အခန်း (၄၄၂-၄၄၃)
Vol. 25 Ch. 442-443
အပိုင်း (၄၄၂) ဖန်ကျန်းရီ မြို့ထဲဝင်ခြင်း
သူ့ရှေ့တွင် တင်းကျပ်စွာ ပိတ်ထားသော မြို့တံခါးကို ကြည့်ရင်း ဖန်ကျန်းရီက တစ်ခုခုတော့ မှားယွင်းနေပြီဟု ခံစားလိုက်ရသည်။
နေ့ခင်းကြောင်တောင်ကြီး မြို့တံခါး ပိတ်ထားသည်ဆိုတော့ မြို့ထဲမှာ ပြဿနာ တစ်ခုခု ဖြစ်နေတာ သေချာ၏။
ရှဲ့ရှန်းများ ဖြစ်နေမည်လား ... ။
မြို့ရိုးပေါ်မှ အစောင့်စစ်သားက သူစိမ်း ယာဉ်တန်း တစ်ခု ရောက်လာသည်ကို မြင်သောအခါ အသံကျယ်ကျယ်ဖြင့် အော်မေးလိုက်၏။ "လာတဲ့သူတွေက ဘယ်သူတွေလဲ။ ဘာကိစ္စ ရှိလို့လဲ။ နာမည် ပြောစမ်း။"
"ကျုပ်က အမတ် ဖန်ကျန်းရီပဲ။ နယ်မြေတွေကို လှည့်လည်စစ်ဆေးဖို့ အမိန့်ရလာတာ။ မြို့တံခါး အမြန်ဖွင့်ပေး။"
အစောင့်စစ်သားက ထိုစကားကို ကြားသောအခါ ချက်ချင်း စိုးရိမ်သွားပြီး အထောက်အထား ယူရန် မြို့ရိုးပေါ်မှ ခြင်းတောင်း တစ်ခုကို ချပေးလိုက်သည်။
ဖန်ကျန်းရီကလည်း စကားပိုတွေ ပြောမနေဘဲ ဧကရာဇ်၏ အမိန့်စာကို တိုက်ရိုက် ထည့်ပေးလိုက်၏။
အထောက်အထားကို ရရှိသွားပြီးနောက် မြို့ရိုးပေါ်မှ အော်ပြောလိုက်သည်။ "အမတ်မင်း ခဏလောက် စောင့်ပါအုံး။ သွားပြီး သတင်းပို့လိုက်ပါ့မယ်။"
မကြာမီမှာပဲ မြို့တံခါး ပွင့်လာပြီး ရုံးအဝတ်အစား ဝတ်ဆင်ကာ မုတ်ဆိတ်မွေးနှင့် အမျိုးသား တစ်ယောက် မြို့တံခါးဝတွင် ပေါ်လာ၏။
ဖန်ကျန်းရီက ခပ်မြန်မြန် လျှောက်သွားပြီး နွေးထွေးစွာ ပြောလိုက်သည်။ "ခင်ဗျားက အမတ်ဝမ်ချန် မဟုတ်လား။"
မလာခင်ကတည်းက သူက ကြိုတင် ပြင်ဆင်မှုတွေ လုပ်လာခဲ့ပြီး ဟိုင်ယွမ်မြို့အကြောင်းကို အတိုင်းအတာ တစ်ခုအထိ နားလည်ထားသည်။
ဤဒေသကို အုပ်ချုပ်နေတဲ့ အရာရှိက ဝမ်ချန် ဖြစ်၏။
ဝမ်ချန်က ဖန်ကျန်းရီကို အမြန် အကဲခတ်လိုက်ပြီး ရင်ထဲတွင် အနည်းငယ် စိုးရိမ်နေသည်။
"ကျုပ်က ဝမ်ချန်ပါ။ အမတ်မင်းဖန်ကို ဂါရဝပြုပါတယ်။ အမတ်မင်း ဒီကို လာတာ ဘာကိစ္စများ ရှိလို့ပါလဲ။"
သူက အပြင်ပန်းတွင် ပြုံးနေသော်ငြား ရင်ထဲတွင်တော့ အလွန်တရာ သတိထားနေ၏။
ဖန်ကျန်းရီက လျိုရွှန်းကို ကိုယ်တိုင် ဖမ်းဆီးခဲ့သည့် ရက်စက်သော လူတစ်ယောက်ဖြစ်သည်။
သူ့ဘက်မှာလည်း ဆားကုန်သည်တွေနှင့် ပတ်သက်ပြီး လျှို့ဝှက်ချက်တွေ အများကြီး ရှိနေသည်။ ဆားကုန်သည်တွေကို လာရောက်စစ်ဆေးခြင်းများလား။
ဖန်ကျန်းရီက ပြုံးရွှင်စွာ ပြောလိုက်၏။ "ကျုပ်က နယ်မြေတွေကို လှည့်လည်စစ်ဆေးဖို့ အမိန့်ရလာတာပါ။ ဟိုင်ယွမ်မြို့ကို ဖြတ်သွားရင်းနဲ့ ဟိုင်ယွမ်မြို့ နာမည်ကြီးတာကို ကြားဖူးလို့ လာလေ့လာကြည့်တာပါ။ ပြီးတော့ ခဏလောက် အနားယူပြီး ရက်အနည်းငယ်နေရင် ပြန်ထွက်သွားမှာပါ။ အခု နေ့ခင်းကြောင်တောင်ကြီး ဘာလို့ မြို့တံခါးကို ပိတ်ထားရတာလဲ။"
ဝမ်ချန်က အနေခက်စွာ ပြုံးလိုက်သော်ငြား ရင်ထဲတွင်တော့ သတိထားနေဆဲပင်။
သို့သော်ငြား မြို့ထဲမှာ ပြဿနာ ကြီးကြီးမားမား ဖြစ်နေသည်ကို သူ ဖုံးကွယ်ထားလို့လည်း ရမှာမဟုတ်ပေ။ ထို့ကြောင့် မတတ်သာဘဲ ပြောပြလိုက်ရသည်။ "အမတ်မင်း ... မြို့ထဲက သူဌေးကြီး လွီမိသားစုကို ဓားပြတွေ ဝင်ပြီး ဓားစာခံအဖြစ် ဖမ်းထားလို့ပါ။
ကျုပ်လည်း လူလွှတ်ပြီး ဖြေရှင်းခိုင်းထားပါတယ်။ ဓားပြတွေ ထွက်ပြေးသွားမှာ စိုးလို့ မြို့တံခါးကို ပိတ်ခိုင်းထားတာပါ။"
ဖန်ကျန်းရီ၏ ရင်ထဲတွင် ထိတ်လန့်သွား၏။ "ဘယ်လို ဓားပြတွေက ဒီလောက် ဖမ်းရခက်နေတာလဲ။ ဒီကိစ္စ ဖြစ်တာ ဘယ်လောက်ကြာပြီလဲ။"
