← Chapters

အခန်း (၄၅၀-၄၅၁)

Vol. 25 Ch. 450-451

အခန်း (၄၅၀-၄၅၁)

Vol. 25 Ch. 450-451

အပိုင်း (၄၅၀) ဟိုင်ယွမ်မြို့ ပိုင်ရှင်ပြောင်းသွားခြင်း။

တစ်ညတာ ကုန်လွန်သွားပြီးနောက် ဟိုင်ယွမ်မြို့၏ အခြေအနေများ ပြောင်းလဲသွားခဲ့သည်။

ထိုညက ဖန်ကျန်းရီသည် အနားမယူရဘဲ စစ်သားတစ်စုကို ခေါ်ဆောင်ကာ ငွေတိုက်သို့ သွားရောက်ပြီး သူတို့ ရသင့်သည့် ရွှေငွေများကို ထုတ်ယူခွင့် ပေးခဲ့၏။

သို့ပေမည့် ဆုကြေးငွေ ပေးမည့်ကိစ္စကိုတော့ ရွှေ့ဆိုင်းထားခဲ့သည်။

ဤကိစ္စကို သူ ထွက်သွားပြီးမှသာ ပေးနိုင်မည်။ ထိုစစ်သားများ လှည့်စားခံလိုက်ရမှန်း သိသွားပါက ရုန်းရင်းဆန်ခတ် ဖြစ်ပြီး ပြဿနာများ ပေါ်လာမည်ကို စိုးရိမ်သောကြောင့်ပင်။

သူတို့ ရထားသည်များမှာ များပြားနေပြီ ဖြစ်သော်လည်း ငွေကြေးကိစ္စဖြင့် နောက်ပြောင်၍ မရသောကြောင့် အမြဲတမ်း သတိထားရမည်။

သို့ပေမည့် ဆုကြေးငွေ ပေးရန် နောက်ဆုတ်ထားသော်လည်း ထိုစစ်သားလေးများနှင့် ရုံးတော်မှ အမှုစစ်များမှာ လုံးဝ ကျေနပ်နေကြပြီ ဖြစ်သည်။

တောက်ယွမ်ခရိုင်မှ လူများအားလုံးကို အစိုးရရုံးတော်အနီးတွင် နေရာချထားပေးခဲ့၏။

ရုံးတော်မှ အရာရှိများစွာမှာ မနေ့ညက ဘာတွေဖြစ်ခဲ့သည်ကို မသိကြဘဲ မနက်ခင်း ရုံးတော်သို့ လာရောက် အမည်စာရင်း သွင်းပြီးနောက် ချက်ချင်း ထောင်ထဲသို့ ပို့ဆောင်ခံလိုက်ရပြီး ထိုနေရာတွင်သာ အလုပ်လုပ်ကြ ရတော့သည်။

ဖန်ကျန်းရီက ရုံးတော်တွင် ထိုင်နေပြီး သူ၏ အထက်တွင် တရားမျှတခြင်းနှင့် ပွင့်လင်းမြင်သာခြင်း ဟူသော ဆိုင်းဘုတ်ကို ချိတ်ဆွဲထား၏။

ယခုအခါ ရုံးတော်တစ်ခုလုံးတွင် တောက်ယွမ်ခရိုင်မှ လူများသာ ရှိတော့သောကြောင့် လူဦးရေက အနည်းငယ် နည်းပါးနေသည်။

ရှဲ့ရှန်းမှာ တစ်ညလုံး ကောင်းကောင်း အိပ်စက်ပြီးနောက် တစ်ကိုယ်လုံး လန်းဆန်းတက်ကြွနေ၏။

ဘေးတွင် လူအနည်းငယ်သာ ရှိသည်ကို ကြည့်ရင်း ရှဲ့ရှန်းက မေးလိုက်သည်။ “သခင်လေး ၊ ကျုပ်တို့ နောက်ဆက်လုပ်ရမယ့် ကိစ္စတွေက ဘာတွေလဲ။”

