အခန်း (၄၄၆-၄၄၇)
Vol. 25 Ch. 446-447
အပိုင်း (၄၄၆) ကျုပ် ကုန်သည်တွေကို အမုန်းဆုံးပဲ။
“ဒီက ငွေတွေကို သေချာကြည့်ကြစမ်း။ ခင်ဗျားတို့ ဒီလို မြင်ကွင်းမျိုးကို မြင်ဖူးကြလား။”
“မမြင်ဖူးပါဘူး။” လူအများက တိုးညှင်းစွာ ပြန်ဖြေကြသည်။
“ဟဟ ... ခင်ဗျားတို့ မမြင်ဖူးရုံတင်မကဘူး ကျုပ်တောင် မမြင်ဖူးဘူး။ လွီမိသားစုဆိုတဲ့ သာမန် ကုန်သည်ယုတ်လေးတွေက ဘယ်လို စွမ်းရည်မျိုးနဲ့ ဒီလောက်များပြားတဲ့ ဥစ္စာဓနတွေကို ရှာဖွေနိုင်ခဲ့တာလဲ။ ဒါက ပြည်သူတွေဆီက ဂုပ်သွေးစုပ်ထားတာဆိုတာ သိသာတယ်။
ခင်ဗျားတို့က လွီမိသားစုအတွက် ဒီမှာ ငါးရက်တောင် စောင့်ပေးခဲ့ပြီး လွီမိသားစုဝင်တွေကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ရင်တောင်မှ လွီမိသားစုက ခင်ဗျားတို့ကို ငွေတစ်တုံး ပေးမှာလား။
အခုပဲ ကျုပ် ခင်ဗျားတို့ကို အဖြေပေးလိုက်မယ်။ မပေးဘူး။
ဘာလို့ မပေးတာလဲဆိုတော့ သူတို့က ခင်ဗျားတို့ကို အထင်သေးလို့ပဲ။ လွီမိသားစုရဲ့ အမြင်မှာ ခင်ဗျားတို့က သူတို့အတွက် အလုပ်လုပ်ပေးရတဲ့ ခွေးတွေသာသာပဲ ရှိတယ်။
သူက ခင်ဗျားတို့ကို ဘာလို့ သတ်မှတ်ထားလဲ။ အသုံးလိုရင် ခေါ်သုံးပြီး အသုံးမလိုရင် ဘေးဖယ်ထားမယ်။ ဒါက ခင်ဗျားတို့ကို ဖိနပ်စုတ်လို သဘောထားတာ မဟုတ်ဘူးလား။
ဒါပေမယ့် ခင်ဗျားတို့ မေ့မထားနဲ့။ ခင်ဗျားတို့က စစ်တပ်ကလူတွေပဲ။ သူတို့က ကုန်သည်ယုတ်တွေ။”
ဖန်ကျန်းရီ၏ မျက်နှာပေါ်တွင် နာကျင်ခံစားရသော အမူအရာ ပေါ်လာ၏။ “ကျုပ်က ဒီလို အလုပ်အကိုင် မရှိဘဲ ဘာမှမလုပ်ဘဲ အကျိုးအမြတ်ကို အချောင်နှိုက်ချင်တဲ့ ကုန်သည်ယုတ်တွေကို အမုန်းဆုံးပဲ။
အမှန်အတိုင်းပြောရရင် ကျုပ်ရဲ့ အဖေကလည်း စစ်တပ်က ဆင်းသက်လာတာပဲ။ ငယ်ငယ်တည်းက စစ်တပ်ထဲဝင်ဖို့ နားငြီးအောင် အဆုံးအမခံခဲ့ရတယ်။ လမ်းလွဲပြီး စာပေအမတ် ဖြစ်လာပေမဲ့ ကျုပ်ရဲ့ စိတ်ထဲမှာတော့ ခင်ဗျားတို့နဲ့ တစ်အုပ်စုတည်းပဲ။”
ဤနည်းလမ်းကို ဖန်ကျန်းရီ အသုံးပြုနေသည်မှာ ပထမဆုံးအကြိမ် မဟုတ်တော့ချေ။ အနည်းငယ် ပြောင်းလဲမှု ရှိသော်လည်း အခြေခံ သဘောတရားကတော့ အတူတူပင် ဖြစ်သည်။
ပထမဆုံး ပစ်မှတ်တစ်ခု ဖန်တီးမည်၊ ထို့နောက် ပဋိပက္ခကို လှုံ့ဆော်မည်၊ နောက်ဆုံးတွင် သူတို့အထဲသို့ ဝင်ရောက် ရောနှောမည်။
ယခုတစ်ကြိမ်လည်း အလုပ်ဖြစ်သွားသည်မှာ သေချာ၏။ အကြောင်းမှာ နောက်ဘက်တွင် ရွှေငွေရတနာများ ရှိနေပြီး သူဌေးများကို မုန်းတီးသော ခံစားချက်များလည်း ပေါင်းထည့်လိုက်သဖြင့် အကျိုးသက်ရောက်မှုက တကယ့်ကို ကြီးမားလာသည်။
လျှို့ဝှက်အခန်း အပေါက်ဝတွင် စောင့်နေသော ပိုင်ရွေ့မှာ ဖန်ကျန်းရီကို ကြောင်အမ်းအမ်းဖြင့် ကြည့်နေမိ၏။
အရင်တုန်းက ဖန်ကျန်းရီက သူ့ကို ကြိုးတုပ်ပြီး အဖွဲ့ထဲ ဝင်ခိုင်းတုန်းက သူ့ဘိုးဘေးတွေက သူခိုးတွေလို့ ပြောခဲ့တာကို သူ သေသေချာချာ မှတ်မိနေသည်။
သခင်လေးက သာမန်လူ မဟုတ်ဘူးပဲ ... မိသားစု နောက်ခံက တကယ့်ကို ရှုပ်ထွေးလွန်းတယ်။
ယွီဟိုင်၏ မျက်လုံးများမှာမူ တုန်ခါနေပြီ ဖြစ်၏။
