ကောင်းကင်သခင်လျှို့ဝှက်ကျမ်းစာ
Vol. 11 Ch. 102
မီးသူတော်စင်က အမှန်တကယ်ပင် ဘာကိုကြံစည်နေသနည်း။
ဝမ်ရှန်းသည် သူ၏ ဂျူနီယာညီမလေးနှင့်အတူ ညစာစားနေစဉ် မုရွှယ်ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။
အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိပြီးသူတစ်ဦးအဖို့ ပုံမှန် အစာစားရန်မလိုအပ်တော့သော်လည်း ချီဝမ်တစ်ယောက်တည်း စားနေရလျှင် အထီးကျန်လွန်းလှသည်။ ယခင်က ဆရာနှင့် စီနီယာအစ်မဖြစ်သူတို့က သူ့ကို အဖော်ပြုပေးခဲ့ကြသကဲ့သို့ ယခုတွင်လည်း ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့က ချီဝမ်၏အနားတွင် အဖော်အဖြစ်ရှိနေပေးကြသည်။
ဖုန်းဝင်လာသောအခါ ဝမ်ရှန်းက ထုံးစံအတိုင်း အခြေအနေမေးမြန်းခြင်းသာဖြစ်လိမ့်မည်ဟု ထင်မှတ်ကာ စပီကာဖွင့်လိုက်သည်။ သူ ဆန်ပြုတ်တစ်ဇွန်းသောက်လိုက်စဉ်မှာပင် မုရွှယ်က အသေးစိတ်အစီရင်ခံစာကို စပြောလိုက်သည်။
__တာအိုဆရာဝမ်… လွန်ခဲ့တဲ့ နာရီပိုင်းကပဲ မီးသူတော်စင်က လုံဟူရှန်းတောင်ရဲ့ တာအိုအမွေအနှစ်ဖြစ်တဲ့ ကောင်းကင်သခင်လျှို့ဝှက်ကျမ်းစာ ပထမတွဲနဲ့ ဒုတိယတွဲကို လေလံတင်မယ်လို့ အဆင့်မြင့်ကုဒ်ဝှက်စနစ်သုံးကွန်ရက်ကနေ လူသိရှင်ကြားကြေညာထားခဲ့တယ်၊၊
ဖူး၊၊
ဝမ်ရှန်း ဆန်ပြုတ်သီးသွားပြီး ချောင်းဆိုးတော့မလိုဖြစ်သွားသည်။ သူ ဆတ်ခနဲ မတ်တတ်ရပ်လိုက်မိပြီး ချက်ချင်းပင် မေးလိုက်သည်။
“ဘယ်မှာ ရောင်းမှာလဲ၊ ဘယ်လောက်လဲ၊ ပထမတွဲနဲ့ ဒုတိယတွဲပဲလား”
စီနီယာအစ်မဖြစ်သူ ရယ်သံကို ကြားမှ ဝမ်ရှန်းလည်း သူ၏ တုံ့ပြန်မှုက မသင့်တော်ကြောင်း ရုတ်တရက်သတိပြုမိသွားသည်။ သူသည် ကျင့်စဉ်များကို အသည်းအသန်လိုအပ်နေသည့် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးမဟုတ်တော့ပေ။ ထို့ပြင် လုံဟူရှန်းတောင်၏ တန်ဖိုးအရှိဆုံးရတနာကို ရရှိလျှင်ပင် သူ့အတွက် သိပ်ပြီး အသုံးဝင်မည် မဟုတ်ပေ။
