← Chapters

အခန်း ၈၉

Vol. 9 Ch. 89

အခန်း ၈၉

Vol. 9 Ch. 89

အခန်း ၈၉ - ထူးခြားအဆင့် အမြုတေနှစ်ခုကို ပေါင်းစပ်ခြင်း

"ဇွန်ဘီအမြုတေတွေက ခွန်အားကို မြှင့်တင်ပေးနိုင်တာလား။ ငါတို့ဆီမှာ ဇွန်ဘီအမြုတေတွေ ရှိတယ်"

ဝမ်ထောင်၏ စကားကို ကြားပြီးနောက် လုကန်းက ဘာမျှထပ်မစဉ်းစားဘဲ လွှတ်ကနဲ ပြောလိုက်သည်။

"ဒါဆို ငါ အဲဒါတွေကို သုံးလို့ရမလား"

ဝမ်ထောင်က အခြားသူများကို ကြည့်လိုက်၏။

ကော်မတီဝင်အချို့က အချင်းချင်း အပြန်အလှန် ကြည့်လိုက်ကြပြီးနောက် ဝေကျန့်ကော်က စကားစတင်ပြောလာသည်။

"မင်းကလည်း ကော်မတီဝင်တစ်ယောက်ပဲဆိုတော့ အများစုက သဘောတူရင် သဘာဝကျကျ သုံးလို့ရတာပေါ့။ ဒါပေမဲ့..."

ရန်ကျဲ့ကလည်း ထပ်မံ ဖြည့်စွက်ပြောဆိုလာ၏။

"ဒါပေမဲ့ ဒီဇွန်ဘီအမြုတေတွေကို ရဖို့က မလွယ်ကူလှဘူး။ တစ်ချက်ကတော့ ဒါတွေကို အလဟဿ မဖြုန်းတီးပစ်ဖို့ လိုအပ်သလို အခြားတစ်ချက်ကတော့ လူတစ်ယောက်တည်းကိုပဲ အားလုံး ပေးမသုံးနိုင်ဘူး။ ဒါကြောင့်... ဟူး... နည်းနည်းတော့ ချွေတာပေးပါဦး"

အခြားသော ကော်မတီဝင်များကလည်း သူတို့၏ သဘောထားများကို ဖော်ပြလာကြသည်။ လက်ရှိတွင် ဤဇွန်ဘီအမြုတေများ အသုံးပြုမှုကို ကော်မတီကသာ ဆုံးဖြတ်နိုင်ပြီး မဆင်မခြင် အသုံးမပြုနိုင်ပေ။ ဝမ်ထောင်သည် ကော်မတီဝင်တစ်ဦး ဖြစ်သဖြင့် ၎င်းတို့ကို သေချာပေါက် သုံးနိုင်သော်လည်း အားလုံးကို ယူ၍မရပေ။ ယခုအချိန်တွင် သူသည် တစ်ဦးတည်းသော စွမ်းရည်ရှင် ဖြစ်နေသော်လည်း ဤအမြုတေအားလုံးကို သူ့အား ပေးအပ်၍ မရနိုင်ပါ။

"ဟာဟာ၊ အဲဒါအတွက် စိတ်မပူပါနဲ့"

မည်သူမျှ ကန့်ကွက်ခြင်းမရှိသည်ကို မြင်သောအခါ ဝမ်ထောင်သည် အလွန်ဝမ်းသာသွားပြီး ဖော်ရွေစွာပြုံးလျက် ရှင်းပြလိုက်သည်။

"စွမ်းရည်ရှင်တစ်ယောက်အတွက်တောင် ဖြစ်ကတတ်ဆန်း ဇွန်ဘီအမြုတေတိုင်းကို သုံးလို့ရတာ မဟုတ်ပါဘူး။ အမျိုးအစားတူတာကို သုံးတာက အကောင်းဆုံးပဲ။ လူတစ်ယောက်က အမျိုးအစားတူတဲ့ ဇွန်ဘီအမြုတေ အများကြီးကို ပေါင်းစပ်နိုင်ပေမဲ့ ကွဲပြားတဲ့ အမျိုးအစား အများကြီးကိုတော့ သေချာပေါက် ပေါင်းစပ်လို့ မရဘူး။ ဒါကြောင့် ငါက ဒီအမြုတေ အများကြီးကို သုံးချင်ရင်တောင် သုံးနိုင်မှာ မဟုတ်ပါဘူး..."

"အော်... ဒါကြောင့်ကိုး"

လူတိုင်း သဘောပေါက်သွားကြသည်။

ဝမ်ထောင်က ဤအခွင့်အရေးကို အသုံးချကာ ဇွန်ဘီအမြုတေများနှင့် စွမ်းရည်ရှင်များအကြောင်းကို သူတို့အား ပိုမိုပြောပြလိုက်၏။ အကယ်၍ သူတို့သည် နောင်တွင် စွမ်းရည်ရှင်များ ဖြစ်လာခဲ့လျှင်လည်း ဤအရာများကို သေချာပေါက် သိရှိလာကြမည်သာ ။ ဝမ်ထောင်သည် ဤအရာကို သူတို့အတွက် ကျေးဇူးဆပ်ခြင်းတစ်ခုဟု သတ်မှတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့က သူ့ကို ဇွန်ဘီအမြုတေများ အသုံးပြုခွင့်ပေးထားသဖြင့် သူကလည်း အသိအမှတ်ပြုမှု ပြသရမည် ဖြစ်သောကြောင့် ဖြစ်၏။

ကော်မတီဝင်များသည် ဝမ်ထောင်၏ ရှင်းပြချက်ကို အာရုံစိုက်ကာ နားထောင်နေကြသည်။ ဤအရာက ရှားပါးလှသော အခွင့်အရေးတစ်ခု ဖြစ်သည်။

"ငါလည်း စွမ်းရည်ရှင်တစ်ယောက် ဖြစ်ချင်တယ်။ ဘေးထွက်ဆိုးကျိုးတွေ ရှိရင်တောင် သာမန်လူတစ်ယောက် ဖြစ်နေတာထက် ပိုကောင်းသေးတယ်"

ဖုန်းမင်အန်းက လက်သီးကို တင်းတင်းဆုပ်လိုက်သည်။

"သဘာဝကျပါတယ်"

ဝမ်ထောင်က ခေါင်းညိတ်လိုက်၏။

"မင်းတို့ အရင်ဆွေးနွေးနေကြဦး။ ငါ ဇွန်ဘီအမြုတေတွေ သွားယူလိုက်မယ်"

လုကန်းက ထရပ်ပြီးနောက် အစည်းအဝေးခန်းထဲမှ ထွက်ခွာသွားခဲ့သည်။

ရွှေကျဲစခန်းရှိ ဇွန်ဘီအမြုတေအများစုကို လုကန်းကိုယ်တိုင် အမဲလိုက်ရရှိခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ယခင်က အထူးဇွန်ဘီများကိုသာ သီးသန့်အမဲလိုက်ခဲ့ခြင်းကြောင့် ဖြစ်၏။ ထို့ကြောင့် ဤအမြုတေများကို သူကသာ ထိန်းသိမ်းထားခြင်းဖြစ်သည်။ လူတိုင်းက လုကန်းကို အလွန်ယုံကြည်ကြသည်ဟု ဆိုရမည် ဖြစ်ပြီး ဤအရာက သူ၏ ကောင်းမွန်သော စိတ်ဓာတ်ကို သက်သေပြနေခြင်းပင်။

ထို့အပြင် လုကန်း၏ ခန္ဓာကိုယ်ထဲတွင် မည်သည့်အညစ်အကြေးမျှ မရှိသည်ကို ဝမ်ထောင် မြင်တွေ့လိုက်ရသည်။ တစ်နည်းအားဖြင့် သူသည် ဤမျှအထိ အထူးဇွန်ဘီအများအပြားကို အမဲလိုက်ခဲ့သော်လည်း အမြုတေတစ်ခုကိုမျှ မပေါင်းစပ်ခဲ့ဖူးပေ။ သူ၏ စိတ်ချုပ်တည်းနိုင်စွမ်းက အမှန်တကယ်ပင် အထင်ကြီးစရာ ကောင်းလှသည်ဟု ဝန်ခံရပေလိမ့်မည်။

မကြာမီ လုကန်းသည် ကျောပိုးအိတ်တစ်လုံးနှင့်အတူ ပြန်လည်ရောက်ရှိလာခဲ့သည်။

"ဟူး... အခုအချိန်မှာ ဇွန်ဘီအမြုတေတွေ စုဆောင်းရတာ တကယ်ခက်ခဲတယ်။ ငါတို့စခန်းမှာ ရှိသမျှ အမြုတေတွေက ဒီထဲမှာပဲ..."

