အခန်း (၄၃၂-၄၃၄)
Vol. 24 Ch. 432-434
အပိုင်း (၄၃၂) သာမန်အရပ်သား၏ ဒေါသ။
ရှဲ့ရှန်းသည် ခေါင်းငုံ့ကာဖြင့် နေရာတွင် ရပ်နေပြီး မည်သည့်အရာကို တွေးတောနေသည် မသိချေ။
လွီရန်ကျဲ့က သူ့ကို တိတ်ဆိတ်စွာပင် စိုက်ကြည့်နေ၏။
ခဏအကြာတွင် သူက ဆက်ပြောလိုက်သည်။ "ဘာလဲ။ မင်း မလိုချင်သေးတာလား။ ဒါမှမဟုတ် သခင်လေး ကျုပ်က မင်းကို အဖော်လုပ်ပေးဖို့ နောက်တစ်ယောက် ရှာပေးရအုံးမှာလား။
ဒူလင်ဖုန်း ... ရှဲ့ရှန်းကို မင်း မိတ်ဆက်ပေးခဲ့တာဆိုတော့ မင်းပါ သူနဲ့ အတူတူ ဝင်လုပ်လိုက်ပါလား။"
ဒူလင်ဖုန်းသည် တံတွေးတစ်ချက် မြိုချလိုက်ပြီး ရှဲ့ရှန်းကို တစ်လှည့် လွီရန်ကျဲ့ကို တစ်လှည့် ကြည့်ကာ ခက်ခက်ခဲခဲပင် ခေါင်းညိတ်ပြလိုက်၏။
ထိုချိန်မှာတော့ ခုနလေးတင် ခေါင်းပေါက်သွားသော ထောင်ကျုံးလည်း သတိပြန်ဝင်လာလေပြီ။
သွေးထွက်နေဆဲဖြစ်သော နဖူးကို အုပ်ကာဖြင့် လွီရန်ကျဲ့အနားသို့ မကျေမချမ်း လျှောက်သွားပြီး ဒေါသတကြီး ပြောလိုက်သည်။ "သခင်လေး ... ဒီလူက မရိုးသားဘူး။ ချန်ထားလို့ မဖြစ်ဘူး။"
လွီရန်ကျဲ့က သူ့ကို ပါးစပ်ပိတ်ထားရန် လက်ကာပြလိုက်၏။
ထောင်ကျုံးက ချက်ချင်း ဆုတ်ခွာသွားသော်ငြား မျက်လုံးများကတော့ ရှဲ့ရှန်းကို စိုက်ကြည့်နေဆဲပင်။
ဒူလင်ဖုန်းမှာတော့ ရှဲ့ရှန်းက နေရာတွင် ရပ်နေဆဲဖြစ်ပြီး မည်သည့် လှုပ်ရှားမှုမှ မလုပ်သည်ကို မြင်သောကြောင့် စိုးရိမ်လာ၏။ အလျင်အမြန်ပင် သူ့ကို ဆွဲကာ ကွေ့နျန်၏ ဘေးသို့ ခေါ်သွားလိုက်သည်။
ထိုချိန်မှာတော့ ကွေ့နျန်၏ ခန္ဓာကိုယ်ပေါ်တွင် အဝတ်အစား တစ်လွှာမျှပင် မရှိတော့ဘဲ အရေးကြီးသော နေရာများကို လက်ဖြင့် ကာကွယ်ကာ ခန္ဓာကိုယ်ကို ကွေးထားရ၏။
တစ်ချိန်တည်းမှာပင် ရှဲ့ရှန်းကို စိုးရိမ်တကြီး လှမ်းကြည့်နေသည်။
ခုနလေးတင် ဤအမျိုးသားက သူမကို ကယ်တင်ခဲ့သည်။ သူက တခြားလူများနှင့် မတူချေ။ သူ သူမကို ကယ်တင်နိုင်ကောင်း ကယ်တင်နိုင်လိမ့်မည်။
ရှဲ့ရှန်းမှာတော့ တကယ်ကို ထိတ်လန့်နေပြီ ဖြစ်၏။ ခုနက ဒေါသအလျောက် အရက်ခွက်ကို ပစ်ပေါက်လိုက်မိသော်ငြား အခုတော့ ကျားပေါ်မှ ဆင်းရခက်လေပြီ။
အကယ်၍ ဤအမျိုးသမီးကို မထိဘူးဆိုရင် ပြဿနာ ကြီးသွားနိုင်ပေသည်။
ထိလိုက်မည်ဆိုလျှင် လူဟူ၍ပင် ခေါ်၍ရတော့မည် မဟုတ်ပေ။
ဘယ်လိုလုပ်ရမလဲ။ ဘယ်လို ဆက်လုပ်ရမလဲ။
ချွေးအေးများက ရှဲ့ရှန်း၏ နဖူးမှတစ်ဆင့် ဖြည်းညင်းစွာ စီးကျလာ၏။
ကြမ်းပြင်ပေါ်တွင် ကွေးကွေးလေး နေရင်း သူ့ကို တောင်းပန်သည့် အကြည့်များဖြင့် ကြည့်နေသော ကွေ့နျန်ကို ကြည့်ကာ ခဏတာမျှ စိတ်ရှုပ်ထွေးသွားသည်။
"ဘာလဲ။ မလှုပ်သေးဘဲ ဘာစောင့်နေတာလဲ။ ဒါမှမဟုတ် ကျုပ်ပြောတဲ့စကားက အသုံးမဝင်ဘူးလား။" လွီရန်ကျဲ့၏ အသံက နားထဲသို့ ဝင်ရောက်လာ၏။
ရှဲ့ရှန်း၏ နှလုံးခုန်နှုန်းက ပို၍ မြန်ဆန်လာသည်။
လွီရန်ကျဲ့၏ လေသံ မကောင်းသည်ကို ကြားသောကြောင့် ဒူလင်ဖုန်းက အလျင်အမြန် ဝင်တောင်းပန်လိုက်၏။ "သခင်လေး ... ခုနက ခွန်အား အများကြီး သုံးလိုက်ရလို့ပါ။ သူ့ကို နည်းနည်းလောက် အနားပေးလိုက်ပါအုံး။ နည်းနည်းလောက် အနားပေးလိုက်ပါ။"
"အနားပေးရမယ်။ ဆေးအရက် ယူလာခဲ့စမ်း။"
ဤရှဲ့ရှန်းက အခြေအနေကို နားမလည်သောကြောင့် သခင်လေးက သူ့ကို အပြစ်ပေးတော့မည်မှာ သိသာလှသည်။
ထောင်ကျုံးက စားပွဲဘေးရှိ ဆေးအရက်ကို အလျင်အမြန် ယူကာ ကမ်းပေးလိုက်၏။
"ဒါကို သောက်လိုက်။" လွီရန်ကျဲ့၏ မျက်နှာပေါ်တွင် လှောင်ပြောင်သည့် အရိပ်အယောင်များ ရှိနေသည်။
ရှဲ့ရှန်းက အရက်အိုးကို ယူကာ တစ်ကျိုက်တည်း မော့သောက်လိုက်ပြီးနောက် တီးတိုး ပြောလိုက်၏။ "အရက်ချီးမြှင့်တဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေး။"
ထို့နောက် မည်သည့် လှုပ်ရှားမှုမှ မရှိတော့ချေ။
ဝင်လုပ်မည့် အရိပ်အယောင် အနည်းငယ်မျှ မရှိသည်ကို မြင်သောအခါ လွီရန်ကျဲ့က ဒူလင်ဖုန်းကို လက်ယပ်ခေါ်လိုက်သည်။
ဒူလင်ဖုန်းလည်း အလျင်အမြန် ပြေးသွား၏။
ဖြောင်း ... ဖြောင်း ... ဖြောင်း ... ။
ကျယ်လောင်လှသော ပါးရိုက်သံ သုံးချက်က ဒူလင်ဖုန်း၏ မျက်နှာပေါ်သို့ ကျရောက်သွားပြီး ပါးတစ်ဖက်က ချက်ချင်းပင် ဖောင်းအစ်လာသည်။
ဒူလင်ဖုန်းသည် မျက်နှာကို အုပ်ကာ ခေါင်းငုံ့ထားပြီး အသံတစ်ချက်မျှပင် မထွက်ရဲချေ။
"ဒီလူကို မင်း မိတ်ဆက်ပေးတာလေ။ ဘာဖြစ်လို့ ဒီလောက်တောင် အခြေအနေကို နားမလည်ရတာလဲ။" လွီရန်ကျဲ့က ရှဲ့ရှန်းကို စွေကြည့်လိုက်၏။
ရှဲ့ရှန်း၏ ရှေ့တွင် ပါးသုံးချက် ရိုက်ခံလိုက်ရသောကြောင့် ဒူလင်ဖုန်းမှာ အလွန်တရာ ရှက်ရွံ့သွားမိသည်။
သို့သော်ငြား လွီရန်ကျဲ့၏ အာဏာစက်ကို ကြောက်ရွံ့သောကြောင့် သူက ဘာမှ ထပ်မပြောရဲဘဲ ဖားယားကာ ပြောလိုက်ရ၏။ "သခင်လေး ... သူ ... သူက စာတတ်ပေတတ် တစ်ယောက်လေ။ ပထမဆုံးအကြိမ်ဆိုတော့ သိပ်အကျင့်မရသေးလို့ပါ။"
