အခန်း (၄၂၀-၄၂၂)
Vol. 23 Ch. 420-422
အပိုင်း (၄၂၀ ) အိပ်ရာထဲသို့ ကိုယ်တိုင်ဝင်ရောက်လာခြင်း။
မိုးချုပ်လာခဲ့ပြီဖြစ်သော်လည်း နုန့်ယွိမှာ အခန်းထဲတွင် ရှိနေဆဲဖြစ်သည်။
ရှဲ့ရှန်းလည်း သူမကို ဘယ်လို ရင်ဆိုင်ရမှန်း မသိချေ။ တို့ထိရမလား၊ မတို့ထိဘဲ နေရမည်လား။ သို့ပေမည့် စကားတော့ ပြောရဦးမည်၊ မဟုတ်ပါက အမူအရာက ထူးဆန်းလွန်းနေပေလိမ့်မည်။
ထို့အပြင် ညစာလည်း မစားရသေးသဖြင့် နုန့်ယွိလည်း ဆာလောင်နေလိမ့်မည်ဟု ခန့်မှန်းမိသည်။
ညစာ ပြင်ဆင်ပြီးနောက် ရှဲ့ရှန်းက နုန့်ယွိ၏ အခန်းဆီသို့ လူသွားရှာခဲ့၏။
တံခါးဝသို့ ဝင်လိုက်သည်နှင့် ... နုန့်ယွိက ကုတင်ပေါ်တွင် ပျင်းရိ ငြီးငွေ့စွာ ထိုင်နေသည်ကို မြင်လိုက်ရပြီး၊ လူဝင်လာသည်ကို မြင်သောအခါ သူမ၏ မျက်လုံးများထဲတွင် အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
သို့သော်ငြား ရှဲ့ရှန်းဖြစ်နေသည်ကို မြင်လိုက်ရသောအခါ အလင်းတန်းက ချက်ချင်း ပျောက်ကွယ်သွားပြန်၏။
သို့ပေမည့် သူမက အကျင့်တစ်ခုလို ပြုံးပြရင်း ပြောရှာသည်။ “ရှဲ့သခင်လေး ... ရှင် လာပြီလား။”
ရှဲ့ရှန်းက ချောင်းတစ်ချက်ဟန့်ကာ “နုန့်ယွိ မိန်းကလေး ...”
“ကျွန်မကို နုန့်ယွိလို့ပဲ ခေါ်ပါ၊ လွီသခင်လေးက ရှင့်ကို ပြုစုဖို့ ကျွန်မကို လွှတ်လိုက်တာဆိုတော့ ရှင်လည်း အားနာမနေပါနဲ့။”
သူမ၏ လေသံက အေးအေးဆေးဆေး ရှိသော်လည်း၊ ရှဲ့ရှန်းအနေဖြင့် နုန့်ယွိ အနည်းငယ် စိတ်မကောင်းဖြစ်နေသည်ကို အမိဖမ်းမိလိုက်သည်။
မည်သူမဆို တစ်မွန်းလွဲလုံးလုံး ပစ်ထားခြင်းကို ခံရပါက ပျော်နိုင်မည်မဟုတ်ချေ။
“နုန့်ယွိ ... ကျုပ် အစေခံတွေကို ညစာ အချို့ ဝယ်ခိုင်းထားတယ်၊ ခင်ဗျားလည်း ဆာနေပြီမလား၊ အတူတူ စားကြမလား။”
နုန့်ယွိက ဝမ်းမြောက်ဝမ်းသာ သဘောတူပြီး ရှဲ့ရှန်းနောက်သို့ လိုက်ကာ အဓိကခန်းမသို့ ရောက်ရှိလာခဲ့သည်။
စားပွဲပေါ်တွင် ဟင်းလျာများက အတော်လေး စုံလင်လှသည်။ စားပွဲပေါ်တွင် ထမင်းများ အဆင်သင့် ခူးခတ်ထားပြီး ဖြစ်၏။
“အားနာမနေပါနဲ့၊ ကိုယ့်အိမ်ကိုယ်ရာလိုပဲ သဘောထားပါ။”
နုန့်ယွိက ရှက်ပြုံးလေး ပြုံးကာ ဆို၏။ “ရှဲ့သခင်လေးကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်မမှာ မေးခွန်းတစ်ခု ရှိလို့ပါ …. ဘာလို့ အိမ်တော်ထဲမှာ အမျိုးသားတွေချည်းပဲ ရှိနေပြီး အမျိုးသမီး အိမ်သူအိမ်သားတွေ မတွေ့ရတာလဲ။”
လာပြီလေ။
ရှဲ့ရှန်း၏ ရင်ထဲတွင် သတိပေးခေါင်းလောင်း မြည်သွားသည်။ သို့ပေမည့် ရှင်းပြလိုက်သည်။ “ဩော် ... ဒါက ဒီလိုရှိတယ်၊ ကျုပ်က ကျန်းကျန်းမြို့ကနေ လာတာ။ ဟိုင်ယွမ်မြို့ကို ပထမဆုံးအကြိမ် လာတာဖြစ်ပြီး၊ လွီသခင်လေးကို လာရောက်တွေ့ဆုံပြီးရင် အမြန်ပြန်ဖို့ စိတ်ကူးထားတာ၊ လမ်းမှာ ဓားပြတွေ အန္တရာယ်ကိုလည်း စိုးရိမ်ရသေးတယ်လေ။ ဒါကြောင့် အမျိုးသမီး အိမ်သူအိမ်သားတွေကို ခေါ်မလာခဲ့ဘဲ အိမ်စောင့်နဲ့ အစောင့်အရှောက် အချို့ကိုပဲ ခေါ်လာခဲ့တာ။ အခု နုန့်ယွိမိန်းကလေး ရောက်လာတော့မှပဲ ဒီနေရာလေးက ပိုပြီးတော့ သက်ဝင်လှပသွားတယ်။”
“ရှဲ့သခင်လေးကလည်း မြှောက်ပင့်လွန်းနေပြီ။”
ထမင်းစားဝိုင်းတွင် အခြေအနေက အလွယ်တကူပင် ပြေလျော့သွားတတ်သည်။
ရှဲ့ရှန်းက သူမနှင့် စကားစမြည်ပြောရင်း ဟိုင်ယွမ်မြို့၏ အခြေအနေကို မေးမြန်းလိုက်၏။
နုန့်ယွိကလည်း ရိုးသားစွာဖြင့် တစ်ချက်ချင်း ပြန်လည်ဖြေကြားရှာသည်။
စကားပြောရသည်မှာ အဆင်ပြေချောမွေ့နေသည်ကို မြင်သောအခါ ရှဲ့ရှန်းက ရှေ့တိုး၍ မေးမြန်းလိုက်၏။ “ကျုပ် ရိုင်းစိုင်းသွားရင် ခွင့်လွှတ်ပါ၊ ကျုပ် ကြားတာတော့ ခင်ဗျားက လွီသခင်လေးရဲ့ ... မယားငယ်ဆိုတာ အမှန်ပဲလား။”
ဟင်းခတ်နေသော နုန့်ယွိ၏ တူက ရုတ်တရက် ရပ်တန့်သွားပြီး နှုတ်ခမ်းကို ဖိကိုက်လိုက်သည်။
“အမှန်ပါပဲ။ ဒါပေမဲ့ ရှင် စိတ်ထဲ အများကြီး မထားပါနဲ့၊ လွီသခင်လေးက အမြဲတမ်း ဒီလိုပါပဲ၊ ကျွန်မလည်း ကျင့်သားရနေပါပြီ။”
ရှဲ့ရှန်းမှာ ချက်ချင်းပင် ထမင်းစားချင်စိတ် ပျောက်ကွယ်သွားတော့၏။
မိန်းမပျိုများကို လက်ဆောင်ပေးသည့် ယုတ်မာသော လုပ်ရပ်မျိုးကို သူ ကြားဖူးရုံသာ ရှိပြီး တစ်ခါမှ မမြင်ဖူးခဲ့ချေ။
သူ တောက်ယွမ်ခရိုင်တွင် နေထိုင်ခဲ့သည့် အချိန်ကြာမြင့်သွား၍လားမသိ သို့မဟုတ် ဖန်ကျန်းရီနောက်သို့ လိုက်ပါခဲ့သည်မှာ ကြာမြင့်ပြီဖြစ်၍လာမသိပေ။ ... ယခုကဲ့သို့ အခြေအနေမျိုးကို ကြုံတွေ့ရသည့်အခါ ရင်ထဲတွင် ဖော်ပြရခက်သော ရွံရှာမုန်းတီးမှုကို ခံစားလိုက်ရသည်။
ရှဲ့ရှန်းက သူ၏ စိတ်ခံစားချက်ကို အမြန်ဆုံး ပြန်လည်ထိန်းညှိကာ ဆက်လက်မေးမြန်းလိုက်၏။ “နုန့်ယွိဆိုတာ ခင်ဗျားရဲ့ နာမည်အစစ်လား။ ဒါဆို ခင်ဗျားရဲ့ မျိုးရိုးက ဘာလဲ။”
“နုန့်ယွိဆိုတဲ့ နာမည်က လွီသခင်လေး ပေးထားတာပါ၊ သူက ကျွန်မရဲ့ အသားအရေက ကျောက်စိမ်းလို ဖြူစင်တယ်လို့ ပြောတယ်လေ။ ကျမရဲ့ နာမည်ရင်းက လီတာဟွာပါ။” နုန့်ယွိက စက်ရုပ်တစ်ရုပ်လို ဟင်းကို တူနှင့် ညှပ်ရင်း မည်သည့် စိတ်ခံစားချက်မှမရှိဘဲ ပြောရှာသည်။
လီတာဟွာ ... ဒါက ...
