← Chapters

အခန်း (၄၄၄-၄၄၅)

Vol. 25 Ch. 444-445

အခန်း (၄၄၄-၄၄၅)

Vol. 25 Ch. 444-445

အပိုင်း (၄၄၄) ငွေတိုက်ကို ရှာဖွေခြင်း။

အဘိုးကြီးလွီက နာကျင်မှုကို အတင်းအံကြိတ်ခံကာ ပြောလိုက်၏။ “ဒါဆိုရင်လည်း သတ်လိုက်လေ။ ငါ့ကို သတ်ရင် မင်းလည်း အသက်ရှင်ဖို့ မစဉ်းစားနဲ့။”

နောက်တစ်စက္ကန့်တွင် အဘိုးကြီးလွီ၏ ထိတ်လန့်နေသော အကြည့်များအောက်၌ ဖန်ကျန်းရီသည် ဓားမြှောင် တစ်လက်ကို ထုတ်ယူလိုက်သည်။

လက်တစ်ဖက်ဖြင့် သူ၏ပါးစပ်ကို ပိတ်ထားပြီး အခြားလက်တစ်ဖက်က ဓားသွားကို သူ၏ ရင်ဘတ်ထဲသို့ ဖြည်းညင်းစွာ ထိုးသွင်းလိုက်တော့၏။

အခန်းအတွင်း၌ တိတ်ဆိတ်မှုက ကြီးစိုးသွားသည်။

ဖန်ကျန်းရီက သတ်မည်ဟုပြောသော်လည်း တကယ်တမ်း သတ်ပစ်လိုက်လိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ကြချေ။

ထိုသို့ပြတ်သားပြီး အနည်းငယ်မှပင် တုံ့ဆိုင်းခြင်း မရှိပေ။

ဖန်ကျန်းရီ လက်မလွှတ်ရသေးခင်မှာပဲ အဘိုးကြီးလွီမှာ နှစ်ချက်ခန့် ရုန်းကန်ပြီးနောက် အသက် ထွက်သွားခဲ့သည်။

ဖန်ကျန်းရီသည် ဓားမြှောင်ကို ဆွဲထုတ်ကာ အလောင်းပေါ်တွင် ဓားမှသွေးများကို သုတ်လိုက်ပြီး ကြောက်ရွံ့ တုန်လှုပ်နေသော အခြားဓားစာခံများကို ကြည့်ကာ ပြောလိုက်၏။ “ဆက်စစ်ဆေး။ လွီမိသားစု လုပ်ခဲ့တဲ့ မကောင်းမှုတွေကို အကုန်လုံး ထွက်ဆိုလာအောင် မေး။ ပြစ်မှုကျူးလွန်ထားတဲ့သူ နှစ်ယောက်ကို အရင်သတ်ပြီး နာရီဝက်တစ်ခါ ပြတင်းပေါက်ကနေ အလောင်းတစ်လောင်း ပစ်ချ။ ကျန်တဲ့ မပူးပေါင်း၊ မပါဝင်တဲ့သူ အကုန်လုံးကို သေဒဏ်ပေး။”

ပြောပြီးနောက် တောင်ဘက်အဆောက်အအုံထဲမှ ပြန်လည် ထွက်ခွာသွားသည်။

ဒူလင်ဖုန်းမှာ မျက်စိရှေ့မှ မြင်ကွင်းကို ကြည့်ကာ ကြောင်အမ်းအမ်း ဖြစ်နေ၏။

လည်ချောင်းများ ခြောက်ကပ်လာသလို ခံစားလိုက်ရပြီး ကျောက်လျဲ့ကို စိုးရိမ်တကြီး ကြည့်ကာ မေးလိုက်သည်။ “ခင်ဗျားတို့ သခင်လေးက ကျုပ်ကိုပါ သတ်မပစ်လောက်ဘူးမလား။”

ကျောက်လျဲ့က ပြုံးကာ ပြောလိုက်၏။ “မသတ်ပါဘူး။ ခင်ဗျားက ကျေးဇူးရှိတဲ့သူဆိုတော့ ဆုတောင် ချချင် ချအုံးမှာပါ။”

…

ဖန်ကျန်းရီသည် မျက်နှာထား တင်းမာလျက် တောင်ဘက်အဆောက်အအုံထဲမှ အလျင်စလို ပြေးထွက် လာခဲ့သည်။

ဝမ်ချန်က မြင်မြင်ချင်း ချက်ချင်း မေးလိုက်၏။ “အမတ်ဖန် ... အထဲမှာ အခြေအနေ ဘယ်လိုရှိလဲ။”

ဖန်ကျန်းရီက ခေါင်းခါပြလိုက်သည်။ “အဘိုးကြီးလွီကတော့ အသက်ရှင်ရက် ရှိပါသေးတယ်။ ဒါပေမဲ့ လူဆိုးတွေက ခင်ဗျားပြောသလို အယောက်နှစ်ဆယ်ကျော် မဟုတ်ဘူး။

ကျုပ်ကြည့်ရသလောက် တစ်ဆယ်ကျော်လောက်ပဲ ရှိတယ်။ မညှိနှိုင်းရတဲ့ အကြောင်းရင်းက ကျုပ်တို့ကို အချိန်ဆွဲထားပြီး လွီမိသားစုရဲ့ ငွေတိုက်ကို တိတ်တိတ်လေး သွားရှာဖို့ ဖြစ်နိုင်တယ်။”

ဝမ်ချန်မှာ ထိုစကားကို ကြားသောအခါမှ သဘောပေါက်သွား၏။

ယခုမှပင် အဓိပ္ပါယ်ရှင်းလင်းသွားတော့သည်။ ဤလူများက အဘယ့်ကြောင့် မညှိနှိုင်းကြသနည်းဆိုသည်မှာ ရှင်းလင်းသွားပြီဖြစ်သည်။

လွီမိသားစုကဲ့သို့သော သူဌေးကြီးများသည် ငွေကြေးများကို ငွေလဲကောင်တာများတွင် ထားရှိရန် စိတ်မချကြဘဲ များသောအားဖြင့် ကိုယ်ပိုင် ငွေတိုက်များ ရှိတတ်ကြ၏။