"အို ... စာတတ်ပေတတ်။ သူက စာတတ်ပေတတ် တစ်ယောက်တဲ့လား။ ဟားဟားဟား ... အကုန်လုံး လာကြည့်ကြစမ်းပါ။ ဒီစာတတ်ပေတတ်ကြီးက ကျုပ်တို့နဲ့ တစ်ခန်းတည်း အတူတူ နေပြီး အတူတူ အလုပ်လုပ်နေတာကိုတောင် ဟန်ဆောင်ချင်နေသေးတယ်။ ရှဲ့ရှန်း ... ခင်ဗျား ဖတ်ခဲ့တဲ့ စာတွေက ဘယ်ရောက်သွားပြီလဲ။"
ရှဲ့ရှန်းက မျက်နှာထားကို တင်းထားပြီး စကားမပြောချေ။
လွီရန်ကျဲ့က သူ၏ အရှေ့သို့ လျှောက်သွားကာ ခါးကို ကိုင်းပြီး ခေါင်းမော့ကာ လှောင်ပြောင်သည့် အမူအရာဖြင့် ကြည့်လိုက်၏။
"ရှဲ့ရှန်း ... သခင်လေးကျုပ်က ဒီတစ်လကျော်အတွင်းမှာ မင်းအပေါ် မဆိုးခဲ့ဘူး မဟုတ်လား။"
"သခင်လေးက ... သဘောကောင်းပါတယ်။"
"အေး ... ကျုပ်က သဘောကောင်းမှန်း မင်း သိသေးတာပဲ။ ကျုပ်က မင်းကို ပိုက်ဆံရှာဖို့ ခေါ်လာပေးရုံတင် မကဘူး အတူတူ ပျော်ပါးဖို့ပါ ခေါ်လာပေးတာ။ အခု မင်းက ကျုပ်ကို မျက်နှာမပေးဘဲ နေတာ ကျုပ်ကို အားနာဖို့ မကောင်းဘူးလား။
မင်းရဲ့ မျက်နှာကို ကြည့်ရတာ မကျေမနပ် ဖြစ်နေသလိုပဲ။"
"ကျေနပ်ပါတယ် ... ။"
လွီရန်ကျဲ့က ခေါင်းခါလိုက်ပြီး သက်ပြင်းချလိုက်၏။ "မင်းတို့ ရောင်းရမှာက မှောင်ခိုဆားပဲ။ အရေးအကြီးဆုံး ကိစ္စက ဘာလဲ။ ဘယ်သူက သူ့ကို ပြောပြပေးမလဲ။"
"စကားနားထောင်ဖို့ပါ။" လူတစ်ယောက်က အော်ပြောလိုက်သည်။
လွီရန်ကျဲ့က ချက်ချင်းပင် ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။ "မှန်တယ်။ စကားနားထောင်ဖို့ပဲ။ လွီမိသားစုရဲ့ တံခါးကို ဝင်လာပြီဆိုရင် မင်းက လွီမိသားစုရဲ့ ... ခွေးပဲ။
သခင်လေးကျုပ်က အရှေ့သွားဆိုရင် မင်း အနောက်ကို သွားလို့မရဘူး။ စကားနားထောင်မှ ဗိုက်ဝမယ်ဆိုတာ နားလည်လား။"
စကားဆုံးသည်နှင့် လွီရန်ကျဲ့က လက်ကို ဆန့်ထုတ်ကာ ရှဲ့ရှန်း၏ မျက်နှာကို အားကုန်သုံး၍ နှစ်ချက် ပုတ်လိုက်သည်။
ပြင်းထန်လှသော လူ့ဂုဏ်သိက္ခာ စော်ကားမှုကြောင့် ရှဲ့ရှန်း၏ တစ်ကိုယ်လုံးမှာ အဆက်မပြတ် တုန်ယင်လာ၏။
"လာ ... မင်းက လွီမိသားစုရဲ့ ဘာလဲဆိုတာ ကျုပ်ကို ပြောစမ်း။" လွီရန်ကျဲ့က သူ့ကို ပြုံးရွှင်စွာ ကြည့်နေသည်။
ဤတစ်လအတွင်းမှာ အကျိုးအမြတ်တွေ အများကြီး ပေးခဲ့ပြီး သဘောကောင်းသလိုလည်း ဆက်ဆံခဲ့ပြီးပြီ။ တစ်ဖက်လူက မျက်နှာမပေးမှတော့ အခွင့်အရေးကို ယူပြီး ဖိနှိပ်ထားမှသာ မှန်ကန်ပေလိမ့်မည်။
သို့ပေမည့် ကြည့်ရသည်မှာ ခေါင်းမာတဲ့ကောင် ဖြစ်ပုံရသည်။ ဤလူကို သုံး၍ မရနိုင်ချေ။
"ခွေး ... ။" ရှဲ့ရှန်းက အံကြိတ်ကာ ထိုစကားလုံးကို အတင်းညှစ်ထုတ်လိုက်၏။
သူ၏ တစ်သက်တာလုံးတွင် ဤမျှလောက် ကြီးမားသော အရှက်တကွဲ အကျိုးနည်းဖြစ်မှုကို တစ်ခါမှ မခံစားခဲ့ရဖူးချေ။
သို့ပေမည့် အခုက ကိုယ်ရေးကိုယ်တာ ဂုဏ်သိက္ခာကို ဂရုစိုက်ရမည့် အချိန်မဟုတ်ပေ။
ထွက်ပေါက် ... ။ ဘယ်လို ထွက်ပေါက်ရှာရမလဲဆိုတာကသာ အဓိကကျ၏။ ဂုဏ်သိက္ခာကိုတော့ ဘေးဖယ်ထားရမည်သာ။
လွီရန်ကျဲ့ ကျေနပ်သွားပြီး ပြုံးကာ ပြောလိုက်သည်။ "အခြေအနေကို နားလည်သားပဲ။ မိန်းမတစ်ယောက်ပါပဲ။ မင်း ကစားတာ များသွားရင် ဒါတွေက ဘာမှ မဟုတ်တော့ပါဘူး။ လာ ... မင်းတို့ နှစ်ယောက် ဆက်လုပ်ကြ။"
ဒူလင်ဖုန်းမှာ ထိုချိန်မှသာ သက်ပြင်းချနိုင်တော့ပြီး အလျင်အမြန် စားပွဲဘေးသို့ ပြေးသွားကာ ဆေးအရက် တစ်ငုံ သောက်လိုက်၏။
ကွေ့နျန်မှာတော့ အခုချိန်တွင် လုံးဝ မျှော်လင့်ချက် ကင်းမဲ့သွားပြီဖြစ်ပြီး မျက်လုံးထဲတွင် နောက်ဆုံး ကျန်ရှိနေသော မျှော်လင့်ချက် အရိပ်အယောင်လေးပင် ပျောက်ကွယ်သွားခဲ့သည်။
ရှဲ့ရှန်းကိုသာ ငေးကြောင်စွာ ကြည့်ရင်း ပါးစပ်မှ တီးတိုး ရေရွတ်နေ၏။ "ကယ် ... ပါ၊ ကယ် ... ။"
ကွေ့နျန်၏ မျှော်လင့်ချက် ကင်းမဲ့နေသော အကြည့်များကို ကြည့်ရင်း ရှဲ့ရှန်းသည် နေရာတွင် ငေးကြောင်ကာ ရပ်နေမိသည်။
လွီရန်ကျဲ့က ရှဲ့ရှန်းနှင့် ကွေ့နျန်ကို စိတ်ဝင်တစား ကြည့်နေပြီး ရင်ထဲတွင် အလွန်တရာ စိတ်လှုပ်ရှားနေ၏။
စိတ်ဝင်စားစရာပဲ။ ဒီညက တကယ်ကို စိတ်ဝင်စားစရာ ကောင်းလိုက်တာ။
ဒီအရူးမက သူမကို ကယ်တင်လိမ့်မယ်လို့ တွေးယောင်နေတုန်းပဲ။ ခဏနေ ရှဲ့ရှန်း ဝင်လုပ်တဲ့အခါ ဘယ်လို မျက်နှာမျိုး ထားမလဲ မသိဘူး။
ထိုချိန်မှာတော့ ဒူလင်ဖုန်းက ကွေ့နျန်အနားသို့ ရောက်ရှိသွားပြီဖြစ်ကာ အင်္ကျီများကို စတင်ချွတ်နေပြီဖြစ်သည်။
ဘောင်းဘီ တစ်ဝက်လောက် ကျွတ်သွားချိန်တွင် လက်ကို ရုတ်တရက် အဖမ်းခံလိုက်ရ၏။နက်ရှိုင်းလှသော အသံတစ်သံက သူ၏ နားထဲသို့ ဝင်ရောက်လာ၏ "ဘောင်းဘီ ပြန်ဝတ်လိုက်။"
ဒူလင်ဖုန်းသည် သူ၏ လက်မောင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ခံထားရသည်ကို ခံစားလိုက်ရပြီး အံ့အားသင့်စွာ လှည့်ကြည့်လိုက်၏။ "အစ်ကိုရှဲ့ ... ခင်ဗျား ... ။"
