← Chapters

အခန်း (၄၄၈-၄၄၉)

Vol. 25 Ch. 448-449

အခန်း (၄၄၈-၄၄၉)

Vol. 25 Ch. 448-449

အပိုင်း (၄၄၈) လူအားလုံး ပုန်ကန်ရန် သွေးဆောင်ခံရခြင်း။

ကောင်းဖေး၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး ရင်ထဲတွင် အနည်းငယ် နောင်တရလာသည်။ သူ့ရှေ့မှ အမတ်ဖန်က ဘာလုပ်မည်ကို မသိသော်လည်း ဖြေလိုက်၏။ “သူ့နာမည်က ယွီဟိုင်ပါ ၊ ကျုပ်တို့ရဲ့ တပ်ခွဲမှူးဖြစ်ပြီး ဟိုင်ယွမ်မြို့ရဲ့ အမှုစစ်ခေါင်းဆောင်လည်း ဖြစ်ပါတယ်။”

တပ်ခွဲမှူး။ ဖန်ကျန်းရီက အနည်းငယ် စဉ်းစားလိုက်ပြီးနောက် သဘောပေါက်သွား၏။

တပ်ခွဲမှူးက စစ်သည် ငါးရာနှင့် စစ်သား တစ်ရာကိုသာ အုပ်ချုပ်ခွင့် ရှိသော်လည်း ယခင်က တွေ့ခဲ့ရသည့် အနေအထားအရ သူ၏ လက်အောက်တွင် လူသုံးရာကျော် ရှိနေသဖြင့် လုပ်ပိုင်ခွင့်ကို တရားမဝင် တိုးချဲ့ထားခြင်း ဖြစ်ကြောင်း သိသာလှသည်။

ဤကဲ့သို့ အခြေအနေမျိုးက ထူးဆန်းလှသည်တော့ မဟုတ်ချေ။ စည်းမျဉ်းက စည်းမျဉ်း ၊ လက်တွေ့က လက်တွေ့သာ ဖြစ်ပြီး စည်းမျဉ်းနှင့် လက်တွေ့ တူညီသည့် နေရာဟူ၍ ဘယ်မှာ ရှိမည်နည်း။ ဤခေတ်က ၂၁ ရာစု မဟုတ်ပေ။

ဟိုင်ယွမ်မြို့သည် ဘုရင်မင်းမြတ် နှင့် အလှမ်းဝေးသော နေရာဖြစ်ရာ အရာရှိများထဲတွင် မည်သူက ဥပဒေ ချိုးဖောက်မှုများ မရှိဘဲ နေမည်နည်း။

အခြားတစ်ဖက်တွင်လည်း သူက အမှုစစ်ခေါင်းဆောင် ဖြစ်သည်။ အမှုစစ်ခေါင်းဆောင်ဆိုသည်မှာ ရာထူး အဆင့်အတန်း မရှိသော်လည်း သာမန်ပြည်သူများအတွက်တော့ အာဏာကြီးမားလှ၏။

တစ်ဖက်တွင် မြို့စောင့်တပ်များကို အုပ်ချုပ်ပြီး အခြားတစ်ဖက်တွင် ရုံးတော်မှ အမှုစစ်များကို အုပ်ချုပ်နေသဖြင့် ယွီဟိုင်က ဝမ်ချန် မွေးမြူထားသော လူမိုက်ဖြစ်မည်မှာ သေချာသည်။

ဤနေရာမှာတင် သူ့ကို ရှင်းပစ်လိုက်ရုံပင်။

ဖန်ကျန်းရီက အကြည့်များကို ပြန်လည် ရုပ်သိမ်းကာ ကောင်းဖေး၏ ပခုံးကို ကိုင်လျက် လူအများကို ကြည့်လိုက်၏။ “ဆုကြေးငွေ ငွေတုံး တစ်ထောင်ဆိုတာကို သူက နှစ်ထောင်အထိ တောင်းဆိုလိုက်တယ်။ လူဆိုတာ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းထားဖို့က အရေးအကြီးဆုံးပဲ။ ဒါပေမဲ့ ဒီလိုရိုးရှင်းတဲ့ အချက်လေးကို လူတော်တော်များများက မလုပ်နိုင်ကြဘူး။ ကောင်းဖေးကတော့ လုပ်နိုင်ခဲ့တယ်။ ဒါကြောင့် ကျုပ် အရမ်းကို ဝမ်းသာမိတယ်။

လူတစ်ယောက်က ငွေရှာချင်တယ်။ ကိုယ်နဲ့ မိသားစုရဲ့ ဘဝကို တိုးတက်ချင်တယ်ဆိုတာကိုတောင် ပွင့်ပွင့်လင်းလင်း မပြောရဲဘူးဆိုရင် အဲဒီလိုလူမျိုးက ပြည်သူတွေအတွက် ဘယ်လိုလုပ် အလုပ်လုပ်ပေးနိုင်မှာလဲ။

ဆုကြေးငွေ ငွေတုံး နှစ်ထောင် …. ပြောတာ အရမ်းကောင်းတယ်။ ဒီည ကျုပ်နဲ့အတူ ဝမ်သူခိုးကို သွားဖမ်းမဲ့ ညီအစ်ကိုတွေအားလုံး တစ်ယောက်ကို ဆုကြေး ငွေတုံး နှစ်ထောင်စီ ပေးမယ် ၊ ဒါပေမဲ့ ခင်ဗျားတို့ သေချာ မှတ်ထားကြ ၊ ဒီငွေတုံး နှစ်ထောင်ကို ကျုပ်က ပေးတာမဟုတ်ဘူး ၊ ခင်ဗျားတို့ရဲ့ ညီအစ်ကို ကောင်းဖေးက ခင်ဗျားတို့အတွက် တောင်းဆိုပေးခဲ့တာပဲ။ အခုကစပြီး ကောင်းဖေးက ခင်ဗျားတို့ရဲ့ ခေါင်းဆောင်အသစ် … မြို့စောင့်တပ်မှူးအသစ်ပဲ။ အားလုံး နားလည်ကြရဲ့လား။”

