← Chapters

အခန်း (၄၁၁-၄၁၃)

Vol. 23 Ch. 411-413

အခန်း (၄၁၁-၄၁၃)

Vol. 23 Ch. 411-413

အပိုင်း (၄၁၁) တော်ဝင်ဓား ထပ်ပေးခြင်း။

"ကိုယ်တော့်အတွက် ကိုယ်ပိုင်ဘဏ္ဍာတိုက်ကို တိုးပေးမယ်တဲ့။ ဒီလို ပေါက်ကရ စကားမျိုးကို မင်း ပြောထွက်တယ်ပေါ့။

မင်းတို့ တောက်ယွမ်ခရိုင်ရဲ့ ဖန်လုံအိမ်က ဖရဲသီးတွေကို ယူလာပြီး ကိုယ်တော့်ရဲ့ အမတ်ကြီးတွေကို လာလိမ်တယ်ဆိုတာ ကိုယ်တော် မသိဘူးလို့ ထင်နေလား။ တခြားလူတွေ မမြင်ဖူးပေမဲ့ ကိုယ်တော်က တောက်ယွမ်ခရိုင်ကို ပထမဆုံးအကြိမ် သွားတုန်းက မြင်ဖူးတယ်လေ။ ကိုယ်တော်... ခန့်မှန်းတာ မမှားဘူး မဟုတ်လား။" အရှင်မင်းကြီးက အနည်းငယ် နက်နဲသော အမူအရာဖြင့် ပြောလိုက်၏။

ငါ စဉ်းစားကြည့်ပြီးပြီ။ ခွန်အားတိုးစေတဲ့ ဖရဲသီး ဆိုတာ မရှိနိုင်ဘူး။ ဖန်ကျန်းရီက နန်းတော်ထဲကို မကြာခဏ ပစ္စည်းတွေ လာပို့နေတာပဲ။ ဒီလို ကောင်းတဲ့အရာရှိရင် စောစောစီးစီး ယူလာမှာပေါ့။ ဒါက တောက်ယွမ်ခရိုင်က ဖန်လုံအိမ်က ဖရဲသီး ဖြစ်ရမယ်။

………

သြော်... ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ စာရင်းစစ်တဲ့ကိစ္စကြောင့် စိတ်ဆိုးပြီး သားကို ဒေါသထွက်နေတာကိုး။ ကံကောင်းလို့ ငါနဲ့ မဆိုင်ဘူး...

ဖန်ကျန်းရီသည် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်၏။

"အရှင်မင်းကြီးရဲ့ အမြင်က တကယ်ကို စူးရှပါတယ်။ ကျွန်တော်မျိုး ရင်ထဲကနေ တကယ် လေးစားပါတယ်။ မှန်ပါတယ်။ ဖန်လုံအိမ်က ဖရဲသီးတွေပါ။"

အရှင်မင်းကြီးက ဆက်မေးလိုက်သည်။ "ဒီအရာကို ဘာလို့ စောစော မထုတ်လာတာလဲ။ ဒီဖန်လုံအိမ်က ဆောင်းရာသီမှာ ဖရဲသီး စိုက်လို့ရတယ်ဆိုတော့ ဖရဲသီးအပြင် တခြားရော စိုက်လို့ရလား။"

"ရပါတယ်... အများစု စိုက်လို့ရပါတယ်။ ဒါပေမဲ့ အရည်အသွေးကတော့ သိပ်မကောင်းလောက်ဘူး။"

"ဖန်လုံအိမ်ကိုသာ ဖြန့်ဖြူးလိုက်ရင် ဆောင်းရာသီမှာလည်း စိုက်ပျိုးရေး လုပ်လို့ရပြီ မဟုတ်လား။"

ကန်စွန်းဥက ကောင်းပေမဲ့ အဓိက အစားအစာအဖြစ် စားဖို့ကတော့ နည်းနည်း လိုသေးတယ်။ သူက ဘုရင်မင်းမြတ် တစ်ပါးအနေနဲ့ စားနပ်ရိက္ခာကို ပိုပြီး အလေးထားချင်တယ်။

ဖန်ကျန်းရီက ပြန်ဖြေလိုက်၏။ "မရပါဘူး … အရှင်မင်းကြီး။ ဖန်လုံအိမ် နည်းပညာက အရင်နှစ်တွေတည်းက သိပ်မပြည့်စုံသေးဘူး။ အခုချိန်မှာ ကုန်ကျစရိတ်လည်း အရမ်းများတယ်။ စပါးစိုက်ဖို့က တွက်ခြေမကိုက်ဘူး။ ဒါပေမဲ့ ဟင်းသီးဟင်းရွက်တွေ စိုက်ပြီး ဆောင်းရာသီမှာ မြို့တော်က သူဌေးတွေကို ရောင်းမယ်ဆိုရင်တော့ ပြဿနာ မရှိပါဘူး။"

ဖန်ခွက် ဆိုသည့်အရာက နောင်ခေတ်တွင် သာမန်အရာ ဖြစ်သော်လည်း အရည်အသွေးမြင့် ဖန်ခွက်များ ထုတ်လုပ်ပြီး ဖန်လုံအိမ် လုပ်ရန်မှာ ကုန်ကျစရိတ် အလွန် ကြီးမားသည်။

တောက်ယွမ်ခရိုင်တွင် ဟင်းသီးဟင်းရွက်စိုက်ရန် ဖန်လုံအိမ်လုပ်ရာ၌ ငွေရော လူရော အများကြီး ကုန်ကျခဲ့ရ၏။

အရှင်မင်းကြီးသည် စားပွဲပေါ်ရှိ ငွေများကို ကြည့်ကာ မျက်လုံးကို မှေးလိုက်၏။

"ဟင်းသီးဟင်းရွက် စိုက်လို့ရရင် အရမ်းကောင်းမှာပဲ။ အရှေ့ဘက် ဆင်ခြေဖုံးမှာ မြေတစ်ကွက် ချပေးမယ်။ မင်း လူလွှတ်ပြီး ဖန်လုံအိမ်နဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ စိုက်ခိုင်းလိုက်။ ငွေဘယ်လောက် လိုလဲ။"

အရှင်မင်းကြီး၏ အပြုအမူလေးများကို ကြည့်ပြီး ဖန်ကျန်းရီ ချက်ချင်း သဘောပေါက်သွားသည်။

အရှင်မင်းကြီးရဲ့ စိတ်ထား ပြောင်းသွားပြီလို့ ထင်နေတာ။ ဒါကလည်း ပိုက်ဆံကို မက်လို့ပဲ။ သူ့ရဲ့ ကိုယ်ပိုင်ဘဏ္ဍာတိုက်လေးကို ဖြည့်တင်းချင်နေတာပဲ။

"ဒီကိစ္စကို ကျွန်တော်မျိုးကိုသာ လွှဲထားလိုက်ပါ။ အရှင်မင်းကြီးက မြေတောင် ပေးပြီးပြီပဲ။ ကျွန်တော်မျိုးက ဘယ်လိုလုပ် ငွေထပ်တောင်းရဲမှာလဲ။ ဒါပေမဲ့... ဟင်းသီးဟင်းရွက် စိုက်ဖို့ ဖန်လုံအိမ် သုံးတာအပြင် အဲဒီမြေကို တခြားကိစ္စတွေအတွက်ရော သုံးလို့ ရမလား။"

အရှေ့ဘက်ဆင်ခြေဖုံးရပ်သည် မြို့တော်နှင့် သိပ်မဝေးလှချေ။ မြေမျက်နှာပြင် အနေအထားမှာ သာမန်မျှသာဖြစ်ကာ တောင်ကုန်းတောင်တန်း အချို့လည်း ပါဝင်နေသေး၏။ သို့သော်ငြား မြို့တော်သို့ သွားရာလမ်းကို ဖောက်လုပ်လိုက်မည်ဆိုပါက ထိုနေရာသည် အလွန်တရာ တန်ဖိုးကြီးမားသော မြေကွက်တစ်ခု ဖြစ်လာပေတော့မည်။

အကျယ်အဝန်းမှာလည်း လုံလောက်အောင် ကျယ်ဝန်းသည်ဖြစ်ရာ နောင်အခါတွင် အလုပ်ရုံအချို့ တည်ဆောက်ပြီး အဆင့်မြင့် စိုက်ပျိုးရေးနှင့် အပန်းဖြေ စခန်းလေးတစ်ခု လုပ်လိုက်လျှင်လည်း အတော်လေး ကောင်းမွန်ပေလိမ့်မည်။

ယနေ့တွင် အဆူအပူ မခံရသည့်အပြင် မျှော်လင့်မထားဘဲ အကျိုးအမြတ်များပင် ရရှိလိုက်သေး၏။

"အင်း... ရတာပေါ့။ မြို့တော်က ပြည်သူတွေ ဆောင်းရာသီမှာ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ စားရအောင် လုပ်ပေးနိုင်ရင်ကိုပဲ ကြီးကျယ်တဲ့ အကျိုးဆောင်မှု တစ်ခုပဲ။"

