← Chapters

အင်အားစုကြီးများ စုဝေးခြင်း (၂)

Vol. 11 Ch. 109

အင်အားစုကြီးများ စုဝေးခြင်း (၂)

Vol. 11 Ch. 109

“ဟိုဘက်က အခြေအနေတွေကို ပြောပြပါဦး” ဝမ်ရှန်းက တောင်းဆိုလိုက်သည်။

ကားမောင်းနေရင်း စုံစမ်းစစ်ဆေးရေးမှူးသည် ကိုယ်လုံးကို မတ်လိုက်ပြီး သူ စုဆောင်းထားသော သတင်းအချက်အလက်များကို အစီရင်ခံလာသည်။

ထိုသူ၏ ပြောစကားအရ သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်း၏ နောက်ဆုံးကျန်သော အမာခံအဖွဲ့ဝင်သုံးယောက်ကို ယခုထိ ရှာမတွေ့သေးပေ။ မီးသူတော်စင်ကလွဲ၍ ကျန်သည့်နှစ်ယောက်အကြောင်း သတင်းအချက်အလက်မရှိသေးချေ။ ထို့ပြင် တခြားမိစ္ဆာကျင့်ကြံသူအဖွဲ့တစ်ဖွဲ့က မီးသူတော်စင်ကို ကျောထောက်နောက်ခံပေးထားသဖြင့် အသင်း၏ နောက်ခံက ပို၍ ရှုပ်ထွေးသွားရသည်။

ထို့ကြောင့် ဖမ်းဆီးရမိထားသော သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်း၏ အကြီးအကဲများကို နောက်ထပ်တစ်ကြိမ် စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြသည်။

အစပိုင်းတွင်မူ ကျင့်ကြံသူတချို့က လိမ်လည်လှည့်ဖြားမှုလုပ်ခဲ့ကြသော သာမန်အမှုတစ်ခုသာဖြစ်ပြီး ပြစ်မှုကျူးလွန်သူများသည် ထောင်ဒဏ်နှစ်အနည်းငယ်သာကျခံရမည် ဖြစ်သည်။ သို့သော်လည်း တကယ်လို့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် ၎င်းတို့ကို မိစ္ဆာကျင့်ကြံသူအဖွဲ့အစည်းများ၏ နာမည်ပျက်စာရင်း သို့မဟုတ် အလိုရှိဝရမ်းပြေးများနှင့် ဆက်စပ်မှုရှိသည်ဟု သက်သေပြနိုင်လျှင်မူ ရင်ဆိုင်ရမည့်ပြစ်ဒဏ်က လုံးဝကွဲပြားသွားလိမ့်မည်။

စုံစမ်းစစ်ဆေးရေးမှူးက သက်ပြင်းချလိုက်သည်၊၊ “အမှန်အတိုင်းပြောရရင် အဲဒီတစ်ကိုယ်တော်ကျင့်ကြံသူတွေက တကယ်ကိုကံဆိုးတာပါ၊၊ သူတို့က ပိုက်ဆံနည်းနည်းလောက် ရှာဖို့အတွက်နဲ့ ဂူအောင်းရာကနေ ထွက်လာခဲ့ကြတာ… အခုတော့ ထောင်ထဲမှာပဲ ဆွေးမြည့်သွားရတော့မယ်”

“အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ အခုထိ မိစ္ဆာကျင့်ကြံသူအဖွဲ့အစည်း ဘယ်နှစ်ခုလောက်ကို ဖော်ထုတ်နိုင်ခဲ့ပြီလဲ” ဝမ်ရှန်းက မေးလိုက်သည်။

“သုံးလေးခုလောက်ပဲ ရှိသေးတယ်၊၊ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ သူတို့ ပြဿနာရှာဖို့ ကြိုးစားတဲ့အချိန်မှာ ဖော်ထုတ်နိုင်ခဲ့တာပါ၊၊ ပါရှန်းကောင်းကင်မီးတောက်ဂိုဏ်း၊ နတ်ဘုရားငါးပါးဂိုဏ်း...”

