အခန်း ၉၄
Vol. 9 Ch. 94
အခန်း ၉၄ - ကျွန်မ လူသတ်ခဲ့တယ်
ဖုန်းမင်အန်းသည် သူ၏ အန်ဖတ်အချွဲထွက်ခြင်း စွမ်းရည်ကို ကောင်းကောင်း မကျွမ်းကျင်သေးပေ။ ထို့အပြင် သူသည် အန်သည့်အခါ ပျို့အန်ချင်သော ခံစားချက်ကို ကျော်လွှားနိုင်မည့် နည်းလမ်းကို ရှာဖွေရဦးမည် ဖြစ်သဖြင့် အထူးဇွန်ဘီများကို အမဲလိုက်ရန် အပြင်မထွက်မီ စခန်းထဲတွင် ခဏမျှ ပိုမိုလေ့ကျင့်ရန် စီစဉ်ထားခဲ့သည်။
သို့သော် အခြားလူများဖြစ်သည့် လူကန်းနှင့် ရှန့်ဟုန်ပင်းတို့ကမူ မစောင့်ဆိုင်းနိုင်တော့ဘဲ အပြင်သို့ တိုက်ရိုက် ပြေးထွက်သွားကြ၏။ ဖုန်းမင်အန်း စွမ်းရည်ရှင် ဖြစ်လာသည်ကို ကြည့်ပြီး ၎င်းတို့ မနာလိုဖြစ်လွန်း၍ မျက်လုံးများ စိမ်းနေကြသည် မဟုတ်ပါလား။
ဝမ်ထောင်ကမူ အိမ်တွင်သာ နေ၍ လေ့ကျင့်နေခဲ့ပြီး ၎င်းတို့နှင့်အတူ လိုက်မသွားခဲ့ချေ။ သို့သော် ဝမ်ထောင်က ၎င်းတို့ကို အကယ်၍ ကိုင်တွယ်ရခက်သော အထူးဇွန်ဘီနှင့် ကြုံတွေ့ရပါက သူ့ကို တိုက်ရိုက် ဆက်သွယ်နိုင်ကြောင်း ပြောကြားခဲ့သည်။ ဘာပဲဖြစ်ဖြစ် အမြုတေရှိသော အထူးဇွန်ဘီများနှင့် ကြုံတွေ့ရရန်မှာ ထိုမျှ မလွယ်ကူလှပေ။
ဝမ်ထောင် အိမ်တွင် ပုဆိန်ပစ်ခြင်းကို လေ့ကျင့်နေစဉ် ဆန်းဝေကွမ်း ထပ်မံ ရောက်ရှိလာခဲ့သည်။ ဟန်ရွှေက သူ့ကို ဗီဒီယိုအကြောင်း မပြောပြရသေးဘူးလားဟု ဝမ်ထောင်က တွေးတောရင်း ယခုတစ်ကြိမ်တွင် သူ ဘာကို လိုချင်နေသလဲဆိုသည်ကို သိချင်နေမိ၏။
.ကော်မတီရပ်ကွက် အပြင်ဘက်တွင်ဖြစ်သည်။
ဆန်းဝေကွမ်းသည် မိုးခိုရန်အတွက် နံရံခြေရင်းတွင် ရပ်နေခဲ့ပြီး ဝမ်ထောင် သူ့ကို တွေ့ခွင့်မပေးမှာ စိုးရိမ်သဖြင့် အနည်းငယ် ပူပန်နေမိသည်။
ကံကောင်းထောက်မစွာဖြင့် မိနစ် ၃၀ ကျော် စောင့်ဆိုင်းပြီးနောက် လုံခြုံရေးတပ်သားတစ်ယောက် ရောက်လာပြီး ဝင်ခွင့်ရပြီဖြစ်ကြောင်း လာရောက်ပြောကြားခဲ့၏။
"ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်"
ဆန်းဝေကွမ်းက ထပ်ခါတလဲလဲ ကျေးဇူးတင်စကား ဆိုလိုက်သည်။
အမှတ်(၈) အဆောက်အအုံ အပြင်ဘက်သို့ ရောက်ရှိသောအခါ ဆန်းဝေကွမ်းသည် တံခါးကို မခေါက်မီ သူ၏ အဝတ်အစားများကို သေသေချာချာ ပြင်ဆင်လိုက်၏။
ကလစ်..
တံခါးပွင့်သွားပြီး မိန်းမလှလေးတစ်ယောက်၏ မျက်နှာလေး ထွက်ပေါ်လာသည်။
"ဆန်းဝေကွမ်း ဟုတ်တယ်မလား။ ဝင်ခဲ့ပါ"
တင်ယွီချင်က ယဉ်ကျေးပျူငှာစွာဖြင့် ဖယ်ပေးလိုက်၏။
"ကျေးဇူးတင်ပါတယ်"
ဆန်းဝေကွမ်းသည် ဤမိန်းမက ကော်မတီဝင် ဝမ်၏ မိန်းမဖြစ်ကြောင်း သိသဖြင့် အများကြီး မကြည့်ရဲဘဲ ခေါင်းငုံ့ကာ အမြန် ဝင်သွားခဲ့သည်။
ဆန်းဝေကွမ်းကို ခေါ်ဆောင်လာပြီးနောက် တင်ယွီချင်က အပေါ်ထပ်သို့ တက်သွားခဲ့ပြီး ဝမ်ထောင်က ဧည့်ခန်းထဲတွင် စောင့်ဆိုင်းနေ၏။
"မင်္ဂလာမနက်ခင်းပါ ကော်မတီဝင် ဝမ်"
ဆန်းဝေကွမ်းက ပျာပျာသလဲ နှုတ်ဆက်လိုက်သည်။
"ဒါနဲ့ ကိစ္စရှိလို့လား"
ဝမ်ထောင်က တည်ငြိမ်စွာ မေးလိုက်၏။
"ဟို... ခင်ဗျားက ကျွန်တော့်မိန်းမကို ကယ်တင်ပေးခဲ့တာကို ကျွန်တော့်ဘက်က ကျေးဇူးတင်ဖို့ နည်းလမ်းကောင်း မစဉ်းစားမိသေးလို့ပါ။ ဒါပေမဲ့ မနေ့က ကျွန်တော်ကိစ္စတစ်ခုကို ရုတ်တရက် သတိရလိုက်တယ်။ ကျွန်တော့်မှာ လေးနဲ့မြား ဝါသနာအိုး သူငယ်ချင်းတစ်ယောက် ရှိတယ်။ သူ့အိမ်မှာ လေးနဲ့မြားတွေ အများကြီး ရှိပြီး တချို့လေးတွေက ဒေါ်လာ သောင်းချီ တန်တယ်လို့ ကြားဖူးတယ်..."
