အခန်း (၄၃၈-၄၃၉)
Vol. 25 Ch. 438-439
အပိုင်း (၄၃၈) လူသားဆန်သော အကျဉ်းထောင်။
တိုက်ပွဲ ပြီးဆုံးသွားပြီး စစ်မြေပြင်ကို ရှင်းလင်းနေ၏။
တပ်မှူးလျိုက လူအများကို ဦးဆောင်ကာ မြေပြင်ပေါ်ရှိ ဒဏ်ရာရသူများကို တစ်ယောက်ချင်းစီ ကြိုးဖြင့် တုပ်နှောင်နေသည်။
ဒူးလေး၏ အစွမ်းက အားနည်းသော်ငြား အများအပြား ပစ်ခတ်လိုက်သောကြောင့် ကံဆိုးသူ ဆယ်ဂဏန်းလောက်မှာ မျက်နှာကို အပစ်ခံလိုက်ရ၏။ ကြည့်ရသည်မှာ အသက်ရှင်နိုင်တော့မည့် ပုံမပေါ်ချေ။
တပ်မှူးလျိုက ရှောင်လျိုကို ဆွဲလာသည်။ အခြားလူများ အလောင်းသိမ်းနေသည်ကို ကြည့်ရင်း ခေါင်းခါကာ သက်ပြင်းချလိုက်သည်။ "ခင်ဗျားတို့ ဗိုက်ဝနေလို့လား။ ဘာလို့ ကျုပ်တို့ကို လာပြီး ပြဿနာ ရှာရတာလဲ။ ပိုက်ဆံလိုရင် ကျုပ်တို့ ခရိုင်မှာ လာချေးလို့ ရတာပဲ။"
ရှောင်လျိုက တစ်ခွန်းမှ နားမဝင်ချေ။ ယခုအချိန်တွင် သူ၏ ရင်ထဲ၌ ဝမ်းနည်းမှုအပြင် ဒေါသများသာ ပြည့်နှက်နေ၏။ အံကို တင်းတင်းကြိတ်ကာ လုပ်ဖော်ကိုင်ဖက်များ၏ အလောင်းများကို ကြည့်ရင်း တစ်ချိန်တည်းမှာပင် အရေအတွက်ကို ရေတွက်နေ၏။
မြေပြင်ပေါ်တွင် လဲကျနေသူများမှာ နှစ်ရာ မပြည့်ကြောင်း သိသာသည်။ တစ်ချို့က အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်သွားသည်မှာ သေချာသည်။
သူ၏ ရင်ထဲတွင် တိတ်တဆိတ် ဆုတောင်းနေမိ၏။ တပ်မှူးကျန်း ... လုံးဝ မလာနဲ့။ ဒီတောက်ယွမ်ခရိုင်က သရဲတစ္ဆေတွေပဲ။ ဒီလက်နက်တွေ၊ မြို့စောင့်စစ်သားတွေရဲ့ အရည်အချင်းက သာမန် ခရိုင်မြို့လေး တစ်မြို့မှာ ရှိနိုင်တဲ့ အရာမျိုး မဟုတ်ဘူး။
အခု သူတို့က သတိထားနေကြပြီ။ တကယ်လို့ အင်အားစုကြီး ရောက်လာရင် တောက်ယွမ်ခရိုင်က သေချာပေါက် ကြိုတင် ပြင်ဆင်ထားမှာပဲ။
လူနှစ်ထောင် မပြည့်တဲ့ အင်အားစုနဲ့ မြို့ကို တိုက်ဖို့ဆိုတာ မျှော်လင့်ချက် တစ်စက်မှ မရှိဘူး။ လက်ရှိ အကောင်းဆုံး နည်းလမ်းက အမြန်ဆုံး ဆုတ်ခွာပြီး ဝူမင်းသားနဲ့ သွားပူးပေါင်းဖို့ပဲ။
သူက နည်းလမ်းကို အပြင်းအထန် တွေးတောနေစဉ် အဝေးမှ ရုတ်တရက် မြေကြီးများ တုန်ခါသွားပြီး ဖုန်လုံးကြီး တစ်ခု ထသွားသည်ကို တွေ့လိုက်ရ၏။
တပ်မှူးလျိုက ချက်ချင်း သတိဝင်လာပြီး တစ်ကိုယ်လုံးရှိ ကြွက်သားများ တင်းမာသွားကာ လမ်းကြေးကောက်ဂိတ်ဘက်သို့ လှမ်းကြည့်လိုက်သည်။
အခြားလူများကလည်း မြင်းပေါ်တက်ကာ ဒူးလေးများကို ကိုင်ဆောင်ပြီး အသင့်ပြင်ထားလိုက်ကြ၏။
လာနေသူများ တဖြည်းဖြည်း နီးကပ်လာသောအခါ တပ်မှူးလျို၏ တစ်ကိုယ်လုံး ပြေလျော့သွားပြီး အံ့အားသင့်သည့် အမူအရာ ထွက်ပေါ်လာသည်။ "အစ်ကိုစွန်း။"
"ဟေး ... တပ်မှူးလျို အလုပ်ရှုပ်နေတာလား ... ။ သောက်ကျိုးနည်း။ ဘာလို့ လူသေတွေ ဒီလောက် များနေတာလဲ။ တစ်ယောက်ယောက်က ကျုပ်တို့ကို ဓားပြလာတိုက်တာလား။" အစ်ကိုစွန်းက မြေပြင်ပေါ်ရှိ အလောင်းများကို ကြည့်ကာ ထိတ်လန့်တကြား မေးလိုက်၏။
"သူခိုးလေးတွေပါ။ အကုန်လုံး ရှင်းလင်းပြီးပြီ။ ခင်ဗျားက မြို့တော်မှာ ခရိုင်အတွက် မျောက်သွားဝယ်နေတာ မဟုတ်ဘူးလား။ ဘာလို့ ပြန်လာတာလဲ။ ပြီးတော့ မြင်းတွေကလည်း အများကြီးပဲ။ ခင်ဗျားက မြင်းမွေးမြူရေးခြံ ဖွင့်တော့မလို့လား။"
အစ်ကိုစွန်းက တဟားဟား ရယ်မောလိုက်ပြီး အနောက်ဘက်ရှိ မြင်းကောင်းများကို ကြည့်ကာ မျက်လုံးထဲတွင် ဂုဏ်ယူမှုများ ပြည့်နှက်နေ၏။
"ပြောပြရင် ခင်ဗျား ယုံမှာ မဟုတ်ဘူး။ မနေ့က အရူးတစ်စုက မြင်းလာရောင်းတာနဲ့ တိုးတယ်။ သောက်ရမ်း ဈေးပေါတာပဲ။ ပေါက်ဈေးရဲ့ တစ်ဝက်ပဲ ရှိတယ်။ မြင်းအကောင်ရေ နှစ်ထောင်နီးပါးကို ကျုပ်က ပိုက်ဆံ နည်းနည်း ချေးပြီး အကုန် ဝယ်လိုက်တာ။ ဒီတစ်ခေါက် ပြန်ခေါ်လာဖို့ ကျုပ် တော်တော်လေး အားစိုက်ထုတ်ခဲ့ရတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်တော့ ကျုပ် တကယ် ချမ်းသာပြီ။ ဟားဟားဟား။"
