← Chapters

အခန်း ၁၆၅

Vol. 17 Ch. 165

အခန်း ၁၆၅

Vol. 17 Ch. 165

အခန်း (၁၆၅) ဂိုဏ်းထဲက လူတိုင်းက ပါရမီရှင်တွေပဲ၊ ဒီနေရာကို ငါ အရမ်း သဘောကျတယ်

"တောင်ထိပ်တစ်ခုကို ရုပ်သေးရုပ်အဖြစ် ဖန်တီးတာက ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားတဲ့ လုပ်ရပ်လဲ"

ဝိညာဉ်ဖိနှိပ်ခြင်းတောင်ထိပ်က ဧရာမရုပ်သေးရုပ်ကြီးအဖြစ် ပြောင်းလဲသွားသည့် လုပ်ငန်းစဉ်တစ်ခုလုံးကို နင်းဖန် ကိုယ်တိုင် မျက်မြင်တွေ့လိုက်ရသဖြင့် ရင်ထဲတွင် အလွန်တုန်လှုပ်သွားရသည်။ တစ်ချိန်တည်းမှာပင် ဤတောင်ထိပ်အရှင်သခင် ယဲ့ထင်၏ စိတ်ကူးဉာဏ်ကြီးမားပုံကိုလည်း သူ အလွန်အံ့ဩမိသည်။

တောင်ထိပ်ကဲ့သို့ သဘာဝတရား၏ ဖန်တီးမှုကြီးကို ရုပ်သေးရုပ်အဖြစ် ပြောင်းလဲပစ်ရန် ဤမျှဆန်းပြားသော စိတ်ကူးမျိုး ကမ္ဘာပေါ်တွင် မည်သူ့၌ ရှိနိုင်ပါဦးမည်နည်း။ တစ်စုံတစ်ယောက်တွင် ဤကဲ့သို့သော စိတ်ကူးမျိုး တကယ်ရှိခဲ့တိုင်အောင် လက်တွေ့ဖန်တီးနိုင်မည့် စွမ်းရည်ရှိလိမ့်မည် မဟုတ်ပေ။

မည်သို့ပင်ဆိုစေ ဝိညာဉ်ဖိနှိပ်ခြင်းတောင်ထိပ်သည် ထိုက်ရီအစစ်အမှန်ဂိုဏ်း၏ အဓိက တောင်ထိပ်ကြီး ၁၂ ခုထဲမှ တစ်ခု ဖြစ်ပြီး သာမန်အတွင်းတောင်၊ အပြင်တောင်များနှင့် မည်သို့မျှ နှိုင်းယှဉ်၍ မရပေ။ ၎င်းသည် အဓိကဝိညာဉ်ကြောပေါ်တွင် တည်ရှိပြီး မယုံနိုင်လောက်အောင်ပင် ထည်ဝါကြီးမားလှသည်။

ဤမျှဧရာမကြီးမားလှသော တောင်ကြီးသည် (၁၂) ဆက်မြောက် တောင်ထိပ်အရှင်သခင်၏ လက်ဖဝါးထဲမှ ကစားစရာတစ်ခုကဲ့သို့ ဖြစ်နေပြီး စစ်ပွဲသုံး ရုပ်သေးရုပ်ကြီးအဖြစ် တိုက်ရိုက် ဖန်တီးခြင်း ခံလိုက်ရသည်။ ထိုအကြောင်းကို တွေးကြည့်ရုံနှင့်ပင် အလွန်အံ့ဩစရာ ကောင်းလှသည်။

"ထိုက်ရီအစစ်အမှန်ဂိုဏ်းက ပါရမီရှင်တွေနဲ့ ပြည့်နှက်နေတာပဲ၊ လူတိုင်းက စကားပြောတာ သိပ်ကောင်းပြီး သူတို့ရဲ့ လုပ်ဆောင်ချက်တွေက အရမ်းမိုက်တယ်။ ဒီနေရာကို ငါ တကယ် သဘောကျတယ်"

