← Chapters

ချင်ယန်ဇီ၏ ရွှေအမြုတေဖွဲ့စည်းခြင်း

Vol. 11 Ch. 106

ချင်ယန်ဇီ၏ ရွှေအမြုတေဖွဲ့စည်းခြင်း

Vol. 11 Ch. 106

လရောင်အောက်တွင် သူမသည် ကျောက်နံရံရှေ့၌ ရပ်နေပြီး ဝူလျန်တောင်ထိပ်ရှိ ကျောက်စိမ်းရုပ်တုတစ်ခုကဲ့သို့ ငြိမ်သက်နေပုံရသည်။

သူမ၏ လောကီကို ကျော်လွန်သောတည်ရှိမှုက ဝမ်ရှန်းကို အလွန်ပင် အထင်ကြီးလေးစားသွားစေသည်။

ဆရာကတော်နှင့် နှိုင်းယှဉ်လျှင် ဤအမျိုးသမီးက သူ့ဆရာနှင့် ပို၍ လိုက်ဖက်ညီသည့် လက်တွဲဖော်ဖြစ်ပုံရသည်။ အကယ်၍ ၎င်းတို့နှစ်ဦးသာ တာအိုလက်တွဲဖော်များဖြစ်လာကြပါက သူရော၊ မုဝမ်ရွှမ်းပါ လက်ခံရန် ပို၍ လွယ်ကူလိမ့်မည်ဖြစ်သည်။

သို့သော်လည်း တပည့်တစ်ယောက်အနေဖြင့် သူ့ဆရာ၏ ပုဂ္ဂိုလ်ရေးကို ဝေဖန်ပြောဆိုပိုင်ခွင့်မရှိပေ။ တာအိုကို ရှာဖွေသည့် လမ်းခရီးတွင် ထိုကဲ့သို့သော ကိစ္စရပ်များက အရေးမပါလှပေ။

လင်းဟွေဖုန်းက တိုးညင်းစွာ သက်ပြင်းချကာ ပြောလိုက်သည်၊၊

“သွားလေ တာအိုဆရာ ဖေးယွီ… ငါ ဒီနေရာကပဲ စောင့်နေပါ့မယ်”

“ကျေးဇူးတင်ပါတယ်၊၊ တာအိုဆရာဟွေဖုန်း”

“ရပါတယ်”

ဝမ်ရှန်းသည် ဂူဝသို့ တစ်ဦးတည်း ချဉ်းကပ်သွားခဲ့သည်။ သူက အတွင်းသို့ မကြည့်ဘဲမနေနိုင်ဖြစ်ကာ ကြည့်လိုက်မိသောအခါ ဂူသည် တောင်တွင်းပိုင်းအထိ နက်ရှိုင်းစွာ သွယ်တန်းနေပြီး အတွင်း၌ ဖျော့တော့သော အပြာရောင်အလင်းတန်းများ လင်းလက်နေသည်ကို တွေ့လိုက်ရသည်။

“မင်းရဲ့ဆရာက အထဲမှာ ရှိနေတယ်၊၊ အခုအချိန်မှာတော့ သူ့ကို သွားပြီး မနှောင့်ယှက်ပါနဲ့”

ကျင်းယွမ်က တိုးညင်းစွာ ပြောလိုက်သည်။ သူမ၏ အသံသည်ပင် အေးမြပြီး စိတ်ကို ကြည်လင်စေသည့် အစွမ်းရှိလှသည်။

“ကျွန်တော့်ဆရာ ဘယ်တော့လောက်ပြန်ထွက်လာနိုင်မလဲ… စီနီယာ” ဝမ်ရှန်းက မေးလိုက်သည်။

“ဒါကတော့ အတိအကျမပြောနိုင်ဘူး၊၊ သူက သေချာပြင်ဆင်ပြီးမှ လာခဲ့တာဖြစ်ပေမဲ့ ရွှေအမြုတေဖွဲ့စည်းခြင်းက ဘယ်အချိန်ဖြစ်ဖြစ် အန္တရာယ်များတဲ့ လုပ်ငန်းစဉ်ပဲ၊၊ သူ ဂူထဲကို ဝင်သွားတာ လဝက်လောက်ရှိပြီ၊၊ ငါလည်း အဲ့ဒီအချိန်ကတည်းက သူ့ကို စောင့်ရှောက်ပေးနေတာ… အကယ်၍ ၄၉ ရက်အတွင်း ပြန်ထွက်မလာရင်တော့ ငါ အထဲကိုဝင်ပြီး သူ့အခြေအနေကို စစ်ဆေးရလိမ့်မယ်”

