အခန်း (၄၂၃-၄၂၅)
Vol. 24 Ch. 423-425
အပိုင်း (၄၂၃) လော့နင်ရှင်း ရောက်လာခြင်း။
ဖန်ကျန်းရီ မြင်းစီးကာ အထည်ချုပ်စက်ရုံသို့ ရောက်ရှိလာသောအခါ အိမ်ရှေ့စံ လီယွမ်ကျောက်က ရက်ကန်းစင်ကို ကလိနေကြောင်း အံ့အားသင့်စွာ တွေ့လိုက်ရသည်။
ဘေးတွင်လည်း ဘာလုပ်ရမှန်းမသိဖြစ်နေသော အမျိုးသမီးအလုပ်သမားတစ်ယောက် ရပ်နေပြီး သူမ၏ နေရာကို အိမ်ရှေ့စံက ဝင်ယူထားခြင်းဖြစ်ကြောင်း သိသာလှ၏။
ဖန်ကျန်းရီက ပျော်ရွှင်စွာ ဆော့ကစားနေသော လီယွမ်ကျောက်ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။
မဖြစ်ဘူး... မဖြစ်တော့ဘူး။
အခုဆို ပိုပိုပြီး ပုံစံမကျဖြစ်လာပြီ၊ တကယ်လို့ အဆင်မပြေရင် အရှင်မင်းကြီး ဆီ ပြန်ပို့မှဖြစ်တော့မယ်။
သိချင်စိတ်က ဘာလို့ ဒီလောက်တောင် များနေရတာလဲ၊ ဘာကိုမဆို ကိုင်တွယ်ကြည့်ချင်နေတာပဲ။
ဒါကို တခြားလူတွေ သိသွားရင် ကျုပ်ပဲ အပြစ်ပြန်တင်ခံရအုံးမှာမဟုတ်ဘူးလား။
ဖန်ကျန်းရီက မျက်နှာမည်းမည်းဖြင့် ရက်ကန်းစင်အနားသို့ သွားကာ လီယွမ်ကျောက်၏ ပခုံးကို ပုတ်လိုက်သည်။
လီယွမ်ကျောက်က ချက်ချင်း လက်ကိုရပ်ကာ လှည့်ကြည့်လိုက်၏။
ဖန်ကျန်းရီကို မြင်သောအခါ ဝမ်းသာအားရဖြင့် ဆိုသည်။ “ဖန်ကြီး... ခင်ဗျား ဘယ်လိုရောက်လာတာလဲ။ ကျုပ် ရက်ကန်းရက်ထားတဲ့ အဝတ်ကို ကြည့်စမ်း... ဒါကို ယူသွားပြီး ခင်ဗျားအတွက် အဝတ်တစ်စုံ ချုပ်ခိုင်းလိုက်”
ဖန်ကျန်းရီက မူလက ဆူပူရန် ရည်ရွယ်ထားသော်လည်း စကားလုံးများက လည်ချောင်းဝတွင် တစ်ဆို့သွား၏။
ရက်ကန်းရက်ပြီး အဝတ်လုပ်ပေးမည်ဆိုတော့ ဘာပြော၍ရတော့မည်နည်း။
“အဟမ်း... အိမ်ရှေ့စံ... ခင်ဗျား သူများနေရာကို ယူထားတာလေ။ ကျုပ်တို့ စက်ရုံက အမျိုးသမီး အလုပ်သမားတွေက အချင်းချင်း ယှဉ်ပြိုင်နေရတာ။ ခင်ဗျားက သူ့အချိန်ကို ယူထားတော့ သူ ပိုက်ဆံရှာဖို့ နောက်ကျသွားတာပေါ့။”
လီယွမ်ကျောက်က မျက်တောင်တဖျတ်ဖျတ်ခတ်ကာ အမျိုးသမီး အလုပ်သမားကို ကြည့်လိုက်သည်။
“ဟုတ်လို့လား... ဩော်... အားနာလိုက်တာ၊ လာလာ ခင်ဗျားလုပ်တော့။”
မှင်သက်စွာ ပြောပြီးနောက် ထရပ်ကာ ဖန်ကျန်းရီ၏ ဘေးသို့ လာရပ်၏။
အမျိုးသမီး အလုပ်သမားက ဖန်ကျန်းရီကို ကျေးဇူးတင်စွာ ကြည့်ပြီးနောက် ထိုင်ကာ အလုပ်ဆက်လုပ်သည်။
“ဖန်ကြီး... ခင်ဗျား ဘာလာလုပ်တာလဲ။”
နှစ်ယောက်သား အပြင်ဘက် မြေကွက်လပ်သို့ ယှဉ်တွဲ လမ်းလျှောက်လာကြ၏။
ထိုအချိန်တွင် ကလေးငယ်များစွာက အပြင်ဘက်တွင် ပြေးလွှားဆော့ကစားနေကြပြီး နောက်တွင် လူအချို့က မနှေးမမြန် လိုက်ပါစောင့်ကြည့်နေကြသည်။ ဖန်ကျန်းရီနှင့် အိမ်ရှေ့စံကို မြင်သောအခါ ဦးညွှတ် နှုတ်ဆက်ကြသည်။
စက်ရုံရှိ ကျောင်းနှင့် ကလေးထိန်းကျောင်းကဲ့သို့သော နေရာများကို အမြန်ဆုံး အကောင်အထည် ဖော်နေပြီဖြစ်သည်။ ကြည့်ရသည်မှာ တိုးတက်မှု အတော်လေး ကောင်းမွန်နေပုံရ၏။
မလှမ်းမကမ်းတွင် ဆူညံစွာ ကစားနေသော ကလေးများကို ကြည့်ရင်း ဖန်ကျန်းရီက သက်ပြင်းချကာ ပြောလိုက်သည်။ “ဘာမှမရှိပါဘူး၊ ဒီတစ်ခေါက် လာတာက အိမ်ရှေ့စံကို နှုတ်ဆက်ဖို့ပါ။ အရှင်မင်းကြီး က အပြင်ကို တာဝန်ပေးလိုက်လို့ အနည်းဆုံး တစ်နှစ်လောက်တော့ ကြာလိမ့်မယ်။”
လီယွမ်ကျောက်က မျက်လုံးပြူးသွား၏။ “ဘယ်သွားမှာလဲ။ ကျုပ်လည်း လိုက်ချင်တယ်။”
“ခင်ဗျား လိုက်လို့မရဘူး၊ အရှင်မင်းကြီး က သေချာမှာထားတယ်။ အိမ်ရှေ့စံ မြို့တော်မှာပဲ နေရမယ်တဲ့။ ကျုပ် မရှိတုန်း အိမ်ရှေ့စံ ကြည့်ရှုပေးရမယ့် နေရာတွေ အများကြီးရှိသေးတယ်။ ကြည့်စမ်း... ဒီအထည်ချုပ်စက်ရုံတို့၊ သတင်းစာတိုက်တို့... ဩော်... ပြီးတော့ အရှင်မင်းကြီးက အရှေ့ဆင်ခြေဖုံးမှာ ကျုပ်ကို မြေတစ်ကွက်ပေးထားတယ်၊ ဖန်လုံအိမ် ဆောက်ဖို့လေ။
ဖန်လုံအိမ်အပြင်... ကျုပ် စဉ်းစားထားတာက အဲဒီလောက်ကြီးတဲ့ နေရာမှာ လုပ်စရာတွေ အများကြီးရှိတယ်။ ဒီကိစ္စတွေ အကုန်လုံး အိမ်ရှေ့စံကို အပ်ခဲ့ပါရစေ၊ ကျုပ် လူလွှတ်ပြီး ကူညီခိုင်းပါ့မယ်။
ပန်းရှန်းရပ်ကွက်က အခု တော်တော်ပြောင်းလဲသွားပြီ၊ ပတ်ဝန်းကျင်က လူတွေလည်း အလုပ်အကိုင်ရလာပြီး ပြည်သူတွေရဲ့ ဘဝတွေလည်း တိုးတက်လာတယ်။ ဒါပေမဲ့ ကျုပ်တို့ လုပ်ဖို့လိုတာတွေ အများကြီးရှိသေးတယ်။
အိမ်ရှေ့စံရဲ့ တာဝန်က ပိုကြီးလာပြီ။ မြို့တစ်မြို့၊ နယ်တစ်နယ်တည်း မဟုတ်ဘူး၊ တစ်လောကလုံးအတွက်ပဲ။ ပြည်သူတွေကို ကိုယ်တိုင် နားလည်ဖို့၊ ပြီးတော့ ပစ္စည်းတွေကို ဘယ်လိုထုတ်လုပ်လဲဆိုတာ သိဖို့... ဒါတွေက အရမ်းအရေးကြီးတယ်။”
စက်ရုံမှ ထုတ်လုပ်သော ပစ္စည်းများသည် ကုန်ကြမ်းမှစ၍ ကုန်ချောအထိ အဆင့်ဆင့် စနစ်တကျ လည်ပတ်နေခြင်း ဖြစ်သည်။
