တာအိုဆရာမ ကျင်းယွမ်
Vol. 11 Ch. 105
ဝမ်ရှန်းသည် ထိုအသံကို ကြားလိုက်ရသည့်ခဏဝယ် အေးချမ်းတည်ငြိမ်ပြီး လောကီအပူအပင်ကင်းစင်သည့် ဝတ်စုံဖြူဝတ် အမျိုးသမီးကျင့်ကြံသူတစ်ဦးကို မြင်ယောင်သွားမိသည်။ သူမသည် ကျုံးနန်တောင်ပေါ်ရှိ ထင်းရှူးပင်တစ်ပင်အောက်တွင် တိတ်ဆိတ်စွာရပ်နေရင်း လမင်း၏အလင်းရောင်ဖြာကျလာမည့်အချိန်ကို စောင့်ဆိုင်းနေသည့် မြင်ကွင်းပင်…၊၊
အခြေအနေက အနည်းငယ် ပို၍ ရှုပ်ထွေးသွားပုံရသည်။
သူ့ဆရာက မိတ်ဆွေတစ်ဦးနှင့် တာအိုဆွေးနွေးရန် အဝေးသို့သွားရောက်နေကြောင်း ပြောခဲ့ဖူးသည်။ ဆရာပြောသည့်လူက ကျင်းယွမ်ကို ဆိုလိုခြင်းဖြစ်ပါက သူမသည်လည်း ဆရာနှင့် ကျင့်စဉ်အဆင့်အတန်းချင်းတူညီသည့် ကျင့်ကြံသူတစ်ဦးဖြစ်ရပေမည်။
ရွှေအမြုတေအဆင့်သို့ ကျော်ဖြတ်ရန်ကြိုးစားခြင်းက အလွန်ပင် အန္တရာယ်များလှရာ အရေးကြီးသည့် အချိန်အခါမျိုးတွင် မိတ်ဆွေတစ်ဦး၏ ကယ်တင်မှုကို လိုအပ်နိုင်ခြင်းက သဘာဝကျလှသည်။ ထိုသို့ဆိုလျှင် ကျင်းယွမ်သည် သူ့ဆရာနှင့် အဆင့်ချင်းတူရုံသာမက ဆရာက သူ့အသက်ကိုပါ ပုံအပ်ထားနိုင်သည်အထိ အလွန်ယုံကြည်ရသည့်သူ ဖြစ်နေပေလိမ့်မည်။
တာအိုမိတ်ဆွေတစ်ယောက်လား… ဆရာကတော်က…နစ်နာသွားတယ်လို့ ငါဘာလို့ ခံစားနေရပါလိမ့်။
ပြန်တွေးကြည့်ပြန်တော့လည်း ဒါက သူ့ဆရာ၏အပြစ်တော့လည်း မဟုတ်ပေ။ ဆရာကတော်က ထွက်သွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး သူ့ဆရာသည်လည်း ယဉ်ကျေးသိမ်မွေ့ကာ လွတ်လပ်မှုကို မြတ်နိုးသည့် တာအိုကျင့်ကြံသူတစ်ဦး ဖြစ်သည်။ ထို့ကြောင့် အဖော်အသစ်တစ်ယောက်ရှာဖွေခြင်းက သဘာဝကျလှပေသည်။
ဒါက လူ့သဘာဝပဲလေ။
စေတနာကောင်းလှသည့် တာအိုဆရာများနှင့် အကြီးအကဲများကို အထပ်ထပ်အခါခါ ကျေးဇူးတင်စကားပြောကြားပြီးနောက် ဝမ်ရှန်းသည် လင်းဟွေဖုန်းနှင့်အတူ ညမမှောင်မီ လန်ထျန်းသို့ ရောက်ရှိရန် တောင်အောက်သို့ အမြန်ဆင်းလာခဲ့သည်။ လင်းဟွေဖုန်း၏ အမျိုးသမီးတပည့်နှစ်ဦးမှာမူ လိုက်ပါလာခြင်းမရှိဘဲ ၎င်းတို့၏ ကျောင်းဆောင်သို့ ပြန်သွားခဲ့ကြသည်။
လန်ထျန်းသည် ကျောက်စိမ်းကောင်းများထွက်ရှိရာဒေသအဖြစ် ကျော်ကြားသည်။ ချင်းလင်တောင်တန်းသည် လန်ထျန်း၏ အရှေ့တောင်ဘက်ပိုင်းတွင် သွယ်တန်းနေသော်လည်း ထိုဒေသကို ကျုံးနန်တောင်တန်း၏ အစွန်အဖျားပိုင်းဟုသာ သတ်မှတ်နိုင်သည်။
