အခန်း (၄၁၇-၄၁၉)
Vol. 23 Ch. 417-419
အပိုင်း (၄၁၇) မောက်မာသော ဆားကုန်သည်။
ရထားလုံး ဟုတ်လား။ အိမ်ထဲ ရောက်နေပြီကို ရထားလုံး စီးရအုံးမယ်ပေါ့။
ရှဲ့ရှန်းသည် ဒူလင်ဖုန်းကို ဇဝေဇဝါဖြင့် ကြည့်လိုက်၏။
ဒူလင်ဖုန်းက ကျွမ်းကျင်စွာဖြင့် တံခါးကြီးကို ဖြတ်ကျော်ဝင်သွားပြီး ခြံတံခါးအတွင်းရှိ ရထားလုံးထဲသို့ ဝင်ထိုင်လိုက်သည်။
ရှဲ့ရှန်းလည်း အနောက်မှ အနီးကပ် လိုက်ပါသွားပြီး အထဲသို့ အတူတူ ဝင်ထိုင်လိုက်၏။
ရထားလုံး အခန်းထဲတွင် ရှဲ့ရှန်းသည် ကားပြတင်းပေါက်ကို မှီကာ အားတက်သရော အကဲခတ်နေသည်။
မြင်လိုက်ရသည်မှာ လှပသော ရှုခင်းများပင် ဖြစ်၏။
ဝါးပင်များက ညင်သာစွာ ယိမ်းနွဲ့နေပြီး မလှမ်းမကမ်းတွင် ငါးကန်၊ ကျောက်ဆောင်တုများနှင့် အရောင်အသွေး စုံလင်သော နားနေဆောင်များ ရှိနေသည်။
“ညီလေးဒူ... ကျုပ်တို့ အိမ်ထဲကို ရောက်နေပြီ။ ဘာလို့ ရထားလုံး စီးရသေးတာလဲ။”
ကြည့်ရတာ ခင်ဗျားလည်း ဗဟုသုတ မရှိတဲ့ အချိန်တွေ ရှိတာပဲ။ ဒူလင်ဖုန်းက ဂုဏ်ယူစွာ ပြုံးလိုက်၏။
“အစ်ကိုရှဲ့... ရှုခင်းတွေ ဘယ်လိုနေလဲ။ ဒီနေရာက လွီမိသားစုရဲ့ အပြင်ဘက် ခြံဝင်းပဲ ရှိသေးတာ။
လွီမိသားစုရဲ့ အိမ်ကြီးက ခင်ဗျား စိတ်ကူးယဉ်ထားတာထက် အများကြီး ပိုကြီးတယ်။ အတွင်းခြံဝင်းက ဧက ၂၀ ကျော် ကျယ်တယ်။ အပြင်ခြံဝင်းက ဧက ၂၀၀ တောင် ရှိတာ။ ကျုပ်တို့က လွီမိသားစုရဲ့ တံခါးကြီးကို ဖြတ်ဝင်လာပေမဲ့ တကယ်တမ်း လွီမိသားစုထဲကို မရောက်သေးဘူးလေ။ ရထားလုံး မစီးလို့ ရမလား။”
ရှဲ့ရှန်းက ပြတင်းပေါက် အပြင်ဘက်မှ ရှုခင်းများကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။ “ကောင်းကင်ဘုံ ... နန်းတော်ရဲ့ အကျယ်အဝန်းကတောင် ဧက ၁၀၀၀ လောက်ပဲ ရှိတာ။ လွီမိသားစုက ဒီလောက်တောင် ခမ်းနား ကြီးကျယ်နေတာလား။ ဖုံးကွယ်ဖို့တောင် မကြိုးစားဘူးလား။”
“ဒါ ဖုံးကွယ်ထားတာလေ။ အပြင်ဘက်က အဲဒီ တံခါးကြီးလေ။”
“......”
“ပြောရင်တောင် ခင်ဗျား ယုံမှာ မဟုတ်ဘူး။ တာ့ချန်နိုင်ငံ ရှိတုန်းက နိုင်ငံတွင်း ရှုပ်ထွေးနေချိန်မှာ လွီမိသားစုရဲ့ အပြင်နဲ့ အတွင်း ခြံဝင်းတွေက ဧက ၁၀၀၀ ကျော်အထိ ကျယ်ပြန့်ခဲ့ဖူးတယ်လို့ ကြားဖူးတယ်။ ဒါကတော့ ဒဏ္ဍာရီတစ်ခုပါပဲ။ ကျုပ်လည်း မမြင်ဖူးပါဘူး။”
“တကယ် မယုံနိုင်စရာပဲ။ လွီမိသားစုက စစ်ဆေးခံရမှာကို တကယ် မကြောက်ဘူးလား။” ရှဲ့ရှန်းသည် ကြည့်လေလေ ပို၍ အံ့အားသင့်လေလေ ဖြစ်လာ၏။
သခင်လေးရဲ့ သတ္တိကတောင် အတော်လေး ကြီးမားနေပြီ။ သခင်လေး မလုပ်ရဲတဲ့ အလုပ်ဆိုတာ မရှိသလောက်ပဲ။
ဒါပေမဲ့ ဒီလောက် သတ္တိရှိတာတောင် ပုံမှန်ဆိုရင် ပြဿနာမတက်အောင် အရမ်းကို သတိထားပြီး လျှို့ဝှက်စွာ နေတာပဲ။ ကိုယ့်အိမ်ကိုတောင် ခရိုင်ရုံးရဲ့ အနောက်ဘက် ခြံဝင်းမှာပဲ ဆောက်ထားတာ။ အဲဒီ အကျယ်အဝန်းနဲ့ အပြင်အဆင်က သာမန် အိမ်တစ်လုံးလောက်ပါပဲ။ ဘာမှ ထူးခြားချက် မရှိဘူး။
လွီမိသားစုက ဒီလောက်အထိ ကြီးကျယ်နေတယ်ဆိုတော့ တကယ်ကို အံ့ဩစရာပဲ။
ဒူလင်ဖုန်းက တဟားဟား ရယ်မောလိုက်၏။ “ကံကောင်းလို့ အရှင်မင်းကြီးနဲ့ ဝေးနေတာပေါ့။ ဒီနေရာက မြို့တော်နဲ့ မိုင် ၃၀၀၀ လောက် ဝေးတာ။ ဘယ်သူ လာတွေ့မှာလဲ။ ဒါပေမဲ့ ကြီးတာကလည်း ကြီးတဲ့ အကြောင်းပြချက် ရှိပါတယ်။ လွီမိသားစု အပါအဝင် သူတို့ လက်အောက်က အင်အားစုတွေ အကုန်လုံးက ဒီနေရာမှာ စုဝေးပြီး ဧည့်ခံတာတို့၊ အလုပ်လုပ်တာတို့ လုပ်ရတာလေ။ ပထမအချက်က မျက်နှာပန်း လှဖို့၊ ဒုတိယအချက်က အသုံးဝင်ဖို့။ ဒါကြောင့် ဒီလောက် ကြီးကျယ်နေတာက တကယ် လိုအပ်တယ်။”
ရှဲ့ရှန်းက သက်ပြင်းချလိုက်သည်။ “ဒါဆိုရင် နန်းတော်သေးသေးလေး တစ်ခုလို ဖြစ်မနေဘူးလား။”
“အင်း... မှန်တယ်။ ပြောတာ တော်တော် သင့်တော်တယ်။ နန်းတော်သေးသေးလေး။ ဒါပေမဲ့ သူက ဆားရောင်းတာ နဲ့ ဆားဂိုဏ်းကို စီမံခန့်ခွဲတဲ့ ကိစ္စကိုပဲ တာဝန်ယူတာပါ။”
ရှဲ့ရှန်းသည် အပြင်ခြံဝင်း၏ အခင်းအကျင်းကို အကဲခတ်နေပြီး ထပ်မမေးတော့ပေ။
ရှုခင်းဘယ်လောက် မြင်ခဲ့ရပြီး ဘယ်လောက်ကြာသွားလဲ မသိပေ။
ရထားလုံးသည် ယိမ်းထိုးလျက် အတွင်းခြံဝင်း အနီးသို့ ရောက်ရှိလာ၏။ အတွင်းခြံဝင်းဟု ခေါ်သော်လည်း တကယ်တမ်းတွင် တံခါးကြီး မရှိပေ။
ခွဲခြားသိနိုင်ရသည့် အကြောင်းရင်းမှာ အဆောက်အအုံများ သိသိသာသာ များပြားလာသောကြောင့် ဖြစ်သည်။
သူတို့နှစ်ဦးသည် ထိုနေရာတွင် ရထားလုံးပေါ်မှ ဆင်းလိုက်ကြ၏။
ဒူလင်ဖုန်းက သူ့ရှေ့မှ လျှောက်သွားရင်း မိတ်ဆက်ပေးလိုက်သည်။ “အစ်ကိုရှဲ့... ဒါက အတွင်းခြံဝင်းပဲ။
ခဏနေရင် ခင်ဗျား အရင် စကားမပြောနဲ့အုံး။ ကျုပ် မိတ်ဆက်ပေးမယ်။ လွီသခင်လေးက ခင်ဗျားကို မေးမှ ခင်ဗျား ဖြေပါ။”
