← Chapters

အခန်း ၉၀

Vol. 9 Ch. 90

အခန်း ၉၀

Vol. 9 Ch. 90

အခန်း ၉၀ - တိုက်ခိုက်ခြင်း

"ဝမ်ထောင်... နင် ဘာမှမဖြစ်ဘူးမလား"

ဝမ်ထောင် အိပ်ခန်းထဲက ထွက်လာတဲ့အခါ တင်ယွီချင်က ခပ်သွက်သွက် လျှောက်လာပြီး သူ့လက်ကို ဆွဲကိုင်ကာ စိုးရိမ်တကြီး မေးလိုက်သည်။

"ငါက ဘာဖြစ်ရမှာလဲ"

ဝမ်ထောင်က ပြုံးပြီး ပြောလိုက်၏။

"ဟင်... ဘာကြီးလဲ၊ ဘာလို့ ဒီလောက် မာနေတာလဲ"

တင်ယွီချင် တစ်ချက် ကြောင်သွားပြီးမှ ဝမ်ထောင်ရဲ့ လက်ကို ကိုင်ပြီး ထူးဆန်းတဲ့ မျက်နှာပေးနှင့် ကြည့်လိုက်၏။

"နင့်လက်က..."

"ငါ ခန္ဓာကိုယ်ရဲ့ တချို့ အစိတ်အပိုင်းတွေကို မာခဲသွားအောင် လုပ်နိုင်တဲ့ စွမ်းရည်အသစ်တစ်ခု သင်ယူထားတာ။ ငါတို့ ဒီည စမ်းကြည့်လို့ရတယ်"

ဝမ်ထောင်က မာတောင့်နေသော လက်ညှိုးနှင့်တင်ယွီချင်၏ ပါးပြင်လေးကို တို့ထိလိုက်လေသည်။

"အာ... ဘယ်လို စမ်းမှာလဲ... အာ... နင်ကတော့ တကယ် ဆိုးတာပဲ"

တင်ယွီချင် တစ်ယောက် ဘာတွေ တွေးမိသွားလဲ မသိ၊ မျက်နှာတစ်ခုလုံး ရုတ်တရက် နီရဲသွားကာ ဝမ်ထောင်ရဲ့ ရင်ဘတ်ကို လက်သီးဆုပ်လေးနဲ့ အသာအယာ ထုလိုက်တော့သည်။

"...ငါ ဘာမှတောင် မပြောရသေးဘူးလေ။ မရီးက အရာရာကို မြန်မြန်ဆန်ဆန် နားလည်လွန်းတယ်နော်"

"လူလိမ်ကြီး... ထမင်းစားရအောင်"

တင်ယွီချင်က ရဲခနဲဖြစ်သွားသော

မျက်နှာလေးနှင့် ဝမ်ထောင်ကို ထမင်းစားပွဲဆီ ဆွဲခေါ်သွားလေသည်။

ရိုးရှင်းသောထမင်းတစ်နပ်ကို စားသောက်ပြီးနောက် ဝမ်ထောင်က တင်ယွီချင်ကို ပြောလိုက်၏။

"ငါ လုပ်စရာတွေ ရှိသေးတယ်။ မရီးပဲ အိမ်ကို ရှင်းလင်းထားလိုက်ပါ။ အကူအညီ လိုရင် အပြင်က ကင်းစောင့်တွေကို တိုက်ရိုက် ပြောလိုက်လို့ ရတယ်"

"ကောင်းပြီ... ငါ ဒီဂျူးမြစ်တွေကိုလည်း အကုန် စိုက်ရဦးမယ်..."

နေ့လယ်ပိုင်းတွင် ဝမ်ထောင်သည် ဘက်စုံသုံးအဆောက်အအုံသို့ တစ်ခေါက် ပြန်ရောက်လာခဲ့သည်။ ထိုနေရာတွင် ဝေကျန့်ကော်နှင့် ရန်ကျဲ့ နှစ်ယောက်သာ ရှိနေ၏။

"မင်း အလုပ်ပြီးပြီလား... အဆင်ပြေပြေ ပြီးခဲ့ရဲ့လား"

ဝေကျန့်ကော်က အံ့သြသွားဟန်ဖြင့် မေးလေသည်။

"ပြီးပါပြီ... အားလုံး အဆင်ပြေပြေ ပြီးဆုံးခဲ့ပါတယ်"

"ဒါဆိုရင် ကောင်းတာပေါ့။ ဒါဆိုရင် ကုန်တိုက်ဟောင်းထဲက အသက်ရှင်ကျန်ရစ်သူတွေကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ ဆွေးနွေးကြစို့"

ဝေကျန့်ကော်က ဝေါ်ကီတော်ကီကို သုံးပြီး အခြား ကော်မတီဝင်များကို ချက်ချင်းဆင့်ခေါ်လိုက်သည်။

အနည်းငယ် ဆွေးနွေးပြီးနောက် နောက်ဆုံးတွင် ဝမ်ထောင်ကို အဖွဲ့ခေါင်းဆောင်အဖြစ် ထားရှိရန် ဆုံးဖြတ်လိုက်ကြပြီး ဝမ်ထောင်ကို အဓိက တိုက်ခိုက်ရေးအင်အားအဖြစ် သတ်မှတ်ကာ အခြားသူများက အပြင်မှ ကူညီရန် သဘောတူလိုက်ကြ၏။

အမှန်တရားကို ပြောရလျှင် ရွှေကျဲစခန်း၌ ထိုအသက်ရှင်ကျန်ရစ်သူများကို အလွယ်တကူ အပြတ်ရှင်းပစ်နိုင်သည့် အင်အား ရှိပါသည်။ သို့သော် ပြဿနာမှာ ထိုနေရာတွင် ရှိနေသော အလွန်အင်အားကြီးမားသည့် ဇွန်ဘီ ကြီးဖြစ်လေသည်။ ကုန်တိုက်၏ ပထမထပ် ပျက်စီးယိုယွင်းနေမှုကို ကြည့်ခြင်းအားဖြင့် ထိုဇွန်ဘီက အလွန် သန်မာလွန်းပြီး ၎င်းတို့အနေဖြင့် အနိုင်မတိုက်နိုင်လောက်ပေ။ ဇွန်ဘီများသည် တရားမျှတစွာ တိုက်ခိုက်တတ်သူများ မဟုတ်ဘဲ အုပ်စုလိုက်ကြီး ရောက်လာတတ်ကြသေးသည်။ ဘေးကင်းစေရန်အတွက် သေနတ်များကို မသုံးစွဲခြင်းက ပိုကောင်း၏။ အဆုံးသတ်တွင် ၎င်းတို့သည် ကလဲ့စားချေရန် သွားခြင်းဖြစ်ပြီး အတူတူ ပျက်စီးရန် သွားခြင်း မဟုတ်ပေ။

၎င်းတို့ဘက်မှ သေနတ် မသုံးသော်လည်း တစ်ဖက်လူကိုလည်း သေနတ် မဖောက်မိအောင်လည်း တားဆီးရမည် ဖြစ်သည်။

ထို့ကြောင့် ၎င်းတို့အနေဖြင့် ဝမ်ထောင်ကိုသာ အဖွဲ့ခေါင်းဆောင် တင်မြှောက်နိုင်တော့သည်။ လက်ရှိ အခြေအနေအရ ခေတ်မီလက်နက်များကို မသုံးစွဲပါက ဝမ်ထောင်သည် စခန်း၌ အသန်မာဆုံး လူသား ဖြစ်လေသည်။ သူက စွမ်းရည်ရှင်တစ်ဦး ဖြစ်ပြီး တိုက်ခိုက်ရေး စွမ်းရည်ကို ပိုင်ဆိုင်ထား၏။ အကယ်၍ သူပင် မကိုင်တွယ်နိုင်ပါက အခြားသူလည်း တတ်နိုင်မည် မဟုတ်တော့ပေ။

