အခန်း (၄၂၉-၄၃၁)
Vol. 24 Ch. 429-431
အပိုင်း (၄၂၉) ခင်ဗျား ကျောက်ကပ်အားနည်းချင်ယောင် ဆောင်လိုက်။
ယောကျာ်းတွေ ... မိန်းမတွေ ... လူတစ်စု ... ။
ကမ္ဘာကြီးက ကျယ်ဝန်းလှသောကြောင့် ထူးဆန်းသည့် အရာဆိုသည်မှာ မရှိမဖြစ်ပင်။ ဤကဲ့သို့သော ကိစ္စမျိုးကိုလည်း အမြဲလိုလို ကြားဖူးနေကျ ဖြစ်သည်။
ယောကျာ်း မိန်းမ အုပ်စုလိုက်ကို ထားလိုက်ပါဦး။ ယောကျာ်းသီးသန့် အုပ်စုလိုက်ကိုတောင် ကြားဖူးနေကျ မဟုတ်ပါလား။
တာ့ကျင်းတိုင်းပြည်၏ နေ့စဉ်ဘဝတွင် ဖျော်ဖြေရေး လုပ်ငန်းများ သိပ်မရှိလှချေ။ လူအများစုမှာ စာမေးပွဲ ဖြေဆိုရန်အတွက်သာ စာဖတ်ကြသည်။
စာဖတ်ခြင်းအပြင် နွေဦးရာသီ ပန်းခြံများတွင် လမ်းလျှောက်ခြင်း၊ ပြဇာတ်ကြည့်ခြင်း၊ စစ်တုရင် ကစားခြင်းတို့က ဖျော်ဖြေရေး၏ ရှစ်ဆယ်ရာခိုင်နှုန်းခန့်ကို လွှမ်းခြုံထားသည်။အကြီးမားဆုံးသော ဖျော်ဖြေရေးကတော့ ထိုကိစ္စပင် ဖြစ်၏။
ရှဲ့ရှန်း၏ တစ်ကိုယ်လုံးကို ကြီးမားလှသော အဓိပ္ပာယ်မဲ့သည့် ခံစားချက်ကြီးတစ်ခုက လွှမ်းခြုံသွားသည်။
ဤကိစ္စကို ပြောရလျှင် သိမ်မွေ့သော်ငြား တကယ်တမ်း ကစားရမည်ဆိုပါက ရွံရှာဖွယ်ကောင်းလှသည်။ ကိုယ့်အလှည့် ရောက်လာပါက လက်ခံနိုင်စရာ အကြောင်းမရှိချေ။ အရေးအကြီးဆုံးအချက်မှာ လွန်ခဲ့သောနှစ်များက မြို့ဝန်ရုံးတော်တွင် သူ မြင်တွေ့ခဲ့ရခြင်းပင်။
ရှဲ့ရှန်းက ရွံရှာမှုကို သည်းခံကာ မေးလိုက်၏။ “ခင်ဗျား ဆိုလိုတာက ... ။”
“ခင်ဗျား တွေးနေတဲ့ အဓိပ္ပာယ်ပဲ။” ဒူလင်ဖုန်းက အလျင်အမြန်ပင် စကားဖြတ်ပြောလိုက်သည်။
သူလည်း လက်မခံနိုင်သော်ငြား လွီမိသားစုအတွက် အလုပ်လုပ်ပေးနေရပြီး သူတစ်ပါးကို မှီခိုနေရသူ ဖြစ်သည်။ သခင်ဖြစ်သူက ကစားခိုင်းပါလျက်နှင့် မကစားလျှင် မျက်နှာသာမပေးရာ ကျပေလိမ့်မည်။ ထိုသို့ဆိုပါက နောင်တွင် မည်သို့ ရပ်တည်နိုင်မည်နည်း။
ရှဲ့ရှန်းက စားပွဲပေါ်တွင် ချထားသော ဟင်းလျာများကို ကြည့်ရင်း ရုတ်တရက် အော့အန်ချင်စိတ်များ ပေါ်လာကာ ကိုင်ထားသော အရက်ခွက်ကို ညင်သာစွာ ပြန်ချလိုက်သည်။ သူက အေးစက်စက် ပြောလိုက်၏။ “ကျုပ်တော့ မသွားတာပဲ ကောင်းမယ် ထင်တယ်။ ခင်ဗျား သခင်လေးလွီကို ဒီနေ့ ကျုပ် မလာတော့ဘူးလို့ ပြောလိုက်ပါလား။”
“မလုပ်နဲ့။ ခင်ဗျား သွားကို သွားရမယ်။ ဒီနေ့ ခင်ဗျားအပြင် တခြား လူသစ်တွေလည်း ရှိသေးတယ်။ သခင်လေး က ခင်ဗျားတို့ အကုန်လုံးကို ခေါ်ချင်တာ။ ခင်ဗျား မသွားရင် သူ့မျက်နှာ ပျက်လိမ့်မယ်။ နောက်ပိုင်း ခင်ဗျား ဒုက္ခရောက်လိမ့်မယ်။” ဒူလင်ဖုန်းက သတိပေးလိုက်သည်။
ရှဲ့ရှန်းက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်၏။ “ဒါက တစ်လကျော်လောက် ရှိနေပြီ။ သူ့ကို ကြည့်ရတာ နည်းနည်း ထူးဆန်းနေသလိုပဲ။ ဒါပေမဲ့ ခင်ဗျား ပြောသလောက်တော့ မဆိုးရွားပါဘူး။”
“ကျွတ် ... ။”
ဒူလင်ဖုန်းက အနေရခက်သော မျက်နှာဖြင့် ပြောလိုက်သည်။ “အဲဒါ ခင်ဗျား တွေ့ရတဲ့ အချိန်တိုလို့လေ။ အစပိုင်းမှာတော့ အကုန်လုံးက ဖော်ရွေကြတာချည်းပဲ။ ခင်ဗျားက သူ့အတွက် ပိုက်ဆံရှာပေးနိုင်ရင် သူက ခင်ဗျားအပေါ် ပိုကောင်းလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျားက သူ့ဂုဏ်သိက္ခာကို ထိခိုက်အောင် လုပ်မိရင် ဒါမှမဟုတ် သူ့ကို နည်းနည်းလေး မကျေနပ်အောင် လုပ်မိရင်တော့ ပြဿနာတက်ဖို့သာ ပြင်ထားပေတော့။ ဒါပေမဲ့ သူ့ကို သဘောကျအောင် လုပ်နိုင်ရင်တော့ တခြားကိစ္စတွေက လွယ်ပါတယ်။ ပိုက်ဆံပေးတာလည်း အရမ်း ရက်ရောတယ်။”
ဒူလင်ဖုန်းက ပြောရင်းနှင့် လက်ဖက်ရည်ခွက်ကို ကိုင်ကာ တစ်ငုံ သောက်လိုက်ပြီး အတိတ်ကို ပြန်လည်တွေးတောနေဟန်ဖြင့် ဆက်ပြော၏။
“ကျုပ် သူ့ကို စသိတုန်းက ဒီလောက်ထိ မဆိုးရွားသေးဘူး။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ သခင်လေးလွီရဲ့ လိုအင်ဆန္ဒတွေက ပိုပိုကြီးလာတယ်။ သာမန် ကစားနည်းတွေက သူ့ကို မကျေနပ်နိုင်တော့ဘူးလေ။ သူက သူ့မယားငယ်ကိုတောင် ခင်ဗျားဆီ ပေးခဲ့တာ မတွေ့ဘူးလား။ မယားငယ်ကို ထားလိုက်အုံး။ မနှစ်က ကျုပ် တော်တော်လေး ပိုက်ဆံရှာပေးနိုင်ခဲ့တော့ သူ ပျော်သွားပြီး သူ့ရဲ့ တရားဝင် မယားကိုတောင် ... ။”
ဒူလင်ဖုန်းက စကားမှားသွားမှန်း သိလိုက်သဖြင့် ချက်ချင်း ရပ်တန့်လိုက်ပြီး လက်ဖက်ရည်ကိုသာ တိတ်တဆိတ် သောက်နေလိုက်၏။
ရှဲ့ရှန်း အံ့အားသင့်သွားသည်။ “ခင်ဗျားက သခင်လေးလွီရဲ့ တရားဝင်မယားကိုတောင် ... ။”
“အယ် ... ထားပါ။ ကျုပ်တို့ ညဘက် ဘယ်လိုလုပ်ရမလဲဆိုတာ တိုင်ပင်ရအောင်ပါ။ ဒီအသုံးမဝင်တဲ့ စကားတွေ ဆက်မပြောကြပါနဲ့တော့။ ခင်ဗျားရဲ့ အခုပုံစံကို ကြည့်ရတာ ညဘက်ရောက်ရင် သူ့ကို ကျိန်းသေပေါက် ဒေါသထွက်အောင် လုပ်မိလိမ့်မယ်။” ဒူလင်ဖုန်းက ပြောလိုက်၏။
“ဒါဆိုရင် ကျုပ် အရက်များများ သောက်ပြီး မူးချင်ယောင် ဆောင်လိုက်ရင်ရော။ ကျုပ်ကို မ သွားဖို့ မမေ့နဲ့အုံး။”
“မရဘူး။ သခင်လေးလွီ မမူးခင် ခင်ဗျားက အရင်မူးသွားရင် သူက လူလွှတ်ပြီး ခင်ဗျားကို နှိုးခိုင်းလိမ့်မယ်။ အလကားနေရင်း အပြစ်ပေးခံရလိမ့်မယ်။”