"ခင်ဗျားကို ဘောင်းဘီ ပြန်ဝတ်ခိုင်းနေတယ်။"
ပျော်ရွှင်နေချိန်တွင် အနှောင့်အယှက် ပေးခံလိုက်ရသောကြောင့် လွီရန်ကျဲ့သည် မျက်မှောင်ကုတ်သွားပြီး မျက်လုံးကို မှေးကာ ပြောလိုက်၏။ "ရှဲ့ရှန်း ... အချောင်ပေးနေတာကို ဘာငြင်းချင်နေတာလဲ။"
"သခင်လေးက သူတစ်ပါးကို အတင်းအကျပ် ဖိအားပေးချင်နေတာလား။ ဒီအမျိုးသမီးကို စော်ကားရတာ ဘာပျော်စရာ ရှိလို့လဲ။ တကယ်လို့ သခင်လေးက အလှလေးတွေကို သဘောကျတယ်ဆိုရင် ကျုပ် ရှာပေးလို့ ရပါတယ်။ ဒီလို အဆင့်အတန်းမျိုးက သခင်လေး အချိန်ဖြုန်းဖို့ မတန်ပါဘူး။"
ကိစ္စတွေက ဤအခြေအနေထိ ရောက်လာပြီဖြစ်ရာ ရှဲ့ရှန်းတွင်လည်း အခြား နည်းလမ်း မရှိတော့ချေ။
လွီရန်ကျဲ့သည် ဒေါသတကြီးဖြင့် ရှေ့သို့ တိုးလာကာ ရှဲ့ရှန်းကို ဘယ်ညာ ပါးချလိုက်ပြီးနောက် သူ၏ ဆံပင်များကို အားကုန်သုံး၍ ဆွဲချလိုက်ပြီး ဒေါသတကြီး ပြောလိုက်၏။ "မင်းအမေကို … ။ ကျုပ်ကို လာကစားနေတာလား။
မင်းကို ခွေးလုပ်ခိုင်းရင် ခွေးနဲ့ တူအောင်နေစမ်း။ သခင်လေးကျုပ် ဘယ်လို အလုပ်လုပ်ရမလဲဆိုတာ မင်း လာသင်ပေးနေစရာ လိုလို့လား။ မင်းကိုယ်မင်း ဘာကောင် မှတ်နေတာလဲ။ ကိုယ့်အဆင့်အတန်းကိုယ် မသိဘူးလား။
သခင်လေးကျုပ်ရဲ့ အပျော်ကို နှောင့်ယှက်ရဲတယ်ဆိုတော့ မင်းက ဝက်ဝံသည်းခြေ စားထားတာလား။"
ဒူလင်ဖုန်းသည် အခြေအနေ မကောင်းမှန်း သိလိုက်သောကြောင့် အလျင်အမြန်ပင် အဝေးသို့ ရှောင်ထွက်သွားသည်။
သွားပါပြီ ... အစ်ကိုရှဲ့တော့ ဒီနေ့ တကယ် သွားပါပြီ။ လွီရန်ကျဲ့ရဲ့ အရူးထတဲ့ စိတ်က ပေါ်လာပြီဆိုရင် ဘယ်သူမှ တားလို့မရဘူး။
"မင်း သူ့ကို ကာကွယ်ချင်နေတာလား။ ဒီနေ့ ဘယ်သူကမှ သူမကို ကယ်လို့မရဘူး။ လူလာစမ်း။ ဆွဲထူလိုက်။"
လူလေးယောက် ရောက်လာပြီး ကွေ့နျန် ရုန်းကန်နေသည်ကို ဂရုမစိုက်ဘဲ တစ်ယောက်ကို ခြေလက်တစ်ဖက်စီ ဆွဲကာ သူမကို ကြက်ခြေခတ် ပုံစံဖြင့် ခါးအမြင့်လောက်ထိ ဆွဲမလိုက်ကြ၏။
သူမ အော်ဟစ်ရုန်းကန်နေဆဲဖြစ်သည်ကို မြင်သောအခါ လွီရန်ကျဲ့က ကွေ့နျန်၏ ဗိုက်ကို လက်သီးဖြင့် အားကုန် ထိုးချလိုက်ရာ အော်သံများ ချက်ချင်း ရပ်တန့်သွားသည်။ သူက ခါးပတ်ကို ဖြုတ်ကာ ရှဲ့ရှန်းကို ဂုဏ်ယူစွာ ကြည့်လိုက်၏။
"ဟက်ဟက် ... ကျုပ်ကို သေချာ ကြည့်ထား။ သေချာလေး ကြည့်ထား။ လင်ဖုန်း ... သူ့ခေါင်းကို သေချာ ကိုင်ထားစမ်း။"
လွီရန်ကျဲ့လည်း စိတ်လှုပ်ရှားလာသည်။ အရင်တုန်းက သူ့ဘေးနားရှိ လူများက သူ့ကို အလိုလိုက် အကြိုက်ဆောင်ကြသူများချည်းသာ ဖြစ်သည်။ ယနေ့ ခေါင်းမာသူတစ်ယောက် ရောက်လာခြင်းက တကယ့်ကို စိတ်ဝင်စားစရာပင်။
ရှဲ့ရှန်း၏ မျက်နှာမှာ ပူထူနေပြီး လွီရန်ကျဲ့၏ လက်က ကွေ့နျန်၏ ခြေသလုံးဆီသို့ ရောက်သွားသည်ကို ကြည့်ကာ ရုတ်တရက် ပြောလိုက်၏။
"သခင်လေးလွီ ... ခဏနေပါအုံး။ ခုနက ကျုပ် စဉ်းစားကြည့်တာ သခင်လေး ကိုယ်တိုင် လုပ်ဖို့ မလိုပါဘူး။" စကားဆုံးသည်နှင့် ကွေ့နျန်အနားသို့ လျှောက်သွားလိုက်သည်။
လွီရန်ကျဲ့က ရှဲ့ရှန်းကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်၏။ "အိုဟိုး ... သဘောပေါက်သွားပြီလား။"
ထို့နောက် ကွေ့နျန်၏ ခြေထောက်ပေါ် တင်ထားသော လက်ကို ဖယ်လိုက်သည်။
ရှဲ့ရှန်း အနားရောက်လာချိန်မှာတော့ သူက ရှဲ့ရှန်း၏ ပခုံးကို ပုတ်ကာ နားနားကပ်ပြီး ပြောလိုက်၏။ "ဒီလိုမှပေါ့။ စကားနားထောင်စမ်းပါ။ တကယ်လို့ မင်း ဒီမိန်းမကို သဘောကျတယ်ဆိုရင် အကုန်လုံး ကစားပြီးသွားရင် မင်းကို ပေးလိုက်မယ်။"
လွီရန်ကျဲ့၏ ပြုံးစိစိ မျက်နှာကို ကြည့်ရင်း ရှဲ့ရှန်း၏ ရင်ထဲရှိ ဖိအားများ ရုတ်တရက် ပေါ့ပါးသွားကာ ဒေါသတရားများပင် ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ သို့သော်ငြား မျက်နှာပေါ်တွင်တော့ မတတ်သာသည့် အရိပ်အယောင်များ ပေါ်လာ၏။
"မင်း အမေကို သွား … ။"
ဘိုင်း ... ဘိုင်း ... ဘိုင်း ... ဘိုင်း ... ဘိုင်း ... ။
အပိုင်း (၄၃၃) သတ်မိန့်။
မီးခိုးဖြူဖြူလေးများက သေနတ်ပြောင်းဝမှတစ်ဆင့် လေထဲသို့ လွင့်ပျံသွားပြီး ရှဲ့ရှန်း၏ လက်နှစ်ဖက်ကတော့ သေနတ်ကို ချိန်ထားသည့် အနေအထားတွင်သာ ရှိနေဆဲပင်။
ခြေခုနစ်လှမ်းအတွင်းမှာ သေနတ်က တိကျပြီး မြန်ဆန်လှသည်။
ပို၍ဆိုးသည်မှာ မျက်နှာကို ကပ်၍ ပစ်လိုက်ခြင်းဖြစ်ရာ ဤတစ်ချက်က အနီရောင်များရော၊ အဖြူရောင်များပါ လွင့်စင်သွားစေပြီး အများစုမှာ ရှဲ့ရှန်း၏ အပေါ်အင်္ကျီတွင် လာစင်နေ၏။
ခန်းမဆောင်အတွင်း၌ မျက်စိတစ်မှိတ်အတွင်းမှာပင် အလောင်းငါးလောင်း ထပ်တိုးလာတော့သည်။