သာမန် အရပ်သူ အရပ်သားများ ပေးလေ့ရှိသည့် နာမည်မျိုး ဖြစ်ရာ သူမသည် လွီရန်ကျဲ၏ အဓမ္မ လုယက်ခြင်းကို ခံရကာ အိမ်တော်ထဲသို့ ခေါ်ဆောင်ခြင်း ခံခဲ့ရသူ ဖြစ်ပေလိမ့်မည်။
ရှဲ့ရှန်းက နှာခေါင်းကို ပွတ်ကာ ရယ်ကျဲကျဲဖြင့်သာ ပြောလိုက်ရသည်။ “တာဟွာဆိုတဲ့ နာမည်က ကောင်းပါတယ် ဆန်းသစ်တယ်။”
နုန့်ယွိ၏ မျက်လုံးများ လင်းလက်သွား၏။ “ဩော် ... ရှင်က ကျွန်မရဲ့ နာမည်ကို ကောင်းတယ်လို့ ပထမဆုံးပြောတဲ့သူပဲ။ ဘယ်နေရာမှာ ကောင်းလို့လဲ။”
“ရိုးသားပြီး သဘာဝကျတယ်”
ချီးမွမ်းသည်ကို ကြားသောအခါ နုန့်ယွိက ထမင်း နှစ်လုတ်ခန့် ငုံ့စားလိုက်ပြီးပန်းကန်လုံးဖြင့် သူမ၏ နှုတ်ခမ်းထောင့်မှ အပြုံးလေးကို ဖုံးကွယ်ထားခဲ့သည်။
“ရှဲ့သခင်လေး ... ကျွန်မ ပင်ပန်းနေပြီ၊ ထမင်းစားပြီးရင် စောစောနားကြမလား။”
“ဩော် ... ကောင်းပါပြီ၊ ကောင်းပါပြီ။” ရှဲ့ရှန်းက မသိမသာဖြင့် ထမင်းစားသည့် နှုန်းကို မြှင့်တင်လိုက်မိသည်။
ထမင်းစားပြီးသောအခါ မိုးက လုံးဝ ချုပ်သွားခဲ့ပြီ ဖြစ်၏။
ရှဲ့ရှန်း အရင်ဆုံး ရေမိုးချိုးပြီးနောက် နုန့်ယွိက ရေချိုးရန် ထွက်သွားခဲ့သည်။
အခန်းထဲတွင် ရှဲ့ရှန်းက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများ ပြုလုပ်နေခဲ့သည်။
ထိုကဲ့သို့သော ကိစ္စရပ်များကို သူ ကြုံတွေ့ဖူးပြီးသား ဖြစ်သော်လည်း ယခုတစ်ခေါက်က အခြေအနေချင်း မတူချေ။ ပတ်ဝန်းကျင်ချင်း မတူညီပေ။
သူလည်း ပထမဆုံးအကြိမ် ဤကဲ့သို့ ကြုံဖူးခြင်း ဖြစ်၏။
အကယ်၍ မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်ဘဲ စကားအမှားအယွင်း ဖြစ်လျှင် မည်သို့လုပ်မည်နည်း။
အခန်းတွင်း ပျော်ရွှင်မှုတွေက လွီရန်ကျဲရဲ့ နားထဲကို ပြန်ရောက်သွားရင်ကော ... ထိုသို့ဆိုလျှင် ရွံစရာကောင်းလွန်းလှသည်။
ထားလိုက်ပါတော့။ ဘာပဲဖြစ်ဖြစ် ပြည်သူလူထုတွေအတွက်ပဲလေ။
ဒီအိပ်ရာကို ငါ အိပ်လိုက်တော့မယ်။
မဟုတ် ... မဟုတ်သေးပါဘူး၊ ဒီအမျိုးသမီးက အတင်းအဓမ္မ စေခိုင်းခံရတာလေ၊ ဒါက လူကြီးလူကောင်းတစ်ယောက်ရဲ့ ကျင့်ဝတ်နဲ့ ကိုက်ညီမှု မရှိဘူး။
ဒါပေမဲ့ သူက ငါ့ကို သဘောကျနေရင်ကော ... ထမင်းစားတုန်းကလည်း ငါ့ကို ပြုံးပြသေးတယ်။
ရှဲ့ရှန်းက စိတ်ထဲတွင် အတွေးပေါင်းစုံဖြင့် အခန်းထဲတွင် ဟိုဟိုဒီဒီ လျှောက်လှမ်းနေမိသည်။
နုန့်ယွိ အခန်းထဲ ဝင်လာတော့မှပဲ ခြေလှမ်းများကို ရပ်တန့်လိုက်၏။
ထိုအချိန်တွင် နုန့်ယွိမှာ အဖြူရောင် ပါးလွှာသော ပိုးဝတ်ရုံကို ဝတ်ဆင်ထားပြီး ဖိနပ်ကို ချွတ်ကာ သဘာဝကျကျပင် ကုတင်ဘေးတွင် စောင်းလျက် လဲလျောင်းနေခဲ့သည်။
သူမက အရည်လဲ့နေသော မျက်ဝန်းများဖြင့် ရှဲ့ရှန်းကို စိုက်ကြည့်နေပြီး စကားမပြောချေ။
ရှဲ့ရှန်းက တံတွေး မြိုချကာ မေးလိုက်၏။ “မိန်းကလေး ... ကျုပ်နဲ့အတူ ကုတင်တစ်ခုတည်းမှာ အတူအိပ်စက်ဖို့ လိုလား,လား။”
“ဟွန်း ... လူအလေး … ဘာကို စောင့်နေတာလဲ။”
“စောင့် ... စောင့်ပါအုံး၊ ကျုပ် လက်ဖက်ရည်တစ်အိုး အရင် ဖျော်လိုက်အုံးမယ်။”
ရှဲ့ရှန်းက အသက်ကို ပြင်းပြင်းရှူလိုက်သည်။
သောက်ကျိုးနည်း ... ဒီအဆင့်အထိ ရောက်နေမှတော့ စကားအများကြီး ပြောနေစရာမလိုတော့ဘူး။
သူမကို သိမ်းပိုက်လိုက်ရုံပဲ။
လေပြည်ညင်းဆောင်၏ အထူးထုတ် လက်ဖက်ရည် တစ်အိုးလုံးကို ဗြုန်းဗြုန်းနှင့် သောက်ချလိုက်ပြီးနောက် ...
ရှဲ့ရှန်းက လှည့်ကြည့်ပြီး တည်ကြည်စွာ ပြောလိုက်သည်။ “ဒါဆိုရင်တော့ ကျုပ် ရိုင်းစိုင်းမိတော့မယ်”
တစ်ညတာ နွေဦးကာလ အလှတရားများ ...
ဆင်ဆာ … ဆင်ဆာ..။
……
မြို့တော်။
မကြာသေးမီက တစ်လကျော်အတောအတွင်း ဖန်ကျန်းရီမှာ အလွန်ပင် စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိနေခဲ့သည်။
အရာအားလုံးက လမ်းကြောင်းမှန်ပေါ်တွင် ရှိနေပြီး မည်သည့် ထူးခြားသော ကိစ္စရပ်မှ ဖြစ်မလာခဲ့ချေ။
အချိန်မှန် အလုပ်တက်၊ အလုပ်ဆင်းလုပ်ရင်း မင်းသမီးမြောင်ဟန်၏ လက်ကလေးကို ဆွဲကာ အနမ်းလေးများ ပေးလိုက်...