ဒူလင်ဖုန်းက ခေါင်းခါလိုက်ပြီး ရှဲ့ရှန်းကို အထက်အောက် အကဲခတ်လိုက်၏။ “ဟူး ... ခင်ဗျား ဒီရက်ပိုင်း တော်တော် ပိန်သွားတာပဲ။ ခင်ဗျား ကျောက်ကပ်အားနည်းနေတယ်လို့ပဲ ပြောလိုက်ပါလား။ ဒါဆိုရင် သူ ခင်ဗျားကို ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး။”
ရှဲ့ရှန်းက မျက်နှာရဲသွားပြီး ဒေါသတကြီး ပြောလိုက်သည်။ “ဘယ်သူက ကျောက်ကပ်အားနည်းတာလဲ။ ဘယ်သူလဲ။”
“ဟန်ဆောင်လိုက်ပါဗျာ။”
“မဆောင်ဘူး။”
ဒူလင်ဖုန်းက အနေရခက်မှုကို ဖုံးကွယ်ရန် လက်ဖက်ရည် သောက်ရင်း အကဲခတ်နေ၏။
တုံ့ပြန်မှုက ဒီလောက်တောင် ပြင်းထန်နေတာ ... တကယ်ပဲ ထိလွယ်ရှလွယ်တဲ့ နေရာကို အထိုးခံလိုက်ရလို့များလား။ ထားလိုက်ပါတော့ ဒီကိစ္စကို ဆက်မပြောတာပဲ ကောင်းပါတယ်။
ရှဲ့ရှန်းက တစ်ခါတစ်ရံ ဟင်းလျာများကို စားရင်း ပြဿနာ ဖြေရှင်းမည့် နည်းလမ်းကို ကြိုးစား တွေးတောနေသည်။
ဒါက အရမ်းကို ရွံစရာကောင်းလွန်းတယ်။ တကယ်လို့ ကိုယ့်လူတွေ သိသွားပြီး မြို့ဝန်ရုံးတော်ကို သတင်းပေါက်ကြားသွားရင် ဘယ်လိုလုပ်မလဲ။ တောင်ယွမ်မြို့ အဘိုးကြီး အဘွားကြီးတွေက အကုန် လျှောက်ပြောနေကြတော့မှာပဲ။ ဒါဆို သောက်ကျိုးနည်း လူဘယ်လို လုပ်ရဲတော့မလဲ။ ကလေးတွေက ငါ့ကို ဘယ်လို မြင်မလဲ။ အိမ်က ကျားမကြီး နှစ်ကောင်က ငါ့ကို ဆွဲဖြဲပစ်မှာ သေချာတယ်။
တွေးလေတွေးလေ ထိတ်လန့်လာလေ ဖြစ်ကာ ရှဲ့ရှန်း၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ အပြည့် ဖုံးလွှမ်းလာ၏။
ဒူလင်ဖုန်းက ဖြောင်းဖြလိုက်သည်။ “ကဲပါ ... ထပ်မတွေးပါနဲ့တော့။ ရောက်လာမှတော့လည်း အခြေအနေနဲ့ အညီ နေလိုက်ပါ။ အခုဆို ခင်ဗျား မိသားစုတွေလည်း ဟိုင်ယွမ်မြို့ကို ရောက်လောက်ပြီ။ တကယ်လို့ သခင်လေးလွီကို ဒေါသထွက်အောင် လုပ်မိလို့ သူ အရက်မူးပြီး ရူးသွပ်သွားရင် ခင်ဗျား အန္တရာယ် ကြုံရနိုင်တယ်။ အစ်ကိုရှဲ့ ... ခင်ဗျားရဲ့မိန်းမ မုဆိုးမ ဖြစ်သွားတာကိုတော့ မလိုချင်ဘူး မဟုတ်လား ... ။”
ရှဲ့ရှန်းက ရှုပ်ထွေးသော မျက်နှာထားဖြင့် နေလိုက်၏။ မုဆိုးမ။ မိန်းမဖြစ်သူ မုဆိုးမ ဖြစ်သွားမှာကို သူ တကယ် မစိုးရိမ်ချေ။
တောက်ယွမ်ခရိုင်၏ ဓလေ့ထုံးစံက အပြင်လောကနှင့် မတူညီချေ။ အကယ်၍ အပြင်မှာ တစ်ခုခုဖြစ်ပြီး သေသွားခဲ့လျှင် သူ၏ အလောင်း မအေးသေးခင် သခင်လေးက ထိုမိန်းမအတွက် ယောကျာ်းသစ် ရှာပေးဖို့ တက်ကြွစွာ ကူညီပေးလိမ့်မည်မှာ သေချာသည်။ သူက လူရာမဝင်တော့မည်ကိုသာ စိုးရိမ်နေခြင်း ဖြစ်၏။
ရှဲ့ရှန်းက လေးလံစွာ သက်ပြင်းချလိုက်ပြီး ရင်ထဲတွင် ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။
ထားလိုက်ပါတော့။ အဆိုးဆုံး အခြေအနေ ရောက်ရင်လည်း တာဝန်အတွက် ငါ တစ်ခါလောက် ထပ်ပြီး စတေးခံလိုက်ပါမယ်။
...
သူတို့နှစ်ယောက် လက်ဖက်ရည်ဆိုင်မှ ထွက်လာချိန်တွင် ကောင်းကင်က မှောင်မိုက်နေပြီ ဖြစ်သည်။
လမ်းမပေါ်တွင်လည်း ခရီးသွားလာသူများ မရှိတော့ချေ။ မြင်းများကို စီးကာ လွီမိသားစု၏ အိမ်တော်တံခါးဝသို့ ရောက်ရှိလာသည်။ ထုံးစံအတိုင်း ဝေါယာဉ်ကို စီးကာ အတွင်းဘက် အိမ်တော်သို့ သွားကြ၏။
အတွင်းဘက် အိမ်တော်တွင် မီးရောင်များ ထိန်လင်းနေပြီး နေရာအနှံ့တွင် မီးအိမ်များ ချိတ်ဆွဲထားသည်။
အစေခံများ၏ လမ်းညွှန်မှုဖြင့် သူတို့နှစ်ယောက် ဧည့်ခံရာ ခန်းမဆောင်အတွင်းသို့ ဝင်ရောက်လာကြ၏။
ခန်းမဆောင်အတွင်းရှိ စားပွဲနှင့် ကုလားထိုင်များကို အကုန်ဖယ်ရှားထားပြီး အစားအသောက် စားပွဲငယ် ခြောက်လုံးကို အတန်းနှစ်တန်း ခွဲ၍ ပြင်ဆင်ထားသည်။
ညဘက်ရောက်လျှင် အပူချိန်က နည်းနည်းအေးသဖြင့် အခန်းထောင့်များတွင် မီးသွေးဖိုငယ်တစ်ချို့ကို ချထား၏။
အစေခံမိန်းကလေးများက နေရာအသီးသီးတွင် အသင့်ရပ်နေကြသော်ငြား သူတို့၏ ဝတ်စားဆင်ယင်မှုက သာမန် ဝတ်စုံများနှင့် မတူဘဲ အထူးတလည် ပါးလွှာနေကြသည်။ ရှည်လျားသော ခြေတံများနှင့် သွယ်လျသော ခါးများကို ဖော်ပြထားရာ ဆွဲဆောင်မှု အလွန်များပြားလှသည်။
ရှဲ့ရှန်းက အခန်းထဲသို့ ဝင်ဝင်ချင်း အကြိမ်အနည်းငယ် ခိုးကြည့်လိုက်မိရာ ရင်ထဲတွင် ချက်ချင်း ပေါ့ပါးသွားသလို ခံစားလိုက်ရ၏။
လွီရန်ကျဲ့က ထိုအချိန်တွင် ခြေဗလာဖြင့် အလယ်ဗဟိုရှိ အဓိကနေရာတွင် လှဲလျောင်းနေ၏။ အဖြူရောင် အင်္ကျီပါးလေးကို ဝတ်ဆင်ထားပြီး ရင်ဘတ်ကို ဖော်ထားသည်။ ကြည့်ရသည်မှာ ပေါ့ပေါ့ဆဆ နိုင်လှပြီး အမြဲတမ်းလိုပင် ပျင်းရိနေဟန် ရှိသည်။
သူက လူများကို မျက်စောင်းထိုး ကြည့်တတ်ပြီး နှုတ်ခမ်းထောင့်တွင် အမြဲတမ်းလိုလို ဂုဏ်ယူနေသည့် အပြုံးမျိုး ချိတ်ဆွဲထားရာ လူတွေကို အကြောင်းမဲ့ ရွံရှာချင်စရာ ကောင်းသည့် ခံစားချက်မျိုး ပေးစွမ်းနေ၏။
“ခင်ဗျားတို့ နှစ်ယောက် နောက်ကျတာပဲ။ ကိုယ့်ဟာကိုယ် နေရာယူလိုက်ကြ။”
လွီရန်ကျဲ့က လက်ကို ညင်သာစွာ မြှောက်ကာ ခန်းမဆောင်၏ အစွန်ဆုံး နေရာနှစ်ခုကို ညွှန်ပြလိုက်သည်။
ရှဲ့ရှန်းက အစွန်ဆုံးနေရာတွင် အလိုအလျောက် ဝင်ထိုင်လိုက်ပြီး ဒူလင်ဖုန်းကတော့ တံခါးဝနှင့် ပိုဝေးသော နေရာတွင် ထိုင်လိုက်၏။
