ချင်ယန်ဇီကို ရှာဖွေခြင်း
Vol. 11 Ch. 104
ဝမ်ရှန်းက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ဘူတာရုံပြင်ပရှိ ကားပါကင်သို့ လိုက်သွားခဲ့သည်။
လင်းဟွေဖုန်းက ကားမောင်းပြီး ဝမ်ရှန်းက ရှေ့ခန်းတွင် ထိုင်သည်။ တပည့်မနှစ်ဦးကမူ နောက်ခန်းတွင် ထိုင်လိုက်ကြသည်။
တာအိုထုံးစံအရ ကားပေါ်ရောက်သည်နှင့် ၎င်းတို့သည်... You Chat ကောင့်များ အပြန်အလှန်ဖလှယ်ခဲ့ကြသည်။
လင်းဟွေဖုန်းက ယဉ်ကျေးပျူငှာစွာဖြင့် ဝမ်ရှန်းကို မဆုံးနိုင်အောင် ချီးကျူးပြောဆိုပြီး မော်ရှန်းတောင် နှီးနှောဖလှယ်ပွဲတွင် ဝမ်ရှန်း ပြသခဲ့သည့် ဓားသိုင်းနည်းစနစ်ကိုပင် ထည့်သွင်းပြောကြားခဲ့သည်။
“ငါကိုယ်တိုင် မတွေ့ခဲ့ရပေမဲ့ ငါ့ရဲ့ တာအိုရောင်းရင်းတွေက အဲဒီအကြောင်းပြောပြတိုင်း အားကျမိတာအမှန်ပဲ”
ရွှင်ရွှင်လန်းလန်းနှင့် ဖော်ရွေသော လင်းဟွေးဖုန်းသည် ကျုံးနန်တောင်ပေါ်ရှိ တာအိုဘုရားကျောင်းတစ်ခုမှ ဝိညာဉ်ပေါင်းစည်းခြင်းနောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည်။ ထို့ပြင် သူသည် ဒေသခံတာအိုအဖွဲ့အစည်းတစ်ခုတွင်လည်း ရာထူးတစ်ခုရရှိထားသည်။
ကားမောင်းနေစဉ်အတွင်း လင်းဟွေဖုန်းက သူ၏ တာအိုအမွေအနှစ်အကြောင်းကို ပြောပြသည်။ ကမ္ဘာဦးချီများ ပြန်လည်နိုးထမလာခင် နာရီဝက်အလိုတွင် ကွယ်လွန်သွားခဲ့သည့် သူ၏ ဆရာ့ကို သတိရကာ သက်ပြင်းချမိသည်။ ထိုအဘိုးကြီးသည် အသက် ၉၂ နှစ်အထိ နေထိုင်ခဲ့ရသော်လည်း ၉၃ နှစ်မြောက် နှစ်သစ်ကူးအကြိုညကိုတော့ မမီခဲ့ချေ။
“ဒါတွေက ကံတရားပဲပေါ့”
လင်းဟွေဖုန်းက ခေါင်းခါလျက် ညည်းတွားသည်။ ဝမ်ရှန်းကလည်း နှစ်သိမ့်ပေးသည့် စကားအချို့ ပြန်ပြောလိုက်သည်။
ကျုံးနန်တောင်သို့ မောင်းနှင်နေစဉ် ဝမ်ရှန်းက လက်ရှိကိစ္စကို လမ်းကြောင်းပြောင်းလိုက်သည်။
“စီနီယာ... ကျွန်တော့်ရဲ့ ဆရာ့ကို သိလား”
လင်းဟွေးဖုန်းက ရယ်မောလိုက်သည်။
