ချင်ယန်ဇီ၏ ရွှေအမြုတေဖွဲ့စည်းခြင်း
Vol. 11 Ch. 107
Chapter 107
ဆရာဒေါ်လေး တောင်ပေါ်မှ ဆင်းလာခြင်း
ဝမ်ရှန်း၏ အမြင်အာရုံများဝေဝါးသွားပြီး ခေါင်းတစ်ခုလုံးမူးနောက်ကာ သတိလစ်လုနီးပါးဖြစ်သွားရသည်။
တောင်ကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီးနောက် အရပ်မျက်နှာအသီးသီးမှ ထူထပ်လှသော ကမ္ဘာဦးချီလှိုင်းလုံးကြီးများက တောင်ထိပ်ဆီသို့ ဒီရေလှိုင်းများကဲ့သို့ တဟုန်ထိုးစီးဝင်လာကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ကြီးက ပြောင်းလဲသွားကာ မီးခိုးရောင်တိမ်တိုက်ကြီးများလိပ်တက်လာပြီး လျှပ်စီးကြောင်းများက တောင်ထိပ်ဆီသို့ တဖျပ်ဖျပ်စီးကာ ကျဆင်းလာတော့သည်။
ကျင်းယွမ်၏ မျက်ဝန်းထဲတွင် ဝမ်းသာရိပ်များဖြတ်ပြေးသွားပြီး ဝမ်ရှန်း၏ ပုခုံးကို လှမ်းဆွဲလိုက်သည်။ ညင်သာစွာ ခုန်ကူးလိုက်ရုံဖြင့် ပတ်ဝန်းကျင်ရှုခင်းများက ဝေဝါးသွားပြီး မျက်စိတစ်မှိတ်အတွင်း မီတာသုံးလေးဆယ်ခန့် ဝေးရာသို့ ရောက်ရှိသွားကြသည်။
တောင်ထိပ်တစ်ခုလုံး မှောင်အတိကျသွားတော့သည်။
အနီးနားတွင် ရှိနေသော လင်းဟွေဖုန်းလည်း တောင်ထိပ်ပေါ်သို့ ထူထပ်သော တိမ်တိုက်ကြီးများ ဖိနှိမ်ကျဆင်းလာသည်ကို ကြည့်ပြီး ထိတ်လန့်အံ့သြသွားသည်။
၎င်းသည် ကောင်းကင်ကပ်ဘေးကြောင့်ဖြစ်ပေါ်လာသည့် တိမ်တိုက်များ မဟုတ်ဘဲ ဂူထဲကလူက ကမ္ဘာဦးချီအမြောက်အမြားကို စုပ်ယူလိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ထူးခြားဆန်းကြယ်သောဖြစ်စဉ်တစ်ခုသာ ဖြစ်သည်။ ထို့အပြင် ဤဖြစ်စဉ်ကို ပတ်ဝန်းကျင်အနီးနားရှိ လူများသာ မြင်တွေ့နိုင်သည်။
ဒုတ်... ဒုတ်...