လွီရန်ကျဲ့က သူတို့နှစ်ယောက် နေရာယူပြီးသည်ကို မြင်သောအခါ ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်သည်။
ကျယ်ဝန်းသော အင်္ကျီလက်များကို ခါယမ်းပြီး ပြုံးကာ ပြောလိုက်၏။ “ဒီနေ့ လူသိပ်မများပေမဲ့ အခုလို အတူတူ စုဝေးခွင့်ရတာ ရှားတယ်။ သခင်လေး … ကျုပ်က ခင်ဗျားတို့အားလုံးကို အထူးတလည် ဧည့်ခံဖို့ စီစဉ်ထားတာပါ။ အရင်ဆုံး မိတ်ဆက်ပေးမယ်။ သူကတော့ ထောင်ကျုံးပါ။ တာဝန်ယူထားတာက ... ။”
ရှဲ့ရှန်း အလှည့်ရောက်သည်အထိ လွီရန်ကျဲ့က တစ်ယောက်ချင်းစီ မိတ်ဆက်ပေးလိုက်သည်။
ထို့နောက် လက်ခုပ်တီးလိုက်ရာ အစေခံမိန်းကလေး နှစ်ယောက်က အပြင်ဘက်မှ ဝင်လာကြပြီး လက်ထဲတွင် အနီရောင် ပိတ်စဖြင့် အုပ်ထားသော ဗန်းတစ်ခုကို ကိုင်ဆောင်လာကြ၏။
အစေခံမိန်းကလေး နှစ်ယောက် ခန်းမဆောင် အလယ်၌ ရပ်လိုက်သောအခါ လွီရန်ကျဲ့က အောက်သို့ဆင်းလာပြီး အနီရောင် ပိတ်စကို လှန်လိုက်သည်။
ဗန်းပေါ်တွင် စီစီရီရီ တင်ထားသော ရွှေတုံးများကို မြင်လိုက်ရ၏။
“မနှစ်က ထောင်ကျုံးနဲ့ လျိုမော့ နှစ်ယောက်က သခင်လေး ကျုပ်အတွက် အမြတ်အစွန်း အများကြီး ရှာပေးခဲ့တယ်။ ဒီနေ့ တစ်ယောက်ကို ရွှေတုံး တစ်ရာ ချီးမြှင့်တယ်။”
လွီရန်ကျဲ့ စကားပြောပြီးသည်နှင့် အစေခံမိန်းကလေးများက ထိုသူတို့နှစ်ယောက်၏ စားပွဲရှေ့သို့ သွားကာ ရွှေများကို ဆက်သလိုက်ကြသည်။
ထောင်ကျုံးနှင့် လျိုမော့တို့က မတ်တတ်ရပ်ကာ စိတ်လှုပ်ရှားစွာဖြင့် ကျေးဇူးတင်စကား ဆိုလိုက်ကြ၏။
ထို့နောက် လွီရန်ကျဲ့က ရှဲ့ရှန်းနှင့် အခြားသူများကို ကြည့်လိုက်သည်။ “ဒီနေ့ ခင်ဗျားတို့ သုံးယောက်က လူသစ်တွေပဲ။ သခင်လေး ကျုပ်အတွက် စေတနာထားပြီး အလုပ်လုပ်ပေးသရွေ့ လူဟောင်း လူသစ် မခွဲခြားဘဲ လုပ်ဆောင်မှု ကောင်းတာနဲ့ သေချာပေါက် ဆုချမယ်။”
“ကျေးဇူးတင်ပါတယ် သခင်လေး။” သုံးယောက်သား ပြိုင်တူ ကျေးဇူးတင်လိုက်ကြ၏။
ရှဲ့ရှန်းက သေချာစွာ အကဲခတ်နေ၏။ ဒီလွီရန်ကျဲ့က လူတွေရဲ့ စိတ်ကို ထပ်ပြီး ဝယ်ယူနေပြန်ပြီ။ ဒီကာလအတွင်းမှာ ဒီလိုကိစ္စမျိုးကို အများကြီး လုပ်ခဲ့တာပဲ။
သို့သော်ငြား ဤတစ်ခေါက် လက်ဆောင်က တကယ်ကို ကြီးမားလှသည်။ ရွှေတုံး တစ်ရာဆိုသည်မှာ သေးငယ်သော ပမာဏ မဟုတ်ချေ။
လွီရန်ကျဲ့က ပြုံးလိုက်၏။ “စည်းမျဉ်းတွေကို ခင်ဗျားတို့ တဖြည်းဖြည်း နားလည်လာပါလိမ့်မယ်။ ကျုပ်တို့လွီမိသားစုအတွက် စေတနာထားပြီး အလုပ်လုပ်ပေးသရွေ့ ဘယ်သူ့ကိုမှ နစ်နာအောင် မလုပ်ပါဘူး။ ကဲ ... ဒီနေ့ ဒီကို လာတာ ပျော်ဖို့သတ်သတ်ပဲ။ စကြရအောင်။”
လွီရန်ကျဲ့က ထပ်မံ၍ လက်ခုပ်တီးလိုက်ရာ အလွန်တရာ လှပသော အစေခံမိန်းကလေး တစ်စု ဝင်ရောက် လာကြ၏။ တချို့က စောင်းကို ပိုက်ထားပြီး တချို့က ပီပါကို ကိုင်ဆောင်ထားကြသည်။
(ပီပါဆိုတာ သစ်တော်သီးပုံစံမျိုး တရုတ်ရိုးရာ ကြိုးတပ်တူရိယာပါ၊၊)
အပိုင်း (၄၃၀) မြင်းရိုင်း။
စောင်းသံ၊ ပီပါသံများ ထွက်ပေါ်လာပြီး တေးဂီတက မြင့်မားသည့် နေရာတွင် စိတ်လှုပ်ရှားဖွယ်ကောင်းကာ နိမ့်ကျသည့် နေရာတွင်တော့ သာယာငြိမ့်ညောင်းနေ၏။
မူလက ဘေးပတ်လည်တွင် ရပ်နေကြသော အစေခံမိန်းကလေးများကလည်း ခြေလှမ်းများကို လှမ်းကာ အလယ်ဗဟိုသို့ ရောက်ရှိလာပြီး လှပစွာ ကပြဖျော်ဖြေကြသည်။
ဤတေးဂီတကို ရှဲ့ရှန်း ကြားဖူးသည်။ ဟိုင်ယွမ်မြို့ နေရာအနှံ့သို့ သွားရောက်လေ့လာစဉ်က လူရှုပ်လူထွေး နေရာများကို အဓိကထား လေ့လာခဲ့ဖူး၏။
ဤသို့သော သံစဉ်မျိုးက စင်ပေါ်တင်လို့ မရသော ရမ္မက်ဆန်ဆန် သီချင်းမျိုးတွေ ဖြစ်ပြီး လွီရန်ကျဲ့၏ ပုံစံနှင့်တော့ တော်တော်လေး ကိုက်ညီသည်။
သို့ပေမည့် ဤသို့အလှလေးတွေ ကပြနေသည်ကိုတော့ တကယ် မမြင်ဖူးခဲ့ချေ။ ကပြတာကို မမြင်ဖူးတာ မဟုတ်ဘဲ ဤမျှ အရည်အသွေးမြင့်တာကို မမြင်ဖူးခဲ့ခြင်း ဖြစ်၏။
လွီအိမ်တော်၏ အစေခံမိန်းကလေးများက ကျိန်းသေပေါက် အကောင်းဆုံး ရွေးချယ်မှုတွေချည်းသာ ဖြစ်သည်။
လွီရန်ကျဲ့၏ စရိုက်ကို အထင်သေး၍ ရနိုင်ပေမည့် သူ၏ မျက်လုံးကိုတော့ လုံးဝ အထင်သေး၍ မရနိုင်ချေ။
ကြည့်ရင်းကြည့်ရင်း ရှဲ့ရှန်း၏ ရင်ထဲတွင် အမှောင်ဘက်ကျသော အတွေးများ ထွက်ပေါ်လာသည်။
ဤသို့သောလူတွေနှင့် ယှဉ်လိုက်တော့ ကွာဟချက်က သိသာသွားသည်။ သခင်လေးက ပိုက်ဆံချမ်းသာပေမည့် ခံစားစံစားသော နေရာမှာတော့ လွီရန်ကျဲ့၏ တစ်ဝက်တောင် မမီချေ။
အရက်တစ်ငုံ သောက်လိုက်ပြီး ကချေသည်များကို အရသာခံကာ ကြည့်ရှုနေလိုက်၏။
လွီရန်ကျဲ့ကလည်း အရက်ခွက်ကို မြှောက်ကာ ခေါင်းကို ယိမ်းနွဲ့ရင်း ကပြဖျော်ဖြေမှုများကို ကြည့်ရှု ခံစားနေသည်။ သို့သော်ငြား သူ၏ မျက်နှာကို ကြည့်ရသည်မှာ စိတ်ဝင်စားမှု သိပ်မရှိတော့သည့်ပုံ ပေါ်နေ၏။ ဤအရာများက သူ့ကို မကျေနပ်နိုင်တော့မှန်း သိသာလှသည်။
ကျန်လူများကတော့ စိတ်ဝင်တစား ကြည့်ရှုနေကြ၏။
မည်သို့ပင်ဆိုစေ မည်သူကမှ သခင်လေးလွီ မဟုတ်သည့်အတွက် ဤအရာတွေကို နေ့တိုင်း ကြည့်နိုင်မှာ မဟုတ်ချေ။
