အသေမခံစေရပါဘူးဗျာ.."

ဤသို့ ရှင်းပြလိုက်သောအခါ အခြေအနေမှာ ပိုမို ရှင်းလင်းသွားသော်လည်း ကျန်ရစ်နေခဲ့သော ကွက်လပ်များက လူအများအား တွေးတောစရာ ဖြစ်စေသည်။

အကြီးအကဲ ထျန်းချွမ်၏ စီနီယာတပည့်ကြီး မသေခဲ့ဘူးဆိုပါက... သူသည် ဤနှစ်များအတွင်း ဘာတွေကို ဖြတ်သန်းခဲ့ရသနည်း။ မိစ္ဆာဂိုဏ်းချုပ်လက်ထဲ ရောက်နေခဲ့သည်ဆိုမှတော့ ကောင်းမွန်သည့် အရာတစ်ခုမှ ရှိလိမ့်မည် မဟုတ်ပေ။

သူ၏ စိတ်နေစိတ်ထားများ ရုတ်ချည်း ပြောင်းလဲသွားခြင်းမှာလည်း ထိုကြောင့်ပင် ဖြစ်နိုင်သည်။

ဒါပေမယ့်.. သူက ဘာလို့ မိစ္ဆာဂိုဏ်းချုပ်နဲ့ ပူးပေါင်းသွားရတာလဲ။ ပြီးတော့ အခုမှ ထျန်းချူမြို့ထဲမှာ လူတွေ ဘာလို့ လိုက်သတ်နေတာလဲ။

လူအုပ်ကြီးအတွင်း၌ ဆူညံပွက်လောရိုက်နေသော်လည်း ဝမ်ချန်ရှင်း၏ စကားကို မည်သူကမျှ သံသယ မဝင်ကြချေ။

အကြောင်းမှာ ဤသို့သော အလိမ်အညာမျိုးသည် အလွယ်တကူ ပေါ်သွားနိုင်သောကြောင့် ဖြစ်၏။ အထူးသဖြင့် ဝမ်ချန်ရှင်းသည် ထျန်းချူဓားပြိုင်ပွဲအပြီးတွင် ထာဝရညတောင်ကြားသို့ သွားမည်ဟု လူပုံအလယ်တွင် ကြေညာလိုက်ခြင်းပင်ဖြစ်၏။

(အင်းလေ... ဒီလောက် လူတွေအများကြီးရှေ့မှာ ပြောထားပြီးမှ ဘာမှမလုပ်ရင်တော့ သူ့ရဲ့ ဂုဏ်သတင်းတွေ အကုန် ရေထဲမျောကုန်မှာပေါ့။ ပြီးတော့ အကြီးအကဲ ထျန်းချွမ်ကလည်း အသက်ရှင်နေတုန်းပဲဆိုတော့ သွားမေးလိုက်ရင် အမှန်က ပေါ်လာမှာပဲ။)

ထို့နောက်တွင် ဝမ်ချန်ရှင်းသည် ဟွာယန်ဂိုဏ်းကိုလည်း ကတိအချို့ ပေးလိုက်သဖြင့် အခြေအနေမှာ ယာယီအားဖြင့် တည်ငြိမ်သွားတော့သည်။ လော့ချန်ရှင်းသည်လည်း သက်ပြင်းချနိုင်သွားပြီး လူအုပ်ကြီးကို လူစုခွဲရန် ညွှန်ကြားလိုက်၏။

လူအုပ်ကြီး ကွဲသွားချိန်တွင် တစ်စုံတစ်ယောက်က ဝေဇီယီအား လှမ်းပြောလိုက်သည်။

"သခင်မလေးဝေ... ဒုတိယ နန်းတော်သခင်ဆီကို ပို့ရမယ့် စာတစ်စောင် ရှိသေးတယ် မဟုတ်လား"

"အို... ဟုတ်သားပဲ.."

ဝေဇီယီသည် သတိပေးလိုက်မှပင် ထိုကိစ္စကို သတိရသွားတော့သည်။ သူမက ကပျာကယာပင် ဆိုလိုက်၏။

"ဒါဆို ငါ အခုပဲ သွားလိုက်ဦးမယ်။ နင်ကော လိုက်ဦးမလား ဆုမို"

"မလိုက်တော့ဘူး"

ဆုမိုက ပြုံးလျက် ဆိုလိုက်သည်။

"ငါလည်း ဇီယန်ဂိုဏ်းဆီကို သွားပြီး ဦးလေးတွေ၊ စီနီယာတွေကို နှုတ်ဆက်ဖို့ ရှိသေးတယ်"

"အိုကေလေ... ဒါဆိုရင်တော့ ကိုယ့်အလုပ် ကိုယ်သွားလုပ်ကြတာပေါ့"

