အခန်း ၂၄၅
Vol. 25 Ch. 245
အခန်း (၂၄၅) သတ်ဖြတ်ခြင်း စတင်ပြီ
ရုတ်တရက် အခြေအနေ ပြောင်းလဲသွားခြင်းကြောင့် ထိုနေရာရှိ လူတိုင်း မှင်တက်သွားကြပြီး အဝေးရှိ အေးစက်နေသော ပုံရိပ်ကို ထိတ်လန့်တကြား ကြည့်နေကြလေ၏။
"ဘုရားရေ သူ အခုလေးတင် ဘာတွေ ပစ်ပေါက်လိုက်တာလဲ အရမ်း ကြောက်ဖို့ကောင်းတာပဲ"
"ဒါ မှော်အဆောင်တွေပဲ ပြီးတော့ အဆင့် ၅ မှော်အဆောင်တွေ ကောင်းမိသားစုမှာ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ အဆင့် ၅ အဆောင်သခင် ဖြစ်လာတဲ့ ပါရမီရှင်တစ်ယောက် ရှိနေတာပဲ"
"ကောင်းဖေးက တကယ့်ကို ရက်စက်တဲ့သူပဲ တကယ်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတာပဲ"
လူအုပ်ကြီးထဲတွင် ဆွေးနွေးသံများ ပဲ့တင်ထပ်သွားပြီး လူတိုင်းက ကျိုးယွမ်ကို လုံးဝ အံ့အားသင့်စွာ ကြည့်နေကြလေ၏။
ကောင်းကျန်းကျွန်းနှင့် အခြားသော ကောင်းမိသားစုဝင်များကလည်း သူတို့၏ မျက်စိရှေ့တွင် ဖြစ်ပျက်နေသမျှကို အံ့အားသင့်စွာ စိုက်ကြည့်နေကြလေ၏။
တတိယသခင်လေးက ဤမျှလောက် ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ချေ။
"ကောင်းဖေး မင်းက သေချင်နေတာပဲ ငါတို့ ပန်းတစ်ရာနန်းတော်က လူတွေကို သတ်ရဲတယ်ပေါ့လေ ငါ မင်းကို အပိုင်းပိုင်း အစစ ဆုတ်ဖြဲပစ်မယ်"
ပန်းတစ်ရာနတ်သမီး၏ မျက်လုံးများတွင် လူသတ်လိုသော အရောင်များ ပြည့်နှက်နေလေ၏။
ပန်းတစ်ရာနန်းတော်မှ တပည့်များ အစုလိုက်အပြုံလိုက် ကျဆုံးသွားသည်ကို သူမ ယခုလေးတင် တွေ့မြင်ခဲ့ရသည်။ ဤသည်မှာ ယခင်က လုံးဝ မဖြစ်ဖူးသော ကိစ္စတစ်ခု ဖြစ်ပေသည်။
"ကောင်းဖေး မိုက်တယ်ကွ… ဆက်သတ်… ငါ ခေါက်ရှန်းဘိုးဘေးက မင်းရဲ့ ကျောထောက်နောက်ခံ ဖြစ်စေရမယ်"
ခေါက်ရှန်းဘိုးဘေး၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသော်လည်း သူက ချက်ချင်း ကျယ်လောင်စွာ ပြောဆိုလိုက်ရာ သူ၏ အသံမှာ တစ်နေရာလုံးသို့ ပဲ့တင်ထပ်သွားလေ၏။
ပန်းတစ်ရာနတ်သမီးသည် ခေါက်ရှန်းဘိုးဘေး၏ စကားကို ကြားသောအခါ ဒေါသတကြီး သွေးအန်လုမတတ် ဖြစ်သွားပြီး ခေါက်ရှန်းဘိုးဘေးကို ရူးသွပ်စွာ တိုက်ခိုက်လေတော့သည်။
သို့သော် သူမ၏ တိုက်ခိုက်မှု အားလုံးကို ခေါက်ရှန်းဘိုးဘေးက တစ်ခုပြီးတစ်ခု ကာကွယ်သွားခဲ့လေ၏။
[ဒင်. ကံကြမ္မာတန်ဖိုး +၂၂၃၁၇၊ သက်တမ်း +၅၇၉၊ ကျင့်စဉ်အမှတ် +၁၆၅၃၃၂၁.]