နှလုံးခုန်သံကဲ့သို့ နက်ရှိုင်းလှသော ရိုက်ခတ်မှုတစ်ခုက ဂူထဲမှ ပဲ့တင်ထပ်ထွက်ပေါ်လာပြီး လူ၏ ဝိညာဉ်အထိပါ တုန်ခါသွားစေသည်။ ခဏမျှအချိန်အတွင်း ဝမ်ရှန်းအနေဖြင့် တောင်ထိပ်ပေါ်တွင် တစ်စုံတစ်ယောက် မတ်တပ်ရပ်နေသလိုမျိုး မြင်လိုက်ရသည်ဟု ထင်မှတ်လိုက်မိသည်။ ဒါက အမြင်မှားခြင်းသက်သက်သာဖြစ်သော်လည်း ထူးဆန်းစွာပင် အကျွမ်းတဝင်ရှိလှပြီး ရင်းနှီးနွေးထွေးမှုကို ခံစားရစေသည်။
ဆရာလား... ဆရာက ကောင်းကင်ဘုံကို တက်လှမ်းတော့မှာလား...၊၊
ဘေးနားရှိ ကျင်းယွမ်က တောင်ကျစမ်းရေလိုကြည်လင်အေးမြသော လေသံဖြင့် လမ်းညွှန်လိုက်သည်၊၊
“မင်းရဲ့ ဝိညာဉ်အသိစိတ်ကို သုံးပြီး သေချာအာရုံခံကြည့်စမ်း… ဒါက ရှားမှရှားတဲ့ အခွင့်အရေးပဲ”
သူမ၏ လေသံက ဝမ်ရှန်း၏ စိတ်ကို တည်ငြိမ်သွားစေပြီး သူ၏ စိတ်ဝိညာဉ်ကို မြဲမြံစေရန် ကူညီပေးလိုက်သည်။ သူက မျက်စိမှိတ်လိုက်ပြီးနောက် ဝိညာဉ်အသိစိတ်ကို ရှေ့သို့ ဖြန့်ကျက်လိုက်ရာ ဂူအတွင်းပိုင်း အနက်ရှိုင်းဆုံးနေရာမှ ဖြာထွက်နေသော အားနည်းလှသည့် ဖိအားတစ်ခုကို ချက်ချင်း အာရုံခံမိလိုက်သည်။
ဂူ၏ အနက်ရှိုင်းဆုံးနေရာတွင် တစ်လက်မခန့်သာရှိသော စိမ်းမြမြအလင်းရောင် ထွက်ပေါ်နေသည့် အမြုတေလုံးလေးတစ်လုံး ရှိနေသည်။ ထိုအရာက သိမ်မွေ့နက်နဲသော တာအိုအရှိန်အဝါတို့ကို ထုတ်လွှတ်နေပြီး ကျင့်ကြံခြင်းလမ်းစဉ်ကို ခင်းကျင်းပြသနေသကဲ့သို့ ကမ္ဘာဦးချီအမြောက်အမြားကို စုစည်းပေးနေသည်။
ထိုအရာ၏ တည်ရှိမှုကို သေချာစွာ အာရုံခံစားကြည့်ခြင်းဖြင့် ဝမ်ရှန်းအနေဖြင့် တာအိုကို ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်လာနိုင်သည်။ သို့သော်လည်း မိနစ်ဝက်မျှပင် မပြည့်သေးမီ အမြုတေလုံးလေး၏ အလင်းရောင်က မှေးမှိန်သွားပြီး နက်နဲလှသော တာအိုအရှိန်အဝါများကလည်း တဖြည်းဖြည်းပျောက်ကွယ်သွားတော့သည်။
ခဏအကြာတွင် ဂူထဲမှနေ၍ အလွန်ပြင်းထန်လှသော အော်ရာတစ်ခု တဟုန်ထိုးထွက်ပေါ်လာရာ ဝမ်ရှန်း၏ နှလုံးသားကိုပင် တုန်လှုပ်သွားစေသည်။ တာအိုနယ်ပယ်၏ ဖိအားကြီးက သူ့အပေါ် သက်ရောက်လာသဖြင့် ရင်ဘတ်ထဲတွင် မွန်းကျပ်မှုကို ခံစားလိုက်ရသည်။
