ထိုက်ကျိအစွန်းနှစ်ဖက်ဓားဆန္ဒ
Vol. 11 Ch. 101
ဝမ်ရှန်း အလေးအနက်စဉ်းစားရင်း သူ၏ဘယ်ဘက်လက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။ သူ၏လက်ထဲမှ အစစ်မှန်ချီတစ်ခုထွက်ပေါ်လာပြီး ခုနှစ်စင်ကြယ်၏ အရိပ်အယောင်များပါဝင်သော ဓားရှည်တစ်လက်အဖြစ် ပြောင်းလဲသွားသည်။
သူသည် ညာဘက်လက်ကိုပါ ဆန့်ထုတ်လိုက်ရာ နောက်ထပ် ဓားရိပ်တစ်ခု ထွက်ပေါ်လာပြန်သည်။ ထိုဓားရိပ်ထဲတွင် သေးငယ်သော ထိုက်ကျိသင်္ကေတလေးတစ်ခုမှာ ဖြည်းညင်းစွာ လည်ပတ်နေသည်။
ဘယ်ဘက်လက်မှ ဓားဆန္ဒကို ပြန်ရုပ်သိမ်းလိုက်ပြီး ညာဘက်လက်မှ ဓားရိပ်ကိုသာ အာရုံစိုက်လိုက်သည်။ ဓားကစားလိုသည့်စိတ်မှာ ရုတ်တရက် ပေါ်ပေါက်လာသဖြင့် ဝမ်ရှန်းသည် အနက်ရှိုင်းဆုံးနားစွင့်သူဓားကို ဆင့်ခေါ်လိုက်သည်။
ဓားမှာ သူ၏လက်ထဲသို့ ရောက်ရှိလာသည်နှင့် သူသည် ခုနှစ်စင်ကြယ်ဓားအစီအရင်၏ အဖွင့်ကွက်ကို အလိုအလျောက်စတင်လိုက်သည်။ သို့သော် သူ၏အနေအထားကို ပြင်လိုက်သည်နှင့် ထိုနေရာမှာပင် ရပ်တန့်သွားသည်။
သူသည် လှုပ်ရှားမှုတားဆီးသည့်အဆောင် ထိမှန်ခံလိုက်ရသလိုမျိုး ဆယ့်ငါးမိနစ်ခန့် ငြိမ်သက်စွာ ရပ်နေမိသည်။
ခြံတံခါးဝတွင် မုဝမ်ရွှမ်းက ဝမ်ရှန်းကိုကြည့်ရင်း မျက်မှောင်ကြုတ်နေသည်။ အဖြူရောင်မုတ်ဆိတ်နှင့် အဘိုးကြီးက သူမဂျူနီယာမောင်လေးကို လမ်းမှားရောက်အောင် လုပ်လိုက်ပြီလားဟု သူမ တကယ်ပင် စိုးရိမ်နေမိသည်။
သူ့ဓားသိုင်းက ကောင်းကောင်းမွန်မွန်တိုးတက်နေတာကို အခုတော့ ဒီလိုကြီးရပ်တန့်သွားရတယ်လို့၊၊
ရှေးဟောင်းကျမ်းတစ်စောင်ကို ဖတ်နေသည့် ချီဝမ်ကလည်း ပြတင်းပေါက်မှနေ၍ စပ်စုချင်စိတ်ဖြင့် ချောင်းကြည့်နေသည်။ သူမ၏ စီနီယာအစ်ကိုက ဘာကြောင့် သိုင်းကွက်ခင်းနေတုန်း ငြိမ်သွားရလဲဆိုသည်ကို သူမ နားမလည်နိုင်ပေ။
“ဘာပဲဖြစ်ဖြစ် ကြည့်လို့တော့မိုက်သားပဲ”
နောက်ဆုံးတွင် ဝမ်ရှန်းက သူ၏ဓားကို ရှေ့သို့ ထိုးလိုက်သော်လည်း သူ၏ပုံစံမှာ ပုံမှန်ထက် အလွန်ပင်နှေးကွေးနေသည်။ သူ၏ ခြေကွက်နှင့် အနက်ရှိုင်းဆုံးနားစွင့်သူဓားမှာလည်း အနည်းငယ်ဟန်ချက်မညီသလိုဖြစ်နေပြီး ဓားစသင်သည့်သူတစ်ဦး၏ ကိုးရိုးကားယားဖြစ်နေသည့်ပုံစံနှင့် တူနေသည်။
ကြည့်ရသည်မှာ အလွန်ပင် အချိုးမကျဖြစ်နေပုံရသည်။