ဤတစ်ကြိမ်က ရှဲ့ရှန်းအတွက် ပထမဆုံးအကြိမ် လူသတ်ဖူးခြင်း ဖြစ်သည်။ ကြမ်းပြင်ပေါ်တွင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီဖြစ်သော အလောင်းများကို ကြည့်ရင်း သူ၏ ရင်ထဲတွင် ထိတ်လန့်မှု မရှိသည့်အပြင် တိတ်တဆိတ် ပျော်ရွှင်ကြည်နူးမှု တစ်မျိုးကိုပင် ခံစားလိုက်ရ၏။
ကြမ်းပြင်ပေါ်တွင် လဲကျနေသော ကွေ့နျန်မှာတော့ အသည်းအေးမတတ် ထိတ်လန့်သွားပြီဖြစ်ကာ သတိမလစ်ရုံတမယ် ဖြစ်နေ၏။ သို့သော်ငြား ရှဲ့ရှန်း၏ ကျောပြင်ကို ကြည့်ရင်း လုံခြုံမှု တစ်မျိုးကို ခံစားလိုက်ရသောကြောင့်သာ သတိပြန်လည်လာခဲ့သည်။
ဒူလင်ဖုန်း ငေးကြောင်နေ၏။
ရှဲ့ရှန်း လက်ထဲရှိ သေနတ်ကို ကြည့်ရင်း မျက်လုံးများပင် ပြူးကျယ်သွားသည်။
ဒါက ဘာပစ္စည်းကြီးလဲ။ ကျယ်လောင်တဲ့ အသံကြီး ထွက်လာပြီး မျက်တောင်တစ်ခတ်အတွင်းမှာပဲ လူငါးယောက်ကို သတ်ပစ်လိုက်တယ်ပေါ့။
သခင်လေးလွီ ... သေသွားပြီလား။
ထိန်းချုပ်မရနိုင်သော အော်ဟစ်ချင်စိတ်က ဒူလင်ဖုန်း၏ လည်ချောင်းဝသို့ ဆောင့်တက်လာ၏။
"အစ်ကိုရှဲ့ ... ခင်ဗျား အရူး ... ။"
စကားထွက်လာသည်နှင့် တစ်ပြိုင်နက် မည်းနက်နေသော သေနတ်ပြောင်းဝက ဒူလင်ဖုန်း၏ မျက်နှာဆီသို့ ရောက်လာသည်။
ဒူလင်ဖုန်းက သူ့ကိုယ်သူတောင် သတိမထားမိဘဲ လက်နှစ်ဖက်ကို အလိုအလျောက် မြှောက်လိုက်မိ၏။
ရှဲ့ရှန်းက အေးစက်စက် ပြောလိုက်သည်။ "အသံတိတ်နေစမ်း။"
ခန်းမဆောင်အတွင်းမှ ကျယ်လောင်လှသော အသံက အပြင်ဘက်တွင် စောင့်နေသော အိမ်စေများ၏ သိချင်စိတ်ကို ဆွဲဆောင်သွားသည်မှာ သိသာလှပေသည်။ အပြင်ဘက်မှ တီးတိုး ခေါ်သံကို ကြားလိုက်ရ၏။ "သခင်လေး ... အထဲမှာ အဆင်ပြေရဲ့လား။"
ရှဲ့ရှန်းက ခြေရင်းတွင် ရှိနေသော ကွေ့နျန်ကို ကြည့်ကာ ခပ်နာနာ တစ်ချက်ကန်လိုက်ပြီး ကြမ်းတမ်းစွာ ပြောလိုက်သည်။ "အော်စမ်း … အသံကျယ်ကျယ် အော်စမ်း။"
ကွေ့နျန်က အလျင်အမြန်ပင် ထိတ်လန့်တကြား အော်ဟစ်လိုက်တော့၏။
ထို့နောက် ရှဲ့ရှန်းက စားပွဲငယ်ပေါ်ရှိ အရက်အိုးကို ယူကာ တံခါးဝဆီသို့ အားကုန် ပစ်ပေါက်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "သခင်လေးလွီ စိတ်တက်ကြွနေတာ။ ခင်ဗျားတို့ အကုန်လုံး ဝေးဝေးသွားနေကြစမ်း။"
အပြင်ဘက်မှ အိမ်စေက ပြန်လည် တိတ်ဆိတ်သွားတော့၏။
ဒူလင်ဖုန်းလည်း အနည်းငယ် သတိပြန်ဝင်လာပြီး ရှဲ့ရှန်းကို ထိတ်လန့်စွာ ကြည့်လိုက်သည်။ "အစ်ကိုရှဲ့ ... ခင်ဗျား တကယ်တမ်း ဘယ်သူလဲ။"
"ညီလေးဒူ ... တောင်းပန်ပါတယ်။"
ရှဲ့ရှန်းက သူ့ကို ပြန်မဖြေဘဲ ကြမ်းပြင်ပေါ်မှ ဝတ်ရုံတစ်ထည်ကို ကောက်ယူကာ ကွေ့နျန်အပေါ်သို့ လွှမ်းခြုံပေးလိုက်သည်။ ထို့နောက် သေနတ်ကို ကိုင်ကာ ဒူလင်ဖုန်းအနားသို့ ကပ်သွား၏။
လက်ထဲတွင် သေနတ်နှစ်လက် ရှိပြီး တစ်လက်ထဲတွင် ကျည်တစ်တောင့် ကျန်ရှိနေသေးသည်။
သူက သေနတ်ဖြင့် ဒူလင်ဖုန်း၏ ခါးကို ထောက်ကာ တံခါးအပြင်ဘက်သို့ အတင်းအကျပ် ခေါ်သွားလိုက်၏။ ပြီးနောက် လှည့်ကာ ကြမ်းပြင်ပေါ်ရှိ ကွေ့နျန်ကို မှာကြားလိုက်သည်။ "ခင်ဗျား ဒီမှာပဲ နေ။ ဘယ်မှ မသွားနဲ့။"
ကွေ့နျန်က ထိတ်လန့်တကြား ခေါင်းညိတ်ပြလိုက်၏။
ဒူလင်ဖုန်းက မျက်နှာငယ်လေးဖြင့် ပြောလိုက်သည်။ "အစ်ကိုရှဲ့ ... ခင်ဗျား ကျုပ်ကို သတ်ချင်နေတာတော့ မဟုတ်ပါဘူးနော်။"
ရှဲ့ရှန်းက တဖြည်းဖြည်း တည်ငြိမ်လာသည်။ ပြန်တော့မဖြေပေ။
ကိစ္စတွေက အစောတည်းက နောက်ကြောင်းပြန်လှည့်လို့ မရနိုင်တော့ရာ ယခုအချိန်မှာတော့ အင်အားသုံးရုံသာ ရှိတော့သည်။
တံခါးမကြီးကို တိတ်တဆိတ် အဟဟလေး ဖွင့်လိုက်ပြီး ဒူလင်ဖုန်းက ခေါင်းပြူထွက်ကာ ကြည့်လိုက်သည်။ ဟိုဘက်ဒီဘက် ကြည့်လိုက်ပြီးနောက် လူမရှိသည်ကို မြင်သောအခါ လှည့်ကာ တီးတိုး ပြောလိုက်၏။ "အပြင်မှာ လူမရှိဘူး။"
ရှဲ့ရှန်းက ခေါင်းညိတ်လိုက်ပြီး သူတို့နှစ်ယောက် တံခါးအပြင်ဘက်သို့ ကပ်လျက် ထွက်လာခဲ့ကြသည်။
သေနတ်က ဒူလင်ဖုန်း၏ ခါးကို ထောက်ထားဆဲဖြစ်ရာ ကျောပြင်မှတစ်ဆင့် သတ္တု၏ အထိအတွေ့နှင့်အတူ သတ်ဖြတ်လိုစိတ်ကို ရေးတေးတေး ခံစားနေရ၏။
အပြင်သို့ ရောက်သောအခါ ရှဲ့ရှန်းက အင်္ကျီအတွင်းဘက်မှ မီးရှူးမီးပန်းကို ထုတ်ကာ ဒူလင်ဖုန်းကို ကမ်းပေးလိုက်ပြီး မီးခြစ်ဖြင့် ထိုမီးရှူးမီးပန်းကို မီးညှိလိုက်သည်။
တောက်ပလှသော မီးပန်းတစ်ခုက ရွှီးခနဲ အသံနှင့်အတူ ကောင်းကင်ယံသို့ တိုက်ရိုက် ထိုးတက်သွား၏။
ဤအံ့ဩစရာ မြင်ကွင်းကို ကြည့်ရင်း ဒူလင်ဖုန်းမှာ တဖြည်းဖြည်း ပါးစပ်ဟသွားပြီး ထိုခဏတွင် ကြောက်ရွံ့မှု ကိုပင် မေ့လျော့သွားသည်။
ရှဲ့ရှန်းက သူ့ကို သေနတ်ဖြင့် တစ်ချက်ထောက်လိုက်မှသာ သတိပြန်ဝင်လာပြီး သတိတကြီးဖြင့် မေးလိုက်၏။ "အစ်ကိုရှဲ့ ... အဲဒါ ... အဲဒါ သတင်းပို့တဲ့ ပစ္စည်း ဖြစ်ရမယ်နော်။"
"ထပ်ပြီး မမေးနဲ့။ လွီမိသားစုရဲ့ အရေးကြီးတဲ့ လူတွေ ဘယ်မှာလဲလို့ ကျုပ် မေးနေတယ်။ လွီရန်ကျဲ့ရဲ့ အဖေ၊ သူ့သားနဲ့ ညီအစ်ကိုတွေလေ။"