"ကောင်းပါပြီ... အရှင်မင်းကြီးက အမြော်အမြင် ကြီးမားပါတယ်။ ပြည်သူတွေအတွက် တကယ်ကို ပူပန်ပေးရှာတာပဲ။"

အရှင်မင်းကြီးက မျက်ခုံးပင့်လိုက်၏။

"မင်း အဲဒီမှာ လာပြီး မျက်နှာချို သွေးမနေနဲ့။

အလုပ်ကိစ္စ ပြောမယ်။ ဒီတစ်ခေါက် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ စာရင်းစာအုပ်တွေကို ပြန်စစ်တော့ ဘာပြဿနာမှ မတွေ့ရဘူး။ ဒါပေမဲ့ နယ်တွေမှာ ဘယ်လိုလုပ် ပြဿနာ မရှိဘဲ နေမှာလဲ။

လျိုရွှန်း နောက်ကွယ်က လူက ဒီလောက်တောင် လျှို့ဝှက်လွန်းတော့ ကိုယ်တော့် ရင်ထဲက ဆူးတစ်ချောင်း ဖြစ်နေပြီ။ ဒီဆူးကို မနှုတ်နိုင်သရွေ့ ကိုယ်တော် တစ်ရက်မှ အေးအေးချမ်းချမ်း နေရမှာ မဟုတ်ဘူး။ မင်းကို စုံစမ်းခိုင်းထားတာ စလုပ်နေပြီလား။"

ဖန်ကျန်းရီက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

"ကျွန်တော်မျိုး လူလွှတ်လိုက်ပါပြီ။ ကျန်းကျန်းကို ရောက်နေလောက်ပါပြီ။ ဒါပေမဲ့... ဒီကိစ္စက အချိန်တိုအတွင်း ရလဒ်ထွက်လာဖို့ ခက်ခဲလိမ့်မယ်။"

အရှင်မင်းကြီးက မျက်လုံးမှိတ်ကာ သက်ပြင်းရှည်ကြီး ချလိုက်၏။

"ကိုယ်တော်လည်း သိပါတယ်။ ဒီကိစ္စက တကယ်ကို ခက်ခဲတယ်။ ဒါပေမဲ့ မင်းရဲ့ အရည်အချင်းကို ကိုယ်တော် ယုံကြည်တယ်။ တကယ်တော့ ဒီကိစ္စမှာ နောက်ကွယ်က စိုးရိမ်စရာတွေ ရှိသေးတယ်။ သက်သေ မရှိပေမဲ့ ချန်(ချီယန်) နိုင်ငံရဲ့ ဆားကုန်သည်တွေနဲ့ ပတ်သက်နေမှာကို ကိုယ်တော် စိုးရိမ်တယ်။"

ဖန်ကျန်းရီက သံသယဖြင့် မေးလိုက်သည်။

"အရှင်မင်းကြီး... ဆားလုပ်ငန်းလို အရေးကြီးတဲ့ကိစ္စမှာ ချန်နိုင်ငံရဲ့ ဆားကုန်သည်တွေကို မဖယ်ရှား ပစ်ခဲ့ဘူးလား။ ဆားကုန်သည်ဆိုတာ ဒီလောက် အရေးကြီးတာ။ ပုံမှန်ဆိုရင်တော့ အင်အားစုဟောင်းတွေကို ဖယ်ရှားတာက ပုံမှန် လုပ်ရမယ့် အလုပ်ပဲလေ။”

အရှင်မင်းကြီးက ခေါင်းခါလိုက်၏။

“အရင်တုန်းက နိုင်ငံနှစ်ခု စစ်ဖြစ်တော့ ကိုယ်တော် ကိုယ်တိုင် တပ်တွေကို ဦးဆောင်ပြီး ချန်နိုင်ငံရဲ့ အလယ်ပိုင်းအထိ ဝင်တိုက်ခဲ့တယ်။ ရန်သူတွေက ဆုတ်ခွာသွားပေမဲ့ ငါတို့တပ်တွေလည်း အင်အားကုန်ခမ်းလုနီးပါး ဖြစ်နေပြီ။

ကံကောင်းတာက အဲဒီတုန်းက ဆားကုန်သည်တွေက သစ္စာဖောက်ပြီး စစ်စရိတ်အတွက် ငွေအမြောက်အမြား ထုတ်ပေးခဲ့လို့သာ ဒီစစ်ပွဲကို ကိုယ်တော် အနိုင်ရခဲ့တာ။

ဒါကြောင့် ကိုယ်တော်က အဲဒီ ဆားကုန်သည်တွေကို အမြဲတမ်း မျက်နှာသာ ပေးခဲ့တယ်။ ကျန်းကျန်း မြောက်ပိုင်းက ဆားလုပ်ငန်း တချို့ကိုတောင် သူတို့ကို ခွဲဝေပေးခဲ့သေးတယ်။

နောက်တစ်ချက်က ဆားကုန်သည်တွေရဲ့ နယ်မြေ အင်အားစုတွေက အရမ်း ရှုပ်ထွေးတယ်။ အချိန်တိုအတွင်း ဘယ်သူမှ အစားမထိုးနိုင်ဘူး။ အဲဒီတုန်းက ချန်နိုင်ငံရဲ့ နယ်မြေဟောင်းမှာ ပြည်သူတွေရဲ့ စိတ်ဓာတ်ကို နှစ်သိမ့်ဖို့ လိုအပ်နေသေးတော့ မတည်မငြိမ် မဖြစ်စေချင်လို့ ဘာမှမလုပ်ခဲ့တာ။”

အရှင်မင်းကြီးသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဆက်ပြောလိုက်သည်။

“အဲဒီ ဆားကုန်သည်တွေရဲ့ မျက်လုံးထဲမှာ အကျိုးအမြတ်ပဲ ရှိတာ။ သူတို့က နိုင်ငံကိုတောင် သစ္စာဖောက်နိုင်သေးတာ။ ကိုယ်တော့်ကိုလည်း သေချာပေါက် သစ္စာဖောက်နိုင်တာပေါ့။

ပြီးတော့ ဒီနှစ်တွေထဲမှာ တောင်ပိုင်းက ဆားကုန်သည်တွေရဲ့ သတင်းဆိုးတွေကိုလည်း ကိုယ်တော် အများကြီး ကြားနေရတယ်။ ဆားကုန်သည်တွေက နယ်မြေတွေမှာ ဥပဒေမဲ့ သောင်းကျန်းနေကြတယ်တဲ့။ အခု ဒီအခွင့်အရေးကို ယူပြီး သေချာ နှိမ်နင်းရမယ်။

မင်း လွှတ်လိုက်တဲ့ လူတွေက အလုပ်လုပ်ရတာ အဆင်ပြေရဲ့လား။ ကိုယ်တော် ထောက်ခံစာ ထပ်ပေးဖို့ လိုသေးလား။"

ဖန်ကျန်းရီက ခေါင်းခါလိုက်၏။ "ကျွန်တော်မျိုးရဲ့ တံဆိပ်တုံးတွေကို သူတို့ကို ပေးလိုက်ပါပြီ။ ဘာအနှောင့်အယှက်မှ ရှိမှာ မဟုတ်ပါဘူး။"

အရှင်မင်းကြီးက ရယ်မောလိုက်သည်။

"မင်းက မင်းရဲ့ လက်အောက်ငယ်သားတွေကို တော်တော် ယုံကြည်တာပဲ။ ဘယ်သူ့ကို လွှတ်လိုက်တာလဲ။"

"ရှဲ့ရှန်းပါ။ အရှင်မင်းကြီး အရင်တုန်းက ကျန်းကျန်းမှာ တွေ့ဖူးပါတယ်။"

"အင်း... ကိုယ်တော် မှတ်မိတယ်။ ဒီလူက မှတ်ဉာဏ် အရမ်းကောင်းတယ်။ အရည်အချင်း ရှိတဲ့လူပဲ။ ဒါပေမဲ့ သူက သာမန် ပြည်သူ တစ်ယောက်ပဲလေ။ ပြတ်သားမှု မရှိရင် ပြဿနာတွေကို မဖြေရှင်းနိုင်ရင် ဘယ်လိုလုပ်မလဲ။"

ဖန်ကျန်းရီက မျက်မှောင်ကြုတ်လိုက်၏။ "တကယ်လို့ ပြဿနာကြီးကြီးမားမား တွေ့ရင်တော့ ကျွန်တော်မျိုး ကိုယ်တိုင် သွားရမှာပေါ့။"

ဒီတစ်ခေါက် သွားရင် အနည်းဆုံး ခြောက်လလောက်တော့ အချိန်ကုန်မှာ သေချာတယ်။ မလိုအပ်ဘဲ သူ ဒီလောက် ဝေးတဲ့ ခရီးကို မသွားချင်ဘူး။

"အပြင်ထွက်တဲ့ကိစ္စ ပြောလာလို့ ကျွန်တော်မျိုး အရှင်မင်းကြီးကို တောင်းဆိုစရာ တစ်ခု ရှိသေးတယ်။ အရင်တုန်းက အဲဒီ တော်ဝင်ဓားက ကျိုးသွားလို့ အရှင်မင်းကြီးက နောက်တစ်လက် ထပ်ပေးမယ်လို့ ပြောထားတယ်လေ။ အရှင်မင်းကြီး..." ဖန်ကျန်းရီ၏ မျက်နှာက ရှက်ရွံ့နေသည့်ပုံစံ ဖြစ်လာသည်။

အရှင်မင်းကြီးသည် ရုတ်တရက် ကြောင်အမ်းသွားပြီးနောက် ရယ်မောလိုက်၏။

"မင်း မှတ်ထားသေးတာကိုး။ လာစမ်း .. ဓားပေးလိုက်။"

ဘုရင်မင်းမြတ် လက်ညှိုးထိုးပြသော နန်းတော်စောင့်က ချက်ချင်း ရှေ့တိုးလာပြီး သူ၏ ခါးမှ ဓားကို ဖြုတ်ကာ စားပွဲပေါ်တွင် တင်ပေးလိုက်သည်။

"ဒီဓားကို ယူသွားလိုက်။"

"အာ... ဒါက..."