“ကောင်းပြီ။”
ဒူလင်ဖုန်း နောက်သို့ လိုက်ကာ အဆောက်အအုံ တစ်ခုပြီးတစ်ခု ဖြတ်ကျော်သွားပြီး နောက်ဆုံးတွင် ဧည့်ခန်းမကြီး တစ်ခုထဲသို့ ရောက်ရှိသွား၏။
အိမ်တော်ထိန်း ပုံပေါက်နေသော သူတစ်ဦး ထွက်လာတွေ့သည်။
ဒူလင်ဖုန်းက အရင်ဆုံး လက်သီးဆုပ်ကာ တိုးတိုးလေး ပြောလိုက်၏။ “အိမ်တော်ထိန်းလွီ... ဒူလင်ဖုန်း သခင်လေး နဲ့ တွေ့ချင်လို့ပါ။”
အိမ်တော်ထိန်းလွီ၏ မျက်လုံးများက သေးသွယ်ရှည်လျားပြီး မြန်မာ အက္ခရာရှစ်ပုံစံ နှုတ်ခမ်းမွေး ရှိသည်။ ရှည်လျားသော မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း ရှဲ့ရှန်းကို ကြည့်ကာ မေးလိုက်၏။ “ဒီလူက ခင်ဗျားပြောတဲ့ ရှဲ့ရှန်းလား။”
ရှဲ့ရှန်းက အလျင်အမြန် လက်သီးဆုပ်ကာ အရိုအသေပေးလိုက်သည်။
“ဟုတ်ပါတယ်။”
“အင်း... ဒီမှာ စောင့်နေကြ။ သခင်လေးက ဧည့်သည်တော်နဲ့ တွေ့နေတယ်။ စကားပြောလို့ ပြီးရင် ခင်ဗျားကို လာခေါ်မယ်။”
ပြောပြီးသည်နှင့် အိမ်တော်ထိန်းလွီက လှည့်ထွက်သွား၏။
ရှဲ့ရှန်းက သူ့ကျောပြင်ကို ကြည့်ရင်း ဒူလင်ဖုန်း အနားကပ်ကာ ပြောလိုက်သည်။ “ညီလေးဒူ... ဒီလူ စကားပြောတာ နည်းနည်း မောက်မာတယ်နော်။”
“သူက လွီအိမ်တော်ရဲ့ အိမ်တော်ထိန်းချုပ်လေ။ ရာထူး အတော်လေး ကြီးတယ်။ သတိထားပါ။
သူက သခင်လေးရှေ့မှာ တစ်ယောက်ယောက်ရဲ့ မကောင်းကြောင်း နှစ်ခွန်းလောက် ပြောလိုက်ရင် အကျိုးဆက်က တွေးကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။”
စကားပြောနေစဉ် အစေခံမလေးက လက်ဖက်ရည် လာချပေး၏။
သူတို့နှစ်ဦးသည် စားပွဲတစ်ဖက်တစ်ချက်တွင် ထိုင်ကာ တိုးတိုးလေး စကားပြောနေကြသည်။
“ညီလေးဒူ... လွီသခင်လေးက ဘယ်လို လူစားမျိုးလဲ။ ခဏနေလို့ သူ့ကိုတွေ့ရင် ကျုပ် ဘာတွေ သတိထားရမလဲ။
ဟူး... ပြောရခက်တယ်။ သူက... စိတ်အပြောင်းအလဲ မြန်တယ်။ ဒါပေမဲ့ တခြားလူတွေ သူ့ကို ပြန်ပြောတာကို အမုန်းဆုံးပဲ။ အရေးမကြီးတဲ့ လူဆိုရင် တိုက်ရိုက် ရိုက်သတ်ပစ်လိုက်တာပဲ။
အဆင့်အတန်း ရှိတဲ့ လူတွေတောင် တော်တော်လေး အနှိပ်စက် ခံရဖူးတယ်... ဒါကြောင့် အရမ်း သတိထားရမယ်။ ခဏနေလို့ သူ ဘာအကြောင်းပြောပြော ခင်ဗျား သူ့အလိုကျ လိုက်ပြောရင်ရပြီ။ အစ်ကိုရှဲ့ရဲ့ စကားပြောစွမ်းရည်နဲ့ ဆိုရင် သေချာပေါက် ပြဿနာ မရှိပါဘူး။”
ရှဲ့ရှန်းက ခေါင်းညိတ်လိုက်ပြီးနောက် လက်ဖက်ရည် တစ်ငုံ သောက်ကာ စိတ်ထဲတွင် စကားလုံးများကို စတင် ပြင်ဆင်နေတော့၏။
ခဏနေရင် ဘယ်လို မြှောက်ပင့်ရမလဲ …။
လက်ဖက်ရည် သုံးခွက် သောက်ပြီးမှ အစေခံ လာခေါ်သည်ကို တွေ့ရသည်။
ဒူလင်ဖုန်းသည် တံတွေးမြိုချလိုက်ပြီး အနည်းငယ် စိုးရိမ်နေပုံ ပေါ်၏။ ရှဲ့ရှန်းကို မျက်စောင်းထိုးပြလိုက်ပြီးနောက် အနောက်ဘက်ခြံဝင်းဆီသို့ ခပ်သုတ်သုတ် လျှောက်သွားကြ၏။
နောက်ဘက်ခြံဝင်းရှိ ဥယျာဉ်တစ်ခုအတွင်း …။
လွီရန်ကျဲသည် မျက်လုံးကိုမှိတ်ကာ ပက်လက်ကုလားထိုင်ပေါ်တွင် လှဲလျောင်းနေပြီး သူ၏ဘေးနားတွင် လှပသော အစေခံမလေး လေး၊ ငါးယောက်က မတ်တပ်ရပ်နေကြ၏။
ဒူလင်ဖုန်းနှင့် ရှဲ့ရှန်းတို့နှစ်ဦး သူ၏ ရှေ့သို့ ရောက်သွားမှသာ ဖြည်းညင်းစွာ မျက်လုံးဖွင့်လာသည်။
ရှဲ့ရှန်းက လွီရန်ကျဲကို သတိထား၍ အကဲခတ်လိုက်၏။
သူသည် အသက်သုံးဆယ်ဝန်းကျင်ခန့် ရှိမည်။ မျက်နှာက အနည်းငယ် ဖြူရော်နေပြီး ယေဘုယျအားဖြင့် ကြည့်ရသည်မှာ မှုန်ကုပ်ကုပ် (သို့မဟုတ်) အေးစက်စက်နိုင်လှသည်။
ဆက်ဆံရ လွယ်ကူမည့်သူပုံ မပေါ်ပေ။ ဒူလင်ဖုန်း သဘောမတွေ့သည်မှာလည်း အံ့အားသင့်စရာမရှိပေ။
“လွီသခင်လေး။”
ဒူလင်ဖုန်းက ခါးညွှတ်ကာ လက်သီးဆုပ် နှုတ်ဆက်သည်။ ရှဲ့ရှန်းကလည်း အတုခိုး၍ လုပ်လိုက်သည်။
“လင်ဖုန်း... ဘာလဲ။ ကျန်းကျန်းမှာ စီးပွားရေး လုပ်လို့ မရတော့ဘူးလား။” လွီရန်ကျဲက မတ်တပ်မရပ်ဘဲ ပျင်းရိသော အသံဖြင့် ပြောလိုက်၏။
“ဟုတ်ကဲ့... အဲဒီဘက်က ဝယ်သူတွေက စကားအရမ်းများတယ်။ ဆက်လုပ်ရင် အန္တရာယ် နည်းနည်း ရှိနိုင်တယ်။
ဒါပေမဲ့ ကျုပ် ကျန်းကျန်းမှာ အစ်ကိုရှဲ့နဲ့ သိခဲ့တယ်။ သူက အရည်အချင်း ရှိတယ်။ ကျုပ်နဲ့ အတူတူ ပူးပေါင်း လုပ်ကိုင်ချင်လို့ပါ။ သခင်လေး ကြည့်ရှုပေးပါ။”
ဒူလင်ဖုန်းက ခေါင်းငုံ့ကာ စကားပြောနေပြီး အသက်ပြင်းပြင်း မရှူရဲသည့် ပုံစံမျိုး ဖြစ်နေ၏။
လွီရန်ကျဲက ပြုံးလိုက်ပြီး ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်သည်။
“အို... ခင်ဗျားက ရှဲ့ရှန်းလား။ အရင်က ဘာအလုပ်လုပ်တာလဲ။”
“အစ်ကိုရှဲ့က ကျန်းကျန်းမှာ ပြည့်တန်ဆာအိမ် တစ်ခု ဖွင့်ထားတာ။ ဒါပေမဲ့...”