ဒူလင်ဖုန်းက တုန်တုန်ယင်ယင်ဖြင့် တားမြစ်လိုက်သည်။ "အစ်ကိုရှဲ့ ... ခင်ဗျား ဘာလုပ်ချင်နေတာလဲ။ ရပ်လိုက်ပါတော့။
ခင်ဗျား သခင်လေးလွီကို သတ်လိုက်ပြီ။ အခု ဘယ်သူမှ မသိသေးခင် မြန်မြန် ထွက်ပြေးပါတော့ ... ။ ကျုပ် ဘယ်သူ့ကိုမှ မပြောဘူးလို့ ကတိပေးပါတယ်။"
ရှဲ့ရှန်းက အေးစက်စက် ပြုံးလိုက်၏။ "ထွက်ပြေးမယ်။ အစိုးရရုံးနဲ့ လွီမိသားစုက ပူးပေါင်းနေကြတာလေ။ ကျုပ်က အစောင့်အကြည့် ခံနေရတာ ကြာပြီ ဖြစ်ရမယ်။ လွီအိမ်တော်ထဲက ထွက်လို့ရရင်တောင် မြို့ပြင် ထွက်လို့ရပါ့မလား။ စကားပိုတွေ မပြောနဲ့။ လွီမိသားစုက ကျန်တဲ့လူတွေ ဘယ်မှာလဲ။"
ဒူလင်ဖုန်းက မတတ်သာဘဲ လက်ညှိုးထိုးပြလိုက်သည်။ "တောင်ဘက်အဆောင်။ သူတို့ အကုန်လုံး တောင်ဘက်အဆောင်မှာ နေကြတယ်။ အစ်ကိုရှဲ့ ... ကျုပ် ပြောတာ နားထောင်ပါ။ ဒီလို လုပ်လို့ အသုံးမဝင်ပါဘူး။
အတွင်းဘက် အိမ်တော် တစ်ခုလုံးမှာတင် လူနှစ်ထောင်နီးပါး ရှိတယ်။ ခင်ဗျား လူဘယ်လောက် ခေါ်နိုင်လို့လဲ။ မြန်မြန် အသက်လု ထွက်ပြေးပါတော့။"
လူနှစ်ထောင်ထဲမှာ အများစုက အစေခံမိန်းကလေးတွေနဲ့ အိမ်စေတွေချည်းသာ ဖြစ်သည်။ ကိုယ့်ဘက်မှာ လူနှစ်ဆယ်ကျော် ရှိပြီး အကုန်လုံးက လက်နက် အပြည့်အစုံ တပ်ဆင်ထားတဲ့ ထိပ်တန်း အကောင်တွေချည်းပင်။
တောင်ဘက်အဆောင်ကို သွားပြီး လူတချို့ကို ဖမ်းချုပ်ဖို့ဆိုတာ ပြဿနာ မဟုတ်ချေ။
ခန်းမဆောင်အတွင်းသို့ ပြန်ဝင်လာချိန်မှာတော့ ကွေ့နျန်က အဝတ်အစားများ ပြန်ဝတ်ပြီးနေပြီဖြစ်ကာ ဘာလုပ်ရမှန်းမသိဘဲ နေရာတွင် ထိုင်နေ၏။ မျက်နှာပေါ်တွင်လည်း မျက်ရည်စများ ရှိနေဆဲပင်။
ရှဲ့ရှန်း ပြန်ရောက်လာသည်ကို မြင်သောအခါ ရင်ထဲတွင် ချက်ချင်း အေးချမ်းသွားသည်။ ဖြည်းညင်းစွာ မတ်တတ်ရပ်ကာ ကြမ်းပြင်ပေါ် ဒူးထောက်ပြီး နူးညံ့စွာ ပြောလိုက်သည်။ "ကျေးဇူးရှင်။"
"သွား ... အဲဒီက လိုက်ကာကို သွားဆွဲဖြဲပြီး အစလေးတွေ လုပ်ခဲ့စမ်း။" ရှဲ့ရှန်းက ခန်းမဆောင်အတွင်းရှိ လိုက်ကာကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။
ကွေ့နျန်က ဝေခွဲမရစွာဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် ကြမ်းပြင်ပေါ်မှ ကြွေပန်းကန်ကွဲ တစ်ခုကို ကောက်ယူကာ အဝတ်စများ သွားလုပ်နေတော့သည်။
ဒူလင်ဖုန်းလည်း အပြည့်အဝ တည်ငြိမ်သွားခဲ့သည်။ ရင်ထဲတွင် အနည်းငယ် ကြောက်ရွံ့နေဆဲ ဖြစ်သော်ငြား ယခုပုံစံကို ကြည့်ရသည်မှာ ရှဲ့ရှန်းက သူ့ကို သတ်မည့် ရည်ရွယ်ချက် မရှိပုံပေါ်၏။
ထို့ကြောင့် ညည်းတွားလိုက်သည်။ "အစ်ကိုရှဲ့ ... ခင်ဗျား ကျုပ်ကို ဒုက္ခပေးတာပဲ ... ။ ခင်ဗျား ကျုပ်ကို အစကတည်းက ချဉ်းကပ်ခဲ့တာ တခြား ရည်ရွယ်ချက် ရှိလို့များလား။"
ဒီလို လက်နက် အပြည့်အစုံ တပ်ဆင်ထားတဲ့ ပုံစံမျိုးက တခြား ရည်ရွယ်ချက် မရှိဘူးလို့ ပြောရင်တောင် ဘယ်သူက ယုံမှာလဲ။
ဘယ်သူက ဒီလို လူသတ်လက်နက်ကြီးကို ကိုယ်နဲ့မကွာ သယ်လာမှာလဲ။ ဒါက ဒူးလေးထက်တောင် ပိုစွမ်းသေးတယ် မဟုတ်လား။
ရှဲ့ရှန်းလည်း အားနာသွားမိ၏။ "ညီလေးဒူ ... ဘာမှ ထပ်မမေးပါနဲ့တော့။ ခင်ဗျားသာ ရိုးရိုးသားသား ပူးပေါင်းမယ်ဆိုရင် ခင်ဗျား လုံခြုံဖို့ ကျုပ် အာမခံတယ်။"
ဒူလင်ဖုန်းက တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။
မကြာမီမှာပင် ကွေ့နျန်က အဝတ်စ အပိုင်းအစများကို ကိုင်ကာ လျှောက်လာ၏။
ရှဲ့ရှန်းက ကျေးဇူးတင်စကား ဆိုလိုက်ပြီး အဝတ်စများကို ယူကာ ဒူလင်ဖုန်းကို တင်းကျပ်စွာ တုပ်နှောင်ပြီး ပါးစပ်ကိုပါ ဆို့ထားလိုက်သည်။
ထို့နောက် ကွေ့နျန်၏ အံ့အားသင့်နေသော အကြည့်များအောက်မှာပဲ ရှဲ့ရှန်းက သူမကိုပါ တင်းကျပ်စွာ တုပ်နှောင်ပြီး ပါးစပ်ကို ဆို့ထားလိုက်၏။
နှစ်ယောက်လုံးကို တုပ်နှောင်ပြီးနောက် ဘေးချင်းယှဉ်ကာ စားပွဲဘေးတွင် မှီထားစေသည်။
ထိုအမျိုးသားနှင့် အမျိုးသမီး နှစ်ယောက်မှာ ရှဲ့ရှန်း အလောင်းများကို ရှင်းလင်းပြီး သွေးကွက်များကို သုတ်သင်နေသည်ကိုသာ ငေးကြောင်စွာ ကြည့်နေကြရ၏။
တဖြည်းဖြည်းနှင့် ကွေ့နျန်၏ မျက်နှာက နီရဲလာပြီး ဒူလင်ဖုန်း၏ မျက်လုံးများကလည်း ပြူးကျယ်လာသည်။
ရှဲ့ရှန်းက ခုနက အားဖြည့်ဆေးအရက် တစ်အိုးလုံးကို သောက်ထားရာ ယခုအချိန်တွင် ဆေးအာနိသင်က တက်လာပြီ ဖြစ်ကြောင်း သိသာလှ၏။
ခန္ဓာကိုယ်တွင် ထူးဆန်းသော အပြောင်းအလဲများ ဖြစ်ပေါ်လာပြီး လူသတ်မှု ဖြစ်ပွားရာ နေရာကို ရှင်းလင်းနေသည့် သူ၏ အပြုအမူနှင့် ပေါင်းစပ်လိုက်သောအခါ ... ။
မြင်ကွင်းက တကယ်ကို ... ထူးဆန်းလွန်းလှ၏။
ဒူလင်ဖုန်းသည် ခက်ခက်ခဲခဲဖြင့် တံတွေးတစ်ချက် မျိုချလိုက်ပြီး ရင်ထဲတွင် ဘုရားစာများကိုသာ အဆက်မပြတ် ရွတ်ဆိုနေမိသည်။
...