ဒီဖန်ကျန်းရီ ဘာတွေ လျှောက်ပြောနေတာလဲ။
သူ လူကယ်ချင်တာ မဟုတ်ဘူးလား။
အခုအခြေအနေကို ကြည့်ရတာ သူက လွီမိသားစုကို သူခိုးလို့ စွပ်စွဲပြီး ဒီငွေတိုက်ကို သိမ်းပိုက်ချင်နေတာပဲ။
ဘေးဘီဝဲယာရှိ ညီအစ်ကိုများကို ကြည့်လိုက်ရာ အားလုံး၏ မျက်နှာတွင် ဒေါသထွက်နေမှုများနှင့် စိတ်လှုပ်ရှားနေမှုများကို တွေ့ရသည်။
ယွီဟိုင်က မနေနိုင်တော့ဘဲ သတိပေးလိုက်၏။ “အမတ်ဖန် ... ကျုပ်တို့က လွီမိသားစုကို လာကယ်တာပါ။ ဒါက အစိုးရ ရုံးတော်ရဲ့ တာဝန်ပဲ။”
ဖန်ကျန်းရီက သူ့ကို တစ်ချက် ကြည့်လိုက်ပြီး မျက်နှာပေါ်တွင် မကျေနပ်သော အမူအရာ ပေါ်လာသည်။
နှစ်ခါရှိပြီ ... ခင်ဗျား ကျုပ်အလုပ်ကို ဖျက်တာ နှစ်ခါရှိသွားပြီ။ စောစောကလည်း တိတ်တိတ်လေး ပစ္စည်းတစ်ခုခု လိုက်ရှာနေသေးတယ်။ ခဏနေရင် ခင်ဗျား ကောင်းကောင်း အပြစ်ပေးခံရမယ်။
သူ၏စကားကို ပြန်မဖြေဘဲ ဖန်ကျန်းရီက ကျောခိုင်းလိုက်ကာ ရွှေတုံးများပေါ်သို့ လက်တင်ပြီး ဖြည်းညင်းစွာ ပြောလိုက်၏။
“နေ့တိုင်း နံနက် ၉ နာရီကနေ ၁၁ နာရီအတွင်း ရုံးတော်ကို သွားပြီး နာမည်စာရင်း သွင်းရတယ်။ တစ်လလုံး နေမှ ငွေ တစ်မူး နှစ်မတ်လောက်ပဲ ရတယ်။
စားစရိတ် သောက်စရိတ် ချွေတာပြီး တစ်ခါတလေ လောင်းကစား လုပ်ကြည့်ပေမဲ့ ချက်ချင်း ချမ်းသာလာဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ ခင်ဗျားတို့ တကယ့် သူဌေးတွေ ဘယ်လို ပိုက်ဆံရှာလဲ ဆိုတာကို လုံးဝ မသိကြဘူး။
စီးပွားရေးလုပ်တယ် ဆိုတာ ကြိုးစားအားထုတ်မှုအပေါ် မူတည်တာ မဟုတ်ဘူး။ အဆက်အသွယ်နဲ့ လိမ်လည်မှု အပေါ် မူတည်တာ။ ဒီက ရွှေငွေတွေရဲ့ ဆယ်ပုံ ကိုးပုံက မတရားရထားတဲ့ ပိုက်ဆံတွေချည်းပဲလို့ ကျုပ် ရဲရဲကြီး ပြောရဲတယ်။
ညီအစ်ကိုတွေက တစ်သက်လုံး ပင်ပန်းဆင်းရဲခံပြီး အသက်စွန့်ရတဲ့ ပိုက်ဆံလေး နည်းနည်းပဲ ရတယ်။ နေရတဲ့ ဘဝက ကုန်သည်ယုတ်တွေရဲ့ အစေခံတွေထက်တောင် ဆိုးသေးတယ်။ တကယ်တော့ ဒီထဲက ငွေတွေထဲမှာ ခင်ဗျားတို့နဲ့ သက်ဆိုင်တဲ့ အစိတ်အပိုင်းလည်း ပါနေသင့်တာပဲ။
ကျုပ်က အခုမှ ရောက်လာတာဆိုတော့ အားလုံးကို လက်ဆောင်ပေးစရာ ဘာမှ မရှိဘူး။ ဒီနေ့ ဒီက ရွှေငွေတွေကို ခင်ဗျားတို့ ယူနိုင်သလောက် ယူကြ။ ယူသွားသမျှ ခင်ဗျားတို့ ပိုင်တာပဲ။ ပြဿနာ တက်လာရင် ကျုပ် တာဝန်ယူတယ်။ ဒီစကားကို ဒီမှာရှိတဲ့ လူတိုင်းက သက်သေပြနိုင်တယ်။”
လူတိုင်း၏ အသက်ရှူသံများ ပြင်းထန်လာပြီး မျက်နှာများ နီရဲကာ ဖန်ကျန်းရီ၏ အနောက်ဘက်ရှိ ရွှေငွေ ရတနာများကို စိုက်ကြည့်နေကြ၏။
သူ၏ ကတိစကားက မိစ္ဆာတစ်ကောင်၏ သွေးဆောင်မှုနှင့် တူနေသည်။ အလွန် သွေးဆောင်နိုင်စွမ်းရှိပြီး အကျိုးသင့်အကြောင်းသင့်လည်း ဖြစ်နေသည်။
လွီမိသားစု ဓနဥစ္စာကြွယ်ဝသလောက် ရက်စက်ကြမ်းကြုတ်သည်မှာ တစ်ရက်နှစ်ရက်မျှ မဟုတ်ချေ။ ဤအထဲမှ လူအများစုမှာလည်း ရုံးတော်၌ အမှုထမ်းနေကြသူများဖြစ်ရာ ထိုအကြောင်းကို ကောင်းစွာ သဘောပေါက် နားလည်ထားကြသည်။
အနည်းအကျဉ်း ယူငင်လိုက်ခြင်းသည်ပင် လွီမိသားစုအတွက် ကုသိုလ်ပြုပေးလိုက်သည်ဟု သဘောထားလိုက်ရုံသာ ဖြစ်ပေမည်။
