သူရဲကောင်းလိုင်စင်
Vol. 11 Ch. 110
မုရွှယ်သည် နှစ်နာရီကျော်ကြာအောင် အိပ်ပျော်သွားခဲ့ပြီးနောက်တွင်မူ မျက်လုံးများကို မနည်းဖွင့်လိုက်ရသည်။ သူမ မူးနောက်နောက်ဖြစ်နေဆဲဖြစ်သော်လည်း ဖုန်း၏ တုန်ခါမှုကို သတိပြုမိသွားသည်။ သူမ ချက်ချင်းပင် ထထိုင်လိုက်ပြီး စောင်အောက်ကို နှိုက်ကြည့်လိုက်ရာ အဖွဲ့၏ Chat Group ထဲတွင် လွတ်သွားသော ဖုန်းခေါ်ဆိုမှု ဒါဇင်ပေါင်းများစွာနှင့် မဖတ်ရသေးသော စာများ ရာနှင့်ချီရှိနေသည်ကို တွေ့လိုက်ရသည်။
“သေစမ်း... ငါ ဘယ်လိုလုပ်အိပ်ပျော်သွားရတာလဲ၊၊ သွားပြီ... ငါတော့ဒုက္ခလှလှတွေ့ပြီ”
ရုံးခန်းထဲတွင် သူမနာမည်ကို အော်ဟစ်ပြီး ဒေါသထွက်နေမည့် ကပ္ပတိန်၏ ပုံစံကို ချက်ချင်း မြင်ယောင်လာခဲ့သည်။
ဆိုဖာပေါ်တွင် တရားထိုင်နေသော ကျင်းယွမ်သည် မျက်လုံးဖွင့်လိုက်ပြီး အလုပ်နှင့် အနားယူခြင်းကို မျှတအောင်နေထိုင်ရန် သတိပေးရန် ပြင်လိုက်သည်။ သို့သော်လည်း သူမ စကားမပြောရသေးခင်မှာပင် မုရွှယ်သည် ရေချိုးခန်းထဲသို့ ဝုန်းခနဲ ပြေးဝင်သွားပြီး ဖုန်းထဲမှတစ်ဆင့် တစ်ဖက်လူကို ဆက်တိုက်တောင်းပန်နေလေ၏။
ဘေးခန်းမှ ဝမ်ရှန်းလည်း လှုပ်ရှားမှုကို သတိပြုမိသွားသည်။ မုရွှယ် ဖုန်းပြော၍ ပြီးချိန်တွင်မူ သူသည် တာအိုဝတ်စုံကို လဲဝတ်ပြီးသား ဖြစ်နေပြီး တံခါးကို လာခေါက်လိုက်သည်။
“တာအိုဆရာဝမ်...” မုရွှယ်က သနားစရာအသံလေးဖြင့် ခေါ်လိုက်သည်။
ဝမ်ရှန်းက ပြုံးပြီး “ကျွန်တော် လူတစ်ယောက်နဲ့ သွားတွေ့မလို့၊၊ ညစာအတူလိုက်စားမလား”
သူမသည် စိတ်ကို ချက်ချင်း ပြန်စုစည်းလိုက်ပြီး စမတ်ကျသောပုံစံမျိုး ပြန်လုပ်ကာ “ကျင့်ကြံသူတစ်ယောက်လား”
“စီနီယာအစ်မတစ်ယောက်ပါ၊၊ ပြီးခဲ့တဲ့အကြိမ်က တွေ့ခဲ့တဲ့လူလေ”
“ဒါဆိုရင်တော့ ကျွန်မ မလိုက်တော့ဘူး၊၊ ကပ္ပတိန်ဆီကို အစီရင်ခံစာ သွားတင်ရဦးမယ်”
မုရွှယ်သည် သူမ၏ အိတ်ထဲမှ ပစ္စည်းနှစ်ခု ထုတ်လိုက်သည်။ တစ်ခုမှာ ကျန်းမာရေးခြေရာခံလက်ပတ်ဖြစ်ပြီး နောက်တစ်ခုမှာ ခရမ်းရောင်စာအုပ်ငယ်လေးဖြစ်သည်။ သူမက လက်ပတ်ကို အရင်ပေးလိုက်သည်၊၊
“တာအိုဆရာ ဝမ်ရှန်း၊၊ ဒါက တည်နေရာပြလက်ပတ်ပါ”
