အခန်း ၁၆၆
Vol. 17 Ch. 166
အခန်း (၁၆၆) နင်းဖန်က ကောင်းကင်အဆင့်မြင့် ရုပ်သေးရုပ်ကို ပြုပြင်ပြောင်းလဲမလို့လား
ကောင်းကင်ယံအမြင့်တွင်။
နင်းဖန်က လှေပျံ၏ ဦးပိုင်းတွင် ရပ်ကာ လက်သင်္ကေတများ လုပ်နေ၏။
ဤပြိုင်ဘက်ကင်း ရုပ်သေးရုပ်ကြီးကို ခဏမျှ ထိန်းချုပ်ပြီးနောက် သူ၏မျက်မှောင်များ အနည်းငယ် ကြုတ်သွားခဲ့သည်။
"ဒါက ဝိညာဉ်ကျောက်တုံးတွေကို အရမ်းမြန်မြန် စားသုံးတာပဲ။ ဒီခဏလေးအတွင်းမှာတင် ဝိညာဉ်ဖိနှိပ်ခြင်းတောင်ထိပ်ရဲ့ ဝိညာဉ်ကျောက်တုံး သိုလှောင်မှု အားလုံးရဲ့ တစ်ရာခိုင်နှုန်းကို ကုန်သွားပြီ"
"အကယ်၍ ငါသာ ရေရှည်တိုက်ပွဲအတွက် ဒါကို ထိန်းချုပ်ရမယ်ဆိုရင် တောင်ထိပ်ရဲ့ ကိုယ်ပိုင် ဝိညာဉ်ကြော စွမ်းအင်ကို သုံးစွဲရတော့မှာ မဟုတ်ဘူးလား"
၁၂ဆက် တောင်ထိပ်အရှင်သခင် ယဲ့ထင် ချန်ထားခဲ့သော သတင်းစကားက ဤရုပ်သေးရုပ်ကို ထိန်းချုပ်ရန် ဝိညာဉ်ကျောက်တုံး အမြောက်အမြား လိုအပ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောပြခဲ့သော်လည်း။
အမှန်တကယ် လက်တွေ့အခြေအနေကြောင့် လန့်သွားသေး၏။
ဤ 'အမြောက်အမြား' ဆိုသည်မှာ တကယ်တော့ အနည်းငယ်မျှပင် ချဲ့ကားပြောဆိုခြင်း မဟုတ်ချေ။
ပင်လယ်ကြီးတစ်ခုပင် ဖြစ်သည်။
ထိုက်ရီအစစ်အမှန်ဂိုဏ်း၏ အဓိက တောင်ထိပ် ဆယ့်နှစ်ခုရှိ တစ်ခုစီတိုင်းတွင် ဝိညာဉ်ကျောက်တုံး အလွန်များပြားစွာ သိုလှောင်ထားကြောင်း သိထားသင့်၏။
ဝိညာဉ်ဖိနှိပ်ခြင်းတောင်ထိပ်လည်း အတူတူပင် ဖြစ်သည်။
ထို့ကြောင့် ကြေးဝါ ဧရာမ ရုပ်သေးရုပ်အဖြစ် ပြောင်းလဲသွားပြီးနောက် ဝိညာဉ်ကျောက်တုံးများ ပြတ်လပ်မနေသင့်ပေ။
လက်တွေ့တွင်မူ မည်သည့်တိုက်ခိုက်ရေးနည်းစနစ်မှ မသုံးရသေးဘဲ ဤခဏအတွင်းမှာတင် တောင်ထိပ်၏ ဝိညာဉ်ကျောက်တုံး သိုလှောင်မှု တစ်ရာခိုင်နှုန်း ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ဤအခြေအနေက နင်းဖန်၏ စွမ်းအင်မလုံလောက်မည်ကို စိုးရိမ်တတ်သည့် စိတ်ဒဏ်ရာကို တိုက်ရိုက်နှိုးဆွပေးလိုက်သကဲ့သို့ ဖြစ်သွားလေသည်။
"ဝိညာဉ်ဖိနှိပ်ခြင်းတောင်ထိပ် ကိုယ်တိုင်က ဝိညာဉ်ကြောတစ်ခု ဖြစ်နေပေမယ့် တကယ် သုံးလို့ မရဘူးလေ..."
