← Chapters

အခန်း ၉၁

Vol. 9 Ch. 91

အခန်း ၉၁

Vol. 9 Ch. 91

အခန်း ၉၁ - ဖမ်းဆီးခြင်း

အရာရာက မြန်ဆန်လွန်းလှသဖြင့် လက်အောက်ငယ်သား နှစ်ဦးစလုံး ဆွံ့အသွားကြသည်။ သေနတ်၏ မည်းမှောင်သော ပြောင်းဝကို ကြည့်ရင်း မည်သူမျှ မလှုပ်ရဲကြပေ။

ကောရှင်းသည် ဝမ်ထောင်က ၎င်းကို လက်ဦးမှုယူ တိုက်ခိုက်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါ။ သို့သော် သူက စွမ်းရည်ရှင်တစ်ဦး ဖြစ်နေပြီ ဖြစ်သည်။ အင်အားအနည်းငယ်သာ ရှိသော သာမန်လူတစ်ယောက်ဖြစ်သည့် ဝမ်ထောင်က သူ့ကို မည်ကဲ့သို့ ယှဉ်နိုင်မည်နည်း။

"မင်း သေချင်နေတာပဲ... အား..."

ဘုန်း..

အော်သံမဆုံးသေးခင်မှာပင် ကောရှင်းသည် သူ့ကျောပြင်ပေါ်သို့ ပြင်းထန်သော အင်အားကြီးတစ်ခုက ဆောင့်နင်းခံလိုက်ရသလို ရုတခံစားလိုက်ရပြီး ဘုန်းခနဲ ပိကျသွားလေ၏။ သစ်သားကော်ဖီစားပွဲတစ်ခုလုံး ကြေမွသွားခဲ့ပြီး စူးရှကာ တင်းကျပ်သော နာကျင်မှုတစ်ခုက သူ၏ ရင်ဘတ်နှင့် ကျောပြင်တစ်ခုလုံးသို့ ချက်ချင်း ဖြတ်သန်းသွားခဲ့သည်။

"မင်း..."

ကောရှင်းက ခေါင်းကို လှည့်ကြည့်ချင်သော်လည်း ဝမ်ထောင်က သူ့ခေါင်းကို မြဲမြံစွာ ဖိနှိပ်ထားသဖြင့် လှုပ်ရှား၍ မရပေ။

သူ့ခန္ဓာကိုယ်ပေါ်သို့ ဖိနှိပ်ထားသော ကြီးမားလှသည့် အင်အားကို ခံစားရသဖြင့် ကောရှင်းသည် လောလောဆယ်တွင် ပြန်လည် မခုခံနိုင်မှန်း သိရှိသွားကာ ချက်ချင်းပင် အသံကျယ်ကြီးဖြင့် အသက်ချမ်းသာပေးရန် တောင်းပန်တော့သည်။

"အဟွတ်... အဟွတ်... အစ်ကိုချန်... ငါတို့ကြားမှာ ဘာရန်ငြိုးမှ မရှိပါဘူး၊ ဘာလို့..."

"ဘာလို့လဲဟုတ်လား။ မင်းရဲ့ စိတ်ထဲမှာ မင်း အသိဆုံး ဖြစ်မှာပါ"

ဝမ်ထောင်က သူ ရုန်းမထွက်နိုင်အောင် ဆက်လက် ဖိနှိပ်ထားရင်း ကုတ်အင်္ကျီထဲမှ လက်ထိတ်ကို ထုတ်ကာ သူ့လက်များကို အနောက်သို့ ပစ်၍ ခတ်လိုက်လေသည်။

ဝမ်ထောင်သည် ကောရှင်း၏ စွမ်းရည်က ခန္ဓာကိုယ် တည်ဆောက်ပုံနှင့် ဆက်စပ်နိုင်သည်ဟု ခန့်မှန်းလိုက်မိသည်၊ အကြောင်းမှာ လွန်ခဲ့သော ရက်ပိုင်းကထက် သူက သိသိသာသာ ဝဖြိုးလာပြီး ဗိုက်ကလည်း အများကြီး ပိုထွက်နေသောကြောင့် ဖြစ်၏။

သို့သော် ဝမ်ထောင်သည် တစ်ဖက်လူ၏ စွမ်းရည်က အတိအကျ ဘာလဲဆိုသည်ကို မသိရှိသေးသဖြင့် ဦးစွာ လက်ထိတ်ခတ်ထားလိုက်သည်။ အကယ်၍ တစ်ခုခု မသင်္ကာစရာ ရှိလာပါက ဝမ်ထောင်သည် သူ့ကို အသက်ရှင်လျက် ထားမည် မဟုတ်ပေ။

လက်နောက်ပြန် လက်ထိတ်ခတ်ခံလိုက်ရသည်ကို ခံစားမိပြီးနောက် ကောရှင်းသည် အရာရာကို ချက်ချင်း နားလည်သွားခဲ့ပြီး သူ၏ အသံက ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်လာခဲ့သည်။

"မင်း... မင်းက ရဲပဲ"

လူအများစုသည် ရဲတပ်ဖွဲ့အပေါ် ဓမ္မတာအရ ကြောက်ရွံ့ရိုသေစိတ် ရှိတတ်ကြသည်၊ အထူးသဖြင့် သူ့ကဲ့သို့ ရာဇဝတ်မှု မှတ်တမ်းမကောင်းသူများ ပိုဆိုးပေသည်။ ကမ္ဘာပျက်ကပ်ကာလ ဖြစ်နေပြီး သူကိုယ်တိုင် ရဲအရာရှိတစ်ဦးကို သတ်ဖြတ်ခဲ့ဖူးသော်လည်း စိတ်ကူးထဲတွင်မူ ကြောက်ရွံ့နေဆဲ ဖြစ်၏။

"မင်း နားလည်သွားပုံပဲ"

ဝမ်ထောင်၏ အသံက အေးစက်နေသည်။

"မဟုတ်ဘူး... ကျွန်တော် မဟုတ်ပါဘူး။ ကျွန်တော် ရဲကို မသတ်ခဲ့ပါဘူး၊ ဒီသေနတ်ကို ကောက်ရခဲ့တာပါ"

ကောရှင်းက ခပ်သွက်သွက် ဆင်ခြေပေးရန် ကြိုးစားသော်လည်း ဝမ်ထောင်က သူ့ကို လျစ်လျူရှုလိုက်ပြီး မလှုပ်ရဲကြသော လက်အောက်ငယ်သား နှစ်ဦးကို ကြည့်လိုက်၏။

"ကောရှင်းရဲ့ စွမ်းရည်က ဘာလဲ။ ငါ့ကို ပြောပြရင် မင်းတို့ရဲ့ အသက်ကို ချမ်းသာပေးမယ်"

"ဟင်"

ကြမ်းပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်နေသော လက်အောက်ငယ်သား နှစ်ဦးစလုံး ကြောင်အသွားကြပြီး မရဲတရဲမော့ကြည့်လာကြသည်။

"ငါတို့သူဌေးမှာ စွမ်းရည် ရှိနေတာကို သူ ဘယ်လိုသိတာလဲ"

ကောရှင်းလည်း ခေတ္တမျှ ကြောင်သွားပြီးမှ ခပ်သွက်သွက် ပြောလိုက်၏။

"ဘာစွမ်းရည်လဲ... ငါ့မှာ ဘာမှ... အု"

သူ စကား မဆုံးသေးမီမှာပင် ဝမ်ထောင်က သူ့ခေါင်းကို ကြမ်းပြင်နှင့် ကိုင်ဆောင့်ပစ်လိုက်သည်။ သူ့နှုတ်ခမ်းက ကြေမွနေသော ကော်ဖီစားပွဲနှင့် ဖိကပ်မိသွားသဖြင့် စကား ဆက်ပြော၍ မရတော့ပေ။

"ကျွန်တော်... ကျွန်တော်တို့ မသိပါဘူး..."