ဖန်ကျန်းရီ ကြောင်အမ်းသွား၏။

သောက်ကျိုးနည်း... နန်းတော်ထဲမှာ သုံးတဲ့ သာမန် ဓားကြီးကို ငါ့ကို တော်ဝင်ဓား ဆိုပြီး ပေးလိုက်တာလား။ အပြင်ထွက်ရင် ဘယ်လိုလုပ် ကြွားလုံးထုတ်ရတော့မလဲ။

လုပ်ဖော်ကိုင်ဖက်တွေ မြင်ရင် နန်းတော်ထဲမှာ လုံခြုံရေး လုပ်နေတယ်လို့ ထင်သွားမှာပေါ့။

သူ၏ ဤအမူအရာကို မြင်သောအခါ အရှင်မင်းကြီးက အေးစက်စက် ပြုံးလိုက်သည်။

"ဘာလဲ … ကိုယ်တော် ပေးတဲ့ ဓားက မကောင်းလို့လား။

မင်းနဲ့ အိမ်ရှေ့စံက နန်းတော်ထဲမှာ လာပြီး ပေါက်ကရ လုပ်နေသေးတယ်။ ဓားကောင်းကောင်း လိုချင်သေးတယ်ပေါ့။ ရွေးမနေနဲ့ ….. ကိုယ်တော် ပေးတဲ့ ဓားက တော်ဝင်ဓားပဲ။ မင်းကို ပစ္စည်းကောင်း ပေးလည်း အလကားပဲ။ ဒီဓားကိုပဲ ယူသွား။"

ဖန်ကျန်းရီက မတတ်နိုင်သည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်၏။

ဒီလို အလွယ်တကူ လုပ်လို့ရမယ်လို့ မထင်ထားဘူး။ ထားပါတော့။

အရှင်မင်းကြီးက အသိအမှတ်ပြုရင် ရပါပြီ။

"အရှင်မင်းကြီး ဘာမှမရှိတော့ရင် ကျွန်တော်မျိုးကို သွားခွင့်ပြုပါအုံး။ အိမ်ရှေ့စံ ဘယ်လိုနေလဲဆိုတာ သွားကြည့်လိုက်ပါအုံးမယ်။"

အရှင်မင်းကြီး၏ မျက်နှာပေါ်တွင် မထီမဲ့မြင် အမူအရာ ပေါ်လာ၏။ "ခွေးအချင်းချင်း... ဒီမှာ လာပြီး မျက်စိနောက်မနေနဲ့။ မြန်မြန်သွားစမ်း"

ဖန်ကျန်းရီက ပြုံးလိုက်ပြီး ခေါင်းညိတ်ကာ လှည့်ထွက်သွားသည်။

လှည့်ထွက်သွားချိန်တွင် မြေကြီးပေါ်ကျနေသော တုတ်ကိုပါ ကောက်ယူကာ ခန်းမဆောင်ထဲမှ ခပ်သုတ်သုတ် ထွက်သွား၏။

အပိုင်း (၄၁၂) ပွင့်ပွင့်လင်းလင်း ပြောရရင် ကျုပ် ဟန်မဆောင်တော့ဘူး။

ညအချိန်၊ ဖုန်းဟွာ ပြည့်တန်ဆာအိမ်။

ရှဲ့ရှန်းသည် ဒူလင်ဖုန်းနှင့်အတူ အရက်သောက်နေကြ၏။

ရက်အနည်းငယ်အတွင်း သူတို့နှစ်ဦးသည် အတော်လေး ရင်းနှီးလာကြသည်။

ရှဲ့ရှန်းသည် ပညာတတ်လူငယ်တစ်ဦး ဖြစ်သည့်အပြင် ဓားပြတစ်စုနှင့် ရောနှောကာ စီးပွားရေး လုပ်နေသူ ဖြစ်ရာ လူမြင်လျှင် လူ့စကားပြောပြီး သရဲမြင်လျှင် သရဲစကားပြောသည့် အတတ်ပညာကို ကောင်းစွာ တတ်မြောက် ထား၏။

ဒူလင်ဖုန်း၏ စိတ်ထဲတွင် သတိထားမှုများ လုံးဝ မရှိတော့ဘဲ သူတို့နှစ်ဦးသည် စီးပွားရေးအကြောင်း မပြောဘဲ အချစ်ရေးအကြောင်းကိုသာ ပြောဆိုနေကြသည်။

အရက်အတော်လေး သောက်ပြီးနောက် ဒူလင်ဖုန်း၏ မျက်နှာမှာ နီရဲနေပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

"အစ်ကိုရှဲ့ရဲ့ ကဗျာစွမ်းရည်က ညီလေးကို တကယ် မျက်စိပွင့်လင်းစေတာပဲ။ အစ်ကိုရှဲ့နဲ့ စောစော မသိခဲ့ရတာ တကယ် နှမြောဖို့ ကောင်းတယ်။ ဒါနဲ့ ကဗျာအပြည့်အစုံကို ဘယ်တော့လောက် ရနိုင်မလဲ။"

အဲဒါက သခင်လေး ဘယ်တော့ ကဗျာအပြည့်အစုံ စပ်နိုင်မလဲ ဆိုတဲ့အပေါ် မူတည်တာပေါ့။

ရှဲ့ရှန်းသည် မျက်လုံးကို လှည့်ကာ ယင်ယန်အရက်အိုးကို ယူပြီး ဒူလင်ဖုန်းကို အရက် အပြည့်ငှဲ့ပေးလိုက်၏။ သူကတော့ ရေတစ်ခွက် ငှဲ့ပြီး မြန်မြန် သောက်ချလိုက်သည်။

ပြီးနောက် လက်ကို ဝှေ့ယမ်းကာ ပြောလိုက်၏။ "ရှက်စရာကောင်းပါတယ်။ ရှက်စရာကောင်းပါတယ်။ အစ်ကိုကြီးက အရက်မူးမှ ကဗျာစပ်တတ်တာ... ဟူး... အရက်ဒဏ်ကိုလည်း သိပ်မခံနိုင်ဘူးလေ။

အခွင့်အရေးရရင် သေချာပေါက် ကဗျာအပြည့်အစုံ တစ်ပုဒ် စပ်ပေးပါ့မယ်။ ညီလေးဒူလည်း မူးနေပြီ။ ဒီနေ့ ဒီလောက်ပဲ ထားလိုက်ကြစို့။ အိမ်ပြန်ပို့ဖို့ လူလွှတ်ပေးမယ်။"

ဒူလင်ဖုန်းသည် ခွက်ထဲရှိ အရက်ကို တစ်ကျိုက်တည်း မော့သောက်လိုက်ပြီး ရင်ခွင်ထဲရှိ အစေခံမလေးကို တွန်းဖယ်ကာ ရယ်မောလိုက်သည်။ "ကောင်းပြီလေ။ အချိန်လည်း မစောတော့ဘူးဆိုတော့ ညီလေးက အစ်ကိုရှဲ့ရဲ့ လက်ရာကြီးကို မျှော်လင့်နေပါ့မယ်။ လိုက်ပို့ဖို့ မလိုပါဘူး။ ကျုပ် လူခေါ်လာပါတယ်။"

ပြောပြီးသည်နှင့် သူသည် မတ်တပ်ရပ်ကာ ဒယိမ်းဒယိုင်ဖြင့် ဖုန်းဟွာ ပြည့်တန်ဆာအိမ်ထဲမှ ထွက်သွား၏။

လူများ ဝေးသွားသောအခါ ရှဲ့ရှန်းသည် ပြည့်တန်ဆာအိမ်၏ အတွင်းပိုင်းရှိ ဧည့်ခန်းမထဲသို့ ဝင်သွားသည်။

ထိုအချိန်တွင် အခန်းထဲ၌ လူတစ်စုက ထမင်းစားနေကြ၏။ ရှဲ့ရှန်း ဝင်လာသည်ကို မြင်သောအခါ ကျိုးထျဲ့က အရင် မေးလိုက်သည်။

"လောင်ရှဲ့... ဘယ်လိုနေလဲ။"

ရှဲ့ရှန်းက ပခုံးတွန့်ပြလိုက်၏။

"အရင်အတိုင်းပါပဲ။"

"ကျုပ်ပြောမယ်... ဒီလောက် အလုပ်ရှုပ်နေဖို့ လိုလို့လား။ သူ့ကို တိုက်ရိုက် ကြိုးတုပ်ပြီး ကျုပ်တို့ ကြိုက်သလို လုပ်လို့ မရဘူးလား။" ကျိုးထျဲ့က ညည်းညူလိုက်သည်။

"မရဘူး။ မြွေပွေးကို သွားစမိရင် ဘယ်လိုလုပ်မလဲ။ ဒူလင်ဖုန်းက ဆားမှောင်ခိုသမား ဖြစ်ပေမဲ့ ကြည့်ရတာ လူကောင်းတစ်ယောက်လိုပဲ။ မနက်ဖြန် ကျရင် သူ့ကို ပွင့်ပွင့်လင်းလင်း ပြောလိုက်မယ်။ ကျုပ်တို့ တတ်နိုင်သမျှ မြန်မြန် လုပ်ကြတာပေါ့။"

...