တပ်မှူးလျိုက မြင်းအုပ်ကြီးကို အားကျစွာ ကြည့်ရင်း ခနဲ့တဲ့တဲ့ ပြောလိုက်သည်။ "ခင်ဗျား သတိထားအုံးနော်။ တစ်ဝက်ဈေးနဲ့ ရတဲ့ မြင်းတွေက သေချာပေါက် တရားမဝင် လမ်းကြောင်းက လာတာပဲ ဖြစ်ရမယ်။ဘာပဲဖြစ်ဖြစ် ဂရုမစိုက်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်တို့ဆီအထိ ရောက်လာမှာမှ မဟုတ်တာ။ သွားပြီကွာ။"
ပြောပြီးသည်နှင့် အစ်ကိုစွန်း က မြင်းအုပ်ကြီးကို ခေါ်ဆောင်ကာ ထွက်သွားတော့၏။
အစ်ကိုစွန်း၏ ဂုဏ်ယူနေသော ကျောပြင်ကို ကြည့်ရင်း တပ်မှူးလျို၏ ရင်ထဲတွင် မနာလိုစိတ်များ ပိုမို ကြီးထွားလာပြီး ညည်းတွားလိုက်သည်။ "တောက် .. ကျုပ် ဘာလို့ ဒီလို အရူးမျိုးနဲ့ မတွေ့ရတာလဲ။ အရောင်းအဝယ် လုပ်တာ ဒီလောက် လွယ်မှန်း သိရင် စောစောကတည်းက စီးပွားရေး သွားလုပ်ပါတယ်။"
ထိုအကြောင်းကို တွေးမိသောအခါ တပ်မှူးလျိုက ကြိုးကို အားကုန် ဆွဲလိုက်၏။ "ခွေးကောင် … ခင်ဗျား ဒဏ်ရာ မရဘူး မဟုတ်လား။ ထပြီး ကိုယ့်ဘာသာ လျှောက်စမ်း။ သေချင်ယောင် ဆောင်မနေနဲ့။"
ကြိုးက အရမ်းတင်းကျပ်နေသောကြောင့် မျက်ရည်များ ရွှဲနစ်နေသော ရှောင်လျိုမှာ အလွန်တရာ နာကျင်နေသည်။ သို့ပေမည့် ထိုနာကျင်မှုက ဘာမှမဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် သူ၏ ရင်ထဲတွင် ပို၍ နာကျင်နေသောကြောင့် ဖြစ်သည်။
...
တောက်ယွမ်ခရိုင် ရုံးတော်အတွင်း။
ရှောင်ထောင်၊ ကျန်းပြောင်၊ အောက်ချန် အစရှိသူများက တပ်မှူးလျို ပြောပြသော အကြောင်းအရာ အပြည့်အစုံကို တိတ်ဆိတ်စွာ နားထောင်နေကြ၏။
ကြမ်းပြင်ပေါ်တွင်တော့ ယခုလေးတင် သိမ်းဆည်းလာသော လက်နက်များကို ပုံထားသည်။
သူ ပြောပြီးသွားသောအခါ အောက်ချန်က ခါးကိုင်းကာ မြေပြင်ပေါ်မှ ဓားမြှောင် နှစ်လက်ကို ကောက်ယူပြီး သေချာ နှိုင်းယှဉ်ကြည့်လိုက်၏။ ထို့နောက် ပြောလိုက်၏။ "ဒါက စံမီ လက်နက်တွေပဲ။ ဒီလူတွေက စစ်တပ်က လူတွေ။ ကျုပ်တို့ ခရိုင်က ဘယ်ပုဂ္ဂိုလ်ကြီးကိုမှ ပြဿနာ မရှာခဲ့ဖူးပါဘူး ... ။ ဒီလူတွေကို အကျဉ်းထောင်ထဲ ခေါ်သွားပြီး သေချာ စစ်ဆေး။ ပြင်းပြင်းထန်ထန် စစ်ဆေး။"
တပ်မှူးလျိုက လက်သီးဆုပ်လိုက်ပြီး ချက်ချင်း လှည့်ထွက်သွားတော့၏။
အောက်ချန်က လှည့်ကာ ရှောင်ထောင်ကို ပြောလိုက်သည်။ "မိန်းကလေး ရှောင်ထောင် ... လူတစ်ရာကျော်နဲ့က ဘာမှ ကြီးကြီးမားမား လုပ်နိုင်မှာ မဟုတ်ဘူး။ ကျုပ် အမြင်တော့ ဒီလူတွေက ရှေ့ပြေးတပ်ဖွဲ့ ဖြစ်နိုင်တယ်။ အနောက်မှာ တခြားလူတွေ ရှိနေသေးလောက်တယ်။"
ရှောင်ထောင်က တည်ကြည်သော မျက်နှာထားဖြင့် ခေါင်းညိတ်လိုက်၏။ "သခင်လေး မရှိတဲ့အချိန် တောက်ယွမ်ခရိုင်မှာ ပြဿနာ တက်လို့ မဖြစ်ဘူး။ စစ်တိုက်တဲ့ ကိစ္စတွေကိုတော့ ကျွန်မလည်း နားမလည်ဘူး။ ဒါပေမယ့် ဒီနေ့က စပြီး လမ်းကြေးကောက်ဂိတ်က လူတွေကို အကုန် ပြန်ခေါ်လိုက်။ မြို့တံခါးကို ပိတ်ထားလိုက်ပါ။ ခရိုင်ထဲက လူတွေ မြို့တော်ကို သွားမယ်ဆိုရင် တံခါးပေါက်ငယ်ကနေပဲ သွားခိုင်းပါ။
မြို့ရိုးပေါ်က အစောင့်တွေကိုလည်း လုံခြုံရေး တိုးမြှင့်ခိုင်းထားလိုက်။ ဒီလူတွေကို စစ်ဆေးလို့ ရလဒ် ထွက်လာတာနဲ့ ကျွန်မ မြို့တော်ကို သွားပြီး အိမ်ရှေ့စံ မင်းသားကို ဒီကိစ္စ သတင်းပို့မယ်။"
အောက်ချန်က ခေါင်းညိတ်ပြလိုက်သည်။ "နားလည်ပါပြီ။ ကျုပ် အခုပဲ သွားစီစဉ်ခိုင်းလိုက်ပါ့မယ်။ အစ်ကိုပြောင်ရော ဘယ်လိုထင်လဲ။"
"ကျုပ် အကျဉ်းထောင်ထဲ သွားကြည့်လိုက်မယ်။"
...
