← Chapters

အခန်း ၂၄၂

Vol. 25 Ch. 242

အခန်း ၂၄၂

Vol. 25 Ch. 242

အခန်း (၂၄၂) တိုက်ပွဲဝင် မှော်အက္ခရာ ပေါ်ထွက်လာခြင်း

ချန်ချင်းဘိုးဘေးနှင့် ခေါက်ရှန်းဘိုးဘေးတို့သည် ယဲ့ဝမ်ကို တည်ကြည်လေးနက်သော အမူအရာဖြင့် စိုက်ကြည့်နေကြလေ၏။ ယဲ့ဝမ်ထံမှ ကြီးမားသော ဖိအားများကို သူတို့ ခံစားနေကြရသည်။

"ပန်းတစ်ရာနတ်သမီး မင်းက ပြင်ပရန်သူတွေနဲ့ ပူးပေါင်းနေတာ ဒါဘာအဓိပ္ပာယ်လဲ"

ခေါက်ရှန်းဘိုးဘေး၏ မျက်လုံးများတွင် လူသတ်လိုသော အရောင်များ ဖြတ်ပြေးသွားပြီး တင်းမာစွာ မေးမြန်းလိုက်လေ၏။

ပန်းတစ်ရာနတ်သမီးသည် ယဲ့ဝမ်၏ ရင်ခွင်ထဲတွင် ခေါင်းမှီထားပြီး မည်သည့် တွန့်ဆုတ်မှုမျှ မရှိချေ။ ဤအရာက ထိုနေရာရှိ လူတိုင်းကို ထပ်မံ၍ မှင်တက်သွားစေလေ၏။

စုန်းဟူနယ်မြေရှိ လူများ၏ စိတ်နှလုံးထဲတွင် ပန်းတစ်ရာနတ်သမီးသည် အလှဆုံး အမျိုးသမီး ဖြစ်ရုံသာမက သန့်စင်မှု၏ သင်္ကေတလည်း ဖြစ်ပြီး လူအများအပြား၏ စိတ်နှလုံးထဲတွင် အထူး နေရာတစ်ခု ရယူထားလေ၏။

ယခုအခါ သူမ၏ လုပ်ရပ်များကြောင့် လူတိုင်း၏ စိတ်နှလုံးထဲရှိ သူမ၏ ပုံရိပ်သည် မျက်စိတစ်မှိတ်အတွင်း ပြိုကျသွားလေပြီ။

"ငါ့ရဲ့ နှလုံးသားထဲက နတ်သမီးလေးက ပြိုကျသွားပြီ "

" ဒီအချိန်ကစပြီး ငါ့ရဲ့ နှလုံးသားထဲမှာ နတ်သမီး ပုံရိပ် မရှိတော့ဘူး ကျင့်ကြံခြင်းပဲ ရှိတော့မယ်"

"ဘာနတ်သမီးလဲ ပြည့်တန်ဆာ တစ်ယောက်ပဲ"

လူအများအပြားမှာ ရင်ကွဲနာကျနေကြပြီး သူတို့ ကိုယ်ပိုင် မျက်စိဖြင့် မြင်နေရသည်ကို မယုံနိုင်အောင် ဖြစ်နေကြလေ၏။

ယဲ့ဝမ်သည် ခေါက်ရှန်းဘိုးဘေးနှင့် ချန်ချင်းဘိုးဘေးတို့ကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများတွင် အထင်သေးသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီးနောက် အေးစက်စွာ ပြောဆိုလိုက်လေ၏။

"ကောယာတောင် ဝိညာဉ်ကျောက်တုံး သတ္တုတွင်းကြီးက ငါတို့ ယဲ့မိသားစုပိုင်ပဲ"

ယဲ့ဝမ်၏ စကားများ ပဲ့တင်ထပ်သွားသည်နှင့်တစ်ပြိုင်နက် စုန်းဟူနယ်မြေ တစ်ခုလုံးရှိ လူတိုင်း ချက်ချင်း ဒေါသထွက်သွားကြလေ၏။

ကောယာတောင် ဝိညာဉ်ကျောက်တုံး သတ္တုတွင်းကြီးသည် စုန်းဟူနယ်မြေနှင့် အပ်တစ်ထောင်နယ်မြေတို့ ပူးတွဲ ပိုင်ဆိုင်သော အရာဖြစ်သည်။

