← Chapters

ကျုံးနန်သို့ ခရီးစဉ်

Vol. 11 Ch. 103

ကျုံးနန်သို့ ခရီးစဉ်

Vol. 11 Ch. 103

ဖုန်းချပြီးနောက် ဝမ်ရှန်းသည် အေးစက်သွားပြီဖြစ်သော ဆန်ပြုတ်ကို သောင်ရင်း နက်နက်နဲနဲစဉ်းစားနေမိသည်။ သူ၏ စိတ်ထဲတွင် အချိတ်အဆက်မမိသည့် အချက်အချို့ ရှိနေသည်။

မီးသူတော်စင်ရဲ့ ရည်ရွက်ချက်အစစ်က ဘာလဲ…၊၊

ပထမဦးစွာ သူသည် ပိုက်ဆံရှာရန် သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်းကို တည်ထောင်ခဲ့သည်။ ထို့နောက် မဟာမိတ်ဖွဲ့ရန် ခေါင်းစဉ်ဖြင့် တစ်ကိုယ်တော်ကျင့်ကြံသူများကို စုစည်းခဲ့သော်လည်း နောက်ဆုံးတွင် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၏ လိုက်လံဖမ်းဆီးခြင်းကို ခွေးပြေးဝက်ပြေး ပြေးလွှားခဲ့ရသည်။

ယခုအခါ သူက အသည်းအသန်တန်ပြန်တိုက်ခိုက်ရန် ကြိုးစားနေတာလား…။ မဟုတ်သေးဘူး… ဒါက သူ့ကိုယ်သူ မီးရှို့ဖျက်ဆီးနေခြင်းနှင့် ပိုတူနေတယ်။

အဆောင်ဂိုဏ်းကြီး ၃ဂိုဏ်းသည် တာအိုလောကတွင် သြဇာညောင်းလှ၏။ လက်ရှိတွင် လုံဟူရှန်းတောင်သည် အင်အားအကောင်းဆုံး ဂိုဏ်းကြီး ၅ဂိုဏ်းတွင်ပါဝင်နေပြီး နောက်နှစ်အနည်းငယ်အတွင်း ၎င်းတို့ထံမှ ပညာရှင်များစွာ ပေါ်ထွက်လာဦးမည် ဖြစ်သည်။ အကယ်၍ တာအိုအမွေအနှစ်ဂိုဏ်းတစ်ခုခု သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးဦးက ကောင်းကင်သခင်လျှို့ဝှက်ကျမ်းစာကို ဝယ်ယူရန် ရဲတင်းစွာကြိုးစားလာပါက လုံဟူရှန်းတောင်သည် ထိုသူကို ပစ်မှတ်ထားမည်မှာ မလွဲဧကန်ပင်။

ထို့ပြင် ကောင်းကင်သခင်လျှို့ဝှက်ကျမ်းစာထဲမှ အမှန်တကယ် အစွမ်းထက်သော အဆောင်ပညာရပ်များသည် ပထမတွဲတွင်ရှိကြောင်း ဝမ်ရှန်း သိထားသည်။ ပထမတွဲတွင် အခြေခံများပါဝင်ပြီး ဒုတိယတွဲတွင် ၎င်းတို့ကို အကျယ်တဝံ့ရှင်းလင်းထားကာ တတိယတွဲတွင်မူ အဖိုးတန်ဆုံးနည်းစနစ်များပါဝင်သည်။

ကံကောင်းသည်မှာ မီးသူတော်စင်သည် ထိုတတိယတွဲကို ကိုင်တွယ်ခွင့်ရရန် မည်သည့်အခါမျှ အရည်အချင်းမပြည့်မီခဲ့ချေ။

လုံဟူရှန်းတောင်၏ မျိုးဆက်သစ်တပည့်များထဲတွင် လူအနည်းငယ်မျှသာ တတိယတွဲကို လေ့လာခွင့်ရကြပြီး အများစုမှာ ကောင်းကင်သခင်ဂိုဏ်း၏ သွေးမျိုးဆက်များဖြစ်ကြသည်။