ဤမေးခွန်းကို ဖန်ကျန်းရီလည်း အမြဲတမ်း တွေးတောနေခဲ့ပြီး မနေ့ညက တစ်ညလုံး လွီမိသားစုအကြောင်းကို သေချာ လေ့လာခဲ့သည်။

လွီမိသားစုအကြောင်း ပိုသိလာလေလေ ပြဿနာ ပိုများလေလေဟု ခံစားရပြီး အဓိက ပြဿနာမှာ လွီမိသားစု ပြိုလဲသွားပြီးနောက် ပြည်သူများ၏ စားဝတ်နေရေးကို မထိခိုက်စေရန် မည်သို့ ဖြေရှင်းရမည်နည်း ဆိုသည်ပင်။

ယခုအချိန်တွင် အမှုစစ်ဆေးရန်က ဒုတိယ နေရာသို့ ရောက်သွားပြီ ဖြစ်သည်။

လွီမိသားစုက ဒေသခံများကို နှိပ်စက်ခဲ့သည် ဆိုသော်လည်း သူတို့၏ စီးပွားရေး အကျိုးအမြတ်များက ဟိုင်ယွမ်မြို့အတွင်း နက်ရှိုင်းစွာ စိမ့်ဝင်နေပြီး သာမန်ပြည်သူများနှင့် များစွာ ဆက်နွယ်နေ၏။

လွီမိသားစု ပြိုလဲသွားပြီး အခြေအနေသစ်တစ်ခု ပြန်လည် မတည်ဆောက်နိုင်ခြင်းသည် သာမန်ပြည်သူများ အတွက်တော့ ကောင်းသော ကိစ္စ မဟုတ်ချေ။

သူဌေးများ ဒုက္ခရောက်သောအခါ ဆင်းရဲသားများ၏ နိဂုံးလည်း မဝေးတော့ ဟူသော စကားတစ်ခွန်း ရှိသည်။

မသင့်တော်သော ဥပမာတစ်ခုပေးရလျှင် လူ၏ ခန္ဓာကိုယ်တွင် အကျိတ်တစ်ခု ဖြစ်ပေါ်လာသကဲ့သို့ပင်။ ၎င်းကို ဖယ်ရှားလျှင် ကြီးမားသော အန္တရာယ်ကို ရင်ဆိုင်ရမည် ဖြစ်၏။

ထို့အပြင် ဖယ်ရှားပြီးနောက် ကျန်းမာရေး စောင့်ရှောက်မှုများ မလုပ်နိုင်ပါက ရောဂါ ပိုမို ဆိုးရွားလာပြီး သေဆုံးသည်အထိ ဖြစ်သွားနိုင်သည်။

ယခု ဖန်ကျန်းရီ ရင်ဆိုင်နေရသည်မှာ ဤပြဿနာပင် ဖြစ်၏။

“အခု အခြေအနေက မငြိမ်သက်သေးဘူး ၊ မြို့ထဲမှာ ကျုပ်တို့ကို မကျေနပ်တဲ့သူတွေ အများကြီး ရှိနေနိုင်တယ်။ ရုံးတော်မှာ ပြဿနာတက်နေတာကို သိရင် ပြည်သူတွေကလည်း စိတ်လှုပ်ရှားပြီး ထိတ်လန့်နေကြလိမ့်မယ်။

လောလောဆယ်မှာ စစ်သည်တွေကို မြို့ထဲမှာ အမြန်ဆုံး ရှင်းလင်းရေးတွေ လုပ်ခိုင်းရမယ်။ လုံခြုံရေးကို အကြောင်းပြပြီး ကျုပ်တို့ကို ဆန့်ကျင်တဲ့ လွီမိသားစုရဲ့ ခွေးတွေကို အကုန် ရှင်းပစ်ရမယ်။ ကျုပ်တို့ကို မကျေနပ်တဲ့သူတွေကိုလည်း ပါးစပ်ပိတ်သွားအောင် လုပ်ရမယ်။”