"ဟင်... လေးနဲ့မြား ဟုတ်လား"
လေးနှင့်မြားအကြောင်း ကြားရသောအခါ ဝမ်ထောင် စိတ်ဝင်စားသွားခဲ့သည်။
အချို့သော အခြေအနေများတွင် လေးနှင့်မြားက သေနတ်ထက် သာ၍ အသုံးဝင်လှသည်။ သို့သော် ၎င်းတို့ကို ကျွမ်းကျင်ရန်မှာလည်း ပို၍ ခက်ခဲ၏။ ဤဆန်းဝေကွမ်းက ၎င်းတို့ကို လာရောက် ပေးအပ်ခြင်းလား။
"ဟုတ်ပါတယ်၊ လေးနဲ့မြားပါ။ ဒါက ခင်ဗျားအတွက် အသုံးဝင်မယ်လို့ ကျွန်နော် ထင်တယ်။ ခငဗျားလိုလူမျိုးနဲ့ပဲ ဒီလက်နက်တွေက ထိုက်တန်တာပါ..."
ဆန်းဝေကွမ်းက ချက်ချင်းပင် မြှောက်ပင့်ပြောဆိုတော့သည်။
"လေးတွေက ဘယ်မှာလဲ"
"ဟို... လေးတွေက သူ့အိမ်မှာ ရှိတာပါ..."
"..."
ဝမ်ထောင်၏ မျက်နှာက ချက်ချင်း တည်သွားသည်ကို မြင်သောအခါ ဆန်းဝေကွမ်းက အမြန် ဖြည့်စွက်ပြောလိုက်၏။-
"ကော်မတီဝင် ဝမ်... ကျွန်တော် သူ့အိမ်လိပ်စာကို သိပါတယ်။ ကျွန်တော်မှာ အဲဒီကို သွားနိုင်တဲ့ စွမ်းရည် မရှိပေမဲ့ ခင်ဗျားရဲ့ စွမ်းအားနဲ့ဆိုရင်တော့ လုံးဝ ပြဿနာမရှိပါဘူး"
"အင်း...တခြားကိစ္စ မရှိရင် မင်း ပြန်နိုင်ပြီ"
ဝမ်ထောင်က စိတ်မရှည်သလို လက်ကာပြလိုက်၏။
ဤဆန်းဝေကွမ်းက သူ့ကို လာရောက် လိမ်လည်နေခြင်းလား။
သူသည် ဤကဲ့သို့ ကိစ္စရပ်များကို လူ့အဖွဲ့အစည်းတွင် အများကြီး မြင်တွေ့ဖူးသဖြင့် မထူးဆန်းတော့ပေ။ ဤလေးများ အမှန်တကယ် ရှိမရှိကို ခေတ္တဖယ်ထားဦး၊ ရှိလျှင်ပင် ပိုင်ရှင်က အသုံးမပြုဘဲ နေပါ့မလား။ သူများ လာကောက်မှာကိုပဲ အိမ်မှာ ထိုင်စောင့်နေပါ့မလား။
ဆန်းဝေကွမ်းသည် ဝမ်ထောင် သူ့ကို မောင်းထုတ်မှာ စိုးရိမ်သဖြင့် ပျာပျာသလဲ ရှင်းပြလိုက်သည်။
"မဟုတ်ပါဘူး ကော်မတီဝင် ဝမ်... ခင်ဗျားနားလည်မှုလွဲသွားပုံရတယ်။ အဲဒီသူငယ်ချင်းက ကူးစက်ခံလိုက်ရတာဗျ။ ဗိုင်းရပ်စ် စဖြစ်တုန်းက ကျွန်တော်တို့ ဖုန်းပြောခဲ့ကြသေးတယ်။ သူက အဲဒီအချိန်ကတည်းက ကူးစက်ခံထားရတာဖြစ်ပြီး လေးတွေအားလုံးက အိမ်မှာပဲ ရှိနေတာ။ သူ သေတော့မယ်ဆိုတာ သိလို့ ကျွန်တော့်ကို ယူသုံးဖို့ ပြောခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော်က မသွားရဲလို့..."
ထိုစကားကို ကြားရသောအခါ ဝမ်ထောင်၏ မျက်ခုံးများက အနည်းငယ် ပြေလျော့သွားခဲ့သည်။
အကယ်၍ ဆန်းဝေကွမ်း ပြောသည်က အမှန်ဖြစ်ပါက မျှော်လင့်ချက် ရှိနိုင်လေ၏။
"လိပ်စာက ဘယ်မှာလဲ"
"အဲဒါက..."
ဆန်းဝေကွမ်းက မဖုံးကွယ်ရဲဘဲ အတိအကျ လိပ်စာကို အမြန် ပြောပြလိုက်၏။
လိပ်စာကို စိတ်ထဲတွင် မှတ်သားပြီးနောက် ဝမ်ထောင်က မေးလိုက်သည်။
"ကောင်းပြီ၊ ငါ သိပြီ။ တခြားကိစ္စ ရှိသေးလား"
သူ ဆန်းဝေကွမ်းကို တခြားကိစ္စ ရှိသေးလားဟု မေးသည်မှာ ဒုတိယအကြိမ် ဖြစ်ကာ ဝမ်ထောင်သည် ပြုံးမနေသော်လည်း မျက်နှာပျက်မနေတော့ချေ။
ဝမ်ထောင်၏ သဘောထား ပြောင်းလဲသွားသည်ကို မြင်သောအခါ ဆန်းဝေကွမ်းက ချက်ချင်းပင် အခွင့်အရေး ယူလိုက်တော့သည်။
"ဟို... ကျွန်တော် ခင်ဗျားကို ကူညီခိုင်းချင်တဲ့ အသေးအမွှား ကိစ္စလေးတစ်ခု ရှိလို့ပါ..."
"ပြောပါ"
"ကျွန်တော် အလုပ်ပြောင်းချင်လို့ပါ။ ကိုယ့်ကိုယ်ကိုယ်တော့ စိုက်ပျိုးရေးအလုပ်နဲ့ မသင့်တော်ဘူးလို့ ထင်လို့..."