"ဝမ်ထောင်... မင်း လူဘယ်နှစ်ယောက် ခေါ်သွားမှာလဲ"

ရန်ကျဲ့က မေးလိုက်သည်။

"ငါ လူတစ်ယောက်ပဲ ခေါ်သွားမယ်။ မင်းတို့အားလုံးက ငါ့ကို ကူညီဖို့ အပြင်မှာပဲ နေခဲ့ပါ"

ဝမ်ထောင်က ခေါင်းယမ်းလိုက်၏။

အကယ်၍ သူ တစ်ယောက်တည်း သို့မဟုတ် အခြားလူတစ်ယောက်နှင့်သာ သွားပါက ရန်သူက အလွန်သတိကြီးနေမည် မဟုတ်ပေ။

သို့သော် လူအများကြီး သွားပါက ၎င်းတို့ကို ခြိမ်းခြောက်မှု ခံစားရစေပြီး သေနတ်ကို အားကိုးသွားစေနိုင်သည်။

"လူနှစ်ယောက်ထဲလား... "

"ကောင်းပြီလေ"

ဝေကျန့်ကော်က အနည်းငယ် စိုးရိမ်မိသော်လည်း ယခင်က စွမ်းရည်ရှင်များ၏ တိုက်ခိုက်မှုကို မြင်တွေ့ဖူးသဖြင့် ၎င်းတို့၏ တိုက်ခိုက်ရေးအင်အားက သာမန်လူများထက် အဆပေါင်းများစွာ သာလွန်သည်ကို သတိရမိသွားသည်။ သေနတ်များကို မသုံးသရွေ့ သာမန်လူများက စွမ်းရည်ရှင်ကို အနိုင်တိုက်ရန် မဖြစ်နိုင်ပေ။

သူသည် ဝမ်ထောင်၏ တကယ့် အင်အားကို မျက်ဝါးထင်ထင် မမြင်ဖူးသေးသော်လည်း ဝမ်ထောင်က သူမြင်ဖူးခဲ့သည့် စွမ်းရည်ရှင်ထက် မညံ့ဖျင်းကြောင်း ထင်ရှားလေသည်။

"မင်း ဘယ်သူ့ကို ခေါ်သွားမှာလဲ... အဖိုးကြီးရှန့်လား၊ လူကလေးလူလား"

ဝေကျန့်ကော်က ထပ်မံ မေးလိုက်၏။

ရှန့်ဟုန်ပင်းနှင့် လူကန်း နှစ်ယောက်စလုံးက ဝမ်ထောင်ကို မျှော်လင့်တကြီး ကြည့်နေကြသည်။

၎င်းတို့နှစ်ဦးစလုံး စွမ်းရည်ရှင်တစ်ဦး တိုက်ခိုက်သည်ကို ကောင်းကောင်း မမြင်ဖူးသေးသဖြင့် ကိုယ်တိုင် ကိုယ်ကျ မြင်တွေ့ချင်နေကြခြင်း ဖြစ်၏။

သို့သော် ဝမ်ထောင်က ခေါင်းယမ်းလိုက်ပြီး လူတစ်ယောက်၏ နာမည်ကို ပြောလိုက်လေသည်။

"ဟန်ရွှေ"

"ဟင်"

အားလုံး ကြောင်အသွားကြ၏။

"မင်းက ဟန်ရွှေကို ခေါ်သွားမလို့လား။ သူမရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အဲဒီလောက် တောင် သန်မာလို့လား"

ရန်ကျဲ့က နားမလည်နိုင်စွာ မေးလိုက်သည်။

"မဟုတ်ပါဘူး။ ငါ သူမကို ကိုယ်တိုင် ကလဲ့စားချေခွင့်ပေးမယ်လို့ ကတိပေးထားလို့ပါ။ ငါတို့ တခြားလူတွေထက် ပိုပြီး အတွဲညီတာကိုလည်း မင်းတို့ သိသားပဲ"

"ဪ... ရပါတယ်... သူမဘက်က သဘောတူရင် ပြဿနာမရှိပါဘူး"

ဝေကျန့်ကော်က ခေါင်းညိတ်လိုက်လေသည်။

ဟန်ရွှေက ရာဇဝတ်မှုနှိမ်နင်းရေး ရဲမေတစ်ဦး ဖြစ်ပြီး တိုက်ခိုက်ရေး စွမ်းရည်လည်း ရှိရာ ဝမ်ထောင် နောက်သို့ လိုက်ပါခြင်းက ဝန်ထုပ်ဝန်ပိုး ဖြစ်လာမည် မဟုတ်ပေ။

အသေးစိတ် အချက်အလက်အချို့ကို ဆွေးနွေးပြီးနောက် အားလုံးက မနက်ဖြန်တွင် ထွက်ခွာရန် ဆုံးဖြတ်လိုက်ကြသည်။

မိုးရွာနေတုန်း သွားခြင်းက ပိုကောင်းပြီး ရာသီဥတု သာယာသွားချိန်မှ သွားပါက ပိုမို အန္တရာယ်များနိုင်လေသည်။

အစီအစဉ်ကို အတည်ပြုပြီးနောက် ဝမ်ထောင်သည် ဟန်ရွှေကို ရှာရန် အောက်ထပ်သို့ ဆင်းလာခဲ့ရာ သူမကလည်း ထိုနေရာတွင် အဆင်သင့်ရှိနေ၏။

"မနက်ဖြန်ကျရင် မင်း ငါ့နောက်ကို လိုက်ခဲ့ပါ။ ငါတို့ ကုန်တိုက်ဟောင်းကို တူတူ သွားကြမယ်"

"ကျေးဇူးတင်ပါတယ်"

ဟန်ရွှေက ငိုထားသဖြင့် ဖူးယောင်နေသော မျက်ဝန်းများကို သုတ်လိုက်ပြီး ဝမ်ထောင်ကို ကျေးဇူးတင်စွာ ပြောပြီးမှ သတိရကာ မေးလိုက်သည်။

"ကျွန်မ ဘာတွေ ပြင်ဆင်ထားဖို့ လိုမလဲ"

"ကောင်းကောင်း အနားယူပြီး အကောင်းဆုံး အခြေအနေမှာ ရှိနေအောင်ပဲ နေပါ"

ဝမ်ထောင်က ဟန်ရွှေ၏ ပုခုံးကို ပုတ်ပေးလိုက်၏။

"ကောင်းပါပြီ"

ဟန်ရွှေဘက်တွင် ပြဿနာမရှိကြောင်း အတည်ပြုပြီးနောက် ဝမ်ထောင် ပြန်လာခဲ့လေသည်။

သူ ဟန်ရွှေကို ခေါ်သွားရသည့် အကြောင်းရင်းမှာ သူမက အကူအညီ တောင်းနေသောကြောင့် မဟုတ်ဘဲ ဟန်ရွှေ၏ အာရုံခံစွမ်းရည် ကြောင့် ဖြစ်သည်။

စကားပုံတစ်ခု ရှိသည်မဟုတ်ပါလား၊ ခြင်္သေ့တစ်ကောင်သည် ယုန်တစ်ကောင်ကို ဖမ်းလျှင်ပင် သူ့အင်အားအားလုံးကို အသုံးချတတ်၏။