လုကန်းက သက်ပြင်းချလိုက်သည်။

ရူးသွပ်ဇွန်ဘီများ မပေါ်လာမီက သူသည် အဝေးမှနေ၍ အထူးဇွန်ဘီကို စနိုက်ပါသေနတ်ဖြင့် ပစ်ခတ်ပြီးနောက် အခြားဇွန်ဘီများ မရောက်လာခင် ဆုတ်ခွာနိုင်ခဲ့သည်။ သူသည် ထွက်ပြေးမည့်လမ်းကြောင်းကို ကြိုတင်ပြင်ဆင်ထားသရွေ့ မည်သည့်ပြဿနာမျှ မရှိခဲ့ပေ။

သို့သော် ယခုတွင်မူ ထိုသို့မဟုတ်တော့ဘဲ နေရာတိုင်းနီးပါးတွင် ရူးသွပ်ဇွန်ဘီများ ရှိနေကြပြီ ဖြစ်၏။

အကယ်၍ ကြိုတင်ပြင်ဆင်ထားလျှင်ပင် ဆုတ်ခွာနိုင်ဆဲ ဖြစ်သော်လည်း အန္တရာယ်က အလွန်ကြီးမားလှသည်။ မနေ့ကဆိုလျှင် သူသည် အထူးဇွန်ဘီတစ်ကောင်ကို ပစ်ခတ်ပြီးနောက် ပြေးဝင်လာကြသော ရူးသွပ်ဇွန်ဘီများ၏ ဝိုင်းရံခြင်းကို ခံခဲ့ရသည်။ အကယ်၍ သူနှင့်အတူ လက်ထောက်နှစ်ယောက်သာ ပါမလာခဲ့လျှင် သူ အပြင်ဘက်မှာတင် အသက်ပျောက်သွားနိုင်ပေသည်။

ဝမ်ထောင်က ကျောပိုးအိတ်ကို ယူလိုက်ပြီး လူတိုင်း၏အရှေ့တွင် ဖွင့်လိုက်၏။

"ဂလု"

ကျောပိုးအိတ်ထဲမှ ဇွန်ဘီအမြုတေများကို မြင်လိုက်ရသောအခါ လူတိုင်းသည် မသိစိတ်ဖြင့် တံတွေးမြိုချလိုက်ကြသည်။

ဝမ်ထောင်သည် စွမ်းရည်ရှင်တစ်ဦး ဖြစ်ပြီး ဇွန်ဘီအမြုတေ အများအပြားကို မြင်ဖူးထားသဖြင့် သူတို့ထက် ပို၍ တည်ငြိမ်နေခဲ့သည်။

သို့သော်လည်း အတွင်းထဲမှ ဇွန်ဘီအမြုတေများကို မြင်လိုက်ရသောအခါ ဝမ်ထောင်ကိုယ်တိုင်လည်း သိပ်ပြီး တည်ငြိမ်မနေနိုင်တော့ပေ။

ဘုရားရေ... သူတို့၏ ပေါင်းစပ်ခြင်း စမ်းသပ်မှုများ အကြိမ်တိုင်း အဘယ်ကြောင့် ကျရှုံးခဲ့ရသည်ကို မဆန်းတော့ပေ။ ဤဇွန်ဘီအမြုတေ ခုနစ်ခုလုံးသည် အဖြူရောင်သာမန် အရည်အသွေးများ ဖြစ်နေကြသောကြောင့် ဖြစ်၏။

အဖြူရောင်သာမန်အမြုတေများ၏ ပေါင်းစပ်ခြင်း အောင်မြင်မှုနှုန်းမှာ ၂၀ ရာခိုင်နှုန်းသာ ရှိသဖြင့် သူတို့ တစ်ကြိမ်မျှ မအောင်မြင်ခဲ့ခြင်းက အလွန် သဘာဝကျလှသည်။

"အော်... ဒါနဲ့ ငါ မနေ့က အမြုတေတစ်ခု ထပ်ရသေးတယ်။ ကားထဲကနေ ထုတ်ဖို့ မေ့သွားလို့။ ဒါပေမဲ့ အဲဒီတစ်ခုကတော့ အပြာရောင်ဗျ..."

လုကန်းက အပြင်သို့ ထပ်မံထွက်သွားပြီး မကြာမီမှာပင် အပြာရောင်အမြုတေတစ်ခုနှင့်အတူ ပြန်လာခဲ့သည်။

ဝမ်ထောင်သည် လုကန်းကို အမှန်တကယ်ပင် အထင်ကြီးမိသွားသည်။ သူသည် အမြုတေကို ကိုင်ထားရင်းနှင့်ပင် စားသုံးချင်စိတ်ကို အောင့်အီးထားနိုင်ခြင်းကြောင့် ဖြစ်၏။ ထိုစဉ်ကဆိုလျှင် ဝမ်ထောင်ကိုယ်တိုင်ပင် မအောင့်အီးနိုင်ခဲ့ပေ။

"မင်း တကယ်တော်တယ်။ ဒါကို တောင့်ခံနိုင်တာ..."

ဝမ်ထောင်က လက်မထောင်ပြလိုက်သည်။

ထိုစကားကို ကြားသောအခါ လုကန်းက ချက်ချင်းပင် ပြုံးလျက် ခေါင်းခါပြလာ၏။

"ငါ တာဝန်ထမ်းဆောင်တုန်းကဆိုရင် နေရာတစ်ခုတည်းမှာ မလှုပ်မယှက်ဘဲ ၂၄ နာရီနီးပါး ဝပ်နေခဲ့ရတာ။ ဇွန်ဘီအမြုတေတစ်ခုရဲ့ သွေးဆောင်မှုက အဲဒါနဲ့ယှဉ်ရင် ဘာမှမဟုတ်ပါဘူး"

"လန်းတယ်"

လုကန်းအား ဤဇွန်ဘီအမြုတေများကို သိမ်းဆည်းခွင့်ပေးရန် လူတိုင်း သဘောတူခဲ့ကြခြင်းက မဆန်းတော့ပေ။ သူ၏ စိတ်ချုပ်တည်းနိုင်စွမ်းက အလွန် သန်မာလှသည်။

လုကန်း၏ လက်ထဲမှ အမြုတေကို မြင်လိုက်ရသောအခါ ဝမ်ထောင်၏ မျက်နှာတွင် ဝမ်းသာရိပ်များ ယှက်သန်းသွားခဲ့သည်။ ဤအရာက အမှန်တကယ်ပင် တုန်ခါလှိုင်းအမြုတေတစ်ခု ဖြစ်နေခြင်းကြောင့် ဖြစ်၏။