မှောင်မိုက်နေသော တောအုပ်ထဲမှ လန့်ဖျပ်ကုန်ကြသည့် ငှက်ဆိုးများ၏ အော်သံများက ပဲ့တင်ထပ်နေပြီး ကောင်းကင်ယံမှ မီးခိုးရောင်တိမ်တိုက်ကြီးများကလည်း ဖိနှိပ်ကျဆင်းလာသည်။
တောင်ကြီးက ပါးစပ်အကျယ်ကြီးဖွင့်လိုက်သကဲ့သို့ပင် မိုင်အနည်းငယ်အတွင်းရှိ ကမ္ဘာဦးချီအားလုံးကို ဂူထဲသို့ စုပ်ယူလိုက်ပြီး ချင်ယန်ဇီက ထိုအရာအားလုံးကို အငမ်းမရဝါးမြိုစုပ်ယူလိုက်တော့သည်။
“ရွှေအမြုတေ... သူ အောင်မြင်သွားပြီ”
ကျင်းယွမ်က စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ပြီး သူမ၏ အကြည့်များကလည်း နူးညံ့သွားသည်။
ဆရာ တကယ်ပဲ ရွှေအမြုတေအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီလား...၊၊
ဝမ်ရှန်း မပြုံးဘဲ မနေနိုင်တော့ပေ။ စိတ်ထဲတွင်မူ ဤအဆင့်တက်လှမ်းမှုက မြန်ဆန်လွန်းလှသဖြင့် အိမ်မက်တစ်ခုလိုပင် ခံစားနေရသည်။ သို့သော်လည်း ထိုနောက်ကွယ်မှာရှိသည့် အန္တရာယ်များနှင့် ရုန်းကန်ရမှုများသည် အပြင်လူတစ်ဦး မမှန်းဆနိုင်လောက်အောင် ပြင်းထန်လိမ့်မည်ကို သူသိနေသည်။
သူက မျက်စိဖွင့်ပြီး ပြန်လည်ကြည်လင်သွားသော ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ ထို့နောက် ဘေးနားတွင် နတ်ဘုရားရုပ်တုတစ်ခုကဲ့သို့ တိတ်ဆိတ်ငြိမ်သက်စွာ မတ်တပ်ရပ်နေသည့် ဆရာဒေါ်လေးကို လှည့်ကြည့်လိုက်ပြီး စကားပြောရမည်လား၊ မပြောရမည်လား ဝေခွဲမရဖြစ်ကာ တုံ့ဆိုင်းနေမိသည်။
ဆရာက တကယ်ပဲ ရွှေအမြုတေကို ဖွဲ့စည်းနိုင်ခဲ့ပြီလား၊၊ သူ မကြာခင် ဂူအောင်းရာကနေ ထွက်လာတော့မှာလား၊၊
သူတို့ ခဏမျှ ဆက်လက်စောင့်ဆိုင်းနေခဲ့သော်လည်း ဂူထဲကတော့ တိတ်ဆိတ်နေဆဲဖြစ်ပြီး မည်သည့်စွမ်းအင်အရှိန်အဝါမှ ထွက်ပေါ်မလာတော့ပေ။
ဝမ်ရှန်းက နောက်ဆုံးတွင် မေးလိုက်သည်၊၊
“ဆရာဒေါ်လေး... ကျွန်တော့်ဆရာ အဆင်ပြေရဲ့လား”
“အန္တရာယ်အရှိဆုံး အဆင့်ကတော့ ကျော်ဖြတ်နိုင်ခဲ့ပါပြီ၊၊ အခုကတော့ သူ အဆင့်တက်လှမ်းနိုင်ခဲ့တာကို ပြန်ပြီး ဆင်ခြင်နေတာဖြစ်လိမ့်မယ်၊၊ ငါတို့ သွားမနှောင့်ယှက်သင့်ဘူး”
