အခန်း ၈၈
Vol. 9 Ch. 88
အခန်း ၈၈ - လူသတ်သမား
"ငါ...ငါနည်းနည်းကြောက်တယ်..."
တင်ယွီချင်သည် ပစ်ကပ်ကား၏ မောင်းသူနေရာတွင် ထိုင်နေရင်း မျက်နှာတစ်ခုလုံး ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေ၏။
"မကြောက်နဲ့၊ ငါ့နောက်ကပဲ လိုက်ခဲ့။ သွားစို့"
ဝမ်ထောင်က သူမ၏ တင်ပါးကို ပုတ်ကာ အားပေးလိုက်သည်။
အခြေအနေအရ ယာဉ်ကနှစ်စီး ဖြစ်သွားသဖြင့် တင်ယွီချင်ပါ တစ်စီး မောင်းနှင်ရမည် ဖြစ်သည်။ ဝမ်ထောင်သည် ပစ်ကပ်ကားကို အပြင်ဘက်တွင် သံမဏိပြားများ တပ်ဆင်ပြီး ပြတင်းပေါက်များကို ဝါယာကြိုးဆန်ခါများဖြင့် ကာရံကာ မွမ်းမံထားခဲ့သည်။ ထူးခြားစွာ သန်မာသည့် အထူးဇွန်ဘီများနှင့် မတွေ့သရွေ့ ဤကားသည် လုံလောက်စွာ ဘေးကင်းလေ၏။
"အင်း..."
တင်ယွီချင် ကြောက်နေမိသော်လည်း သူတို့နှစ်ယောက်တည်း ရှိသဖြင့် တစ်ယောက်က ကားမောင်းရမည်ကို နားလည်လေသည်။ ရှေ့ဆုံးမှ သွားမည့်ကားက ပို၍ အန္တရာယ်များသဖြင့် နောက်က လိုက်ရသည့် သူမ၏ ကားသည် ဘေးကင်းသည်ဟု ဆိုနိုင်၏။
ဝမ်ထောင်က တောင်တက်ယာဉ်ဖြင့် ရှေ့မှ ဦးဆောင်ပြီး တင်ယွီချင်က နောက်မှ ကပ်လိုက်ရင်း ဟက်ပီးနက်စ် လူနေရပ်ကွက်မှ ဖြည်းညှင်းစွာ ထွက်ခွာလာခဲ့ကြသည်။
ဝမ်ထောင်သည် မူလက အပြန်လမ်းတွင် တွေ့ခဲ့သော အထူးဇွန်ဘီနှစ်ကောင်ကို ရှင်းလင်းရန် နည်းလမ်းရှာဖို့ ကြံရွယ်ထားသော်လည်း ယခုတွင် ကားတစ်စီး ပိုလာသဖြင့် ထိုအစီအစဉ်ကို လက်လွှတ်လိုက်သည်။ နောက်မှသာ ပြန်လာရှင်းတော့မည်ဟု ဆုံးဖြတ်လိုက်၏။
သို့သော်လည်း ဝမ်ထောင်သည် အခြေအနေကို ကြည့်ရှုရန် အထူးဇွန်ဘီများကို တွေ့ခဲ့သည့် နေရာသို့ ဖြတ်သန်းမောင်းနှင်ခဲ့သည်။
"ဟင်... သူတို့ လမ်းခွဲသွားကြပြီပဲ"
မှန်ပြောင်းဖြင့် အကဲခတ်ကြည့်ရာ အသေခံဇွန်ဘီနှင့် ဘာဆာကာတို့သည် အတူတူ ရှိမနေတော့ဘဲ မီတာအနည်းငယ်စီ ကွာဝေးနေကြောင်း ဝမ်ထောင် သတိပြုမိသွားသည်။ ဝမ်ထောင်၏ မျက်စိလျှင်မှုကြောင့်သာ မဟုတ်လျှင် သတိထားမိရန် ခဲယဉ်းပေလိမ့်မည်။
"ငါ လုပ်သင့်လား... "
"လုပ်လိုက်တာပဲ ကောင်းပါတယ်"
ဤကဲ့သို့ ရှားပါးလှသော အခွင့်အရေးကို ဝမ်ထောင် လက်မလွှတ်ချင်သဖြင့် စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ မဟုတ်လျှင် နောက်တစ်ကြိမ် ဘာဆာကာနှင့် မည်သည့်အချိန်တွင် ပြန်တွေ့မည်ကို မသိနိုင်ပေ။
"မရီး၊ ကားထဲမှာ ခဏစောင့်နေဦး။ ငါ အပြင်ကို ခဏသွားလိုက်မယ်"
ဝမ်ထောင်က ဝေါ်ကီတော်ကီမှတစ်ဆင့် နောက်ကားထဲမှ တင်ယွီချင်ကို လှမ်းပြောလိုက်သည်။
"အင်... အော်...အေးအေး"
တင်ယွီချင်လည်း အများကြီး မမေးရဲပေ။
ဝမ်ထောင်သည် မီးသတ်ပုဆိန်ကို ကိုင်ကာ သည်းထန်စွာ ရွာသွန်းနေသော မိုးထဲသို့ တိုးဝင်ရင်း လမ်းမပေါ်ရှိ အရပ်မြင့်မြင့် ဘာဆာကာဆီသို့ လျှောက်လှမ်းသွားခဲ့သည်။
ပေါက်ကွဲတတ်သောဇွန်ဘီသည် ကိုင်တွယ်ရ ပိုလွယ်ကူသော်လည်း ဆူညံသံ အလွန်ထွက်လှသည်။ ထို့ကြောင့် ဘာဆာကာကို အရင်ရှင်းပြီး ပေါက်ကွဲတတ်သောဇွန်ဘီကိုမူ လောလောဆယ် ဂရုမစိုက်ဘဲ ထားလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။
ယခင်က ခေါင်းမာဇွန်ဘီကို အမဲလိုက်ခဲ့စဉ်ကကဲ့သို့ပင် ဝမ်ထောင်သည် ဘာဆာကာနှင့် တစ်ယောက်ချင်း မချမီ ပတ်ဝန်းကျင်ရှိ သာမန်ဇွန်ဘီများကို အရင် ရှင်းလင်းလိုက်၏။
"ဝုန်း"
ဘာဆာကာ၏ တူသည် လွဲချော်သွားပြန်ပြီး ထိခိုက်မှုလှိုင်းအဝိုင်းသည်လည်း ဝမ်ထောင်ကို မထိမှန်ခဲ့ပေ။
ဝမ်ထောင်က ထိုဇွန်ဘီကို ကြည့်ကာ ပြုံးလိုက်သည်။
