အခန်း (၄၃၅-၄၃၇)
Vol. 24 Ch. 435-437
အပိုင်း (၄၃၅) သူလျှို ပြန်ရောက်လာခြင်း။
မြင်းရောင်းမယ် ... ။
ကျန်းဟူက ခဏတာ တွေးတောလိုက်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်၏။ "မြင်းရောင်းစရာ မလိုပါဘူး။ မြင်းမစီးဘဲ သွားကြမယ်။ လူတစ်ယောက်ကို တစ်မူးဆိုတော့ စုစုပေါင်း နှစ်ထောင်ပဲ။ ကျုပ်တို့ လက်ထဲမှာ ရှိတဲ့ ငွေတွေနဲ့ လောက်ပါသေးတယ်။"
"အစ်ကိုကြီး ... လမ်းကြေးကောက်ဂိတ် တစ်ခုကို နှစ်ထောင်ဆိုတော့ အနောက်မှာ ရှိသေးတယ်လေ။ ဒီမြင်းတွေကို ရောင်းကို ရောင်းရမှာပဲ။"
"တောက်။" ကျန်းဟူက ရူးသွပ်မတတ် စားပွဲကို ထုချလိုက်သည်။
သောက်ကျိုးနည်း။ ဒီအချက်ကို ဘယ်လိုများ မေ့သွားရတာလဲ။ တောက်ယွမ်ခရိုင်မှာ လမ်းကြေးကောက်ဂိတ် ဘယ်နှစ်ခုတောင် ရှိနေတာလဲ။
"ဒါဆိုရင်လည်း မြင်းရောင်းမယ်။"
"ဒါပေမယ့် ကျုပ်တို့ဆီမှာ မြင်းအကောင်ရေ နှစ်ထောင်တောင် ရှိတယ်လေ။ ရောင်းဖို့ မလွယ်ဘူး။ အရမ်း မျက်စိနောက်တယ်။ မှောင်ခိုဈေးမှာ ရောင်းရင်တောင် ဈေးကောင်း ရမှာ မဟုတ်ဘူး။"
ကျန်းဟူက မျက်နှာကို အုပ်ကာ အကူအညီမဲ့စွာဖြင့် လက်ကာပြလိုက်၏။ "ရောင်းလိုက်။ ရောင်းလိုက်။ မင်းသားနဲ့ တွေ့တဲ့အခါ ဒီပိုက်ဆံလောက်က ဘာမှ မဟုတ်တော့ဘူး။ ဒါပေမယ့် မြန်မြန်လုပ် … ဟိုဘက်က ကျုပ်တို့ကို အကြာကြီး စောင့်နေမှာ မဟုတ်ဘူး။"
မည်သို့ပင်ဆိုစေ မြင်းစီးပြီး တောင်ထဲဝင်၍ မရသလို တရားဝင်လမ်းမကြီးကနေ တိုက်ရိုက်သွားဖို့ကလည်း အရမ်း မျက်စိနောက်သည်။
ယခု မြင်းတွေကို ရောင်းကာ ငွေရှာခြင်းက အသုံးစရိတ် ချွေတာရာ ရောက်သလို မြို့ထဲ တိုက်ရိုက် ဝင်ပြီး လုယက်ဖို့လည်း ပိုအဆင်ပြေပေလိမ့်မည်။
"မနက်ဖြန် ရှောင်လျိုကို နောက်တစ်ခေါက် ထပ်လွှတ်ပြီး ဘယ်လောက် ပေးရမလဲဆိုတာ တွက်ခိုင်းလိုက်။ သန်ဘက်ခါကျရင် လူနှစ်ရာကို မြို့ထဲ အရင် လွှတ်မယ်။ အဝတ်အစားတွေ လဲ၊ လက်နက်တွေ ယူပြီး သတိထားသွားကြ။
ကျုပ်တို့ အင်အားစုကြီး ရောက်လာတဲ့အခါ အသံမြည်မြား ပစ်ဖောက်ပြီး အကြောင်းကြားမယ်။ မြို့တံခါးအနားမှာ လူနှစ်ယောက် ကြိုပြီး စောင့်နေဖို့ မမေ့နဲ့။"
"ဒါဆို မနက်ဖြန် ကျုပ်တို့ နောက်တစ်ရက် ထပ်စောင့်ရအုံးမှာလား။" လူတစ်ယောက်က မေးလိုက်၏။
ကျန်းဟူက မျက်မှောင်ကုတ်ကာ မတတ်သာဘဲ ပြောလိုက်သည်။ "အခု တောက်ယွမ်ခရိုင်မှာ အစီအစဉ် ပြောင်းသွားပြီ။ အချိန်ကုန်သက်သာအောင် မနက်ဖြန် မြို့ပြင်က လယ်ယာခြံကို အရင် သွားကြမယ်။ အကုန်လုံး သတိထားကြ။ မင်းသားက အထူးတလည် မှာထားတယ်။ လယ်ယာခြံထဲက လူတွေကို တစ်ယောက်မှ အသက်မရှင်စေနဲ့။ စိုက်ပျိုးထားတဲ့ သီးနှံတွေကိုလည်း အကုန်လုံး မီးရှို့ဖျက်ဆီးပစ်ခဲ့ရမယ်။"
ရှောင်လျိုက ပြောလိုက်၏။ "ဒါပေမယ့် ... ကျုပ်တို့ လယ်ယာခြံကို စုံစမ်းဖို့ သွားတုန်းက စာရင်းထဲမှာ ပါတာထက် လူတစ်ယောက် လျော့နေတာ တွေ့ခဲ့တယ်။ အဲဒီလူကို ရှာမတွေ့သေးရင် ဘယ်လိုလုပ်မလဲ။"
ကျန်းဟူက ရင်ထဲတွင် သက်ပြင်းချလိုက်မိသည်။
ဘာလို့ ထူးဆန်းတဲ့ ကိစ္စတွေချည်းပဲ ငါ့ဆီ ရောက်လာရတာလဲ။
ငယ်ငယ်တုန်းက စစ်တိုက်ခဲ့ဖူးပေမဲ့ ပြိုင်ဘက်ကို ပိုက်ဆံ အရင်ပေးပြီးမှ စစ်တိုက်ရတာမျိုးတော့ ပထမဆုံး အကြိမ် ကြုံဖူးတာပဲ။
ကံဆိုးနေလို့များလား။ မင်းသားဘက်မှာ ပြဿနာ မရှိနိုင်ဘူး မဟုတ်လား ... ။
"သူ့ကို ဂရုစိုက်မနေနဲ့တော့။ ဒီလောက် အချိန်ကြာတာတောင် ရှာမတွေ့ဘူးဆိုရင် သေများ သေသွားပြီလား မသိဘူး။ ဒါမှမဟုတ် စာရင်း မှားနေတာလည်း ဖြစ်နိုင်တယ်။ ဘာမှ သက်ရောက်မှု မရှိနိုင်ပါဘူး။ အစီအစဉ်အတိုင်း လှုပ်ရှားကြ။ ကျုပ်တို့မှာ အချိန်ဆွဲနေဖို့ အချိန်မရှိတော့ဘူး။"
...