နင်းဖန်သည် ဤဧရာမ ရုပ်သေးရုပ်ကြီးကို ကြည့်လေလေ ပိုကျေနပ်လေလေဖြစ်ပြီး သူ၏နှုတ်ခမ်းထောင့်များ ကွေးတက်သွားကာ ချီးကျူးလိုက်၏။

တစ်ချိန်တည်းမှာပင် သူ၏ နတ်ဘုရားစိတ်အာရုံသည် လှိုင်းများ ထွက်ပေါ်လာပြီး ကြေးဝါ ဧရာမ ရုပ်သေးရုပ်ကြီး၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအရာအတွင်းရှိ မြင်ကွင်းတိုင်းသည် သူ၏အတွက် ရှင်းလင်းပြတ်သားသွားခဲ့၏။

"ဒီအရာမှာ ဒီလို ဖွဲ့စည်းပုံမျိုး ရှိနေမယ်လို့ တွေးကြည့်ပါဦး"

နင်းဖန်၏ အမူအရာသည် သိသိသာသာ လေးနက်သွားခဲ့သည်။

ရုပ်သေးရုပ်လမ်းကြောင်း၏ ထိပ်တန်းအဆင့် မဟာဆရာကြီးတစ်ယောက်အနေဖြင့် အတွင်းထဲရှိ ကြယ်လိုများပြားလှသော အက္ခရာများနှင့် ဝင်္ကပါများကို အခြားသူများက နားလည်နိုင်မည် မဟုတ်ပေ။

သို့သော် သူ၏အတွက်တော့ တစ်ခုချင်းစီတိုင်းသည် လက်ရာမြောက်ပြီး ထူးခြားသော ဖန်တီးမှုများ ဖြစ်နေ၏။

သူ ပိုကြည့်လေလေ ၁၂ ဆက် တောင်ထိပ်အရှင်သခင်သည် ထူးခြားသောပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း ပိုခံစားရလေလေ ဖြစ်သည်။

အချိန်အတော်ကြာ အံ့သြချီးကျူးပြီးနောက် နင်းဖန်သည် သူ၏ နတ်ဘုရားဝိညာဉ် အမှတ်အသားကို ထိုအရာအတွင်း ချန်ထားခဲ့၏။

ဤအရာများ အားလုံးကို လုပ်ပြီးသွားသောအခါ သူ့ရှေ့ရှိ ဧရာမ အရာကြီးသည် ယခုဆိုလျှင် သူ၏စိတ်နှင့် ချိတ်ဆက်သွားပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင်။

ထိုက်ရီအကြွင်းအကျန်နယ်မြေ အတွင်း၌။

တိတ်ဆိတ်သွား၏။ သေမတတ် တိတ်ဆိတ်သွားခဲ့သည်။

ဂိုဏ်းတစ်ခုလုံး၊ လူတစ်သိန်းကျော်သည် ဤမြင်ကွင်းကို ဆွံ့အစွာဖြင့် ကြည့်နေကြ၏။

"နေပါဦး အစ်ကို... ဒါကြီးက ဘာကြီးလဲ"

"ဝိညာဉ်ဖိနှိပ်ခြင်းတောင်ထိပ်က တကယ်ကြီး မတ်တတ်ရပ်လိုက်တာလား။ ပြီးတော့ ရုပ်သေးရုပ်သားရဲအဖြစ် ပြောင်းသွားတယ်ပေါ့။ ငါ အိပ်မက်မက်နေတာလား"

"အဲဒါ အဓိက တောင်ထိပ် ဆယ့်နှစ်ခုထဲက တစ်ခုလေ။ နှစ်သန်းပေါင်း သောင်းချီကြာအောင် မပြောင်းလဲခဲ့ဘူး၊ အခု မင်းက ငါ့ကို ဒီအရာကြီးက တကယ်တော့ ရုပ်သေးရုပ်လို့ ပြောနေတာလား"

"ဒီလောက် အားကောင်းတဲ့ ရုပ်သေးရုပ်ကြီး။ ဘာလို့ အရင်က ဘယ်သူမှ မရှာတွေ့ခဲ့တာလဲ"