မီးသူတော်စင်သည် ဤအရာကို ငွေကြေးအတွက် လုပ်ဆောင်နေခြင်းလား။ အုန်း

ထိုအတိုင်းဆိုလျှင် ဤမျှအထိ အုန်းအုန်းကျက်ကျက်ဖြစ်အောင် အဘယ်ကြောင့်လုပ်နေရသနည်း။ မိစ္ဆာကျင့်ကြံသူအဖွဲ့အစည်းတစ်ခုခုထံ လျှို့ဝှက်စွာ ရောင်းချနိုင်ပါလျက်နှင့် အွန်လိုင်းတွင် လူသိရှင်ကြားလေလံတင်ရန် နည်းပညာအဖွဲ့တစ်ဖွဲ့ကိုပင် ငှားရမ်းထားသေးသည်။

ငွေကြေးကြောင့်မဟုတ်လျှင် သူ့ရည်ရွယ်ချက်က ဘာလဲ၊၊

ဝမ်ရှန်းသည် ပန်းကန်ကို ကိုင်ထားရင်း အလေးအနက်တွေးနေမိသည်။

ထိုအချိန်တွင် မုဝမ်ရွှမ်းက သူမ၏ ဖုန်းကို ဂရုတစိုက်ထုတ်လိုက်ပြီး ဖတ်လက်စ Mangaကို ဆက်ဖတ်နေကာ ဝမ်ရှန်း စိုးရိမ်နေသည့် လောကီရေးရာများကို လုံးဝ စိတ်မဝင်စားပုံရသည်။ စိုးရိမ်ပူပန်မှုအားလုံးသည် ဝမ်ရှန်း၏တာဝန်သာဖြစ်ပြီး သူမကတော့ ပူပင်ကြောင့်ကြမဲ့သောဘဝတွင်သာ နေထိုင်လေသည်၊၊

“စီနီယာအစ်ကို” ချီဝမ်က တိုးတိုးလေး ခေါ်လိုက်သည်။

“ကျွန်မ အဖေကို ရှာတွေ့နိုင်ပါ့မလား”

“ငါ ကြိုးစားကြည့်ပါ့မယ်” ဝမ်ရှန်းက ပြုံးလျက် ပြန်ဖြေသည်။

“မင်း ဒီမှာပဲနေပြီး စီနီယာအစ်မကို အဖော်လုပ်ပေးလိုက်ဦး။ တစ်ရက်၊ နှစ်ရက်အတွင်း သတင်းရမှာပဲ”

မုဝမ်ရွှမ်းက ဝမ်ရှန်း၏ အင်္ကျီလက်စကို ဆွဲလိုက်ပြီး သူမကို ဘာလို့ထားခဲ့တာလဲဟု မေးမြန်းသည့်အလား တောက်ပသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။

ဝမ်ရှန်းက ညင်သာစွာ နှစ်သိမ့်လိုက်သည်။

“ကျွန်တော်တို့ ဂျူနီယာညီမလေးက တာအိုပညာရပ်တွေ မပြည့်စုံသေးဘူးလေ။ ခရီးသွားဖို့ မသင့်တော်ဘူး။ စီနီယာအစ်မက ဒီမှာပဲ နေပြီး သူမနဲ့ အဖော်ပြုနေပါ”

“အို...”

မုဝမ်ရွှမ်း အနည်းငယ် စိတ်ကောက်သွားပုံရသော်လည်း ဝမ်ရှန်း၏ မျက်ဝန်းထဲမှ စိုးရိမ်ပူပန်မှုများကို မြင်လိုက်ရသောအခါ ချက်ချင်း သဘောပေါက်သွားသည်။ ချီဝမ်အနေဖြင့် စိတ်လိုက်မာန်ပါမဆုံးဖြတ်မိစေရန် သူမ၏ အနားတွင် တစ်ဦးဦးရှိနေပေးဖို့ အမှန်တကယ် လိုအပ်ပေသည်။