နှစ်ရက် ကုန်လွန်သွားပြီးနောက် တောက်ယွမ်ခရိုင် အစိုးရရုံးတော်အတွင်း။
အောက်ချန်က ရုံးတော် ခန်းမဆောင်တွင် ထိုင်ကာ မနက်စောစောက ပို့လာသော သတင်းစာကို ဖတ်ရင်း ထမင်းစားနေ၏။
မြို့တော်မှ သတင်းစာ ဖြစ်သော်ငြား တောက်ယွမ်ခရိုင်အပေါ် အတော်လေး သက်ရောက်မှု ရှိသည်။
အထူးသဖြင့် တောက်ယွမ်ခရိုင်က မြို့တော်တွင် ဧည့်ရိပ်သာ ဖွင့်လှစ်ထားရာ မြို့တော်တွင် စီးပွားရေး လုပ်ချင်ပါက တောက်ယွမ်မှ လူအများစုသည် ဧည့်ရိပ်သာသို့ သွားရောက်ကာ စုံစမ်းမေးမြန်းခြင်း သို့မဟုတ် ဆက်သွယ်ခြင်းများ ပြုလုပ်လေ့ရှိကြသည်။ ထို့ကြောင့် မြို့တော်၏ လှုပ်ရှားမှုများကို မဖြစ်မနေ သိရှိထားရန် လိုအပ်၏။
ထိုအကြောင်းများကို မပြောလျှင်တောင်မှ ဝန်ကြီးဌာန ခြောက်ခု၏ သတင်းစာထဲတွင် ခွဲခြမ်းစိတ်ဖြာရန် အသုံးဝင်သော သတင်းအချက်အလက် အများအပြား ပါဝင်နေသည်။
ဖတ်ရင်းဖတ်ရင်း အောက်ချန်က တစ်ဝက်လောက် စားထားသော ပေါက်စီကို ချလိုက်ပြီး လက်ဖက်ရည် တစ်ငုံ သောက်ကာ သတင်းစာကို လက်ညှိုးထိုးပြပြီး ဘေးလူများကို ပြောလိုက်၏။ "ကြည့်စမ်း၊ ကြည့်စမ်း။ မနေ့က မြို့တော် အပြင်ဘက်က လယ်ယာခြံတစ်ခုမှာ မီးလောင်လို့ လူဆယ်ဂဏန်းလောက် သေသွားတယ်တဲ့။ ကျုပ်တို့ဆီမှာလည်း မနေ့က စားသောက်ဆိုင် တစ်ခု မီးလောင်သွားတယ် မဟုတ်လား။"
ဘေးရှိ အမှုထမ်းများကလည်း မနက်စာ စားနေကြပြီး သူ၏ အမေးကို ကြားသောအခါ အလျင်အမြန် ခေါင်းညိတ်ပြကြသည်။
အောက်ချန်က သတင်းစာကို ခါပြီး ဆက်ပြော၏။ "ဒီကိစ္စကို အလေးထားရမယ်။ အခုက ရာသီဥတု ပူပြင်း ခြောက်သွေ့နေတော့ ပြဿနာဖြစ်ဖို့ အရမ်း လွယ်တယ်။ ခရိုင်ထဲ အသစ်ရောက်လာတဲ့ ပြည်သူတွေကလည်း သင်တန်းပေးတာ မပြည့်စုံသေးဘူး။
စားပြီးရင် အကုန်လုံးကို ခေါ်လိုက်။ ကျုပ် တာဝန်ချပေးမယ်။"
မနက်စာ စားပြီးနောက် ခရိုင်ရုံးတော်မှ လူဆယ်ဂဏန်းခန့် စုဝေးလာကြရာ အောက်ချန်က ခန်းမဆောင်တွင် ရပ်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ "ဒီနေ့ အကုန်လုံးကို ခေါ်လိုက်တာ အထူးမှာစရာ ရှိလို့ပဲ။ အခု ရာသီဥတုက ပိုပိုပြီး ခြောက်သွေ့လာတော့ မီးလောင်ဖို့ အရမ်းလွယ်တယ်။ ပြည်သူတွေကို မီးဘေးအန္တရာယ် ကာကွယ်ဖို့ သတိပေးကြ။ လမ်းထောင့်တွေက ကြွေးကြော်သံတွေကိုလည်း အကုန် တပြေးညီ လဲပေးလိုက်။"
"အစ်ကိုကြီး ... ဘာကို ပြောင်းရမှာလဲ။"
အောက်ချန်က အတွေးများကို စုစည်းလိုက်ပြီး လည်ချောင်းဟန့်လိုက်၏။ "မီးဘေးအန္တရာယ် ကာကွယ်ရေး ဗဟုသုတတွေ အိမ်တိုင်းကို ရောက်ပါစေ၊ သင်နဲ့ကျုပ် အတူတကွ ငြိမ်းချမ်းစွာ နေထိုင်ကြပါစို့။"
"မီးဘေးအန္တရာယ် ကင်းဝေးရေး လက်တွဲတည်ဆောက်ကြေး၊ တောက်ယွမ်ရဲ့ သဟဇာတဖြစ်မှုကို အတူတကွ ခံစားကြ။"
"ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်က အရေးအကြီးဆုံးပဲ၊ မီးဘေးအန္တရာယ်က ... အဲဒီလိုမျိုးတွေပေါ့။ ခင်ဗျားတို့ ပြန်သွားရင် တစ်ယောက်ကို နှစ်ကြောင်းစီ ထပ်ရေးခဲ့။ ညနေကျရင် ကျုပ်ကို လာပြ။ ကျုပ် စစ်ဆေးပေးမယ်။"
"အစ်ကိုကြီးရဲ့ စာပေစွမ်းရည် တကယ် ကောင်းတာပဲ။" အောက်ဘက်မှ မြှောက်ပင့်သံများ ထွက်ပေါ်လာ၏။
အောက်ချန် မျက်နှာ အနည်းငယ် နီမြန်းသွား၏။ လွန်ခဲ့သောနှစ်များက ဖန်ကျန်းရီနှင့်အတူ ဝါဒဖြန့်ချိရေး လုပ်ငန်းများကို နှစ်နှစ်ခန့် လုပ်ဆောင်ခဲ့ဖူးသောကြောင့် ဤမျှ ယဉ်ကျေးမှု အခြေခံတော့ ရှိနေသေးသည်။
"အကုန်လုံး သေချာ အလေးထားကြဖို့ မမေ့နဲ့။ မီးဘေးအန္တရာယ်ကို အထင်မသေးနဲ့။ ဘယ်နှစ်ကများ ဒီကိစ္စကြောင့် ပြဿနာ မဖြစ်ဖူးလို့လဲ။ ဒီနေ့ သတင်းကို ကြည့်လိုက်။ လယ်ယာခြံ တစ်ခုမှာ မီးလောင်လို့ လူဆယ်ဂဏန်းလောက် သေသွားတာတဲ့။ တကယ်ကို ကြောက်စရာ ကောင်းလိုက်တာ။"
"အဲဒါ မီးဘေးအန္တရာယ် မဟုတ်ဘူး။ လူသတ်မှုပဲ။" ခန်းမဆောင် အပြင်ဘက်မှ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာ၏။
အကုန်လုံးက တံခါးပေါက်ဆီသို့ အလျင်အမြန် လှည့်ကြည့်လိုက်ရာ ယဉ်ကျေးပျော့ပျောင်းသော အမျိုးသား တစ်ယောက် ဝင်လာသည်ကို မြင်လိုက်ရသည်။
သူ၏ မျက်လုံးများက အနည်းငယ် ပင်ပန်းနေပုံရပြီး လက်ထဲတွင်လည်း အဝတ်အိတ် တစ်အိတ်ကို ကိုင်ထား၏။
အောက်ချန် ထိုသူကို မြင်သောအခါ အလွန်တရာ အံ့အားသင့်သွားပြီး ချက်ချင်းပင် ပြောလိုက်သည်။ "အကုန်လုံး ချက်ချင်း လူစုခွဲလိုက်။ ကိုယ့်အလုပ် ကိုယ်လုပ်ကြ။"
လူအများကလည်း အခြေအနေကို နားလည်ကြသဖြင့် ချက်ချင်းပင် လူစုခွဲသွားကြရာ ယခုအခါ ခန်းမဆောင်အတွင်း၌ အမျိုးသားနှင့် အောက်ချန်တို့ နှစ်ယောက်သာ ကျန်ရှိတော့၏။
အောက်ချန်က သူ့ကို ကြည့်ကာ အနည်းငယ် မတတ်သာသော မျက်နှာထားဖြင့် ပြောလိုက်သည်။ "ဖုန်းယာ ... သခင်ကြီးက ခင်ဗျားကို ရှာဖို့ မင်းသားအိမ်တော်ကို အကြိမ်ကြိမ် သွားခဲ့ပေမယ့် ရှာမတွေ့ခဲ့ဘူး။ ခင်ဗျား တကယ်တမ်း ဘယ်ရောက်နေတာလဲ။"
အရင်တုန်းက ဖန်ကျန်းရီက မင်းသားအိမ်တော်ထဲသို့ သူလျှို နှစ်ယောက် လွှတ်ခဲ့ရာ တစ်ယောက်က ဖမ်းခံရပြီး နောက်တစ်ယောက်က ပျောက်ဆုံးသွားခဲ့၏။
ပျောက်ဆုံးသွားသူမှာ ဤဖုန်းယာပင် ဖြစ်သည်။ အပြင်ပန်းတွင်တော့ ဖဲဝေသူ တစ်ယောက် ဖြစ်သော်ငြား တကယ်တမ်းတွင် တောက်ယွမ်ခရိုင်ရှိ လောင်းကစားရုံများ၏ တာဝန်ခံ ဖြစ်ပြီး အစောပိုင်းက ဟိုင်ကျန်းမြို့၏ လောင်းကစားဘုရင် ဖြစ်ခဲ့ကာ လောင်းကစားပညာတွင် ကျွမ်းကျင်သူ ဖြစ်သည်။