စိတ်လှုပ်ရှားလာချိန်မှာတော့ ကချေသည်များကြားသို့ ဝင်ရောက်ကာ အပေါ်အောက် လိုက်လံ ပွတ်သပ်နေသူများပင် ရှိနေ၏။
လွီရန်ကျဲ့က ဂရုမစိုက်ဘဲ ထိုသူတို့ကို လက်ညှိုးထိုးကာ ဟက်ဟက်ပက်ပက် ရယ်မောနေလိုက်သည်။
ညစာစားပွဲက အရှိန်ရလာပြီး အကလည်း တစ်ဝက်ကျိုးသွားချိန်တွင် လူတချို့၏ အာရုံစိုက်မှုက ကချေသည်များ ထံမှ ပြောင်းလဲသွားကြ၏။
အချင်းချင်း စကားစမြည် ပြောဆိုလာကြပြီး လွီရန်ကျဲ့က တစ်ခါတစ်ရံ အောက်ဘက်သို့ မေးခွန်းအချို့ မေးမြန်းတတ်သည်။
ရှဲ့ရှန်း၏ စိတ်အခြေအနေလည်း အတော်လေး ပေါ့ပါးသွား၏။
ကြည့်ရသည်မှာ သူ အတွေးလွန်နေခြင်းမျိုး ဖြစ်မည်။ သို့မဟုတ် ဒူလင်ဖုန်း ပြောသည်က အနည်းငယ် လွန်ကဲနေခြင်းလည်း ဖြစ်နိုင်သည်။
ယခု အခြေအနေက တော်တော်လေး ကောင်းမွန်နေပြီး ပြဿနာ ကြီးကြီးမားမား မရှိသေးချေ။ မနက်ဖြန်တောင်မှ နောက်တစ်ခေါက် လာချင်သေးသည်ဟု သူ တွေးလိုက်မိ၏။
အက ပြီးဆုံးသွားသောအခါ ကချေသည်များက ဘေးပတ်ပတ်လည်သို့ သွားရောက်ပြီး ပြန်လည် ရပ်နေကြသည်။ သို့သော်ငြား အစောပိုင်းကလို တည်ငြိမ်သည့် အမူအရာမျိုး မရှိတော့ချေ။
မည်သို့ပင်ဆိုစေ အတော်ကြာအောင် ကပြခဲ့ရသဖြင့် ခွန်အားကုန်ခမ်းမှုက ကြီးမားလှပြီး အများစုမှာ ချွေးများ ရွှဲနစ်နေကာ ပါးစပ်ဟ၍ အသက်ရှုနေကြရ၏။
ထောင်ကျုံး အစရှိသော ဆားကုန်သည်များက အနောက်ဘက်ရှိ ကချေသည်များကို ဆွဲယူကာ ရင်ခွင်ထဲ ထည့်ပြီး နမ်းရှုံ့နေကြသည်။
လွီရန်ကျဲ့၏ ဘေးနားတွင်လည်း လှပသော အစေခံမိန်းကလေး အနည်းငယ်က တက်ကြွစွာ ပြုစု နှိပ်နယ်ပေးနေကြ၏။
ပါးလွှာသော ပိတ်စများက ခန်းမဆောင်အတွင်းသို့ တစ်စတစ်စ လွှင့်ပစ်ခံနေရသည်။ ထို့နောက် ရင်စေ့အင်္ကျီများ ... ဖိနပ်နှင့် ခြေအိတ်များ ... ။
အခြေအနေက တဖြည်းဖြည်း ထိန်းချုပ်မရနိုင်တော့သည့် အပြောင်းအလဲများ ဖြစ်ပေါ်လာပြီး ရွံရှာဖွယ်ရာ ကောင်းသည့် မြင်ကွင်းများဆီသို့ လျင်မြန်စွာ ကူးပြောင်းသွားသည်။
ရှဲ့ရှန်း၏ မျက်နှာထားက တဖြည်းဖြည်း ပြောင်းလဲသွားပြီး တစ်ကိုယ်လုံးရှိ ကြွက်သားများက တင်းမာလာ၏။
သိက္ခာကျလိုက်တာ။ တကယ်ကို ရှက်စရာပဲ။
မခံစားနိုင်လောက်အောင် ဆိုးရွားလှသော အတိတ်က အမှတ်ရစရာများက ခေါင်းထဲသို့ ဝင်ရောက်လာ၏။ လွန်ခဲ့သော နှစ်အနည်းငယ်က မြို့ဝန်ရုံးတော် ကြွယ်ဝလာစအချိန်တွင် လူတချို့က ပိုက်ဆံကို အသုံးပြုကာ အမျိုးသမီးများကို မြူဆွယ်ပြီး ဤသို့သောကိစ္စမျိုးကို အုပ်စုလိုက် လုပ်ခဲ့ကြဖူးသည်။
သို့ပေမည့် ထိုနေ့က ဖန်ကျန်းရီ သိသွားပြီး အဓိက တရားခံ အနည်းငယ်ကို ဆွဲထုတ်ကာ သူတို့၏ ဂွကြားကို ပြင်းပြင်းထန်ထန် ကန်ကျောက်ခဲ့၏။
ထိုစဉ်က သူလည်း အခင်းဖြစ်ပွားရာ နေရာတွင် ရှိနေခဲ့ပြီး ဖန်ကျန်းရီ၏ လူသိရှင်ကြား အပြစ်ပေးမှုကို ကြည့်ရှုခဲ့ရသည်။ အပြစ်ပေးပြီးနောက် သခင်လေးက သစ်ကိုင်းကို ကိုင်ကာ လူတွေ၏ အဓိက နေရာကို ထိုးပြီး ယဉ်ကျေးမှု သင်ခန်းစာ တစ်ခု ပေးခဲ့သေးသည်။ ဤကိစ္စကို သူ တစ်သက်လုံး မေ့နိုင်မှာ မဟုတ်ချေ။
ဒူလင်ဖုန်းက သူ ငေးကြောင်နေသည်ကို မြင်သောအခါ အလျင်အမြန်ပင် သူ၏ အင်္ကျီလက်ကို ဆွဲကာ တီးတိုး ပြောလိုက်၏။ “အစ်ကိုရှဲ့ ... ခင်ဗျား မြန်မြန် တစ်ယောက်လောက် ဖက်ထားလိုက်လေ။ သခင်လေးလွီ ခင်ဗျားကို ကြည့်နေတယ်။”
ရှဲ့ရှန်းက အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်ပြီး ခေါင်းညိတ်ကာ အနောက်ဘက်ရှိ အစေခံမိန်းကလေးကို ဆွဲယူ၍ ရင်ခွင်ထဲ ထည့်ထားလိုက်သည်။ သို့သော်ငြား လက်မှာတော့ မည်သည့် လှုပ်ရှားမှုမှ မရှိချေ။
အစေခံမိန်းကလေးက သူ၏ ရင်ခွင်ထဲသို့ လဲကျသွားပြီး ရှဲ့ရှန်းကို နားမလည်နိုင်စွာ ကြည့်လာ၏။
ရှဲ့ရှန်းကလည်း အစေခံမိန်းကလေး၏ အကြည့်ကို ခံစားလိုက်ရသဖြင့် သူမ၏ ခါးပေါ်မှ အသားနုနုလေးကို လှမ်းဆွဲကာ ခပ်နာနာ နှစ်ပတ်လောက် လိမ်ဆွဲလိုက်သည်။
အစေခံမိန်းကလေးက နာကျင်လွန်းသဖြင့် အော်ဟစ်လိုက်ရာ သူမ၏ အသံက တခြားလူများကို ဖုံးလွှမ်းသွား၏။
လွီရန်ကျဲ့က ချီးကျူးသည့် အကြည့်ဖြင့် လှမ်းကြည့်လာသည်။
“လာ ... လာ ... လာ ... ။ ကျုပ်တို့ အတူတူ သောက်ကြစို့။” လွီရန်ကျဲ့က အရက်ခွက်ကို မြှောက်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
အကုန်လုံးကလည်း အရက်ခွက်များကို မြှောက်ကာ တစ်ကျိုက်တည်း သောက်ချလိုက်ကြ၏။
ထိုအချိန်တွင် လွီရန်ကျဲ့က အပေါ်အင်္ကျီကို အပြည့်အဝ ချွတ်ထားပြီး ခန္ဓာကိုယ် အထက်ပိုင်းကို ဖော်ပြထားသည်။ မျက်နှာက နီရဲနေပြီး ကြည့်ရသည်မှာ အရက်အတော်လေး မူးနေပုံပေါ်သည်။
အောက်ဘက်ရှိ လူများကလည်း အရက်ရှိန်ဖြင့် မဖော်ပြနိုင်လောက်အောင် ဆိုးရွားသော ကိစ္စများကို စတင် ပြုလုပ်နေကြပြီ ဖြစ်၏။
ရှဲ့ရှန်းက ဤကြည့်မကောင်းသော မြင်ကွင်းကို ကြည့်ရင်း ရင်ထဲတွင် ပို၍ ရွံရှာလာကာ ခဏတာမျှ ဘာလုပ်ရမှန်း မသိဖြစ်သွား၏။ ရင်ခွင်ထဲရှိ အစေခံမိန်းကလေးကိုသာ အားကုန်သုံး၍ ညှစ်ထားလိုက်ရာ အစေခံမိန်းကလေးက အော်ဟစ်နေသော်ငြား စကားတော့ မပြောရဲချေ။ ဗိုက်ပေါ်ရှိ အသားများက ညိုမည်းနေပြီ ဖြစ်သည်။