"မဖြစ်ဘူး။ သုံးစွဲမှုကို ဘယ်လို လျှော့ချရမလဲဆိုတာ ငါ လေ့လာဖို့ လိုတယ်။"
နင်းဖန်က မေးစေ့ကို ပွတ်သပ်လိုက်ပြီး သူ၏စိတ်က လျင်မြန်စွာ အလုပ်လုပ်နေ၏။
ဝိညာဉ်ဖိနှိပ်ခြင်းတောင်ထိပ်သည် အဓိက တောင်ထိပ် ဆယ့်နှစ်ခုထဲမှ တစ်ခုဖြစ်ရသည့် အကြောင်းရင်းက ထိုအထဲတွင် အလွန်ထူထဲသော ဝိညာဉ်ကြောတစ်ခု ပါဝင်သောကြောင့်ပင် ဖြစ်သည်။
စစ်ပွဲအတွင်း ဝိညာဉ်ကျောက်တုံးများ ပြတ်လပ်သွားပါက ဝိညာဉ်ကြောကို စွမ်းအင်အဖြစ် သုံးပြီး အကျပ်အတည်းကို ဖြေရှင်းနိုင်သော်လည်း၊ ၎င်းက ဝိညာဉ်ဖိနှိပ်ခြင်းတောင်ထိပ်ကို ထာဝရပျက်စီးသွားစေလိမ့်မည်။
လက်ရှိ ထိုက်ရီဂိုဏ်းတွင် လူသူကင်းမဲ့နေသဖြင့် ဂိုဏ်းတစ်ခုလုံးသည် နင်းဖန်၏ ကိုယ်ပိုင်ပစ္စည်းကဲ့သို့ ဖြစ်နေရာ သူက ထိုပျက်စီးမှုကို လက်မခံနိုင်ပေ။ ထို့ကြောင့် နင်းဖန်သည် ကြေးဝါရုပ်သေးကြီးကို ကိုယ်တိုင် ပြုပြင်ရန် ဆုံးဖြတ်လိုက်သည်။
အရင်မျိုးဆက် တောင်ထိပ်အရှင်သခင်သည် ရုပ်သေးပညာတွင် ပါရမီရှင်ဖြစ်နိုင်သော်လည်း နင်းဖန်တွင်လည်း လျှို့ဝှက်လှည့်ကွက်များ ရှိနေသောကြောင့် အတော်လေး ယုံကြည်မှု ရှိနေ၏။ သူသည် ရုပ်သေးကြီး၏ ဦးခေါင်းဆီသို့ ပျံသန်းသွားပြီး ပခုံးပေါ်သို့ ဆင်းရန် ပြင်လိုက်သော်လည်း ခြေထောက်က လှုပ်မရဖြစ်နေသည်။
အောက်ကို ငုံ့ကြည့်လိုက်သည့်အခါ ကျန်းထန်တစ်ယောက် သူ့ကို ရေဘဝဲကဲ့သို့ မြဲမြံစွာ ရစ်ပတ်တွယ်ကပ်နေသည်ကို တွေ့လိုက်ရလေသည်။
နင်းဖန်၏ မျက်နှာက မည်းမှောင်သွားခဲ့သည်။ သူက မေးလိုက်သည်။
"ဂျူနီယာညီမလေး၊ မင်း ငါ့ကို စမ်းသပ်တာ လုံလောက်ပြီ မဟုတ်လား"
နွေးထွေးသော ရင်ခွင်ထဲတွင် မျောပါနေသော ကျန်းထန်က ဤစကားကို ကြားတော့ မျက်တောင်ခတ်ပြီး သနားစရာကောင်းသော အမူအရာကို လုပ်ပြ၏။
သူမက နှလုံးသားကို ချစ်စရာကောင်းသော လေသံဖြင့် တိုးတိုးလေး ပြောလိုက်သည်။
"စီနီယာအစ်ကို၊ ကျွန်မ ကြောက်တယ်"
ဟန်ဆောင်မှုများနှင့် ပြည့်နေသည့် အူကြောင်ကြောင် ဂျူနီယာညီမလေး၏ မျက်နှာကို ကြည့်ရင်နင်းဖန်၏ နှုတ်ခမ်းထောင့်က တွန့်သွားခဲ့၏။