လက်အောက်ငယ်သား နှစ်ဦးက ခေါင်းကို ခပ်သွက်သွက် ယမ်းလိုက်ကြသည်။ ၎င်းတို့သည် သူဌေး၏ စွမ်းရည်ကို ထုတ်မပြောသရွေ့ သူဌေးအနေဖြင့် အခြေအနေကို ပြောင်းလဲပစ်ရန် အခွင့်အရေး ရှိသေးသည်ဟု ခံစားရသဖြင့် မပြောကြခြင်း ဖြစ်၏။

ဝမ်ထောင်က နောက်ထပ် စကားတစ်လုံးမျှ မဆိုတော့ပေ။ ထိုအစား သူသည် မီးသတ်ပုဆိန်ကို တိုက်ရိုက် ထုတ်ယူလိုက်ပြီး လက်အောက်ငယ်သား တစ်ဦးဆီသို့ လှမ်းပစ်လိုက်လေသည်။

ဝှစ်..

ဒုတ်..

မီးသတ်ပုဆိန်က ထိုလူ၏ ခြေထောက်နှစ်ချောင်းကြား ကြမ်းပြင်ပေါ်သို့ တိုက်ရိုက် စိုက်ဝင်သွားခဲ့သည်။ ထိုအခါမှ ထိုလူက အသိနောက်ကျစွာဖြင့် အောက်သို့ ငုံ့ကြည့်လိုက်မိတော့၏။

"ငါ ဒုတိယအကြိမ် ထပ်မပြောချင်ဘူး။ သူ ဘာစွမ်းရည် ပိုင်ဆိုင်ထားလဲ"

ဝမ်ထောင်၏ လက်ထဲတွင် နောက်ထပ် မီးသတ်ပုဆိန်တစ်လက် ပေါ်လာခဲ့ပြီး ထိုလက်အောက်ငယ်သားကို စိုက်ကြည့်လိုက်သည်။

"အဲဒါက..."

လက်အောက်ငယ်သားက အလွန် ထိတ်လန့်သွားပြီး ဗီဇအရ စကားပြောရန် ပြင်လိုက်၏။

သို့သော် အခြား လက်အောက်ငယ်သားတစ်ဦးက ခပ်သွက်သွက် ဖြတ်ပြောလိုက်သည်။

"အစ်ကိုချန်... မင်း တကယ်ပဲ အထင်လွဲနေတာပါ။ သူဌေးမှာ တကယ်ပဲ ဘာစွမ်းရည်မှ မရှိပါဘူး"

"မင်းကတော့ တကယ် သေချင်နေတာပဲ"

ဝမ်ထောင်သည် ယခု လက်အောက်ငယ်သားက ဤမျှ သစ္စာရှိလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ သူက နောက်ထပ် ပုဆိန်တစ်လက်ကို လွှဲပစ်လိုက်ပြန်သည်။

"အား..."

ထိုလက်အောက်ငယ်သားသည် ဝမ်ထောင်၏ လှုပ်ရှားမှုကိုပင် ရှင်းရှင်းလင်းလင်း မမြင်လိုက်ရဘဲ သူ၏ ခန္ဓာကိုယ်က အနောက်သို့ လဲပြိုသွားကာ နံရံနှင့် ဆောင့်မိသွားသည်ကို ခံစားလိုက်ရပြီးနောက် သူ၏ ညာဘက်လက်ဖဝါးအလယ်တွင် စူးရှသော နာကျင်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"ကျွန်တော့်လက်..."

သူ ခေါင်းလှည့်ကြည့်လိုက်ရာ ပုဆိန်တစ်လက်က သူ၏ ညာဘက်လက်ဖဝါးအလယ်ကို ဖောက်ထွက်ပြီး နံရံထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်နေသည်ကို ထိတ်လန့်တုန်လှုပ်စွာ တွေ့ရှိလိုက်ရသည်။ သူ့လက်က ပျက်စီးသွားခဲ့ပြီ ဖြစ်၏။

"ဆက်ပြီး အော်ဦးမလား"

ဝမ်ထောင်၏ လက်ထဲတွင် နောက်ထပ် မီးသတ်ပုဆိန်တစ်လက် ပေါ်လာပြန်သည်။

ထိုလက်အောက်ငယ်သားက အခြားလက်တစ်ဖက်ဖြင့် သူ့နှုတ်ခမ်းကို ခပ်သွက်သွက် ပိတ်လိုက်ပြီး မျက်ရည်များ စီးကျလာကာ တစ်ကိုယ်လုံး တုန်ရင်နေတော့သည်။

ဝမ်ထောင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။

အမှန်တကယ်တော့ သူက ထိုလူ၏ ရှေ့ရှိ ကြမ်းပြင်ကို ချိန်ရွယ်ပစ်ခတ်ခဲ့ခြင်း ဖြစ်သော်လည်း လွဲချော်ပြီး လက်ဖဝါးကို ထိမှန်သွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ သို့သော် ယင်းက ကိစ္စအသေးအမွှားမျှသာ ဖြစ်သဖြင့် အရေးမကြီးလှပေ။

ဝမ်ထောင်က ပထမ လက်အောက်ငယ်သားကို စူးခနဲပြန်ကြည့်လိုက်ရာ ထိုလူက ခပ်သွက်သွက် ပြောလိုက်တော့သည်။

"သူဌေးရဲ့ စွမ်းရည်က အဖြူရောင် အချွဲတွေ ထွေးထုတ်တာပါ။ အဲဒါက လူတွေကို နေရာမှာတင် ကပ်ထားနိုင်ပြီး မလှုပ်ရှားနိုင်အောင် လုပ်လို့ရတယ်..."

"အု... အု..."

ဝမ်ထောင်၏ ခြေထောက်အောက်တွင် ဖိနှိပ်ခံထားရသော ကောရှင်းက ရူးသွပ်စွာ တုန်ရုန်းနေခဲ့သည်။

"ငါ သဘောပေါက်ပြီ"

ဝမ်ထောင် နားလည်သွားခဲ့သည်။ ကောရှင်းက သူ့ကို ကြည့်ရန် အဘယ်ကြောင့် ခေါင်းကို အမြဲ လှည့်ဖို့ ကြိုးစားနေသည်ကို သူ တွေးတောနေခဲ့ခြင်း ဖြစ်၏။ ကံကောင်းစွာဖြင့် သူက ကြိုတင် ပြင်ဆင်ထားခဲ့သည်၊ ကောရှင်းက အရာတစ်ခုကို ပြုလုပ်ချင်လေလေ၊ သူက ၎င်းကို ပို၍ ခွင့်ပြုမည် မဟုတ်လေလေ ဖြစ်သည်။

ဝမ်ထောင်၏ ကျောပိုးအိတ်ထဲတွင် 'တိပ်ခွေ' ရှိနေသည်။ ၎င်းကို ပစ္စည်းပြုလုပ်သည့် ကုန်ကြမ်းအဖြစ် သုံးနိုင်သလို တိုက်ရိုက်လည်း အသုံးပြုနိုင်လေသည်။

