← Chapters

အင်အားစုကြီးများ စုဝေးခြင်း (၁)

Vol. 11 Ch. 108

အင်အားစုကြီးများ စုဝေးခြင်း (၁)

Vol. 11 Ch. 108

ချီလင်းသည် အမြင့်ဆုံးသတိပေးချက်အခြေအနေအထိ ပြင်ဆင်ထားပြီးသားဖြစ်၏။ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် နယ်ပယ်အသီးသီးမှ စေလွှတ်လိုက်သော အင်အားစုများကို လက်နက်ကိုင်ရဲတပ်ဖွဲ့၊ ဒေသခံ တရားဥပဒေစိုးမိုးရေးအဖွဲ့များနှင့်အတူ ဤမြို့ထဲသို့ ယာယီရွှေ့ပြောင်းအခြေချခိုင်းထားလိုက်သည်။ ထို့ပြင် ဘူတာရုံများနှင့် လေဆိပ်များမှ တာအိုဆရာများ ရာနှင့်ချီ၍ တစ်ညတည်းဖြင့် ရောက်ရှိလာကြ၏။

ကျင့်ကြံသူတချို့သည် အမှောင်ထဲတွင် ပုန်းကွယ်နေကြသဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် ၎င်းတို့ကို စောင့်ကြည့်ရန်အတွက် လူအင်အားအမြောက်အမြားကို ခွဲဝေသုံးစွဲလိုက်ရသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ကောင်းကင်သခင်လျှို့ဝှက်ကျမ်းစာ၏ ဆွဲဆောင်မှုကို လျှော့တွက်မိခဲ့ခြင်းမဟုတ်ဘဲ တာအိုဂိုဏ်းခွဲအသီးသီး၊ လမ်းမှန်အဖွဲ့အစည်းများနှင့် အောက်လမ်းဂိုဏ်းများအထိပါ ဆွဲဆောင်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ကြချေ။ ဤပွဲကို နောက်ကွယ်မှ ကြိုးကိုင်နေသော မီးသူတော်စင်ကိုယ်တိုင်လည်း ဤမျှအထိ အုတ်အော်သောင်းနင်းဖြစ်သွားလိမ့်မည်ဟု ထင်ထားပုံမရပေ။

လုံဟူရှန်းတောင်မှ သက်ကြီးပိုင်း အကြီးအကဲနှစ်ယောက်လည်း စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ဆင့်ခေါ်မှုကို လက်ခံပြီး ရောက်လာကြသည်။ ရောက်လာသော တာအိုဆရာများထဲတွင် ဤမျှအထိ ဝါရင့်သူမျိုးသည် အလွန်ရှားပါးလှ၏။ ဘာကြောင့်လဲဆိုသော် ဤဘက်ခေတ်တွင် အကြီးအကဲများသည် ၎င်းတို့၏ တာအိုနယ်ပယ်ကို အမှန်တကယ် ကျင့်ကြံခြင်းစွမ်းအားအဖြစ် အပြည့်အဝမပြောင်းလဲနိုင်ကြသေးသောကြောင့် ဖြစ်သည်။ တာအိုဂိုဏ်းများ၏ အဓိကတိုက်ခိုက်ရေးအင်အားသည် ၎င်းတို့၏ တပည့်များသာ ဖြစ်နေသေးသည်။

လေလံပွဲစရန် နောက်ထပ် နာရီ ၃၀တောင် မလိုတော့သောအချိန်တွင် ဝမ်ရှန်းနှင့် ကျင်းယွမ်တို့သည် လန်ထျန်းမှ ထွက်ခွာရန် ပြင်ဆင်လိုက်ကြသည်။ မနေ့က တစ်နေ့လုံး အလုပ်ရှုပ်နေခဲ့သော လင်ဟွေဖုန်းသည် မနေ့ညကတည်းက အနားယူရန်ပြန်သွားခဲ့ပြီ ဖြစ်သည်။