ဖန်ကျန်းရီက မျက်ခုံးကြားကို ပွတ်သပ်လိုက်ပြီး အနည်းငယ် ပင်ပန်းနေသည်ဟု ခံစားလိုက်ရသည်။

“ကိစ္စတွေက ဒီအခြေအနေထိ ရောက်နေပြီဆိုတော့ တတ်နိုင်သမျှ လှလှပပလေး ဖြစ်အောင် လုပ်ရမယ်။ လွီမိသားစုနဲ့ ဝမ်ချန်ကို အခုလို ကမန်းကတန်း ဖမ်းလိုက်တာ အပြင်မှာ သတင်းတွေ ထွက်သွားရင် မကောင်းဘူး ၊ သူတို့ရဲ့ အပြစ်တွေကို မြန်မြန် ထင်ရှားအောင် လုပ်ရမယ်။ မဟုတ်ရင် အပြင်ကို သတင်းတွေ ပေါက်ကြားသွားပြီး လူတွေ စိတ်ပူကုန်ရင် မကောင်းဘူး။

ကျုပ်တို့က အထက်ကိုရော အောက်ကိုပါ တာဝန်ယူရမှာဆိုတော့ မနက်ဖြန်ကစပြီး ရုံးတော် တံခါးကို ဖွင့်ထားလိုက်။ ကျုပ် ကိုယ်တိုင် ထိုင်ပြီး ပြည်သူတွေ မတရားခံရတာတွေ ရှိရင် တိုင်ကြားခိုင်းမယ်။ ကလဲ့စားချေချင်ရင် ချေခိုင်းမယ်။ လျော်ကြေးပေးသင့်တာတွေကို လွီမိသားစုရဲ့ ငွေတိုက်ထဲက ထုတ်ပေးမယ်။

ပြည်သူတွေကို နှစ်သိမ့်ဖို့ ဒါမှမဟုတ် အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ ငွေတချို့ ထပ်ထုတ်ပေးမယ်။

လွီမိသားစုရဲ့ အဆက်အသွယ်တွေကို အမြန်ဆုံး ရှင်းလင်းပြီး ဆားထုတ်လုပ်မှုကို တည်ငြိမ်အောင် လုပ်ရမယ် ၊ ဒါက အရေးအကြီးဆုံးပဲ။ အချုပ်ပြောရရင် ထုတ်လုပ်မှုကို တည်ငြိမ်အောင် လုပ် ၊ လုံခြုံရေးကို ဂရုစိုက် ၊ ဖွံ့ဖြိုးတိုးတက်အောင် လုပ် ၊ နားလည်ပြီလား။”

ရှဲ့ရှန်းက ထိုအချုပ်စကား သုံးခွန်းကို စဉ်းစားကြည့်ပြီး ... အတော်လေး လေးနက်သည်ဟု ခံစားလိုက်ရ၏။

“နောက်ပြီး စက်ကို ကျုပ်ယူလာတယ် ၊ လွီမိသားစုနဲ့ ဝမ်ချန်ကို စစ်ဆေးတဲ့အခါ အသံဖမ်းထားလိုက်။”

ရှဲ့ရှန်းက ဇဝေဇဝါဖြင့် မေးလိုက်၏။ “သခင်လေး … အဲဒါ မလိုပါဘူး ၊ ထွက်ဆိုချက် မှတ်တမ်းရှိရင် လုံလောက်ပြီ မဟုတ်ဘူးလား။ အမှန်အတိုင်း ပြောရရင် ... အဲဒီပစ္စည်းက သိပ်ပြီး သုံးလို့မကောင်းဘူးလေ။”

ဖန်ကျန်းရီက ပြုံးလိုက်သည်။

အမှန်စင်စစ် ဤအရာသည် အသုံးပြု၍ ကောင်းလှသည်တော့ မဟုတ်ပေ။ လက်ရှိအခြေအနေမျိုးတွင် သိပ်၍အသုံးမဝင်လှသော်ငြားလည်း သူ၏ ကိုယ်ပိုင်ဝါသနာအရ ပြုလုပ်နေခြင်းသာ ဖြစ်သည်။