အကြီးစား စစ်ပွဲကြီးတစ်ခု ဖြစ်ပွားနေသော်လည်း စေ့စပ်ညှိနှိုင်းမှုများမှာ မလွဲမသွေ ပြုလုပ်ရမည် ဖြစ်သည်။

ဤ ယဲ့မိသားစုဆိုတာ ဘာသောက်ချိုးလဲ။ ဒီလို မောက်မာတဲ့ စကားမျိုး ပြောရဲရအောင်။

"ဒီလူက အရမ်း မောက်မာလွန်းတယ်. ကောယာတောင် ဝိညာဉ်ကျောက်တုံး သတ္တုတွင်းကြီးကို သူက ချက်ချင်း တောင်းဆိုနေတာပဲ. သူကိုယ်သူ ဘယ်သူလို့ ထင်နေတာလဲ"

"ဟုတ်တယ် ဒါက ငါတို့ စုန်းဟူနယ်မြေက အင်အားစု အားလုံး အပြင်းအထန် တိုက်ခိုက်ပြီး ရယူထားတာ စကားတစ်ခွန်းတည်းနဲ့ သူက ယူသွားချင်နေတာပဲ"

"ပန်းတစ်ရာနန်းတော်က အစွမ်းထက်ပေမဲ့ စုန်းဟူနယ်မြေ တစ်ခုလုံးကို ရန်သူအဖြစ် ရင်ဆိုင်ဖို့တော့ လုံလောက်မှာ မဟုတ်ဘူး"

"ဒါကို ငါတို့ လုံးဝ လက်မခံနိုင်ဘူး ဒါက ငါတို့ရဲ့ သားစဉ်မြေးဆက်တွေနဲ့ သက်ဆိုင်တယ် "

"မှန်တယ် ဘယ်သူကများ တစ်ယောက်တည်း လက်ဝါးကြီးအုပ်ချင်နေတာလဲ ငါ သူတို့ကို သေတဲ့အထိ တိုက်ခိုက်မယ်"

ပတ်ဝန်းကျင် အရပ်မျက်နှာ အနှံ့အပြားမှ ဒေါသတကြီး အသံများ ထွက်ပေါ်လာသော်လည်း ဤအခိုက်အတန့်တွင် မည်သူကမျှ ရွှီမိသားစုနှင့် ကောင်းမိသားစုကြားမှ ပဋိပက္ခကို ဂရုမစိုက်ကြတော့ချေ။

ဤဖြစ်ရပ်နှင့် နှိုင်းယှဉ်ပါက ထိုပဋိပက္ခများမှာ ဘာမှ မဟုတ်တော့ချေ။

သေဆုံးသွားခြင်းကို မဆိုထားနှင့် ရွှီကျွမ်မှာ အရေးမပါသူ တစ်ဦးသာ ဖြစ်ပြီး ရွှီမိသားစု တစ်ခုလုံး ပျက်စီးသွားလျှင်တောင်မှ ဤကိစ္စ၏ ဆယ်ပုံတစ်ပုံမျှပင် မရှိချေ။

ကျိုးယွမ်၏ မျက်လုံးများတွင် စူးရှသော အလင်းရောင်များ လိမ့်တက်လာပြီးနောက် ခေါင်းသုံးလုံးဝိညာဉ်မြွေကို သယ်ဆောင်ကာ ဘေးသို့ ဖယ်လိုက်လေ၏။

စုန်းဟူနယ်မြေတွင် ကြီးမားသော ကမောက်ကမဖြစ်မှု တစ်ခု လာတော့မည်ဟု ကျိုးယွမ် ထင်မြင်မိလေ၏။

အကယ်၍ ထိုသို့သာ တကယ်ဖြစ်ခဲ့ပါက သူ တိုက်ရိုက် ပြန်သွားရုံပင် ရှိတော့မည်။

"မောက်မာလိုက်တာ မင်းက ကောယာတောင် ဝိညာဉ်ကျောက်တုံး သတ္တုတွင်းကြီးကို မင်းတစ်ယောက်တည်းအတွက် ယူလို့ရမယ် ထင်နေတာလား "