[ အဆင့် ၁ အမြုတေ · တုန်ခါလှိုင်း ]

[ အရည်အသွေး - အသင့်အတင့် (၄၀%) ]

[ စင်ကြယ်မှု - ၅၀% (ဘေးထွက်ဆိုးကျိုး - မျက်လုံးများ အလင်းဒဏ် မခံနိုင်ခြင်း) ]

ဝမ်ထောင် ယနေ့ ပြန်လာစဉ်က ဘာဆာကာဇွန်ဘီတစ်ကောင်ကို သတ်ခဲ့ပြီး [ အရည်အသွေး - သာလွန်အဆင့် (၆၀%) ] ရှိသော အမြုတေတစ်ခု ရရှိခဲ့သည်။

ထိုသို့ဆိုလျှင် သူသည် မည်သည့်ဘေးထွက်ဆိုးကျိုးမျှ မရှိဘဲ ထူးခြားအဆင့် အမြုတေတစ်ခုကို ပေါင်းစပ်နိုင်ပြီဟု ဆိုလိုခြင်း မဟုတ်ပါလော။

"ငါ ဒီအမြုတေကို အသုံးပြုဖို့ လိုအပ်တယ်"

ဝမ်ထောင်က တိုက်ရိုက်ပင် ပြောလိုက်သည်။

"ရတာပေါ့"

လုကန်းက တုန်ခါလှိုင်းအမြုတေကို ဝမ်ထောင်ထံသို့ တိုက်ရိုက် ကမ်းပေးလိုက်ပြီးနောက် အံ့ဩတသစွာ မေးမြန်းလာ၏။

"ဒီအမြုတေက ဘာလို့ အပြာရောင် ဖြစ်နေပြီး အခြားအရာတွေက ဘာလို့ အဖြူရောင် ဖြစ်နေရတာလဲ"

ဝမ်ထောင်က ဘာမျှ ဖုံးကွယ်မထားဘဲ တိုက်ရိုက် ရှင်းပြလိုက်သည်။

"ဘာလို့လဲဆိုတော့ အပြာရောင်က ပေါင်းစပ်ခြင်း အောင်မြင်မှုနှုန်း ပိုမြင့်လို့ပဲ"

"ဘယ်လောက်အထိ မြင့်တာလဲ"

လူအချို့၏ မျက်နှာများက အနည်းငယ် စိတ်လှုပ်ရှားသွားကြသည်။ အကယ်၍ အောင်မြင်မှုနှုန်း မြင့်မားပါက သူတို့သည်လည်း စွမ်းရည်ရှင်များ ဖြစ်လာရန် အခွင့်အရေး ရှိနေခြင်း မဟုတ်ပါလော။

သို့သော်လည်း ဝမ်ထောင်၏ နောက်ဆက်တွဲစကားများက သူတို့ကို စိတ်ပျက်သွားစေခဲ့သည်။

"အဖြူရောင် ဇွန်ဘီအမြုတေတစ်ခုရဲ့ ပေါင်းစပ်ခြင်း အောင်မြင်မှုနှုန်းက ၂၀ ရာခိုင်နှုန်းဝန်းကျင်ပဲ ရှိတယ်။ အဲဒါတွေက အနိမ့်ဆုံး အရည်အသွေးရှိတဲ့ အမြုတေတွေပေါ့။ အပြာရောင်ကတော့ ၄၀ ရာခိုင်နှုန်း ရှိတယ်... ဒါကို ငါ ဘယ်လိုသိလဲဆိုတာတော့ မမေးပါနဲ့။ မင်းတို့ စွမ်းရည်ရှင် ဖြစ်လာတဲ့အခါ ဒါကို မသိစိတ်ကနေ သဘာဝအတိုင်း ခံစားမိလိမ့်မယ်"

ဝမ်ထောင်သည် သူ၏ ထူးခြားသောစွမ်းရည်ကို သဘာဝကျကျ ရှင်းမပြနိုင်သဖြင့် အရာအားလုံးကို စွမ်းရည်ရှင်တစ်ဦး ဖြစ်ခြင်းကြောင့်ဟုသာ လွှဲချလိုက်သည်။ အကယ်၍ အခြားသူများက စွမ်းရည်ရှင် ဖြစ်လာပြီးနောက် ထိုသို့ မခံစားမိပါက လူသားချင်း ကွာခြားမှုရှိ၍သာ ဖြစ်သည်ဟု သူက ပြောလိုက်ရုံပင်။

"၄၀ ရာခိုင်နှုန်းပဲ ရှိတာလား"

ရန်ကျဲ့က ခေါင်းခါလိုက်သည်။

အကယ်၍ ၅၀ ရာခိုင်နှုန်းထက် မကျော်လွန်ပါက ဖြစ်နိုင်ခြေက မြင့်မားသည်ဟု မခံစားရပေ။

ဟုတ်ပါသည်၊ ဤအရာက အဖြူရောင်များ၏ ၂၀ ရာခိုင်နှုန်းထက်စာလျှင် အများကြီး ပိုကောင်းလှပေသည်။

လူတိုင်းသည် ယခုမှပင် ဝမ်ထောင်၏ မျက်နှာအမူအရာက အဘယ်ကြောင့် ခုနက အနည်းငယ် ထူးဆန်းနေခဲ့သည်ကို နားလည်သွားကြတော့သည်။ သူတို့တွင် ရှိနေသော ဇွန်ဘီအမြုတေများသည် အနိမ့်ဆုံး အရည်အသွေးများ ဖြစ်နေကြသောကြောင့် ဖြစ်၏။

"ဒီထက် ပိုမြင့်တဲ့ အဆင့်ရှိတဲ့ အမြုတေတွေလည်း ရှိသေးတယ်။ ခရမ်းရောင်က ၆၀ ရာခိုင်နှုန်း၊ အနီရောင်က ၈၀ ရာခိုင်နှုန်းနဲ့ လိမ္မော်ရောင်က ၁၀၀ ရာခိုင်နှုန်းပဲ"

"ဟူး..."

"တစ်နည်းအားဖြင့် ငါ လိမ္မော်ရောင် ဇွန်ဘီအမြုတေတစ်ခု ရနိုင်ရင် စွမ်းရည်ရှင် ဖြစ်လာဖို့ ဖြစ်နိုင်ခြေက တစ်ရာရာခိုင်နှုန်း ရှိတာပေါ့ ဟုတ်လား"

လုကန်း အနည်းငယ် စိတ်လှုပ်ရှားသွားရသည်။

သူသည် ပြင်းထန်သော စိတ်ချုပ်တည်းဉာဏ် ရှိသော်လည်း စွမ်းရည်ရှင်တစ်ဦး မဖြစ်ချင်ဟု မဆိုလိုပေ။

သူ၏ စိတ်ချုပ်တည်းဉာဏ် သန်မာရခြင်း အဓိကအကြောင်းရင်းမှာ ဤဇွန်ဘီအမြုတေများကို စားသုံးခြင်းကြောင့် ဆိုးကျိုးများ ရှိမရှိ မသိရခြင်းကြောင့် ဖြစ်ပြီး ကံကောင်းထောက်မစွာဖြင့် သူ မစားသုံးခဲ့ပေ။ ဤအမြုတေများတွင် အညစ်အကြေးများ ရှိနေပြီး ပေါပ်စပ်ခြင်း အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ ခန္ဓာကိုယ်ထဲတွင် အညစ်အကြေးများ စုပုံလာမည် ဖြစ်ကြောင်း ဝေကျန့်ကော်ထံမှ သူ သိရှိထားခဲ့ပြီး ဖြစ်သည်။