ဝမ်ရှန်းသည် နောက်တစ်နေ့တွင် ကျုံးနန်တောင်သို့ ထွက်ခွာမည်ဖြစ်သောကြောင့် မုရွှယ်က သူ ဘာမှမပြောရသေးခင်မှာပင် မနက်ခင်းရထားလက်မှတ်ကို စီစဉ်ပေးပြီး ကုန်ကျစရိတ်အားလုံးကို ကျခံပေးခဲ့သည်။

ထို့ကြောင့် သူသည် ညဉ့်နက်သည်အထိ တရားထိုင်ရင်း ထိုက်ကျိအစွန်းနှစ်ဖက်ဓားစိတ်ဆန္ဒကို ပိုမိုနားလည်အောင် နှလုံးသွင်းနိုင်ခဲ့သည်။ တရားထိုင်နေစဉ်အတွင်း မီးသူတော်စင်၏ ပုံမှန်မဟုတ်သော လုပ်ရပ်များကို တွေးနေမိပြီး သူ၏ စစ်မှန်သော ရည်ရွယ်ချက်ကို သိရှိနိုင်ရန် ကြိုးစားနေခဲ့သည်။

ဝမ်ရှန်းတွင် ခိုင်လုံသော သက်သေအထောက်အထားမရှိသော်လည်း မီးသူတော်စင်သည် ကြီးမားသော အစီအစဉ်တစ်ခုကို ကြံစည်နေသည်ဟု ခံစားနေရသည်။ သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်းဆိုသည်မှာ ထိုအစီအစဉ်၏ အစိတ်အပိုင်းတစ်ခုမျှသာဖြစ်နိုင်သည်။

ငွေကြေးအတွက်မဟုတ်ဘဲ လုံဟူရှန်းတောင်ကို အရှက်ခွဲရန်သက်သက်မဟုတ်လျှင် သူရဲ့ ပန်းတိုင်အစစ်က ဘာလဲ…၊၊

သူက ပရမ်းပတာဖြစ်အောင် ဖန်တီးချင်ရုံသက်သက်ပဲလား။ ကျင့်ကြံခြင်းလောကကို ရှုပ်ထွေးနောက်ကျိအောင်လုပ်ပြီး အကျိုးအမြတ်ရှာချင်တာလား။ ဒါပေမဲ့ အဲဒီလိုလုပ်လို့ ဘာအကျိုးရှိမှာလဲ။

ဝမ်ရှန်း ပိုတွေးလေ ခေါင်းပိုကိုက်လေဖြစ်လာသည်။ မီးသူတော်စင်၏ ရည်ရွယ်ချက်မှာ ပဟေဠိတစ်ခုအဖြစ်သာရှိနေဆဲပင်။ နောက်ဆုံးတွင်တော့ သူ ဆက်မတွေးရန် ဆုံးဖြတ်လိုက်သည်။

ဆရာ့ကို ရှာပြီး ဆရာကတော်နှင့် ၎င်းတို့၏ သမီးအကြောင်း ပြောပြပြီးလျှင် ဤကိစ္စအားလုံးကို ဆရာ့လက်ထဲသို့သာ အပ်နှံလိုက်တော့မည်။ ကံမကောင်းသည်မှာ ဆရာက အဆင့်ကျော်ဖြတ်နိုင်ပြီလား သို့မဟုတ် တစ်ခုခုဖြစ်နေလားဆိုသည်ကိုတော့ စောင့်ကြည့်ရဦးမည် ဖြစ်သည်။

အရုဏ်တက်ချိန်တွင် ဝမ်ရှန်းသည် ကျောပိုးအိတ်ကို လွယ်၊ အနက်ရှိုင်းဆုံးနားစွင့်သူဓားကို ကိုင်ဆောင်ကာ ခြံဝင်းအတွင်းမှ တိတ်တဆိတ်ထွက်ခွာလာခဲ့သည်။