ချန်ချင်းဘိုးဘေးသည် ယဲ့ဝမ်ကို တစ်ချက်ကြည့်လိုက်ပြီး ဒေါသများ ပြည့်နှက်နေသော မျက်နှာဖြင့် ပြောဆိုလိုက်လေ၏။

ယဲ့ဝမ်သည် ချန်ချင်းဘိုးဘေးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပန်းတစ်ရာနတ်သမီး၏ နူးညံ့သော ခါးလေးကို ဖက်ထားရာမှ လွှတ်ပေးလိုက်ကာ သူ၏ မျက်လုံးများတွင် လူသတ်လိုသော အရိပ်အယောင်တစ်ခု ပေါ်လွင်နေလေ၏။

"မင်း လက်မခံဘူးဆိုရင် တိုက်ကြတာပေါ့ လာပြီး သေခြင်းတရားကို ရင်ဆိုင်လိုက်"

ယဲ့ဝမ်၏ ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ ပေတစ်ရာခန့် မြင့်မားသော ဓမ္မရုပ်သွင်တစ်ခု သူ၏ ကိုယ်ပေါ်တွင် ပေါ်လာလေ၏။

ဓမ္မရုပ်သွင်၏ မျက်လုံးများမှာ အေးစက်ပြီး အကြင်နာကင်းမဲ့နေကာ လွှမ်းမိုးနိုင်စွမ်းရှိသော တိုက်ပွဲဝင်လိုစိတ်များက ဓမ္မရုပ်သွင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး အရပ်မျက်နှာ အနှံ့အပြားသို့ ဖိနှိပ်သွားလေ၏။

ဤတိုက်ပွဲဝင်လိုစိတ်များ လိမ့်တက်လာသည်နှင့်အမျှ ထိုနေရာရှိ လူအုပ်ကြီး အားလုံး၏ မျက်နှာများ ဖြူရော်သွားပြီး စစ်နတ်ဘုရားတစ်ပါးက သူတို့ကို ဖိချထားသကဲ့သို့ ခံစားလိုက်ရလေသည်။

အောက်ဘက်ရှိ သန္ဓေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူများသည် အသက်ရှူကျပ်လာသည်ကို ခံစားလိုက်ရပြီး ပေါ့ဆရန် မရဲဝံ့ဘဲ အလျင်အမြန် နောက်သို့ ဆက်တိုက် ဆုတ်ခွာသွားကြလေ၏။

သူတို့၏ ကိုယ်ပေါ်သို့ တောင်ကြီးတစ်လုံး ပြုတ်ကျလာသကဲ့သို့ ခံစားနေကြရသည်။

ပေရာပေါင်းများစွာ အကွာသို့ ဆုတ်ခွာပြီးမှသာ သူတို့၏ အသက်ရှူရသည်မှာ ပိုမို လွယ်ကူလာသည်ကို ခံစားလိုက်ရလေ၏။

"ငါက မင်းကို မကြောက်ဘူး"

ချန်ချင်းဘိုးဘေး၏ အမူအရာမှာ အေးစက်နေပြီးနောက် သူ၏ ခန္ဓာကိုယ် တဖျပ်ဖျပ် လှုပ်ရှားသွားကာ ပေတစ်ရာခန့် မြင့်မားသော ဓမ္မရုပ်သွင်တစ်ခုလည်း ပေါ်လာလေ၏။

ချန်ချင်းဘိုးဘေး၏ ဓမ္မရုပ်သွင်နှင့် ယဲ့ဝမ်၏ ဓမ္မရုပ်သွင်တို့မှာ မတူညီကြချေ။

ယဲ့ဝမ်၏ ဓမ္မရုပ်သွင်သည် ကောင်းကင်သို့ ထိုးတက်နေသော တိုက်ပွဲဝင်လိုစိတ်များဖြင့် ပြည့်နှက်နေသော်လည်း၊ ချန်ချင်းဘိုးဘေး၏ ဓမ္မရုပ်သွင်မှာမူ ကြွယ်ဝသော သက်စောင့်စွမ်းအင်များဖြင့် ပြည့်နှက်နေလေ၏။

အကြောင်းမှာ ချန်ချင်းဂိုဏ်း၏ ကျင့်ကြံခြင်းနည်းစနစ်ကို အမြဲစိမ်းကျင့်စဉ်ဖြင့် အောင်မြင်ထားသောကြောင့် ဖြစ်သည်။