“ကျုပ် ခင်ဗျားကို မမေးဘူး။”
လွီရန်ကျဲက အေးစက်စက် ဖြတ်ပြောလိုက်ရာ ဒူလင်ဖုန်းမှာ ချက်ချင်း ပါးစပ်ပိတ်သွား၏။
ရှဲ့ရှန်းက အနည်းငယ် ခါးညွှတ်လိုက်ပြီး နှိမ့်ချခြင်းမရှိ၊ မောက်မာခြင်းမရှိ တည်ကြည်စွာ ပြောလိုက်သည်။ “သခင်လေး... ကျုပ်က ပြည့်တန်ဆာအိမ် စီးပွားရေး လုပ်တာပါ။ ဒါပေမဲ့ သတိလက်လွတ် ဖြစ်သွားလို့ တခြားလူရဲ့ သိမ်းပိုက်တာ ခံလိုက်ရတယ်။ နောက်မှ ကံကောင်းလို့ ညီလေးဒူနဲ့ သိခွင့်ရတာပါ။”
“လင်ဖုန်းက ခင်ဗျားကို ခေါ်လာမှတော့ သူ ခင်ဗျားကို အရမ်း ယုံကြည်တယ်ဆိုတဲ့ သဘောပဲ။ ဒါပေမဲ့... ဆားမှောင်ခို ရောင်းတာက သေဒဏ်ထိုက်တဲ့ အလုပ်နော်။ ခင်ဗျား လုပ်ရဲလား။” လွီရန်ကျဲ၏ အကြည့်များက ရှဲ့ရှန်း၏ ကိုယ်ပေါ်တွင် ဖြည်းညင်းစွာ ရွေ့လျားနေ၏။
ရှဲ့ရှန်းက အံကြိတ်ကာ ခေါင်းမော့လိုက်ပြီး လွီရန်ကျဲကို အနည်းငယ် ရူးသွပ်သော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ “လုပ်ရဲတာပေါ့။ ပိုက်ဆံရမယ့် အလုပ်ဆိုရင် ဘာလို့ မလုပ်ရဲရမှာလဲ။
ပြည့်တန်ဆာအိမ် ဖွင့်တာနဲ့ ဆားမှောင်ခို ရောင်းတာက ဘာကွာလို့လဲ။ ဆားမှောင်ခိုက လျှို့ဝှက်စွာ ရောင်းလို့ ရသေးတယ်။ အပြင်ပန်းမှာ ပိုက်ဆံ အများကြီး ရှာနိုင်ရင် တခြားလူတွေရဲ့ မျက်စိကျတာကို ခံရနိုင်သေးတယ်။
အမှန်တိုင်း ပြောရရင် ကျုပ် အစကတော့ စိုးရိမ်စိတ် ရှိနေသေးတယ်။ ဒါပေမဲ့ ဒီနေ့ လွီသခင်လေးကို တွေ့လိုက်ရတော့ စိုးရိမ်စိတ်တွေ အကုန် ပျောက်သွားပါပြီ။
ကုန်သည်တွေကို အောက်ခြေလူတန်းစားလို့ သတ်မှတ်ကြပေမဲ့ လွီမိသားစုရဲ့ သခင်လေးကို တွေ့တော့မှပဲ ကုန်သည်ဖြစ်တာက အောက်တန်းကျတာ မဟုတ်ဘူး၊ ပိုက်ဆံမရှိတဲ့ ကုန်သည်ကမှ အောက်တန်းကျတယ် ဆိုတာ နားလည်သွားတော့တယ်။
လွီသခင်လေးလို ချမ်းသာကြွယ်ဝတဲ့ လူမျိုးဆိုရင် ရုံးတော်က အရာရှိတွေ လာရင်တောင် ခင်ဗျားရှေ့မှာ ခေါင်းငုံ့ရမှာပဲ။”
လွီရန်ကျဲသည် အံ့အားသင့်စွာဖြင့် ဘယ်ညာ ကြည့်ပြီးနောက် ရယ်မောလိုက်၏။ “ဟဟ … ပါရမီရှင်ပဲ။ တကယ်ကို ပါရမီရှင်ပဲ။ ပြောတာ ကောင်းတယ်။ ကုန်သည်က အောက်ခြေလူတန်းစား ဆိုပေမဲ့ ဆားကုန်သည်တော့ လုံးဝ မဟုတ်ဘူး။
အရာရှိတွေက ဆားကုန်သည်ရှေ့မှာ စကားပိုပြောရဲလို့လား။ ပိုက်ဆံရှိရင် သရဲကိုတောင် ကြိတ်ဆုံလှည့်ခိုင်းလို့ ရတယ်။ သူတို့က သရဲတွေလေ...”
အပိုင်း (၄၁၈) ပထမဆုံးတွေ့ဆုံခြင်း၌ မိန်းမလှလေးကို လက်ဆောင်ပေးခြင်း။
လွီရန်ကျဲ၏ မောက်မာလွန်းလှသော အမူအရာကြောင့် ရှဲ့ရှန်းမှာ ကျောချမ်းကာ ချွေးစေးများပင် ပြန်လာခဲ့ရသည်။
ရိုင်းစိုင်းလိုက်တာ။ တကယ့်ကို ရိုင်းစိုင်းလွန်းတယ်။ ကုန်သည်တစ်ယောက်အနေနဲ့ ဒီအဆင့်အထိ မောက်မာရဲတာ တစ်လောကလုံးမှာ သူတစ်ယောက်ပဲ ရှိလိမ့်မယ်။
လွီရန်ကျဲက ရှဲ့ရှန်း၏ တုံ့ပြန်မှုကို ကျေနပ်အားရစွာ ကြည့်ရှုနေခဲ့သည်။
စောစောက ပြောလိုက်သော စကားများသည် သူ၏ ရင်ထဲသို့ ကွက်တိဝင်သွားပုံရ၏။ ဤလူသစ်က ဤမျှလောက်အလိုက်သိလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
“ကောင်းပြီ၊ ခင်ဗျားမှာ ဒီလိုသတ္တိရှိမှတော့ ဒီသခင်လေးကလည်း ခင်ဗျားကို အခွင့်အရေးပေးဖို့ အဆင်သင့်ပါပဲ။ စည်းမျဉ်းတွေကိုကော ... လင်းဖုန်း ခင်ဗျားကို ပြောပြပြီးပြီလား။”
ဒီလောက်လွယ်လွယ်လေးလား။
ဤအတွေးက ရှဲ့ရှန်း၏ ဦးနှောက်ထဲတွင် လျှပ်ခနဲ ဖြတ်ပြေးသွားပြီးနောက် အလျင်အမြန် ပြန်လည် ဖြေကြားလိုက်သည်။ “မပြောပြရသေးပါဘူး။”
“အင်း ... ဒါဆိုရင် ကျုပ်ကပဲ ခင်ဗျားကို အကျဉ်းချုံးပြီး ပြောပြရတာပေါ့။ ရှေးယခင်တည်းက ဆားကုန်သည်နဲ့ မှောင်ခိုဆားဟာ မပြေလည်နိုင်တဲ့ ရန်ဘက်တွေပဲ။ ဒါပေမဲ့ ကျုပ်တို့ လွီမိသားစု က ဘာလို့ မှောင်ခို ဆားလုပ်ငန်းလုပ်လဲဆိုတာ ခင်ဗျားသိလား။ ရုံးတော်က ဆားကုန်သည်တွေကို အမှီပြုပြီး ဆားရောင်းခိုင်းပေမဲ့ စျေးနှုန်းကို ရုံးတော်ကပဲ အမြဲသတ်မှတ်တာ။ သတ်မှတ်စျေးက အရမ်းကြီးတော့ မှောင်ခိုဆားက ဘယ်လိုမှ တားမရဆီးမရ တောထလာတာပေါ့။ ကျုပ်တို့လွီမိသားစုဟာ အစောပိုင်းနှစ်တွေက မှောင်ခိုဆားသမားတွေနဲ့ ဉာဏ်ပြိုင်တိုက်ခိုက်ခဲ့ဖူးတယ်။ ဒါပေမဲ့ အမြတ်အစွန်းအတွက် အသက်စွန့်ဝံ့သူတွေက မြစ်ကိုဖြတ်တဲ့ ငါးသိုင်းတွေလိုပဲ များပြားလွန်းတော့ သတ်လို့ မကုန်နိုင်ဘူး။
မှောင်ခိုဆားကို လုံးဝမပယ်ဖျက်နိုင်မှတော့ ဒီစီးပွားရေးကို ကျုပ်တို့ကိုယ်တိုင် ဘာလို့မလုပ်ရမှာလဲ။ ဒါကြောင့် ဒီသခင်လေး မိသားစုကို စတင်ဦးစီးပြီးနောက် ပထမဆုံးလုပ်တာက မှောင်ခိုဆားရောင်းတာပဲ။ သုံးနှစ်အတွင်းမှာ လွီမိသားစုထိန်းချုပ်တဲ့ နယ်မြေထဲမှာ ကျုပ်တို့လူတွေကလွဲရင် တခြားမှောင်ခိုဆားသမား လုံးဝမရှိတော့ဘူး။”
လွီရန်ကျဲက ဤအကြောင်းကို ပြောနေစဉ် ခေါင်းကို ဟိုယမ်းဒီယမ်းနှင့် သူ၏ လုပ်ရပ်အပေါ် အလွန်အခင်ဗျား ဂုဏ်ယူ ဝင့်ကြွားနေပုံရ၏။
ရှဲ့ရှန်းက မြှောက်ပင့်သည့် အပြုံးဖြင့် ထောက်ခံလိုက်သည်။ “သခင်လေးရဲ့ အမြော်အမြင်က တကယ့်ကို မြင့်မားလှပါတယ်”