ဖုန်းယာက ချက်ချင်း မဖြေဘဲ လက်ထဲရှိ အဝတ်အိတ်ကို အောက်ချန်၏ အရှေ့ရှိ စားပွဲပေါ်သို့ ပစ်ချလိုက်ပြီး တည်ကြည်စွာ ပြောလိုက်၏။ "အဲဒါတွေက အရေးမကြီးပါဘူး။ အရေးကြီးတာ အရင်ပြောမယ်။
မြို့တော် အပြင်ဘက်က မီးလောင်သွားတဲ့ လယ်ယာခြံက တကယ်တော့ ဝူမင်းသားရဲ့ လယ်ယာခြံပဲ။ သူက အဲဒီခြံထဲမှာ လျှို့ဝှက်စွာနဲ့ သီးနှံတချို့ကို စိုက်ပျိုး ပြုစုနေခဲ့တာ။ အဲဒီအရာတွေကို ကျုပ် တစ်ခါမှ မကြားဖူးဘူး။
သူ့ဆီကနေ မထွက်ပြေးခင်မှာ အဲဒီ မျိုးစေ့တွေကို ကျုပ် ယူလာခဲ့တယ်။"
စကားဆုံးသည်နှင့် ဖုန်းယာက အဝတ်အိတ်ကို ဖြေလိုက်ရာ အထဲတွင် အိတ်ငယ်လေးများဖြင့် ခွဲခြား ထည့်ထားသည်ကို တွေ့ရ၏။
ပထမဆုံး ကန်စွန်းဥနှင့် ဆင်တူသော လုံးဝန်းသည့် အရာတစ်ခုကို ထုတ်ပြလိုက်သည်။ "ဒီပစ္စည်းကို ခြံထဲက လူတွေက ယန်ယွီ လို့ ခေါ်ကြတယ်။ အထွက်နှုန်း အရမ်းကောင်းပြီး အဓိက အစားအစာအဖြစ် စားလို့ရတယ်။ ကန်စွန်းဥထက် မညံ့ဘူး။ အလျင်အမြန်ပဲ လူလွှတ်ပြီး မှန်လုံအိမ်ထဲမှာ သေချာ စိုက်ပျိုးခိုင်းလိုက်။"
ထို့နောက် အခြား အိတ်ငယ်များကို ထပ်ယူကာ အထဲမှ သေးငယ်သော မျိုးစေ့များကို ညှစ်ယူပြီး တစ်ခုချင်းစီ မိတ်ဆက်ပြလိုက်၏။ "ဒါက လန်ထောင် လို့ ခေါ်တယ်။ အဆိပ်ရှိလို့ စားလို့မရဘူးလို့ ပြောကြတယ်။ အသီးက အနီရောင်လေးတွေ။
ပြီးတော့ ဒါက လာကျောင်း လို့ ခေါ်တယ်။ သူလည်း အဆိပ်ရှိပေမဲ့ လူကို မသေစေဘူး။ ကျုပ် နည်းနည်း စားကြည့်ဖူးတယ်။ အရမ်း နေရခက်ပြီး လျှာတွေ အရမ်း နာသွားတာပဲ။
နောက်ဆုံး တစ်ခုကတော့ ကျန်းကျူးမီ လို့ ခေါ်တယ်။ ကြီးလာရင် အနာပေါက်နေတဲ့ မုန်လာဥနီနဲ့ နည်းနည်း တူတယ်။ အထွက်နှုန်းက သာမန်ပါပဲ။ ဒါပေမယ့် အရသာက အရမ်းကောင်းတယ်။"
မိတ်ဆက်ပေးပြီးနောက် ဖုန်းယာက သတိတကြီးဖြင့် အိတ်ငယ်များထဲသို့ ပြန်ထည့်ကာ အောက်ချန်၏ အရှေ့သို့ တွန်းပေးလိုက်သည်။ "ဒါတွေ အကုန်လုံး မှန်လုံအိမ်ထဲ သွားစိုက်လိုက်ပါ။ လူလွှတ်ပြီး သေချာ ကာကွယ်ထား။
အဲဒီ အဆိပ်ရှိတဲ့ အရာနှစ်ခုက ဘာအဓိပ္ပာယ် ရှိလဲဆိုတာ မသိပေမဲ့ ဝူမင်းသားတောင် စိုက်ထားတယ်ဆိုတော့ အသုံးဝင်လို့ပဲ ဖြစ်ရမယ်။ ဆေးဖက်ဝင် အပင် တစ်မျိုးမျိုးလည်း ဖြစ်နိုင်တာပဲ။"
အောက်ချန်က အဝတ်အိတ်ကို ယူကာ လက်ထဲတွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်၏။ "ဝူမင်းသား ... ဒီလူက အရမ်းကို လျှို့ဝှက်ဆန်းကြယ်တာပဲ။ ဒီလို ထူးဆန်းတဲ့ အရာတွေ ဘယ်ကနေ အများကြီး ရလာတာလဲ။"
ဖုန်းယာက ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။ "မသိဘူး။ ဒါပေမဲ့ ကျုပ်က ဒီလူကို သဘောမကျဘူး။ ယန်ယွီ အပြင် လယ်ယာခြံထဲမှာ ကန်စွန်းဥတွေလည်း ရှိသေးတယ်။ ပြီးတော့ စိုက်ပျိုးတဲ့ အချိန်က တောက်ယွမ်ခရိုင်ထက် အများကြီး စောတယ်။
ကမ္ဘာလောကကြီးမှာ စားနပ်ရိက္ခာ ရှားပါးမှုတွေ အဆက်မပြတ် ဖြစ်နေတာကို ဒီလောက် အထွက်နှုန်းကောင်းတဲ့ သီးနှံတွေကို သူက အမြဲတမ်း လျှို့ဝှက်နေခဲ့တယ်။ သူ ဘယ်လို ရည်ရွယ်ချက်တွေ ဖုံးကွယ်ထားလဲဆိုတာ ခင်ဗျား ပြောကြည့်စမ်းပါ။"
အပိုင်း (၄၃၆) ရန်သူတပ်များ ကျူးကျော်ရန် ပြင်ဆင်နေခြင်း။
အောက်ချန်က ခဏတာ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်၏။ "သူ့ကို အရင် ဂရုမစိုက်နဲ့အုံး။ ဒါတွေက ကျုပ်တို့နဲ့ ဘာမှ မသက်ဆိုင်ဘူး။ ခင်ဗျားက လယ်ယာခြံထဲ ဘယ်လို ဝင်သွားတာလဲ။ ပြီးတော့ ဘယ်လို ထွက်လာတာလဲ။ နောက်ပြီး ခုနက ခင်ဗျားပြောတဲ့ လယ်ယာခြံက တကယ်တော့ လူသတ်မှုဆိုတာ ဘာအဓိပ္ပာယ်လဲ။"
"ကျုပ်ကို သောက်ဖို့ ရေတစ်ခွက် အရင်ပေး။"
အောက်ချန်က အလျင်အမြန်ပင် လက်ဖက်ရည် တစ်ခွက် ငှဲ့ပေးလိုက်ပြီး သူ သောက်ပြီးသည်အထိ တိတ်ဆိတ်စွာ စောင့်နေလိုက်သည်။
လက်ဖက်ရည် တစ်ခွက် သောက်ပြီးနောက် ဖုန်းယာက အတော်လေး နေ၍ကောင်းသွားသလို ခံစားလိုက်ရ၏။ "ကျုပ် ပြောပါ့မယ်။ ကျုပ် ပြန်လာတဲ့ အချိန် ဒီခရိုင်မြို့ အပြင်ဘက်မှာ လမ်းကြေးကောက်ဂိတ်တွေ အများကြီး ပေါ်လာပါလား။ ကျုပ်ဆီမှာ ပိုက်ဆံပါလို့ တော်သေးတာပေါ့။ မဟုတ်ရင် အိမ်တောင် ပြန်လာလို့ရမှာ မဟုတ်ဘူး။ အခု ကျုပ်တို့က အတင့်ရဲပြီး လုနေကြပြီလား။"
"သခင်လေးက ဆင်းရဲသားတွေကို မကြည့်ရက်လို့ပါကွာ။ အရေးကြီးတာ အရင်ပြော။ အရေးကြီးတာ အရင်ပြော။" အောက်ချန်က သူ့ကို နောက်ထပ် လက်ဖက်ရည် တစ်ခွက် ထပ်ငှဲ့ပေးလိုက်သည်။
ဖုန်းယာက နောက်ထပ် တစ်ငုံ သောက်လိုက်ပြီးမှ ဖြည်းညင်းစွာ ပြောပြလေ၏။ "အင်း ... အစတုန်းက မင်းသားအိမ်တော်ထဲ ဝင်သွားတော့ အနောက်ဘက် ခြံဝင်းမှာ ပန်းပင်တွေ စိုက်ရတာ။ အချိန်တစ်ခု ကြာပြီးတဲ့နောက် လယ်ယာခြံမှာ လူလိုလို့လား မသိဘူး ကျုပ်ကို လယ်ယာခြံဘက် ပြောင်းလိုက်တယ်။
အဲဒီ လယ်ယာခြံမှာ စည်းကမ်း အရမ်းတင်းကျပ်တယ်။ မရှိမဖြစ် ဝယ်ယူရမယ့် ကိစ္စကလွဲရင် ဘယ်သူမှ ခြံထဲက ထွက်လို့ မရဘူး။ သခင်လေး ကျုပ်ကို ရှာမတွေ့တာလည်း ပုံမှန်ပါပဲ။"
အောက်ချန်က မေးလိုက်သည်။ "ဒါဆို ခင်ဗျား ဘယ်လို ထွက်လာခဲ့တာလဲ။"
ဖုန်းယာက ဂုဏ်ယူစွာ ပြုံးလိုက်၏။ "ဟက် ... အခု လယ်ယာခြံထဲမှာ အကုန်လုံးက ကျုပ်လူတွေချည်းပဲ။ ကျုပ် ဝင်ချင်ရင် ဝင်လို့ရသလို ထွက်ချင်ရင်လည်း ထွက်လို့ရတယ်။"
"ဘာ။"
အောက်ချန် အလွန်တရာ အံ့အားသင့်သွားသည်။ "ခင်ဗျား သူတို့ကို သိမ်းသွင်းလိုက်တာလား။"
ဖုန်းယာက လက်ကာပြလိုက်၏။ "အဲဒီလောက်ထိတော့ မဟုတ်ပါဘူး။ သူတို့နဲ့ ဖဲနည်းနည်း ရိုက်ပေးလိုက်တာပါ။ အကုန်လုံးက ကျုပ်ဆီမှာ အကြွေးတင်နေကြတယ်လေ။