ဝမ်ရှန်းသည် လက်ပတ်ကို ယူပြီး လက်ကောက်ဝတ်တွင် ပတ်လိုက်သည်။ သူသည် ယင်း၏ လုပ်ဆောင်ချက်အပေါ် သိပ်ပြီး စိတ်ဝင်စားမှု မရှိလှပေ။
“ဒီလက်ပတ်က ရှင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို စောင့်ကြည့်ပေးမှာပါ၊၊ တကယ်လို့ ပြင်းထန်တဲ့ တိုက်ခိုက်မှုမျိုးရှိလာရင် စနစ်ကနေ ကျွန်မတို့ဆီ ချက်ချင်း အကြောင်းကြားမှာမို့ အမြန်ဆုံးလာကူညီပေးနိုင်လိမ့်မယ်”
“ကောင်းပါပြီ၊၊ ဒါဆို ဒီစာအုပ်ကရော”
မုရွှယ်က စာအုပ်ငယ်လေးကို ကမ်းပေးလိုက်ရင်း “ဒါက အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကနေ ထုတ်ပေးထားတဲ့ အထူးသက်သေခံကတ်ပြားပါ၊၊ ရှင်က အခုဆိုရင် ကျွန်မတို့အဖွဲ့ရဲ့ တရားဝင်အကြံပေးအရာရှိဖြစ်သွားပါပြီ၊၊ ဒီသက်သေခံကတ်ပြားရှိနေသရွေ့တော့ စည်းကမ်းဖောက်ဖျက်တဲ့ ကျင့်ကြံသူတွေကို အရင်ဆုံး နှိမ်နင်းပြီးမှ အစီရင်ခံစာတင်လို့ရတဲ့ အခွင့်အာဏာရှိပါတယ်၊၊ ပြီးတော့ ဘယ်အဖွဲ့ဝင်ဆီကမဆို ဒါမှမဟုတ် အနီးဆုံးဘယ်ရဲစခန်းကနေမဆို အချိန်မရွေး အပြည့်အဝအကူအညီတောင်းခံနိုင်ခွင့် ရှိပါတယ်”
ဝမ်ရှန်းသည် မျက်မှောင်အနည်းငယ် တွန့်သွားသည်၊၊
ဒါက အထူးအခွင့်အရေးကတ်ပြားတစ်ခုလို ဖြစ်မနေဘူးလား…။
“ရှင်က ပြီးခဲ့တဲ့ ဖြစ်ရပ်တွေတုန်းက ကျွန်မတို့ရဲ့ ယုံကြည်မှုကို အပြည့်အဝရရှိထားတဲ့သူ ဖြစ်သလို… အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့အတွက်လည်း အများကြီးအထောက်အကူပြုနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်၊၊ အကြံပေးဆိုတဲ့ ရာထူးကို ပေးရတာက ရှင့်အတွက် အလုပ်လုပ်ရတာ ပိုပြီး အဆင်ပြေချောမွေ့အောင်လို့ပါ၊၊ ကျွန်မတို့အတွက် ဘာမှလုပ်ပေးဖို့ မလိုအပ်ပါဘူး”
“မူဝါဒဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် အခွင့်အရေးအများကြီးတော့ မပေးနိုင်ပေမဲ့ အနည်းဆုံးတော့ နောက်ပိုင်း မိစ္ဆာကျင့်ကြံသူတွေကို အရေးယူတဲ့အခါ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ကြားဝင်နှောင့်ယှက်မှုကို စိုးရိမ်စရာမလိုတော့ဘူးပေါ့”
“လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ကျွန်မတို့အနေနဲ့ မိစ္ဆာကျင့်ကြံသူတွေကို သေချာခွဲခြားသတ်မှတ်နိုင်ဖို့ အတွေ့အကြုံတွေ အလုံအလောက်ရရှိထားပြီးသားဖြစ်ပါတယ်၊၊ သူတို့ သာမန်လူတွေအပေါ် ကျူးလွန်တဲ့အန္တရာယ်က သာမန်ရာဇဝတ်ဂိုဏ်းတွေထက် အဆပေါင်းများစွာ ပိုပြီး ပြင်းထန်ပါတယ်”
သူမ၏ ရှင်းပြချက်ကြောင့် ဝမ်ရှန်းသည် စိတ်ထဲမှ တွန့်ဆုတ်မှုကို ဖျောက်ဖျက်လိုက်ပြီး စာအုပ်ငယ်လေးကိုယူကာ လှန်လှောကြည့်လိုက်သည်။ အတွင်းထဲတွင် ဘားကုဒ်များနှင့် Chip ပြားများ မြှုပ်နှံထားသည်ကို တွေ့ရသည်။
သူ အံ့သြသွားရသည်မှာ ID ဓာတ်ပုံသည် မော်ရှန်းတောင် နှီးနှောဖလှယ်ပွဲတုန်းက သူ ဓားသိုင်းကပြနေသည့် ပုံရိပ်ကို အမှတ်မထင်ရိုက်ကူးထားခြင်းဖြစ်နေသောကြောင့် ဖြစ်သည်။ ရိုက်ကွင်းထောင့်နှင့် အလင်းအမှောင်သည် အလွန်ကောင်းမွန်ပြီး သူ၏ အသားအရည်ကိုတောင် အနည်းငယ် ပို၍ လင်းလက်အောင် ပြင်ဆင်ပေးထားသေးသည်။
“ဒီဓာတ်ပုံလေးတစ်ခုတည်းအတွက်နဲ့တင် ဒီကတ်ကို ကျွန်တော်သိမ်းထားလိုက်ပါ့မယ်”
မုရွှယ်လည်း စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။
ဝမ်ရှန်းက ဆက်ပြောသည်၊၊
“ဒါပေမဲ့ ဒီကိစ္စပြီးရင်တော့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့အတွက် အလုပ်တွေ တရစပ်ခိုင်းဖို့တော့ မမျှော်လင့်နဲ့နော်”
မုရွှယ်က ကပျာကယာခေါင်းခါလိုက်သည်၊၊
“မဟုတ်တာ... မခိုင်းပါဘူး”
ဝမ်ရှန်း ကတ်ပြားကို အတွင်းအိတ်ထဲသို့ ထည့်လိုက်သည်။ ထိုအချိန်မှာပင် ကျင်းယွမ်သည်လည်း အဆင်သင့်ပြင်ဆင်ပြီးသားဖြစ်နေပြီ ဖြစ်သဖြင့် သူတို့နှစ်ဦးသည် ဓားများကို ကိုင်ဆောင်ကာ လမ်းလျှောက်ရန် ထွက်လာခဲ့ကြသည်။
နှစ်နာရီလောက် အိပ်စက်လိုက်ရသဖြင့် မုရွှယ်လည်း အင်အားတချို့ ပြန်လည် ရရှိသွားပြီ ဖြစ်သည်။ သူမသည် အိတ်ကို ပခုံးတွင်လွယ်ကာ ဖိနပ်သံ တဒေါက်ဒေါက်ဖြင့် အမြန်ထွက်ခွာသွားတော့သည်။ မထွက်ခွာမီတွင်မူ ကပ္ပတိန်၏ ညွှန်ကြားချက်အတိုင်း ကျင်းယွမ်၏ ဓာတ်ပုံတချို့ကို တိတ်တဆိတ် ရိုက်ကူးသွားခဲ့သေးသည်။