ဤအကြောင်းကို သူ အနည်းငယ် နားလည်သည်။ သခင်လေးက သူ့ကို ပြောပြဖူး၏။
ထိုအရာကို စျေးနှုန်းခွဲခြားဆက်ဆံခြင်း ဟု ခေါ်သည်။ ရုံးတော်ဆားကို မဝယ်နိုင်သူများသည် ဘယ်တော့မှ ဝယ်နိုင်မည်မဟုတ်သဖြင့် သဘာဝကျကျပင် မှောင်ခိုဆားကိုသာ ဝယ်ယူကြလိမ့်မည်။ လွီမိသားစုက ရုံးတော်ဆားကော ၊ မှောင်ခိုဆားကိုပါ တစ်ပြိုင်နက် ရောင်းချနေခြင်းဖြစ်ရာ စျေးကွက်တစ်ခုလုံးကို အကုန်အစင် ဝါးမြိုထားခြင်းနှင့် တူပေသည်။
“ကျုပ်တို့လွီမိသားစုနောက်လိုက်ပြီး အလုပ်လုပ်ရင် ခင်ဗျား အရှုံးမရှိစေရဘူး။ နောင်ကျရင် ခင်ဗျား ကျန်းကျန်း မြို့မှာရောင်းမယ့် မှောင်ခိုဆားအားလုံးရဲ့ အမြတ် ခြောက်ပုံကို ဟိုင်ယွမ်မြို့ဆီ ပြန်ပို့ရမယ်။ လင်းဖုန်းက ခင်ဗျားကိုလမ်းညွှန်ပေးတဲ့သူဆိုတော့ နှစ်ပုံက သူ့ဆီရောက်မယ်၊ ခင်ဗျားအတွက် နှစ်ပုံချန်ထား။ ဒီအချက်ကို လင်းဖုန်း ခင်ဗျားကို ပြောပြပြီးပြီမလား။”
ရှဲ့ရှန်းက ဒူလင်ဖုန်းကို ဇဝေဇဝါဖြင့် လှမ်းကြည့်လိုက်၏။
ကျုပ် ပင်ပန်းခံလုပ်သမျှ အမြတ်ရဲ့ ထက်ဝက်ကို မိတ်ဆက်ပေးတဲ့သူက အလကားနှိုက်စားမှာပေါ့။ ဒါက တကယ့်ကို သောက်ရမ်း ရက်စက်လွန်းတာပဲ။
ဒူလင်ဖုန်းက အူကြောင်ကြောင်ဖြင့် ပြုံးနေပြီး ဘာမှမပြောချေ။
လွီရန်ကျဲ က သူတို့နှစ်ဦး၏ တုံ့ပြန်မှုကို မြင်သောအခါ ဟားဟားဟား ရယ်မောလိုက်သည်။ “ဒါပေါ့၊ ခင်ဗျားတို့ အချင်းချင်းလည်း ပြန်ညှိနှိုင်းလို့ရပါတယ်။ တကယ်လို့ ပြဿနာတက်ပြီး ရုံးတော်က စုံစမ်းစစ်ဆေးတာ ခံရရင် လင်းဖုန်းလည်း အပြစ်ဒဏ်က လွတ်မှာမဟုတ်ဘူး ... တကယ်လို့ အဲဒီလိုအချိန် ရောက်လာရင် ဘာလုပ်ရမလဲဆိုတာ ခင်ဗျား သူ့ကို သီးသန့်ပဲ မေးမြန်းလိုက်ပါ။
ဒီနှစ်ပုံထဲပဲဆိုပြီး ခင်ဗျား အထင်မသေးနဲ့၊ အဲဒါက ခင်ဗျားကို လူရာဝင်သူတစ်ယောက်ဖြစ်စေဖို့ လုံလောက်ပြီး တာ့ကျင်းရဲ့ ဘယ်နယ်မြေကိုရောက်ရောက် သူဌေးကြီးတစ်ယောက် ဖြစ်စေနိုင်တယ်။ ဒါပေါ့ … ခင်ဗျား ကျန်းကျန်းမြို့တစ်ခုတည်းမှာပဲ ရောင်းရမယ်လို့ မဆိုလိုပါဘူး။ ခင်ဗျားမှာ အရည်အချင်းရှိရင် တစ်နိုင်ငံလုံးကိုပါ မှောင်ခိုဆား ဖြန့်လို့ရတယ်။ လွီမိသားစုက ခင်ဗျားကို အပြည့်အဝ ထောက်ခံပေးမှာ။ ခင်ဗျား အမြတ်များများရှာနိုင်လေ ခင်ဗျားရမယ့်ဝေစုက ပိုများလေပဲ။
ဒါက ငါးကြင်း နဂါးတံခါးကို ခုန်ကူးနိုင်မယ့် အခွင့်အရေးပဲ။ လင်းဖုန်းက ကျုပ်တို့လွီမိသားစုရဲ့ လူဟောင်း တစ်ယောက်လို့ ပြောလို့ရတယ်၊ သူက ခင်ဗျားကို မိတ်ဆက်ပေးတာ ခင်ဗျားရဲ့ ကံကောင်းမှုပဲ။”
“ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ ... ရှဲ့ရှန်းလည်း လွီသခင်လေးနဲ့ တွေ့ဆုံခွင့်ရတာ ဘဝသုံးဆက်စာ ကံကောင်းမှုလို့ မှတ်ယူပါတယ်” ရှဲ့ရှန်းက ခေါင်းကို တတွတ်တွတ် ညိတ်လိုက်သည်။
လွီရန်ကျဲက အလွန်အမင်း ကျေနပ်သွားကာ အော်ပြောလိုက်၏။ “ခင်ဗျား အဲလောက်ကြီး အားနာမနေပါနဲ့၊ လွီမိသားစုရဲ့ တံခါးကို ဝင်လာပြီးပြီဆိုမှတော့ နောင်ကျရင် ညီအစ်ကိုတွေပဲပေါ့။ လူတစ်ယောက် လာခဲ့စမ်း ... နုန့်ယွိကို ခေါ်လိုက်”
အစေခံမိန်းကလေးက အမိန့်ကို နာခံကာ လှည့်ထွက်သွားပြီး မကြာမီမှာပဲ မျက်လုံးဝိုင်းဝိုင်းနှင့် လှ ပကျော့ရှင်းသော မိန်းမပျိုတစ်ဦးကို ခေါ်ဆောင်လာခဲ့သည်။
သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ သွယ်လျပြီး မျက်ခုံးတန်းများကြားတွင် ဆွဲဆောင်မှုရှိသော အငွေ့အသက်များ ရှိနေသော်လည်း အမူအရာမှာ အနည်းငယ် ရှက်သွေးဖြန်းနေပုံရသည်။ မိန်းမလှလေးများထဲတွင် ထိပ်တန်းဝင်သည်ဟု ဆိုနိုင်၏။
လွီရန်ကျဲက ထိုမိန်းကလေးကို အရင်ဆုံး ဖက်လိုက်ပြီးနောက် ရှဲ့ရှန်း၏ ရှေ့သို့ တွန်းပေးလိုက်သည်။ ပြီးနောက် ရယ်မောကာ ပြောလိုက်၏။ “နုန့်ယွိ ... ဒါက ဒီသခင်လေးရဲ့ ညီအစ်ကိုအသစ်ပဲ၊ သူ့ကို သေသေချာချာ ပြုစု လုပ်ကျွေးလိုက်စမ်း။”
နုန့်ယွိက ချွဲချွဲနွဲ့နွဲ့ဖြင့် ပြန်လည်ထူးပြီး ရှဲ့ရှန်း၏ ဘေးတွင် နွဲ့နွဲ့လျလျလေး ရပ်နေခဲ့သည်။
ဤလုပ်ရပ်ကြောင့် ရှဲ့ရှန်းမှာ ခဏမျှ ကြောင်အသွားရသည်။ လွီရန်ကျဲက ဤမျှအပြောအဆို လွယ်ကူလိမ့်မည်ဟု မထင်ထားသည့်အပြင် တွေ့တွေ့ချင်း မိန်းမတစ်ယောက်ကိုပါ လက်ဆောင်ပေးလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ချေ။
ဤအခြေအနေက သူ စဉ်းစားထားသည်ထက် ကျော်လွန်နေ၏။
“ခင်ဗျား ဟိုင်ယွမ်မြို့မှာ တစ်လ၊ နှစ်လလောက် အရင်နားပြီး ဇိမ်ခံနေအုံး။ ကျန်းကျန်းမြို့ဘက်ကို သွားဖို့ လောမနေနဲ့၊ ကျုပ် အကြောင်းကြားစာ ပို့မှ သွားပါ။ အခုတော့ ခင်ဗျား အိမ်ပြန်လို့ရပြီ၊ ကျုပ် လင်းဖုန်းနဲ့ ပြောစရာ စကားအနည်းငယ် ရှိသေးတယ်။”
ရှဲ့ရှန်းက ဦးညွှတ် အလေးပြုပြီးနောက် လှည့်ထွက်သွားခဲ့ရာ နုန့်ယွိကလည်း နောက်ကနေ ထပ်ချပ်မကွာ လိုက်ပါသွားလာသည်။
သူတို့နှစ်ဦး ထွက်ခွာသွားသည်နှင့် လွီရန်ကျဲ၏ မျက်နှာပေါ်ရှိ အပြုံးများက ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