ဆန်းဝေကွမ်း၏ မျက်နှာက အနည်းငယ် ညှိုးငယ်သွား၏။
ရွှေကျဲစခန်းတွင် လူတိုင်း အလုပ်လုပ်ရမည် ဖြစ်သည်။ သူ၏ အလုပ်မှာ မြေကြီးတူးဆွပြီး စိုက်ပျိုးရသည့် အလုပ် ဖြစ်လေသည်။
ဟန်ရွှေက သူ့အတွက် ဤအလုပ်ကို အတင်းအကျပ် တောင်းဆိုပေးထားခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် အနည်းငယ် ပင်ပန်းသော်လည်း အလွန် လုံခြုံလှကာ အရေးကြီးဆုံးမှာ တစ်နေ့လျှင် အစားအစာကူပွန် နှစ်စောင်မှ သုံးစောင်အထိ ရရှိခြင်းပင်။
အလုပ်အများစုမှာ တစ်နေ့လျှင် အစားအစာကူပွန် တစ်စောင်သာ ရရှိသဖြင့် နှစ်စောင်နှင့်အထက် ရရှိသော အလုပ်မှာ လစာမြင့်မားသော အလုပ်အဖြစ် သတ်မှတ်နိုင်ပေသည်။
သို့သော် ဆန်းဝေကွမ်းက မခံနိုင်ချေ။
သူသည် တစ်သက်လုံး စိုက်ပျိုးရေးအလုပ် မလုပ်ဖူးသလို ပင်ပန်းသောမည်သည့်အလုပ်ကိုမှ မလုပ်ဖူးချေ။ သူ့ကို စိုက်ပျိုးရေး လုပ်ခိုင်းသည်မှာ ခက်ခဲအောင် လုပ်နေခြင်းသာ ဖြစ်သည်။
အကယ်၍ စခန်းသို့ မလာခင်ကဆိုလျှင် စိုက်ပျိုးရေးအလုပ်တင်မကဘဲ လုံခြုံမှုပေးနိုင်မည်ဆိုပါက ချေးပုံးထမ်းရန်ပင် ဝန်လေးမည် မဟုတ်ပေ။
သို့သော် ယခုအခါ စခန်းသို့ ရောက်ရှိပြီး လုံခြုံမှု ရရှိသွားသောအခါ သူသည် စိုက်ပျိုးရေးအလုပ် သို့မဟုတ် ဤကဲ့သို့ ကာယလုပ်အား စိုက်ထုတ်ရသည့် အလုပ်မျိုးနှင့် မသင့်တော်ဟု ခံစားလာရကာ ဦးနှောက်အသုံးပြုရသည့် အလုပ်မျိုးနှင့်သာ ပိုမို သင့်တော်သည်ဟု ထင်မြင်လာ၏။
ကံဆိုးစွာဖြင့် ဟန်ရွှေက သူ၏ အလုပ်ကို ပြောင်းလဲပေးရန် ငြင်းဆန်ခဲ့သည်။ သူမတွင် လုပ်ပိုင်ခွင့်မရှိဟု အကြောင်းပြခဲ့သော်လည်း ဆန်းဝေကွမ်းက မယုံကြည်ချေ။ ၎င်းသည် အကြောင်းပြချက်သက်သက်သာ ဖြစ်ရမည်ဖြစ်ပြီး ဟန်ရွှေသည် အိုရင်းရင်းနှင့် သူ၏ ဖောက်ပြန်မှုကို သေချာပေါက် သိရှိသွားပြီဟု ထင်မိသည်။
အထူးသဖြင့် လွန်ခဲ့သည့် နှစ်ရက်အတွင်း ဟန်ရွှေ၏ စိတ်အခြေအနေက အနည်းငယ် ပုံမှန်မဟုတ်ဘဲ ရံဖန်ရံခါ ငေးငိုင်နေတတ်၏။ ဆန်းဝေကွမ်းက ဘာဖြစ်လို့လဲဟု မေးသောအခါ သူမက မပြောသော်လည်း သူမ၏ မျက်နှာအမူအရာက အလွန် ဆိုးရွားလှသည်။ အထူးသဖြင့် သူ့ကို ကြည့်သည့် အကြည့်က ဝမ်းနည်းမှုနှင့် စိတ်ပျက်မှုများ ပြည့်နှက်နေသည့် အကြည့်မျိုးပင်။
ဆန်းဝေကွမ်းသည် ဟန်ရွှေက သူ အိုရင်းရင်းနှင့် အတူနေခဲ့သည်ကို သိရှိသွားပြီဟု ၁၀၀% သေချာနေလေပြီ ။ ဘာပဲဖြစ်ဖြစ် စခန်းသို့ ရောက်ကတည်းက သူသည် အားလပ်သည့် အချိန်တိုင်း အိုရင်းရင်း၏ နေရာသို့ ပြေးသွားလေ့ရှိပြီး ဟန်ရွှေကိုမူ တစ်ခါမျှ မထိတွေ့ခဲ့ချေ။ ဟန်ရွှေ သတိပြုမိသွားခြင်းက မထူးဆန်းပါ။
ဆန်းဝေကွမ်းသည် ဟန်ရွှေက ဘာကြောင့် သူ့ကို တိုက်ရိုက် မမေးမြန်းသလဲဆိုသည်ကို မသိသော်လည်း သူမကို ဆက်လက် အားကိုး၍ မရတော့ကြောင်း သိလိုက်သည်။ ထို့အပြင် ဟန်ရွှေ၏ အထက်လူကြီးဟောင်းကလည်း သေဆုံးသွားပြီဖြစ်ရာ သူမ၏ လက်ရှိအာဏာက အရင်ကလောက် ကြီးမားတော့မည် မဟုတ်ချေ... ဟန်ရွှေသည် ဝမ်ထောင်နှင့် အဆင်ပြေသော ဆက်ဆံရေး ရှိသဖြင့် သူမနှင့် ပြဿနာမဖြစ်မီ ဝမ်ထောင်၏ ခြေထောက်ကို အမြန် ဖက်တွယ်ထားရမည် ။ သို့မဟုတ်ပါက ဟန်ရွှေက သူ့ကို စွန့်ပစ်လိုက်လျှင် သူ အားကိုးစရာ လုံးဝ ရှိတော့မည် မဟုတ်ပေ။
ဝမ်ထောင်က ကော်မတီဝင်တစ်ယောက်ဖြစ်ပြီး ဘာမျှ မလိုအပ်သဖြင့် သူ့ကို ဖားရန်မှာ အလွန် ခက်ခဲလိမ့်မည် ဖြစ်ကြောင်း သူသေချာ သိသည်။
ဦးနှောက်ကို အသုံးချကာ စဉ်းစားပြီးနောက် နောက်ဆုံးတွင် လေးနှင့်မြား ကိစ္စကို သတိရလိုက်ခြင်းပင်။