အိမ်ရှေ့စံနှင့်အတူ လုပ်ငန်းအမျိုးမျိုးဆီသို့ လျှောက်လည်လိုက်နှင့် ဇိမ်ကျနေ၏။
ဝူမင်းသားကလည်း သူ့ကို ထမင်း အကြိမ်ကြိမ် ဖိတ်ကျွေးခဲ့သေးသည်။
ပြဿနာကတော့ ... သူ ဝူမင်းသားအိမ်တော်ဆီ လွှတ်လိုက်သော သူလျှိုကို ရှာမတွေ့တော့ခြင်းပင်။
ထိုစဉ်က ဝူမင်းသားက သူ့အကြောင်းကို စုံစမ်းရန် လူလွှတ်ခဲ့သဖြင့် သူကလည်း ဝူမင်းသား အိမ်တော်ထဲသို့ သူလျှိုနှစ်ယောက်ကို စေလွှတ်ခဲ့သည်။
၎င်းတို့ထဲမှ တစ်ယောက်မှာ ဖမ်းဆီးခြင်း ခံခဲ့ရပြီး အခြားတစ်ယောက်မှာတော့ အိမ်တော်ထဲတွင် ရှာဖွေသော်လည်း သဲလွန်စပင် မတွေ့ရတော့ချေ။ ထိုသူ မည်သည့်နေရာတွင် သေသွားသနည်း မသိရပေ။
ထို့ကြောင့် ဖန်ကျန်းရီမှာ အတော်လေး စိတ်ပူပန်နေခဲ့ရသည်။
သို့သော်လည်း ဘာမှမတတ်နိုင်ချေ၊ ဘာပဲဖြစ်ဖြစ် မင်းသားအိမ်တော်ကို အတင်းအဓမ္မ ဝင်ရောက်ပြီး လူရှာ၍ မရနိုင်သည်မို့ ... သူ့ဘာသာသူ တစ်နေ့နေ့တွင် ပြန်လည်ထွက်ပြေးလာမည့် အချိန်ကိုသာ စောင့်ဆိုင်းရတော့မည်။
ဤနေ့တွင် ... အလုပ်ဆင်းပြီး အိမ်ပြန်ရောက်လာသည်။ အနားယူရန် လဲလျောင်းနေသည့် အချိန်တွင် ရှောင်ထောင်က စာတစ်စောင်ကို ကိုင်ဆောင်ကာ ရောက်ရှိလာခဲ့သည်။
ငိုက်မြည်းလုနီးပါး ဖြစ်နေသော ဖန်ကျန်းရီကို ကြည့်ရင်း၊ ရှောင်ထောင်က အလျင်အမြန်ပင် သူ့ကို လှုပ်နှိုးလိုက်၏။
သူမက ကျယ်လောင်စွာ ပြောလိုက်သည်။ “သခင်လေး ... အရေးကြီးတဲ့ ကိစ္စရှိလို့၊ ရှဲ့ရှန်းဆီက စာရောက်လာတယ်”
ဖန်ကျန်းရီက လန့်နိုးသွား၏။ “အင်း ... ငါ့ကို ပေးစမ်း။”
စာစောင်ကို လှမ်းယူကာ ကြည့်ရှုစစ်ဆေးပြီးနောက် ဖန်ကျန်းရီ၏ မျက်နှာအမူအရာက လွန်စွာ တည်ကြည်လေးနက်သွားခဲ့သည်။
“ငါ့ရဲ့ ချွမ်းချူးစာအုပ် ယူလာခဲ့စမ်း”
အပိုင်း (၄၂၁) မင်းသမီး၏ အခန်းထဲသို့ ခိုးဝင်ခြင်း။
စာအုပ်ကို လျှို့ဝှက်ကုဒ်ဖော်သည့် သော့ချက်အဖြစ် အသုံးပြုခြင်း၏ အားသာချက်မှာ ရိုးရှင်းပြီး အဆင်ပြေခြင်းပင်
အားနည်းချက်ကတော့ အချက်အလက် ပမာဏကို များစွာ လျှော့ချပစ်ခြင်း ဖြစ်၏။
ရှဲ့ရှန်း ရေးသားလိုက်သောစာမှာ အရှည်ကြီး ဖြစ်မလာနိုင်ချေ၊ အရှည်ကြီး ဖြစ်နေပါက ပြင်ပလူများ သံသယဝင်နိုင်သည်။ ထို့ကြောင့် တိုတိုတုတ်တုတ်ဖြင့် အဓိကအချက်ကိုသာ တိုက်ရိုက်ပြောရခြင်း ဖြစ်သည်။
ဖန်ကျန်းရီက စာမျက်နှာတစ်ခုချင်း စာကြောင်းတစ်ခုချင်းစီကို တိုက်ဆိုင်စစ်ဆေးရင်း အချိန်အတော်ကြာ အားစိုက်ထုတ်ပြီးနောက်တွင်မှ စာထဲတွင် ဝှက်ထားသော တိုတောင်းလှသည့် စာပိုဒ်နှစ်ခုကို ဖော်ထုတ်နိုင်ခဲ့၏။
ရှောင်ထောင်က ခေါင်းကိုစောင်းကာ စာစောင်ကို စူးစမ်းလိုစိတ်အပြည့်ဖြင့် ကြည့်ရင်း မေးလိုက်သည်။ “သခင်လေး ... အဲဒီပေါ်မှာ ဘာတွေရေးထားလို့လဲ၊ သခင်လေးရဲ့ မျက်နှာက ဘာလို့ နီမြန်းနေရတာလဲ။”
ဖန်ကျန်းရီက မျက်လုံးလှန်ကြည့်လိုက်၏။ “ဘာမျက်နှာ နီမြန်းတာလဲ၊ ဒါက လျှို့ဝှက်စာစောင်ကွ။ ကြည့်ရတာ ရှဲ့ရှန်းတို့ဘက်မှာ အခက်အခဲနဲ့ ကြုံနေရပြီး အခြေအနေကို မထိန်းချုပ်နိုင်တော့ပုံပဲ။ ငါကိုယ်တိုင် အဲနေရာကို သွားမှ ဖြစ်တော့မယ်”
ဖန်ကျန်းရီ သက်ပြင်းတစ်ချက်ချလိုက်သည်။
ရှောင်ထောင်က အံ့ဩတကြီးဖြင့် မေးရှာ၏။ “ထပ်ပြီး အပြင်ထွက်အုံးမလို့လား။ ဘယ်နေရာကို သွားမှာလဲ။ ကျွန်မကိုကော ခေါ်သွားမှာလား။”
“ဒီတစ်ခေါက်က နည်းနည်းဝေးတယ်၊ ပြန်လာဖို့ အနည်းဆုံး အချိန် ခြောက်လလောက် ကြာလိမ့်မယ်၊ မင်း အိမ်ကို သေသေချာချာ စောင့်ရှောက်ထားလိုက်။”
ဖန်ကျန်းရီ၏ မျက်ခုံးနှစ်ဖက်က ကုပ်ဝင်သွားခဲ့သည်။
ရှဲ့ရှန်းက ဆားကုန်သည်များနှင့် အဆက်အသွယ် ရရှိနေပြီ ဖြစ်၏။
မျက်နှာပြင်ပေါ်ရှိ စာစောင်ကတော့ မိသားစုဝင်များကို ဟိုင်ယွမ်မြို့သို့ ပြောင်းရွှေ့နေထိုင်ရန် အကြောင်းကြားစာ ဖြစ်သော်လည်း အဓိပ္ပာယ်မှာ မိသားစုဝင်များကို ဓားစာခံအဖြစ် အသုံးပြုရန် တောင်းဆိုခြင်း ဖြစ်သည်။
လွီမိသားစု၏ ဒေသတွင်း သြဇာအာဏာမှာ အတားအဆီးမရှိ ကြီးမားလှသည်။ အကယ်၍ အမှားအယွင်းတစ်ခုခု ဖြစ်ပွားခဲ့ပါက ခေါ်သွားသော လူအင်အားနှင့် လုံလောက်မည်မဟုတ်ချေ။
ထို့အပြင် သူ၏ တံဆိပ်တုံးကို ယူဆောင်သွားလျှင်တောင်မှ ထိုနေရာက လူများကို ဖိနှိပ်နိုင်မည်ဟု မသေချာချေ၊ တစ်ဖက်လူ ယုံကြည်ပါ့မည်လားဆိုသည်ကို မသိနိုင်သေးချေ။
ရှဲ့ရှန်းတို့မှာလည်း တရားဝင် ရာထူးအဆင့်အတန်း မရှိကြသဖြင့် အသတ်ခံရလျှင်တောင် အံ့သြစရာ မရှိချေ။ ခေတ်မီ ကင်မရာ ဖုန်းများလည်း မရှိသဖြင့် ပျောက်ကွယ်သွားပါက စုံစမ်းရန်ပင် နေရာမရှိချေ ...