ဝမ်ထောင်သည် ကောရှင်းနှင့် အခြားသုံးယောက်က သူ့ကို မယှဉ်နိုင်မှန်း သိသော်လည်း ပေါ့ဆမည် မဟုတ်ပေ။ ဟန်ရွှေကို ခေါ်သွားရန် လိုအပ်၏။ အနည်းဆုံးတော့ သူမသည် မည်သူက ပုန်းအောင်းနေပြီး သူ့ကို ချုံခိုတိုက်ခိုက်ရန် ပြင်ဆင်နေခြင်း ရှိမရှိ အာရုံခံပေးနိုင်လေသည်။

ထိုညတွင် ဝမ်ထောင်သည် တင်ယွီချင်နှင့် စမ်းသပ်ရန် ပေးထားသော ကတိကို မတည်နိုင်ခဲ့ပါ။ မနက်ဖြန်၌ တိုက်ပွဲတစ်ခု ရှိနေသဖြင့် အင်အားကို ထိန်းသိမ်းထားခြင်းက ပိုကောင်း၏။

ထို့ကြောင့် တင်ယွီချင်က ဝမ်ထောင်ကို အနည်းငယ် မကျေနပ်သော မျက်လုံးများဖြင့် ကြည့်နေတော့သည်။ သူမသည် ဝမ်ထောင်၏ ရိုက်နှက်ခြင်းကို ခံယူရန် အဆင်သင့် ပြင်ထားသော်လည်း ဝမ်ထောင်က ပေါ်မလာခဲ့ပေ။ ဝမ်ထောင်၏ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းက အတော်လေး ကောင်းမွန်လှသည်။ ညနေခင်း လေ့ကျင့်ခန်း လုပ်ပြီးနောက် သူသည် ရေချိုးကာ အိပ်ရာဝင်ခဲ့ပြီး နောက်တစ်နေ့ မနက်တွင် စောစော နိုးလာခဲ့၏။

တင်ယွီချင် ဂရုတစိုက် ပြင်ဆင်ပေးထားသည့် မနက်စာကို စားပြီးနောက် ဝမ်ထောင်သည် လက်နက်အပြည့်အစုံဖြင့် ထွက်ခွာခဲ့လေသည်။

မိုးက မစဲသေးပေ။

ပြင်ပမှ မိုးရေများကို ကြည့်ရင်း ဝမ်ထောင် မျက်မှောင်ကြုတ်လိုက်မိ၏။ ဒီမိုးက တစ်ပတ်ကျော်ကြာအောင် ရွာလိုက်စဲလိုက် ဖြစ်နေခဲ့ခြင်းပင်။ မိုးက မပြင်းထန်သော်လည်း ယခုကဲ့သို့ ကြာရှည်စွာ ရွာသွန်းမှုကြောင့် လမ်းများပေါ်တွင် ရေများပင် တင်ကျန်နေခဲ့လေပြီ ။

စခန်း၏ ရေနုတ်မြောင်း မကောင်းသည့် အချို့နေရာများတွင် ကြည့်လိုက်ပါက မြစ်တစ်စင်းကဲ့သို့ ဖြစ်နေတော့သည်။

မိုးရွာခြင်းက ဇွန်ဘီများ၏ အာရုံခံနိုင်စွမ်းကို လျော့ကျစေသော်လည်း အရာရာက အလွန်အမင်း ဖြစ်လာပါက မကောင်းပေ။ ဆက်တိုက် ရွာနေသော မိုးကို ကောင်းမွန်သော အရာတစ်ခုအဖြစ် မခံစားရပါ။ ဘက်စုံသုံးအဆောက်အအုံသို့ ရောက်ရှိလာချိန်တွင် ကော်မတီဝင်အချို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဟန်ရွှေသည် ဝမ်ထောင်နှင့်အတူ တစ်ချိန်တည်း ဝင်လာခဲ့၏။

ယနေ့တွင် သူမသည် ရဲယူနီဖောင်းကို ဝတ်ဆင်မထားဘဲ ဒူးအထက်နားအထိ ရောက်သော အပြာရောင် ဂါဝန်အတိုကို ဝတ်ဆင်ထားကာ အသားရောင် ခြေအိတ်ရှည်နှင့် အဖြူရောင် စနီကာဖိနပ်တစ်စုံကို တွဲဖက်ထားသည်။

ဟန်ရွှေသည် သူမ၏ ဆံပင်များကိုလည်း ကောက်ကြောင်းကြီးများ ဖြစ်အောင် လှိုင်းတွန့် ပုံဖော်ထားပြီး မိတ်ကပ်ပါးပါး ခြယ်သကာ နှုတ်ခမ်းပေါ်တွင် တောက်ပသော နှုတ်ခမ်းနီနီကို ဆိုးထားလေသည်။

ဝမ်ထောင်၏ မျက်ဝန်းများ အနည်းငယ် တောက်ပသွား၏။

ယခင်က ဟန်ရွှေက သူရဲကောင်းဆန်ပြီး ရဲရင့်ဖျတ်လတ်သော်လည်း လက်ရှိ ဟန်ရွှေက ဆွဲဆောင်မှုရှိပြီး ညှို့ယူဖမ်းစားနိုင်စွမ်း ရှိနေသည်။

ဟန်ရွှေကို ရဲယူနီဖောင်းဖြင့်သာ မကြာခဏ မြင်တွေ့ရပြီးနောက် ယခုကဲ့သို့ ပြင်ဆင်ထားသည်ကို မြင်ရသည်မှာ ရုတ်တရက်ဆိုသလို အထူးပင် ဆွဲဆောင်မှု ရှိနေလေသည်။

ဟန်ရွှေက ဝမ်ထောင်၏ ရှေ့တွင် သူမ၏ ဝတ်စုံကို ရဲရဲဝံဝံ ပြသလိုက်ပြီးနောက် မျှော်လင့်တကြီး မေးလိုက်၏။

"ကော်မတီဝင်ဝမ်... ကျွန်မရဲ့ ဒီနေ့ ဝတ်စုံကို ဘယ်လို ထင်လဲ"

"တကယ် လှတယ်... မိန်းကလေးဆန်တယ်"

ဝမ်ထောင်က တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ပြောလိုက်သည်။

ဟန်ရွှေ၏ မျက်နှာ အနည်းငယ် ရဲသွားကာ ခပ်သွက်သွက် ပြောလိုက်၏။

"အဟမ်း... ကျွန်မ ပြောချင်တာက တကယ်လို့ ကျွန်မ ဒီဝတ်စုံကို ဝတ်ပြီး ကုန်တိုက်ဟောင်းကို သွားရင် သူတို့ ကျွန်မကို သံသယဝင်မှာ မဟုတ်ဘူးမလား။ ကျွန်မ ဒီအဝတ်အစားတွေကို မနည်း ရှာထားရတာ... ကျွန်မ ရဲယူနီဖောင်း ဝတ်သွားရင် သူတို့က​ မြင်တာနဲ့ သေနတ်နဲ့ ပစ်မှာလေ "

ဝမ်ထောင် စကားနင်သွားတော့သည်။

ငါကိုက ဘာတွေတွေးနေမိမှန်း မသိတာ ။

ဟန်ရွှေက အရေးကြီးသော ကိစ္စကို မေးမြန်းနေခြင်း ဖြစ်၏။ ဝမ်ထောင်က ဟန်ရွှေကို ထပ်မံ ကြည့်ရှုပြီးနောက် ခေါင်းညိတ်လိုက်သည်။