“ငါ့ကို စီနီယာလို့ ခေါ်စရာ မလိုပါဘူး။ ငါ့ရဲ့ ကျင့်ကြံခြင်းက မင်းရဲ့အောက်မှာပဲရှိသေးတာမို့ အဲဒီလိုအခေါ်ခံရရင် ရှက်စရာကြီး။ မင်းရဲ့ဆရာ ချင်ယန်ဇီအကြောင်းပြောရရင်တော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်က တာအိုရောင်းရင်းတစ်ယောက်ရဲ့ ဘုရားကျောင်းမှာ တစ်ကြိမ်ဆုံခဲ့ဖူးတာ မှတ်မိတယ်။ အဲဒီတုန်းက တာအိုလမ်းစဥ်တွေအကြောင်း ဆွေးနွေးခဲ့ကြသေးတယ်”
“ကျွန်တော့်ကို အဲဒီဘုရားကျောင်းဆီ ခေါ်သွားပေးလို့ ရမလား။ ဆရာ မထွက်ခွာခင်တုန်းက တာအိုလမ်းစဥ်ဆွေးနွေးဖို့ မိတ်ဆွေတစ်ယောက်ဆီ သွားမယ်လို့ ပြောခဲ့လို့ပါ”
“ရတာပေါ့။ ငါ့ကို ဒီတာဝန်အပ်နှံထားတာပဲ… မင်းရဲ့ဆရာ့ကို ရှာတွေ့အောင် သေချာပေါက်ကူညီပေးမှာပါ”
လင်းဟွေဖုန်းက အခိုင်မာပြောလိုက်သည်။
ထို့နောက် တာအိုဆရာသည် လီဗာကို ချက်ချင်း နင်းလိုက်သည်။ သူသည် ကားကို မြို့ပတ်လမ်း၏ အမြန်နှုန်းကန့်သတ်ချက်အထိ မောင်းနှင်ခဲ့သော်လည်း... နောက်ဆုံးတွင် ရှည်လျားပြီး ဖြည်းညှင်းစွာ ရွေ့လျားနေသည့် ယာဉ်ကြောပိတ်ဆို့မှုအတွင်း ပိတ်မိသွားခဲ့သည်။
ဤယာဉ်ကြောပိတ်ဆို့မှုသည် လင်းဟွေဖုန်းအတွက် သူ၏ စကားပြောကောင်းသည့် အရည်အချင်းကို ပြသရန် အခွင့်အရေးဖြစ်သွားခဲ့သည်။ သူသည် ကျုံးနန်တောင်မှ ကျင့်ကြံသူများအကြောင်း ပုံပြင်များနှင့် ဒဏ္ဍာရီမျိုးစုံကို ဝမ်ရှန်းအား စတင်မျှဝေလိုက်သည်။
ကံကောင်းသည်မှာ ယာဉ်ကြောပိတ်ဆို့မှုက သိပ်မပြင်းထန်လှပေ။ လမ်းပေါ်တွင် အချိန်အချို့ ဆုံးရှုံးခဲ့ရသော်လည်း နေ့လယ်ပိုင်းတွင် ကျုံးနန်တောင်၏ အဓိကတောင်ထိပ်သို့ ရောက်ရှိနိုင်ခဲ့သည်။
လင်းဟွေဖုန်း၏ စီစဉ်မှုကြောင့် ဝမ်ရှန်းသည် ကောင်းမွန်သော သက်သတ်လွတ်ထမင်းတစ်နပ်ကို စားခဲ့ပြီးနောက် ချင်ယန်ဇီနှင့် ဆုံတွေ့ခဲ့ဖူးသည့် တာအိုဘုရားကျောင်းသို့ ဦးတည်ခဲ့ကြသည်။
မေးမြန်းကြည့်သောအခါ ဆံပင်ဖြူနေသည့် သက်ကြီးပိုင်း တာအိုဆရာနှစ်ဦးက ချင်ယန်ဇီကိုသိကြောင်း အတည်ပြုပေးခဲ့ကြသည်။ ဝမ်ရှန်းက ချင်ယန်ဇီ၏ တပည့်ဖြစ်ကြောင်း ကြားသိရသောအခါ ၎င်းတို့က ထမင်းစားရန် စိတ်အားထက်သန်စွာဖြင့် ဇွတ်အတင်း ဖိတ်ခေါ်ကြတော့သည်။