ဝမ်ရှန်း မျက်လုံးများကို ပိတ်ထားပြီး သူ၏ကိုယ်ပိုင်နားလည်မှုများထဲတွင် နစ်မြောနေသည်။ သူ၏ဓားကွက်များမှာ ထိုနေရာတွင်ပင် အသစ်ဖန်တီးနေသကဲ့သို့ လှုပ်ရှားမှုတိုင်းမှာ ပို၍နှေးကွေးလာသော်လည်း စည်းချက်က မပြတ်တောက်သွားဘဲ ဆက်တိုက်စီးဆင်းနေသည်။
ဆယ်ကွက်ခန့်ကစားပြီးနောက်တွင် ဟန်ချက်မညီသည့် ခံစားချက်မှာ ပျောက်ကွယ်သွားသည်။
အကွက်နှစ်ဆယ်ကျော်ပြီးနောက်တွင် သူ၏လှုပ်ရှားမှုများမှာ လျင်မြန်ခြင်းလည်းမရှိ၊ နှေးကွေးခြင်းလည်းမရှိဘဲ သဘာဝကျကျစီးဆင်းလာသည်။
ဝမ်ရှန်းသည် နောက်ဆုံးအကြိမ် ကောင်းရှီရှင်းနှင့် ယှဉ်ပြိုင်စဉ်က ကောင်းရှီရှင်းက သူ၏ဓားနှင့် စက်ဝိုင်းပုံစံတစ်ခုကို အပြည့်အဝဆွဲပြခဲ့သည့် အချိန်ကို ရုတ်တရက် သတိရသွားသည်။
ထိုလှုပ်ရှားမှုအတိုင်းပင် ဝမ်ရှန်းမှာ သူ၏ဓားရှည်နှင့် လေထဲတွင် စက်ဝိုင်းတစ်ခုကို ဆွဲလိုက်ရာ ထိုစက်ဝိုင်းထဲတွင် မှိန်ဖျော့ဖျော့ ထိုက်ကျိသင်္ကေတတစ်ခုပေါ်ထွက်လာသည်။
ခြံတံခါးဝရှိ မုဝမ်ရွှမ်း မျက်လုံးများကို အကြိမ်ကြိမ်ခတ်လိုက်မိသည်။
ဝမ်ရှန်း ထပ်မံရပ်တန့်သွားပြန်သည်။ သူသည် ဓားကိုငြိမ်သက်စွာ ကိုင်ထားပြီး တိတ်တဆိတ်ဆင်ခြင်နေမိသည်။
ဆရာကြီးက ဝမ်ရှန်းကို ဓားဆန္ဒအပိုင်းအစလေးတစ်ခုပေးမည်ဟုသာ သာမန်ကာလျှံကာပြောခဲ့ခြင်းဖြစ်သည်။ ထိုသူက ဝူတန်း၏ အဖိုးတန်လှသော ထိုက်ကျိအစွန်းနှစ်ဖက်ဓားဆန္ဒကို သင်ကြားပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ၊၊
ထိုက်ကျိအစွန်းနှစ်ဖက်၏ အဓိပ္ပာယ်မှာ ကျယ်ပြောလှသော်လည်း အနှစ်သာရမှာမူ သဘာဝတရား၊ မျှတမှု၊ ဆန့်ကျင်ဘက်ဖြစ်ခြင်းနှင့် ပြောင်းလဲခြင်းဟူသော တာအိုအခြေခံသဘောတရားများပေါ်တွင် စုစည်းနေသည်။
မာကျောခြင်းနှင့် ပျော့ပျောင်းခြင်း၊ အမှောင်နှင့် အလင်း၊ ယင်နှင့်ယန်၊ ကောင်းကင်နှင့် မြေကြီး၊ နွေဦးနှင့် ဆောင်းဦး၊ တည်မြဲခြင်းနှင့် ပြောင်းလဲခြင်း... ဤအရာအားလုံးမှာ ထိုက်ကျိအစွန်းနှစ်ဖက်၏ ဖော်ပြချက်များပင်။
ထိုက်ကျိအစွန်းနှစ်ဖက်ဓားဆန္ဒမှာ ယင်နှင့် ယန်၊ မာကျောခြင်းနှင့် ပျော့ပျောင်းခြင်းတို့၏ သဘောတရားများကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။