ခရိုင် အကျဉ်းထောင်အတွင်း။
လူတစ်ရာကျော်ကို ခွဲခြားထားလိုက်ပြီး ခေါင်းဆောင်ဖြစ်သူ ရှောင်လျိုကိုတော့ သီးသန့် အခန်းတွင် ထားရှိ၏။
ကျန်းပြောင်က သူ၏ အရှေ့တွင် တိတ်ဆိတ်စွာ ရပ်နေ၏။ လက်ထဲတွင်တော့ အပ်ချည်ကြိုး တွဲလျက်ပါသော ထူထဲရှည်လျားသည့် သံမဏိအပ်တစ်ချောင်းကို ကိုင်ထားပြီး ရှောင်လျိုကို စိုက်ကြည့်ကာ မေးလိုက်သည်။
"တောက်ယွမ်ခရိုင်ကို ဘာလာလုပ်တာလဲ။ အမှန်အတိုင်း ဝန်ခံစမ်း။"
သံမဏိအပ်ကို ကြည့်ရင်း ရှောင်လျိုက နည်းနည်းလေးမှ မကြောက်ရွံ့ချေ။ သူက အထူး လေ့ကျင့်ရေး ဆင်းထားသူ တစ်ယောက်ဖြစ်သည်။ သံမဏိအပ်နှင့် ထိုးတာလောက်ကတော့ ခံနိုင်ရည် ရှိသည်။ ထို့ကြောင့် အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်၏။ "သတ်ချင်သတ်၊ ဖြတ်ချင်ဖြတ် ... ကြိုက်သလို လုပ်။"
သူက ပူးပေါင်းဆောင်ရွက်မှု မရှိသည်ကို မြင်သောအခါ ဘေးရှိ အကျဉ်းထောင်မှူးက လှည့်ထွက်သွားပြီး မကြာမီမှာ ဝက်ပေါက်လေး တစ်ကောင်ကို ပွေ့ချီကာ ပြန်ရောက်လာသည်။
ကျန်းပြောင်က ဝက်ပေါက်လေးကို လှမ်းယူလိုက်ပြီး ရှောင်လျို၏ အံ့အားသင့်နေသော အကြည့်များအောက်မှာပဲ သုံးလေးချက်မျှဖြင့် ဝက်ပေါက်လေး၏ တင်ပါး နှစ်ခြမ်းကို တစ်ခြမ်းတည်း ဖြစ်သွားအောင် လက်တစ်ဖက်တည်းဖြင့် ချုပ်ပစ်လိုက်၏ ... ။
ဝက်ပေါက်လေး၏ စူးရှသော အော်သံက အကျဉ်းထောင်အတွင်း ပဲ့တင်ထပ်သွားရာ ကြားရသူတိုင်း ရင်နင့်ကာ မြင်ရသူတိုင်း မျက်ရည်ကျချင်စရာပင်။
ချွေးစေးများက ရှောင်လျို၏ နဖူးမှ ဖြည်းညင်းစွာ စီးကျလာ၏ ... မျက်လုံးများကလည်း ထိတ်လန့်တကြား ဟိုကြည့်ဒီကြည့် ဖြစ်လာသည်။
ကျန်းပြောင်က အေးစက်စက် ပြောလိုက်၏။ "ဒါက ဘာမှ မဟုတ်သေးဘူး။ ကျုပ် ဒီထက် ပိုသေးအောင်တောင် ချုပ်နိုင်သေးတယ်။"
ရှောင်လျိုက ခက်ခက်ခဲခဲဖြင့် တံတွေးတစ်ချက် မြိုချလိုက်ပြီး ခေါင်းမာမာဖြင့် ပြောလိုက်၏။ "ဒီလောက်လေးနဲ့ ကျုပ်ကို ကြောက်သွားမယ် မထင်နဲ့။ ကျုပ်က နောက်ဘဝကျရင်လည်း ယောကျာ်းကောင်းပဲ။ ချုပ်ချင်ရင် ... ။"
"ကျုပ်က ခင်ဗျားရဲ့ ပါးစပ်နဲ့ ခင်ဗျား ညီအစ်ကိုရဲ့ စအိုကိုတောင် တွဲချုပ်ပေးနိုင်တယ်။ လူနှစ်ရာကို တစ်တန်းတည်း ဖြစ်အောင် ချုပ်ပေးဖို့ကလည်း မခက်ပါဘူး။ ခင်ဗျား ဝန်မခံဘူးလား။ ဝန်မခံရင် ခင်ဗျားကို အနောက်ဆုံးကနေ ဒုတိယ နေရာမှာ ချုပ်ပေးမယ်။ ပြီးရင် နေ့တိုင်း ကန်စွန်းဥပဲ ကျွေးမယ်။"
အကျဉ်းထောင်မှူးက တံတွေးတစ်ချက် မြိုချလိုက်ပြီး ကျောခိုင်းသွား၏။ ဆက်နားထောင်လို့ မရတော့ဘူး။ အစ်ကိုပြောင်ရဲ့ ကစားနည်းတွေက နည်းနည်း ရွံစရာကောင်းနေပြီ။ ဆက်နားထောင်နေရင် စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်သွားနိုင်တယ်။
ကျန်းပြောင်က ပြောရင်းဖြင့် ရုတ်တရက် ဖန်ကျန်းရီကို လွမ်းဆွတ်သွားမိသည်။
သူ ဘယ်ရောက်နေပြီလဲ မသိဘူး။ အရင်တုန်းက ဒီအကြံအစည်ကို သူပဲ အကြံပြုခဲ့တာ။ လူသားကင်းခြေများ လို့ ခေါ်တယ် ထင်တာပဲ ... ။
ရှောင်လျို၏ မျက်နှာပေါ်ရှိ သွေးရောင်များ အကုန် ပျောက်ကွယ်သွားပြီး ဤမျှရက်စက်ကြမ်းကြုတ်သော ပြစ်ဒဏ်ကို တကယ် ထိတ်လန့်သွားပုံရ၏။
သို့သော်ငြား အထူး လေ့ကျင့်ရေး ဆင်းထားသူပီပီ စကားနှင့် ခြောက်လှန့်ရုံလောက်ကို သူမကြောက်ချေ။ ရှောင်လျိုက ပြောလိုက်သည်။