ယခုတွင် သူ၏ ခွန်အားအားလုံး တိုးတက်လာပြီ ဖြစ်ရာ ဤဘာဆာကာနှင့် ယှဉ်လျှင် သူ မည်မျှ အသာစီးရမည်ကို သိချင်နေမိသည်။
ဘာဆာကာက သူ့အား တိုက်ခိုက်ပြီးနောက် အရှိန်သေသွားသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူကာ ဝမ်ထောင်သည် ရုတ်တရက် ရှေ့သို့ ပြေးဝင်ပြီး ညာလက်မှ မီးသတ်ပုဆိန်ကို ဘာဆာကာ၏ ဦးခေါင်းဆီသို့ ပြင်းထန်စွာ ဝှေ့ယမ်း ခုတ်ချလိုက်သည်။
[-၃၁၁]
[၁၆၈၉/၂၀၀၀]
ဤတိုက်ခိုက်မှု၏ ပြင်းအားက ဝမ်ထောင်ကို အံ့အားသင့်သွားစေသည်။
သူ၏ တိုက်ခိုက်မှု ထိခိုက်မှုပမာဏ မည်မျှအထိ မြင့်မားနေသည်ကို သူ သေချာမသိသေးပေ။ ယခင်က ခေါင်းမာဇွန်ဘီနှင့် စမ်းသပ်ချင်ခဲ့သော်လည်း ထိုဇွန်ဘီ၏ ခုခံမှုက မြင့်မားလွန်းသဖြင့် ဒဏ်ရာရအောင်ပင် မလုပ်နိုင်ခဲ့ရာ စမ်းသပ်၍ မရခဲ့ပေ။ သာမန်ဇွန်ဘီများမှာမူ ပုဆိန်တစ်ချက်တည်းဖြင့် သေဆုံးသွားကြသဖြင့် စမ်းသပ်၍ မရခဲ့ပြန်ပါ။
ယခု ဤဘာဆာကာနှင့်ကျမှ ဝမ်ထောင်သည် သူ၏ သတ်ဖြတ်နိုင်စွမ်းကို အကြမ်းဖျင်း သိရှိသွားရသည်။ ယခင်က ဘာဆာကာကို ပစ္စတိုဖြင့် ခေါင်းကို ပစ်ခတ်စဉ်က ထိခိုက်မှုပမာဏ ၃၀၀ ထွက်ပေါ်ခဲ့သည်။ ယခု ပုဆိန်ဖြင့် တစ်ချက် ခုတ်လိုက်ရုံဖြင့် ထိခိုက်မှုပမာဏ ၃၀၀ ဝန်းကျင် ထွက်ပေါ်လာခြင်း ဖြစ်၏။
တစ်နည်းအားဖြင့် သူ၏ ပုဆိန်ကို အားကုန်လွှဲခုတ်ခြင်းသည် ပစ္စတိုကျည်ဆံတစ်တောင့်၏ ပြင်းအားနှင့် ညီမျှနေပြီး ပို၍ပင် ပြင်းထန်နိုင်ခြေ ရှိသည်။ အကြောင်းမူကား ဤဘာဆာကာသည် သွေးပမာဏ ပိုများပြီး ခုခံမှုလည်း ပိုမို သန်မာနိုင်သောကြောင့် ဖြစ်သည်။ ဤအတွေးများ စိတ်ထဲ ဖြတ်ပြေးနေစဉ် ဝမ်ထောင်သည် လက်မနှေးဘဲ တိုက်ခိုက်မှုများကို ရှောင်တိမ်းရင်း ပုဆိန်ဖြင့် ၎င်း၏ ဦးခေါင်းကို ထပ်တလဲလဲ ခုတ်နေခဲ့သည်။
စက္ကန့်သုံးဆယ်မပြည့်မီ အချိန်အတွင်းမှာပင် သူသည် တိုက်ခိုက်မှုများကို ရှောင်ကွင်းရင်း ဘာဆာကာ၏ ဦးခေါင်းကို ခြောက်ချက် တိတိ အောင်မြင်စွာ ခုတ်မိလိုက်သည်။
"ဒုတ်"
[-၄၁၀]
[၀/၂၀၀၀]
ဘာဆာကာဇွန်ဘီသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး ၎င်း၏ ဦးခေါင်းခွံထဲမှ ခရမ်းရောင် ဇွန်ဘီအမြုတေတစ်ခု ထွက်ကျလာသည်။
ဝမ်ထောင်က ၎င်းကို ဖမ်းယူလိုက်ပြီး ဘာဆာကာထံမှ ကျလာသော ပစ္စည်းများနှင့် ၎င်း၏ လက်နက်ကိုပါ သိမ်းဆည်းလိုက်၏။ ထို့နောက် သူ၏ သွေးဘားတန်းကို စစ်ဆေးရာ ၅၀ တိုးလာပြီး [၁၁၅၀/၁၁၅၀] ဖြစ်နေသည်ကို တွေ့ရသည်။
[ ရရှိသည့်ပစ္စည်း - ခွန်အားမြှင့်ဆေးရည် (အသေး) * ၂ ]
[ ရရှိသည့်ပစ္စည်း - ကွန်ကရစ်ဓာတ်တိုင် * ၁ ]
ခွန်အားမြှင့်ဆေးရည် နှစ်ပုလင်းဆိုတော့ မဆိုးလှပေ။ ဤဓာတ်တိုင်သည်လည်း ကွန်ကရစ်တူကဲ့သို့ပင် ဟင်းလင်းပြင်ကျောပိုးအိတ်ထဲသို့ ထည့်သွင်း သိမ်းဆည်းနိုင်၏။
ထို့နောက် အမြုတေကို ဆက်လက် စစ်ဆေးလိုက်သည်။
[ အဆင့် ၁ အမြုတေ · ထိခိုက်မှုလှိုင်း ]
[ အရည်အသွေး - အဆင့်မြင့် (၆၀%) ]
[ သန့်စင်မှု - ၅၀% (ဘေးထွက်ဆိုးကျိုး - မျက်လုံးများ အလင်းဒဏ် မခံနိုင်ခြင်း) ]
သူ့ကံက မဆိုးလှဘဲ အဆင့်မြင့်အရည်အသွေးရှိသော အမြုတေတစ်ခု ဖြစ်နေသည်။
ဝမ်ထောင်သည် ဇွန်ဘီ၏ ကိုယ်ပေါ်ကို ထပ်မံ ရှာဖွေခဲ့သော်လည်း ကြေမွနေသော စီကရက်တစ်ထုပ်မှလွဲ၍ ဘာမျှ မတွေ့ရတော့ပေ။
ထိုအချိန်တွင် ပေါက်ကွဲတတ်သောဇွန်ဘီသည် အသံများကို ကြားသွားပုံရပြီး ဝမ်ထောင် ရှိရာဘက်သို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။