သူ ယခုမှ သတိရရသည့် အကြောင်းရင်းမှာ မိမိကိုယ်တိုင် မသွားရဲသဖြင့် ဤကိစ္စကို စိတ်ထဲကနေ မသိမသာ လျစ်လျူရှုထားခဲ့ခြင်းကြောင့် ဖြစ်သည်။ သို့သော် လွန်ခဲ့သည့် ရက်အနည်းငယ်က အပြင်ထွက်သည့် စစ်သားများက သေနတ်များ မပစ်ရဲကြတော့ဘဲ အပြင်ဘက်တွင် အလွန် လျင်မြန်သော ဇွန်ဘီအချို့ ရှိနေကြောင်း ကြားသိခဲ့ရ၏။
သူသည် ဝမ်ထောင်အနေဖြင့် ဤလေးများကို လိုအပ်လိမ့်မည်ဟု ခံစားမိသဖြင့် ဝမ်ထောင် စိတ်ဝင်စားမှု ရှိမရှိ သိရန် ယနေ့သွေးတိုးစမ်းကြည့်ခြင်းပင်။
ဝမ်ထောင်က လိပ်စာကို မှတ်သားထားခိုင်းသဖြင့် အနည်းဆုံးတော့ စိတ်ဝင်စားမှု ရှိသည်ဟု ဆိုနိုင်ပေသည်။
ဝမ်ထောင်က တခြားကိစ္စ ရှိသေးလားဟု မေးသောအခါ သူ အလုပ်ပြောင်းမည့် ကိစ္စကို အမြန် ပြောလိုက်၏။ အကယ်၍ ယခုအချိန်တွင် မျက်နှာပြောင်မတိုက်ပါက နောက်ထပ် အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။
"အလုပ်ပြောင်းတဲ့ ကိစ္စကတော့ ငါ မကိုင်တွယ်ဘူး။ အဲဒါကို ငါ မကူညီနိုင်ဘူး"
ဝမ်ထောင်က ပုခုံးတွန့်ပြလိုက်၏။
ဆန်းဝေကွမ်း၏ မျက်နှာက ချက်ချင်း တောင့်တင်းသွားသည်။
သူက ထိုကိစ္စများကို ဝမ်ထောင် မကိုင်တွယ်မှန်း သိပါသည်။ ၎င်းသည် ကော်မတီဝင် ရန်ကျဲ့၏ တာဝန် ဖြစ်၏။ သို့သော် ဝမ်ထောင်သည်လည်း ကော်မတီဝင်တစ်ယောက် ဖြစ်ရာ စကားတစ်ခွန်း ပြောပေးလိုက်ရုံဖြင့် လုံလောက်သည် မဟုတ်ပါလား။
လေးနှင့်မြား သတင်းအချက်အလက်က သူ့ကို အလုပ်ပြောင်းပေးရန်အတွက် လုံလောက်ပုံ မရပေ။
ဆန်းဝေကွမ်း အလွန် စိတ်ပျက်သွားခဲ့သည်။ ဝမ်ထောင်သည် ကမ္ဘာမပျက်ခင်က ပိုက်ဆံကိုတော့ယူပြီး အလုပ်မလုပ်ပေးသည့် လူမျိုးများနှင့် တူနေသည်ဟု ခံစားလိုက်ရ၏။ သူသည် သတင်းအချက်အလက်ကို သက်သေမပြနိုင်သဖြင့် ၎င်း၏ တန်ဖိုးက ထိုမျှ မမြင့်မားခြင်းဖြစ်ပုံရလေသည်။.ဆန်းဝေကွမ်းသည် မျက်နှာပေါ်တွင် မည်သည့် စိတ်ပျက်မှုကိုမျှ မပြရဲချေ။ ဘာပဲဖြစ်ဖြစ် သူ့တွင် အခွင့်အရေး ရှိနေသေးသဖြင့် ဝမ်ထောင် သူ့ကို မုန်းတီးအောင် လုပ်၍မဖြစ်ပေ။
"မင်းမှာ တခြားကိစ္စ ရှိသေးလား"
၎င်းသည် ဝမ်ထောင် သူ့ကို မေးသည့် တတိယအကြိမ် ဖြစ်၏။
ဆန်းဝေကွမ်းက အမြန် မတ်တတ်ရပ်လိုက်သည်။
"တခြားကိစ္စ မရှိတော့ပါဘူး။ ဒါဆိုရင် ကော်မတီဝင် ဝမ်ကို နောက်ထပ် မနှောင့်ယှက်တော့ပါဘူး"
"အင်း"
ဝမ်ထောင်က တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်၏။ဆန်းဝေကွမ်းသည် ကော်မတီရပ်ကွက်ထဲက ထွက်လာပြီးနောက် လမ်းတစ်လျှောက်လုံး နောက်တစ်ကြိမ်တွင် ဝမ်ထောင်ကို မည်သည့်အရာ ပေးအပ်ရမလဲဆိုသည်ကိုသာ စဉ်းစားနေခဲ့သည်။ သန်မာသောလူတစ်ယောက်၏ ခြေထောက်ကို ဖက်တွယ်ရန်မှာ အမှန်တကယ် မလွယ်ကူလှပေ။
"အား"
ဆန်းဝေကွမ်းသည် ခေါင်းငုံ့ထားသဖြင့် သတိမထားမိဘဲ သူ၏ ထီးက အခြားထီးတစ်ချောင်းနှင့် တိုက်မိသွားခဲ့သည်။ သူ၏ ထီးပေါ်က ရေများက အခြားတစ်ဖက်လူ၏ ကိုယ်ပေါ်သို့ စင်သွား၏။
"လမ်းကို သေသေချာချာ မကြည့်...ဆောင်းရီးပါ၊ တောင်းပန်ပါတယ်"
ဆန်းဝေကွမ်းသည် ဗီဇအရ ချက်ချင်း ဆဲဆိုချင်မိသော်လည်း မော့ကြည့်လိုက်သောအခါ အခြားတစ်ဖက်တွင် အမျိုးသမီး ငါးယောက် ရှိနေသည်ကို တွေ့လိုက်ရသည်။ သူကမူ တစ်ယောက်တည်း ဖြစ်ပြီး ဘေးတွင် ဟန်ရွှေလည်း မရှိသဖြင့် ချက်ချင်းပင် ကြောက်ရွံ့သွား၏။
"တကယ်ပဲ၊ လမ်းကို ကြည့်လျှောက်ဦး"
သူ တိုက်မိသွားသောလူမှာ အလွန် အမိုက်စား ကောက်ကြောင်းရှိသည့် အမျိုးသမီးတစ်ယောက် ဖြစ်ပြီး ဆန်းဝေကွမ်းကို မကြည်ကြည့် ကြည့်နေခဲ့သည်။ သူမသည် ပို၍ လှပသော အမျိုးသမီးတစ်ယောက်နှင့် လက်ချင်းတွဲထား၏။