ငွေတိုက်ကို မျက်စိကျနေခြင်း ဖြစ်ပေမည်။

ဝမ်ချန်က အေးစက်စွာ ပြုံးကာ ပြောလိုက်သည်။ “ဒီလူတွေက လောဘကြီးလိုက်တာ။ ငွေတိုက်ကို လုပြီးရင် အောင်မြင်စွာ ထွက်ပြေးနိုင်မယ်လို့ ထင်နေတာလား။ တကယ့်ကို အိပ်မက်မက်နေကြတာပဲ။ ဒါနဲ့ အမတ်ဖန် ... သူတို့က ဘာဖြစ်လို့ အမတ်ဖန်ကို ဒီလောက် လွယ်လွယ်ကူကူ ပြန်လွှတ်ပေးလိုက်တာလဲ။”

“အဆောက်အအုံထဲမှာ စားစရာ မလောက်တော့လို့ အတွင်းပုန်ကန်မှု ဖြစ်နေကြတယ်။ သူတို့က စားစရာနည်းနည်း ပို့ပေးဖို့ တောင်းဆိုနေတယ်။ မပို့ပေးရင် ခဏနေ လူသတ်တော့မယ်တဲ့။ အမတ်ဝမ် ... ဒီအချိန်မှာ သေချာပေါက် တောင့်ခံထားရမယ်။ သူတို့ကို လုံးဝ မပေးလိုက်နဲ့။”

ဝမ်ချန်က ပြုံးကာ ပြောလိုက်၏။ “စိတ်ချပါ အမတ်ဖန်။ ဘယ်အရာက အရေးကြီးတယ်ဆိုတာကို ကျုပ် သိပါတယ်။ ဒီနေ့ လူဆိုးတွေနဲ့ သွားရောက်ညှိနှိုင်းပေးတဲ့အတွက် အမတ်ဖန်ကို ကျေးဇူးတင်ပါတယ်။ အမတ်ဖန်လည်း ပင်ပန်းနေလောက်ပြီဆိုတော့ အခုပဲ နားဖို့နေရာ တစ်ခုကို လိုက်ပို့ပေးဖို့ လူလွှတ်လိုက်ပါ့မယ်။”

ဖန်ကျန်းရီက လက်ကာပြကာ ပြောလိုက်သည်။ “မရဘူး။ လူတစ်ယောက်ကို ကယ်ရင် အဆုံးထိ ကယ်ရမယ်။ ဘုရားကျောင်းပို့ရင် ရောက်အောင် ပို့ရမယ်လေ။ တစ်ဝက်တစ်ပျက်နဲ့ ဘယ်လိုလုပ် ရပ်လိုက်လို့ ရမှာလဲ။ လွီမိသားစုရဲ့ ငွေတိုက်က ဘယ်မှာလဲ။ ကျုပ် လူလွှတ်ပြီး သွားရှာခိုင်းလိုက်မယ်။”

“အမတ်ဖန်က နောက်နေပြန်ပါပြီ။ လွီမိသားစုရဲ့ ငွေတိုက် ဘယ်မှာလဲဆိုတာ ကျုပ်က ဘယ်လိုလုပ် သိမှာလဲ။”

ဝမ်ချန်မှာ ငိုချင်စိတ်ပင် ပေါက်သွားပြီး ဤလူက အဘယ့်ကြောင့် မောင်းထုတ်၍ မရဘဲ ဤနေရာတွင် လာကပ်နေရသနည်းဟု တွေးမိလိုက်၏။

လွီမိသားစု၏ ငွေတိုက်ကို သူ တကယ် မသိပေ။

သူနှင့် လွီမိသားစု၏ ပူးပေါင်းမှုမှာ အလွန် ရိုးရှင်းသည်။ လွီမိသားစုက သူ့ကို ငွေပေးပြီး သူက တစ်ချို့သော အဆက်အသွယ်များကို ကူညီဖြေရှင်းပေးကာ မတရားသော အမှုအခင်းအချို့ကို ဖန်တီးပေးခြင်းသာ ဖြစ်သည်။ ယင်းမှလွဲ၍ ဘာမှ မရှိတော့ချေ။

ငွေတိုက်ကဲ့သို့သော မိသားစု လျှို့ဝှက်ချက်ကို သူက ဘယ်လိုလုပ် သိနိုင်မည်နည်း။

ဖန်ကျန်းရီသည်လည်း ထိုသူ မသိလောက်ဟု တွေးမိကာ မိမိ၏ လူများထံသို့ ပြန်လှည့်သွားပြီး ပိုင်ရွေ့ကို ရှာလိုက်သည်။

ပိုင်ရွေ့သည် ကျွမ်းကျင်သော သူခိုးတစ်ယောက်ဖြစ်ရာ ဤကဲ့သို့သော ကိစ္စများကို သူ့အား တာဝန်ပေးခြင်းက အသင့်တော်ဆုံးပင်။

“ပိုင်ရွေ့ ... လွီမိသားစုရဲ့ ငွေတိုက်က ဘယ်မှာလဲဆိုတာ သွားရှာချေ။ ဒီကိစ္စက အရမ်းအရေးကြီးတဲ့အတွက် မြန်မြန်လုပ်ရမယ်။”

ပိုင်ရွေ့က အနည်းငယ် ထိတ်လန့်သွားပြီး တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။ “သခင်လေး ... ဒီအိမ်ကြီးက အရမ်းကြီးလွန်းတယ်။ ကျုပ် ဒီလောက်ကြီးတဲ့ အိမ်မျိုးမှာ တစ်ခါမှ မခိုးဖူးသေးဘူး။ ခဏလေးအတွင်းမှာတော့ ရှာတွေ့နိုင်မှာ မဟုတ်ဘူး။”

“ဘာကြောက်နေတာလဲ။ ခင်ဗျားကို လူတချို့ ထပ်ပေးလိုက်မယ်။ အိမ်ကြီးရင် ငွေတိုက်လည်း ကြီးမှာ သေချာတယ်။ မြင်းစီးပြီးတော့ကို ပေါ်ပေါ်ထင်ထင် သွားရှာ။ ကျုပ်တို့ လက်ထဲမှာ ငွေမလောက်ဘူး။ အလုပ်လုပ်ဖို့ ငွေလိုတယ်။ ဒီကိစ္စက အရမ်းကို အရေးကြီးတဲ့အတွက် ဒီနေ့ မဖြစ်မနေ ရှာတွေ့အောင် ရှာရမယ်။”

