အခန်း ၄၇၈
Vol. 32 Ch. 478
အခန်း (၄၇၈) အစီအစဉ်
ထိုသူ၏ အဆင့်အတန်းမှာ လုံးဝ နိမ့်လှသည် မဟုတ်။ သိုင်းလောက တစ်ခွင်တွင် 'မှန်းဆမရသော လက်ချောင်း' ဟု နာမည်ကျော်ကြားသည့် သူရဲကောင်းတစ်ဦး ဖြစ်သည်။
(သိုင်းလောကမှာတော့ လက်ချောင်းသိုင်းဆိုတာ အပေါက်ရှာရ အခက်ဆုံးပဲ။ ဒါပေမဲ့ ဒီလူကတော့ အဲဒီလက်ချောင်းနဲ့ ရန်သူကို မထိုးနိုင်ဘဲ ကိုယ့်အသက်ကိုတောင် မနည်းလုနေရတာဆိုတော့... ရန်သူက တကယ်ကို မလွယ်ဘူးပဲ။)
မည်သည့်ဂိုဏ်းဂဏတွင်မျှ မပါဝင်သော်လည်း၊ ဟူတင်းမင်၏ သိုင်းပညာမှာ ဂိုဏ်းချုပ်ရှုကျိုးနှင့် ရှီမန်ယွမ်တို့ထက် အဆင့်အနည်းငယ် ပိုမြင့်သည်ဟု ဆိုရပေမည်။ သို့ရာတွင် လက်ဦးမှုယူကာ တိုက်ခိုက်လာသော ထိုသူ၏ သိုင်းပညာမှာမူကား ပို၍ပင် ထူးကဲပြောင်မြောက်နေပြန်၏။
ဟူတင်းမင်၏ ပြောကြားချက်အရ သူသည် ဝမ်ချန်ရှင်း၏ စီနီယာအစ်ကိုနှင့် အကွက်အနည်းငယ်မျှသာ အလဲအလှယ်လုပ်ရသေးသော်လည်း၊ အသက်ပျောက်လုမတတ် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်ဟု ဆိုသည်။ ထိုသို့ သေခြင်းနှင့် ရှင်ခြင်းကြား တုံ့ဆိုင်းနေရသော အချိန်တွင်မှ ဝမ်ချန်ရှင်းက အချိန်မီ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ဝမ်ချန်ရှင်းသည် တိုက်ခိုက်သူကို မြင်သည်နှင့် နာမည်ကို အတိအလင်း ခေါ်ဆိုခဲ့၏။ ၎င်းတို့နှစ်ဦးမှာ စကားတစ်ခွန်းမျှ ထပ်မဆိုတော့ဘဲ ပြင်းထန်စွာ တိုက်ခိုက်ကြရင်း အဝေးသို့ ရောက်ရှိသွားကြသည်။ ယွမ်ရှန်းဓားဂိုဏ်းမှ လော့ချန်ရှင်း ရောက်မလာမီမှာပင် ထို အနက်ရောင်ဝတ် လူသားမှာ ကြိုတင်၍ ဆုတ်ခွာသွားခဲ့ပြီ ဖြစ်၏။
သို့သော် သူသည် ထွက်မသွားမီ စကားတစ်ခွန်းကို ချန်ထားခဲ့သည်။
"ညီလေး... နောက်တစ်ခါမှ ပြန်ဆုံကြတာပေါ့"
ဤစကားတစ်ခွန်းမှာ သူသည် မည်သူဖြစ်ကြောင်းကို ကိုယ်တိုင် ဝန်ခံသွားခြင်းပင် ဖြစ်ပေတော့သည်။
ယခုအခါတွင်မူ ဒဏ်ရာရရှိထားသော ကျွမ်းကျင်သူ သုံးဦးလုံးမှာ ထျန်းချူမြို့တော်အတွင်း၌ ဆေးကုသမှု ခံယူနေကြရ၏။ ၎င်းတို့အား ဂိုဏ်းကြီးခုနစ်ဂိုဏ်းမှ တပည့်များက အနီးကပ် စောင့်ရှောက်ပေးထားကြသည်။
အခြေအနေများက ဤမျှအထိ တိုးတက်လာသောအခါ၊ ထျန်းချူမြို့တော်တစ်ခုလုံးတွင် ကြောက်ရွံ့တုန်လှုပ်မှု အရှိန်အဝါများ လွှမ်းမိုးလာတော့၏။ အကြောင်းရင်းကို မသိရသော်လည်း အကြီးအကဲ ထျန်းချွမ်၏ စီနီယာတပည့်ကြီးမှာ မြို့တော်အတွင်း၌ သတ်ဖြတ်မှုများကို စတင်နေပြီ ဖြစ်သည်။
အဆိုးဆုံးကတော့ သူသည် မြို့တော်တစ်ခုလုံးကို ဆူညံပွက်လောရိုက်အောင် လုပ်ထားသော်လည်း၊ သူ၏ ခြေရာလက်ရာကိုမူ မည်သူမျှ ခြေရာမခံနိုင်ခြင်း ပါပင်။
သို့ရာတွင် အဖြစ်အပျက်များက ဤအဆင့်သို့ ရောက်လာချိန်တွင်၊ ကွယ်ဝှက်နေသော သဲလွန်စအချို့မှာလည်း တဖြည်းဖြည်း ပေါ်ထွက်လာခဲ့ပြီ ဖြစ်၏။ ယခုအခါ လျူဆွေ့ဖုန်းသည် မြို့တော်သို့ ရောက်ရှိနေပြီဖြစ်ရာ၊ ထျန်းချူဓားပြိုင်ပွဲကြီးမှာလည်း မကြာမီ စတင်တော့မည် ဖြစ်သည်။ ဤသို့သော အရေးကြီးသည့် အချိန်အခါတွင်မှ တည်းခိုခန်းအတွင်း အေးအေးဆေးဆေး ထိုင်နေသော ဆုမိုအား တစ်စုံတစ်ယောက်က လာရောက် ရှာဖွေတော့သည်။
...