"ဟုတ်တယ်" ဝမ်ထောင်က ခေါင်းညိတ်လိုက်ပြီးနောက် ထပ်ပြောလိုက်သည်။

"ဒါကြောင့် လူတိုင်းက စွမ်းရည်ရှင်တစ်ယောက် ဖြစ်လာဖို့ ဇွန်ဘီအမြုတေတစ်ခုကို တကယ်ပေါင်းစပ်ချင်တယ်ဆိုရင် ခရမ်းရောင်၊ အနီရောင် ဒါမှမဟုတ် လိမ္မော်ရောင်တွေကို ရွေးချယ်တာက အကောင်းဆုံးပဲလို့ ငါ အကြံပြုချင်တယ်"

"ဒါဆို ဝမ်ထောင်... မင်း စွမ်းရည်ရတုန်းက ဘယ်လိုမျိုးကို ပေါင်းစပ်ခဲ့တာလဲ"

ဝေကျန့်ကော်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"လိမ္မော်ရောင်"

ဝမ်ထောင်သည် အမှန်တကယ်ပင် လိမ္မော်ရောင်တစ်ခုကို ပေါင်းစပ်ခဲ့ခြင်း ဖြစ်သော်လည်း ၎င်းကို အမြုတေနှစ်ခုဖြင့် ပေါင်းစပ်ဖန်တီးခဲ့ခြင်း ဖြစ်သည်။

"ဒါကြောင့်ကိုး"

လူတိုင်း သဘောပေါက်သွားကြသည်။ သူတို့ စမ်းသပ်ခဲ့သော လူများက စွမ်းရည်များ မရရှိခဲ့ကြဘဲ ဝမ်ထောင်က ရရှိခဲ့ခြင်းက မဆန်းတော့ပေ။ သူသည် ပေါင်းစပ်ခြင်း အောင်မြင်မှုနှုန်း ၁၀၀ ရာခိုင်နှုန်း ရှိသော အမြုတေတစ်ခုကို အသုံးပြုခဲ့၍ ဖြစ်၏။

"ဒါဆိုရင် လူတိုင်းက ငါ့ကို ဤအမြုတေ သုံးခွင့်ပေးဖို့ သဘောတူတုန်းပဲလား"

ဝမ်ထောင်က သူ၏ လက်ထဲမှ အပြာရောင်အမြုတေကို ပြလိုက်သည်။

လူတိုင်းက သဘောတူညီစွာဖြင့် ခေါင်းညိတ်ပြကြ၏။

အပြာရောင်အမြုတေ၏ အောင်မြင်မှုနှုန်းက အဖြူရောင်ထက် မြင့်မားသော်လည်း ၄၀ ရာခိုင်နှုန်းဆိုသည်မှာ နည်းပါးနေဆဲ ဖြစ်သည်။ အကယ်၍ ဇွန်ဘီအမြုတေ ပေါင်းစပ်ခြင်း ကျရှုံးပါက ခန္ဓာကိုယ်ထဲတွင် အညစ်အကြေးများ စုပုံလာမည် ဖြစ်သည်။ အကယ်၍ အညစ်အကြေးများ အလွန်အမင်း စုပုံလာပါက ဇွန်ဘီအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။ ဤအရာက အနည်းငယ် စွန့်စားရလှသည်။ ဇွန်ဘီအမြုတေတစ်ခုကို ပေါင်းစပ်ပြီးသား ဖြစ်သော ရှန့်ဟုန်ပင်းပင်လျှင် ယခုအချိန်တွင် ပိုမို သတိထားချင်နေမိသည်။

"ကောင်းပါပြီ၊ ဒါဆိုရင် ဒါကို ငါ ယူလိုက်မယ်"

ဝမ်ထောင်က ခေါင်းညိတ်လိုက်ပြီး အခြားသော ဇွန်ဘီအမြုတေများကို ထပ်မံ ကြည့်ရှုလိုက်သည်။ ခုနက သူ သေသေချာချာ မကြည့်ရသေးပေ။

စုစုပေါင်း ဇွန်ဘီအမြုတေ ခုနစ်ခု ရှိသည်။

၎င်းတို့ထဲတွင် [ ပထမအဆင့် အမြုတေ · ကိုယ့်ကိုယ်ကိုဖောက်ခွဲမှု ] သုံးခု၊ [ ပထမအဆင့် အမြုတေ · အစားကြီး ] တစ်ခု၊ [ ပထမအဆင့် အမြုတေ · ကြေးအရေပြားနှင့်သံရိုး ] တစ်ခု၊ [ ပထမအဆင့် အမြုတေ · ပြန်လည်ကုသခြင်း ] တစ်ခုနှင့် [ ပထမအဆင့် အမြုတေ · အရှိန်ပြင်းတိုးဝှေ့ ] တစ်ခုတို့ ပါဝင်သည်။

"ပြန်လည်ကုသခြင်း" မှလွဲ၍ ဝမ်ထောင်သည် ဤအမြုတေအားလုံးကို ယခင်က မြင်ဖူးထားခဲ့သည်။ ထို့အပြင် ကိုယ့်ကိုယ်ကိုဖောက်ခွဲမှုနှင့် အစားကြီးမှလွဲ၍ ကျန်ရှိသောအရာ အားလုံးကို သူ အသုံးပြုနိုင်ပုံရသည်။

"ဟူး... အမှန်အတိုင်း ပြောရရင်တော့ ဒီအမြုတေတွေ အားလုံးက ငါ့အတွက် အသုံးဝင်မယ့်ပုံပဲ..."

လူတိုင်း - "..."

သူက သူတို့အတွက် ချန်ထားပေးမည်ဟု ပြောခဲ့သည် မဟုတ်ပါလော။ ဝမ်ထောင်က အားလုံးကို ယူချင်နေတာလား။

ဤအရာများအားလုံးက အဖြူရောင်သာမန် ဇွန်ဘီအမြုတေများ ဖြစ်ကြသော်လည်း အားလုံးကို ယူပစ်လိုက်ခြင်းက မသင့်လျော်ပေ။ ထို့အပြင် လူတိုင်းကလည်း သေချာပေါက် သဘောတူကြမည် မဟုတ်ပေ။

သို့သော်လည်း ဝမ်ထောင်က ချက်ချင်းပင် ထပ်မံ ပြောဆိုလိုက်သည်။

"ဒါပေမဲ့ အားလုံးကို ယူလိုက်ရင်တော့ မသင့်တော်ဘူးဆိုတော့ ငါ နောက်ထပ် နှစ်ခုပဲ ထပ်ယူလိုက်မယ်။ မင်းတို့အားလုံး ဘယ်လိုထင်လဲ"

"အဲ..."