ဝမ်ထောင်က ကုတ်အင်္ကျီထဲမှ တိပ်ခွေတစ်လိပ်ကို ထုတ်ယူဟန် ပြုလုပ်လိုက်ပြီး ကောရှင်း၏ နှုတ်ခမ်းကို အကြိမ်ကြိမ် ပတ်လိုက်လေသည်။ ကောရှင်း ပါးစပ် မဟနိုင်တော့ကြောင်း သေချာစေပြီးနောက် ဝမ်ထောင်က မရပ်နားဘဲ သူ၏ ခြေထောက်နှစ်ချောင်းကိုလည်း တူတူ တွဲချည်လိုက်ပြန်သည်။

မကြာမီမှာပင် ကောရှင်းသည် တစ်ကိုယ်လုံး လုံးဝ မလှုပ်ရှားနိုင်တော့ပေ။

ဝမ်ထောင်က ဟန်ရွှေကို လက်လှမ်းပြလိုက်၏။ ဟန်ရွှေက ချက်ချင်း လျှောက်လာပြီး လက်အောက်ငယ်သား နှစ်ဦးကို လက်ထိတ်ခတ်လိုက်သည်။ သူမ ပုဆိန်ကို ဆွဲထုတ်လိုက်ချိန်တွင် ထိုလက်အောက်ငယ်သားက နာကျင်မှုကြောင့် မူးမေ့လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။

သို့သော် ဝမ်ထောင်နှင့် ဟန်ရွှေ နှစ်ဦးစလုံးတွင် အကျဉ်းသားများကို ကောင်းမွန်စွာ ဆက်ဆံရန် စိတ်ကူးမရှိကြပေ။ ဝမ်ထောင်သည် ယခု သုံးယောက်ကို အလုပ်ကြမ်းပြစ်ဒဏ်ချရန် လာခေါ်ခြင်း မဟုတ်ဘဲ စခန်းရှိ လူအားလုံး၏ ရှေ့မှောက်တွင် ၎င်းတို့ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် သွေးဖြင့် ပြန်လည် ပေးဆပ်စေရန် ဖြစ်သည်။

ဟန်ရွှေက လက်အောက်ငယ်သား နှစ်ဦးကို ထိန်းချုပ်ပြီးနောက် ဝမ်ထောင်က ကောရှင်း၏ ဦးခေါင်းအနောက်ကို လက်သီးဖြင့် ထိုးလိုက်၏။

"ဘုန်း.."

"အီး..."

ကောရှင်း၏ ရုန်းကန်ခြင်းများ ရပ်တန့်သွားခဲ့သည်။

ဝမ်ထောင်က သွေးပမာဏဘားတန်းကို စစ်ဆေးလိုက်သည်။သူက သတိမေ့သွားရုံမျှသာ ဖြစ်ပြီး သေဆုံးသွားခြင်း မဟုတ်ပေ။

ထို့နောက် ဝမ်ထောင်က ဟန်ရွှေကို ၎င်းတို့ကို စောင့်ကြည့်ခိုင်းထားပြီး သူကိုယ်တိုင် လှေကားထစ်၏ အခြားတစ်ဖက်ရှိ သံတံခါးဆီသို့ လျှောက်လှမ်းခဲ့လေသည်။

"ဒီအထဲမှာ ဘာတွေ ရှိလဲ"

ဝမ်ထောင်က လက်အောက်ငယ်သား နှစ်ဦးကို မေးလိုက်၏။

"...အဲဒါ... အဲဒါက သူဌေး စုဆောင်းထားတဲ့ အမျိုးသမီး ကျွန်တွေပါ။ ဟုတ်ပါတယ်... ဒါတွေအားလုံးက သူဌေး လုပ်တာပါ၊ ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ပါဘူး"

၎င်းကို ကြားရလျှင် ဟန်ရွှေ၏ မျက်ဝန်းထဲ၌ ဒေါသတရားများ ချက်ချင်း တောက်လောင်သွားခဲ့သည်။

"နောက်ထပ် ဘာရှိသေးလဲ"

ဝမ်ထောင်က ထပ်မံ မေးမြန်းလိုက်၏။

"နောက်ပြီး... ဇွန်ဘီတွေ ရှိတယ်... အမျိုးသမီး ဇွန်ဘီ နှစ်ကောင် ရှိတာပါ။ သူဌေးက အချွဲတွေနဲ့ ကပ်ပြီး ဖမ်းခေါ်လာတာ... ဇွန်ဘီ နှစ်ကောင်စလုံးကို သံကြိုးတွေနဲ့ ချည်ထားတယ်..."

"..."

ဇွန်ဘီ နှစ်ကောင်... ၎င်းကလည်း အမျိုးသမီးတွေ...

ဝမ်ထောင်သည် ယခု ကောရှင်းက ဘာတွေ ကြံစည်နေသည်ကို မသိတော့ပေ။

ဝမ်ထောင်က ဟန်ရွှေကို လှမ်းကြည့်လိုက်ရာ သူမက လျှောက်လာပြီး ပြောလိုက်၏။

"အထဲက လူတွေက ဘယ်ဘက်မှာ ရှိပြီး ဇွန်ဘီ နှစ်ကောင်ကတော့ ညာဘက်မှာ ရှိတယ်"

"အင်း"

ဝမ်ထောင် ခေါင်းညိတ်လိုက်ပြီးနောက် ကောရှင်း၏ ခန္ဓာကိုယ်ပေါ်မှ သော့များကို ရှာဖွေကာ သံတံခါးပေါ်ရှိ သံကြိုးကို ဖွင့်လိုက်လေသည်။

ကလစ်..

သံတံခါး ပွင့်သွားခဲ့ပြီး ပျို့အန်ချင်စရာ ကောင်းသော အနံ့ဆိုးတစ်ခုက အပြင်သို့ လွင့်ပျံလာခဲ့သည်။ ဝမ်ထောင်၏ နှာခေါင်းစည်းကပင် ၎င်းကို မတားဆီးနိုင်ပေ။ အတွင်းပိုင်းက မှောင်မည်းနေသဖြင့် ဝမ်ထောင်သည် လက်နှိပ်ဓာတ်မီးဖြင့် လှမ်းထိုးကြည့်လိုက်၏။

ဘယ်ဘက်တွင် ဗလာကျင်းနေသော အမျိုးသမီးတစ်စုက ဒေါင့်တစ်ခုတွင် စုပြုံကာ တုန်တုန်ရင်ရင်ဖြင့် ပုန်းကွယ်နေကြသည်။ အလင်းရောင်ကြောင့် ၎င်းတို့က ဗီဇအရ မျက်လုံးများကို ကာကွယ်လိုက်ကြ၏။ သို့သော် ဝမ်ထောင်သည် ၎င်းတို့၏ ထုံထိုင်းပြီး ဟာလာဟင်းလင်း ဖြစ်နေသော မျက်ဝန်းများကို မြင်တွေ့နိုင်ဆဲ ဖြစ်သည်။

ညာဘက်တွင်မူ လက်နှစ်ဖက်လုံး ဖြတ်တောက်ခံထားရသော ဇွန်ဘီ နှစ်ကောင်မှာ နံရံတွင် သံကြိုးဖြင့် ချည်နှောင်ခြင်း ခံထားရ၏။

"ဂါး... ဂယား ဂစ်ဂစ်."