ထို့အပြင်... မည်သို့ပင်ဆိုစေကာမူ မိမိတို့အနေဖြင့် ရွှေချိန်ပေါင်တစ်ရာခန့်တော့ အပိုင်ရနိုင်ဦးမည်သာ ဖြစ်သည်။ ထိုသို့သာဆိုလျှင် ချက်ချင်း ကြီးပွားချမ်းသာသွားပြီး တစ်မိသားစုလုံးအတွက် ဘာမှပူပင်သောက ရောက်စရာ လိုတော့မည် မဟုတ်ချေ။
ယွီဟိုင်ကတော့ ထိတ်လန့်နေပြီဖြစ်ပြီး ဤကဲ့သို့ အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။
ဖန်ကျန်းရီ စကားပြောနေဆဲတွင် သူသည် လူအုပ်နောက်သို့ တိတ်တိတ်လေး ဆုတ်သွားကာ ထွက်ပြေးရန် ပြင်ဆင်လိုက်၏။
သို့ပေမည့် တံခါးဝသို့ ရောက်သည်နှင့် လူတစ်ချို့၏ တားဆီးခြင်းကို ခံလိုက်ရသည်။
ပိုင်ရွေ့က အေးတိအေးစက်ဖြင့် ပြောလိုက်၏။ “ခင်ဗျား သွားလို့ မရဘူး။ ကျုပ်တို့ သခင်လေး စကားပြောလို့ မဆုံးသေးဘဲနဲ့ ခင်ဗျားက ထွက်သွားချင်နေတာလား။ တော်တော် ရိုင်းစိုင်းတာပဲ။”
“ကျုပ်... ကျုပ်အမတ်ဝမ်ဆီ သွားပြီး သတင်းပို့ရမှာ သတိရသွားလို့ပါ။ ညီအစ်ကိုတို့ ... လမ်းလေး ဖယ်ပေးပါအုံး။”
“ပြန်သွား။ ကျုပ်ကို ဒုတိယအကြိမ် ထပ်ပြောရအောင် မလုပ်နဲ့။” ပြောရင်းနှင့် ပိုင်ရွေ့နှင့် အခြားညီအစ်ကိုများက ဓားတစ်ဝက်ခန့်ကို ဆွဲထုတ်လိုက်ကြ၏။
ယွီဟိုင်မှာ ထိတ်လန့်သွားပြီး ချွေးစေးများ ထွက်လာကာ လူအုပ်ထဲသို့ ပြန်လှည့်သွားရသည်။
မည်သူကမှ ရွှေငွေများကို မယူကြသည်ကို မြင်သောအခါ သူက အံကြိတ်ကာ အသံကျယ်ကျယ်ဖြင့် အော်လိုက်၏။ “ညီအစ်ကိုတို့ ... ခင်ဗျားတို့ အခုလုပ်နေတာက ဥပဒေကို ချိုးဖောက်နေတာပဲ။ ပြည်သူတွေရဲ့ ပစ္စည်းတွေကို အတင်းအဓမ္မ လုယူရင် ခေါင်းဖြတ်ခံရမှာနော်။ ဒီဖန်ကျန်းရီက ဘယ်ကလာမှန်း မသိဘူး။ သူ့ကို မယုံကြနဲ့။ ကျုပ်နောက် လိုက်ခဲ့ကြ။”
စကားဆုံးသည်နှင့် ပိုင်ရွေ့တို့က ပြေးဝင်လာပြီး သူ့ကို နံရံတွင် ကပ်ကာ ဖိထားလိုက်ကြသည်။
ထိုမြင်ကွင်းကို ကြည့်ပြီး လူအများမှာ အနည်းငယ် သတိဝင်သွားကြကာ ဖန်ကျန်းရီကို သံသယ မျက်လုံးများဖြင့် ကြည့်လိုက်ကြ၏။
စိတ်လှုပ်ရှားနေမှုများလည်း အတော်လေး လျော့ကျသွားသည်။
ဖန်ကျန်းရီက ယွီဟိုင်ကို အေးစက်စွာ ကြည့်လိုက်၏။
“ချီးတဲ့မှ ... ခင်ဗျား ဘာတွေ လျှောက်ပြောနေတာလဲ။ ကျုပ်တို့ ညီအစ်ကိုတွေက ခြံထဲမှာ ဆင်းဆင်းရဲရဲနဲ့ ရက်အတော်ကြာ စောင့်နေခဲ့တာလေ။ သူ့မိသားစု တစ်စုလုံး အသက်ကို ကယ်ပေးတာကို ရွှေတုံး ရာဂဏန်းလောက် ယူတာ များသွားလို့လား။ လွီမိသားစုက အစကနေ အဆုံးထိ ခင်ဗျားတို့ကို ငွေတစ်ပြား ပေးဖို့ စဉ်းစားဖူးလို့လား။
အခု ကျုပ်က ခင်ဗျားတို့ အကျိုးအတွက် တောင်းဆိုပေးနေတာကို ခင်ဗျားကများ ကျုပ်ရဲ့ ရာထူးကို သံသယ ဝင်ရဲသေးတယ်ပေါ့။ ခင်ဗျား ဦးနှောက်က ဖင်ထဲ ရောက်နေတာလား။ ချီးပဲ။”
ထို့နောက် သူက နောက်ဘက်မှ ရွှေတုံးတစ်တုံးကို ထပ်ယူကာ လူအများရှေ့သို့ ပစ်ချလိုက်သည်။ “အမှန်အတိုင်း ပြောရရင် ကျုပ်က အရှင်မင်းကြီးရဲ့ အမိန့်နဲ့ ဆားကုန်သည်တွေကို စစ်ဆေးဖို့ ရောက်လာတာပဲ။ အခု သက်သေတွေ အထောက်အထားတွေ အကုန်ရှိနေပြီ။ စိုးရိမ်စရာ ဘာမှမရှိဘူး။ အရှင်မင်းကြီးရဲ့ အမိန့်စာကို ကြည့်ချင်တဲ့သူရှိရင် ကျုပ်ဆီ လာကြည့်လို့ရတယ်။