"အဆင်ပြေပါတယ်။ မင်းက အိမ်ကနေ အခုမှ ထွက်လာပြီး ငါကယ်တင်လာတာကို ခံရတဲ့ ဒါမှမဟုတ် ငါဖမ်းဆီးခြင်းကို ခံရတဲ့ အသက်ရှင်ကျန်ရစ်သူတစ်ယောက်လို ဟန်ဆောင်လို့ ရတယ်။ ဒါက အတော်လေး ကျိုးကြောင်းဆီလျော်တယ်"

အမှန်တရားအရ ဝမ်ထောင်သည် ၎င်းကို ကျိုးကြောင်းဆီလျော်သည်ဟု မထင်ပေ။ အဆုံးသတ်တွင် ယခုက ကမ္ဘာပျက်ကပ်ကာလ ဖြစ်ရာ မည်သူက ယခုကဲ့သို့ နုနယ်ပျော့ပျောင်းစွာ ဝတ်ဆင်ပါမည်နည်း။

သို့သော် ပြင်ပတွင် မိုးက အပြင်းအထန် ရွာသွန်းနေဆဲ ဖြစ်သည်။ သူ ဟန်ရွှေကို ကုန်တိုက်ထဲ ခေါ်သွားချိန်တွင် သူမက ရေစိုရွှဲနေမည် ဖြစ်ရာ မည်မျှပင် နုနယ်ပျောင်းအိစွာ ဝတ်ဆင်ထားပါစေ အရေးပါမည် မဟုတ်တော့ပါ။

ထို့ကြောင့် သူမ ဘာဝတ်သည်က အရေးမကြီးလှပေ။ အမှန်တကယ်တော့ သူမ၏ လက်ရှိပုံစံက မျက်စိပသာဒ ဖြစ်စေသဖြင့် ဝမ်ထောင် အတော်လေး သဘောကျမိသည်။

နှစ်ယောက်သား အပေါ်ထပ်သို့ တက်ကာ ဝေကျန့်ကော်နှင့် အခြားသူများကို နှုတ်ဆက်ပြီး အရာရာ အဆင်ပြေကြောင်း အတည်ပြုပြီးနောက် အဖွဲ့သည် ချက်ချင်းပင် လှုပ်ရှားလိုက်ကြတော့သည်။

ယခုအကြိမ်တွင် ဝမ်ထောင်အပြင် ရှန့်ဟုန်ပင်း၊ လူကန်းနှင့် ဖုန်းမင်အန်း တို့လည်း လိုက်ပါလာကြသည်။ ၎င်းတို့က မျှော်လင့်မထားသော အခြေအနေများ ဖြစ်ပေါ်လာပါက အပြင်ဘက်မှနေ၍ ဝမ်ထောင်ကို ကူညီရန် လာကြခြင်း ဖြစ်၏။

ဝေကျန့်ကော်က ဝှီးချဲပေါ်တွင် ရှိနေဆဲ ဖြစ်သဖြင့် သဘာဝကျစွာပင် မလိုက်နိုင်ပေ။ အခြားလူအချို့က တိုက်ခိုက်ရေးအင်အား မရှိသဖြင့် စခန်း၌သာ သတင်းကို စောင့်ဆိုင်းနေကြမည် ဖြစ်သည်။

စုစုပေါင်း အဆင့်မြှင့်တင်ထားသောစစ်သုံးကား သုံးစီး ရှိပြီး ဝမ်ထောင် အပါအဝင် လူဆယ့်နှစ်ယောက် ရှိကာ အားလုံးက လက်နက်အပြည့်အစုံ တပ်ဆင်ထားကြသည်။

ပြင်ပတွင် မိုးက ပိုမို ပြင်းထန်လာသော်လည်း စစ်သုံးကားများကိုမူ ကြီးကြီးမားမား သက်ရောက်မှု မရှိပေ။ လမ်းတစ်လျှောက် ဇွန်ဘီများကို ရှောင်ကွင်းပြီးနောက် နှစ်နာရီအကြာတွင် ၎င်းတို့သည် ကုန်တိုက်ဟောင်းကို နောက်ဆုံး၌ လှမ်းမြင်လိုက်ကြရသည်။

ဝမ်ထောင်နှင့် သူ၏ အဖွဲ့သည် ကုန်တိုက်ဟောင်းဆီသို့ တိုက်ရိုက် မသွားဘဲ ဆုန့်ကျင်းဟုန်၏ ဦးခေါင်းကို ချိတ်ဆွဲထားသည့် လျှပ်စစ်မီးတိုင်ဆီသို့ ဦးတည်သွားကြ၏။ အမြင့်တွင် ချိတ်ဆွဲပြသထားသော ဦးခေါင်းကို ကြည့်ပြီး ဟန်ရွှေ၏ မျက်ဝန်းများထဲတွင် မျက်ရည်များ ချက်ချင်း ဝဲတက်လာခဲ့သည်။

အခြားသူများလည်း ဒေါသတကြီး ကြည့်နေကြသော်လည်း ၎င်းတို့က တည်ငြိမ်မှုကို ထိန်းသိမ်းထားကြဆဲ ဖြစ်သည်၊ အကြောင်းမှာ လျှပ်စစ်မီးတိုင် အောက်ခြေတွင် ထိုဦးခေါင်းကြောင့် ဆွဲဆောင်ခံရပြီး ထွက်ခွာမသွားကြသော ဇွန်ဘီ တစ်ဆယ်ကျော် ရှိနေသောကြောင့် ဖြစ်၏။

"မင်းတို့အားလုံး ကားထဲမှာပဲ နေခဲ့ပါ။ ငါ ဇွန်ဘီတွေကို ရှင်းလိုက်မယ်"

အချိန်ကုန်သက်သာစေရန် ဝမ်ထောင်က တိုက်ရိုက် ပြောလိုက်သည်။

"မင်း တစ်ယောက်တည်းလား"

ရှန့်ဟုန်ပင်း၏ မျက်လုံးများ ပြူးကျယ်သွား၏။

"ငါ တစ်ယောက်တည်းတင် လုံလောက်ပါတယ်"

အချိန်ကုန်သက်သာစေရန်အပြင် ဝမ်ထောင်သည် ယခု အခွင့်အရေးကို အသုံးချပြီး သူ့ရရှိထားသော လက်ရှိအင်အားကို စမ်းသပ်လိုခြင်းလည်း ဖြစ်သည်။သူသည် ဇွန်ဘီပုံဆောင်ခဲ သုံးခုကို ပေါင်းစပ်ထားပြီး ဖြစ်သော်လည်း သူ မည်မျှ သန်မာနေသည်ကို မသိသေးပေ။

"ကောင်းပြီလေ"

ဝမ်ထောင်က ယခု စစ်ဆင်ရေးကို ဦးဆောင်နေခြင်း ဖြစ်ပြီး အားလုံးက သူ့ကို ပူးပေါင်းကူညီရမည် ဖြစ်ရာ မည်သူမျှ ကန့်ကွက်ခြင်း မရှိကြပေ။

၎င်းတို့အနေဖြင့်လည်း စွမ်းရည်ရှင်တစ်ဦးက မည်မျှအထိ သန်မာသည်ကို ကြည့်ရှုရန် အခွင့်အရေး ရရှိခြင်း ဖြစ်၏။