ထိုကျင့်စဉ်က သက်စောင့်စွမ်းအင်များ ပြည့်နှက်နေသည့် ခံစားချက်ကို ပေးစွမ်းလေ၏။

စုန်းဟူနယ်မြေတွင် အမြဲစိမ်းကျင့်စဉ်နှင့် ပတ်သက်၍ ဒဏ္ဍာရီတစ်ခု ရှိလေသည်။

ကျင့်ကြံသူများက ကျင့်စဉ်ကို ကျင့်ကြံလေလေ၊ သက်တမ်း ပိုမို ရှည်လာလေလေ ဖြစ်သည်ဟု ဆိုကြလေ၏။

ထို့ကြောင့် စုန်းဟူနယ်မြေရှိ အဆင့် ၇ ကျင့်ကြံခြင်း အင်အားစုကြီး ၃ ခုအနက် ချန်ချင်းဂိုဏ်း၏ တပည့်များမှာ အများဆုံး ဖြစ်လေသည်။

ကျင့်ကြံသူများက သူတို့သည် မသေနိုင်သော ဘဝကို မက်မောခြင်း မရှိဟု ပြောလေ့ရှိကြသော်လည်း မည်သူကမှ သေချင်ကြမည် မဟုတ်ချေ။

ချန်ချင်းဘိုးဘေး၏ ခန္ဓာကိုယ်က ကောင်းကင်သို့ တည့်မတ်စွာ ထိုးတက်သွားပြီး ပေတစ်ရာခန့် မြင့်မားသော ဓမ္မရုပ်သွင်နှင့် ချန်ချင်းဘိုးဘေးတို့ တစ်သားတည်း ဖြစ်သွားကြလေ၏။

ဓမ္မရုပ်သွင် မပျက်စီးသရွေ့ ခန္ဓာကိုယ်မှာ အန္တရာယ်ကင်းနေမည် ဖြစ်သည်။

ယဲ့ဝမ်၏ အမူအရာမှာ အေးစက်နေပြီး သူ၏ ခန္ဓာကိုယ် တဖျပ်ဖျပ် လှုပ်ရှားကာ ချန်ချင်းဘိုးဘေး၏ အနီးသို့ တည့်မတ်စွာ ရောက်ရှိလာပြီး ချန်ချင်းဘိုးဘေးနှင့် တိုက်ခိုက်နေကြလေ၏။

ပေတစ်ရာခန့် မြင့်မားသော ဓမ္မရုပ်သွင် နှစ်ခု အကြိမ်ကြိမ် ရိုက်ခတ်သွားပြီး အောက်ဘက်ရှိ လူများကို အံ့အားသင့်စေသော ကြမ်းတမ်းသည့် ဟိန်းဟောက်သံများ ထွက်ပေါ်လာလေ၏။

ကံကောင်းထောက်မစွာဖြင့် သူတို့နှစ်ဦး အလွန်မြင့်မားသော နေရာသို့ ပျံသန်းသွားခဲ့ကြသည်။

မဟုတ်ပါက ရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာမည့် အရှိန်အဝါများက အောက်ဘက်ရှိ မြေပြင်ကို ပြားချပ်သွားစေလိမ့်မည် ဖြစ်သည်။

"ပန်းတစ်ရာနတ်သမီး လာတိုက်လေ"

ခေါက်ရှန်းဘိုးဘေး၏ အမူအရာမှာ ရေခဲတမျှ အေးစက်နေပြီးနောက် တောင်တစ်တောင်ကဲ့သို့ လေးလံသော သူ၏ ဓမ္မရုပ်သွင်ကို ဆင့်ခေါ်ကာ အနီးရှိ ကောင်းကင်ယံသို့ တည့်မတ်စွာ ပြေးဝင်သွားလေ၏။

ပန်းတစ်ရာနတ်သမီး၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားလေ၏။

အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ သူမ၏ ခန္ဓာကိုယ် ယိမ်းယိုင်သွားကာ ခေါက်ရှန်းဘိုးဘေးဆီသို့ တည့်မတ်စွာ ပြေးဝင်သွားပြီး သူတို့နှစ်ဦး ချက်ချင်း ပြင်းထန်စွာ တိုက်ခိုက်ကြလေတော့သည်။

