← Chapters

အခန်း ၂၄၁

Vol. 25 Ch. 241

အခန်း ၂၄၁

Vol. 25 Ch. 241

အခန်း (၂၄၁) အတက်အကျများ ဆက်တိုက် ဖြစ်ပေါ်လာခြင်း

မည်သည့်အကြောင်းကြောင့်မှန်းမသိဘဲ ဤအခိုက်အတန့်တွင် ထိုနေရာရှိ လူတိုင်းသည် ထူးဆန်းသော ခံစားချက်တစ်ခုကို ခံစားနေကြရသည်။

ပတ်ဝန်းကျင်က အလွန် အေးစိမ့်နေလေ၏။

ဤအေးစိမ့်မှု၏ မြစ်ဖျားခံရာမှာ ပန်းတစ်ရာနတ်သမီးထံမှ ပင်ဖြစ်သည်။

သူမက မျက်နှာဖုံးတပ်ထားပြီး မျက်နှာကို ဖုံးကွယ်ထားသော်လည်း လူတိုင်းသည် ဤအခိုက်အတန့်၌ ပန်းတစ်ရာနတ်သမီး၏ မျက်နှာမှာ ဆောင်းရာသီ နှင်းခဲများကဲ့သို့ အေးစက်နေမည်ဟု ခံစားနေကြရဆဲပင်။

"ကောင်းဖေး မင်း သေချင်နေရင်လည်း သွားသေလိုက်.. ငါတို့ ကောင်းမိသားစုကို လာမပတ်သက်နဲ့ အခုချက်ချင်း နတ်သမီးကို တောင်းပန်လိုက်… မဟုတ်ရင် မင်းကို ငါ ကောင်းမိသားစုကနေ နှင်ထုတ်ပစ်မယ်"

ထိုအချိန်တွင် စူးရှသော အသံတစ်သံ ထွက်ပေါ်လာပြီး ဖြူရော်နေသော မျက်နှာဖြင့် ကောင်းယန်က စကားပြောလိုက်လေ၏။

သူ တကယ်ကို ကြောက်လန့်နေခဲ့ပြီ။

ကောင်းကင်ဖြစ်စဉ်အဆင့်ရှိ အစွမ်းထက်သူတစ်ဦးကို စော်ကားမိခြင်းသည် ကောင်းမိသားစုကို လက်တစ်ချောင်းတည်းဖြင့် ဖျက်ဆီးပစ်နိုင်ပေသည်။

ကောင်းယန်၏ နောက်တွင် ကျိုးစုနှင့် ကောင်းမိသားစုမှ လူအုပ်ကြီးတစ်စု လိုက်ပါလာလေ၏။

ယခုလေးတင်က ကျိုးစုက ကောင်းယန်ကို သွားရောက် အကြောင်းကြားခဲ့ခြင်း ဖြစ်ပေသည်။

ကောင်းယန်၏ ရောက်ရှိလာမှုသည် လူတိုင်း၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားခဲ့ပြီး ဤကောင်းမိသားစု၏ ပထမသခင်လေးကို လူတိုင်း သိရှိကြပေသည်။

ကောင်းကျန်းကျွန်းနှင့် ကောင်းကဲတို့ နှစ်ဦးစလုံး တစ်ချိန်တည်းမှာပင် တိတ်ဆိတ်သွားကြပြီး ကောင်းယန်၏ စကားများကို ငြင်းဆိုခြင်း မပြုကြချေ။

သူတို့က ကောင်းမိသားစု၏ အကြီးအကဲများ ဖြစ်ကြပြီး ကောင်းမိသားစု၏ သွေးကြောဆက်နွယ်မှုများကို ထမ်းပိုးထားကြရသည်။

ကောင်းဖေးကို သူတို့ သဘောကျလျှင်တောင်မှ လူတစ်ယောက်တည်းကြောင့် မိသားစုတစ်ခုလုံးကို ဘေးအန္တရာယ်ထဲသို့ ဆွဲမသွင်းနိုင်ချေ။