"ငါးရက် ရှိပါပြီ။ ဓားပြတွေ ဘယ်သူဘယ်ဝါဖြစ်ကြောင်းကိုတော့ မသိရသေးပါဘူး။ ဒါပေမဲ့ ဒေသခံတွေ မဟုတ်တာတော့ သေချာပါတယ်။" ဝမ်ချန်၏ မျက်နှာပေါ်တွင် အနည်းငယ် ခါးသီးသော အရိပ်အယောင်များ ရှိနေသည်။
"သတ္တိတော်တော်ကြီးတာပဲ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျုပ်လည်း လမ်းမှာ အသက်လု ထွက်ပြေးနေတဲ့ လူတစ်စုနဲ့ တွေ့ခဲ့သေးတယ်။ ကံကောင်းလို့ သူတို့ ထွက်ပြေးလွတ်မြောက်သွားတာ။ တစ်အုပ်စုတည်း ဖြစ်နေမလား မသိဘူး။" ဖန်ကျန်းရီက ဒေါသတကြီး ပြောလိုက်သည်။
သူက ပါးစပ်ကနေ ကြမ်းတမ်းစွာ ပြောနေသော်ငြား ရင်ထဲတွင်တော့ အနည်းငယ် သက်သာရာ ရသွား၏။ ရှဲ့ရှန်းတို့ ပြဿနာတစ်စုံတစ်ရာနှင့် ရင်ဆိုင်ကြုံတွေ့နေရသည် ဆိုသော်ငြားလည်း ယခုအချိန်တိုင်အောင် ဖမ်းဆီးခြင်း မခံရသေးသည်မှာ ကံကောင်းနေသေး၏။
"ဒါ ... တကယ်ပဲ ဖြစ်နိုင်တယ်။ တစ်အုပ်စုတည်းများလား ... လွီမိသားစု တစ်ခုလုံး ဓားစာခံ ဖြစ်နေရုံတင် မကဘူး၊ ဓားပြတွေက လွီအိမ်တော်ထဲမှာ ရမ်းကားပြီး လူတွေပါ သတ်နေကြတယ်။ လွီမိသားစုရဲ့ သားအကြီးဆုံး၊ သားအလတ်၊ သားအငယ်ဆုံးနဲ့ အိမ်တော်ထိန်းတောင် အသတ်ခံလိုက်ရပြီ။ ကျုပ်တို့ လူလွှတ်ပြီး ဝင်သွားတာနဲ့ သူတို့က လူသတ်တော့တာပဲ။
အမတ်မင်းဖန် ... လွီမိသားစုက ဆားကုန်သည်ကြီး လေးယောက်ထဲက တစ်ယောက်ပါ။ တကယ်လို့ သခင်ကြီးလွီသာ တစ်ခုခု ဖြစ်သွားရင် တောင်ပိုင်း ဒေသအများအပြားရဲ့ ဆားထောက်ပံ့မှုမှာ ပြဿနာတွေ ဖြစ်လာနိုင်တယ်။ ကျုပ်လည်း ဘာမှ လုပ်လို့မရတော့ဘဲ ဓားပြတွေရဲ့ အခြေအနေကို စောင့်ကြည့်နေရပါတယ်။"
"ဓားပြတွေက ခင်ဗျားတို့နဲ့ အပေးအယူ မလုပ်ဘူးလား။" ဖန်ကျန်းရီက မေးလိုက်၏။
"မလုပ်ဘူး။ အခြေအနေကို စောင့်ကြည့်နေရုံပဲ။ ကျုပ်တို့က အစိုးရစစ်သားတွေကို လွှတ်လိုက်တာနဲ့ သူတို့က အပြစ်မဲ့ ပြည်သူတွေကို ဒုက္ခပေးတော့မယ်။
ကျုပ် တွေးကြည့်တာကတော့ ... သူတို့ အခြေအနေကို ဆက်မစောင့်ကြည့်နိုင်တော့တဲ့ အချိန်ကျရင် အလိုလို အပေးအယူ လုပ်လာလိမ့်မယ်။ အဲဒီအချိန်ကျမှ ပြည်သူတွေကို ကယ်တင်ဖို့ နည်းလမ်းရှာရမယ်။"
ဝမ်ချန်မှာလည်း ရင်ထဲတွင် အခက်အခဲတွေ အများကြီး ရှိနေသည်။
ထိုခွေးယုတ်မာတို့မှာ သူနှင့် အပေးအယူတစ်စုံတစ်ရာ မပြုလုပ်ဘဲ အခြေအနေကိုသာ စောင့်ကြည့်နေကြရာ မည်သည့်အရာကို တောင်းဆိုလိုကြောင်းကိုပင် မသိနိုင်ချေ။
အတင်းအဓမ္မ ဝင်ရောက်တိုက်ခိုက်ရန်လည်း မရဲဝံ့ကြပေ။ အကယ်၍များ သခင်ကြီးလွီသာ သေဆုံးသွားခဲ့ပါက လွီမိသားစု၏ ပြိုလဲပျက်စီးမှုသည် တောင်ပိုင်းဒေသ တစ်ခွင်လုံးရှိ ဆားလုပ်ငန်းကိုပါ ထိခိုက်သက်ရောက်သွားပေလိမ့်မည်။
ထိုအခါ အထက်ပိုင်းမှ သေချာပေါက် လူစေလွှတ်၍ ပြင်းပြင်းထန်ထန် စစ်ဆေးမှုများ ပြုလုပ်လာပေလိမ့်မည်။ သူ၏ မကောင်းမှုများသည် ထိုသို့သော စစ်ဆေးမှုများကို ခံနိုင်ရည်ရှိမည် မဟုတ်ချေ ... ။
"လမ်းပြ။ ဘာအခြေအနေလဲဆိုတာ ကျုပ် ကိုယ်တိုင် သွားကြည့်မယ်။ နေ့ခင်းကြောင်တောင်ကြီး ဓားပြတွေက ဒီလောက်အထိ အတင့်ရဲနေတာ၊ ဟိုင်ယွမ်မြို့ထဲ ရောက်တာတောင် လူသတ်ရဲသေးတယ်ဆိုတော့ ဒီတစ်ခေါက် ကျုပ် ကိုယ်တိုင် သူတို့ကို နှိမ်နင်းမယ်။" ဖန်ကျန်းရီက မခံမရပ်နိုင် ဖြစ်နေသော အမူအရာဖြင့် ပြောလိုက်၏။
ဝမ်ချန်၏ ရင်ထဲတွင် ပို၍ စိုးရိမ်လာသည်။
အကယ်၍များ ဖန်ကျန်းရီသည် ရက်အနည်းငယ်မျှ အနားယူရန် လာရောက်ခြင်းသာ ဖြစ်ပါက အရာအားလုံး အဆင်ပြေပေလိမ့်မည်။