ကျင်းယွမ်က ဝမ်ရှန်းဘက်သို့ လှည့်ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းထဲတွင် ဝမ်းသာရိပ်အနည်းငယ် ယှက်သန်းနေသည်၊၊
“အခြေအနေက ဒီလိုဆိုမှတော့ ငါပဲ ချီလင်းဆီ သွားတွေ့လိုက်ဦးမယ်၊၊ သူ့ရဲ့ ကိစ္စတွေကို နှောင့်နှေးလို့ မဖြစ်ဘူး”
ဝမ်ရှန်းလည်း ဘာမှမတတ်နိုင်တော့ပေ၊၊ အချိန်တွေအများကြီးရှိတဲ့အထဲ ဆရာက ဘာဖြစ်လို့ အခုမှ အဆင့်တက်လိုက်ရတာလဲ။
တကယ်လို့ ဆရာကတော်နဲ့ ဆရာဒေါ်လေးတို့သာ စကားများကြရင် သူ့၏ နိမ့်ပါးလှသည့် ကျင့်ကြံခြင်းအဆင့်နဲ့ သူပြောသည့် စကားလုံးများက အရာဝင်မည်မဟုတ်သဖြင့် သူတို့နှစ်ယောက်ကို တားဆီးနိုင်မှာ မဟုတ်ပေ။
“မသွားခင် ငါ့ဓားကို အရင်သွားယူလိုက်ဦးမယ်၊၊ မင်းက ဒီမှာပဲနေပြီး မင်းဆရာကို စောင့်ရှောက်ပါ”
“ဆရာဒေါ်လေး”
ဝမ်ရှန်းက အစီအစဉ်တစ်ခုကို အမြန်စဉ်းစားလိုက်ပြီး လှမ်းခေါ်လိုက်သည်။
“ဆရာဒေါ်လေးက နေ့တစ်ဝက်လောက် စောင့်ပေးလို့ရမလား၊၊ ကျွန်တော် စီနီယာအစ်မနဲ့ ဂျူနီယာညီမလေးတို့ကို ဒီမှာ ဆရာ့ကိုစောင့်ရှောက်ဖို့ ခေါ်လာခဲ့ပါ့မယ်၊၊ အဲဒီကျမှ ကျွန်တော်လည်း ဆရာဒေါ်လေးနဲ့အတူ လိုက်ခဲ့လို့ရမယ်လေ”
ကျင်းယွမ်က သူ့ကို ခပ်ဖျော့ဖျော့ပြုံးရင်း မေးသည်၊၊
“ဘာလဲ… မင်းက ငါ့ကို စိတ်မချလို့လား”
“အဲဒါက...”
“ဒါလည်း ဖြစ်တာပဲ၊၊ ငါလည်း ငါ့စီနီယာအစ်ကိုရဲ့ သမီးကို အရင်တွေ့ချင်တာနဲ့ အတော်ပဲ၊၊ ငါ ဒီမှာပဲ အခြေအနေကို စောင့်ကြည့်ပေးမယ်၊၊ မင်းက ကျောင်းဆောင်မှာ သွားနားလိုက်ပါ၊၊ ကြိုက်တဲ့နေရာမှာ အိပ်လို့ရတယ်”
“ကျေးဇူးတင်ပါတယ် ဆရာဒေါ်လေး”
ဝမ်ရှန်းက ဦးညွှတ်ဂါရဝပြုပြီး ချင်ယန်ဇီ ကျင့်ကြံနေသည့် ဂူဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်သည်။ ထို့နောက်တွင်တော့ ထိတ်လန့်အံ့သြနေဆဲဖြစ်သော လင်းဟွေဖုန်းဆီသို့ လျှောက်သွားလိုက်သည်။