စုံစမ်းစစ်ဆေးရေးမှူးက နာမည်ခြောက်ခုကို ရွတ်ပြလိုက်သည်။ ဝမ်ရှန်းအနေဖြင့် နတ်ဘုရားငါးပါးဂိုဏ်းတစ်ခုတည်းကိုသာမှတ်မိပြီး ကျန်သည့်အရာများသည် အဖွဲ့အစည်းကြီးများထက် လိမ်လည်လှည့်ဖြားသည့် အဖွဲ့များနှင့် ပိုတူနေသည်။

ယင်ယန်ဂိုဏ်း၏ အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူနှစ်ယောက်က သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်း၏ အမှုတွင် ပါဝင်ပတ်သက်နေခဲ့ခြင်းဖြစ်သော်လည်း (တစ်ယောက်က ထွက်ပြေးလွတ်မြောက်သွားပြီး နောက်တစ်ယောက်က အသတ်ခံလိုက်ရသည်) ယခုထိ သဲလွန်စမကျန်အောင် ဖုံးကွယ်ထားနိုင်ဆဲဖြစ်သည်။ ဂိုဏ်းတစ်ခုလုံးသည်လည်း လေထဲတွင် ချက်ချင်း ပျောက်ကွယ်သွားသလားပင် ထင်ရသည်၊၊

၎င်းသည် တကယ့်ပစ်မှတ်ကြီးဖြစ်သည်။ ကံမကောင်းစွာဖြင့် ၎င်းတို့အကြောင်း သတင်းအချက်အလက်က နည်းလွန်းနေသေးသည်။

ယင်ယန်ဂိုဏ်းနှင့် နှိုင်းယှဉ်လျှင် နတ်ဘုရားငါးပါးဂိုဏ်းသည် သိပ်ပြီး အရေးမပါလှပေ။ သိုင်းနတ်ဘုရားဂိုဏ်းဟုလည်း လူသိများသည့် ဤဂိုဏ်းသည် တပည့်များကို ဆွဲဆောင်ရန်နှင့် ငွေကြေးအမြောက်အမြားစုဆောင်းရန်အတွက် တာအိုပညာရပ်များကို အဓိကသုံးကြခြင်းဖြစ်သည်။

ဝမ်ရှန်းအနေဖြင့် ဤဂိုဏ်းကို အမှတ်ရနေခြင်းမှာ သူ၏ အရင်ဘဝတုန်းက ဤဂိုဏ်းသည် သတင်းစာမျက်နှာများပေါ်တွင် ဟိုးလေးတကျော်ဖြစ်ခဲ့ဖူးသောကြောင့်ဖြစ်သည်။ နောက်ဆုံးတွင်မူ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သည် ၎င်းတို့ကို အောက်လမ်းမိစ္ဆာဂိုဏ်းတစ်ခုအဖြစ်သတ်မှတ်ပြီး အမြစ်ပြတ်နှိမ်နင်းခဲ့သည်။

ယခုအချိန်တွင်မူ နတ်ဘုရားငါးပါးဂိုဏ်းမှ ပညာရှင်အမြောက်အမြားသည် ဤရှုပ်ထွေးမှုများထဲသို့ ဝင်ရောက်လာကြပြီး ကောင်းကင်သခင်လျှို့ဝှက်ကျမ်းစာကို ရယူမည်ဟု ပြောင်ပြောင်တင်းတင်းကြေညာထားကြသည်။ ဤသို့ဖြင့် သူတို့သည် အာဏာပိုင်များ၏ အာရုံကို သူတို့၏မဟာမိတ်ယင်ယန်ဂိုဏ်းထံမှ အောင်မြင်စွာ လွှဲပြောင်းရယူနိုင်ခဲ့၏၊၊

ကြီးမားသော ရည်ရွယ်ချက်အတွက် ကိုယ့်ကိုယ်ကိုယ်စတေးလိုက်ကြခြင်း ဖြစ်သည်။ ၎င်းတို့၏ သတ္တိသည် တကယ်ပဲ ချီးကျူးစရာကောင်းလှ၏။