ကျိုးယွမ်သည် ကောင်းကင်ယံရှိ ကောင်းကင်ဖြစ်စဉ်အဆင့် အစွမ်းထက်သူ ၄ ဦး၏ တိုက်ပွဲကို မော့ကြည့်ရင်း သူ၏ မျက်လုံးများ တောက်ပနေလေ၏။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဤသည်မှာ ကောင်းကင်ဖြစ်စဉ်အဆင့် အစွမ်းထက်သူများ၏ ကြောက်မက်ဖွယ်ကောင်းမှုကို အနီးကပ် ပထမဆုံးအကြိမ် ခံစားဖူးခြင်း ပင်ဖြစ်သည်။

လွန်ခဲ့သော နှစ်များက ကျိုးယွမ်သည် တန်ယန်မြို့ လေလံပွဲသို့ တက်ရောက်စဉ်က ကောင်းကင်ဖြစ်စဉ်အဆင့် အလောင်းကောင် တစ်လောင်းသည် သူ့ကြောင့် ပြန်လည် ရှင်သန်လာခဲ့သော်လည်း အဆုံးတွင် အခြားတစ်ဦး ဝင်ရောက်စွက်ဖက်ပြီးနောက်မှသာ ဖိနှိပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ကျိုးယွမ် သေချာသည်မှာ ထို ကောင်းကင်ဖြစ်စဉ်အဆင့် အလောင်းကောင်၏ အရှိန်အဝါသည် သူ၏ ရှေ့ရှိ လူ ၄ ဦးထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းနေသည်ဟု ထင်ရလေ၏။

တစ်နည်းဆိုရသော် ထိုအလောင်းကောင်၏ ကျင့်ကြံမှုသည် သူ၏ ရှေ့ရှိ လူ ၄ ဦးထက် သာလွန်နေခြင်း ပင်ဖြစ်သည်။

"ချန်ချင်းဘိုးဘေး ငါ့ရဲ့ ယဲ့မိသားစုကို ဝင်လိုက် မင်းရဲ့ အသက်ကို ငါ ချမ်းသာပေးမယ်"

ထိုအချိန်တွင် ကောင်းကင်ယံ၌ ယဲ့ဝမ်နှင့် ချန်ချင်းဘိုးဘေးတို့ အပြန်အလှန် တိုက်ခိုက်နေကြစဉ် ယဲ့ဝမ်က အေးစက်စွာ ပြောဆိုလိုက်လေ၏။

ချန်ချင်းဘိုးဘေး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီးနောက် သူ၏ ဓမ္မရုပ်သွင်ပေါ်တွင် ပြင်းထန်သော သက်စောင့်စွမ်းအင်များ ပေါ်လာကာ ပျက်စီးသွားသော အစိတ်အပိုင်းများကို မူလအခြေအနေသို့ ချက်ချင်း ပြန်လည် ရောက်ရှိသွားစေလေ၏။

"ငါ့ကို အဲ့ဒီလို ပြောဖို့ မင်းက ထိုက်တန်တယ်လို့ ထင်နေတာလား"

ချန်ချင်းဘိုးဘေးသည် လက်နှစ်ဖက်ဖြင့် မန္တန်ဖန်တီးလိုက်ရာ ရှည်လျားသော ဓားတစ်လက် ပေါ်လာပြီးနောက် အေးစက်စွာ ပြောဆိုလိုက်လေ၏။

"အမြဲစိမ်း ဓားသိုင်း… ဓားတစ်သောင်း ဝတ်ပြုခြင်း!"

ချန်ချင်းဘိုးဘေး၏ စကားသံ အဆုံးတွင် အောက်ဘက်ရှိ ကျင့်ကြံသူ အများအပြားသည် တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရပြီး သူတို့၏ ကိုယ်ပေါ်ရှိ ဓားများ ပြင်းထန်စွာ တုန်ခါလာလေ၏။

သူတို့ တုံ့ပြန်မှု မလုပ်နိုင်မီမှာပင် သူတို့၏ ခါးရှိ ဓားများ အားလုံး ပျံတက်သွားပြီး ချန်ချင်းဘိုးဘေး၏ နောက်သို့ ချက်ချင်း ရောက်ရှိသွားလေသည်။