ကျုပ်က အကြွေးကို အကြောင်းပြပြီး ဝယ်ယူရေး တာဝန်ခံတချို့ မြို့ထဲသွားရင် ကျုပ်ကို ခေါ်သွားဖို့ ခိုင်းတယ်။ မြို့ထဲရောက်တော့ သူတို့ကို ပိုက်ဆံရအောင် လုပ်ပေးပြီး လောင်းကစားရုံမှာ သူငယ်ချင်းသစ် တချို့နဲ့ မိတ်ဆက် ပေးလိုက်တာပေါ့။"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အကုန်လုံးက ခင်ဗျားဆီမှာ အကြွေးတင်နေတာကို သူတို့ပေါင်းပြီး ခင်ဗျားကို ပြန်ရောင်းစားမှာ မကြောက်ဘူးလား။"
ဖုန်းယာက လှောင်ပြောင်လိုက်၏။ "ဟက်... သာမန်လယ်သမား တစ်သိုက်ပါပဲလေ။ သူတို့ကို သတ္တိဆယ်ဆလောက် ပိုပေးရင်တောင် ကျုပ်ကို ဘာမှလုပ်ရဲမှာ မဟုတ်ဘူး။ သူတို့ရဲ့ လောင်းကစားအကြွေးစာရင်းတွေကို လောင်းကစားရုံက ကျုပ်လူတွေလက်ထဲ ထည့်ပေးလိုက်ပြီလေ။
ကျုပ်သာ တစ်ခုခုဖြစ်သွားရင် သူတို့လည်း ပြေးစရာမြေ ရှိမှာမဟုတ်ဘူး။ ပြီးတော့ ဝယ်ယူရေးတာဝန်ခံတွေလည်း ငွေရသွားကြပြီဆိုတော့ ကျန်တဲ့လူတွေက ကျုပ်လာကယ်မယ့်အချိန်ကို လည်ပင်းရှည်အောင် ထိုင်စောင့်နေကြတာပေါ့။"
"ဒီလောက် ရိုးရှင်းတာလား။ အကုန်လုံးက ခင်ဗျားနဲ့ လောင်းကစားလုပ်ကြမယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။" အောက်ချန်က နားမလည်စွာဖြင့် မေးလိုက်သည်။
"ဒီကမ္ဘာပေါ်မှာ လူနှစ်မျိုးပဲ ရှိတယ်။ တစ်မျိုးက လောင်းကစားသမား၊ နောက်တစ်မျိုးက တကယ် လောင်းကစား မလုပ်ဖူးသေးတဲ့သူပဲ။ ဒါပေမယ့် နည်းပညာ လိုအပ်တာပေါ့။ ပြောပြလည်း ခင်ဗျား နားလည်မှာ မဟုတ်ပါဘူး။" ဖုန်းယာက ဂုဏ်ယူစွာဖြင့် လက်ဖက်ရည် တစ်ငုံ ထပ်သောက်လိုက်၏။
အောက်ချန်က လေးစားသည့် မျက်နှာထားဖြင့် ပြောလိုက်သည်။ "ကောင်းပြီ။ ခင်ဗျားမှာ ဒီလို အရည်အချင်းမျိုး ရှိမှတော့ ဘယ်သွားသွား ထမင်းစားဖို့ ပူစရာ မလိုတော့ဘူးပေါ့။"
"ဒါပေါ့။"
"ဆက်ပြောပါအုံး။"
"ဝူမင်းသားက တစ်ခါတလေ ခြံထဲကို လာပြီး စစ်ဆေးလေ့ရှိတယ်။ ကျုပ် နောက်ဆုံးအကြိမ် သူ့ကို တွေ့တုန်းက သူ နည်းနည်း ထူးဆန်းနေမှန်း သတိထားမိတယ်။"
ဖုန်းယာ၏ မျက်နှာပေါ်တွင် အနည်းငယ် အထင်သေးသည့် အရိပ်အယောင်များ ပေါ်လာ၏။ "သူက လယ်ကွင်းထဲမှာ နှစ်ပတ်လောက် စစ်ဆေးနေတယ်။ အပြင်ပန်းမှာတော့ တည်ငြိမ်နေပေမဲ့ တကယ်တမ်းကျတော့ အရမ်း ထိတ်လန့်နေတာ။ ... ထွက်ပြေးဖို့ ပြင်နေတဲ့ လောင်းကစားသမား တစ်ယောက်လိုမျိုးပဲ။ ဟားဟားဟား။
ဒါကြောင့် သူ ထွက်သွားတဲ့ နောက်တစ်နေ့မှာပဲ ကျုပ်က ဝယ်ယူရေးကို အကြောင်းပြပြီး ထွက်ပြေးလာတာ။ ဒါပေမယ့် ခြံထဲမှာ အကြောင်းရင်းမရှိဘဲ လူတစ်ယောက် ပျောက်သွားရင် သေချာပေါက် စစ်ဆေးလိမ့်မယ်။ ဒါကြောင့် ကျုပ်က မြို့တော်ထဲက လောင်းကစားရုံမှာ သူငယ်ချင်းတွေနဲ့ပဲ အမြဲတမ်း နေခဲ့တယ်။ မနေ့က လယ်ယာခြံ မီးလောင်သွားမှ ကိစ္စ ပြီးပြီဆိုတာ သိလို့ ပြန်လာတာ။
ကျုပ် ထင်ထားတဲ့အတိုင်းပဲ။ လောင်းကစားသမားက ထွက်ပြေးပြီး သက်သေတွေကို ဖျောက်ဖျက်ပစ်လိုက်တာပဲ။ တကယ်လို့ အမှားအယွင်းသာ မရှိရင် ဝူမင်းသားက မြို့တော်ထဲမှာ မရှိလောက်တော့ဘူး။"
အောက်ချန်က မယုံကြည်နိုင်စွာဖြင့် ပြောလိုက်၏။ "သူ့မျက်နှာထား ထူးဆန်းနေတယ်လို့ ထင်ရုံနဲ့ပဲလား။"
"ကျုပ်ကို သံသယမဝင်နဲ့။ ဒီလိုလူမျိုးတွေကို ကျုပ် မြင်ဖူးတာ များနေပြီ။"
ဖုန်းယာက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ "ဟက် ... အကြီးအကဲ တစ်ယောက် ဖြစ်လာမှာ မဟုတ်ဘူး။ ကိစ္စတွေက ဒီလိုပဲ။ ကျုပ်တို့နဲ့လည်း မဆိုင်ပါဘူး။ သူ့ကို ဂရုမစိုက်နဲ့တော့။ ဒါနဲ့ ဒီလောက် အကြာကြီး ပြန်မလာတာ ကျုပ်ရဲ့ လောင်းကစားရုံရော ဘယ်လိုနေလဲ။"
"လောင်းကစားရုံက ကောင်းပါတယ်။ မီးပေါက်လက်နက် ဌာနက လူတွေနဲ့ ခင်ဗျားတို့ နှစ်ကြိမ်လောက် တရားရုံး ရောက်တာကလွဲရင်ပေါ့။"
ဖုန်းယာက ဤစကားကို ကြားသောအခါ ချက်ချင်းပင် ဒေါသတကြီး ခုန်ပေါက်တော့၏။ "မီးပေါက်လက်နက် ဌာနက ကောင်တွေ ကျုပ်လောင်းကစားရုံကို လာပြန်ပြီလား။ သူတို့ကို အဝင်မခံဘူးလို့ ပြောထားတာ မဟုတ်ဘူးလား။"
အောက်ချန်က သူ့ကို မျက်စောင်းထိုးလိုက်ပြီး ပြောလိုက်သည်။ "တံခါးဖွင့်ပြီး စီးပွားရေး လုပ်နေတာ ဘာလို့ အဝင်မခံရမှာလဲ။ ခင်ဗျားတို့ လောင်းကစားရုံကိုတောင် ဒဏ်ငွေ ရိုက်ထားသေးတယ်။"
"တောက် .. အဲဒီ သောက်ကောင်တွေ လောင်းကစားရုံကို လာရင် လူတစ်ယောက်က ဖဲကစားပြီး အနောက်မှာ လူဆယ်ဂဏန်းလောက်က တွက်ချက်ပေးနေကြတာ။ သူတို့က လောင်းကစား လာလုပ်တာ ဟုတ်လို့လား။ ကျုပ်နေရာမှာ လာရှုပ်နေတာပဲ။
ကျုပ် သခင်လေးကိုတောင် ဒီကိစ္စ ပြောပြပြီးပြီ။ သူလည်း သဘောတူတယ်လေ။ ခင်ဗျားက ဘာလို့ သူတို့ကို ပေးဝင်နေသေးတာလဲ။ သခင်လေးကော ဘယ်မှာလဲ။"
"သခင်လေးက အလုပ်ကိစ္စနဲ့ အပြင်ထွက်သွားတယ်။ ခရိုင်ထဲမှာ မရှိဘူး။" အောက်ချန်က အနေခက်စွာ ပြုံးလိုက်၏။ ဤကိစ္စကို သူ တကယ် မသိချေ။
သို့သော်ငြားလည်း ဤသည်မှာ ကြီးမားလှသော ပြဿနာတစ်ရပ်တော့ မဟုတ်ပေ။ မီးပေါက်လက်နက်ဌာနမှ လူများသည်လည်း ပြည့်တန်ဆာရုံများသို့ သွားရောက်ကြဦးမည်သာ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ ခရိုင်အတွင်းမှ ရှာဖွေရရှိသော ငွေကြေးများသည် ခရိုင်အတွင်း၌သာ ကုန်ဆုံးသွားမည် ဖြစ်၏။ ငွေတစ်ပြားတစ်ချပ်ကိုမှ အိမ်သို့ ပြန်လည်သယ်ဆောင်သွားခွင့် မရှိချေ။
"ခင်ဗျားနဲ့ ဆက်မပြောတော့ဘူး။ အဲဒီ မျိုးစေ့တွေကို သေချာ စီစဉ်ထားဖို့ မမေ့နဲ့။ ကျုပ် လောင်းကစားရုံကို သွားရအုံးမယ်။" ပြောပြီးသည်နှင့် ဖုန်းယာက အလျင်စလို ပြေးထွက်သွားတော့သည်။
...