ဟန်ရွှေမှလွဲ၍ အခြားသူ မည်သူမျှ စွမ်းရည်ရှင်တစ်ဦး၏ လှုပ်ရှားမှုကို မမြင်ဖူးကြပေ။ ဟန်ရွှေကလည်း ဝမ်ထောင်ကို မျှော်လင့်တကြီး စောင့်ကြည့်နေပြီး ယခင်က သူမ မြင်တွေ့ခဲ့ရသော အင်အားက သူ့ရဲ့ တကယ့် အင်အား မဟုတ်ဘဲ ဝမ်ထောင်က ထိုထက်မက ပိုမို သန်မာရမည်ဟု ယုံကြည်နေလေသည်။

ဝမ်ထောင်သည် မီးသတ်ပုဆိန်ကို ကိုင်ဆောင်ကာ ကားပေါ်မှ ဆင်းပြီး ဇွန်ဘီအုပ်စုဆီသို့ တည်ငြိမ်စွာ လျှောက်လှမ်းသွားခဲ့သည်။ အခြားသူများက မျှော်လင့်မထားသော ဖြစ်ရပ်များကို ကာကွယ်ရန် သေနတ်များကို အဆင်သင့် ပြင်ထားကြ၏။

သူသည် ဇွန်ဘီတစ်ကောင်နှင့် တစ်မီတာခန့် အကွာအဝေးသို့ ရောက်ရှိချိန်တွင်မှ ထိုသတ္တဝါက ဝမ်ထောင်ကို နောက်ကျစွာ သတိပြုမိသွားသည်။

"ဂါး... ဂစ်ဂစ်.."

ဇွန်ဘီက လှည့်လာပြီး ဝမ်ထောင်ဆီသို့ ပြေးဝင်လာခဲ့၏။

ဝမ်ထောင်က တစ်လုံးမှ မပြောဘဲ မီးသတ်ပုဆိန်ကို မြှောက်ကာ ဇွန်ဘီ၏ ဦးခေါင်းဆီသို့ လွှဲခုတ်ထည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် တုန်ခါလှိုင်းစွမ်းရည်ကို တိတ်တဆိတ် အသက်သွင်းလိုက်လေသည်။

ဒုတ်..

[ -၅၀၀ ]

ပထမဦးစွာ ပုဆိန်က ဇွန်ဘီကို ချက်ချင်း သေဆုံးစေခဲ့ပြီးနောက် တုန်ခါလှိုင်းက ထိုဇွန်ဘီ၏ ဦးခေါင်းမှတစ်ဆင့် အပြင်ဘက်သို့ ပြန့်နှံ့သွားခဲ့သည်။

ဘုန်း

[ -၅၀၀ ]

[ -၅၀၀ ]

[ -၅၀၀ ]

...ဇွန်ဘီ တစ်ဆယ်ကျော်သည် တစ်ချိန်တည်းမှာပင် ဦးခေါင်းများ ပေါက်ထွက်ကာ ဖြည်းညင်းစွာ လဲပြိုသွားကြတော့သည်။ ဝမ်ထောင် တစ်ယောက်တည်းသာ မတ်တပ်ရပ်လျက် ကျန်ရှိနေတော့၏။

"ဟင်... အင်အားက တကယ်ပဲ အများကြီး တိုးလာတာပဲ။ ပြီးတော့ တုန်ခါလှိုင်းရဲ့ အတိုင်းအတာကလည်း ပိုပြီး ကျယ်ပြန့်လာတယ်"

ဝမ်ထောင်သည် ဝမ်းသာအားရ ဖြစ်သွား၏၊ အဆင့်မြှင့်တင်မှုက သူ စိတ်ကူးထားသည်ထက် ပိုမို ကြီးမားလှသည်။ သူက စိတ်အာရုံဖြင့် ဇွန်ဘီများ ချပစ်ခဲ့သော ပစ္စည်းထည့်အိတ် အားလုံးကို သိမ်းဆည်းလိုက်ပြီးနောက် လျှပ်စစ်မီးတိုင်ပေါ်တွင် ဦးခေါင်းကို ချည်နှောင်ထားသည့် ကြိုးကို ဖြတ်တောက်လိုက်လေသည်။

ဝှစ်..

ဖပ်...

ဦးခေါင်းက ချက်ချင်း ပြုတ်ကျလာခဲ့သည်။ ဝမ်ထောင်သည် ကြိုတင် ပြင်ဆင်ထားသော အိတ်ဖြင့် ဖမ်းယူလိုက်ပြီးနောက် ယာဉ်တန်းဆီသို့ လျှောက်လှမ်းခဲ့၏။

ကားအတွင်းရှိ လူတိုင်းမှာ ရုတ်တရက် ဆွံ့အလို့ နေကြသည်။

၎င်းတို့အနေဖြင့် ကောင်းကောင်းပင် တုံ့ပြန်နိုင်ခြင်း မရှိသေးပေ။ ၎င်းတို့၏ မျက်ဝန်းထဲတွင် ဝမ်ထောင်က ကားပေါ်မှ ဆင်းသွားပြီး လျှောက်လှမ်းကာ ဇွန်ဘီတစ်ကောင်ကို ပုဆိန်ဖြင့် တစ်ချက် လွှဲခုတ်လိုက်ရုံမျှဖြင့် ဇွန်ဘီအားလုံး၏ ဦးခေါင်းများ ပေါက်ထွက်ကာ လဲကျသွားခြင်း ဖြစ်သည်။ အချို့က တုန်ခါလှိုင်းကို မြင်တွေ့လိုက်ရသော်လည်း အချို့ကမူ ရှင်းရှင်းလင်းလင်းပင် မမြင်လိုက်ရပေ။

ဒါက စွမ်းရည်ရှင်တစ်ယောက်လား။

ဒါကြီးက အရမ် သန်မာလွန်းတယ်။

အကယ်၍ ၎င်းတို့သာ ထိုဇွန်ဘီများကို သတ်ရန် ကြိုးစားပါက ကျည်ဆန်အမြောက်အမြား ကုန်ဆုံးလျှင်ပင် သေဆုံးချင်မှ သေဆုံးမည် ဖြစ်သော်လည်း ဝမ်ထောင်ကမူ ပုဆိန်တစ်ချက်တည်းဖြင့် အားလုံးကို သတ်ပစ်ခဲ့၏။

ထိုစစ်သည်အနည်းငယ်သည် ဝမ်ထောင် အဘယ်ကြောင့် ကော်မတီဝင်တစ်ဦး ဖြစ်လာရသည်ကို နောက်ဆုံးတွင် နားလည်သွားကြတော့သည်။ ယခုကဲ့သို့ အင်အားအဆင့်အတန်းဖြင့် ကော်မတီဝင်တစ်ဦး ဖြစ်လာခြင်းက တကယ်ကို ထိုက်တန်လှပေသည်။

"သွားကြစို့"

ဝမ်ထောင်က ကားပေါ်သို့ တက်လာပြီး အိတ်ထဲမှ ဦးခေါင်းကို စစ်သည်တစ်ဦးထံသို့ ကမ်းပေးလိုက်သည်။

"..."