ဒီရွှေတွေကို ခင်ဗျားတို့ ယူမလား၊ မယူဘူးလား ဆိုတာ ခင်ဗျားတို့ သဘောပဲ။”
လူတော်တော်များများမှာ စိတ်ပါနေကြပြီဖြစ်သော်လည်း ယွီဟိုင် နံရံတွင် ဖိကပ်ခံထားရသည်ကို မြင်သောအခါ အနည်းငယ် တုံ့ဆိုင်းနေကြဆဲ ဖြစ်၏။
ဖန်ကျန်းရီကလည်း မလောဘဲ ဆက်လက် သွေးဆောင်လိုက်သည်။ “ဘဝဆိုတာ ကြိုးစားအားထုတ်မှုထက် ရွေးချယ်မှုက အမြဲတမ်း ပိုအရေးကြီးတယ်။
ဒီလောကကြီးက ဆင်းရဲတာကို ရယ်ပြီး ပြည့်တန်ဆာကို မရယ်တဲ့ လောကကြီးပဲ။ သူများထက် ခြေတစ်လှမ်း ပိုမြန်ရင် အထင်သေးမခံရဘူး။ ခြေတစ်လှမ်း နှေးသွားရင်တော့ အနိုင်ကျင့်ခံရလိမ့်မယ်။
အခုကစပြီး ခင်ဗျားတို့ကို အမွှေးတိုင် တစ်တိုင်စာ အချိန်ပေးမယ်။ အချိန်ကုန်သွားရင် ဒီလိုအခွင့်အရေးမျိုး နောက်ထပ် မရနိုင်တော့ဘူး။”
ပြောပြီးနောက် ပိုင်ရွေ့ကို မျက်ရိပ်ပြလိုက်၏။
ပိုင်ရွေ့က သဘောပေါက်စွာဖြင့် ဘေးရှိ ညီအစ်ကိုတစ်ယောက်ကို ပုတ်လိုက်ရာ ထိုလူက ရွှေတုံးများရှိရာသို့ ခြေလှမ်းကျဲကြီးများဖြင့် ပြေးသွားတော့သည်။
ရွှေတုံးများကို တစ်တုံးပြီး တစ်တုံး ရင်ခွင်ထဲသို့ အတင်းထိုးထည့်နေပြီး တစ်ခါတစ်ရံ မြေပြင်ပေါ်မှ လည်ကုံးများကို ကောက်ယူကာ လည်ပင်းတွင် ဆွဲထားလိုက်၏။
သူ ရွှေများကို အရူးအမူး သိမ်းဆည်းနေသည်ကို မြင်သောအခါ အခြားလူများ၏ မျက်လုံးများ ချက်ချင်း နီရဲသွားတော့သည်။
ဒုတိယတစ်ယောက် ... တတိယတစ်ယောက် ... စတုတ္ထတစ်ယောက် ... တစ်ယောက်ပြီး တစ်ယောက် အရှေ့သို့ အလုအယက် ပြေးဝင်သွားကြ၏။
လောဘ၊ ဆန္ဒ၊ ယှဉ်ပြိုင်လိုစိတ်နှင့် အများနောက် လိုက်လိုစိတ်များ ပေါင်းစပ်သွားပြီးနောက် အရူးအမူး ဖြစ်နေသော လေထုမှာ နောက်ထပ် အထွတ်အထိပ် အခြေအနေတစ်ခုသို့ ထပ်မံ ရောက်ရှိသွားပြန်သည်။
ဖန်ကျန်းရီက သူတို့ ရွှေငွေရတနာများကို အလုအယက် လုယူနေကြသည်ကို ဘေးမှနေ၍ ပြုံးကာ ကြည့်နေ၏။
ခဏလောက် ကြည့်ပြီးနောက် ပျင်းစရာကောင်းသည်ဟု ထင်လာသည်။
ဤနေရာရှိ ရွှေငွေရတနာများမှာ အလွန်တရာ များပြားလှသဖြင့် ကြည့်ရင်းနှင့်ပင် ထုံကျဉ်လာသလို ခံစားနေရသည်။
လတ်တလောတွင် သူ့အနေဖြင့် ငွေကြေးကို အလွန်အမင်း လိုအပ်နေသည်တော့ မဟုတ်ပေ။ ဤငွေများကို မည်သို့ အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးချရမည်နည်း ဆိုသည်ကသာ အရေးကြီးဆုံးသော ပြဿနာဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ သူသည် ယခင်ကကဲ့သို့ မြို့ဝန်ငယ်လေး တစ်ပါး မဟုတ်တော့ချေ။ ထည့်သွင်းစဉ်းစားရမည့် လူများနှင့် ပြဿနာများက ပို၍များပြားလာသကဲ့သို့ သူထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများမှာလည်း ပိုမို ကြီးလေးလာခဲ့ပြီ ဖြစ်ပေသည်။
ယွီဟိုင်မှာ နံရံတွင် အသေဖိကပ်ခံထားရဆဲဖြစ်ပြီး ဖန်ကျန်းရီက သူ့အနီးသို့ လျှောက်သွားကာ သူ၏ ရင်ခွင်ထဲသို့ လက်နှိုက်ပြီး အထူကြီးဖြစ်နေသော စာရင်းစာအုပ် တစ်အုပ်ကို ထုတ်ယူလိုက်၏။