မိုးလင်းစအချိန်တွင် ချီဝမ်နှင့် မုဝမ်ရွှမ်းတို့သည် တောင်ခြေသို့ ရောက်လာကြပြီး ဝမ်ရှန်းကလည်း ၎င်းတို့ကို ကြိုစောင့်နေခဲ့သည်။ စကားနည်းသော အသက်လတ်ပိုင်းအမျိုးသားတစ်ယောက်က ရဲကားတစ်စီးဖြင့် ၎င်းတို့ကို လိုက်ပို့ပေးခြင်း ဖြစ်သည်။ သူသည် တောင်ပေါ်မှ တာအိုကျောင်းဆောင်တွင် အနားယူရန် ဖိတ်ခေါ်ခြင်းကို ငြင်းပယ်ခဲ့ပြီး မြို့ထဲမှ ဟိုတယ်တစ်ခုတွင်သာ သွားတည်းရန် ရွေးချယ်လိုက်သည်။

ချီဝမ်က အိပ်ချင်မူးတူးမျက်လုံးများဖြင့် ခြောက်သွေ့သော တောင်တောများကို လိုက်ကြည့်ရင်း “အဖေက တကယ်ပဲ ဒီမှာ တံခါးပိတ်ကျင့်ကြံနေတာလား”

ဝမ်ရှန်းက ပြုံး၍ ခေါင်းညိတ်ပြရင်း ၎င်းတို့၏ ခရီးဆောင်အိတ်များကို ပုခုံးပေါ် ထမ်းတင်လိုက်ကာ “စားစရာတွေရော အလုံအလောက်ယူလာခဲ့ကြရဲ့လား၊၊ ဒီပေါ်က အခြေအနေက ဝူတန်းတောင်ထက်တောင် ပိုပြီး ကြမ်းတမ်းတယ်နော်”

ချီဝမ်က ခေါင်းကို အထပ်ထပ်ညိတ်ပြသည်၊၊

“ယူလာပါတယ်”

သူမ၏ ဘေးနားတွင်မူ မုဝမ်ရွှမ်းသည် မုန့်အိတ်ကြီးကို ကိုင်ထားရင်း ပြုံးနေရုံတင်မကဘဲ ဝမ်ရှန်းကို မျက်စိတစ်ချက်မှိတ်ပြလိုက်၏။ ဝမ်ရှန်းလည်း သူမ ဘာပြောချင်သည်ကို ချက်ချင်း သဘောပေါက်သွားသည်။

သူသည် အဓိကအားဖြင့် ချီဝမ် စိတ်အေးသွားအောင် အခြေအနေကို အနှစ်ချုပ်၍ ရှင်းပြလိုက်သည်။

“ဒီမှာ ကျွန်တော်တို့ကို ကူညီပေးနေတာက ဆရာဒေါ်လေး ကျင်းယွမ် ပါ၊၊ သူက ကျွန်တော်တို့ ဆရာ့ရဲ့ ဂျူနီယာညီမလေးပဲ၊၊ သူက ကျင့်ကြံခြင်းအဆင့်အလွန်မြင့်မားတဲ့သူမို့ ဆရာကျင့်ကြံနေတဲ့အချိန်မှာ စောင့်ရှောက်ပေးနေတာပါ၊၊ ဆရာကတော်ဘက်မှာ စနစ်တကျထိန်းသိမ်းပေးဖို့ ကျွမ်းကျင်သူတွေ လိုအပ်နေတယ်လို့ကြားတာနဲ့ သူက ကူညီဖို့ သဘောတူခဲ့တယ်လေ၊၊ ဆရာက ရွှေအမြုတေကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ပြီးပြီဆိုတော့ အခုက တရားထိုင်ပြီး နယ်ပယ်ကို ပြန်ထိန်းညှိနေရုံပဲ၊၊ ဒါကြောင့် နောက်ထပ် ဘာအန္တရာယ်မှ မရှိနိုင်တော့ပါဘူး”

“ဆရာဒေါ်လေး ကျင်းယွမ်က ကူညီဖို့သွားမှာဆိုတော့ ဆရာလည်း စိတ်အေးလက်အေးနဲ့ ဆက်ပြီး တရားထိုင်နေလို့ရတာပေါ့၊၊ အမှန်အတိုင်းပြောရရင် ဒီလိုလောကီကိစ္စတွေအတွက်နဲ့ ဆရာ့ရဲ့ ကျင့်ကြံခြင်းကို သွားမနှောင့်ယှက်သင့်ပါဘူး၊၊ ကျွန်တော်တို့ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘာမှထူးခြားသွားမှာ မဟုတ်ပါဘူး”