ဤကိစ္စရပ်၌ ဝင်ရောက်စွက်ဖက်ကာ မသိအပ်သောအရာများကို သိရှိသွားခဲ့ပါလျှင် ... သူ၏ အသက်အန္တရာယ်ပင် ကျရောက်သွားနိုင်သည်။
သို့သော်ငြားလည်း နှုတ်မှ ထုတ်ဖော်ပြောဆိုလာပြီ ဖြစ်ရာ သူ့အနေဖြင့်လည်း ငြင်းဆန်၍ မရနိုင်တော့ချေ။ အခြေအနေအရပ်ရပ်ကို စောင့်ကြည့်ပြီးမှသာလျှင် ဆက်လက်လုပ်ဆောင်ရပေတော့မည်။
ဝမ်ချန်က ခေါင်းညိတ်လိုက်ပြီးနောက် ဖန်ကျန်းရီကို ဦးဆောင်ကာ မြို့ထဲသို့ ဝင်ရောက်လာပြီး လွီမိသားစု၏ အိမ်တော်ကြီးဆီသို့ တိုက်ရိုက် ဦးတည်သွား၏။
ခြံဝင်းအပြင်ဘက်တွင် အစိုးရစစ်သား နှစ်ယောက်သာ စောင့်ကြပ်နေသည်ကို တွေ့ရသဖြင့် ဖန်ကျန်းရီက မေးလိုက်သည်။ "ဘာလို့ ဒီမှာ လူနှစ်ယောက်ပဲ ရှိတာလဲ။ ကျန်တဲ့လူတွေရော။"
ဝမ်ချန်က အလျင်အမြန် ရှင်းပြလိုက်၏။ "ကျန်တဲ့လူတွေ အကုန်လုံး အတွင်းဘက် အိမ်တော် အပြင်မှာ စောင့်နေကြတယ်။"
ဖန်ကျန်းရီက အင်း ဟု အသံပြုလိုက်ပြီးနောက် သူ၏ အနောက်ရှိ ယာဉ်တန်းကို ကြည့်ကာ ပြောလိုက်သည်။ "အကုန် ဆင်းကြ။ ခြေလျင် လျှောက်ပြီး ကျုပ်နဲ့အတူ ဓားပြတွေကို ဖမ်းဖို့ လိုက်ခဲ့ကြ။"
ရထားလုံးထဲမှ တောက်ယွမ်ခရိုင်၏ အထူးတပ်ဖွဲ့ဝင်များ အုံလိုက်ကျင်းလိုက် ဆင်းလာကြပြီး ရွှေယီပိုင်လည်း ပထမဆုံး ရထားလုံးထဲမှ ထွက်လာ၏။
ဖန်ကျန်းရီက အရှေ့သို့ တိုးသွားကာ သူမကို ကူညီပြီး တွဲဆင်းပေးလိုက်သည်။
လမ်းခရီး တစ်လျှောက်လုံး တော်တော်လေး ပင်ပန်းခဲ့ရသည်။ ကုန်းလမ်းကနေ ရေလမ်း ပြောင်းလိုက်၊ ရေလမ်းကနေ ကုန်းလမ်း ပြောင်းလိုက်နှင့် မိန်းကလေး တစ်ယောက်၏ ခန္ဓာကိုယ်က ယောကျာ်းတွေလောက် မသန်မာတော့ အစောကြီးတည်းက ပင်ပန်းနွမ်းနယ်နေပြီဖြစ်၏။
ဝမ်ချန်က ရွှေယီပိုင်ကို မြင်သောအခါ မျက်လုံးများ ပြူးကျယ်သွားသည်။
ဒီဖန်ကျန်းရီက သာမန် မဟုတ်ဘူးပဲ။
နယ်မြေ လှည့်လည်စစ်ဆေးတဲ့ အချိန် ဘေးနားမှာ အရမ်းလှတဲ့ အလှမယ်လေး တစ်ယောက် ခေါ်လာတယ်။ အစေခံမလေး မဟုတ်တာတော့ သေချာတယ်။ သူများတွေ အတင်းပြောမှာ မကြောက်ဘူးလား။ ကြည့်ရတာ အရက်နဲ့ မိန်းမကို မက်မောတဲ့သူ ဖြစ်မယ် ... ။
လူတိုင်း ရထားလုံးပေါ်မှ ဆင်းကာ တန်းစီပြီးနောက် ဖန်ကျန်းရီက လူအုပ်ကြီးကို လက်ညှိုးထိုး၍ ပြောလိုက်သည်။ "ဒါက လမ်းမှာ ကျုပ်ကို စောင့်ရှောက်လာတဲ့ ကိုယ်ရံတော်တပ်ဖွဲ့ပဲ။ ခင်ဗျားကို ကူညီပေးလို့ ရတာပေါ့။"
ဝမ်ချန်က တစ်ချက် ကြည့်လိုက်ပြီး ခါးသီးစွာ ပြောလိုက်၏။ "အမတ်မင်းဖန် ... တစ်ဖက်မှာ လူနှစ်ဆယ်ကျော်ပဲ ရှိတာပါ။ အစိုးရစစ်တပ်နဲ့တင် လုံလောက်ပါတယ်။ အမတ်မင်းရဲ့ လူတွေကို အပန်းခံစရာ မလိုပါဘူး။ ဒါပေမဲ့ အခု ပြဿနာက တစ်ဖက်မှာ ဓားစာခံတွေ ရှိနေလို့ပါ။ ဓားစာခံတွေရဲ့ လုံခြုံရေးကို ကျုပ်တို့ ကာကွယ်ပေးရမယ်လေ။"
"ကောင်းပြီ။ အကုန်လုံး ကျုပ်နောက်က လိုက်ခဲ့။ ဓားပြတွေနဲ့ စကားပြောဖို့ ကျုပ် ကိုယ်တိုင် သွားမယ်။"
"အမတ်မင်း ... သတိထားပါ။ သတိထားပါ။" ဝမ်ချန်က ခက်ခက်ခဲခဲ တားမြစ်လိုက်၏။
ဒီအမတ်ကြီးက ငါထင်ထားတာနဲ့ သိပ်မတူဘူးပဲ။ ဘာလို့ ဒီလောက်တောင် စိတ်မြန်လက်မြန် ရှိနေရတာလဲ။ မြို့ထဲ ဝင်ခါစပဲ ရှိသေးတာကို ... ۔
"တော်တော့။ စကားပိုတွေ ပြောမနေနဲ့။ ဝင်မယ်။"
ခြံဝင်းထဲ ရောက်သည်နှင့် ဖန်ကျန်းရီက နေရာအနှံ့ကို လိုက်လံကြည့်ရှုနေပြီး လှပသော ရှုခင်းများကို ကြည့်ကာ ရင်ထဲတွင် တိတ်တဆိတ် အံ့အားသင့်နေမိ၏။ အတော်ကြာအောင် လျှောက်ပြီးနောက် အနည်းငယ် ပင်ပန်းလာသဖြင့် မေးလိုက်သည်။ "ဘယ်လောက် ဝေးသေးလဲ။ လွီမိသားစုက ဒီလောက်တောင် ဇိမ်ကျကျ နေတာလား။ ဒီလောက် ကြီးမားတဲ့ အိမ်တော်မျိုး ကျုပ်လည်း ပထမဆုံး မြင်ဖူးတာပဲ။"