လန်ထျန်းမှ မောင်းလာခဲ့သည်မှာ ဆယ်နာရီကျော် ကြာမြင့်ခဲ့ပြီး လမ်းခရီးတွင် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်များသည် ဒရိုင်ဘာကို နှစ်ကြိမ်တိုင်တိုင် လဲလှယ်ပေးခဲ့ကြသည်။ ဒါက ဝမ်ရှန်းကို ရှေးခေတ်တုန်းက စစ်တပ်အရေးပေါ် သတင်းပို့သည့်အခါ လမ်းခရီးတွင် မြင်းများကို အလှည့်ကျလဲလှယ်စီးနင်းကြသည့် ပုံစံမျိုးကို သတိရစေသည်။

မုရွှယ်သည် နောက်ကွယ်မှ အရာအားလုံးကိုစီစဉ်ပေးနေသဖြင့် ဝမ်ရှန်းနှင့် ကျင်းယွမ်တို့သည် အင်အားစုအားလုံး စုဝေးရာနေရာဆီသို့ အလျင်အမြန်ခရီးပေါက်လာခဲ့ကြသည်။

ည ၈ နာရီခန့်တွင်မူ ၎င်းတို့သည် တိုးဂိတ်တစ်ခုတွင် ကားပိတ်မိသွားကြသည်။ လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင် အစုအဖွဲ့တစ်ခုက ဖြတ်သန်းသွားလာသော ကားများကို သေချာစွာစစ်ဆေးနေသဖြင့် ၎င်းတို့လည်း စောင့်ဆိုင်းရန်ကလွဲ၍ ဘာမှမတတ်နိုင်တော့ချေ။

နာရီဝက်နီးပါး ကြာပြီးသည့်နောက် သူတို့အလှည့်ရောက်ခါနီးဆဲဆဲမှာတင် ယာဉ်ထိန်းရဲတစ်ယောက်က ရုတ်တရက် ပြေးလာပြီး တုတ်ကို ဝှေ့ယမ်းကာ ကားကို လမ်းဘေးတွင် ယာယီရပ်ထားရန် အချက်ပြလိုက်သည်။

ဒရိုင်ဘာလည်း မျက်မှောင်ကြုတ်သွားပြီး ရန်ဖြစ်ရန် အဆင်သင့်ဖြစ်နေသည့် ပုံစံမျိုးဖြင့် ကားပေါ်မှ ချက်ချင်းဆင်းသွားသည်။ သို့သော်လည်း စကားအနည်းငယ်ပြောပြီးသည့်နောက်တွင်မူ သူသည် နောက်ဘက်သို့ လှမ်းကြည့်လိုက်ရာ မျက်နှာအမူအရာက ချက်ချင်းပြောင်းလဲသွားတော့သည်။ ဘာစကားမှ ထပ်မပြောတော့ဘဲ ကားထဲသို့ ပြန်ဝင်လာပြီး လမ်းဘေးတွင် သေသေချာချာကပ်ရပ်လိုက်သည်။

စစ်စိမ်းရောင် ဘတ်စ်ကားအစီးပေါင်း ၂၀ ကျော်ခန့် ရှိသည့် ကားတန်းကြီးသည် တဖြည်းဖြည်းချင်း ဖြတ်မောင်းသွားကြသည်။ စိတ်အေးလက်အေးကြည့်နေသော ဝမ်ရှန်းလည်း ရုတ်တရက် ကိုယ်ဟန်တင်းမာသွားရသည်။

ဘတ်စ်ကားပေါ်မှ ခရီးသည် အများအပြားထံမှ ဝိညာဉ်ပေါင်းစည်းခြင်းအစောပိုင်းအဆင့်နှင့် အလယ်အလတ်အဆင့် အရှိန်အဝါများဖြာထွက်နေလေသည်၊၊ ကားပြတင်းပေါက်များမှ လှမ်းကြည့်လိုက်သည့်အခါ စစ်ဝတ်စုံများကို ဝတ်ဆင်ထားပြီး တည်ကြည်လေးနက်လှသော ပုံစံမျိုးဖြင့် ခါးမတ်၍ထိုင်နေကြသည့် လူတန်းကြီးကို မြင်လိုက်ရသည်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ ရောက်ရှိလာခဲ့လေပြီ၊၊