“ဟမ့် ... ထင်တဲ့အတိုင်းပဲ။ ဝမ်ချန်က ကျုပ်ကို စောင့်ကြည့်ဖို့ ခင်ဗျားကို လွှတ်လိုက်တာပဲ။ ကိုယ်လိပ်ပြာ ကိုယ်လုံရင် တစ္ဆေတံခါးလာခေါက်တာကို ကြောက်စရာ မလိုပါဘူး။
ဝမ်ချန်က ... ဒီစာရင်းစာအုပ်ထဲမှာ သူ့အတွက် အကျိုးမပေးတဲ့ သက်သေတွေ ပါနေမှာကို ကြောက်လို့ ကျုပ်ကို သတ်ချင်နေတာတော့ မဟုတ်ဘူးမလား။”
အပိုင်း (၄၄၇) လူတို့၏စိတ်ကို ကစားခြင်း။
ယွီဟိုင်မှာ ချွေးသီးချွေးပေါက်များ ကျလာပြီး ပါးစပ်မှာလည်း နံရံတွင် ဖိကပ်ခံထားရလျက် ခက်ခက်ခဲခဲဖြင့် ပြောလိုက်၏။ “အမတ်ဖန် ၊ ခင်ဗျား နောက်နေတာမလား ၊ ဒီလိုကိစ္စမျိုး မရှိပါဘူး။”
ဖန်ကျန်းရီက ပြုံးလိုက်သည်။ “အဲဒါကို ကျုပ် ဂရုမစိုက်ဘူး ၊ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျား အသက်ရှင်ခွင့် မရှိတော့ဘူး။ ကျုပ်က ကျုပ်အကြောင်း ကွယ်ရာမှာ အတင်းပြောတာကို မုန်းတယ် ၊ ခင်ဗျားက မျက်နှာချင်းဆိုင်တောင် ပြောရဲတယ်ဆိုတော့ သေဖို့သာ ပြင်ထားလိုက်တော့။”
စကားဆုံးပြီးနောက် ဖန်ကျန်းရီသည် စာရင်းစာအုပ်ကို ကိုင်ကာ မူလနေရာသို့ ပြန်လှည့်သွားပြီး လူအများ ရတနာများကို လုယက်နေကြသည်ကို ဆက်လက် ကြည့်ရှုနေလိုက်သည်။
ပိုင်ရွေ့က ယွီဟိုင်အနီးသို့ ကပ်သွားကာ ရန်လိုသောအသံဖြင့် ပြောလိုက်၏ “ခင်ဗျားတော့ သွားပြီ ၊ ကျုပ်တို့ သခင်လေးက စိတ်သဘောထား သေးသိမ်တယ် ၊ သတ်မယ်ပြောရင် တကယ်သတ်မှာပဲ ၊ နောက်ဘဝကျရင် ပါးစပ်ကို သတိထား။”
မလှမ်းမကမ်းမှ စူးရှသော အကြည့်နှစ်ချက်က ပိုင်ရွေ့ထံသို့ ရုတ်တရက် ကျရောက်လာသဖြင့် ပိုင်ရွေ့မှာ နံရံထောင့်သို့ တိတ်ဆိတ်စွာ ကပ်သွားသည်။
လုယက်မှုက အလျင်အမြန် ပြီးဆုံးသွားခဲ့၏။
လူတိုင်းက ရွှေတုံး ပေါင်တစ်ရာကျော်စီကို ကိုယ်ပေါ်တွင် သယ်ဆောင်ထားသော်လည်း အနည်းငယ်မှ လေးလံသည်ဟု မခံစားရဘဲ ပေါ့သေးသည်ဟုပင် ထင်နေကြသည်။ တချို့ဆိုလျှင် အဝတ်အစားများထဲမှ ရွှေတုံးများပင် ပြုတ်ကျနေသေးသည်။
လူတိုင်း၏ မျက်နှာပေါ်တွင် အပြုံးများ ဝေဆာနေပြီး ရင်ထဲတွင်လည်း စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေဆဲ ဖြစ်၏။
ထိုအချိန်တွင် ယွီဟိုင်က လူအများ သတိမထားမိခိုက် အချုပ်အနှောင်မှ ရုန်းထွက်ကာ လူအုပ်ကြီးကို ဒေါသတကြီး အော်ဟစ်လိုက်၏ “ညီအစ်ကိုတို့ … ခင်ဗျားတို့ သူ့ကို မယုံကြနဲ့ ။ သူက ဒီက ပစ္စည်းတွေကို လိုချင်လို့ ခင်ဗျားတို့ကိုပါ အလိုတူအလိုပါ ဖြစ်အောင် ဆွဲသွင်းနေတာ ၊ ခင်ဗျားတို့ တကယ်ပဲ ဒီငွေတွေကို အေးအေးဆေးဆေး ယူသွားနိုင်မယ် ထင်နေတာလား။ ကျုပ်နောက်ကို လိုက်ခဲ့ပြီး အမတ်ဝမ်ဆီ သွားကြမယ် ၊ ဆုကြေး အကြီးကြီး ရလိမ့်မယ်။”
သူ အော်ပြီးသည်နှင့် ပိုင်ရွေ့တို့က ပြန်လည် ဖမ်းဆီးလိုက်ကြပြီး ဤတစ်ကြိမ်တွင်မူ သူ၏ ပါးစပ်ထဲသို့ ရွှေတုံးအချို့ကို အပြည့်အသိပ် ထိုးထည့်လိုက်ကြသည်။
ဖန်ကျန်းရီ၏ နှုတ်ခမ်းထောင့်တွင် အထင်သေးသော အပြုံးတစ်ခု ပေါ်လာ၏။
ဤအချိန်တွင် ဘာပြောပြော အချည်းနှီးသာ ဖြစ်သည်။ လက်ထဲရောက်နေသော ရွှေတုံးများကို ပြန်ချထားခိုင်းရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်တော့ချေ။