ချီဝမ်က ခေါင်းကို အနည်းငယ်ညိတ်လိုက်သည်။ သူမသည် စိတ်နှင့်လူနှင့်မကပ်သလိုဖြစ်နေခြင်းသည်လည်း သဘာဝကျလှသည်။ တစ်ခါမှ မတွေ့ဖူးသေးသော အဖေဖြစ်သူနှင့် တွေ့ရတော့မည်ဆိုသဖြင့် စိတ်လှုပ်ရှားနေခြင်းဖြစ်သည်။

မုဝမ်ရွှမ်းက ဝမ်ရှန်းကို မျက်စောင်းတစ်ချက်ထိုးလိုက်သဖြင့် ဝမ်ရှန်းလည်း အိုးတိုးအမ်းတမ်းဖြင့် ရယ်မိသွားသည်။ ၎င်းတို့နှစ်ဦး အတူတူဖြတ်သန်းလာခဲ့သော အချိန်များကြောင့် မျက်နှာအမူအရာကြည့်ရုံမျှဖြင့် အချင်းချင်းဘာပြောချင်သည်ကို သိနေကြပြီ ဖြစ်သည်။

မုဝမ်ရွှမ်း စိတ်ကောက်နေခြင်းက အမှန်ပင်ဖြစ်သည်။ ဘာကြောင့်လဲဆိုသော် ဝမ်ရှန်းသည် သူမကို ညသန်းခေါင်ကြီးလှမ်းခေါ်ပြီး ဆရာ့ကို စောင့်ရှောက်ခိုင်းထားခဲ့ကာ သူကိုယ်တိုင်ကမူ ကျင်းယွမ်နှင့်အတူ တောင်ပေါ်မှ ဆင်းသွားရန်လုပ်နေသောကြောင့် ဖြစ်သည်။ တကယ်လို့ သူမသာ ဆုံးဖြတ်ခွင့်ရမည်ဆိုပါက သူမနှင့် ဂျူနီယာမောင်လေးနှစ်ယောက်သာ တောင်ပေါ်မှ ဆင်းသွားပြီး မတရားမှုများကို သူတို့အတူမောင်းထုတ်ပစ်လိုက်ကြမည်ဖြစ်သည်။

ကံမကောင်းစွာဖြင့် ဝမ်ရှန်းသည် အစီအစဉ်အားလုံးကို ဆုံးဖြတ်ထားပြီးသားဖြစ်နေသဖြင့် မုဝမ်ရွှမ်းအနေဖြင့် သဘောတူလိုက်ရုံကလွဲ၍ ဘာမှမတတ်နိုင်တော့ချေ။ ဒါပေမဲ့ စိတ်ထဲတွင်မူ အနည်းငယ်မကျေမနပ်ဖြစ်နေမိသည်။

၎င်းတို့ သုံးယောက်လည်း တောင်ပေါ်သို့ တက်လာခဲ့ကြပြီး ချီဝမ်ကို တာအိုကျောင်းဆောင်မှ အခန်းထဲတွင် အခြေချပေးလိုက်သည်။ ဝေးလံခေါင်သီပြီး ကြမ်းတမ်းလှသော ပတ်ဝန်းကျင်ကြောင့် သူမသည် မျက်မှောင်အနည်းငယ်တွန့်သွားသော်လည်း ညည်းညူခြင်းတော့မရှိပေ။

ဝမ်ရှန်းက ခဏမျှ တွေဝေပြီးနောက် လင်းဟွေဖုန်းထံ ဖုန်းဆက်ကာ တောင်ပေါ်သို့ ပို့ပေးရန်အတွက် တဲတစ်လုံးနှင့် အိပ်ရာလိပ်တစ်ခုကို ပိုက်ဆံပေး၍ ဝယ်ခိုင်းလိုက်သည်။ ချီဝမ်အနေဖြင့် သူမအဖေ၏ ကျင့်ကြံနေသည့်နေရာတွင် စီနီယာအစ်မနှင့်အတူ သွားနေခြင်းက ပိုကောင်းလိမ့်မည်ဟု သူ တွေးမိသောကြောင့် ဖြစ်သည်။