မုဝမ်ရွှမ်းက သူ့ကို လိုက်ပို့ချင်သော်လည်း သူက အမူအရာဖြင့် တားဆီးလိုက်သည်။ ပြီးခဲ့သည့်ညက သူ ထွက်ခွာသွားပြီးနောက် ဂျူနီယာညီမလေး၏ အနားတွင် အမြဲရှိနေပေးရန် သူမကို တီးတိုးမှာကြားခဲ့ပြီး ဖြစ်သည်။

တာအိုဂိုဏ်းများ၏ နောက်ထပ် အထွတ်အမြတ်မြေတစ်ခုဖြစ်သော ကျုံးနန်တောင်သည် ရှေးဟောင်းမြို့တော် ချန်အန်း၏ တောင်ဘက်တွင် တည်ရှိသည်။

ရှေးယခင်ကတည်းက ကျုံးနန် ဖြတ်လမ်းဟူသော ဆိုရိုးစကားတစ်ခု ရှိခဲ့ဖူးသည်။ ၎င်းမှာ နန်းတွင်း၌ အရာရှိအဖြစ် အမှုထမ်းလိုကြသူများသည် ဦးစွာ ကျုံးနန်တောင်သို့ လာရောက်ကာ တရားအားထုတ်ခြင်းနှင့် တာအိုကျင့်ကြံခြင်းများပြုလုပ်ခြင်းဖြင့် နာမည်ကျော်ကြားအောင် အရင်လုပ်ကြသည့် ခေတ်ကာလတစ်ခုကို ရည်ညွှန်းခြင်း ဖြစ်သည်။

၎င်းတို့၏ အမည်နာမများ ချန်အန်းမြို့အထိ ပျံ့နှံ့ကျော်ကြားလာသောအခါမှ ဧကရာဇ်၏ ဆင့်ခေါ်ခြင်းကို ခံယူကာ အရာရှိအဖြစ် အမှုထမ်းကြသည်။ ထို့ကြောင့် ရှေးခေတ်က ကျင့်ကြံသူအချို့သည် ကျုံးနန်တောင်ကို အထင်သေးတတ်ကြသည်။ ဤတောင်တန်းပေါ်တွင် ကျင့်ကြံသူအမြောက်အမြားနှင့် တာအိုအမွေအနှစ်များစွာရှိနေသော်လည်း မည်သည့်ဂိုဏ်းကမျှ ထိပ်ဆုံးကနေ စိုးမိုးအုပ်ချုပ်နိုင်ခြင်း မရှိခဲ့ချေ။

ချင်းလင်တောင်တန်း၏ ထိုအစိတ်အပိုင်းသည် မိုင်ပေါင်းရာချီ ရှည်လျားပြီး လူသူမသိဘဲ တိတ်တဆိတ်ကျင့်ကြံနေကြသူများလည်း ဟိုတစ်စု၊ ဒီတစ်စုရှိနေကြသည်။ ထို့ပြင် တာအိုဘုရားကျောင်းများနှင့် ဆိတ်ငြိမ်သော ခြံဝင်းများသည်လည်း ထူထပ်သော တောအုပ်များအတွင်း ပျံ့နှံ့တည်ရှိနေကာ တောင်ပတ်လမ်းမျိုးစုံဖြင့် အပြန်အလှန်ချိတ်ဆက်နေကြသည်။

ဤအချက်များက ချင်ယန်ဇီကို ခြေရာခံရန် ပိုမိုခက်ခဲစေသည်။

ဝမ်ရှန်းတို့၏ဂိုဏ်းသည် ကျုံးနန်တောင်နှင့်သမိုင်းကြောင်းအရ ဆက်နွှယ်မှုအချို့ ရှိခဲ့ဖူးသည်။ ဘိုးဘေးလုသည်လည်း တစ်ချိန်က ဤတောင်ပေါ်တွင် ကျင့်ကြံခဲ့ဖူးသည်။