“ညီအစ်ကိုတို့ … ခင်ဗျားတို့ ဝမ်ချန်နောက်ကို လိုက်ခဲ့တာ ဒီလောက်ကြာပြီ ဘယ်တုန်းက ချမ်းသာဖူးလို့လဲ။
ကျုပ် ဒီနေ့ ဟိုင်ယွမ်မြို့ကို ရောက်ရောက်ချင်းပဲ ခင်ဗျားတို့အားလုံး ချမ်းသာသွားကြပြီ။ ဘယ်သူ့စကားကို ယုံရမလဲဆိုတာ ကျုပ် ထပ်ပြောစရာ မလိုတော့ဘူး ထင်တယ်။”
“ကျုပ် အမတ်ဖန်ကို ယုံတယ်။”
ပထမဆုံး ရွှေတုံးရရှိခဲ့သော စစ်သည်လေးက စိတ်လှုပ်ရှားစွာဖြင့် အသံကျယ်ကျယ် အော်ဟစ်လိုက်သည်။
ဖန်ကျန်းရီက ထပ်မံ ပြုံးလိုက်ပြန်၏။ “ပြောတာ အရမ်းကောင်းတယ် ၊ ဒီငွေတွေက မူလတည်းက ခင်ဗျားတို့ ရသင့်တဲ့ဟာတွေပဲ။ လွီမိသားစုက ငွေတိုက်ထဲမှာ ဝှက်ထားပြီး အလင်းရောင် မမြင်ရဘဲ မြေအောက်မှာ မှိုတက်သွားရင်တောင် စျေးကွက်ထဲ ထုတ်မသုံးချင်ကြဘူး။ ကျုပ်ကြည့်ရသလောက်တော့ ခင်ဗျားတို့ကမှ ဒီငွေတွေနဲ့ ပိုပြီး ထိုက်တန်တယ်။ ကျုပ်ကလည်း မိုးနတ်မင်းကြီးကိုယ်စား တရားမျှတအောင် ဒီရတနာတွေကို ပြန်လည် ခွဲဝေပေးရုံပါပဲ။”
ပြန်လည် ခွဲဝေပေးတယ်ဆိုတာ အရမ်းကောင်းတာပဲ။ ငါတို့က ခွဲဝေပေးခံရမယ့်သူတွေ ဖြစ်သင့်တာပေါ့။
လူတိုင်းက ရင်ထဲတွင် ကြည်နူးသွားကြသည်။
ပိုင်ရွေ့က လက်ခုပ်တီးကာ အော်လိုက်၏။ “အမတ်ဖန် ပြောတာ အရမ်းမှန်တယ်။ ဒါက ကျုပ်တို့အတွက် တကယ်ကို စေတနာထားပြီး တွေးပေးနေတာပဲ ၊ အမတ်ဖန်ကို ကျေးဇူးတင်ပါတယ်။”
အနောက်ဘက်ရှိ သူတို့၏လူများကလည်း တစ်ယောက်ပြီး တစ်ယောက် ဆက်တိုက် အော်ဟစ်လိုက်ကြသည်။
မကြာမီမှာပဲ ငွေတိုက်အတွင်း၌ လက်ခုပ်သံများ လွှမ်းမိုးသွား၏။
ယွီဟိုင်မှာ ဤယုတ္တိမရှိသော မြင်ကွင်းကို ကြည့်ရင်း ထိတ်လန့်မှုနှင့်အတူ ဝမ်းနည်းမှုကိုပါ ခံစားနေရသည်။ သူ၏ ခေါင်းထဲတွင် စကားလုံးလေးလုံး ပေါ်လာ၏။ လူတို့၏စိတ်ကို ကစားခြင်းပင်။
လက်ခုပ်သံများ ငြိမ်ကျသွားသောအခါ ဖန်ကျန်းရီက ရင်ခွင်ထဲမှ အထူကြီးဖြစ်နေသော စာရင်းစာအုပ်ကို ထုတ်ယူလိုက်သည်။
ပြီးနောက် စာအုပ်ကို မြှောက်ပြကာ ပြောလိုက်၏။
“ညီအစ်ကိုတို့ … ကျုပ် စကားပြောလို့ မဆုံးသေးဘူး။ ဒီငွေတွေက ခင်ဗျားတို့ပိုင်သွားပြီ ဆိုပေမဲ့ အလကားတော့ ယူလို့မရဘူး။ ဒါက ငွေတိုက်ထဲက စာရင်းစာအုပ်ပဲ။ ဒီအထဲမှာ လွီမိသားစုက ဝမ်ချန်ကို လာဘ်ထိုးပြီး ပူးပေါင်း ကြံစည်ထားတဲ့ သက်သေတွေ ပါနေတယ်။
ကျုပ်က ဒီတစ်ခေါက် ဟိုင်ယွမ်မြို့ကို အရှင်မင်းကြီး ရဲ့ အမိန့်နဲ့ အကျင့်ပျက် ခြစားမှုတွေကို စုံစမ်းဖို့ လာခဲ့တာ ၊ အခု ဝမ်ချန်က လွီမိသားစုနဲ့ ပူးပေါင်းပြီး ပြည်သူတွေဆီက သွေးစုပ်နေတယ် ၊ ပြည်သူတွေကို နှိပ်စက်နေတယ်ဆိုတော့ သူက သေဒဏ်ပေးခံရမယ့် အပြစ်ကို ကျူးလွန်ထားတာပဲ။ ခင်ဗျားတို့အားလုံး ကျုပ်နောက်ကို လိုက်ခဲ့ကြ။ ဝမ်ချန်ကို ဖမ်းကြမယ် ၊ အပြစ်ရှိတဲ့သူကို ဖမ်းကြမယ် ။ ဒီနေ့ ခင်ဗျားတို့ ယူထားတဲ့ ရွှေတွေက ခင်ဗျားတို့ရဲ့ ဆုကြေးငွေတွေပဲ။”
ဖန်ကျန်းရီအနေဖြင့်လည်း ဤသို့သာ လုပ်နိုင်တော့သည်။ ထိုစာရင်းစာအုပ်ကို သူ တစ်ချက်လေးမျှပင် မကြည့်ရသေးသော်လည်း သူ၏ ညီအစ်ကိုများမှာ လမ်းဆုံးရောက်နေပြီဖြစ်ရာ ကိစ္စများကို ပြတ်ပြတ်သားသား လုပ်ဆောင်ရပေတော့မည်။