"ခွေးကောင် …. သတ္တိရှိရင် ချုပ်လိုက်လေ။ စကားပိုတွေ ပြောမနေနဲ့။"
ကျန်းပြောင်က သံမဏိအပ်ကို မြှောက်ကာ ရှောင်လျို၏ မျက်နှာရှေ့သို့ တိုးလာပြီး သူ့ကို စိုက်ကြည့်ကာ ဘာစကားမှ မပြောတော့ချေ။
ရှောင်လျိုမှာ အကြည့်ခံရလွန်းသဖြင့် ကြက်သီးတွေပင် ထလာပြီး ဦးနှောက်ထဲတွင် ဟာလာဟင်းလင်း ဖြစ်သွား၏။
ကျန်းပြောင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ "ခင်ဗျားက စမ်းသပ်မှုကို အောင်မြင်သွားပြီ။ ကံကောင်းတယ်လို့ပဲ မှတ်လိုက်ပါ။ ကျုပ်တို့ဆီမှာ မလွှဲမရှောင်သာ အခြေအနေ မဟုတ်ရင် အကျဉ်းသားတွေကို နှိပ်စက်ခွင့် မရှိဘူးဆိုတဲ့ စည်းကမ်း ရှိတယ်။ လူလာစမ်း။ သူ့ကို သီချင်းဆိုခန်းကို ရွှေ့လိုက်။ နောက်တစ်ယောက်ကို ခေါ်လာခဲ့။"
ဟက်ဟက် ... အလကား ခြောက်လှန့်နေတာပဲ ... အကုန်လုံးက အလကား ခြောက်လှန့်နေတာ။ ဒီအကျဉ်းထောင်က အကျဉ်းသားတွေကို မနှိပ်စက်ရဘူးဆိုတဲ့ စည်းကမ်း ရှိတယ်တဲ့လား။ တကယ်ကို ရယ်စရာ ကောင်းလိုက်တာ။ အနောက်မှာ ဘယ်လို လှည့်ကွက်တွေ ရှိသေးလဲဆိုတာ မသိသေးဘူး။
မကြာမီမှာပဲ ရှောင်လျိုကို အခြား အခန်းတစ်ခုသို့ ရွှေ့ပြောင်းလိုက်၏။ သို့ပေမည့် ထိုအခန်းက လုံးဝ လေလုံနေပြီး ဆီမီးခွက်များ အများအပြား ထွန်းထားကာ နံရံလေးဖက်စလုံးက အနီရဲရဲ ဖြစ်နေသည်။
အခန်းထဲ ဝင်ဝင်ချင်းမှာပဲ ထိတ်လန့်မှုနှင့် စိတ်အနှောင့်အယှက်ဖြစ်မှုကို ခံစားလိုက်ရ၏။
သူ့ကို အခန်းအလယ်ရှိ ကုလားထိုင်ပေါ်တွင် နေရာချပေးပြီး ကြိုးဖြင့် တင်းကျပ်စွာ တုပ်နှောင်လိုက်သည်။
ထို့နောက် ရိုးသားပုံရသော သက်လတ်ပိုင်း အမျိုးသား တစ်ယောက် ဝင်လာပြီး သူ၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်၏။
ရှောင်လျိုက အသင့်ပြင်ထားလိုက်သည်။
ထိုအမျိုးသားက လည်ချောင်းဟန့်လိုက်ပြီး သီချင်းစဆို၏။ "ခင်ဗျားက ကျုပ်ကို ချစ်တယ် ... ကျုပ်က ခင်ဗျားကို ချစ်တယ် ... ။"
"ခင်ဗျား ရူးနေတာလား။ သတ်ချင်သတ်၊ ဖြတ်ချင်ဖြတ် ... လိုရင်းကိုပဲ ပြောစမ်းပါ။ ဒီလို အပိုအလုပ်တွေ လာမလုပ်နဲ့။"
အချစ်သီချင်းစာသားတွေ ထွက်လာသည်နှင့် ရှောင်လျိုက ချက်ချင်း ဆဲဆိုလိုက်သည်။
အမျိုးသားက ပြုံးပြလိုက်၏။ "လူငယ်လေး ... မလောပါနဲ့။ ကျုပ်တို့ အချိန်တွေ အများကြီး ကျန်ပါသေးတယ်။ ကျုပ် မင်းကို မရိုက်ပါဘူး။ မင်း သီချင်းနားထောင်ဖို့ပဲ လိုတာပါ။ ဒါပေမယ့် ဒီရက်ပိုင်းတော့ အိပ်လို့ရမှာ မဟုတ်ဘူး။"
ရှောင်လျိုက အေးစက်စက် ပြုံးလိုက်သည်။ "သုံးရက်လေ။ ခင်ဗျား ပင်ပန်းမလား ကျုပ် ပင်ပန်းမလား ကြည့်ကြတာပေါ့။"
"ကျုပ့်နောက်မှာ အလှည့်ကျ လုပ်ပေးမယ့် ညီအစ်ကို ဆယ်ဂဏန်းလောက် ရှိတယ်။ ဒီအတွက် မင်း ပူစရာ မလိုပါဘူး။"
"ခွေးကောင်တွေ ... ခင်ဗျားတို့ အကျဉ်းသားတွေကို ဒီလိုပဲ စစ်ဆေးတာလား။ အရူးအုပ်စုပဲ။" ရှောင်လျိုက အံကြိတ်ကာ ပြောလိုက်၏။
အမျိုးသားက ဖြည်းညင်းစွာ မတ်တတ်ရပ်ကာ ရှောင်လျို၏ အနောက်သို့ လျှောက်သွားပြီး ပခုံးပေါ် လက်တင်ကာ ပြုံး၍ ပြောလိုက်သည်။
"လူငယ်လေး ... စောစောစီးစီး အရမ်း မပျော်ပါနဲ့အုံး။ ခြောက်ဆယ် ရာခိုင်နှုန်းသော လူတွေက ကျုပ်ဆီမှာ နှစ်ရက်အတွင်း ဝန်ခံသွားကြတယ်။ နောက်ထပ် နှစ်ဆယ် ရာခိုင်နှုန်းကတော့ သုံးရက်အထိ တောင့်ခံနိုင်ကြတယ်။