သူက ဒူလင်ဖုန်း၏ ရှေ့သို့ လျှောက်လှမ်းသွားပြီး ဖြန်းခနဲ မြည်အောင် ပါးရိုက်ချလိုက်၏။
ဒူလင်ဖုန်း၏ ညာဘက်ပါးပြင်မှာ ချက်ချင်းပင် မူးဝေယောင်ကိုင်းလာခဲ့ပြီးနောက် ဘုန်းခနဲ မြည်အောင် ဒူးထောက်ကျသွားကာ ထိတ်လန့်တုန်လှုပ်စွာ ပြောရှာသည်။ “သခင်လေး အမျက်တော်ဖြေပါ ... သခင်လေး အမျက်တော်ဖြေပါ။”
“ခင်ဗျားလည်း ဒီအလုပ်ကို လုပ်လာတာ နှစ်တွေမနည်းတော့ဘူး၊ ဘယ်လိုဖြစ်လို့ အမှားအယွင်း အနာအဆာ ပြလိုက်ရတာလဲ။”
ဒူလင်ဖုန်းက တံတွေးကို မြိုချကာ တုန်တုန်ရီရီဖြင့် ပြောလိုက်သည်။ “ကျန်းကျန်းမြို့မှာ ဘေးဒုက္ခကြုံတော့ မြို့ထဲက သူဌေးတွေက ရုံးတော်ရဲ့ လုပ်ငန်းအများကြီးကို လက်ဝါးကြီးအုပ်ထားတာမို့ အသုံးစရိတ်က အရမ်းများသွားတယ်။ သူတို့လက်အောက်မှာ အလုပ်လုပ်နေတဲ့ ဒုက္ခသည်တွေ အများကြီးရှိတော့ ငွေနည်းနည်း ချွေတာချင်ကြတာနဲ့ ကျုပ်လည်း ... ဒီအခွင့်အရေးကိုသုံးပြီး ပိုရောင်းချင်မိသွားတာ။ နောက်ပိုင်းကျ ရေရှည်လက်တွဲလို့ရအောင်လို့ပါ။ ဘယ်သူက သိမှာလဲ ... သူတို့က ပါးစပ်မလုံကြဘူး။ တော်သေးတာက အစ်ကိုရှဲ့က ကျုပ်ကို တိတ်တဆိတ် လာပြောပြလို့ ...”
“ဒီ ရှဲ့ရှန်းကော စိတ်ချရရဲ့လား။”
“စိတ်ချရပါတယ်၊ လုံးဝ ပြဿနာမရှိပါဘူး”
ဒူလင်ဖုန်း၏ ရင်ဘတ်ထဲမှ နှလုံးသားမှာ တဒိန်းဒိန်း ခုန်နေခဲ့၏။
လွီရန်ကျဲ၏ အကျင့်ကို သူ အသိဆုံးဖြစ်ရာ ဤလူက စိတ်အလိုမကျပါက သူတစ်ပါးကို နှိပ်စက်တတ်သူဖြစ်သည်။
လွီရန်ကျဲ၏ မျက်နှာအမူအရာက အနည်းငယ် ပြေလျော့သွား၏ “ထားလိုက်ပါတော့၊ ခင်ဗျားရှာလာတဲ့လူ ဖြစ်နေတာကော၊ အခုလောလောဆယ်လည်း သင့်တော်တဲ့လူ မရှိတာကောမို့ ကျုပ် လိုက်ပြီး စုံစမ်းမနေတော့ဘူး။ ဒါပေမဲ့ သူ့ဘက်က ပြဿနာတစ်ခုခုတက်ရင် ခင်ဗျားလည်း အသက်ရှင်ဖို့ မမျှော်လင့်နဲ့။ ဒီရက်ပိုင်း အထက်က ဆက်မရောင်းခိုင်းသေးဘူး၊ ဘယ်အချိန် လူလွှတ်ပြီး အကြောင်းကြားမလဲ မသိသေးဘူး။ ခင်ဗျား မြို့ထဲမှာပဲ အရင်နေအုံး။ ဒီအချိန်အတောအတွင်း သေချာထပ်စုံစမ်းပြီး ရှဲ့ရှန်းရဲ့ မိသားစုဝင်အားလုံးကို ဒီကို ခေါ်လာခဲ့။ လစ်တော့။”
“ဟုတ်ကဲ့ ... ဟုတ်ကဲ့ပါ။”
ဒူလင်ဖုန်းက ကြောက်ကြောက်လန့်လန့်ဖြင့် အဓိကခန်းမဆောင်ဆီသို့ ပြန်လည်ပြေးလွှားလာခဲ့သည်။
ထိုအချိန်တွင် ရှဲ့ရှန်းမှာ နုန့်ယွိနှင့်အတူ အဓိကခန်းမထဲတွင် အူကြောင်ကြောင်ဖြင့် ရပ်နေဆဲဖြစ်သည်။ နုန့်ယွိက စကားမပြောသလို သူကလည်း စကားမဆိုသဖြင့် အခြေအနေမှာ အနည်းငယ် အနေရခက်လှ၏။
ကံကောင်းထောက်မစွာဖြင့် ဒူလင်ဖုန်း အချိန်မီ ပေါ်လာသည်ကို မြင်သောအခါ ရှဲ့ရှန်းက ဦးဆောင်၍ နှုတ်ဆက်လိုက်သည်။ “အစ်ကိုဒူ ... ခင်ဗျား ... ခင်ဗျားမျက်နှာ ဘာဖြစ်တာလဲ။”
ဒူလင်ဖုန်းက ပါးကို အုပ်ကာ ခါးခါးသီးသီး ပြုံးလိုက်ပြီးနောက် နုန့်ယွိကို အရင်ဆုံး ပြုံးပြလိုက်ပြီး ယောင်ကိုင်းနေသော ပါးပြင်ကို ပွတ်သပ်ကာ ရှဲ့ရှန်းကို ဘေးတစ်ဖက်သို့ ဆွဲခေါ်၍ အနေရခက်စွာ ပြောလိုက်သည်။ “စောစောက အပြေးမြန်သွားလို့ ချော်လဲတာပါ၊ ချော်လဲတာ။ ဒါနဲ့ ... အစ်ကိုရှဲ့ ... အမြတ်ခွဲဝေတဲ့ ကိစ္စကို ကျုပ် ခင်ဗျားကို အားနာလို့ မပြောမိဘူး။ ကျုပ်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးအရဆိုရင် စကားအများကြီး ပြောနေစရာမလိုပါဘူး၊ ခင်ဗျား ကျုပ်ကို တစ်ပုံပဲ ပေးရင် ရပါပြီ။”
ရှဲ့ရှန်းက သူ့စကားကို ချက်ချင်း ဖြတ်ပြောလိုက်သည်။ “ငွေကြေးက အဓိကမကျပါဘူး။ ခင်ဗျားသာမရှိရင် ကျုပ်လည်း ဒီငွေကို ရှာနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ညီလေးဒူ အနေရခက်မနေပါနဲ့။”
ဒူလင်ဖုန်းက အနည်းငယ် စိတ်လှုပ်ရှားသွားပြီးနောက် မျက်နှာက ပြန်လည်ညှိုးငယ်သွားပြန်သည်။ “ဒါက ... နောက်ထပ် ကိစ္စတစ်ခု ခင်ဗျားကို မပြောရသေးဘူး။ ခင်ဗျား ... ခင်ဗျားရဲ့ မိသားစုဝင်တွေကို ဒီကို ခေါ်လာလို့ ရမလား။ ခင်ဗျား အထင်မလွဲပါနဲ့အုံး။ ကျုပ်က ခင်ဗျားကို မယုံလို့မဟုတ်ပါဘူး၊ ဒါက စည်းမျဉ်းဖြစ်နေလို့ပါ။ ကျုပ်ရဲ့ မိသားစုလည်း မြို့ထဲမှာ ရှိနေတာပဲ။ စကားမစပ် … ငွေရှိနေသရွေ့ ကျုပ်တို့ ဘယ်မှာနေနေ အတူတူပဲ မဟုတ်ဘူးလား။ ဟိုင်ယွမ်မြို့မှာ အကုန်ရှိတယ်။ ကျုပ်တို့ဘက်က ပြဿနာမရှာသရွေ့ ဘာမှဖြစ်မှာမဟုတ်ဘူး။”
ဤစကားကို ကြားလိုက်ရမှ ရှဲ့ရှန်း၏ ရင်ထဲမှ အတားအဆီးတစ်ခု ကျသွားသည်။
ဤသို့ဖြစ်ရမည်။ အကုန်လုံး အဆင်ပြေလွန်းနေလို့ သူ့စိတ်ထဲမှာ မတင်မကျ ဖြစ်နေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ပြဇာတ်ကိုတော့ ဆက်ကရဦးမည်။
ရှဲ့ရှန်းက မျက်နှာပျက်သွားကာ ဒေါသတကြီး ပြောလိုက်သည်။ “ညီလေးဒူ ... ဒီစကားကို ဘာလို့ စောစောမပြောတာလဲ။”
ဒူလင်ဖုန်းက သူ ဒေါသထွက်နေသည်ကို မြင်သောအခါ တိုးတိုးလေး ပြောရှာ၏။ “ကျုပ် စောစောပြောရင် ခင်ဗျားလည်း လာရဲမှာမဟုတ်ဘူးလေ ... အိုင်း ... အစ်ကိုရှဲ့ ... အခုတော့ ရောက်လည်း ရောက်နေပြီပဲဥစ္စာ ...”