ဆန်းဝေကွမ်းသည် ဤအမျိုးသမီးကို မမှတ်မိသော်လည်း ဘေးက ပို၍လှသော အမျိုးသမီးကိုမူ အနည်းငယ် အမှတ်ရမိသည်။ သူမသည် ဟော့... ဟော့ကျိရီ အမည်ရှိ မင်းသမီးလေး ဖြစ်ပုံရ၏။
အကယ်၍ အေးချမ်းသော အချိန်ဆိုလျှင် ဆန်းဝေကွမ်း ချက်ချင်း ပြန်လည် ငြင်းခုံမိမည် ဖြစ်သည်။ သို့သော် ယခုက ကမ္ဘာပျက်ကပ်ခေတ် ဖြစ်၏။ သူ အရိုက်ခံရနိုင်သည်ကို ခေတ္တဖယ်ထားဦး၊ ဟန်ရွှေက ဤကဲ့သို့ ပဋိပက္ခများကို ကိုင်တွယ်ရသူ ဖြစ်သည်။ အကယ်၍ ဟန်ရွှေ ရောက်လာပါက သူ အလွန် အနေရခက်မည့် အခြေအနေ ဖြစ်မနေဘူးလား။
"ငါ့အမှားပါ၊ ငါ့အမှားပါ"
ယောက်ျားကောင်းက မိန်းမနှင့် မပြိုင်သဖြင့် ဆန်းဝေကွမ်းက ချက်ချင်း ထပ်မံ တောင်းပန်လိုက်သည်။
"ရာရပါပြီ၊ သွားကြရအောင်"
ဟော့ကျိရီက သူမ၏ သူငယ်ချင်းကို ဆွဲခေါ်လိုက်၏။
"ဟွန့်"
သူမ၏ သူငယ်ချင်းက နှာမှုတ်လိုက်ပြီးနောက် ဆက်လက်၍ ပြဿနာမရှာတော့ဘဲ ဟော့ကျိရီနှင့်အတူ လက်ချင်းတွဲကာ ချက်ချင်း ထွက်ခွာသွားတော့သည်။
ဆန်းဝေကွမ်းသည် အစပိုင်းတွင် ဂရုမစိုက်သော်လည်း ၎င်းတို့ ထွက်ခွာသွားစဉ် ပြောဆိုခဲ့သော စကားများကြောင့် သူ ချက်ချင်း ကြောင်အသွားခဲ့ရ၏။
"ညီမလေး ကျိရီ... နင်က နည်းနည်းလောက် ပိုပြီး ရဲရင့်ရမယ်။ ဘယ်ယောက်ျားက မိန်းမလှလေးကို မကြိုက်ဘဲ နေမှာလဲ။ နန်းတွင်းမိန်းမစိုးမှ မဟုတ်တာ။ ပြီးတော့ ကော်မတီဝင် ဝမ်က ယောက်ျားစစ်စစ်ကြီးဆိုတာ သေချာတယ်"
"နင်သာ အဝတ်အစားလှလှလေး ဝတ်ပြီး သူ့ဆီ သွားအပ်ရင် ကော်မတီဝင် ဝမ်က ငြင်းပယ်ပါ့မလား။ လုံးဝ မငြင်းဘူး။ ဒါဆိုရင် နင်လည်း ကော်မတီဝင်ရဲ့ ကျောထောက်နောက်ခံကို ရပြီလေ။ ငါတို့တွေလည်း နင်နဲ့အတူ ကောင်းစားဖို့ စောင့်နေတာ"
"နင် ရှက်နေရင်... ငါ နင်နဲ့အတူ လိုက်ခဲ့မယ်။ ကော်မတီဝင် ဝမ်ကို အသေအလဲ စွဲလန်းသွားစေရမယ်လို့ ငါ အာမခံတယ်..."
၎င်းတို့၏ စကားသံများက ဝေးကွာသွားသည်ကို ကြားရသောအခါ ဆန်းဝေကွမ်းက အထင်သေးမိသည်။
"ဟမ့်... အရှက်မရှိတဲ့ မိန်းမတွေပဲ"
သို့သော် မကြာမီမှာပင် သူ ခေါင်းခါလိုက်ပြန်၏။
"ဒါက မိန်းမဖြစ်ရကျိုး နပ်တာပဲ။ အထူးသဖြင့် လှတဲ့မိန်းမတွေ... နှမြောစရာပဲ၊ ငါက မိန်းမ မဟုတ်တာ - နေဦး၊ မိန်းမလှလေး ဟုတ်လား"
ဆန်းဝေကွမ်း ဘာကို တွေးမိသည်မသိဘဲ သူ၏ မျက်နှာအမူအရာက ရုတ်တရက် အကြိမ်ကြိမ် ပြောင်းလဲသွားတော့သည်။
...
"ကော်မတီဝင် ဝမ်... ဟန်ရွှေက တွေ့ခွင့်တောင်းနေပါတယ်"
ဝေါ်ကီတော်ကီထဲက အသံကို ကြားရသောအခါ ဝမ်ထောင် အနည်းငယ် ဆွံ့အသွားခဲ့သည်။ ဆန်းဝေကွမ်း ထွက်သွားသည်နှင့် ဟန်ရွှေက ချက်ချင်း ရောက်လာခဲ့၏။ ဤလင်မယားနှစ်ယောက်က တိုင်ပင်ထားကြခြင်းလား။
သို့သော် ဟန်ရွှေက ဆန်းဝေကွမ်းနှင့် လုံးဝ ကွဲပြားသည်။ သူ၏ မျက်စိထဲတွင် ဆန်းဝေကွမ်းက အသုံးမကျသောလူ ဖြစ်၏။ သို့သော် ဟန်ရွှေက အလွန် စွမ်းဆောင်ရည်ရှိသော စွမ်းရည်ရှင်တစ်ယောက်ဖြစ်ပြီး ဝမ်ထောင်သည် သူမနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိရန် လိုလားသည်။
"သူ့ကို ဝင်ခွင့်ပေးလိုက်"
မကြာမီမှာပင် ဟန်ရွှေသည် ထီးတစ်ချောင်းကို ကိုင်ဆောင်ကာ ဝင်ရောက်လာခဲ့၏။
သူမကို မတွေ့ရသည်မှာ နှစ်ရက်ရှိပြီဖြစ်ရာ ဟန်ရွှေ၏ မျက်နှာအမူအရာက အရင်ကထက် အများကြီး ပိုမို ဆိုးရွားနေခဲ့သည်။ သူမ၏ မျက်လုံးများက နီမြန်းနေပြီး မျက်ကွင်းများပင် အနည်းငယ်ညိုနေ၏။
ယဉ်ကျေးစွာ စကားအနည်းငယ် ပြောဆိုပြီးနောက် ဟန်ရွှေက အနည်းငယ် စိုးရိမ်တကြီး မေးလိုက်သည်။
"ဝမ်ထောင်... ဟို... အဲဒီနေ့က ကျွန်မရုံးခန်းကို ဘယ်သူလာသွားလဲဆိုတာ ရှင်စုံစမ်းလို့ ရပြီလား..."