ကျိုးယွမ်သည် ကောင်းယန်ကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ အမူအရာမှာ ပုံမှန်မဟုတ်ဘဲ တည်ငြိမ်နေလေ၏။

ကောင်းယန်ကို ကြည့်နေသော သူ၏ မျက်လုံးများတွင် ကျေးဇူးတင်သည့် အရိပ်အယောင်တစ်ခု ပေါ်လွင်နေလေ၏။

‘ဤကောင်လေးက နောက်ဆုံးတော့ မှန်ကန်တဲ့ အလုပ်တစ်ခုကို လုပ်ခဲ့ပြီပဲ။’

ကျိုးယွမ်သည် ကောင်းမိသားစုအပေါ် သဘာဝကျကျပင် မည်သည့် ခံစားချက်မျှ မရှိချေ။

သို့သော် မဟာအကြီးအကဲက သူ့အပေါ် ကောင်းမွန်စွာ ဆက်ဆံခဲ့သောကြောင့် ကောင်းမိသားစုအတွက် ရှင်သန်ရန် လမ်းကြောင်းတစ်ခု ဖန်တီးပေးလိုက်ခြင်းမျှသာ ဖြစ်သည်။

"ကောင်လေး မင်းက တော်တော် သတ္တိရှိတာပဲ…ပန်းတစ်ရာနတ်သမီးကို ဒီလို ထိပ်တိုက် ရင်ဆိုင်ရဲတဲ့သူမျိုး ငါ ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ"

"ငါ့ရဲ့ ချန်ချင်းဂိုဏ်းကို ဝင်လိုက်.. ဒီနေ့ ငါက မင်းနဲ့ မင်းရဲ့ ကောင်းမိသားစု လုံခြုံရေးကို ကာကွယ်ပေးမယ် ဘယ်လိုလဲ"

ထိုအချိန်တွင် ခေါင်းတုံးနှင့် အမျိုးသားတစ်ဦး လေထဲမှ ပေါ်လာလေ၏။ ထိုသူမှာ အခြားမဟုတ်ဘဲ ချန်ချင်းဂိုဏ်း၏ ချန်ချင်းဘိုးဘေး ပင်ဖြစ်သည်။

ကျိုးယွမ်သည် လည်ချောင်းဝအထိ ရောက်နေသော စကားများကို ပြန်မျိုချလိုက်ပြီး ဤမဖိတ်ခေါ်ဘဲ ရောက်လာသော ဧည့်သည်ကို တည်ငြိမ်စွာ ကြည့်နေလေ၏။

အရာအားလုံးက သူ၏ မျှော်လင့်ထားမှုများအတွင်းမှာပင် ရှိနေသည်။

ခေါင်းသုံးလုံးဝိညာဉ်မြွေ၏ တန်ဖိုးမှာ လက်ရှိ အဆင့် ၆ ထက် များစွာ သာလွန်ကြောင်း သူ၏ စိတ်နှလုံးထဲတွင် ကောင်းစွာ သိရှိထားပေသည်။

အနာဂတ်တွင် အဆင့် ၇၊ အဆင့် ၈ သို့မဟုတ် အဆင့် ၉ အထိ တက်လှမ်းရန် ဖြစ်နိုင်ခြေများ ရှိနေပေသည်။

ပန်းတစ်ရာနန်းတော်ဖြစ်စေ၊ ခေါက်ရှန်းဂိုဏ်းဖြစ်စေ၊ ချန်ချင်းဂိုဏ်းဖြစ်စေ၊ အခြားတစ်ဖက်ကို ခေါင်းသုံးလုံးဝိညာဉ်မြွေအား အလွယ်တကူ ယူဆောင်ခွင့်ပေးမည် မဟုတ်ချေ။

မဟုတ်ပါက ခေါင်းသုံးလုံးဝိညာဉ်မြွေ အဆင့်တက်သွားသည်နှင့်တစ်ပြိုင်နက် မျိုးဖြုတ်ခံရမည့် အန္တရာယ်တစ်ခု ဖြစ်လာနိုင်ပေသည်။

ပန်းတစ်ရာနတ်သမီးသည် ချန်ချင်းဘိုးဘေးကို မြင်သောအခါ မျက်မှောင်အနည်းငယ် ကြုတ်သွားပြီးနောက် တည်ငြိမ်စွာ ပြောဆိုလိုက်လေ၏။

"ချန်ချင်းဘိုးဘေး ရှင်က ဘာအဓိပ္ပာယ်လဲ."