အရာအားလုံးကို စီစဉ်ပြီးသွားသည့်နောက် ၎င်းတို့ သုံးယောက် တောင်ထိပ်ဆီသို့ ထွက်လာခဲ့ကြသည်။

ကျင်းယွမ်သည် ကျောက်ဆောင်ချောက်ကမ်းပါးအောက်တွင် ကျောက်စိမ်းရုပ်တုတစ်ခုလို မတ်တပ်ရပ်နေဆဲဖြစ်ပြီး ဂူဝကို စောင့်ရှောက်နေဆဲဖြစ်သည်။ သို့သော်လည်း ချီဝမ်ကို မြင်လိုက်ရသော ခဏမှာတင် သူမ၏ မျက်နှာအမူအရာသည် နူးညံ့သွားပြီး နွေးထွေးကြင်နာတတ်သော ပုံစံမျိုးဖြစ်သွားသည်။

ချီဝမ်ကလည်း သူမကို ငေးကြည့်နေမိသည်။ ကျင်းယွမ်သည် ရှေ့သို့ လှမ်းလာပြီး ချီဝမ်၏ လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ မိခင်တစ်ယောက်လို နွေးထွေးစွာ နှုတ်ဆက်လိုက်သည်။

ဝမ်ရှန်း စိတ်ထဲမှ ပြုံး၍ တွေးမိလိုက်သည်၊၊

သူက ငါ့ညီမလေးရဲ့ မိထွေးဖြစ်ဖို့အထိတောင် ကြိုတင်ပြင်ဆင်ထားပြီးပြီလား မသိဘူး…၊၊

ကျင်းယွမ်က ချီဝမ်ကို လှိုက်လှိုက်လှဲလှဲကြိုဆိုနေသောအချိန်တွင် မုဝမ်ရွှမ်းသည် မျက်မှောင်အနည်းငယ်တွန့်ကာ စဉ်းစားခန်းဝင်နေသည်။

သူမအနေဖြင့် ချင်ယန်ဇီ၏ ခေတ်ပြိုင် ဝူတန်းတောင်မှ အမျိုးသမီးကျင့်ကြံသူများနှင့် ကြုံဖူးခြင်းက အလွန်ရှားပါးလှသည်။ လီရှီဝူနှင့် ကောင်းရှီရှင်းတို့လို တာအိုဆရာကြီးများနှင့် တွေ့လျှင်မူ သူမက ဆရာဦးလေးဟုခေါ်ပြီး နှုတ်ဆက်လေ့ရှိသည်။

ယခုမူ ဆရာ၏ ဂျူနီယာညီမလေးဖြစ်သော ကျင်းယွမ်၏ ရှေ့တွင် ရောက်နေခြင်း ဖြစ်သည်။ သင့်တော်သော သတ်မှတ်ချက်အတိုင်း နှုတ်ဆက်ရန် လိုအပ်သော်လည်း ဤမျှအထိ နတ်သမီးတစ်ပါးလို လှပကျော့ရှင်းနေသည့် အမျိုးသမီးကို ဆရာဒေါ်လေးဟု ခေါ်ရမည်မှာ နည်းနည်းတော့ အဆင်မပြေလှပေ။

တာအိုဂိုဏ်းများတွင် သီလရှင်များရှိကြသော်လည်း “တာအိုသီလရှင်” သို့မဟုတ် “ကျင့်ကြံသူသီလရှင်” ဟု ခေါ်ခြင်းသည် ရိုင်းရာကျသည်။ အမျိုးသမီး တာအိုဆရာများကိုလည်း အမျိုးသားများလိုပင် “တာအိုဆရာမ” ဟုသာ အလေးအမြတ်ထား၍ ခေါ်ရခြင်း ဖြစ်သည်။