ဘေးနားရှိ ဒူလင်ဖုန်းက အနီးကပ် မြင်နေရသဖြင့် မျက်ခွံများပင် တုန်ယင်သွားသည်။ သူက ရှဲ့ရှန်းကို ထိတ်လန့်စွာဖြင့် ကြည့်လိုက်ပြီးနောက် အင်္ကျီလက်ကို ဆွဲကာ တီးတိုး ပြောလိုက်၏။ “အစ်ကိုရှဲ့ ... တော်လောက်ပြီ။ ခင်ဗျား လူသတ်တော့မလို့လား။”
ရှဲ့ရှန်းက လှည့်ကာ ဒူလင်ဖုန်း၏ ရင်ခွင်ထဲသို့ ကြည့်လိုက်ရာ သူ၏ ရင်ခွင်ထဲရှိ အစေခံမိန်းကလေးမှာ မျက်နှာတစ်ခုလုံး ဖြူဖွေးနေပြီဖြစ်ကြောင်း မြင်လိုက်ရသဖြင့် အနေရခက်သွားသည်။
ယခု အခန်းထဲရှိ လူများထဲတွင် သူ တစ်ယောက်တည်းသာ အဖွဲ့နှင့် မကိုက်ညီသလို ဖြစ်နေသည်။ အင်္ကျီကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားပြီး အစေခံမိန်းကလေး၏ အော်သံကသာ တခြားလူများထက် ပို၍ ကျယ်လောင်နေခြင်း ရှိ၏။
မူလကတော့ ကိုယ်တိုင်လည်း ပါဝင်ပတ်သက်ဖို့ စဉ်းစားထားသော်ငြား တကယ့် လက်တွေ့ အခြေအနေသို့ ရောက်သောအခါ လုံးဝ အဆင်မပြေနိုင်မှန်း သိလိုက်ရသည်။
ကံကောင်းထောက်မစွာဖြင့် လွီရန်ကျဲ့က အစေခံမိန်းကလေး သုံးယောက်နှင့် စနောက်နေသဖြင့် သူ့ကို သတိမထားမိချေ။
ရှဲ့ရှန်းက အစေခံမိန်းကလေးကို တွန်းဖယ်လိုက်ပြီး အင်္ကျီကို အလျင်အမြန် ချွတ်ကာ ခန္ဓာကိုယ် တစ်ဝက်ကို ဖော်ထားလိုက်သည်။
အရက်အိုးကို ကောက်ကိုင်ကာ လည်ချောင်းထဲသို့ နှစ်ကျိုက်လောက် လောင်းချလိုက်ပြီး ခွန်အား ကုန်ခမ်းသွားသည့် ပုံစံမျိုး ဟန်ဆောင်လိုက်၏။
ထို့နောက် အနောက်သို့ လဲချလိုက်ပြီး ကြမ်းပြင်ပေါ်တွင် လှဲလျောင်းနေလိုက်သည်။
ဒူလင်ဖုန်းက သူ့ကို မျက်စိမှိတ်ပြကာ လက်မထောင်ပြလိုက်၏။
ခန်းမဆောင်အတွင်းရှိ အမျိုးသားများမှာ အငယ်ဆုံးကပင် အသက် သုံးဆယ် ကျော်နေပြီဖြစ်ရာ ဆယ်ကျော်သက်၊ နှစ်ဆယ်ကျော် လူငယ်များ မဟုတ်ကြတော့ချေ။ နာရီဝက် သို့မဟုတ် တစ်နာရီခန့်အထိ စွမ်းဆောင်နိုင်စွမ်း မရှိကြပေ။
အမွှေးတိုင် တစ်တိုင်စာ အချိန်ကုန်လွန်သွားပြီးနောက် အခြားလူများ အားလုံး ငြိမ်သက်သွားချိန်မှသာ ရှဲ့ရှန်းက ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်၏။
အရက်ရှိန်က အနည်းငယ် တက်လာသလို ခံစားရသဖြင့် ဟင်းလျာ အနည်းငယ်ကို အလျင်အမြန် ယူစား လိုက်သည်။
လွီရန်ကျဲ့၏ ဘေးနားတွင် အစေခံမိန်းကလေး နှစ်ယောက်က ဟိုတစ်ယောက် ဒီတစ်ယောက် လဲကျနေကြပြီး ဟန်ဆောင်နေခြင်းလား သို့မဟုတ် တကယ် ပင်ပန်းသွားခြင်းလား ဆိုသည်မှာတော့ မသိနိုင်ချေ။
သူက သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီး အရက်အိုးကို ကိုင်ကာ တစ်ကျိုက်တည်း အများကြီး သောက်ချလိုက်၏။
မျက်လုံးများကို မှေးကာ တစ်ခန်းလုံးကို လှည့်ကြည့်လိုက်ပြီး အောက်ဘက်ရှိ လူများ၏ စည်းကမ်းမဲ့နေသော ပုံစံကို ကြည့်ကာ ကျေနပ်စွာ ပြုံးလိုက်သည်။
အရက်ရှိန် တက်လာသဖြင့် လွီရန်ကျဲ့က ယိမ်းထိုးကာ မတ်တတ်ရပ်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “လူလာစမ်း။ အရက်လာချပေး ... ဆေးအရက် လာချပေး။
“ခင်ဗျားတို့တွေ ... ခွန်အား မရှိတော့ဘူး မဟုတ်လား။ ဟဟ ... သခင်လေး ကျုပ်အမြင်တော့ ခင်ဗျားတို့ အကုန်လုံးက အပြင်ပန်းပဲ ကောင်းပြီး အတွင်းမှာ အသုံးမကျတဲ့လူတွေချည်းပဲ။”
အခြားလူများကလည်း ရယ်မောကာ ထောက်ခံလိုက်ကြ၏။ “သခင်လေးလွီက တကယ်ကို စွမ်းဆောင်ရည် ပြည့်ဝတာပဲ။ ကျုပ်တို့ အရှုံးပေးပါတယ်။”
“သခင်လေးက တကယ့် ယောကျာ်းကောင်းပဲ။ ကျုပ်တို့ ဘယ်လိုလုပ် ယှဉ်နိုင်ပါ့မလဲ။”
လူအများ၏ ဝိုင်းဝန်းမြှောက်ပင့်မှုများကြားတွင် လွီရန်ကျဲ့က အလွန်တရာ ကျေနပ်နေပုံရပြီး ယခုလေးတင် ယူလာသော ဆေးအရက်ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ “သခင်လေး ကျုပ်က ဘာလို့ ဒီလောက်တောင် စွမ်းဆောင်ရည် ကောင်းပြီး အမြဲတမ်း တက်ကြွနေရတာလဲ။ အကုန်လုံးက ဒီဆေးအရက်ကြောင့်ပဲ။
ဒီနေ့ ပျော်နေတာဆိုတော့ ခင်ဗျားတို့ကို ကျုပ် သိမ်းထားတဲ့ အရက်ကို မြည်းစမ်းခွင့် ပေးမယ်။ ဒီအရက်က အရမ်းကို အားရှိတယ်။ နာမည်ကြီး သမားတော်ဆီကနေ အခက်အခဲပေါင်းများစွာ ကျော်ဖြတ်ပြီး ရှာဖွေလာရတာ။ တစ်ခွက်တည်းနဲ့တင် လူကို ပြန်လည် အားအင်ပြည့်ဖြိုးစေတယ်။”
ရှဲ့ရှန်းက စားပွဲပေါ်ရှိ ဆေးအရက်ကို ကြည့်ရင်း သံသယဝင်သွား၏။ ဤအရာက ဖုန်းဟွာပြည့်တန်ဆာရုံက လက်ဖက်ရည်နှင့် အာနိသင် အတူတူပဲ မဟုတ်လား။ အထဲမှာ မြင်းဆေးတွေ ရောထားတာများလား ... ။
လွီရန်ကျဲ့က လက်ယပ်ခေါ်လိုက်ပြီး ထပ်မံ၍ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “လူလာစမ်း။ အဲဒီ မြင်းရိုင်း ကို ခေါ်လာခဲ့။”
ဟဟ ... ခင်ဗျားတို့တွေ ခွန်အားကို သေချာ ထိန်းသိမ်းထားကြအုံးနော်။ ဒီညရဲ့ အရေးအကြီးဆုံး အစီအစဉ် လာတော့မယ်။ သခင်လေး ကျုပ်က ဒီရက်ပိုင်းမှာ မြင်းရိုင်း တစ်ကောင် ရှာတွေ့ထားတယ်။ ယဉ်ပါးအောင် မလုပ်ရသေးဘူး။ ဒီနေ့ ခင်ဗျားတို့ထဲက တစ်ယောက်ယောက်က ကျုပ်ကိုယ်စား ို ယဉ်ပါးအောင် လုပ်ပေးနိုင်ရင် ရွှေတုံး တစ်ရာ ထပ်ပြီး ဆုချမယ်။”