အစမှအဆုံး လေ့လာသင်ယူစရာများစွာရှိပြီး၊ စနစ်ကျသော တွေးခေါ်မှုများ တည်ဆောက်ရန်၊ ဤအရာများကို ထိတွေ့လေ့လာခြင်းက အလွန်အကျိုးရှိ၏။
အနည်းဆုံးတော့ လူတို့၏ အတွေးအခေါ်များသည် အခြေအမြစ် ကင်းမဲ့မနေတော့ချေ။
မင်းဆွေမင်းမျိုးတို့ မည်သည် အဝတ်အစားကို သူတစ်ပါးက ဆင်ယင်ပေးရပြီး၊ အစာအာဟာရကိုလည်း သူတစ်ပါးက ခွံ့ကျွေးမှ စားသောက်ရသူများ ဖြစ်လေရာ ယုတ္တိကင်းမဲ့သော ကြောင်တောင်တောင် အတွေးများ ဝင်ရောက်လာရန် အလွန်ပင် လွယ်ကူလှပေ၏။
သေချာပေသည်.. လီယွမ်ကျောက်သည် အလွန်တရာ ထူးချွန်ထက်မြက်လှသည်။ သို့သော်ငြား ဖန်ကျန်းရီ၏ အမြင်၌မူ သင်ယူလေ့လာရမည့် အရာများစွာ ကျန်ရှိနေသေးသည်။
လီယွမ်ကျောက်၏ မျက်နှာက သိသာစွာ ညှိုးငယ်သွားပြီး အားတင်းပြုံးကာ ပြောလိုက်သည်။ “ကျုပ် သိပါတယ်၊ ခင်ဗျား စိတ်ချလက်ချ သွားပါ။”
သူက အများကြီး မမေးဘဲ ရိုးရိုးရှင်းရှင်းသာ လက်ခံလိုက်သည်။ ယောက်ျားလေးတွေကြားမှ ဆက်သွယ်မှုဆိုသည်မှာ ဤသို့ပင် ရိုးရှင်းပြတ်သားတတ်သည်။
ဖန်ကျန်းရီက ဘာမှမပြောတော့ဘဲ အိမ်ရှေ့စံ၏ ပခုံးကို ပုတ်လိုက်၏။
နှစ်ယောက်သား ရှုခင်းများကို ကြည့်ရင်း တိတ်ဆိတ်သွားကြသည်။
ခဏအကြာတွင် ဖန်ကျန်းရီက မေးလိုက်၏။ “အိမ်ရှေ့စံ... ဒါဆို ကျုပ်သွားတော့မယ်၊ ခရိုင်ကို ပြန်ပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး အမြန်ဆုံး ထွက်ရမယ်။ ခင်ဗျားကော... နန်းတော်ပြန်မှာလား၊ သတင်းစာတိုက် သွားမှာလား၊ ဒါမှမဟုတ် ဒီမှာပဲ ဆက်ကြည့်အုံးမှာလား။”
“ကျုပ် ဆက်ကြည့်လိုက်အုံးမယ် … ခင်ဗျား အလုပ်သွားလုပ်တော့။”
ဖန်ကျန်းရီက ခေါင်းညိတ်ပြပြီး တန်းတန်းမတ်မတ် ထွက်သွားသည်။
သိပ်မဝေးခင်မှာပဲ လီယွမ်ကျောက်က ရုတ်တရက် အော်ပြောလိုက်၏။ “စောစောသွား စောစောပြန်ခဲ့နော်”
“အင်း .. ကောင်းပါပြီ။”
……
တောက်ယွမ်ခရိုင်အတွင်း။
ဖန်ကျန်းရီက မိသားစုဝင်များအားလုံးကို ခေါ်ဆောင်ကာ ပြန်ရောက်လာသည်။
မည်သို့ပင် ဖြစ်စေကာမူ သူသာ မြို့တော်၌ မရှိတော့လျှင် မည်သူတစ်ဦးတစ်ယောက်ကမှ ထိုအရပ်၌ ဆက်လက် နေထိုင်လိုကြတော့မည် မဟုတ်ချေ။ အလိုရှိရာဟူသမျှ ပြည့်စုံစွာ ရှိနေသော တောက်ယွမ်ခရိုင်ကဲ့သို့သော အရပ်ဒေသကမှ နေချင့်စဖွယ် ကောင်းသည် မဟုတ်ပါလား။
ဖန်ကျန်းရီ ခရိုင်ရုံးတော်သို့ ရောက်သည်နှင့် အောက်ချန်က ချက်ချင်း ထွက်ကြိုသည်။
ထို့ကြောင့် စကားအပိုမပြောဘဲ တန်းပြောလိုက်၏။ “ရှဲ့ရှန်းဘက်မှာ ပြဿနာနည်းနည်းရှိပုံရတယ်၊ ကျုပ် ကိုယ်တိုင် သွားမှဖြစ်မယ်။ လူစွမ်းကောင်း အယောက်တစ်ရာလောက် ပြင်ထားပေး၊ လက်နက်တွေလည်း အပြည့်အစုံ တပ်ဆင်ထား။”
အောက်ချန်က မေးလိုက်သည်။ “ချက်ချင်း လူလွှတ်ပြီး စီစဉ်လိုက်ပါ့မယ်။ သခင်လေး... ဒီလောက် လူအင်အား အများကြီးသုံးရမယ်ဆိုတော့ ဟိုဘက်က အခြေအနေ တော်တော်ဆိုးနေလို့လား။”
ဖန်ကျန်းရီက ပေါ့ပေါ့ပါးပါး ပြုံးလိုက်၏။ “တကယ်တော့ အဲဒီလောက် မဆိုးပါဘူး၊ ဒေသခံ လူမိုက် တစ်ယောက်လောက်ပါပဲ။ လူပိုခေါ်သွားတာက အရေးပေါ်ကိစ္စအတွက်ပါ၊ သုံးရမှာမဟုတ်ပါဘူး။”
ဆားကုန်သည်တွေကို သူက ဂရုမစိုက်ပါဘူး၊ ဆိုးတယ်ဆိုရင်တောင် ဘယ်လောက်ဆိုးနိုင်မှာလဲ။ ဒါပေမဲ့ ပြင်ဆင်သင့်တာတော့ ပြင်ဆင်ရမှာပေါ့။
ရှဲ့ရှန်းစာထဲမှာလည်း လွီမိသားစုက အင်အားကြီးတယ်၊ ရုံးတော်နဲ့ ပူးပေါင်းကြံစည်နေတယ်လို့ပဲ ပါတာ၊ ဒါပေမဲ့ ဘယ်လောက်ပဲ အင်အားကြီးကြီး ဘာလုပ်နိုင်မှာလဲ။
တကယ်လို့ အဆင်မပြေရင် လူသတ်ပွဲကြီးဆင်နွှဲပြီး ခေါင်းဆောင်တွေကို သတ်ပစ်လိုက်ရုံပဲ။
ခေါင်းဆောင်တွေကို တိုက်ရိုက်သတ်မယ်။ ကျန်တဲ့သူတွေကို ငွေနဲ့ ပေးပေါက်မယ်... ဒီအကွက်တွေကို သူက ကျွမ်းကျင်နေပြီလေ။
“အကုန် အဆင်သင့်ပြင်ထား၊ ကျုပ် မနက်ဖြန် ထွက်မယ်”
အောက်ချန်က အဖြေပေးပြီးနောက် စီစဉ်ရန် ထွက်သွားသည်။
ရိုးရှင်းစွာ မှာကြားပြီးနောက် ဖန်ကျန်းရီလည်း အိမ်သို့ ပြန်လာခဲ့သည်။ ထိုအချိန်တွင် ရှောင်ထောင်နှင့် ကျန်းပြောင် တို့က မြို့တော်မှ သယ်လာသော ပစ္စည်းများကို နေရာချနေကြ၏။
ဖန်ကျန်းရီက ပြောလိုက်သည်။ “ ကျန်းပြောင် ... အိမ်မှာပဲနေခဲ့၊ ဒီတစ်ခေါက် ရေလမ်းကသွားမှာ။ မင်း သင်္ဘောစီးလို့မရဘူးလေ။”
ကျန်းပြောင်က သေတ္တာကို မနေရင်း ကြောင်တောင်တောင်ဖြင့် မေး၏။
“မရှိပါဘူး... ပြီးတော့ ကျိုးထျဲ့နဲ့ မင်းရဲ့ ညီအစ်ကိုတွေ အကုန်ပါတာပဲ။”
“ဩော်...” ကျန်းပြောင် က သေတ္တာကို ဆက်မသွားသည်။
ညနေပိုင်းရောက်သော် မိသားစုတစ်စုလုံး ထမင်းစားပွဲတွင် စုံကြ၏။
ရွှေယီပိုင်လည်း ရောက်လာပြီး ဖန်ကျန်းရီခရိုင်သို့ ပြန်ရောက်ကြောင်း ကြားသည်နှင့် ချက်ချင်း လာကြည့်ခြင်းဖြစ်သည်။