အခန်းအတွင်း၌ ကြည်လင်သော လက်ဖက်ရည်ကြမ်း နှစ်ခွက်မှာ အငွေ့တထောင်းထောင်း ထွက်ပေါ်လျက် ရှိနေ၏။
ဝမ်ချန်ရှင်းသည် လက်ဖက်ရည်ခွက်ကို မြှောက်၍ တစ်ငုံသောက်လိုက်ပြီးနောက် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်သည်။
"တကယ်လို့ တခြားနည်းလမ်းသာ ရှိမယ်ဆိုရင်... ကျွန်တော် ခေါင်းဆောင်ဆုကို ဒုက္ခပေးမှာ မဟုတ်ပါဘူးဗျာ"
"ဒါပေမဲ့ အခုချိန်မှာ ကျွန်တော်က ခြေရာလက်ရာ အချို့ကို သိထားပေမဲ့ အင်အားကတော့ မရှိဘူးဗျ။ ကျွန်တော့်ရဲ့ စီနီယာအစ်ကိုနဲ့ ထိပ်တိုက်တွေ့ရင်တောင် သူ့ကို အမိအရ ဖမ်းနိုင်ဖို့က မလွယ်ဘူးလေ။ ခေါင်းဆောင်ဆုကတော့ လူထဲက လူသား၊ နဂါးထဲက နဂါးပဲ။ ခင်ဗျားရဲ့ လျင်မြန်တဲ့ လုပ်ဆောင်ချက်တွေနဲ့ ကြီးမားတဲ့ တရားမျှတမှု စိတ်ဓာတ်တွေကို ကျွန်တော် ကြားဖူးပါတယ်"
"ဒါကြောင့်ပဲ... ခင်ဗျားဆီက အကူအညီတောင်းဖို့ ကျွန်တော် သတ္တိမွေးပြီး လာခဲ့ရတာပါဗျာ.."
"သူရဲကောင်းဝမ်... ဘာတွေ ပြောနေတာလဲ"
ဆုမိုက ခပ်ပြုံးပြုံးပင် ပြန်လည် တုံ့ပြန်လိုက်၏။
"ခင်ဗျားတို့ဂိုဏ်းက စီနီယာအစ်ကိုရဲ့ လုပ်ရပ်တွေက ကျွန်တော်လည်း လျစ်လျူရှုထားလို့ မရတော့တဲ့ အခြေအနေ ဖြစ်နေပါပြီ။ ဒါပေမဲ့ ကျွန်တော်က ခင်ဗျားတို့ ဂိုဏ်းအကြောင်းကို သိပ်မသိတော့ ဘာမှ ကြိုတင် မခန့်မှန်းနိုင်ဘူး ဖြစ်နေတာ။ သူရဲကောင်းဝမ်ကော... ဘယ်လို သဲလွန်စမျိုးတွေ ရထားလို့လဲ"
"အစီအစဉ် ပါ"
ဝမ်ချန်ရှင်းက လေးနက်သော လေသံဖြင့် ဆိုလိုက်သည်။
"လူသတ်သမားက လူတွေကို ဘယ်လို အစဉ်လိုက် သတ်နေသလဲ ဆိုတဲ့ အချက်ပဲ"
"အသေးစိတ်လေး သိချင်ပါတယ်ဗျာ" ဆုမိုက မျက်ခုံးကို အသာအယာ ပင့်လိုက်မိ၏။
"သူက အတိတ်တုန်းက သူနဲ့ ရင်းနှီးခဲ့ဖူးတဲ့ သူတွေကိုပဲ ရွေးပြီး သတ်နေတာဗျ"
"ဟင်.."