ထိုင်ခုံ ၄၆ ခုပါ ဘတ်စ်ကားအစီးပေါင်း နှစ်ဆယ်ကျော်ပေါ်တွင် ဝိညာဉ်ပေါင်းစည်းခြင်းအစောပိုင်းနှင့် အလယ်အလတ်အဆင့် ကျင့်ကြံသူစစ်သားတစ်ထောင်ကျော် လိုက်ပါလာကြသည်။

ကျင်းယွမ်က မျက်မှောင်အနည်းငယ်တွန့်သွားကာ “ဒီလူတွေအကုန်လုံးက အာဏာပိုင်တွေဘက်ကပဲလား”

ဒရိုင်ဘာက အသံကိုနှိမ့်ပြီး မရေမရာပြန်ဖြေလိုက်သည်။

“ဒါက ကျွန်တော်တို့ ကပ္ပတိန်စေလွှတ်လိုက်တဲ့ တပ်ဖွဲ့တွေပါ၊၊ ဒါက အစိတ်အပိုင်းတစ်ခုပဲ ရှိသေးပါတယ်၊၊ နောက်ထပ် တပ်ရင်းတွေလည်း မကြာခင်ရောက်လာဦးမှာပါ”

ဝမ်ရှန်းက ပြုံးလိုက်ပြီး “စိတ်မပူပါနဲ့ ဆရာဒေါ်လေး၊၊ သူတို့ရဲ့ တာဝန်က ပြည်သူတွေရဲ့ လုံခြုံရေးကို ကာကွယ်ဖို့နဲ့ အေးချမ်းသာယာမှုကို ထိန်းသိမ်းဖို့ပဲ၊၊ ဥပဒေလိုက်နာတဲ့ ကျင့်ကြံသူတွေကိုတော့ ရမ်းသန်းပြီး အရေးယူမှာမဟုတ်ပါဘူး”

“မှန်ပါတယ်၊၊ စနစ်တကျပြဋ္ဌာန်းထားတဲ့ စည်းမျဉ်းဥပဒေတွေ ရှိပြီးသားပါ” ဒရိုင်ဘာက ပြုံးလျက် ထပ်ပြောသည်။

“အများပြည်သူရဲ့ အကျိုးစီးပွားကိုလည်း ကာကွယ်ရမယ်၊၊ တစ်ဖက်ကလည်း ဥပဒေဘောင်အတွင်းက ကျင့်ကြံသူတွေရဲ့ နိုင်ငံသားအခွင့်အရေးကိုလည်း လေးစားရမယ်၊၊ ကျွန်တော်တို့ ကပ္ပတိန်က ဥပဒေရှေ့မှောက်မှာ အင်မော်တယ်တွေရော၊ သာမန်လူတွေရော အတူတူပဲလို့ အမြဲတမ်း အလေးအနက်ထားပြောလေ့ရှိတယ်”

ကျင်းယွမ်သည် မျက်မှောင်ကြုတ်ထားဆဲဖြစ်သည်၊၊ “ကောင်းမွန်တဲ့ အတွေးအခေါ်မျိုးဆိုပေမဲ့ ပဋိပက္ခတွေကတော့ ရှောင်လွှဲရခက်လိမ့်မယ်”

သူမက တိုးတိုးလေး ရေရွတ်လိုက်သည်။

ဝမ်ရှန်းက ခေါင်းညိတ်သည်၊၊

“ဟုတ်ပါတယ်၊၊ အခုက ကျင့်ကြံခြင်းလောက ပြန်စလာပြီဆိုတော့ မကျင့်ကြံနိုင်တဲ့သူတွေ ဒါမှမဟုတ် ပါရမီမပါတဲ့သူတွေက ကျင့်ကြံသူတွေအပေါ် အမြင်စောင်းတာမျိုးရှိလာနိုင်သလို… အလားတူပဲ တချို့ကျင့်ကြံသူတွေကလည်း သူတို့ကိုယ်သူတို့ သာလွန်တယ်ဆိုတဲ့ ဘဝင်စိတ်မျိုးက သဘာဝအတိုင်းဝင်လာကြမှာပဲ”