နည်းနည်း ထူးချွန်တဲ့ လူတချို့ကတော့ ငါးရက်အထိ တောင့်ခံနိုင်ကြပြီး တချို့ဆို ဆယ်ရက်အထိတောင် တောင့်ခံနိုင်ခဲ့ကြတယ်။ ဒါပေမယ့် အရမ်း နှမြောစရာ ကောင်းတာက ဒီလိုလူမျိုးတွေ အပြင်ထွက်လာတဲ့ အခါ ဦးနှောက်က မူမမှန်တော့ဘူး။
ဒါပေမဲ့ စိတ်ချပါ။ ကျုပ်တို့ တောက်ယွမ်ခရိုင်က ကိုယ်ကျင့်တရားနဲ့ လူ့သဘာဝကို နားလည်တဲ့ နေရာတစ်ခုပါ။ တကယ်လို့ အကျဉ်းသားကို စစ်ဆေးလို့ စိတ်ပိုင်းဆိုင်ရာ ပြဿနာ ဖြစ်သွားရင်တောင်မှ ကျုပ်တို့ ခရိုင်ရဲ့ နောက်ဘက် တောင်ပေါ်က ကျောက်မီးသွေးတွင်းမှာ အလုပ်ပေးပြီး သူ့ကို ဆက်အသက်ရှင်နိုင်အောင် စီစဉ်ပေးအုံးမှာပါ။
လူငယ်လေး ... မင်းကို ကျုပ် တကယ် သဘောကျတယ်။ အံ့ဖွယ်ရာ တစ်ခု ဖန်တီးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ တောင့်ခံထားနော်။"
အပိုင်း (၄၃၉) တပ်မှူးလျို၏ ဘဝသစ်။
ကျန်းဟူသည် အဝတ်အစားများ စုတ်ပြတ်သတ်နေသော ညီအစ်ကို ငါးယောက်၏ စကားကို တုန်ယင်စွာဖြင့် နားထောင်ပြီးနောက် ရင်ထဲတွင် အလွန်တရာ ဝမ်းနည်းသွားမိ၏။
လူနှစ်ရာ ... မြို့တံခါးတောင် မဝင်ရသေးဘဲ အကုန်လုံး သေကုန်ပြီလား။
အဝတ်အစား စုတ်ပြတ်နေသော ညီအစ်ကို တစ်ယောက်က ငိုယိုကာ ပြောလိုက်သည်။ "တပ်မှူး ... ကျုပ်တို့ အမြန်ဆုံး ဝူမင်းသားနဲ့ သွားပူးပေါင်းတာပဲ ကောင်းမယ်။ ကျုပ်တို့တော့ မျှော်လင့်ချက် မရှိတော့ဘူး ထင်တယ်။
ဒီတစ်ခေါက် ကျုပ်တို့ သွားတဲ့အခါ ဟိုဘက်က ကြိုတင် ပြင်ဆင်ထားပြီးသား ဖြစ်နေပြီ။ တကယ်လို့ ရှောင်လျိုတို့သာ ကျုပ်တို့ကို ဖော်ထုတ်လိုက်ရင် ပိုပြီးတောင် မျှော်လင့်ချက် မရှိတော့ဘူး။"
ကျန်းဟူက ဒေါသတကြီးဖြင့် သူ့ကို ကန်ချပြီး ဆဲဆိုလိုက်၏။ "ပါးစပ်ပိတ်ထားစမ်း။ ကိုယ့်ညီအစ်ကိုတွေကို ကိုယ် နားမလည်ဘူးလား။ တောက်ယွမ်ခရိုင်ကို တိုက်ကို တိုက်ရမယ်။ မဟုတ်ရင် မင်းသားကို ဘယ်လို မျက်နှာပြရမလဲ။"
မင်းသား၏ စရိုက်ကို သူ နားလည်သည်။ သာမန်အချိန်များတွင် အလွန်တရာ ရက်ရောသော်ငြား တာဝန် မကျေပွန်လျှင်တော့ ကောင်းသော နိဂုံးချုပ်မှု မရှိနိုင်ချေ။
"ကျုပ်တို့ အချိန်မရှိတော့ဘူး။ တောက်ယွမ်ခရိုင်က မြို့တော်ဆီ သတင်းပို့လိုက်နိုင်တယ်။ အဲဒီအချိန်ကျရင် ကျုပ်တို့ ပိုပြီး ဒုက္ခရောက်လိမ့်မယ်။ ကျုပ်တို့ မြန်မြန်တိုက်ပြီး မြန်မြန်ဆုတ်ရမယ်။ မနက်ဖြန် ကျုပ်တို့ အကုန်လုံး လက်နက်တွေ ယူပြီး မြို့ပြင်ထွက်ကြမယ်။ မြို့ပြင်ရောက်မှ သေချာ ပြင်ဆင်ကြမယ်။"
"တပ်မှူး ... ကျုပ်တို့ဆီမှာ မြင်းမရှိတော့ဘူးလေ။" မဟန်သော အသံတစ်သံ ထွက်ပေါ်လာ၏။
တောက်။
ကျန်းဟူ၏ နဖူးတွင် သွေးကြောများ ထောင်ထလာပြီး အံကြိတ်ကာ ပြောလိုက်သည်။ "ဒါဆိုရင်လည်း သွားဝယ်ကြလေ။ ဘယ်ကနေ ရောင်းလိုက်တာလဲ။ အဲဒီကနေ ပြန်သွားဝယ်ကြ။ ပိုက်ဆံ မလောက်ရင် စုကြ။ ချေးကြ။"
"တပ်မှူး ... ဒါဆို လမ်းကြေးကောက်ဂိတ် ဖြတ်ဖို့ ပိုက်ဆံ မရှိရင် ဘယ်လိုလုပ်မလဲ။" နောက်ထပ် မဟန်သော အသံတစ်သံ ထွက်ပေါ်လာပြန်၏။
"ဘယ်သူ မေးတာလဲ။ ဘယ်သူလဲ။"
ကျန်းဟူက ဒေါသတကြီးဖြင့် အရှေ့ရှိ ညီအစ်ကိုများကို စိုက်ကြည့်လိုက်သည်။ "ပါးစပ်ပိတ်ထားကြစမ်း။ ကျုပ် စကားမဆုံးမချင်း ဝင်မပြောနဲ့။