သူ့ဆရာသည် တရားကျင့်ရန် ဆိတ်ငြိမ်သည့်နေရာကို အမှန်ပင် ရွေးချယ်တတ်လှသည်။ YouChat Groupထဲတွင် တစ်နှစ်ကျော်ကြာသည်အထိ မည်သည့်သတင်းစကားမျှ မပို့ဘဲ အခုမှ စာပို့လာသည့် ကျင်းယွမ်သာမရှိပါက ဝမ်ရှန်းတစ်ယောက် ကျုံးနန်တောင်တစ်ခုလုံးကို မြေလှန်ရှာလျှင်ပင် သူ့ဆရာ၏ အရိပ်အယောင်ကို တွေ့နိုင်လိမ့်မည်မဟုတ်ပေ။
ကားပေါ်တွင် လင်းဟွေဖုန်းက ထူးဆန်းသောလေသံဖြင့် ပြောလာသည်၊၊
“တာအိုဆရာမ ကျင်းယွမ်က အတော်လေးထူးခြားတဲ့သူပဲ”
ဝမ်ရှန်းသည် ဆရာဖြစ်သူ၏သဲလွန်စကို တွေ့ရှိပြီဖြစ်ကြောင်းနှင့် ဆရာ မည်မျှကြာအောင် ကျင့်ကြံနေဦးမည်ကို သွားရောက်ကြည့်ရှုရန် လမ်းခရီးတွင်ရှိနေကြောင်း မုရွှယ်ထံသို့ စာပို့နေဆဲဖြစ်သည်။ သို့သော် လင်းဟွေဖုန်းက ကျင်းယွမ်အကြောင်း ပြောလာသောအခါ သူ ချက်ချင်းပင် စိတ်ဝင်စားသွားမိသည်။
“ဘယ်လိုထူးခြားတာလဲ” ဝမ်ရှန်းက ပြုံးလျက် မေးလိုက်သည်။
လင်းဟွေဖုန်းက ကားမောင်းရင်း အားကျချီးကျူးသည့်ဟန်ဖြင့် ခေါင်းအသာယမ်းကာ “အလှတရားကို ကျောက်စိမ်းနဲ့ နှိုင်းယှဉ်ရမယ်ဆိုရင် သူမက အဲ့ဒီကျောက်စိမ်းရဲ့ နတ်သမီးပဲ”
ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူဆက်ပြောလိုက်သည်၊၊ “တာအိုဆရာမ ကျင်းယွမ်နဲ့ ငါက အသက်ချင်း သိပ်မကွာပါဘူး၊ ဒါပေမဲ့ သူမက ငယ်ငယ်ကတည်းက တောင်ပေါ်မှာနေထိုင်ပြီး တရားကျင့်လာတာ အခုဆိုရင် အနှစ်သုံးလေးဆယ်လောက်ရှိနေပြီ”
“ငါ့ဆရာရဲ့ ပြောပြချက်အရဆိုရင် သူမရဲ့ ဉာဏ်ပညာနဲ့ ပါရမီက အနှစ်၁၀၀မှာတစ်ယောက် ပေါ်ထွန်းခဲတဲ့ အရည်အချင်းမျိုးပဲ၊၊ ကမ္ဘာပေါ်မှာ ချီစွမ်းအင်တွေ ပြန်လည်မနိုးထခင်ကတည်းက သူမရဲ့ တာအိုကျင့်စဉ်အဆင့်က တိုင်းတာလို့မရအောင် နက်ရှိုင်းနေခဲ့တယ်၊၊ လွန်ခဲ့တဲ့ ၂နှစ်၊ ၃နှစ်လောက်ကတည်းက သူမက အပြင်မထွက်ဘဲ ကျင့်ကြံနေခဲ့တယ်၊၊ သူမနဲ့ကျင့်ကြံဖော်အများစုကတော့ သူမကို ဒီဒေသရဲ့ ကျင့်ကြံခြင်းအမြင့်ဆုံး တာအိုဆရာတွေထဲက တစ်ယောက်လို့ ယူဆထားကြတယ်”
ထို့ကြောင့် ထိုအမျိုးသမီးသည် ဝမ်ရှန်း၏ ဆရာနှင့် ကျင့်ကြံခြင်းအဆင့်ချင်းတူညီနေခြင်း ဖြစ်ပေသည်။
ဝမ်ရှန်းက အခြေအနေကို သေချာစဉ်းစားကြည့်လိုက်သည်။ သူ့မှတ်ဉာဏ်ထဲတွင် ကောင်းကင်အဆင့်သတ်မှတ်ချက်စာရင်း၌ ကျင်းယွမ်ဟူသောအမည်ဖြင့် မည်သူမျှမရှိခဲ့ပေ။ သူမသည် လောကီရေးရာများကို စိတ်မဝင်စားဘဲ အေးဆေးစွာနေထိုင်သည့်သူမျိုး ဖြစ်နိုင်ပေသည်။
ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးနှင့် ပတ်သက်၍ အချစ်ရေးအချစ်ရာကိစ္စများကို နောက်ပြောင်ကျီစယ်ခြင်းက အလွန်ပင် ရိုင်းပျရာရောက်ပေလိမ့်မည်။ သို့သော်လည်း နာရီအနည်းငယ်အကြာတွင် ဝမ်ရှန်းသည် ကျင်းယွမ်နှင့် အမှန်တကယ် ဆုံတွေ့လိုက်ရသောအခါ အတွေးများအား ထိုလမ်းကြောင်းပေါ်သို့ မရောက်အောင် မတားဆီးနိုင်ခဲ့ပေ။
****
ကားသည် တောင်ခြေရှိ ကားပါကင်တွင် ရပ်တန့်သွားသည်။ ဝမ်ရှန်းက လင်းဟွေဖုန်းကို တောင်အောက်တွင်သာ စောင့်ဆိုင်းစေလိုသော်လည်း ထိုတာအိုဆရာကမူ အတူလိုက်ပါရန် အတင်းအကျပ် အခိုင်အမာပြောဆိုနေခဲ့သည်။
“ငါ့ကို ဒီတာဝန်အပ်နှံထားတာမို့လို့ အဆုံးထိ ပြီးမြောက်အောင် ကူညီပေးရမယ်” လင်းဟွေဖုန်းက ခေါင်းမာစွာပြောသည်။
ဝမ်ရှန်းလည်း ဆက်၍ ငြင်းဆန်မနေတော့ဘဲ ကျေးဇူးတင်စကားပြောပြီးနောက် တောင်ပေါ်တက်မည့် လမ်းကြောင်းကို စတင်ရှာဖွေခဲ့သည်။
ယခုခေတ်တွင် လုံးဝ ပြုပြင်မွမ်းမံထားခြင်းမရှိသည့် တောတောင်များကို ရှာဖွေရန် ခဲယဉ်းလှသည်။
ဤနေရာသည် ကျုံးနန်တောင်၏ ပင်မတောင်ထိပ်နှင့် အလွန်ဝေးကွာလှသဖြင့် တာအိုကျောင်းဆောင်အနည်းငယ်သာ ကျန်ရှိတော့သည်။ တောင်စောင်းများပေါ်တွင် လူနေအိမ်အချို့မှ မီးရောင်များ ခပ်မှိန်မှိန်လင်းနေသော်လည်း အထီးကျန်ဆိတ်ငြိမ်သည့်ခံစားချက်ကို ပေးစွမ်းနေဆဲဖြစ်သည်။
တောင်ပေါ်သို့ ပို၍ မြင့်မားစွာ တက်လှမ်းလေ… တောအုပ်က ပို၍ ဆိတ်ငြိမ်လာပြီး တောင်တက်လမ်းများက ပို၍ မတ်စောက်လာသည်။
ကံကောင်းသည်မှာ ကျင်းယွမ်ကို ရှာဖွေရန် မခဲယဉ်းခြင်းပင်။ ၎င်းတို့သည် မှန်ကန်သည့် တောင်ကို ရွေးချယ်မိခဲ့ကြသဖြင့် လမ်းပျောက်မည်ကို စိုးရိမ်စရာမလိုတော့ပေ။
မှော်ရုံပင်များ ဖုံးလွှမ်းနေသည့် တောင်တက်လမ်းဘေးတွင် ရနံ့မွှေးသော မြက်ပင်များ ရှိနေပြီး ၎င်းတို့၏ အရွက်များမှာ ကြယ်တာရာများ ရွေ့လျားမှုနှင့်အတူ လှုပ်ခတ်နေကြသည်။ လမင်း၏ အလင်းရောင်က ဝါးတောကို ဖြတ်သန်းကာ သွယ်တန်းနေသည့် မပြုပြင်ရသေးသော လမ်းကျဉ်းလေးကို အနည်းငယ် လင်းထိန်စေပြီး ၎င်းတို့ ဖြတ်သန်းသွားစဉ် ညဉ့်ငှက်တစ်ကောင်က သာယာစွာတွန်ကျူးလိုက်သည်။