ချက်ချင်း သွားရောက်မှ ဖြစ်မည်၊ မဟုတ်ပါက ပြဿနာတစ်ခုခု တက်လျှင် တကယ့်ကို ဆိုးရွားသွားပေလိမ့်မည်။
ဖန်ကျန်းရီ သူမကို ခေါ်မသွားချင်သည်ကို သိလိုက်ရသောအခါ ရှောင်ထောင်က စိတ်ပျက်လက်ပျက်ဖြင့် ဘေးတွင် ရပ်နေခဲ့သည်။
ဖန်ကျန်းရီက သူမကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။ “လိမ္မာစမ်းပါ .. ဒါက ကောင်းတဲ့ကိစ္စ မဟုတ်ဘူး၊ ပင်ပန်းဆင်းရဲရမယ့်အလုပ်ဆီ မင်း ဘာလို့ လိုက်ချင်နေရတာလဲ။ ငါ နန်းတော်ထဲကို အရင်သွားလိုက်အုံးမယ် … သွားပြီ။”
……
နန်းတော်အတွင်း။
ကျင်းဘုရင် က စာစောင်ကို သုံးကြိမ်တိုင်တိုင် သေသေချာချာ ဖတ်ရှုပြီးနောက် မျက်နှာအမူအရာက အနည်းငယ် မည်းမှောင်သွားခဲ့သည်။
သူက ခေါင်းကိုမော့ကာ ပြောလိုက်၏။ “လွီမိသားစုက တကယ့်ကို သတ္တိကောင်းလွန်းတာပဲ။ ကိုယ်တော် အရင်နှစ်တွေက ဆားကုန်သည်တွေကို အရမ်း မျက်နှာသာပေးခဲ့မိတာပဲ၊ သူတို့က တိုင်းပြည်အပေါ် ကောင်းမှုကုသိုလ် ပြုခဲ့ဖူးတာကို ထောက်ထားလို့သာပေါ့၊ မဟုတ်ရင် ကိုယ်တော် ချက်ချင်း စစ်သည်တွေလွှတ်ပြီး သူတို့ကို အမြစ်ပြတ် သုတ်သင်ပစ်လိုက်ပြီ။ အမတ်ဖန် ... ဒီကိစ္စကို မင်း ဘယ်လိုမြင်လဲ။”
“ကျွန်တော်မျိုး ... ထင်တာကတော့ လွီမိသားစုကို ဇွတ်မှိတ်ပြီး ချက်ချင်း မချေမှုန်းသင့်သေးပါဘူး အရှင်မင်းကြီး အရင်က ဆားကုန်သည်များနှင့် ပတ်သက်ပြီး ကျွန်တော်မျိုး အချို့ကို စုံစမ်းစစ်ဆေးဖူးပါတယ်။
အရှင်မင်းကြီး ချန်တိုင်းပြည်ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက်မှာ၊ ပြည်သူလူထုတွေက ပျက်စီးဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီး ဆားလုပ်ငန်းကလည်း ထို့အတူပါပဲ၊ အဲဒီတုန်းက ချန်တိုင်းပြည်ရဲ့ ဒေသအသီးသီးမှာ ရုံးတော်က ဆားဂိုဒေါင်တွေကို တည်ဆောက်ခဲ့ပေမဲ့ အရာရှိဟောင်းတွေ ဖယ်ရှားခံရပြီး လူအင်အား မလုံလောက်တာကြောင့် ဆားဂိုဒေါင်တွေကို ဆားကုန်သည်တွေကပဲ ကိုယ်စား စီမံခန့်ခွဲခဲ့ကြရတာပါ။
ကျွန်တော်မျိုး ထင်တာကတော့ လွီမိသားစုက ဒီလိုပြုလုပ်ရဲတယ်ဆိုရင် ကျိန်းသေပေါက် နောက်ကွယ်မှာ အကွက်ချန်ထားပါလိမ့်မယ်။ ဆားဂိုဒေါင်တွေထဲမှာ ဆားအစစ်အမှန် လုံးဝမရှိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ တကယ်လို့ လွီမိသားစုကို ချက်ချင်း အကုန်အစင် သုတ်သင်ပစ်လိုက်ရင် သူတို့နဲ့ သက်ဆိုင်တဲ့ နယ်မြေတွေမှာ ဆား ပြတ်လပ်မှုတွေ ဖြစ်ပေါ်လာပြီး ပြည်သူတွေ ဒုက္ခရောက်ကုန်ပါလိမ့်မယ်။
ထုတ်လုပ်မှုကို ပြန်လည်စတင်ဖို့ကလည်း ချက်ချင်း လက်ငင်း လုပ်ဆောင်လို့ ရနိုင်တဲ့အရာ မဟုတ်ပါဘူး။ ဒါ့အပြင် ရုံးတော်က အမတ်မင်းတွေကလည်း ကန့်ကွက်မှုတွေ အများကြီး ရှိလာနိုင်ပါတယ် ... အဲဒီအချိန်ကျရင် အရှင်မင်းကြီး ခေါင်းကိုက်ရပါလိမ့်မယ်၊ ဒါကြောင့် အရှင်မင်းကြီး သေသေချာချာ စဉ်းစားပေးစေချင်ပါတယ်။”
ကျင်းဘုရင်က လက်ခုပ်တီးကာ ရယ်မောလိုက်သည်။ “ကောင်းတယ်၊ ကိုယ်တော်လည်း ဒီလိုပဲ စဉ်းစားထားတာ၊ ဇွတ်အတင်း လှုပ်ရှားလိုက်ရင် အောက်က လူစုက ကိုယ်တော့်ကို အေးအေးဆေးဆေး နေခွင့်ပေးမှာမဟုတ်ဘူး။ တကယ်လို့ တခြားအမတ်တွေကလည်း မင်းလိုပဲ ကိုယ်တော့်အတွက် အစစအရာရာ စဉ်းစားပေးမယ်ဆိုရင် ကိုယ်တော် ဒီလောက် ပင်ပန်းနေစရာမလိုတော့ဘူး။”
ဒါကတော့ အရှင်မင်းကြီးမှာ သမီးချောလေးတစ်ယောက် ရှိလို့ပေါ့ ... ဖန်ကျန်းရီက စိတ်ထဲတွင် တိတ်တဆိတ် ရယ်မောလိုက်၏။
“မင်း ဟိုင်ယွမ်မြို့ကို ဘယ်အချိန် ထွက်ခွာဖို့ ဆုံးဖြတ်ထားလဲ။”
ဟိုင်ယွမ်မြို့အကြောင်းကို ပြောသည့်အခါ ဖန်ကျန်းရီ၏ မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှုများ ရှိလာခဲ့သည်၊။
စေလွှတ်လိုက်သော လူများမှာ ခရိုင်ထဲက အရည်အချင်းရှိသူများ ဖြစ်ကြသည်။ တစ်ယောက်ယောက် ပြဿနာတက်သွားလျှင်တောင် သူ နှမြောမိမှာ အမှန်ပင်။ စာကလည်း လွန်ခဲ့တဲ့ တစ်လက စာဖြစ်နေပြီမို့ ယခု ဘယ်အခြေအနေ ရောက်နေပြီလဲ မသိရသေးချေ။
“ကျွန်တော်မျိုး အမြန်ဆုံး ထွက်ခွာဖို့ ပြင်ဆင်ပါ့မယ်၊ ခရိုင်ထဲကို အရင်ပြန်ပြီး တစ်ချို့ကို ပြင်ဆင်ပြီးတာနဲ့ ဒီနှစ်ရက်အတွင်းမှာပဲ ထွက်ခွာပါ့မယ် အရှင်မင်းကြီး။”
“ကောင်းပြီ၊ ကိုယ်တော် မင်းကို နယ်လှည့်မင်းကြီး ရာထူး ခန့်အပ်လိုက်မယ်၊ ဒေသန္တရကို ရောက်ရင် အခြေအနေ အရ ကြည့်ကျပ်လုပ်ဆောင်ပါ၊ သတ်သင့်တဲ့လူရှိရင် သတ်ပစ်လိုက်”
ပြောရင်းနှင့် ကျင်းဘုရင်၏ မျက်လုံးထဲတွင် ရက်စက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားခဲ့သည်။
“မထွက်ခွာခင် အိမ်ရှေ့စံကို သွားတွေ့လိုက်အုံး။ နောက်ကျမှ မင်းနောက် လိုက်မယ်လို့ အော်ဟစ်မနေအောင်လို့၊ ကိုယ်တော် ဒုတိယအကြိမ် ဒီလို အဖြစ်မခံချင်တော့ဘူး။ ပြီးတော့ အရှေ့ဘက် ဆင်ခြေဖုံးက မြေကွက်ကို ကိုယ်တော် မင်းကို လွှဲပြောင်းပေးထားတာ ကြာပြီမလား။ စိုက်ပျိုးရေး ဖန်လုံအိမ် တည်ဆောက်မှုကော ဘယ်လိုလဲ … စတင် လုပ်ဆောင်နေပြီမလား။”