မုရွှယ် ခေတ္တမျှ စကားဆွံ့အသွားပြီးမှ ပြန်ပြောသည်။
__တာအိုဆရာဝမ်...
“စိတ်အေးအေးထားပါ။ ကျွန်တော် နည်းနည်းလန့်သွားလို့ပါ”
ဝမ်ရှန်းက စိတ်ကို အမြန်ပြန်စုစည်းကာ ဘေးနားရှိ ချီဝမ်ကို တစ်ချက်ကြည့်လိုက်သည်။
သူ၏ ဂျူနီယာညီမလေးသည် အသေအချာနားစွင့်နေပြီး နှုတ်ခမ်းကို တင်းတင်းစေ့ကာ မျက်မှောင်ကြုတ်ထားသည်။
သူမကို နားမထောင်ရန်တားမည့်အစား ဝမ်ရှန်းက ဆက်မေးလိုက်သည်။
“လုံဟူရှန်းတောင်ဘက်က ဘယ်လိုတုံ့ပြန်လဲ။ မင်းတို့ သူတို့ကို ဆက်သွယ်ပြီးပြီမဟုတ်လား”
__ဆက်သွယ်ပြီးပါပြီ။ မီးသူတော်စင်အကြောင်းလည်း ပိုသိလာရတယ်၊၊
မုရွှယ်က ဖုန်းတစ်ဖက်မှ သက်ပြင်းချလိုက်သည်။
__သူ့ရဲ့ တာအိုဘွဲ့အမည်က ချန်ရှင်းတဲ့။ သူက လုံဟူရှန်းတောင်ရဲ့ တပည့်တစ်ယောက်ဖြစ်ခဲ့ဖူးပြီး ဂိုဏ်းကနေ မနှင်ထုတ်ခင်အထိ တာအိုဆရာ တျန်ကျန်းရဲ့ လက်အောက်မှာ ပညာသင်ခဲ့တာပါ၊၊
တာအိုဆရာ ထျန်ကျန်း။ သူက ရှီချန်ကျန်းရဲ့ ဆရာမဟုတ်လား…။
__လုံဟူရှန်းတောင်ဘက်က ဒီကိစ္စကို လုံးဝ မသိထားကြဘူး။ ဒါက တာအိုအမွေအနှစ်ဂိုဏ်းအသီးသီးနဲ့ အချိန်မီအဆက်အသွယ်မလုပ်မိတဲ့ ကျွန်မတို့ အမှားလည်းပါတာပေါ့။ အစောကြီးကတည်းက ဆက်သွယ်ခဲ့ရင် မီးသူတော်စင်ရဲ့ နောက်ကြောင်းကို ဒီထက်ပိုပြီး သိထားခဲ့မှာပဲ၊၊
“သူက လုံဟူရှန်းတောင်ရဲ့ တပည့်ဟောင်းတစ်ယောက်ဖြစ်ခဲ့တော့ နာကြည်းချက်တွေ ရှိနေပုံရတယ်။ ဘာလို့ နှင်ထုတ်ခံရတာလဲ”
ဝမ်ရှန်းက မေးလိုက်သည်။
“သူက ကောင်းကင်သခင်လျှို့ဝှက်ကျမ်းစာကို ကိုင်တွယ်ခွင့်ရခဲ့တယ်ဆိုရင် တရားဝင်တပည့်ရင်းတစ်ယောက်ဖြစ်ဖို့များတယ်”
__လုံဟူရှန်းတောင်ဘက်က ပြောပြချက်အရတော့ ကောင်းချန်ရှင်းဟာ သူ့ရဲ့ ဂျူနီယာညီလေးကို တိုက်ခိုက်ပြီး ကောင်းကင်သခင်လျှို့ဝှက်ကျမ်းစာ တတိယတွဲကို ခိုးယူဖို့ ကြိုးစားခဲ့လို့ နှင်ထုတ်ခံရတာတဲ့၊၊
မုရွှယ်က ထပ်မံ သက်ပြင်းချပြန်သည်။