ဝေဇီယီက လက်ဝှေ့ယမ်းပြကာ အလျင်အမြန် ထွက်ခွာသွားတော့သည်။

ဆုမိုသသူမဝေဇီယီ.. အဝေးသို့ ရောက်သွားပြီ ဖြစ်ကြောင်း သေချာမှသာ ဖုဟန်ယွမ်နှင့် ဟူဆန်းတောက်အား လှည့်ပြောလိုက်၏။

"ခင်ဗျားတို့ တည်းခိုခန်းကို အရင်ပြန်ပြီး ကျွန်တော့်ကို စောင့်နေကြပါ"

"ဟုတ်ကဲ့ပါ"

ဖုဟန်ယွမ်နှင့် ဟူဆန်းတောက်တို့က ချက်ချင်း သဘောတူလိုက်ပြီး လှည့်ထွက်သွားကြသည်။ ဆုမိုသည် လူအုပ်အတွင်း၌ တစ်ခဏမျှ လိုက်လံရှာဖွေပြီးနောက် သူ၏ ပစ်မှတ်ကို တွေ့ရှိသွားကာ အပြုံးတစ်ပွင့်ဖြင့် တိတ်တဆိတ် လိုက်ပါသွားတော့၏။

ခေတ္တမျှအကြာတွင် လူသူကင်းမဲ့သော လမ်းကြားလေး တစ်ခုအတွင်း၌...

ခမောက်ဆောင်းထားသော ဓားသမားသည် သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ရင်ခွင်ထဲရှိ ဓားရှည်ကို ပြန်လည် ပြင်ဆင်ကိုင်ဆောင်လိုက်သည်။ သူက ခေါင်းကို အနည်းငယ် မော့ကြည့်လိုက်ရာ တံတိုင်းပေါ်တွင် ထိုင်၍ သူ့ကို ငုံ့ကြည့်နေသော လူတစ်ဦးကို မြင်တွေ့လိုက်ရ၏။

"မင်းလား..."

ဓားသမားသည် ဆုမို.. မည်သူမည်ဝါဖြစ်ကြောင်း ချက်ချင်း သိရှိသွားသည်။

"မင်း ငါ့ကို စောင့်နေတာလား"

"ဟုတ်တယ်" ဆုမိုက ခေါင်းညိတ်လိုက်သည်။

"ဘာကိစ္စ ရှိလို့လဲ"

ထိုသူ၏ လေသံမှာ အေးစက်လှသည်။ သူသည် တစ်ကိုယ်တည်း နေတတ်သော မောက်မာသည့် ဓားသမား တစ်ဦးအလား ရှိနေ၏။

ဆုမိုက ထိုသူကိုင်ထားသော ဓားရှည်ကို တစ်ချက်ကြည့်ကာ ပြုံး၍ ဆိုလိုက်သည်။

"ဓားကောင်းတစ်လက်ပဲ"

"အမှန်ပဲ... ဓားကောင်းတစ်လက်ပေါ့.."

ဓားသမားက ခေါင်းညိတ်လိုက်ပြီး သူ၏ ဓားရှည်ကို လက်အတွင်း၌ တစ်ပတ်လှည့်ကာ ရှေ့သို့ ကမ်းပြလိုက်သည်။

"ဒီဓားရဲ့ နာမည်က 'ကြယ်ခုနစ်ပွင့်' တဲ့။ ကမ္ဘာ့ပြင်ပက လာတဲ့ ထူးဆန်းတဲ့ ကျောက်တုံးတစ်ခုကနေ သွန်းလုပ်ထားတာ။ အရင်တုန်းက နာမည်ကျော် လက်နက်သွန်းလုပ်သူကြီး 'ဟော့လန်ရှန်း' ကိုယ်တိုင် လေးဆယ့်ကိုးရက် တိတိ ထုရိုက်ပြီးမှ ဒီဓားကို ရလာတာလေ"

"ဒါပေမဲ့... ဒီဓားကို သွန်းလုပ်ပြီးကတည်းက လောကမှာ သူ့ရဲ့ ဓားချီကို ထိန်းချုပ်နိုင်တဲ့ ဓားအိမ်ဆိုတာ မရှိခဲ့ဘူး။ အဲဒီအတွက် ဟော့လန်ရှန်းဟာ ဓားအိမ်တစ်ခုကို ကိုယ်တိုင် ထပ်မံ သွန်းလုပ်ခဲ့ရတယ်။ လောကတစ်ခုလုံးကို လှည့်လည် ရှာဖွေပြီးမှ အရောင်အသွေး စုံလင်တဲ့ နတ်ဘုရား ကျောက်မျက် ခုနစ်ပါးကို ရှာတွေ့ခဲ့တာ။ အဲဒီ ကျောက်မျက်တွေကို ဓားအိမ်မှာ မြှုပ်နှံလိုက်တော့မှပဲ ဒီဓားရဲ့ ထက်မြက်လှတဲ့ အရှိန်အဝါတွေကို နောက်ဆုံးမှာ ထိန်းချုပ်နိုင်တော့တာပေါ့"

--

All Chapters