ဝမ်ချန်က အနေခက်စွာ ပြုံးလိုက်၏။ "ရောက်တော့မှာပါ။ လွီမိသားစုက ချန်တိုင်းပြည် လက်ထက်ကတည်းက ဆားလုပ်ငန်း လုပ်လာတာဆိုတော့ ဒီလောက် နှစ်ပေါင်းများစွာ စီးပွားရေး လုပ်လာတဲ့ မိသားစုက ဒီလို အိမ်တော်မျိုး ရှိတာလည်း သဘာဝကျပါတယ်။ ကျုပ်လည်း ဒီအိမ်တော်ကို ပထမဆုံး မြင်ဖူးတုန်းက အရမ်း အံ့ဩသွားခဲ့တာ။"
နောက်ထပ် ငါးမိနစ်ခန့် လျှောက်သွားပြီး ခမ်းနားထည်ဝါသော အဆောက်အအုံ အချို့ကို ကျော်လွန်သွားသောအခါ ဖန်ကျန်းရီတို့ အရှေ့တွင် သေသပ်လှပသော အဆောက်အအုံငယ် တစ်ခု ပေါ်လာသည်။
ရွှေ၊ ကျောက်စိမ်းတို့ဖြင့် မွမ်းမံအလှဆင်ထားပြီး ခေါင်မိုးများမှာလည်း လှပတင့်တယ်ကာ အဆင့်အတန်းမြင့်မား၍ ကျက်သရေရှိလှသည်။ ဤနေရာသည် အခြားသော နေရာများနှင့် လုံးဝ ခြားနားနေသည်မှာ သေချာ၏။
အဆောက်အအုံ၏ အပြင်ဘက် ခြံဝင်းအတွင်း၌ သွေးများဖြင့် မျဉ်းတစ်ကြောင်း တားဆွဲထားသည့်အလား ရှိနေသည်။ သို့သော်ငြားလည်း ထိုသွေးများကည ခြောက်သွေ့၍ မည်းနက်နေခဲ့သည်။
မျဉ်းအပြင်ဘက်မှာတော့ အစိုးရစစ်သားတွေက သုံးလေးထပ် ဝိုင်းရံထားကြပြီး ဝမ်ချန် လာသည်ကို မြင်သောအခါ အလိုအလျောက် လမ်းဖယ်ပေးကြ၏။
ဝမ်ချန်က အဆောက်အအုံကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ "ဒါက လွီမိသားစုရဲ့ တောင်ဘက် အဆောင်ပါ။ သခင်ကြီးလွီနဲ့ သခင်လေးတွေ နေတဲ့ နေရာပါ။ ဓားပြတွေက အဲဒီထဲမှာ ရှိတယ်။ ကျုပ်တို့က အဲဒီ မျဉ်းကို ကျော်သွားလို့ မရဘူး။ အပေါ်ထပ် ပြတင်းပေါက် တစ်ခုခုကနေ သူတို့ စောင့်ကြည့်နေတာ။ မျဉ်းကို ကျော်တာနဲ့ သူတို့က လူသတ်ပြီး ဒုတိယထပ်ကနေ အလောင်းကို ပစ်ချတော့တာပဲ။
အမတ်မင်းဖန် ... အခြေအနေကို ခင်ဗျားလည်း မြင်တဲ့အတိုင်းပါပဲ။ ဒီကိစ္စကို ကျုပ်ကိုပဲ ကိုင်တွယ်ခွင့် ပြုပါ။ လမ်းမှာ ပင်ပန်းလာတာဆိုတော့ အမတ်မင်းအတွက် နားနေစရာ နေရာ အရင် စီစဉ်ပေးပါ့မယ်။"
ထိုချိန်မှာပဲ ဒုတိယထပ် ပြတင်းပေါက်လေး အနည်းငယ် ပွင့်လာပြီး မျက်နှာတစ်ဝက် ထွက်လာကာ အပြင်ဘက်သို့ လှမ်းကြည့်ရာ ဖန်ကျန်းရီ၏ အကြည့်နှင့် တည့်တည့် ဆုံသွား၏။
ဒါ ကျိုးထျဲ့ မဟုတ်လား။ ကိုယ့်လူတွေပဲ ဖြစ်နေတာကိုး။
ဖန်ကျန်းရီက ဝမ်ချန်ကို လက်ကာပြ၍ တားလိုက်ပြီး ထိုသူ၏ အံ့အားသင့်နေသော အကြည့်များအောက်မှာပဲ သွေးမျဉ်းကို ကျော်ဖြတ်သွားကာ လက်နှစ်ဖက်ကို ဆန့်ထုတ်ပြီး အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။
"အပေါ်ထပ်က ဓားပြတွေ နားထောင်စမ်း။ ကျုပ်က အမတ် ဖန်ကျန်းရီပဲ။ အခု ခင်ဗျားတို့နဲ့ စကားပြောဖို့ လာတာ။ ကျုပ် တစ်ယောက်တည်းပဲ လာတာ။ လက်နက်လည်း မပါဘူး။ ခင်ဗျားတို့ သဘောတူရင် တံခါး ဖွင့်ပေးလိုက်။"
အပိုင်း (၄၄၃) လက်အောက်ငယ်သားများကို ကိုယ်ချင်းစာသော ဖန်ကျန်းရီ။
ဖန်ကျန်းရီ၏ ဤမျှ ပေါ့ပေါ့ဆဆ ပြုမူလိုက်မှုက ဝမ်ချန်အား အံ့အားသင့်သွားစေ၏။
ဤလူက မြို့ထဲသို့ ဝင်ဝင်ချင်းပင် သူ၏ကိစ္စများကို ဝင်ရောက်စွက်ဖက်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
ယခုခေတ် မြို့တော်မှ အမတ်များသည် ဤမျှပင် ရဲတင်းနေကြသလား သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်လေသည်လား။