နောက်တစ်နေ့ ည။

ဒူလင်ဖုန်းသည် ဖုန်းဟွာ ပြည့်တန်ဆာအိမ်သို့ ယခင်အတိုင်း လာခဲ့၏။

တံခါးဝကို ဖြတ်ဝင်လိုက်သည်နှင့် ရှဲ့ရှန်းက သူ၏ လက်ကောက်ဝတ်ကို ချက်ချင်း ဖမ်းဆွဲလိုက်သည်။

ဒူလင်ဖုန်းသည် အစပိုင်းတွင် ကြောင်အမ်းသွားပြီးနောက် ရှဲ့ရှန်း၏ လေးနက်နေသော မျက်နှာကို ကြည့်ကာ သံသယဖြင့် မေးလိုက်၏။

"အစ်ကိုရှဲ့... ကျုပ်ကို ဘာလို့ ဖမ်းဆွဲထားတာလဲ။"

"ကျုပ်နောက် လိုက်ခဲ့။" ရှဲ့ရှန်းသည် ဘာမှပြန်မပြောဘဲ ဒူလင်ဖုန်းကို ဒုတိယထပ်သို့ ဆွဲခေါ်သွားသည်။

ဒူလင်ဖုန်းသည် ဘာမှ သံသယမဝင်ဘဲ အမှောင်ခန်းတစ်ခုထဲသို့ အခေါ်ခံလိုက်ရ၏။

အခန်းထဲတွင် ပြတင်းပေါက် မရှိဘဲ ဆီမီးအနည်းငယ်သာ ထွန်းထားသည်။

သူတို့နှစ်ဦး ထိုင်လိုက်ပြီးမှ ဒူလင်ဖုန်း သတိထားမိသွားကာ မနေနိုင်ဘဲ ရယ်မောလိုက်သည်။

"အစ်ကိုရှဲ့... ခင်ဗျား ကျုပ်ကို ဘာတွေ လာလျှို့ဝှက်နေတာလဲ။"

မှောင်မိုက်နေသော အခန်းထဲရှိ တစ်ချက်တစ်ချက် မီးရောင်က ရှဲ့ရှန်း၏ မျက်နှာပေါ်တွင် မှိတ်တုတ်မှိတ်တုတ် ပေါ်နေသည်။ သူက အသံကို နှိမ့်ကာ ပြောလိုက်၏။

"ညီလေးဒူ... ခင်ဗျားတော့ ဒုက္ခရောက်တော့မယ်။"

"ဘာ။"

ဒူလင်ဖုန်း၏ မျက်နှာ ရှုံ့မဲ့သွားပြီး တစ်ချိန်တည်းမှာပင် စိတ်ထဲတွင် သတိထားမှု အနည်းငယ် ပေါ်လာသည်။

"အစ်ကိုရှဲ့... ဒီစကားက ဘာသဘောလဲ။"

"ညီလေးဒူ... ကျုပ် ပြောတာ မမှားဘူးဆိုရင် မင်း ဆားမှောင်ခို ရောင်းနေတယ် မဟုတ်လား။"

ထိုစကား ထွက်လာသည်နှင့် ဒူလင်ဖုန်း၏လက်သည် ဝတ်ရုံလက်ထဲသို့ ချက်ချင်း ဝင်သွားပြီး ရှဲ့ရှန်းကို အေးစက်စက် စိုက်ကြည့်လိုက်၏။

ဤရက်ပိုင်း ရှဲ့ရှန်းနဲ့ ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကို စိတ်ထဲမှာ အဆက်မပြတ် ပြန်လည် စဉ်းစားနေမိသည်။

အားလုံးကို ပြန်တွေးကြည့်ပေမဲ့ အမှားအယွင်း ဘာမှ မတွေ့ရချေ။ ထို့ကြောင့် တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ "အစ်ကိုရှဲ့... ဆားမှောင်ခို ရောင်းတာက သေဒဏ်ထိုက်တဲ့ အလုပ်နော်။ ဒီစကားကို ပေါက်ကရ မပြောသင့်ဘူး။ ကျုပ်က သားရေလုပ်ငန်း လုပ်နေတာကို ခင်ဗျားလည်း သိသားပဲ။"

"သားရေလုပ်ငန်း။" ရှဲ့ရှန်းက ပြုံးစိစိဖြင့် ပြောလိုက်သည်။

"မင်းသာ သားရေလုပ်ငန်း လုပ်တယ်ဆိုရင် အခုချိန် ကျန်းကျန်းမှာ ရှိမနေသင့်ဘူး။ မြောက်ဘက်ကို သွားရမှာပေါ့။ ဖုံးကွယ်မနေပါနဲ့တော့။ အရင်တုန်းက မင်း စွန်းမိသားစုနဲ့ အရောင်းအဝယ် လုပ်ခဲ့တယ် မဟုတ်လား။ ဒီကိစ္စကို စွန်းမိသားစုရဲ့ အိမ်ထောင်ဦးစီး ကိုယ်တိုင် ကျုပ်ကို ပြောပြတာ။"

"အလိမ်အညာ။ ဒါ လုံးဝ အလိမ်အညာပဲ။" ဒူလင်ဖုန်းသည် လက်ထဲရှိ ဓားမြှောင်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်၏။

"စွန်းမိသားစုက ကျုပ်ကို ဘာလို့ ဒီလို စွပ်စွဲရတာလဲဆိုတာ မသိပေမဲ့ အစ်ကိုရှဲ့ စဉ်းစားကြည့်ပါအုံး။ သူသာ ဆားမှောင်ခို ဝယ်တယ်ဆိုရင် ဘာလို့ ခင်ဗျားကို ပြောပြရမှာလဲ။"

"ညီလေးဒူ ဖန်ကျန်းရီကို သိလား။"

ဒူလင်ဖုန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "ဒါပေါ့ သိတာပေါ့။ ဖန်ကျန်းရီ ကျန်းကျန်းကို ကယ်ဆယ်ရေး လာလုပ်တာ ဘယ်သူမသိဘဲ နေမှာလဲ။ အစ်ကိုရှဲ့လည်း အရင်တုန်းက ဖန်ကျန်းရီအတွက် အလုပ်လုပ်ပေးခဲ့တာ မဟုတ်ဘူးလား။"

ရှဲ့ရှန်းက သက်ပြင်းချလိုက်၏။

"မှန်တယ်။ ကျုပ် တကယ်ပဲ သူ့အတွက် အလုပ်လုပ်ပေးခဲ့တယ်။ စွန်းမိသားစုက အရင်တုန်းက ကျင်းကျန်း မြို့ဝန် လျိုရွှန်းနဲ့ ပူးပေါင်းကြံစည်ခဲ့တယ်။ ဖန်ကျန်းရီက သက်သေအထောက်အထား ရခဲ့ပေမဲ့ အထက်ကို မတင်ပြခဲ့ဘူး။ အဲဒီအစား စွန်းမိသားစုကို သူ့ရဲ့ ကိုယ်ပိုင်အဖြစ် တိတ်တဆိတ် သိမ်းပိုက်လိုက်တယ်။

ဒီတစ်ခေါက် ကျုပ် ကျင်းကျန်းကို ပြန်လာတော့ စွန်းမိသားစုက ကျုပ်ကို ဖန်ကျန်းရီအတွက် အလုပ်လုပ်ပေးဖို့ ပြန်လာတယ်လို့ အထင်လွဲသွားတယ်။ ဒါကြောင့် ဒီကိစ္စကို အမှန်အတိုင်း ပြောပြတာပဲ။ ညီလေးဒူ... မင်း ဘာပြောစရာ ရှိသေးလဲ။"

ဒူလင်ဖုန်း၏ အကြည့်များက စတင် ဝေဝါးလာသည်။

"အစ်ကိုရှဲ့က ကျုပ်ကို ဆားမှောင်ခိုသမားလို့ သတ်မှတ်ပြီးပြီပဲ။ ကျုပ် ဘာပြောစရာ ရှိတော့မှာလဲ။