လမ်းကြေးကောက်ဂိတ်တွေကို ဂရုစိုက်နေစရာ မလိုတော့ဘူး။ ညီအစ်ကိုတွေ အဖမ်းခံရမှတော့ ကျုပ်တို့က ဓားပြနှိမ်နင်းရေးကို အကြောင်းပြပြီး အစိုးရ အမိန့်စာ အတုလုပ်ပြီး မြို့ထဲ တိုက်ရိုက် ဝင်ကြမယ်။ ဘယ်သူ မေးစရာ ရှိသေးလဲ။"
"သူတို့က မယုံဘဲ မြို့တံခါး မဖွင့်ပေးရင်ရော။"
ကျန်းဟူက အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။ "တံဆိပ်တုံး ရှိတယ်လေ။ ပြီးတော့ အမိန့်ပေး တံဆိပ်ပြား အတု တစ်ခုလောက် လုပ်လိုက်မယ်။ မြို့တော် အနီးအနားက ခရိုင်လေး တစ်ခုက ဘယ်လိုလုပ် မယုံဘဲ နေမှာလဲ။
ပြီးတော့ ဓားမြှောင်တွေ ယူမသွားနဲ့တော့။ အဲဒီအချိန်ကျရင် အကုန်လုံး ဓားရှည်တွေ ပြောင်းကိုင်ကြ။ မြို့ထဲ ရောက်တာနဲ့ သူတို့ကို သွေးကြွေး ပြန်ဆပ်ခိုင်းမယ်။"
အဝတ်အစား စုတ်ပြတ်နေသော ညီအစ်ကိုက စိုးရိမ်တကြီး ပြောလိုက်သည်။ "တပ်မှူး ... အတုလုပ်တာကို တစ်ယောက်ယောက် သိသွားရင် ဘယ်လိုလုပ်မလဲ။ တကယ် ပြဿနာ မရှိနိုင်ဘူးလား။ တောက်ယွမ်ခရိုင်ကို သာမန် အသိဉာဏ်နဲ့ ဆုံးဖြတ်လို့ မရဘူးလို့ ကျုပ် ထင်တယ်။"
ကျန်းဟူက စိတ်ရှုပ်စွာဖြင့် ပြောလိုက်၏။ "တော်တော့။ ကျုပ်ဘာသာ စီစဉ်ထားတာ ရှိပါတယ်။ ဖန်ကျန်းရီ ခရိုင်ထဲမှာ မရှိဘူး။ အသိဉာဏ်တိုတဲ့ လက်အောက်ငယ်သား တစ်စုက ဘာသိမှာလဲ။
အကုန်လုံး စောစော နားကြတော့။ မြင်းဝယ်မယ့်သူတွေ မြင်းသွားဝယ်ကြ။ ကျုပ်တို့ မနက်ဖြန် အမြန်ဆုံး ထွက်ခွာမယ်။"
...
နောက်တစ်နေ့၊ တောက်ယွမ်ခရိုင် မြို့ရိုးပေါ်တွင်။
တပ်မှူးလျိုက မြို့ရိုးပေါ်တွင် တာဝန်ကျနေပြီး မေးစေ့ကို ထောက်ကာ အဝေးသို့ ငေးကြည့်ရင်း မည်သည့်အရာကို တွေးတောနေသည် မသိချေ။
ဘေးရှိ ညီအစ်ကိုက သူ့ကို မြင်သောအခါ မေးလိုက်၏။ "အစ်ကိုကြီး ... မိန်းမကို လွမ်းနေတာလား။ ညကျရင် သွားပျော်ပါးကြမလား။"
တပ်မှူးလျိုက ခေါင်းခါလိုက်သည်။ "ထားလိုက်ပါ။ ပိုက်ဆံစုအုံးမယ်။ ဒီနှစ် ဆုကြေးငွေ ရပြီးရင် နောက်နှစ် ကျုပ် ဆက်မလုပ်တော့ဘူး။ အပြင်ထွက်ပြီး စီးပွားရေး လုပ်မလို့။"
"စီးပွားရေး .. အစ်ကိုကြီး ... မဖြစ်နိုင်တာတွေ မတွေးပါနဲ့။ အလုပ်တစ်ခုနဲ့ တစ်ခုက တောင်တစ်လုံး ခြားသလိုပဲ။ ကျုပ်တို့က ဘယ်လိုလုပ် စီးပွားရေး လုပ်တတ်မှာလဲ။ အဲဒီအချိန်ကျရင် အရင်းပါ ပြုတ်သွားလိမ့်မယ်။"
တပ်မှူးလျိုက မြို့တော်ရှိရာ အရပ်သို့ လှမ်းညွှန်ပြလိုက်ပြီး သူ၏ လေသံတွင် အားကျမှု အနည်းငယ် ပါဝင်နေ၏။ "ခရိုင်ထဲမှာ မျောက်ကစားပြတဲ့ အစ်ကိုစွန်းလေ။ မနေ့ညက ညတွင်းချင်းပဲ မြင်းတွေကို ရောင်းထုတ်လိုက်တာ။ အမြတ်တွေ အများကြီး ရသွားတယ်။
မျောက်ကစားပြတဲ့ သူတောင် ပိုက်ဆံရှာနိုင်သေးတာပဲ။ ကျုပ်က ဘာလို့ ရှာမရမှာလဲ။ ကျုပ် စဉ်းစားကြည့်ပြီးပြီ။ ဒီလစာလေးနဲ့ပဲဆိုရင် တစ်သက်လုံး ချမ်းသာမှာ မဟုတ်ဘူး။”
ပြောရင်းဖြင့် တပ်မှူးလျို၏ လက်က ညီအစ်ကို၏ ပခုံးပေါ်သို့ ရောက်သွားပြီး အကြံပေးလိုက်သည်။ "ရှောင်ချန် ... မင်း ငယ်သေးတယ်။ မိန်းမ မရသေးဘူးဆိုတော့ လောကဓံ အခက်အခဲတွေကို မသိသေးဘူး။
ကျုပ်တို့ ခရိုင်က မိန်းမတွေ ဘယ်လောက်တောင် ရိုင်းလဲ သိလား။ မင်းနေတဲ့ အိမ်က ခရိုင်က ပေးထားတဲ့ သက်သာချောင်ချိရေး အိမ်ဆိုရင် သူတို့က မင်းကို အထင်သေးကြတယ်။ ကိုယ်ပိုင် အိမ်သာလေးတောင် မရှိတဲ့သူနောက်ကို ဘယ်သူက လိုက်ချင်မှာလဲ။"