သို့ရာတွင် ဤပစ္စည်းများသည် နောင်အနာဂတ်ခေတ်ကာလတိုင်အောင် ကျန်ရစ်ခဲ့ပါမူ အဖိုးမဖြတ်နိုင်သော သမိုင်းဝင်အထောက်အထားများ ဖြစ်လာပေလိမ့်မည်။

သူ ကွယ်လွန်ပြီးနောက် နှစ်ပေါင်း ရာထောင်ချီ ကြာမြင့်သောအခါ သူ၏ သင်္ချိုင်းဂူအား တူးဖော်၍ အသံဖမ်းခွေ အမြောက်အမြားကို ရှာဖွေတွေ့ရှိသွားမည့် အချိန်ကာလကို သူ တွေးတောကြည့်မိ၏။

အဆင်းလှပသော ရုပ်သံကြေညာသူလေးတစ်ဦးသည် ရုပ်မြင်သံကြားဖန်သားပြင်ထက်ဝယ် မိုက်ခရိုဖုန်းကို ကိုင်ဆောင်လျက် ခံစားချက်အပြည့်ဖြင့် ဤသို့ ပြောဆိုနေပေလိမ့်မည်။

"ရှေးဟောင်းမှတ်တမ်းများထဲမှ ကြီးကျယ်ခမ်းနားလှသော 'ကျင်း' တိုင်းပြည်ဆီသို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်အပ်ပါတယ်။ ရှေးဘိုးဘေးတို့ရဲ့ ကြီးမြတ်လှသော ဉာဏ်ပညာများကို အတူတကွ လေ့လာကြပါစို့။ သူတို့ရဲ့ အသံတွေကို နားဆင်မယ်။ နှစ်ထောင်ချီသော အချိန်ကာလများကို ဖြတ်ကျော်ပြီး နှလုံးသားချင်း ဆက်သွယ်ကြပါစို့။ မျက်ရည် လည်ရလောက်အောင်ပင် ကြည်နူးဖွယ် ကောင်းမှာသေချာပါတယ်ရှင်" ဟူသည့် စကားမျိုးတို့ကို ပြောဆိုနေမည်မှာ အသေအချာပင် ဖြစ်သည်။

အသံဖမ်းခွေတွေကို ပြန်လည် ပြုပြင်ပြီးတဲ့အခါ စက်ထဲမှ ဝမ်အမည်ရှိသူ၏ ဆဲဆိုသံတွေ ၊ တောင်းပန်သံတွေ ထွက်လာပြီး နောက်ဆုံးမှာတော့ ငိုယိုကာ အော်ဟစ်နေလိမ့်မည်။

ထို့အပြင် သူ့အမည်ကို တပ်ကာ အော်ဆဲပေလိမ့်မည်။ “ဖန်ကျန်းရီ … ခွေးကောင်….”

ထိုသို့ဆိုလျှင် နောင်လာနောင်သားများ သူ၏ နာမည်ကိုကောင်းကောင်းသိသွားပေမည်။

ဤမြင်ကွင်းကို တွေးကြည့်ရုံနှင့်တင် အလွန် စိတ်လှုပ်ရှားစရာ ကောင်းနေပေပြီ။

“ခင်ဗျားကို ဖမ်းခိုင်းရင် ဖမ်းလိုက်ပါ။ ကြိုတင် ပြင်ဆင်ထားတာ ပိုကောင်းတာပေါ့။ ပြီးတော့ အခု ငွေတိုက်ထဲက ပစ္စည်းတွေကို စာရင်းရှင်းဖို့ စာရင်းကိုင်တချို့ မြန်မြန်ရှာလိုက် .. မနေ့ညက လူတွေ အများကြီး ယူသွားတာဆိုတော့ ဘယ်လောက်တောင် လျော့သွားပြီလဲ မသိဘူး။