၎င်းတို့နှစ်ဦးစလုံးသည် ကျင့်ကြံသူများဖြစ်ကြသော်လည်း တောင်ထိပ်သို့ ရောက်ရှိရန် အချိန်နှင့် ခွန်အားကို အတော်လေးစိုက်ထုတ်ခဲ့ရသည်။ ညဆယ်နာရီကျော်မှသာ ဝမ်ရှန်းနှင့် လင်းဟွေဖုန်းတို့သည် တောင်ထိပ်အနီးရှိ တာအိုကျောင်းဆောင်သို့ ရောက်ရှိခဲ့ကြသည်။
ကျောင်းဆောင်ဟုဆိုရသည်ထက် တာအိုနတ်ဘုရားများကို ကိုးကွယ်ပူဇော်ထားသည့် အခန်းတစ်ခန်းတည်းသာရှိသော ခြံဝင်းငယ်လေးတစ်ခုနှင့် ပို၍ တူလှသည်။ သို့သော် ၎င်းတို့ကို အမှန်တကယ် အံ့အားသင့်စေခဲ့သည်မှာ ကျောင်းဆောင်အတွင်းမှ မည်သည့်မီးရောင်မျှ ထွက်ပေါ်မနေခြင်းပင်။
အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိကတည်းက ဝမ်ရှန်းသည် အမှောင်ထဲတွင် မြင်တွေ့နိုင်သည့် စွမ်းရည်ကို ရရှိခဲ့သည်။ ပတ်ဝန်းကျင်ကို စူးစမ်းကြည့်လိုက်သောအခါ ကျောင်းဆောင်အတွင်း၌ လျှပ်စစ်မီးကြိုးများသွယ်တန်းထားသည့် အရိပ်အယောင်ကို မတွေ့ရသဖြင့် လွန်ခဲ့သည့် ရာစုနှစ်ပေါင်းများစွာက ရှေးဟောင်းအဆောက်အအုံတစ်ခုကဲ့သို့ ခံစားရစေသည်။
ဒါက သဘာဝကျပါတယ်လေ…၊၊
ကျောင်းဆောင်၏ အခြေအနေအရ တောင်ပေါ်အထိ လျှပ်စစ်မီးသွယ်တန်းရမည့် ကုန်ကျစရိတ်ကို တတ်နိုင်လိမ့်မည်မဟုတ်ပေ။
ဝမ်ရှန်းက အတွင်းသို့ ဝင်ရမည့်အရေးကို တုံ့ဆိုင်းနေစဉ် တစ်စုံတစ်ဦးက သူ့ကို တိုးညင်းစွာ ခေါ်လိုက်သံကို ကြားလိုက်ရသည်။ သူမ၏ သာယာနာပျော်ဖွယ်ကောင်းသောအသံသည် လေနှင့်အတူ လွင့်ပါးလာသည်။ စောင်းကြိုးမှ ထွက်ပေါ်လာသည့် သဟဇာတဖြစ်သော ဂီတသံစဉ်များကဲ့သို့ပင် စိတ်နှလုံးကို အေးချမ်းတည်ငြိမ်စေလေသည်။
“ဖေးယွီလား… မင်းနဲ့အတူ ဘယ်သူပါလာတာလဲ’’
အသံထုတ်လွှင့်သည့် နည်းစနစ်ကို ကြည့်ရုံဖြင့် ကျင်းယွမ်သည် ပုံရိပ်ယောင်အမြုတေအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်းသိနိုင်ရာ ယခုခေတ်ကာလတွင် သူမသည် အငြင်းပွားဖွယ်မရှိသည့် ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်ပေသည်။
ကမ္ဘာဦးချီများ ပြန်လည်နိုးထလာကတည်းက တာအိုအခြေခံခိုင်မာပြီးသားဖြစ်ကာ ခန္ဓာကိုယ်ယိုယွင်းပျက်စီးခြင်းမရှိသေးသည့် ကျင့်ကြံသူများသည် အထူးသဖြင့် ထိုးထွင်းဉာဏ်နှင့် ပါရမီကြီးမားသူများဖြစ်ကြရာ ကျင့်ကြံခြင်းအဆင့်များ အလျင်အမြန်တိုးတက်လာခဲ့ကြသည်။ ၎င်းတို့၏ တိုးတက်မှုသည် ရွှေအမြုတေအဆင့်သို့မရောက်မချင်း အရှိန်အဟုန်ဖြင့် မြင့်တက်နေမည်ဖြစ်ပြီး ထိုအဆင့်သို့ရောက်မှသာ ပြန်လည်နှေးကွေးသွားမည် ဖြစ်သည်။