ဇွန်ဘီ နှစ်ကောင်သည် အမျိုးသမီးများကို ကိုက်စားချင်သဖြင့် အရှေ့သို့ အတင်း တိုးဝင်နေကြသော်လည်း သံကြိုးများကြောင့် အဝေးသို့ မရောက်နိုင်ကြပေ။

"မင်းတို့ရဲ့ အခြားလူတစ်ယောက်ကော... ယန်လောင်ချီ ဆိုတဲ့လူ ဘယ်ရောက်သွားလဲ"

ဝမ်ထောင်က နောက်လှည့်ကာ မေးလိုက်သည်။

"သူ... သူက သူဌေးကြီးရဲ့ နေရာကို သွားတယ်..."

လက်အောက်ငယ်သား တစ်ဦးက ခပ်သွက်သွက် ပြန်ဖြေ၏။

"သူဌေးကြီး ဟုတ်လား"

"သူက သူဌေးကောရှင်းရဲ့ အထက်လူကြီးပါ... သူဌေးကြီးက အများကြီး၊ အများကြီး သန်မာပါတယ်။ သူက စွမ်းရည်ရှင်တစ်ယောက်ပါ..."

လက်အောက်ငယ်သားက အများကြီးတော့ မသိပါ ၊ ထိသို့သော လူတစ်ဦး ရှိနေကြောင်းသာ သိရှိခြင်း ဖြစ်သည်။

ဝမ်ထောင် မျက်မှောင်ကြုတ်လိုက်မိသည်၊ သူ နောက်ပိုင်းတွင် ကောရှင်းကို သေချာပေါက် စစ်ဆေးမေးမြန်းရမည် ဖြစ်၏။

သူသည် ပုဆိန်ကို ထုတ်ယူကာ ဂိုဒေါင်ထဲသို့ လျှောက်လှမ်းသွားပြီး ဇွန်ဘီ နှစ်ကောင်၏ ဦးခေါင်းကို တိုက်ရိုက် ခုတ်ထစ်လိုက်လေသည်။

အမျိုးသမီးများသည် ဝမ်ထောင်ကို ကြည့်လိုက်ကြသည်။ ၎င်းတို့၏ မျက်နှာပေးက ထုံထိုင်းနေသော်လည်း ကြောက်ရွံ့မှုကိုမူ အထင်အရှား မြင်တွေ့နေရဆဲ ဖြစ်၏။

ဝမ်ထောင်သည် လျှောက်သွားပြီး ၎င်းတို့၏ ရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။

"မင်းတို့အားလုံး အခု ဘေးကင်းသွားပါပြီ။ မအော်ကြဘူးဆိုရင် ငါ ခဏနေရင် လွှတ်ပေးမယ်"

၎င်းကို ကြားရလျှင် ဟာလာဟင်းလင်း ဖြစ်နေသော မျက်ဝန်းများထဲတွင် ခံစားချက်အရိပ်အယောင်အချို့ နောက်ဆုံး၌ ပေါ်လာခဲ့တော့သည်။

အမျိုးသမီး ငါးဦးစလုံး အသက်ရှင်နေဆဲ ဖြစ်သည်ကို မြင်တွေ့ရပြီးနောက် ဝမ်ထောင်သည် ဝေါ်ကီတော်ကီကို ထုတ်လိုက်၏။

"ငါ ဝမ်ထောင်ပါ။ မင်းတို့ အပေါ်ကို တက်လာလို့ ရပြီ"

"ဟုတ်ကဲ့"

မကြာမီမှာပင် ရှန့်ဟုန်ပင်းနှင့် အခြားသူများက သေနတ်များကို အဆင်သင့် ပြင်ဆင်ကာ တက်လာခဲ့ကြသည်။

လက်နက်အပြည့်အစုံ တပ်ဆင်ထားသော ထိုစစ်သည်များကို မြင်ရချိန်တွင် လက်အောက်ငယ်သား နှစ်ဦးစလုံး တုန်လှုပ်သွားကြသည်။ ၎င်းတို့အနေဖြင့် မည်ကဲ့သို့သော လူကို သွားရောက် ရန်စမိပါသနည်း...

ဝမ်ထောင်သည် ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။ အားလုံးက ထိုအမျိုးသမီးများကို မြင်တွေ့ရချိန်တွင် ချက်ချင်းပင် ဒေါသတရားများ ပြည့်နှက်သွားခဲ့ကြ၏။ အထူးသဖြင့် ဟန်ရွှေက ယခုလူများကို အရှင်လတ်လတ် အရေခွံဆုတ်ပစ်ချင်သည့် မျက်နှာပေး ဖြစ်နေသည်။

လက်အောက်ငယ်သား နှစ်ဦးသည် တုန်တုန်ရင်ရင်ဖြင့် ခေါင်းငုံ့ထားကြပြီး စကားမပြောရဲကြပေ။

အမျိုးသမီးများသည် တံခါးဝတွင် လူအများကြီး ပေါ်လာသည်ကို မြင်ရချိန်တွင် ဗီဇအရ အနောက်သို့ ဆုတ်ခွာကာ စုပြုံသွားကြသည်။ ၎င်းကို မြင်ရသဖြင့် ဟန်ရွှေ အလွန် စိတ်မကောင်း ဖြစ်သွားခဲ့ပြီး ဝမ်ထောင်ကို မေးလိုက်၏။

"ဒီသနားစရာကောင်းတဲ့ အမျိုးသမီးတွေကို... ငါတို့ စခန်းကို ခေါ်သွားလို့ ရမလား"

"သေချာတာပေါ့"

ဝမ်ထောင် ခေါင်းညိတ်လိုက်ပြီးနောက် ရှန့်ဟုန်ပင်းနှင့် အခြားသူများကို လှမ်းကြည့်လိုက်ရာ ၎င်းတို့ကလည်း ခေါင်းညိတ်ပြကြသည်။

ရွှေကျွဲစခန်းသည် လူအင်အား အလွန် လိုအပ်နေသည်။ ၎င်းတို့သည် ဆိုးသွမ်းသော ရာဇဝတ်ကောင်များ မဟုတ်သရွေ့ မည်သူ့ကိုမဆို လက်ခံမည် ဖြစ်ရာ ယခု သနားစဖွယ် အမျိုးသမီးများကို ပို၍ပင် လက်ခံရမည် ဖြစ်၏။ ၎င်းတို့အနေဖြင့် အလုပ်ကြမ်းများကို မလုပ်နိုင်ပါစေ၊ အဝတ်လျှော်ခြင်းကဲ့သို့သော အလုပ်များကို လုပ်ဆောင်နိုင်ပေသည်။

ဝမ်ထောင်က ဟန်ရွှေနှင့် စစ်သည်နှစ်ဦးကို ထိုအမျိုးသမီးများ၏ သံကြိုးများကို ဖြုတ်ပေးရန်နှင့် အဝတ်အစားများ ပေးရန် ခိုင်းစေလိုက်သည်။ ထို့နောက် ဝမ်ထောင်သည် အခြားသူများကို ဦးဆောင်ကာ ထိုနေရာကို ရှာဖွေမွှေနှောက်ခဲ့လေသည်။ စားစရာများအပြင် ၎င်းတို့သည် ရဲတံဆိပ်တစ်ခုနှင့် ရဲယူနီဖောင်းတစ်ခုကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြ၏။

"အဖိုးကြီးဆုန့်... ဟူး..."

