← Chapters

အခန်း ၂၃၇

Vol. 24 Ch. 237

အခန်း ၂၃၇

Vol. 24 Ch. 237

အခန်း (၂၃၇) ရတနာသိုက်ထဲသို့ ကျူးကျော်ဝင်ရောက်ခြင်း

"ဖက်တီး... ဒီကိုလာခဲ့..."

ကျောက်လင်က တိုးညှင်းစွာ ပြောလိုက်၏။

“ကျွီ…”

ကြွက်လေးသည် ရုတ်တရက် ပေါ်လာပြီး ကျောက်လင်၏ ပခုံးပေါ်သို့ ဆင်းသက်လာခဲ့သည်။

"မင်း ယူထားတဲ့ ငွေတုံးနှစ်သောင်းကို ပြန်ပေး..."

ကျောက်လင်က ပြုံး၍ ပြောလိုက်၏။

ဒုတိယမြောက် အတုအယောင် ရတနာသိုက်နေရာတွင် ဝူရှီးဟယ်နှင့် သူ၏အဖွဲ့သည် သစ်သားသေတ္တာဆယ်လုံးကို တွေ့ရှိခဲ့ကြသည်။ သေတ္တာများကို ခွဲလိုက်ပြီးနောက် အထဲတွင် မဟာလီမင်းဆက်မှ ငွေတုံးများ အပြည့်ပါဝင်နေကြောင်း တွေ့ရှိခဲ့ရ၏။ သို့သော်လည်း ၎င်းတို့သည် ငွေတုံးများကို မသိမ်းဆည်းဘဲ တိုက်ရိုက် ထွက်ခွာသွားခဲ့ကြသည်။

ကြွက်လေးကတော့ ထိုငွေတုံး နှစ်သောင်းလုံးကို သူ၏ ကိုယ်တွင်းနေရာလွတ်ထဲသို့ စုပ်ယူသိမ်းဆည်းခဲ့၏။ ကျောက်လင်က ထိုကိစ္စကို စိတ်ထဲတွင် မှတ်ထားခဲ့သည်။

ငွေတုံးနှစ်သောင်းဆိုသည်မှာ ငွေပြား နှစ်သိန်း သို့မဟုတ် စနစ်အမှတ် သန်းနှစ်ရာနှင့် ညီမျှပေသည်။

သူတို့အနေဖြင့် ဤမျှများပြားသောငွေများကို မည်သို့လုပ် လွှတ်ပေးနိုင်မည်နည်း။

“ကျွီ…”

ကြွက်လေးကလည်း မဖုံးကွယ်ထားပေ။ ဤငွေတုံးများမှာ ၎င်းအတွက် အသုံးမဝင်သဖြင့် ချက်ချင်းပင် အပြင်သို့ ပြန်ထွေးထုတ်ပေးလိုက်၏။

ကြွက်လေး၏ ရှေ့တွင်ပင် ကျောက်လင်သည် ငွေတုံးများအားလုံးကို ထိလိုက်ပြီး စနစ်အမှတ်များအဖြစ်သို့ အားလုံး လဲလှယ်လိုက်သည်။

ထိုအခိုက်တွင် စနစ်မျက်နှာပြင် ပေါ်လာခဲ့၏။

စနစ်အမှတ် - ၈၈၅,၀၉၈,၀၀၀။

အမှတ်သန်း ၉၀၀ နီးပါးပင် ဖြစ်သည်။

"ဖက်တီး... ဒီတစ်ကြိမ် မင်း တော်တော်လေး အလုပ်လုပ်ခဲ့ရတယ်... မင်းကို အနစ်နာခံခိုင်းမှာ မဟုတ်ဘူး..."

"ဒီမှာ လင်းလုံသစ်သီးဆယ်လုံး... အားလုံး စားလိုက်..."

"မကြာခင် မင်း ပဉ္စမအဆင့် ဝိညာဉ်သားရဲအဆင့်ကို ချိုးဖောက်နိုင်တော့မယ်လို့ ထင်တယ်..."