“အောင်မြင်ဖို့အခွင့်အရေး ဘယ်လောက်ရှိမလဲ”

“၅၀-၅၀ပဲ”

“ဟင်…” ဝမ်ရှန်း မျက်မှောင်အနည်းငယ်ကြုတ်သွားမိသည်။

သူ့ဆရာသည် ပို၍သေချာသည့် အခွင့်အရေးကို မစောင့်ဆိုင်းဘဲ ဘာကြောင့် အဆင့်ကျော်ဖြတ်ရန်ကြိုးစားခဲ့တာလဲဟု မေးမြန်းရန် ပြင်လိုက်သည်။ သို့သော်လည်း သူ့ဆရာ၏ နေရာတွင် မိမိသာဆိုလျှင်လည်း စောင့်ဆိုင်းနေလိမ့်မည်မဟုတ်ကြောင်း တွေးမိရန် ခဏသာကြာခဲ့သည်။

ရွှေအမြုတေအဆင့်ကို အောင်မြင်စွာ ဖွဲ့စည်းနိုင်မည့်အရေးက မည်သည့်အခါမျှ ရာနှုန်းပြည့်မသေချာနိုင်ပေ။

“တစ်ခုခုဖြစ်လို့လား” ကျင်းယွမ်က ညင်သာစွာ မေးလိုက်သည်။

“အပြင်ဘက်မှာ အခြေအနေတစ်ခုရှိနေလို့ပါ” ဝမ်ရှန်းက သက်ပြင်းချလိုက်သည်။

“ကျွန်တော့်ဆရာ ကူညီပေးနိုင်မလားလို့ လာမေးတာပါ”

ကျင်းယွမ်သည် ခဏမျှ စဉ်းစားပုံရပြီးနောက် ပြန်ပြောခဲ့သည်။

“ဒါက ယောင်းမ ချီလင်းနဲ့ သက်ဆိုင်နေတာလား”

ယောင်းမ…၊၊

“အမ်… ဟို… ဟုတ်ကဲ့.. အဲ့ဒီလိုပဲ ပြောရမှာပါ”

“အကယ်၍ အရေးကြီးတယ်ဆိုရင် မင်း ဒီမှာရက်အနည်းငယ်လောက် နေခဲ့ပါ၊၊ ငါ သူ့ကိုယ်စားသွားပေးမယ်”

သူမက ကမ်းလှမ်းလိုက်သည်။

“တကယ်တမ်း ဘာဖြစ်ခဲ့တာလဲ”

ဝမ်ရှန်း ခဏမျှ တောင့်တင်းသွားသည်။

ကျင်းယွမ်သည် ပုံရိပ်ယောင်အမြုတေအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည်။ ယနေ့ခေတ် စံနှုန်းများအရ သူမသည် ကျင့်ကြံခြင်းလောကတွင် အစွမ်းထက်ဆုံးကျွမ်းကျင်သူများထဲက တစ်ဦးဖြစ်ပေသည်။ အကယ်၍ သူမသာ အခြေအနေကို ထိန်းသိမ်းရန်ပါဝင်ပတ်သက်လာပါက သူနှင့် သူ့စီနီယာအစ်မနှစ်ယောက်ပေါင်းသည်ထက် ပို၍ယုံကြည်စိတ်ချရမည်မှာ အမှန်ပင်ဖြစ်သည်။

သို့သော်လည်း ဤကိစ္စတစ်ခုလုံးသည် သူ့ဆရာနှင့် ဆရာကတော်တို့၏ အတိတ်ဇာတ်လမ်းကြောင့် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထိုသို့မဟုတ်ပါက အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၏ ကိစ္စရပ်များသည် သူတို့နှင့် မည်သို့မျှ သက်ဆိုင်လိမ့်မည်မဟုတ်ပေ။ ချင်ယန်ဇီ၏ တပည့်တစ်ယောက်အနေဖြင့် သူ့ဆရာ့ကိုယ်စား ဤကိစ္စကို ဖြေရှင်းပေးရန်မှာ သဘာဝကျလှပေသည်။ သူ့ဆရာ၏ တာအိုမိတ်ဆွေကို မစဉ်းစားမဆင်ခြင်ဘဲ ဆွဲသွင်းလိုက်ခြင်းက မသင့်တော်ဟု ယူဆမိသည်။

“သိပ်ပြီး ပြင်းထန်တဲ့ကိစ္စတော့ မဟုတ်ပါဘူး”