"အဲဒါက... ငါ စုံစမ်းလို့ ရပါပြီ။ ပြီးတော့ အဲဒီလူနဲ့ပါ ငါ တွေ့ပြီးပြီ..."
"ဘယ်သူလဲ"
ဟန်ရွှေ၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်များ ထွက်ပေါ်လာသည်။
ဘာပဲဖြစ်ဖြစ် ဆန်းဝေကွမ်းက သူမ၏ လင်ယောက်ျား ဖြစ်၏။ သူမသည် သူ့ကို စခန်းကနေ မောင်းထုတ်ခံရမှာကို အမှန်တကယ် မလိုလားပေ။
"ဒါပေမဲ့ အဲဒီလူက မင်းကို ဘယ်သူလဲဆိုတာ မပြောဖို့ ငါ့ကို တောင်းဆိုထားတယ်။ မင်း ဘာတွေဖြစ်နေလဲဆိုတာ အတိအကျ မပြောပြမချင်းပေါ့... နှစ်ဖက်စလုံးက အသိတွေဖြစ်နေတော့ ငါလည်း အခက်တွေ့ရတယ်... ပြောရရင် မင်းနဲ့ ဘာတွေဖြစ်နေတာလဲ။ ပြောလို့မရတဲ့ ကိစ္စ ရှိလို့လား"
ဝမ်ထောင်၏ မျက်နှာပေါ်တွင် အခက်တွေ့နေသည့် အရိပ်အယောင်နှင့်အတူ စူးစမ်းလိုစိတ်များ ထွက်ပေါ်လာသည်။
"ဟင်"
ဝမ်ထောင်၏ စကားကို ကြားရသောအခါ ဟန်ရွှေ အနည်းငယ် ကြောင်အသွားခဲ့၏။ ထို့နောက် သူမ ခေါင်းကို အထပ်ထပ် ခါယမ်းကာ ပြောလိုက်၏။
" ပြောလို့မရဘူး၊ ကျွန်မ ပြောလို့မရဘူး"
အကယ်၍ သူမ ပြောလိုက်ပါက ဆန်းဝေကွမ်းဘဝက ပြီးသွားပေလိမ့်မည်။
"ဒါဆိုရင်တော့ ငါလည်း ဘာမှ မတတ်နိုင်ဘူး။ အားလုံးက သူငယ်ချင်းတွေပဲလေ၊ ငါက မင်းအတွက်နဲ့ တခြားလူကို သစ္စာဖောက်လို့ မရဘူး မဟုတ်လား"
ဝမ်ထောင်က အကူအညီမဲ့စွာဖြင့် စကားဆိုလိုက်၏။
သူ့တွင် အနည်းငယ် နောက်ပြောင်လိုသော စိတ် ရှိကြောင်း ဝန်ခံပါသည်။ သို့သော် အမှန်အတိုင်း ပြောရလျှင် လူတစ်ယောက်ကို စနောက်ရသည်မှာ အတော်လေး စိတ်ဝင်စားစရာ ကောင်းလှ၏။
ဟန်ရွှေ၏ မျက်နှာပေါ်တွင် တွေဝေတုံ့ဆိုင်းမှုများ ချက်ချင်း ထွက်ပေါ်လာသည်။ သူမ ခေါင်းငုံ့ထားခဲ့ပြီးနောက် မျက်လုံးများ လှုပ်ရှားနေခဲ့ကာ ကြီးမားသော ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်သကဲ့သို့ ခေါင်းကို ပြန်လည် မော့လိုက်၏။
"ဒါဆိုရင် ကျွန်မ ရှင့်ကို ပြောပြမယ်။ ရှင်... ဟူး၊ ထားလိုက်ပါတော့"
ဟန်ရွှေက ခေါင်းခါလိုက်ပြီးနောက် ခေါင်းကို ထပ်မံ ငုံ့လိုက်ကာ လေးလံသော လေသံဖြင့် ပြောလိုက်သည်။
"ကျွန်မ စခန်းကို မလာခင်က အသက်ရှင်ကျန်ရစ်သူတချို့ကို ကယ်တင်ခဲ့ဖူးတယ်။ အဲဒီတုန်းက စစ်ဆင်ရေးတစ်ခုမှာ ကျွန်မတို့တွေ ဇွန်ဘီတွေကြောင့် အပေါ်ထပ်မှာ ပိတ်မိနေခဲ့တာ။ ဇွန်ဘီတွေရဲ့ တိုက်ခိုက်မှုကနေ လွတ်မြောက်ဖို့အတွက် ကျွန်... ကျွန်မ အသက်ရှင်ကျန်ရစ်သူ နှစ်ယောက်ကို အောက်ကို တွန်းချခဲ့တယ် ။ သူတို့က ဇွန်ဘီတွေရဲ့ အာရုံကို လွှဲပေးနိုင်ခဲ့လို့သာ ကျွန်မတို့တွေ လွတ်မြောက်နိုင်ခဲ့တာ...သူတို့ကို အကြွေးတင်ခဲ့ပါပြီ။ အား... ပြီးတော့ အဲဒီမြင်ကွင်း အားလုံးကို ကွယ်ရာကနေ အသက်ရှင်ကျန်ရစ်သူတစ်ယောက်က ဗီဒီယိုရိုက်ထားခဲ့တာ..."
"..."