ကျောက်လျဲ့သည် ခြံဝင်းအတွင်း၌ ရပ်ကာ ကောင်းကင်ယံကို မော့ကြည့်နေ၏။
ရှဲ့ရှန်း အပြင်ထွက်သွားတိုင်း ညီအစ်ကို အနည်းငယ်က အလှည့်ကျ စောင့်ကြပ်လေ့ရှိကြသည်။
အချက်ပြမှု တစ်ခုခု ပေါ်လာပြီဆိုလျှင် အရေးကြီးသော ကိစ္စများ ဖြစ်ပေါ်နေပြီဟု ဆိုလိုသည်။ ရုတ်တရက် အောက်ခြေမှ ကောင်းကင်ယံဆီသို့ ကြယ်တံခွန်တစ်ခု လွင့်ပျံသွား၏။
ကျောက်လျဲ့ အလွန်တရာ အံ့အားသင့်သွားပြီး ရှဲ့ရှန်း၏ အခန်းထဲသို့ ချက်ချင်း ပြေးဝင်သွားကာ နုံးယွီကို လက်ဝါးစောင်းဖြင့် ရိုက်ကာ သတိလစ်စေလိုက်သည်။ ထို့နောက် ခြံဝင်းအတွင်းသို့ ပြန်ပြေးထွက်လာပြီး ညီအစ်ကိုများကို စုဝေးရန် အကြောင်းကြားလိုက်သည်။
မကြာမီမှာပင် လူအားလုံး စုဝေးရောက်ရှိလာကြ၏။
"ညီအစ်ကိုတို့ ... ဆရာရှဲ့ သတင်းပို့လိုက်ပြီ။ ဟိုဘက်မှာ ပြဿနာ ကြီးကြီးမားမား ဖြစ်နေပြီ။ ယမ်းမှုန့်တွေ ယူခဲ့။ ဓားတွေ၊ လေးတွေ ကိုင်ပြီး ညဝတ်စုံတွေ လဲကြ။"
ချန်တယ်ရှန်းက စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်၏။ "ဒါဆို ကျုပ်ကရော။"
"ခင်ဗျားက နံရံလည်း ကျော်မတတ်ဘူး။ လွီမိသားစုရဲ့ ပတ်ဝန်းကျင်ကို သွားပြီးတော့လည်း မစူးစမ်းဖူးဘူး။ ခင်ဗျားကို ခေါ်သွားပြီး ဘာလုပ်ရမှာလဲ။ ဒီအိမ်တော်မှာ ဆက်နေလို့ မရတော့ဘူး။ ခင်ဗျား နုံးယွီကို ခေါ်ပြီး ပုန်းနေဖို့ နေရာတစ်ခု ရှာလိုက်။ သူ့ကို သေချာ စောင့်ကြည့်ထားပြီး ပြဿနာ မရှာစေနဲ့။"
ချန်တယ်ရှန်းက နှုတ်ခမ်းကို သပ်လိုက်သည်။ "ဒါဆို ကျုပ် သူ့ကို တိုက်ရိုက် သတ်ပစ်လိုက်လို့ မရဘူးလား။"
ကျိုးထျဲ့က လှောင်ပြောင်သည့် လေသံဖြင့် ဝင်ပြောလိုက်၏။ "ခွေးအိုကြီး ... ခင်ဗျားက ကျုပ်တို့ တောက်ယွမ်ခရိုင်ကို အရှေ့နန်းတော်က ကင်းထောက်တွေလို ထင်နေတာလား။ ထစ်ခနဲရှိ လူသတ်မယ်ချည်းပဲလား။
ကျုပ်တို့က ကိုယ်ကျင့်တရားနဲ့ လူ့သဘာဝကို နားလည်တဲ့ အထူးတပ်ဖွဲ့တွေဗျ။ ခင်ဗျားဘာသာ ခင်ဗျား နည်းလမ်းရှာပြီး သူ့ကို သေချာ စောင့်ကြည့်ထား။ တစ်ခုခု ဖြစ်ရင် ခင်ဗျားကိုပဲ အပြစ်ပေးမယ်။"
ကျိုးထျဲ့က အသံကျယ်ကျယ်ဖြင့် ဆက်ပြောလိုက်သည်။ "ညီအစ်ကိုတို့ ... ကျုပ်တို့ မြောက်ဘက်ကနေ နံရံကို ကျော်ပြီး ဝင်ကြမယ်။ အတွင်းဘက် အိမ်တော်ရဲ့ အခြေအနေကို အစ်ကိုရှဲ့က ခင်ဗျားတို့ကို ရှင်းပြပြီးသား ဖြစ်မယ်နော်။
သူက ညစာစားပွဲကို သွားတာဆိုတော့ ဧည့်ခံတဲ့ ခန်းမဆောင်မှာ ရှိနေဖို့ များတယ်။ ကျုပ်တို့ မြောက်ဘက်ကနေ စရှာပြီး ကြိုတင် စီစဉ်ထားတဲ့အတိုင်း လှုပ်ရှားကြမယ်။ အသံတိတ်တိတ် သွားကြ။ တကယ်လို့ တစ်ယောက်ယောက်က လမ်းပိတ်မယ်၊ ဒါမှမဟုတ် သတင်းသွားပို့မယ်ဆိုရင် တစ်ခါတည်း သတ်ပစ်။"
ချန်တယ်ရှန်း " ... "
အပိုင်း (၄၃၄) တောက်ယွမ်ခရိုင်ကို ဝိုင်းရံတိုက်ခိုက်ခြင်း။
ဝန်ကြီးအိမ်တော်အတွင်း။
အိမ်တော်ထိန်း ရွှီဘိုက စာကြည့်ခန်း၏ တံခါးကို ခေါက်လိုက်သည်။
အခန်းထဲမှ အသံပြုလိုက်သောအခါ ရွှီဘိုက တံခါးကို တွန်းဖွင့်ကာ ဝင်သွားပြီး ပြောလိုက်၏။ "သခင်ကြီး ... တွေ့ခွင့်တောင်းတဲ့သူ ရောက်နေပါတယ်။"
ကျန်းရှီက အံ့အားသင့်စွာဖြင့် ခေါင်းမော့ကြည့်လိုက်သည်။
သန်းခေါင်ယံအချိန်တောင် ရောက်နေပြီကို တွေ့ခွင့်တောင်းတဲ့သူ ရှိသေးတာလား။
"ဘယ်သူလဲ။"
ရွှီဘိုက မသိမသာ အသံနှိမ့်ကာ ပြောလိုက်၏။ "မင်းသားရဲ့ လူပါ။"
ဝူမင်းသား ... ။ မတွေ့ရတာ အချိန်အတော်ကြာပြီ။ ဘာလို့ ရုတ်တရက်ကြီး သတင်းလာပို့ရတာလဲ။
ကျန်းရှီ မျက်မှောင်ကုတ်သွား၏။ "ဝင်လာခိုင်းလိုက်။"
မကြာမီမှာပင် အနက်ရောင် ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်း အမျိုးသား တစ်ယောက် ဝင်လာသည်။
လေးစားစွာဖြင့် အရိုအသေပေးလိုက်ပြီး စာအိတ်ကို လက်နှစ်ဖက်ဖြင့် ကမ်းပေးကာ ပြောလိုက်၏။ "သခင်ကြီးကျန်း ... မင်းသားက သခင်ကြီးဆီ စာတစ်စောင် ပို့ခိုင်းလိုက်ပါတယ်။"
"ခင်ဗျားက ဘယ်သူလဲ။ မင်းသားမှာ ကိစ္စရှိရင် ဘာလို့ မျက်နှာချင်းဆိုင် မဆွေးနွေးဘဲ စာပို့ခိုင်းရတာလဲ။"
"ကျုပ်က မင်းသားရဲ့ ကိုယ်ရံတော်တပ်ဖွဲ့က တပ်မှူး ကျန်းဟူပါ။"
ကျန်းရှီသည် တုန်ယင်စွာဖြင့် စာအိတ်ကို လှမ်းယူလိုက်ပြီး ကျန်းဟူကို သံသယဝင်စွာဖြင့် ကြည့်လိုက်၏။
ကိုယ်ရံတော်တပ်ဖွဲ့ ... ။
နယ်စားမင်းသားများ၏ အာဏာကို မလျှော့ချမီ အချိန်ကာလက ဒေသခံမင်းသားများထံတွင် ကိုယ်ပိုင်တပ်ဖွဲ့များ ရှိခဲ့ဖူးလသည်။ သို့ရာတွင် ထိုတပ်ဖွဲ့များကို ဖျက်သိမ်းလိုက်သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်၏။
ဝူမင်းသားသည် ဤကိုယ်ပိုင်တပ်ဖွဲ့အား ယခုတိုင် လျှို့ဝှက်စွာ ထားရှိဆဲလား။
ကျန်းရှီက အလျင်အမြန် စာအိတ်ကို ဖောက်ကာ သေချာ ဖတ်ရှုလိုက်ရာ ဖတ်ရင်းဖတ်ရင်း ချွေးစေးများပင် စီးကျလာတော့သည်။
ဟိုင်ယွမ်မြို့ ပေါက်ကြားသွားပြီလား။ မင်းသား ကိုယ်တိုင် သွားတာလား။
ကျန်းရှီက စာကို ခေါက်လိုက်ပြီး အလျင်စလို မေးလိုက်၏။ "ဒီစာအပြင် မင်းသားက ဘာပြောသေးလဲ။ မင်းသား ပြန်လာအုံးမှာလား။"
ကျန်းဟူက ဖြေလိုက်သည်။ "မင်းသားက သခင်ကြီးကို အသက်ရှင်အောင် နေပါလို့ မှာလိုက်ပါတယ်။ စကားလည်း ပါးပြီးပြီဆိုတော့ သခင်ကြီးကျန်း ... ကျုပ် သွားခွင့်ပြုပါအုံး။"
စကားဆုံးသည်နှင့် ကျန်းဟူက လှည့်ထွက်သွား၏။
ရွှီဘိုက သတိတကြီးဖြင့် အနားသို့ ကပ်လာကာ မေးလိုက်သည်။ "သခင်ကြီး ... ဝူမင်းသားက ထွက်သွားတာကို ဘာလို့ သူ့ကိုယ်ရံတော်တွေ မခေါ်သွားတာလဲ။"
ကျန်းရှီက စာရွက်ကို ဆီမီးခွက်ဖြင့် တိုက်ရိုက် မီးရှို့လိုက်ပြီး လွင့်ပျံနေသော ပြာမှုန်များကို ကြည့်ကာ တွေးတောနေလိုက်၏။
"အင်း ... မင်း အရင် ထွက်သွားလိုက်ပါ။"
...