ဝမ်ရှန်းက ပြုံးလျက် ပြန်ပြောလိုက်သည်။

“ကျွန်တော့်ရဲ့ ဂျူနီယာညီမလေး ချီဝမ်ကို တောင်ပေါ်ကို ပြန်ခေါ်လာခဲ့ပါပြီ၊၊ ဆရာကတော်… အဲ… ကျွန်တော့်ဆရာ့ရဲ့ ဇနီးဟောင်းက အချို့ကိစ္စရပ်တွေအတွက် ကျင့်ကြံသူတစ်ယောက်ရဲ့ အကူအညီကို လိုအပ်နေလို့ပါ၊ ကျွန်တော်ကတော့ ဒါကို အခွင့်ကောင်းယူပြီး ဆရာ့ကို သွားခိုင်းရင်း ၎င်းတို့နှစ်ဦး ပြန်သင့်မြတ်အောင် လုပ်ပေးနိုင်မလားလို့ အစက တွေးထားတာပါ၊၊ ဒါပေမဲ့ ဆရာက ကျင့်ကြံနေတာဆိုတော့ ကျွန်တော်နဲ့ စီနီယာအစ်မပဲ သွားပြီး ဖြေရှင်းလိုက်ပါ့မယ်”

ကျင်းယွမ်၏ နုနယ်လှသော မျက်ခုံးတန်းများက အနည်းငယ် တွန့်ကွေးသွားသည်။

“အဲ့ဒီတုန်းက ချီလင်းက စီနီယာအစ်ကို ချင်ယန်ကို ဘာစကားတစ်ခွန်းမှ မပြောဘဲ တောင်ပေါ်မှာ ပစ်ထားခဲ့တာလေ၊၊ သူမနဲ့ ကလေးအတွက် စိတ်နှလုံးကြေကွဲပြီး စီနီယာအစ်ကို ခံစားခဲ့ရတာ ဆယ်စုနှစ်ချီကြာခဲ့ပြီကို အခုမှပဲ ဘာလို့ ပြန်ပြီး သင့်မြတ်ချင်ရတာလဲ… ဒါက မတရားဘူးမဟုတ်လား”

“ပြန်လည်သင့်မြတ်ဖို့ဆိုတာက ကျွန်တော့်ရဲ့ တစ်ကိုယ်ရေယူဆချက် အတွေးသက်သက်ပါ၊၊ ဆရာ့ရဲ့ ဇနီးဟောင်းက ဒါတွေကို ဘာမှမသိသေးပါဘူး၊၊ သူမက အကူအညီလိုအပ်နေရုံသက်သက်ပါ”

ဝမ်ရှန်းက အလျင်အမြန် ပြန်လည်ဖြေရှင်းလိုက်သည်။

“ဒါဆိုရင် ငါသွားမယ်” ကျင်းယွမ်က ပြောလိုက်ပြီး သူမ၏ မျက်နှာအမူအရာက အေးစက်သွားသည်။

“ငါ ကိုယ်တိုင်ပဲ သူမကို မေးရမယ်၊၊ အဲ့ဒီတုန်းက သူမမှာ ဒီလောက် အလွယ်တကူထွက်သွားပိုင်ခွင့်ဘာရှိခဲ့လို့လဲ… စီနီယာအစ်ကို ချင်ယန်ကို သူ့ရဲ့ကလေးနဲ့ အနှစ် ၂၀ လုံးလုံးမတွေ့ရအောင် တားဆီးထားဖို့ သူမမှာ ဘာအခွင့်အရေးရှိခဲ့လို့လဲ”

သူမက နှာခေါင်းရှုံ့လိုက်သည်၊၊

“ပြီးတော့ ကလေးနာမည်ကို ချီဝမ်လို့ ပေးထားသေးတယ်… ဒါက ဘယ်လောက်တောင် နားမခံသာတဲ့ အဓိပ္ပာယ်လဲဆိုတာ သူမကော သိရဲ့လား”

ဤမျှ အေးချမ်းတည်ငြိမ်လှသည့် ပုဂ္ဂိုလ်မျိုးဖြစ်သော်လည်း ဒေါသထွက်လာသောအခါ အလွန်ပင် မြန်ဆန်လှပေသည်။

တောင်ပတ်လည်တွင် လေပြင်းများတိုက်ခတ်လာစဉ် ဝမ်ရှန်းတစ်ယောက် စိတ်ထဲတွင် အနည်းငယ် မတည်မငြိမ်ဖြစ်နေမိသည်။