သူမအနေဖြင့် ကပ္ပတိန်သည် ကျင်းယွမ်အပေါ် ဘယ်လိုပုဂ္ဂိုလ်ရေး ပဋိပက္ခမျိုးရှိနေသနည်းဆိုသည်ကို ယခုထိ သေချာမသိသေးပေ။ သို့သော်လည်း တက္ကစီပေါ်ရောက်သည့်အခါတွင်မူ အတွေးတစ်ခုက ချက်ချင်း ဝင်လာခဲ့သည်။
ဝမ်ရှန်း၏ ဆရာသည် ကပ္ပတိန်၏ ခင်ပွန်းဟောင်းဖြစ်ပြီး ချီဝမ်၏ အဖေဖြစ်သည်။ ကျင်းယွမ်ကမူ သူ၏ ဂျူနီယာညီမလေးဖြစ်သည်။ ဒါဆိုလျှင်... ဒီလို နုပျိုပြီး နတ်သမီးလေးလို လှပနေသည့် အမျိုးသမီးသည် ကပ္ပတိန်ရဲ့ အချစ်လုဘက်ဖြစ်နေတာလား…
အရင်ခေတ်တုန်းကဆိုလျှင်မူ ကပ္ပတိန်အနေဖြင့် သူမနှင့် ရင်ဘောင်တန်းပြီး တိုက်ခိုက်နိုင်ကောင်း တိုက်ခိုက်နိုင်လိမ့်မည်။ ဒါပေမဲ့ ယခု အသက်အရွယ်ရလာသည့်အချိန်တွင်မူ... လုံးဝ ရှုံးနိမ့်သွားရတော့မည် မဟုတ်ပါလော။
မုရွှယ်သည် နောက်ခန်းတွင် မှီထိုင်ရင်း ဖုန်းထဲမှ ဓာတ်ပုံများကို စိုက်ကြည့်နေမိသည်။ သူမ တီးတိုးညည်းညူရင်း “ဒီကျင့်ကြံသူတွေ အမြဲတမ်းနုပျိုနေနိုင်တာက တကယ့်ကို မတရားတဲ့ အခွင့်အရေးပဲ”
“ညီမလေး... ဘယ်ကို ပို့ပေးရမလဲ” တက္ကစီဒရိုင်ဘာက ယဉ်ကျေးစွာ မေးလိုက်သည်။
မုရွှယ်သည် လိပ်စာတစ်ခုကို အာရုံမရှိသလို ပြောပြလိုက်သည်။ ထို့နောက်တွင်မူ ၎င်းတို့ ကပ္ပတိန်အနေဖြင့် ဤတိုက်ပွဲတွင် အနိုင်ရရန် အခွင့်အရေး ရှိ၊မရှိကို ဆက်လက်သုံးသပ်နေမိသည်။
တကယ်လို့ တစ်နေ့နေ့တွင် သူမသာ ဝမ်ရှန်းနှင့် ယူဖြစ်သွားခဲ့လျှင်… နောက်ထပ် အနှစ် ၂၀ သို့မဟုတ် အနှစ် ၃၀ခန့်ကြာသည့်အခါ သူမသည် အဘွားကြီးပုံစံမျိုးဖြစ်နေပြီး သူမ၏ ယောက်ျားက လူငယ်လေးပုံစံမျိုး ဖြစ်မနေပေဘူးလား…။
အာ...
သူမ၏ ပါးပြင်လေးများ နီမြန်းသွားရပြီး ဖုန်းဖြင့်ကွယ်၍ တခိခိနှင့် ရယ်မောနေမိသည်။ သို့သော်လည်း ထိုအတွေးကို ချက်ချင်းပင် ရှင်းထုတ်ပစ်လိုက်သည်။ သူမသည် ဝမ်ရှန်းအပေါ် အနည်းငယ် စိတ်ဝင်စားရုံသက်သက်သာရှိခြင်းဖြစ်ပြီး ထိုထက် မပိုချေ၊၊
တကယ်တော့ သူမ၏ စိတ်ထဲတွင် ဘူဒိုဇာအပေါ် ထားသည့် ခံစားချက်ကသာ ပို၍ ပြင်းထန်နေခြင်း ဖြစ်သည်။
****
တက္ကသိုလ်ဂိတ်ဝတွင်မူ ရှန်းချန်လင်သည် ဖုန်းကိုသာ အာရုံစိုက်ရင်း ထောင့်တစ်နေရာတွင် ငြိမ်ငြိမ်လေးရပ်နေသည်။ အပြင်တွင် အေးစက်နေသော်လည်း သူမသည် သူမ အကြိုက်ဆုံးဂါဝန်ရှည်လေးကို ဂျာကင်အင်္ကျီလေးနှင့် တွဲဖက်ပြီး ဝတ်ဆင်ထားဆဲဖြစ်သည်။