“နားလည်ပါပြီ။”

“ဒါဆို အစ်ကိုကြီးလို့ မခေါ်ကြသေးဘူးလား။”

ဆုကြေးငွေ တစ်ထောင် ထပ်တိုးပေးလိုက်သဖြင့် လူတိုင်း၏ ရင်ထဲတွင် တင်းကျပ်နေသော ကြိုးလေးမှာ ပြတ်တောက်သွားတော့၏။

ဘယ်သူ့ကို အစ်ကိုကြီးလို့ ခေါ်ရခေါ်ရ ဂရုမစိုက်တော့ချေ။ ဤည ဒကိစ္စပြီးရင် အိမ်ပြန်ပြီး ဇိမ်ခံနေ၍ ရလေပြီ။

လူအုပ်ကြီးက တခဲနက် အော်ဟစ်လိုက်ကြသည်။ “အစ်ကိုကြီး … အစ်ကိုကြီး။”

ကောင်းဖေး၏ မျက်နှာမှာ နီမြန်းနေပြီး အလွန်အမင်း စိတ်လှုပ်ရှားနေသဖြင့် ကိုယ့်ကိုယ်ကိုယ်ပင် မထိန်းချုပ်နိုင်တော့ချေ။ ယနေ့ညတွင် သူသည် ချမ်းသာသွားရုံသာမက ရာထူးပါ တိုးလာလိမ့်မည်ဟု ထင်မှတ် မထားခဲ့ပေ။

အမေရေ သားတော့ လူရာဝင်သွားပြီ။

ဤမျှလောက် လူအများကြီးက သူ့ကို အစ်ကိုကြီးဟု ခေါ်ကြသည်မှာ ပထမဆုံးအကြိမ် ဖြစ်၏။ ကောင်းဖေးက မျက်နှာနီရဲလျက် လက်ခါပြကာ အဆက်မပြတ် တုံ့ပြန်လိုက်သည်။ “ညီအစ်ကိုတို့ အားနာစရာ မလိုပါဘူး …. အားနာစရာ မလိုပါဘူး။”

“လာကြ … ယွီဟိုင်ရဲ့ အဝတ်တွေကို ချွတ်လိုက်စမ်း။”

မကြာမီမှာပင် မျှော်လင့်ချက်မဲ့နေသော ယွီဟိုင်မှာ အတွင်းခံတစ်ထည်သာ ကျန်တော့သည်အထိ အချွတ်ခံလိုက်ရသည်။

ဖန်ကျန်းရီက အပေါ်ရုံအင်္ကျီကို ကောင်းဖေး၏ ကျောပေါ်သို့ ကိုယ်တိုင် လွှမ်းခြုံပေးလိုက်ပြီး သူ၏ နားအနီးသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်၏။ “ဂုဏ်ယူပါတယ် ခေါင်းဆောင်ကောင်း … ရှေ့ဆက် ကြိုးစားပါ ။ ခင်ဗျားရဲ့ နာမည်လိုပဲ တစ်ဆင့်ပြီးတစ်ဆင့် မြင့်မားတဲ့ နေရာကို ရောက်အောင် ကျုပ် တာဝန်ယူတယ်။”

ကောင်းဖေးမှာ စိတ်လှုပ်ရှားလွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေပြီး ပြောလိုက်သည်။ “အမတ်ဖန်ကို ကျေးဇူးတင်ပါတယ် …. အမတ်ဖန်ကို ကျေးဇူးတင်ပါတယ် ၊ ကျုပ် ခွေးတစ်ကောင်လို ၊ မြင်းတစ်ကောင်လို သစ္စာရှိရှိ အလုပ်အကျွေးပြုပါ့မယ်။”

ဖန်ကျန်းရီက ပြုံးလျက် သူ၏ ပခုံးကို ပုတ်ပေးလိုက်ပြီး ဘေးသို့လျှောက်သွားကာ သေတ္တာတစ်လုံးကို မလျက် အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “ညီအစ်ကိုတို့ … ဝမ်သူခိုးကို ဖမ်းဖို့ အခုပဲ ထွက်သွားကြမယ် ၊ ဒါပေမဲ့ အဲဒီမတိုင်ခင် သူ့ရဲ့ လက်တစ်ဖက်ကို အရင် ဖြတ်ပစ်ရမယ်။ ဒီယွီဟိုင်က ဝမ်သူခိုးရဲ့ ခွေးပဲ ၊ ဒီနေ့ သူ့ရဲ့ ခွေးအသက် ကို သတ်ပြီး ညီအစ်ကိုတွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ကြမယ်။ သူ့ကို ဓားနဲ့ တစ်ချက်ခုတ်တဲ့သူတိုင်း တန်ဖိုးဖြတ်လို့ မရတဲ့ စိန်တစ်ပွင့် ဆုချမယ်။”

ကောင်းဖေးက ဘာမှ ထပ်မပြောတော့ဘဲ ဓားကို ဆွဲထုတ်ကာ ယွီဟိုင်ကို တိုက်ရိုက် သွားခုတ်လိုက်သည်။

ယွီဟိုင်၏ ရင်ဘတ်ပေါ်တွင် လက်မအတော်များများ ရှည်လျားသော ဒဏ်ရာတစ်ခု ပေါ်လာ၏။

“အီး” ဟူသော အော်သံနှင့်အတူ ယွီဟိုင်၏ သွားများက ရွှေတုံးကို ကိုက်ထားသဖြင့် နဲ့ထွက်သွားသည်။

ဖန်ကျန်းရီက စိန်တစ်ပွင့်ကို ကောင်းဖေးထံသို့ ချက်ချင်း ပစ်ပေးလိုက်သည်။ ကောင်းဖေးက ဖမ်းယူလိုက်ပြီး ကျေးဇူးတင်စကား ထပ်ပြောလိုက်၏။

ဒုတိယလူက အလျင်အမြန် ထွက်လာပြီး နောက်တစ်ချက် ထပ်ခုတ်လိုက်ပြန်သည်။

ဖန်ကျန်းရီက စိန်များကို ဆက်တိုက် ဝေပေးနေ၏။

တတိယလူ ၊ စတုတ္ထလူ ...