ဝမ်ရှန်းသည် သူ့အတိတ်ဘဝက တီဗီပေါ်မှ တာအိုဆရာတစ်ဦးပြောခဲ့သည်ကို ဝေဝေဝါးဝါးမှတ်မိနေသည်။ ကမ္ဘာပေါ်ရှိ ချီစွမ်းအင်များသည် လွန်ခဲ့သည့် နှစ်၁၀၀၀ကထက် အနည်းဆုံး ဆယ်ဆမျှ ပိုမိုသိပ်သည်းများပြားလာခဲ့သည်။ လွန်ခဲ့သည့် ထောင်စုနှစ်အတွင်းက ချီစွမ်းအင်များ စုစည်းနေခဲ့ပြီးနောက် ရုတ်တရက် ပြန်လည်ပွင့်ထွက်လာသည့်နှယ်ရှိလှသည်။
ဒါက အချို့သောသူများကို ကမ္ဘာဦးချီဒီရေသီအိုရီကို တင်ပြရန်အထိ ဖြစ်စေခဲ့သည်။
သို့သော် ဝမ်ရှန်း၏ ပျံ့လွင့်နေသော အတွေးများသည် ခဏချင်းပင် ပျောက်ကွယ်သွားခဲ့သည်။ သူက အသံထွက်ပေါ်လာရာ အရပ်သို့ လက်သီးဆုပ်၍ ဦးညွတ်ကာ မျိုးဆက်သစ်တပည့်များပြုလုပ်လေ့ရှိသည့် အသုံးအများဆုံး တာအိုရိုးရာဂါရဝပြုခြင်းကို ပြုလုပ်လိုက်သည်။
“စီနီယာကို ဂါရဝပြုပါတယ်… ကျွန်တော်က ဖေးယွီပါ၊၊ ဒါကတော့ တာအိုဆရာဟွေဖုန်းပါ၊၊ သူ့ရဲ့ အကူညီမသာမရှိရင် ကျွန်တော် ဒီနေရာကို ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး”
“အာ… အသံတိုးတိုးပြောကြပါ၊၊ ခြံဝင်းရဲ့ အနောက်ဘက်က လမ်းကျဉ်းလေးအတိုင်းလိုက်လာခဲ့ရင် ငါ့ဆီကို ရောက်လိမ့်မယ်’’
ဝမ်ရှန်းနှင့် လင်းဟွေဖုန်းတို့သည် တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြသည်။ ၎င်းတို့သည် ပြုံးလျက် ကျင်းယွမ် ညွှန်ကြားသည့်အတိုင်း ဆိတ်ငြိမ်သည့် လမ်းကျဉ်းလေးအတိုင်း လျှောက်သွားခဲ့ကြသည်။
တောင်ထိပ်အနီးရှိ ထိုဒေသသည် ခြောက်သွေ့နေပြီး ကျောက်ဆောင်ကြီးအချို့သာ ဟိုတစ်ခု၊ ဒီတစ်ခုရှိနေသည်။ အထက်ရှိ ကောင်းကင်ယံတွင်မူ မည်သည့်အခါမျှ လက်လှမ်းမမီနိုင်သည့် ကျယ်ပြောလှသော ကန့်လန့်ကာကြီးတစ်ခုကဲ့သို့ ရေတွက်၍မရနိုင်သော ကြယ်တာရာများဖြင့် ပြည့်နှက်နေသည်။
မိုးကုပ်စက်ဝိုင်းတွင် လခြမ်းကွေးလေးတစ်ခုချိတ်ဆွဲထားရာ ကြယ်တာရာတို့၏ အရှင်သခင်နှင့်လည်း တူလှသလို နတ်သမီးတစ်ပါး၏ နဖူးပေါ်ရှိ မြတ်နိုးဖွယ်ရာ နတ်အဆင်တန်ဆာနှင့်လည်း တူလှပေသည်။
ခြံဝင်း၏ အနောက်ဘက် မလှမ်းမကမ်းတွင် တောင်နံရံတစ်ခု ရှိနေသည်။ သူတို့သည် တောင်၏ အမြင့်ဆုံးထိပ်ဖျားသို့ ရောက်ရှိနေခြင်း ဖြစ်သည်။