အားလုံးက သက်ပြင်းချလိုက်ကြသည်။

၎င်းတို့အနေဖြင့် ပြန်ရောက်လျှင် ယခု ကောရှင်းကို သေချာပေါက် စစ်ဆေးမေးမြန်းရမည် ဖြစ်သည်၊ အနည်းဆုံးတော့ သူ့ကို အရှင်လတ်လတ် အရေခွံဆုတ်ပစ်ရမည်။

ဝမ်ထောင်က ဟန်ရွှေကို တစ်ခုခု ကျန်ရှိနေခြင်း ရှိမရှိ စစ်ဆေးခိုင်းလိုက်သည်။ ပြဿနာမရှိကြောင်း သေချာစေပြီးနောက် ဝမ်ထောင်က လက်ဝှေ့ယမ်းလိုက်၏။

"သွားကြစို့..."

"ဂရား...."

ရုတ်တရက် အပြင်ဘကါမှ ဟိန်းဟောက်သံကြီးတစ်ခု ပဲ့တင်ထပ်လာခဲ့သည်။

"ဒါ ဘာသံလဲ"

ဝမ်ထောင်က ပြတင်းပေါက်ဆီသို့ အပြေးသွားကြည့်လိုက်ပြီး ဆဲရေးလိုက်မိတော့သည်။

အပြင်တွင် သွေးပမာဏ [ ၅၀၀၀/၅၀၀၀ ] ရှိသော ဇွန်ဘီတစ်ကောင် ရှိနေသည်။

အခြားသူများလည်း ဝမ်ထောင်ကဲ့သို့ပင် တုံ့ပြန်လိုက်ကြ၏။

"အမလေး ဘုရားရေ..."

အောက်ထပ်တွင် မိုးသည်းထန်စွာ ရွာသွန်းနေဆဲဖြစ်ရာ သုံးမီတာမှ လေးမီတာခန့် မြင့်မားပြီး ကြွက်သားများ သန်မာလှကာ ဂေါ်ရီလာ ကဲ့သို့ ခြေလေးဖက်ဖြင့် လှုပ်ရှားနေသည့် ကြီးမားလှသော ဇွန်ဘီတစ်ကောင်သည် စွန့်ပစ်ထားသော ကားတစ်စီးကို လက်သီးဖြင့် လှမ်းထုလိုက်ရာ ကားက လွင့်ထွက်သွားခဲ့သည်။ ထိုကားက ကုန်တိုက်၏ အတွင်းပိုင်းသို့ ဆောင့်မိသွားခဲ့၏။

ဝုန်း...

"ဒါ သူတို့ပြောနေတဲ့ ဇွန်ဘီလား။ ဒီဖျက်ဆီးရေးအင်အားက တကယ့်ကို ထိတ်လန့်စရာပဲ"

ဇွန်ဘီကြီးက ရူးသွပ်နေပုံရပြီး သူ့လမ်းကြောင်းတွင် ရှိနေသမျှ အရာအားလုံးဖြစ်သည့် ကားများ၊ လမ်းမီးတိုင်များ၊ ကျောက်တိုင်များကို လက်သီးဖြင့် ထိုးနှက်ဖျက်ဆီးနေခဲ့ရာ မည်သည့်အရာမျှ အကောင်းပကတိ မကျန်ခဲ့ပေ။

တစ်ကြိမ်တွင် သူဒေါသတကြီး လွှင့်ပစ်လိုက်သော ကျောက်တိုင်တစ်ခုက နံရံပေါ်ရှိ ကြီးမားသော ကြော်ငြာဘုတ်ကြီးကို ထိမှန်သွားခဲ့သည်။ ကြော်ငြာဘုတ်ကြီးက ဖြည်းညင်းစွာ ပြုတ်ကျလာပြီး သူ့အပေါ်သို့ ဖိမိသွားသော်လည်း ထိုဇွန်ဘီကမူ လုံးဝ သက်ရောက်မှု မရှိပေ...။

"ဒီအကောင်က တကယ့် ဖျက်ဆီးရေးစက်ကြီးပဲ"

"ငါတို့ကားကို အခြားတစ်ဖက်မှာ ရပ်ထားခဲ့လို့ တော်သေးတာပေါ့၊ မဟုတ်ရင် ပြဿနာတက်တော့မှာ..."

"သူ ငါတို့ကို သတိမထားမိလောက်ပါဘူး..."

ဇွန်ဘီကြီးသည် ဖျက်ဆီးခြင်း သက်သက်အတွက် ရှိနေသကဲ့သို့ အရာရာကို ဖျက်ဆီးနေပြီး အပေါ်ထပ်ရှိ ဝမ်ထောင်နှင့် အခြားသူများကို တကယ်ပင် သတိမပြုမိပေ။ သူ ဖြစ်ပေါ်စေသော ဆူညံသံကြောင့် ဇွန်ဘီအမြောက်အမြား ဆွဲဆောင်ခံရပြီး အချို့သော ရူးသွပ်ဇွန်ဘီ များပင် ပေါ်လာခဲ့သည်။

သို့သော် ဤကောင်ကြီးက ရန်သူနှင့် မိတ်ဆွေကို ခွဲခြားခြင်း မရှိဘဲ သာမန်ဇွန်ဘီအချို့ကို ပါ နင်းခြေသတ်ဖြတ်ပစ်ခဲ့၏... ရင်ပြင်တွင် တစ်မိနစ်ခန့် သောင်းကျန်းပြီးနောက် နောက်ဆုံး၌ ထွက်ခွာသွားခဲ့လေသည်။

ထိုအခါမှ အားလုံးသက်ပြင်းချနိုင်ကြတော့သည်။

"အမြန် ပြန်ကြစို့၊ အပြင်ဘက်က တကယ် အန္တရာယ်များလွန်းတယ်"

ဝမ်ထောင်က အချက်ပြလိုက်ပြီး အားလုံးကို အောက်ထပ်သို့ ခပ်သွက်သွက် ဦးဆောင်ခေါ်ခဲ့သည်။

ထိုအကောင်က သွေးပမာဏ ၅၀၀၀ အပြည့် ရှိနေပြီး တိုက်ခိုက်ရေးစွမ်းရည် မြင့်မားကာ ခံစစ်လည်း ကောင်းမွန်သော အမျိုးအစား ဖြစ်ပုံရသဖြင့် ဝမ်ထောင်အနေဖြင့် ၎င်းကို အနိုင်တိုက်နိုင်မည်ဟု မထင်ပေ။ ၎င်းကို ကျည်ဆန်အမြောက်အမြားဖြင့် ပစ်ခတ်ပါက သတ်နိုင်လောက်သော်လည်း ယင်းက ဇွန်ဘီများကို ပိုမို ဆွဲဆောင်မိစေမည် ဖြစ်ရာ တန်ဖိုးမရှိပေ။

"မြန်မြန်... မြန်မြန်တတ်..."