ပိုင်ရွေ့က ခေါင်းညိတ် သဘောတူလိုက်ပြီးနောက် လူတစ်စုကို ခေါ်ဆောင်ကာ ငွေတိုက်ကို ရှာဖွေရန် ထွက်ခွာသွား၏။

ဝမ်ချန်၏ ဘက်တွင်မူ အမှုစစ်ဝတ်စုံ ဝတ်ဆင်ထားသော လူတစ်ယောက်က ဝမ်ချန်၏ အနီးသို့ ချဉ်းကပ်လာပြီး လူသူကင်းမဲ့သော နေရာသို့ ဆွဲခေါ်သွားကာ တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။ “အမတ်ဝမ် ... စောစောက အဲဒီ အမတ်ဖန်က ငွေတိုက်ကို ရှာမယ်ဆိုတာ ကြားလိုက်တယ်။ လွီမိသားစုနဲ့ ပတ်သက်ပြီး မြို့တော်ဘက်က သတင်းတစ်ခုခု ကြားလို့များ စာရင်းလာစစ်ဖို့ လူလွှတ်လိုက်တာများလား။

ငွေတိုက်ထဲမှာ စာရင်းစာအုပ်ကိုများ ဝှက်ထားရင် ၊ လွီမိသားစုက မမှတ်သင့်တဲ့ အရာတွေကို မှတ်ထားခဲ့ရင် ကျုပ်တို့တော့ ...”

ဝမ်ချန်မှာ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး မေးလိုက်၏။ “ယွီဟိုင် ... မင်း ဘာကို ဆိုလိုချင်တာလဲ။”

“ကျုပ် ဆိုလိုချင်တာက အရင်ကတော့ လွီမိသားစု ပြဿနာတက်ပေမဲ့ အမတ်ဝမ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေသေးတယ်။ ဒါပေမယ့် အခုက အပြင်လူ ဝင်ပါလာပြီဆိုတော့ အခြေအနေက ပြောင်းလဲသွားပြီ။ အမတ်မင်းလည်း ကြိုတင် စီစဉ်ထားသင့်ပြီ။

ငွေတိုက်ထဲမှာ လွီမိသားစုရဲ့ စာရင်းစာအုပ်ရှိနေပြီး အဲဒီအထဲမှာ အမတ်မင်းအတွက် အကျိုးမပေးတဲ့ အရာတွေ ပါနေခဲ့ရင် ဘယ်လိုလုပ်မလဲ။ ကျုပ်တို့ ဒီဖန်ကျန်းရီကို ဖမ်းလိုက်ကြရင်ရော။ ပြီးရင် ကိစ္စအားလုံးကို အဲဒီလူဆိုးတွေ အပေါ် ပုံချလိုက်မယ်။ လွီမိသားစုကတော့ ... လူဆိုးတွေ သတ်သွားတယ်လို့ပဲ လုပ်လိုက်ပေါ့။

လွီမိသားစု မျိုးတုံးသွားမယ်၊ စာရင်းစာအုပ် ဖျက်ဆီးခံရမယ် ... ဆိုရင် ဘာသက်သေမှ ရှိတော့မှာ မဟုတ်ဘူး။ အထက်က လာစစ်ဆေးရင်တောင် အမတ်ဝမ်လည်း စိတ်အေးရပြီလေ။”

ဝမ်ချန်က ထိုစကားများကို ကြားပြီးနောက် အေးစက်စက် ပြုံးကာ ပြောလိုက်သည်။ “ယွီဟိုင် ... ကျုပ်နောက်ကို လိုက်လာတာ ဒီလောက်ကြာပြီကို တခြားဘာမှ မတိုးတက်ဘဲ သတ္တိတွေတော့ တော်တော် တိုးတက်လာတာပဲ။ နယ်လှည့်စစ်ဆေးရေးအမတ်ကိုတောင် မင်းက သတ်ရဲတယ်ပေါ့လေ။”

“မဝံ့ရဲပါဘူး။ ကျုပ်က အမတ်မင်းရဲ့ လုံခြုံရေးအတွက် စိုးရိမ်လို့ပါ။” ယွီဟိုင်က မကျေမနပ်ဖြင့် ပြောလိုက်၏။

ဝမ်ချန်က သက်ပြင်းချလိုက်သည်။ “အလောတကြီး မလုပ်တာ ကောင်းတယ်။ သူတို့ တကယ် ငွေတိုက်ကို ရှာတွေ့သွားရင် မင်း လူခေါ်ပြီး အမတ်ဖန်ကို ငွေတိုက်ဆီ လုံခြုံအောင် လိုက်ပို့ပေးလိုက်။ ... စာရင်းစာအုပ်ကိုလည်း အခွင့်အရေးရရင် ရှာကြည့်ပေါ့။ အဲဒီစာအုပ်ထဲမှာ တကယ်ပဲ မပေါ်သင့်တဲ့ အကြောင်းအရာတွေ ပါနေရင် ချက်ချင်း လာသတင်းပို့။ ပြီးရင် ဖန်ကျန်းရီရဲ့ သဘောထားကို ကျုပ် ထပ်စမ်းကြည့်မယ်။”

ယွီဟိုင် ထွက်သွားပြီးနောက် ဝမ်ချန်သည် တည်ငြိမ်အေးဆေးသော အမူအရာကို ပြန်လည် ထိန်းသိမ်းကာ ဖန်ကျန်းရီ၏ အနီးသို့ လျှောက်သွားခဲ့၏။

သူက လက်လှမ်းပြကာ ပြောလိုက်သည်။ “အမတ်ဖန် ... ဒီမှာပဲ နေဖို့ ဆုံးဖြတ်ထားတယ်ဆိုတော့လည်း ကျုပ် ဘာမှ ဆက်မပြောတော့ပါဘူး။

အချိန်လည်း တော်တော် ကြာနေပြီဆိုတော့ ပင်ပန်းနေလောက်ပြီ။ အစေခံတွေကို အရက်နဲ့ ဟင်းလျာတွေ သွားဝယ်ခိုင်းလိုက်ပါ့မယ်။ ဟိုဘက်က နန်းဆောင်မှာ ခဏလောက် အရင်သွားနားကြတာပေါ့။”

“ကောင်းပြီလေ။ အမတ်ဝမ်က သေချာ စီစဉ်တတ်သားပဲ။”

သိပ်မကြာခင်မှာပဲ အရက်နှင့် ဟင်းလျာများ ရောက်ရှိလာပြီး သူတို့နှစ်ယောက်သည် အပြန်အလှန် ခွက်ချင်းတိုက်ကာ သောက်စားကြလေတော့၏။