ထမင်းစားဝိုင်း၌ အခြေအနေက အနည်းငယ် ခြောက်ကပ်နေသည်။ ဘာပဲဖြစ်ဖြစ် ဖန်ကျန်းရီ ဤတစ်ခေါက် ထွက်သွားလျှင် အနည်းဆုံး တစ်နှစ်၊ ခြောက်လခန့် ကြာမည်မဟုတ်ပါလား။
အိမ်ထောင်ဦးစီး မရှိတော့သဖြင့် ရင်ထဲတွင် ဟာလာဟင်းလင်း ဖြစ်နေကြ၏။
အထူးသဖြင့် ရှောင်ထောင်က စိတ်မကောင်းဖြစ်နေသည်။ ဖန်ကျန်းရီ အပြင်ထွက်တိုင်း သူမကို တစ်ခါမှ ခေါ်မသွားဖူးချေ။ ယခုတစ်ခေါက်လည်း ချွင်းချက်မရှိပေ။ ပြောလည်း အလကားပဲဆိုတော့ ဘာမှမပြောတော့ဘဲ ခေါင်းငုံ့ကာ ထမင်းသာ စားနေလိုက်သည်။
လော့နင်ရှင်းက ဘယ်ညာကြည့်ကာ လူတိုင်း စကားမပြောကြသည်ကို မြင်သဖြင့် စကားပြောရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း နောက်ဆုံးတွင် လက်လျှော့လိုက်၏။
လူတိုင်းက ဖြည်းဖြည်းချင်း စားနေကြသော်လည်း ကျန်းပြောင် တစ်ယောက်ကတော့ ထုံးစံအတိုင်း ရှိရှိသမျှ အရာအားလုံးကို သူ၏ ပါးစပ်ပေါက်ထဲသို့ မောင်းသွင်းနေသည်။ လေဆင်နှာမောင်းတိုက်သလို မြန်ဆန်သော ဟင်းခပ်နှုန်းဖြင့် ထမင်းစားပွဲတစ်ခုလုံးကို ရှင်းလင်းပစ်သည်။
ထမင်းစားပြီးနောက် ဖန်ကျန်းရီက မျက်နှာသစ်၊ ကိုယ်လက်သန့်စင်ပြီး အခန်းထဲသို့ အနားယူရန် ပြန်လာခဲ့၏။
ရှဲ့ရှန်း၏ စာကို ထုတ်ကာ ကျန်ရစ်သော အချက်အလက်များ ရှိမရှိ သေချာစွာ ထပ်မံဖတ်ရှုနေသည်။
မည်သို့ပင်ဖြစ်စေ ပြင်ဆင်မှုများ ပြုလုပ်ထားခြင်းက အကောင်းဆုံးပင်။
မီးရောင်အောက်တွင် စာကို အာရုံစိုက်ဖတ်နေစဉ် တံခါးက ရုတ်တရက် ပွင့်လာသည်။
လော့နင်ရှင်းက သတိထားကာ တံခါးကို ပိတ်လိုက်ပြီး ခြေလှမ်းဖွဖွဖြင့် ဖန်ကျန်းရီ၏ ဘေးသို့ လျှောက်လာကာ တိုးတိုးလေး ခေါ်လိုက်၏။ “သခင်လေး”
“ဟင်... နင်ရှင်း... ကိစ္စရှိလို့လား။”
ဖန်ကျန်းရီက ခေါင်းမော့ကြည့်ကာ လော့နင်ရှင်းကို မြင်သောအခါ ပြုံးပြလိုက်သည်။
လော့နင်ရှင်းသည် ဝူမင်းသားပေးထားသော မိန်းမဖြစ်သော်လည်း အိမ်တော်တွင် လိမ္မာရေးခြားရှိပြီး ထူးခြားမှု ဘာမှမရှိခဲ့ပေ။
ဝူမင်းသားနှင့်လည်း ဆက်ဆံရေးကောင်းမွန်သဖြင့် အထူးကိစ္စ ဘာမှမရှိပေ။
ချမ်းသာသော မိသားစုများ၊ မှူးမတ်များကြားတွင် မိန်းမပေးခြင်းဆိုသည်မှာ သာမန်လုပ်ရိုးလုပ်စဉ်တစ်ခုသာ ဖြစ်သဖြင့် ဖန်ကျန်းရီလည်း တဖြည်းဖြည်း သတိလက်လွတ်ဖြစ်လာသည်။
“သခင်လေး … ဒီတစ်ခေါက် အပြင်သွားရင် ကျွန်မကို ခေါ်သွားလို့ရမလား။”
အပိုင်း (၄၂၄) အကုန်လုံး ရင်ခွင်ထဲ အလိုအလျောက် ရောက်လာကြခြင်း။
အထူးသဖြင့် မီးရောင်အောက်တွင် လော့နင်ရှင်း၏ မျက်နှာလေးမှာ ဆွဲဆောင်မှုရှိနေပြီး မျက်လုံးများထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။
“မရဘူး .. မင်းကို ခေါ်သွားပြီး ဘာလုပ်ရမှာလဲ။ မင်းက ရန်ဖြစ်တတ်လို့လား၊ ဒါမှမဟုတ် နံရံကျော် တတ်လို့လား။”
“လမ်းမှာ သခင်လေးကို ပြုစုဖို့ လူတစ်ယောက်တော့ လိုတယ်လေ။ ယောက်ျားတွေက ကြမ်းတမ်းတယ်၊ သခင်လေး လမ်းမှာ ပင်ပန်းမှာစိုးလို့ပါ။”
ဖန်ကျန်းရီက ပြုံးကာ ဆို၏။ “ဒါဆိုရင်တော့ ဟုတ်ပြီ၊ ညီအစ်ကိုတွေ ဒီလောက်အများကြီး ခေါ်သွားပြီး ငါတစ်ယောက်တည်း လမ်းမှာ ဇိမ်ခံနေရမလား။ နင်ရှင်း... အလုပ်မရှုပ်နဲ့၊ မင်း အိမ်မှာပဲ အေးအေးဆေးဆေး နေပါ။”
စကားဆုံးသည်နှင့် လော့နင်ရှင်းက ဖန်ကျန်းရီ၏ အပေါ်သို့ ရုတ်တရက် ခုန်အုပ်လိုက်ပြီး ခေါင်းကို သူ့ရင်ခွင်ထဲတွင် ဝှက်ကာ တိုးတိုးလေး ညည်းတွားလိုက်သည်။ “သခင်လေး ဘယ်သွားသွား၊ ကျွန်မ လိုက်မယ်။”
ဖန်ကျန်းရီ၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပြီး သူမကို တွန်းဖယ်ရန် ကြိုးစားသော်လည်း အားမရှိသဖြင့် မရွေ့ပေ။
လော့နင်ရှင်းက တင်းကျပ်စွာ ဖက်ထားရင်း ဆက်ပြော၏။ “အရင်တုန်းက သခင်လေး ပြောခဲ့တယ်လေ... ကျွန်မရဲ့ ကိုယ်ပိုင်ဘဝကို ရွေးချယ်ခွင့်ရှိတယ်လို့။ ဒါပေမဲ့ ကျွန်မက တစ်ကောင်ကြွက်ပဲ။ သွားစရာ နေရာမရှိဘူး။
ဖန်အိမ်တော်က လူတွေ အကုန်လုံးက ကျွန်မကို မိသားစုဝင်တစ်ယောက်လို သဘောထားကြတယ်။ ကျွန်မ ဒီနေရာကို သဘောကျတယ်၊ ပြီးတော့ သခင်လေးကိုလည်း သဘောကျတယ်။ ကျွန်မမှာ တခြားဆန္ဒ ဘာမှမရှိပါဘူး၊ သခင်လေးကို တစ်သက်လုံး ပြုစုလုပ်ကျွေးခွင့်ရရင် ကျေနပ်ပါပြီ။
သခင်လေး... ကျွန်မကို ရေးပေးခဲ့တဲ့စာကို မှတ်မိသေးလား။”
လော့နင်ရှင်းက ရင်ထဲတွင် သက်ပြင်းချလိုက်သည်။ ပြီးခဲ့သည့်အကြိမ်က ရေချိုးခန်းထဲတွင် ဖန်ကျန်းရီအား ရင်ဖွင့်ခဲ့သည်မှာ အလွန်ကြီးမားသော သတ္တိကို မွေးခဲ့ရခြင်းဖြစ်သည်။
သူ ပြောခဲ့သော စကားများကလည်း တော်တော်လေး စိတ်လှုပ်ရှားစရာကောင်းသည်။ အိမ်ပြန်ရောက်ပြီးနောက် ဖန်ကျန်းရီ ရေးပေးခဲ့သော ရင်ခုန်စရာ စာများကို အကြိမ်ကြိမ် ပြန်ဖတ်မိတိုင်း ရင်ထဲတွင် ဖော်ပြမရသော ခံစားချက်မျိုး ဖြစ်ပေါ်လာ၏။