ဆုမိုသည် ဇဝေဇဝါ ဖြစ်သွားရသည်။
"ဘာလို့ အဲဒီလို လုပ်ရတာလဲ"
"အဲဒါကိုတော့ ကျွန်တော်လည်း မသိဘူးဗျာ"
ဝမ်ချန်ရှင်းက သက်ပြင်းချလိုက်ပြန်၏။
"ဒါပေမဲ့... သူ နောက်ထပ် ဘယ်သူ့ကို သတ်မလဲ ဆိုတာကိုတော့ ကျွန်တော် သိတယ်.."
"ဘယ်သူလဲ"
"နဂါးပတ်လက်ဝါး ဝမ်စီလျို ပဲ.."
"ဝမ်စီလျို..."
ဆုမို၏ မျက်ခုံးများမှာ ရုတ်ချည်း မြင့်တက်သွားရသည်။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ထျန်းချူမြို့တော်၌ 'အရာရာသိ' လိုက်လံ ဖြန့်ဝေနေသော ကောလာဟလများအကြားတွင် ထိုအမည်ကို သူ ကြားဖူးခဲ့ခြင်း ပါပင်။
သူသည် 'တိမ်တိုက်နဂါး လက်သည်းတော် ဆယ့်ခြောက်ကွက်' ဖြင့် သိုင်းလောကတွင် နာမည်ကျော်ကြားခဲ့သူဖြစ်ပြီး၊ ယခုထက်တိုင် သက်ရှိထင်ရှားရှိနေသော ဝါရင့် သိုင်းပညာရှင်ကြီးတစ်ဦး ဖြစ်သည်။
"သေချာရဲ့လားဗျ"
ဆုမိုက အလေးအနက် မေးလိုက်၏။
"သေချာပါတယ်.." ဝမ်ချန်ရှင်းက ခေါင်းညိတ်ပြလိုက်သည်။
"ကျွန်တော့် စီနီယာအစ်ကိုက အရင်တုန်းက လူအများကြီးနဲ့ ပေါင်းသင်းခဲ့တာ မဟုတ်ဘူး။ ကျွန်တော် ဂိုဏ်းချုပ်ရှုကျိုးနဲ့ ဆရာကြီးရှီမန်တို့နဲ့ ဆွေးနွေးကြည့်ပြီးပြီ။ ထျန်းချူမြို့ထဲမှာ ကျန်နေတာဆိုလို့ သူတစ်ယောက်ပဲ ရှိတော့တယ်"
"ကျွန်တော့် ခန့်မှန်းချက်သာ မမှားဘူးဆိုရင်တော့... စီနီယာအစ်ကို ဒီည သတ်မယ့်သူက သူပဲ ဖြစ်ရမယ်.. ဒါကြောင့် ကျွန်တော့် အစ်ကိုကို ဖမ်းဆီးနိုင်ဖို့ ခေါင်းဆောင်ဆုရဲ့ အကူအညီကို ကျွန်တော် အနူးအညွတ် တောင်းခံတာပါ"
ဆုမိုသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် ဆုံးဖြတ်လိုက်သည်။
"ဒီလိုဆိုမှတော့ ကျွန်တော်လည်း ငြင်းပယ်ဖို့ အကြောင်းမရှိပါဘူး။ ဒီည ကျွန်တော် လိုက်ခဲ့ပါ့မယ်"
"ခေါင်းဆောင်ဆုသာ ကူညီမယ်ဆိုရင်တော့ ဒီကိစ္စက အောင်မြင်မှာ သေချာပါတယ်။ ကျေးဇူးတင်ပါတယ်ဗျာ"
ဝမ်ချန်ရှင်းသည် မတ်တတ်ရပ်ကာ လေးနက်စွာ အရိုအသေပေးလိုက်၏။
ဆုမိုက သူ့ကို ကပျာကယာပင် ပြန်လည် တွဲထူလိုက်ရသည်။
"သိုင်းလောကက သူရဲကောင်းချင်းပဲဟာ... ဒီလို အခြေအနေမျိုးမှာ ဘယ်လိုလုပ် လက်ပိုက်ကြည့်နေနိုင်မှာလဲ။ အရင်ကတော့ ကျွန်တော်က နာမည်မရှိလို့ ဝင်မပါခဲ့တာပါ။ အခု သူရဲကောင်းဝမ်က ဖိတ်ခေါ်ပြီဆိုမှတော့ ကျွန်တော့်မှာလည်း တွန့်ဆုတ်နေစရာ မရှိတော့ဘူးပေါ့"