တောက်ယွမ်ခရိုင် အပြင်ဘက်။
စောင့်ကြပ်နေသော စစ်သားများက စကားစမြည် ပြောနေကြ၏။
ဤသည်က ခရိုင်အတွင်း၌ အားလပ်မှုအများဆုံး အလုပ်ဟု ဆိုနိုင်သော်ငြားလည်း လူကြိုက်များလှသည်တော့ မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ အလွန်တရာ ပျင်းရိဖွယ်ကောင်းလှသည့်အပြင် အကျိုးအမြတ်ကို ခေါင်းပုံဖြတ်ရန်လည်း မရဲဝံ့ကြချေ။
ပုံမှန်အချိန်များ၌ လုပ်ဆောင်ဖွယ်ရာ သိပ်မရှိလှဘဲ တစ်ခါတစ်ရံမှသာလျှင် ဓနကြွယ်ဝသော ကုန်သည်များ မြို့အတွင်းသို့ ဝင်ရောက်လာတတ်ကြ၏။
ထို့ကြောင့် ကင်းစောင့်စစ်သားများ ပျင်းရိငြီးငွေ့မှု မဖြစ်စေရန်အလို့ငှာ ခရိုင်တစ်ခုလုံးရှိ စစ်သားများသည် မြို့တံခါးဝ၌ အလှည့်ကျ တာဝန်ထမ်းဆောင်ကြရသည်။
စကားပြောနေစဉ်အတွင်း ရုတ်တရက် စစ်သားငယ် တစ်ယောက်က အဝေးမှ လာနေသော လူများကို ကြည့်ကာ ဘေးရှိ တပ်မှူးကို လက်ဖြင့် တို့လိုက်သည်။ "အစ်ကိုကြီး ... သိပ်မဟန်ဘူးနော်။
ကြည့်စမ်း။ ဆင်းရဲသား ဆယ်ဂဏန်းလောက် ဘယ်ကနေ ရောက်လာတာလဲ။ အဝတ်အစားတွေကလည်း စုတ်ပြတ်နေတာကို ကျုပ်တို့ ခရိုင်ထဲ ဝင်ရဲသေးတယ်ပေါ့။"
မြို့စောင့်တပ်မှူးက အဝေးသို့ လှမ်းကြည့်လိုက်ပြီး တီးတိုး ပြောလိုက်၏။ "နည်းနည်းတော့ မဟန်ဘူးပဲ။ အနောက်မှာလည်း လူတွေ ရှိသေးတယ်။ အလကား လာစားသောက်မလို့များလား။
မင်း ဒီမှာ စောင့်နေ။ သူတို့ကို အဝင်မခံနဲ့အုံး။ ကျုပ် မြို့ရိုးပေါ် တက်ပြီး သွားကြည့်လိုက်အုံးမယ်။"
စကားဆုံးသည်နှင့် တပ်မှူးက မြို့ထဲသို့ အလျင်အမြန် ပြေးဝင်သွားပြီး လှေကားမှတစ်ဆင့် မြို့ရိုးပေါ်သို့ တက်သွားသည်။
မြို့ရိုးပေါ်ရှိ စောင့်ကြပ်နေသော စစ်သားများက သူ့ကို မြင်သောအခါ အလျင်အမြန် နှုတ်ဆက်ကြ၏။ "တပ်မှူးလျို ... ဘာလို့ တက်လာတာလဲ။"
"အောက်က အခြေအနေ သိပ်မဟန်လို့။ မှန်ပြောင်းနဲ့ တစ်ချက် ကြည့်ကြည့်ရအောင်။"
"ဒီလောက်တောင် သတိထားနေတာလား တပ်မှူးလျိုရယ်။"
"နှစ်ကုန်ရင် အလုပ်စွမ်းဆောင်ရည် စစ်ဆေးပြီး ဆုကြေးငွေ ပေးတော့မှာလေ။ သတိထားတာ အမှားမရှိပါဘူး။"
မြို့ရိုးပေါ်ရှိ စစ်သားက ထိုစကားကို ကြားသောအခါ မှန်ပြောင်းကို ယူ၍ အဝေးသို့ ကြည့်လိုက်သည်။ ပြီးနောက် မျက်မှောင်ကုတ်သွား၏။ "အင်း ... ဆင်းရဲသားတွေ အများကြီး ရောက်လာပါလား။ အလကား လာ စားသောက်မလို့များလား။"
တပ်မှူးလျိုလည်း လူတစ်ယောက်ဆီမှ မှန်ပြောင်းကို ငှားကာ အဝေးသို့ ကြည့်လိုက်သည်။ "အင်း ... အနောက်မှာလည်း ရှိသေးတယ်။ သုံးယောက်တစ်စု၊ နှစ်ယောက်တစ်စုနဲ့ ... မဟန်ဘူး။ ဒီလူတွေက လယ်သမားနဲ့ တူပေမဲ့ လမ်းလျှောက်ပုံက မမှန်ဘူး။ ခါးကလည်း အရမ်း မတ်နေတယ်။"
ဘေးရှိ စစ်သားက ဝင်ပြောလိုက်၏။ "ပြီးတော့ လူတွေလည်း အရမ်းများတယ်။ မျက်မှန်းတန်း ကြည့်ရရင် လူတစ်ရာနီးပါးလောက် ရှိမယ်။ အနောက်မှာလည်း ရှိသေးတယ် ထင်တယ်။ လက်တွေကလည်း အလိုအလျောက် ခါးကို ကိုင်ထားကြတယ်။ လက်နက်တွေ ပါလာနိုင်တယ်။"
တပ်မှူးလျို၏ မျက်နှာက ရုတ်တရက် တည်ကြည်သွားသည်။ "အခြေအနေ မကောင်းဘူး။ ညီအစ်ကိုတွေကို အောက်မှာ စုဖို့ မြန်မြန် သွားအကြောင်းကြား။ ခင်ဗျားတို့ အရင် မြို့ထဲမှာ ပုန်းနေကြ။ တကယ်လို့ ပဋိပက္ခ ဖြစ်မှ ထွက်လာခဲ့။"
မြို့စောင့်စစ်သားကလည်း ပေါ့ပေါ့ပါးပါး အမူအရာကို ရုပ်သိမ်းလိုက်ပြီး တည်ကြည်စွာ ခေါင်းညိတ်လိုက်၏။ "တပ်မှူးကျန်းကို အကြောင်းကြားဖို့ လိုမလား။"
"မလိုတော့ဘူး။ လူဒီလောက်လေးကို မြို့ရိုးပေါ်မှာ ဒူးလေး အလက်နှစ်ဆယ် ရှိတယ် မဟုတ်လား။ ဒူးလေးနဲ့ မြားအိမ်တွေကို အလုံအလောက် ယူထား။ သူတို့ကို ရင်ဆိုင်ဖို့ လုံလောက်တယ်။"
စကားဆုံးသည်နှင့် တပ်မှူးလျိုက မြို့ရိုးပေါ်မှ အလျင်အမြန် ပြေးဆင်းသွားသည်။
မြို့ပြင်တွင်တော့ ရှောင်လျို ဦးဆောင်သော လူတစ်စုက လမ်းကြေးကောက်ဂိတ် လေးခုကို ဖြတ်ကျော်ပြီးနောက် နောက်ဆုံးတွင် တောက်ယွမ်ခရိုင် မြို့တံခါးအောက်သို့ ရောက်ရှိလာကြ၏။