မကြာမီမှာပင် အစေခံ နှစ်ယောက်က သာမန် ပိတ်စကို ဝတ်ဆင်ထားသော အမျိုးသမီး တစ်ယောက်ကို ဖမ်းချုပ်ကာ ခန်းမဆောင်အတွင်းသို့ ခေါ်ဆောင်လာကြ၏။
အမျိုးသမီးက ရုန်းကန်နေဆဲဖြစ်ပြီး ပါးစပ်မှလည်း အဆက်မပြတ် ဆဲဆိုနေသည်။
လွီရန်ကျဲ့က အရှေ့သို့ လျှောက်သွားပြီး အမျိုးသမီး၏ လှပသော မျက်နှာလေးကို ဆွဲညှစ်လိုက်ရာ လှပပြီး အနည်းငယ် ရဲရင့်သော အငွေ့အသက် ပါဝင်သည့် မျက်နှာလေး ပေါ်လာ၏။
အပိုင်း (၄၃၁) တိရစ္ဆာန်။
အမျိုးသမီးက လွီရန်ကျဲ့ကို မြင်လိုက်ရသည့် တစ်ခဏမှာပင် ဒေါသတကြီး ကြည့်ကာ ကျိန်ဆဲလိုက်၏။ “လွီရန်ကျဲ့ ... နင် သေလိမ့်မယ်။”
လွီရန်ကျဲ့က ပြုံးယောင်သန်းလိုက်သည်။ “ကွေ့နျန် ... မင်း အဖေအတွက် အရင် စိုးရိမ်လိုက်ပါအုံး။ မင်း အဖေကလည်း ဉာဏ်များတဲ့သူပဲ။ စားသောက်ဆိုင် ဖွင့်ထားရင်းနဲ့ မင်းလို အလှလေးကို ဒီလောက် အကြာကြီး ဖုံးကွယ်ထားနိုင်တယ်။ ဒီနေ့ ကံကောင်းတယ်လို့ပဲ မှတ်လိုက်ပါ။ ကျုပ်အလိုကိုသာ လိုက်လျောမယ်ဆိုရင် မင်းက အမြင့်ကို ပျံတက်ပြီး ဖီးနစ်ငှက် ဖြစ်သွားပြီပဲ။ မလိုက်လျောရင်လည်း ကိစ္စမရှိပါဘူး။ ဒီအခန်းထဲက လူအများကြီးကို ကြည့်လိုက်အုံး။ အကုန်လုံးက မင်းကို ပြုစုယုယဖို့ ရောက်လာကြတာ။ ကျုပ် မင်းအပေါ် ကောင်းတယ် မဟုတ်လား။”
ဖခင်ဖြစ်သူအကြောင်းကို လွီရန်ကျဲ့ ပြောသည်ကို ကြားသောအခါ ကွေ့နျန်၏ မျက်လုံးများထဲတွင် ထိတ်လန့်မှု တစ်ချက် ဖြတ်ပြေးသွားပြီးနောက် မျက်နှာထားက ပြန်လည် တင်းမာသွားသည်။ ပြီးနောက် လွီရန်ကျဲ့၏ မျက်နှာပေါ်သို့ တံတွေးနှင့် ထွေးချလိုက်၏။
လွီရန်ကျဲ့၏ မျက်နှာက အနည်းငယ် မည်းမှောင်သွားသော်ငြား ဒေါသမထွက်သေးချေ။ လက်ထိပ်ဖြင့် တံတွေး အနည်းငယ်ကို ယူကာ လျှာဖြင့် လျက်လိုက်ပြီးနောက် ရူးသွပ်စွာ ရယ်မောလိုက်သည်။ “ကောင်းတယ်။ ကောင်းတယ်။ အကုန်လုံး မြင်တယ် မဟုတ်လား။”
ဆားကုန်သည်များကလည်း အရက်ရှိန် တက်နေသဖြင့် လတ်တလောတွင် စိတ်လှုပ်ရှားနေကြ၏။ လွီရန်ကျဲ့၏ ဤကဲ့သို့ ရွံရှာဖွယ် လုပ်ရပ်ကို မြင်သော်လည်း မရွံရှာသည့်အပြင် အော်ဟစ်လိုက်ကြ၏။
“သခင်လေးလွီ ... ဒီမိန်းမက သခင်လေးကိုတောင် ပြန်ပြီး စနောက်နေသေးတယ်။”
“ဟားဟားဟားဟား။”
“ကျန်တဲ့လူတွေ အကုန် ထွက်သွားကြ။ ကျုပ်တို့ရဲ့ ပျော်ရွှင်မှုကို မနှောင့်ယှက်နဲ့။” လွီရန်ကျဲ့က လက်ယပ်ကာ အခန်းထဲရှိ အစေခံများနှင့် အလုပ်သမားများကို မောင်းထုတ်လိုက်၏။
ယခုအခါ ခန်းမဆောင်အတွင်း၌ ဆားကုန်သည် တစ်စုသာ ကျန်ရှိတော့သည်။
အကုန်လုံးက အလယ်တွင်ရှိနေသော ကွေ့နျန်ကို ထူးဆန်းသော အကြည့်များဖြင့် အကဲခတ်နေကြ၏။
ခန်းမဆောင်အတွင်း၌ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေပြီး ကွေ့နျန်၏ မျက်လုံးများက ထိတ်လန့်တုန်လှုပ်နေကာ လူအများအကြားတွင် ဟိုကြည့်ဒီကြည့် လုပ်နေသည်။
ရှဲ့ရှန်းကလည်း အရက်ခွက်ကို ကိုင်ထားရင်း မျက်မှောင်ကို တင်းတင်းကျပ်ကျပ် ကုတ်ထား၏။ ထိုအမျိုးသမီး၏ မျှော်လင့်ချက် ကင်းမဲ့နေမှုကို သူ မြင်တွေ့နေရသည်။ ဤအရာက အတင်းအကျပ် ဖိအားပေးခံရသော သာမန် အမျိုးသမီးတစ်ယောက် ဖြစ်ကြောင်း သိသာလှ၏။
ဘယ်လိုလုပ်ရမလဲ။ လွီရန်ကျဲ့နဲ့ ပူးပေါင်းရမလား။ ဒါက မဖြစ်နိုင်ဘူး။ တကယ်လို့ ဒီလိုသာ လုပ်ခဲ့ရင် ကိုယ်ကျင့်တရားဆိုတာ မရှိတော့ဘူး။
လူယုတ်မာတွေ၏ ဒီအမျိုးသမီးကို ကိုယ့်မျက်စိရှေ့မှာတင် အတင်းအဓမ္မ လုပ်နေတာကို ဒီအတိုင်း ကြည့်နေရတော့မှာလား။
ဒူလင်ဖုန်းက ရှဲ့ရှန်းကို ကောင်းကောင်း နားလည်ထားသည်။ ထိုအမျိုးသမီး အခန်းထဲ ဝင်လာတည်းက ရှဲ့ရှန်း လွီရန်ကျဲ့ကို ဒေါသထွက်စေမည့် လုပ်ရပ်များ လုပ်မည်ကို စိုးရိမ်သဖြင့် စောင့်ကြည့်နေခဲ့၏။
ရှဲ့ရှန်း မျက်မှောင်ကုတ်နေသည်ကို မြင်သောအခါ လက်ကို ဆန့်ထုတ်ကာ သူ၏ လက်မောင်းကို ဆွဲကိုင်လိုက်ပြီး တီးတိုး ပြောလိုက်သည်။ “အစ်ကိုရှဲ့ ... ခဏလောက် သည်းခံလိုက်ရင် အေးချမ်းသွားမှာပါ။”
ယခုအချိန်တွင် ကွေ့နျန်၏ ရင်ထဲရှိ ကြောက်ရွံ့မှုက အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ကာ ဆဲဆိုရန်ပင် သတ္တိမရှိတော့ချေ။
တံခါးက ပိတ်နေပြီဖြစ်သော်ငြား တံခါးဝဆီသို့ လှည့်ကာ ပြေးရန် ကြိုးစားလိုက်သည်။
သူမ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် လွီရန်ကျဲ့က ခြေထောက်ကို ဆန့်ထုတ်ကာ သူမကို တိုက်လှဲလိုက်၏။
အကုန်လုံးက ထပ်မံ၍ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ကြပြန်သည်။
ထို့နောက် လွီရန်ကျဲ့က သူမ၏ ဆံပင်များကို ဆွဲကာ ကြမ်းပြင်ပေါ်မှ အတင်းအကျပ် ဆွဲထူလိုက်ပြီး မတ်တပ်ရပ်မိသည်နှင့် ကွေ့နျန်၏ မျက်နှာပေါ်သို့ ဖြောင်းခနဲ နေအောင် ရိုက်ချလိုက်၏။
ရိုက်ချက်က အရမ်းပြင်းထန်လှသဖြင့် သူမ၏ နှာခေါင်းနှင့် ပါးစပ်မှ သွေးများ ထွက်လာကာ မျက်လုံးထဲတွင် ကြယ်လေးများပင် လည်သွားသည်။
“ကောင်မစုတ် … သခင်လေး ကျုပ်ကို တံတွေးနဲ့ ထွေးရဲတာ မင်းက ပထမဆုံးပဲ။ ဒီနေ့ မင်းကို မိန်းမတစ်ယောက် ဘယ်လိုနေရမလဲဆိုတာ သင်ပေးလိုက်မယ်။”