ချန်ချင်းဘိုးဘေး၏ အမူအရာမှာ တည်ငြိမ်နေပြီးနောက် အေးစက်စွာ ပြောဆိုလိုက်လေ၏။

"ပန်းတစ်ရာနတ်သမီး မင်းက ကောင်းမိသားစုကို နှိပ်ကွပ်ဖို့ ရွှီမိသားစုကို

လှုံ့ဆော်ပေးခဲ့တယ်… မင်းလုပ်ရပ်ကို ဘယ်သူမှမသိအောင် ဖုံးကွယ်နိုင်တယ်လို့များ ထင်နေတာလား"

ချန်ချင်းဘိုးဘေးသည် ရွှီလျိုဟောက်ဘက်သို့ လှည့်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ဆက်ပြောလိုက်လေ၏။

"ရွှီလျိုဟောက် မင်းသမီး ဘယ်လိုသေသွားလဲဆိုတာကို မင်း နည်းနည်းတော့ သဘောပေါက်သင့်တယ် မဟုတ်လား"

ချန်ချင်းဘိုးဘေး၏ စကားများကြောင့် လူထုမှာဆူညံ့သွားပြီး လူအများအပြားသည် ပန်းတစ်ရာနတ်သမီးနှင့် ရွှီလျိုဟောက်တို့ကို ကြည့်ရှုသည့် အမြင်များ ပြောင်းလဲသွားကြလေ၏။

ရွှီလျိုဟောက်၏ မျက်နှာမှာ အကြီးအကျယ် ပြောင်းလဲသွားပြီး သူ၏ မျက်လုံးများသည် ကတောက်ကယက် ဖြစ်သွားလေ၏။

"တာအိုမိတ်ဆွေ ချန်ချင်း ပြောတာ မှန်တယ် တချို့လူတွေက အပေါ်ယံမှာ သန့်စင်နေသယောင် ဟန်ဆောင်နေကြပေမဲ့ ကွယ်ရာမှာတော့ ညစ်ပတ်တဲ့ အလုပ်တွေကို လုပ်ရတာ သဘောကျကြတယ်"

ထိုအချိန်တွင် သက်ကြီးရွယ်အို တစ်ဦး၏ အသံ ထွက်ပေါ်လာပြီးနောက် မလှမ်းမကမ်း ကောင်းကင်ယံတွင် ပုံရိပ်တစ်ခု ပေါ်လာလေ၏။ ထိုသူမှာ အခြားမဟုတ်ဘဲ ခေါက်ရှန်းဘိုးဘေး ပင်ဖြစ်သည်။

ခေါက်ရှန်းဘိုးဘေး ရပ်နေသည့် နေရာမှာ အတော်လေး ထူးခြားပြီး ချန်ချင်းဘိုးဘေးနှင့်အတူ ပန်းတစ်ရာနတ်သမီးကို အလယ်တွင် ဝိုင်းရံထားလေ၏။

ထိုအခိုက်အတန့်တွင် ထိုနေရာရှိ လေထုမှာ ပိုမို တင်းမာလာလေ၏။

ကျိုးယွမ်၏ မျက်လုံးများ တောက်ပသွားပြီး ကောင်းကင်ယံရှိ ပုံရိပ် သုံးခုကို ကြည့်ရင်း သူ၏ မျက်နှာပေါ်တွင် ပျော်ရွှင်သည့် အရိပ်အယောင်တစ်ခု ပေါ်လာလေ၏။