တောင်နံရံ၏ အောက်ခြေတွင် ကျောက်တုံးကြီးများဖြင့် တစ်စိတ်တစ်ပိုင်းပိတ်ဆို့ထားသည့် ဂူဝတစ်ခုရှိနေသည်။ ဝိညာဉ်အာရုံကို ဖြန့်ကျက်မကြည့်လျှင်ပင် ဝမ်ရှန်းသည် အတွင်းမှ ထွက်ပေါ်လာသည့် သူ့ဆရာ၏ အော်ရာကို ခံစားမိနေပြီ ဖြစ်သည်။
သို့သော် ထိုအော်ရာသည် ပြင်းထန်စွာ လှုပ်ရှားလိုက်၊ အလွန်အမင်း ငြိမ်သက်သွားလိုက်ဖြင့် မတည်မငြိမ်ဖြစ်နေသည်။ သူ့ဆရာသည် အရေးကြီးဆုံးအချိန်အခါသို့ ရောက်ရှိနေပြီး အဆင့်ကျော်ဖြတ်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း ထင်ရှားလှပေသည်။
သူ မျှော်လင့်ထားသည့်အတိုင်းပင် ဆရာ့ကို ရှာဖွေတွေ့ရှိခဲ့သော်လည်း ချင်ယန်ဇီသည် ကျင့်ကြံရာမှ ထွက်လာနိုင်မည့် အခြေအနေတွင် မရှိပေ။
ဝမ်ရှန်းသည် ကျင်းယွမ်၏ ညွှန်ကြားချက်များကြောင့် ထိုအခြေအနေကို ကြိုတင်ခန့်မှန်းထားပြီးဖြစ်သော်လည်း လာချင်နေဆဲဖြစ်သည်။ ပထမတစ်ချက်အနေဖြင့် သူ့ဆရာ ဘေးကင်းလုံခြုံမှု ရှိ၊မရှိ အတည်ပြုလိုခြင်းဖြစ်ပြီး ဒုတိယတစ်ချက်အနေဖြင့် ထိုအမျိုးသမီးကို စိတ်ဝင်စားမိခြင်းကြောင့် ဖြစ်သည်။
သူက ဂူဝမှ အကြည့်ကို လွှဲလိုက်ပြီး ဘယ်ဘက်သို့ အနည်းငယ်ကြည့်လိုက်သောအခါ သူ့ဆရာနှင့် အဆင့်ချင်းတူညီကာ သူ့အသက်ကိုပါ ပုံအပ်ထားနိုင်သည့် တာအိုဆရာမကို နောက်ဆုံးတွင် မြင်တွေ့လိုက်ရသည်။
သူမသည် ပွယောင်းယောင်းတာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်များကို စုစည်းရန် လွတ်လပ်ပေါ့ပါးသည့် ခေါင်းစည်းကြိုးကို ဆင်မြန်းထားသည်။ ကြိုးနှစ်ချောင်းသည် သူမ၏ ကျောပြင်ထက်သို့ စီးကျနေပြီး ဆံပင်ရှည်များနှင့် ရောယှက်နေကာ နုနယ်လှသော ဆံနွယ်နှစ်စုမှာမူ သူမ၏ ခါးထက်တွင် ဝေ့ဝဲနေသည်။
သူ့ဆရာ၏ အရင်းနှီးဆုံးမိတ်ဆွေဖြစ်နိုင်သည့် ထိုသွယ်လျသောအမျိုးသမီးသည် “အလှတရား” ဟူသော စကားလုံးနှင့် အမှန်ပင် ထိုက်တန်လှပေသည်။ သူမသည် အရပ်ရှည်ပြီး ကျော့ရှင်းလှကာ အပြစ်ပြောစရာမရှိသော အသားအရေက ကျောက်စိမ်းကဲ့သို့ ချောမွေ့လှသည်။ မည်သည့်မိတ်ကပ်မျှ လိမ်းခြယ်ထားခြင်းမရှိသော်လည်း သူမ၏ ဆောင်းဦးရာသီကဲ့သို့ အေးမြသော မျက်ဝန်းများနှင့် နုနယ်လှသော မျက်ခုံးတန်းများက ဆွဲဆောင်မှုရှိလှပေသည်။
လင်းဟွေဖုန်းက သူမကို “ကျောက်စိမ်းနတ်သမီး” ဟု တင်စားခဲ့သည်မှာ မဆန်းတော့ပေ။