ကျောက်လင်က ခပ်ဖျော့ဖျော့ ပြုံးရင်း ပြောလိုက်၏။

ကြွက်လေးသည် အမြင့်ဆုံးအဆင့်ရှိ စတုတ္ထအဆင့် ဝိညာဉ်သားရဲအဖြစ် ရပ်တည်နေသည်မှာ အချိန်အတန်ကြာပြီ ဖြစ်သည်။ ၎င်းစားသုံးခဲ့သော ဝိညာဉ်သစ်သီးအမျိုးမျိုးကို အစာချေဖျက်ပြီးဖြစ်ရာ ခန္ဓာကိုယ်မှာလည်း တည်ငြိမ်နေပြီ ဖြစ်၏။ ယခုအချိန်မှာ ပဉ္စမအဆင့် ဝိညာဉ်သားရဲအဖြစ်သို့ ချိုးဖောက်ဝင်ရောက်ရန် အချိန်ကျရောက်လာပြီ ဖြစ်သည်။

ဤကြွက်လေးမှာ ကျောက်လင်၏ လျှို့ဝှက်လက်နက်တစ်ခုဖြစ်ပြီး ၎င်းကို လေ့ကျင့်ပေးရန်အတွက် မည်မျှပင် ရင်းနှီးမြှုပ်နှံရပါစေ သူက တလိုတလား ရှိနေပေသည်။

“ကျွီ…”

တောက်ပသော အလင်းရောင်များ ဖြာထွက်နေသည့် လင်းလုံသစ်သီးဆယ်လုံးကို မြင်လိုက်ရသောအခါ ကြွက်လေးမှာ အလွန်စိတ်လှုပ်ရှားသွားပြီး မြေပြင်ပေါ်တွင် တက်ကြွစွာ ခုန်ပေါက်နေခဲ့၏။

ထိုအခိုက်တွင် ကြွက်လေးသည် ပါးစပ်ကို ဟကာ လင်းလုံသစ်သီးဆယ်လုံးစလုံးကို ၎င်း၏ ကိုယ်တွင်းနေရာလွတ်ထဲသို့ မျိုချလိုက်သည်။

"ဘေးကတောင်ကို သွားပြီး ဒီညအပြီးမှာ ပဉ္စမအဆင့် ဝိညာဉ်သားရဲအဖြစ် ပြောင်းလဲနိုင်အောင် ကြိုးစားလိုက်..."

ကျောက်လင်က အမိန့်ပေးလိုက်၏။

ကြွက်လေးက ချက်ချင်း ခေါင်းညိတ်ပြပြီးနောက် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။

ကောင်းကင်ကြီးက မှောင်မိုက်သွားပြီး ညအချိန်သို့ ရောက်ရှိလာခဲ့၏။

ရတနာသိုက်ထဲသို့ ဝင်ရောက်ရမည့်အချိန် ရောက်ပြီဖြစ်ကြောင်း ကျောက်လင် သိလိုက်သည်။

ကျောက်လင် ရရှိထားသော ရတနာမြေပုံအရ အစစ်အမှန်ရတနာသည် တောင်ထွတ်ငါးခု၏ အလယ်တောင်ထွတ်တွင်ရှိကြောင်းကိုသာ သိရသော်လည်း ဂူဝ၏ တည်နေရာကိုမူ အမှတ်အသား ပြုလုပ်ထားခြင်းမရှိပေ။

သို့သော်လည်း ရတနာ၏ အစစ်အမှန်ဝင်ပေါက် မည်သည့်နေရာတွင် ရှိသည်ကို ကျောက်လင် သိရန် မလိုအပ်ချေ။

မကြာမီ ကျောက်လင်သည် လေထဲတွင် ပျံသန်းသွားပြီး အလယ်တောင်ထွတ်၏ ထိပ်သို့ ဆင်းသက်လိုက်၏။

"သာမန်စဉ်းစားကြည့်ရင် မဟာလီမင်းဆက်က ရတနာတွေကို ဒီနေရာကို သယ်ယူချင်တယ်ဆိုရင် ဝင်ပေါက်ကို တောင်ထိပ်မှာထားမှာ မဟုတ်ဘူး... သူတို့က တောင်ခြေတစ်နေရာရာကနေ ဝင်တာ ဖြစ်ဖို့များတယ်..."