အကြာကြီးစဉ်းစားပြီးသည့်နောက်တွင်မူ မုဝမ်ရွှမ်းသည် ဆုံးဖြတ်ချက် ချလိုက်ပုံရပြီး ရှေ့သို့ လှမ်းကာ “ဆရာဒေါ်လေး” လို့ လှမ်းခေါ်လိုက်သည်။

ကျင်းယွမ် အနည်းငယ်အံ့သြသွားသော်လည်း မကြာခင်မှာပင် နွေးထွေးစွာ ပြုံးလိုက်ပြီး တုံ့ဆိုင်းခြင်းမရှိဘဲ မုဝမ်ရွှမ်းကို လှမ်းဆွဲကာ ကြင်နာသောအသံဖြင့် ဆက်တိုက်မေးမြန်းနေတော့သည်။

အမျိုးသားတပည့်တစ်ဦးဖြစ်သည့် ဝမ်ရှန်းသည် ဤလိုမျိုး ဆက်ဆံခံရရန် မမျှော်လင့်ထားပေ။ သူက ဘေးနားတွင်သာ ငြိမ်ငြိမ်လေးရပ်စောင့်နေလိုက်သည်။

ကျင်းယွမ်သည် မုဝမ်ရွှမ်းကို စောင့်ရှောက်ရန်အတွက် ချက်ချင်းပင် အစီအစဉ်ချပေးလိုက်ပြီး ချင်ယန်ဇီ၏ ကျင့်ကြံခြင်းနှင့် တရားထိုင်းခြင်းကို ဘယ်သူမှ မနှောင့်ယှက်စေရန် အထပ်ထပ်မှာကြားလိုက်သည်။ ထို့နောက်တွင်မူ ဝမ်ရှန်းနှင့်အတူ တောင်ပေါ်မှ ဆင်းလာခဲ့ကြသည်။

ဝမ်ရှန်းက တီရှပ်နှင့် ဘောင်းဘီတိုကို သာမန်အတိုင်းဝတ်ထားသည်ကို မြင်သော် ကျင်းယွမ် ခဏမျှ တွေသွားပြီး တာအိုကျောင်းဆောင်၏ အဝင်ဝသို့ ရောက်သည့်အခါ “ငါ တခြားအဝတ်အစားလဲလိုက်ရမလား”

“ဆရာဒေါ်လေး အဆင်ပြေတာပဲ ဝတ်ပါ”

“အင်းး… ဖေးယွီ... ဒီမှာ ခဏစောင့်ဦး”

ကျင်းယွမ်သည် ကျောင်းဆောင်ထဲသို့ လှပစွာလျှောက်ဝင်သွားပြီး ဘေးခန်းတစ်ခုဆီသို့ ဦးတည်သွားသည်။ မကြာခင်မှာပင် နတ်သမီးလေးလိုလှပသော တာအိုဆရာမလေးသည် လုံးဝကွဲပြားသော ပုံစံမျိုးဖြင့် ထွက်လာခဲ့သည်။ သူမသည် ဂါဝန်တိုလေးနှင့် ဖိနပ်အပါးလေးကို လဲဝတ်ထားခြင်း ဖြစ်သည်။ သူမ၏ မြင့်မြတ်လှသော အမူအရာသာမရှိပါက တက္ကသိုလ်မှ ဘွဲ့ရခါစ မိန်းကလေးတစ်ယောက်ဟုတောင် ထင်မှတ်မှားနိုင်စရာရှိသည်။

တောင်ပေါ်မှ ဆင်းလာကြရင်း ကျင်းယွမ်၏ လက်ထဲတွင် ရှိနေသော ဓားတိုလေးကို ဝမ်ရှန်း သတိထားမိသွားသည်၊၊

“ဆရာဒေါ်လေးလည်း ဓားသုံးတာလား”

“ဒါက ငါ့ဆရာ ချန်ထားခဲ့တဲ့ ဓားပဲ၊၊ မကောင်းဆိုးဝါးတွေကို မောင်းထုတ်နိုင်တယ်” ကျင်းယွမ်က ပြုံး၍ ပြန်ဖြေလိုက်သည်။