ယွမ်ဖူကျန်းရန်သည် ဝမ်ရှန်းကို ဓားသိုင်းနည်းပြခြင်းမဟုတ်ဘဲ ဓားဆန္ဒကိုသာ သင်ပြခဲ့ခြင်းမှာ ဝမ်ရှန်းသည် သူ၏ကိုယ်ပိုင်ခုနှစ်စင်ကြယ်ဓားဆန္ဒကို စုစည်းနိုင်ခဲ့ပြီဖြစ်ရာ သဏ္ဌာန်မဲ့ဓားနယ်ပယ်ကို ကျော်လွန်နေပြီဖြစ်သောကြောင့် ဖြစ်သည်။
ချီဝမ်မှာမူ အခြေခံကိုပင် နားမလည်နိုင်ခဲ့ပေ။ အဆုံးတွင်တော့ သူမ၏ တာအိုအပေါ် နားလည်မှုမှာ အလွန်တိမ်နေသေးသောကြောင့် ဖြစ်သည်။
ကျိုးရင်လောင်နှင့် ဝမ်ရှန်းတို့၏ နားလည်နိုင်စွမ်းမှာလည်း ကွာခြားချက်အလွန်ကြီးမားလှသည်၊၊ ကျိုးရင်လောင်က ကျင့်ကြံခြင်းအဆင့်အကန့်အသတ်ရှိနေသဖြင့် ယခုအချိန်အထိ သူ၏ကိုယ်ပိုင်ဓားဆန္ဒကို ဝေဝါးစွာသာ ခံစားရသေးပြီး ပထမဆုံးသော ဓားဆန္ဒကို စုစည်းနိုင်ရန်အတွက် များစွာလိုအပ်နေသေးသည်။
သို့သော်လည်း ထိုက်ကျိအစွန်းနှစ်ဖက်ဓားဆန္ဒ၏ မျိုးစေ့မှာ ကျိုးရင်လောင်၏ကိုယ်အတွင်း၌ မျိုးစေ့ချပြီးသွားပြီဖြစ်သည်။ သူ၏ ဓားတာအိုကျင့်ကြံမှုက ဝမ်ရှန်း၏ လက်ရှိအဆင့်သို့ ရောက်ရှိလာပါက သူသည်လည်း ရုတ်တရက် ဉာဏ်ပွင့်လင်းလာမည့်အချိန်ကို ရရှိလိမ့်မည်ဖြစ်သည်။
အိပ်မက်ထဲတွင် တစ်ရက်နှင့် နှစ်ညတိုင်တိုင် ဓားတာအိုကို ဆင်ခြင်ပြီးနောက် ဝမ်ရှန်းသည် ခြံဝင်းထဲတွင် နောက်ထပ် နှစ်ရက်တိုင်တိုင် တိတ်တဆိတ်လေ့ကျင့်နေခဲ့သည်။ သူ၏အင်အားများ လုံးဝကုန်ဆုံးသွားသည့်အချိန်မှသာ သူသည် သက်ပြင်းတစ်ချက်ကို ဖြည်းဖြည်းချင်း ချလိုက်တော့သည်။
သူရရှိခဲ့သည့် ကံအခွင့်အလမ်းမှာ အလွန်ပင်ကြီးမားလှသည်။
သို့သော်လည်း ဝူတန်းတာအိုမျိုးဆက်၏ လျှို့ဝှက်အမွေအနှစ်ဖြစ်သော ထိုက်ကျိအစွန်းနှစ်ဖက်ဓားဆန္ဒကို ရရှိခဲ့ခြင်းမှာ သူ့ကို ဝူတန်း၏ တပည့်တစ်ပိုင်းဖြစ်သွားစေခဲ့သည်။ အကယ်၍ ဝူတန်းတွင် ဘေးဒုက္ခတစ်ခုခုနှင့် ကြုံတွေ့ရပါက သူ ဘယ်နေရာမှာပဲရှိရှိ ချက်ချင်းပြန်လာပြီး ကူညီရမည်ဖြစ်သည်။
သူ ဓားလေ့ကျင့်သည့်အခြေအနေမှ နိုးထလာသောအခါ သူ၏ ဂျူနီယာညီမလေးနှင့် စီနီယာအစ်မတို့မှာ ခြံဝင်းထဲတွင် မရှိတော့ပေ။ ဘယ်သွားကြမှန်း သူ မသိလိုက်ပေ။
ဝမ်ရှန်းသည် ခြံစည်းရိုးပေါ်သို့ ခုန်တက်လိုက်ပြီး သူ၏ဆရာ မကြာခဏ ရပ်နေတတ်သည့် နေရာတွင်ရပ်ကာ အဝေးသို့ လှမ်းကြည့်လိုက်သည်။ တောင်ထိပ်နှစ်ခုကြားမှ အဝေးရှိ ကောင်းကင်ကို သူ လှမ်းမြင်လိုက်ရသည်။
ကျယ်ပြောလှသော ကောင်းကင်ယံတွင် တိမ်ဖြူများလွင့်မျောနေပြီး ငြိမ်းချမ်းသော ခံစားချက်ကို ဆောင်ကြဉ်းပေးနေသည်။