စွန်းမိသားစုက လူတွေက ကျုပ်ကို စောစောစီးစီးကတည်းက မှတ်မိတယ်ဆိုရင် အစ်ကိုရှဲ့က ဘာလို့ ဒီနေ့မှ ကျုပ်ကို လျှို့ဝှက်ပြီးတွေ့ရတာလဲ။"

ထိုစကားကို ကြားသောအခါ ရှဲ့ရှန်း၏ မျက်နှာပေါ်တွင် ရုတ်တရက် ရှုပ်ထွေးသွားသည့် အမူအရာ ပေါ်လာပြီး နာကျင်မှု အနည်းငယ် ပါဝင်နေပုံရသည်။

"ကျုပ်နဲ့ ညီလေးဒူက လွန်ခဲ့တဲ့ နှစ်ရက်ကမှ ဒီကိစ္စကို သိခဲ့တာ။ ဒါပေမဲ့ ညီလေးဒူရဲ့ အကျင့်စရိုက် ဘယ်လိုရှိလဲဆိုတာကို ထပ်ပြီး စောင့်ကြည့်ချင်သေးတယ်။

ဒီလောက် အချိန်အတော်ကြာ သိကျွမ်းခဲ့ရသလောက် ညီလေးဒူရဲ့ အကျင့်စရိုက်က တကယ်ကို ကောင်းပါတယ်။ ပြီးတော့ ဒီကိစ္စက ကျုပ်နဲ့လည်း ဘာမှမဆိုင်ဘူး။ ဒီမိတ်ဆွေ တစ်ယောက်ကို ဘာလို့ အဆုံးရှုံးခံရမှာလဲ။"

ဒူလင်ဖုန်း၏ မျက်နှာ အနည်းငယ် ပြေလျော့သွားသော်လည်း စိတ်ထဲတွင်တော့ သတိထားမှု မလျော့သေးချေ။

"အစ်ကိုရှဲ့က ဖန်ကျန်းရီအတွက် အလုပ်လုပ်ပေးနေတာ မဟုတ်ဘူးလား။ အဲဒီ အမတ်ကြီးဖန်က ကျန်းကျန်းမြို့ထဲမှာ နာမည်ကောင်း အများကြီး ရထားတာ။ ဖြောင့်မတ်တယ်၊ ပြည်သူတွေအတွက် လုပ်ပေးတယ်။ ကယ်ဆယ်ရေး လုပ်ငန်းတွေ အရမ်း အခြေအနေ ဆိုးနေတုန်းက ခင်ဗျားလည်း သူနဲ့ အတူတူ ရှိနေခဲ့တာပဲ မဟုတ်လား။"

ရှဲ့ရှန်းက မထီမဲ့မြင် ပြုံးလိုက်၏။

"ဟမ့် ... ဒါက ဖန်ကျန်းရီ ဟန်ဆောင်ထားတဲ့ ပုံစံသတ်သတ်ပဲ။ မဟုတ်ရင် သူက စွန်းမိသားစုကို ဘယ်လိုလုပ် သိမ်းပိုက်မလဲ။

အမှန်အတိုင်း ပြောရရင် အရင်တုန်းက ကျုပ် သူ့အတွက် အလုပ်လုပ်ပေးတာက သူက ကျုပ်ကို အစိုးရအရာရှိ ဖြစ်အောင် လုပ်ပေးမယ်ဆိုပြီး ကတိပေးခဲ့လို့ပဲ။ အဲဒီ မရေရာတဲ့ အစိုးရအရာရှိ ဆိုတဲ့ ရာထူးအတွက် ဒီဖုန်းဟွာ ပြည့်တန်ဆာအိမ်က ရှဲ့ နာမည် မဟုတ်တော့ဘဲ ဖန် နာမည် ဖြစ်သွားပြီ။"

"အို... ဒီစကားက ဘယ်လိုလဲ။" ဒူလင်ဖုန်းက အနည်းငယ် စိတ်ဝင်စားသွားသည်။

“အရင်တုန်းက ဖုန်းဟွာ ပြည့်တန်ဆာအိမ်ကို ကျုပ် တည်ထောင်ခဲ့တာက ပိုက်ဆံရှာဖို့ ရည်ရွယ်ချက်နဲ့ပဲ။ ဒါပေမဲ့ နောက်ပိုင်း ဖန်ကျန်းရီ သိသွားတော့ ဖုန်းဟွာ ပြည့်တန်ဆာအိမ်ကို အသုံးချပြီး မြို့ထဲက သူဌေးတွေကို ကယ်ဆယ်ရေး အတွက် အလှူငွေ ထည့်ဖို့ ဆွဲဆောင်ခဲ့တယ်။

ကယ်ဆယ်ရေး အခြေအနေ ကောင်းသွားတော့ ဖုန်းဟွာ ပြည့်တန်ဆာအိမ်ရဲ့ ကြီးမားတဲ့ အကျိုးအမြတ်ကို သူ မျက်စိကျသွားတယ်... ဖန်ကျန်းရီက ကျုပ်ကို မြို့တော်မှာ အရာရှိ ဖြစ်အောင် လုပ်ပေးမယ်လို့ ကတိပေးပြီး ဖုန်းဟွာ ပြည့်တန်ဆာအိမ်ကို သူ့ရဲ့ အစေခံ နာမည်ပြောင်းဖို့ တောင်းဆိုခဲ့တယ်။

ဒါပေမဲ့ ကျုပ် သူနဲ့အတူ မြို့တော်ကို ပြန်သွားတော့ သူက အကြောင်းအမျိုးမျိုးပြပြီး ငြင်းဆန်တယ်။ ကျုပ်ကို ဘေးဖယ်ထားတယ်။ ကျုပ် ဒေါသထွက်လို့ စာတစ်စောင် ထားခဲ့ပြီး ဖုန်းဟွာ ပြည့်တန်ဆာအိမ်ကို ပြန်လာခဲ့တာပဲ။

အခုဆိုရင် ပြည့်တန်ဆာအိမ်ထဲမှာ ကျုပ်က နာမည်ခံ တာဝန်ခံ သတ်သတ်ပဲ။ တကယ်တမ်းက အမြတ်ငွေ တစ်ပြားမှ ကျုပ်နဲ့ မဆိုင်ဘူး... အစိုးရအရာရှိဆိုတာ ပါးစပ် နှစ်ပေါက် ရှိတာပဲ။ ကျုပ်က အရမ်း ရိုးအလွန်းလို့ သူ့ရဲ့ အလိမ်အညာ စကားတွေကို ယုံခဲ့မိတာ။”

ဘေးခန်းထဲတွင် လူတစ်စုက နံရံကို ကပ်ကာ ခိုးနားထောင်နေကြ၏။

ကျောက်လျဲ့က ပါးစပ်မှ တတွတ်တွတ် ရေရွတ်နေသည်။ "ဆရာ အခုတလော တော်တော် ကြမ်းလာတာပဲ... သခင်လေးကို ဒီလိုတောင် ပြောရဲနေပြီ..."

ဘေးနားရှိ ချန်တယ်ရှန်း၏ မျက်လုံးများ အရောင်လဲ့သွားပြီး ဝမ်းသာအားရဖြင့် စားပွဲဆီသို့ လျှောက်သွားကာ စက္ကူနှင့် စုတ်တံကို ယူပြီး ရှဲ့ရှန်း ပြောသည့် စကားများကို တစ်လုံးမကျန် ရေးမှတ်လိုက်၏။

ကျောက်လျဲ့က သူ့ဘေးသို့ ကပ်သွားသည်။ ဤအဘိုးကြီးက ရှဲ့ရှန်း ပြောသည့် မကောင်းသတင်းများကို ရေးမှတ်နေသည်ကို မြင်သောအခါ ချက်ချင်း ဒေါသတကြီး မေးလိုက်သည်။

"ခင်ဗျား ဘာလုပ်နေတာလဲ။"

ချန်တယ်ရှန်းက နှုတ်ခမ်းကို သပ်ကာ ရှက်ရွံ့စွာ ပြုံးလိုက်သည်။ "ကျုပ်က အလုပ်လုပ်ဖို့ ထွက်လာတာလေ။ ပြန်ရောက်ရင် သခင်လေးကို အစီရင်ခံရမှာပေါ့။"

အရင်တုန်းက ဘုရင်မင်းမြတ် ဘေးနားမှာလည်း ဒီလိုပဲ လုပ်ခဲ့တာပဲ မဟုတ်ဘူးလား။ ဘာလဲ... ဖန်ကျန်းရီက အရှင်မင်းကြီးထက် ပိုပြီး အစေခံရ ခက်လို့လား။

ဟားဟား ... ဒီတစ်ခေါက် ပြန်ရောက်လို့ တိုင်စာ တင်လိုက်ရင် ငါက လူယုံ ဖြစ်သွားပြီ။

သူတို့နှစ်ယောက် ရန်ဖြစ်နေသည်ကို မြင်သောအခါ ကျိုးထျဲ့ကလည်း ကပ်လာပြီး စက္ကူပေါ်ရှိ စာတွေကို ကြည့်၍ မထီမဲ့မြင် ပြုံးလိုက်၏။