ဝမ်ထောင်က နောက်ထပ် နှစ်ခုသာ ယူမည်ဟု ကြားလိုက်ရသောအခါ လူတိုင်း နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားကြတော့သည်။

"သဘောတူတယ်"

ဝေကျန့်ကော်က ပထမဆုံးအကြိမ် ခေါင်းညိတ်ပြလိုက်ပြီး အခြားသူများကလည်း သူတို့၏ သဘောတူညီမှုကို ဖော်ပြလာကြသည်။

ခုနက အပြာရောင်အမြုတေ အပါအဝင်ဆိုလျှင် စုစုပေါင်း အမြုတေ ရှစ်ခု ရှိသည်။ ဝမ်ထောင်က သုံးခု ယူခြင်းက များပြားလှသော်လည်း သူတို့အတွက် လက်ခံနိုင်စရာ မရှိသည်တော့ မဟုတ်ပေ။ အားလုံးကို ယူသွားခြင်းထက်စာလျှင်တော့ ပိုကောင်းသေးသည်။

ဝမ်ထောင် ထပ်မံယူလိုက်သော အမြုတေနှစ်ခုမှာ သဘာဝကျစွာပင် [ ကြေးအရေပြားနှင့်သံရိုး ] နှင့် [ ပြန်လည်ကုသခြင်း ] တို့ ဖြစ်ကြသည်။

မနေ့က သူသည် 'အသင့်အတင့် (၈၀%)' ရှိသော ကြေးအရေပြားနှင့်သံရိုး တစ်ခု ရရှိခဲ့ပြီး ယခု ဤ 'သာမန်အရည်အသွေး (၂၀%)' ရှိသော အရာနှင့် ပေါင်းစပ်လိုက်ပါက ထူးခြားအဆင့် အမြုတေတစ်ခုကို ဖန်တီးနိုင်မည် ဖြစ်၏။

တစ်ရက်တည်းမှာတင် ထူးခြားအဆင့် အမြုတေနှစ်ခု ရရှိခြင်းက... အလွန် ကောင်းမွန်လှပေသည်။

[ ပြန်လည်ကုသခြင်း ] နှင့် ပတ်သက်၍မူ ဝမ်ထောင်အနေဖြင့် လောလောဆယ် အသုံးမပြုနိုင်သေးသော်လည်း ဤအရာက အလွန် ကောင်းမွန်သော စွမ်းရည်တစ်ခု ဖြစ်ပေသည်။

[ ပထမအဆင့် အမြုတေ · ပြန်လည်ကုသခြင်း ]

[ အရည်အသွေး - သာမန်အရည်အသွေး (၂၀%) ]

[ စင်ကြယ်မှု - ၅၀% (ဘေးထွက်ဆိုးကျိုး - ထိတွေ့မှုအာရုံ အားနည်းခြင်း) ]

[ ပြန်လည်ကုသခြင်း - အချိန်ကာလတစ်ခုအတွင်းမှာ ဒဏ်ရာအချို့ကို ဖြည်းဖြည်းချင်း ပြန်လည်သက်သာစေနိုင်သည် ]

အကယ်၍ သူသည် ဤပြန်လည်ကုသခြင်း စွမ်းရည်ကို ရရှိပြီး ကြေးအရေပြားနှင့်သံရိုးနှင့် တွဲဖက်လိုက်ပါက သူသည် သေမျိုးမဟုတ်သော ပိုးဟပ်တစ်ကောင်ကဲ့သို့ ဖြစ်သွားမည် မဟုတ်ပါလော။

သို့သော်လည်း စွမ်းရည်ကို အမှန်တကယ် မရရှိသေးသရွေ့ အသေးစိတ်ကို သူ မသိနိုင်သေးပေ။ သူသည် ဤအမြုတေကို လောလောဆယ် သိမ်းဆည်းထားမည် ဖြစ်ပြီး နောင်တွင် အသုံးဝင်လာနိုင်ပေသည်။

[ အရှိန်ပြင်းတိုးဝှေ့ ] အမြုတေနှင့် ပတ်သက်၍မူ ဝမ်ထောင်အနေဖြင့် အသုံးပြုနိုင်သော်လည်း သူရရှိထားပြီးသား အရှိန်ပြင်းတိုးဝှေ့အမြုတေက 'သာလွန်အဆင့် (၆၀%)' အရည်အသွေး ဖြစ်နေသည်။ ဤအရာကို ထပ်ပေါင်းလိုက်လျှင်ပင် ၈၀ ရာခိုင်နှုန်းအထိသာ ရောက်ရှိမည် ဖြစ်ပြီး ၁၀၀ ရာခိုင်နှုန်း ထူးခြားအဆင့် အရည်အသွေးသို့ ရောက်ရှိမည် မဟုတ်ပေ။ ထို့ကြောင့် ဝမ်ထောင်က ၎င်းကို အသုံးမပြုပေ။ သူသည် သူ၏ ခန္ဓာကိုယ်ထဲတွင် အညစ်အကြေးများ စုပုံလာမည်ကို မလိုလားပါ။

ဤဇွန်ဘီအမြုတေနှစ်ခုကို ယူပြီးနောက် ဝမ်ထောင်သည် ပြန်လည်ကုသနိုင်သောဇွန်ဘီ၏ အသေးစိတ်အချက်အလက်များကို မေးမြန်းခဲ့သည်။ နောင်တွင် ထိုကဲ့သို့သော ဇွန်ဘီမျိုးနှင့် တွေ့ဆုံပါက သူ သတိထားရမည် ဖြစ်သောကြောင့် ဖြစ်၏။

လုကန်းက ၎င်းသည် ဝဖြိုးသော ဇွန်ဘီတစ်ကောင် ဖြစ်ကြောင်း ပြောပြသည်။ ယခင်က သူ စနိုက်ပါသေနတ်ဖြင့် အမဲလိုက်စဉ်က ၎င်းကို သတ်နိုင်ပြီဟု အကြိမ်တိုင်း ထင်မှတ်ခဲ့သော်လည်း သေဆုံးမသွားခဲ့ပေ။ ၎င်းကို သတ်ပစ်ရန်အတွက် ကျည်ဆံများစွာ အသုံးပြုခဲ့ရသည်။ ဝမ်ထောင်သည် နောင်တွင် သတိထားနိုင်ရန် ဤအထူးဇွန်ဘီ၏ ပုံပန်းသဏ္ဌာန်ကို စိတ်ထဲတွင် မှတ်သားထားလိုက်၏။

ဝမ်ထောင်သည် ကြေးအရေပြားနှင့်သံအရိုးအမြုတေ၏ မြစ်ဖျားခံရာကိုလည်း သေစေချာချာ မေးမြန်းခဲ့သည်။ သူတို့သည် လွန်ခဲ့သော လဝက်ခန့်က ဇွန်ဘီအုပ်စုကြီးတစ်ခုနှင့် တွေ့ဆုံခဲ့ပြီး ပြင်းထန်သော သေနတ်ပစ်ခတ်မှုများဖြင့်သာ ၎င်းကို သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ခေါင်းမာဇွန်ဘီ၏ ခုခံမှုက မြင့်မားသော်လည်း ကျည်ဆံမိုးရွာသွန်းမှုကိုမူ မတောင့်ခံနိုင်ခဲ့ပေ။

ကိုယ့်ကိုယ်ကိုဖောက်ခွဲမှု အမြုတေများနှင့် ပတ်သက်၍မူ ၎င်းတို့ကို မကြာသေးမီ ရက်ပိုင်းအတွင်းက ရရှိခဲ့ခြင်း ဖြစ်၏။ လုကန်းသည် အသေခံဇွန်ဘီများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို စခန်းထံ အစီရင်ခံရန် အချိန်မရသေးပေ။ မဟုတ်လျှင် ရှန့်ဟုန်ပင်းသည် ဤမျှအထိ ကံဆိုးခဲ့မည် မဟုတ်ပေ။

"ဝမ်ထောင်၊ ဒီဇွန်ဘီအမြုတေတွေရဲ့ စွမ်းဆောင်ရည်က ဘာလဲဆိုတာ ငါတို့ကို ရှင်းမပြပေးဘူးလား"

ဖုန်းမင်အန်းက ရုတ်တရက် စကားပြောလာသည်။

လူတိုင်းက ဝမ်ထောင်ထံသို့ အကြည့်များ ပို့လိုက်ကြသည်။ သူတို့သည် ဤဇွန်ဘီအမြုတေများ၏ စွမ်းရည်များနှင့် ပတ်သက်၍ အချို့ကို ခန့်မှန်းထားကြသော်လည်း အပြည့်အဝတော့ မသေချာကြပေ။

"ကောင်းပါပြီ။ ပထမဆုံးအနေနဲ့ ငါယူလိုက်တဲ့ အမြုတေသုံးခုက တုန်ခါလှိုင်း၊ ကြေးအရေပြားနှင့်သံရိုးနဲ့ ပြန်လည်ကုသခြင်းတို့ ဖြစ်ကြတယ်..."