ဓားတစ်သောင်း ဝဲပျံနေပြီး ချန်ချင်းဘိုးဘေး ရှေ့သို့ ညွှန်ပြလိုက်သည်နှင့်အမျှ မရေမတွက်နိုင်သော ရှည်လျားသည့် ဓားများသည် ယဲ့ဝမ်ဆီသို့ ပြေးဝင်သွားသော ဓားမိုးများအဖြစ် ပြောင်းလဲသွားလေ၏။

ယဲ့ဝမ်၏ မျက်နှာမှာ အေးစက်သွားပြီး လက်သီးများကို ဆုပ်ကာ ပြိုင်ဘက်ကင်းသော တိုက်ပွဲဝင်လိုစိတ်များ သူ၏ ခန္ဓာကိုယ်မှ မြင့်တက်လာလေ၏။

"ပြိုင်ဘက်ကင်း လက်သီးတံဆိပ်!"

ယဲ့ဝမ်သည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး လက်သီးများကို ဆုပ်ကာ ဆက်တိုက် ထိုးချလိုက်လေ၏။

လက်သီးချက် တစ်ချက်စီတိုင်းတွင် ထူးခြားသော အင်အားတစ်ခု ပါဝင်နေပြီး လက်သီးအရိပ်များဖြင့် ပေါင်းစပ်သွားလေ၏

"ဝုန်း ဝုန်း ဝုန်း"

ပြင်းထန်သော ဟိန်းဟောက်သံများ လေထဲတွင် ပဲ့တင်ထပ်သွားပြီး ယဲ့ဝမ်၏ ပြိုင်ဘက်ကင်း လက်သီးတံဆိပ်သည် ရှည်လျားသော ဓားများကို ထိမှန်သွားချိန်တွင် ဓားများသည် ချက်ချင်း အပိုင်းပိုင်း အစစ ကျိုးပဲ့သွားလေ၏။

သို့သော် ဤအပိုင်းအစများသည် အဆက်မပြတ် လည်ပတ်နေပြီး ချန်ချင်းဘိုးဘေး၏ ရှေ့တွင် စုစည်းလာကာ မကြာမီ ဧရာမ ဓားကြီးတစ်လက် ပေါ်လာလေ၏။

"အမြဲစိမ်း ခုတ်ပိုင်းခြင်း!"

ချန်ချင်းဘိုးဘေး၏ ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ ဧရာမ ဓားကြီးသည် ယဲ့ဝမ်ဆီသို့ ဦးတည်ကာ ခုတ်ပိုင်းလိုက်လေ၏။

ဧရာမ ဓားကြီး ဖြတ်သန်းသွားသော နေရာတိုင်းတွင် ကောင်းကင်ယံ၌ အနက်ရောင် မျဉ်းကြောင်းများ ပေါ်လာလေ၏။

ဤသည်က ဤသိုင်းကွက် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း ပြသနေပေသည်။

ယဲ့ဝမ်က အမူအရာ ကင်းမဲ့နေပြီး သူ၏ မျက်ခုံးကြား အလယ်ဗဟိုတွင် အက်ကွဲကြောင်းတစ်ခု ရုတ်တရက် ပွင့်လာကာ 'တိုက်ပွဲ' ဆိုသည့် စာလုံးတစ်လုံး ပေါ်လာလေ၏။

'တိုက်ပွဲ' စာလုံး ပေါ်လာသည်နှင့်အမျှ ယဲ့ဝမ်၏ ကိုယ်ပေါ်ရှိ အရှိန်အဝါများသည် တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာပြီး သူ၏ အလုံးစုံ စွမ်းအားသည် မျက်စိတစ်မှိတ်အတွင်း ၃၀ ရာခိုင်နှုန်းကျော် တက်သွားလေ၏။

ထို့ပြင် ဆက်လက်၍ မြင့်တက်နေဆဲပင်။

"ချန်ချင်းဘိုးဘေး မင်းက ငါ့ကို တိုက်ပွဲဝင် မှော်အက္ခရာ သုံးရအောင်လုပ်တာပဲ အဲ့ဒါကို မြင်ရတာ မင်းအတွက် ဂုဏ်ယူစရာလို့မှတ်လိုက်”

All Chapters