← Chapters

အခန်း ၄၇၉

Vol. 32 Ch. 479

အခန်း ၄၇၉

Vol. 32 Ch. 479

အခန်း (၄၇၉) ဓားကို ခဏလောက် ချေးသုံးပါရစေ

"တစ်နေကုန် စဉ်းစားပြီးတဲ့နောက်မှာတော့... ထားလိုက်ပါတော့လို့ပဲ ဆုံးဖြတ်လိုက်တယ်။ ဒီစာကိုတော့ သေချာ သိမ်းထားပေးပါ။ ဒီည ငါ့မှာ လုပ်စရာ အရေးကြီးတဲ့ ကိစ္စတွေ ရှိတယ်။ နင် ဘာလုပ်ရမလဲ ဆိုတာကိုတော့ ဒီစာထဲမှာ ရေးထားခဲ့တယ်"

ဆုမို၏ စကားကြောင့် ဝေဇီယီသည် အံ့အားသင့်သွားပြီး နှုတ်ခမ်းကို တစ်ချက် မဲ့လိုက်သည်။

(ဒီလူက တော့ တကယ့်ကို အမြင်ကပ်ဖို့ ကောင်းတဲ့ အာမခံ ခေါင်းဆောင်ပဲ။ တစ်ခုခုဆို အမြဲတမ်း လျှို့ဝှက်ချက်တွေနဲ့ လူကို လာရှုပ်နေတာ။ ဘာလဲ... ငါ့ကိုများ စုံထောက်လုပ်ခိုင်းမလို့လား။)

သူမက စာအိတ်ကို လှမ်းယူလိုက်သော်လည်း ခေတ္တမျှ တွန့်ဆုတ်သွား၏။

"စာအိတ်က တော်တော်လေး လေးသားပဲ"

သူမက စာအိတ်ကို အခုချင်း ဖွင့်ကြည့်ရန် ဟန်ပြင်လိုက်သော်လည်း ဆုမိုက အမြန် တားလိုက်သည်။

"ဒီညကျမှ ဖတ်ပါ"

"ဟင်... ဘာလို့လဲ"

ဝေဇီယီက ဆုမိုကို မကျေမနပ် စိုက်ကြည့်လိုက်၏။

"အဲဒီလောက်ထိ စောင့်ခိုင်းမှာဆိုရင်လည်း အခု ဘာလို့ လာပေးနေတာလဲ"

"ငါ ရေးပြီးသွားလို့ ပေးလိုက်တာလေ"

ဆုမိုက မျက်လုံးလေး ကစားကာ ပြုံးလိုက်သည်။

"ဒါမှမဟုတ်... ငါ မထွက်သွားခင်လေးမှ ပေးရမှာလား"

"နင် မကြောက်ဘူးလား... ငါ အခုပဲ ခိုးဖတ်လိုက်ရင် ဘယ်လိုလုပ်မလဲ"

"မကြောက်ပါဘူး"

"ဘာလို့လဲ... ကြိုဖတ်လည်း ဘာမှ မထူးခြားလို့လား"

"မဟုတ်ဘူး... ငါ နင့်ကို ယုံကြည်လို့ပါ"

ဝေဇီယီက ဆုမိုကို သေချာ စိုက်ကြည့်လိုက်သည်။ သူ၏ စကားများက သူမကို စိတ်ချမ်းသာစေသော်လည်း အတိတ်က အတွေ့အကြုံများအရ သူမသည် လွယ်လွယ်နှင့်တော့ မယုံကြည်ဝံ့ချေ။

"နေပါဦး... အဲဒီစာထဲမှာ 'ဖတ်ပြီးသား' လို့ပဲ ရေးထားတာတော့ မဟုတ်ပါဘူးနော်"

"ဘယ်လိုလုပ် အဲဒီလို ဖြစ်မှာလဲဟ"

ဆုမိုက မျက်လုံးကြီး ပြူးပြကာ ငြင်းလိုက်သည်။

"အေးပါ... ထားလိုက်ပါတော့"