“မင်းရဲ့ဆရာက ငါ့ကို အမြဲကြွားနေခဲ့တာ… ဓားရူးတစ်ယောက်ကို တပည့်အဖြစ်ရထားတာဆိုပြီးတော့လေ၊၊ မင်း ဓားကို မြင်တာနဲ့ စိတ်လှုပ်ရှားသွားတာ ကြည့်ရင် သူပြောတာ မမှားဘူးဆိုတာ သိသာပါတယ်၊၊ စိတ်မကောင်းစရာကတော့ ငါ ငယ်ငယ်က သင်ခဲ့ရတဲ့ တစ်ခုတည်းသော ဓားသိုင်းက ကျောက်စိမ်းမိန်းမပျိုဓားသိုင်းဖြစ်နေလို့ မင်းကို လက်ဆင့်ကမ်းပေးစရာ ဘာမှမရှိဘူး”

ဝမ်ရှန်း အနည်းငယ် ရှက်ရွံ့သွားသည်။ သူ ထုတ်မပြောသော်လည်း ကျောက်စိမ်းမိန်းမပျိုဓားသိုင်းဆိုသည်မှာ နူးညံ့ပျော့ပျောင်းသောပုံစံမျိုး ဖြစ်လိမ့်မည်ဟု သူ တွေးမိသည်။ ကိုယ်တိုင်မကျင့်ကြံနိုင်လျှင်တောင် ၎င်းသည် သူ၏ သိမြင်နားလည်မှုအတွက် တန်ဖိုးရှိသော ကိုးကားချက်တစ်ခုဖြစ်လာနိုင်ပေသည်။

တောင်ပေါ်မှ ဆင်းလာကြရင်း သူတို့နှစ်ဦးသည် ကျင့်ကြံခြင်းအကြောင်းကို အဓိကထား၍ သာမန်ကာလျှံကာစကားများ ပြောလာခဲ့ကြသည်။ ဝမ်ရှန်းသည် တပည့်တစ်ယောက်၏ ကျင့်ဝတ်အတိုင်း နေထိုင်ပြီး ကျင်းယွမ်ကလည်း လူကြီးသူမတစ်ယောက်၏ သိက္ခာကို ထိန်းသိမ်းထားသဖြင့် ၎င်းတို့ကြားမှ ဆက်ဆံရေးသည် အဆင်ပြေချောမွေ့လှသည်။

တောင်ခြေသို့ ရောက်သည့်အခါ SUV ကားတစ်စီးက ၎င်းတို့ကို အဆင်သင့်စောင့်ကြိုနေခဲ့သည်။ ဝမ်ရှန်းသည် ရှေ့ခန်းမှ လိုက်ရန် သဘောတူလိုက်ပြီး နောက်ခန်းတစ်ခုလုံးကို ဆရာဒေါ်လေးတစ်ယောက်တည်း စိတ်အေးလက်အေး စီးနင်းနိုင်အောင် ချန်ထားပေးလိုက်သည်။

ဒရိုင်ဘာသည် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ သူသည် တခြားနေရာတစ်ခုသို့ စစ်ကူပေးရန် သွားနေခြင်းဖြစ်သော်လည်း မုရွှယ်က ဝမ်ရှန်းနှင့် ကျင်းယွမ်တို့ကို သွားကြိုရန် ဖုန်းဆက်ခေါ်လိုက်သောကြောင့် လမ်းကြောင်းပြောင်းလာခဲ့ခြင်း ဖြစ်သည်။

အဖွဲ့ထဲတွင် တင်းကျပ်သော စည်းမျဉ်းများ ရှိပုံရသည်။ လူငယ်စုံစမ်းစစ်ဆေးရေးမှူးသည် နောက်ကြည့်မှန်မှတစ်ဆင့် ကျင်းယွမ်ကို နှစ်ချက်လောက်သာလှမ်းကြည့်ပြီး စိုက်ကြည့်မိမှာ စိုးရိမ်သောပုံစံဖြင့် မျက်လုံးကို ချက်ချင်းလွှဲလိုက်သည်။

All Chapters