“ကျုပ် အခု ထွက်သွားလို့မရတော့ဘူးပေါ့ ဟုတ်လား။ မိသားစုကို မခေါ်ရင်ကော မရဘူးလား။”
“သိပ်မဆင်ပြေဘူး ... ခင်ဗျားက အကြောင်းအရာတွေ အများကြီး သိသွားပြီလေ ...”
ရှဲ့ရှန်းက ကောင်းကင်ကို မော့ကြည့်ကာ သက်ပြင်းချလိုက်သည်။ “ညီလေးဒူ ... ခင်ဗျား စောစောပြောသင့်တာပေါ့။ စောစောကသာ သိရင် ကျုပ် ဒီရေနောက်ထဲ ခြေမချပါဘူး။ ထားလိုက်ပါတော့။ ဒီညပဲ ကျုပ် အိမ်ကို စာတစ်စောင် ရေးပြီး ပို့လိုက်ပါ့မယ်။ ဒါနဲ့ ဒီ နုန့်ယွိမိန်းကလေးက ဘာလဲ၊ သူက လွီသခင်လေးရဲ့ အစေခံလား။”
“အစေခံမဟုတ်ဘူး၊ သူမက လွီသခင်လေးရဲ့ မယားငယ်ပဲ။ ခင်ဗျား ဆော့ကစားလို့ ဝသွားရင် သူ့ဆီ ပြန်အပ်ရမှာ။”
မယားငယ်။
ရှဲ့ရှန်း၏ ဦးနှောက်မှာ ဝုန်းခနဲ မြည်သွားပြီး နုန့်ယွိကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်မိသည်။
ဒါက လွီရန်ကျဲရဲ့ မိန်းမလား။ ဒါက ဘယ်လို အကွက်ကြီးလဲ။
မယားငယ် လက်ဆောင်ပေးသောကိစ္စက တကယ်တော့ အတွေ့ရများပေမည့် အောက်လူက အထက်လူကို ပေးလေ့ရှိတာမျိုး ဖြစ်သည်။ ယခုလို အောက်ခြေလူကို အလွယ်တကူ ပေးပစ်သည်မျိုးက တကယ့်ကို ရှားမှရှားပင်။
“ဘာသဘောလဲ။ ဒါက ကျုပ်ကို စမ်းသပ်နေတာလား။ တို့ထိမိရင် အသက်အန္တရာယ် မရှိနိုင်ဘူးမလား။”
ဒူလင်ဖုန်း၏ အမူအရာက တဖြည်းဖြည်းနှင့် ပြုံးစိစိ ဖြစ်လာခဲ့သည်။ “ကြိုက်သလို တို့ထိစမ်းပါ။ လွီသခင်လေး ဘေးနားက မိန်းမတွေက စီးဆင်းနေတဲ့ ရေလိုပဲ၊ သူက နေရာအနှံ့ လျှောက်ပေးနေတာ။ ခင်ဗျားကို ပေးထားမှတော့ ခင်ဗျား ကြိုက်တာလုပ်လို့ရပြီပေါ့။”
အပိုင်း (၄၁၉) အမျိုးသမီးသူလျှိုကို ဘယ်လိုကိုင်တွယ်မလဲ
လာတုန်းကတော့ အကောင်းသား၊ ပြန်တော့ ပိုလို့တောင် ကောင်းသွားသေးတယ်၊ မိန်းမလှတစ်ယောက် အသက်လွတ် ရတာကိုး။
သို့ပေမည့် ရှဲ့ရှန်းမှာ မပျော်နိုင်ရှာချေ။ ထိုအရာက သူ့ဘေးနားမှာ သူလျှိုတစ်ယောက် လာချထားမှန်း သိသာလွန်းနေသည်။
သို့ပေမည့် သေသေချာချာ ပြန်လည် စဉ်းစားကြည့်လိုက်တော့ တွေ့တွေ့ချင်း ပျားရည်ထောင်ချောက် ချထားတာပင်။
သို့နှင့် နုန့်ယွိကို ခေါ်ဆောင်ကာ အိမ်တော်ထဲသို့ ဝင်ရောက်လာခဲ့သည်။
ခြံဝင်းထဲသို့ ခြေချလိုက်သည်နှင့် ... သန်မာထွားကျိုင်းသော လူတစ်စုက အင်္ကျီချွတ်ကာ ကျောက်တုံးကြီးများကို မကာ လေ့ကျင့်နေကြသည်ကို မြင်လိုက်ရသည်။
ရှဲ့ရှန်း ပြန်လာသည်ကို မြင်သောအခါ ထိုလူသန်ကြီးများသည် လှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီး ခေါင်းများကို စောင်းကာ ဝိုင်းကြည့်ကြ၏။
ရှဲ့ရှန်း၏ မျက်နှာအမူအရာက ချက်ချင်း တောင့်တင်းသွားပြီး ခေါင်းကို စက်ရုပ်လိုလှည့်ကာ နုန့်ယွိကို ကြည့်လိုက်သည်။
နုန့်ယွိကတော့ လက်ဖျားဖြင့် မျက်နှာကို ခပ်ဖွဖွ ကာကွယ်ထားခဲ့၏။
“အစောင့်တွေပါ ... ဒါတွေအကုန်လုံးက ကျုပ်အိမ်က အစောင့်တွေ” ရှဲ့ရှန်းက အလျင်အမြန် ရှင်းပြလိုက်သည်။
နုန့်ယွိက တိုးတိုးလေး အသံပြုရှာ၏။ “အင်း …”
ကျိုးထျဲ့က လက်ကို မြှောက်ကာ နှုတ်ဆက်လိုက်သည်။ “သခင် ... ကြီး ...”
သူက မူလက လောင်ရှဲ့ဟု ခေါ်ရန် ပြင်လိုက်သော်လည်း စကားလုံး ပါးစပ်ဖျားရောက်မှ ပြင်ပလူ ရှိနေသည်ကို သတိရသဖြင့် အချိန်မီ ပြောင်းလဲလိုက်၏။
သူက နုန့်ယွိကို တိတ်တဆိတ် အကဲခတ်လိုက်သော်လည်း အမှားအယွင်း မရှိစေရန် အကြာကြီး မကြည့်ရဲချေ။
ရှဲ့ရှန်းက နုန့်ယွိ၏ လက်ကို အသာအယာ ဆွဲကိုင်ကာ တိုးတိုးလေး ပြောလိုက်သည်။ “ခင်ဗျားကို အခန်းထဲ အရင်ခေါ်သွားပြီး နားခိုင်းမယ်။ ကျုပ် ဟိုင်ယွမ်မြို့ကို ရောက်တာ မကြာသေးတော့ အိမ်က သေချာ မပြင်ဆင်ရသေးဘူး။ ခင်ဗျား ဘာလိုချင်လဲဆိုတာ ကျုပ်ကို ပြောပြပါ၊ လူလွှတ်ပြီး ဝယ်ခိုင်းလိုက်မယ်။”
နုန့်ယွိက နွဲ့နွဲ့လျလျလေး ပြန်လည်ဖြေကြားဆဲပင်။ “ရပါတယ်။”
ရှဲ့ရှန်းက သူမကို အတွင်းခန်းဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
ကိုယ်လုံးတီးနှင့် လူသန်ကြီးတစ်စု၏ အကြည့်များက ရှဲ့ရှန်း အခန်းထဲ ဝင်သွားသည်အထိ လိုက်ပါသွားကြရာ ...