ကံမကောင်းစွာဖြင့် သူ၏ ဆရာသည် ထိုနေရာတွင် ကျင့်ကြံခြင်းမရှိသလို မကြာသေးမီကလည်း လာရောက်ခဲ့ခြင်းမရှိချေ။
“ကျွန်တော့်ဆရာ့မှာ ဒီနေရာက တခြားရင်းနှီးတဲ့ မိတ်ဆွေတွေ ရှိသေးလား”
ဝမ်ရှန်းက မေးလိုက်သည်။
“အော်... အများကြီးပဲ”
တာအိုဆရာတစ်ဦးက လက်ချောင်းများဖြင့် တွက်ချက်ရင်း မျက်မှောင်ကြုတ်ကာ ပြန်ဖြေသည်။
“မင်းရဲ့ဆရာ့မှာ ဒီမှာ အနည်းဆုံး မိတ်ဆွေကောင်း ၅၀ ကနေ ၁၀၀လောက်အထိ ရှိတယ်။ သူ မပြောင်းခင်တုန်းက ဒီတောင်ပေါ်မှာ အနှစ် ၂၀ကျော် တရားအားထုတ်ခဲ့တာလေ”
ဝမ်ရှန်း စကားဆွံ့အသွားရသည်။
ဒါဆို သူ့ဆရာက ငယ်ဘဝက ကျုံးနန်တောင်မှာ တရားအားထုတ်ခဲ့တာပေါ့။
ဆရာ့ရဲ့ အတိတ်အကြောင်း သူကြားဖူးသမျှမှာ ဆရာက ဆရာကတော်နဲ့ တွေ့ဆုံပြီး ချစ်ကြိုက်ခဲ့စဉ်တုန်းက ဝမ်ရှန်းရဲ့ ဆရာဘိုးဘေးနဲ့အတူ ခရီးသွားနေခဲ့ခြင်းဖြစ်သည်။ စီနီယာအစ်မ မုဝမ်ရွှမ်းကို မွေးစားပြီးနောက်မှသာ ဝူတန်းတောင်သို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။
၎င်းတို့ဂိုဏ်း၏ စစ်မှန်သော အမြစ်တွယ်ရာမှာ ဤနေရာတွင် ရှိနေခြင်း ဖြစ်သည်။
ခေတ္တမျှ စဉ်းစားပြီးနောက် ဝမ်ရှန်းသည် တောင်ပေါ်တွင် ဦးတည်ချက်မရှိဘဲ ခေါင်းပြတ်နေသည့် ယင်ကောင်ကဲ့သို့ လျှောက်မရှာနိုင်ကြောင်း သဘောပေါက်သွားသည်။
သူက တာအိုဆရာနှစ်ဦးကို မော့ကြည့်လိုက်သည်။
“ကျုံးနန်တောင်ကို မလာခင်တုန်းက ဆရာက သူ့ရဲ့ ကျင့်ကြံခြင်းအပေါ် သံသယအချို့ ရှိနေလို့ တာအိုမိတ်ဆွေတွေဆီကနေ လမ်းညွှန်မှု ခံယူဖို့ လာတာလို့ ပြောခဲ့ပါတယ်။ သူနဲ့ သိကျွမ်းတဲ့သူတွေထဲမှာ ဘယ်သူက အစွမ်းအထက်ဆုံးကျင့်ကြံသူဖြစ်နိုင်မလဲဗျ”
“မင်းရဲ့ဆရာနဲ့လည်း သိပြီး ကျင့်ကြံခြင်းအဆင့်လည်း နက်နဲတဲ့သူ သုံး၊ လေးယောက်လောက်ကို အမည်ပြောနိုင်ပါတယ်၊၊ သူတို့က ဒီအနီးအနားမှာပဲ ရှိကြတာပါ” တစ်ဦးက ပြန်ဖြေသည်။
ထိုနှစ်ဦးမှာ စိတ်ထားကောင်းမွန်ကြပြီး တောင်ပေါ်တွင် ဆိတ်ငြိမ်စွာ နေထိုင်ကြသူများဖြစ်သောကြောင့် ကူညီခွင့်ရသည့်အခါ ဝမ်းမြောက်ဝမ်းသာရှိနေကြသည်။