ဒါက လွီမိသားစု ငွေတိုက်ရဲ့ စာရင်းစာအုပ်ပဲ။ တိုက်ဆိုင်စစ်ဆေးဖို့ လူတစ်ယောက် ရှာလိုက်။ ဒီအထဲမှာ တန်ဖိုးရှိတဲ့ အရာတွေ အများကြီး ရှိလောက်တယ်။”

ဖန်ကျန်းရီက စားပွဲပေါ်ရှိ စာရင်းစာအုပ်ကို ရှဲ့ရှန်းထံသို့ ပစ်ပေးလိုက်သည်။

ဤအရာကို သူကိုယ်တိုင် နားလည်နိုင်လိမ့်မည် မဟုတ်ပေ။ စာပေ၌ အားနည်းသူတစ်ဦးဖြစ်သည့်အလျောက် ဤမျှ များပြားလှသော ကိန်းဂဏန်းစာရင်းအင်းများကို ကြည့်ရှုရခြင်းသည် သူ့အတွက် အမှန်တကယ်ပင် ခေါင်းခဲစရာတစ်ရပ် ဖြစ်သည်။

သာမန်အားဖြင့် ရှောင်ထောင်သည် သူ၏အနီးတွင်ရှိပါက ဤကဲ့သို့သော ကိစ္စရပ်များကို ကူညီဖြေရှင်းပေးလေ့ရှိ၏။

ယခု ရှောင်ထောင် မပါလာသောကြောင့် ဆက်လက် လုပ်ဆောင်လိုစိတ် ကုန်ဆုံးသွားခဲ့ချေပြီ။ ထို့အပြင် သူ၏လက်ဝယ်၌ ဖြေရှင်းရန် ကျန်ရှိနေသေးသော ကိစ္စအဝဝမှာလည်း များပြားစွာ ကျန်ရှိနေသေးသည်။

“ဒီက ကိစ္စတွေ အကုန် ဖြေရှင်းပြီးရင် အထက်ကို သတင်းပို့မယ် ၊ အဲဒီအခါကျရင် ကျုပ်တို့ အိမ်ပြန်လို့ရပြီ။ အမြန်ဆုံး သွားလုပ်လိုက်တော့ ...”

အပိုင်း (၄၅၁) အိမ်ရှေ့စံမင်းသား ကြီးပြင်းလာပြီ။

ယန်ရှင်းနန်းဆောင်အတွင်း။

ကျင်းဧကရာဇ်သည် မျက်မှန်တပ်ကာ လီယွမ်ကျောက် တင်ပြလာသော အစီရင်ခံစာကို သေချာစွာ ဖတ်ရှုနေ၏။

စားပွဲပေါ်တွင် ပုံသဏ္ဍာန် ထူးဆန်းသော ဗူးသီးပုံစံ ဖန်ပုလင်းကြီး တစ်လုံးကို တင်ထားသည်။

လီယွမ်ကျောက်က သူ၏ရှေ့တွင် လက်ကိုယှက်ကာ ရပ်နေပြီး ဖန်ပုလင်းကို ငေးကြည့်နေ၏။

ဖန်ကျန်းရီ ထွက်သွားသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သော်လည်း သူလည်း အားနေသည်တော့ မဟုတ်ချေ။

အရှေ့ဘက် ဆင်ခြေဖုံးရှိ မြေနေရာတွင် အနာဂတ်အတွက် မှန်လုံအိမ်များ ဆောက်လုပ်ရန်နှင့် အခြားသော အလုပ်ရုံများစွာ တည်ဆောက်ရန် ရှိသေးသဖြင့် လုပ်စရာကိစ္စများစွာ ရှိနေသေး၏။