ဓားသုံးချက် အခုတ်ခံရပြီးနောက် ယွီဟိုင်မှာ အသက်ငွေ့ငွေ့သာ ကျန်တော့သော်လည်း မြင်ကွင်းမှာ အရူးအမူး ဖြစ်နေပြီး ရက်စက်ကြမ်းကြုတ်လာသည်။

ဖန်ကျန်းရီက ဤကဲ့သို့ သွေးထွက်သံယို မြင်ကွင်းများကို ကြည့်ရသည်အား မကြိုက်နှစ်သက်သဖြင့် စိန်သေတ္တာ ကို မြေပြင်ပေါ် ချထားပေးပြီး သူတို့ကို ကိုယ်တိုင် ယူခိုင်းလိုက်၏။

သူကတော့ ပိုင်ရွေ့အနီးသို့ တစ်ယောက်တည်း လျှောက်သွားကာ ပြောလိုက်သည်။ “ခဏနေ အပြင်ရောက်ရင် ဝမ်ချန်ကို ဖမ်းပြီးတာနဲ့ ညီအစ်ကိုတွေကို ငွေတိုက်ကို စောင့်ခိုင်းထားဖို့ မမေ့နဲ့။ အပြင်လူ ဘယ်သူမှ ပေးမဝင်နဲ့။ မနက်ဖြန်ကျမှ စာရင်းကိုင် တချို့ရှာပြီး ငွေတိုက်ထဲက ပစ္စည်းတွေကို စာရင်းရှင်းမယ်။ ခင်ဗျား အချိန်ရရင် တခြားနေရာတွေကိုလည်း သွားရှာကြည့်အုံး …. တခြား စာရင်းစာအုပ် ဒါမှမဟုတ် သက်သေ အထောက်အထားတွေ ရှိမရှိ သေချာ ရှာကြည့်။ အသုံးဝင်မယ့် ပစ္စည်းတွေကို တတ်နိုင်သမျှ များများ စုဆောင်းထား။”

ပိုင်ရွေ့က မေးလိုက်၏။ “သခင်လေး ….. ဒီလောက်များတဲ့ ရွှေတွေ ငွေတွေကို သူတို့ကို တကယ်ကြီး ပေးလိုက်မှာလား။”

“ဒါပေါ့ … ကျုပ်ပိုက်ဆံမှ မဟုတ်တာ ၊ ကျန်တဲ့ဟာတွေကိုလည်း ကျုပ်တို့ ယူသွားလို့မှ မရတာ ၊ နိုင်ငံတော် ဘဏ္ဍာတိုက်ထဲ ထည့်ရမှာပဲလေ ၊ နန်းတော်ကပဲ ဒီငွေတွေကို သင့်တော်တဲ့ နေရာတွေမှာ သုံးနိုင်မှာ။

လျှောက်မတွေးနေနဲ့ …. သုံးလို့မရတဲ့ ငွေက ဒုက္ခပေးတတ်တယ်။ ဘယ်လောက်တောင် ကြာနေပြီလဲ ….နည်းနည်းလေးမှ မတိုးတက်လာဘူး။ ကိုယ့်ကိုယ်ကိုယ် သူခိုးလို့ ထင်နေတုန်းပဲလား။

ဘာမြင်မြင် လိုချင်နေတာလား ၊ ကျုပ်တို့က လူကောင်းတွေဆိုတာ သေချာ မှတ်ထား။”

“သြော်။”

ပိုင်ရွေ့က အပိုင်းပိုင်း အခုတ်ခံထားရသော ယွီဟိုင်၏ အလောင်းကို ကြည့်ကာ တွေးတောနေမိသည်။

“အမတ်ဖန် … ပြစ်ဒဏ်ပေးလို့ ပြီးပါပြီ။”

“...”

အခြေအနေထဲ အပြည့်အဝ ဝင်ရောက်နေသော ကောင်းဖေးကို ကြည့်ကာ ဖန်ကျန်းရီ ဘာပြောရမှန်းပင် မသိတော့ချေ။

လူအုပ်ထဲမှ အချို့က ယွီဟိုင်ကို သတ်ပြီးနောက် အနည်းငယ် သတိဝင်လာကြပြီး မြေပြင်ပေါ်ရှိ အလောင်းကို ကြည့်ကာ စိုးရိမ်ပူပန်နေကြ၏။

ဤခံစားချက်က အခြားသူများကိုပါ အလျင်အမြန် ကူးစက်သွားသည်။

ယခုအချိန်တွင် အခြေခံ အုတ်မြစ် မခိုင်မာသေးသဖြင့် ဤလူများက အလွယ်တကူ ပြောင်းလဲသွားနိုင်ရာ ဖန်ကျန်းရီအနေဖြင့် သတိမလွတ်ရဲချေ။

မြေပြင်ပေါ်ရှိ အလောင်းကို လက်ညှိုးထိုးပြကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “လွီမိသားစုက တော်တော် ယုတ်မာတာပဲ။ ဒီငွေတိုက်ထဲမှာ ထောင်ချောက်တွေ တပ်ထားသေးတယ်။ သနားစရာ ယွီဟိုင် .. သူက တော်တော်လေး သတိလက်လွတ် ဖြစ်သွားတာပဲ။

ညီအစ်ကိုတို့ … သေသွားတဲ့သူက အရေးကြီးတယ်။ အလောင်းကို အမြန် သယ်သွားကြ။”