ဝမ်ထောင်သည် ဟန်ရွှေကို အံ့ဩတုန်လှုပ်စွာ ကြည့်လိုက်မိသည်။ အကယ်၍ ထိုဗီဒီယိုကို ရိုက်ခဲ့သူမှာ သူကိုယ်တိုင် မဟုတ်ပါက သူမ၏ စကားကို အမှန်တကယ် ယုံကြည်မိပေလိမ့်မည်။
ဤဟန်ရွှေသည် သူမ၏ လင်ယောက်ျားအတွက် အပြစ်ကို မိမိကိုယ်ကိုယ် လွှဲပြောင်းယူနေခြင်းပင်။
သူတို့လင်မယားနှစ်ယောက်၏ ဆက်ဆံရေးက ထိုမျှအထိ ကောင်းမွန်ပါသလား။ အခြားတစ်ဖက်လူအတွက် သေပေးနိုင်သည်အထိလား။
ဝမ်ထောင်သည် ဆန်းဝေကွမ်း၏ ဟန်ရွှေအပေါ် ထားရှိသော သဘောထားကတော့ ထိုမျှ မကောင်းကြောင်း ခံစားမိပါသည်။ဟန်ရွှေ၏ ဆန်းဝေကွမ်းအပေါ် သဘောထားကိုမူ သူ သေချာ မပြောတတ်ချေ။ သူမသည် လင်ယောက်ျားနောက် လိုက်မည့် မိန်းမမျိုးလား။
"ကျွန်မ ဒါကို တစ်သက်လုံး ဖုံးကွယ်ထားချင်ခဲ့တာ၊ ဒါပေမဲ့... အဲဒီလူက ကျွန်မနဲ့ ညှိနှိုင်းချင်ပုံရတယ်။ ကျွန်မ စခန်းမှာ ဆက်နေလို့မရတော့ဘူးလို့ ခံစားရတယ်။ အဲဒီလူနဲ့ တွေ့ပြီး ဗီဒီယိုကို ဖျက်ခိုင်းချင်ရုံတင်ပါ။ ကျွန်မအနေနဲ့... စခန်းအတွက် အများကြီး မလုပ်ပေးနိုင်ခဲ့ရင်တောင် ကြိုးစားခဲ့တာကို ထောက်ထားပြီး ရှင် ကျွန်မကို လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။ ကျွန်မ စခန်းကနေ ကိုယ့်ဘာသာ ထွက်သွားပါ့မယ်..."
ဟန်ရွှေ၏ လေသံက အလွန် စိတ်ပျက်အားလျော့နေခဲ့၏။
၎င်းသည် သူမ စဉ်းစားမိသော အကောင်းဆုံး အဖြေ ဖြစ်သည်။ သူမက တာဝန်ယူလိုက်မည်ဖြစ်ကာ ဝမ်ထောင်ကို ကော်မတီက သူမကို အပြစ်မပေးရန် တောင်းပန်မည် ဖြစ်သည်။ ထို့နောက် သူမ စခန်းကနေ ထွက်ခွာသွားမည်ဖြစ်ကာ ဘယ်တော့မှ ပြန်မလာတော့ပါ။
မည်သို့ပင်ဖြစ်စေ ဆန်းဝေကွမ်းက သူမ၏ တရားဝင် လင်ယောက်ျား ဖြစ်၏။ သူ့အပေါ် ထားရှိသော ခံစားချက်များ လျော့ပါးသွားခဲ့လျှင်ပင် သူ့ကို သေစေချင်သည်အထိ မဟုတ်ပေ... ဇနီးတစ်ယောက်အနေဖြင့် ဤသည်က သူ့အပေါ် တာဝန်ကျေပွန်ခြင်း ဖြစ်နိုင်ပေသည်။
အကယ်၍ ဆန်းဝေကွမ်းသာ အပြင်ထွက်ပါက သေခြင်းတရားသာ ရှိလိမ့်မည် ။ သို့သော် သူမ အပြင်ထွက်ပါက အသက်ရှင်သန်နိုင်မည့် အခွင့်အရေး အများကြီး ရှိနေသေး၏။
သို့သော် ဗီဒီယိုရိုက်ထားသည့်လူက အများပြည်သူသို့ ချပြမလားဆိုသည့် ပြဿနာ ရှိနေသေးသည်။ ဟန်ရွှေတွင် ထိန်းချုပ်နိုင်စွမ်း မရှိသဖြင့် တစ်လှမ်းချင်းသာ သွားနိုင်၏။ဝမ်ထောင်သည် အံ့ဩမှုများ ပြီးဆုံးသွားပြီးနောက် အနည်းငယ် ရယ်ချင်နေသော်လည်း မသိသလို မေးလိုက်သည်။
"ဟန်ရွှေ... မင်း တကယ်ပဲ အဖော်နှစ်ယောက်ကို တွန်းချခဲ့တာ သေချာလား။ အကယ်၍ ဒါက အမှန်ဖြစ်ပြီး တစ်ယောက်ယောက်မှာ သက်သေရှိနေရင် ငါ မင်းအတွက် စကားပြောပေးရင်တောင် မင်း စခန်းမှာ နေလို့ရမှာ မဟုတ်ဘူး"
"သေချာပါတယ်..."