[ဒင်. ကံကြမ္မာတန်ဖိုး +၂၇၆၊ သက်တမ်း +၇၉၊ ကျင့်စဉ်အမှတ် +၃၅၃၈၉.]
စနစ်၏ သတိပေးသံများ ဆက်တိုက် ထွက်ပေါ်နေသော်လည်း ကျိုးယွမ် ဂရုစိုက်ရန် အချိန်မရှိချေ။
"ဝိညာဉ်ချိတ်ပိတ်ခြင်းလျှို့ဝှက်ကျင့်စဉ်!"
ဤအခိုက်အတန့်တွင် ကျိုးယွမ်၏ အကြည့်များမှာ အလွန်အမင်း အေးစက်နေပြီး ရွှီလျိုဟောက်ဆီသို့ လက်ညှိုး ညွှန်ပြလိုက်လေ၏။
ဤအခိုက်အတန့်တွင် ရွှီလျိုဟောက်သည် သူ၏ ရှေ့ရှိ ခေါင်းသုံးလုံးဝိညာဉ်မြွေကို အသည်းအသန် နောက်ဆုတ်ရှောင်တိမ်းနေလေ၏။
သို့သော် ထိုအချိန်တွင် ရွှီလျိုဟောက်သည် သူ၏ အတွင်းရှိ ဝိညာဉ်စွမ်းအင်များ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသဖြင့် သူ၏ အမူအရာ အကြီးအကျယ် ပြောင်းလဲသွားပြီး မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများ ပေါ်လာလေ၏။
ကျယ်လောင်သော "ဝုန်း" ခနဲ အသံနှင့်အတူ ခေါင်းသုံးလုံးဝိညာဉ်မြွေ၏ ဧရာမ ခန္ဓာကိုယ်ကြီးသည် ရွှီလျိုဟောက်၏ ကိုယ်ပေါ်သို့ ပြင်းထန်စွာ ဝင်တိုက်လိုက်လေ၏။
စူးရှသော အော်ဟစ်သံတစ်ခု ရွှီလျိုဟောက်၏ ပါးစပ်မှ ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်သည် နောက်သို့ လွင့်စင်သွားကာ ရင်ဘတ်မှာ ချိုင့်ဝင်သွားပြီး ပါးစပ်မှ သွေးများ ရူးသွပ်စွာ ပန်းထွက်လာလေ၏။
ကြည့်ရှုနေသူများမှာ အံ့အားသင့်သွားကြပြီး လူအများအပြား၏ မျက်လုံးများ အလိုအလျောက် ကျဉ်းမြောင်းသွားကြလေ၏။
"ဘာဖြစ်သွားတာလဲ ရွှီလျိုဟောက်က ရှင်းရှင်းလင်းလင်း နောက်ဆုတ်နေတာလေ ဘာလို့ ရုတ်တရက် ရပ်သွားတာလဲ"
"မသိဘူးလေ ကောင်းမိသားစုရဲ့ တတိယသခင်လေးက ရွှီလျိုဟောက်ကို တိုက်ခိုက်လိုက်တာ ဖြစ်မယ်"
မလှမ်းမကမ်းတွင် ကြည့်ရှုနေသော လူအုပ်ကြီးထဲ၌ ကောင်းကင်တံခါးအဆင့်ရှိသူ အချို့သည် ယခုလေးတင် ဖြစ်ပျက်သွားသည်များကို ရှင်းလင်းစွာ မြင်တွေ့ခဲ့ကြရလေ၏။