အချိန်ဆွဲမနေတော့ဘဲ ၎င်းတို့သည် တာအိုဝတ်စုံများကို လဲလှယ်ဝတ်ဆင်ကာ တာအိုခေါင်းစည်းများကို ဆင်မြန်းလိုက်ကြသည်။ တပည့်များကို ဘုရားကျောင်းအား စောင့်ရှောက်ရန် မှာကြားခဲ့ပြီးနောက် ဝမ်ရှန်း၊ လင်းဟွေဖုန်းတို့နှင့်အတူ ချင်ယန်ဇီကို ရှာဖွေရန် ထွက်ခွာခဲ့ကြသည်။ ထိုဆရာကြီးနှစ်ဦးမှာ အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် ရုပ်ပိုင်းဆိုင်ရာပင်ပန်းနွမ်းနယ်မှုအတွက် စိုးရိမ်စရာမလိုပေ။
၎င်းတို့၏ ရှာဖွေမှုသည် မွန်းလွဲပိုင်းတစ်ခုလုံး ကြာမြင့်ခဲ့သည်။ ဝမ်ရှန်းသည် တာအိုဘုရားကျောင်ပေါင်း ၂၀နီးပါးသို့ သွားရောက်ခဲ့ရပြီး ဦးလေးတော်စပ်သူများ၊ အဘိုးတော်စပ်သူများနှင့် အကြီးအကဲအမြောက်အမြားနှင့် တွေ့ဆုံခဲ့ရသည်။ လမ်းခရီးတွင် ဆေးလုံးအချို့နှင့် ကာကွယ်ရေးအဆောင်များကို လက်ဆောင်ရရှိခဲ့သည်။ သို့သော် မည်သည့်တာအိုဆရာကမျှ ရတနာပစ္စည်းများကို လက်ဆောင်ပေးရန် ရက်ရောခြင်းမရှိကြပေ။ ဘာပဲဖြစ်ဖြစ် ထိုအရာများက အလွန်ရှားပါးပြီး တန်ဖိုးကြီးလွန်းလှသည်။
ချင်ယန်ဇီကို မည်သူမျှ မတွေ့ရှိခဲ့သော်လည်း စိတ်အားထက်သန်သော အကြီးအကဲအချို့က မိုင်ထောင်ချီအသံလွှင့်စနစ်၏ ခေတ်မီဗားရှင်းဖြစ်သော ဖုန်းခေါ်ဆိုခြင်းကို ချက်ချင်းပြုလုပ်ခဲ့ကြသည်။
ကံမကောင်းစွာဖြင့် မည်သည့်တုံ့ပြန်မှုမျှ မရရှိခဲ့ချေ။
သက်ကြီးပိုင်း တာအိုဆရာအချို့သည် ဝမ်ရှန်းကို အထူးစိတ်ဝင်စားနေကြပြီး အလွယ်တကူ ထွက်ခွာခွင့်မပေးကြပေ။ အချို့က ဖုန်းများကို ထုတ်၊ စာကြည့်မျက်မှန်များကို တပ်ကာ မုဝမ်ရွှမ်း၏ ပလွေမှုတ်နေသည့် ဗီဒီယိုတိုများနှင့် ဝမ်ရှန်း၏ ဓားသိုင်းကပြနေသည့် ဗီဒီယိုများကို ဖွင့်ကြည့်နေကြသည်။
သူ့ဆရာ၏ လူမှုဆက်ဆံရေးနယ်ပယ်မှာ ကျုံးနန်တောင်တွင် အတော်ပင်ကျယ်ပြန့်လှပုံရသည်။
ဤအခြေအနေက ဝမ်ရှန်းကို နှစ်သစ်ကူးကာလတွင် မိဘများနှင့်အတူ ဇာတိမြေသို့ သွားရောက်လည်ပတ်ခဲ့သည့် အချိန်များကို သတိရစေသည်။ သက်ကြီးရွယ်အိုဆွေမျိုးတိုင်းက သူ့အား အစားအစာများနှင့် လက်ဆောင်ပစ္စည်းများကို အတင်းအကျပ်ပေးလေ့ရှိကြသည်။