ဖန်ကျန်းရီက အရက်ခွက်ကို ကိုင်ကာ ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။ “ဒီနေ့ မြို့ထဲကို ဝင်ဝင်ချင်းပဲ ဒီလိုကိစ္စမျိုး ဖြစ်လာလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ ဟိုင်ယွမ်မြို့ကို အပြည့်အဝ မခံစားလိုက်ရတာ တကယ့်ကို နှမြောစရာပဲ။

ဒါပေမဲ့ မြို့ထဲ ဝင်လာတုန်းက မြင်းပေါ်ကနေ အပေါ်ယံ ကြည့်လိုက်ရုံနဲ့တင် အမတ်ဝမ်ရဲ့ အုပ်ချုပ်မှု စွမ်းရည်ကို လုံလောက်အောင် မြင်တွေ့ခဲ့ရပါတယ်။”

ဝမ်ချန်က ပြုံးကာ ပြောလိုက်၏။ “အမတ်ဖန်က မြှောက်ပြောလွန်းနေပါပြီ။ ဒါတွေက သာမန် လုပ်ဆောင်ချက်လေးတွေပါ။ နန်းတော်က အမတ်ဖန်ကို နယ်လှည့်စစ်ဆေးဖို့ လွှတ်လိုက်တာ ဘာကိစ္စကြောင့်လဲ ဆိုတာ သိခွင့်ရမလား။ ကျုပ် သိရသလောက်တော့ မကြာသေးခင်က ဘာကိစ္စကြီးမှ မဖြစ်ခဲ့ပါဘူး။”

“တကယ်လည်း ဘာကိစ္စမှ မရှိပါဘူး။”

ဖန်ကျန်းရီက အရက်ခွက်ကို ချကာ ဝမ်ချန်ကို ကြည့်လိုက်သည်။ “လျိုရွှန်း အမှုအကြောင်းကိုရော အမတ်ဝမ် ကြားဖူးလား။”

“ကြားဖူးပါတယ်။ အမတ်ဖန်ရဲ့ ပြတ်သားတဲ့ လုပ်ဆောင်ချက်တွေကို ကျုပ် တကယ့်ကို လေးစားမိပါတယ်။”

“ဒါဆို ... ခင်ဗျား လျိုရွှန်းကို သိလား။”

“မသိပါဘူး။ သူ့အကြောင်းတော့ ကြားဖူးပေမဲ့ သူနဲ့ ဘာအဆက်အသွယ်မှ မရှိခဲ့ပါဘူး။”

ဖန်ကျန်းရီသည် ဝမ်ချန်၏ မျက်နှာအမူအရာကို သေချာ စောင့်ကြည့်နေသော်လည်း ဘာထူးခြားချက်မှ မတွေ့ရသဖြင့် ဆက်ပြောလိုက်၏။ “ဒီနှစ်ပိုင်းတွေမှာ တိုင်းပြည်က ငြိမ်းချမ်းနေပေမဲ့ လျိုရွှန်း အမှုကြောင့် ပြဿနာ တော်တော်များများ ပေါ်လာတယ်။ နယ်က အမတ်တွေက အကျင့်ပျက် ခြစားပြီး အာဏာ အလွဲသုံးစား လုပ်နေကြလို့ အရှင်မင်းကြီးက ကျုပ်ကို နယ်လှည့်စစ်ဆေးဖို့ အထူးအမိန့်ပေးလိုက်တာပဲ။ ဟင်း ... ဒီတစ်ခေါက် လှည့်လည်ရတာလည်း နောက်ထပ် နှစ်နှစ် သုံးနှစ်လောက် အိမ်ပြန်ရမှာ မဟုတ်ဘူး။”

ဝမ်ချန်မှာ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး အရက်ခွက်ကို မြှောက်ကာ ပြောလိုက်သည်။ “အမတ်မင်းရဲ့ ဒီခရီးစဉ်ကနေ ဘာတွေများ ထူးခြားတာ တွေ့ခဲ့လဲ။”

ဖန်ကျန်းရီက ရယ်မောလိုက်၏။ “ဒီမှာ ကျုပ်တို့ နှစ်ယောက်တည်း ရှိတာပဲ။ ဖုံးကွယ်ပြောစရာ မလိုပါဘူး။ တချို့ကိစ္စတွေကို အားလုံးလည်း သိကြတာပဲ။ မူလကတည်းက တိုင်းပြည်က ငြိမ်းချမ်းနေတာဆိုတော့ ဟန်ပြလောက်ပဲ လုပ်ရမှာပေါ့။ ဘာလို့ အဲဒီလောက် အလေးအနက်ထားနေမှာလဲ။”

ဝမ်ချန်က ဘာမျှ ပြန်မပြောရဲဘဲ ခေါင်းငုံ့ကာ ဟင်းများကိုသာ ဆက်စားနေလိုက်သည်။

“ကျုပ်ကြည့်ရသလောက် ဒီလူဆိုးတွေက နောက်ထပ် နှစ်ရက်လောက်ဆိုရင် အဖမ်းခံရတော့မှာပါ။ မြို့တံခါးကိုလည်း ပိတ်ထားတာ ငါးရက်တောင် ရှိပြီဆိုတော့ ပြည်သူ တော်တော်များများရဲ့ စားဝတ်နေရေးကို ထိခိုက်နေလောက်ပြီ။ မြို့တံခါးကို ဖွင့်ပေးလိုက်ရင် ပိုကောင်းမယ်။”

ဝမ်ချန်၏ လှုပ်ရှားမှုများ ရပ်တန့်သွားပြီး ချက်ချင်း ငြင်းဆန်လိုက်၏။ “မဖြစ်ဘူး။ ဒီလူတွေက တော်တော်လေး စွမ်းရည်ရှိတယ်။ ညတွင်းချင်းမှာတင် လွီမိသားစု တစ်ခုလုံးကို ဓားစာခံအဖြစ် ဖမ်းဆီးနိုင်ခဲ့တာပဲ။

အထူးသဖြင့် အခုချိန်မှာ သူတို့က အသေခံမယ့်သူတွေ ဖြစ်နေပြီ။ မြို့ထဲကိုသာ ပြေးသွားခွင့်ပြုလိုက်ရင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ကြလိမ့်မယ်။

လူငယ်တွေကတော့ ထွက်ပြေးဖို့ အခွင့်အရေး ရှိသေးပေမဲ့ ကျန်တဲ့သူတွေကရော။ ဒါကလည်း သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကို ကာကွယ်ဖို့အတွက် ရွေးချယ်စရာမရှိလို့ လုပ်ရတဲ့နည်းလမ်းပါ။”

“အင်း ... အဓိပ္ပါယ်ရှိတယ်။ အမတ်ဝမ်က တကယ့်ကို ဖြောင့်မတ်တဲ့သူပဲ။ ကျုပ် ခင်ဗျားကို တစ်ခွက် တိုက်ပါတယ်။”

အရက်သောက်ပြီး ဟင်းများစားပြီးနောက် …..