လွီရန်ကျဲ့၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ချိတ်ဆွဲထားဆဲဖြစ်သော်လည်း ထောင်ကျုံးကို လက်ညှိုးထိုးကာ ပြောလိုက်၏။ “မင်း အရင်စလိုက်။ တစ်ယောက်ကို အမွေးတိုင်တစ်တိုင်စာ အချိန်ပေးမယ်။ ဘယ်သူက သူ့ကို ယဉ်ပါးအောင် လုပ်နိုင်မလဲ ကြည့်ရအောင်။ ဆုကြီးကြီး ချမယ်။”
ထောင်ကျုံးက ကွေ့နျန်ကို ကြည့်ရင်း မျက်လုံးထဲတွင် လောဘတကြီး အရိပ်အယောင်များ ပေါ်လာသော်ငြား ပါးစပ်မှတော့ ဤသို့ ပြောလိုက်သည်။ “သခင်လေး ... အရင်လုပ်ရတဲ့သူက နစ်နာတာပေါ့။ ဒီမိန်းမက ပင်ပန်းသွားမှ အရှုံးပေးမှာလေ။ အမွှေးတိုင်တစ်တိုင်စာ အချိန်က အရမ်းတိုတယ်။ ကျုပ်ကို နာရီဝက်လောက် အချိန်ပေးပါ။”
လွီရန်ကျဲ့က ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။ “မင်းအမေ … တစ်ယောက်ကို နာရီဝက်ဆိုရင် ငါတို့ ခုနစ်ယောက်က မိုးလင်းမှ လုပ်နေရမှာလား။ ကောင်းပြီ။ မင်းပြောတာလည်း အကြောင်းပြချက် ရှိတယ်။ တစ်ယောက်ချင်းစီ လုပ်စရာ မလိုတော့ဘူး။ မင်းတို့ အကုန်လုံး အတူတူ ဝင်လုပ်လိုက်ကြ။ သခင်လေး ကျုပ်က မင်းတို့ဆီမှာ ဘယ်လို နည်းလမ်းတွေ ရှိလဲဆိုတာ ကြည့်ချင်သေးတယ်။”
လွီရန်ကျဲ့ စကားပြောပြီးသည်နှင့် အဓိကနေရာသို့ ဖြည်းညင်းစွာ ပြန်ဆုတ်သွားသည်။
ထောင်ကျုံးက အလျင်စလိုပင် ကွေ့နျန်၏ အရှေ့သို့ ပြေးသွား၏။
ကွေ့နျန်၏ ရုပ်ရည်က လှပသော်ငြား အမူအရာက သာမန် အမျိုးသမီးများကဲ့သို့ နူးညံ့ပျော့ပျောင်းခြင်း မရှိဘဲ အနည်းငယ် ရဲရင့်သော အသွင်အပြင် ရှိပေသည်။
ယခုအခါ သူမ၏ ရင်ထဲတွင် ကြောက်ရွံ့ထိတ်လန့်နေသော်ငြား မျက်နှာပေါ်တွင်တော့ ခေါင်းမာသည့် အမူအရာများ ထွက်ပေါ်နေဆဲ ဖြစ်၏။
ထောင်ကျုံး သူမအနားသို့ ချဉ်းကပ်လာသည်ကို မြင်သောအခါ ကွေ့နျန်က နောက်သို့ တစ်လှမ်းဆုတ်လိုက်ရာ ခြေမခိုင်ဘဲ ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။
ကျန်လူများကလည်း ဖြည်းညင်းစွာ မတ်တတ်ရပ်လာကြပြီး ကွေ့နျန်ကို ဝိုင်းရံလိုက်ကြ၏။
အရက်မူးနေသည့် အုပ်စုက ရွံရှာဖွယ်ကောင်းသော မျက်နှာထားများဖြင့် ကွေ့နျန်အနားသို့ ကပ်သွားကြသည်။ “ကောင်မလေး ... မင်းဘာသာ ချွတ်မလား၊ ကျုပ်တို့က ချွတ်ပေးရမလား။”
“မလာနဲ့ ... နင်တို့ မလာကြနဲ့။” ကွေ့နျန်က အင်္ကျီစကို ဆွဲထားပြီး ကြောက်ရွံ့တုန်လှုပ်စွာဖြင့် နောက်သို့ အဆက်မပြတ် ဆုတ်ခွာနေ၏။
ယခုအချိန်တွင် ထိုင်ခုံများပေါ်၌ ရှဲ့ရှန်းနှင့် ဒူလင်ဖုန်းတို့သာ မလှုပ်မယှက် ကျန်ရှိနေသေးသည်။
ရှဲ့ရှန်း၏ တစ်ကိုယ်လုံးက အနည်းငယ် တုန်ယင်နေပြီး လက်သီးများကို တင်းတင်းဆုပ်ကာ အကူအညီမဲ့နေသော ကွေ့နျန်ကို စိုက်ကြည့်နေ၏။ တစ်ချိန်တည်းမှာပင် ရင်ထဲ၌ ကြီးမားလှသော စမ်းသပ်မှုကြီး တစ်ခုကို ဖြတ်သန်းနေရ၏။
တကယ်လို့ ဝင်ပါလိုက်ရင် သခင်လေး ခိုင်းတဲ့ ကိစ္စ အောင်မြင်မလားဆိုတာ မပြောနဲ့အုံး၊ ဟိုင်ယွမ်မြို့ထဲကနေ အသက်ရှင်လျက် ထွက်သွားနိုင်မလားဆိုတာတောင် ပြဿနာ ဖြစ်နေပြီ။
တကယ်လို့ ဝင်မပါဘူးဆိုရင်ရော။ ဒီလူယုတ်မာတွေက ကိုယ့်မျက်စိရှေ့မှာတင် မိန်းမတစ်ယောက်ကို ရိုင်းရိုင်းစိုင်းစိုင်း စော်ကားတော့မယ်။
သူ ဤသို့ ဒွိဟဖြစ် ရုန်းကန်နေရသည်ကို မြင်သောအခါ ဒူလင်ဖုန်း၏ ရင်ထဲတွင် မချိတင်ကဲ ဖြစ်သွား၏။
သွားပြီ ... ဒီနေ့ သခင်လေးက ဒီလောက်အထိ ရူးသွပ်သွားလိမ့်မယ်လို့ ထင်မထားမိဘူး။ စောစောတည်းက သူ့ကို မလာခိုင်းရင် ပိုကောင်းမှာပဲ။
ထိုအချိန်တွင် လူလေးယောက်က တစ်ပြိုင်နက်တည်း ဝင်ရောက်လာပြီး ကွေ့နျန်၏ အင်္ကျီများကို ရူးသွပ်စွာ ဆွဲဖြဲပစ်လိုက်ကြသည်။
သာမန် ပိတ်အင်္ကျီက အရည်အသွေး မကောင်းလှသဖြင့် များမကြာမီမှာပင် ဆွဲဖြဲခံလိုက်ရပြီး အပိုင်းပိုင်းအစစ ဖြစ်ကာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွား၏။
ဖြူဖွေးနေသော အသားအရေများက လူအများရှေ့တွင် အများအပြား ပေါ်လွင်လာရာ ကွေ့နျန်က အရေးကြီးသော နေရာများကို အလိုအလျောက် ကာကွယ်ထားပြီး ပါးစပ်မှလည်း မျှော်လင့်ချက် ကင်းမဲ့ကာ အက်ကွဲနေသော စူးရှသည့် အော်သံများ ထုတ်ဖော်နေသည်။ ခြေလက်များကို အဆက်မပြတ် ရုန်းကန်နေသည်။
“အစ်ကိုရှဲ့။”
ရှဲ့ရှန်းက မတ်တတ်ရပ်ရန် ပြင်လိုက်စဉ် ဒူလင်ဖုန်းက သူ့ကို အလျင်အမြန် ဖိထားပြီး တီးတိုး လောဆော်လိုက်၏။ “ခဏလောက် သည်းခံလိုက်ရင် အေးချမ်းသွားမှာပါ။ နောက်တစ်လှမ်း ဆုတ်လိုက်ရင် ပင်လယ်ပြင်ကြီး ကျယ်ဝန်းသွားသလိုပဲ။ သခင်လေးလွီက ကျုပ်တို့ကို ကြည့်နေတယ်။”
လွီရန်ကျဲ့က တိရစ္ဆာန် လေးကောင်က ကွေ့နျန်ကို ဝိုင်းရံတိုက်ခိုက်နေသည်ကို စိတ်ဝင်တစား ကြည့်နေပြီး သူ၏ အကြည့်က ရှဲ့ရှန်းတို့ နှစ်ယောက်ဘက်သို့ ရုတ်တရက် ရောက်ရှိလာ၏။
“မင်းတို့ နှစ်ယောက် ဘာလုပ်နေကြတာလဲ။ အတူတူ သွားကြလေ။”
ရှဲ့ရှန်းက သူ့ကို ဂရုမစိုက်ဘဲ အာရုံစိုက်မှုက ကွေ့နျန်အပေါ်တွင်သာ ရှိနေသည်။
ခန်းမဆောင်အတွင်း၌ ကွေ့နျန်၏ သနားစဖွယ် အော်ဟစ်သံများနှင့် တောင်းပန်သံများက အဆက်မပြတ် ပဲ့တင်ထပ်နေ၏။