ဟိုပြေးဒီပြေးလုပ်ပြီးနောက် သူသည် ဖုန်းကို ရုတ်တရက် ကြည့်လိုက်ပြီး မိမိ၏ နဖူးကို ရိုက်ကာ သတိရသွားသည်။
“စီနီယာ.. ကျုံးနန်တောင်က တတာအိုဆရာတွေရဲ့ Group Chat ထဲမှာ စာတစ်စောင်လောက် ပို့ပေးလို့ ရမလား။ တစ်ယောက်ယောက်က ကျွန်တော့်ဆရာ့ကို မြင်ဖူးရင် မြင်ဖူးမှာပါ”
“ဟုတ်သားပဲ။ ဒါကို ဘာလို့ စောစောက မတွေးမိတာလဲ”
“အခုပဲ မေးကြည့်ရအောင်။ ငါတို့က တရားပဲ အားထုတ်နေတော့ ဖုန်းကို သိပ်မသုံးဖြစ်ဘူး”
သက်ကြီးပိုင်း တာအိုဆရာအချို့က ဖုန်းထဲသို့ အော်ဟစ်ပြောဆိုနေသည့် မြင်ကွင်းမှာ တကယ်ပင် ရယ်စရကောင်းလှသည်။
တစ်ဦးက အော်ပြောသည်။
“ဟယ်လို... တာအိုမိတ်ဆွေရောင်းရင်းတို့… ချင်ယန်ဇီကို မြင်မိတဲ့သူ ရှိလား။ သူ့တပည့် ဖေးယွီက သူ့ကို အသည်းအသန်ရှာနေတယ်။ သတင်းရရင် ကျုပ်ကို ချက်ချင်းဆက်သွယ်ပေးပါဦး”
နောက်တစ်ဦးက အော်သည်။
“ချင်ယန်ဇီကို မြင်တဲ့သူ ရှိလား။ သူ့တပည့်က သူ့ကို ရှာဖို့ ဒီအထိတောင်ရောက်လာနေပြီ”
ဝမ်ရှန်းက ၎င်းတို့ကို အသံတိတ်ကြည့်ရှုရင်း နွေးထွေးမှုကို ခံစားလိုက်ရသည်။
အထွတ်အမြတ်တောင်တိုင်းတွင် မိမိတို့၏ ထူးခြားသော တာအိုယဉ်ကျေးမှုရှိကြသည်။ မော်ရှန်းတောင်သည် စည်းကမ်းကြီးပြီး တင်းကျပ်လှကာ ဝူတန်းတောင်၏ သက်ကြီးပိုင်းတာအိုဆရာများကမူ တစ်ကိုယ်တည်းသာ အပြင်းအထန်ကျင့်ကြံကြသည်။ ဆန့်ကျင်ဘက်အနေဖြင့် ကျုံးနန်တောင်သည် ရင်းနှီးပွင့်လင်းမှုနှင့် နွေးထွေးမှုတို့ကို ထင်ရှားစွာပေးစွမ်းနိုင်သည်။
မိနစ်ပိုင်းအတွင်းမှာပင် ကျုံးနန်တောင်၏ အဓိကတောင်ထိပ်တစ်ခုလုံး လှုပ်ရှားသွားပြီး တာအိုဆရာများ၏ ဖုန်းများမှာလည်း မရပ်မနားတုန်ခါလာတော့သည်။
အသံမက်ဆေ့ခ်ျများတစ်ခုပြီးတစ်ခုပွင့်လာကာ တာအိုဘုရားကျောင်းငယ်လေးတစ်ခုလုံး အတွင်းရော၊ အပြင်ပါ ရုတ်တရက် သက်ဝင်လှုပ်ရှားလာတော့သည်။
“ချင်ယန်ဇီ ပြန်လာပြီလား။ သူက ငါ့ကို တာအိုပညာရပ်တွေအကြောင်း ရှင်းပြဖို့ အကြွေးကျန်သေးတယ်လေ။ သူ ဘယ်မှာလဲ”