ကားက စတင် လှုပ်ရှားသွားသော်လည်း ရှန့်ဟုန်ပင်းနှင့် အခြားသူများမှာမူ အတော်ကြာအောင် တိတ်ဆိတ်နေခဲ့ကြသည်။ ၎င်းတို့ ကုန်တိုက်ဟောင်း အပြင်ဘက်သို့ ရောက်ရှိချိန်တွင်မှ ရှန့်ဟုန်ပင်းက ထိုင်ခုံကို အားရပါးရ ရိုက်လိုက်တော့သည်။

"တောက်... ငါလည်း စွမ်းရည်ရှင်တစ်ယောက် ဖြစ်ချင်တယ်ကွာ"

"ကျွန်တော်လည်း တူတူပဲ"

အခြားသူများကလည်း ချက်ချင်းပင် ထောက်ခံလိုက်ကြ၏။

ဟန်ရွှေအနေဖြင့် စွမ်းရည်ရှင်တိုင်းက ယခုကဲ့သို့ စွမ်းအားကြီးမားခြင်း မဟုတ်ကြောင်း ပြောချင်လှသည်၊ သူမကိုယ်တိုင်ကပင် ယင်းအချက်၏ ဆန့်ကျင်ဘက် သာဓက ဖြစ်နေပေသည်။

"အင်း... ဆက်ပြီး ကြိုးစားကြတာပေါ့"

ဝမ်ထောင်က ပြုံးလိုက်ပြီးနောက် တည်ကြည်သော မျက်နှာပေးဖြင့် ပြောလိုက်၏။

"လှုပ်ရှားကြစို့"

"ဟုတ်ကဲ့"

ဝမ်ထောင် ကားပေါ်မှ ဆင်းလိုက်ရာ ဟန်ရွှေက နောက်မှ ခပ်သွက်သွက် လိုက်ပါလာခဲ့ပြီး အခြားသူများကလည်း ချက်ချင်းပင် ပုန်းကွယ်စရာ နေရာများကို ရှာဖွေလိုက်ကြသည်။

ဝမ်ထောင်က လက်နက်ကိရိယာအပြည့်အစုံ တပ်ဆင်ထားသဖြင့် မိုးရေကို ဂရုမစိုက်ပေ။ သူ ခန့်မှန်းထားသည့်အတိုင်းပင် ဟန်ရွှေကတော့ ချက်ချင်းပင် တစ်ကိုယ်လုံး ရေစိုရွှဲသွားခဲ့သည်။

သို့သော် သူ ဝန်ခံရမည်မှာ ဟန်ရွှေက ယခုကဲ့သို့ ပုံစံဖြင့် အထူးလှပနေခြင်း ဖြစ်၏။ အထူးသဖြင့် သူမ၏ ဂါဝန်က ခန္ဓာကိုယ်တွင် ကပ်တွယ်နေပြီး အတွင်းသားများ ပေါ်မနေသော်လည်း ယခုကဲ့သို့ မပေါ်တပေါ်လေးက ဆွဲဆောင်မှုက ပိုမို ပြင်းထန်လှသည်။

သဘာဝကျစွာပင် ဝမ်ထောင်က စိတ်ကောင်းရှိသူ ဖြစ်သဖြင့် တစ်ချက် ကြည့်ပြီး၊ နှစ်ချက် ကြည့်ကာ၊ အကြိမ်ကြိမ် ကြည့်ရှုပြီးနောက် ဟန်ရွှေနှင့်အတူ ကုန်တိုက်ထဲသို့ လျှောက်လှမ်းခဲ့လေသည်။(​စိတ်ထားလေးက ကောင်းလိုက်တာ....)

ဟန်ရွှေသည် ကုန်တိုက်၏ ပျက်စီးနေသော ပထမထပ်ကို ကြည့်ပြီး ခေတ္တမျှ ကြောင်အသွားခဲ့သည်။

မည်မျှ သန်မာသော ဇွန်ဘီက ယခုကဲ့သို့ ပျက်စီးမှုကို ဖြစ်ပေါ်စေနိုင်သနည်း။

အင်အားကြီးမားသော ဝမ်ထောင်ပင် ယခုကဲ့သို့ သတိကြီးနေခြင်းမှာ

အံ့သြစရာမရှိတော့ပါ။

"မင်း တစ်ယောက်ယောက်ကို အာရုံခံမိလား"

ဝမ်ထောင်က တိုးညင်းသော အသံဖြင့် မေးလိုက်သည်။

"လှေကားထစ် အဝင်ဝနားမှာ လူတစ်ယောက် ရှိတယ်၊ ကျွန်မတို့နဲ့ မဝေးဘူး။ လောလောဆယ်တော့ တခြားလူတွေကို အာရုံမခံမိသေးဘူး..."

"အင်း"

ဝမ်ထောင်က ခေါင်းညိတ်လိုက်ပြီးနောက် လှေကားထစ်ဆီသို့ တိုက်ရိုက် လျှောက်သွားလိုက်ရာ ဟန်ရွှေက နောက်မှ ကပ်လျက် လိုက်ပါလာခဲ့၏။

မှောင်ရိပ်ထဲတွင် ပုန်းနေသော လူက သူ့ကိုယ်သူ ဖုံးကွယ်ရန် မကြိုးစားခဲ့ပေ။ ဝမ်ထောင် ချဉ်းကပ်လာချိန်တွင် သူလည်း ထွက်လာခဲ့သည်။ ဟန်ရွှေကို မြင်ရချိန်တွင် သူ၏ မျက်ဝန်းအနက်ပိုင်း၌ လောဘရိပ်တစ်ခု ဖြတ်ပြေးသွားခဲ့၏။

"အစ်ကိုချန်... မင်းက ဘာလို့..."

ဝမ်ထောင်က အနည်းငယ် ကြောင်သွားပြီးမှ ယခင်က သူ လာရောက်စဉ်တွင် ချန်ကျွမ်း ဟူသော နာမည်ကို အသုံးပြုခဲ့သည်ကို သတိရသွားသည်။ ထို "အစ်ကိုချန်" ဟူသော ခေါ်ဝေါ်မှုက သူ့ကို ရည်ညွှန်းခြင်း ဖြစ်၏။

"ငါ တစ်နေ့လုံး ဘာမှ မစားရသေးဘူး။ မင်းတို့နေရာနားက ဖြတ်လာရင်း စားစရာအချို့ ငှားဖို့ လာတာ၊ ဒါက နည်းနည်းမတရားတောင်းဆိုရာ မကျပါဘူးနော်"

ဝမ်ထောင်က တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒါ... ဒါက ကျွန်တော် ဆုံးဖြတ်လို့ မရဘူး။ ကျွန်တော်တို့ သူဌေးကို မေးရမယ်"

လက်အောက်ငယ်သားက ခက်ခဲနေဟန်ဖြင့် ပြော၏။

"ကောင်းပြီလေ... ဒါဆိုရင် အပေါ်တက်ပြီး မင်းတို့ သူဌေးကို သွားရှာကြစို့"

ဝမ်ထောင်က ဟန်ရွှေ၏ လက်ကို တိုက်ရိုက် ဆွဲကိုင်ကာ အပေါ်ထပ်သို့ လျှောက်လှမ်းခဲ့သည်။ ဟန်ရွှေက အလွန် ထိတ်လန့်နေဟန်ဖြင့် ခေါင်းကို ငုံ့ထားသော်လည်း အမှန်တကယ်တွင်မူ ပတ်ဝန်းကျင်ကို အာရုံခံရန် သူမ၏ စွမ်းရည်ကို တိတ်တဆိတ် အသုံးပြုနေခြင်း ဖြစ်သည်။

လက်အောက်ငယ်သားက ၎င်းတို့ကို တားဆီးရန် ဟန်ပြမျှသာ လုပ်ဆောင်ခဲ့သည်။ သူက ဝမ်ထောင်သည် ယခုကဲ့သို့ လှပသော အမျိုးသမီးတစ်ဦးနှင့်အတူ ခရီးသွားနေသဖြင့် ရိက္ခာတောင်းရန် စိတ်ရင်းဖြင့် လာခြင်း ဖြစ်ရမည်ဟု ယူဆလိုက်၏။

အကယ်၍ ဝမ်ထောင်ကသာ အန္တရာယ်ပြုရန် ကြံရွယ်ထားပါက အဘယ်ကြောင့် ယခုကဲ့သို့ ဝန်ထုပ်ဝန်ပိုး ဖြစ်စေမည့် အမျိုးသမီးတစ်ဦးကို ခေါ်ဆောင်လာမည်နည်း။

လက်အောက်ငယ်သားက ဝမ်ထောင်၏ နောက်မှ လိုက်ပါရင်း ဟန်ရွှေကို ကြည့်ကာ နှုတ်ခမ်းကို သပ်လိုက်ပြီး ပြော၏။

"အစ်ကိုချန်... ဒီအလှလေးက..."