__ပြီးခဲ့တဲ့တစ်ခေါက်က တာအိုဆရာဝမ် အကြံပြုခဲ့တဲ့အတိုင်း မော်ရှန်းတောင်နဲ့ လုံဟူရှန်းတောင်ဆီက အကူအညီတောင်းခဲ့ပါတယ်။ မော်ရှန်းတောင်က တာအိုဆရာအချို့ကို ဖိတ်ခေါ်ခဲ့ပေမဲ့ မီးသူတော်စင်ရဲ့ အသုံးအဆောင်ပစ္စည်းတစ်ခုခုမရှိဘဲနဲ့တော့ တာအိုပညာရပ်တွေကို သုံးပြီး သူ့ကို ခြေရာမခံနိုင်ကြဘူး၊၊
__အဲဒီနောက် ကျွန်မတို့ ကပ္ပတိန်က ပညာရှင်နှစ်ယောက်ကို ခေါ်လာသေးတယ်။ သူတို့က ဗေဒင်ပညာသုံးပြီး သူ့ရဲ့ တည်နေရာအကြမ်းဖျင်းကို တွက်ချက်ပေးခဲ့ပေမဲ့ ကျွန်မတို့ သွားရှာတိုင်း ဘာမှ မတွေ့ခဲ့ရဘူး၊၊
__တာအိုဆရာ ထျန်ကျန်းကတော့ မနက်ဖြန်ရောက်လာလိမ့်မယ်။ အွန်လိုင်းလေလံပွဲကိုတော့ နောက်သုံးရက်နေရင် စဖို့ သတ်မှတ်ထားတယ်၊၊
ဝမ်ရှန်း ခေတ္တမျှ စဉ်းစားပြီးနောက် မေးလိုက်သည်။
“အင်တာနက်ကို ရဲတပ်ဖွဲ့က စောင့်ကြည့်နေတာ မဟုတ်ဘူးလား”
__အများသုံး အင်တာနက်ကိုတော့ စောင့်ကြည့်နေတာပေါ့။ ဒါပေမဲ့ သူတို့က နိုင်ငံခြားဆာဗာတွေပေါ်က အဆင့်မြင့်ကုဒ်ဝှက်စနစ်သုံးကွန်ရက်တွေကို သုံးနေပြီး အဆင့်မြင့် နည်းပညာအဖွဲ့တစ်ဖွဲ့ရဲ့ ပံ့ပိုးမှုကိုလည်း ရထားတယ်၊၊
မုရွှယ်၏ လေသံမှာ အနည်းငယ် ရှက်ရွံ့နေပုံရသည်။
__လွန်ခဲ့တဲ့ ၁၂ နာရီလုံးလုံး အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ ဆိုက်ဘာရဲတပ်ဖွဲ့တို့ဟာ သူတို့နဲ့ ဆိုက်ဘာစစ်ပွဲဆင်နွှဲနေခဲ့ပေမဲ့ သတင်းအချက်အလက်တွေကတော့ ဆက်ပြန့်နေတုန်းပဲ။ တာအိုအမွေအနှစ်ဂိုဏ်းအသီးသီးကလည်း တခြားလမ်းကြောင်းတွေကနေတစ်ဆင့် ဒီသတင်းကို သိနှင့်နေကြပြီ ထင်တယ်၊၊
ဝမ်ရှန်းက ချီဝမ်ကို တစ်ချက်ကြည့်လိုက်သည်။
“မီးသူတော်စင်ရဲ့ နောက်ကွယ်မှာ တခြားပံ့ပိုးပေးတဲ့ အဖွဲ့တွေ ရှိနေသေးတာလား။ သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်းရဲ့ အဖွဲ့ဝင်အများစု အဖမ်းခံလိုက်ရပြီလို့ ကျွန်တော် ထင်နေတာ”
မုရွှယ်က သမ်းဝေချင်စိတ်ကို အောင့်အီးလိုက်ပြီးနောက် ပြန်ဖြေသည်၊၊
__ဒါက နိုင်ငံခြားက ကြေးစားအဖွဲ့ ဖြစ်ဖို့များပါတယ်။ ဘာပဲဖြစ်ဖြစ် လုံဟူရှန်းတောင်က တာအိုအဖွဲ့အစည်းကနေတစ်ဆင့် ကျွန်မတို့ကို ဖိအားပေးနေတယ်။ ကျွန်မတို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အဓိကတာဝန်က တာအိုဂိုဏ်းတွေကြားတည်ငြိမ်မှုကို ထိန်းသိမ်းဖို့ဖြစ်တာကြောင့် သူတို့ရဲ့ သဘောထားကို လျစ်လျူရှုထားလို့ မရဘူး။
“မင်း ဘယ်တုန်းက နောက်ဆုံးအိပ်ခဲ့ရတာလဲ”
မုရွှယ်၏ ခါးသီးသော ရယ်မောသံကို ဝမ်ရှန်း ကြားလိုက်ရသည်။