"သေနာကျ မိန်းမစိုးကြီး... ခွေးမြီးကောက် ကျည်တောက်စွပ်ဆိုတာ ဒါမျိုးကို ပြောတာပဲ။"

ချန်တယ်ရှန်းက အေးစက်စက် ပြုံးကာ သူ့ကို မျက်စောင်းထိုးကြည့်လိုက်သည်။

ခွေးကောင် ကျိုးထျဲ့... ငါ ပြန်ရောက်ရင် မင်းခြေထောက်ကို ရိုက်ချိုးပစ်မယ်။ သခင်လေးက မင်းကို ယုံမလား ငါ့ကို ယုံမလား ကြည့်ကြသေးတာပေါ့။

"ဒီအရာတွေကို ဆုတ်ပစ်လိုက်။ နောက်ကျရင် ဒီလို ပေါက်ကရတွေ မရေးနဲ့တော့။ ကျုပ်တို့က အလုပ်လုပ်ဖို့ ထွက်လာတာ။ အတွင်းရေး ပြဿနာ ရှင်းဖို့ မဟုတ်ဘူး။" ကျောက်လျဲ့က လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်၏။

ကျိုးထျဲ့က တိုးတိုးလေး ပြောလိုက်သည်။ "ခရိုင်ထဲမှာ ဘယ်သူမှ တိုင်စာ မတင်ရဲတာ ဘယ်နှစ်နှစ် ရှိနေပြီလဲ။ ဒီခွေးအိုကြီး သေမှာမကြောက်ရင် သူ့ကို ရေးခိုင်းထားလိုက်။"

အပိုင်း (၄၁၃) အစ်ကိုရှဲ့... ဆားရောင်းမလား။

“ညီလေးဒူ မယုံဘူးဆိုရင် ဒါကို ကြည့်လိုက်ပါ။”

ရှဲ့ရှန်းသည် အင်္ကျီလက်ထဲမှ စာရွက်နှစ်ရွက်ကို ထုတ်ကာ ကမ်းပေးလိုက်၏။ “ဒါက ဖုန်းဟွာပြည့်တန်ဆာအိမ် ရဲ့ အိမ်ဂရန်နဲ့ မြေဂရန်ပဲ။”

ဒူလင်ဖုန်းသည် လက်ထဲရှိ ဓားမြှောင်ကို လွှတ်လိုက်ပြီး မြေဂရန်ကို ယူကာ တစ်ချက် ကြည့်လိုက်ပြီးနောက် မျက်လုံးမော့ကာ မေးလိုက်သည်။ “ဒီပစ္စည်းကို... အစ်ကိုရှဲ့က ကိုယ်နဲ့ တပါတည်း ယူထားတာလား။”

“မဟုတ်ဘူး။ ကျုပ်တို့ နှစ်ယောက်ကြားမှာ ခင်ဗျား သေချာပေါက် ဒီလိုမေးလိမ့်မယ် ဆိုတာ သိလို့ ကြိုတင် ပြင်ဆင်ထားတာပါ။ ညီလေးဒူ... အခုထိ ဆားမှောင်ခို ရောင်းတာကို ဝန်မခံသေးဘူးလား။”

ဒူလင်ဖုန်း တိတ်ဆိတ်သွားပြီး မြေဂရန်ကို ထပ်ကြည့်လိုက်၏။

ထိုအပေါ်တွင် ဖန်ကျန်းရီက အာမခံထားပြီး ရုံးတော်တံဆိပ်တုံးကိုလည်း ရိုက်နှိပ်ထားသည်။

ဤအရာကို အတုအပ ပြုလုပ်ရဲသူဟူသည် အလွန်ပင် ရှားပါးလှသည်။ နောက်ဆက်တွဲ ကျခံရမည့် အပြစ်ဒဏ်မှာလည်း ဆားမှောင်ခိုကူးခြင်းထက် အဆတစ်ရာမက ပိုမိုကြီးလေးလှပေရာ ရှဲ့ရှန်းအနေဖြင့် ဤအရာကို အသုံးချ၍ သူ့အား လှည့်ဖြားရန် အကြောင်းအရင်း လုံးဝမရှိနိုင်ချေ။

စောနက ပြောသွားသော စကားတွေကလည်း အတော်လေး ယုတ္တိရှိသည်။

သူ တကယ်ပဲ စွန်းမိသားစု နှင့် အရောင်းအဝယ်လုပ်ခဲ့ခြင်းဖြစ်ပြီး ဤကိစ္စက ငြင်းမရသော အမှန်တရားပင်။

ဒူလင်ဖုန်းက သက်ပြင်းချလိုက်သည်။ “အစ်ကိုရှဲ့... ကျုပ် တကယ်ပဲ ဆားမှောင်ခို ရောင်းတယ်ဆိုရင်တောင် ဘာဖြစ်လဲ။ ဒီနေ့ ကျုပ်ကို ခေါ်လာတာ တကယ်တော့ ဘာကိစ္စရှိလို့လဲ။”

“ခင်ဗျားကို သတိပေးဖို့လေ... တခြား ဘာကိစ္စ ရှိနိုင်အုံးမှာလဲ။ ကျုပ်ကို အစိုးရဆီ သွားတိုင်စေချင်လို့လား။”

“အစ်ကိုရှဲ့ ခင်ဗျား...”

ရှဲ့ရှန်းက တရားမျှတသည့် မျက်နှာထားဖြင့် ပြောလိုက်၏။ “ကျုပ်တို့ နှစ်ယောက်လုံးက ပညာတတ်တွေ ဖြစ်လျက်နဲ့ ကုန်သည်ဘဝကို ရောက်သွားခဲ့ရတယ်။ ရက်အနည်းငယ်ပဲ သိကျွမ်းခဲ့ရပေမဲ့ ကျုပ်တို့က မိတ်ဟောင်းဆွေဟောင်းတွေလို ဖြစ်နေပါပြီ။

ညီလေးဒူက ဆားမှောင်ခို ရောင်းတယ်ဆိုပေမဲ့ ဒီကိစ္စက ကျုပ်စိတ်ထဲမှာတော့ ပြည်သူတွေကို အကျိုးပြုနေတာပါပဲ။

ကျုပ် ပါးစပ်သရမ်းမှာ မဟုတ်ပေမဲ့ တခြားလူတွေ ပါးစပ်မသရမ်းဘူးလို့တော့ အာမခံလို့ မရဘူး။ ဒါကြောင့် သတိပေးချင်ရုံ သတ်သတ်ပါ။ တခြား ရည်ရွယ်ချက် မရှိပါဘူး။”

ဒူလင်ဖုန်းသည် ရှဲ့ရှန်းကို ကြောင်အမ်းစွာ ကြည့်နေရင်း စိတ်ထဲတွင် ရုတ်တရက် ကြည်နူးမှု အနည်းငယ် ဖြစ်ပေါ်လာ၏။

လိမ်ပြောနေတဲ့ပုံ မပေါ်ဘူး။ ဒါမှလွဲရင် တခြား အကြောင်းပြချက်မှ မရှိတာ။

တကယ်လို့ ငါ့ကို ဒုက္ခပေးချင်တယ်ဆိုရင် သက်သေရှိနေမှတော့ တိုက်ရိုက် သွားတိုင်လိုက်ရင် ပြီးတာပဲ။ ဘာလို့ ဒီလို လာလုပ်နေအုံးမှာလဲ။

“ညီလေးဒူ... ဒီရက်ပိုင်း ခင်ဗျားနဲ့ အတူတူ နေကြည့်ရသလောက် ခင်ဗျားက ဉာဏ်ရည်ထက်မြက်တဲ့သူ တစ်ယောက်လို့ ထင်တယ်။ ဘာဖြစ်လို့ ဒီလို အလုပ်မျိုးကို လုပ်ရတာလဲ။ ခင်ဗျားအတွက် ဒုတိယအဆင့် စာမေးပွဲ အောင်ဖို့ဆိုတာ သိပ်ခက်ခဲမယ့် ကိစ္စ မဟုတ်ဘူးလို့ ကျုပ် ထင်ပါတယ်။” ရှဲ့ရှန်းက နှမြောတသစွာဖြင့် ပြောလိုက်၏။

ဒူလင်ဖုန်း၏ ရင်ထဲမှ စိုးရိမ်မှုနှင့် သတိထားမှုတို့သည် စတင် လျော့ပါးလာသည်။

စာသင်သည့် အကြောင်း ပြောလိုက်တော့ အာရုံစိုက်မှုကလည်း အနည်းငယ် ပြန့်လွင့်သွား၏။

အရာရှိ လုပ်စရာ ရှိနေလျက်နှင့် မည်သူက ဒုက္ခခံပြီး စီးပွားရေး ထွက်လုပ်ချင်မည်နည်း။ အခက်အခဲတွေ ရှိနေလို့ မဟုတ်ပါလား။