ဝမ်ထောင်က အကျဉ်းချုပ် ရှင်းပြလိုက်သည်။ တုန်ခါလှိုင်းကို အသေးစိတ် ရှင်းပြခဲ့သော်လည်း ကြေးအရေပြားနှင့်သံရိုး သို့မဟုတ် ပြန်လည်ကုသခြင်းနှင့် ပတ်သက်၍မူ သူကိုယ်တိုင် မသင်ယူရသေးသဖြင့် အများကြီး မပြောခဲ့ပေ။ ထို့အပြင် ဤအရာများသည် ဇွန်ဘီအမြုတေများ၏ အတွင်းပိုင်းအခြေအနေပေါ် မူတည်၍ ခန့်မှန်းထားခြင်းသာ ဖြစ်သဖြင့် အပြည့်အဝ မတိကျနိုင်ကြောင်းလည်း သူ ပြောပြခဲ့သည်။

အခြားသူများမှာမူ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် တုန်ခါလှိုင်းအမြုတေတွင် လှုပ်ရှားနေသော လှိုင်းတွန့်များကို ရှင်းလင်းစွာ မြင်နိုင်သော်လည်း ကြေးအရေပြားနှင့်သံရိုးအမြုတေတွင် လူမည်းရုပ်သေးလေးတစ်ခု ပါဝင်ပြီး ပြန်လည်ကုသခြင်းအမြုတေတွင် အစိမ်းရောင် အစေ့အဆန်တစ်ခု ပါဝင်နေသောကြောင့် ဖြစ်၏။

၎င်းတို့၏ အသုံးဝင်ပုံကို ထိုပုံလေးများမှတစ်ဆင့် ခန့်မှန်းနိုင်သည်တဲ့လား။

သို့သော် ဝမ်ထောင်က စွမ်းရည်ရှင်တစ်ဦး ဖြစ်ပြီး သူတို့က မဟုတ်ကြသဖြင့် ဝမ်ထောင်၏ စကားကသာ အတည်ဖြစ်ပြီး သူတို့ ငြင်းပယ်နိုင်ခြင်း မရှိပါ။

"ကျန်တဲ့ အမြုတေတွေကတော့ ကိုယ့်ကိုယ်ကိုဖောက်ခွဲမှု၊ အရှိန်ပြင်းတိုးဝှေ့နဲ့ အစားကြီးတို့ ဖြစ်ကြတယ်..."

ထိုအမြုတေသုံးခုနှင့် ပတ်သက်၍ ဝမ်ထောင်၏ ရှင်းပြချက်ကို ကြားပြီးနောက် လူစုသည် အံ့ဩမှင်တက်စွာဖြင့် အချင်းချင်း ကြည့်လိုက်ကြသည်။

အရှိန်ပြင်းတိုးဝှေ့ကို နားလည်နိုင်ပြီး ၎င်းသည် ဝမ်ထောင်၏ တုန်ခါလှိုင်းကဲ့သို့ပင် တိုက်ခိုက်ရေးစွမ်းရည်တစ်ခု ဖြစ်ပုံရသည်။ သို့သော် အစားကြီးနှင့် ကိုယ့်ကိုယ်ကိုဖောက်ခွဲမှုတို့မှာမူ ရယ်စရာကောင်းလှပေသည်။

အထူးသဖြင့် ကိုယ့်ကိုယ်ကိုဖောက်ခွဲမှု ဖြစ်၏။ ဤစွမ်းရည်ကို သင်ယူခဲ့လျှင်ပင် ဘဝတွင် တစ်ကြိမ်သာ အသုံးပြုနိုင်မည် ဖြစ်သည်။

"ဒါဆိုရင် ငါတို့ အသေခံစစ်သားအချို့ကို ဖန်တီးနိုင်တာပေါ့ ဟုတ်လား"

ရှန့်ဟုန်ပင်းက ရုတ်တရက် ပြောလိုက်သည်။

လူတိုင်း ခဏမျှ မှင်တက်သွားကြပြီး ဝေကျန့်ကော်က ရှန့်ဟုန်ပင်းကို စိုက်ကြည့်လိုက်၏။

"မဖြစ်နိုင်တာ။ ငါတို့ဆီမှာ ရှိတဲ့ စစ်သားတိုင်းက အစားထိုးလို့မရဘူး။ သူတို့က တန်ဖိုးရှိတယ်"

"ဟူး... ငါက ငါတို့စစ်သားတွေကို ပြောတာ မဟုတ်ပါဘူး..."

"..."

လူစုသည် ရုတ်တရက် တိတ်ဆိတ်သွားကြတော့သည်။

"တကယ်လို့ ငါတို့ ကျော်လွှားရခက်တဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့ရလို့ ငါတို့လက်ထဲမှာ အသေခံစစ်သားတွေ ရှိနေရင် ရလဒ်က ကွဲပြားသွားနိုင်တယ်။ ငါ အသေခံဇွန်ဘီရဲ့ ပြင်းအားကို မြင်ဖူးတယ်၊ အဲဒါက ဗုံးအသေးစားတစ်ခုထက် မနည်းဘူး..."

မည်သူမျှ စကားမပြောကြသည်ကို မြင်သောအခါ ရှန့်ဟုန်ပင်းက ခေါင်းထပ်ခါလိုက်ပြန်သည်။

"...ထားလိုက်ပါတော့၊ ဒါက လက်တွေ့မကျဘူး။ ဘယ်သူမှ အသေခံစစ်သား မလုပ်ချင်ကြဘူး၊ အဲဒါက မိမိဆန္ဒအလျောက် ဖြစ်ရမှာ။ အသက်ရှင်ကျန်ရစ်သူတွေမှာ အဲဒီလိုလူမျိုး မရှိကြသလို ငါတို့မှာ ရှိနေရင်တောင်... လူအင်အား မလုံလောက်ဘူး၊ ဟူး..."

ဝမ်ထောင်က သူ၏ နဖူးပေါ်မှ မရှိသော ချွေးအေးများကို သုတ်လိုက်သည်။

ဘုရားရေ... သူတို့က အသေခံစစ်သားတွေကိုပါ သုတေသနပြုချင်နေကြတာလား။

သူကတော့ ကိုယ့်ကိုယ်ကိုဖောက်ခွဲအမြုတေသည် အသုံးမဝင်ဟု ယခင်က ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။ သူ၏ အမြင်က အလွန် ကျဉ်းမြောင်းလွန်းခဲ့သည်မှာ ထင်ရှားလှပေသည်။

"အစားကြီးနှင့် ပတ်သက်ရင်တော့ ဒါက မဆိုးလှတဲ့ စွမ်းရည်တစ်ခု ပဲ။ တကယ်လို့ တစ်ယောက်ယောက်က အဲဒီအစွမ်းရသွားရင် လူသားဒိုင်းအဖြစ် အသုံးတော်ခံနိုင်တယ် မဟုတ်လား"

"ဒါပေမဲ့ သူက ဇွန်ဘီဗိုင်းရပ်စ်ကို ခုခံနိုင်မှာ မဟုတ်သလို အစားကြီးတဲ့လူကို ကျွေးမွေးဖို့ ငါတို့စခန်းရဲ့ ရိက္ခာထောက်ပံ့မှုက မလုံလောက်နိုင်ဘူး..."