ဖန်လုံအိမ်အကြောင်းကို ပြောလိုက်သောအခါ ဖန်ကျန်းရီ၏ မျက်နှာက ရုတ်တရက် အနေရခက်သွားခဲ့သည်။
စတင်လုပ်ဆောင်နေပြီ ဟုတ်လား။ ဘာကို စတင်ရမည်နည်း၊။သူ ဤရက်ပိုင်းအတွင်း ပျော်ပါးနေခဲ့တာကြောင့် ဤကိစ္စကို မေ့လျော့နေခဲ့၏။
ထို့အပြင် ခရိုင်ထဲက ဖန်ချက်လုပ်ငန်းတစ်ခုတည်းနှင့် မလုံလောက်နိုင်ချေ၊ အရှေ့ဘက် ဆင်ခြေဖုံးတွင် အနီးစပ်ဆုံး ဖန်ချက်လုပ်ငန်းအသစ်တစ်ခုကို တည်ဆောက်ရန် လိုအပ်သေးသည်။
လမ်းတွေကိုလည်း ပြန်ပြင်ရဦးမည်ဖြစ်ရာ အလွန် ရှုပ်ထွေးလှသဖြင့် နောင်နှစ်မှသာ လုပ်ဆောင်ရန် စဉ်းစားထားခဲ့ခြင်း ဖြစ်၏။
အရှင်မင်းကြီး ဤမျှလောက်အထိ စိတ်လောနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။
“အဲ ... စတင် လုပ်ဆောင်နေပါပြီ အရှင်မင်းကြီး။ အရှင်မင်းကြီး မှာကြားထားတဲ့ ကိစ္စဖြစ်တာကြောင့် ကျွန်တော်မျိုး တောက်ယွမ်ခရိုင်မှာလို စည်းကမ်းမရှိ လုပ်လို့မရပါဘူး၊ ဒါကို သေသေချာချာ စီမံကိန်း ချရပါလိမ့်မယ်။ အလုပ်တစ်ခုက ဖြည်းဖြည်းချင်း လုပ်မှ လက်ရာမြောက်တာပါ၊ ဒါကို လက်မှုပညာရှင် စိတ်ဓာတ်လို့ ခေါ်ပါတယ်။”
လက်မှုပညာရှင် စိတ်ဓာတ် ဟုတ်လား။
ကျင်းဘုရင်က ခဏမျှ စဉ်းစားကြည့်သော်လည်း ကောင်းမွန်သော စကားလုံးတစ်လုံးဟု မခံစားရချေ။
သို့ပေမည့် ဖန်ကျန်းရီ၏ ပါးစပ်ထဲမှ တစ်ခါတစ်ရံတွင် သူတစ်ပါး နားမလည်သော စကားလုံးများ ထွက်လာတတ်သည်ကို သူ ကျင့်သားရနေပြီ ဖြစ်သည်။
သူ့ မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်လာခဲ့၏။ “မင်းကတော့ အမြဲတမ်း ကိုယ်တော့်ကို စကားလုံး အသစ်တွေ ပြောနေတာပဲ။ ဒီတစ်ခေါက် သွားရမှာက ခရီးလမ်း ဝေးကွာလှတာမို့ သေသေချာချာ ဂရုစိုက်ပါ။ တကယ်လို့ ကိစ္စကို မဖြေရှင်းနိုင်ရင် ဇွတ်အတင်း မလုပ်ပါနဲ့၊ စောစောပဲ ပြန်လာခဲ့ပါ။”
ပြောပြီးနောက် အရှင်မင်းကြီး၏ အမူအရာက ပြန်လည်တည်ကြည်သွားပြန်သည်။
“အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။” ဖန်ကျန်းရီ၏ ရင်ထဲတွင် ပျော်ရွှင်သွားခဲ့၏။
ယောက္ခမကြီးက တကယ့်ကို ကောင်းတာပဲ။ ငါ သူ့သမီးကို မယူရသေးဘူး၊ ငါ့ကို ဂရုစိုက်တတ်နေပြီ၊ တကယ့်ကို မဆိုးဘူးပဲ။
ဘုရင်မင်းမြတ်ကို နှုတ်ဆက်ပြီးနောက် ပထမဆုံး သွားရမည့်နေရာမှာ ကျိန်းသေပေါက် မင်လွမ်နန်းဆောင်ပင် ဖြစ်၏။
အိမ်ရှေ့စံကို ရှာဖို့ ဟုတ်လား။ မဖြစ်နိုင်ချေ။ မင်းသမီးမြောင်ဟန်ကို အရင်တွေ့ပြီးမှ အိမ်ရှေ့စံဆီ သွားရမည်။
ဖန်ကျန်းရီက ကျွမ်းကျင်စွာဖြင့် မင်လွမ်နန်းဆောင်ထဲသို့ ခိုးဝင်လာခဲ့သည်။
သူ မကြာခဏ လာတတ်သော်လည်း တရားဝင် နာမည်မရှိသေးသဖြင့် အနည်းငယ် ခိုးကြောင်ခိုးဝှက် ဖြစ်နေရဆဲပင်။
ဤအခြေအနေကို နန်းတွင်းအစေခံ မိန်းကလေးများက ကျင့်သားရနေပြီဖြစ်သည့်အပြင် ဖန်ကျန်းရီ လာမည့်အချိန်ကိုပင် မျှော်လင့်နေကြသေးသည်။ ဘာပဲဖြစ်ဖြစ် သူ လာသည့်အကြိမ်တိုင်းတွင် ဆုငွေအချို့ ပေးလေ့ရှိသောကြောင့်ပင်။
အနာဂတ် သမက်တော်လောင်းက ဒီလောက် ရက်ရောနေမှတော့ ဘာအပြစ်ပြောစရာ ရှိဦးမည်နည်း။
နန်းတွင်းအစေခံမိန်းကလေး၏ လမ်းညွှန်မှုအရ ဖန်ကျန်းရီက ဒုတိယထပ်ရှိ အခန်းလေးဆီသို့ တိုက်ရိုက် တက်လှမ်းလာခဲ့သည်။
ပထမဆုံး တံခါးအက်ကြောင်းမှတစ်ဆင့် တိတ်တဆိတ် လှမ်းကြည့်လိုက်ရာ မင်းသမီးမြောင်ဟန်က ပြတင်းပေါက်ကို မှီလျက် လက်ထဲတွင် စက်ရုံ၏ စာရင်းစာအုပ်ကဲ့သို့သော စာရွက်စာတမ်းများကို လှန်လှော ကြည့်ရှုနေသည်ကို မြင်လိုက်ရ၏။
မမှားနိုင်ပါချေ၊ ဒါက ပန်းရှန်းရပ်ကွက် အထည်ချုပ်စက်ရုံရဲ့ စာရင်းစာအုပ် ဖြစ်ရမည်။
နူးညံ့သော နေရောင်ခြည်က သူမ၏ လှပလွန်းလှသော ဘေးတိုက်မျက်နှာပြင်ပေါ်သို့ ကျရောက်နေပြီး နှင်းဆီရောင် ပါးပြင်နှင့် သွယ်လျသော ခါးလေးမှာ နေရောင်အောက်က သော်ကပန်းလေးလို ဆွဲဆောင်မှု ရှိလွန်းလှသည်။
ဖန်ကျန်းရီက ပြုံးလိုက်မိသည်။
ဒီဘဝ ရောက်လာတာ တကယ့်ကို တန်တယ်၊ ဒီလို ဇနီးချောလေးမျိုးကို ... အရင်ဘဝမှာ ရှာရင် ရှာရခက်လိမ့်မယ်။
သူ၏ အဝတ်အစားများကို ရိုးရှင်းစွာ ပြင်ဆင်ပြီးနောက် ဖန်ကျန်းရီက တံခါးကို တွန်းဖွင့်ကာ ဝင်ရောက်သွားခဲ့သည်။
သူက လှည့်၍ တံခါးကို ဂျက်ထိုးလိုက်ပြီးနောက် မင်းသမီးမြောင်ဟန်ဆီသို့ အားရပါးရ လျှောက်လှမ်း သွားတော့၏။
သူမက အလွန်အမင်း အာရုံစိုက်ဖတ်နေခဲ့သဖြင့် အခန်းထဲသို့ လူဝင်လာသည်ကိုပင် သတိမပြုမိချေ။
ကြီးမားသော လက်တစ်စုံက သူမ၏ ခါးလေးကို သိုင်းဖက်ကာ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်တော့မှပဲ ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်ရှာသည်။ “ယား….”