"လမ်းမှာ တွေ့လို့ ကောက်လာတာ။ အိမ်ခေါ်သွားပြီး မိန်းမအဖြစ် ထားမလို့"

ဝမ်ထောင်က နောက်လှည့်မကြည့်ဘဲ ပြန်ပြောလိုက်သည်။

"ကောက်လာတာလား"

လက်အောက်ငယ်သားက ခေတ္တမျှ ကြောင်သွားပြီးမှ ချက်ချင်းပင် နားလည်သွားကာ "ငါ သဘောပေါက်ပြီ" ဟူသော မျက်နှာပေးကို ပြုလုပ်လိုက်သည်။

ဘာတွေ ဟန်ဆောင်နေတာလဲ။ "ကောက်လာတာ" တဲ့လား။ သူ တစ်နေရာရာက အသက်ရှင်ကျန်ရစ်သူကို ဖမ်းဆီးပြီး ဓားစာခံအဖြစ် ခေါ်လာတာ နေမှာပါ။ ဒါပေမဲ့ ဝန်ခံရမှာက ဒီမိန်းမက တကယ် ဆွဲဆောင်မှု ရှိတာပဲ။ အပေါ်ထပ်က မိန်းမတွေထက် အများကြီး သာလွန်တယ်။

ဒုတိယထပ်သို့ ရောက်ရှိချိန်တွင် ဟန်ရွှေက ရုတ်တရက် ခြေချော်သွားခဲ့သည်။

"ဟင်... ဘာဖြစ်လို့လဲ"

ဝမ်ထောင်က ဟန်ရွှေကို ကြည့်လိုက်ပြီး သူ့အသံထဲတွင် စိတ်မရှည်မှု အချို့ ပါဝင်နေသည်။

"ကျွန်မ... ကျွန်မ တော်တော် ဆာနေပြီ၊ လမ်းလျှောက်ဖို့ အင်အား မရှိတော့ဘူး..."

ဟန်ရွှေက အလွန်အမင်း အားနည်းနေဟန် ဆောင်ကာ လမ်းမလျှောက်နိုင်တော့သည့်အလား ဝမ်ထောင်၏ ကိုယ်ပေါ်သို့ တစ်ကိုယ်လုံး မှီချလိုက်လေသည်။

ဝမ်ထောင်ကလည်း ဟန်ရွှေ၏ ခါးကို ဖက်တွဲပေးလိုက်ပြီး သူ့ကို မှီထားစေလိုက်၏။

ဟန်ရွှေက ထိုအခွင့်အရေးကို အသုံးချကာ ခြေဖျားထောက်ပြီး ဝမ်ထောင်၏ နားနားသို့ စိုးရိမ်တကြီး တိုးညင်းစွာ ကပ်ပြောလိုက်သည်။

"အပေါ်ထပ်မှာ လူတွေနဲ့ ဇွန်ဘီတွေ အများကြီး ရှိနေတယ်"

"???"

ဝမ်ထောင် မျက်မှောင်ကြုတ်လိုက်မိသည်။

လူတွေ အများကြီးလား။ ၎င်းတို့အဖွဲ့က ရက်ပိုင်းအတွင်း တိုးပွားလာခြင်းလား။ သို့သော် ဇွန်ဘီတွေကရော ဘယ်လိုဖြစ်တာလဲ။ လူသားတွေက ဇွန်ဘီတွေနဲ့အတူ ယှဉ်တွဲ နေထိုင်နိုင်လို့လား။

ဝမ်ထောင်လည်း စိုးရိမ်စိတ် ဝင်လာခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် မသိရှိရသော အရာများက အမြဲတမ်း အကြောက်ရွံ့ရဆုံး အရာများ ဖြစ်သောကြောင့်ပင်။

သို့သော် ယခုအဆင့်အထိ ရောက်ရှိလာပြီ ဖြစ်ရာ နောက်ပြန်လှည့်ရန် မဖြစ်နိုင်တော့ပေ။

ဝမ်ထောင်က ဘာမှ မသိရှိသေးသည့်အလား ဟန်ဆောင်ကာ ဟန်ရွှေ၏ ခါးကို ပွေ့ချီထားပြီး အပေါ်ထပ်သို့ တက်ခဲ့လေသည်။

အပေါ်ထပ်တွင် ကောရှင်းနှင့် လက်အောက်ငယ်သား တစ်ဦးက သူ့ကို စောင့်ဆိုင်းနေကြ၏။

ဝမ်ထောင်၏ မူလအစီအစဉ်မှာ ကောရှင်းနှင့် သူ၏ အဖွဲ့ကို မြင်မြင်ချင်း ချက်ချင်းအပြတ်ရှင်းပစ်ရန် ဖြစ်သည်။ သို့သော် ဟန်ရွှေက လူများနှင့် ဇွန်ဘီများ အများကြီး ရှိနေသည်ဟု ပြောသဖြင့် သူ၏ အစီအစဉ်ကို ယာယီ ပြောင်းလဲလိုက်ရ၏။

ထို့အပြင် ဝမ်ထောင်သည် ကောရှင်းက ယခင်ကထက် သိသိသာသာ ဝဖြိုးလာပြီး အထူးသဖြင့် ဗိုက်က ပိုမို ထွက်နေသည်ကို သတိပြုမိသည်။ သို့သော် ယင်းက အဓိကအချက် မဟုတ်ပေ၊ အဓိကအချက်မှာ ကောရှင်းတွင် ယခုအခါ အပြာရောင်ဘားတန်း ရှိနေခြင်းပင်။

သူက စွမ်းရည်ရှင်တစ်ဦး ဖြစ်လာခဲ့လေပြီ ။ သို့သော် သူ၏ သွေးပမာဏက မမြင့်မားလှဘဲ "၂၂၀" သာ ရှိသဖြင့် သူ့ပုဆိန်၏ တစ်ချက် ခုတ်ခြင်းကိုပင် ခံနိုင်ရည် ရှိမည် မဟုတ်ပါ။

ကောရှင်းသည် ဝမ်ထောင်ကို မြင်ရချိန်တွင် ဗီဇအရ အနည်းငယ် ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်၊ အကြောင်းမှာ ဝမ်ထောင်၏ ဇွန်ဘီများကို ဟင်းသီးဟင်းရွက်များကဲ့သို့ ခုတ်ထစ်သတ်ဖြတ်နေသည့် ပုံရိပ်က စိတ်ထဲတွင် အလွန် စွဲထင်နေသောကြောင့် ဖြစ်၏။ သို့သော် သူသည် ယခုအခါ စွမ်းရည်ကို ပိုင်ဆိုင်ထားပြီဖြစ်ကြောင်း သတိရသွားချိန်တွင် ချက်ချင်းပင် ကျောကို မတ်လိုက်တော့သည်။ ခန္ဓာကိုယ်အင်အားက မည်မျှပင် သန်မာပါစေ စွမ်းရည်ရှင်တစ်ဦး၏ အစွမ်းကို သာမန်လူက အနည်းငယ်မျှပင် ယှဉ်နိုင်မည် မဟုတ်ပေ။