အဖွဲ့သည် ကားပေါ်သို့ ခပ်သွက်သွက် တက်လိုက်ကြသည်... နေ့လယ်ပိုင်းတွင် ဝမ်ထောင်နှင့် အခြားသူများသည် မည်သည့် ဖြစ်ရပ်မျှ ထပ်မံ မရှိတော့ဘဲ ရွှေကျွဲစခန်းသို့ ပြန်ရောက်လာခဲ့ကြ၏။

"ဟူး... နောက်ဆုံးတော့ ပြန်ရောက်ပြီ"

အားလုံး သက်ပြင်းချလိုက်ကြ၏။

အ​ပြန်လမ်းတွင် အားလုံးက "ဂေါ်ရီလာ" ဟု အမည်ပြောင် ပေးထားကြသည့် ထိုထိတ်လန့်စရာ ဇွန်ဘီကြီးက ၎င်းတို့အပေါ် ကြီးမားသော ဖိအားကို ဖြစ်ပေါ်စေခဲ့ပြီး ရင်တထိတ်ထိတ်ဖြင့် ပြန်လာခဲ့ကြရ၏။

ဝမ်ထောင်သည် ထိုအကောင်ကြီးသာ စခန်းသို့ ရောက်လာပါက ခြံဝင်းနံရံများက တားဆီးနိုင်မည် မဟုတ်ကြောင်း ခံစားလိုက်ရသည်... သူ ခေါင်းယမ်းလိုက်မိ၏၊ ယခုက ထိုအရာများကို တွေးတောရမည့် အချိန်မဟုတ်ပေ။ သူက တိုက်ခိုက်ခြင်းနှင့် ပစ္စည်းရှာဖွေခြင်းကိုသာ တာဝန်ယူရပြီး စခန်းကာကွယ်ရေးက ရန်ကျဲ့နှင့် အခြားသူများ၏ တာဝန် ဖြစ်သည်။

အဖွဲ့သည် ကောရှင်းနှင့် သူ၏ လက်အောက်ငယ်သား နှစ်ဦးကို ကားပေါ်မှ ဆွဲထုတ်လိုက်ကြ၏။

ကောရှင်းသည် လမ်းတွင် တစ်ကြိမ် နိုးလာခဲ့သော်လည်း ရှန့်ဟုန်ပင်းက သူ့ကို ထပ်မံ သတိမေ့သွားအောင် ရက်ရက်စက်စက် ထုနှက်ခဲ့၏။

"သူ့ကို ဘယ်လို ကိုင်တွယ်မလဲ"

ဟန်ရွှေက ဝမ်ထောင်၏ ဘေးသို့ကပ်လာကာ မေးလိုက်သည်။

"အရင်ဆုံး ကော်မတီဝင်ဆုန့်ကို သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ရည်ရွယ်ချက်ကို ထုတ်ပြောအောင် မညှာမတာစစ်ရမယ်၊ ပြီးရင် အသက်ရှင်ကျန်ရစ်သူ အားလုံးရဲ့ ရှေ့မှောက်မှာ ကွပ်မျက်မယ်"

ဝမ်ထောင်က ရှင်းပြလိုက်၏။

ယင်းက အခြား ကော်မတီဝင်များနှင့် ဆွေးနွေးပြီးနောက် ရရှိလာသော ဆုံးဖြတ်ချက် ဖြစ်၏။

မငြိမ်မသက် ဖြစ်နေသော ကာလတွင် ပြင်းထန်သော ပြစ်ဒဏ်များ လိုအပ်သည်၊ ကောရှင်းက ရွှေကျွဲစခန်းကို ဆန့်ကျင်ရန် ရွေးချယ်ခဲ့ပြီး ကော်မတီဝင်တစ်ဦးကို သတ်ဖြတ်ခဲ့သဖြင့် သူ့ကို အသက်ရှင်ခွင့်ပေးရန် မည်သို့မျှ မဖြစ်နိုင်ပေ။

ထို့အပြင် ယင်းက စခန်းရှိ အသက်ရှင်ကျန်ရစ်သူများကို ၎င်းတို့ကို ဆန့်ကျင်သူများ မည်ကဲ့သို့ ဖြစ်လာမည်ကို ပြသခြင်းလည်း ဖြစ်သည်။ ၎င်းက စည်းလုံးမှုကို မြှင့်တင်ပေးနိုင်ပြီး သတိပေးချက်တစ်ခုလည်း ဖြစ်စေလိမ့်မည်။

သို့သော် ဝမ်ထောင်သည် စစ်ဆေးမေးမြန်းခြင်းတွင် ပါဝင်မည် မဟုတ်ပါ၊ သူက ထိုအရာတွင် ကျွမ်းကျင်သူ မဟုတ်ပေ။ ဖုန်းမင်အန်းက ထိုကိစ္စတွင် အတွေ့အကြုံ ရှိသည်ဟု ကြားသိရသဖြင့် ၎င်းတို့ထံသို့သာ လွှဲအပ်လိုက်တော့သည်။

"ကောင်းပြီ"

ဟန်ရွှေ၏ မျက်ဝန်းများက နီရဲနေသည်။ သူမသည် ၎င်းကို ဆုန့်ကျင်းဟုန်အတွက် ကလဲ့စားချေခြင်းအဖြစ် သတ်မှတ်ထား၏။

"မတ်တပ်ရပ်မနေနဲ့ဦး၊ ဒီအမျိုးသမီးတွေကို နင် နှစ်သိမ့်ပေးဖို့ လိုတယ်..."

ဝမ်ထောင်က ကားပေါ်မှ ဆင်းကတည်းက ဒေါင့်တစ်ခုတွင် စုပြုံနေကြသော သနားစဖွယ် အမျိုးသမီးအုပ်စုကို ညွှန်ပြလိုက်သည်။

"ကျွန်မ နားလည်ပါတယ်"

ဟန်ရွှေ ခေါင်းညိတ်လိုက်ပြီးနောက် ထိုအမျိုးသမီးများကို ခေါ်ဆောင်သွားခဲ့လေသည်။

ဝမ်ထောင်သည် မူလက ပြန်လည် အနားယူချင်သော်လည်း ဖုန်းမင်အန်းက သူ့ကို လှမ်းခေါ်ခဲ့သည်။ သူက ၎င်းတို့အနေဖြင့် စွမ်းရည်ရှင်တစ်ဦးကို ယခင်က တစ်ခါမျှ စစ်ဆေးမေးမြန်းခြင်း မပြုဖူးသဖြင့် စွမ်းရည်ရှင်တစ်ဦး၏ အင်အားကို မသေချာကြောင်း ပြောကြားကာ ဝမ်ထောင်ကို ကူညီပေးရန် တောင်းဆိုခဲ့လေ၏။

ကူညီပေးရန်က ပြဿနာမရှိပါ။ ဝမ်ထောင်သည် ၎င်းတို့နှင့်အတူ မြေအောက်ခန်းသို့ လိုက်ပါသွားခဲ့သည်။

သူတို့သည် ပထမဦးစွာ ကောရှင်း၏ လက်အောက်ငယ်သား နှစ်ဦးကို သီးခြားစီ စစ်ဆေးမေးမြန်းခဲ့ကြသည်။ ထိုလက်အောက်ငယ်သားများသည် ကြောက်လန့်ကာ အံမတုရဲတော့ဘဲ အရာရာကို အကုန် ဖွင့်ဟဝန်ခံခဲ့ကြ၏။

ဝမ်ထောင်က ၎င်းတို့၏ စကားများကို တိုက်ဆိုင်စစ်ဆေးလိုက်ရာ ၎င်းတို့ ဝန်ခံချက်များက အခြေခံအားဖြင့် တူညီနေသဖြင့် အမှန်တရား ဖြစ်နိုင်ခြေ ရှိသည်။