မျက်စိရှေ့ရှိ ငွေတွေ အမြောက်အမြား သုံးစွဲထားသော မြို့ကို ကြည့်ရင်း ရှောင်လျိုတို့ လူတစ်စုမှာ ရင်ထဲတွင် မျက်ရည်တွေပင် စီးကျလုမတတ် ဖြစ်နေကြသည်။
တစ်သက်လုံး ဒီလောက်ထိ အခေါင်းပုံဖြတ် မခံရဖူးဘူး။ ဒါပေမယ့် ကံကောင်းတာက ရောက်လာပြီ။ နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ။
တပ်မှူး ရောက်လာတာနဲ့ ငါတို့ အကုန်လုံးကို သတ်ဖြတ်ပြီး မင်းတို့ အမေတွေကို လုပစ်မယ်။
အပိုင်း (၄၃၇) ကျူးကျော်မှု ကျရှုံးခြင်း။
ရှောင်လျိုသည် ဒေါသကို ခွန်အားအဖြစ် ပြောင်းလဲကာ စိတ်လှုပ်ရှားမှုကို အနည်းငယ် ဖိနှိပ်ထားလိုက်ပြီး မျက်နှာအမူအရာကိုပါ ပြင်ဆင်လိုက်၏။
ရိုးသားသော လယ်သမား တစ်ယောက်ကဲ့သို့ ဟန်ဆောင်ကာ သာမန် ပြည်သူများကဲ့သို့ပင် အစိုးရစစ်သားများကို မြင်သည်နှင့် ကြောက်ရွံ့သည့် အရိပ်အယောင်လေး ပြသလိုက်သည်။
မြို့စောင့် တပ်မှူးလျိုက သူ့ကို မျက်စိမှေးကြည့်ရင်း ပို၍ မှားယွင်းနေသည်ဟု ခံစားလာရ၏။
ခွေးကောင်တွေ …. စုတ်ပြတ်သပ်နေတဲ့ ဆင်းရဲသား ပုံပေါက်အောင် ဖန်တီးထားတာပဲ။ ဒီလောက်အထိ ဆင်းရဲမွဲတေတဲ့ ပုံစံမျိုးနဲ့ လမ်းကြေးကောက်ဂိတ်တွေကို ဘယ်လိုများ ဖြတ်လာနိုင်မှာလဲ။ သေချာပေါက် အကြံအစည် ရှိရမယ်။ ဒါမှမဟုတ် ဓားပြတွေက ရုပ်ဖျက်ပြီး လုယက်ဖို့ လာတာများလား။ ဒါပဲ ဖြစ်ရမယ်။ ဒီလို အပျော်တမ်း ကောင်တွေက ... စိတ်ဝင်စားစရာပဲ။
ရှောင်လျိုက မြို့တံခါးထဲသို့ တိုက်ရိုက် လျှောက်သွားပြီး မြို့စောင့်စစ်သား အနီးသို့ ရောက်သောအခါ ဖားယားသော အပြုံးတစ်ခုကို ပြသ၍ ဆက်လျှောက်သွားရန် ပြင်လိုက်၏။
တပ်မှူးလျိုက လက်ဆန့်ကာ တားလိုက်သည်။ “ခဏစောင့်။ ခရီးသွားလက်မှတ် ပြပါအုံး။”
ရှောင်လျိုက ရင်ဘတ်ထဲမှ ခရီးသွားလက်မှတ်ကို ထုတ်ပေးလိုက်၏။ ဤသို့သော ပစ္စည်းမျိုးက သဘာဝကျကျပဲ ကြိုတင် ပြင်ဆင်ထားရမည် မဟုတ်ပါလား။
“အင်း ... ပြဿနာ မရှိဘူး။”
ရှောင်လျို၏ ရင်ထဲတွင် ချက်ချင်း အေးချမ်းသွားသည်။
“အရင် မြို့ထဲ မဝင်နဲ့အုံး။ နောက်ဆုတ်။ မြို့တံခါးနဲ့ ခြေဆယ်လှမ်း အကွာလောက်အထိ ဆုတ်လိုက်။” တပ်မှူးလျိုက အမိန့်ပေးလိုက်၏။
ဤတစ်ကြိမ်တွင်တော့ ရှောင်လျို၏ ရင်ထဲတွင် ထပ်မံ ပူပန်သွားပြီး သတိတကြီးဖြင့် မေးလိုက်သည်။ “အရာရှိမင်း ... ကျုပ်ရဲ့ ခရီးသွားလက်မှတ်က ပြဿနာ မရှိဘူးလေ။ ဘာလို့ မြို့ထဲ အဝင်မခံရတာလဲ။”
တပ်မှူးလျိုက ပြုံးပြလိုက်ပြီး ဖော်ရွေသော အမူအရာဖြင့် ရှင်းပြလိုက်၏။ “ညီအစ်ကို ... အထင်မလွဲပါနဲ့။ အဝင်မခံတာ မဟုတ်ပါဘူး။ ဒီနေ့ မြို့ထဲမှာ အရေးကြီးတဲ့ ဧည့်သည် ရှိနေလို့ပါ။ လူများနေရင် ဧည့်သည်တော် စိတ်အနှောင့်အယှက် ဖြစ်မှာစိုးလို့ သူ ထွက်သွားတဲ့အထိ ခဏစောင့်ပေးပါ။ ဒါကြောင့် အထက်က အထူး အမိန့်ပေးထားလို့ ခင်ဗျား အခု ဒီမှာ ခဏစောင့်နေလိုက်။ နောက်က လူတွေကိုလည်း မလာခိုင်းနဲ့အုံးလို့ ပြောလိုက်။ ကျုပ် ပြန်သွားပြီး ထပ်စစ်ဆေးကြည့်လိုက်မယ်။”
ရှောင်လျိုက မတတ်သာဘဲ တစ်ဖက်လူ၏ မျက်နှာထားကို အကဲခတ်ကြည့်ရာ မည်သည့် ထူးခြားချက်မှ မတွေ့ရသဖြင့် အကြောင်းကြားရန်သာ လှည့်ထွက်သွားသည်။
သူ အပြင်ဘက်တွင် စောင့်နေစဉ်အတွင်း တပ်မှူးလျိုက မြို့ထဲသို့ ပြန်ဝင်သွား၏။
ယခုအခါ မြို့တံခါးအတွင်းဘက် နှစ်ဖက်စလုံးတွင် လေးသည်တော် နှစ်တန်းခန့် ပုန်းအောင်းနေပြီး မြင်းစီးကာ ဒူးလေးများကို ကိုင်ဆောင်၍ အမိန့်ကို စောင့်ဆိုင်းနေကြ၏။
တပ်မှူးလျိုက တီးတိုး ပြောလိုက်သည်။ “ညီအစ်ကိုတို့ ... ခဏနေ အခြေအနေ မဟန်ရင် ကျုပ်အမိန့်ကို စောင့်။ ထွက်လာတာနဲ့ ပစ်ဖို့သာ ပြင်ထား။”
ပြောပြီးသည်နှင့် မြို့ရိုးပေါ်သို့ ထပ်တက်သွားပြီး မှန်ပြောင်းကိုင်ထားသော စစ်သားကို မှာကြားလိုက်၏။ “သေချာ ကြည့်ထားနော်။ သူတို့လူတွေ စုံပြီဆိုတာနဲ့ ကျုပ်ကို ပြော။ အဆင်ပြေသွားရင် ဒီနှစ် ကျုပ်တို့ရဲ့ ဆုကြေးငွေတွေ နှစ်ဆတိုးလောက်တယ်။”
“ရာနှုန်းပြည့် စိတ်ချထားလိုက်။ လုံးဝ သေချာတယ်။”
...