သူ့ဆရာက ဘာကြောင့် ဒီနေရာမှာရပ်ပြီး မိုးကုပ်စက်ဝိုင်းကို ကြည့်နေတတ်တာလဲဆိုတာ အံ့ဩစရာမရှိတော့ပေ။ မြင်ကွင်းမှာ တကယ်ပင် လှပလွန်းလှသည်။
သူသည် နောင်တကြောင့်မဟုတ်ဘဲ စိတ်သက်သောင့်သက်သာရှိမှုကြောင့် သက်ပြင်းချလိုက်မိသည်။
“ဟူး...”
ရက်ပေါင်းနှစ်ဆယ်အတွင်းမှာပင် သူ၏ ဓားတာအိုလမ်းစဉ်မှာ ကြီးမားသောခြေလှမ်းတစ်ခုကို လှမ်းနိုင်ခဲ့သည်။ ထို့ပြင် သူ၏ တစ်သက်လုံး လေ့လာသွားရမည့် နက်နဲဆန်းကြယ်သော ထိုက်ကျိအစွန်းနှစ်ဖက်ဓားဆန္ဒကိုလည်း ရရှိခဲ့သည်။ နောင်တစ်ချိန်တွင် သူလျှောက်လှမ်းရမည့် ဓားတာအိုလမ်းစဉ်ကိုလည်း ရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့ရပြီဖြစ်သည်။
ထို့အပြင် သူ၏ကျင့်ကြံခြင်းများကို ကျော်ဖြတ်ပြီး တာအိုနယ်ပယ်များသို့တက်လှမ်းရန် လမ်းပြပေးမည့် သန့်စင်သောယန်အင်မော်တယ်မန္တန်လည်း ရှိနေပြီဖြစ်သည်။
ယခုအချိန်မှစ၍ ဓားသည် သူ၏လက်နက်၊ တာအိုကို ကာကွယ်မည့် နည်းလမ်းနှင့် ကောင်းကင်နှင့် မြေကြီးအကြားတွင် သူရပ်တည်မည့် အခြေခံအုတ်မြစ်ဖြစ်လာတော့မည်။
သူ၏လက်ထဲမှ အနက်ရှိုင်းဆုံးနားစွင့်သူဓားသည် တိုးညှင်းစွာမြည်ဟည်းနေသည်။
ခြံစည်းရိုးပေါ်တွင် တစ်ယောက်တည်းရပ်နေရင်း ဝမ်ရှန်းသည် အဝေးမှ တိမ်တိုက်များရွေ့လျားနေသည်ကို ကြည့်ကာ တောင်ပေါ်လမ်းအတိုင်း ပစ္စည်းမျိုးစုံပိုက်ပြီး ပြန်လာနေသည့် လှပသော ပုံရိပ်လေးကို စောင့်မျှော်နေမိသည်။
တောင်တန်းများမှာ တိတ်ဆိတ်နေပြီး စမ်းချောင်းလေးများမှာလည်း အေးဆေးငြိမ်သက်နေသည်၊၊ အဝေးမှ ဘုရားကျောင်းအမိုးစွန်းလေးများမှာ တောင်ထိပ်များကြားတွင် လှပစွာ ပေါ်ထွက်နေသည်။ ဤမြင်ကွင်းမှာ အေးချမ်းပြီးလှပနေရာ တောင်ပေါ်သားတို့၏ အေးချမ်းသောဘဝပန်းချီကားတစ်ချပ်နှင့်ပင် တူနေသည်။
မကြာမီတွင် ဝမ်ရှန်းသည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းက သူ၏ဖုန်းကို မစစ်ဆေးရသေးသည်ကို သတိရသွားသည်။ နှစ်နာရီခြားတစ်ခါ သူ မက်ဆေ့ခ်ျအသစ်တစ်ခုစီရရှိနေသည်။ မုဝမ်ရွှမ်း စာပြန်ပေးလိုက်သည့် ပထမဆုံးမက်ဆေ့ခ်ျမှလွဲ၍ ကျန်သည့်အရာများမှာ မဖွင့်ရသေးဘဲ ရှိနေသည်။
သူ့ကို အနှောင့်အယှက်ဖြစ်မည်စိုးသဖြင့် သူ၏စီနီယာအစ်မက ဖုန်းကို အသံပိတ်ထားပေးခဲ့ပုံရသည်။