၎င်းတို့နှစ်ဦးမှာ ခေတ္တမျှ စကားစမြည် ထပ်မံ ပြောဆိုပြီးနောက်၊ ဆုမိုက ဝမ်ချန်ရှင်းကို တည်းခိုခန်း တံခါးဝအထိ ကိုယ်တိုင် လိုက်လံ ပို့ဆောင်ပေးလိုက်သည်။
ဝမ်ချန်ရှင်း၏ အရိပ်မှာ လူအုပ်ကြားထဲတွင် ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်ပြီးမှသာ ဆုမိုသည် သူ၏ အခန်းဆီသို့ ပြန်လာခဲ့တော့၏။
စာရေးကိရိယာများကို ထုတ်ယူကာ ခေတ္တမျှ စဉ်းစားပြီးနောက် စာတစ်စောင်ကို ရေးသားလိုက်သည်။
စာထဲမှ မှင်များ ခြောက်သွားသောအခါ ဆုမိုသည် စာကို သေချာစွာ သိမ်းဆည်းလိုက်ပြီး၊ ဝေဇီယီ၏ အခန်းဆီသို့ လျှောက်လှမ်းသွားသည်။
သူသည် တံခါးကို အသာအယာ ခေါက်လိုက်ရာ၊ ဝေဇီယီက တံခါးကို အနည်းငယ် ဟလိုက်၏။
သူမ၏ မျက်လုံးများက ဆုမိုအား လျင်မြန်စွာ ဝေ့ကြည့်လိုက်ပြီးနောက် မေးလိုက်သည်။
"ဘာကိစ္စလဲ"
"နင်နဲ့ စကားပြောစရာ ရှိလို့"
ဝေဇီယီသည် တံခါးကို အပြည့်အဝ ဖွင့်ပေးလိုက်သော်လည်း၊ သူမ၏ မျက်နှာထားမှာမူ ဤလျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေသော လူသားအား အလိုမရှိသကဲ့သို့ ရှိနေသည်။
ဆုမိုက ပြုံးလိုက်၏။
"ဒါတွေ အကုန်လုံးက ဘာလဲဆိုတာ သိချင်နေပြီ မဟုတ်လား"
"...ဟွန်း.. ဘယ်သူက သိချင်လို့လဲ...."
ဝေဇီယီက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
"ခေါင်းဆောင်ဆုကတော့ တကယ့်ကို ပါးနပ်တဲ့သူပဲ။ အမှန်တရားကို ခွဲခြားနိုင်ပြီး အခြေအနေကိုလည်း ကြိုမြင်နိုင်တယ် မဟုတ်လား။ ငါကတော့ သာမန် မိန်းကလေး တစ်ယောက်ပဲလေ။ မသိသင့်တဲ့ လျှို့ဝှက်ချက်တွေကို သွားစပ်စုနေရင် ငါ့အတွက် ဘေးဒုက္ခပဲ ဖိတ်ခေါ်သလို ဖြစ်နေဦးမယ်"
"အဲဒါလည်း ဟုတ်သားပဲ"
ဆုမိုက ခေါင်းညိတ်လိုက်၏။
"ဒါဆိုရင်တော့ ဒီလောက် အရေးကြီးတဲ့ ကိစ္စမျိုးကို နင့်ကို အပ်နှံဖို့က ခက်သွားပြီပေါ့"
"ဟင်.."
ဝေဇီယီ တစ်ယောက် မှင်တက်သွားရသည်။
"နေဦး... ဘာအရေးကြီးတဲ့ ကိစ္စလဲ။ နင် ငါ့ကို သေချာ ရှင်းပြစမ်းပါဦး.."
ဆုမိုက ပြုံးလျက် ခေါင်းကို ခါယမ်းလိုက်သည်။
"အခု ပြောရမယ့် အချိန် မဟုတ်သေးဘူး"
ဆုမိုက ဝတ်ရုံ ရင်ဘတ်အတွင်းမှ စာအိတ်ကို ထုတ်ယူကာ စားပွဲပေါ်တွင် တင်လိုက်၏။ လက်ချောင်းဖြင့် စာအိတ်ကို အသာအယာ တောက်လိုက်ရင်း ဆိုလိုက်သည်။
"ငါကတော့ ဒါကို နည်းဗျူဟာ အိတ်လေးထဲ ထည့်ပြီးမှ ပေးမလို့ပဲ။ အဲဒီလိုဆိုရင် ပိုပြီးတော့ အထာကျမလားလို့လေ"
--