ဤအခြေအနေက သူ မျှော်လင့်ထားသည်ထက် ပိုကောင်းနေပေသည်။

ပန်းတစ်ရာနတ်သမီး၏ မျက်နှာမှာ အလွန် မှုန်ကုပ်သွားလေ၏။ တစ်ခုခု မှားယွင်းနေကြောင်းကို သူမလည်း ခံစားမိလိုက်သည်။

ချန်ချင်းဂိုဏ်းနှင့် ခေါက်ရှန်းဂိုဏ်းတို့ တကယ် ပူးပေါင်းသွားကြလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ချေ။

"တာအိုမိတ်ဆွေချန်ချင်း နဲ့ နောက်ကွယ်က တာအိုမိတ်ဆွေက ဘာတွေ ကြံစည်နေတာလဲ"

ချန်ချင်းဘိုးဘေး၏ အမူအရာမှာ ရေခဲတမျှ အေးစက်နေပြီးနောက် အေးစက်စွာ ပြောဆိုလိုက်လေ၏။

"တာအိုမိတ်ဆွေ ပန်းတစ်ရာ တကယ်တော့ ငါတို့က မင်း ဘာလုပ်မလို့လဲ ဆိုတာကို မေးချင်နေတာ"

"မင်းနောက်က လူကို ထွက်လာခိုင်းလိုက်ပါလား မင်းလုပ်နေတာတွေက ငါတို့ကို လှည့်စားနိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား"

ချန်ချင်းဘိုးဘေး စကားပြောပြီးနောက် သူ၏ မျက်နှာပေါ်တွင် လူသတ်လိုသော အရိပ်အယောင်တစ်ခု ပေါ်လာလေ၏။

ခေါက်ရှန်းဘိုးဘေး၏ ကိုယ်ပေါ်ရှိ အရှိန်အဝါများလည်း တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာပြီး ပန်းတစ်ရာနတ်သမီးကို တင်းကျပ်စွာ ပစ်မှတ်ထားလိုက်လေ၏။

ထိုအခိုက်အတန့်တွင် ထိုနေရာရှိ လူတိုင်း၏ မျက်နှာအရောင်များ အကြီးအကျယ် ပြောင်းလဲသွားကြပြီး နောက်သို့ ဆုတ်သွားကြလေ၏။

အကြောင်းမှာ ကောင်းကင်ဖြစ်စဉ်အဆင့် အစွမ်းထက်သူများ စစ်ပွဲစတင်ပါက ဖြစ်ပေါ်လာမည့် ကြောက်မက်ဖွယ် အကာအကွယ် အရှိန်အဝါများ ရိုက်ခတ်မှုကြောင့် သူတို့ကို အပိုင်းပိုင်း အစစ ဆုတ်ဖြဲပစ်နိုင်ဖွယ် ရှိသောကြောင့် ဖြစ်သည်။

ကျိုးယွမ်သည် ချန်ချင်းဘိုးဘေး၏ စကားကို ကြားသောအခါ မျက်မှောင်အနည်းငယ် ကြုတ်သွားလေ၏။

သူကိုယ်တိုင်ပင် မသိရှိသေးသော နောက်ကွယ်မှ အကြောင်းအရာများ ရှိနေသေးသလားဟု တွေးတောမိလေသည်။

ပန်းတစ်ရာနတ်သမီး၏ မျက်လုံးများတွင် စူးရှသော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားပြီး အဆုံးမရှိသော ဒေါသ မီးတောက်များ တောက်လောင်နေလေ၏။

"ငါ မင်းတို့ကို တကယ် အထင်သေးခဲ့မိတာပဲ"

ထိုအချိန်တွင် အခြား ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာပြီး မလှမ်းမကမ်း လေထဲမှ ပုံရိပ်နှစ်ခု ပေါ်လာလေ၏။