ဝမ်ချန်က အလျင်အမြန် လက်လှမ်းဆွဲကာ စိုးရိမ်တကြီး ပြောလိုက်သည်။ “အမတ်ဖန် ... မြန်မြန် ပြန်လာခဲ့။ အန္တရာယ်ရှိတယ်။”
ဖန်ကျန်းရီက နောက်လှည့်ကြည့်၍ လေးနက်တည်ကြည်စွာ ပြောလိုက်၏။ “အမတ်ဝမ် ... ငါးရက် ကြာတဲ့အထိ ခင်ဗျားက ဒီလူဆိုးတွေကို မရှင်းလင်းနိုင်သေးဘူးဆိုတော့ အစိုးရရုံးတော်ရဲ့ ဂုဏ်သိက္ခာက ဘယ်မှာသွားထားရမလဲ။
ဟိုင်ယွမ်မြို့က ပြည်သူတွေက နန်းတော်ကို ဘယ်လိုမြင်ကြမလဲ။ ခင်ဗျား သည်းခံနိုင်ပေမဲ့ ကျုပ်ကတော့ သည်းမခံနိုင်ဘူး။ ကျုပ် အမိန့်ပေးတာကို စောင့်နေပါ။ တစ်ခုခု ထူးခြားတာနဲ့ လူခေါ်ပြီး ဝင်လာဖို့သာ မှတ်ထား။”
စကားဆုံးသည်နှင့် တောင်ဘက်အဆောက်အအုံ၏ တံခါးကြီး ပွင့်သွားသည်။ အတွင်းဘက်တွင် မှောင်မည်းနေသည်။
ဝမ်ချန်မှာ ရှက်ကိုးရှက်ကန်းဖြင့် လက်ကို ပြန်ရုပ်လိုက်ပြီး တစ်ခဏမျှ စကားပြောမထွက်တော့ဘဲ စိတ်ထဲတွင် ထပ်မံ၍ တွေးတောချင့်ချိန်နေမိ၏။
ထိုအချိန်တွင် ဖန်ကျန်းရီသည် တောင်ဘက်အဆောက်အအုံအတွင်းသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်ဝင်သွားခဲ့ပြီ ဖြစ်၏။
အဆောက်အအုံအတွင်းသို့ ဝင်လိုက်သည်နှင့် တံခါးကြီးမှာ ဝုန်းခနဲ ပိတ်သွားခဲ့သည်။
ဝမ်ချန်၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားပြီးနောက် ဖန်ကျန်းရီ ခေါ်လာခဲ့သော လူများကို နောက်လှည့်ကြည့်လိုက်ရာ စိတ်ကယောက်ကယက် ဖြစ်သွားသလို ခံစားလိုက်ရ၏။
ယနေ့ ဖန်ကျန်းရီ ရောက်ရှိလာမှုက သူ့အတွက် တကယ့်ကို ထူးဆန်းလွန်းသည့် ခံစားချက်ကို ပေးစွမ်းနေသည်။
သို့သော်ငြား ပြောခဲ့သည့် စကားများကို သေချာပြန်လည် တွေးတောကြည့်မည်ဆိုလျှင်လည်း ဘာအမှားအယွင်းမှ ရှိမနေချေ။
တွေးတောကြည့်ပြီးနောက် ဖန်ကျန်းရီသည် ငယ်ရွယ်သူဖြစ်ပြီး အလုပ်လုပ်ရာတွင် စိတ်မြန်လက်မြန်ရှိကာ သေရမည်ကို မကြောက်ရွံ့ခြင်းဖြစ်မည်ဟုသာ ကောက်ချက်ချလိုက်မိ၏။
တောင်ဘက်အဆောက်အအုံအတွင်း၌။
ဖန်ကျန်းရီ ဝင်သွားသည်နှင့်တပြိုင်နက် ကျိုးထျဲ့သည် ဘေးဘက်မှ ချက်ချင်း ထွက်ပေါ်လာပြီး မျက်နှာတွင် စိတ်လှုပ်ရှားမှုများ အပြည့်ဖြင့် ပြောလိုက်သည်။ “သခင်လေး ... သခင်လေး ဘယ်လိုလုပ်ပြီး ရောက်လာရတာလဲ။”
ဖန်ကျန်းရီက မေးလိုက်၏။ “ညီအစ်ကိုတွေထဲက ဘယ်သူမှ ဒဏ်ရာရတာမျိုး မရှိဘူးမလား။”
ကျိုးထျဲ့က အလျင်အမြန် လက်ခါပြကာ ပြောလိုက်သည်။ “မရှိပါဘူး။ ချန်တယ်ရှန်း တစ်ယောက်ပဲ မရှိတာပါ။ ဒါပေမယ့် သူ မြို့ထဲမှာ ပုန်းနေလောက်တယ်။ လောင်ရှဲ့နဲ့ အရေးကြီးတဲ့ ဓားစာခံတွေ အကုန်လုံးက ဒုတိယထပ်မှာ ရှိပါတယ်။ ကျုပ်သခင်လေးကို အခုပဲ ခေါ်သွားပေးပါ့မယ်။”
ကျိုးထျဲ့၏ မျက်နှာထက်မှ ပင်ပန်းနွမ်းနယ်နေသည့် အမူအရာကို ကြည့်ပြီးနောက် ဖန်ကျန်းရီသည်လည်း ဘာမှ ဆက်မမေးတော့ဘဲ သူ၏အနောက်မှ ကပ်လျက် လိုက်ပါသွားကာ အပေါ်ထပ်သို့ တက်သွားခဲ့၏။
အပေါ်ထပ်သို့ ရောက်သည်နှင့် တောက်ယွမ်ခရိုင်မှ လူများအားလုံးသည် စိတ်လှုပ်ရှားစွာဖြင့် မတ်တတ် ထရပ်လိုက်ကြသည်။
ကုလားထိုင်ပေါ်တွင် ထိုင်နေဆဲဖြစ်သော ရှဲ့ရှန်းမှလွဲ၍ ကျန်လူများအားလုံးက ဖန်ကျန်းရီကို ဝိုင်းဝန်း နှုတ်ဆက်လိုက်ကြ၏။
ကြည့်ရသည်မှာ ရှဲ့ရှန်းသည် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပြီဖြစ်ကာ တစ်ကိုယ်လုံး စိတ်ဓာတ် ကျဆင်းနေသည့်ပုံပေါက်နေသည်။
ဓားစာခံများ၏ ပါးစပ်များသည် လုံခြုံစွာ ပိတ်ဆို့ထားခြင်း ခံရပြီး အစိုးရရုံးတော်မှ လူများ ညှိနှိုင်းရန် ဝင်လာသည်ကို ကြားလိုက်ရချိန်တွင် သူတို့၏ ရင်ထဲ၌ ကြီးမားလှသော မျှော်လင့်ချက်များ ဖြစ်ပေါ်လာခဲ့၏။