ဝေဇီယီက စာအိတ်ကို သူမ၏ ရင်ဘတ်ထဲသို့ ထိုးထည့်လိုက်၏။

"ဒါနဲ့... ဒီည နင် ဘယ်ကို သွားမှာလဲ"

"သူခိုးဖမ်းမလို့လေ"

ဆုမို၏ နှုတ်ခမ်းထောင့်တွင် အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ပေါ်လွင်သွားတော့၏။

---

မှောင်ရီပျိုးစ အချိန်သို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။

ယနေ့ညတွင် ကြယ်ရောင်များမှာ မှိန်ဖျော့နေပြီး ကောင်းကင်တစ်ခုလုံးတွင် တိမ်ထူထပ်နေသဖြင့် ကြယ်တစ်ပွင့်မှပင် မမြင်တွေ့ရချေ။

သန်းခေါင်ကျော် အချိန်သို့ ရောက်ရှိလာသည့်တိုင်အောင် ခြံဝင်း၏ ပတ်ဝန်းကျင်တွင် မည်သည့် လှုပ်ရှားမှုမျှ မရှိသေးပေ။

ဆုမိုသည် တံတိုင်းခြေရင်းတွင် မှီထိုင်ရင်း သမ်းဝေနေသည်။ အိမ်တံခါးမှာ ဝုန်းခနဲ ပွင့်သွားပြီးနောက် လော့ချန်ရှင်း ထွက်လာကာ ဆုမို၏ ပုံစံကို မြင်သောအခါ မရယ်ဘဲ မနေနိုင်တော့ချေ။

"ခေါင်းဆောင်ဆု ရယ်... အိပ်ချင်နေရင်လည်း ခဏလောက် သွားနားပါလားဗျာ"

"မလိုပါဘူးဗျာ"

ဆုမိုက ပြုံးလျက် ပြန်ပြောလိုက်၏။

"သိုင်းသင်နေတဲ့ သူတွေက အိပ်ငိုက်တာလောက်ကိုတော့ အရှုံးမပေးနိုင်ပါဘူး။ အထဲက အခြေအနေ ဘယ်လိုလဲ"

"စီနီယာဝမ် က သိုင်းလောကမှာ ဝါရင့်တဲ့သူဆိုတော့ ဘာပြဿနာမှ မရှိပါဘူး"

လော့ချန်ရှင်းက ပြောရင်းဖြင့် မျက်မှောင်ကြုတ်သွားသည်။

"ဒါပေမဲ့ အခုချိန်မှာ ယွမ်ရှန်းဓားဂိုဏ်းက တပည့်တွေက ခြံဝင်းရဲ့ အတွင်းအပြင် သုံးထပ်လောက် ဝိုင်းပြီး ထောင်ချောက်တွေ ဆင်ထားတာလေ။ သူရဲကောင်းဝမ်ရဲ့ စီနီယာအစ်ကိုက ဒီလို အခြေအနေမျိုးမှာတောင် တကယ်ပဲ ပေါ်လာပါ့မလား"

"ပေါ်လာမှာပါ..."

ဆုမိုက ကောင်းကင်ယံကို မော့ကြည့်လိုက်သည်။

(ပေါ်လာမှာပေါ့။ လူဆိုတာ တစ်ခါတလေကျရင် မဖြစ်မနေ လုပ်ရမယ့် ကိစ္စတွေ ရှိတတ်တာပဲလေ။ ဒါကို သိုင်းလောကရဲ့ နိယာမလို့ပဲ ခေါ်ရမလား။ ဒီဇာတ်လမ်းက ဒီမှာတင် ပြီးသွားမှာ မဟုတ်ဘူးဆိုတာ ငါ သိနေတာပဲ။)

"ဘာလို့လဲဗျ"

လော့ချန်ရှင်းက အံ့အားသင့်စွာ မေးလိုက်၏။

"ဘာလို့လဲဆိုတော့... လူတချို့မှာ မဖြစ်မနေ လုပ်ရမယ့် ကိစ္စတွေ အမြဲ ရှိနေတတ်လို့ပါပဲ။ စီနီယာလော့ ရော... သိုင်းလောကမှာ အဲဒီလို လူမျိုးတွေကို အမြဲ တွေ့နေကျ မဟုတ်ဘူးလား"

"အဲဒါလည်း ဟုတ်သားပဲ..."