သို့သော်ငြား လူလေးယောက်က အရက်မူးနေပြီဖြစ်ရာ ဘာကိုမှ ဂရုမစိုက်တော့ဘဲ သူမကို အပေါ်အောက် ပွတ်သပ်နေကြပြီး သူမ တောင်းပန်နေသည်ကိုလည်း ဂရုမစိုက်ကြတော့ချေ။ ကွေ့နျန်က မျက်ရည်များဖြင့် ပြည့်နှက်နေပြီး တဖြည်းဖြည်းနှင့် လည်ချောင်းများ အက်ကွဲလာကာ အသံပင် မထွက်နိုင်တော့ချေ။
ရုန်းကန်ခြင်းမှလွဲ၍ အခြား ရွေးချယ်စရာ မရှိသော်ငြား အမျိုးသားနှင့် အမျိုးသမီးကြားရှိ ခွန်အား ကွာဟချက် ကြီးမားလှသဖြင့် ဤရုန်းကန်မှုက အချည်းနှီးသာ ဖြစ်သွားသည်။
အရက်ရှိန်နှင့် စောစောက အပျော်အပါးများကြောင့် ဤလူများက ကိုယ်ကျင့်တရားဆိုသည့် မျက်နှာဖုံးကို စောစောကတည်းက ချွတ်ချထားပြီး ဖြစ်၏။
သာမန်အချိန်များတွင် ရှိနေတတ်သော အနည်းငယ်သော သိက္ခာတရားကလည်း လုံးဝ မရှိတော့ချေ။ ကွေ့နျန်က ပို၍ ပြင်းထန်စွာ ရုန်းကန်လေလေ၊ သူတို့က ပို၍ စိတ်လှုပ်ရှားလာလေလေ ဖြစ်သည်။
နောက်ဆုံးတွင် လူသုံးယောက် ပူးပေါင်းကာ အင်္ကျီများ ပြဲလန်နေသော ကွေ့နျန်ကို အောက်သို့ ဖိထားလိုက်ကြ၏။ လူနှစ်ယောက်က သူမ၏ ခြေထောက်များကို ဖိထားပြီး တစ်ယောက်က လက်မောင်းကို ဖိထားကာ ပါးစပ်မှလည်း နားမထောင်ဝံ့စရာ စကားများကို အဆက်မပြတ် ပြောဆိုနေကြ၏။
ထောင်ကျုံးက အလယ်တွင် နေရာယူထားပြီး လက်နက်ထုတ်ကာ စတင်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။
“ချီးတဲ့မှ။”
ရှဲ့ရှန်း ရင်ထဲမှ ကြိုးလေးမှာ ဆက်၍ တင်းခံမထားနိုင်တော့ချေ။
ဤအချိန်၌ သူလည်း အရက်ရှိန် တက်နေပြီ ဖြစ်သော်ငြား ရမ္မက်ဆန္ဒများနှင့် မတူဘဲ သူ၏ ရင်ထဲတွင် ဒေါသတရားများသာ ရှိနေပြီး ထိန်းချုပ်မရနိုင်သော ဒေါသတရားများပင် ဖြစ်သည်။
လက်ထဲရှိ အရက်ခွက်က ထောင်ကျုံး၏ ခေါင်းဆီသို့ တည့်တည့် လွင့်ပျံသွား၏။
ဖြောင်းခနဲ အသံနှင့်အတူ အရက်ခွက်က နဖူးပေါ်တွင် ကွဲကြေသွားခဲ့သည်။
ဤတစ်ချက်မှာ ... သူ အစွမ်းကုန် အသုံးပြုလိုက်ခြင်းပင်။
ထိုခဏမှာပဲ အကုန်လုံးက ကြက်သေသေသွားကြပြီး ရှဲ့ရှန်းကို ဖြည်းညင်းစွာ လှည့်ကြည့်လာကြ၏။ ကြမ်းပြင်ပေါ်တွင် လဲကျနေပြီး နဖူးမှ သွေးများ အဆက်မပြတ် စီးကျကာ အော်ဟစ်နေသော ထောင်ကျုံးမှလွဲ၍ အကုန်လုံးက ငေးကြောင်နေကြ၏။
“ရှဲ့ရှန်း ... မင်း ဘာသဘောလဲ။”
လွီရန်ကျဲ့၏ မျက်နှာက ရက်စက်ကြမ်းကြုတ်သွားပြီး ရုတ်တရက် မတ်တတ်ရပ်ကာ ရှဲ့ရှန်းကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။
ဒူလင်ဖုန်း၏ ရင်ထဲတွင် အလွန်တရာ ခါးသီးသွားပြီဖြစ်ကာ အလျင်အမြန် ထွက်လာပြီး ကြားဝင် ဖြေရှင်းပေးလိုက်၏။ “သခင်လေး ... သူ အရက်မူးသွားတာပါ။ အရက်မူးသွားတာပါ။ အရက် မနိုင်လို့ပါ။”
အရက်ခွက် ကွဲကြေသွားသည်နှင့်အတူ ရင်ထဲရှိ ဒေါသများကလည်း အတော်လေး လျော့ကျသွားရာ ရှဲ့ရှန်းက အနည်းငယ် ပြန်လည် တည်ငြိမ်လာပြီး ဒူလင်ဖုန်း စကားပြောမည်ကို လက်ကာပြ၍ တားဆီးလိုက်၏။ ထို့နောက် ထောင်ကျုံးနှင့် အခြားသူများကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ “သခင်လေး … ကျုပ် အရက်မူးနေတာ မဟုတ်ဘူး။ သူတို့တွေ အရက်မူးနေကြတာ။ အရက်မူးပြီး ရိုင်းစိုင်းစွာ ပြုမူတာ၊ အမျိုးသမီးတွေကို စော်ကားတာက တာ့ကျင်း ဥပဒေမှာ ကြီးလေးတဲ့ ပြစ်မှုပဲ။ တကယ်လို့ ဒီနေ့ ကိစ္စသာ အပြင်ကို ပေါက်ကြားသွားရင် သခင်လေးအတွက် အန္တရာယ် ရှိနိုင်တယ်။”
လွီရန်ကျဲ့၏ မျက်နှာက ပို၍ ဆိုးရွားလာပြီး အေးစက်စက် ပြောလိုက်၏။ “ဟိုင်ယွမ်မြို့မှာ ကျုပ်တို့လွီမိသားစုရဲ့ အဆင့်အတန်းက ဘာလဲဆိုတာ မင်း နားမလည်ဘူးလား။ တာ့ကျင်း ဥပဒေ .. မင်းက တာ့ကျင်း ဥပဒေနဲ့ ကျုပ်ကို ဖိအားပေးရဲတယ်ပေါ့။”
ရှဲ့ရှန်းက တည်ငြိမ်သော မျက်နှာထားဖြင့် ပြန်ပြောလိုက်သည်။ “ကျုပ်က တာ့ကျင်း ဥပဒေနဲ့ သခင်လေးကို ဖိအားပေးနေတာ မဟုတ်ပါဘူး။ တကယ်တော့ ကျုပ်တို့က သခင်လေးအတွက် အလုပ်လုပ်ပေးနေရတာ ဆိုတော့ အမြဲတမ်း အပြင်ထွက်နေရတာလေ။ တကယ်လို့ တစ်ယောက်ယောက်က ပါးစပ်မလုံဘဲ အပြင်ရောက်မှ ကောလာဟလတွေ ဖြန့်လိုက်ရင် မကောင်းဘူး။”
လွီရန်ကျဲ့က တွေးတောနေဟန်ဖြင့် ရှဲ့ရှန်းကို ကြည့်လိုက်၏။
ရုတ်တရက် သူက လှေကားထစ်များပေါ်မှ ဆင်းလာပြီး ရှဲ့ရှန်း၏ အရှေ့သို့ ရောက်လာကာ လက်ခုပ်တီး၍ ရယ်မောလိုက်သည်။
“ကောင်းလိုက်တာ။ တကယ်ကို ကောင်းလိုက်တဲ့ စကားပဲ။ မင်းက ကျုပ်အတွက် တွေးပေးနိုင်တာမို့ ကျုပ် အရမ်း ဝမ်းသာတယ်။ အမျိုးသမီးတွေကို အနိုင်ကျင့်စော်ကားတာက ကြီးလေးတဲ့ ပြစ်မှုပဲ။ ဒီကိစ္စကို ကာကွယ်ရမယ်။
ဒါဆိုရင်လည်း ... ကျုပ်တို့ အကုန်လုံး တစ်လှည့်စီ လုပ်ကြတာပေါ့။ ဒါဆိုရင် အကုန်လုံးက ပြစ်မှုကျူးလွန်ရာမှာ ပါဝင်သူတွေ ဖြစ်သွားပြီဆိုတော့ ဘယ်သူကမှ အပြင်ထွက်ပြီး ပါးစပ်ဖောက်မှာကို ကြောက်စရာ မလိုတော့ဘူးပေါ့။
ရှဲ့ရှန်း ... မင်းက တော်တော် သတ္တိရှိတာပဲ။ ကျုပ်ရှေ့မှာ ဒီလောက် ရိုင်းရိုင်းစိုင်းစိုင်း လုပ်ရဲတဲ့သူ မရှိတာ ကြာပြီ။ မင်းကို ကျုပ် သဘောကျတယ်။ ဒီပထမဆုံး ဟင်းလျာကို မင်း ကိုယ်တိုင် မြည်းစမ်းလိုက်။”