ပိုင်ရွေ့သည် လူတစ်စုကို ခေါ်ဆောင်ကာ အမောတကောဖြင့် ပြန်ရောက်လာခဲ့သည်။

အပိုင်း (၄၄၅) စိတ်ဓာတ်လှုံ့ဆော်ရန် ပြင်ဆင်ခြင်း။

“လျှို့ဝှက်အခန်းတစ်ခုကို ရှာတွေ့ခဲ့တယ်။ အဲဒါက ငွေတိုက် ဖြစ်နိုင်တယ်။” ပိုင်ရွေ့က ချက်ချင်း ပြောလိုက်သည်။

ဖန်ကျန်းရီနှင့် ဝမ်ချန်တို့သည် တစ်ပြိုင်နက်တည်း မတ်တတ်ရပ်လိုက်ကြ၏။ “ဘယ်မှာလဲ။”

“အပြင်ဘက်ခြံဝန်း အနောက်တောင်ဘက်က ကျောက်တောင်တု တစ်ခုအောက်မှာပါ။ အခု အပြင်ဘက်မှာ လူချပြီး စောင့်ခိုင်းထားပါတယ်။”

“ပြင်ဆင်လိုက်။ အခုပဲ လူခေါ်ပြီး သွားမယ်။ အမတ်ဝမ် ... ခင်ဗျား ဒီမှာပဲ နေခဲ့ပါ။ တောင်ဘက် အဆောက်အအုံမှာလည်း လူလိုသေးတယ်။ ဟိုဘက်မှာ တစ်ခုခု ထူးခြားတာရှိရင် ခင်ဗျားဆီ ချက်ချင်း လာပြောပါ့မယ်။” ဖန်ကျန်းရီက အလျင်စလို ဝင်ပြောလိုက်၏။

ဝမ်ချန်မှာလည်း လိုက်သွားချင်သော်လည်း ဖန်ကျန်းရီက လျင်မြန်စွာ ပိတ်ပင်လိုက်မည်ဟု ထင်မှတ်မထားခဲ့ချေ။

ထို့ကြောင့် ခေါင်းညိတ်ကာ ပြောလိုက်ရသည်။ “ကောင်းပါပြီ အမတ်ဖန်။ ကျုပ်ဘက်က သိပ်မလောပါဘူး။ အမတ်မင်းရဲ့ လုံခြုံရေးက ပိုအရေးကြီးပါတယ်။ အမတ်မင်းနဲ့အတူ လိုက်သွားဖို့ လူတစ်စု ထည့်ပေးလိုက်ပါ့မယ်။ ယွီဟိုင် ... ယွီဟိုင် ... အမတ်ဖန်ကို ငွေတိုက်ဆီ လိုက်ပို့ပေးလိုက်။”

မကြာမီမှာပင် ယွီဟိုင်သည် လူနှစ်ရာကျော်ခန့်ကို ဦးဆောင်ကာ ဖန်ကျန်းရီ၏ အရှေ့သို့ စုရုံးရောက်ရှိလာကြ၏။

ကြည့်ရသည်မှာ တောင်ဘက်အဆောက်အအုံတွင် စောင့်ကြပ်နေသော လူများ၏ ထက်ဝက်ကျော်ခန့်မှာ ဤနေရာသို့ ရောက်နေခြင်း ဖြစ်ပေမည်။

ဖန်ကျန်းရီက မျက်လုံးကို မှေးကာ ပြောလိုက်သည်။ “အမတ်ဝမ် ... ငွေတိုက်ထဲမှာ လူရှိနေရင်တောင် ကျုပ်ကို လိုက်ပို့ဖို့ ဒီလောက် လူအများကြီး မလိုပါဘူး။”

ဝမ်ချန် ဖြေရန်ပင် မစောင့်ဘဲ ယွီဟိုင်က အရင် ဝင်ပြောလိုက်၏။ “အမတ်ဖန် ... အဲဒီလူဆိုးတွေက သိုင်းပညာ အရမ်းတော်တယ်။ သူတို့ ရုတ်တရက် ဝင်တိုက်လို့ လူနည်းရင် အမတ်မင်းကို မကာကွယ်နိုင်မှာ စိုးလို့ပါ။ စိတ်ချပါ ... ဒီဘက်က နေရာက ကျယ်ဝန်းတော့ ကျန်တဲ့လူတွေနဲ့တင် တောင်ဘက်အဆောက်အအုံကို စောင့်ကြပ်ဖို့ လုံလောက်ပါတယ်။”

ဖန်ကျန်းရီသည် ယွီဟိုင်ကို အထက်အောက် သေချာ ကြည့်ရှုလိုက်ပြီးနောက် “အင်း ... ပြောတာလည်း အဓိပ္ပါယ်ရှိပါတယ်။ ဒါဆိုလည်း အားလုံး ကျုပ်နောက်က လိုက်ခဲ့ကြ။”

ထိုလူစုသည် ငွေတိုက်ရှိရာ နေရာသို့ ချက်ချင်း ထွက်ခွာသွားကြ၏။

ငွေတိုက်၏ တည်နေရာမှာ သိပ်ပြီး သိသာထင်ရှားမှု မရှိဘဲ ကျောက်တောင်တုမှာ ပို၍ပင် မသိသာချေ။

ကျောက်တံခါးတစ်ချပ်ကို ကျောက်တောင်တုပုံစံ ဖန်တီးထားပြီး အခြားကျောက်တုံးများနှင့် ရောနှောထားကာ ပန်းပင် မြက်ပင်များလည်း ရှိနေသဖြင့် လုံးဝ ခွဲခြား၍ မရနိုင်ပေ။