လော့ချန်ရှင်းက ခေါင်းညိတ်လိုက်သည်။

"ဒါနဲ့ ခေါင်းဆောင်ဆု က ခုနက ဘာကို စိုက်ကြည့်နေတာလဲ"

"ဗျာ.."

ဆုမိုက တစ်ချက် ကြောင်သွားပြီးနောက် ကောင်းကင်ကို ထပ်မံ မော့ကြည့်ကာ ရယ်လိုက်၏။

"ကျွန်တော်က... မိုးရွာတော့မလားလို့ ခံစားနေရလို့ပါ"

"ဪ... ဒီညကတော့ တကယ်ကို အိုက်စပ်စပ်နဲ့ စိတ်တိုစရာ ကောင်းတာပဲဗျာ"

"သူရဲကောင်းဝမ် ကော ဘယ်မှာလဲ"

ဆုမိုက ရုတ်တရက် မေးလိုက်သည်။

"ခြံဝင်းရဲ့ မြောက်ဘက်မှာ..."

လော့ချန်ရှင်း၏ စကားပင် မဆုံးသေးမီမှာပင်၊ မြောက်ဘက်ဆီမှနေ၍ ကောင်းကင်ကို ထိုးဖောက်သွားလောက်မည့် ပြင်းထန်လှသော ဓားချီများ ရုတ်ချည်း ထွက်ပေါ်လာတော့၏။

ဆုမိုနှင့် လော့ချန်ရှင်းတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက်၊ မည်သည့်စကားမျှ ထပ်မဆိုတော့ဘဲ ခြေဖျားဖြင့် မြေပြင်ကို အသာအယာ နင်းကာ ကောင်းကင်ယံသို့ ပျံတက်သွားကြသည်။ သူတို့သည် ခြံဝင်း၏ မြောက်ဘက်ဆီသို့ အပြင်းအထန် ပြေးထွက်ခဲ့ကြ၏။

တစ်ချိန်တည်းမှာပင် ပုန်းအောင်းနေကြသော ယွမ်ရှန်းဓားဂိုဏ်း တပည့်များ အားလုံးလည်း အသီးသီး ထွက်ပေါ်လာကြသည်။ ဆုမိုနှင့် လော့ချန်ရှင်းတို့ အခင်းဖြစ်ပွားရာသို့ ရောက်ရှိသွားချိန်တွင်မူ၊ လေထဲ၌ ဓားချီများနှင့်အတူ ရစ်ပတ် တိုက်ခိုက်နေကြသော အရိပ်နှစ်ခုကို မြင်တွေ့လိုက်ရတော့၏။

သူတို့ ထုတ်ပြနေသော ဓားသိုင်းများမှာ အလွန်တရာ ခန့်ညားထည်ဝါပြီး စွမ်းအား ကြီးမားလှသည်။ လက်ကို ဝှေ့ယမ်းလိုက်တိုင်း ဓားချီများက အရူးအမူး လွင့်ပျံနေပြီး၊ ပေါက်ကွဲသံများကလည်း နားထဲတွင် မနားတမ်း မြည်ဟည်းနေသည်။ ကောင်းကင်ယံမှ စမ်းရေနှစ်သွယ် အချင်းချင်း တိုက်ခိုက်နေသကဲ့သို့ပင် ရှိနေပြီး ပတ်ဝန်းကျင် တစ်ခုလုံးတွင်လည်း လေလှိုင်းများက ဗဟိုပြုကာ ဝေ့ဝဲနေတော့၏။

လော့ချန်ရှင်းသည် ထိုမြင်ကွင်းကို ကြည့်ကာ အသက်ရှူပင် မှားသွားသည်။ ဤသို့သော တိုက်ပွဲမျိုးအတွင်းသို့ သာမန်တပည့်များ မည်သို့ တိုးဝင်နိုင်ပါ့မည်နည်း။ သူသည် တပည့်များကို ရှေ့ဆက်မတိုးရန် လက်ဟန်ဖြင့် အချက်ပြလိုက်၏။