ညဘက်တွေမှာလည်း အိပ်မပျော်နိုင်ဘဲ ဟိုဘက်လှည့် ဒီဘက်လှည့်နှင့်... နောက်ဆုံးတော့လည်း အမှန်တရားကို ဝန်ခံလိုက်ရတော့သည်။
လူတစ်ယောက်ကို သဘောကျမိတာ ရှက်စရာမှ မဟုတ်တာ။ ဒီတစ်ခေါက် အပြင်သွားတာက အခွင့်အရေးကောင်းပဲ။
ငါ့ကို အစေခံတစ်ယောက်လို ဆက်ပြီး ဆက်ဆံခွင့် မပေးနိုင်တော့ဘူး။
ငါ မယားငယ် လုပ်မယ်။
စာအကြောင်း ပြောလိုက်သောအခါ ဖန်ကျန်းရီ ရုတ်တရက် သတိရသွားသည်။ ထိုစဉ်က ဝူမင်းသား သူ့အပေါ် အကြံအစည်ရှိနေမည်ကို သံသယဝင်ခဲ့ပြီး၊ လော့နင်ရှင်းမှာလည်း ဝူမင်းသား၏ လူဖြစ်သဖြင့် သူမကို မြှူဆွယ်ရန် ရင်ခုန်စရာ စကားများ ရေးခဲ့ပြီး စကားနှိုက်ရန် ကြိုးစားခဲ့ခြင်းဖြစ်၏။
မထင်ထားဘူး။ တကယ် မထင်ထားဘူး။
ပန်းမင်းသမီးလေးက တကယ်ကြီး ကျော့ကွင်းထဲ ဝင်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဒီနေ့တော့ ငါက အမျိုးသမီးတွေရဲ့ နှလုံးသားကို မီးရှို့တဲ့သူ ဖြစ်သွားပြီပဲ။
“အာ... မှတ်မိတာပေါ့၊ သေချာပေါက် မှတ်မိတယ်။ ဒီသခင်လေး ရေးတဲ့စာတိုင်းက နှလုံးသွေးတွေချည်းပဲ၊ ဘယ်လိုလုပ် မေ့နိုင်မှာလဲ။”
အလှလေးက ရင်ခွင်ထဲ ရောက်နေတော့ ဖန်ကျန်းရီလည်း လူကို လှည့်စားဖို့ ရေးခဲ့ခြင်းဟု ဝန်ခံ၍ မဖြစ်တော့ပေ။
ထိုသို့ပြောသည်ကို ကြားတော့ လော့နင်ရှင်းက ခေါင်းမော့လာပြီး အပြုံးလေးတွေ ပွင့်လန်းလာသည်။ ပြီးနောက် ရှက်သွေးဖြာကာ ဖန်ကျန်းရီ၏ ရင်ခွင်ထဲကို ပြန်တိုးဝင်သွား၏။ ရင်ထဲတွင်လည်း ပျော်ရွှင်မှုတွေနှင့် ပြည့်နှက်နေ၏။
“မလှုပ်နဲ့တော့”
ဖန်ကျန်းရီသည် နူးညံ့သော အထိအတွေ့များကြားမှ လက်ကို ဆွဲထုတ်လိုက်ကာ လော့နင်ရှင်း၏ ပခုံးအစုံကို ဖိထားလိုက်လေ၏။
မည်သည့်လူငယ်က ဤမျှလောက်သော စမ်းသပ်မှုကို ခံနိုင်ရည်ရှိပါမည်နည်း။
သူလည်း ခံနိုင်ရည်မရှိချေ။ သို့ပေမည့် သူရေးသားခဲ့သော ထိုလူဆိုးစကားများကို ပြန်လည်တွေးတောမိသောအခါ ချက်ချင်း စိတ်ကို ထိန်းချုပ်လိုက်နိုင်သည်။
လော့နင်ရှင်းကမူ ဘာမှမသိချင်ယောင်ဆောင်ကာ လက်နှစ်ဖက်ဖြင့် ဖန်ကျန်းရီကို တင်းကျပ်စွာ ဖက်တွယ်ထား၏။
ဆံကေသာမှ မွှေးပျံ့သော ရနံ့သင်းသင်းလေးများသည် ဖန်ကျန်းရီ၏ နှာခေါင်းဝသို့ လွင့်ပျံလာသောအခါ ဖန်ကျန်းရီလည်း မနေသာတော့ဘဲ ပြောလိုက်မိသည်။ “တော်လောက်ပြီ၊ ပြဿနာတက်ရင် ကိုယ့်ဘာသာ တာဝန်ယူနော်။”
“ဘာပြဿနာတက်နိုင်မှာလဲ ကြည့်ရသေးတာပေါ့။” လော့နင်ရှင်းသည် သူ၏ရင်ခွင်ထဲ၌ ခိုအောင်းနေရင်း မြန်ဆန်လာသော သူ၏နှလုံးခုန်သံကို နားစွင့်ကာ မျက်နှာထက်၌ ဉာဏ်များသော အပြုံးလေးတစ်ခု ပေါ်လွင်လာခဲ့၏။
သူမ ဂရုမစိုက်ပေ။ ဤတစ်ကြိမ်တွင် မယားငယ်ဖြစ်အောင်ကို ကြိုးပမ်းရမည်။
သူမ သေချာစွာ မြင်တွေ့ခဲ့ပြီး ဖြစ်သည်။ ဖန်ကျန်းရီသည် စားပြီးနားမလည် လုပ်မည့်သူ၊ တာဝန်မဲ့မည့်သူမျိုး မဟုတ်ပေ။
ပြည့်တန်ဆာအိမ်၌ လူပေါင်းစုံကို သူမ တွေ့ကြုံဖူးခဲ့သည်။ ဖန်ကျန်းရီက မိန်းမသားများအပေါ်ထားရှိသော သဘောထားမှာ သာမန်လူများနှင့် မတူညီချေ။ မိန်းမများကို ကစားစရာအရုပ်တစ်ရုပ်သဖွယ် သဘောမထားပေ။
ထို့အပြင် ရှောင်ထောင်သည် အလွန်တရာ လှပပါလျက်နှင့် သူ၏ဘေး၌ ရှိနေခဲ့သည်တိုင် တစ်ကြိမ်တစ်ခါမှ မတို့မထိခဲ့ချေ။
ဤကဲ့သို့သော လူစားမျိုးကို မိမိကိုယ်တိုင်ကလည်း သဘောကျ နှစ်သက်နေသည်ဖြစ်ရာ တစ်စုံတစ်ခု ဖြစ်သွားခဲ့လျှင်လည်း မည်သို့ အရေးနည်း။ ပိုတောင် ကောင်းသေးသည်။
ဖန်ကျန်းရီ၏ အသက်ရှူသံများမှာ ပိုမို မြန်ဆန်လာခဲ့လေ၏။
ဤအခြေအနေအထိ ဆိုက်ရောက်နေပြီဖြစ်ရာ ဆက်လက် သည်းခံနေစရာ အကြောင်းမရှိတော့ချေ။ သူ ဘာမျှမလုပ်ဘဲ နေလိုက်ပါလျှင် ယောက်ျားပီသတော့မည် မဟုတ်ပေ။
လုပ်ရပေမည်။
အသိတရားတို့ တဖြည်းဖြည်း လွင့်စင်ပျောက်ကွယ်သွားကာ ဖန်ကျန်းရီ စတင် လှုပ်ရှားလေတော့သည်။
ဤလက်ကား သာမန်လက် မဟုတ်ပေ။ ကြိုးချည်အနုပညာရှင်တစ်ဦး၏ လက်ပင်။
နူးညံ့မှုအရသာကို စတင် ထိတွေ့ခွင့်ရုံမျှသာ ရှိသေးသည်။ ရုတ်တရက် တံခါးခေါက်သံ ထွက်ပေါ်လာခဲ့လေ၏။
လော့နင်ရှင်းမှာ အလန့်တကြား ထရပ်လိုက်ကာ ဟိုဘက်ဒီဘက် ကြည့်ရှုရင်း အကူအညီတောင်းခံသည့် အကြည့်ဖြင့် ဖန်ကျန်းရီအား ကြည့်ကာ တိုးညင်းစွာ မေးလိုက်သည်။ “ကျွန်မ ဘယ်မှာပုန်းရမလဲ။”
“ဗီရိုထဲ ပုန်းနေ” ဖန်ကျန်းရီက ချက်ချင်းပင် လက်ညှိုးထိုးပြလိုက်၏။
လော့နင်ရှင်းသည် ဗီရိုထဲသို့ ပေါ့ပါးသွက်လက်စွာ ဝင်ရောက်သွားသည်။
သူမ ပျောက်ကွယ်သွားသည်ကို မြင်တွေ့ရမှသာ ဖန်ကျန်းရီ ရုတ်တရက် အသိတရား ပြန်လည် ဝင်ရောက် လာခဲ့၏။
သောက်ကျိုးနည်း။ ခိုးပြီး ချိန်းတွေ့နေခြင်းမှ မဟုတ်ပါဘဲ အဘယ်ကြောင့် ပုန်းခိုင်းမိသနည်း။