“ဖေးယွီလား... အဲဒါ ဓားသိုင်းဗီဒီယိုတွေထဲက တူလေးမဟုတ်လား။ သူ ဒီကိုရောက်နေတာလား။ ဘယ်မှာ တည်းနေတာလဲ။ ငါ သွားကြည့်လိုက်ဦးမယ်”
“သူ့ဆရာက ဓားရူးတစ်ယောက်လို့ ကြားတယ်။ ငါက ဓားကျင့်ကြံသူတွေနဲ့ တွေ့ရတာ ဝါသနာပါတယ်”
“ငါတော့ ချင်ယန်ဇီကို ဒီနားမှာ မတွေ့မိဘူး”
“မကြာသေးမီက သူ တာအိုဆွေးနွေးဖို့ ပြန်လာတဲ့သတင်းမျိုး မကြားမိပါဘူး”
တုံ့ပြန်မှုများ တစ်ခုပြီးတစ်ခုဝင်ရောက်လာသည်။ မကြာမီမှာပင် တံခါးပိတ်ကျင့်ကြံနေသူများမှလွဲ၍ တောင်တန်းပေါ်ရှိ တာအိုဆရာတိုင်းနီးပါး သတင်းရရှိသွားကြပြီး ချင်ယန်ဇီကို ဝိုင်းဝန်းရှာဖွေပေးခဲ့ကြသည်။ ဤမျှအထိ ပြင်းထန်သော တုံ့ပြန်မှုကြောင့် ဝမ်ရှန်း အံ့အားသင့်သွားရသည်။
နောက်ဆုံးတွင် ၎င်းတို့သည် သဲလွန်စတစ်ခုပေးနိုင်မည့် အသံမက်ဆေ့ခ်ျတစ်ခုကို ရရှိခဲ့သည်။
“သူက အဓိကတောင်ထိပ်နားမှာ ရှိမှာ မဟုတ်ဘူး။ လန်ထျန်းနယ်မြေဘက်မှာ ရှာကြည့်ပါ။ သူက သူ့ရဲ့ ဂိုဏ်းဟောင်းဆီပြန်သွားတာ ဖြစ်နိုင်တယ်”
နောက်ထပ် တာအိုဆရာတစ်ဦးက ချက်ချင်း ပြန်ဖြေသည်။
“ငါ အဲဒီဂရုထဲမှာ ရှိတယ်။ အဲဒီဘက်ကို မေးကြည့်လိုက်မယ်”
နောက်ဆုံးတော့ မျှော်လင့်ချက် အလင်းရောင်တစ်ခု ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။
ဝမ်ရှန်းက ဘုရားကျောင်းအတွင်းရှိ ထျန်းစွန်း၏ ရုပ်ထုကို မော့ကြည့်ကာ တိတ်တဆိတ် ဆုတောင်းလိုက်သည်။ ကောင်းကင်ဘုံကပင် သူ၏ ဆရာနှင့် ဆရာကတော်တို့ကို ပြန်လည်သင့်မြတ်စေချင်နေသည် ထင်သည်။
ဝမ်ရှန်း စဉ်းစားနေစဉ်မှာပင် လင်းဟွေဖုန်းက ဖုန်းကို ဝှေ့ယမ်းလျက် ရုတ်တရက် ပြေးလာခဲ့သည်။
“သတင်းရပြီ။ တစ်ယောက်ယောက်က ဂရုထဲမှာ ပြန်ဖြေလိုက်ပြီ။ သူက တာအိုဆရာမ ကျင်းယွမ်နဲ့အတူ ရှိနေတာတဲ့”
သူတို့ နောက်ဆုံးတော့ ဆရာ့ကို ရှာတွေ့ခဲ့ပြီလော။
ဝမ်ရှန်း၏ နှလုံးသားထဲတွင် ဝမ်းသာအားရဖြစ်သွားပြီး အမြန် လျှောက်သွားခဲ့သည်။ လင်းဟွေဖုန်းက ဖုန်းကို နှိပ်လိုက်သောအခါ အရှိန်အဝါကြီးမားပြီး တည်ငြိမ်အေးဆေးသော အမျိုးသမီးအသံတစ်သံထွက်ပေါ်လာသည်။
“သူ ဒီမှာရှိနေတယ်။ ဘာကိစ္စရှိလို့လဲ။ ဖေးယွီက အခုဘယ်မှာလဲ”