ထို့နောက် ဖုန်းမင်အန်းက ကောရှင်းကို နှိုးလိုက်ပြီး စစ်ဆေးမေးမြန်းခြင်းကို စတင်လိုက်တော့သည်။

၎င်းတို့ အံ့သြသွားရသည်မှာ ကောရှင်းကလည်း လူညံ့တစ်ယောက် ဖြစ်နေခြင်း ဖြစ်၏။ ဖုန်းမင်အန်းက နှိပ်စက်ညှဉ်းပန်းခြင်းကိုပင် စတင်ခြင်း မပြုရသေးမီမှာပင် ကောရှင်းက အရာရာကို အကုန် ဝန်ခံခဲ့သည်။

ယင်းက ဖုန်းမင်အန်းကို အတော်လေး မကျေမနပ် ဖြစ်စေခဲ့၏။ သူက ကောရှင်း ပြောသမျှ အမှန်တရား ဖြစ်ကြောင်း အတည်ပြုပြီးနောက်တွင်ပင် သူ့ကို အချိန်အတော်ကြာအောင် ဆက်လက် နှိပ်စက်လေသည်။

ဝမ်ထောင်သည် လူများကို နှိပ်စက်ရခြင်းကို သဘောမကျပေ၊ သူက ၎င်းတို့ကို ခပ်သွက်သွက် အဆုံးသတ်ပေးရခြင်းကို ပိုမို သဘောကျသည်။ သို့သော် ကောရှင်းက စွမ်းရည်ရှင်တစ်ဦး ဖြစ်သည်ကို သတိရသဖြင့် ဝမ်ထောင်သည် ကောရှင်းကို သူ၏ စွမ်းအင်များ လုံးဝ ကုန်ဆုံးသွားသည်အထိ သူ၏ စွမ်းရည်ကို အကြိမ်ကြိမ် အသုံးပြုစေရန် အဓမ္မ ဖိအားပေးခဲ့၏။

ကောရှင်း၏ စွမ်းရည်မှာ သူ့ဗိုက်ထဲမှ အဖြူရောင် အချွဲများကို ထွေးထုတ်ခြင်း ဖြစ်သည်။ ထိုအချွဲက ပြင်းထန်သော ကပ်စေးသည့် အင်အား ရှိပြီး အရာဝတ္ထု အမြောက်အမြားကို အချိန်ကာလ အမျိုးမျိုးအထိ ကပ်ထားနိုင်ပေသည်။ အချိန်စေ့သွားပါက အချွဲက မာခဲသွားမည်ဖြစ်ပြီး အရည်ဘဝမှ အစိုင်အခဲဘဝသို့ ပြောင်းလဲကာ အလိုအလျောက် ပြုတ်ကျသွားမည် ဖြစ်၏။

ယခု စွမ်းရည်က အနည်းငယ် စိတ်ဝင်စားစရာ ကောင်းသဖြင့် ဝမ်ထောင်သည် ကိုယ်တိုင် ကွပ်မျက်သူ ဖြစ်လာရန် ပြင်ဆင်လိုက်သည်။ သူက ကောရှင်းအားသတ်လိုက်လျှင် ဇွန်ဘီများကဲ့သို့ ပစ္စည်းတစ်ခုခု ချပေးခြင်း ရှိမရှိ ကြည့်ရှုလိုခြင်း ဖြစ်၏... မကြာမီမှာပင် ဝေကျန့်ကော်နှင့် အခြားသူများ ရောက်ရှိလာခဲ့ကြသည်။

ဖုန်းမင်အန်းက အားလုံးကို စစ်ဆေးမေးမြန်းမှု၏ ရလဒ်ကို ပြောပြလိုက်၏။

လွန်ခဲ့သော ရက်ပိုင်းက ဆုန့်ကျင်းဟုန်သည် နေရောင်ခြည်ရပ်ကွက်မှ အသက်ရှင်ကျန်ရစ်သူများကို သွားရောက်ခေါ်ဆောင်ရန် အမဲလိုက်သမား နှစ်ဦးနှင့်အတူ ကားကို မောင်းနှင်ခဲ့သည်။ သို့သော် လမ်းတွင် ၎င်းတို့သည် ဇွန်ဘီများနှင့် တွေ့ဆုံခဲ့သဖြင့် လမ်းလွှဲခဲ့ရခြင်း သို့မဟုတ် အခြားကိစ္စတစ်ခုခု ဖြစ်ပွားခဲ့ခြင်း ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ ဆုန့်ကျင်းဟုန်သည် မူလလမ်းကြောင်းအတိုင်း မသွားဘဲ ကုန်တိုက်ဟောင်း အနီးသို့ လမ်းလွှဲခဲ့မိသည်။

ရလဒ်အနေဖြင့် ၎င်းတို့သည် ထိုနေရာတွင် အထူးဇွန်ဘီတစ်ကောင်နှင့် တွေ့ဆုံခဲ့ရ၏။ ၎င်းတို့၏ သေနတ်သံက အခြားဇွန်ဘီအုပ်စုကြီးကို ဆွဲဆောင်မိစေခဲ့သဖြင့် သုံးဦးစလုံး ကားကို စွန့်ပစ်ကာ ထွက်ပြေးခဲ့ရသည်။

အမဲလိုက်သမား နှစ်ဦးသည် ဇွန်ဘီများ၏ ကိုက်ခဲခြင်းကို ခံရသဖြင့် သေဆုံးသွားခဲ့ကြပြီး ဆုန့်ကျင်းဟုန် တစ်ဦးတည်းသာ ထွက်ပြေး လွတ်မြောက်နိုင်ခဲ့ကာ ကုန်တိုက်ဟောင်းထဲသို့ ပြေးဝင်ခဲ့ခြင်း ဖြစ်သည်။

ယင်းအရာအားလုံးကို ကောရှင်းက အပေါ်ထပ်မှနေ၍ ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသည်။ သူက ဆုန့်ကျင်းဟုန်၏ လက်ထဲရှိ သေနတ်ကို မျက်စိကျနေခဲ့ခြင်း ဖြစ်၏။

ထို့ကြောင့် သူက အလွန် ဧည့်ဝတ်ကျေပွန်ဟန် ဆောင်ကာ အပေါ်ထပ်မှ ဆင်းလာပြီး ဆုန့်ကျင်းဟုန်ကို အပေါ်ထပ်၌ ပုန်းကွယ်ရန် ခေါ်ဆောင်သွားမည်ဟု ပြောခဲ့သည်။ ဆုန့်ကျင်းဟုန်က ဒဏ်ရာရရှိထားပြီး ပြင်ပတွင်လည်း ဇွန်ဘီများ ပြည့်နှက်နေကာ ကုန်တိုက်၏ ပထမထပ်တွင် တံခါးများ မရှိသဖြင့် သူ၏နောက်သို့ လိုက်ပါသွားရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ပေ။

ထို့နောက် သူသည် ကောရှင်း၏ ချုံခိုတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ၎င်းတို့တွင် စုစုပေါင်း ခြောက်ယောက် ရှိနေခဲ့၏။ ဆုန့်ကျင်းဟုန်သည် မသေဆုံးမီ ၎င်းတို့အနက်မှ နှစ်ယောက်ကို အတူတူ သေဆုံးအောင် ပြုလုပ်နိုင်ခဲ့သော်လည်း လူအင်အား မမျှသဖြင့် နောက်ဆုံးတွင် ထိုနေရာ၌ပင် အသက်ပျောက်ခဲ့ရလေသည်။