သို့သော်ငြား ဤလူဆိုးများက အစိုးရရုံးတော်မှ လူကို မြင်သည့်တိုင် ဤကဲ့သို့ သဘောထားမျိုး ရှိနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့သောကြောင့် ရုတ်တရက် ရေခဲလှိုဏ်ဂူထဲသို့ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ကြရသည်။
အထူးသဖြင့် မြေပြင်ပေါ်တွင် ထိုင်နေသည့် အဘိုးကြီးလွီ၏ မှုန်ဝါးနေသော မျက်လုံးအိုများထဲမှ မျက်ရည်များ ထပ်မံ ကျဆင်းလာခဲ့၏။
ဖန်ကျန်းရီသည် တစ်ခန်းလုံးကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး သူ၏လူများအားလုံး အသက်ရှင်လျက် ရှိနေသေးသည်ကို မြင်လိုက်ရသောအခါမှသာ စိတ်အေးသွားတော့သည်။
သူသည် ကုလားထိုင်တစ်လုံးကို ဆွဲယူကာ ရှဲ့ရှန်း၏ ဘေးတွင် ထိုင်လိုက်၏။
ရှဲ့ရှန်းက ခါးသီးစွာ ပြုံးလိုက်ပြီး အက်ကွဲနေသော အသံဖြင့် ပြောလိုက်သည်။ “သခင်လေး ... ကျုပ် အလုပ်တွေကို ဖျက်ဆီးပစ်မိသွားပြီ။”
“ဟုတ်တယ်။ ကျုပ်သာ နောက်ထပ် နှစ်ရက်လောက် နောက်ကျပြီးမှ ရောက်လာခဲ့ရင် ဒီအခန်းထဲက ညီအစ်ကိုတွေ အကုန်လုံး ခင်ဗျားကြောင့် ဒုက္ခရောက်ကုန်တော့မှာပဲ။ ဟင်း ... ကြည့်ရတာ ခင်ဗျားက အမတ်လုပ်ဖို့ တကယ် မသင့်တော်ဘူးထင်တယ်။”
ဘေးတွင်ရှိနေသော ကျောက်လျဲ့သည် မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်ပြီး တောင်းပန်လိုက်သည်။ “သခင်လေး ... ဆရာ့ကို မပြောပါနဲ့တော့။ ဒီကိစ္စက ဆရာ့အမှား မဟုတ်ပါဘူး။ အဲဒီ လူမဆန်တဲ့ လွီမိသားစုကြောင့်ပါ။ ဒီရက်ပိုင်းတွေမှာ ဆရာက တစ်ရက်ကို နှစ်နာရီလောက်ပဲ အိပ်ရတော့ ခန္ဓာကိုယ်ကလည်း တောင့်မခံနိုင်တော့ဘူး။”
ဖန်ကျန်းရီက သက်ပြင်းချကာ ပြောလိုက်၏။ “ထကြပါ။ ခင်ဗျားတို့ကို အပြစ်မတင်ပါဘူး။ ကိစ္စတွေက ဒီအခြေအနေထိ ရောက်နေပြီဆိုတော့ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရှာတာကသာ အမှန်ကန်ဆုံး လမ်းစဉ်ပဲ။ ပြောပြကြစမ်း။ ဘာတွေ ဖြစ်ခဲ့တာလဲ။”
ကျောက်လျဲ့က စတင် ရှင်းပြလေသည်။
မကြာမီမှာပင် ဖန်ကျန်းရီသည် နားထောင်ပြီးသွားခဲ့ပြီး ရှဲ့ရှန်းကို ကြည့်ကာ စိတ်ထဲတွင် လေးစားမှု အနည်းငယ် ဖြစ်ပေါ်လာခဲ့၏။
လွန်ခဲ့သောနှစ်များက ရှဲ့ရှန်း မြို့တော်သို့ စာမေးပွဲလာဖြေစဉ် သူတို့နှစ်ယောက် အရက်နှစ်ကြိမ် သောက်ခဲ့ဖူးပြီး ထိုအချိန်က ရှဲ့ရှန်းသည် စစ်မှန်သော သွေးပူလွယ်သည့်လူငယ်တစ်ယောက် ဖြစ်ခဲ့သည်။
ခေတ်ကာလ၏ အားနည်းချက်များကို ထောက်ပြကာ နေရာတကာဝေဖန်တတ်သည်။ ခရိုင်အတွင်း၌ နှစ်ပေါင်းများစွာ စီးပွားရေးလုပ်လာခဲ့သောကြောင့် အကျင့်စရိုက်များ ပြောင်းလဲသွားပြီဟု ထင်မှတ်ထားခဲ့မိ၏။
သို့ပေမည့် သူ၏ သွေးကြောထဲတွင် သွေးဆူလွယ်သော လူငယ်တစ်ယောက်၏ စိတ်ဓာတ်များ ကိန်းအောင်းနေဆဲဖြစ်ပြီး မူလဗီဇမှာ အနည်းငယ်မှ ပြောင်းလဲသွားခြင်းမရှိကြောင်း တွေ့ရသည်။
ယင်းကို တွေးမိသောအခါ ဖန်ကျန်းရီသည် လေးနက်စွာ သက်ပြင်းချလိုက်ပြီး ရှဲ့ရှန်း၏ ပခုံးပေါ်သို့ လက်တင်လိုက်သည်။ ဤကဲ့သို့သော လူကို နှစ်သိမ့်ပေးရုံမှလွဲ၍ ဘာများ ပိုပြောနိုင်မည်နည်း။
ယခုမြင်ကွင်းနှင့် အခြေအနေအရ သီချင်းနှစ်ကြောင်းခန့်ပင် ဆိုပြချင်စိတ် ပေါ်လာခဲ့၏။
ရှဲ့ရှန်းက ခေါင်းမော့လာပြီး မျက်လုံးများ ကျိန်းစပ်နေမှုကို အတင်းအံကြိတ်ခံကာ အပြစ်မကင်းသော မျက်နှာဖြင့် ပြောလိုက်သည်။ “သခင်လေး ... ကျုပ် ...”