လုပ်လက်စ အလုပ်ကို အနှောင့်အယှက် ပေးခံလိုက်ရသဖြင့် ဖန်ကျန်းရီ ရင်တွင်း၌ ဒေါသအမျက် ထွက်သွားကာ အော်ဟစ်ပြောဆိုလိုက်လေသည်။ “ဘယ်သူလဲ၊ ဝင်ခဲ့”
“သခင်လေး... ကျွန်မပါ...” ရွှေယီပိုင်သည် တံခါးကို သတိထား၍ တွန်းဖွင့်လိုက်၏။
တံခါးကြားမှ ခေါင်းလေးတစ်ဝက် ထွက်ပေါ်လာကာ ဖန်ကျန်းရီအား ကြည့်လာသည်။
ဖန်ကျန်းရီက သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး အလိုအလျောက်ပင် ဗီရိုဆီသို့ အပြစ်ရှိသူတစ်ဦးပမာ လှမ်းကြည့်မိလိုက်၏။
တစ်ချိန်တည်းမှာပင် မိမိကိုယ်မိမိ ပါးချည်းသာ ရိုက်ပစ်လိုက်ချင်စိတ်များ ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
ဟူး... သူ၏ ခန္ဓာကိုယ်အတွင်း၌ စီးဆင်းနေသော ဤကျိန်စာသင့် ကိုယ်ကျင့်တရား သွေးများသည် ယခုထက်တိုင် လူ့အဖွဲ့အစည်းနှင့် မရောယှက်နိုင်သေးပါလား။ အဘယ်ကြောင့် အပြစ်ရှိသကဲ့သို့ ခံစားနေရသနည်း။
ဤသူမသည် ချန်နိုင်ငံ၏ မင်းသမီးတစ်ပါး ဖြစ်သည်။ ကျင်းနိုင်ငံ၏ မင်းသမီး မဟုတ်ပေ။
“အဟမ်း... ဝင်ခဲ့လေ၊ အချိန်လည်း မစောတော့ဘူး၊ ကိစ္စရှိရင် မြန်မြန်ပြော။”
ထိုအခါမှသာ ရွှေယီပိုင်သည် တံခါးကို ဖွင့်ကာ လက်နှစ်ဖက်ကို နောက်သို့ပစ်လျက် အခန်းတွင်း၌ ကျော့ရှင်းစွာ ရပ်နေ၏။
သို့ပေမည့် လူကမူ ယခင်ကထက် များစွာ ပိန်ချုံးသွားပုံရသည်။
“သခင်လေး... မနက်ဖြန် အပြင်သွားရင် ကျွန်မ သခင်လေးနဲ့ လိုက်ချင်တယ်။”
“မရဘူး၊ မင်းကို ခေါ်သွားပြီး ဘာလုပ်ရမှာလဲ။ မင်း ရန်ဖြစ်တတ်လို့လား၊ ဒါမှမဟုတ် နံရံကျော်တတ်လို့လား။” ဖန်ကျန်းရီက စိတ်မရှည်စွာဖြင့် တုံ့ပြန်လိုက်၏။
“လမ်းမှာ သခင်လေးကို ပြုစုဖို့ လူတစ်ယောက်တော့ လိုတယ်လေ။ ယောက်ျားလေးတွေက ကြမ်းတမ်းတယ်၊ သခင်လေး လမ်းမှာ ပင်ပန်းမှာစိုးလို့ပါ။ သခင်လေးရဲ့ ခါးက ဘာဖြစ်လို့လဲ၊ နေမကောင်းဘူးလား။”
ဖန်ကျန်းရီသည် ပုံမှန်အနေအထားကို ထိန်းသိမ်းထားရင်း ခါးကို ကုန်းထားနိုင်ရန် ကြိုးပမ်းနေရ၏။
မတတ်နိုင်ပေ။ သကောင့်သားလေးမှာ အလွန်အမင်း စိတ်လှုပ်ရှားနေသည် မဟုတ်ပါလား... သံမဏိကဲ့သို့သော စိတ်ဓာတ်ဟူသည် မည်သို့ပင်ဆိုစေ ဟန်ပြသက်သက်သာ ဖြစ်လေရာ တကယ့် သံမဏိကို ယှဉ်နိုင်မည် မဟုတ်ပေ။
ထို့အပြင် စောစောက ယီပိုင်ပြောဆိုသွားသော စကားများကို အဘယ်ကြောင့် ဤမျှ ရင်းနှီးကျွမ်းဝင်နေရသနည်း...။
ဖန်ကျန်းရီသည် နေရထိုင်ရ ခက်ခဲစွာဖြင့် ပြောလိုက်လေသည်။ “ညီအစ်ကိုတွေ ဒီလောက်အများကြီး ခေါ်သွားပြီး ငါတစ်ယောက်တည်း လမ်းမှာ ဇိမ်ခံနေရမလား။ ယီပိုင်... အလုပ်မရှုပ်နဲ့၊ အိမ်မှာပဲ အေးအေးဆေးဆေး နေပါ။”
စကားဆုံးသည်နှင့် တစ်ပြိုင်နက် ရွှေယီပိုင်သည် ဖန်ကျန်းရီထံသို့ ပြေးဝင်လာကာ သူ၏ ရင်ခွင်တွင်း၌ ခေါင်းဝှက်လျက် တိုးတိတ်စွာ ညည်းတွားလိုက်၏။ “သခင်လေး... ကျွန်မမှာ မိသားစု မရှိတော့ဘူး၊ ချန်တယ်ရှန်းလည်း မရှိဘူး။ ကျွန်မကို ခေါ်သွားပါ၊ သခင်လေး ခိုင်းတာ အကုန်လုပ်ပါ့မယ်။”
သောက်ကျိုးနည်း။ ထပ်လာပြန်ပြီလော။
ဖန်ကျန်းရီသည် ဗီရိုဆီသို့ ထပ်မံ ကြည့်လိုက်မိပြန်သည်။ ဗီရိုတံခါးမှာ အနည်းငယ် ဟနေသယောင် ရှိ၏။
နှလုံးသားမှာ ပြန်လည် ခုန်ပေါက်လာပြန်ချေပြီ။
ခိုင်းစေသမျှ အကုန်လုပ်မည် ဟုတ်လား။ ထိုအရာကတော့ အလွန်ပင်... မဖြစ်ချေ မဖြစ်ချေ... ဘာမှမသိနားမလည်သော မိန်းကလေးတစ်ဦးကို လှည့်စားခြင်းကား အလွန်တရာ ရက်စက်ရာ ကျလှသည်။
“တကယ် ဘာလုပ်ခိုင်းခိုင်း လုပ်မှာလား။”
“အင်း။”
“ငါ မင်းကို အပြင်ထွက်ပြီး တံခါးပိတ်ဖို့ အမိန့်ပေးတယ်၊ သွားအိပ်တော့။”
“...”
ရွှေယီပိုင်သည် ခေါင်းမော့လာကာ ရှက်ရွံ့ခြင်း၊ ဒေါသထွက်ခြင်းများ ရောယှက်နေသော အကြည့်ဖြင့် ဖန်ကျန်းရီ အား စိုက်ကြည့်၏။
သူမ ဤအဆင့်ထိ လုပ်ပြသည်ကို အရူးလိုဆက်ပြီး ဟန်ဆောင်အုံးမှာလား။
ဖန်ကျန်းရီသည် သူမ၏ စူးရှသော အကြည့်များကြောင့် အနည်းငယ် အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရကာ ရှက်ကိုးရှက်ကန်း ပြောလိုက်သည်။ “ဒီကိစ္စကို ထပ်မပြောပါနဲ့တော့၊ မင်းကို ခေါ်သွားလို့ မရဘူး။”
ရုတ်တရက် ရွှေယီပိုင်၏ မျက်ရည်စက်များသည် မျက်ခမ်းစပ်မှနေ၍ ဖြည်းညင်းစွာ ကျဆင်းလာခဲ့၏။
ထို့နောက် ဖန်ကျန်းရီ၏ ရင်ခွင်အတွင်းသို့ တဖြည်းဖြည်း ပြန်လည် တိုးဝင်သွားကာ ရှိုက်ကြီးတငင် ငိုယိုရင်း ပြောဆို၏။ “သွားခါနီးမှာ ချန်တယ်ရှန်းက ကျွန်မကို ပြောတယ်... ဒီတစ်ခေါက်သွားတာ တစ်နှစ်၊ ခြောက်လလောက် ကြာမှ ပြန်လာနိုင်မယ်၊ ပြီးတော့ အရမ်းအန္တရာယ်များတယ်တဲ့။
ကျွန်မ သခင်လေးနဲ့ လိုက်မယ်၊ ကျွန်မမှာ... မိသားစု မရှိတော့ဘူး။ သခင်လေးက ကျွန်မရဲ့ မိသားစုပဲ...”