ဝမ်ရှန်း၏ ကိုယ်ရေးအရာရှိကဲ့သို့ ဖြစ်နေသည့် မုရွှယ်သည် ထိုအချိန်ကတည်းက သူ့ထံသို့ မက်ဆေ့ခ်ျများစွာ ပို့ထားခဲ့သည်။ မက်ဆေ့ခ်ျတိုင်းမှာ ရိုးရှင်းသော စကားလုံးလေးများဖြင့်သာ ဖွဲ့စည်းထားသည်။
မုရွှယ် - “တာအိုဆရာဝမ်၊ ရှိလားဟင်”
“မရှိဘူး” သူ၏စီနီယာအစ်မက ရိုးရိုးသားသားပင် စာပြန်ပေးထားသည်။
****
ချီဝမ်၏ တက္ကသိုလ်ရှိရာမြို့တွင် ဖွင့်လှစ်ထားသည့် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၏ ယာယီရုံးခန်းတွင် အဓိကအဖွဲ့ဝင်အချို့မှာ ရက်အတော်ကြာ တိုင်ပင်ဆွေးနွေးခဲ့ကြသည်။ ၎င်းတို့မှာ ယခင်က ချီဝမ်ဘက်မှ ကာကွယ်ပေးခဲ့ပြီး ကျောက်ကျန်းကို ပြစ်တင်ဝေဖန်ခဲ့သူများပင် ဖြစ်သည်။ နောက်ဆုံးတွင် သူတို့သည် ထိုအခြေအနေနှင့် ပတ်သက်၍ သူတို့၏ ကပ္ပတိန်နှင့် ဆွေးနွေးရန် ဆုံးဖြတ်လိုက်ကြသည်။
“ကပ္ပတိန် ဒီအတိုင်းစောင့်နေတာက အဖြေမဟုတ်ဘူး။ အခုလောလောဆယ် ကျွန်တော်တို့မှာ ကိုင်တွယ်စရာ အမှုသစ်တွေမရှိသေးပေမဲ့ အခုဖမ်းထားတဲ့ သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်းရဲ့ အကြီးအကဲတွေနဲ့တင် အစီရင်ခံစာတင်ဖို့ လုံလောက်နေပါပြီ”
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ကပ္ပတိန်က ပြန်မေးသည်၊၊
“မင်းတို့ပြောချင်တာက သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်းရဲ့ အဓိကတရားခံသုံးယောက်ကို လွတ်မြောက်ခွင့်ပေးလိုက်ရမယ်လို့ ပြောတာလား”
ထို့နောက် သူမသည် သူတို့ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။
သက်လတ်ပိုင်း အမျိုးသားတစ်ဦးက တုံ့ဆိုင်းနေရာမှ
“သူတို့ကို လွတ်မြောက်ခွင့်ပေးမယ်လို့ ပြောတာမဟုတ်ပါဘူး။ ကျွန်တော်တို့ဘက်က အဖွဲ့တစ်ဖွဲ့ ချန်ထားခဲ့ပြီး လျှို့ဝှက်စုံစမ်းခိုင်းလို့ရပါတယ်၊၊ ဒါပေမဲ့ အဓိကစုံစမ်းစစ်ဆေးမှုကိုတော့ ရဲတပ်ဖွဲ့လက်ထဲ လွှဲပေးလိုက်သင့်ပါတယ်”
“ဟုတ်ပါတယ် ကပ္ပတိန်၊၊ ကျွန်တော်တို့က အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖြစ်ပေမဲ့ နောက်ဆုံးအစည်းအဝေးမှာ လူကြီးတွေပြောခဲ့တာက ကျွန်တော်တို့ရဲ့ အဓိကတာဝန်က ကျင့်ကြံခြင်းလောကကို ကြီးကြပ်ဖို့နဲ့ တာအိုဂိုဏ်းတွေကြားမှာ တည်ငြိမ်မှုရှိအောင် ထိန်းသိမ်းပေးဖို့ပါပဲ”
“သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်းဆိုတာ အခြေခံအားဖြင့်တော့ လိမ်လည်လှည့်ဖြားတဲ့ အဖွဲ့အစည်းတစ်ခုပါပဲ။ ကျင့်ကြံသူတွေ ပါဝင်ပတ်သက်လာလို့သာ အခြေအနေတွေက ရှုပ်ထွေးသွားတာပါ။ တကယ်တော့ ကျွန်တော်တို့တွေက အများကြီးလျှောက်တွေးနေကြတာပါ။ အခုရထားတဲ့ ရလဒ်တွေကတင် အတော်လေးကို လုံလောက်နေပါပြီ”
ကပ္ပတိန်သည် ထိုသုံးဦးကို စိတ်ပျက်ရိပ်သန်းနေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သို့သော် သူမ ဒေါသတကြီးအော်ဟစ်ခြင်းမပြုခဲ့ပေ။
ဘာပဲဖြစ်ဖြစ် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှာ သူမတစ်ဦးတည်း၏ အာဏာနှင့် အုပ်ချုပ်နေခြင်းမဟုတ်ကြောင်း သူမ နားလည်ထားသည်။ ဌာနအသီးသီးမှ ခေါ်ယူထားသည့် ထိုဒု-ခေါင်းဆောင်များ၏ သဘောထားများကိုလည်း သူမ နားထောင်ရမည်ဖြစ်သည်။
ထို့အပြင် သူတို့၏ စိုးရိမ်ပူပန်မှုများကိုလည်း သူမ နားလည်ပေးနိုင်ပေသည်။ သူတို့ရရှိထားသည့် ခိုင်မာသောအောင်မြင်မှုများမှာ နောက်ဆက်တွဲရလဒ်မကောင်းပါက မှိန်ဖျော့သွားမည်ကို သူတို့ကြောက်ရွံ့နေကြခြင်းဖြစ်သည်။
အစီရင်ခံစာထဲတွင် အနည်းငယ်ပြုပြင်မွမ်းမံပြီး အဓိကအချက်ကို ပြောင်းလဲလိုက်မည်ဆိုပါက သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်းမှ တစ်ကိုယ်တော်ကျင့်ကြံသူ ၂၀ကျော်ကို ဖမ်းဆီးနိုင်ခဲ့ခြင်းမှာ သူတို့ ချီးကျူးခံရရန်အတွက် လုံလောက်နေပြီဖြစ်သည်။
အကယ်၍ ဤစကားများကို အဖွဲ့ထဲမှ လူငယ်လေးများက ပြောဆိုခဲ့ခြင်းဖြစ်ပါက ကပ္ပတိန်သည် ချက်ချင်းပင် ဒေါသတကြီး ပြစ်တင်ဝေဖန်မိပေလိမ့်မည်။ သို့သော် အဓိကအဖွဲ့ဝင်များက ပြောလာခြင်းဖြစ်သဖြင့် ၎င်းမှာ ခန့်မှန်းရလွယ်ကူသောအခြေအနေပင် ဖြစ်သည်။ ဤအရာမှာ သူတို့၏ လုပ်ကိုင်ပုံနည်းလမ်းသာဖြစ်ပြီး သူတို့၏သွေးသထဲတွင် စိတ်အားထက်သန်မှုများ များစွာမကျန်တော့ပေ။
“ဒီကိစ္စကတော့—”
တံခါးကို အရေးတကြီး ခေါက်လိုက်သံကြောင့် သူမ၏ စကားမှာ ပြတ်တောက်သွားသည်။ ကပ္ပတိန်ပြန်မထူးရသေးခင်မှာပင် တံခါးက ပွင့်သွားပြီး မုရွှယ်နှင့် နောက်ထပ်အမျိုးသမီးငယ်တစ်ဦးတို့မှာ ထိတ်လန့်တကြားဖြင့် ပြေးဝင်လာကြသည်။
“ကပ္ပတိန် အမြန်လာပါဦး… တစ်ခုခုဖြစ်နေပြီ”