မုရွှယ်၏ အကူအညီကြောင့် မုဝမ်ရွှမ်းနှင့် ချီဝမ်တို့ကို ညတွင်းချင်းသွားရောက်ခေါ်ယူရခြင်းက လွယ်ကူချောမွေ့ခဲ့သည်။ ဝမ်ရှန်းက သူမထံ ဖုန်းဆက်သောအခါ ကျင့်ကြံခြင်းအဆင့်မြင့်မားသည့် ကျင်းယွမ်ကိုပါ အတူခေါ်ဆောင်လာမည့်အကြောင်းနှင့် သူမသည် ၎င်းတို့၏ ကပ္ပတိန်နှင့် ကိုယ်ရေးကိုယ်တာပဋိပက္ခအချို့ ရှိနိုင်ကြောင်းကိုပါ ထည့်သွင်းပြောကြားခဲ့သည်။
မုရွှယ်အနေဖြင့် ဤအကြောင်းအရာကို နားမလည်နိုင်ဖြစ်နေသော်လည်း ဝမ်ရှန်း၏ တောင်းဆိုချက်ကို သဘောတူခဲ့ပြီး ကျင်းယွမ်နှင့် ၎င်းတို့၏ ကပ္ပတိန်တို့ မကြာခဏထိပ်တိုက်မတွေ့မိစေရန် စီစဉ်ပေးမည်ဟု ကတိပေးခဲ့သည်။
ကိုယ်ရေးကိုယ်တာပဋိပက္ခဟုတ်လား။ တောထဲတောင်ထဲမှာ အခြေချနေထိုင်တဲ့ တာအိုဆရာမတစ်ယောက်နဲ့ သူတို့ကပ္ပတိန်ကြားမှာ ဘယ်လိုကိုယ်ရေးကိုယ်တာရန်ငြိုးမျိုးရှိနိုင်မှာလဲ။
သို့သော်လည်း မုရွှယ်အနေဖြင့် ထိုအကြောင်းကို အကြာကြီးတွေးနေရန် အချိန်မရှိပေ။ သူမ၏ စားပွဲပေါ်တွင် ပုံနေသည့် အလုပ်ပုံကြီးက သူမကို အစွမ်းကုန်မွန်းကျပ်နေစေပြီဖြစ်သည်။
အနည်းဆုံးတော့ ဝမ်ရှန်းက ကူညီဖို့ ရောက်လာတော့မည်ဖြစ်ပြီး ကျွမ်းကျင်သူတစ်ဦးကိုပါ ခေါ်လာပေးမည်ဆိုရာ ဒါကပင် မုရွှယ်ကို အလုပ်တွေဆက်လုပ်နိုင်ဖို့ ခွန်အားအချို့ဖြစ်စေသည်။
လောလောဆယ်တွင် အခြေအနေကို ထိန်းချုပ်ထားနိုင်ဆဲဖြစ်သော်လည်း အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် ပြင်းထန်သော ဖိအားများကို ရင်ဆိုင်နေရသည်။ အကယ်၍ ရောက်ရှိလာသူများက လမ်းမှန်ကျင့်ကြံသူများနှင့် တစ်ကိုယ်တော်ကျင့်ကြံသူများသာဆိုလျှင် ပြဿနာသိပ်မရှိလှပေ။
အမှန်တကယ် ခေါင်းခဲစရာကောင်းသည်မှာ အလိုရှိစာရင်းထုတ်ခံထားရသည့် နာမည်ဆိုးဖြင့် ကျော်ကြားသော မိစ္ဆာကျင့်ကြံသူအများအပြားပါ ပေါ်ထွက်လာခြင်းဖြစ်သည်။ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့တို့က ၎င်းတို့နောက်သို့ လိုက်လံစုံစမ်းနေပြီး တိုက်တိုက်ဆိုင်ဆိုင်ပင် ဝရမ်းပြေးအတော်များများကို ဖမ်းဆီးနိုင်ခဲ့သည်။
ထို့အပြင် လေလံပွဲကလည်း နောက်ထပ် ၂ရက်အတွင်းမှာတင် စတင်တော့မည် ဖြစ်သည်။
ထိုအကြောင်းကို တွေးမိတိုင်း မုရွှယ် စိုးရိမ်ပူပန်နေမိသည်။