ကျိုးထျဲ့က ချက်ချင်း အော်ဟစ်လိုက်သည်။ “ခင်ဗျားတို့တွေ ဘာကို ဝိုင်းကြည့်နေတာလဲ။ သခင်ကြီးရဲ့ မိန်းမကို ခင်ဗျားတို့က လျှောက်ကြည့်လို့ရလား။ ဆက်ပြီး လေ့ကျင့်ကြစမ်း။”
ကျောက်လျဲ့က အနားသို့ ကပ်လာပြီး တိုးတိုးလေး ပြော၏။ “အစ်ကိုထျဲ့ ... ကျုပ်တို့ ပထမဆုံးအကြိမ် ထွက်လာတာဆိုတော့ သိပ်ပြီး မကျွမ်းကျင်သေးဘူးနော်။ အကွက်ပေါ်သွားမလား မသိဘူး။”
ကျိုးထျဲ့က ရှဲ့ရှန်း ပျောက်ကွယ်သွားသော နေရာကို ကြည့်ရင်း ရေရွတ်လိုက်သည်။ “သောက်ကျိုးနည်း ... ကျုပ်သာ သိရင် ကျုပ်ပဲ ဦးဆောင်ခဲ့ပါတယ်။ ဒီအလုပ်ကို ကျုပ်လည်း လုပ်နိုင်တာပဲကို။”
“အစ်ကိုထျဲ့ ... ကျုပ်ပြောတာ နားထောင်နေရဲ့လား။”
“လောင်ရှဲ့ရဲ့ အမြင်က မဆိုးဘူးပဲ။ ကြည့်လိုက်ရင် လူကြီးလူကောင်းပုံစံနဲ့ ကစားလိုက်ရင်တော့ တကယ့်ကို ကြမ်းတာပဲ။ ဒီည ကျုပ်တို့ ညီအစ်ကိုတွေ ပြည့်တန်ဆာအိမ် သွားဆော့ကြမလား။”
“ကောင်းပြီလေ။”
ရှဲ့ရှန်း အခန်းထဲက ထွက်လာသောအခါ ကျိုးထျဲ့နှင့် ကျောက်လျဲ့တို့က ချက်ချင်း အနားသို့ တိုးကပ် လာခဲ့ကြ၏။
“လောင်ရှဲ့ ... လူအိမ်တော်ကို သွားရတာ ဘယ်လိုလဲ။”
ရှဲ့ရှန်းက စိတ်ပျက်လက်ပျက်ဖြင့် ပြောပြလိုက်သည်။ “ခင်ဗျားတို့ လေ့ကျင့်ရင်လည်း လေ့ကျင့်ပေါ့၊ ခြံဝင်းထဲမှာ ဗြောင်ကြီး မလုပ်ကြနဲ့။ သူများ သံသယဝင်ရင် ဘယ်လိုလုပ်မလဲ။ ကျုပ် ဒါကို ဖုံးကွယ်ဖို့ နည်းလမ်းတစ်ခု စဉ်းစားရအုံးမယ်။ စောစောက လွီအိမ်တော်မှာ ...”
သူက လွီအိမ်တော်က ကြုံတွေ့ခဲ့ရသည်များကို ပြောပြလိုက်ရာ ကျိုးထျဲ့နှင့် ကျောက်လျဲ့တို့၏ မျက်နှာများက လေးနက်သွားခဲ့ကြ၏။
ကျိုးထျဲ့က မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။ “ဒီလောက်အထိ မောက်မာရဲတယ်ဆိုတော့ နောက်ခံက မသေးဘူးပဲ။ ခင်ဗျားပြောပုံအရဆိုရင် သူတို့အိမ်က အရမ်းကြီးပြီး ရှုပ်ထွေးနေတာမို့ စာရင်းစာအုပ် ခိုးဖို့တော့ မလွယ်လှဘူး။ နောက်ပိုင်း ဘာဆက်လုပ်မလဲ။”
“မလောနဲ့၊ သခင်လေးက ကျုပ်တို့ကို တစ်နှစ် အချိန်ပေးထားတာပဲ။ လွီရန်ကျဲကို ကြည့်ရတာ ကျုပ်ကို စမ်းသပ်အုံးမယ့် ပုံပဲ။ အခြေအနေ ငြိမ်သက်သွားမှ အခွင့်အရေးကို စောင့်ပြီး လှုပ်ရှားကြတာပေါ့။”
“ဒါနဲ့ အဲဒီမိန်းမက ဘယ်က ရောက်လာတာလဲ။” ကျိုးထျဲ့က ဤမေးခွန်းကို အတော်လေး စိတ်ဝင်စားနေဆဲ ဖြစ်၏။
ရှဲ့ရှန်းက နားထင်ကို ပွတ်ရင်း ပြောရှာသည်။ “မပြောပါနဲ့တော့၊ လွီရန်ကျဲ လက်ဆောင်ပေးလိုက်တာ။ သူ့ရဲ့ မယားငယ်တဲ့။ ကိုးဆယ်ရာခိုင်နှုန်းက ကျုပ်ကို စောင့်ကြည့်ဖို့ လွှတ်လိုက်တဲ့ သူလျှိုပဲ။ ဒါကြောင့် ခင်ဗျားတို့ သတိထားကြ …. လူအနည်းငယ်လွှတ်ပြီး သူ့ကို စောင့်ကြည့်ထားလိုက်။”
“လွီရန်ကျဲရဲ့ မယားငယ်ဟုတ်လား။”
ကျိုးထျဲ့က အံ့ဩတကြီးဖြင့် ရေရွတ်လိုက်သည်။ “အို ကောင်းကင်ဘုံ ... ကိုယ့်မိန်းမကိုတောင် ပေးပစ်တယ်လား။ နာမည်ကြီး မိသားစုကြီးတစ်ခု ဖြစ်လာတာ မဆန်းဘူး။ ကျုပ်တောင် သူ့နောက်လိုက် လုပ်ချင်စိတ် ပေါက်သွားပြီ။ ကျုပ်တို့ အသက်စွန့်ပြီး လုပ်နေတာတောင် သခင်လေးက ကျုပ်တို့ကို မိန်းမတစ်ယောက်တည်းတောင် လက်ဆောင်မပေးဖူးဘူး။ ဆရာဝူ ရောက်လာပြီးတည်းက ကျုပ်မှာ နှင်းလမင်းစံအိမ်ကိုတောင် မသွားနိုင်တော့ဘူး။”
ရှဲ့ရှန်းက မျက်လုံးပြူးကာ စိုက်ကြည့်လိုက်၏။ “လွီရန်ကျဲဆီမှာ ခွေးလို နေမလား၊ သခင်လေးဆီမှာ လူလို နေမလား၊ ခင်ဗျားဘာသာခင်ဗျား ရွေးချယ်လိုက်။”
“ဟဲဟဲ ... ကျုပ်က နောက်တာပါ။ ဒါနဲ့ ... အဲဒီမိန်းမကို ခင်ဗျား ဘာလုပ်ဖို့ စိတ်ကူးထားလဲ၊ သူနဲ့ အိပ်မလို့လား။”
ရှဲ့ရှန်း၏ မျက်နှာက လေးနက်သွားသည် “ဒီလိုပဲ လုပ်ရမှာပေါ့၊ ဘာပဲဖြစ်ဖြစ် သခင်လေးရဲ့ လုပ်ငန်းအတွက်ပဲလေ။”
ကျိုးထျဲ့နှင့် ကျောက်လျဲ့တို့က သူ့ကို အထင်သေးသည့် အကြည့်များဖြင့် ဝိုင်းကြည့်ကြ၏။
“ခင်ဗျား တကယ်လို့ စိတ်မပါဘူးဆိုရင် ကျုပ်က ကိုယ်စား လုပ်ပေးလို့ရတယ်နော်”
ကျိုးထျဲ့က စေတနာအပြည့်ဖြင့် ပြောလိုက်သည်။ “ကျုပ် ကြားတာတော့ ခင်ဗျားရဲ့ ကျောက်ကပ်က သိပ်မကောင်းဘူး ဆိုလား။”
ရှဲ့ရှန်း၏ မျက်နှာက ချက်ချင်း ရဲတက်သွား၏။ “ဘယ်သူပြောတာလဲ။ ဘယ်ကောင်က နောက်ကွယ်မှာ လျှောက်ပြောနေတာလဲ။”
“သခင်လေး ကျန်းကျနးမြို့မှာ ဘေးဒုက္ခ ကယ်ဆယ်ရေးလုပ်တုန်းက ပြောခဲ့တာ မဟုတ်ဘူးလား။ အဲဒီတုန်းက ခင်ဗျားက ဧကရာဇ်နဲ့အတူ လိုက်သွားတာလေ၊ ခရိုင်တစ်ခုလုံးမှာ ပျံ့နေတာ ကြာပြီ။ လောင်ရှဲ့ ... ကျုပ်တို့တွေက ရင်းနှီးနေပြီပဲ၊ ရှက်မနေပါနဲ့။ ခင်ဗျားတို့ စာတတ်ပေတတ်တွေက လေ့ကျင့်ခန်းမလုပ်တော့ အကုန်လုံး ကျောက်ကပ် အားနည်းကြတာပဲ။” ကျိုးထျဲ့က ပြုံးစိစိဖြင့် ပြောလိုက်သည်။
“ခင်ဗျား လျှောက်ပြောနေတာ ...”