ဟန်ရွှေသည် ဝမ်ထောင်၏ မျက်လုံးများကို မကြည့်ရဲချေ။ သူမသည် လိမ်ညာတတ်သူ မဟုတ်သဖြင့် ဝမ်ထောင် သိရှိသွားမှာကို စိုးရိမ်နေမိသည်။
"ဒါက မင်းရဲ့ ကိစ္စဖြစ်လို့ ငါ အများကြီး မပြောချင်တော့ပါဘူး... ဒီလိုလုပ်ရအောင်၊ ငါ မင်းအတွက် အချိန်တစ်ခု သတ်မှတ်ပေးမယ်။ မနက်ဖြန်ညကျရင် ငါ့အိမ်ကို လာခဲ့ပါ။ မင်းတို့နှစ်ယောက် တွေ့ပြီး စကားပြောကြတာပေါ့"
"ကောင်းပါပြီ။ ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်"
ဟန်ရွှေက ကျေးဇူးတင်စကား ချက်ချင်း ဆိုလိုက်၏။
ဟန်ရွှေ၏ အထီးကျန်စွာ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း ဝမ်ထောင် အနည်းငယ် ခေါင်းကိုက်သွားခဲ့သည်။
အကယ်၍ ဟန်ရွှေက ဆန်းဝေကွမ်းအပေါ် ဤမျှအထိ သစ္စာရှိနေပါက အနည်းငယ် နှမြောစရာကောင်းလှသည်။ သူမသည် သူ၏ အသင်းဖော် ဖြစ်မလာနိုင်တော့သဖြင့် နှမြောစရာကောင်းခြင်း ဖြစ်၏။
သို့သော် မကြာမီမှာပင် ဝမ်ထောင် ခေါင်းခါလိုက်ပြန်သည်။
"ထားလိုက်ပါတော့၊ မနက်ဖြန်ညကျရင် အရာအားလုံးကို ရှင်းရှင်းလင်းလင်း ပြောပြလိုက်မယ်။ သူမ ဘာလုပ်မလဲဆိုတာကတော့ သူမရဲ့ ကိစ္စပဲပေါ့"
ဝမ်ထောင် သူမကို တိုက်ရိုက် မပြောပြရသည့် အကြောင်းရင်းမှာ ၎င်းတို့၏ ဆက်ဆံရေး တင်းမာသွားမှာကို မလိုလားသောကြောင့် ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဟန်ရွှေ၏ စွမ်းရည်က အလွန် ကောင်းမွန်လှသည်။ အနာဂတ်တွင် ဇွန်ဘီများကို အမဲလိုက်ရန် သူမကို ခေါ်ထုတ်သွားပါက သူ့အတွက် ကြီးမားသော အကူအညီ ဖြစ်လာနိုင်သည် မဟုတ်ပါလား။
သို့သော် ဟန်ရွှေက ဤမျှအထိ စိတ်ပျက်စရာကောင်းနေမှတော့ ထားလိုက်ပါတော့။
ဝမ်ထောင်အနေဖြင့် အသင်းဖော်တစ်ယောက် မရှိလျှင် မဖြစ်ဘူးလား။ ၎င်းသည် အာရုံခံနိုင်စွမ်း ရှိသော ဇွန်ဘီအမြုတေတစ်ခုမျှသာ ဖြစ်ပြီး အနာဂတ်တွင် နောက်ထပ်တစ်ခုနှင့် သေချာပေါက် ကြုံတွေ့ရဦးမည် ဖြစ်သည်။
ညပိုင်း။
ဝမ်ထောင် ညစာ စားသောက်ပြီးစအချိန်တွင် ဆန်းဝေကွမ်း ထပ်မံ ရောက်ရှိလာခဲ့ပြန်သည်။
ဤသည်က ဝမ်ထောင်ကို အနည်းငယ် မျက်မှောင်ကြုတ်သွားစေ၏။ ဤလင်မယားနှစ်ယောက်က သူ့ဆီသို့ တစ်လှည့်စီ လာနေကြခြင်းလား။
ဝမ်ထောင်သည် ဆန်းဝေကွမ်းကို စကားမပြောချင်သဖြင့် သူ၏ ဇနီးချောနှင့်သာ ဘဝအကြောင်း ဆွေးနွေးရန် ပြင်ဆင်လိုက်သည်။
သို့သော် ဆန်းဝေကွမ်းက လုံခြုံရေးတပ်သားကို စကားပါးလိုက်သည်မှာ ဝမ်ထောင်ကို ယနေ့မနက်က ပြောခဲ့သည်ထက် ပို၍ကောင်းသောအရာတစ်ခု ပေးအပ်ချင်သောကြောင့် ဖြစ်သည်ဟု ဆို၏။
လေးနှင့်မြား သတင်းထက်ပို၍ ကောင်းသောအရာလား။
ဤသည်က ဝမ်ထောင်၏ စူးစမ်းလိုစိတ်ကို ချက်ချင်း လှုံ့ဆော်လိုက်သည်။
ကောင်းပြီ၊ မိနစ်အနည်းငယ်ထက် ပိုမကုန်သဖြင့် သူ့ကို တွေ့ဆုံလိုက်မည်။
ဆန်းဝေကွမ်းကို ထပ်မံ တွေ့ရသောအခါ သူသည် မည်သည့်အရာမျှ သယ်ဆောင်မလာသေးချေ။ သူက ဝမ်ထောင်ကို လျှို့ဝှက်စွာ ပြောလိုက်၏။
"ကော်မတီဝင် ဝမ်... ကျွန်တော် ခင်ဗျားအတွက် ပစ္စည်းကို အဆင်သင့် ပြင်ထားပြီးပြီ။ ကျွန်တော့်နောက်ကို လိုက်ခဲ့ပေးပါ"
"ကောင်းပြီ၊ မင်းဆီမှာ ဘယ်လို ကောင်းတဲ့အရာ ရှိလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့။ အကယ်၍ ငါ သဘောမကျရင်တော့..."
"သေချာပေါက် သဘောကျစေရပါမယ်"
ဝမ်ထောင်သည် ဆန်းဝေကွမ်း၏ နောက်သို့ လိုက်သွားခဲ့ပြီး ဆန်းဝေကွမ်းကို တိုက်ခန်းတစ်ခုဆီသို့ ကားမောင်းပို့ခိုင်းလိုက်၏။
ကားပေါ်က ဆင်းပြီးနောက် ဆန်းဝေကွမ်းက ဝမ်ထောင်ကို သူ၏ အိမ်သို့ ခေါ်ဆောင်သွားခဲ့သည်။
ဝမ်ထောင် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရ၏။ ဆန်းဝေကွမ်းသည် မည်သည့် ကောင်းသောအရာကို အပြင်သို့ မယူလာနိုင်ဘဲ အိမ်တွင်သာ သီးသန့် သိမ်းဆည်းထားရသနည်း။
ဆန်းဝေကွမ်းက အိပ်ခန်းတံခါးကို ဖွင့်လိုက်သည်။
"ကော်မတီဝင် ဝမ်... ဒါက ကျွန်တော် ခင်ဗျားအတွက် ပြင်ဆင်ထားတဲ့ လက်ဆောင်ပါ"
အထဲက အခြေအနေကို မြင်လိုက်ရသောအခါ ဝမ်ထောင် အံ့ဩလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရတော့၏။
အိပ်ခန်းထဲက ကုတင်ကြီးပေါ်တွင် ညအိပ်ဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်က စောင်းလျက် လဲလျောင်းနေခဲ့သည်။ ထိုအမျိုးသမီးသည် မျက်လုံးများကို ပိတ်ထားခဲ့ပြီး မျက်နှာက နီမြန်းနေကာ နဖူးပေါ်တွင် ချွေးစက်အချို့ ရှိနေခဲ့ပြီး ခန္ဓာကိုယ်က နေရခက်လှသကဲ့သို့ ထူးဆန်းစွာ လှုပ်ရှားနေ၏... ဤအမျိုးသမီးမှာ အခြားသူမဟုတ်ဘဲ ဆန်းဝေကွမ်း၏ ဇနီးဖြစ်သူ ဟန်ရွှေ ဖြစ်နေတော့သည်။
.......