ဒူလင်ဖုန်းက ခေါင်းခါလိုက်သည်။ “အစ်ကိုရှဲ့... ခင်ဗျား မသိပါဘူး။ ကျုပ်က ပထမအဆင့် စာမေးပွဲအောင် ပညာရှင် ဖြစ်ပေမဲ့ ချန်နိုင်ငံရဲ့ ပညာရှင်လေ... တိုင်းပြည်လည်း ပျက်၊ မိသားစုလည်း ပျက်စီးသွားပြီဆိုတော့ ဒုတိယအဆင့် အောင်ဖို့ဆိုတာ ဘာတွေ ပြောနေစရာ လိုသေးလို့လဲ။

ချန်နိုင်ငံဟောင်းက စာမေးပွဲဝင်တွေ အားလုံးက စာမေးပွဲဖြေပြီး အရာရှိ လုပ်လို့ရတယ် ဆိုပေမဲ့ မြောက်ပိုင်းကို သွားပြီးပဲ လုပ်ခွင့်ရှိတာ။

အရာရှိလောကကို ရောက်ရင်လည်း ကြောက်ကြောက်ရွံ့ရွံ့နဲ့ အနှိမ်ခံရမှာပဲ။ ကံကောင်းလို့ ဇာတိကို ပြန်ပြောင်းခွင့်ရရင်တောင် တခြားလူတွေရဲ့ အထင်သေးတာကို ခံရမှာပဲ။ ဘယ်ဘက်မှာမှ နေလို့မရတဲ့ အတူတူ ကိုယ့်ကိုယ်ကိုယ် ဘာလို့ ဒုက္ခရှာနေရအုံးမှာလဲ။”

စကားပြောရင်းနှင့် ဒူလင်ဖုန်းသည် သက်ပြင်းချလိုက်၏။ “ကျုပ်လို ပညာတတ် တစ်ယောက်က အမတ်ဖြစ်ချင်တဲ့ စိတ်ကူးမျိုး ဘယ်လိုလုပ် မရှိဘဲ နေမှာလဲ။ ဒါပေမဲ့ ဒီလမ်းက စောစောစီးစီးကတည်းက ပြတ်တောက်သွားပြီလေ။ ဒီတစ်သက် မျှော်လင့်ချက် မရှိတော့ဘူး။ ရာထူးကြီးကြီး မရနိုင်မှတော့ တစ်သက်လုံး ချမ်းသာကြွယ်ဝအောင်ပဲ နေတော့မယ်။”

“ဒါကြောင့် ခင်ဗျား ဆားမှောင်ခို သွားရောင်းတာလား။” ရှဲ့ရှန်းက ဖြတ်ပြောလိုက်သည်။

“ဟုတ်တယ်...” ဒူလင်ဖုန်းက ခါးသီးစွာ ခေါင်းညိတ်လိုက်၏။

ဤအချိန်ရောက်မှတော့ ဘာမှ ငြင်းဆန်စရာ မရှိတော့ပေ။

“ကံတရားပဲ... ကံတရားက လှည့်စားတာပဲ။ ခင်ဗျားက အခြေအနေတွေကြောင့် လမ်းလွဲသွားရတယ်။ ကျုပ်ကတော့ အရာရှိယုတ်ရဲ့ လိမ်လည်မှုကို ခံခဲ့ရတယ်... ကျုပ်တို့ နှစ်ယောက်လုံးက ဒုက္ခရောက် နေသူတွေပါပဲ။” ရှဲ့ရှန်းက အလွန်အခင်ဗျား ခံစားနေရသည့် ပုံစံဖြင့် ပြောလိုက်သည်။

ဒူလင်ဖုန်းက ခါးသီးစွာ ပြုံးလိုက်၏။ “ကျုပ် အစက ဖန်ကျန်းရီကို နည်းနည်းလေး လေးစားမိသေးတယ်။ သူက ပြည်သူတွေအတွက် လုပ်ပေးတဲ့ အရာရှိကောင်း တစ်ယောက်လို့ ထင်ခဲ့တာ။ မျက်နှာနှစ်ဖက်နဲ့ လူယုတ်မာ ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။

... ဟူး။ သူ့အကြောင်း မပြောတော့ပါဘူး။ ခင်ဗျား ဘယ်လို လုပ်ဖို့ စီစဉ်ထားလဲ။ ကျန်းကျန်းကနေ ထွက်သွားတော့မလို့လား။”

ဤအချိန်တွင် ဒူလင်ဖုန်းသည် စိတ်ပြေလျော့သွားကာ ထိုင်ခုံနောက်ကျောကို မှီလိုက်သည်။ “အစ်ကိုရှဲ့က စေတနာနဲ့ သတိပေးမှတော့ ကျုပ် ဒီမှာ ဆက်နေစရာ အကြောင်းမှ မရှိတော့တာ။

ကျုပ်အကြောင်း မပြောပါနဲ့အုံး။ ကျုပ်က အစ်ကိုရှဲ့ကို ဒီဖုန်းဟွာ ပြည့်တန်ဆာအိမ်နဲ့ အများကြီး ချမ်းသာနေပြီ ထင်နေတာ။ သူများအတွက် အသုံးချခံ ဖြစ်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ နောက်ပိုင်း ခင်ဗျား ဘယ်လို လုပ်ဖို့ စီစဉ်ထားလဲ။”

ရှဲ့ရှန်းက ခေါင်းခါလိုက်၏။ “မသိဘူး။ ဖုန်းဟွာ ပြည့်တန်ဆာအိမ်က ကျုပ်ရဲ့ တစ်သက်စာ ကြိုးစားအားထုတ်မှုတွေ အကုန် ကုန်သွားပြီ။ အခု တခြား စီးပွားရေး ပြောင်းလုပ်ဖို့ကလည်း ခက်နေပြီ။

အမြတ်နည်းတဲ့ အလုပ်လေးတွေကလည်း လုပ်ရတာ အရသာ မရှိဘူး။

ဒါနဲ့... ညီလေးဒူ... ခင်ဗျားနဲ့ ကျုပ် ပွင့်ပွင့်လင်းလင်း ပြောခဲ့ကြပြီဆိုတော့ … မေးကြည့်ချင်တယ်။ ဆားရောင်းတာ ပိုက်ဆံရလား။”

“ပိုက်ဆံမရှိရင် ဖုန်းဟွာ ပြည့်တန်ဆာအိမ်ထဲ ဘယ်လိုလုပ် ဝင်နိုင်မှာလဲ။” ဒူလင်ဖုန်းက ပြန်မေးလိုက်သည်။

“ဟဟ... ဟုတ်တာပေါ့။”

ရှဲ့ရှန်းက သူ့ကိုယ်သူ လှောင်ပြောင်သလို ပြုံးလိုက်၏။ “အပြင်လူတွေ အကုန်လုံးက ကျုပ်ကို အောင်မြင်နေပြီ ထင်နေကြတာ။ ဘာမှ မရှိတော့ဘူးဆိုတာ ဘယ်သူက သိမှာလဲ။

အခုချိန်ထိ ဖန်ကျန်းရီက ကျုပ်ကို လာရှာဖို့ လူမလွှတ်သေးဘူး။ တကယ်လို့ တစ်နေ့နေ့ သူက လူလွှတ်ပြီး ကျုပ်ကို ဖယ်ရှားလိုက်ရင် ဒီအပေါ်ယံ အောင်မြင်မှုတွေတောင် ကျန်တော့မှာ မဟုတ်ဘူး။”

ဒူလင်ဖုန်းသည် ရှဲ့ရှန်း၏ အမူအရာကို သေချာစွာ အကဲခတ်နေရင်း ရုတ်တရက် မေးလိုက်သည်။ “အစ်ကိုရှဲ့... ကလဲ့စား ချေချင်လား။”

“အို... ဒီစကားက ဘာအဓိပ္ပာယ်လဲ။”

“ဒီနေ့ အစ်ကိုရှဲ့က သဘောထားကြီးပြီး ကျုပ်ကို သတိပေးခဲ့တာဆိုတော့ ကျုပ်လည်း အနည်းနဲ့အများတော့ ကျေးဇူးဆပ်ရမှာပေါ့။ မဟုတ်ရင် ကျေးဇူးသိတတ်တဲ့ လူကောင်းလို့ ဘယ်ခေါ်နိုင်တော့မလဲ။”

“ပြောပါအုံး။” ရှဲ့ရှန်းက မတ်မတ် ထိုင်လိုက်၏။

စိတ်ဝင်စားစရာပဲ။ ကိုယ်က ဘာမှ မပြောရသေးခင် ဒီကောင်က အရင် စပြောလာပြီပဲ။ ကြည့်ရတာ ငါနဲ့ အပေါင်းအပါ လုပ်ချင်နေတဲ့ပုံပဲ...