ထိုနေရာတွင် တဖြည်းဖြည်း စတင် အလုပ်လုပ်နေသည်ကို သူကိုယ်တိုင် စောင့်ကြည့်နေခဲ့ပြီး ဖန်ချက်လုပ်ရုံက အရင်ဆုံး ပြီးစီးသွားကာ ယခုမှ စတင် ထုတ်လုပ်နေပြီ ဖြစ်သည်။

အစပိုင်းတွင် အနည်းငယ် ရှုပ်ထွေးနေသော်လည်း တဖြည်းဖြည်းနှင့် လမ်းကြောင်းမှန်ပေါ် ရောက်လာအောင် အလုပ်သမားများကို သူကိုယ်တိုင် ညွှန်ကြားကာ အဆင့်လိုက် လုပ်ဆောင်စေခဲ့၏။

ပင်ပန်းဆင်းရဲပြီး ဖန်ကျန်းရီ မရှိသဖြင့် အနည်းငယ် ပျင်းစရာကောင်းသော်လည်း ဤလုပ်ငန်းစဉ်အတွင်း၌ သူသည် တစ်စုံတစ်ခုကို သဘောပေါက် နားလည်လာသလို ခံစားခဲ့ရသည်။

ဘာမှမရှိရာမှ အလုပ်ရုံများ ပေါ်ထွက်လာသည်ကို ကြည့်ရင်း အလုပ်သမားများ အတူတကွ ပူးပေါင်း လုပ်ဆောင်ကြပုံ ၊ စကားပြောကြပုံ ၊ ထမင်းစားကြပုံ ၊ ရန်ဖြစ်ကြပုံနှင့် သဘောထား ပြောင်းလဲလာပုံများကို မြင်တွေ့ခဲ့ရ၏။

ယခင်က စာအုပ်ထဲတွင် ဖတ်ဖူးပြီး မေ့သွားခဲ့သော အကြောင်းအရာများက ခေါင်းထဲတွင် ပြန်လည် ပေါ်လာသည်။

ထိုကျန်ရှိနေသော အကြံဉာဏ်များကို ဖမ်းဆုပ်ချင်သော်လည်း တကယ်တမ်း စဉ်းစားမရသဖြင့် စာအုပ်များကို ပြန်လှန်ကာ မှတ်မိအောင် ကြိုးစားပြီး အတည်ပြုရတော့၏။

အလုပ်ရုံများ တည်ဆောက်ပြီးစီးသွားသောအခါ သူသည် အပြင်မှနေ၍ စောင့်ကြည့်နေရုံဖြင့် မကျေနပ်နိုင်တော့ဘဲ ကိုယ်တိုင် ဝင်ရောက် ပါဝင်လေသည်။

မည်သည့် ကုန်ကြမ်းများကို အသုံးပြုရမည်နည်း။ ဖန်ကို ဘယ်လိုထုတ်လုပ်သနည်း။ ဖန်ခွက်များကို မည်သို့ ပြုလုပ်သနည်း...။

ဤလုပ်ငန်းစဉ်များအတွင်း လှပသေသပ်သော ဖန်ထည်ပစ္စည်းများ မည်သို့ ထွက်ပေါ်လာသည်ဆိုသော ရှင်းလင်းပြတ်သားသည့် လုပ်ငန်းစဉ်တစ်ခုက သူ၏ ခေါင်းထဲတွင် ပေါ်လာ၏။

ဖန်ထည်ပစ္စည်းများကို ပါးစပ်ဖြင့် မှုတ်၍ ပြုလုပ်ရသည်ကို သိလိုက်ရသောအခါ သူလည်း စိတ်လှုပ်ရှားစွာဖြင့် ပါဝင်မှုတ်ကြည့်ခဲ့သည်။

ပါးစပ်များ နာကျင်သည်အထိ မှုတ်ရသော်လည်း အကြိမ်ပေါင်းများစွာ ကြိုးစားပြီးနောက်တွင်တော့ အနည်းငယ် အောင်မြင်သွားခဲ့၏။