ကျန်းဟူသည် ဝန်ကြီးအိမ်တော်မှ ထွက်လာပြီး မင်းသားအိမ်တော်နှင့် မလှမ်းမကမ်းရှိ အိမ်တော်ကြီး တစ်ခုဆီသို့ တိုက်ရိုက် ဦးတည်သွားသည်။
အိမ်တော်ကြီးအတွင်း၌ အနက်ရောင် ကိုယ်ကျပ်ဝတ်စုံ ဝတ်ဆင်ထားသူ အများအပြားက စောင့်ကြပ်နေကြပြီး အလွန်တရာ တင်းကြပ်နေပုံရ၏။
သူက ခန်းမဆောင်ကို ဖြတ်ကျော်ကာ အနောက်ဘက်ခြံဝင်းရှိ စာကြည့်ခန်းသို့ တိုက်ရိုက် ဝင်သွားပြီး လမ်းတွင် လူအနည်းငယ်ကိုပါ ခေါ်လာခဲ့သည်။
ဤစာကြည့်ခန်းက ထူးထူးခြားခြား ပြင်ဆင်ထားပြီး အခန်းထဲတွင် စားပွဲတစ်လုံး ရှိ၏။
စားပွဲပေါ်တွင်တော့ မြေပုံတစ်ခု ရှိနေပြီး ခရိုင်မြို့လေး တစ်မြို့နှင့် တူပေသည်။
အခန်းထဲ ဝင်ဝင်ချင်းပင် ကျန်းဟူက ပွင့်ပွင့်လင်းလင်း ပြောလိုက်၏။ "အကုန်လုံးပဲ ... မင်းသားက အတော်လေး ဝေးဝေး ရောက်သွားပြီ။
သုံးရက်အတွင်း ကျုပ်တို့ တောက်ယွမ်ခရိုင်ကို တိုက်ပြီး ကောင်းမှုကုသိုလ်ကို လုယူရမယ်။ ပြီးရင် ကျန်းလင် ဆိပ်ကမ်းကနေ ထွက်ခွာမယ်။ အဲဒီအချိန်ကျရင် မင်းသားက တခြား ဆိပ်ကမ်းတစ်ခုကနေ ကျုပ်တို့ကို လာကြိုဖို့ ပြင်ဆင်ထားပြီးလောက်ပြီ။"
လူတစ်ယောက်က မေးလိုက်သည်။ "တပ်မှူး ... ဒီကောင်းမှုကုသိုလ်ဆိုတာက ဘာပစ္စည်းကြီးလဲ။ မင်းသားက ဘာလို့ ဒီလောက်တောင် အရေးပေးနေရတာလဲ။"
ကျန်းဟူက မြေပုံကို ကြည့်ရင်း ဖြေလိုက်၏။ "မသိဘူး။ မင်းသား ပြောတာကတော့ တောင်တွေကိုတောင် ဖြိုခွဲနိုင်တဲ့ နတ်ပစ္စည်း တစ်မျိုးတဲ့။ ဒီပစ္စည်းက မင်းသား အရေးအကြီးဆုံး သတ်မှတ်ထားတဲ့ အရာပဲ။ သူက ဖန်ကျန်းရီကို သွားဖမ်းမယ်၊ တကယ်လို့ မအောင်မြင်ခဲ့ရင် ကျုပ်တို့အပေါ်ကိုပဲ အားကိုးရတော့မယ်။ အစီအစဉ် နှစ်ခု လုပ်ထားတာဆိုတော့ အမှားခံလို့ မဖြစ်ဘူး။"
ကျန်းဟူက မြေပုံကို လက်ညှိုးထိုးပြလိုက်၏။ "ကျုပ်တို့ဆီမှာ လူနှစ်ထောင်ပဲ ရှိတယ်။ သန်ဘက်ခါကျရင် လူနှစ်ရာက ရုပ်ဖျက်ပြီး တောက်ယွမ်ခရိုင်ထဲ အရင်ဝင်မယ်။ ပြီးရင် မြို့တံခါးကို သိမ်းပိုက်မယ်။
ကျန်တဲ့လူတွေက နှစ်လီအကွာက သစ်တောထဲမှာ ပုန်းနေကြ။ အချိန်ကိုက်ရောက်တာနဲ့ ကျုပ်တို့ တိုက်ရိုက် မြို့ထဲဝင်ပြီး လုယက်သတ်ဖြတ်မယ်။
ခရိုင်တစ်ခုလုံးမှာ အစောင့်စစ်သည်တွေနဲ့ ဖမ်းဆီးရေးအရာရှိတွေ ပေါင်းလိုက်ရင်တောင် ငါးရာထက် မပိုနိုင်ဘူး။ ပြီးတော့ အကုန်လုံးက အသုံးမကျတဲ့ ကောင်တွေချည်းပဲ။ ခင်ဗျားတို့ အသီးသီး တပ်ဖွဲ့တစ်ဖွဲ့စီ ဦးဆောင်ပြီး တပ်ဖွဲ့နှစ်ဖွဲ့က မြို့တံခါးကို စောင့်ကြပ်ဖို့ သွား။ ဘယ်သူ့ကိုမှ အပြင်ပေးမထွက်နဲ့။ ကျန်တဲ့လူတွေက ခွဲထွက်ပြီး ကောင်းမှုကုသိုလ်ကို ရှာကြ။ လမ်းပိတ်တဲ့သူ မှန်သမျှ သတ်ပစ်။ ကျုပ်တို့ ကျိန်းသေပေါက် မြန်မြန်တိုက်ပြီး မြန်မြန်ဆုတ်ရမယ်။
အကြမ်းဖျင်းကတော့ ဒါပဲ။ ကျုပ် ဒီနေ့ မွန်းတည့်တည်းက ရှောင်လျိုကို တောက်ယွမ်ခရိုင်ရဲ့ အခြေအနေကို စုံစမ်းဖို့ အရင် လွှတ်ထားတယ်။ မနက်ဖြန်လောက်ဆို ပြန်ရောက်လာလောက်ပြီ။ အဲဒီအချိန်ကျမှ အသေးစိတ် အစီအစဉ် ပြန်ဆွဲကြတာပေါ့။"
အကုန်လုံးက မြေပုံကို လက်ညှိုးထိုးကာ အလှည့်ကျ ဆွေးနွေးတိုင်ပင်ကြပြီး မမျှော်လင့်ထားသော အခြေအနေများ မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ကြ၏။
ရုတ်တရက် ထိတ်လန့်တကြားဖြစ်နေသော ပုံရိပ်တစ်ခုက အခန်းထဲသို့ ဝင်လာပြီး ကျန်းဟူ၏ အရှေ့တွင် အမောတကော ရပ်လိုက်သည်။
ကျန်းဟူ အံ့အားသင့်သွား၏။ "ရှောင်လျို ... ခင်ဗျား ဘာလို့ ဒီလောက် မြန်မြန် ပြန်ရောက်လာတာလဲ။ စုံစမ်းလို့ ပြီးသွားပြီလား။"
ရှောင်လျိုက အတော်ကြာအောင် အသက်ကို လုရှုပြီးမှ ပြောလိုက်သည်။ "ကျုပ် ... ကျုပ် ... ကျုပ် လမ်းကြေးကောက်တဲ့ ဂိတ်ကို မဖြတ်နိုင်ခဲ့ဘူး ... ။"
"ဘာ။ လမ်းကြေးကောက်ဂိတ်။" ကျန်းဟူ မှင်သက်သွား၏။ မင်းသား ပေးထားသော မြေပုံပေါ်တွင် ဤသို့သော သရဲတစ္ဆေမျိုး မရှိပါချေ။
"အာ ... လမ်းကြေးကောက်တဲ့ဂိတ်တွေ။ တောက်ယွမ်ခရိုင် နယ်နိမိတ်ထဲ ဝင်လိုက်တာနဲ့ အကုန်လုံးက သောက်ရမ်း လမ်းကြေးကောက်တဲ့ဂိတ်တွေချည်းပဲ။ ကျုပ်ဆီမှာ ငွေအလုံအလောက် မပါသွားတော့ ဂိတ်နှစ်ခု ဖြတ်ပြီးတာနဲ့ ရှေ့ဆက်သွားလို့ မရတော့ဘူး။" ရှောင်လျိုက ငိုမဲ့မဲ့ မျက်နှာဖြင့် ပြောလိုက်၏။
အခန်းထဲရှိ လူများအားလုံး တိတ်ဆိတ်သွားကြသည်။
အကုန်လုံးက သာမန်အချိန်များတွင် မြို့ပြင်ရှိ စံအိမ်တွင်သာ လေ့ကျင့်ရေး ဆင်းနေကြရပြီး အပြင်ထွက်သည့်အလုပ် အလွန်တရာ ရှားပါးလှရာ ဤကဲ့သို့သော ကိစ္စမျိုးကို တကယ် မကြားဖူးကြချေ။