သူတို့ စိတ်အေးသွားစေရန် အဓိပ္ပါယ်မရှိသော အကြောင်းပြချက် တစ်ခုကို ပေးလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကိုယ်သူတို့ လိမ်ညာယုံကြည်သွားကြမည်သာ ဖြစ်၏။

ခဏနေ ဝမ်ချန်ကို ရှင်းလင်းပြီးပါက အရာအားလုံး အဆင်ပြေသွားပေမည်။

ခေါင်းဆောင်သစ် ကောင်းဖေးက တက်တက်ကြွကြွဖြင့် အလောင်းကို လျင်မြန်စွာ ရှင်းလင်းလိုက်ပြီး အရာအားလုံး အဆင်သင့်ဖြစ်သွားသောအခါ ဖန်ကျန်းရီက လည်ချောင်းဟန့်လိုက်၏။ “ညီအစ်ကိုတို့ … နောက်တစ်ဆင့် ဘာလုပ်ရမလဲ ဆိုတာကို အသံကျယ်ကျယ်နဲ့ ပြောပြကြစမ်း။”

...

မည်သူကမှ ပြန်မဖြေကြဘဲ လူတိုင်းက ဖန်ကျန်းရီကိုသာ ကြောင်အမ်းအမ်းဖြင့် ကြည့်နေကြရာ လေထုထဲတွင် အနည်းငယ် ရှက်စရာကောင်းသော အခြေအနေမျိုး ဖြစ်သွား၏။

ခင်ဗျား မပြောဘဲနဲ့ ကျုပ်တို့က ဘာလုပ်ရမလဲဆိုတာ ဘယ်လိုလုပ် သိမှာလဲ။ ဘယ်သူ့ကို သွားမေးရမှာလဲ။

ဖန်ကျန်းရီမှာ လက်မြှောက်အရှုံးပေးလိုက်ရပြီး ကောင်းဖေး၏ နားအနီးသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။ “ဝမ်သူခိုးကို ဖမ်း .. ပြည်သူတွေကို ကယ် ...”

လက်ထောက်သစ် ကောင်းဖေးက ချက်ချင်း အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ “ဝမ်သူခိုးကို ဖမ်း …. ပြည်သူတွေကို ကယ်။”

“ဝမ်သူခိုးကို ဖမ်း ၊ ပြည်သူတွေကို ကယ်။”

ဤသို့ဖြင့် မိနစ်အတော်ကြာ အော်ဟစ်လိုက်ကြပြီး လူတိုင်းက ဓားများကို မြှောက်ကာ ကြွေးကြော်သံများ အော်ဟစ်နေကြရာ တကယ့် ဓားပြဂိုဏ်းကြီး တစ်ခုနှင့်ပင် တူနေတော့သည်။

ရုပ်ထွက်က သိပ်မကောင်းသော်လည်း စိတ်ဓာတ်ကတော့ ကောင်းမွန်နေသဖြင့် ဖန်ကျန်းရီမှာ အတော်လေး ကျေနပ်သွား၏။

“အားလုံးပဲ အရမ်းမလောကြနဲ့အုံး … ကျုပ် ပြောတာကို အရင် နားထောင်ကြ။ ဝမ်ချန်နဲ့ တွေ့ရင် ဘာတွေဖြစ်လာမလဲဆိုတာကို ကျုပ် ပြောပြမယ်။ ခဏနေ ကျုပ် ဝမ်ချန်နဲ့ တွေ့တဲ့အခါ စာရင်းစာအုပ်ကို ထုတ်ပြမယ်။ အဲဒီခွေးအမတ်က လွီမိသားစုရဲ့ စာရင်းစာအုပ်ကို မြင်တာနဲ့ ကြောက်လန့်တကြားနဲ့ ကျုပ်ကို ပြန်ကိုက်လိမ့်မယ်။

အဲဒီအချိန်ကျရင် ခင်ဗျားတို့ သူ့ရဲ့ မျက်နှာစစ်ကို မြင်ရလိမ့်မယ်။ အဲဒီအခါကျမှ ခင်ဗျားတို့အားလုံး ဝိုင်းပြီး သူ့ကို ဖမ်းလိုက်ကြ … အားလုံး နားလည်ကြရဲ့လား။”

“နားလည်ပါပြီ။” လူအများက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ကြသည်။

“ကောင်းပြီ ညီအစ်ကိုတို့ … အခု ခင်ဗျားတို့ ယူထားတဲ့ ရွှေငွေတွေကို မြေပြင်ပေါ်မှာ ချထားခဲ့ကြ။ ကိုယ်ထားခဲ့တဲ့ နေရာကို မှတ်ထားပြီး ပြန်လာမှ ပြန်ယူကြ … ကျုပ်တို့ သွားကြမယ်။”

အပိုင်း (၄၄၉) ဘိုးဘေးကြီး ဖန်ကျန်းရီ။

လူနှစ်ရာကျော်က ဖန်ကျန်းရီကို ဝိုင်းရံလျက် တောင်ဘက်အဆောက်အအုံဆီသို့ အလျင်စလို သွားကြပြီး တောက်ယွမ်ခရိုင်မှ ညီအစ်ကိုများကိုတော့ ငွေတိုက်ကို စောင့်ကြပ်ရန် ချန်ထားခဲ့သည်။

ဟိုင်ယွမ်မြို့မှ ဤလူများသည် စိတ်လိုက်မာန်ပါ ဖြစ်နေခြင်းနှင့် ငွေကြေးဖြင့် သိမ်းသွင်းခံထားရခြင်းသာ ဤသို့လိုက်ပါ လုပ်ဆောင်နေခြင်းဖြစ်သဖြင့် ဆက်ဆံရေးက ထိုမျှလောက် မခိုင်မာသေးချေ။