ခဏမျှ စဉ်းစားပြီးနောက် ဒူလင်ဖုန်းက စကားစလိုက်သည်။ “စွန်းမိသားစုက ဒီလောက် ပါးစပ်စည်းကမ်းမဲ့နေမှတော့ ကျန်းကျန်းမှာ ကျုပ် ဆက်နေလို့ မရတော့ဘူး။

ဒါပေမဲ့ ဆားမှောင်ခို လုပ်ငန်းမှာလည်း သူ့စည်းကမ်းနဲ့သူ ရှိတယ်။ ကျုပ် ထွက်သွားရင် ဒီအကျိုးအမြတ်တွေကို တခြားလူကို လက်လွှတ်ပေးလိုက်ရမှာ။ အပြင်လူကို ပေးမယ့်အစား အစ်ကိုရှဲ့ကို ပေးတာက ပိုကောင်းတယ်။ ခင်ဗျား... လုပ်ရဲတဲ့ သတ္တိ ရှိလား မသိဘူး။”

ဒူလင်ဖုန်း၏ စိတ်ထဲတွင် အဆက်မပြတ် တွက်ချက်နေ၏။

လောလောဆယ် ကျန်းကျန်းမှာ သူ နေလို့ မရတော့ဘူး။ ကျန်းကျန်း မြို့ဝန်သစ်ကလည်း ရာထူးတက်တာ သိပ်မကြာသေးတော့ စွမ်းဆောင်ရည် ပြသဖို့ အချိန်ကောင်း ဖြစ်နေသည်။

ရှဲ့ရှန်းက သူ မည်သူမည်ဝါဖြစ်ကြောင်း သိသွားပြီဆိုတော့ အန္တရာယ် နည်းနည်း များသည်။

သို့သော်ငြားလည်း ဤမျှ ကြီးမားကျယ်ပြန့်လှသော ဈေးကွက်ကြီးအား အလွယ်တကူ လက်လွှတ် ဆုံးရှုံးခံလိုက်ရမည် ဆိုလျှင် အလွန် နှမြောဖွယ် ကောင်းလှပသည်။

ယခုလောလောဆယ်တွင် ရှဲ့ရှန်းကိုသာ သူ့ဘက် ပါလာစေရန် ဆွဲဆောင်သိမ်းသွင်းနိုင်ခဲ့မည်ဆိုပါက အချိန်တန်သောအခါ ရရှိလာမည့် အကျိုးအမြတ်များကို ခွဲဝေရယူရုံမျှဖြင့် ကိစ္စရပ်အားလုံး အဆင်ပြေချောမွေ့သွားပေလိမ့်မည်။

ရှဲ့ရှန်းက အစပိုင်းတွင် ထိတ်လန့်သွားသည့် အမူအရာကို ပြသပြီးနောက် နောက်ဆုံးတွင် အတင်း တည်ငြိမ်သယောင် ဟန်ဆောင်လိုက်၏။ “ဒါက သေဒဏ်ထိုက်တဲ့ အလုပ်နော်။ ပြီးတော့ ကလဲ့စားချေတာနဲ့ ဘာဆိုင်လို့လဲ။”

ဒူလင်ဖုန်းသည် သူ၏ အမူအရာများကို အကဲခတ်ပြီးနောက် ပြုံးရွှင်စွာ ပြောလိုက်သည်။ “တကယ်တမ်းက အဲဒီလောက် အန္တရာယ် မများပါဘူး။

ခင်ဗျား အခု ဖုန်းဟွာ ပြည့်တန်ဆာအိမ်မှာ ရှိနေတော့ ချိတ်ဆက်လို့ရတဲ့ အရင်းအမြစ်တွေ အများကြီး ရှိတယ်။ လျှို့ဝှက်ပြီး ဆားရောင်းလို့ ရတာပေါ့။

တကယ်လို့ နောက်တစ်နေ့ ဖန်ကျန်းရီက လူလွှတ်ပြီး ခင်ဗျားကို ဖယ်ရှားရင် ခင်ဗျားက အဲဒီလူ့အပေါ်ကို အပြစ်ပုံချပြီး ကျန်းကျန်းကနေ ဂုဏ်ယူဝင့်ကြွားစွာ ထွက်သွားလို့ ရတယ်။ အဲဒီအချိန်ကျရင် အစိုးရက စစ်ဆေးရင်တောင် နောက်ဆုံး ပြဿနာက ဖန်ကျန်းရီ အပေါ်ကိုပဲ ကျရောက်သွားမှာ မဟုတ်ဘူးလား။ အဲဒီလိုဆိုရင် အစ်ကိုရှဲ့လည်း ပိုက်ဆံရသလို ဖန်ကျန်းရီလည်း ကောင်းကောင်း နေရမှာ မဟုတ်ဘူး။”

“ဒါပေမဲ့... ကျုပ်က တခြားလူအပေါ် ဘယ်လို အပြစ်ပုံချရမလဲ။” ရှဲ့ရှန်းက မေးလိုက်၏။

“အဲဒါကတော့ အစ်ကိုရှဲ့ရဲ့ အရည်အချင်းအပေါ် မူတည်တာပေါ့။ ကျုပ်က နည်းလမ်းကိုပဲ ပြောပြတာ။ အတိအကျကိုတော့ ခင်ဗျားကိုယ်တိုင် ကြည့်လုပ်ရမှာပေါ့။ ဒါပေမဲ့ အစ်ကိုရှဲ့ရဲ့ အတွေ့အကြုံအရဆိုရင် ဒီလောက် ကိစ္စလေးက ပြဿနာ မဟုတ်ဘူးလို့ ကျုပ် ယုံကြည်တယ်။ အချိန်ကျရင် အစီအစဉ်လေး နည်းနည်း လုပ်လိုက်ရင် ဖန်ကျန်းရီကို ဒုက္ခရောက်အောင်လုပ်ဖို့က ဘာခက်ခဲမှာလဲ။”

ဒူလင်ဖုန်း၏ မျက်နှာပေါ်တွင် ပြုံးယောင်သန်းနေပြီး စကားဝိုင်းကို သူကပဲ ဦးဆောင်နေပြီ ဖြစ်သည်။ “အခု ခင်ဗျားက ကျုပ်ကို လုပ်ချင်လား မလုပ်ချင်ဘူးလား ဆိုတာပဲ ဖြေရမှာ။ မလုပ်ချင်ရင်လည်း ပြဿနာ မရှိပါဘူး။ တကယ်လို့ ခင်ဗျား လုပ်ချင်တယ်ဆိုရင် ကျုပ် ခင်ဗျားကို ကူညီမယ်။”

ရှဲ့ရှန်းက ဒူလင်ဖုန်းကို ကြည့်ကာ မေးခွန်းထုတ်လိုက်၏။ “ညီလေးဒူ... ကျုပ် ခင်ဗျားကို မယုံတာ မဟုတ်ဘူး။ ကျုပ် လူလိမ်ခံရတာ တစ်ခါမကတော့ဘူး။

တကယ်လို့ အကျိုးအမြတ်က အဲဒီလောက် ကြီးမားနေရင် ခင်ဗျား ဘာလို့ ဒီလို လွယ်လွယ်ကူကူ လက်လွှတ်ပေးတာလဲ။ ဒီအထဲမှာ ခင်ဗျားအတွက် အကျိုးအမြတ် မပါဘူးလား။”

ဒူလင်ဖုန်း၏ စိတ်ထဲတွင် ပို၍ တည်ငြိမ်သွားသည်။

ကောင်းတယ်။ ဒါက ရှဲ့ရှန်း တကယ်ကို သေချာ စဉ်းစားနေပြီဆိုတာ ပြနေတာပဲ။ သူ ပူပန်တာ များလေလေ ကိစ္စက ပိုသေချာလေလေပဲ။

“ဟမ့်.. မလောပါနဲ့။ ဒီကိစ္စက ခင်ဗျား ထင်သလို ရိုးရှင်းတာ မဟုတ်ဘူး။ ဆားမှောင်ခို ရောင်းချင်ရင်လည်း အရည်အချင်း လိုတယ်လေ။ တကယ်တော့ ကျုပ်လက်ထဲက ဆားတွေ အကုန်လုံးက ဟိုင်ယွမ်မြို့ လွီမိသားစုဆီကနေ လာတာ။”

“ဆားကုန်သည်ကြီး လေးစုထဲက လွီမိသားစုလား။”

“မှန်တယ်... ချန်နိုင်ငံ ရှိနေတုန်းက လွီမိသားစုက ဒေသခံ သူဌေးကြီးတွေပဲ။ အခုလည်း သူတို့ရဲ့ အဆင့်အတန်းက ခိုင်မာနေဆဲပဲ။ ဆားမှောင်ခို ရောင်းချင်ရင် လွီမိသားစုကနေတစ်ဆင့် သွားရမယ်။ လွီမိသားစုက ခင်ဗျားရဲ့ နောက်ခံကို အရင် လာစုံစမ်းလိမ့်မယ်။ ခင်ဗျားနဲ့ ဖန်ကျန်းရီရဲ့ အရင်တုန်းက ဆက်ဆံရေးမျိုးနဲ့ဆိုရင် ဆားရောင်းဖို့ အရည်အချင်း သတ်မှတ်ချက် လုံးဝ မရှိဘူး။ ဒါပေမဲ့ ကျုပ် အာမခံပေးရင်တော့ ဒီကိစ္စက... ပြဿနာ မရှိတော့ဘူး။”

All Chapters