ဝမ်ထောင်သည် တွေဝေမနေဘဲ ပြတ်ပြတ်သားသားပင် နောက်ဆုတ်လိုက်၏။ သူသည် ဘာဆာကာကို ရှင်းလင်းပြီးပြီ ဖြစ်ရာ ဤပေါက်ကွဲတတ်သောဇွန်ဘီနှင့် ထိပ်တိုက်တွေ့ရန် မလိုတော့ပေ။ မဟုတ်လျှင် ဇွန်ဘီအုပ်စုကြီးကို ဆွဲဆောင်မိသွားပါက သူတို့ ထွက်ခွာနိုင်တော့မည် မဟုတ်ပေ။
ကားဆီသို့ အမြန်ပြန်ရောက်လာပြီးနောက် ဝမ်ထောင်က ဝေါ်ကီတော်ကီမှတစ်ဆင့် တင်ယွီချင်ကို ပြောလိုက်သည်။
"သွားကြစို့"
"အင်း"
ယာဉ်နှစ်စီးသည် ထပ်မံ ထွက်ခွာခဲ့ကြပြီး ယခုတစ်ကြိမ်တွင်မူ မည်သည့်နေရာတွင်မျှ မရပ်နားတော့ဘဲ ရွှေကျဲအခြေစိုက်စခန်းသို့ ချောမွေ့စွာ ရောက်ရှိလာခဲ့သည်။
ဝါယာကြိုးဆန်ခါများဖြင့် ကာရံထားသော တံတိုင်းများ၊ ကင်းမျှော်စင်ပေါ်မှ လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားသော စစ်သားများနှင့် ထူထဲလှသော တံခါးကြီးများကို မြင်လိုက်ရသောအခါ တင်ယွီချင်သည် အလွန် စိတ်လှုပ်ရှားသွားခဲ့သည်။ သူမသည် နောက်ဆုံးတော့ အသက်ရှင်ကျန်ရစ်သူများ အခြေစိုက်စခန်းတစ်ခုသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။
ယာဉ်များ အဝင်ဝသို့ ရောက်ရှိလာသောအခါ အခြေစိုက်စခန်း၏ တံခါးကြီးသည် ဖြည်းညှင်းစွာ ပွင့်လာသည်။ လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားသော စစ်သားအချို့က ဝမ်ထောင်၏ ကားကို အလေးပြုကြလေသည်။
ဝမ်ထောင်သည် အခြေစိုက်စခန်း၏ ကော်မတီဝင်တစ်ဦး ဖြစ်လာပြီးနောက် လူတိုင်းသည် သူနှင့် သက်ဆိုင်သည့် ကားကဲ့သို့သော အရာများကို မဖြစ်မနေ မှတ်သားထားကြရသည်။
သို့သော်လည်း စစ်ဆေးမှုများကိုမူ လုပ်ဆောင်ရဆဲ ဖြစ်သည်။ ကားအောက်တွင် ဇွန်ဘီတစ်ကောင် ပုန်းကွယ်နေပါက ဝမ်ထောင်ကိုယ်တိုင်လည်း မြင်နိုင်မည် မဟုတ်သဖြင့် ဤစစ်ဆေးမှုသည် အလွန် အရေးကြီးသည်။ လက်ရှိတွင် ဇွန်ဘီများ၌ ထိုကဲ့သို့သော ဉာဏ်ရည်မျိုး မရှိသေးသော်လည်း မပေါ့ဆသင့်ပေ။
ယာဉ်နှစ်စီးသည် မိုးကာတဲအောက်သို့ မောင်းနှင်ဝင်ရောက်သွားပြီး ဝမ်ထောင်က တင်ယွီချင်ကို ကားပေါ်မှ ဆင်းရန် ပြောလိုက်သည်။
တင်ယွီချင်သည် ကားပေါ်မှ အမြန်ဆင်းကာ ဝမ်ထောင်၏ ဘေးတွင် ကပ်ရပ်ရင်း ပတ်ဝန်းကျင်ကို စုစုစိုက်စိုက် ကြည့်နေခဲ့သည်။
"မင်္ဂလာပါ ကော်မတီဝင်ဝမ်"
စစ်သားအချို့က ဝမ်ထောင်ကို အလေးပြုလိုက်ကြရာ တင်ယွီချင် အံ့အားသင့်သွားရသည်။ ဝမ်ထောင်သည် ဤအခြေစိုက်စခန်းတွင် မည်သည့် ရာထူးအဆင့်ရှိသည်ကို သူမ မသိသေးပေ။
စစ်သားများကလည်း အလွန် အံ့အားသင့်နေကြသည်ကို သူမ မသိခဲ့ပေ။ သူတို့အားလုံးသည် ဤကော်မတီဝင်ဝမ်ကို အလွန် အထင်ကြီးနေကြသည်။ အပြင်သို့ တစ်ခေါက် ထွက်သွားရုံမျှဖြင့် ဤမျှ လှပသော မိန်းမလှလေးတစ်ဦးကို ခေါ်ဆောင်လာနိုင်ခြင်းကြောင့် ဖြစ်၏။
"အင်း"
ဝမ်ထောင်က ခေါင်းညိတ်ပြလိုက်ပြီး စီကရက်အချို့ကို ထုတ်ယူကာ သူတို့ထံ ဝေငှပေးလိုက်သည်။
သူသည် ယခုအခါ အခြေစိုက်စခန်း၏ ကော်မတီဝင်တစ်ဦး ဖြစ်နေပြီ ဖြစ်သော်လည်း ဆက်ဆံရ လွယ်ကူသူအဖြစ် ရှိနေဆဲ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤစစ်သားများသည် အခြေစိုက်စခန်း၏ ပင်မကျောရိုးများ ဖြစ်သဖြင့် သူတို့ကို လေးစားမှုပြရန် လိုအပ်သောကြောင့် ဖြစ်၏။
"ကျေးဇူးတင်ပါတယ် ကော်မတီဝင်ဝမ်"
စစ်သားများက စီကရက်များကို လက်ခံလိုက်ကြသော်လည်း သူတို့၏ မျက်နှာများမှာမူ သိပ်ပြီး ပျော်ရွှင်ပုံမရပေ။
"အခြေစိုက်စခန်းထဲမှာ တစ်ခုခု ဖြစ်လို့လား"
ဝမ်ထောင်က ဇဝေဇဝါဖြင့် မေးလိုက်သည်။
"ကော်မတီကနေ ကော်မတီဝင် ဆုန့်ကျင်းဟုန် ဆုံးပါးသွားပြီလို့ အခုတင်ပဲ ကြေညာလိုက်ပါတယ်..."