ဆယ်မိနစ်ကျော်လောက် စောင့်ပြီးသည့်နောက်တွင်မူ တစ်စုံတစ်ယောက်က လက်ဖျောက်တီးလိုက်သံကို ကြားလိုက်ရသည်။ သူမ ပုခုံးလေး တွန့်သွားပြီး လှည့်ကြည့်လိုက်ရာ ဝမ်ရှန်းသည် သူမ၏ နောက်တွင် ပြုံးလျက် မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။
ချက်ချင်းဆိုသလိုပင် သူမ၏ အကြည့်များသည် ဘေးနားမှ အမျိုးသမီးဆီသို့ ရောက်ရှိသွားတော့သည်။ သူမ တအံ့တသြနှင့် တိုးတိုးလေးရေရွတ်လိုက်မိသည်၊၊
“ဝမ်ရှန်း... သူက တကယ်ပဲ ရှင့်ရဲ့ ဆရာဒေါ်လေးလား၊၊ ကြည့်ရတာ အရမ်းနုပျိုတာပဲ”
ကျင်းယွမ်က ညင်သာစွာ ပြုံးလိုက်ပြီး ရှန်းချန်လင်ထံသို့ ကျောက်စိမ်းပုလင်းငယ်လေးတစ်ခု ကမ်းပေးလိုက်ရင်း “ငါ အားလပ်တဲ့အချိန်မှာ ဒီအလှအပထိန်းသိမ်းတဲ့ ဆေးလုံးလေးကို ဖော်စပ်ထားတာပါ၊၊ ဒါကို ငါတို့ ပထမဆုံးအကြိမ်တွေ့ဆုံခြင်းအတွက် လက်ဆောင်အဖြစ် သတ်မှတ်ပေးပါ”
“ဒါက တန်ဖိုးကြီးလွန်းပါတယ်၊၊ ကျွန်မ မယူ..”
“ယူလိုက်ပါ စီနီယာအစ်မရှန်း”
ဝမ်ရှန်းက ကြားဖြတ် ပြောလိုက်သည်။
ဒါကြောင့် ရှန်းချန်လင်လည်း ကပျာကယာကျေးဇူးတင်စကားပြောပြီး ပုလင်းလေးကို လက်နှစ်ဖက်နှင့် သေသေချာချာလက်ခံလိုက်သည်။ ထို့နောက်တွင်မူ ၎င်းတို့ သုံးယောက်သည် တက္ကစီတစ်စီးကို ငှားရမ်းကာ မြို့၏ နာမည်ကြီး အစားသောက်တန်းဆီသို့ ဒေသထွက်အစားအစာများမြည်းစမ်းရန် ထွက်ခွာခဲ့ကြသည်။
လမ်းခရီးတွင် သူတို့ စကားအနည်းငယ်ပြောဖြစ်ကြသည်။
“အခုတလော ကျောင်းမှာ ထူးခြားတဲ့ဖြစ်ရပ်မျိုး ရှိသေးလား”
ဝမ်ရှန်းက ပေါ့ပေါ့ပါးပါးဟန်ဖြင့် မေးလိုက်သည်။
သူ အံ့သြသွားရသည်မှာ ရှန်းချန်လင်၏ မျက်ခုံးသည် ချက်ချင်းတွန့်သွားပြီး တုံ့ဆိုင်းနေသည့်ပုံစံမျိုးဖြစ်သွားသောကြောင့် ဖြစ်သည်။
“ဘာဖြစ်လို့လဲ” သူက မေးလိုက်သည်။
“ဒါက ထူးခြားတယ်လို့ သတ်မှတ်လို့ရမလားတော့ မသိဘူး၊၊ ဒါပေမဲ့ ဒီစကားပြောမှတ်တမ်းတွေကို နင်ကိုယ်တိုင်ကြည့်လိုက်တာ ပိုကောင်းလိမ့်မယ်ထင်တယ်”
ရှန်းချန်လင်က ပြန်ဖြေသည်။