"ကောင်းပြီ၊ အမြုတေအားလုံးက အလွန် သန်မာပုံရပေမဲ့ ကန့်သတ်ချက်တွေကလည်း တော်တော်လေး ကြီးမားတယ်"

ရှန့်ဟုန်ပင်းက သက်ပြင်းချလိုက်သည်။

"ဒါကတော့ ဇွန်ဘီအမြုတေတွေနဲ့ ပတ်သက်ပြီး ငါသိသမျှ သတင်းအချက်အလက်တွေပါပဲ။ နောင်မှာ မင်းတို့ တစ်ခုခုရလို့ ပေါင်းစပ်ချင်တယ်ဆိုရင်တော့ ငါ့ဆီ ယူလာခဲ့ဖို့ ကိုယ်တိုင် အကြံပြုချင်တယ်၊ ငါ အကြံဉာဏ်အချို့ ပေးနိုင်တာပေါ့..."

ဝမ်ထောင်က လက်နှစ်ဖက်ကို ဖြန့်ပြလိုက်သည်။

"သေချာတာပေါ့"

လူတိုင်းက ခေါင်းညိတ်ပြကြသည်။ ဝမ်ထောင်က မပြောခဲ့လျှင်ပင် သူတို့ ဤသို့ ပြုလုပ်ကြမည်သာ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အသက်ရှင်နေသော စွမ်းရည်ရှင်တစ်ဦး ဤနေရာတွင် ရှိနေသဖြင့် မည်သည့်ပြဿနာမဆို သူ့ထံတွင် ဆွေးနွေးတိုင်ပင်သင့်ကြောင့် နားလည်ကြသောကြောင့် ဖြစ်သည်။

"ကဲ... အခြားကိစ္စ မရှိရင်တော့ ငါ အရင်သွားလိုက်ဦးမယ်။ တုန်ခါလှိုင်းအမြုတေကို ပေါင်းစပ်နိုင်မလားဆိုတာ သွားကြည့်လိုက်ဦးမယ်။ ပေါင်းစပ်နိုင်ရင် ငါ့ရဲ့ ခွန်အားက အများကြီး တိုးတက်လာလိမ့်မယ်..."

"ကောင်းပြီ။ ငါတို့ မင်းရဲ့ သတင်းကောင်းကို စောင့်မျှော်နေပါ့မယ်"

လူတိုင်း ခေါင်းညိတ်ပြကြ၏။

ဝမ်ထောင် ထွက်ခွာသွားပြီးနောက် လူတိုင်းသည် စားပွဲပေါ်ရှိ ဇွန်ဘီအမြုတေများကို ကြည့်ကာ တံတွေးများကို အသည်းအသန် မြိုချလိုက်ကြသည်။

ရှန့်ဟုန်ပင်းက ဝေကျန့်ကော်ကို ကြည့်ကာ ပြောလိုက်၏။

"အဖိုးကြီးဝေ၊ ငါတို့ အထူးဇွန်ဘီတွေကို အမဲလိုက်ဖို့ ပိုပြီး အာရုံစိုက်သင့်ပြီလို့ ထင်လား။ ငါလည်း စွမ်းရည်ရှင်တစ်ယောက် ဖြစ်ချင်တယ်"

ဝေကျန့်ကော် အနည်းငယ် စိတ်ဒွိဟ ဖြစ်သွားရသည်။

"အထူးဇွန်ဘီတွေကို သတ်ရတဲ့ အန္တရာယ်က အလွန် ကြီးမားတယ်... ဒါပေမဲ့ ငါတို့လည်း ခွန်အားကို မြှင့်တင်ဖို့ လိုအပ်နေတာပဲ။ ဒီထက် ပိုပြီး ထူးဆန်းတဲ့ ဇွန်ဘီတွေ ပေါ်လာဦးမလားဆိုတာ ဘယ်သူသိနိုင်မှာလဲ..."

"အပြင်က ဇွန်ဘီတွေက ပိုပြီး သန်မာလာကြပြီလို့ ငါ ခံစားရတယ်။ အရင်က ငါ အထူးဇွန်ဘီတွေကို အမဲလိုက်တုန်းက ခေါင်းကို တစ်ချက် ပစ်ရုံနဲ့ ပြီးသွားခဲ့ပေမဲ့ အခုတော့ နှစ်ချက် သုံးချက် ပစ်ရတယ်။ ထပ်ပြီး ရူးသွပ်ဇွန်ဘီတွေ ရှိနေတော့ ငါ သေသေချာချာ စနိုက်ပါနဲ့ ပစ်လို့ မရတော့ဘူး..."

"ဒါကို နောက်မှ ဝမ်ထောင်နဲ့ ထပ်ပြီး ဆွေးနွေးကြတာပေါ့..."

.အိမ်ပြန်လမ်းတွင် ဝမ်ထောင်သည် [ ကြေးအရေပြားနှင့်သံအရိုး ] နှင့် [ တုန်ခါလှိုင်း ] ဇွန်ဘီအမြုတေများကို ပေါင်းစပ်ရန်အတွက် သူ၏ ဟင်းလင်းပြင်ကျောပိုးအိတ်ထဲသို့ ထည့်သွင်းလိုက်သည်။

ခဏမျှအကြာတွင် သူသည် လိမ္မော်ရောင် ထူးခြားအဆင့် အမြုတေနှစ်ခုကို ရရှိခဲ့သည်။

[ ပထမအဆင့် အမြုတေ · တုန်ခါလှိုင်း ]

[ အရည်အသွေး - ထူးခြားအဆင့် (၁၀၀%) ]

[ စင်ကြယ်မှု - ၁၀၀% (ဘေးထွက်ဆိုးကျိုး မရှိခြင်း) ]

[ ပထမအဆင့် အမြုတေ · ကြေးအရေပြားနှင့်သံရိုး ]

[ အရည်အသွေး - ထူးခြားအဆင့် (၁၀၀%) ]

[ စင်ကြယ်မှု - ၁၀၀% (ဘေးထွက်ဆိုးကျိုး မရှိခြင်း) ]

ဤလိမ္မော်ရောင် အမြုတေနှစ်ခုကို ကြည့်ကာ ဝမ်ထောင် ဝမ်းသာသွားခဲ့သည်။ ရွှေကျဲစခန်းသို့ ဝင်ရောက်ခဲ့ခြင်းက အမှန်တကယ်ပင် မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်ခဲ့သည်။ မဟုတ်လျှင် အမြုတေများ စုဆောင်းရန်အတွက် သူ့ဘာသာသူသာ အားကိုးနေရပါက အချိန်အများကြီး ကုန်ဆုံးရပေလိမ့်မည်။

အမှတ်(၈) အဆောက်အအုံသို့ ပြန်ရောက်သောအခါ တင်ယွီချင်သည် ဧပရွန်ကို ဝတ်ဆင်ကာ ချက်ပြုတ်နေခဲ့သည်။

"ဝမ်ထောင်၊ ညစာ မကြာခင် ရတော့မယ်နော်"

"ကောင်းပြီ။ ဒါပေမဲ့ ငါ ဇွန်ဘီအမြုတေတွေကို ပေါင်းစပ်တော့မှာမို့လို့ ငါ့ကို ခဏလောက် လာမနှောင့်ယှက်နဲ့ဦး"

"အင်း..."