အထူးသဖြင့် ဝမ်ထောင်၏ ရင်ခွင်ထဲရှိ သနားစဖွယ် နုနယ်လှပသော ဟန်ရွှေကို မြင်ရချိန်တွင် ကောရှင်း၏ မျက်ဝန်းထဲ၌ လောဘရိပ်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။ သူ ဟန်ရွှေ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရသေးသော်လည်း သူမသည် သူ လက်တွေ့ဘဝတွင် မြင်ဖူးသမျှ အလှဆုံး အမျိုးသမီး ဖြစ်ကြောင်း သိရှိနေသည်။

သူ ထိုအမျိုးသမီးကို လိုချင်သည်။

ကောရှင်းက တောက်ပသော အပြုံးတစ်ခုကို လုပ်ဆောင်လိုက်၏။

"အစ်ကိုချန်... မင်းက ဘာကိစ္စရှိလို့ ရောက်လာတာလဲ..."

"ငါ တစ်နေ့လုံး ဘာမှ မစားရသေးလို့ မင်းတို့ဆီက စားစရာအချို့ လာငှားတာ"

၎င်းကို ကြားရလျှင် ကောရှင်း၏ မျက်နှာပေါ်တွင် ခက်ခဲနေသော မျက်နှာပေးတစ်ခု ချက်ချင်း ပေါ်လာခဲ့သည်။

"ဒါပေမဲ့ ကျွန်တော်တို့ဆီမှာလည်း စားစရာ အများကြီး မကျန်တော့ဘူး၊ ဒီတစ်ခေါက်တော့ တကယ် ကုန်နေပြီ... ထားလိုက်ပါတော့၊ ထားလိုက်ပါတော့၊ ကျွန်တော်က မိတ်ဆွေဖွဲ့ရတာ ဝါသနာပါတဲ့သူဆိုတော့ မင်းအတွက် အချို့ သွားယူပေးပါမယ်"

ကောရှင်းက ခန်းမ၏ အခြားတစ်ဖက်သို့ ချက်ချင်း လျှောက်လှမ်းခဲ့သည်။ အခြေအနေကို မသိသော မည်သူမဆို သူနှင့် ဝမ်ထောင်က တကယ့် မိတ်ဆွေများ ဖြစ်ကြသည်ဟု ထင်မှတ်ကြပေလိမ့်မည်။

ဝမ်ထောင်က ဟန်ရွှေ၏ ခါးကို ဖက်ထားရင်း ဧည့်ခန်း ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်၏။

သူသည် ယခင်က မြင်တွေ့ခဲ့ရသော ယန်လောင်ချီ မရှိတော့သည်ကို သတိပြုမိသည်။ ယခုအခါ ခန်းမထဲတွင် ကောရှင်းနှင့် သူ၏ လက်အောက်ငယ်သား နှစ်ဦးသာ ရှိတော့သည်။

ဟန်ရွှေက အလွန် ထိတ်လန့်နေဟန်ဖြင့် ဝမ်ထောင်၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ တိတ်တဆိတ် ကပ်ပြောလိုက်၏။

"ကောရှင်းရဲ့ ခါးအနောက်မှာ ပစ္စတိုသေနတ်တစ်လက် ထိုးထည့်ထားတယ်။ အခြားလူတွေနဲ့ ဇွန်ဘီတွေကတော့ ဘယ်ဘက်က သံတံခါးထဲမှာ ရှိနေကြတာ။ ဒါပေမဲ့ ကျွန်မ ခံစားရသလောက် အဲဒီလူတွေနဲ့ ဇွန်ဘီတွေက တော်တော် အားနည်းနေကြတယ်။ သူတို့က... ပိတ်လှောင်ခံထားရတာလား။ ဟုတ်တယ်... သေချာပေါက် ပိတ်လှောင်ခံထားရတာ။ ဇွန်ဘီတွေက အထဲမှာတင် ဘေးတိုက်ခြေလှမ်းခတွေ လုပ်နေကြတာ"

"ဟင်... ပိတ်လှောင်ခံထားရတာလား..."

ဝမ်ထောင်၏ အဓိက ပန်းတိုင်မှာ ထိုလူများသည် ကောရှင်း၏ မဟာမိတ်များ ဟုတ်မဟုတ် အတည်ပြုရန် ဖြစ်သည်။ အကယ်၍ ၎င်းတို့က ပိတ်လှောင်ခံထားရပါက ကောရှင်း၏ မဟာမိတ်များ မဟုတ်သည်မှာ ထင်ရှားပေသည်။

ထိုသို့ဆိုလျှင်... အရာရာက အများကြီး ပိုမို လွယ်ကူသွားပြီ ဖြစ်၏။

"ရော့... အစ်ကိုချန်၊ ကျွန်တော့်ဆီမှာ အရေးပေါ်အတွက် ပေါင်မုန့်တစ်ထုပ် ရှိတယ်..."

ကောရှင်းက ဖောက်လက်စ ဖြစ်ပြီး အတွင်း၌ ပါဝင်ပစ္စည်းအချို့ ထည့်သွင်းထားသော ပေါင်မုန့်တစ်ထုပ်ကို ကိုင်ဆောင်ကာ လျှောက်လာခဲ့သည်။

ဝမ်ထောင်က ပေါင်မုန့်ကို ယူရန် မတ်တပ်ရပ်လိုက်ပြီး ၎င်းတို့နှစ်ဦးကြားတွင် ကော်ဖီစားပွဲတစ်ခု ခြားနေ၏။

ရုတ်တရက် ဝမ်ထောင်က ကောရှင်း၏ လက်ကို လှမ်းဆွဲလိုက်၏။ ကောရှင်း တုံ့ပြန်နိုင်ခြင်း မရှိသေးမီမှာပင် ဝမ်ထောင်က အားပြင်းပြင်းဖြင့် ဆောင့်ဆွဲလိုက်လေသည်။

ခွပ်...

ကောရှင်းသည် ခြေချော်သွားပြီး ကော်ဖီစားပွဲပေါ်သို့ မျက်နှာဖြင့် စိုက်ကျသွားခဲ့ရာ စားပွဲက ချက်ချင်း အက်ကွဲသွားခဲ့သည်။ သူသည် နာကျင်မှုကြောင့် မျက်နှာ ပျက်သွား၏။

ဟန်ရွှေက ခပ်သွက်သွက် ထရပ်လိုက်ပြီး ကောရှင်း၏ ခါးအနောက်တွင် ထိုးထည့်ထားသော ပစ္စတိုသေနတ်ကို ချက်ချင်း လုယူလိုက်သည်။ တစ်ချိန်တည်းမှာပင် သူမသည် ဝမ်ထောင်၏ ခါးမှ ပစ္စတိုသေနတ်တစ်လက်ကိုပါ ဆွဲထုတ်လိုက်ပြီး သေနတ်ပြောင်းဝ နှစ်ခုလုံးကို လက်အောက်ငယ်သား နှစ်ဦးဆီသို့ ချိန်ရွယ်လိုက်လေသည်။

"လက်တွေကို ခေါင်းပေါ်တင်ပြီး ဆောင့်ကြောင့်ထိုင်စမ်း"

---------

All Chapters