ပုံသဏ္ဍာန် မကျတကျ လက်ရာတစ်ချို့ကို ပြုလုပ်နိုင်ခဲ့သည်။

ပထမတစ်ခုကို ဖန်ကျန်းရီအား ပေးရန် ရည်ရွယ်ထားသော်လည်း မရှိသည်ကို တွေးမိကာ အနည်းငယ် စိတ်မကောင်း ဖြစ်သွား၏။ သို့ပေမည့် ဖန်ကျန်းရီ ပြန်ရောက်လာပြီး သူကိုယ်တိုင် ဖန်တီးထားသော အနုပညာလက်ရာကို မြင်တွေ့ရလျှင် သေချာပေါက် အံ့သြသွားလိမ့်မည်ဟု တွေးမိသောအခါ စိတ်အခြေအနေ ပြန်လည် ကောင်းမွန်သွား၏။

ကျင်းဧကရာဇ်၏ စားပွဲပေါ်ရှိ ဗူးသီးပုံစံ ဖန်ပုလင်းကြီးမှာ သူ၏ ဒုတိယမြောက် လက်ရာဖြစ်ပြီး ဤလက်ရာမှာ အလွန် ခမ်းနားသည်ဟု ထင်သဖြင့် သူ၏ ဖခင်ကို လာပေးခြင်း ဖြစ်သည်။

သို့သော်ငြား ကျင်းဧကရာဇ်က တစ်ချက်သာ ကြည့်ပြီး စားပွဲပေါ်တင်ထားကာ ဘာမှ မပြောခဲ့ပေ။

ကျင်းဧကရာဇ်က အစီရင်ခံစာကို ဖတ်ပြီးနောက် ခေါင်းမော့ကာ အေးအေးဆေးဆေး ပြောလိုက်သည်။ “မဆိုးဘူး … တော်တော်လေး စနစ်ကျတယ်။ ကြည့်ရတာ မှန်လုံအိမ်က နောက်လဆိုရင် ပြီးလောက်ပြီ ထင်တယ်။ ဒီလ စာသင်တာတွေရော နောက်ကျလား။”

လီယွမ်ကျောက်က ခေါင်းညိတ်ကာ ဖြေလိုက်၏။ “သားတော်ရဲ့ စာတွေ နောက်မကျပါဘူး။”

ဤတစ်ခေါက်တော့ သူ တကယ် အားနည်းမနေချေ။ တကယ်ကို သေချာ ဂရုစိုက်ပြီး ဖတ်ခဲ့သည် မဟုတ်ပါလား။

“ဖန်ချက်ရုံကလည်း ဖန်တွေ စတင် ထုတ်လုပ်နေပါပြီ။ မှန်လုံအိမ် တည်ဆောက်တာကလည်း သိပ်ပြီး ရှုပ်ထွေးမှာ မဟုတ်ပါဘူး။ ဒီကိစ္စက ပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့ သက်ဆိုင်နေတော့ သားတော် ကိုယ်တိုင် သေချာ သွားကြည့်ပါ့မယ်။”

ကျင်းဧကရာဇ်က သူ့ကို ကြည့်ကာ မျက်နှာပေါ်တွင် အပြုံးလေးတစ်ခု ပေါ်လာ၏။ “မဆိုးဘူး ၊ မကြာသေးခင်က တော်တော်လေး တည်ငြိမ်လာတယ်ပဲ။ မှန်လုံအိမ်ကို တိုင်းပြည်အနှံ့ ဖြန့်ကျက်နိုင်ရင် ပြည်သူတွေအတွက် ကောင်းချီးတစ်ခုပဲလို့ ကိုယ်တော် အမြဲ တွေးမိတယ်။ ဒါပေမဲ့ အမတ်ဖန် ပြောသလို ကုန်ကျစရိတ်က ပြဿနာကြီး ဖြစ်နေတော့ ဖြန့်ကျက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။”

“သားတော်ကတော့ အဲဒီလို မထင်ပါဘူး။”