တပ်မှူးလျို မြို့တံခါးဝသို့ ပြန်ရောက်လာချိန်တွင် ခြေဆယ်လှမ်းခန့် အကွာ၌ လူငါးဆယ်ခန့် စုဝေးနေပြီ ဖြစ်သည်။
ဘေးရှိ စစ်သားက အနားသို့ ကပ်လာပြီး တီးတိုး ပြောလိုက်၏။ “အစ်ကိုကြီး ... ဒါက လုံးဝ ကျွမ်းကျင်သူတွေပဲ။ ကြည့်စမ်း။ သူတို့က တန်းစီတော့မယ့် ပုံစံမျိုးပဲ။”
“အင်း ... ဓားပြတွေနဲ့ မတူဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သတိထားတာ အကောင်းဆုံးပဲ။ သတိထားနော်။ သူတို့ကြားထဲမှာ ရိုးသားတဲ့ ပြည်သူတွေ ပါနေရင် မှားပစ်မိလိမ့်မယ်။”
“စိတ်ချပါ။ ဒီအချိန်ဆိုရင် အပြင်လူ သိပ်မလာတတ်ဘူး။”
နာရီဝက်ခန့် စောင့်ဆိုင်းပြီးနောက် အနောက်ဘက်မှ လူအနည်းငယ် ထပ်ရောက်လာကြပြီး မြို့ပြင်တွင် စုဝေးနေကြ၏။ လူနှစ်ရာနီးပါးခန့် ပြည့်သွားချိန်တွင် အပေါ်မှ လူတစ်ယောက် ဆင်းလာပြီး တပ်မှူးလျိုကို သတင်းပို့ကာ နားနားကပ်၍ ပြောလိုက်သည်။ “တပ်မှူးလျို ... လူစုံလောက်ပြီ။ စလုပ်လို့ ရပြီ။”
တပ်မှူးလျိုက တည်ငြိမ်စွာ ခေါင်းညိတ်လိုက်၏။ “အင်း ... မင်း အရင် ပြန်သွား။ မြို့တံခါးကို သေချာ စောင့်ဖို့ လူရှာထားအုံး။ အရေးပေါ် အခြေအနေ ရှိလာရင် သုံးရအောင်လို့။”
စကားဆုံးသည်နှင့် မလှမ်းမကမ်းရှိ လူအုပ်ကြီးကို အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။ “ညီအစ်ကိုတို့ ... မြို့ထဲ ဝင်လို့ရပြီ။ ဒါပေမယ့် အခု လူများနေတော့ အကုန်လုံး တန်းစီပြီး စည်းကမ်းတကျ ဝင်ကြ။ အားလုံးကန့်လန့်ဖြတ်ပြီး နှစ်တန်းစီလိုက်။ တစ်ယောက်ချင်းစီရဲ့ ခရီးသွားလက်မှတ်ကို စစ်ဆေးပြီးမှ ဝင်ရမယ်။”
ရှောင်လျိုက နားမလည်စွာဖြင့် မေးလိုက်၏။ “အရာရှိမင်း ... ဘာလို့ ကန့်လန့်ဖြတ် တန်းစီရမှာလဲ။ အလျားလိုက်ဆိုရင် ပိုမလွယ်ဘူးလား။”
ကန့်လန့်ဖြတ်ဆိုတာ ခင်ဗျားတို့ကို ပစ်သတ်ဖို့ ပိုလွယ်အောင်လို့လေ။
တပ်မှူးလျိုက ရင်ထဲတွင် တိတ်တဆိတ် ဆဲဆိုလိုက်သော်ငြား ဖော်ရွေသော အပြုံးဖြင့် ရှင်းပြလိုက်သည်။ “ဒါက ကျုပ်တို့ မြို့ဝန် သတ်မှတ်ထားတဲ့ စည်းကမ်းပဲ။ အလျားလိုက် တန်းစီတာကို တစ်ခါမှ ခွင့်မပြုဘူး။ အလျားလိုက်က ဖုန်းရွှေ မကောင်းဘူးတဲ့။ မြန်မြန်လုပ်ကြ။ အချိန်မဖြုန်းပါနဲ့တော့။”
လူအုပ်ကြီးက တိတ်ဆိတ်စွာပင် ကန့်လန့်ဖြတ် တန်းစီကာ မြို့ထဲဝင်ရန် စောင့်ဆိုင်းနေကြ၏။
သူတို့ သေချာ တန်းစီပြီးသွားသည်ကို မြင်သောအခါ တပ်မှူးလျိုက မေးစေ့ကို ပွတ်သပ်ရင်း ရင်ထဲတွင် အတော်လေး ကျေနပ်သွားသည်။
ရှောင်လျိုကို လက်ညှိုးထိုးကာ ပြောလိုက်၏။ “ဟိုက ညီအစ်ကို ... ခင်ဗျားက အရင်ဆုံး ရောက်တာဆိုတော့ ခင်ဗျား အရင်ဝင်။ အရင်ဆုံး လာပြီး ခရီးသွားလက်မှတ် စစ်ဆေးခံလိုက်။”
ရှောင်လျိုက အံ့အားသင့်စွာဖြင့် လျှောက်သွားလိုက်သည်။ “အရာရှိမင်း ... ခုနက စစ်ဆေးပြီးပြီ မဟုတ်ဘူးလား။”
စကားပြောနေစဉ်မှာပင် ရင်ထဲ၌ မကောင်းသော နိမိတ်ကို ခံစားလိုက်ရ၏။ အခြေအနေ မကောင်းဘူး ... ဒီတောက်ယွမ်ခရိုင်က ဘာလို့ ပြဿနာတွေ ဒီလောက် များနေရတာလဲ။
တပ်မှူးလျိုက လက်ဖြန့်ပြကာ မေးစေ့ကို မော့ပြလိုက်သည်။ “အပေါ်က ညီအစ်ကိုတွေက စောင့်ကြည့်နေတာလေ။ လုပ်ထုံးလုပ်နည်းအတိုင်းတော့ လုပ်ရမှာပဲ။”
ရှောင်လျိုက အသက်ပြင်းပြင်း တစ်ချက်ချလိုက်ပြီး ခရီးသွားလက်မှတ်ကို ထပ်မံ ကမ်းပေးလိုက်၏။
တပ်မှူးလျိုက ဟန်ဆောင်ပန်ဆောင် ကြည့်ရှုလိုက်သည်။ “အင်း ... ရပြီ။ လုံခြုံရေး စစ်ဆေးပြီးရင် မြို့ထဲ ဝင်လို့ရပြီ။”
ခွေးကောင် ... မပြီးသေးဘူးလား။
ရှောင်လျိုက မကျေနပ်မှုကို အတင်း ဖိနှိပ်ကာ မေးလိုက်၏။ “လုံခြုံရေး စစ်ဆေးတယ်ဆိုတာ ဘာလဲ။”
“လုံခြုံရေးအတွက် စစ်ဆေးတာလေ။”
ပြောပြောဆိုဆိုနှင့်ပင် ရှောင်လျို မတုံ့ပြန်နိုင်ခင် တပ်မှူးလျို၏ လက်ကြီးက သူ၏ ခါးဆီသို့ ရောက်သွား၏။
မာကျောသော အရာတစ်ခုကို ချက်ချင်း စမ်းမိလိုက်ပြီး လက်နက်တစ်ခု၏ လက်ကိုင်ဖုနှင့် တူကြောင်း ခံစားလိုက်ရသည်။
ရှောင်လျိုက ချက်ချင်း သတိဝင်လာပြီး လက်က တပ်မှူးလျို၏ လက်ကို အလိုအလျောက် သွားကိုင်လိုက်ကာ မနေနိုင်ဘဲ အလျင်စလို ပြောလိုက်၏။ “ဘာလုပ်တာလဲ။”
“ခင်ဗျား ဘာပစ္စည်း ယူလာလဲဆိုတာ ကျုပ့်ကို ပြစမ်း။”
“ဒါက အလုပ်လုပ်တဲ့ လယ်ယာသုံးပစ္စည်းပါ။ အရာရှိမင်း ... ခင်ဗျား ကျုပ်ကို ဒုက္ခပေးနေတာ မဟုတ်လား။”
အခြေအနေအရ သူက အောက်ကျခံပြီး တောင်းပန်ရတော့သည်။
“အို ... လယ်ယာသုံးပစ္စည်း။ ဘာလို့ ပြလို့ မရတာလဲ။” ပြောပြောဆိုဆိုနှင့် တပ်မှူးလျိုက ထို လယ်ယာသုံးပစ္စည်း ကို ဆွဲထုတ်ရန် အားစိုက်လိုက်၏။
အနောက်ဘက်ရှိ လူအုပ်ကြီးက ရှောင်လျိုကို စိုးရိမ်တကြီး ကြည့်နေကြသော်ငြား ဘာဖြစ်နေမှန်းတော့ မသိကြသေးချေ သို့ပေမည့် ပြဿနာ ဖြစ်နေပြီဆိုသည်ကို ရိပ်မိကြသဖြင့် အလိုအလျောက် လက်ကို ခါးနောက်သို့ ပို့လိုက်ကြသည်။
တပ်မှုးလျှိုတို့နှစ်ယောက်က လျှို့ဝှက်စွာ အားပြိုင်နေကြဆဲပင်။
တပ်မှူးလျို၏ ဘေးရှိ စစ်သားလေးက လက်ပိုက်ကာ လှောင်ပြောင်လိုက်၏။ “အားပြိုင်မနေနဲ့တော့။ ကျုပ်တို့ အစ်ကိုကြီးက တောက်ယွမ်ခရိုင်ရဲ့ ပဉ္စမအကြိမ်မြောက် လက်ခွန်အားပြိုင်ပွဲမှာ ဒုတိယရထားတာ။ သူနဲ့ အားပြိုင်ဖို့ ခင်ဗျားက နည်းနည်း လိုသေးတယ်။”
မင်း အမေကို ... ။
ရှောင်လျိုမှာ မျက်နှာတွေ နီရဲလာပြီး တပ်မှူးလျိုကို တောင်းပန်သည့် အကြည့်ဖြင့် မကြည့်ဘဲ မနေနိုင်တော့ချေ။
တပ်မှူးလျိုက မကောင်းဆိုးဝါး တစ်ကောင်လို ပြုံးလိုက်၏။ “ကျေးဇူးပြုပြီး ... ခင်ဗျားက အရမ်း အားနည်းလွန်းတယ်။”