စစ်သားတစ်ယောက်က ပြောပြလာသည်။
"ဟင်"
ဝမ်ထောင် အနည်းငယ် အံ့အားသင့်သွားရသည်။ ဆုန့်ကျင်းဟုန် တစ်ခုခု ဖြစ်သွားပြီဟု လူတိုင်း ယခင်ကတည်းက သံသယဝင်ခဲ့ကြသော်လည်း သက်သေ မရှိခဲ့ပေ။ ထို့အပြင် သူသည် တစ်နေရာရာတွင် ပုန်းနေနိုင်သဖြင့် သေဆုံးသွားသည်ဟု အတည်မပြုနိုင်ခဲ့ပေ။ ယခု ကြေညာချက် ထွက်လာခြင်းသည် ဆုန့်ကျင်းဟုန် သေဆုံးသွားသည့် သက်သေကို ရှာတွေ့ပြီဟု ဆိုလိုခြင်းပင်။
ကော်မတီဝင်တစ်ဦး၊ အထူးသဖြင့် နာမည်ကောင်းရှိသော လူတစ်ဦး သေဆုံးသွားခြင်းက ဆုန့်ကျင်းဟုန် ကွယ်လွန်မှုအတွက် လူတိုင်းကို ဝမ်းနည်း စိတ်မကောင်း ဖြစ်စေ၏။
"ကော်မတီဝင်ဝမ်၊ စစ်ဆေးမှု ပြီးပါပြီ။ ကားရဲ့ အတွင်းအပြင်မှာ ဇွန်ဘီတွေ ပုန်းအောင်းနေတာ မရှိပါဘူး။ သင်နဲ့ သင့်အဖော်ရဲ့ မျက်လုံးတွေမှာလည်း ဘာပြဿနာမှ မရှိပါဘူး"
စစ်ဆေးရေးစစ်သားက အမြန် အစီရင်ခံလိုက်သည်။
"အင်း"
ဝမ်ထောင်က ခေါင်းညိတ်ပြလိုက်ပြီး တင်ယွီချင်ကို ကားပေါ်တက်ရန် အချက်ပြလိုက်၏။
မကြာမီ ကားနှစ်စီးသည် ကော်မတီဝင်များ နေထိုင်ရာ အရပ်သို့ ရောက်ရှိလာပြီး အဆောက်အအုံ (၈) ၏ အရှေ့တွင် ရပ်တန့်လိုက်ကြသည်။
ကားပေါ်မှ ဆင်းပြီးနောက် ဝမ်ထောင်သည် ပစ္စည်းများ သယ်ယူရာတွင် ကူညီရန် တာဝန်ကျ ဝန်ထမ်းအချို့ကို လှမ်းခေါ်လိုက်သည်။
ဝမ်ထောင်သည် ဆက်ဆံရ လွယ်ကူသူ ဖြစ်သော်လည်း အာဏာရှိနေမှတော့ အသုံးမချလျှင် အပိုဖြစ်နေပေလိမ့်မည်။
တာဝန်ကျဝန်ထမ်းများသည် ပစ်ကပ်ကားပေါ်ရှိ စိမ်းစိုနေသော ကြက်သွန်မြိတ်များကို မြင်လိုက်ရသောအခါ အံ့အားသင့်မှုနှင့် မနာလိုမှုများဖြင့် ပြည့်နှက်သွားကြသည်။ ကော်မတီဝင်ဝမ်ဆိုသည့်အတိုင်း အပြင်သို့ တစ်ခေါက် သွားရုံဖြင့် ဤမျှ ကောင်းမွန်သော ပစ္စည်းများကို ရရှိနိုင်ပေသည်။ ဤသာမန်လူများသည် နေ့တိုင်း အနှစ်များကိုသာ စားနေကြရသဖြင့် ဟင်းသီးဟင်းရွက် အရသာက မည်သို့ရှိသည်ကိုပင် မေ့လုနီးပါး ဖြစ်နေကြပြီ ဖြစ်၏။
တင်ယွီချင်သည် ပစ္စည်းများ သယ်ယူနေစဉ် ဝမ်ထောင်၏ ဘေးသို့ ကပ်လာပြီး တိုးတိုးလေး မေးလိုက်သည်။
"ဝမ်ထောင်၊ အခြေစိုက်စခန်းမှာ နင့်ရဲ့ ရာထူးက ဘာလဲဟင်။ သူတို့အားလုံးက နင့်ကို ဘာလို့ ဒီလောက် လေးစားနေကြတာလဲ။ သူတို့ နင့်ကို ကော်မတီဝင်ဝမ်လို့ ခေါ်တာ ကြားလိုက်တယ်။ ကော်မတီဝင်ဆိုတာ ဘာလဲဟင်"
"ဘာမှမဟုတ်ပါဘူး၊ တစ်ခြေစိုက်စခန်းလုံးမှာ ရာထူးအမြင့်ဆုံး ရှိတဲ့ လူရှစ်ယောက်ထဲက တစ်ယောက်ပေါ့"
ဝမ်ထောင်က ဂုဏ်ယူဝင့်ကြွားသည့် အပြုံးလေးဖြင့် ပြောလိုက်သည်။
"အမလေး" တင်ယွီချင်က အံ့ဩတသစွာ ရေရွတ်လိုက်ပြီးနောက် ဤအရာက အလွန် သင့်လျော်သည်ဟု ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ဝမ်ထောင် မည်မျှ သန်မာသည်ကို သူမ သိထားသောကြောင့် ဖြစ်၏။ ဝမ်ထောင်သည် စွမ်းရည်ရှင်တစ်ဦးလည်း ဖြစ်ရာ အသက်ရှင်ကျန်ရစ်သူများ အခြေစိုက်စခန်း၏ ခေါင်းဆောင်များထဲမှ တစ်ဦး ဖြစ်လာခြင်းက မဆန်းပေ။
ပစ္စည်းအားလုံးကို အိမ်ထဲသို့ သယ်ယူပြီးနောက် ဝမ်ထောင်က တင်ယွီချင်ကို ပြောလိုက်၏။
"ဒီပစ္စည်းတွေကို ဘယ်လို စီစဉ်မလဲဆိုတာ နောက်မှပဲ ကြည့်လုပ်တော့။ ငါ ဘက်စုံသုံးအောက်အအုံကို သွားလိုက်ဦးမယ်"
"အင်း"
တင်ယွီချင်သည် သူမနှင့် ဝမ်ထောင်တို့၏ အိမ်ဂေဟာလေးကို ပျော်ရွှင်စွာ စတင် ပြင်ဆင်နေခဲ့ပြီး ဝမ်ထောင်ကမူ ဘက်စုံသုံးအဆောက်အအုံဆီသို့ ကားမောင်းထွက်ခဲ့သည်။
ဒုတိယထပ်ရှိ အစည်းအဝေးခန်းမကြီးထဲတွင် ဝမ်ထောင်သည် ဝေကျန့်ကော်နှင့် အခြားသူများကို တွေ့ဆုံခဲ့ပြီး ၎င်းတို့ထဲတွင် ဟန်ရွေနှင့် အရေးကြီးသော ရာထူးများ ရယူထားသည့် အခြားဝန်ထမ်းများလည်း ပါဝင်သည်။
လူတိုင်း၏ မျက်နှာများမှာ ညှိုးငယ်နေကြပြီး ဝမ်းနည်းမှုများနှင့် ဒေါသအချို့ဖြင့် ပြည့်နှက်နေသည်။ အထူးသဖြင့် ဟန်ရွေသည် မျက်လုံးများ နီမြန်း ဖူးယောင်နေပြီး အချိန်အကြာကြီး ငိုထားသည့်အတိုင်း ဖြစ်နေ၏။
"ဝမ်ထောင်၊ မင်း ပြန်လာပြီပဲ"
ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသော ဝေကျန့်ကော်က လက်လှမ်းပြလိုက်၏။ သူ၏ ဘေးတွင် ဝမ်ထောင်အတွက် သီးသန့်ချန်ထားသော နေရာတစ်ခု ရှိနေသည်။
သူ၏ အခြားတစ်ဖက်တွင်မူ ဝမ်ထောင် မသိသေးသော စစ်ဝတ်စုံဝတ် လူငယ်တစ်ဦး ထိုင်နေသည်။ ဤနေရာတွင် ထိုင်နိုင်သည်ဆိုလျှင် သူသည် အခြားကော်မတီဝင်တစ်ဦးဖြစ်သည့် လုကန်း ဖြစ်ရပေမည်။
သူ့သွေးဘားတန်းမှာ [၅၃၅/၅၃၅] ဖြစ်ပြီး ဖုံးကွယ်ထားသောအရည်အသွေး မရှိ၊ စွမ်းအင်ဘားတန်း မရှိသလို အညစ်အကြေးများလည်း မရှိပေ။
"ဒါက လုကန်း၊ သူ ဒီမနက်တင်ပဲ ပြန်ရောက်တာ"
"ဒါက ဝမ်ထောင်၊ ငါတို့ အခြေစိုက်စခန်းရဲ့ ကော်မတီဝင်အသစ်ပေါ့"
ဝေကျန့်ကော်က ဝမ်ထောင်နှင့် လုကန်းတို့ကို အပြန်အလှန် မိတ်ဆက်ပေးလိုက်သည်။
"မင်္ဂလာပါ"
နှစ်ဦးသား လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။ လုကန်း၏ လက်ဖဝါးပေါ်ရှိ အသားမာများကို ဝမ်ထောင် သိသိသာသာ ခံစားလိုက်ရပြီး ၎င်းတို့သည် ကျည်ဆံပေါင်းများစွာ ပစ်ခတ်ခြင်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း ထင်ရှားလှ၏။
လုကန်းက ဝမ်ထောင်၏ ကြံ့ခိုင်သော ခန္ဓာကိုယ်ကို အကဲခတ်ကြည့်ရင်း သူ၏ မျက်ဝန်းထဲတွင် မနာလိုမှုအချို့ ဖြတ်ပြေးသွားသည်။
"ကော်မတီဝင် ဆုန့်ကျင်းဟုန်ရဲ့ ကိစ္စနဲ့ ပတ်သက်ပြီး... အတည်ပြုလို့ရတဲ့ သတင်း ရပြီလား"
ဝမ်ထောင်က ဝေကျန့်ကော်ကို မေးလိုက်သည်။
"ရပြီ..."