“မှန်တာပေါ့… တာအိုဆရာဝမ်၊၊ ကျွန်တော်ကိုယ်တိုင်လည်း ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုစစ်ဆေးချက် သွားလုပ်ဖူးတယ်၊၊ ဒါပေမဲ့ ဇွတ်အတင်းကျင့်ကြံရင်တောင် ဘာမှထူးခြားလာမှာ မဟုတ်ဘူး” ဒရိုင်ဘာက သက်ပြင်းချရင်း ပြောသည်။

“ဒါတင်မကသေးဘူး၊၊ ကျွန်တော်က အသက်အရွယ်အပိုင်းအခြားအရလည်း အခွင့်အရေးမရှိတော့တဲ့အရွယ်ကို ရောက်နေပြီလေ”

ဒရိုင်ဘာက သတင်းအချက်အလက် အတော်များများကို မရည်ရွယ်ဘဲ ပြောပြလိုက်ခြင်းဖြစ်သော်လည်း ဝမ်ရှန်းအတွက်မူ သိပ်ပြီး အသုံးမဝင်လှပေ။ သူသည် ကူညီပေးရန်သက်သက်သာလာခဲ့ခြင်းဖြစ်ပြီး အာဏာပိုင်များနှင့် ထိပ်တိုက်တွေ့ရန် အကြောင်းမရှိချေ။

ဘတ်စ်ကားတန်းကြီး ဖြတ်သန်းသွားပြီးသည့်နောက် သူတို့စီးလာသော SUV ကားသည် တိုးဂိတ်ဆီသို့ ဆက်လက်မောင်းနှင်ခဲ့သည်။ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၏ နောက်ခံသည် မျှော်လင့်ထားသည့်အတိုင်း အစွမ်းထက်လှသဖြင့် လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင်များသည် ကားထဲသို့ တစ်ချက်လှမ်းကြည့်ပြီးသည်နှင့် ချက်ချင်းပင် လွှတ်ပေးလိုက်ကြသည်။

“လူစည်ကားတဲ့ ကမ္ဘာဆီကို မရောက်ဖြစ်တာ တော်တော်တောင် ကြာသွားပြီပဲ” ကျင်းယွမ်က ခပ်တိုးတိုးရေရွတ်လိုက်သည်။

ဝမ်ရှန်းက အသာအယာပြုံးရုံသာပြုံးရင်း မြို့ပြအလှအပများကို ငေးမောကြည့်နေမိ၏။ တစ်ဖက်ကလည်း လက်ရှိရင်ဆိုင်နေရသည့် ကိစ္စရပ်များကို အစီအစဉ်တကျ ပြန်လည်စဉ်းစားနေသည်။ သူသည် အစပိုင်းတွင် ပြဿနာများနှင့် ဝေးဝေးတွင်နေချင်ခဲ့ခြင်းဖြစ်သော်လည်း ယခုမူ လောကီကိစ္စများထဲသို့ တစ်ကျော့ပြန်ရောက်ရှိ၍လာခဲ့ရပြန်ပြီဖြစ်သည်။

ဒီလိုပဲ ဖြစ်ရတော့မှာပေါ့။

ဤအရေးအခင်းပြီးသွားသည်နှင့် တောင်ပေါ်သို့ ချက်ချင်းပြန်ပြီး ကျင့်ကြံခြင်းကိုသာ အာရုံစိုက်တော့မည်။ သူ၏ ဆရာသည် ရွှေအမြုတေအဆင့်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ ထို့ပြင် စီနီယာအစ်မသည်လည်း အမြုတေဖွဲ့စည်းခြင်းအလယ်အလတ်အဆင့်သို့ ရောက်ရှိနေသည်မှာ ကြာပြီဖြစ်သဖြင့် မကြာခင်မှာပင် နောက်ဆုံးအဆင့်သို့ တက်လှမ်းနိုင်တော့မည့် အခြေအနေတွင် ရှိနေသည်။