“မင်းတစ်ယောက်တည်း အမှောင်လမ်းကြားမှာ လျှောက်သွားတာကို ချစ်တယ်။ ဒူးမထောက်တတ်တဲ့ မင်းရဲ့ပုံစံကို ချစ်တယ်။ မျှော်လင့်ချက်မဲ့မှုတွေကို ရင်ဆိုင်ခဲ့ပြီး တစ်ကြိမ်လေးတောင် မငိုခဲ့တာကို ချစ်တယ်။ မင်းရဲ့ စုတ်ပြတ်နေတဲ့ အဝတ်အစားတွေကို ချစ်တယ် ဒါပေမယ့် ရဲရဲဝံ့ဝံ့ပဲ ... တိုက်ခိုက်မလား၊ တိုက်ခိုက်ကြမလား ... အလင်းရောင်အောက်မှာ ရပ်နေတဲ့သူကိုမှ သူရဲကောင်းလို့ ဘယ်သူပြောလဲ။”
ဖန်ကျန်းရီသည် လက်အောက်ငယ်သားကို နှစ်သိမ့်ရန်အတွက် ခံစားချက်အပြည့်ဖြင့် သီချင်းတစ်ပုဒ်ကို ရုတ်တရက် သီဆိုလိုက်သည်။
ရှဲ့ရှန်းမှာ ရုတ်တရက် လန့်သွားပြီး တစ်ချိန်တည်းမှာပင် ခေါင်းတစ်ခုလုံး ထုံကျင်သွားကာ ဖန်ကျန်းရီကို ကြောင်တောင်တောင် အကြည့်များဖြင့် ကြည့်နေမိ၏။
အလုပ်တွေ ပျက်စီးသွားပြီဆိုတော့ သခင်လေးက စိတ်ထဲမှာ မကျေမနပ်ဖြစ်ပြီး ငါ့ကို အပြစ်ပေးတော့မှာလား။ သူ အဲဒီလောက်တောင် ဒေါသထွက်နေတာလား။
ထို့နောက် သူ၏ စိတ်ဓာတ်များ ပြိုကျသွားပြီး မျက်လုံးများ မှိတ်ကျကာ သတိလစ်သွားသည်။
ဖန်ကျန်းရီသည် စားပွဲပေါ်၌ မှောက်လျက် အိပ်ပျော်သွားသော ရှဲ့ရှန်းကို ကြည့်ကာ ရှက်ရွံ့ဒေါသထွက်သွား၏။
ကျုပ်က အနိုင်နိုင် ကြိုးစားဖို့ သီချင်းဆိုဖို့ ခံစားချက်တွေ ဝင်အောင် လုပ်နေရတာကို ခင်ဗျားက ကျုပ် မျက်နှာကို မထောက်ဘူးပဲ။ ချီးတဲ့မှ …။
အခန်းထဲရှိ အခြားသူများမှာ သီချင်းစာသား၏ အဓိပ္ပါယ်ကို လုံးဝ မခံစားမိကြဘဲ ရှက်လွန်း၍ ခြေချောင်းများဖြင့် မြေကြီးကိုပင် ကုတ်ဖဲ့ချင်နေကြသည်။
အထူးသဖြင့် ဒူလင်ဖုန်းဖြစ်ပြီး သူ၏ မျက်ခွံများမှာ တဆတ်ဆတ် တုန်ခါနေကာ ယခုတော့ အရာအားလုံးကို သူ လုံးဝ နားလည်သွားခဲ့ပြီဖြစ်၏။
စောစောက အဆောက်အအုံအပြင်ဘက်တွင် ဖန်ကျန်းရီ၏ နာမည်ကို ကြားလိုက်ရသည်။ ကြည့်ရသည်မှာ ရှဲ့ရှန်းသည် အမြဲတမ်း ဖန်ကျန်းရီအတွက် အလုပ်လုပ်ပေးနေခြင်း ဖြစ်ပေမည်။
ထိုသို့ဆိုလျှင် သူ့ထံသို့ ချဉ်းကပ်လာခြင်းမှာ ဆားကုန်သည်များကို စုံစမ်းရန်အတွက် ဖြစ်နိုင်ချေရှိ၏။
သို့သော်ငြား ဤဖန်ကျန်းရီဆိုသူသည် အဘယ်ကြောင့် ဤမျှ ဖြစ်ကတတ်ဆန်း နိုင်လွန်းနေရသနည်း။ အမတ်တစ်ပါး၏ ဂုဏ်သိက္ခာနှင့်လည်း အလျဉ်းမကိုက်ညီချေ။ မြို့တော်ရှိ အမတ်မင်းများ အားလုံး ဤကဲ့သို့များလား။
ဖန်ကျန်းရီက ရှဲ့ရှန်းကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ “လာကြ။ သူ့ကို ကုတင်ပေါ် ခေါ်သွားပြီး သေချာ အိပ်ခိုင်းလိုက်။”
ထို့နောက် သူက ခေါင်းလှည့်ကာ ကျောက်လျဲ့ကို မေးလိုက်၏။ “ခင်ဗျားတို့ ဒီမှာ ငါးရက်လောက် ခံတိုက်နေဖို့ ဘယ်လိုများ စီစဉ်ထားတာလဲ။ ကျုပ်သာ မလာရင် ခင်ဗျားတို့က ဒီမှာပဲ ပိတ်လှောင်ခံပြီး သေဖို့ စဉ်းစားထားတာလား။”