"အဲ့ဒါဆိုရင် ငါ တောင်စောင်းကို သွားပြီး စနစ်ရဲ့ နေရာလွတ်စွမ်းရည်ကို သုံးကာ တောင်စောင်းကနေ အောက်ခြေအထိ လိုဏ်ခေါင်းတစ်ခုတူးမယ်..."

"ငါ့ရဲ့ စိတ်စွမ်းအားနဲ့ဆိုရင် မီတာ ၅၀ အကွာအဝေးအထိ ခံစားသိရှိနိုင်တယ်... မကြာခင်မှာ ရတနာသိုက်ကို ရှာတွေ့နိုင်မယ်လို့ ငါ ယုံကြည်တယ်..."

ကျောက်လင်က ယုံကြည်မှုရှိစွာဖြင့် ပြောလိုက်၏။

ကျောက်လင်က တောင်စောင်းဆီသို့ ခုန်ဆင်းရန် ပြင်လိုက်ချိန်တွင် သူ၏ လင်းယုန်မျက်လုံးများက အဝေးက ကောင်းကင်ယံမှ သားရဲငှက်များကဲ့သို့ ထိုးဆင်းလာသော လူရိပ်ဆယ်ခုကို မြင်တွေ့လိုက်ရသည်။

"ကျောက်စိမ်းအမြုတေနယ်ပယ် ကျင့်ကြံသူ ဆယ်ယောက် ထပ်ရောက်လာပြန်ပြီ..."

အဝေးမှ လူရိပ်ဆယ်ခုကို မြင်လိုက်ရသောအခါ ကျောက်လင်မှာ အံ့သြသွားပြီး တောင်စောင်းဆီသို့ ချက်ချင်း ပျံဆင်းသွားခဲ့၏။

သူ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်နှင့် တပြိုင်နက် ကျောက်လင်က သူ၏ ညာလက်ဖြင့် မြေကြီးကို ထိလိုက်သည်။

ကုဗမီတာ တစ်မီတာပမာဏရှိသော မြေကြီးများ ပျောက်ကွယ်သွားခဲ့၏။

ချက်ချင်းပင် ကျောက်လင်သည် အမြင့် နှစ်မီတာ၊ အကျယ် တစ်မီတာရှိသော လိုဏ်ခေါင်းတစ်ခုကို အမြန်တူးဖော်လိုက်သည်။

လူရိပ်ဆယ်ခု တောင်ထိပ်သို့ ဆင်းသက်လာချိန်တွင် ကျောက်လင်သည် လိုဏ်ခေါင်းကို မီတာနှစ်ဆယ်အထိ တိုးချဲ့တူးဖော်လိုက်ပြီး မြေကြီးများကို ပြန်ထုတ်ကာ မြေပြင်ပေါ်ရှိ အပေါက်ဝကို ပိတ်ဆို့လိုက်၏။

ထိုအခိုက်တွင် ကျောက်လင်သည် လိုဏ်ခေါင်းကို ဆက်တူးရန် အလျင်မလိုတော့ဘဲ လိုဏ်ခေါင်းပေါက်ဝကို မှီကာ တည်ငြိမ်စွာ စောင့်ဆိုင်းနေခဲ့သည်။

ထို ကျောက်စိမ်းနယ်ပယ် ကျင့်ကြံသူ ဆယ်ယောက်မှာ မည်သူမည်ဝါဖြစ်ပြီး ၎င်းတို့၏ ရည်ရွယ်ချက်က မည်သို့ရှိသည်ကို သူ သိချင်နေခဲ့၏။

လူဆယ်ယောက်က တောင်ထိပ်ပေါ်သို့ ဆင်းသက်လာကြသည်။

ခေါင်းဆောင်ဖြစ်သူက အနက်ရောင် သံလိုက်အိမ်မြှောင်တစ်ခုကို ထုတ်ယူလိုက်၏။

"ဒီအရာက အိမ်ရှေ့စံမင်းသား ငါ့ကို ပေးထားတဲ့ သံလိုက်အိမ်မြှောင်ပဲ... လက်တံပြတဲ့ ဦးတည်ရာကို လိုက်သွားရင် ရတနာရဲ့ အစစ်အမှန် ဝင်ပေါက်ကို ငါတို့ ရှာတွေ့နိုင်တယ်..."