"တခြားသူတွေမှာ လုံလောက်တဲ့ ပါရမီ မရှိလို့ ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် နင်းဖန်က အသူရာ နတ်ဘုရား ရုပ်သေးရုပ်ကိုတောင် ပြင်နိုင်ခဲ့တာပဲ"

"ဒါနဲ့... ဝိညာဉ်ဖိနှိပ်ခြင်းတောင်ထိပ်က အရင်အတိုင်း ပြန်ပြောင်းလို့ရလား။ ငါ့ရဲ့ ရုပ်သေးသားရဲက အဲဒီအပေါ်မှာ ရှိနေသေးတယ်..."

"မင်းရဲ့ ရုပ်သေးရုပ်သားရဲက ဘာအရေးကြီးလို့လဲ။ ငါ့ရဲ့ မသေမျိုးလှိုဏ်ဂူက အခု သူ့ပေါင်ကြားက အလှဆင်ပစ္စည်း ဖြစ်နေပြီ၊ "

"..."

တပည့်များစွာသည် သူတို့ရှေ့ရှိ မြင်ကွင်းကြောင့် အရမ်းအံ့သြသွားပြီး သူတို့၏ ဦးရေပြားများပင် ထုံကျင်သွားခဲ့သည်။

အဓိက တောင်ထိပ်တစ်ခုအနေဖြင့် ဝိညာဉ်ဖိနှိပ်ခြင်းတောင်ထိပ်ကို နှစ်သန်းပေါင်း သောင်းချီကြာအောင် တပည့်ပေါင်းများစွာ နေ့ရောညပါ သွားလာခဲ့ကြပြီး ထိုအရာအပေါ် နက်ရှိုင်းသော ခံစားချက်များ ဖွံ့ဖြိုးလာခဲ့ကြ၏။

ရုတ်တရက် အကောင်းပကတိ တောင်ထိပ်ကြီးမှာ အကြောင်းပြချက်မရှိဘဲ အသက်ဝင်လာခဲ့သည်။

တောင်တစ်ခုလုံးသည် မိုးခြိမ်းသံလို ဟောက်သံကြီးနှင့်အတူ အသွင်ပြောင်းမှုကို ပြီးမြောက်သွားပြီး နောက်ဆုံးတွင် ကောင်းကင်နှင့်မြေကြီးကြား၌ ကြေးဝါ ဧရာမ ရုပ်သေးရုပ်ကြီးတစ်ခု ဖြစ်လာခဲ့၏။

ထိုအရာသည် သက်မဲ့အရာတစ်ခုဖြစ်သော်လည်း ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါများက ဝိညာဉ်ကို လှုပ်ခတ်စေပြီး လျှို့ဝှက်နယ်မြေ၏ အတားအဆီးများကို ထိုးဖောက်သွားသကဲ့သို့ လူတိုင်းကို ထိတ်လန့်တုန်လှုပ်မှုများ ခံစားရစေ၏။

"ဒါ... ဒါက ၁၂ ဆက် တောင်ထိပ်အရှင်သခင်က ငါတို့အတွက် ချန်ထားခဲ့တဲ့ ကောင်းကင်အဆင့်မြင့် ရုပ်သေးရုပ်ကြီးပဲ"

ထိုက်ရီအကြွင်းအကျန်နယ်မြေတွင် ချီလေ့ကွမ်သည် စိတ်လှုပ်ရှားလွန်းသဖြင့် တုန်ယင်နေပြီး သူ၏အသံမှာ အဆက်မပြတ် တုန်ခါနေခဲ့သည်။

လက်ရှိ ဝိညာဉ်ဖိနှိပ်ခြင်းတောင်ထိပ်၏ တောင်ထိပ်အရှင်သခင် ဖြစ်သော သူ့အတွက် ဤမြင်ကွင်းက အရမ်းကို တုန်လှုပ်စရာကောင်းလွန်းလှ၏။