သူမက မျက်ရည်ဖြိုင်ဖြိုင်ကျကာ ငိုယိုနေလေရာ ဖန်ကျန်းရီလည်း မည်သို့ပြုလုပ်ရမည်ကို မသိတော့ဘဲ၊ သူမ၏ ဆံကေသာကို ပွတ်သပ်ချော့မြှူပေးရုံမှအပ အခြား ဘာမှ မတတ်နိုင်တော့ချေ။
ရွှေယီပိုင်က အံကြိတ်ကာ ခေါင်းကို မော့လျက် သတ္တိမွေး၍ မေးလိုက်သည်။ “ဘာလို့ ဒီလောက် အကြာကြီး ကျွန်မကို လာမတွေ့တာလဲ၊ အရင်တုန်းက ကျွန်မကို လက်ထပ်မယ်လို့ ပြောတာ လိမ်တာလား။”
ဟင် …။
ဤတစ်ခဏ၌ ဖန်ကျန်းရီ၏ ဦးရေပြားတစ်ခုလုံး ပေါက်ကွဲထွက်မတတ် ခံစားလိုက်ရ၏။
ငါ မင်းကို လက်ထပ်မယ်လို့ ဘယ်တုန်းက ပြောခဲ့တာလဲ။ ကိုယ့်ဘာသာ စိတ်ကူးယှဉ် အိမ်မက်တွေ မက်နေတာ မဟုတ်လား။
သာမန်အချိန်များ၌ မင်းသမီးနှစ်ပါးလုံးကို လက်ထပ်ရန် စိတ်ကူးယဉ်ဖူးခဲ့သည်မှာ မှန်သော်ငြားလည်း၊ ၎င်းမှာ စိတ်ကူးသတ်သတ်မျှသာ ဖြစ်သည်။ သူ စိတ်ထဲရှိ စကားများကို နှုတ်မှ ထုတ်ပြောမိပြီး မေ့လျော့ နေခဲ့ခြင်းများလား။
ဗီရိုထဲတွင် ပုန်းအောင်းနေသော လော့နင်ရှင်း၏ ခန္ဓာကိုယ်လေးမှာ တုန်ခါသွားခဲ့၏။ လက်သီးအစုံကိုလည်း မသိမသာ တင်းကျပ်စွာ ဆုပ်မိသွားသည်။
ယခင်က ဖန်ကျန်းရီ သူမထံသို့ စာရေးသားပေးပို့စဉ်ကလည်း သူမကို လက်ထပ်မည်ဟု ပြောဆိုခဲ့ဖူးသည်။
ဘာတဲ့... ကျုပ်နဲ့ ဘုန်းကြီး ဘာကွာလဲ သိလား။ ဘုန်းကြီးက တရားရှာတယ်၊ ကျုပ်က မင်းကိုရှာတယ်။ (တရုတ်လို ဘုန်းကြီး ကျမ်းစာယူတာနဲ့ မိန်းမယူတာ အသံထွက်တူပါတယ်)
ရင်ခုန်ကြည်နူးဖွယ် စကားများပင်။ သို့ပေမည့် ဤကဲ့သို့သော စကားမျိုးကို လူမည်မျှလောက်ကို ပြောဆိုခဲ့ပြီးပြီနည်း။
အပိုင်း (၄၂၅) ဗီရို လှုပ်သွားသည်။
“ဒေါက်”
ဗီရိုထဲမှ အသံတစ်ချက် ထွက်ပေါ်လာရာ ဖန်ကျန်းရီနှင့် ရွှေယီပိုင်တို့ ပြိုင်တူ လှည့်ကြည့်လိုက်ကြ၏။
ရွှေယီပိုင်က မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် မေးလိုက်သည်။ “ဗီရို လှုပ်သွားတာလား။”
ဗီရိုလှုပ်သွားသည်မှာ သေချာလှ၏။ ဖန်ကျန်းရီသည် ဆက်၍ မကစားချင်တော့ချေ။ ဤညတော့ နေရသည်မှာ သေချင်စရာပင် ဖြစ်တော့၏။
ဖန်ကျန်းရီသည် ရင်ထဲ၌ ညည်းတွားနေသော်လည်း နှုတ်မှမူ အလျင်အမြန် ပြောလိုက်သည်။ “ကြွက် … ကြွက်အကြီးကြီးပဲ။”
“ဒေါက်။”
ဗီရိုဆီမှ နောက်တစ်ချက် ထပ်မံမြည်ဟည်းလာပြန်သည်။
ရွှေယီပိုင်သည် ဗီရိုအား စိုက်ကြည့်နေရင်းမှ ဖန်ကျန်းရီ၏ ရင်ခွင်ထဲသို့ အလိုအလျောက် တိုးဝင်သွား၏။ ထို့နောက် သူမက အံ့အားသင့်စွာ မေးလိုက်၏။ “အသံက အကျယ်ကြီးပဲ … ဘယ်လောက်ကြီးတဲ့ ကြွက်ကြီးလဲ။”
“အိမ်မှာ အစားကောင်းတော့ ကြွက်ကလည်း သေးမှာမဟုတ်ဘူး … သူ့ကို ဂရုမစိုက်နဲ့။” ဖန်ကျန်းရီသည် သူမ၏ ခေါင်းကို အမြန်လှည့်လိုက်သည်။
သတိပြန်ဝင်လာသော ရွှေယီပိုင်သည် ဖန်ကျန်းရီအား ပြန်ကြည့်လိုက်ကာ သူ၏ အဖြေကို မျှော်လင့်နေသည်။ ဖန်ကျန်းရီသည် သူမ၏ အကြည့်ကို မြင်လိုက်ရသောအခါ လန့်သွား၏။
အပြစ်ရှိသလို ခံစားလိုက်ရပြီး မျိုးစုံသော အပြစ်ရှိမှုများက ကြီးစိုးလာသည်။ သူမအား လက်ထပ်မည်ဟု ဘယ်အချိန်က ပြောခဲ့မိသနည်းဆိုသည်ကို သူ တကယ်စဉ်းစား၍ မရနိုင်တော့ပေ။
မည်သို့ပင်ဖြစ်စေ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးသော သူတစ်ယောက်အနေဖြင့် မိန်းကလေးတစ်ဦး၏ ခံစားချက်ကို လှည့်စားရန်အထိ အဆင့်မနိမ့်ကျချေ။ အကယ်၍ လုပ်ခဲ့သည်ဆိုလျှင်တောင် အကြောင်းပြချက် တစ်ခုခု ရှိနေမည်သာ ဖြစ်သည်။
ခဏကြာ စောင့်ဆိုင်းနေခဲ့သော်လည်း ရွှေယီပိုင်သည် သူ့ထံမှ အဖြေကို မရရှိခဲ့ပေ။ သူမ၏ မျက်လုံးများထဲတွင် ကြီးမားသော ဝမ်းနည်းမှုများ ချက်ချင်း ဖုံးလွှမ်းသွားခဲ့ပြီးနောက် ဖြည်းညင်းစွာ ထရပ်ကာ အပြင်ဘက်သို့ လျှောက်သွား၏။
ဖန်ကျန်းရီ လန့်သွားပြီး အမြန်ဆွဲကာ မေးလိုက်သည်။ “ဘာလို့ သွားတာလဲ။”
ရွှေယီပိုင်က ကိုယ့်ကိုယ်ကိုယ် သရော်သော အပြုံးဖြင့် ဆို၏။ “တောင်းပန်ပါတယ် … ကျွန်မ အထင်လွဲနေတာပါ … ကျွန်မက ချန်နိုင်ငံက အကြွင်းအကျန်ဆိုတော့ ရှင့်ကို နှောင့်နှေးစေမှာ စိုးလို့ပါ။”
ဖန်ကျန်းရီ ခေါင်းကိုက်သွား၏။ မိန်းမများဆိုသည်မှာ တကယ့်ကို ခံစားချက် ပြင်းထန်သော သတ္တဝါများပင် ဖြစ်သည်။ ဘယ်လိုဖြစ်၍ ပြဿနာ ပြန်ရှာနေရပြန်သနည်း။
ဖန်ကျန်းရီသည် သူမအား ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး တည်ကြည်စွာဖြင့် ပြောလိုက်သည်။ “ဘာတွေ လျှောက်ပြောနေတာလဲ … ငါသာ မင်းရဲ့ နောက်ခံကို ဂရုစိုက်ရင် အိမ်မှာ ထားပါ့မလား။”