ဝေကျန့်ကော်က လုကန်းကို ကြည့်လိုက်သည်။ လုကန်းက ဝမ်းနည်းပူဆွေးသော လေသံဖြင့် ပြောပြလာ၏။
"ငါ မနေ့က အဖိုးကြီးဆုန့်ရဲ့ အလောင်းကို တွေ့ခဲ့တယ်..."
"ဟင်... အလောင်း ဟုတ်လား"
ဝမ်ထောင် မျက်မှောင်ကြုတ်လိုက်သည်။
ဤကမ္ဘာပျက်ကပ်ထဲတွင် လူများ သေဆုံးသောအခါ ဇွန်ဘီအဖြစ် ပြောင်းလဲသွားကြသည် သို့မဟုတ် ဇွန်ဘီများ၏ အစာ ဖြစ်သွားကြသည်။ သာမန်အလောင်းတစ်ခု ကျန်ရှိနေဖို့ဆိုသည်မှာ... အလွန် ရှားပါးလှ၏။
"ဟုတ်တယ်၊ အလောင်းပဲ။ အဖိုးကြီးဆုန့်က အပိုင်းပိုင်း ဖြတ်တောက်ခံထားရတာ။ ငါ သူ့ရဲ့ ခေါင်းနဲ့ လက်မောင်းတစ်ဖက်ပဲ မြင်ခဲ့ရတယ်..."
လုကန်းက သွားကို ကြိတ်ရင်း မျက်ဝန်းထဲတွင် ဒေါသများ အပြည့် ရှိနေသည်။
"ဘာ"
ဝမ်ထောင် တုန်လှုပ်သွားရပြီး သူ၏ မျက်နှာပေါ်တွင်လည်း ဒေါသရိပ်များ ယှက်သန်းသွားခဲ့သည်။
ဇွန်ဘီများသည် လူကို အပိုင်းပိုင်း ဖြတ်တောက်မည် မဟုတ်ပေ။ ဤအရာသည် အသက်ရှင်ကျန်ရစ်သူများက ပြုလုပ်ခဲ့ခြင်း ဖြစ်သည်မှာ သေချာလှ၏။
"သူ့ခေါင်းက ဓာတ်တိုင်တစ်ခုမှာ ချိတ်ဆွဲခံထားရပြီး အောက်မှာ ဇွန်ဘီတွေ ဝိုင်းနေလို့ ငါ သွားမယူနိုင်ခဲ့ဘူး။ သူ့လက်ကိုတော့ အမိုးတစ်ခုပေါ်မှာ တွေ့ခဲ့တယ်..."
"ဟီး... ဟီး..."
ဟန်ရွေက သူမ၏ ပါးစပ်ကို ပိတ်ကာ ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။
ဆုန့်ကျင်းဟုန်သည် သူမ၏ ခေါင်းဆောင်ဟောင်း ဖြစ်ရုံမျှမက သူမ၏ ဆရာနှင့် မိသားစုဝင်လည်း ဖြစ်သည်။ သူမ၏ မိဘများမှာ သေဆုံးသွားခဲ့ပြီ ဖြစ်ရာ ယခုတွင် သူမနှင့် အနီးကပ်ဆုံး ဆရာဖြစ်သူကပါ ဤကဲ့သို့ ရက်ရက်စက်စက် သေဆုံးသွားခဲ့ရသည်။ ပုံမှန်အားဖြင့် ကြံ့ခိုင်တတ်သော သူမသည် မျက်ရည်များကို မထိန်းနိုင်တော့ပေ။
"ဘုန်း"
ရှန့်ဟုန်ပင်းက စားပွဲကို ပြင်းထန်စွာ ရိုက်ချလိုက်ပြီး တစ်စုံတစ်ဦးကို ဝါးမြိုပစ်တော့မည့်အတိုင်း ကြည့်လိုက်သည်။
"တောက်... ဘယ်သူလုပ်လဲဆိုတာ သိရရင်တော့ ငါ သူ့အရေခွံကို အရှင်လတ်လတ် ဆွဲခွာပစ်မယ်"
အခြားသူများ၏ မျက်နှာတွင်လည်း ဒေါသရိပ်များ ပြည့်နှက်နေကြသည်။
အကယ်၍ သူသည် ဇွန်ဘီများ၏ တိုက်ခိုက်မှုကို ခံခဲ့ရခြင်း ဖြစ်ပါက သူ၏ စွမ်းရည်မပြည့်ဝမှုကြောင့် ဖြစ်ပြီး သူတို့အနေဖြင့် ဇွန်ဘီများကို သတ်ဖြတ်ကာ ဒေါသဖြေရုံသာ ရှိသည်။ သို့သော် အသက်ရှင်ကျန်ရစ်သူများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်ဆိုပါက ဤအရာကို လက်ခံနိုင်စရာ မရှိပေ။
အထူးသဖြင့် ဆုန့်ကျင်းဟုန်သည် အခြားသူများနှင့် မတူဘဲ ကမ္ဘာပျက်ကပ် မတိုင်မီနှင့် ကမ္ဘာပျက်ကပ်အပြီးတွင် အလွန် နာမည်ကောင်း ရှိသူ ဖြစ်ပြီး မည်သူ့ကိုမျှ ရန်ငြိုးဖွဲ့မည့်သူ မဟုတ်ပေ။
သူသည် ယခုတစ်ကြိမ်တွင် အသက်ရှင်ကျန်ရစ်သူများကို ကယ်တင်ရန်အတွက် သီးသန့် ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။ သူ မသွားဘဲ နေနိုင်သော်လည်း သူ သွားခဲ့သည်။
ထိုကဲ့သို့သော လူတစ်ယောက်ကို သတ်ဖြတ်ရုံမျှမက အပိုင်းပိုင်း ဖြတ်တောက်ကာ ဓာတ်တိုင်တွင် ချိတ်ဆွဲထားခဲ့ကြသည်ဆိုသည်မှာ... သူတို့သည် တိရစ္ဆာန်များထက်ပင် ယုတ်ညံ့လှပေသည်။