နင်းဖန်က အသူရာ နတ်ဘုရား ရုပ်သေးရုပ်ကို ပြင်လိုက်သည်ကို မြင်စဉ်က သူ အရမ်းကို စိတ်လှုပ်ရှားနေခဲ့ပြီးသား ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နင်းဖန်က သူ့ကို ဒုတိယမြောက် အံ့အားသင့်မှု ပေးလိမ့်မည်ဟု မည်သူ ထင်မည်နည်း။

ရိုးရှင်းသော လက်သင်္ကေတတစ်ခုဖြင့် နှစ်သန်းပေါင်း သောင်းချီကြာအောင် ပုန်းကွယ်နေခဲ့သော ဤရုပ်သေးရုပ်ကြီးကို သူ ခေါ်ယူလိုက်၏။

"ဝိညာဉ်ဖိနှိပ်ခြင်းတောင်ထိပ်က တကယ်တော့ ကောင်းကင်အဆင့်မြင့် ရုပ်သေးရုပ်ပဲ၊ ဒါက..."

ဂိုဏ်းချုပ် ဖေ့ချင်းယွီကလည်း ဤအချိန်တွင် မှင်တက်စွာ ရေရွတ်လိုက်သည်။

သူ၏အကြည့်များက အလွန်အမင်း မယုံကြည်နိုင်မှုကို ဖော်ပြနေ၏။

တခြား အကြီးအကဲများ၏ တုံ့ပြန်မှုများကလည်း အတူတူလောက်ပင် ဖြစ်သည်။

သူတို့၏ နှလုံးသားများသည် တုန်လှုပ်သွားခဲ့ကြ၏။

တောင်ထိပ်တစ်ခုကို ရုပ်သေးရုပ်အဖြစ် ဖန်တီးခြင်းသည် ကမ္ဘာမြေကို တုန်လှုပ်စေသည့် လုပ်ရပ်ပင်ဖြစ်သည်။

ဝိညာဉ်ဖိနှိပ်ခြင်းတောင်ထိပ်၏ အဆက်ဆက်သော တောင်ထိပ်အရှင်သခင်များက ဤပြိုင်ဘက်ကင်း ရုပ်သေးရုပ်ကြီးကို ဘယ်သောအခါမျှ ရှာမတွေ့နိုင်ခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

"ငါတို့က သေမျိုးတွေပါပဲ၊ အခွင့်အရေးက ရှင်းရှင်းလင်းလင်း ငါတို့မျက်စိရှေ့မှာ ရှိနေတာတောင် ငါတို့ထဲက တစ်ယောက်မှ အဲဒါကို ရှာမတွေ့နိုင်ခဲ့ဘူး။ ဘယ်လောက်တောင် သနားစရာကောင်းလဲ။ ဘယ်လောက်တောင် ဝမ်းနည်းစရာကောင်းလဲ"

အကြီးအကဲတစ်ယောက်က နောင်တများ အပြည့်ဖြင့် ပြောလိုက်၏။

သို့သော် ရှောင်ချာက ခေါင်းခါပြီး ပြောလိုက်သည်။

"ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ဖို့ မလိုပါဘူး။ အဲဒီ ၁၂ ဆက် တောင်ထိပ်အရှင်သခင်က ပဟေဠိတစ်ခုကို ရှင်းရှင်းလင်းလင်း ဖန်တီးခဲ့တာ။ ရုပ်သေးလမ်းကြောင်းမှာ အလွန်မြင့်မားတဲ့ အောင်မြင်မှုတွေ ရှိတဲ့သူကသာ ဒီပြိုင်ဘက်ကင်း ရုပ်သေးရုပ်ကြီးကို နိုးထစေနိုင်တာ။"

"ဒါကြောင့် ငါတို့က မျက်ကန်းဖြစ်နေလို့ မဟုတ်ဘဲ ငါတို့ကအဲ့ ဒီအရာနဲ့ ရေစက် မပါလို့ပါ"