ကျိုးယွမ်၏ အကြည့်များမှာ ရေခဲတမျှ အေးစက်နေပြီး သူ၏ လက်ထဲမှ အလင်းတန်း ၃ ခု ပစ်ထွက်သွားကာ ရွှီလျိုဟောက်ဆီသို့ တည့်မတ်စွာ ဦးတည်သွားလေ၏။
"ရွှီလျိုဟောက်! ဒီသခင်လေးက မင်းတို့ သားအဖနှစ်ယောက် ပြန်ဆုံဖို့ ပို့ပေးမယ်"
ကျိုးယွမ်၏ အေးစက်သော စကားသံများ ထွက်ပေါ်လာပြီးနောက် အလင်းတန်း ၃ ခုသည် ရွှီလျိုဟောက်၏ ရှေ့သို့ ရောက်ရှိလာလေ၏။
ရွှီလျိုဟောက်၏ မျက်လုံးများတွင် ကြောက်ရွံ့မှုများ ဖြတ်ပြေးသွားလေ၏။
သူ လက်ကို ဝှေ့ယမ်းလိုက်ရာ ထူးခြားသော ဒိုင်းလွှားတစ်ခု ပေါ်လာပြီး သူ့ကို ကာကွယ်ပေးလိုက်လေ၏။
သူ ပြင်းထန်စွာ ဒဏ်ရာရထားသော်လည်း ခုခံနိုင်စွမ်း ရှိနေဆဲပင်။
တိုးညှင်းသော "ချွင်" ခနဲ အသံနှစ်သံနှင့်အတူ ကျိုးယွမ်၏ အာဃာတဓားနှင့် ရွှမ်ထျန်းဓားတို့မှာ ပိတ်ဆို့ခံလိုက်ရလေ၏။
သို့သော် ထိုအချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော အာဃာတစွမ်းအင်များ အာဃာတဓားမှ ပေါက်ကွဲထွက်လာပြီး ရွှီလျိုဟောက်ကို မျက်စိတစ်မှိတ်အတွင်း လွှမ်းခြုံသွားရာ ရွှီလျိုဟောက်၏ မျက်လုံးများ ချက်ချင်း သွေးရောင်လွှမ်းသွားလေ၏။
ထိုအချိန်တွင် ဓားငယ်တစ်လက်သည် ရွှီလျိုဟောက်၏ မျက်ခုံးကြားတွင် ပေါ်လာပြီး ရွှီလျိုဟောက် ဘာဖြစ်သွားမှန်း မသိမီမှာပင် တိုက်ရိုက် ဖောက်ထွင်းဝင်ရောက်သွားလေ၏။
ဤသည်မှာ အချိန်အာကာသဓား ပင်ဖြစ်သည်။
ဒိုင်းလွှားသည် အာဃာတဓားနှင့် ရွှမ်ထျန်းဓားကို ကာကွယ်နိုင်သော်လည်း လေဟာနယ်ကို ဖြတ်ကျော်နိုင်သော အချိန်အာကာသဓားကိုမူ မတားဆီးနိုင်ချေ။
စူးရှသော အော်ဟစ်သံတစ်ခု ရွှီလျိုဟောက်၏ ပါးစပ်မှ ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်သည် သာမန်မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် သိသိသာသာ ညှိုးနွမ်းသွားလေ၏။