ဝမ်ရှန်းသည် အမြန်ရထားစီးရန် ပြင်ဆင်စဉ် ပြဿနာအချို့နှင့် ရင်ဆိုင်ခဲ့ရသည်။ အနက်ရှိုင်းဆုံးနားစွင့်သူဓားက ထက်ရှနေသောကြောင့် လုံခြုံရေးစစ်ဆေးစဉ် အသိမ်းခံလိုက်ရပြီး ရဲအရာရှိအချို့ပင် ရောက်ရှိလာခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် မုရွှယ်က နောက်တစ်ကြိမ် ကြားဝင်ကူညီပေးခဲ့ပြီး သူ့အတွက် အထူးခွင့်ပြုမိန့်ထုတ်ပေးနိုင်မည့်သူကို အမြန်ရှာဖွေပေးခဲ့သည်။ ဤဖြစ်ရပ်ကြောင့် နာရီဝက်နီးပါးသာ ကြန့်ကြာခဲ့ရသည်။

ယခု ပြန်လည်စဉ်းစားကြည့်မှ ယွမ်ဖူကျန်းရန်က ကျိုးရင်လောင်၏ဆရာကို သူ့အား ဓားတစ်လက်ပေးရန် အမိန့်ပေးခဲ့သော်လည်း ထိုကိစ္စမှာ မပြီးပြတ်သေးဘဲ ကျန်ရှိနေခဲ့သည်။

ဝမ်ရှန်းသည် တစ်ပါးသူအပေါ် အခွင့်ကောင်းယူတတ်သူ မဟုတ်ပေ။ သူသည် ကြီးမြတ်သော လမ်းညွှန်မှုများကို ရရှိခဲ့ပြီးဖြစ်ကာ ကျေးဇူးကြွေးများလည်း များပြားလှပြီ ဖြစ်သည်။ အကယ်၍ သူက မျက်နှာပြောင်တိုက်ပြီး ၎င်းတို့၏ တာအိုလက်နက်စုဆောင်းမှုထဲမှ ရတနာတစ်ပါးကို သွားရောက်တောင်းခံမည်ဆိုပါက စည်းကျော်ရာ ရောက်ပေလိမ့်မည်။

ရထားပေါ်တွင် သူသည် မုရွှယ်ထံမှ မက်ဆေ့ခ်ျတစ်ခု လက်ခံရရှိခဲ့သည်။ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သည် ကျုံးနန်တောင်တွင် သွားရေးလာရေးအပါအဝင်… သူ့အတွက် အားလုံး စီစဉ်ပေးထားပြီး ဖြစ်သည်။

ထို့ပြင် မုရွှယ်က သူ့အတွက် စိတ်ချရသောလမ်းပြတစ်ဦးကိုလည်း ရှာဖွေပေးထားသည်။ သူက လင်းဟွေဖုန်းဟု လူသိများသည့် ဒေသခံတာအိုဆရာတစ်ဦး ဖြစ်သည်။ သူသည် ကျုံးနန်တောင်ပေါ်ရှိ ဘုရားကျောင်းအားလုံးနှင့် ရင်းနှီးကျွမ်းဝင်သူဖြစ်ကြောင်း သိရသည်။

သူ ရထားဘူတာရုံပြင်ပသို့ ခြေချလိုက်သည်နှင့် တောက်ပလွန်းသော အနီရောင်နဖူးစည်းစာတန်းကြီးကို ချက်ချင်း မြင်လိုက်ရသည်။

ဝူတန်းတောင်မှ တာအိုဆရာ ဝမ်ဖေးယွီအား လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါ၏၊၊

ဝမ်ဖေးယွီ... အဲဒီနာမည်က ဘာလို့... မိန်းမဆန်နေရတာလဲ…။

သူ့ဆရာကတော့ နာမည်ပေးရာတွင် တကယ်ပဲ ဆရာကျလှသည်။

ရိုးရာဟုန်းယွမ်ခေါင်းစည်းများကို ဆင်မြန်းထားသည့် မိန်းကလေးငယ်နှစ်ဦးက နဖူးစည်းစာတန်းကို ကိုင်ဆောင်ထားကြသည်။ ၎င်းတို့၏ဘေးတွင် သပ်ရပ်သော တာအိုဝတ်စုံကို ဝတ်ဆင်ကာ နေကာမျက်မှန်တပ်ထားပြီး ထင်ရှားသော နှုတ်ခမ်းမွေး ရှိသည့် ပိန်ပိန်ပါးပါး တာအိုဆရာတစ်ဦး ရပ်နေသည်။ ဤထူးခြားသောမြင်ကွင်းကြောင့် လမ်းသွားလမ်းလာများက စိတ်ဝင်တစားဖြင့် ရပ်တန့်ကာ ဓာတ်ပုံရိုက်နေကြသည်။