လူအုပ်ကြီး တောင်ဘက်အဆောက်အအုံသို့ ပြန်လာရာလမ်းတွင် ဝမ်ချန်သည် ထိုနေရာ၌ လူးလာခေါက်တုံ့ လျှောက်ကာ သက်ပြင်းချရင်း အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ပြီ ဖြစ်၏။

ဖန်ကျန်းရီနှင့်အတူ ယွီဟိုင် လိုက်သွားသော်လည်း သူ၏ ရင်ထဲတွင် သံသယများ ဖြစ်ပေါ်နေဆဲ ဖြစ်သည်။

ဤနှစ်များအတွင်း လွီမိသားစုက သူ့ကို အကျိုးအမြတ်များစွာ ပေးခဲ့သည်။ တခြား မတရားသော အမှုအခင်းများကို မပြောဘဲနေလျှင်ပင် သာမန်ပြည်သူများကို ဆားချက်လုပ်သားများအဖြစ် အတင်းအကျပ် ခိုင်းစေခြင်းဖြင့် မကောင်းမှုများစွာ လုပ်ခဲ့ပြီး ဖြစ်၏။

အကယ်၍သာ လွီမိသားစုက မရှိသင့်သည့် သက်သေအထောက်အထားများ ချန်ထားခဲ့ပါက ပြဿနာကြီး ဖြစ်တော့မည်။

ခေါင်းဖြတ်ခံရဖို့ သေချာသလောက် ရှိနေသည်။

ထိုသို့သော အဆုံးစွန် အခြေအနေမျိုးသို့ ရောက်လာလျှင် အရင်ဆုံး လက်ဦးမှု ရယူရုံသာ ရှိတော့၏။

မကြာမီမှာပဲ မီးတုတ်များမှ အလင်းရောင်များက ဝမ်ချန်၏ အမြင်အာရုံထဲသို့ ဝင်ရောက်လာပြီး မကြာခင်မှာပင် လူအုပ်ကြီးက ဝမ်ချန်ကို အလယ်တွင် ထား၍ စက်ဝိုင်းခြမ်းပုံစံ ဝိုင်းရံလိုက်ကြသည်။

တစ်ခုခု မှားယွင်းနေသည်ဟု သူ ခံစားလိုက်ရသော်လည်း ဘာမှားနေမှန်းတော့ မသိချေ။

ဖန်ကျန်းရီထံသို့ တိုးသွားကာ သတိထား၍ မေးလိုက်သည်။ “အမတ်ဖန် … စုံစမ်းတာ ဘယ်လိုနေလဲ။ အထဲမှာ တကယ်ပဲ ငွေတိုက် ရှိနေတာလား။”

ပတ်ဝန်းကျင်ရှိ မီးတုတ်များမှ အလင်းရောင်များက ဖန်ကျန်းရီ၏ မျက်နှာပေါ်၌ တဖျပ်ဖျပ် လင်းလက်နေပြီး အလွန် နက်နဲသော အသွင်အပြင်ကို ဖြစ်ပေါ်စေသည်။

ဖန်ကျန်းရီ၏ တည်ငြိမ်သော အသံ ထွက်ပေါ်လာ၏ “ဟုတ်တယ် … အထဲမှာ တကယ်ပဲ ငွေတိုက် ရှိတယ်။ ငွေတွေအပြင် တန်ဖိုးရှိတဲ့ တခြားပစ္စည်းတွေလည်း အများကြီး ဝှက်ထားသေးတယ်။”

ပြောပြီးသည်နှင့် ရင်ခွင်ထဲမှ စာရင်းစာအုပ်ကို ထုတ်ယူကာ ဝမ်ချန်၏ မျက်စိရှေ့တွင် ခါယမ်းပြလိုက်သည်။

ဝမ်ချန်မှာ ချက်ချင်း ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ ဖန်ကျန်းရီ၏ လက်ထဲရှိ စာရင်းစာအုပ်ပေါ်မှ မျက်လုံး မခွာနိုင်တော့ချေ။

အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ “ယွီဟိုင် … ယွီဟိုင် ဘယ်မှာလဲ။ ထွက်ခဲ့စမ်း။”

“အမတ်ဝမ် … ဆက်မအော်ပါနဲ့တော့ ၊ ယွီဟိုင်ကို ခင်ဗျားဆီ ခေါ်လာပေးပါတယ်။”

ဖန်ကျန်းရီက လက်မြှောက်လိုက်သည်နှင့် နောက်ဘက်မှ စစ်သည်နှစ်ယောက်က သေတ္တာတစ်လုံးကို သယ်လာပြီး ဝမ်ချန်၏ ရှေ့တွင် ချထားပေးလိုက်သည်။

သေတ္တာကို ဖွင့်လိုက်သောအခါ သွေးသံရဲရဲ ဖြစ်နေသော ယွီဟိုင်ကို တွေ့လိုက်ရ၏။

ဝမ်ချန်၏ မျက်နှာမှာ ချက်ချင်း သွေးဆုတ်သွားပြီး အလွန်အမင်း ထိတ်လန့်သွားသော အမူအရာ ပေါ်လာသည်။

နောက်တစ်စက္ကန့်တွင် တုံ့ဆိုင်းနေခြင်းမရှိဘဲ ဒေါသတကြီး အော်ဟစ်လိုက်၏။ “လာကြ … ဒီဖန်ကျန်းရီက အရှင်မင်းကြီးရဲ့ အမိန့်စာကို အတုလုပ်ထားတယ်လို့ ကျုပ်စုံစမ်းသိရှိရတယ်။ သူ့ကို မြန်မြန် ဖမ်းလိုက်ကြစမ်း။”

တိတ်ဆိတ်မှု ... အရာအားလုံး တိတ်ဆိတ်သွားသည်။

သူ့ကို ဝိုင်းရံထားသော စစ်သားများက မည်သည့်လှုပ်ရှားမှုမှ မလုပ်ဘဲ သူ့ကို စိမ်းကားသော အကြည့်များဖြင့်သာ ကြည့်နေကြပြီး စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ ရှိနေကြ၏။