ဖန်ကျန်းရီဖြစ်နေသည်ကို မြင်လိုက်ရမှ ချက်ချင်းပင် စိတ်အေးသွားကာ ခေါင်းလေးကို သူ့ရင်ခွင်ထဲသို့ အသာအယာ မှီတွဲရင်း တိုးတိုးလေး မေးရှာ၏။ “ရှင် ဘာလို့ လာတာလဲ။”
“လွမ်းလို့ပေါ့။ ဒါနဲ့ ဘာလို့ ယား ... လို့ အော်တာလဲ၊ ချွဲချွဲနွဲ့နွဲ့ အသံလေး ပြုရမှာ မဟုတ်ဘူးလား။” ဖန်ကျန်းရီက မေးလိုက်သည်။
“ဘာချွဲချွဲနွဲ့နွဲ့ အသံလဲ။” မင်းသမီးမြောင်ဟန်က ဇဝေဇဝါဖြင့် မေး၏။
“မိန်းမတွေ အဲလိုပဲ အော်ကြတာ မဟုတ်ဘူးလား၊ တစ်ချက်လောက် အော်ပြပါလား။”
“အင်း ... တကယ့်ကို ထူးဆန်းတာပဲ။ ရှင် ဘယ်သူ့ဆီက ကြားလာတာလဲ။”
“ချွမ်းချူးစာအုပ်ထဲမှာ အဲလို ရေးထားတာလေ။”
မင်းသမီးမြောင်ဟန်၏ မျက်နှာလေးက အနည်းငယ် နီမြန်းသွားကာ သူ့ကို အသာအယာ တွန်းထုတ်လိုက်သည်။ “မနောက်နဲ့တော့၊ အထည်ချုပ်စက်ရုံဘက်က ပို့လာတဲ့ စာရင်းစာအုပ်နဲ့ အစီရင်ခံစာတွေကို ကျွန်မ မဖတ်ရသေးဘူး၊ ကျွန်မ ဖတ်ပြီးမှ စကားပြောကြရအောင်နော်။”
တကယ့်ကို လုပ်ငန်းအပေါ် စိတ်ထက်သန်တာပဲ။
“မင်းသမီးက စာဖတ်၊ ကျုပ်က ကျုပ်မိန်းမ ကိုဖက်မယ်၊ အလုပ်မရှုပ်ပါဘူး။” ဖန်ကျန်းရီက အရှက်မရှိသော မျက်နှာအထူကြီးဖြင့် ပြောလိုက်၏။
မင်းသမီးမြောင်ဟန်က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကိုယမ်းကာ စာအုပ်ကို ဆက်လက် ကိုင်ဆောင်ထားသည်။ “ကျွန်မ ထင်တာကတော့ အထည်ချုပ်စက်ရုံမှာ အခု ပြဿနာကြီးကြီးမားမား ရှိနေပုံပဲ။ အမျိုးသမီး အလုပ်သမားအချို့က အလုပ်လုပ်ရင်း သတိမထားမိဘဲ ဆံပင်တွေက ရက်ကန်းစင်ထဲ ညှပ်မိပြီး ဒဏ်ရာရ ကုန်ကြတယ်။
ပြီးတော့ မကြာသေးမီက အမျိုးသမီး အလုပ်သမား အတော်များများက အလုပ်လုပ်ရင်း ပင်ပန်းလွန်းလို့ မူးလဲကုန်ကြတယ်၊ ရှင်ကြည့်အုံး … ဒီမှာ ချန်ရှောင်မန်ဆိုတဲ့ မိန်းကလေးက မနေ့ကတင် ဆေးခန်းကို ပို့လိုက်ရတယ်။
ဒီလအတွက် ဘာအဆင့်မြင့် စံပြအလုပ်သမားဆုကို လုနေကြလို့လဲ မသိဘူး၊ သုံးရက်ဆက်တိုက် အိပ်ရေးပျက်အောင် အချိန်ပို ဆင်းထားကြတာ။ ကျွန်မ ထင်တာကတော့ သူတို့ရဲ့ ဆံပင်တွေကို သေသေချာချာ စည်းနှောင်ခိုင်းသင့်ပြီး၊ အမျိုးသမီး အလုပ်သမားတွေကို ပိုပြီး ခေါ်ယူသင့်တယ်၊ ဒါမှမဟုတ် သူတို့ရဲ့ အလုပ်ချိန်ကို သတ်မှတ်ပေးသင့်တယ်၊ အခုလို ဆက်သွားနေရင်တော့ နည်းလမ်းမဟုတ်တော့ဘူး။”
ဖန်ကျန်းရီက စာအုပ်ကို လှမ်းယူကာ တစ်ချက်ကြည့်လိုက်သည်။ “ချန်ရှောင်မန် ... သိပြီ၊ မနက်ဖြန်ကျရင် သတင်းစာတိုက်ကို လွှတ်ပြီး သူမကို သတင်းစာပေါ်မှာ ချီးမွမ်းဂုဏ်ပြုခိုင်းလိုက်မယ်။”
မင်းသမီးမြောင်ဟန်က စိတ်တိုစွာဖြင့် သူမ၏ လက်သီးလေးဖြင့် သူ့ရင်ဘတ်ကို တစ်ချက် ထုလိုက်၏။ “ရှင်က တကယ့်ကို လူဆိုးပဲ”
ဖန်ကျန်းရီက တဟားဟား ရယ်မောကာ သူမ၏ လက်သီးလေးကို ဖမ်းဆွဲလိုက်သည်။ “ကျုပ်က ဘာလို့ လူဆိုးဖြစ်ရမှာလဲ။ ကျုပ်က စံပြဖြစ်အောင် လုပ်ပြနေတာလေ။ ကျုပ်တို့နှစ်ယောက် လက်ထပ်ပြီးရင် ကျုပ်လည်း သုံးရက်ဆက်တိုက် အချိန်ပိုဆင်းမယ်”
“……”
အပိုင်း (၄၂၂) တစ်စုံတစ်ခုက ငါ့ကို ထောက်နေတယ်။
မင်းသမီးမြောင်ဟန်က ဖန်ကျန်းရီ ဘာကို ဆိုလိုသည်ကို ချက်ချင်း သဘောမပေါက်ရှာချေ။
သူမက ဖြူစင်ဝိုင်းစက်သော မျက်ဝန်းများဖြင့် ဖန်ကျန်းရီကို ဇဝေဇဝါ စိုက်ကြည့်နေမိသည်။
မင်းသမီးလေး၏ ဖြူစင် အပြစ်ကင်းစင်သော မျက်ဝန်းများနှင့် ဆုံတွေ့လိုက်ရသောအခါ ဖန်ကျန်းရီ၏ ရင်ထဲတွင် ရှက်စိတ်များ ဝင်လာခဲ့သည်။ ရင်ထဲတွင် ဖြူစင်သော မိန်းကလေးငယ်ကို လှည့်စားမိသလို ရှက်ရွံ့မှုကို ခံစားလိုက်ရ၏။
“နှစ်ရက်ပဲ ထားပါတော့ ... သုံးရက်ဆိုရင်တော့ ခွန်အား သိပ်မလောက်မှာ စိုးလို့။”
“…….”
“ရှင် တကယ်ပဲ ဘာတွေ လျှောက်ပြောနေတာလဲ၊ ဘာအချိန်ပို ဆင်းမှာလဲ။ အင်း ... ဒါက ဘာကြီးလဲ ...”
ဖန်ကျန်းရီက သူ၏ ခါးအနောက်ဘက်သို့ ရောက်ရှိနေသော မင်းသမီးလေး ၏ လက်ကလေးကို အလျင်အမြန် ဖမ်းဆွဲပြီး ရင်ထဲတွင် တုန်လှုပ်သွားခဲ့သည်။
“ကျောက်စိမ်းပြား ... ကျောက်စိမ်းပြားပါ။ မင်းသမီးလေး ... အထည်ချုပ်စက်ရုံရဲ့ ကိစ္စကို မင်းသမီးပဲ စီစဉ်လိုက်ပါ၊ မဆင်ပြေဘူးလို့ ထင်ရင် အောက်က လူတွေကို တိုက်ရိုက်ပြောလိုက်၊ ဘာပဲဖြစ်ဖြစ် နာမည်အရကော လက်တွေ့အရကော အထည်ချုပ်စက်ရုံက မင်းသမီဂပဲ အပိုင်စားရတာလေ။
ဒီတစ်ခေါက် လာတာက မင်းသမီးလေးကို အရေးကြီးတဲ့ ကိစ္စ ပြောစရာ ရှိလို့ပါ။ ကျုပ် ဒီတစ်ခေါက် အပြင်ကို တာဝန်နဲ့ သွားရအုံးမယ်၊ ကာလတိုအတွင်း ပြန်လာနိုင်မှာ မဟုတ်ဘူး။ ဒီခရီးက အရမ်းဝေးတာမို့ လောလောဆယ် မင်းသမီးလေးနဲ့ ပြန်တွေ့ဖို့ အခွင့်အရေး မရှိတော့ဘူး၊ ဒါကြောင့် သီးသန့် လာပြီး နှုတ်ဆက်တာပါ။” ဖန်ကျန်းရီ၏ မျက်နှာအမူအရာက တဖြည်းဖြည်းနှင့် လေးနက်သွားခဲ့၏။
မင်းသမီးလေး၏ ခန္ဓာကိုယ်လေး တုန်ရင်သွားသည်။ သူမက ဖန်ကျန်းရီကို စိုက်ကြည့်ရင်း မေးရှာသည်။ “ဘယ်လောက်ကြာမှာလဲ။ အန္တရာယ်ကော ရှိလား။”
ဖန်ကျန်းရီက ပြုံးလိုက်၏။
ဆားကုန်သည်လေး အနည်းငယ်ကို ကျုပ် မနှိမ်နင်းနိုင်ဘဲ နေပါ့မလား၊ ဘာအန္တရာယ် ရှိနိုင်မှာလဲ။
“အန္တရာယ် မရှိပါဘူး၊ အချိန်နည်းနည်း ပိုပေးရရုံပါပဲ။ အရှင်မင်းကြီး ပြောဖူးတယ်၊ ကိစ္စပြီးရင် ကျုပ် ဘာတောင်းဆိုချက်ပဲဖြစ်ဖြစ် ပေးမယ်တဲ့။ ကျုပ် ပြန်လာရင် မင်းသမီးကို လက်ထပ်မယ်”
စကား ဆုံးသွားသည်နှင့် မင်းသမီးလေးဘက်က မတုံ့ပြန်ရသေးမီ ဖန်ကျန်းရီ၏ ရင်ထဲတွင် ဝုန်းခနဲ ခုန်သွားခဲ့သည်။
ဟင် ... ဒီစကားက ဘာလို့ တစ်နေရာရာမှာ ကြားဖူးသလိုလို ခံစားနေရတာလဲ ... တစ်နေရာရာမှာ ကြားဖူးသလိုပဲ။
ကျုပ် အရင်က ပြောဖူးလို့လား။ စဉ်းစားလို့ မရတော့ဘူး ...