ပိုင်ရွေ့က ဤလျှို့ဝှက်အခန်းကို မည်သို့သောနည်းလမ်းများသုံး၍ ရှာဖွေတွေ့ရှိခဲ့သည်ကိုတော့ မသိချေ။

ဖန်ကျန်းရီကတော့ ဤကျွမ်းကျင်မှုကို အလွန်အားကျနေမိ၏။

တံခါးဝသို့ ရောက်သောအခါ သော့မရှိသဖြင့် အတင်းအကြမ်း ဖျက်ဆီး၍သာ ဖွင့်ရပေမည်။

လူတစ်ချို့က တူများ ယူလာပြီး အလှည့်ကျ ထုရိုက်ကြရာ အတော်ကြာ ထုရိုက်ပြီးနောက်တွင် ကျောက်တံခါးမှာ ကျိုးပဲ့သွားပြီး လူတစ်ယောက် ဝင်နိုင်ရုံ အက်ကြောင်းတစ်ခု ပေါ်လာခဲ့သည်။

ဖန်ကျန်းရီက ယွီဟိုင်ကို လက်ညှိုးထိုးကာ ပြောလိုက်၏။ “ခင်ဗျား ... အရင်ဝင်။”

ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများ၏ လွှမ်းမိုးမှုကြောင့် ဖန်ကျန်းရီသည် အတွင်း၌ ထောင်ချောက်များ ရှိနေနိုင်သည်ဟု အမြဲ ခံစားနေရသည်။

သို့ပေမည့် ယွီဟိုင်ကတော့ လုံးဝ မကန့်ကွက်ဘဲ တည့်တည့်ပင် တိုးဝင်သွားခဲ့သည်။

ကျန်လူများကလည်း သူ၏နောက်မှ တစ်ယောက်ပြီး တစ်ယောက် လျှို့ဝှက်အခန်းအတွင်းသို့ ဝင်ရောက်သွားကြ၏။

ရှည်လျားကျဉ်းမြောင်းသော လမ်းကြောင်းတစ်ခုကို ဖြတ်သန်းပြီးနောက် ကျောက်တံခါးတစ်ချပ်ကို ထပ်တွေ့ရသဖြင့် အတင်းအကြမ်း ထပ်မံ ဖျက်ဆီးရပြန်သည်။

တံခါးသုံးချပ်ကို ကျော်ဖြတ်ပြီးနောက် လျှို့ဝှက်အခန်းအတွင်း၌ ရုတ်တရက် ကျယ်ဝန်းလင်းချင်းသွား၏။

လူတိုင်းက မီးတုတ်များ ကိုင်ဆောင်ကာ အတွင်းဘက်သို့ ဆက်လက် လျှောက်သွားကြရာ မကြာမီ လမ်းဆုံးသို့ ရောက်ရှိသွားသည်။

မျက်စိရှေ့မှ မြင်ကွင်းကို ကြည့်ကာ ဖန်ကျန်းရီမှာ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့၏။

သူတစ်ယောက်တည်း ကြောင်အမ်းအမ်း ဖြစ်သွားခြင်း မဟုတ်ဘဲ အားလုံး ကြောင်အမ်းအမ်း ဖြစ်သွားကြခြင်းပင်။

ဤနေရာရှိ နေရာလွတ်မှာ အလွန် ကြီးမားလှပြီး အနောက်မှ လူများကလည်း တစ်ယောက်ပြီး တစ်ယောက် ဝင်လာနေကြဆဲ ဖြစ်သည်။

လူတစ်ယောက် ဝင်လာတိုင်း တစ်ယောက် ကျောက်ရုပ်လို ရပ်တန့်သွားကြ၏။

မျက်စိရှေ့မှ မြင်ကွင်းက တကယ့်ကို အိပ်မက်ဆန်လွန်းလှသည်။

သိပ်သည်းများပြားလှသော ငွေတုံးများနှင့် ရွှေတုံးများကို အထပ်လိုက် စီထားသဖြင့် သေးငယ်သော ရွှေတောင် ငွေတောင်လေးများ ဖြစ်ပေါ်နေ၏။

ကျောက်စိမ်းများ၊ သန္တာကျောက်များ၊ ကြွေထည်များနှင့် ရတနာများကိုလည်း ထောင့်တိုင်း နေရာတိုင်းတွင် ထားရှိထားသည်။

ဖန်ကျန်းရီသည် ထောင့်တစ်နေရာတွင် အလွန် ရင်းနှီးနေသော စိန် အပြည့်ထည့်ထားသည့် သေတ္တာတစ်လုံးကိုပင် မြင်လိုက်ရ၏။

တစ်ခုချင်းစီတိုင်းက ခေတ်သစ် ခရစ္စတယ် မီးဆိုင်းများပေါ်ရှိ ဖန်ပုတီးစေ့များလောက် အရွယ်အစား ရှိကြသည်။

ဤနေရာကို ငွေတိုက်ဟု ခေါ်၍ မရတော့ဘဲ တကယ့်ကို ဧရာမ ရတနာသိုက်ကြီး တစ်ခုဟု ညွှန်းဆိုရမည်။

လွီမိသားစု ဘယ်နှစ်ဆက်လောက် စုဆောင်းလာခဲ့သော ဥစ္စာဓနများ ဤနေရာတွင် စုစည်းနေသည်ကို မသိနိုင်ချေ။

ဖန်ကျန်းရီမှာ ကြည့်ရင်းနှင့်ပင် ခေါင်းများ ထုံကျင်လာသလို ခံစားရပြီး ဤမျှများပြားသော ရွှေငွေများနှင့် မြေပြင်ပေါ်ရှိ အခြားပစ္စည်းများကို ပေါင်းလိုက်လျှင် သူ၏ အတွေ့အကြုံအရ ငွေတုံး သန်းဆယ်ဂဏန်းကျော် သွားလောက်ပြီ ဖြစ်၏။

သန်းဆယ်ဂဏန်း။

ဤပမာဏသည် ကျင်းတိုင်းပြည်၏ နိုင်ငံတော် ဘဏ္ဍာတိုက် စာရင်းချုပ်တွင်သာ ကြားဖူးနိုင်သော ဂဏန်း အရေအတွက် ဖြစ်သည်။