ဤသည်မှာ အချိန်စွမ်းအင်၏ တိုက်စားမှု ပင်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူ၏ ပတ်လည်ရှိ လေဟာနယ် အလွှာများသည် ထပ်နေပြီး လေဟာနယ် အပိုင်းအစများ ဖြစ်ပေါ်လာကာ ရွှီလျိုဟောက်၏ ခန္ဓာကိုယ်အတွင်း မရေမတွက်နိုင်သော ဒဏ်ရာများ ပေါ်လာလေ၏။
ထိုအချိန်တွင် ရွှီလျိုဟောက်၏ အခြေတည်စိတ်ဝိညာဉ်သည် သူ၏ ခန္ဓာကိုယ်ထဲမှ ခုန်ထွက်လာပြီး အဆုံးမရှိသော ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေလေ၏။
သို့သော် သူ၏ အခြေတည်စိတ်ဝိညာဉ် မြန်ဆန်သော်လည်း တစ်စုံတစ်ယောက်က ပို၍ပင် မြန်ဆန်နေသေးသည်။
ပုံရိပ်တစ်ခု တဖျပ်ဖျပ် လှုပ်ရှားလာလေ၏။
ထိုသူမှာ ကျိုးယွမ် ပင်ဖြစ်သည်။
သူ၏ ဘယ်လက်ဖြင့် လှမ်းဖမ်းလိုက်ရာ လက်ချောင်း ၅ ချောင်းသည် အကျဉ်းထောင်တစ်ခုကဲ့သို့ ဖြန့်ကျက်သွားပြီး ရွှီလျိုဟောက်၏ အခြေတည်စိတ်ဝိညာဉ်ကို သူ၏ လက်ဖဝါးထဲသို့ ဖမ်းဆုပ်လိုက်လေ၏။
"ကောင်းဖေး… ငါ့ကို မသတ်ပါနဲ့!"
ရွှီလျိုဟောက်၏ အခြေတည်စိတ်ဝိညာဉ်က အလျင်အမြန် သနားညှာတာမှု တောင်းခံလေ၏။
ဤအခိုက်အတန့်တွင် သူ တကယ်ကို အလွန်အမင်း ထိတ်လန့်နေခဲ့ပြီ ဖြစ်သည်။
"အရမ်း နောက်ကျသွားပြီ၊ မင်းက ငါ့ကို အပြစ်လာပုံချဖို့ ကြိုးစားတဲ့ အချိန်ကတည်းက မင်း သေဖို့ သတ်မှတ်ခံလိုက်ရပြီ၊ မင်းတို့ သားအဖ ပြန်ဆုံဖို့ ငါ ပို့ပေးမယ်"
ကျိုးယွမ်က အေးစက်စွာ ပြောဆိုလိုက်ပြီး သူ၏ ဘယ်ဘက် လက်ဖဝါးတွင် မိုးကြိုး မှော်အက္ခရာတစ်ခု ပေါ်လာကာ လျှပ်စီးများ တောက်ပနေလေ၏။
ရွှီလျိုဟောက်၏ စူးရှသော အော်ဟစ်သံများကြားတွင် သူသည် မျက်စိတစ်မှိတ်အတွင်း ပြာအဖြစ် ပြောင်းလဲသွားလေတော့သည်။
[ဒင်. ကံကြမ္မာတန်ဖိုး +၆၅၄၁၉၊ သက်တမ်း +၈၇၃၊ ကျင့်စဉ်အမှတ် +၅,၀၀၀,၀၀၀.]