ထိုအမျိုးသား နှစ်ဦးသည် တစ်ဦးနောက်တွင် နောက်တစ်ဦးက ရပ်နေကြသည်။

ရှေ့မှ အမျိုးသားမှာ ဓားကဲ့သို့ မျက်ခုံးများနှင့် တောက်ပသော မျက်လုံးများ ရှိပြီး ချောမောခန့်ညားကာ ခေါက်ယပ်တောင်ကို ကိုင်ဆောင်ထားပြီး ကျက်သရေရှိကာ ယဉ်ကျေးသိမ်မွေ့သော ပုံစံရှိလေ၏။

ထို့ပြင် သူထံမှ ကောင်းကင်ဖြစ်စဉ်အဆင့်၏ လွှမ်းမိုးနိုင်သော ဖိအားတစ်ခုလည်း ထွက်ပေါ်နေလေ၏။

နောက်မှလူကို ကြည့်ရသည်မှာ ဒဏ်ခံနိုင်ရည်ရှိပုံရသော်လည်း သူ၏ ကျင့်ကြံမှုမှာ နိမ့်ကျပြီး နတ်ဘုရားအသွင်ပြောင်းလဲခြင်း အစောပိုင်းအဆင့် ကျင့်ကြံမှုသာ ရှိလေ၏။

ကျိုးယွမ်၏ အကြည့်များ နောက်မှလူအပေါ် ကျရောက်သွားသည်နှင့်တစ်ပြိုင်နက် အနည်းငယ် အံ့အားသင့်သွားလေ၏။

ဤလူမှာ တကယ်တော့ ယဲ့ဖိန် ပင်ဖြစ်သည်။

စုန်းဟူနယ်မြေတွင် ယဲ့ဖိန်ကို တွေ့ရလိမ့်မည်ဟု ကျိုးယွမ် လုံးဝ မမျှော်လင့်ထားခဲ့ချေ။

ထို့ပြင် တစ်ဖက်လူ၏ ကျင့်ကြံမှုမှာလည်း အလွန် တိုးတက်လာခဲ့လေပြီ။ ကြီးမားသော ကံကြမ္မာတန်ဖိုးများ ပိုင်ဆိုင်ထားသူ ဖြစ်ခြင်းမှာ အံ့သြစရာ မဟုတ်တော့ချေ။

ကျိုးယွမ်က ယဲ့ဖိန်ကို ကြည့်လိုက်သည်နှင့် တစ်ချိန်တည်းမှာပင် ယဲ့ဖိန်ကလည်း ကျိုးယွမ်ကို သေချာစွာ အကဲခတ်ကြည့်နေလေ၏။

ဤလူသည် သူ့ကို ရင်းနှီးကျွမ်းဝင်သော ခံစားချက်တစ်ခု ပေးစွမ်းနေသည်ဟု သူ အမြဲတမ်း ခံစားနေရလေသည်။

သို့သော် ထို့နောက် ယဲ့ဖိန်၏ အကြည့်များ ကျိုးယွမ်၏ အောက်ဘက်ရှိ ခေါင်းသုံးလုံးဝိညာဉ်မြွေအပေါ် ကျရောက်သွားချိန်တွင် သူ၏ မျက်လုံးများ၌ လောဘရမ္မက်များ ပြည့်နှက်သွားသော်လည်း ထို့နောက် သက်ပြင်းချလိုက်လေ၏။

ပုံရိပ်နှစ်ခု ရုတ်တရက် ပေါ်လာခြင်းကြောင့် တစ်နေရာလုံး ချက်ချင်း တိတ်ဆိတ်သွားပြီး လူတိုင်း၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားလေ၏။

ပန်းတစ်ရာနတ်သမီးသည် တဖျပ်ဖျပ် လှုပ်ရှားကာ သူမရှေ့ရှိ အမျိုးသားဆီသို့ တည့်မတ်စွာ ရောက်ရှိသွားပြီးနောက် ချွဲနွဲ့စွာ ပြောဆိုလိုက်လေ၏။

"ရှင်က ဘာလို့ ထွက်လာရတာလဲ ကျွန်မ ဖြေရှင်းနိုင်ပါတယ်”