"အဖိုးကြီးဆုန့်အတွက်ပဲ ဖြစ်ဖြစ်၊ ငါတို့ ရွှေကျဲအသက်ရှင်ကျန်ရစ်သူများအခြေစိုက်စခန်းအတွက်ပဲ ဖြစ်ဖြစ်၊ ဒါက ခွင့်လွှတ်နိုင်စရာ မရှိဘူး"
ရန်ကျဲ့က စားပွဲကို ခေါက်ရင်း အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
ဆုန့်ကျင်းဟုန်သည် ရွှေကျဲအခြေစိုက်စခန်း၏ ကော်မတီဝင်တစ်ဦး ဖြစ်သည်။ သူသည် သူ့ကိုယ်သူ ကိုယ်စားပြုရုံမျှမက တစ်ခြေစိုက်စခန်းလုံးကို ကိုယ်စားပြုသည်။ ဤလုပ်ရပ်သည် ရန်စခြင်း ဖြစ်ပြီး ရွှေကျဲအခြေစိုက်စခန်းကို စစ်ကြေညာလိုက်ခြင်းပင် ဖြစ်၏။
သူတို့သည် ဆုန့်ကျင်းဟုန်အတွက် ကလဲ့စားချေရမည် ဖြစ်ပြီး သွေးကြွေးကို သွေးဖြင့် ဆပ်ရမည် ဖြစ်သည်။
"ဘယ်တော့ စလုပ်မလဲ။ ငါလည်း မဖြစ်မနေ ပါဝင်မယ်"
ဝမ်ထောင်က လက်သီးကို တင်းတင်းဆုပ်လိုက်သည်။
သူသည် ယခုအခါ ရွှေကျဲအခြေစိုက်စခန်း၏ ကော်မတီဝင်တစ်ဦး ဖြစ်နေပြီ ဖြစ်ရာ သူ့တာဝန်သူ ထမ်းဆောင်ရမည် ဖြစ်သည်။ ဆုန့်ကျင်းဟုန်နှင့် လူချင်း မသိကျွမ်းခဲ့ဘဲ တွေ့ပင် မတွေ့ခဲ့ဖူးသော်လည်း ဤကဲ့သို့သော လုပ်ရပ်ကို သူ သည်းမခံနိုင်ပေ။ အကယ်၍ ယခုအချိန်တွင် သူ တက်ကြွမှု မပြပါက လူများက ရွှေကျဲအခြေစိုက်စခန်းသည် ပြဿနာကို ကြောက်ရွံ့နေသည်ဟု ထင်မှတ်သွားကြပေလိမ့်မည်။
သို့သော်လည်း ဝမ်ထောင်က ထိုသို့ ပြောလိုက်ပြီးနောက် လူတိုင်း၏ မျက်နှာပေါ်တွင် စိတ်ကူးရခက်နေသည့် အရိပ်အယောင်များကို သတိပြုမိလိုက်သည်။
လုကန်းက ခေါင်းခါလိုက်၏။
"ဒါပေမဲ့ အဖိုးကြီးဆုန့်ကို ဘယ်သူသတ်လဲဆိုတာ ငါတို့ အတိအကျ မသိရသေးဘူး။ အနီးအနားမှာလည်း ဘာအသက်ရှင်ကျန်ရစ်သူ စခန်းမှ ရှာမတွေ့ဘူး..."
"..."
မှန်ပါသည်၊ ယခုသည် ကမ္ဘာပျက်ကပ် ဖြစ်၏။ အပြင်ဘက်တွင် နေရာအနှံ့ ဇွန်ဘီများ ရှိနေပြီး အသက်ရှင်ကျန်ရစ်သူ အနည်းငယ်ကိုသာ ရှာတွေ့နိုင်ရာ လူသတ်သမားကို ရှာဖွေဖို့ဆိုသည်မှာ ပို၍ ခဲယဉ်းသည်။ လက်ပူးလက်ကျပ် မိခြင်းမျိုး မဟုတ်လျှင် သူတို့ကို ရှာဖွေရန် အလွန် ခက်ခဲလှ၏။
ဤအမှုသည် ကာလရှည် မပြတ်သားဘဲ ကျန်ရှိနေမည့် အမှုတစ်ခု ဖြစ်သွားနိုင်ခြေ ရှိသည်။
ဆုန့်ကျင်းဟုန် အသတ်ခံလိုက်ရသည်ကို သိသော်လည်း ကလဲ့စားချေရန် ပစ်မှတ်ကိုပင် ရှာမတွေ့သဖြင့် လူတိုင်း စိတ်ပျက်အားလျော့နေကြသည်။
"ဒါဆို ကော်မတီဝင် ဆုန့်ရဲ့ အလောင်းကို ဘယ်နေရာမှာ ရှာတွေ့ခဲ့တာလဲ"
ဝမ်ထောင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ချမ်ချင်းလမ်းနဲ့ ရှင်းကော်လမ်းဆုံမှာပဲ..."
လုကန်းက စားပွဲပေါ်ရှိ မြေပုံပေါ်မှ နေရာတစ်ခုကို ညွှန်ပြလိုက်သည်။
"ဒီနေရာလား"
ဝမ်ထောင် ရုတ်တရက် မှင်တက်သွားရသည်။ ထို့နောက် တစ်စုံတစ်ခုကို သတိရသွားသည့်အတိုင်း အမြန် ထပ်မံ မေးလိုက်ပြန်သည်။
"ကော်မတီဝင် ဆုန့်ရဲ့ ရဲမှတ်ပုံတင်နံပါတ်က ဘယ်လောက်လဲ"
လူတိုင်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားကြပြီး ထိုနံပါတ်ကို သူတို့ သေသေချာချာ မှတ်မိမနေကြပေ။
သို့သော် ဟန်ရွေနှင့် ဖုန်းမင်အန်းတို့က တစ်ပြိုင်နက်တည်း ပြောလိုက်ကြ၏။
"၈..."