သူ စကားပြောပြီးသည်နှင့် ချီလေ့ကွမ်က ချက်ချင်းပင် ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"အတိအကျပဲ။ ပြီးတော့ ဒီအခွင့်အရေးက အသူရာ နတ်ဘုရား ရုပ်သေးရုပ် ခုနစ်ခုထဲမှာ ပုန်းကွယ်နေတယ်လို့ ငါ ခန့်မှန်းတယ်။"

"ခုနလေးတင်က နင်းဖန်ဟာ အရိပ်အမြွက် တစ်ခုခု ရခဲ့တာ သေချာတယ်၊ ဒါကြောင့်မို့လို့ ငါတို့ မမြင်နိုင်တဲ့နေရာမှာ ရုပ်သေးရုပ်ကြီးအတွက် နိုးထခြင်း မန္တန်ကို သူ တိတ်တဆိတ် ကျွမ်းကျင်သွားတာ"

ထိုက်ရီအစစ်အမှန်ဂိုဏ်း၏ တစ်ဦးတည်းသော အဆင့်မြင့် ရုပ်သေးရုပ်ဆရာအနေဖြင့်ချီလေ့ကွမ်သည် ဤနောက်ကွယ်က လျှို့ဝှက်ချက်ကို လျင်မြန်စွာ နားလည်သွားခဲ့၏။

ရုပ်သေးရုပ်တစ်ခုအတွင်းရှိ ဝင်္ကပါများမှတစ်ဆင့် အရိပ်အမြွက်များ ချန်ထားခဲ့ခြင်းသည် အလွန်ခက်ခဲသော နည်းလမ်းမဟုတ်ပေ။ ရုပ်သေးရုပ်ဆရာ အများအပြား လုပ်နိုင်ကြသည်။

သို့သော် ၁၂ဆက် တောင်ထိပ်အရှင်သခင်က ထိုအရာကို အပိုဆွဲဆောင်မှုအချို့ ထည့်ပေးခဲ့ရမည်ဟု ချီလေ့ကွမ် ခန့်မှန်းမိ၏။

ဥပမာအားဖြင့် အသူရာ နတ်ဘုရား ရုပ်သေးရုပ် ခုနစ်ခုနှင့်ဆိုလျှင် တစ်ခုစီတွင် ချန်ထားခဲ့သော စကားစုများက ကွာခြားနိုင်ပေသည်။

ထိုအရာများ အားလုံးကို ပေါင်းစပ်လိုက်မှသာ ပြည့်စုံသော သတင်းစကားတစ်ခု ဖြစ်လာလိမ့်မည်။

ထိုအရာသည် နိုးထခြင်း မန္တန်လောက် မရိုးရှင်းနိုင်ပေ။ တခြား ညွှန်ကြားချက်များလည်း ရှိနိုင်၏။

အတိုချုပ်ပြောရလျှင် ကမ္ဘာပေါ်ရှိ ရုပ်သေးရုပ်ဆရာများ အားလုံးကို မနာလိုဖြစ်စေမည့် ဤကံကြမ္မာသည် နင်းဖန်၏ ခေါင်းပေါ်သို့ ကျရောက်လာခဲ့သည်။

"ကောင်းပြီလေ။ စက်ယန္တရား ဖန်တီးမှုတွေက စွမ်းရည်ရှိတဲ့သူတွေနဲ့ပဲ ထိုက်တန်ပါတယ်။"

"နင်းဖန်က မွေးရာပါ ရုပ်သေးရုပ်ဆရာတစ်ယောက်ဖြစ်ပြီး ဒီတာအိုမှာ သူ့ရဲ့ အောင်မြင်မှုတွေက ငါ့ထက် အများကြီး သာလွန်တယ်။ ဒီကောင်းကင်အဆင့်မြင့် ရုပ်သေးရုပ်ကြီးက သူ့အမိန့်အောက်မှာ ရှိနေတာက မှန်ကန်ပါတယ်"

ချီလေ့ကွမ်က သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်၏။

ယခုချက်ချင်း အောက်ဆင်း၍ ဤကြေးဝါ ဧရာမ ရုပ်သေးရုပ်ကြီး၏ ဖွဲ့စည်းပုံကို အနီးကပ် လေ့လာချင်နေခဲ့သော်လည်း မဖြစ်နိုင်ကြောင်း သိနေခဲ့သည်။