ရွှေယီပိုင်၏ မျက်နှာလေးမှာ နီမြန်းသွားပြီး ရုန်းထွက်ရန် ကြိုးစားသော်လည်း သူက တင်းကျပ်စွာ ဖက်ထားသဖြင့် မရခဲ့ပေ။
“ဒါဆို အရင်တုန်းက ရှင် မင်းသမီးနဲ့ လက်ထပ်ရင် ဧကရာဇ်ကို ဘယ်လိုခေါ်ရမလဲလို့ မေးတာ ဘာသဘောလဲ။” သူမက တိုးတိုးလေး မေးလိုက်၏။
ဤသည်က ပြဿနာ၏ အရင်းအမြစ်ပင် ဖြစ်သည်။ ဘာသဘောနည်း။ သူ အဲဒီတုန်းက ဘာသဘောမှ မရှိခဲ့ချေ။ ပါးစပ်ယား၍ မေးလိုက်သည်ကို အတည်မှတ်နေသည်လား။
ဖန်ကျန်းရီ ရယ်ရခက် ငိုရခက် ဖြစ်သွားပြီး ရှင်းပြလိုက်၏။ “မင်း တွေးနေတဲ့ သဘောပါပဲ။”
လိုချင်သော အဖြေကို ရသွားသောအခါ ရွှေယီပိုင်၏ ရင်ထဲ၌ ရုတ်တရက် တည်ငြိမ်သွားခဲ့ပြီး သူ၏ ရင်ဘတ်ကို မှီကာ နူးညံ့စွာ ပြောလိုက်သည်။
“ကျွန်မ သိပါတယ် … ကျွန်မရဲ့ နောက်ခံက ပြဿနာတစ်ခုဆိုတာ … ကျွန်မ ဘာရာထူးမှလည်း မလိုချင်ပါဘူး … ရှင့်ကို မထိခိုက်စေချင်ရုံပါ … ဒါပေမဲ့ ဒီတစ်ခေါက် အပြင်သွားရင် ကျွန်မကို သေချာပေါက် ခေါ်သွားပါ … မဟုတ်ရင် ကျွန်မ စိတ်မအေးဘူး။”
ထိုစကားကို ကြားသောအခါ ဖန်ကျန်းရီ၏ ရင်ထဲတွင် အပြစ်ရှိစိတ် ပိုမို ကြီးမားသွား၏။ ဤမျှ သေးငယ်သော တောင်းဆိုမှုလေးသည် သူ့အတွက်သာ ဖြစ်ပြီး လက်မခံခဲ့လျှင် အရမ်းလွန်ရာ ကျသွားပေလိမ့်မည်။ တိုင်းပြည် ပျက်သွားသော မင်းသမီးလေးမှာ သူ့ထံတွင် အစေခံ လုပ်နေရပြီး အခုလည်း ဤမျှ သတ္တိရှိရှိ ဖွင့်ပြောနေခြင်းပင်။
ပိုင်ဆိုင်မှုများ အားလုံးမှာလည်း သူ၏ လက်ထဲသို့ ရောက်ရှိနေလေပြီ။ ရွှေယီပိုင်နှင့် ချန်တယ်ရှန်းတို့ ထပ်မံ၍ ပြဿနာမရှာအောင် ကာကွယ်ရန် ဆိုသော်ငြားလည်း တကယ်တမ်းတွင်မူ ငွေရော၊ လူရော၊ ခံစားချက်ကိုပါ လိမ်လည်သကဲ့သို့ ဖြစ်နေခြင်းက လူ့ကျင့်ဝတ်နှင့် မညီညွတ်ပေ။
ဤမျှ အချိန်ကြာမြင့်စွာ အတူနေလာခဲ့ရာ သူမက လှလည်းလှသလို စကားကိုလည်း နားထောင်ပြီး မာနကြီးသော စရိုက်မှာလည်း လုံးဝ ပျော့ပျောင်းသွားခဲ့ပြီ ဖြစ်သည်။ ရွှေယီပိုင်အပေါ် နည်းနည်းလေးမှ ခံစားချက်မရှိ၊ မကြိုက်ဘူးဆိုသည်မှာ မဖြစ်နိုင်ချေ။ တကယ်၍ လက်ထပ်မည်ဆိုလျှင် ရာထူးတော့ သေချာပေါက် ပေးရပေမည်။ ဤမျှ တာဝန်ယူမှုမရှိဘဲ မပေးဘူးဆိုလျှင် သူက တာဝန်မယူသော ယောက်ျားတစ်ယောက် ဖြစ်သွားပေလိမ့်မည်။
သို့ပေမည့် မြောင်ဟန်ဘက်ကရော …
ထားလိုက်ပါတော့။ စည်းမျဉ်းများဆိုသည်မှာ လူတွေ လုပ်ထားခြင်းသာ ဖြစ်ပြီး အခြေအနေကို ကြည့်၍ ရှင်းရပေတော့မည်။
ဖန်ကျန်းရီသည် ရွှေယီပိုင်အား မတ်မတ်ရပ်စေလိုက်ပြီး တည်ကြည်စွာ ပြောလိုက်၏။
“ကောင်းပြီ … မင်းကို ခေါ်သွားမယ်။”
“ဒေါက်။”
“ခဏနေရင် အဲဒီကြွက်ကို သတ်ပစ်မယ် … မင်းကို ခေါ်သွားလို့ရတယ် … ဒါပေမဲ့ လမ်းမှာ အရာအားလုံး ငါ့အစီအစဉ်အတိုင်း လုပ်ရမယ် … ကိုယ့်သဘောနဲ့ကိုယ် မလှုပ်ရှားရဘူး … နားလည်လား။”
ရွှေယီပိုင်၏ မျက်လုံးများထဲတွင် ဝမ်းသာသော အရိပ်အယောင်လေး ဖြတ်ပြေးသွားပြီး တက်ကြွစွာ ဖြေလိုက်၏။ “နားလည်ပါတယ်။”
“ပြီးတော့ နောက်ဆို မင်းရဲ့ နောက်ခံကို ဂရုစိုက်မနေနဲ့တော့ … မင်းက အခု တောက်ယွမ်ခရိုင်က လူဖြစ်နေပြီ … အရင်ကိစ္စတွေ အကုန်ပြီးသွားပြီ … ငါက မင်းအပေါ် ဒီလောက်ကောင်းတာ မင်းကို ရာထူးမပေးဘဲ နေပါ့မလား။”
ရွှေယီပိုင်၏ မျက်နှာပေါ်တွင် အပြုံးလေးများ ဖြည်းညင်းစွာ ပေါ်လာပြီး ရှက်သွေးဖြာလျက် ဖန်ကျန်းရီ၏ ရင်ဘတ်ဆီသို့ ထပ်မံကပ်လာ၏။ ထို့နောက် တိုးတိုးလေး အဖြေပေးလိုက်သည်။ “အင်း”
ဖန်ကျန်းရီသည် တောင့်တောင့်ကြီးဖြင့် မေးလိုက်၏။ “ဒါနဲ့… မင်းသမီးကို လက်ထပ်ပြီးရင် တခြားမိန်းမတွေကို ထပ်လက်ထပ်လို့ ရသေးလား။”
ရွှေယီပိုင် ကြောင်သွားသည်။ ပြီးနောက် ရင်ထဲ၌ ချိုမြိန်စွာဖြင့် ပြောလိုက်သည်။ “ရှင် ဘယ်လောက် လက်ထပ်ချင်ချင် ရတယ် … ဘယ်ယောက်ျားက မယားကြီး ၊ မယားငယ် အများကြီး မရှိလို့လဲ … တစ်ယောက်တည်း လက်ထပ်ရင် သူများတွေ လှောင်လိမ့်မယ်။”
ဖန်ကျန်းရီ၏ ရင်ထဲမှ အပူလုံးကြီး ချက်ချင်း ကျသွားတော့၏။ တော်သေးတာပေါ့။ တော်သေးတာပေါ့။ မင်းသမီးများသာ ဖြစ်သဖြင့် အတွေးအခေါ်များလည်း တူလောက်ပေမည်။ မြောင်ဟန်ကသာ စိတ်ထဲတွင် သဘောထား မသေးသိမ်ပါက စည်းမျဉ်းများကို ဂရုစိုက်စရာ မလိုဘဲ လှည့်စား၍ ရနိုင်၏။
ဤသို့ တွေးလိုက်မိသောအခါ စိတ်လည်း ရှင်းသွားသလို အသက်ရှူရသည်မှာလည်း ချောင်သွားသည်။
သို့ပေမည့် သကောင့်သားလေးက ပြန်၍ ခေါင်းထောင်လာပြန်ချေပြီ။
ရွှေယီပိုင်သည် ခါးလေးကို ညင်သာစွာ လှုပ်ရှားလိုက်ရင်း ပါးစပ်ဟ၍ မေးခါနီးတွင်ပင် ဖန်ကျန်းရီက အရင် ပြောလိုက်သည်။ “မင်း ငါ့ရဲ့ ကျောက်စိမ်းပြားကို ဖိထားတယ်။”