ပတ်ဝန်းကျင်ရှိ ကြည့်ရှုသူများသည် သူတို့၏ ဦးရေပြားများ ထုံကျဉ်သွားသည်ကို ခံစားလိုက်ရလေ၏။
သူတို့ ယခုလေးတင် ဘာကို မြင်လိုက်ရတာလဲ။
အခြေတည်စိတ်ဝိညာဉ် အထွတ်အထိပ်အဆင့် ရှိသူက ကောင်းကင်တံခါး အလယ်အလတ်အဆင့် ရှိသူကို သတ်လိုက်တာလား။
ရွှီလျိုဟောက်သည် ခေါင်းသုံးလုံးဝိညာဉ်မြွေ၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရပြီး နောက်သို့ လွင့်စင်သွားခဲ့ရသော်လည်း ထိုအချက် တစ်ချက်တည်းကပင် ကမ္ဘာကို တုန်လှုပ်စေရန် လုံလောက်နေပေသည်။
"ရွှီမိသားစုတော့ ပြီးပြီ၊ မဟာအကြီးအကဲက ကောင်းဖေးရဲ့ သတ်ဖြတ်တာကို ခံလိုက်ရပြီ အဆင့် ၆ ကျင့်ကြံခြင်း အင်အားစုတွေထဲမှာ အောက်ဆုံးရောက်နေတဲ့ ရွှီမိသားစုအတွက် ပိုဆိုးသွားပြီ"
"မှန်တယ် ကောင်းဖေးက အခုလေးတင် ပြောခဲ့သေးတယ် ရွှီကျွမ်ကို သူ သတ်တာ မဟုတ်ဘူးတဲ့၊ရွှီမိသားစုက ဒီလူသတ်နတ်ဆိုးကို သွားစစရာ အကြောင်းကို မရှိတာ"
"ကောင်းဖေးသာ သတ်ချင်ရင် ပွင့်ပွင့်လင်းလင်း သတ်မှာပဲ ဒီလို အကွက်ဆင်စရာ အကြောင်းမရှိဘူးဆိုတာ ငါ အခု ယုံသွားပြီ"
ကောင်းကျန်းကျွန်းနှင့် ကောင်းကဲတို့သည် အချင်းချင်း တစ်ချက်ကြည့်လိုက်ကြပြီး ထုံကျဉ်သွားသကဲ့သို့ ခံစားလိုက်ရလေ၏။
ကောင်းဖေးက တကယ်ကို ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ယခုအချိန်အထိ သူတို့နှစ်ဦးစလုံးသည် ကောင်းဖေး၏ ကိုယ်ပိုင်လက္ခဏာကို မည်သည့်အခါကမျှ သံသယမဖြစ်ခဲ့ကြချေ။
အကြောင်းမှာ ကျိုးယွမ်၏ စရိုက်လက္ခဏာနှင့် ကောင်းဖေးတို့မှာ အနည်းငယ် ဆင်တူပြီး ပို၍ လွှမ်းမိုးနိုင်စွမ်း ရှိရုံသာ ဖြစ်သောကြောင့် ဖြစ်သည်။
"သတ်!"
ကျိုးယွမ်၏ အမူအရာမှာ အေးစက်ပြီး ကင်းမဲ့နေလေ၏။
သူ၏ ဘေးတွင် မျိုးစေ့ဓား ၉ လက် ပေါ်ထွက်လာပြီး ကျိုးယွမ် လက်ကို ဝှေ့ယမ်းလိုက်သည်နှင့်အမျှ ဓား ၉ လက်သည် တောက်ပသော အလင်းတန်း ၉ ခုအဖြစ် ပြောင်းလဲကာ ကြယ်ကိုးလုံးဂိုဏ်းမှ လူအုပ်ထဲသို့ ပြေးဝင်သွားလေ၏။
ဓား ၉ လက်စလုံးတွင် ကိုယ်ပိုင် ထူးခြားချက်များ ရှိကြသည်။
မိုးကြိုးဓားက အမြန်ဆုံး လှုပ်ရှားပြီး၊ အချိန်အာကာသဓားက ဖမ်းရအခက်ဆုံး ဖြစ်သည်။
သတ်ဖြတ်ခြင်းဓား သည် သွေးချီများ လွှမ်းခြုံနေသော အနီရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားလေ၏။
ဝါးမျိုခြင်းဓားဖြတ်သန်းသွားသော နေရာတိုင်းတွင် လူအများအပြားသည် လုံးဝ ဝါးမျိုခံရပြီး ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားကြလေ၏။