သူ တွေးလိုက်သည်။

(အော်... ဒါကြောင့်ကိုး။ ဝမ်ချန်ရှင်းက ခေါင်းဆောင်ဆုကို ဘာလို့ ဒီလောက် အတင်းခေါ်နေရလဲဆိုတာ အခုမှပဲ နားလည်တော့တယ်။ ဒီလို အဆင့်မြင့် သိုင်းသမားတွေ ချနေတဲ့ကြားထဲ သာမန်လူတွေ ဝင်သွားရင်တော့ အသားနုနုလေးတွေ လွင့်ကုန်မှာပဲ။ ဆုမိုလို ကျွမ်းကျင်သူမျိုး ရှိမှပဲ ဖြစ်မှာ။)

ထိုစဉ်မှာပင် ဝမ်ချန်ရှင်း၏ ဟိန်းဟောက်သံကို ကြားလိုက်ရသည်။

"စီနီယာအစ်ကို.. အခုပဲ ရပ်လိုက်ပါတော့။ ဒီလို လမ်းမှားပေါ်မှာ ဆက်မလျှောက်ပါနဲ့တော့ဗျာ.."

"ပါးစပ်ပိတ်ထားစမ်း.."

အနက်ရောင်ဝတ် လူသားက အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ ဝမ်ချန်ရှင်းက သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်ပြီးနောက်၊ သူ၏ လက်ထဲရှိ ဓားရှည်မှ ဓားအလင်းတန်းများ ပွင့်ထွက်လာကာ အနက်ရောင်ဝတ် လူသား၏ ခန္ဓာကိုယ်ရှိ အရေးကြီးသော သွေးကြောကွက်များဆီသို့ မျက်တောင်တစ်ခတ်အတွင်း ဦးတည် တိုက်ခိုက်လိုက်တော့၏။

သို့ရာတွင် ထိုအခိုက်အတန့်၌ အနက်ရောင်ဝတ် လူသား၏ ခန္ဓာကိုယ်သည် အမှောင်ထုအတွင်းသို့ ရုတ်ချည်း ပျောက်ကွယ်သွားပြီး၊ ပြန်လည် ထွက်ပေါ်လာချိန်တွင် ဝမ်ချန်ရှင်း၏ အခြားတစ်ဖက်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။ ဤသို့ သရဲတစ္ဆေအလား မှန်းဆရ ခက်ခဲသော သိုင်းကွက်ကြောင့် လော့ချန်ရှင်း၏ မျက်နှာမှာ ပြာနှမ်းသွားတော့သည်။

"အရိပ်နတ်ဘုရား သိုင်းကွက်.. ဒါ... ဒါက ထာဝရညတောင်ကြားက လူယုတ်မာတွေရဲ့ သိုင်းပဲ.."

လော့ချန်ရှင်းသည် မဆိုင်းမတွပင် သူ၏ ဓားရှည်ကို 'ချလွင်' ဟူသော အသံနှင့်အတူ ဆွဲထုတ်ကာ ရှေ့သို့ ဝင်ရောက် တိုက်ခိုက်ရန် ပြင်လိုက်သည်။ သို့သော် ထိုအချိန်တွင် အနက်ရောင်ဝတ် လူသားက လော့ချန်ရှင်းကို တစ်ချက် လှမ်းကြည့်လိုက်၏။

သူသည် အသက်ကို ခပ်ဖွဖွ ရှူထုတ်လိုက်ပြီးနောက် ဓားကို ကိုင်ထားသော လက်ကို အသာအယာ လျှော့လိုက်ရာ၊ သူ၏ ဓားရှည်သည် လေထဲတွင် နက်ခွဲခန့် နိမ့်ဆင်းသွားကာ လှုပ်ရှားမှု မရှိဘဲ လွင့်မျောနေတော့၏။