ပန်းတစ်ရာနတ်သမီး၏ စကားများတွင် တကယ်တမ်း ချွဲနွဲ့သည့် အရိပ်အယောင်တစ်ခု ပါဝင်နေသဖြင့် ထိုနေရာရှိ လူတိုင်း၏ မျက်လုံးများကို ထပ်မံ ပြူးကျယ်သွားစေလေ၏။

ယဲ့ဝမ်သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ပန်းတစ်ရာနတ်သမီး၏ နူးညံ့သော ခါးလေးကို လှမ်းဖက်လိုက်ကာ လွှမ်းမိုးနိုင်စွမ်းရှိသော အသံဖြင့် ပြောဆိုလိုက်လေ၏။

"ငါ ယဲ့ဝမ်ရဲ့ မိန်းမကို တခြားသူတွေ အနိုင်ကျင့်တာကို ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ"

အမျိုးသား စကားပြောလိုက်သည်နှင့်တစ်ပြိုင်နက် တစ်နေရာလုံး အုတ်အော်သောင်းနင်း ဖြစ်သွားလေ၏။ ပန်းတစ်ရာနတ်သမီးက ဘယ်အချိန်က ယောက်ျားတစ်ယောက် ရှာတွေ့သွားတာလဲ။

"ဘာတွေများ ဖြစ်နေတာလဲ အဲ့ဒီ ယဲ့ဝမ်ဆိုတာ ဘယ်သူလဲ ငါတို့ စုန်းဟူနယ်မြေမှာ စတုတ္ထမြောက် ကောင်းကင်ဖြစ်စဉ်အဆင့် ရှိတယ်ဆိုတာ တစ်ခါမှ မကြားဖူးပါဘူး"

"ငါ မသိဘူး ဒါပေမဲ့ ဒီလူက အရမ်းကို ချောမောတာပဲ သူသာ မိန်းမဝတ်စုံ ဝတ်လိုက်ရင် ယောက်ျားတွေ အများကြီးကို သေချာပေါက် ဆွဲဆောင်နိုင်လိမ့်မယ်"

"ဒီနေ့ညမှာ တစ်ခုခု တကယ် မှားယွင်းနေတယ်လို့ ငါ ဘာလို့ ခံစားနေရတာလဲ အရာအားလုံးက ထိန်းမနိုင်သိမ်းမရ ဖြစ်လာတော့မယ် ခံစားချက်မျိုးပဲ"

လူအုပ်ကြီးထဲမှ အများအပြားသည် နောက်ဆုံးတွင် ထိန်းချုပ်မှု ကင်းလွတ်သွားပြီး စတင် ဆွေးနွေးလာကြလေ၏။

ကျိုးယွမ်သည် ယဲ့ဝမ်၏ စကားကို ကြားသောအခါ မျက်လုံးများ ချက်ချင်း တောက်ပသွားလေ၏။ သူသည် ထပ်မံ၍ ယဲ့မိသားစုဝင် တစ်ဦး ဖြစ်နေပြန်သည်။

မကြာမီက ယဲ့ချင်းချန်နှင့် အကြီးအကဲ နှစ်ဦးကို သူ သတ်ပစ်ခဲ့ပြီး ယခုအခါ ယဲ့မိသားစုဝင် နောက်တစ်ဦး ပေါ်လာပြန်ပြီဖြစ်သည်။

သူက ယဲ့မိသားစုနှင့် ရင်ဆိုင်ရမည့် ကံကြမ္မာ ပါလာသလားဟု တွေးတောမိလေ၏။

မည်သည့် အကြောင်းကြောင့်မှန်းမသိဘဲ ကျိုးယွမ်၏ စိတ်နှလုံးထဲတွင် ယဲ့ဝမ်နှင့် ယဲ့ဖိန်တို့ကို ပစ်မှတ်ထားသော လူသတ်လိုသည့် အငွေ့အသက်တစ်ခု ပေါ်ထွက်လာလေ၏။

All Chapters