ကျောက်လျဲ့က ခေါင်းခါကာ ပြောလိုက်သည်။ “သခင်လေး ... သခင်လေး မသိသေးလို့ပါ။ ကျုပ်တို့က ဒုတိယနေ့မှာတင် ဝိုင်းထားခံရတာပါ။ လွီမိသားစုရဲ့ ဒီခွေးအိုကြီးက အရမ်းကို ကောက်ကျစ်တယ်။ ဘယ်လိုပဲ ရိုက်နှက်ဆဲဆိုပါစေ တစ်ခွန်းမှ ထွက်မပြောဘူး။ အခုချိန်ထိ စာရင်းစာအုပ် ဘယ်မှာရှိလဲဆိုတာကိုလည်း ကျုပ်တို့ကို မပြောသေးဘူး။ အခုထိ ကျုပ်တို့ဆီမှာ ကောက်ချက်ချစရာပဲ ရှိပြီး သက်သေအထောက်အထားက မရှိသေးဘူး။
နောက်ပြီး သခင်လေးသာ နောက်ထပ် နှစ်ရက်လောက်နေလို့မှ မရောက်လာရင် ကျုပ်တို့ ထိုးဖောက်ထွက်ဖို့ စီစဉ်ထားပါတယ်။ ဒီနှစ်ရက်အတွင်းမှာ မြားပစ်သမားတွေရဲ့ နေရာတွေကို ကျုပ် အကုန်စုံစမ်းပြီးပါပြီ။
ကျန်တဲ့လူတွေက ယမ်းမှုန့်တွေကို သုံးပြီး အတင်းဝင်တိုက်မယ်။ ပြီးရင် မြို့တံခါးကို ဖောက်ခွဲပြီး ထွက်သွားဖို့ပါ။ ဒါပေမယ့် ညီအစ်ကိုတွေ ထိခိုက်သေဆုံးမှာကို စိုးရိမ်လို့ အစီအစဉ်ကို နည်းနည်း ထပ်ပြီး သေချာအောင် လုပ်ချင်နေတာပါ။”
“ဒီနေရာကို အဓိက အုပ်ချုပ်နေတဲ့ အမတ် ဝမ်ချန် အကြောင်းကိုရော ခင်ဗျားတို့ ဘယ်လောက် သိလဲ။”
“သိပ်တော့ မသိပါဘူး။ ဒီလူက လွီမိသားစုနဲ့ ပူးပေါင်းထားပြီး ဘာလုပ်လုပ် လွီမိသားစုရဲ့ မျက်နှာကို ကြည့်ပြီးမှ လုပ်ရတယ်လို့ပဲ ကြားဖူးပါတယ်။”
ဖန်ကျန်းရီက ခေါင်းညိတ်လိုက်ပြီး သူကိုယ်တိုင် လာခဲ့မိသည်မှာ ကံကောင်းကြောင်း စိတ်ထဲမှ တွေးလိုက်မိ၏။
သူကိုယ်တိုင် စိတ်မချ၍ လာခဲ့သဖြင့်သာ တော်တော့သည်။ သို့မဟုတ်ပါက သူ၏ ညီအစ်ကို အယောက်နှစ်ဆယ်ကျော်စလုံး ဤနေရာတွင် အကုန် သေပွဲဝင်ရပေလိမ့်မည်။
ယခုတော့ အခြေအနေကို ပြောင်းလဲနိုင်ရန် အမြန်တိုက် အမြန်ဖြတ်နည်းကို စဉ်းစားရပေမည်။
သေချာ စဉ်းစားပြီးနောက် ဖန်ကျန်းရီသည် အဘိုးကြီးလွီ၏ အရှေ့သို့ လျှောက်သွားကာ သူ့ကို တစ်ချက် ကန်လိုက်သည်။ “ဟေ့လူ ... လွီမိသားစုက ဒီလောက်ကြီးတာဆိုတော့ ငွေတိုက် ရှိမှာပေါ့။ ငွေတိုက်က ဘယ်မှာလဲ။ စာရင်းစာအုပ်ကရော ဘယ်မှာလဲ။”
“ဝူး ဝူး ဝူး ဝူး” အဘိုးကြီးလွီ၏ ပါးစပ်မှာ လုံခြုံစွာ ပိတ်ဆို့ခံထားရ၏။
ဖန်ကျန်းရီသည် အဝတ်စကို ချက်ချင်း ဆွဲဖြုတ်ပေးလိုက်သည်။
ထိုသို့ ဖြေပေးလိုက်သည်နှင့် အဘိုးကြီးလွီက ပြတင်းပေါက်ဆီသို့ ချက်ချင်း အော်ဟစ်လိုက်၏။ “ဖန်ကျန်းရီက ... အား။”
တစ်ဝက်ခန့်သာ အော်ရသေးချိန်တွင် ဖန်ကျန်းရီ၏ လက်သီးက သူ၏ မျက်နှာပေါ်သို့ ကျရောက်သွားခဲ့သည်။
အဘိုးကြီးလွီမှာ နာကျင်စွာ အော်ဟစ်လိုက်ပြီး မြေပြင်ပေါ်သို့ လဲကျသွား၏။
ဖန်ကျန်းရီက ထိုသူ့ကို ပြုံးရွှင်စွာ ကြည့်ရင်း ပြောလိုက်သည်။ “ကောင်းကောင်း ပြောလို့မရဘူးလား။ ထပ်ပြီး ဉာဏ်များဖို့ ကြိုးစားရင် ခင်ဗျားကို ကျုပ် သတ်ပစ်မယ်။”