လော့ချန်ရှင်း၏ ခြေလှမ်းများမှာ ရုတ်ချည်း တုံ့သွားရသည်။ သူသည် သူ၏ လက်ထဲရှိ ဓားရှည်ကို အမှတ်မထင် ငုံ့ကြည့်လိုက်မိ၏။

သူ၏ ဓားရှည်မှာ တစ်ခဏအတွင်းမှာပင် မနားတမ်း တုန်ခါနေသည်ကို တွေ့လိုက်ရသည်။ သူ၏ ဓားသာမက၊ ထိုနေရာရှိ ယွမ်ရှန်းဓားဂိုဏ်း တပည့် အားလုံး၏ ဓားများမှာလည်း အိတ်အတွင်းမှနေ၍ တဒိုင်းဒိုင်း မြည်ဟည်းကာ တုန်ခါနေကြတော့၏။

ဝမ်ချန်ရှင်းသည်လည်း ထိုပြဿနာကို သတိပြုမိသွားပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"နှလုံးသားကို ဆေးကြောပြီး လောက အပူကို မေ့ပစ်တဲ့ အဆင့်.. မင်း... မင်းက တကယ်ပဲ ဒီအဆင့်အထိ ရောက်နေပြီလား...."

အနက်ရောင်ဝတ် လူသားက သူ့ကို ဂရုမစိုက်ဘဲ သူ၏ ဓားဦးကို တစ်ဖက်သို့ လှည့်ကာ တိုးညင်းသော လေသံဖြင့် ဆိုလိုက်သည်။

"ဓားတွေကို ခဏလောက် ချေးသုံးပါရစေ.."

ထိုစကားလုံး လေးလုံးအဆုံးတွင်၊ ဓားအိတ်များအတွင်းမှ ဓားများ အသီးသီး ထွက်ပေါ်လာသံများမှာ ဆူညံသွားတော့၏။ ဆုမိုသည် သူ၏ ဓားသေတ္တာအတွင်းမှ 'နဂါးဟိန်းဓား' ပင်လျှင် ခပ်တိုးတိုး မြည်ဟည်းကာ အပြင်သို့ ထွက်ချင်နေသည်ကို ခံစားလိုက်ရသည်။

ဆုမိုက မျက်မှောင်ကြုတ်လိုက်၏။ "ပြန်သွားစမ်း.." ဟု စိတ်ထဲမှ အမိန့်ပေးလိုက်ကာ သူ၏ အတွင်းအားကို လှည့်ပတ်၍ နှိပ်ကွပ်လိုက်ရာ၊ 'ချလွင်' ဟူသော အသံနှင့်အတူ ဓားသည် သေတ္တာအတွင်း ပြန်လည် ငြိမ်သက်သွားတော့၏။

သို့ရာတွင် ထိုအခိုက်အတန့်၌ အနက်ရောင်ဝတ် လူသား၏ ဘေးပတ်ဝန်းကျင်တွင်မူ၊ ဓားရှည်များမှာ ကောင်းကင်ယံမှ နဂါးငွေ့တန်းကြီးအလား၊ တောင်ကျစမ်းရေခွဲကြီး တစ်ခုအလား စီတန်းနေကြပြီ ဖြစ်၏။ ၎င်းသည် ကောင်းကင်ယံမှ ကျဆင်းလာသော 'ကောင်းကင်စမ်းရေ' တစ်ခုနှင့်ပင် တူလှသည်။

အနက်ရောင်ဝတ် လူသားက လက်ညှိုးကို ညွှန်ပြလိုက်သည်နှင့်..

ဓားချီများ၏ မြည်ဟည်းသံမှာ နားမခံသာလောက်အောင် ဆူညံသွားတော့၏။

စီးဆင်းနေသော ကောင်းကင်စမ်းရေ အလား ဓားလှိုင်းကြီးများသည် လောကအပူအပင်နှင့် ရှုပ်ထွေးမှုများ အားလုံးကို ဆေးကြော သုတ်သင်ပစ်ရန် ပြင်ဆင်နေကြလေတော့၏။

--

All Chapters