အဖွဲ့၏ ရှေ့ဆုံးမှ အရပ်မြင့်မြင့်လူက တည်ငြိမ်သော လေသံဖြင့် ပြောလိုက်၏။

ထိုလူက သံလိုက်အိမ်မြှောင်ထဲသို့ ဝိညာဉ်စွမ်းအင်များကို ပို့လွှတ်လိုက်ရာ အိမ်မြှောင်လက်တံမှာ အပြာရောင်အလင်းတန်း တလက်လက် တောက်ပသွားခဲ့သည်။ အတန်ကြာ လည်ပတ်ပြီးနောက် လက်တံသည် တိကျသော ဦးတည်ရာတစ်ခုသို့ ရပ်တန့်သွား၏။

လူဆယ်ယောက်သည် လက်တံပြသရာ ဦးတည်ရာအတိုင်း ချက်ချင်း လိုက်သွားကြပြီး တောင်အောက်သို့ ဆင်းသွားကြသည်။

၎င်းတို့၏ အထက်လေထဲတွင် လူရိပ်တစ်ခုက တိတ်တဆိတ် လိုက်ပါလာသည်ကို လူဆယ်ယောက်စလုံး သတိမထားမိကြပေ။

ဆယ့်ငါးမိနစ်ကြာပြီးနောက် လူဆယ်ယောက်သည် တောင်ခြေ မြေပြင်အထက် မီတာနှစ်ဆယ်အကွာသို့ ရောက်ရှိလာပြီး ရပ်တန့်လိုက်ကြ၏။

သံလိုက်အိမ်မြှောင်၏ လက်တံမှာ ပို၍ပင် တောက်ပလာခဲ့သည်။

"ဒီနေရာက ရတနာသိုက်ဝင်ပေါက်ပဲ..."

ခေါင်းဆောင်ဖြစ်သူက ဝမ်းသာအားရ ပြောလိုက်၏။

ဤနေရာမှာ သာမန်မြက်တောတစ်ခုသာဖြစ်ပြီး ထူးထူးခြားခြား မည်သည့်အရာမျှ မရှိပေ။

မည်သို့ပင်ဆိုစေကာမူ မဟာလီမင်းဆက်သည် ဤရတနာကို လွန်ခဲ့သော နှစ်နှစ်ခန့်က တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ဂူဝကို မြေကြီးများဖြင့် ဖုံးအုပ်ပြီးနောက် မိုးရေနှင့် နေရောင်ခြည်တို့ကြောင့် ဤမြေပြင်မှာ မြက်တောတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ခြင်းဖြစ်၏။

"ရွှေလက်... မင်း ဒီမြေကွက်ကို ဇောက်ထိုးလှန်ပစ်လိုက်..."

ခေါင်းဆောင်ဖြစ်သူက တည်ငြိမ်စွာ အမိန့်ပေးလိုက်၏။

"ကောင်းပါပြီ... ခေါင်းဆောင်ဟော့..."