ဒီတိုင်းဆို ဆရာကတော်ရဲ့ နာမည်ရင်းက ချီလင်းပေါ့။

ကျင်းယွမ်က ဆရာကတော်အပေါ် အတော်လေးအမြင်စောင်းနေပုံရသည်ကို ဝမ်ရှန်း သတိထားမိလိုက်သည်။ သူမသည် ပုံမှန်ဆိုလျှင် တည်ငြိမ်အေးဆေးပြီး လေသံညင်သာသူဖြစ်သော်လည်း ချီလင်းအကြောင်း ပြောလိုက်တိုင်း စိတ်လှုပ်ရှားမှုလှိုင်းလေးတွေ အနည်းငယ်ဖြတ်ပြေးသွားတတ်သည်။

သူ့ဂိုဏ်းက အကြီးအကဲများ၏ ကိုယ်ရေးကိုယ်တာကိစ္စများထဲ ဝမ်ရှန်းအနေနဲ့ ဝင်မစွက်ဖက်ချင်သည်ကတော့ အမှန်ပင်။ သို့သော်လည်း သူမ ဒီလောက်အထိ ဒေါသတကြီးဖြစ်သွားလိမ့်မည်ဟု မမျှော်လင့်ထားမိ၍ အံ့သြသွားရသည်။

နက်ရှိုင်းသော တာအိုနယ်ပယ်ကို ရောက်ရှိထားသည့် ကျင်းယွမ်လည်း သူ့စိတ်အခြေအနေခဏလွတ်ထွက်သွားသည်ကို ချက်ချင်းရိပ်မိပြီး ပြန်လည်ထိန်းချုပ်လိုက်သည်၊၊

“ငါ့ကို အသေးစိတ်ပြောစမ်းပါဦး။ ချီလင်းနဲ့ပတ်သက်ပြီး တကယ်ပဲ ဘာတွေဖြစ်နေလို့လဲ”

“ချီဝမ်ရဲ့ အမေက အခုလောလောဆယ် ဟွာသမ္မတနိုင်ငံရဲ့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ကပ္ပတိန်ပါ၊၊ သူ့အဖွဲ့က ကျင့်ကြံသူတွေ ကျူးလွန်တဲ့ ပြစ်မှုတွေကို စုံစမ်းစစ်ဆေးတာ၊ ပြီးတော့ ကျင့်ကြံခြင်းလောကနဲ့ သာမန်လောကကြားက ပဋိပက္ခတွေကို ဖြေရှင်းပေးတာမျိုးတွေ လုပ်ပါတယ်”

ဝမ်ရှန်းက ပြန်ဖြေသည်၊၊

ဝမ်ရှန်းက အကြောင်းအရာတစ်ခုလုံးကို အဓိကအချက်အနည်းငယ်ဖြင့် အနှစ်ချုပ်ကာ ဆရာကတော် ရင်ဆိုင်နေရသည့် အခက်အခဲကို ရှင်းပြလိုက်သည်။ ကျင်းယွမ်လည်း အရေးကြီးသည့် သတင်းအချက်အလက်များကို ချက်ချင်းသဘောပေါက်သွားသည်၊၊

“မီးသူတော်စင်က အတော်လေးသံသယဝင်စရာကောင်းနေတာပဲ၊၊ သူက ကျင့်ကြံသူတွေကို နေရာတစ်ခုတည်းမှာ စုဝေးအောင်လုပ်ပြီး သာမန်လူတွေမသိအောင် ဖုံးကွယ်ထားတဲ့ ကျင့်ကြံခြင်းလောကကို ထုတ်ပြဖို့ ကြိုးစားနေတာလား”

ထိုအချက်ကို တွေးမိပြီး ဝမ်ရှန်း ခဏမျှတုန်လှုပ်သွားသော်လည်း ခေါင်းခါယမ်းသည်၊၊

“အဲဒါကဖြစ်နိုင်ပေမဲ့ ဒါမျိုးလုပ်လို့ သူ့အတွက်ဘာအကျိုးအမြတ်ရှိမှာမလို့လဲ”

“လူတိုင်းက ကိုယ်ကျိုးစီးပွားတစ်ခုတည်းအတွက်ပဲ လုပ်ကြတာမဟုတ်ဘူး”

ကျင်းယွမ်က တီးတိုးရေရွတ်သည်၊၊

“တချို့က စိတ်ကျေနပ်မှု ဒါမှမဟုတ် ယုံကြည်ချက်၊ ခံယူချက်တွေကြောင့် လုပ်ကြတာ၊၊ ဒီလောကမှာ သာမန်ကျိုးကြောင်းဆင်ခြင်မှုနဲ့ တိုင်းတာလို့မရတဲ့လူတွေ အများကြီးရှိတယ်”

ဝမ်ရှန်းက လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးလိုက်ကာ “လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်… စီနီယာ”

“ဒီလောက်ကြီး အားနာမနေပါနဲ့ ဖေးယွီ”