မင်းသမီးလေးမှာတော့ ဤအချိန်တွင် ရင်ထဲတွင် ဗလောင်ဆူသွားခဲ့ပြီး ဝမ်းမြောက်ခြင်းကော ထိတ်လန့်ခြင်းပါ ဒွန်တွဲနေခဲ့၏။
ဝမ်းမြောက်မိသည်က ဖန်ကျန်းရီက မိမိကို လက်ထပ်မည်ဟု ပြောခြင်းပင်၊ ဤစကားကို သူ ပြောခဲ့သည်မှာ ပထမဆုံးအကြိမ် မဟုတ်သော်လည်း ...
အထူးသဖြင့် တော်ဝင်မင်းသမီးတစ်ပါး ဖြစ်သဖြင့် သူမက လွတ်လပ်ခွင့် မရှိလှချေ။
သို့ပေမည့် ဖန်ကျန်းရီ ဤစကားကို ပြောလိုက်သည့် အခိုက်အတန့်တွင် သူမ၏ ရင်ထဲတွင် လုံးဝ အခြေကျ တည်ငြိမ်သွားခဲ့ရသည်။
သို့သော်ငြား သူ ဘယ်လောက်အထိ ထွက်ခွာသွားရဦးမလဲ၊ ဘယ်အချိန်မှ ပြန်လာမလဲဆိုတာ စဉ်းစားမိသောအခါ ရင်ထဲတွင် ဖော်ပြရခက်သော ဝမ်းနည်းမှုကို ခံစားလိုက်ရပြန်၏။
မင်းသမီးလေးက လက်နှစ်ဖက်ကို ဆန့်တန်းကာ ဖန်ကျန်းရီ၏ ခါးကို ဖက်တွဲလိုက်ပြီး မျက်နှာလေးကို သူ့ရင်ဘတ်တွင် ကပ်ကာ တိုးတိုးလေး ရေရွတ်ရှာသည်။ “ကျွန်မ ရှင် ပြန်လာမယ့်အချိန်ကို စောင့်နေပါ့မယ်၊ ဘယ်လောက်ကြာကြာ စောင့်နေပါ့မယ်။”
ဖန်ကျန်းရီ၏ နှလုံးသားကလည်း နူးညံ့သွားခဲ့ရပြီး မင်းသမီးလေး၏ ဆံနွယ်လေးများကို အသာအယာ သုတ်သင်ရင်း တိုးတိုးလေး ပြောလိုက်သည်။ “စိတ်ချပါ ... မကြာပါဘူး၊ တကယ့်ကို မကြာပါဘူး ...”
ပြောရင်းနှင့် သူက မျက်နှာကို အနီးသို့ ကပ်ကာ မင်းသမီးလေးနှင့် နှုတ်ခမ်းချင်း ထိကပ်လိုက်တော့၏။
……
မင်းသမီးလေးနှင့် လမ်းခွဲခဲ့ပြီးနောက် ဖန်ကျန်းရီ၏ ရင်ထဲတွင် အတွေးပေါင်းစုံ ဝင်နေခဲ့သည်။
ဘယ်လိုပဲဖြစ်ဖြစ် တော်ဝင်မင်းသမီးဆိုတော့ ခက်ခဲမှုက သာမန်မဟုတ်ဘူးပဲ၊ တကယ်လို့ သာမန် မိန်းကလေးသာဆိုရင် ငါ ချက်ချင်း လက်ထပ်လိုက်တာ ကြာလှပြီ။
ယောက္ခမကြီးက သဘောမတူရင် ကျုပ် လက်ရုံးချင်း ယှဉ်လိုက်မှာပေါ့။
အခုတော့ ကျင်းဘုရင်နဲ့ လက်ရုံးချင်း ယှဉ်လို့ရမလားဆိုတာ မဖြစ်နိုင်ဘူး။ အရှင်မင်းကြီးရဲ့ သိုင်းပညာက တော်တော်မြင့်တယ်လို့ ကြားဖူးတယ်၊ ငါက ငယ်ရွယ်တယ်ဆိုပေမဲ့ နိုင်မှာ မဟုတ်ဘူး။
မြင်းစီးကာ နန်းတော်ထဲက ထွက်လာခဲ့၏။
အမှားအယွင်းမရှိပါက လီယွမ်ကျောက်မှာ သတင်းစာတိုက်ထဲတွင် အချိန်ဖြုန်းနေလေ့ ရှိသည်။
သတင်းစာပေါ်က ဇာတ်လမ်းတွေက မနည်းသော်လည်း တကယ့်ကို စိတ်ဝင်စားစရာကောင်းသော အရာများမှာ ပယ်ချခံလိုက်ရသော မူကြမ်းများ ဖြစ်၏။
ပြင်ပလူများကတော့ သိနိုင်မည်မဟုတ်သော်လည်း လီယွမ်ကျောက်ကတော့ နေ့တိုင်း သတင်းထောက်တွေ ယူလာတတ်သော ရှုပ်ထွေးပွေလီသည့် ဇာတ်လမ်းတွေကို ဖတ်ရတာ အလွန် ဝါသနာပါသူဖြစ်သည်။
သတင်းစာတိုက်ထဲသို့ ရောက်ရှိလာသောအခါ လီယွမ်ကျောက်က ရှိမနေချေ။
ရှဲ့ရှန်းလည်းမရှိသောကြောင့် ရှန်ရီကသာ အစားဝင် လုပ်ကိုင်ပေးနေသည်။
သတင်းစာတိုက် တစ်ခုလုံးတွင် ဖန်ကျန်းရီကလွဲရင် ပညာအရည်အချင်း အမြင့်မားဆုံးဖြစ်သော ရှန်ရီမှာ သဘာဝကျကျပင် အစားထိုး တာဝန်ယူပေးနေခြင်း ဖြစ်၏။
ထိုအချိန်တွင် ရှန်ရီမှာ မူကြမ်းများကို အာရုံစိုက် စစ်ဆေးနေပြီး ဘယ်ဘက်တွင် ထူထဲလှသော မူကြမ်းပုံကြီး ရှိနေကာ ညာဘက်တွင်တော့ အမျိုးမျိုးသော ဂန္ထဝင်ကျမ်းစာ ရှင်းလင်းချက်များ ရှိနေသည်။
ဖန်ကျန်းရီ မြင်သောအခါ မချီးမွမ်းဘဲ မနေနိုင်တော့ချေ။ ဤမျှအထိ ကြိုးစားတာတောင် စွမ်းအင်တွေ ပြည့်ဝနေဆဲပင်။
မိမိသာ ဤကဲ့သို့ ကြိုးစားအားထုတ်မှုမျိုး ရှိခဲ့ပါက၊ ဘာပဲဖြစ်ဖြစ် ဂိမ်းထဲမှာ အမြင့်ဆုံးအဆင့် ရောက်နေလောက်ပြီ ။
“ရှန်ရီ ... အိမ်ရှေ့စံ ဘယ်သွားလဲ။”
ရှန်ရီက စကားသံကို ကြားသောအခါ ချက်ချင်း ခေါင်းမော့ကြည့်လိုက်သည်။ ဖန်ကျန်းရီဖြစ်နေသည်ကို မြင်သောအခါ အလျင်အမြန် ထရပ်ကာ အလေးပြုသည်။ “ဖန်အမတ် ... အိမ်ရှေ့စံ ထွက်သွားတာ ခရီးတော်တော် ရောက်လောက်ပါပြီ၊ အထည်ချုပ်စက်ရုံဘက်ကို သွားကြည့်တယ်လို့ ကြားရပါတယ်”
“အင်း အင်း၊ ဒါဆို ခင်ဗျားပဲ ဆက်အလုပ်လုပ်ပါ၊ ကျုပ် အရင် သွားလိုက်အုံးမယ်။”
“ဖန်အမတ် ခဏလောက် ဆိုင်းပါအုံး။”
ရှန်ရီက ဖန်ကျန်းရီကို အချိန်မီ လှမ်းခေါ်လိုက်သည်။ “ဖန်အမတ် ... အရေးကြီးတဲ့ ကိစ္စတစ်ခုကို အမတ်မင်း ဆုံးဖြတ်ပေးဖို့ လိုအပ်နေပါတယ်။ စောစောက ဝန်ကြီးဌာန ခြောက်ခုရဲ့ အထွေထွေသတင်းစာတိုက်က လူတွေ လာသွားပြီး ကျုပ်တို့ သတင်းစာတိုက် နောင်စာမူတွေ ရေးသားတဲ့အခါ လူထုအပေါ် သက်ရောက်မှုကို သတိထားဖို့ ပြောသွားပါတယ်၊ အချို့စာမူတွေ ထွက်သွားတော့ သာမန်ပြည်သူတွေက ရုံးတော်အပေါ် မကျေနပ်မှုတွေ ရှိလာကြလို့တဲ့ ... ပြီးတော့ နောင်ကျရင် စာမူတွေကို ဝန်ကြီးဌာန ခြောက်ခုဆီ ပို့ပြီး အရင် စစ်ဆေးရမယ်လို့ ပြောပါတယ်။”
စကားကို ကြားလိုက်ရသောအခါ ဖန်ကျန်းရီ၏ မျက်နှာက ချက်ချင်း မည်းမှောင်သွားခဲ့၏။ “ဟ ... သူတို့ လက်တွေက တော်တော်လေး ရှည်ထွက်လာတာပဲ။ ကျုပ်နဲ့ အိမ်ရှေ့စံ ဒီမှာ ရှိနေတာကိုတောင် ဒီလို စကားမျိုး ပြောရဲတယ်ဆိုတော့၊ ဘယ်သူက သူတို့ကို သတ္တိပေးလိုက်တာလဲ။ ရေးစရာရှိတာကို ဆက်ရေး၊ သူတို့ကို ကြောက်နေစရာမလိုဘူး၊ သူတို့ဆီလည်း အပ်စရာမလိုဘူး၊ ပြဿနာတစ်ခုခု တက်ရင် အိမ်ရှေ့စံပေါ် ပုံချလိုက်ရုံပဲ။”
“အာ ... ဒါက ...”