ထိုနံပါတ်ကို ကြားပြီးနောက် ဝမ်ထောင်သည် သူ၏ အိတ်ကပ်ထဲသို့ လက်နှိုက်ကာ သတ္တုမှတ်ပုံတင်ပြားတစ်ခုကို ထုတ်ယူပြီး စားပွဲပေါ်သို့ တင်လိုက်သည်။
လူတိုင်း၏ အသက်ရှုသံများ ရပ်တန့်လုနီးပါး ဖြစ်သွားခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် ထိုသတ္တုမှတ်ပုံတင်ပြားပေါ်ရှိ နံပါတ်သည် ဟန်ရွေနှင့် ဖုန်းမင်အန်းတို့ ပြောခဲ့သည့် နံပါတ်နှင့် ထပ်တူကျနေသောကြောင့် ဖြစ်၏။
"ဒါက အဖိုးကြီးဆုန့်ရဲ့ ရဲမှတ်ပုံတင်ပဲမလား"
ဝေကျန့်ကော်က ဝမ်ထောင်ကို အမြန် ကြည့်လိုက်သည်။
"ဒါက မင်းလက်ထဲကို ဘယ်လိုရောက်နေတာလဲ။ ဘယ်နေရာမှာ ရှာတွေ့ခဲ့တာလဲ..."
လူတိုင်းက ဝမ်ထောင်ကို စိုးရိမ်တကြီး ကြည့်လိုက်ကြသည်။
သူတို့သည် ဝမ်ထောင်ကို လူသတ်သမားဟု သံသယဝင်ခြင်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အချိန်နှင့် အကြောင်းရင်း မည်သည့်အရာမျှ သူနှင့် မကိုက်ညီသောကြောင့် ဖြစ်၏။ သူတို့သည် ဤမှတ်ပုံတင်ကို အပြင်ဘက်တွင် ကောက်ရခဲ့ခြင်း ရှိမရှိကိုသာ သိချင်နေကြသည်။ အကယ်၍ ထိုသို့ဆိုလျှင် လူသတ်သမားကို ရှာဖွေရန် သဲလွန်စ ရရှိနိုင်ပေလိမ့်မည်။
"ဒါဆိုရင်တော့... သူတို့ပဲ ဖြစ်ရမယ်"
ဝမ်ထောင်က စားပွဲကို ခေါက်ရင်း လူတိုင်းကို ရှင်းပြလိုက်သည်။
"ကုန်တိုက်ဟောင်းတစ်ခုထဲမှာ..."
သူသည် ထိုကုန်တိုက်တွင် ကြုံတွေ့ခဲ့ရသော အခြေအနေများကို အကြမ်းဖျင်း ပြောပြလိုက်သည်။ သူ ဇွန်ဘီများကို သတ်ခဲ့သည့် အသေးစိတ် အချက်အလက်များမှလွဲ၍ ကုန်တိုက်ထဲတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို မျှဝေခဲ့၏။
သူသည် ဤရဲမှတ်ပုံတင်ကို မတော်တဆ မြင်ခဲ့ပုံ၊ သူတို့တွင် သေနတ်များ ရှိနေသည်ဟု သံသယဝင်ခဲ့ပုံနှင့် ထိုကုန်တိုက်သည် အထူးဇွန်ဘီတစ်ခု၏ ဖျက်ဆီးခြင်းကို ခံခဲ့ရပုံများကိုပါ ထည့်သွင်း ပြောပြခဲ့သည်။
နားထောင်ပြီးနောက် ရှန့်ဟုန်ပင်းက စားပွဲကို ပြင်းထန်စွာ ရိုက်ချလိုက်ပြန်သည်။
"သူတို့ပဲ ဖြစ်ရမယ်။ အဖိုးကြီးဆုန့်ရဲ့ ရဲမှတ်ပုံတင်က သူတို့ဆီမှာ ရှိနေတာပဲ။ မင်းပြောပုံအရဆိုရင် သူတို့ တစ်ခုခုကို ဖုံးကွယ်ဖို့ ကြိုးစားနေကြတာ... ဒါက သိသာလွန်းတဲ့ အပြစ်မကင်းတဲ့ စိတ်ပဲ"
အခြားသူများလည်း ဒေါသများဖြင့် ပြည့်နှက်နေကြသည်။
ဝမ်ထောင်သည် ဤအရာကို လွန်ခဲ့သော ရက်အနည်းငယ်က ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။ ဤကုန်တိုက်ဟောင်းသည် ချမ်ချင်းလမ်းနှင့် နီးကပ်လှပြီး ထိုလူများသည် ပထမအကြိမ် ကြည့်ရုံမျှဖြင့် လူကောင်းများ မဟုတ်ကြောင်း သိသာသည်။
အချိန်၊ နေရာနှင့် အကြောင်းရင်း အားလုံး ရှိနေသည်။ သူတို့သည် ဆုန့်ကျင်းဟုန်၏ သေနတ် သို့မဟုတ် ရိက္ခာများကို လိုချင်ခဲ့ကြခြင်း ဖြစ်နိုင်သဖြင့် သူတို့ကို သံသယရှိသူများအဖြစ် သတ်မှတ်ရန် လုံလောက်နေလေပြီ။
"တောက်... ငါ အခုချက်ချင်း သွားပြီး သူတို့ကို ရှင်းပစ်မယ်"
ရှန့်ဟုန်ပင်းသည် စိတ်တိုတတ်သော ဗီဇ ရှိသူ ဖြစ်သည်။ သူသည် ထွက်ခွာရန် မတ်တတ်ရပ်လိုက်သော်လည်း ဝေကျန့်ကော်က တားဆီးလိုက်၏။
"နေဦး။ ဝမ်ထောင် အခုတင်ပဲ ပြောလိုက်တာ မကြားဘူးလား။ အမြင့်သုံး လေးမီတာလောက် ရှိတဲ့ ဇွန်ဘီအကြီးကြီး တစ်ကောင် အဲဒီမှာ ပေါ်လာပြီး အဆောက်အအုံကိုတောင် ဖြိုချလုနီးပါး ဖြစ်ခဲ့တယ်ဆိုတာ။ အဲဒီက ဇွန်ဘီတွေကို သွားနှိုးဆွမိရင် မင်း အဲဒါကို ကိုင်တွယ်နိုင်မယ်လို့ ထင်လို့လား"
ရှန့်ဟုန်ပင်း၏ လှုပ်ရှားမှု ရပ်တန့်သွားခဲ့သည်။ သူသည် ထိုအချက်ကို မေ့လျော့သွားခဲ့ခြင်း ဖြစ်၏။
အကယ်၍ ထိုကဲ့သို့သော မသိရသေးသည့် ဇွန်ဘီမျိုးနှင့် အမှန်တကယ် တွေ့ဆုံပါက သူ အနိုင်ရလိမ့်မည်ဟု မပြောနိုင်ပေ။