ကျင်းယွမ်က နူးညံ့စွာ ပြုံးရင်း ပြောလိုက်သည်။

သူမက ဘေးနားရှိ ဂူဝကို တစ်ချက်လှမ်းကြည့်ကာ “မင်းရဲ့ဆရာနဲ့ ငါနဲ့က ငယ်ငယ်ကတည်းက အတူတူကျင့်ကြံလာကြတာပဲ၊၊ ဂိုဏ်းတူမဟုတ်ကြပေမဲ့ ငါတို့ရဲ့ ဆရာတွေက ရင်နှီးတဲ့ မိတ်ဆွေတွေလေ၊၊ ငါ့ကို ဆရာဒေါ်လေးလို့ပဲ ခေါ်ပါ၊၊ ငါကလည်း မင်းကို ဖေးယွီလို့ပဲခေါ်မယ်”

အိုး… သူတို့က ငယ်ကျွမ်းဆွေတွေပေါ့…။

“ဟုတ်ကဲ့ပါ ဆရာဒေါ်လေး” ဟု ဝမ်ရှန်းက ပြန်ပြောလိုက်သည်။

“ကျွန်တော့်ဆရာ ကျင့်ကြံခြင်းကနေ ထွက်လာတဲ့အခါ အခုကျွန်တော်ပြောတဲ့ အကြောင်းအရာတွေကို ပြောပြပေးစေချင်ပါတယ်”

“ဆရာက ချီဝမ်နဲ့ ဆရာကတော်အပေါ် အမြဲတမ်း အကြွေးတင်နေသလို ခံစားနေရတာပါ၊၊ ကျွန်တော်ကလည်း ဆရာ့ရဲ့ သွန်သင်ဆုံးမမှုတွေကြောင့် အများကြီး အကြွေးတင်နေတဲ့သူဆိုတော့ ဒီအတိုင်းလက်ပိုက်ကြည့်မနေနိုင်ဘူး၊၊ တောင်ပေါ်က ဆင်းတာနဲ့ ဆရာကတော်ဆီသွားပြီး သူခိုင်းတာတွေကို ကူညီပေးရမယ်”

ကျင်းယွမ်က လက်ကို အနည်းငယ်မြှောက်လိုက်ပြီး မျက်နှာအမူအရာက ပုံမှန်အတိုင်းပြန်လည်တည်ငြိမ်သွားသည်၊၊

“မင်းက ဒီမှာပဲနေပြီး မင်းဆရာကို စောင့်ရှောက်ပါ၊၊ မင်းကိုယ်စား ငါပဲသွားလိုက်မယ်”

ဝမ်ရှန်း စိတ်ပျက်လက်ပျက်ဖြင့် မချိပြုံး ပြုံးလိုက်မိသည်။ စောစောက သူမ ပြသခဲ့သည့် မကျေနပ်ချက်များကို ထောက်ချင့်ကြည့်လျှင် ဆရာကတော်နှင့် တွေ့တွေ့ချင်း ထိပ်တိုက်တွေ့ကြဦးမည်ကို သူ ကြိုမြင်ယောင်နေမိသည်။

“ဆရာ့ကို စောင့်ရှောက်ဖို့က ပိုအရေးကြီးပါတယ်၊၊ ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် မမျှော်လင့်တဲ့အခြေအနေမျိုးတွေဖြစ်လာရင် မဖြေရှင်းနိုင်မှာ စိုးရတယ်”

ဝမ်ရှန်းက အကြောင်းပြချက်ပေးလိုက်သည်။

“တကယ်လို့ အန္တရာယ်တစ်ခုခုကြုံလာရရင် ကျွန်တော့်ခွန်အားနဲ့ ဆရာ့ကို ကူညီနိုင်မှာ မဟုတ်ဘူး”

ကျင်းယွမ် တုံ့ဆိုင်းသွားသည်။ ချီလင်း၏ ကိစ္စက မမျှော်လင့်ထားသည့် အခြေအနေများကို ကိုင်တွယ်ရန် ပညာရှင်တစ်ဦးသာလိုအပ်ခြင်းဖြစ်သော်လည်း ချင်ယန်ဇီ၏ အခြေအနေကမူ တကယ်ပင် အန္တရာယ်ရှိသွားနိုင်သည်။ ထို့ကြောင့် ဤနေရာတွင်ဆက်ရှိနေခြင်းက ပို၍ အရေးကြီးသည်မှာ ထင်ရှားပေသည်။

သူမ သဘောတူခါနီးဆဲဆဲတွင်ပင် ဂူထဲမှနေ၍ တောင်ထိပ်တစ်ခုလုံး တုန်ခါသွားစေလောက်သည့် ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

All Chapters