___ဒီတစ်ပတ်လုံးမှာ ကျွန်မ အိပ်ချိန် အားလုံးပေါင်း နာရီ၂၀ တောင် မပြည့်ဘူး။ ဘာပဲဖြစ်ဖြစ် ဒါက တောင်းဆိုရတာအားနာပေမဲ့ တောင်ပေါ်က ဆင်းပြီး ကျွန်မတို့ကို နောက်တစ်ကြိမ်လောက် ကူညီပေးနိုင်မလား။ ရှင့်ရဲ့ ကျင့်ကြံခြင်းကို နှောင့်ယှက်မိတဲ့အတွက် တကယ်ပဲ တောင်းပန်ပါတယ်။
“တာအိုဆရာထျန်ကျန်းက လာနေပြီမဟုတ်လား”
__သူတစ်ယောက်တည်း မဟုတ်ဘူး။ အခြားဂိုဏ်းတွေက တာအိုပညာရှင်တွေလည်း လာနေကြပြီလို့ ကျွန်မတို့ သိထားရတယ်။ ကျွန်မတို့ကို အကြောင်းမကြားဘဲ လာနေတဲ့သူတွေ ဘယ်လောက်တောင်ရှိဦးမလဲ မသိဘူး။
ဝမ်ရှန်း သက်ပြင်းချလိုက်သည်။
“ဒါလည်း ဟုတ်တာပဲ။ ကောင်းကင်သခင်လျှို့ဝှက်ကျမ်းစာက လုံဟူရှန်းတောင်ရဲ့ အခြေခံအုတ်မြစ်ပဲ။ အဆောင်ဂိုဏ်းကြီး ၃ခုရဲ့ စစ်မှန်တဲ့ အမွေအနှစ်ကိုလည်း ကိုယ်စားပြုတယ်။ ပတမတွဲနဲ့ ဒုတိယတွဲပဲ ရှိဦးတော့… တခြားတာအိုအမွေအနှစ်ဂိုဏ်းတွေအတွက် ဆွဲဆောင်မှုအရမ်းကြီးမားတယ်”
မုရွှယ်က လေသံကို နှိမ့်လိုက်ပြီး လေးနက်သောလေသံဖြင့် ဆက်ပြောသည်၊၊
__ဒီကိစ္စက ထိန်းမနိုင်သိမ်းမရဖြစ်သွားရင် ကျင့်ကြံခြင်းလောကအတွင်းမှာ ပဋိပက္ခတွေဖြစ်လာနိုင်တယ်။ ဘယ်လိုနည်းနဲ့မဆို ဒါကို တားဆီးရမယ်။ ဒါကို မထိန်းချုပ်နိုင်ရင် ကျင့်ကြံခြင်းလောကတစ်ခုလုံး ရုန်းရင်းဆန်ခတ်ဖြစ်သွားလိမ့်မယ်။ အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းဖို့နဲ့ အဆိုးဆုံးအတွက် ပြင်ဆင်ထားဖို့ ကျွန်မတို့ အကူအညီတွေ အများကြီးလိုအပ်နေတယ်။
စက္ကန့်ပိုင်းမျှ စဉ်းစားပြီးနောက် ဝမ်ရှန်းက ပြောလိုက်သည်။
“ကျွန်တော် ကျုံးနန်တောင်ကို သွားလိုက်မယ်။ ကျွန်တော့်ဆရာ့ကို တွေ့လို့ သူက တံခါးပိတ်ကျင့်ကြံခြင်းက ထွက်လာပြီဆိုရင် အခြေအနေကို ကြီးကြပ်ပေးဖို့ တောင်းဆိုလိုက်မယ်”
__ရှင်ကိုယ်တိုင်လာရင် ပိုမကောင်းဘူးလား၊၊
မုရွှယ်က အားကိုးတကြီးလေသံဖြင့် ပြောသည်၊၊
“ကျွန်တော့်ရဲ့ ဝါစဉ်က နိမ့်လွန်းပါတယ်” ဝမ်ရှန်းက ပြန်ဖြေသည်။
“ဂိုဏ်းအသီးသီးက တာအိုဆရာတွေ စုဝေးနေကြတာဆိုတော့ ကျွန်တော်နဲ့ စီနီယာအစ်မမှာ ဘာလုပ်ပိုင်ခွင့်မှ ရှိမှာ မဟုတ်ဘူး။ ဆရာကိုယ်တိုင်ရှိနေမှ ရမယ်။ ပြီးတော့ ဒီကိစ္စက နောက်ဆုံးမှာ လုံဟူရှန်းတောင်နဲ့ အဓိကသက်ဆိုင်တာဖြစ်လို့ ခဗျားတို့အနေနဲ့ သူတို့နဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်ဖို့ပဲ အာရုံစိုက်သင့်တယ်”