လက်အောက်ငယ်သား နှစ်ဦး ဆုံးရှုံးခဲ့ရပြီး သူကိုယ်တိုင်လည်း သေနတ်ဖြင့် အပစ်ခံရလုနီးပါး ဖြစ်ခဲ့သဖြင့် ကောရှင်းသည် အလွန် ဒေါသထွက်ခဲ့သည်။ သူ၏ ဒေါသကို ဖြေဖျောက်ရန်အတွက် သူသည် ဆုန့်ကျင်းဟုန်၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်း ဖြတ်တောက်ခဲ့ပြီး သူ၏ ဦးခေါင်းကို လျှပ်စစ်မီးတိုင်ပေါ်တွင် တမင်ချိတ်ဆွဲထားခဲ့ခြင်း ဖြစ်၏။

ကောရှင်းသည် ဆုန့်ကျင်းဟုန်က ရွှေကျွဲစခန်းမှ ဖြစ်ကြောင်း မသိရှိခဲ့ပေ၊ ၎င်းတို့ စကားများများ မပြောဆိုရသေးမီမှာပင် သူက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သဖြင့် ယခုကဲ့သို့ နေရာမျိုး ရှိနေသည်ကိုပင် မသိရှိခဲ့ပေ။ အကယ်၍ သူသာ ရွှေကျွဲစခန်း၏ အင်အားကို သိရှိပါက သူ၏ လူညံ့ဗီဇအရ သေချာပေါက် လှုပ်ရှားရဲမည် မဟုတ်ပေ။

ယင်းက ဆုန့်ကျင်းဟုန်အတွက်မူ စိတ်မကောင်းစရာ ဖြစ်ခဲ့ရသည်... သူ ကျွန်အဖြစ် ဆက်ဆံခဲ့သော အမျိုးသမီးများနှင့် ပတ်သက်၍မူ ၎င်းတို့သည် မူလက ကုန်တိုက်ဟောင်း၏ ဝန်ထမ်းများ ဖြစ်ကြသည်။ ဇွန်ဘီဗိုင်းရပ်စ် ပျံ့နှံ့ချိန်တွင် ကနဦး ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုကို ကျော်ဖြတ်ပြီးနောက် ကောရှင်းသည် အဖွဲ့တစ်ခုကို ခပ်သွက်သွက် ဖွဲ့စည်းခဲ့သည်၊ သူက အမှန်တကယ်တော့ အဝတ်အထည် ရောင်းချသူ မဟုတ်ဘဲ ကုန်စည်သယ်ယူပို့ဆောင်သူ ဖြစ်ပြီး သူ့အောက်တွင် လက်အောက်ငယ်သား အုပ်စုတစ်စု ရှိနေခဲ့သဖြင့် လူအင်အား စုဆောင်းနိုင်ကာ စားစရာအမြောက်အမြားကို ရှာဖွေနိုင်ခဲ့၏။

ပြီးတော့ ကောရှင်းက တကယ့်ကို ကာမရူးတစ်ယောက် ဖြစ်သည်၊ သူက ကုန်တိုက်ရှိ အမျိုးသမီးများကိုသာ ကာကွယ်မှု ပေးခဲ့ပြီး အမျိုးသားများကိုမူ ၎င်းတို့သွားချင်ရာ သွားခွင့်ပြုခဲ့သည်။ သူ၏ ကျိုးကြောင်းပြချက်ကလည်း အတော်လေး 'ခိုင်လုံ' နေခဲ့သည်၊ အမျိုးသားများက သူ့စားစရာများကို ခိုးယူနိုင်သော်လည်း အမျိုးသမီးများကမူ မလုပ်နိုင်ဟူ၏။

အချို့ အမျိုးသမီးများသည် အသက်ရှင်သန်ရန်အတွက်သာ ကောရှင်း၏ ကာကွယ်မှုကို လက်ခံရန် ရွေးချယ်ခဲ့ကြသည်။ ထိုအချိန်တွင် ၎င်းတို့သည် ကောရှင်း၌ အနည်းငယ်မျှသော လူသားဆန်မှု ရှိသည်ဟု ထင်မှတ်ခဲ့ကြသော်လည်း မကြာမီမှာပင် သူက သူ၏ တကယ့် စရိုက်အမှန်ကို ထုတ်ပြခဲ့လေသည်။ သူက ထိုအမျိုးသမီးအားလုံးကို ပိတ်လှောင်ထားခဲ့ပြီး လူမဆန်သော နှိပ်စက်ညှဉ်းပန်းမှုများကို ပြုလုပ်ခဲ့လေ၏။

. "သူက တကယ်ကို သေသင့်တဲ့ကောင်ပဲ"

ရှန့်ဟုန်ပင်းက သတိမေ့နေပြီး နာကျင်မှု ခံစားနေရသော ကောရှင်းကို အားရပါးရ ကန်ပစ်လိုက်ပြီး အခြားသူများလည်း ဒေါသတရားများ ပြည့်နှက်နေခဲ့ကြသည်။

ကမ္ဘာပျက်ကပ်ကာလတွင် ဥပဒေ မရှိခြင်းက လူသားတို့၏ စိတ်နှလုံးထဲရှိ မကောင်းဆိုးဝါးစိတ်ဓာတ်ကို အတိုင်းအဆမရှိ ကြီးမားလာစေနိုင်သည်ကို အားလုံး သိရှိကြသော်လည်း ယခုလိုလူမျိုးနှင့် သူပြုလုပ်ခဲ့သမျှကို ကိုယ်တိုင် မြင်တွေ့ရချိန်တွင်မူ ဒေါသကို မထိန်းချုပ်နိုင်ကြပေ။ အဆုံးသတ်တွင် လူအများစု၌ မှန်ကန်သော ကိုယ်ကျင့်တရား စံနှုန်းများ ရှိနေကြဆဲ ဖြစ်သည်။

"ပြီးတော့ ကောရှင်းက အရေးကြီးတဲ့ သတင်းအချက်အလက်တစ်ခုကိုလည်း ထုတ်ပြောခဲ့သေးတယ်..."

ဖုန်းမင်အန်းက ဝမ်ထောင်ကို လှမ်းကြည့်လိုက်ရာ ဝမ်ထောင်က ဆက် ပြောလိုက်၏။

"ကောရှင်းက သူ ခစားနေတဲ့ အထက်လူကြီးတစ်ယောက် ရှိတယ်လို့ ပြောတယ်၊ ပြီးတော့ အဲဒီလူကြီးက စွမ်းရည်ရှင်တစ်ယောက်ပဲ။ သူက မူလက အမျိုးသမီး ဆယ်ယောက် ရှိတာကို အဲဒီလူကြီးဆီကို လက်ဆောင်အဖြစ် ငါးယောက် ကမ်းလှမ်းခဲ့တာ။ ကောရှင်းက စွမ်းရည်ရှင်တစ်ဦး ဖြစ်လာနိုင်တဲ့ အကြောင်းရင်းကလည်း အဲဒီလူကြီးက သူ့ကို ဇွန်ဘီအမြုတေ တစ်ခု ပေးခဲ့လို့ပဲ၊ ပြီးတော့ သူက ပထမဆုံးအကြိမ်မှာတင် မျှော်လင့်မထားဘဲ အောင်မြင်သွားခဲ့တာ..."

"ဒီလိုလား.."

-------

All Chapters