ဝမ်ရှန်းလည်း သူ၏ ရိုးရှင်းသော အရပ်ဝတ်အရပ်စားကို ငုံ့ကြည့်လိုက်ပြီး ရုတ်တရက် ဝတ်စားဆင်ယင်မှုပိုင်းတွင် အားနည်းနေသလို ခံစားလိုက်ရသည်။

အပြာရောင်အဝတ်ဖြင့် ပတ်ထားသည့် ဓားကို သယ်ဆောင်လာသော သူ့ကို တာအိုဆရာနှင့် တပည့်မနှစ်ဦးက ချက်ချင်း သတိပြုမိသွားကြသည်။

“တာအိုဆရာ ဟွေဖုန်းလား” ဝမ်ရှန်းက မေးလိုက်သည်။

“အို... တာအိုဆရာ ဖေးယွီလား”

လင်းဟွေဖုန်းက နေကာမျက်မှန်ကို ချက်ချင်း ချွတ်လိုက်သည်။ အတော်ပင် ခန့်ညားသော ထိုလူက ဝမ်ရှန်းကို လေးစားစွာဖြင့် တာအိုနည်းစနစ်အတိုင်း နှုတ်ဆက်လိုက်သည်။

မုရွှယ်ထံမှ ဝမ်ရှန်း၏ အချက်အလက်များကို ကြိုတင်ရရှိထားပြီး ဖြစ်သောကြောင့် သူ၏ အထောက်အထားအပေါ် သံသယဖြစ်စရာ မလိုခဲ့ပေ။ သူက ပြုံးလျက် ပြောသည်။

“မင်းက တကယ်ပဲ ထူးချွန်တာပဲ တာအိုဆရာ ဖေးယွီ။ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို လုံးဝ ဖုံးကွယ်ထားနိုင်ပေမဲ့ မင်းရဲ့ဘေးနားမှာ တာအိုချီအရှိန်အဝါတွေက အဆုံးမဲ့စီးဆင်းနေတုန်းပဲ။ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုအဆင့်အတန်းမျိုးကို ရောက်နေတာ... ငါ တကယ်ပဲ အမြင်ပွင့်သွားတယ်”

“ကျွန်တော်က တတာအိုဆရာဟွေဖုန်းရဲ့ ရှေ့မှာ တာအိုဆရာလို့ အခေါ်မခံရဲပါဘူး”

ဝမ်ရှန်းက ပြန်ပြောသည်။

“ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ တာအိုဘွဲ့အမည်အတိုင်းပဲ ခေါ်ပေးပါ”

“ဒီမှာ လူတွေအများကြီး ရှိနေတယ်။ တခြားနေရာ သွားပြောကြရအောင်။ ကားက အဆင်သင့် ဖြစ်နေပြီ”

လင်းဟွေဖုန်းက သူ၏ တပည့်မများဘက်သို့ အချက်ပြလိုက်သည်။

“မင်းတို့နှစ်ယောက် တာအိုဆရာကို သေချာနှုတ်ဆက်လိုက်ဦး”

ထိုနှစ်ဦးက နဖူးစည်းစာတန်းကို အမြန်လိပ်လိုက်ပြီး ဝမ်ရှန်းကို တလေးတစားနှုတ်ဆက်ကြသည်။

လင်းဟွေဖုန်းက ပြုံးလျက် ရှင်းပြသည်။

“သူတို့က ငါ့ရဲ့တူမတွေပါ။ ဘာပဲဖြစ်ဖြစ် ကားပေါ်ရောက်မှ ဆက်ပြောကြတာပေါ့”

All Chapters