ဝမ်ထောင်သည် သူ၏ အခန်းထဲသို့ ပြန်ဝင်လာခဲ့ပြီးနောက် လိမ္မော်ရောင် တုန်ခါလှိုင်းအမြုတေကို ထုတ်ယူကာ မည်သည့် တွေဝေမှုမျှ မရှိဘဲ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။

ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်ထဲတွင် နွေးထွေးသော ခံစားချက်တစ်ခု ထွက်ပေါ်လာပြီးနောက် ယခင်တစ်ခေါက်ကကဲ့သို့ပင် ပျောက်ကွယ်သွားခဲ့သည်။

ဝမ်ထောင်သည် သူ၏ အရည်အချင်းများကို စစ်ဆေးလိုက်၏။

အခြားအရာများ မပြောင်းလဲသော်လည်း သူ၏ စွမ်းအင်ဘားတန်းမှာ ၁၀၀ တိုးလာပြီး ယခုအခါ ၂၀၀ ဖြစ်နေသည်။

"ဇွန်ဘီအမြုတေတစ်ခုကို ပေါင်းစပ်လိုက်ရင် စွမ်းအင် ၁၀၀ တိုးတာလား"

တုန်ခါလှိုင်း စွမ်းရည် တိုးတက်လာခြင်း ရှိမရှိနှင့် ပတ်သက်၍မူ စမ်းသပ်မှုများ ပြုလုပ်ရန် လိုအပ်နေသေးသည်။ ဝမ်ထောင်သည် ၎င်းကို လောလောဆယ် မစမ်းသပ်သေးဘဲ အခြားတစ်လုံးဖြစ်သော လိမ္မော်ရောင် ကြေးအရေပြားနှင့်သံရိုးအမြုတေကို ထုတ်ယူကာ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ပြန်သည်။

"ဟူး... ပူလိုက်တာ..."

ဝမ်ထောင်သည် သူ၏ ခန္ဓာကိုယ် ပူလောင်လာသည်ကို ခံစားလိုက်ရသော်လည်း တောင့်မခံနိုင်စရာတော့ မဟုတ်ပေ။ သူသည် သူ၏ အဝတ်အစားအားလုံးကို ချွတ်ပစ်လိုက်ပြီး ကုတင်ပေါ်တွင် ခဏမျှ လှဲလျောင်းနေခဲ့သည်။

ဝမ်ထောင် ခပ်ဝါးဝါး ခံစားလိုက်ရသည်မှာ သူ၏ လက်ရှိ ခွန်အားအရ သူသည် အလွန်ဆုံးရှိမှ မတူညီသော ဇွန်ဘီအမြုတေ အမျိုးအစား တစ်ခု သို့မဟုတ် နှစ်ခုကိုသာ ထပ်မံ ပေါင်းစပ်နိုင်ပုံရပြီး မဟုတ်ပါက ဆိုးရွားသော အရာတစ်ခုခု ဖြစ်ပျက်သွားနိုင်ပေသည်။

သို့သော်လည်း သူ ပေါင်းစပ်ပြီးသား အမျိုးအစားတူ အမြုတေများကို ဆက်လက် ပေါင်းစပ်ခြင်းမှာမူ မည်သည့် ပြဿနာမျှ မရှိဘဲ အမျိုးအစားတူ အမြုတေ အများအပြားကို ဆက်လက် ပေါင်းစပ်နိုင်ပုံရ၏။ မိနစ်အနည်းငယ် ကုန်ဆုံးသွားပြီးနောက် ဝမ်ထောင်သည် သူ၏ ခန္ဓာကိုယ်တွင်းမှ အပူရှိန်များ ဖြည်းည်းချင်း လျော့ပါးသွားသည်ကို ခံစားလိုက်ရသဖြင့် သူ၏ အရည်အချင်းများကို အမြန် စစ်ဆေးလိုက်သည်။

စွမ်းအင်ဘားတန်းသည် နောက်ထပ် ၁၀၀ တိုးလာပြီး ၃၀၀ သို့ ရောက်ရှိသွားခဲ့သည်။ ထို့အပြင် သူ၏ စွမ်းရည်စာရင်းတွင် "ကြေးအရေပြားနှင့်သံရိုး" ဆိုသည့် စွမ်းရည်တစ်ခု ထပ်မံ တိုးလာခဲ့သည်။

"အခုလောလောဆယ်တော့ ဘာမှ ပြောင်းလဲသွားတဲ့ပုံ မပေါ်ဘူး..."

ဝမ်ထောင်သည် စိတ်ကူးတစ်ခုဖြင့် ကြေးအရေပြားနှင့်သံရိုး စွမ်းရည်ကို အသက်သွင်းလိုက်သည်။

ထိုအခါ ဝမ်ထောင်သည် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အရေပြားများ ချက်ချင်း မာကျောသွားသည်ကို သတိပြုမိလိုက်၏။ ၎င်းကို ထိတွေ့လိုက်သောအခါ ကျောက်တုံးကဲ့သို့ အေးစက်စက် ခံစားချက်မျိုး ပေးစွမ်းသော်လည်း သူ၏ ထိတွေ့မှုအာရုံမှာမူ ရှိနေဆဲ ဖြစ်ရာ စာသားအတိုင်း ကျောက်တုံးအဖြစ် ပြောင်းလဲသွားခြင်းတော့ မဟုတ်ပေ။ ထို့အပြင် သူ၏ ခန္ဓာကိုယ် ပျော့ပျောင်းမှုအပေါ်တွင်လည်း မည်သည့် သက်ရောက်မှုမျှ မရှိပေ။ သဘာဝကျစွာပင် သူ၏ အရေပြားသည်လည်း မည်းမှောင်သွားခြင်း မရှိပါ။

ဝမ်ထောင်သည် သူ၏ စွမ်းအင်ကို စစ်ဆေးရာ တစ်စက္ကန့်လျှင် ၁ မှတ် ကုန်ဆုံးနေသည်ကို တွေ့ရသည်။ တစ်နည်းအားဖြင့် သူ၏ စွမ်းအင် ၃၀၀ သည် ၅ မိနစ်စာ တောင့်ခံနိုင်မည် ဖြစ်၏။ အကယ်၍ သူ အခြားစွမ်းရည်များကို အသုံးမပြုပါက ဤမျှအထိ ကြာမြင့်မည် ဖြစ်သည်။

"ဒီစွမ်းရည်က စိတ်ဝင်စားဖို့ကောင်းသားပဲ..."

သို့သော်လည်း ဝမ်ထောင်သည် ပို၍ စိတ်ဝင်စားစရာကောင်းသော အရာတစ်ခုကို မကြာမီ ရှာဖွေတွေ့ရှိသွားခဲ့သည်။ သူ၏ ကြေးအရေပြားနှင့်သံရိုးသည် တစ်ကိုယ်လုံးကို သက်ရောက်မှု ရှိစေရုံမျှမက ခန္ဓာကိုယ်၏ သီးသန့်အစိတ်အပိုင်းတစ်ခုတည်းကိုလည်း သီးခြား အသုံးချနိုင်ခြင်းကြောင့် ဖြစ်၏။

တစ်ကိုယ်လုံးရှိ ကြေးအရေပြားနှင့်သံရိုးကို ပိတ်လိုက်ပြီးနောက် ဝမ်ထောင်သည် သူ၏ ခန္ဓာကိုယ်မှ အစိတ်အပိုင်းတစ်ခုကို ကြည့်ကာ အာရုံစိုက်လိုက်သည်။

၎င်းမှာ ချက်ချင်းဆိုသလို မာကျောကာ ထောင်လာခဲ့၏။

"-"

သူ၏ လက်ညှိုးက မာကျောလာခဲ့ခြင်းဖြစ်သည်။

.....

All Chapters