အနည်းငယ် သက်ပြင်းချလိုက်ပြီး နင်းဖန်က ပြောလိုက်သည်။
"ကောင်းပြီလေ၊ အဲဒီအတိုင်းပဲ ဆက်နေလိုက်တော့။"
သူက ဧရာမကြီး၏ ပခုံးပေါ်သို့ တစ်လှမ်းတည်းဖြင့် ခုန်တက်လိုက်ပြီး သူ၏လက်ဖဝါးကို ကြေးဝါခန္ဓာကိုယ်ပေါ် ဖိထားလိုက်ကာ သူ၏ နတ်ဘုရားစိတ်အာရုံနှင့် ဝိညာဉ်စွမ်းအင်များက ရေလှိုင်းလို အထဲသို့ ဝင်ရောက်သွား၏။
ထိုအရာ၏ ဖွဲ့စည်းပုံ အားလုံးသည် နင်းဖန်၏ အသိစိတ်ပင်လယ်ထဲတွင် နောက်တစ်ကြိမ် ပေါ်လာခဲ့သည်။
"ထိန်းချုပ်ရေးဗဟို ဝင်္ကပါ၊ အဓိကမောင်းနှင်မှု ဝင်္ကပါ၊ ခြေလက်ချိတ်ဆက်မှု ဝင်္ကပါ၊ ဝိညာဉ်ချီ အသွင်ပြောင်း ဝင်္ကပါ... ဒါပဲ"
နင်းဖန်က မျက်လုံးမှိတ်လိုက်ပြီး နတ်ဘုရားစိတ်အာရုံက ဝိညာဉ်ချီ အသွင်ပြောင်း ဝင်္ကပါဆီသို့ ချက်ချင်း ပြေးဝင်သွား၏။
သူက ထိုအရာကို စတင် ပြုပြင်ပြောင်းလဲတော့သည်။
တစ်ချိန်တည်းမှာပင်။
ထိုက်ရီအကြွင်းအကျန်နယ်မြေထဲတွင်တော့ လူတိုင်းက နင်းဖန်၏ လုပ်ရပ်များကို နားမလည်နိုင်ဘဲ သူရှိနေကြသည်။
မယုံကြည်နိုင်မှုများ အပြည့်ဖြင့် ချီလေ့ကွမ် တစ်ယောက်တည်းကသာ မြေကြီးပေါ်သို့ ခုန်အုပ်လိုက်ပြီး သူ၏မျက်နှာကို အတားအဆီးပေါ်တွင် တင်းတင်းကျပ်ကျပ် ဖိထားကာ မျက်လုံးများကို ပြူးကျယ်နေအောင် ဖွင့်ထား၏။
ဤသည်က သူ့ကို ပိုရှင်းရှင်းလင်းလင်း မြင်ရစေမည့်အလားပင်။
"အဘိုးကြီးချီ၊ မင်း ဘာလုပ်နေတာလဲ"
ရွှီယိုဝေက မေးခွန်းထုတ်စရာများ ပြည့်နေခဲ့သည်။
"စကားမပြောနဲ့"
ချီလေ့ကွမ်က လက်တစ်ဖက်ကို မြှောက်ပြီး တိတ်တိတ်နေရန် အမူအရာ လုပ်ပြ၏။
သူ၏အကြည့်များက အောက်ဘက်တွင်သာ စူးစိုက်နေခဲ့သည်။
အချိန်အတော်ကြာမှ သူက အံ့သြတကြီးဖြင့် ထိုင်လိုက်ပြီး အော်ပြောလိုက်သည်။
"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ သူက ကောင်းကင်အဆင့်မြင့် ရုပ်သေးရုပ်ကြီးရဲ့ အတွင်းပိုင်း ဝင်္ကပါတွေကို ပြုပြင်ပြောင်းလဲနေတာပဲ"
"ဘာ"
လူတိုင်း ဆွံ့အသွားကြ၏။