သူကိုယ်၌ကမူ အမြုတေဖွဲ့စည်းခြင်းအဆင့်ထဲသို့ ယခုမှ လှမ်းဝင်နိုင်ခဲ့ရုံသာရှိသေးသဖြင့် ဂိုဏ်း၏ သိက္ခာကို အကျခံ၍မဖြစ်ချေ။ သူနှင့်မတူသည်မှာ ဂျူနီယာညီမလေးကတော့ ယခုထိ ကျင့်ကြံသူတစ်ယောက်အဖြစ်သတ်မှတ်၍ မရသေးသောကြောင့် သူမက ဂိုဏ်း၏သိက္ခာကို ညှိုးနွမ်းစေမလားဆိုပြီး စိုးရိမ်စရာမလိုသေးပေ။

သူတို့ကို ကြိုဆိုရန် တာဝန်ယူထားသော မုရွှယ်သည် အလုပ်များလှသည့်ကြားထဲမှ အချိန်လု၍ ထွက်လာခဲ့ရခြင်း ဖြစ်သည်။

“ခဗျားကြည့်ရတာ လုံးဝ နွမ်းဖတ်နေတာပဲ”

ဝမ်ရှန်းက တွေ့တွေ့ချင်းမှာပင် မှတ်ချက်ပြုလိုက်သည်။

မုရွှယ်က စိတ်ပျက်လက်ပျက်ပြုံးရင်း သက်ပြင်းချလိုက်သည်၊၊

“ကျွန်မက အရမ်းတော်လွန်းလို့နေမှာပါ”

“သေချာပေါက်ပဲ”

ဝမ်ရှန်းက ခေါင်းခါရင်း သူမ၏ တာဝန်ကို လွှဲပြောင်းရယူလိုက်ပြီး ဟိုတယ်ကောင်တာဆီသို့ ဦးတည်ကာ အခန်းနှစ်ခန်း သွားရောက်ဘွတ်ကင်လုပ်လိုက်သည်။

ဤဟိုတယ်သည် တက္ကသိုလ်၏ မျက်နှာချင်းဆိုင်မှာပင် ရှိသော ဟိုတယ်အဟောင်းကြီးဖြစ်သည်။ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သည် ဤနေရာကို ၎င်းတို့၏ ယာယီအခြေစိုက်စခန်းတစ်ခုလိုမျိုး အသုံးပြုထားကြခြင်း ဖြစ်သည်။

သူတို့ကို လိုက်ပို့ပေးသော စုံစမ်းစစ်ဆေးရေးမှူးသည် မုရွှယ်ကို နှုတ်ဆက်စကားအနည်းငယ်ပြောပြီးသည်နှင့် ချက်ချင်းပင် ကပျာကယာထွက်ခွာသွားသည်။ လမ်းခရီးတွင် နာရီပေါင်းများစွာ မောင်းနှင်ခဲ့ရသော်လည်း အနားယူရန် အချိန်မရှိသည်ကို ကြည့်ခြင်းအားဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အခြေအနေသည် မည်မျှရင်လေးစရာကောင်းနေသည်ကို ဖော်ပြနေသည်၊၊

ဟိုတယ်အခန်းထဲရောက်သည့်အခါ မုရွှယ်သည် သူတို့နှင့် စကားအနည်းငယ်ပြောပြီးသည်နှင့် ကျင်းယွမ်က သူမကို ညင်သာစွာတစ်ချက်ပုတ်လိုက်သည်။ ထို့နောက် မုရွှယ်၏ မျက်ခွံများသည် မှေးစင်းကျသွားပြီး ကုတင်ကြီးပေါ်သို့ လဲပြိုကျသွားလေသည်။

ဝမ်ရှန်းက အံ့အားသင့်ကာ မေးလိုက်သည်၊၊

“ဆရာဒေါ်လေး... ဒါ ဘာလုပ်တာလဲ”

“သူမ အရမ်းပင်ပန်းနေတယ်… ခဏလောက် အိပ်ပါစေ” ကျင်းယွမ်က ကြင်နာစွာ ပြောလိုက်သည်။ ထို့နောက်တွင်မူ ပြတင်းပေါက်နားသို့ လှမ်းလျှောက်သွားပြီး မြို့ပြ၏ မြင်ကွင်းကို ငေးကြည့်နေမိသည်။