တကယ်ပဲ အမတ်ဖန် ပြောတဲ့အတိုင်းပဲ … သူက လန့်ပြီး ပြန်ကိုက်တော့တာပဲ။

ကောင်းဖေးက တုံ့ဆိုင်းနေခြင်းမရှိဘဲ ဓားကိုကိုင်ကာ ရှေ့သို့ တိုးသွားပြီး ဝမ်ချန်၏ လည်ပင်းကို ဓားဖြင့် တိုက်ရိုက် ရွယ်ထားကာ စိတ်လှုပ်ရှားစွာဖြင့် အော်လိုက်သည်။ “အမတ်ဖန် … သူ့ကို ကျုပ် ဖမ်းထားလိုက်ပါပြီ။”

ဒီခွေးကောင် … အရမ်းမြန်တာပဲ။

ကောင်းဖေး၏ ဘေးရှိ လူလေးငါးယောက်ခန့်က စိတ်ထဲတွင် ကျိန်ဆဲလိုက်ကြပြီးနောက် ရှေ့သို့ တိုးကာ ဓားများကို ဆွဲထုတ်လျက် ဝမ်ချန်ကို ဝိုင်းရံထားလိုက်ကြသည်။

ဝမ်ချန်က ထိတ်လန့်တကြား အော်ဟစ်လိုက်၏။ “ရူးနေပြီ .. ခင်ဗျားတို့ ရူးနေကြပြီ။ ကျုပ်ကိုများ အကြမ်းဖက်ရဲတယ်ပေါ့ …. ဒါ ပုန်ကန်တာပဲ။ ခင်ဗျားတို့ ဘာလုပ်နေတာလဲ ၊ မြန်မြန် ဖန်ကျန်းရီကို သွားဖမ်းကြလေ။”

“ညီအစ်ကိုတို့ … တော်တော် လုပ်နိုင်တာပဲ။ တစ်ယောက်ကို ဆုကြေး ငွေတုံး နှစ်ထောင်စီ ပေးမယ်။ နောက်ပြီး ငွေတိုက်ကို မသွားရသေးတဲ့ ညီအစ်ကိုတွေလည်း ရှိသေးတယ်မလား … သူတို့ကို ရှင်းပြလိုက်ကြအုံး … အားလုံးမှာ အခွင့်အရေး ရှိတယ်။ ကိုယ့်ညီအစ်ကို အချင်းချင်း ပြဿနာ မဖြစ်တာ အကောင်းဆုံးပဲ။”

ဤအချိန်တွင် အပြင်ဘက်၌ ငွေတိုက်သို့ မသွားရသေးသော စစ်သား အနည်းငယ် ကျန်ရှိနေသေးပြီး ဖမ်းဆီးခံထားရသော ဝမ်ချန်ကို ကြည့်ကာ ဘာဖြစ်နေမှန်း နားမလည်ဘဲ စိုးရိမ်တကြီး ဓားများကို ကိုင်ထားကြ၏။

ဖန်ကျန်းရီ စကားပြောလိုက်မှသာ တစ်ချို့က သူတို့ထံသို့ သွားရောက်ကာ တိုးတိုးလေး ရှင်းပြကြသည်။

တဖြည်းဖြည်းနှင့် ဓားများကို အောက်ချလာကြပြီး ဝမ်ချန်ကိုသာ စိုက်ကြည့်နေကြသည်။ ပြန်လည်ခုခံရန် လက်လျှော့လိုက်ကြသည်မှာ သိသာလှ၏။

ခုခံနေလို့လည်း ဘာထူးမှာလဲ ၊ ဟိုဘက်က လူက ပိုများနေတာ အသိသာကြီးကို။ နောက်ပြီး အမတ်ဝမ်တောင် လည်ပင်းကို ဓားနဲ့ ရွယ်ခံထားရပြီလေ။

မခုခံရင် ငွေရမယ် ၊ နောက်ပြီး လုပ်တာကလည်း အလုပ်ကောင်းပဲဆိုတော့...

လူတိုင်း ပုန်ကန်သွားကြသည်ကို မြင်သောအခါ ဝမ်ချန်မှာ လုံးဝ ထိတ်လန့်သွားသည်။

ဖန်ကျန်းရီကို သနားစရာ အကြည့်များဖြင့် ကြည့်ကာ အော်ပြောလိုက်၏။ “အမတ်ဖန် .. ကျုပ် ပြောစရာ ရှိတယ်။ ကျုပ် ပြောစရာ ရှိတယ်။”

“ကျုပ် နားမထောင်ချင်ဘူး။”

“ဖန်သူခိုး … ခင်ဗျား ဒါ ပုန်ကန်တာပဲ ၊ ငါယိုး... ခင်ဗျားက ... ကျေးဇူးကန်းတဲ့ ...”