အဖွဲ့ထဲမှ မိုးမထိအောင် မြင့်မားသော ဓားတစ်လက်နှင့်တူသည့် အငွေ့အသက်ရှိသော လူတစ်ယောက်က ပြန်ဖြေလိုက်ပြီးနောက် သူက ဓားကျယ်တစ်လက်ကို ဆွဲထုတ်လိုက်၏။

ဓားကျယ်ကို လွှဲခုတ်လိုက်သည်နှင့် အားကောင်းသော ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်လာကာ မြေကြီးကို ဖောက်ထွင်းသွားသော ဧရာမဓားအလင်းတန်းကြီးတစ်ခု ဖြစ်ပေါ်လာပြီး စတုရန်းမီတာ ဒါဇင်ပေါင်းများစွာရှိသော မြေပြင်ကို ချက်ချင်း ပင့်တင်လိုက်သည်။

တောင်တန်းများဆီမှ တုံးတိတိ ပဲ့တင်သံတစ်ခု ထွက်ပေါ်လာခဲ့၏။

"တကယ်ပဲ ဒီမှာ ရှိနေတာပဲ... ရတနာသိုက်ဆီ သွားတဲ့လမ်းက ရှေ့မှာတင်..."

ပဲ့တင်သံကို ကြားလိုက်ရသောအခါ ခေါင်းဆောင်ဟော့မှာ အလွန်ဝမ်းသာသွားခဲ့သည်။

ဤသည်မှာ မဟာလီမင်းဆက်၏ ရတနာသိုက်ပင် ဖြစ်သည်။ ယခုအခါ သူတို့ဆယ်ယောက်နှင့် ယှဉ်ပြိုင်လုယူမည့်သူ တစ်ယောက်မျှ မရှိပေ။ အကယ်၍ သူတို့က ရတနာသိုက်ထဲမှ ရတနာအနည်းငယ်ကို ရှာတွေ့ခဲ့လျှင် ဆဋ္ဌမအဆင့်သို့ ချိုးဖောက်ဝင်ရောက်နိုင်မည် (သို့မဟုတ်) အားကောင်းသော လက်နက်တစ်ခုကို ရရှိနိုင်မည်ဖြစ်ရာ ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းအားကို အကြီးအကျယ် မြှင့်တင်ပေးနိုင်ပေလိမ့်မည်။

ရွှေလက်က သူ၏ ဓားကျယ်ကို ထပ်မံလွှဲခုတ်လိုက်ပြန်၏။

အားကောင်းသော ဓားအလင်းတန်း ပျံသန်းသွားပြီး ကြီးမားသော မြေကွက်ကြီးတစ်ခုကို လွှင့်စဉ်သွားစေသည်။

ချက်ချင်းပင် လူနှစ်ယောက် လျှောက်သွားရန် လုံလောက်သော ကြီးမားသည့် လမ်းကြောင်းတစ်ခုက လူဆယ်ယောက်၏ ရှေ့တွင် ပေါ်လာခဲ့၏။

"အဲ့ဒါပဲ... ဒီဟာက ရတနာသိုက်ပဲ..."

"အထဲဝင်ကြစို့... မီးတုတ်ကို ထွန်းပြီး အိမ်ရှေ့စံမင်းသား ပေးထားတဲ့ မြေပုံအတိုင်း ရတနာသိုက်ဆီကို တိုက်ရိုက် သွားကြမယ်..."

(အလင်းဖြူတုတ်တံလို့ သုံးမိခဲ့တာကို မီးတုတ်လို့ပြန်သုံးပါမယ်နော်)

ခေါင်းဆောင်ဟော့က စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။

လူဆယ်ယောက်သည် လမ်းကြောင်းထဲသို့ ချက်ချင်း ပျံသန်းဝင်ရောက်သွားကြ၏။

မီတာနှစ်ရာခန့် လျှောက်သွားပြီးနောက် ခေါင်းဆောင်ဟော့က ရပ်တန့်လိုက်သည်။

"အိမ်ရှေ့စံမင်းသား သတိပေးထားသလိုပဲ... ဒီကနေ ရတနာသိုက်ဆီကို တိုက်ရိုက်သွားတဲ့ လမ်းမှာ အားကောင်းတဲ့ ထောင်ချောက်တွေနဲ့ စက်ယန္တရားသုံးခု ရှိတယ်..."

"မင်းတို့ သေချာကပ်လိုက်ခဲ့တာ ကောင်းမယ်... ဘာကိုမှ မဆင်မခြင်မလုပ်နဲ့... ငါ့နောက်ကသာ လိုက်ခဲ့... ထောင်ချောက်တွေကို မင်းတို့ မထိမိစေရဘူးလို့ ငါ အာမခံတယ်..."