“ဒါဆို ဆရာဒေါ်လေးလည်း အနားယူလိုက်ပါဦး၊၊ ကျွန်တော် ဟိုဘက်အခန်းကို သွားပြင်ဆင်လိုက်ပါ့မယ်”

ဝမ်ရှန်းက ပြောလိုက်သည်။

“ခဏနေဦး၊၊ ငါတို့ မြို့ထဲကို လမ်းလျှောက်ထွက်ကြတာပေါ့၊၊ တကယ်လို့ ဒုက္ခပေးနေတဲ့ကျင့်ကြံသူတွေကို တွေ့ရင် ငါတို့ဝင်တားဆီးပေးလို့ရတာပေါ့”

“ကောင်းပါပြီ” ဝမ်ရှန်းက သဘောတူလိုက်သည်။ သို့သော်လည်း လမ်းမများပေါ်တွင် အစောင့်အကြပ်များအပြည့်ချထားပြီးသားဖြစ်သည်ဆိုသည်ကိုမူ ထုတ်ပြောမနေတော့ပေ။

သူ၏ ဆရာဒေါ်လေးသည် အပြင်ပန်းက ကြည့်လျှင် အေးစက်စက်နိုင်လှသော်လည်း စိတ်နှလုံးသည် နွေးထွေးပြီး တရားမျှတမှုကို မြတ်နိုးသောစိတ်ဓာတ်ရှိသည်မှာ အမှန်ပင်ဖြစ်သည်။

ဝမ်ရှန်းသည် ကုတင်ပေါ်တွင် ဟောက်နေပြီဖြစ်သော မုရွှယ်ကို တစ်ချက် ကြည့်ပြီး ခေါင်းခါလိုက်ကာ သူ၏ ခရီးဆောင်အိတ်ကို ဆွဲယူပြီး ဘေးခန်းဆီသို့ ထွက်လာခဲ့လိုက်သည်။

ဆရာက‌တော်က တကယ်ပဲ အလှည့်ကျနားချိန်တွေ သတ်မှတ်ပေးသင့်ပြီ။ ဒီအတိုင်းဆို ကျင့်ကြံသူတွေ ဘာမှတောင်မလုပ်ရသေးဘူး… စုံစမ်းစစ်ဆေးရေးအဖွဲ့က လူငယ်တွေ အမောဆို့ပြီး လဲကုန်ကြတော့မယ်..."

ဝမ်ရှန်း အခန်းထဲမှ ထွက်သွားပြီး မကြာခင်မှာပင် မုရွှယ်၏ ဖုန်းသည် ဆက်တိုက်မြည်လာခဲ့သည်။ သို့သော်လည်း သွယ်လျလှပသော လက်တစ်ဖက်က လှမ်းယူပြီး စောင်အောက်ထဲသို့ ထိုးထည့်လိုက်သဖြင့် အခန်းထဲတွင် တစ်ဖန်ပြန်လည်တိတ်ဆိတ်သွားရပြန်သည်။

ကျင်းယွမ်သည် ဘီရိုဆီသို့ လျှောက်သွားပြီး သူမ၏ အဝတ်အစားများကို သေသေချာချာ စနစ်တကျခေါက်သိမ်းနေသည်။ ထို့ပြင် သူမသည် ချီစွမ်းအင်ကို သုံးပြီး မုရွှယ်ကို ပို၍ သက်တောင့်သက်သာရှိသော အိပ်စက်ခြင်းအနေအထားဖြစ်အောင် ညင်သာစွာပြင်ပေးလိုက်ပြီး အိပ်ရာခင်းနှင့် စောင်များကိုပါ သေချာပြန်လည်ပြင်ဆင်ပေးလိုက်သည်။

ဤအမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူကို ကြည့်ရသည်မှာ အရာရာကို အတိအကျလိုချင်သော ကန်ရာသီဖွား(Virgo) တစ်ယောက်နှင့် တူနေသည်။

All Chapters