သို့ပေမည့် ကြားဖူးရုံသာ ရှိခြင်းပင်။

နိုင်ငံတော် ဘဏ္ဍာတိုက်ရှိ ငွေများသည် ဝင်တာမြန်သလို ထွက်တာက ပိုမြန်သည်။ သဘာဝဘေးအန္တရာယ်များနှင့် လူလုပ် ဘေးဒုက္ခများက အဆက်မပြတ် ဖြစ်ပေါ်နေပြီး ဖွံ့ဖြိုးတိုးတက်ရေးများလည်း လုပ်ဆောင်ရန် လိုအပ်နေသေးသောကြောင့် အမြဲတမ်း အရှုံးပေါ်နေသည့် အခြေအနေတွင် ရှိနေတတ်၏။

ဤကဲ့သို့သော ကိစ္စမျိုးမှာ ခေတ်အဆက်ဆက် အတူတူပင် ဖြစ်သည်။

ယနေ့တော့ ဖန်ကျန်းရီ တစ်ယောက် တကယ့်ကို မျက်စိပွင့်သွားခဲ့သည်။ တောက်ယွမ်ခရိုင်က ချမ်းသာသည် ဆိုသော်လည်း တစ်ခရိုင်လုံးကို ပေါင်းလိုက်လျှင်ပင် ဤအဆင့်သို့ လုံးဝ ရောက်နိုင်မည် မဟုတ်ချေ။

ဆားကုန်သည်များဆိုသည်မှာ တကယ့်ကို သာမန် ချမ်းသာကြွယ်ဝမှုမျိုး မဟုတ်ကြောင်း ထင်ရှားလှ၏။

အခြားလူများမှာ ရွှေငွေကမ္ဘာထဲတွင် နစ်မြောနေကာ ရုန်းမထွက်နိုင်သေးသော်လည်း ဖန်ကျန်းရီကတော့ သတိပြန်ဝင်လာခဲ့ပြီ ဖြစ်သည်။

ယခုအချိန်တွင် စာရင်းစာအုပ်က အဓိကဖြစ်ပြီး ငွေကြေးများက ဒုတိယသာ ဖြစ်၏။

လူများ အာရုံလွင့်နေချိန်ကို အခွင့်ကောင်းယူကာ ဖန်ကျန်းရီသည် မီးတုတ်ကို မြှောက်ပြီး နေရာအနှံ့ လိုက်လံ ရှာဖွေလေတော့သည်။

ရှာဖွေနေရင်းနှင့် ယွီဟိုင်ကိုလည်း စောင့်ကြည့်နေ၏။

ယွီဟိုင်သည်လည်း မီးတုတ်ကို ကိုင်ကာ တစ်စုံတစ်ခုကို လိုက်လံ ရှာဖွေနေသည်ကို တွေ့ရသည်။

ဖန်ကျန်းရီသည် တစ်ပတ်လည်အောင် ရှာဖွေပြီးသော်လည်း စာရင်းစာအုပ် ရှိသည့်နေရာကို မတွေ့ရချေ။

သို့ပေမည့် ရှာဖွေနေစဉ် အလယ်လောက်တွင် ယွီဟိုင်သည် ရှာဖွေခြင်းကို ရပ်တန့်လိုက်သည်ကို သတိထားမိလိုက်သည်။ သူ တစ်ခုခု ရှာတွေ့သွားခြင်း ဖြစ်နိုင်၏။

လူအားလုံး လျှို့ဝှက်အခန်းထဲသို့ ဝင်ရောက်လာသည်ကို မြင်သောအခါ ဖန်ကျန်းရီက ပိုင်ရွေ့ကို ခေါ်ကာ တိုးညှင်းသော အသံဖြင့် မှာကြားလိုက်သည်။ “ညီအစ်ကိုတွေကို လျှို့ဝှက်အခန်း အပေါက်ကို စောင့်ခိုင်းထားလိုက်။ ကျုပ်အမိန့်မရဘဲ ဘယ်သူမှ မထွက်သွားစေနဲ့။”

ပိုင်ရွေ့က နောက်လှည့်ကာ သွားရောက် စီစဉ်လိုက်၏။

ဖန်ကျန်းရီက လူအများကို မျက်နှာမူကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “အားလုံးပဲ ... တန်းစီကြ။ တန်းစီကြ။”

ယွီဟိုင် ဦးဆောင်သော စစ်သားများသည် ဖန်ကျန်းရီ၏ အမိန့်ပေးသံကြောင့် စတင် တန်းစီကြလေတော့၏။

ဖန်ကျန်းရီက ဘေးရှိ ရွှေတောင်ပေါ်မှ ရွှေတုံးတစ်တုံးကို ဆွဲယူလိုက်ပြီး လက်ထဲတွင် ချိန်ဆနေလိုက်သည်။

တန်းစီခြင်း ပြီးစီးသွားသည်ကို မြင်သောအခါ ပြုံးပြီး ပြောလိုက်၏။ “ညီအစ်ကိုတို့ ... ဒီနေ့တော့ မျက်စိပွင့်သွားကြပြီ မလား။ ဒီလောက်များတဲ့ ရွှေတွေ ငွေတွေကို အရင်ကမြင်ဖူးကြလား။”

“မမြင်ဖူးပါဘူး ...” တုံ့ပြန်သံ အချို့ ထွက်ပေါ်လာသည်။

“ဒါဆို ခင်ဗျားတို့ ဒီရွှေငွေတွေကို သဘောကျလား။” ဖန်ကျန်းရီ၏ အသံမှာ အနည်းငယ် တိုးညှင်းသွား၏။

ဤမေးခွန်းကို မေးလိုက်သောအခါ မည်သူကမှ ဝင်မဖြေကြတော့ချေ။

ဘယ်သူက သဘောကျတယ်လို့ ပြောရဲမှာလဲ။ ပစ္စည်းတစ်ခုခု ပျောက်သွားရင် အရင်ဆုံး သံသယဝင်ခံရမှာပေါ့။

“ကျုပ်ကို ပြောစမ်း။ ခင်ဗျားတို့ ဒီရွှေငွေတွေကို သဘောကျလား။” မိစ္ဆာတစ်ကောင်၏ တိုးတိုးလေး ပြောသံက ထပ်မံ ထွက်ပေါ်လာပြန်သည်။

“သဘောကျပါတယ် ...” လူအုပ်ထဲမှ လူတစ်ယောက်က ဗီဇအလျောက် ပြန်ဖြေလိုက်သော်လည်း အသံက အလွန် တိုးနေ၏။