စကားဆုံးသည်နှင့် ညာဘက်လက်ကို အားကုန်သုံးကာ ရှောင်လျို၏ ခါးနောက်ရှိ ပစ္စည်းကို ဆွဲထုတ်လိုက်သည်။
ဇိခနဲ အသံနှင့်အတူ အပ်ချည်ကြောင်းများ ပြဲထွက်သွားပြီး ဘောင်းဘီ တစ်ဝက်လောက်ပါ စုတ်ပြဲသွားကာ တင်ပါး တစ်ဝက်ခန့် ပေါ်လာ၏ ... ။
ဓားမြှောင် တစ်လက်က တပ်မှူးလျို၏ လက်ထဲတွင် အထင်အရှား ပေါ်လာပေပြီ။
ရှောင်လျို ကြက်သေသေသွားပြီး ခေါင်းထဲတွင် ဟာလာဟင်းလင်း ဖြစ်သွားကာ တင်ပါးတွင် အေးစိမ့်သွားသည်ကိုသာ ခံစားလိုက်ရ၏။
သူ မတုံ့ပြန်နိုင်ခင်မှာပင် နားထဲတွင် ကျယ်လောင်သော အော်ဟစ်သံကြီး တစ်ခု ထွက်ပေါ်လာသည်။ “ညီအစ်ကိုတို့ ... အကုန် ထွက်လာခဲ့ကြ။”
နားအူနေသည်က ပြန်မကောင်းသေးခင် နောက်ကနေ ပါးတစ်ချက် ရိုက်ခံလိုက်ရပြီး သတိလစ်သွား၏။
မြို့ထဲမှ တပ်ဖွဲ့တစ်ဖွဲ့ ရုတ်တရက် ထွက်လာပြီး လက်ထဲရှိ ဒူးလေးများကနေ မြားတံများက မိုးရွာသလို ပစ်ခတ်လိုက်ကြသည်။
ထိုချိန်မှာတော့ တန်းစီနေသော လူများလည်း သတိဝင်လာပြီဖြစ်ကာ အကုန်လုံး ဒေါသတကြီး အော်ဟစ်ပြီး ခါးမှ ဓားများကို ဆွဲထုတ်လိုက်ကြ၏။
သို့ပေမည့် ထိုဒေါသတကြီး အော်ဟစ်သံများက မကြာမီမှာပဲ နာကျင်စွာ အော်ဟစ်သံများအဖြစ် ပြောင်းလဲသွားသည်။
ပထမတန်းရှိ လူအများစုမှာ ချက်ချင်း လဲကျသွားပြီး ကျန်ရှိနေသူများက အခြေအနေ မဟန်သည်ကို မြင်သောအခါ လွတ်ရာလွတ်ကြောင်း ထွက်ပြေးကြ၏။
ခြေလျင်တပ်က မြင်းစီးတပ်ကို ရင်ဆိုင်ရသည်မှာ မူလတည်းက အားနည်းချက် ရှိပြီးသား ဖြစ်သည်။ ပိုဆိုးသည်မှာ ကိုယ့်ဘက်က လူတွေက ဓားမြှောင်ကို ကိုင်ထားပြီး ဟိုဘက်က ဒူးလေးကို အသုံးပြုနေခြင်းပင်။
ပထမတန်းရှိ လူများက မြက်ရိတ်ခံရသလို လဲကျသွားသည်ကို မြင်သောအခါ ဦးနှောက်မကောင်းသူတောင်မှ အတင်း ဝင်မတိုးရဲတော့ဘဲ ထွက်ပြေးရုံသာ ရှိတော့သည်။
လူနှစ်ဆယ်ကျော်က ဒူးလေးများကို ကိုင်ကာ သူတို့နောက်မှ အနီးကပ် လိုက်လံ ပစ်ခတ်နေကြ၏။
ဤဒူးလေးများသည် ကြားသိရသည်မှာ အမှန်တကယ်ပင် ထိတ်လန့်ဖွယ် ကောင်းလှသော်လည်း ကန့်သတ်ချက်များသည်လည်း အလွန်တရာ ကြီးမားလှသောကြောင့် သမိုင်းတစ်လျှောက်တွင် မည်သည့်အခါကမှ အဓိကလက်နက် ဖြစ်မလာခဲ့ဖူးချေ။
ပစ်ခတ်နိုင်သည့် အကွာအဝေးက တိုတောင်းပြီး ထိရောက်သည့် အကွာအဝေးက ဆယ့်ငါးမီတာမှ မီတာနှစ်ဆယ် ဝန်းကျင်ခန့်သာ ရှိသည်။
တိကျမှုကလည်း ညံ့ဖျင်းပြီး အစွမ်းသတ္တိလည်း နည်းပါးကာ သံချပ်ကာဖောက်ထွင်းနိုင်စွမ်းက သုညနီးပါး ရှိပြီး သေစေနိုင်စွမ်းကလည်း အလွန် အားနည်းပေသည်။ ထို့ကြောင့်လည်း တပ်မှူးလျိုက သူတို့ကို ခြေဆယ်လှမ်း အကွာအဝေးမှာ နေခိုင်းရခြင်း ဖြစ်၏။
သို့ပေမည့် မြို့စောင့်ရာမှာတော့ အတော်လေး အသုံးဝင်ပြီး သင်ယူရသည်လည်း လွယ်ကူရာ သာမန် ပြည်သူတွေတောင်မှ အနည်းငယ် လေ့ကျင့်လိုက်ရုံနှင့် အသုံးပြုတတ်သွားနိုင်သည်။
ထို့ကြောင့်လည်း ဒူးလေးတွေက မြို့ရိုးပေါ်မှာ အမြဲတမ်း သိမ်းဆည်းထားပြီး စွန့်ပစ်မခံရခြင်း ဖြစ်၏။
မျက်စိရှေ့က အခြေအနေက ဒူးလေးအတွက် အံဝင်ခွင်ကျ ဖြစ်နေသည်။
လူနှစ်ရာကျော်က သာမန် အဝတ်အစားများ ဝတ်ဆင်ထားရာ ရွေ့လျားနေသော ပစ်မှတ်တွေနှင့် အတူတူပင်။
တောက်ယွမ်ခရိုင်က လူတွေအတွက်တော့ ထိုအရာက အမဲလိုက်ပွဲ တစ်ခုလိုပင်။ ပြေးတမ်းလိုက်တမ်း ကစားပွဲက ငါးမိနစ်လောက် ကြာသွားပြီးနောက် တိုက်ပွဲ ပြီးဆုံးသွား၏။
ရလဒ်ကတော့ ပြီးပြည့်စုံမှု မရှိခဲ့ချေ။ လူအနည်းငယ်က အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်သွားပြီး မလှမ်းမကမ်းရှိ သစ်တောထဲသို့ ဝင်ရောက်သွားကြသည်။
မည်သို့ပင်ဆိုစေ လိုက်လံဖမ်းဆီးသူက လူနှစ်ဆယ်ကျော်သာ ရှိပြီး ရန်သူတွေကလည်း တကွဲတပြားစီ ထွက်ပြေးသွားကြခြင်း ဖြစ်၏။
သို့သော်ငြား တောက်ယွမ်ခရိုင်မှ စစ်သားများက မြေပြင်အနှံ့တွင် ညည်းတွားနေသော ရန်သူများကို ကြည့်ရင်း အသံကျယ်ကျယ်ဖြင့် အော်ဟစ် အောင်ပွဲခံနေကြသည်။
ရှောင်လျိုသည် ထိုအောင်ပွဲခံသံများကြားတွင် တဖြည်းဖြည်း သတိလည်လာပြီး သူ၏ မျက်စိရှေ့တွင် တပ်မှူးလျို၏ ဖော်ရွေသော အပြုံးမျက်နှာကို ထပ်မံ မြင်တွေ့လိုက်ရ၏။
ထို့နောက် သူ၏ခေါင်းက ဆွဲလှည့်ခံလိုက်ရပြီး မြို့ပြင်ရှိ ကွက်လပ်တွင် အော်ဟစ် ညည်းတွားနေသော ဒဏ်ရာရသူများဆီသို့ မျက်နှာမူပေးခြင်း ခံလိုက်သည်။
“ညီလေး ... မင်းတို့ လူတွေ အကုန်လုံး ရှုံးသွားပြီ။ ဘယ်က လာတာလဲ။ ဝန်ခံလိုက်စမ်းပါ။ မဟုတ်ရင် အရိုက်ခံရလိမ့်မယ်။”
ရှောင်လျိုက မြေပြင်တစ်ခွင်တွင် ညည်းတွားနေသော လူအုပ်ကြီးကို ငေးကြောင်စွာ ကြည့်နေမိ၏။
ထိုသူများက... သိသာထင်ရှားစွာပင် မိမိ၏ ညီအစ်ကိုများ ဖြစ်ကြသည်။ ၎င်းတို့အားလုံးသည် အထူးလေ့ကျင့်သင်ကြားထားသော စစ်သည်များ ဖြစ်ကြ၏။ မည်သို့များ ဖြစ်ပျက်သွားရသနည်း ... ဤမျှ တိုတောင်းလှသော အချိန်ကာလအတွင်း၌ အားလုံး ရှုံးနိမ့်သွားကြပြီလား။ တစ်ဖက်တွင် လူအနည်းငယ်မျှသာ ရှိသည်မဟုတ်ပါလား။
ကြီးမားလှသော နာကျင်မှုတစ်ခုက ရှောင်လျို၏ ရင်ဘတ်ထဲသို့ ချက်ချင်း ပြည့်နှက်သွားပြီး လမ်းတစ်လျှောက်လုံး ခံစားခဲ့ရသော မတရားမှုများကို ပြန်လည် တွေးတောမိကာ နာကျင်မှုကို အတင်းဖိနှိပ်ထားရသည်။ မကြာမီ တပ်မှူးလျိုကို ကြည့်ကာ အော်ဟစ်လိုက်သည်။ “ကျုပ်ကိုသာ သတ်ပစ်လိုက်ပါ။ စစ်သည်တစ်ယောက်ကို သတ်ရင် သတ်လို့ရပေမယ့် စော်ကားလို့ မရဘူး။”
တပ်မှူးလျိုက လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး လက်မထောင်ပြကာ ပြောလိုက်၏။ “သတ္တိရှိတယ်။ တကယ့် ယောကျာ်းကောင်းပဲ။ ပြန်ခေါ်သွားပြီး ဖြည်းဖြည်းချင်း စော်ကားရမယ်။”