ဟိုင်ယွမ်မြို့ကို သိမ်းပိုက်ပြီးပါက သူ လိုချင်သလို လုပ်နိုင်ပြီ ဖြစ်သည်။ ဤနည်းလမ်းက အနည်းငယ် အန္တရာယ် များသော်လည်း သူ့လူများအတွက် အခြားပိုကောင်းသော နည်းလမ်း မရှိတော့ချေ။
စိတ်လှုပ်ရှားနေသော လူအုပ်ကြီးမှာ ရုတ်တရက် ငြိမ်သက်သွားသည်။
လူတိုင်းက အပြည့်အဝ ဆင်ခြင်တုံတရား မရှိကြတော့သော်လည်း လုံးဝ ရူးသွပ်သွားခြင်းတော့ မဟုတ်သေးပေ။
ဝမ်ချန်က ဒေသခံ အာဏာပိုင်ဖြစ်ပြီး ဖန်ကျန်းရီကတော့ အစိမ်းသက်သက် မြို့ဝန်အမတ်သာ ဖြစ်၏။ ထို့ကြောင့် တစ်ခဏမျှ ဘာလုပ်ရမှန်းမသိ ဖြစ်သွားကြသည်။
ယွီဟိုင်က ဤမြင်ကွင်းကို ကြည့်ကာ မျှော်လင့်ချက်များ ပြန်လည်ရှင်သန်လာပြီး ဘေးမှနေ၍ အဆက်မပြတ် အသံပြုနေတော့၏။
လေထုက အနည်းငယ် တင်းကျပ်သွားသော်လည်း ဖန်ကျန်းရီက ကြိုတင် တွေးထားပြီးသား ဖြစ်၏။ သူက လူအများကို ကြည့်ကာ ဆက်ပြောလိုက်သည်။ “ခင်ဗျားတို့က ဝမ်ချန်အတွက် အလုပ်လုပ်ပေးနေရတော့ သူ့ကို မဖမ်းရဲတာကို ကျုပ် နားလည်ပါတယ်။
တချို့ဆိုရင် သူ့ရဲ့ အလိုတူအလိုပါတွေ ဖြစ်ခဲ့ဖူးရင်လည်း ဖြစ်မယ်။ ဒါပေမဲ့ အဲဒါတွေက အရေးမကြီးဘူး။ ခင်ဗျားတို့ကို အတင်းအကျပ် ခိုင်းစေထားတာဆိုတာ ကျုပ် သိတယ် ၊ ဒါကြောင့် ဒီတစ်ခေါက် ခေါင်းဆောင်ကိုပဲ အပြစ်ပေးမယ်။
တကယ်လို့ ခင်ဗျားတို့ မသွားချင်ဘူးဆိုရင်လည်း ရွှေတွေကို ပြန်ထားခဲ့လိုက်။ ဘာမှမဖြစ်ခဲ့ဘူးလို့ပဲ သဘောထားလိုက်မယ်။ တကယ်လို့ ကျုပ်နောက်လိုက်ပြီး ဟိုင်ယွမ်မြို့က ပြည်သူတွေကို ဒုက္ခတွင်းထဲက ကယ်တင်ချင်တယ်ဆိုရင် ကိစ္စပြီးသွားတဲ့အခါ ဆုကြေးငွေ ငွေတုံး တစ်ထောင် ထပ်ပေးမယ်။”
စကားဆုံးပြီးနောက် ဖန်ကျန်းရီက လူတစ်ယောက်ချင်းစီ၏ မျက်နှာအမူအရာကို စတင် အကဲခတ်လိုက်သည်။
ခဏမျှ ကြည့်ရှုပြီးနောက် သူ၏ စိတ်ထဲတွင် ရာခိုင်နှုန်း ကိုးဆယ်ခန့် သေချာသွားပြီ ဖြစ်၏။
စိတ်ပညာတွင် ဆုံးရှုံးမှုကို ရှောင်ရှားခြင်း ဟူသော သဘောတရား တစ်ခုရှိသည်။
ဥပမာအားဖြင့် လမ်းပေါ်တွင် ငွေတစ်ထောင် ကောက်ရလျှင် ပျော်ရွှင်ရသော်လည်း ထိုငွေတစ်ထောင်ဖြင့် ဘီယာဗူးတို တစ်ဗူးပင် ဝယ်သောက်၍မနိုင်ကြောင်း တွေးမိပါက စိတ်ညစ်သွားနိုင်၏။ သို့ပေမည့် ငွေတစ်ထောင် ပျောက်သွားပါက တစ်နေကုန် စိတ်မကောင်း ဖြစ်နေတတ်၏။
လူအများစုသည် ဆုံးရှုံးမှုနှင့် ရရှိမှုအပေါ် ခံစားရပုံချင်း မတူညီကြဘဲ ဆုံးရှုံးရသည့် နာကျင်မှုက ရရှိမည့် ပျော်ရွှင်မှုထက် များစွာ သာလွန်နေတတ်သည်။
ဤစိတ်ပညာကို အသုံးပြု၍ စျေးဝယ်ရာတွင် စျေးဆစ်၍ပင် ရနိုင်သည်။ ပုံမှန်အားဖြင့် စျေးဆစ်၍ မရပါက ငွေသားကို အရောင်းသမား၏ လက်ထဲသို့ အရင်ထည့်ပေးလိုက်ပြီး အဆင်မပြေမှ ပြန်တောင်းယူလိုက်ပါ။ ဤအခါမျိုးတွင် ဆုံးရှုံးမှုကို ရှောင်ရှားလိုသော စိတ်က အရောင်းသမား၏ ဆင်ခြင်တုံတရားကို ကြီးမားစွာ လွှမ်းမိုးသွားပြီး ပိုမို လျှော့စျေးပေးလာစေနိုင်၏။