သို့ပေမည့် ဤတိတ်ဆိတ်နေသော အလုံပိတ်အခန်းထဲတွင် ဖန်ကျန်းရီက ချက်ချင်း ကြားလိုက်သည်။

လူအုပ်ထဲသို့ လက်ညှိုးထိုးကာ ပြောလိုက်၏။ “မင်း ... ရှေ့ထွက်ခဲ့။ ခုနက မင်း ပြောတာကို ကျုပ် ကြားလိုက်တယ်။”

ထိုစစ်သားလေးမှာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားပြီး တုန်တုန်ယင်ယင်ဖြင့် အရှေ့သို့ တွန်းပို့ခံလိုက်ရသည်။

ဖန်ကျန်းရီက သူ့ကို လက်ယပ်ခေါ်ကာ အနားသို့ လာခိုင်းပြီး ထိုစစ်သားလေးကို လက်ညှိုးထိုးကာ ပြောလိုက်၏။ “သူက သဘောကျတယ်လို့ ပြောတယ်။ ကျုပ်က ရိုးသားတဲ့သူတွေကို သဘောကျတယ်။ ရိုးသားတဲ့သူတွေကမှ ဆုချခံရဖို့ ထိုက်တန်တယ်။ ရော့ ... ယူထားလိုက်။”

ပြောပြီးသည်နှင့် ဖန်ကျန်းရီသည် လက်ထဲရှိ ရွှေတုံးကို စစ်သားလေး၏ ရင်ခွင်ထဲသို့ တိုက်ရိုက် ပစ်ပေးလိုက်သည်။

စစ်သားလေးမှာ ရွှေတုံးကို ကိုင်ကာ နေရာတွင် ကြောင်အမ်းအမ်းဖြင့် ရပ်နေပြီးနောက် မျက်နှာပေါ်တွင် မယုံနိုင်မှုများနှင့်အတူ အတိုင်းမသိ ဝမ်းသာပျော်ရွှင်မှုများ ဖြည်းဖြည်းချင်း ပေါ်လာ၏။

“နောက်ထပ် ဘယ်သူ ဒီရွှေငွေတွေကို သဘောကျသေးလဲ။”

“ကျုပ် သဘောကျတယ်။”

ဤတစ်ကြိမ်တွင်မူ လူအုပ်ထဲမှ တစ်ယောက်က တုံ့ဆိုင်းနေခြင်းမရှိဘဲ အော်ပြောလိုက်သည်။

ဖန်ကျန်းရီက နောက်ထပ် ရွှေတုံးတစ်တုံးကို ယူကာ အဝေးသို့ ပစ်ပေးလိုက်၏။

“ကျုပ် သဘောကျတယ်။”

“ကျုပ်လည်း သဘောကျတယ်။”

“အမတ်ဖန် ... ကျုပ်လည်း ရှိပါသေးတယ်။”

အခြေအနေက အလွန် သင့်တော်နေပြီး လူတို့၏ စိတ်ကို လှုံ့ဆော်ရန် နှစ်မိနစ်ပင် အချိန်မယူရချေ။ အခန်းထဲ ဝင်လာတည်းက လူတိုင်းသည် ရတနာများကြောင့် မျက်စိလည်နေကြပြီ ဖြစ်သည်။

မကောင်းသော စိတ်များ ထွက်ပေါ်လာရန် အကြောင်းပြချက်လေး တစ်ခုသာ လိုအပ်နေခြင်း ဖြစ်၏။

ဥစ္စာဓနဆိုသည်မှာ လူတို့၏ စိတ်ကို လှုပ်ရှားစေနိုင်သည် မဟုတ်ပါလား။ နေရာတစ်ခုလုံးမှာ ချက်ချင်းဆိုသလို ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး မိမိ ရွှေတုံး မရလိုက်မည်ကို စိုးရိမ်နေကြသည်။

တစ်ခဏအတွင်းမှာပင် ငွေတိုက်သည် ဖန်ကျန်းရီ၏ ကိုယ်ပိုင်ပိုင်ဆိုင်မှု ဖြစ်သွားသကဲ့သို့ အခြားသူများကလည်း မိမိ ရွှေတုံး မရလိုက်မည်ကို စိုးရိမ်ကာ အလုအယက် အော်ဟစ်နေကြ၏။

ယွီဟိုင်မှာလည်း အလိုအလျောက် လိုက်အော်ချင်စိတ် ပေါ်လာသော်လည်း စိတ်ထဲတွင် ဖန်ကျန်းရီကို အမြဲ သတိထားနေမိသည်။

ဤရှုပ်ထွေးနေသော မြင်ကွင်းကို ကြည့်ကာ ရုတ်တရက် အသံကျယ်ကျယ်ဖြင့် အော်လိုက်၏။ “အမတ်ဖန် ... ဒါတွေက လွီမိသားစုရဲ့ ရွှေတွေပါ။”

သူ ဤသို့ အော်လိုက်သောအခါ လူတော်တော်များများမှာ ချက်ချင်း သတိဝင်လာကြပြီး လက်ထဲရှိ ရွှေတုံးကို ကိုင်ထားရမည်လား၊ ချထားရမည်လား မသိအောင် ဖြစ်သွားကြသည်။

မူလက တက်ကြွနေသော လေထုမှာ ရုတ်တရက် ရပ်တန့်သွား၏။

ဆူးငြောင့်ခလုတ်။

ဖန်ကျန်းရီက ဤကဲ့သို့ တွေးတောတတ်သူများကို အတော်လေး စိတ်အနှောင့်အယှက် ဖြစ်မိသည်။

ဖန်ကျန်းရီက မီးတုတ်တစ်ချောင်းကို အရင် ယူလိုက်ပြီး ရွှေတုံးပုံ အလယ်တွင် စိုက်လိုက်သည်။

ရွှေတုံးများပေါ်မှ ရွှေရောင်များက ပို၍ တောက်ပလာပြီး လူအားလုံး၏ အကြည့်များက ဖန်ကျန်းရီ၏ အနောက်ဘက်ရှိ ရွှေတုံးများဆီသို့ အလိုအလျောက် ရောက်ရှိသွားကြ၏။

ဖန်ကျန်းရီက လက်နှစ်ဖက်ကို ဆန့်တန်းကာ ဖြည်းညင်းစွာ လမ်းလျှောက်နေလိုက်သည်။

“ညီအစ်ကိုတို့ ... သေချာ ကြည့်ကြစမ်း။”

All Chapters