အသက်ဓား သည် စိမ်းလန်းစိုပြေနေသော်လည်း
ဖြတ်သန်းသွားရာ နေရာတိုင်းရှိ ပန်းများ၊ မြက်များနှင့် သစ်ပင်များသည် ရူးသွပ်စွာ ကြီးထွားလာပြီး သေစေနိုင်သော လက်နက်များ ဖြစ်လာကာ လူအများအပြားသည် သစ်ကိုင်းများဖြင့် ထိုးဖောက်ခံရပြီး သေဆုံးသွားကြလေ၏။
အချုပ်အားဖြင့်ဆိုရလျှင် ဓား ၉ လက်စလုံးတွင် ကိုယ်ပိုင် ထူးခြားချက်များ အသီးသီး ရှိကြပြီး ကြယ်ကိုးလုံးဂိုဏ်း၏ နောက်ကွယ်သို့ ပြေးဝင်သွားရာ နာကျင်စွာ အော်ဟစ်သံများ ချက်ချင်း ထွက်ပေါ်လာပြီး တပည့်များ တစ်ယောက်ပြီးတစ်ယောက် ကျဆုံးသွားကြလေ၏။
ထိုအချိန်တွင် ကြယ်ကိုးလုံးဂိုဏ်းမှ နတ်ဘုရားအသွင်ပြောင်းလဲခြင်း အထွတ်အထိပ်အဆင့် ရှိသူတစ်ဦးသည် ကျိုးယွမ်၏ ရှေ့သို့ ရောက်ရှိလာပြီး ကျိုးယွမ်ကို လက်ညှိုးတစ်ချက်ဖြင့် ညွှန်ပြလိုက်လေ၏။
"ကူမူလက်ညှိုး"
ကျိုးယွမ်သည် အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ သက်တမ်း အနှစ် ၂၀၀ ကို တိုက်ရိုက် လောင်ကျွမ်းစေကာ ကူမူလက်ညှိုးကို ထုတ်လွှတ်ပြီး တစ်ဖက်လူနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်လေ၏။
ကျိုးယွမ်သည် ပြိုင်ဘက်၏ တွန်းကန်မှုကြောင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားရသော်လည်း ပြိုင်ဘက်မှာမူ စူးရှစွာ အော်ဟစ်လိုက်ပြီး သူ၏ ရုပ်သွင်မှာ လျင်မြန်စွာ ညှိုးနွမ်းသွားလေ၏။
ထိုအခိုက်အတန့်တွင် အမျိုးသားသည် ကျိုးယွမ်ကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများတွင် ကြောက်ရွံ့မှုများ ဖြတ်ပြေးသွားလေ၏။
ပြိုင်ဘက် မထွက်ခွာမီမှာပင် ကျိုးယွမ် လက်ကို ဝှေ့ယမ်းလိုက်ရာ အဆင့် ၅ ဧရာမ သစ်သားအဆောင် ပျံထွက်သွားလေ၏။
ဧရာမ သစ်တုံးကြီးသည် ကောင်းကင်ယံကို ဖြတ်သန်းသွားပြီး ထို နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့် ရှိသူနှင့် ချက်ချင်း ရိုက်ခတ်သွားလေ၏။
ထိုအခိုက်အတန့်တွင် နတ်ဘုရားအသွင်ပြောင်းလဲခြင်း အထွတ်အထိပ်အဆင့် ရှိသူ၏ အမူအရာ လုံးဝ ဗလာဖြစ်သွားလေ၏။
သူ၏ နဖူးတွင် သွေးထွက်နေသော အပေါက်တစ်ခု ပေါ်လာပြီး အတွင်းမှ အမည်းရောင် ဓားတစ်လက် ပျံထွက်လာလေ၏။
ကျိုးယွမ် လက်ကို ဝှေ့ယမ်းလိုက်ရာ မီးလုံးတစ်လုံး ပျံထွက်လာပြီး ထိုအမျိုးသားကို လုံးဝ လွှမ်းခြုံသွားလေ၏။
သူ၏ အခြေတည်စိတ်ဝိညာဉ် ပျံထွက်လာပြီး မီးတောက်များ ဟိန်းဟောက်နေစဉ် စူးရှသော အော်ဟစ်သံတစ်ခု ထုတ်လွှတ်လိုက်သော်လည်း ခဏအကြာတွင် ရုတ်တရက် ရပ်တန့်သွားလေတော့သည်။