(ဥပမာ - ပြောင်းဖူးတစ်ဖူး ၅၀၀ ကျပ်၊ ဆယ်ဖူး ၅၀၀၀ ကျသင့်သည်ဆိုလျှင် အရင်ဆုံး ဈေးသည် လက်ထဲ ငါးထောင် ထည့်ပေးလိုက်ပါ။ ပြီးမှ ဆယ်ဖူး ၄၅၀၀ ထားပါဟု ဈေးဆစ်ပြီး မရလျှင် ပိုက်ဆံကို ပြန်တောင်းပါ။ ထိုသို့ဆိုလျှင် ဈေးသည်အနေဖြင့် ဈေးလျော့ပေးရန် အခွင့်အရေး ပိုများသည်။)
အခြားတစ်ဖက်တွင်လည်း စိတ်ခံစားချက် အတက်အကျ ကြမ်းခြင်းက လူအများ၏ စိတ်ခွန်အားကို များစွာ ကုန်ဆုံးစေ၏။ ခံနိုင်ရည်ဆိုသော မျက်စိဖြင့် မမြင်နိုင်သည့် အရာတွင်လည်း အားအင် ကန့်သတ်ချက် ရှိပြီး များစွာ ကုန်ဆုံးသွားပါက ဆင်ခြင်တွေးတောနိုင်စွမ်းလည်း ကျဆင်းသွားတတ်သည်။
ယခုအချိန်တွင် လူအများမှာ ရရှိပြီးသား ရွှေများကို ပြန်လည် ဆုံးရှုံးရမည့် ကြီးမားသော နာကျင်မှု တစ်ဖက် ၊ ထပ်တိုး ဆုကြေးငွေ၏ သွေးဆောင်မှု တစ်ဖက်နှင့် တွေးတောနိုင်စွမ်း ကျဆင်းနေမှုများ ပေါင်းစပ်သွားရာ လူတိုင်း၏ စိတ်ထဲရှိ အဖြေများက ပေါ်လွင်သွားပြီ ဖြစ်၏။
သို့သော်ငြား သူတို့၏ ရင်တွင်းစကားများကို ထုတ်ဖော်ပြောဆိုရန် ဦးဆောင်မည့်သူ တစ်ယောက်တော့ လိုအပ်နေဆဲ ဖြစ်သည်။
ငွေတိုက်အတွင်း၌ အချိန်အတန်ကြာ တိတ်ဆိတ်နေပြီး ယွီဟိုင်၏ ရုန်းကန်သံများသာ ထွက်ပေါ်နေ၏။
ခဏအကြာတွင် တစ်စုံတစ်ယောက်က တိတ်ဆိတ်မှုကို ခွဲကာ စတင် စကားပြောလာသည်။
ဖန်ကျန်းရီက သေချာ ကြည့်လိုက်ရာ ရွှေတုံးကို ပထမဆုံး ယူခဲ့သည့် စစ်သည်လေး ဖြစ်နေသည်ကို အံ့သြဖွယ် တွေ့လိုက်ရ၏။
ထိုစစ်သည်လေးက မျက်လုံးများ နီရဲကာ ဖန်ကျန်းရီကို စိုက်ကြည့်လျက် စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။ “ဆုကြေးငွေ ငွေတုံး နှစ်ထောင် ၊ အမတ်ဖန် … ကျုပ် ဝမ်ချန်ဆိုတဲ့ အကျင့်ပျက် အမတ်ကို ဖမ်းဖို့ ကူညီပါ့မယ်။”
လူတိုင်းက ထိုစစ်သည်လေးကို အံ့အားသင့်စွာ ကြည့်လိုက်ကြ၏။
ခင်ဗျား တော်တော် ရက်စက်တာပဲ ၊ ဆုကြေး ငွေတုံး တစ်ထောင်ကိုတောင် စျေးထပ်တင်ရဲသေးတယ်ပေါ့ ၊ လောဘကြီးတာလည်း အတိုင်းအတာ ရှိသင့်တယ်လေ။
ဖန်ကျန်းရီမှာလည်း အနည်းငယ် အံ့အားသင့်သွားသည်။ ဤကောင်လေးသည် ဤမျှတိုင် လောဘကြီးကာ ပို၍ လိုချင်နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။ တကယ့်ကို လူတော်တစ်ယောက်ပင် ဖြစ်သည်။
သို့ရာတွင် ဤသည်မှာလည်း ကောင်းသောကိစ္စတစ်ရပ်ပင်။ လောဘကြီးမည်ကို မကြောက်ရပေ၊ လောဘကင်းမဲ့နေမည်ကိုသာ ကြောက်ရ၏။
မည်သို့ပင်ဆိုစေကာမူ ကျေးဇူးဆပ်ငွေဟု ဆိုထားပြီးဖြစ်ရာ သုံးထောင်ပေးလိုက်မည် ဆိုလျှင်လည်း ရနိုင်သည်သာ။
“ခင်ဗျားနာမည် ဘယ်လိုခေါ်လဲ။”
“ကျုပ် ... ကျုပ်နာမည် ကောင်းဖေးပါ။”
“ကောင်းဖေး ဟုတ်လား ၊ နာမည်ကောင်းလေးပဲ ၊ အနားကို လာခဲ့အုံး။” ဖန်ကျန်းရီက ပြုံးကာ သူ့ကို လက်ယပ်ခေါ်လိုက်သည်။
ကောင်းဖေးမှာ စိုးရိမ်တကြီးဖြင့် ဖန်ကျန်းရီအနီးသို့ လျှောက်သွားလိုက်၏။
အနီးသို့ ရောက်သည်နှင့် ဖန်ကျန်းရီက သူ၏ ပခုံးကို ဖက်လိုက်ပြီး ယွီဟိုင်ကို လက်ညှိုးထိုးပြကာ မေးလိုက်သည်။
“ခင်ဗျားကို ကျုပ်မေးမယ် ၊ သူက ဘယ်သူလဲ ၊ ရာထူးက ဘာလဲ ခင်ဗျား သိလား။”