အကယ်၍ ကျင့်ကြံသူများအကြား တိုက်ပွဲတစ်ခုသာဖြစ်ပွားခဲ့လျှင် အရာအားလုံးက ၎င်းတို့ထိန်းချုပ်မှုအပြင်ဘက်သို့ ရောက်ရှိသွားလိမ့်မည်။ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၏ အထက်လူကြီးများက သူတို့အားအပြစ်တင်ကြမည်ဖြစ်ပြီး ပြဿနာရှာသည့် ကျင့်ကြံသူများသည်လည်း နိုင်ငံတော်၏ အင်အားအပြည့်ဖြင့် နှိမ်နင်းခြင်းကို ခံရပေလိမ့်မည်။
ထိုအချိန်ကျလျှင် ဒါက သွေးထွက်သံယိုဖြစ်ရုံတင်မကဘဲ အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုကြီးဖြစ်သွားနိုင်သည်။
မုရွှယ်က သက်ပြင်းအရှည်ကြီးချလိုက်ပြီး အေးစက်နေပြီဖြစ်သော ကော်ဖီကို တစ်ငုံသောက်လိုက်သည်။ ထို့နောက် ဖိုင်အချို့ကို သိမ်းဆည်းကာ ကပ္ပတိန်၏ရုံးခန်းဆီသို့ ခပ်သွက်သွက်လျှောက်သွားခဲ့သည်။
ယခုအချိန်မှာ သူတို့ကပ္ပတိန်ထက် ပိုပြီး ဖိအားများနေတဲ့လူ မရှိလောက်တော့ပေ။
သူမ တံခါးကိုပင် မခေါက်တော့ဘဲ တွန်းဖွင့်လိုက်ရာ ပင်ပန်းနွမ်းနယ်နေသော လုပ်ဖော်ကိုင်ဖက်နှစ်ဦး ရုံးခန်းထဲမှ ထွက်လာသည်နှင့် တိုးမိသည်။ သူတို့က နွမ်းလျစွာ ပြုံးပြရင်း တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်ကာ အမြန်ဖြတ်ကျော်သွားကြသည်။
ရုံးခန်းထဲတွင်မူ ချီလင်းက မျက်စိမှိတ်လျက် ဤကသောင်းကနင်းအခြေအနေများကြားတွင် ခဏမျှ အနားယူနေသည်။ သူမ၏ ဘေးနားရှိ မျက်နှာပြင်အသေးစား အများအပြားတွင် စစ်ဆေးမေးမြန်းရေးအခန်းများမှ တိုက်ရိုက်ရုပ်သံလိုင်းများကို ပြသထားသည်။
“ကပ္ပတိန်... တာအိုဆရာဝမ်က မနက်ဖြန်မနက်မှာ ရောက်ပါလိမ့်မယ်၊၊ သူက မုဝမ်ရွှမ်းနဲ့ ချီဝမ်တို့ကို သူ့ဆရာကျင့်ကြံနေတဲ့နေရာဆီ လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်”
မုရွှယ်က လေသံကို လျှော့ကာ အစီရင်ခံလိုက်သည်။
“ဝမ်ရှန်းက ကူညီဖို့ သဘောတူတယ်ဆိုရင် သူတောင်းဆိုတဲ့ ဘယ်လိုအခြေအနေမျိုးကိုမဆို ငါတို့သဘောတူရမှာပဲ”
ချီလင်းက စက်ရုပ်တစ်ရုပ်လို အလိုအလျောက်ပြန်ဖြေလိုက်သည်။ ခဏမျှတုံ့ဆိုင်းသွားပြီးနောက် သူမက မုရွှယ်ကို မော့ကြည့်လိုက်သည်၊၊
“သူ့ဆရာက ကျင့်ကြံခြင်းက မထွက်လာသေးဘူးလား”