“ဘာ ဒါက လဲ။”
ရှန်ရီက တံတွေးကို မြိုချကာ ဆိုသည်။ “ဒါပေမဲ့ ဝန်ကြီးဌာန ခြောက်ခုက လူတွေ ပြောတာကလည်း အကြောင်းပြချက် ရှိပါတယ်။ ကျုပ်တို့ ရေးသားတဲ့ စာမူအချို့က မတရား စီရင်ချက်ချခံရတဲ့ အမှုတွေနဲ့ သက်ဆိုင်နေတော့ ပြည်သူလူထုကြားထဲ ရောက်သွားတဲ့အခါ သက်ရောက်မှု အနည်းငယ် ရှိပါတယ် ... ကျုပ်တို့ လူတွေ စျေးကွက်ထဲ သတင်းသွားယူတဲ့အခါ နားမခံသာတဲ့ စကားသံတွေ အများကြီး ကြားခဲ့ရတယ် ... တကယ်လို့ ဒီအကြောင်းတွေသာ အရှင်မင်းကြီးရဲ့ နားထဲကို ရောက်သွားရင် အမတ်မင်းအပေါ် သက်ရောက်မှု ရှိလာမလားလို့ စိုးရိမ်မိပါတယ်။”
“နားမခံသာဘူး ဟုတ်လား။ နားမခံသာရင် သူတို့က အဲဒီလို ညစ်ပတ်တဲ့ ကိစ္စတွေကို မလုပ်ကြနဲ့ပေါ့။ ဖာသည်မ ဖြစ်ပြီး ဂုဏ်သိက္ခာ ဆိုင်းဘုတ် တင်ချင်နေကြတာပဲ၊ ကျုပ်တို့ ထုတ်မပြောရင် သူတို့ စိတ်ထဲမှာ သာယာနေကြအုံးမှာ။”
စကားကသာ ဤသို့ ပြောလိုက်ရသော်လည်း ဖန်ကျန်းရီ၏ ရင်ထဲတွင် စိုးရိမ်ပူပန်မှု အချို့တော့ ရှိလာခဲ့သည်။
အမှန်ပင်။ မည်သို့ပင်ဖြစ်စေ တောက်ယွမ်ခရိုင်မှာလို အရာအားလုံးကို သူ စိုးမိုးထားနိုင်သည့် နေရာမျိုး မဟုတ်ချေ။ မြို့တော်က ကြီးမားလွန်းလှပြီး သတင်းတွေက တစ်လောကလုံးကို ပျံ့နှံ့သွားတတ်သဖြင့် ထိန်းချုပ်ရ ခက်ခဲလှသည်။ ပြည်သူတွေရဲ့ မကျေနပ်မှုတွေ ပိုမို ဆိုးရွားလာပါက နောင်ကျလျှင် ရုံးတော်၏ ဂုဏ်သိက္ခာကို ထိခိုက်လာနိုင်၏။
ရှေးခေတ်က ခေတ်သစ်ကာလနှင့် မတူချေ၊ ရိုးရာ အတွေးအခေါ်များထဲတွင် ပြည်သူလူထု၏ အမြင်နှင့် အဆင့်အတန်းမှာ အလွန်ပင် အရေးကြီးလှသည်။
ဤကဲ့သို့သော ကိစ္စမျိုးက ဘုရင်မင်းမြတ်နှင့် အရာရှိကြီးများ၏ မျက်လုံးထဲတွင် အရေးကြီးဆုံး ကိစ္စရပ်ဖြစ်ပြီး သူကလည်း ထိုသူများထဲမှ တစ်ယောက်ဖြစ်သည် မဟုတ်ပါလား။
ထို့အပြင် ပြည်သူများသည် သတင်းအချက်အလက်များကို ပိုမို ရရှိလာသည်နှင့်အမျှ၊ သတ္တိကလည်း ပိုမို ကြီးမားလာကြမှာ သေချာသည်။
“ဒါပေမဲ့ သူတို့ကို အရမ်းကြီး တင်းမာပြနေစရာ မလိုပါဘူး၊ ဒီကိစ္စကို ရှင်းရတာ လွယ်ကူပါတယ် ... နောင်ကျရင် စာမူတိုင်းရဲ့ နောက်ဆုံးမှာ ခေါင်းစဉ်လေး တစ်ချက် ပြန်လည် ထိန်းကျောင်းပေးလိုက်ရုံပဲ။”
“ဘယ်လိုမျိုး ထိန်းကျောင်းရမှာလဲ ခင်ဗျာ။” ရှန်ရီက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“အင်း ... ဥပမာအားဖြင့် ဝက်သား၊ ဆိတ်သားစျေးတွေ ကြီးလာရင်၊ အပြင်က မြောက်ပိုင်း၌ရုန်လူမျိုးတွေ စျေးကွက်ကို ကမောက်ကမဖြစ်အောင် စျေးကစားလို့ပါလို့ ရေးလိုက်။ မတရား စီရင်ချက်ချခံရတဲ့ အမှုတွေ ရှိလာရင်လည်း မြောက်ပိုင်းရုန်သူလျှိုတွေက နောက်ကွယ်ကနေ ဖျက်ဆီးပြီး ရုံးတော်ကို အကျင့်ပျက် ခြစားအောင် လုပ်လို့ပါလို့ ရေးလိုက်။ နောက်ဆုံးမှာ သုံးသပ်ချက်လေး တစ်ခု ထည့်လိုက်ပေါ့။”
“……” ရှန်ရီ၏ မျက်နှာက ချက်ချင်း ညှိုးငယ်သွားသည်။
သူ့မှာ သတင်းသမား ကျင့်ဝတ် ရှိသည်။ ပြည်သူတွေအတွက် မတရားမှုကို ဖော်ထုတ်ပေးခြင်း၊ တရားမျှတမှုကို ထိန်းသိမ်းခြင်းနှင့် အချက်အလက် တိကျမှန်ကန်ခြင်းမှာ အခြေခံအကျဆုံး တောင်းဆိုချက် ဖြစ်၏။
ဤကဲ့သို့ ပြုလုပ်ရမည်ဆိုပါက ရင်ထဲတွင် တကယ့်ကို လက်ခံရ ခက်ခဲလှသည်။
“ဖန်အမတ် ... ကျုပ်တို့မှာ သတင်းအမှားတွေကို မဖော်ပြရဘူးလို့ စည်းကမ်း ရှိတာမဟုတ်ဘူးလား။”
“ဘယ်သူက ခင်ဗျားကို သတင်းအမှား ရေးခိုင်းလို့လဲ။ သွယ်ဝိုက်ပြီး အရိပ်အမြွက် ပြောတာကို ခင်ဗျား မတတ်ဘူးလား။ သတင်းနှစ်ပုဒ်ကို ကဏ္ဍတစ်ခုတည်းမှာ ယှဉ်ပြီး ရေးထားလိုက်ရင် ပြည်သူတွေ ဘာတွေးမလဲဆိုတာ သူတို့အပိုင်းပေါ့။
ကောင်းပြီ၊ ခင်ဗျားဘာသာခင်ဗျား ဖြည်းဖြည်းချင်း နားလည်အောင် လုပ်လိုက်အုံး။ ကျုပ် သွားပြီ”
“……”
ဒါက ပြဿနာရှာနေတာ မဟုတ်ဘူးလား၊ ဖန်အမတ်က စစ်မြေပြင်ကို ကိုယ်တိုင်သွားပြီး စစ်ပွဲအောင်မြင်မှု ရယူချင်လို့လား။ မဖြစ်နိုင်တာ ...
ရှန်ရီက ဖန်ကျန်းရီ ထွက်ခွာသွားသော နောက်ကျောကို ကြည့်ရင်း တတွတ်တွတ် ရေရွတ်နေမိသည်။