လီချန်မင်က သိချင်စိတ်ဖြင့် မေးလိုက်သည်
"သူက ဝင်္ကပါတွေကို ပြုပြင်ပြောင်းလဲတာ... အဲဒါက အရမ်းခက်လို့လား"
"သေချာတာပေါ့"
ချီလေ့ကွမ်က လေးနက်သော အမူအရာဖြင့် မတ်တတ်ရပ်ပြီး အဆက်မပြတ် ပြောလိုက်သည်။
"ရုပ်သေးရုပ်ထဲက ဝင်္ကပါတွေက လူ့ခန္ဓာကိုယ်ရဲ့ သွေးကြောတွေလို အလွှာတစ်ခုပြီးတစ်ခု ချိတ်ဆက်နေတာ၊ ဆံပင်တစ်ချောင်းကို ဆွဲလိုက်တာက တစ်ကိုယ်လုံးကို သက်ရောက်မှု ရှိတယ်။"
"အထူးသဖြင့်အဲ့ ဒီအဆင့်ရှိတဲ့ ရုပ်သေးရုပ်မှာ သူ့ရဲ့ အူတိုင်က အလွန် ရှုပ်ထွေးတယ်။ ကျပန်း ပျက်စီးမှု တစ်နေရာလေးကတောင် ရုပ်သေးရုပ် တစ်ခုလုံးကို အလုပ်မလုပ်ဖြစ်သွားစေနိုင်တယ်"
"ဒါကြောင့် ယေဘုယျပြောရရင် ကိုယ်တိုင် ဒီဇိုင်းဆွဲထားတာ မဟုတ်ရင် ဘယ်သူမှ ပြုပြင်ပြောင်းလဲဖို့ အလွယ်တကူ မကြိုးစားကြဘူး။"
"အကယ်၍ သူတို့က အဲဒီလိုလုပ်ဖို့ ဆိုရင် အနည်းဆုံးတော့ သူတို့ရဲ့ ရုပ်သေးရုပ် ဖန်တီးမှု စွမ်းရည်က မူလဖန်တီးရှင်ထက် အဆင့်တစ်ဆင့်လုံး သာလွန်နေဖို့ လိုအပ်တယ်"
"ဒါပေမယ့် ပြဿနာက... ငါတို့ မျက်စိရှေ့က ဒီပြိုင်ဘက်ကင်း ရုပ်သေးရုပ်ကြီးက ကောင်းကင်အဆင့်မြင့် ရုပ်သေးရုပ်ဖြစ်ပြီး သူ့အဆင့်ရဲ့ အမြင့်ဆုံးကို ရောက်နေပြီ"
ဤရှင်းပြချက်ကို ကြားတော့။
လူတိုင်းက ရုတ်တရက် နားလည်သွားသည့် အမူအရာများ ပြသကြ၏။
ရုပ်သေးရုပ်လမ်းကြောင်းက ဆေးဖော်စပ်ခြင်းလမ်းကြောင်း သို့မဟုတ် မှော်လက်နက်ဖန်တီးခြင်းလမ်းကြောင်းနှင့် တူပေသည်။
အဆင့်မြင့်သောသူများကသာ အောက်ကလူများ၏ လက်ရာများကို ဝေဖန်နိုင်ပြီး ပြုပြင်ပြောင်းလဲနိုင်သည် အောက်ကလူများက အထက်ကလူများကို ကျော်လွန်လုပ်ဆောင်သည်ဆိုသည့် မူမရှိပေ။
ထိပ်တန်းအဆင့် ရုပ်သေးရုပ်ဆရာတစ်ယောက်က အဆင့်မြင့် ရုပ်သေးရုပ်ဆရာတစ်ယောက်ကို လမ်းညွှန်မှု ပေးနိုင်၏။
နင်းဖန်သည် ၁၂ ဆက် တောင်ထိပ်အရှင်သခင်၏ ဖန်တီးမှုထက် ပိုမိုကောင်းမွန်အောင် ပြုပြင်နေခြင်းဖြစ်သည်။ ထို့ကြောင့်လည်း ချီလေ့ကွမ် ဤမျှအံ့ဩနေခြင်းမှာ မဆန်းတော့ပေ။