ဝမ်ချန်မှာ အလွန်အမင်း ဒေါသထွက်သွားသည်မှာ သိသာလှပြီး စကားများပင် ဗလုံးဗထွေး ဖြစ်လာသည်။

ဖန်ကျန်းရီက သူ့ကို ဂရုစိုက်ရန် ပျင်းရိသွားပြီး လူအများကို အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်၏။ “ညီအစ်ကိုတို့ …. ဝမ်ချန် ဖမ်းဆီးခံလိုက်ရပြီ ဆိုတော့ ဒီနေ့ ကျုပ် အားလုံးကို ရှင်းရှင်းလင်းလင်း ပြောပြရတော့မှာပဲ။ လွီမိသားစုက ဟိုင်ယွမ်မြို့မှာ မကောင်းမှုတွေ အကုန်လုပ်ခဲ့တယ်။ တောင်ဘက် အဆောက်အအုံက လူဆိုးဆိုတာတွေက တကယ်တော့ နန်းတော်က လွီမိသားစုကို စုံစမ်းဖို့ လွှတ်လိုက်တဲ့ လျှို့ဝှက် အမှုထမ်းတွေပဲ။

ဒီနေ့ ခင်ဗျားတို့ ဝမ်ချန်ကို ဖမ်းလိုက်တာက နန်းတော်အတွက် ကြီးမားတဲ့ ကုသိုလ်တစ်ခု လုပ်လိုက်တာပဲ။ ငွေတိုက်ကို မသွားရသေးလို့ ရွှေမရသေးတဲ့ ညီအစ်ကိုတွေ …. ဒီနေ့ ကိစ္စတွေ ပြီးသွားရင် ကျုပ်နောက်ကို လိုက်ခဲ့ပြီး ခင်ဗျားတို့ ရသင့်တဲ့ ဆုကြေးတွေကို လိုက်ယူကြ။”

“အမတ်ဖန်ကို ကျေးဇူးတင်ပါတယ်။” ထပ်မံ၍ အသံကျယ်ကျယ်ဖြင့် သြဘာပေးသံများ ထွက်ပေါ်လာပြန်သည်။

“ရှဲ့ရှန်း ၊ ကျိုးထျဲ့ … ခင်ဗျားတို့ရဲ့ လူတွေကို ခေါ်ပြီး ဆင်းလာခဲ့ကြတော့။”

တောင်ဘက်အဆောက်အအုံ အပေါ်ထပ်မှ ကျိုးထျဲ့သည် ပြတင်းပေါက်မှတစ်ဆင့် အောက်ဘက်ရှိ ထူးခြားသော အခြေအနေများကို စောင့်ကြည့်နေခဲ့၏။

ဖန်ကျန်းရီ၏ အော်သံကို ကြားလိုက်ရသောအခါ အလွန်အမင်း ဝမ်းသာသွားသည်။

အိပ်မောကျနေဆဲဖြစ်သော ရှဲ့ရှန်း၏ ကုတင်နားသို့ အလျင်အမြန် ပြေးသွားပြီး အတင်း လှုပ်နှိုးလိုက်၏။ “လောင်ရှဲ့ .. ထတော့လေ ၊ သခင်လေးက ကိစ္စတွေ အကုန် ဖြေရှင်းပြီးသွားပြီ။”

သိပ်မကြာခင်မှာပဲ ရှဲ့ရှန်းသည် ပြင်းထန်စွာ လှုပ်နှိုးခံရမှုကြောင့် နိုးလာပြီး ရင်ထဲတွင် တဒိတ်ဒိတ် ခုန်နေသည်။

ကုတင်ပေါ်တွင် ထိုင်လျက် အမောဖြေနေပြီး အတန်ကြာမှသာ သတိဝင်လာကာ မေးလိုက်၏။ “ဘာတွေ ဖြစ်တာလဲ။”

“သခင်လေးက ကိစ္စတွေ အကုန် ဖြေရှင်းပြီးသွားပြီ … ကျုပ်တို့ကို အောက်ဆင်းခဲ့ဖို့ ခေါ်နေတယ်။”

ဘေးရှိ ဒူလင်ဖုန်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ခေါင်းထဲတွင် ဘာမှ မရှိတော့လောက်အောင် ဖြစ်သွားသည်။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... ဖန်ကျန်းရီ ရောက်လာတာ တစ်ရက်တောင် မပြည့်သေးဘူးလေ။

ဒါကို ဖြေရှင်းပြီးသွားပြီလား။

သူက သရဲလား ဒါမှမဟုတ် မှော်ပညာတွေများ တတ်နေတာလား။ လူတွေရဲ့ စိတ်ကို ညှို့နိုင်တာလား။

“ဟို ... အစ်ကိုရှဲ့ ၊ ဒီအထဲမှာ ထောင်ချောက်တွေများ မရှိနိုင်ဘူးလား ...” ဒူလင်ဖုန်းက တိုးတိုးလေး သတိပေးလိုက်၏။

ရှဲ့ရှန်းက ပြတင်းပေါက်နားသို့ အလျင်အမြန် သွားကြည့်လိုက်ရာ ဝမ်ချန်၏ လည်ပင်းတွင် ဓားရွယ်ခံထားရသည်ကို မြင်လိုက်ရသဖြင့် စိတ်ချသွားသည်။

“ညီအစ်ကိုတို့ ကျုပ်တို့ ဆင်းသွားကြမယ် ,,, အဘိုးကြီးလွီရဲ့ အလောင်းကိုပါ တစ်ခါတည်း ယူသွားကြ။”

ခဏအကြာတွင် လူနှစ်ဆယ်ကျော်က ဓားစာခံအချို့နှင့် အဘိုးကြီးလွီ၏ အလောင်းကို သယ်ဆောင်ကာ တောင်ဘက် အဆောက်အအုံထဲမှ ထွက်လာကြသည်။

လူအများ အပြင်သို့ ရောက်သည်နှင့် ရင်ထဲတွင် လွတ်လပ်သွားသလို ခံစားလိုက်ရ၏။

မည်သို့ပင်ဆိုစေကာမူ တောင်ဘက်အဆောက်အအုံအတွင်း၌ ပိတ်မိနေခဲ့သည်မှာ ငါးရက်တိုင်တိုင် ကြာမြင့်ခဲ့ပြီဖြစ်ရာ စိတ်လှုပ်ရှားမှုနှင့်အတူ အတန်ငယ် နေမထိထိုင်မသာ ဖြစ်နေကြသည်။

ဒူလင်ဖုန်းကတော့ လုံးဝကို အံ့သြမှင်တက်သွားသည်။ ဖန်ကျန်းရီကို ကြည့်ရသည့် သူ၏ မျက်လုံးများတွင် လေးစားမှုများ အပြည့်ရှိနေ၏။

အဘိုးကြီးလွီကို အရင်သတ်တယ် ၊ ပြီးတော့ ဝမ်ချန်ကို ဖမ်းတယ် ၊ အစိုးရစစ်သားတွေကို ပုန်ကန်အောင် လုပ်တယ် ...