ရှဲ့ရှန်းက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ကာ အခြားသော စာတတ်ပေတတ် မဟာမိတ်တစ်ယောက်ယောက်ကို ရှာဖွေမိသော်လည်း ... စိတ်ပျက်စရာကောင်းစွာဖြင့် ခြံဝင်းထဲတွင် သူတစ်ယောက်တည်းသာ စာတတ်သူဖြစ်ပြီး အခြားသူများမှာ စာမတတ်သည့် လူမိုက်ကြီးများသာ ဖြစ်နေ၏။
ကျိုးထျဲ့၏ မျက်လုံးများ လင်းလက်သွားပြီး ခြံဝင်းထဲသို့ လျှောက်လှမ်းလာသော ချန်တယ်ရှန်းကို မြင်သောအခါ လှမ်းခေါ်လိုက်သည်။ “ကျုပ်ကြည့်ရတာ မိန်းမစိုးချန်တောင် ကိုယ်စားလုပ်ပေးနိုင်အုံးမယ်။”
ချန်တယ်ရှန်း က ကျိုးထျဲ့ သူ့ကို လက်လှမ်းပြနေသည်ကို မြင်ပြီး ရှဲ့ရှန်းလည်း ဘေးတွင် ရှိနေသဖြင့် အလျင်အမြန် တိုးကပ်လာခဲ့သည်။ သူက ဖားယားသော အမူအရာဖြင့် ပြောလိုက်၏၊ “ဆရာရှဲ့ ... ကျုပ် ကူညီပေးရမယ့် နေရာ ရှိပါသလား။ ကျုပ် ဘာမဆို လုပ်နိုင်ပါတယ်။”
သူ ဤတစ်ခေါက် လာရခြင်းက အလကား မဖြစ်စေရချေ။ မည်သို့ပင်ဖြစ်ဖြစ် အောင်မြင်မှု အနည်းငယ်တော့ ရယူရမည်။ အသက်ကြီးပြီဆိုသော်လည်း နန်းတော်ထဲမှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူပင်။ အသုံးချ၍ရမည့်နေရာ မရှိဘဲ နေပါ့မည်လား။
ထို့အပြင် စောစောက ကျိုးထျဲ့၏ သဘောထားကလည်း မဆိုးသဖြင့် ချန်တယ်ရှန်း၏ ရင်ထဲတွင် ပျော်ရွှင်နေခဲ့သည်။
ကျိုးထျဲ့က သူ့နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။ “လောင်ရှဲ့က အမျိုးသမီးသူလျှိုတစ်ယောက်ကို ခေါ်လာတယ်၊ ခင်ဗျား ဒီည သွားပြီး အိပ်ရာထဲမှာ စည်းရုံးလိုက်စမ်း။”
“ …..”
“ကျိုးထျဲ့ ... ကျုပ် မင်းအမေကို ...”
ကြီးမားလှသော အရှက်ရမှုက ခြေဖျားမှသည် ခေါင်းထိပ်အထိ ဆောင့်တက်လာခဲ့ပြီး ချန်တယ်ရှန်းမှာ လက်သည်းများဖြင့် ကုတ်ခြစ်ကာ စူးစူးဝါးဝါး အော်ဟစ်ရင်း ကျိုးထျဲ့ဆီသို့ ပြေးဝင်သွား၏။
ကျိုးထျဲ့ကတော့ ဝုန်းခနဲ ခြေဦးလှည့်ကာ ထွက်ပြေးသွားခဲ့ပြီ ဖြစ်သည်။
ဤမြင်ကွင်းကို ကြည့်ရင်း ရှဲ့ရှန်းက ခေါင်းကိုသာ ယမ်းမိတော့၏။ “တကယ့်ကို စည်းကမ်းမရှိတာပဲ။ ကျောက်လျဲ့ ... ခင်ဗျား သေချာ စီစဉ်လိုက်အုံး၊ ညီအစ်ကိုတွေကို သတိထားခိုင်း။ နေ့တိုင်း စကားပြောတာ၊ အလုပ်လုပ်တာတွေကို ဂရုစိုက်ကြ၊ လက်နက်တွေကိုလည်း သေသေချာချာ သိမ်းဆည်းထား၊ နံရံမှာ နားရွက်ရှိတယ်ဆိုတာ သတိရပါ။
ပြီးတော့ အဲဒီမိန်းမကို တိတ်တဆိတ် စောင့်ကြည့်ဖို့ လူအနည်းငယ် လွှတ်ထားလိုက်၊ ကျန်တဲ့အရာတွေကတော့ ပုံမှန်အတိုင်းပဲ နေကြပါ၊ အရမ်းကြီး စိုးရိမ်မနေကြနဲ့။”
ကျောက်လျဲ့က တည်ကြည်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ “နောင်ကျရင် ကျုပ် သတိထားပါ့မယ်။ ဒါက ကျုပ်တို့ ပထမဆုံးအကြိမ် အပြင်ထွက်တဲ့ တာဝန်ဆိုတော့ အားနည်းချက်တွေ အများကြီး ရှိနေတာ အမှန်ပဲ၊ ကျုပ် သူတို့ကို ပိုပြီး ပြုပြင်ခိုင်းလိုက်ပါ့မယ်။”
ရှဲ့ရှန်းက ပြုံးလိုက်၏။ “ဒါတွေက ကိစ္စအသေးအဖွဲတွေပါ။ ကျုပ် ကြောက်တာက ခင်ဗျားတို့တွေ လူတစ်ခါမှ မသတ်ဖူးကြတော့ တကယ်လို့ ထိပ်တိုက်တွေ့ရင် ခြေထောက်တွေ တုန်နေမှာကိုပဲ။”
ကျောက်လျဲ့၏ မျက်နှာက ရုတ်တရက် မောက်မာ ဝင့်ကြွားသွားသည် “ဆရာ ... ဒါကိုတော့ စိတ်ချလိုက်ပါ။ ညီအစ်ကိုတွေက ခရိုင်ထဲမှာ ဝက်သတ်လာတာ နှစ်တွေမနည်းတော့ဘူး၊ နှလုံးသားက သံမဏိလို အေးစက်နေပါပြီ။
လူမသတ်ဖူးဘူးဆိုရင်တောင် ခရိုင်ထဲက သေဒဏ်ကျအကျဉ်းသားတွေရဲ့ အလောင်းတွေကို ကျုပ်တို့ ခွဲစိပ်လေ့ကျင့်ဖူးတာပဲ။ သခင်လေးက ကျုပ်တို့ကို သတ္တိရှိအောင်လို့ ခွဲစိပ်ပညာ သင်ခိုင်းတာလေ။ အဲဒီလို အပြစ်ကြီးတဲ့ အလောင်းတွေကို ရှာဖို့က မလွယ်ဘူး ... နှစ်တွေအများကြီးမှာ သုံးလောင်းပဲ ရခဲ့တာ။ ညီအစ်ကို နှစ်ရာကျော်က ခွဲလိုက်၊ ပြန်ချုပ်လိုက်၊ ပြန်ခွဲလိုက်နဲ့ နောက်ဆုံး အလောင်းတွေ ပုပ်စော်နံသွားတဲ့အထိပဲ ...”
“တော်ပြီ ... မပြောနဲ့တော့၊ ခင်ဗျားတို့ တော်တယ်ဆိုတာ ကျုပ် သိပြီ။”
ရှဲ့ရှန်းက ပျို့အန်ချင်စိတ်ကို အောင့်အည်းကာ ကျောက်လျဲ့ကို မောင်းထုတ်လိုက်ရ၏။
သောက်ကျိုးနည်း ... ခရိုင်ထဲမှာ ဒီလောက်အထိ ရူးသွပ်စရာကောင်းတဲ့ လေ့ကျင့်မှုမျိုး ရှိနေလိမ့်မယ်လို့ အခုမှပဲ သိတော့တယ်။ သခင်လေးက တကယ့်ကို တစ်မျိုးကြီးပဲ။
နောင်ကျရင် ဒီဝက်သတ်သမားတွေနဲ့ ဝေးဝေးနေရမယ် ...။
အခြေအနေများကို ရိုးရှင်းစွာ မှာကြားပြီးနောက် ရှဲ့ရှန်းက နုန့်ယွိကို ဂရုမစိုက်တော့ဘဲ စာကြည့်ခန်းသို့ ပြန်လာခဲ့သည်။
ယနေ့ ဖြစ်ပျက်ခဲ့သမျှကို သခင်လေးထံ အမြန်ဆုံး အကြောင်းကြားရန် လိုအပ်သည်။
သာမန်စာများနှင့် ပေးပို့၍ မရနိုင်ချေ၊ ကြားထဲကနေ ကြားဖြတ်ဖတ်တာ ခံရဖို့ ရာခိုင်နှုန်း များလွန်း၏။
သို့ပေမည့် ဤကဲ့သို့သော အခြေအနေမျိုးအတွက် ကြိုတင်ပြင်ဆင်မှု ရှိပြီးသားဖြစ်ရာ၊ မထွက်ခွာမီတည်းက လျှို့ဝှက်ကုဒ်စာစောင်ဖြင့် ဆက်သွယ်ရန် စဉ်းစားထားခဲ့ကြသည်။
ကြိုတင် ရွေးချယ်ထားသော စာအုပ်ကို ကုဒ်ဖော်ရန် သော့ချက်အဖြစ် အသုံးပြုခြင်း ဖြစ်၏။
ရှဲ့ရှန်းက စာရေးကိရိယာများကို ပြင်ဆင်ပြီးနောက် စာအုပ်သေတ္တာထဲမှ နွေဦးနှင့်ဆောင်းဦးမှတ်တမ်း စာအုပ်ကို ဆွဲထုတ်လိုက်သည်။