ရှောင်ချန် တိတ်ဆိတ်သွား၏။ "အချစ်စစ်ဆိုရင် နေစရာ နေရာလေး တစ်ခု ရှိရင် ရပြီလေ။"
"မရူးပါနဲ့ကွာ။ လူငယ်တွေ အကုန်လုံး အဲဒီလိုပဲ တွေးကြတာပဲ။ အချိန်ကြာလာရင် မင်းနဲ့ အတူတူ ဒုက္ခခံမယ့် မိန်းမ မရှိဘူးဆိုတာ သိလာလိမ့်မယ်။
ဒီမိန်းမတွေက အပြိုင်အဆိုင်စိတ် အရမ်းပြင်းထန်ကြတယ်။ တွဲခါစ အချိန်လေးမှာတော့ အရာအားလုံးက သကာရည်လောင်းထားသလို ချိုမြိန်နေကြတာပါပဲ။ ဒါကိုပဲ အချစ်စစ်ကြီးလို့ ထင်နေကြတာကိုး။ နှစ်နှစ်လောက်သာ အချိန်ကြာသွားကြည့်၊ မင်းမိန်းမက မင်းကိုတောင် ပြန်ပြီးဆဲဆိုနေလိမ့်မယ်။
မိန်းမ အကြောင်းကို ထားလိုက်အုံး။ ကလေး ရလာလို့ ကလေးကို ကျောင်းပို့ရမယ်ဆိုရင် ကျောင်းနဲ့ နှစ်လီလောက် အကွာမှာတင် ကလေးက မင်းကို ပို့ခွင့်မပေးတော့ဘူး။ ဘာလို့လဲ။ တခြားလူတွေ မြင်းစီးပြီး လာပို့တဲ့အချိန် မင်းက မြည်းစီးပြီး လာပို့တာကိုး။
ကလေးက ရှက်တာပေါ့။ ညဘက် အိမ်ပြန်ရောက်ရင် မိန်းမရော ကလေးပါ မင်းကို ဝိုင်းပြီး အပြစ်တင်ကြလိမ့်မယ်။ အဲဒါကို မင်း ခံနိုင်ရည် ရှိတယ်ဆိုရင် အချစ်စစ် အကြောင်း ဆက်ပြောကြတာပေါ့။"
တပ်မှူးလျိုက အတွေ့အကြုံရင့်ကျက်သူ တစ်ယောက်၏ ပုံစံမျိုးဖြင့် ပြောလိုက်ရာ မျက်နှာပေါ်တွင်လည်း ခပ်ရေးရေး ဝမ်းနည်းမှုများ ရှိနေသည်။
ရှောင်ချန်က မကျေမနပ်ဖြင့် ပြောလိုက်၏။ "ဒါဆို ကျုပ် မြို့တော်မှာ သွားရှာမယ်။"
"အစ်ကို ပြောတာကို နားထောင်စမ်းပါ။ နယ်ဝေးက လူတွေကို မရှာနဲ့။ ဒီက လူတွေကိုပဲ ရှာ။ ခရိုင်မှာ နှစ်ကုန်ရင် ငွေတွေ ဝေပေးတာမျိုး နယ်ဝေးက လူတွေ ရလို့လား။ ကလေးတွေ ကျောင်းတက်ရင်ရော ကျောင်းလခ ထောက်ပံ့ကြေး မရှိဘူးလေ။ မရူးစမ်းပါနဲ့။"
ရှောင်ချန်က လေးနက်စွာ တွေးတောလိုက်သည်။ "စီးပွားရေး လုပ်တာက အန္တရာယ် အရမ်းများတယ်။ ခရိုင်က ပေးတဲ့ အိမ်က မကောင်းဘူးဆိုရင် ခရိုင်ဆီက ငွေချေးပြီး အိမ်ကြီးကြီး တစ်လုံး ဝယ်လိုက်ပေါ့။ အဲဒီအချိန်ကျရင် မိန်းမ ရှားအုံးမလား။"
တပ်မှူးလျိုက အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။ "အိမ်ကြီးကြီး ဝယ်ချင်သေးတာလား။ အခု ခရိုင်ထဲမှာ မြေဈေးတွေ ဘယ်လောက်တောင် မြန်မြန် တက်နေလဲ မင်း မမြင်ဘူးလား။
ဘိုးဘေး ဆယ့်ရှစ်ဆက် ချေးငွေ ဆိုတာလေ။ မင်းသာ ချေးလိုက်လို့ကတော့ ဒီတစ်သက် ပြန်ဆပ်နိုင်တော့မှာ မဟုတ်ဘူး။ အတိုးက နှစ်တိုင်း တက်နေတာ။ မင်း ဘိုးဘေး ဖြစ်တဲ့ အရွယ်ရောက်မှ ပြန်ဆပ်လို့ ပြီးလောက်မယ်။
စဉ်းစားကြည့်လေ။ မင်းရဲ့ မြစ်လေးက မွေးလာတာနဲ့ အကြွေးတင်နေပြီ။ ကြီးလာလို့ နားလည်လာရင် မင်းရဲ့ အရိုးပြာကိုတောင် သူ လွှင့်ပစ်လိုက်အုံးမယ်။"
ရှောင်ချန်က စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။ "အစ်ကို ... အစ်ကို ပြောတာ သိပ်မှန်တာပဲ ... ။ ကျုပ် အရင်က ဘာလို့ မစဉ်းစားမိတာလဲ။ အစ်ကို မပြောခင်က ကျုပ်ဘဝလေးက အဆင်ပြေတယ်လို့ ထင်နေတာ။ အခု အစ်ကို ပြောလိုက်မှ ကျုပ်ဘဝကြီးက မျှော်လင့်ချက် မရှိတော့သလို ခံစားရတယ်။"
"အဲဒါ မှန်တာပေါ့။ လူငယ်တိုင်း အဲဒီလိုချည်းပဲ။ ဒီအချိန် ဗိုက်ဝရင် ပြီးရော၊ နောက်တစ်ချိန် စားဖို့ မတွေးကြဘူး။ အပူအပင်ကင်းကြတာပေါ့။ အစ်ကိုက အတွေ့အကြုံ ရှိပြီးသား လူလေ။ ဒါကြောင့် အပြင်ထွက်ပြီး စီးပွားရေး လုပ်မှပဲ ဘဝကောင်းကောင်း ရမှာ။"