ဒါက လမ်းပိတ်ပြီး ဓားပြတိုက်တာ မဟုတ်ဘူးလား။
ကျန်းဟူ ဒေါသထွက်သွား၏။ "ခင်ဗျားခေါင်းက သစ်တုံးလား။ လမ်းလွှဲသွားဖို့ မသိဘူးလား။"
ရှောင်လျိုက အလွန်တရာ နစ်နာဟန်ဖြင့် ပြောလိုက်သည်။ "ကျုပ် လမ်းလွှဲချင်တာပေါ့။ ဒါပေမယ့် သွားလို့ရမယ့် နေရာတိုင်းမှာ စောင့်ကြည့်နေတဲ့ လူတွေ ရှိတယ်။ တောင်ပေါ်ကနေ မကျော်သွားရင် လမ်းကြေးကောက်ဂိတ်ကို ဖြတ်ကို ဖြတ်ရမှာပဲ။
သောက်ကျိုးနည်း ကံဆိုးတာပဲ။ ကျုပ်က လမ်းကြေးကောက်ဂိတ် တစ်ခု ဖြတ်ပြီးရင် ပြီးသွားပြီ ထင်နေတာ။ ကိုက်သုံးရာလောက် ရောက်တော့ နောက်ထပ် တစ်ခု ထပ်ပေါ်လာမယ်လို့ ထင်မထားဘူးလေ။ သူတို့ရဲ့ လမ်းကြေးကောက်ဂိတ်က လက်ဖက်ရည်ဆိုင်လေးလို လုပ်ထားတာ။ အစိုးရစစ်သားတွေ ဖြစ်ပါလျက်နဲ့ အပြင်မှာတော့ လျှော်အင်္ကျီတွေ ဝတ်ထားကြတယ်။ ဒါ လူရမ်းကားဆန်တာ မဟုတ်ဘူးလား။
ပြီးတော့ မြင်းက ပင်ပန်းသွားလို့ လမ်းဘေးမှာ မြက်ခြောက်ရောင်းတာ တွေ့တာနဲ့ ကျုပ်လည်း အများကြီး မတွေးတော့ဘူး။ မြက်ခြောက် တစ်ပုံကို ငွေနှစ်မူး ပေးရမယ်လို့ ဘယ်သူက သိမှာလဲ။ ပြီးတော့ ဘာမှန်းမသိတဲ့ အမိုးအကာအောက်က စိုက်ထားတဲ့ မြက်တွေတဲ့။
ဒါ လူသတ်တာ မဟုတ်ဘူးလား။ ဂိတ်နှစ်ခု ဖြတ်ပြီးတော့ ကျုပ်ဆီမှာ ကြေးပြား နှစ်ဆယ်ပဲ ကျန်တော့တာ။ ပိုက်ဆံ မပေးရင် သူတို့က ကျုပ်ကို ဝိုင်းထားကြသေးတယ်။"
ကျန်းဟူက စားပွဲကို အားကုန် ထုချလိုက်ပြီး ဒေါသတကြီး ပြောလိုက်၏။ "လူရိုင်းတွေ .. ခင်ဗျားက သူတို့ကို ဘာလို့ မသတ်ပစ်ခဲ့တာလဲ။"
"သူတို့ အကုန်လုံးဆီမှာ ဓားတွေ ပါတယ် ... ။"
"ဒါဆို နောက်ဆုံး ခင်ဗျား ပိုက်ဆံ ပေးခဲ့ရလား။" လူတစ်ယောက်က အလျင်စလို မေးလိုက်သည်။
ရှောင်လျိုက ငိုပါတော့၏။ "ကျုပ်ဆီမှာ တကယ် ပိုက်ဆံ မရှိတော့ဘူးလေ။ သူတို့က ကျုပ်မြင်းကို သိမ်းထားလိုက်ပြီး အကြွေပြန်အမ်းပေးသေးတယ်။ မဟုတ်ရင် ကျုပ် လမ်းကြေးကောက်ဂိတ်ကနေတောင် ထွက်လို့ရမှာ မဟုတ်ဘူး။ ကျုပ် ပြေးပြီး ပြန်လာခဲ့ရတာ ... ။"
"အဝင်လည်း ပိုက်ဆံကောက်သလို အထွက်လည်း သောက်ရမ်း ပိုက်ဆံကောက်တာပဲ။"
" ... "
"တပ်မှူး ... ကျုပ်တို့တော့ တကယ့် ဓားပြအစစ်တွေနဲ့ တွေ့နေပြီ။ ဘယ်လိုလုပ်ရမလဲ။"
ကျန်းဟူက ရင်ဘတ်ကို ဖိကာ အကြိမ်အနည်းငယ် အသက်ပြင်းပြင်း ရှုလိုက်ပြီး ဘာလုပ်ရမှန်း မသိဖြစ်သွားသည်။
ကိစ္စတွေက သူထင်ထားတာနဲ့ မတူဘူးပဲ။ အခု ဓားပြတွေက တရားဝင် ဖြစ်သွားကြပြီလား။
"တပ်မှူး ... ဒါ ဘယ်လိုလုပ်မလဲ။ ကျုပ်တို့ တောင်ကို ကျော်ပြီးတော့ မသွားနိုင်ဘူးလေ။ အဲဒါက အချိန် အရမ်းကုန်ပြီး ညီအစ်ကိုတွေလည်း ခံနိုင်မှာ မဟုတ်ဘူး။ ကျုပ် အမြင်တော့ ကျုပ်တို့ တိုက်ခိုက်ပြီး ဝင်သွားတာပဲ ကောင်းမယ်။ သူတို့ရဲ့ လမ်းကြေးကောက်ဂိတ်ကို ဖျက်ဆီးပစ်ပြီး တောက်ယွမ်ခရိုင်ကို မြန်မြန်ချီတက်ကြမယ်။"
ရှောင်လျိုက အလျင်အမြန် တားမြစ်လိုက်၏။ "မရဘူး။ လုံးဝ မရဘူး။
ကိုက်သုံးရာတိုင်းမှာ လမ်းကြေးကောက်ဂိတ် တစ်ခု ရှိတယ်။ ပထမတစ်ခုကို ဖျက်ဆီးလိုက်ရင် အနောက်က လူတွေက သတင်းသွားပို့ကြလိမ့်မယ်။ ပြီးတော့ အနောက်မှာ လမ်းကြေးကောက်ဂိတ် ဘယ်လောက်တောင် ရှိသေးလဲဆိုတာ မသိရဘူး။ အဲဒီအချိန်ရောက်လို့ မြို့တံခါး ပိတ်သွားရင် ကျုပ်တို့ ဘာမှ လုပ်လို့ရမှာ မဟုတ်တော့ဘူး။"
"တပ်မှူး ... ဘယ်လိုလုပ်ကြမလဲ။"
ကျန်းဟူ၏ မျက်နှာက တည်ငြိမ်သွား၏။ သေးငယ်သော ခရိုင်မြို့လေး တစ်မြို့က ပြဿနာ ဤမျှလောက် ကြီးနိုင်လိမ့်မည်ဟု ထင်မထားခဲ့ချေ။ ဤသို့သော အခြေအနေမျိုးကို တစ်ခါမှ မကြားဖူးခဲ့သလို စစ်ပညာ စာအုပ်တွေထဲမှာလည်း မပါပါချေ။
ကျန်းဟူက မျက်နှာနီရဲစွာဖြင့် ပြောလိုက်သည်။ "အကုန်လုံးပဲ ... ပိုက်ဆံစုကြရအောင်။ လမ်းကြေးကောက်ဂိတ်ကို အရင် ဖြတ်ကြည့်ကြတာပေါ့ ... ။"
"တပ်မှူး ... ကျုပ်တို့က ဓားပြတိုက်ဖို့ သွားတာ မဟုတ်ဘူးလား။"
"ပါးစပ်ပိတ်ထားစမ်း။ ရှောင်လျို ... လမ်းကြေးကောက်ဂိတ်က လူတစ်ယောက်ကို ဘယ်လောက် ပေးရလဲ။"
ရှောင်လျိုက နာကျင်စွာဖြင့် အတိတ်ကို ပြန်လည်တွေးတောလိုက်၏။ "လူတစ်ယောက်ကို တစ်မူး၊ မြင်းစီးရင် နှစ်မူး ... ။"
လူရော မြင်းပါဆိုရင် စုစုပေါင်း လေးထောင် ... ။ ဤအချိန်မှာတော့ ကျန်းဟူ၏ မျက်လုံးများထဲတွင် ဝေခွဲမရမှုများ ပြည့်နှက်သွားသည်။
မင်းသား ထွက်သွားတုန်းက လမ်းစရိတ်ကလွဲပြီး တခြားပိုက်ဆံ ဘာမှ ချန်မထားခဲ့ဘူးထင်တယ်။ ပိုက်ဆံ မလောက်ဘူး။
ရှောင်လျို၏ အားနည်းသော အသံလေး ထွက်ပေါ်လာ၏။ "ကျုပ်တို့ မြင်းတွေ ရောင်းလိုက်ကြမလား ... ။"