ရွှေယီပိုင်က မေးလိုက်၏။ “ကျောက်စိမ်းပြားက ခါးဘေးမှာ ထားတာမဟုတ်ဘူးလား … ဘယ်သူက အလယ်မှာ ထားလို့လဲ။”
ဖန်ကျန်းရီက ပြန်ဖြေလိုက်သည်။ “ငါ့ရဲ့ ကျောက်စိမ်းပြားက နည်းနည်း ကြီးတယ် … ဘေးမှာထားရင် အရမ်းလေးတယ် … လမ်းလျှောက်ရင် ဟန်ချက်မညီဘူး။”
ရွှေယီပိုင်သည် ရယ်မောလိုက်မိ၏။ မျက်လွှာပင့်ကာ ဖန်ကျန်းရီအား ကြည့်လိုက်သည်။ ဤလူက တကယ်ကို ဘယ်နေရာမှ မတူဘဲ အကုန်လုံး ကွဲပြားနေခြင်းပင်။ ပထမဆုံး တွေ့စဉ်ကတောင် လက်ညှိုးဖြင့် …
ဤအကြောင်းကို တွေးမိသောအခါ သူမ၏ ရင်ထဲတွင် မတားဆီးနိုင်သော ရှက်ရွံ့မှုများ ဖြစ်ပေါ်လာ၏။
ဖန်ကျန်းရီသည် သူမ၏ နီမြန်းနေသော မျက်နှာလေးနှင့် ရေလို ကြည်လင်နေသည့် မျက်လုံးလေးများ၏ ချစ်စရာကောင်းသော ပုံစံကို ကြည့်ရင်း ခေါင်းကို အလိုအလျောက် ငုံ့သွားမိသည်။
ရွှေယီပိုင်မှာ မည်သို့ ဖြစ်လာမည်ဆိုသည်ကို သိနေသော်ငြား နှလုံးသားကမူ ဒိန်းဒိန်းဒိုင်းဒိုင်း ခုန်နေဆဲ ဖြစ်၏။ မျက်လုံးများ မှိတ်ထားကာ ဖန်ကျန်းရီ နီးကပ်လာမည့် အချိန်အား စောင့်ဆိုင်းနေမိ၏။
ဤအချိန်တွင် ဖန်ကြီးက အရမ်းဆိုးနေသည် မဟုတ်ချေ။ သူသည် သကောင့်သားလေး၏ ထိန်းချုပ်မှုကို ခံလိုက်ရသဖြင့် ကိုယ့်လုပ်ရပ်ကိုကိုယ် မထိန်းချုပ်နိုင်တော့ခြင်းသာ ဖြစ်သည်။ ထိတွေ့လိုက်သော အခိုက်အတန့်၌ပင် ရွှေယီပိုင်၏ ခန္ဓာကိုယ် တစ်ခုလုံး တုန်ခါသွားခဲ့ပြီး အရိုးအကြောများ ပျော့ခွေသွားကာ ခါးမှ အားများလည်း လျော့ကျသွားခဲ့သည်။
ဖန်ကျန်းရီက အလိုအလျောက် လက်လှမ်းကာ ဖက်ထားလိုက်ပြီး လျှာလေး ထွက်လာခါနီးတွင်ပင် တံခါးခေါက်သံ ထပ်မြည်လာပြန်သည်။
ရွှေယီပိုင် လန့်ဖျပ်သွားပြီး ဖန်ကျန်းရီအား တွန်းထုတ်လိုက်ကာ ဘာလုပ်ရမှန်းမသိဘဲ ဘယ်ညာသို့ ကြည့်နေ၏။
ရွှေယီပိုင်က အလန့်တကြား မေးလိုက်သည်။ “ကျွန်မ ဘယ်မှာ ပုန်းရမလဲ။”
ဖန်ကျန်းရီက ပြောလိုက်သည်။ “ဗီရို … မဖြစ်ဘူး … ဗီရိုထဲမှာ ကြွက်ရှိတယ် … ကုတင်ပေါ် ပုန်း။”
ရွှေယီပိုင်သည် ကုတင်ပေါ်သို့ အမြန် ပြေးတက်သွားပြီး ကုတင်ခန်းဆီးကို ဆွဲချကာ ကုတင်နောက်၌ ပုန်းနေလိုက်သည်။
ဖန်ကျန်းရီက ဒေါသတကြီးဖြင့် တံခါးဝဆီသို့ လှမ်းအော်လိုက်၏။ “သောက်ကျိုးနည်း … ဘယ်သူလဲ … သန်းခေါင်ယံကြီး လူကို အိပ်ခွင့်မပေးဘူးလား … ဝင်ခဲ့။”
တံခါးပွင့်သွားသောအခါ ကျန်းပြောင်၏ မျက်နှာကြီး ပေါ်လာသည်။ အပြစ်ကင်းသော အကြည့်ဖြင့် ဖန်ကျန်းရီအား ကြည့်လိုက်ပြီး လေးလံသော အသံဖြင့် ပြောလိုက်လေ၏။ “သခင်လေး … ကျုပ်ပါ။”
တစ်ဝက်ခန့် ဝင်ပူးနေသော သကောင့်သားလေးမှာ ကျန်းပြောင်၏ ယောက်ျားဆန်မှုများကြောင့် လန့်ကာ ပြန်ဆုတ်သွားချေပြီ။ ကာမရာဂစိတ်များက ဒေါသစိတ်အဖြစ် အောင်မြင်စွာ ပြောင်းလဲသွားခဲ့ပြီး ဖန်ကျန်းရီသည် ဒေါသထွက်လွန်းသဖြင့် အော်လိုက်သည်။ “သောက်ကျိုးနည်း … မင်းလည်း ငါနဲ့ အတူလိုက်ချင်လို့လား။”
ကျန်းပြောင်က နားမလည်စွာဖြင့် မေးလိုက်၏။ “ဘယ်သွားမှာလဲ။”
“…”
ဖန်ကျန်းရီသည် မျက်နှာပျက်ပျက်ဖြင့် မေးလိုက်သည်။ “ပြောလေ … ဘာကိစ္စလဲ။”
ကျန်းပြောင်က ရှေ့တစ်လှမ်းတိုးလိုက်ပြီး အင်္ကျီထဲမှ ဓားမြှောင်တစ်လက် ထုတ်ကာ ပြောလိုက်၏။ “သခင်လေး အပြင်သွားတော့မယ်ဆိုတော့ ကျုပ်ကလည်း ဘေးမှာ မရှိဘူးလေ … အဲဒါကြောင့် လက်နက်တစ်ခုလောက် ယူသွားတာ ကောင်းမယ်လို့ တွေးမိတယ် … ဒီဓားမြှောင်ကို သေနတ်စက်ရုံကနေ ယူလာတာ … အောက်ခြေကနေ ကျည်ဆန် ပစ်ထုတ်လို့ရတယ်။”
ဖန်ကျန်းရီသည် လုံးဝ ဒေါသထွက်စရာ စကားရှာမရတော့သောကြောင့် ပြောလိုက်မိသည်။ “မနက်ဖြန်မှ ပေးလည်း ရတာပဲမဟုတ်ဘူးလား။”
ကျန်းပြောင်က ပြန်ဖြေလိုက်၏။ “မနက်ဖြန် မေ့သွားမှာ စိုးလို့ပါ။”
ကောင်းပြီ … အကြောင်းပြချက်က အရမ်းကို ခိုင်လုံသည်။ ဖန်ကျန်းရီသည် ဘာမှပြောစရာ မရှိတော့ဘဲ လက်ယမ်းပြလိုက်ကာ ပြောလိုက်၏။ “အေး … သိပြီ … မြန်မြန် ပြန်အိပ်တော့။”
ကျန်းပြောင်က ပစ္စည်းချထားခဲ့ပြီး စကားပိုတစ်ခွန်းမှ မဆိုတော့ဘဲ လှည့်ထွက်သွားသည်။ သူ အဝေးသို့ ရောက်သွားသည်ကို မြင်သောအခါ ဖန်ကျန်းရီသည် အမြန်ပင် ကုတင်ပေါ်သို့ ပြန်တက်သွား၏။
ရွှေယီပိုင်က ကုတင်ပေါ်မှနေ၍ ပေါ့ပါးစွာ ခုန်ဆင်းလာခဲ့ပြီး ဖန်ကျန်းရီအား လှပစွာ ပြုံးပြလိုက်ရင်း ဆိုသည်။ “ကျွန်မ သွားတော့မယ် … ပြန်သွား ပြင်ဆင်လိုက်ဦးမယ် … မနက်ဖြန် အတူတူ ထွက်ကြတာပေါ့။”
ဖန်ကျန်းရီက အရှက်မရှိ ပြောလိုက်၏ “နောက်တစ်ခါ ထပ်နမ်းအုံး။”