ကိုယ့်ညီငယ်လေး သဘောပေါက်သွားသည်ကို မြင်သောအခါ တစ်ပါးသူအပေါ် စိုးရိမ်မှုများကို အောင်မြင်စွာ ရောင်းချနိုင်ခဲ့သော တပ်မှူးလျိုလည်း ကျေနပ်စွာ ပြုံးလိုက်၏။
ရှောင်ချန်က နှုတ်ခမ်းကို သပ်ကာ မျက်လုံးများ ဟိုဒီလှည့်ကြည့်ပြီး ရုတ်တရက် ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။ "အစ်ကို ... ကျုပ်လည်း အစ်ကိုနဲ့ အတူတူ စီးပွားရေး လိုက်လုပ်လို့ ရမလား။ ကျုပ် လုပ်နိုင်ပါ့မလား။"
"ရတာပေါ့။ သိပ်ရတာပေါ့ ညီလေးရယ်။ အစ်ကို ချမ်းသာရင် မင်းကို ချန်ထားခဲ့ပါ့မလား။" တပ်မှူးလျို ရယ်မောလိုက်၏။
စီးပွားရေး မစရသေးခင် အစုစပ် တစ်ယောက် အရင်ရသွားလိမ့်မည်ဟု ထင်မထားခဲ့ချေ။ ထိုသို့ဆိုလျှင် ငွေကြေး ဖိအားလည်း အများကြီး လျော့သွားပြီပေါ့။
"နှစ်သစ်ကူး ပြီးတာနဲ့ အစ်ကိုက ပုံနှိပ်တိုက်က အစ်ကိုချန်ဆီ သွားပြီး သက်သေခံ လက်မှတ် အတု နှစ်ခု လုပ်ခိုင်းမယ်။ ပြီးရင် ကျုပ်တို့ အတူတူ အပြင်ထွက်ပြီး စွန့်စားကြမယ်။"
ရှောင်ချန်လည်း အလွန် ဝမ်းသာသွားသည်။ "အစ်ကို … ဒါဆို ကျုပ်တို့ ဘာစီးပွားရေး လုပ်ကြမလဲ။"
"မြင်း။ မြင်းရောင်းမယ်။ အစ်ကို ထင်တာတော့ ဒါက အလားအလာ ရှိတယ်။
နှစ်သစ်ကူး ပြီးတာနဲ့ ကျုပ်တို့ ဟန်ကျန်းမြို့ကို သွားပြီး မြင်းတွေ ဝယ်မယ်။ ပြီးရင် မြို့တော်ကို သွားရောင်းမယ်။ ဟန်ကျန်းမြို့က ကုန်ဈေးနှုန်းက မြို့တော်ထက် အများကြီး သက်သာတယ်လို့ အစ်ကို စုံစမ်းထားပြီးပြီ။ မြို့တော်ရဲ့ ဈေးကွက်ကလည်း အရမ်းကောင်းတယ်။
အစ်ကိုစွန်းတောင် မြင်းနှစ်ထောင်ကို အဲဒီလောက် မြန်မြန် ရောင်းထုတ်နိုင်ခဲ့တာ။ ဈေးပေါပေါ ဝယ်၊ ဈေးကြီးကြီး ရောင်း။ အမြတ်တွေ အများကြီး ရမှာကွ။"
ရှောင်ချန် မှင်သက်သွား၏။ တခြားလူက မြင်းရောင်းလို့ ကိုယ်တွေကပါ လိုက်ရောင်းမလို့လား။
လမ်းက မြက်ခြောက်ဖိုးတွေ၊ အနည်းဆုံး အခွန် နှစ်ဆင့်လောက် ဆောင်ရအုံးမယ်။ ပြီးတော့ လမ်းကြောင်း ရှင်းဖို့ ပိုက်ဆံတွေလည်း ပေးရအုံးမယ် ... မြို့တော်ရောက်ရင်ရော အမြတ်ကျန်ပါအုံးမလား။
ထားလိုက်ပါတော့။ တပ်မှူးလျိုက ဒီလောက် နားလည်နေတာပဲ၊ သေချာပေါက် တွက်ချက်ထားပြီးသား ဖြစ်မှာပါ။ သူနဲ့ လိုက်ပြီး ချမ်းသာအောင် လုပ်ဖို့ပဲ လိုတယ်။
သူတို့နှစ်ယောက်လုံးက မြို့တော်ရှိရာ အရပ်သို့ လှမ်းကြည့်လိုက်ကြပြီး မျက်လုံးများထဲတွင် မျှော်လင့်ချက်များ အပြည့်အဝ ရှိနေ၏ ... ။
အနာဂတ်အကြောင်း တွေးတောနေစဉ် အဝေးမှ ဖုန်လုံးကြီး တစ်ခု ရုတ်တရက် ထသွားသည်ကို တွေ့လိုက်ရသည်။
တပ်မှူးလျိုက ချက်ချင်း မှန်ပြောင်းကို ယူကာ ကြည့်လိုက်၏။
လူတစ်ထောင်ကျော်ခန့်က မြင်းများ စီးကာ ခရိုင်မြို့ဆီသို့ အရှိန်အဟုန်ဖြင့် ချီတက်လာနေသည်ကို တွေ့လိုက်ရသည်။
မြင်းစီးပြေးလွှားနေစဉ်အတွင်း တပ်ဖွဲ့အနေအထားကလည်း စည်းကမ်းတကျ ရှိနေရာ တကယ့် စစ်တပ် အစစ်အမှန် ဖြစ်ကြောင်း သိသာလှ၏။
တပ်မှူးလျို မျက်နှာပျက်သွားပြီး သေချာ အကဲခတ်ပြီးနောက် ဘေးရှိ ရှောင်ချန်ကို အလျင်စလို ပြောလိုက်၏။ "အမြန် ... ခရိုင်ရုံးတော်ကို သွားအကြောင်းကြား။ အပြင်က ရန်သူ အများကြီး ဝင်လာနိုင်တယ်။ လူတိုင်းကို ပြင်ဆင်ထားဖို့ ပြော။ ပြည်သူတွေကိုလည်း အိမ်ထဲ ဝင်ခိုင်းထားလိုက်။"