"ကြားလား..."

ခေါင်းဆောင်ဟော့က ပြောလိုက်၏။

"ရှင်းပါတယ်..."

တစ်ယောက်က ပြန်ဖြေလိုက်သည်။

ထိုအခိုက်တွင် ရွှေလက်ရှိသောလူက စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်၏။

"ခေါင်းဆောင်ဟော့... ငါတို့အထဲဝင်လာရတာ အရမ်းလွယ်ကူမနေဘူးလား..."

"ချီလင်အကယ်ဒမီက အဲ့ဒီ ကျောက်စိမ်းသွေးကြော နယ်ပယ် နည်းပြတွေက ငါတို့ကို ဘာလို့ ထွက်မတားကြတာလဲ..."

အခြားသူများကလည်း အလားတူ အတွေးမျိုး တွေးမိသွားကြပြီး အားလုံးက ခေါင်းဆောင်ဟော့ကို ကြည့်လိုက်ကြသည်။

"ဒီနေ့မွန်းလွဲပိုင်းက ကောင်းကင်ကို ထိုးတက်သွားတဲ့ အဲ့ဒီသက်တန့်ရောင် အလင်းတန်းကြီးကို မင်းတို့ အားလုံး မြင်လိုက်ကြတယ် မဟုတ်လား..."

ခေါင်းဆောင်ဟော့က ပြုံး၍ မေးလိုက်၏။

"ငါ မြင်လိုက်တယ်..."

ကျန်ကိုးယောက်က ပြန်ဖြေလိုက်ကြသည်။

"အစစ်အမှန်ရတနာအပြင် အတုအယောင် ရတနာနေရာငါးခုကိုလည်း တည်ဆောက်ထားတယ်လို့ အိမ်ရှေ့စံမင်းသားက ငါ့ကို ပြောခဲ့တယ်..."

"အဲ့ဒီအထဲက တစ်ခုမှာ မူးယစ်အိပ်မက် အစီအရင်ကို ချထားတယ်... ချီလင်အကယ်ဒမီက နည်းပြတွေ အထဲဝင်သွားတာနဲ့ သူတို့ရဲ့ အသိစိတ်တွေ ထိခိုက်သွားပြီး ဘဝရဲ့ အိပ်မက်တစ်ခုထဲကို ကျရောက်သွားလိမ့်မယ်... သူတို့ နိုးထလာဖို့ဆိုတာ ခက်ခဲသွားပြီ..."

"ချီလင်အကယ်ဒမီက နည်းပြတွေက အစီအရင်ထဲမှာ ပိတ်မိနေပြီး ထွက်လာနိုင်တော့မှာ မဟုတ်ဘူးလို့ ငါ ထင်တယ်..."

ခေါင်းဆောင်ဟော့က ဝမ်းသာအားရ ရှင်းပြလိုက်၏။

ကိုးယောက်သောလူများမှာ မည်သို့ဖြစ်ပျက်နေသည်ကို ရုတ်တရက် နားလည်သွားကြသည်။

ထိုအခိုက်တွင် လူဆယ်ယောက်၏ အနောက်၌ လူရိပ်တစ်ခု ရုတ်တရက် ပေါ်လာခဲ့၏။

"ဝူရှီးဟယ်နဲ့ တခြားသူတွေက အစီအရင်ရဲ့ ထောင်ချောက်ထဲ မိသွားကြတာကိုး..."

"သူတို့က မင်းတို့ကို ထွက်တားမှာ မဟုတ်ဘူး... ဒါပေမဲ့ မင်းတို့ဆယ်ယောက်ကို ဖိနှိပ်ဖို့ ငါ တစ်ယောက်တည်းနဲ့ လုံလောက်ပါတယ်..."

စံအိမ်သခင် ပေါ်လာသည်နှင့် တပြိုင်နက် သူ၏ ရှိနေမှုကို အေးစက်စွာ ကြေညာလိုက်သည်။

All Chapters