“သူတို့ဘက်က တာအိုဆရာတွေ ပိုလွှတ်ပေးနိုင်ရင် အကောင်းဆုံးပေါ့။ ဘာပဲဖြစ်ဖြစ် သူတို့အမွေအနှစ်ရဲ့ အဓိကကျမ်းစာတွေ ပေါက်ကြားသွားရင် သူတို့ပဲ အဆုံးရှုံးဆုံးဖြစ်မှာလေ။ အခုအချိန်မှာ သူတို့က တခြားသူတွေထက် ပိုပြီး ပူပန်နေကြမှာ သေချာတယ်”
__ဟူး... ရှင်ပြောတာလည်း ဟုတ်ပါတယ်။ အမှန်အတိုင်းပြောရရင် လုံဟူရှန်းတောင်က တာအိုဆရာအချို့က တိုက်ခိုက်ရေးဌာနမှာ နည်းပြတွေအဖြစ် လုပ်နေကြတယ်လို့ ကြားတယ်။ သူတို့က အထက်လူကြီးတွေကြားထဲမှာ သြဇာအာဏာ အတော်လေးရှိကြတယ်…
“မင်း စကားတွေ အများကြီးပြောမိနေပြီ”
ဝမ်ရှန်းက သတိပေးလိုက်သည်။
___ရပါတယ်။ ဒီသတင်းတွေကို ရှင့်ကို ယုံကြည်လို့ရမှန်း ကျွန်မသိလို့ပြောတာပါ၊၊
မုရွှယ်၏ လေသံတွင် ပင်ပန်းနွမ်းနယ်မှုများ အထင်အရှားပေါ်လွင်နေသည်။
___ဒါတင်မကဘူး၊၊ မကြာခင်မှာ ဒါတွေက လျှို့ဝှက်ချက်ဖြစ်နေတော့မှာ မဟုတ်ပါဘူး။ အထက်လူကြီးတွေက သတိပေးချက်တစ်ခုထုတ်ပြန်ဖို့ စီစဉ်နေတာ ကြာပြီ။ အခုအခွင့်အရေးကို သုံးပြီး အစိုးရရဲ့ စွမ်းဆောင်ရည်ကို ပြသပြီး သောင်းကျန်းလာတဲ့ မိစ္ဆာကျင့်ကြံသူတွေကို ခြိမ်းခြောက်ဖို့ လုပ်ကောင်းလုပ်လိမ့်မယ်၊၊
“ဒါက တကယ်တော့ မဆိုးတဲ့ အကြံဉာဏ်ပဲ”
ဝမ်ရှန်းက ပြုံးလျက် ပြန်ပြောသည်။
“ရှုပ်ထွေးနေတဲ့ နိုင်ငံထက် တည်ငြိမ်တဲ့ နိုင်ငံက ပိုကောင်းတာပေါ့။ ခဗျား အနားယူလိုက်ပါဦး။ ကျွန်တော် ဆရာ့ကို သွားရှာဖို့ မနက်ဖြန် မနက်အစောကြီး ကျုံးနန်တောင်ကို ထွက်ခဲ့မယ်”
__ကျေးဇူးတင်ပါတယ် တာအိုဆရာဝမ်။ ကျွန်မတို့ ကပ္ပတိန်ကို အကြောင်းကြားလိုက်ပါ့မယ်၊၊
ဝမ်ရှန်း ခေတ္တမျှ စဉ်းစားလိုက်သည်။
“နေဦး။ လောလောဆယ် ဆရာကတော်ကို မပြောပါနဲ့ဦး။ ဆရာက သူမရဲ့ ရှေ့မှာ မထင်မှတ်ဘဲ ပေါ်လာတာက ပိုကောင်းလိမ့်မယ်။ ပြီးတော့ ကျွန်တော် သူ့ကို ရှာတွေ့ချင်မှလည်း ရှာတွေ့မှာလေ။ ရှာတွေ့ရင်တောင် သူက တံခါးပိတ်ကျင့်ကြံနေတုန်းလည်း ဖြစ်နိုင်တယ်”
မုရွှယ်သည် ခေတ္တမျှ ဝေခွဲမရဖြစ်နေပြီးမှ မချင့်မရဲဖြင့် သဘောတူလိုက်သည်။