ဒါက ဘယ်လို အမြန်နှုန်းမျိုးလဲ။ ဘယ်လို လုပ်ရည်ကိုင်ရည်မျိုးလဲ။

သူက တကယ်ပဲ မှော်ပညာ တချို့ တတ်နေတာများလား။

ဝမ်ချန်က အဘိုးကြီးလွီ၏ အလောင်းကို မြင်လိုက်ရသည်နှင့် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်လာသည်။

လွီရန်ကျဲက လွီမိသားစုကို ဦးဆောင်နေတယ်ဆိုပေမဲ့ နောက်ကွယ်မှာ အဘိုးကြီးလွီ ရှိတယ်။ သူတို့နှစ်ယောက်က အဓိကပဲ။ ကျန်တဲ့ သားတွေက အသုံးမကျတဲ့ အမှိုက်တွေချည်းပဲ။

အခု အဘိုးကြီးလွီလည်း သေသွားပြီ။ ငွေတိုက်လည်း အဖော်ထုတ်ခံလိုက်ရပြီ။

သွားပြီ ... လွီမိသားစုတော့ သွားပြီ။ လုံးဝကို ပြီးဆုံးသွားပြီ။

သူ တဆတ်ဆတ် တုန်ယင်နေသည်ကို ကြည့်ကာ ဖန်ကျန်းရီက အနီးသို့ ကပ်သွားပြီး တိုးတိုးလေး ပြောလိုက်၏။ “အမတ်ဝမ် …. ခင်ဗျား သေချာ ထွက်ဆိုမယ်ဆိုရင် သက်သာအောင် လုပ်ပေးမယ်။”

“ဖန်ကျန်းရီ …. တရားရုံးက မစစ်ဆေးဘဲနဲ့ ခင်ဗျား ကျုပ်ကို သတ်ခွင့် မရှိဘူး။”

“လျိုရွှန်းကလည်း အရင်တုန်းက အဲဒီလိုပဲ ပြောခဲ့တာပဲ။ ကျုပ်က အခု နယ်လှည့်စစ်ဆေးရေးအမတ်ပဲ။ သေချာပေါက် ချက်ချင်း အရေးယူခွင့် ရှိတယ် ၊ ကျုပ်လက်ထဲမှာ ဘာရှိလဲဆိုတာ ကြည့်လိုက်အုံး။” ဖန်ကျန်းရီက ဓားကို ထုတ်ယူကာ ဝမ်ချန်၏ မျက်စိရှေ့တွင် ဝှေ့ယမ်းပြလိုက်သည်။

ဝမ်ချန်က မျှော်လင့်ချက်မဲ့စွာဖြင့် ပြောလိုက်၏။ “ဒါက နန်းတော်က သက်တော်စောင့်တွေ သုံးတဲ့ ဓား မဟုတ်ဘူးလား … ခင်ဗျား ဘာပြောချင်တာလဲ။”

“…...”

“လာကြစမ်း …. သူ့ကို ခေါ်သွားပြီး ထောင်ထဲမှာ သေချာ စစ်ဆေးကြစမ်း။”

ဖန်ကျန်းရီက ရှက်ရွံ့ဒေါသထွက်သွားပြီး ဝမ်ချန်ကို ထပ်ပြောလိုက်သည်။ “ခင်ဗျား တစ်ယောက်တည်း မဟုတ်ဘူး။ ဟိုင်ယွမ်မြို့က ခင်ဗျားရဲ့ အပေါင်းအပါတွေရော … ပြစ်မှုကျူးလွန်ထားတဲ့ လွီမိသားစုဝင်တွေ အကုန်လုံးရော အဆုံးသတ် မကောင်းစေရဘူး။ ပြည်သူတွေ စိတ်အေးသွားအောင် ခင်ဗျားရဲ့ ခေါင်းကိုပါ ဖြတ်ရလိမ့်မယ်။”

“ဖန်ကျန်းရီ …. ခင်ဗျားက အရူးပဲ။ ကြီးမြတ်တဲ့ ကျင်းတိုင်းပြည်ရဲ့ ဥပဒေက ဘယ်မှာလဲ … ကျင်းတိုင်းပြည်ရဲ့ ဥပဒေက ဘယ်မှာလဲ။” ဝမ်ချန်က မျှော်လင့်ချက်မဲ့စွာ အော်ဟစ်လိုက်သည်။

ကျုပ်ပုံစံက ဥပဒေလိုက်နာမယ့်သူနဲ့ တူလို့လား။

ဖန်ကျန်းရီက သူ့ကို စိုက်ကြည့်ကာ လှောင်ပြုံး ပြုံးလိုက်၏။ “ကျင်းတိုင်းပြည်ရဲ့ ဥပဒေ ဟုတ်လား ၊ ဟက် ... ခင်ဗျား ကျင်းတိုင်းပြည်ရဲ့ ဥပဒေအကြောင်း ပြောနေတာ ကျုပ်အတွက်တော့ ရယ်စရာပဲ ၊ ဟိုင်ယွမ်မြို့လောက် သေးငယ်တဲ့ နေရာလေးကို ထားလိုက်အုံး .. မြို့တော်မှာတောင် ကျုပ် နားထောင်လို့ အဆင်မပြေတဲ့ စကားပြောရင် ဘယ်သူ့မျက်နှာကိုမှ မထောက်ဘူး။ မြို့တော်ပြင်ပကို ရောက်လာရင်တော့ ကျုပ် လုပ်ချင်တာ အကုန်လုပ်မှာပဲ။”

All Chapters