ဤပြိုင်ဘက်ကင်း ရုပ်သေးကြီးသည် ကောင်းကင်အဆင့်မြင့် လက်ရာဖြစ်ပြီး အတွင်းအပြင် ဖွဲ့စည်းပုံမှာ အပြစ်ပြောစရာမရှိအောင် ပြီးပြည့်စုံလှသည်။ ၎င်းသည် ရုပ်သေးပညာရပ်၏ အထွတ်အထိပ်ဖြစ်သလို အရှင်သခင်၏ ပြိုင်ဘက်ကင်းပါရမီကို သက်သေပြနေသည့် အရာလည်း ဖြစ်၏။
သို့သော် နင်းဖန်က ထိုပြီးပြည့်စုံသော လက်ရာကိုပင် ပြုပြင်ပြောင်းလဲရန် ကြိုးစားနေသည်။ ဤအပြုအမူက လူတိုင်းကို အံ့အားသင့်သွားစေမည်မှာ အမှန်ပင်ဖြစ်သည်။
လီချန်မင်က ပထမဆုံး မေးလိုက်သည်။
"အကယ်၍ ပြုပြင်ပြောင်းလဲမှု အောင်မြင်သွားရင် နင်းဖန်ရဲ့ ရုပ်သေးရုပ်လမ်းကြောင်း အောင်မြင်မှုက တောင်ထိပ်အရှင်သခင် ယဲ့ထင်ထက် သာလွန်သွားပြီလို့ ဆိုလိုတာလား"
"မှန်တယ်"
ချီလေ့ကွမ်က ပထမဆုံး ခေါင်းညိတ်လိုက်ပြီးနောက် စိုးရိမ်တကြီးဖြင့် ထပ်ပြောလိုက်သည်။
"ဒါပေမယ့် အကယ်၍ ပြုပြင်ပြောင်းလဲမှု ကျရှုံးခဲ့ရင် အတွင်းပိုင်း ဝင်္ကပါတွေ ကမောက်ကမဖြစ်ပြီး ရုပ်သေးရုပ် တစ်ခုလုံး အသုံးမဝင်ဖြစ်သွားဖို့ အလားအလာ အရမ်းများတယ်"
"ဒါက..."
ဤစကားကို ကြားတော့ လူတိုင်း အေးခဲသွား၏။
နင်းဖန်၏ ယခုလုပ်ရပ်သည် ကျမ်းစာဆောင်တွင် ကောင်းကင်အဆင့်မြင့် ကျင့်စဉ် ၃၆ ခုကို ပေါင်းစပ်ခဲ့စဉ်ကနှင့် ထပ်တူပင်ဖြစ်ပြီး အများအမြင်တွင် နားမလည်နိုင်စရာပင်။
အမြင့်ဆုံးအမြင့်ဆုံး ကန့်သတ်ချက်သို့ ရောက်ရှိနေသည့် ပြီးပြည့်စုံသော အရာကို အဘယ်ကြောင့် ထပ်မံပြုပြင်ရန် ကြိုးစားနေသနည်း။
အကယ်၍ အခြားဂိုဏ်းမှ အကြီးအကဲများသာဆိုလျှင် နင်းဖန်ကို ရူးသွပ်နေသည်ဟု ကျိန်ဆဲနေကြလောက်ပြီ ဖြစ်သည်။ သို့သော် ထိုက်ရီဂိုဏ်းကတော့ မတူပါ။ နင်းဖန်နှင့် အချိန်အတော်ကြာ လက်တွဲခဲ့ပြီးနောက် 'မဖြစ်နိုင်တာကို ဖြစ်နိုင်အောင်' လုပ်ပြတတ်သည့် သူ၏အစွမ်းကို သူတို့ ကောင်းကောင်းသိနေကြသည်။
ထို့ကြောင့် ရင်တမမ ဖြစ်နေကြသော်လည်း သူ့ကို မည်သူမျှ မတားကြဘဲ စိုးရိမ်တကြီးဖြင့်သာ အောင့်အည်းပြီး စောင့်ကြည့်နေကြလေသည်။