ဤအချိန်တွင် သူ လုပ်နိုင်သည်မှာ သက်ပြင်းချပြီး နင်းဖန် ဤပြိုင်ဘက်ကင်း ရုပ်သေးရုပ်ကြီး မောင်းနှင်နေသည်ကို မနာလိုစွာဖြင့် ကြည့်ကာ သူ့ကိုယ်သူ နှစ်သိမ့်ရန် စကားအချို့ ရှာဖွေရုံသာ ဖြစ်၏။

"ငါတို့ ဂိုဏ်းက နင်းဖန်ကို ရလိုက်တာဟာ တကယ်ကို ကောင်းကင်တာအိုရဲ့ ကောင်းချီးတစ်ခုပဲ"

ရွှီယိုဝေက သူ့မုတ်ဆိတ်မွေးကို ပွတ်သပ်ပြီး ဝမ်းနည်းစွာ ပြောလိုက်သည်။

အကြီးအကဲများထဲတွင် အတွင်းရေးကို သိသော တစ်ဦးတည်းသောသူအနေဖြင့် ဖေ့ချင်းယွီ၏ အကြည့်က ဤအချိန်တွင် နက်ရှိုင်းနေပြီး သူ၏စိတ်ထဲတွင်တော့ 'မသေချာဘူး' ဟု တွေးနေခဲ့၏။

ကောင်းကင်တာအိုက အားကောင်းသော်လည်း ဘိုးဘေးကိုပင် မနိုင်နိုင်ပေ။ မည်သို့သော ကောင်းချီးမျိုး ပေးနိုင်မည်နည်း။

ကပ်ဘေးကို ရင်ဆိုင်ရမည့်သူအနေဖြင့် နင်းဖန် ယနေ့ ရုပ်သေးရုပ်ကြီးကို ရရှိခြင်းကလည်း ဘိုးဘေး၏ မျှော်လင့်ချက်များထဲတွင် ပါဝင်နိုင်၏။

ထိုကိစ္စကို သူ စီစဉ်ခဲ့ခြင်းပင် ဖြစ်နိုင်ပေသည်။

"အမှန်တရားက ဘာပဲဖြစ်ဖြစ် နင်းဖန်ဟာ အခု မဟာကောင်းကင်အရှင်သခင်အဆင့်ရှိတဲ့ တိုက်ခိုက်ရေး အင်အားတစ်ခုကို ရရှိသွားပြီ။ အဲဒီ မဟာကပ်ဘေးကြီးကို ရင်ဆိုင်ရမယ့် အချိန်ရောက်ရင် သူ အကူအညီ နည်းနည်း ပိုရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။"

"အခု ငါတို့က လျှို့ဝှက်နယ်မြေထဲမှာ ဘိုးဘေးရဲ့ ကာကွယ်မှုကို ခံနေရတာဆိုတော့ ကြောင်ကြည့်နေရုံကလွဲလို့ ဘာမှ လုပ်လို့မရဘူး။ အခု ဒီရုပ်သေးရုပ်ကြီးကို မင်းကို လက်ဆောင်ပေးတာက ဂိုဏ်းအနေနဲ့ မင်းအတွက် လုပ်ပေးနိုင်တဲ့ တစ်ခုတည်းသောအရာ ဖြစ်နိုင်တယ်"

ဖေ့ချင်းယွီက လက်များကို နောက်ပစ်ကာ နင်းဖန်ကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်နေခဲ့သည်။

အနာဂတ် ကပ်ဘေးက မည်သို့ပုံစံဖြစ်လာမည်ကို သူ မသိချေ။

သို့သော် နင်းဖန် အသက်ရှင်ကျန်ရစ်ရန် သူ၏နှလုံးသားအောက်ခြေမှ သူ ရိုးသားစွာ မျှော်လင့်နေခဲ့၏။

---

All Chapters