"ငါတို့ ဒါကို သေသေချာချာ စီစဉ်ရမယ်။ အခြားတစ်ဖက်မှာလည်း သေနတ်တွေ ရှိနိုင်သလို အဲဒီမှာ ကြောက်စရာကောင်းတဲ့ ဇွန်ဘီတစ်ကောင်လည်း ရှိနေတယ်။ ငါတို့ ရက်အနည်းငယ်အတွင်းမှာတင် ပင်မတိုက်ခိုက်ရေးသမား နှစ်ယောက် ဆုံးရှုံးခဲ့ရပြီးပြီ။ ထပ်ပြီး အဆုံးရှုံးမခံနိုင်တော့ဘူး"
ဤအချက်က ရှန့်ဟုန်ပင်း၏ မျက်နှာကို ပိုမို ပျက်ယွင်းသွားစေသည်။ အဘယ်ကြောင့်ဆိုသော် လူတစ်ယောက် ဆုံးရှုံးမှုသည် သူနှင့် တိုက်ရိုက် သက်ဆိုင်နေသောကြောင့် ဖြစ်၏။ သူသည် ယခုအချိန်တွင် အလွန် ဒေါသပုံချချင်နေမိသည်။
"ကဲ... မင်းတို့ အရင်ဆင်းနှင့်ကြဦး။ ငါတို့ ဆက်ပြီး ဆွေးနွေးလိုက်မယ်"
ရန်ကျဲ့က လက်လှမ်းပြလိုက်သည်။
"ဟုတ်ကဲ့"
အခြားသူများလည်း ချက်ချင်း ထရပ်ကာ ထွက်ခွာသွားကြတော့သည်။
လူအများအပြားကို ခေါ်ယူခဲ့ခြင်းမှာ သဲလွန်စများ ရှိမရှိ သိရှိရန် ဖြစ်သည်။ ယခုတွင် သဲလွန်စ ရရှိခဲ့ပြီ ဖြစ်ရာ လှုပ်ရှားမှု အစီအစဉ်ကို ရေးဆွဲရန်အတွက် ကော်မတီဝင် အနည်းငယ်သာ ရှိလျှင် လုံလောက်ပေသည်။
ဟန်ရွေသည် ထရပ်ပြီးနောက် ချက်ချင်း ထွက်မသွားဘဲ ဝမ်ထောင်၏ ဘေးသို့ လာခဲ့သည်။ သူမ၏ မျက်နှာတွင် ဒေါသများနှင့် တောင်းပန်တိုးလျှိုးမှုများ ရောပြွမ်းနေ၏။
"ဝမ်ထောင်... ကော်မတီဝင်ဝမ်၊ ဒီလှုပ်ရှားမှုမှာ ကျွန်မကိုပါ ခေါ်သွားပေးလို့ ရမလားဟင်။ အဖိုးကြီးဆုန့်အတွက် ကျွန်မကိုယ်တိုင် ကလဲ့စားချေချင်လို့ပါ။ တောင်းပန်ပါတယ်"
"ငါ စဉ်းစားပေးပါ့မယ်"
ဝမ်ထောင်က ခေါင်းညိတ်ပြလိုက်သည်။ သူသည် တိုက်ရိုက် သဘောမတူခဲ့သော်လည်း ငြင်းပယ်ခြင်းလည်း မပြုခဲ့ပေ။
"တောင်းပန်ပါတယ်နော်"
ဟန်ရွေက ဝမ်ထောင်ကို လက်အုပ်ချီကာ အသည်းအသန် တောင်းပန်ခဲ့သည်။
အခြားသူများ အားလုံး ထွက်ခွာသွားပြီးနောက် အစည်းအဝေးခန်းမထဲတွင် ကော်မတီဝင် ခုနစ်ယောက်သာ ကျန်ရှိတော့သည်။
လုကန်းက တိုက်ရိုက်ပင် ပြောလိုက်၏။
"ဒီတစ်ခေါက်တော့ ငါ အဖွဲ့ကို ဦးဆောင်နိုင်တယ်။ သူတို့ရဲ့ တိကျတဲ့ နေရာကို သိရရုံနဲ့ ငါ သူတို့ကို တိုက်ရိုက် စနိုက်ပါနဲ့ ပစ်သတ်နိုင်တယ်"
"မဖြစ်ဘူး"
ဝေကျန့်ကော်က ချက်ချင်း ခေါင်းခါလိုက်သည်။
"ဒါက အန္တရာယ် အလွန်များတယ်။ မင်းကိုယ်တိုင်လည်း ဒီမနက်က ပြောခဲ့တယ်မဟုတ်လား၊ အခုအချိန်မှာ အပြင်ဘက်မှာ သေနတ်ပစ်တာက အန္တရာယ်များပြီး ရူးသွပ်ဇွန်ဘီတွေကို လွယ်လွယ်ကူကူ ဆွဲဆောင်နိုင်တယ်ဆိုတာ။ ထပ်ပြီး သူတို့က ပြတင်းပေါက်နားမှာ ရှိမနေရင် မင်း စနိုက်ပါနဲ့ ပစ်လို့ရမှာ မဟုတ်ဘူး"
"ဒါပေမဲ့..." လုကန်း၏ မျက်နှာအမူအရာက အနည်းငယ် ပျက်ယွင်းသွားသည်။
ဝေကျန့်ကော်က ဝမ်ထောင်ကို ကြည့်ကာ ရှင်းပြလိုက်၏။
"လုကန်း ဒီမနက် ပြန်ရောက်တုန်းက ပြောတာတော့ အထူးဇွန်ဘီတွေကို စနိုက်ပါနဲ့ ပစ်ခတ်ဖို့ ခက်ခဲမှုက အများကြီး မြင့်တက်လာတယ်တဲ့။ ဘာလို့လဲဆိုတော့ ဘယ်နေရာကမဆို သေနတ်ပစ်လိုက်တာနဲ့ ရူးသွပ်ဇွန်ဘီတစ်ကောင် ချက်ချင်း ပေါ်လာတတ်လို့ပဲ။ ဒါကြောင့် လူသတ်သမားတွေကို စနိုက်ပါနဲ့ ပစ်သတ်မယ့် အကြံက သိပ်ပြီး အဆင်မပြေလှဘူး..."
"စနိုက်ပါနဲ့ ပစ်သတ်ရမှာလား။ အဲဒါက သူတို့အတွက် သက်သာလွန်းပါတယ်။ ငါ့ကို မေးမယ်ဆိုရင်တော့ ငါ အဖွဲ့ကို ဦးဆောင်ပြီး တည့်တည့်သာ ဝင်စီးလိုက်မယ်"
ဝမ်ထောင်က အေးစက်စွာ ရယ်မောလိုက်သည်။
"ဟင်"
လူတိုင်း အနည်းငယ် အံ့အားသင့်သွားကြသည်။ အခြားတစ်ဖက်သည် မြင့်မားသော နေရာကို ရယူထားပြီး သေနတ်များလည်း ရှိနေသည်။ ဝမ်ထောင်က ဤမျှအထိ မဆင်မခြင် ပြုလုပ်တော့မလို့လား။ ဤအရာက ဂိမ်းတစ်ခု မဟုတ်ဘဲ အသက်က တစ်ချောင်းတည်းသာ ရှိသည်။
"ဒါပေမဲ့... ငါ့ရဲ့ လက်ရှိ ခွန်အားက နည်းနည်း လိုအပ်နေသေးတယ်"
ဝမ်ထောင်က နောင်တရသည့် လေသံဖြင့် ခေါင်းခါလိုက်သည်။
"ငါ့ရဲ့ ခွန်အားကို မြှင့်တင်ဖို့ ဇွန်ဘီအမြုတေတွေ ထပ်ရမယ်ဆိုရင်တော့... ပိုပြီး စိတ်ချရလိမ့်မယ်"
.............