“မထွက်လာသေးပါဘူး ကပ္ပတိန်”
မုရွှယ်က ပြန်ဖြေလိုက်သည်။
“တာအိုဆရာဝမ်ပြောတာတော့ နောက်ထပ်အချိန်အနည်းငယ်ထပ်လိုဦးမယ်တဲ့၊၊ ကျင့်ကြံသူတွေအတွက် အဆင့်တက်လှမ်းရတာက တော်တော်လေးရှုပ်ထွေးပုံရတယ်”
ချီလင်က ခေါင်းညိတ်လိုက်သည်၊၊
“ဒါက အဆင်ပြေပါတယ်၊၊ ငါတို့ဘက်မှာ ကျင့်ကြံခြင်းအဆင့်မြင့်တဲ့ ကျွမ်းကျင်သူတစ်ယောက်ရှိနေတာက အထောက်အကူပြုတာပေါ့”
“ကပ္ပတိန်... တာအိုဆရာဝမ်က တခြားကျွမ်းကျင်သူတစ်ယောက်ကိုပါ ခေါ်လာဦးမှာပါ၊၊ ဒါပေမဲ့ သူက ထူးဆန်းတဲ့ တောင်းဆိုချက်တစ်ခုလုပ်ထားတယ်”
“ဘာတောင်းဆိုချက်လဲ၊၊ ပြီးတော့ အဲဒါက ကျုံးနန်တောင်က ဘယ်တာအိုဆရာလဲ”
မုရွှယ်က နှုတ်ခမ်းကို တင်းတင်းစေ့ထားမိပြီး စိတ်ထဲမှနေ၍ ဝမ်ရှန်းကို တောင်းပန်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ကပ္ပတိန်ထံ အစီရင်ခံရာတွင် မည်သည့်အချက်အလက်ကိုမျှ ချန်လှပ်ထား၍ မရပေ။
“သူက အတိအကျတော့ မပြောဘူး၊၊ ဒါပေမဲ့ ကျွန်မကိုတော့ သတိပေးထားတယ်...”
မုရွှယ် တုံ့ဆိုင်းသွားပြီးမှ “သူက ကပ္ပတိန်နဲ့ အဲဒီကျွမ်းကျင်သူတို့ကို ထိပ်တိုက်မတွေ့ဆုံမိအောင် စီစဉ်ပေးဖို့ တောင်းဆိုထားပါတယ်၊၊ သူတို့ကြားမှာ ကိုယ်ရေးကိုယ်တာပဋိပက္ခအချို့ရှိနေလို့ပါတဲ့”
ချီလင်း၏ မျက်ခုံးများ တွန့်ချိုးသွားသည်၊၊
“အခုလိုအချိန်မျိုးမှာ ငါက ကိုယ်ရေးကိုယ်တာကိစ္စတွေကို ဂရုစိုက်နေမယ်ထင်လို့လား၊၊ ငါ့မှာကော ဘယ်သူနဲ့ ကိုယ်ရေးကိုယ်တာရန်ငြိုးရှိနေလို့လဲ”
“အဲဒါကတော့... သူက မပြောဘူး”
“သူတို့ ရောက်လာတဲ့အခါ ဓာတ်ပုံအချို့ ယူလာခဲ့ပါ”
ချီလင်းက တစ်စုံတစ်ခုကို သတိရသွားပုံရပြီး အေးစက်စွာ ရယ်မောလိုက်သည်၊၊
“ထားလိုက်ပါ… ဘယ်သူလဲဆိုတာ ငါ သိပြီထင်တယ်၊၊ ထူးထူးခြားခြားစီစဉ်ပေးနေဖို့ မလိုပါဘူး၊၊ ငါတို့ တွေ့ကြရင်တောင် သူက ဘာလုပ်မှာလဲ… ငါ့ကို သတ်မှာလား”
မုရွှယ်တစ်ယောက် အံ့ဩတကြီး မျက်တောင်ခတ်ရင်းသာ ကြည့်နေမိတော့သည်။
ဒါဆို ကပ္ပတိန်က အဲဒီကျင့်ကြံခြင်းအဆင့်မြင့်တဲ့ တာအိုဆရာမနဲ့ တကယ်ပဲ ရန်ငြိုးရှိနေတာပေါ့...