လီယွမ်ကျောက်က တုံ့ဆိုင်းနေခြင်းမရှိဘဲ ပြန်ဖြေလိုက်၏။ “အရှေ့ဘက် ဆင်ခြေဖုံးက မှန်လုံအိမ် မဆောက်ရသေးပေမဲ့ သားတော် လေ့လာထားပြီးပါပြီ။ ကုန်ကျစရိတ် များရတဲ့ အဓိက အကြောင်းရင်းက ဖန်ကြောင့်ပါပဲ။

သားတော် ဖန်ချက်လုပ်ရုံကို သွားကြည့်တဲ့အခါ ဖန်ရဲ့ ကုန်ကြမ်းစရိတ်က သိပ်မများတာကို တွေ့ခဲ့ရတယ်။ ဒါပေမဲ့ ထုတ်လုပ်တဲ့ လုပ်ငန်းစဉ်ထဲမှာ ပျက်စီးသွားတာတွေ အများကြီး ရှိနေလို့ ကုန်ကျစရိတ်ကို မြင့်တက်သွားစေတာပါ။ ဒီပြဿနာတွေက နည်းပညာပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လို့ ပြုပြင်လို့ ရပါတယ်။

နောက်တစ်ချက်က ထုတ်လုပ်မှု ပမာဏ မလုံလောက်လို့ပါ။ ထုတ်လုပ်မှု ပမာဏ များလာရင် ကုန်ကျစရိတ်ကို ထပ်ပြီး လျှော့ချနိုင်မှာပါ။ အချိန်တစ်ခု ရောက်ရင် မှန်လုံအိမ်ကို တိုင်းပြည်အနှံ့ သေချာပေါက် ဖြန့်ကျက်နိုင်မယ်လိုါ သားတော် ထင်ပါတယ်။”

လီယွမ်ကျောက်၏ ယုံကြည်မှုရှိသော ပုံစံကို ကြည့်ပြီး ကျင်းဧကရာဇ်မှာ ရုတ်တရက် မှင်သက်သွားကာ ပြုံးလျက် ပြောလိုက်၏။ “ကောင်းပြီ ကောင်းပြီ … ကြည့်ရတာ တကယ်ပဲ အားထုတ်ထားတာပဲ။ မင်း ပြောတာကို ကိုယ်တော် ယုံတယ်။”

ထို့နောက် ဘေးရှိ အစီရင်ခံစာများကို လက်ညှိုးထိုးပြကာ ဆက်ပြောလိုက်သည်။ “ဒီအစီရင်ခံစာတွေကို အရှေ့နန်းဆောင်ကို ပို့ခိုင်းလိုက်မယ်။ မင်း မှတ်ချက်ရေးပြီးရင် ကိုယ်တော့်ဆီ ပြန်ပို့ပေး။ ဘယ်လိုပဲဖြစ်ဖြစ် မင်းက ကြီးမြတ်တဲ့ ကျင်းတိုင်းပြည်ရဲ့ အိမ်ရှေ့မင်းသားပဲ။ ဒီလိုကိစ္စတွေမှာပဲ အမြဲတမ်း အာရုံစိုက်မနေနဲ့။ နားလည်ရုံလောက်ပဲ သိထားရင် ရပြီ။

နောက်ပြီး အသေးအဖွဲ ကိစ္စတွေမှာပဲ နစ်မြုပ်မနေနဲ့ …. ဒီလို လက်မှုပညာ ပစ္စည်းတွေကို နောက်ဆို ကိုယ်တိုင် မလုပ်နဲ့တော့ ၊ တခြားလူတွေ သိရင် ရယ်စရာ ဖြစ်နေလိမ့်မယ်။” ကျင်းဧကရာဇ်က ဖန်ပုလင်းကို ကိုင်ကာ ပြောလိုက်၏။

လီယွမ်ကျောက်မှာ ရုတ်တရက် ရင်ထဲတွင် မွန်းကြပ်သွားသလို ခံစားလိုက်ရသည်။

ငါဒီလောက် ပင်ပင်ပန်းပန်း လုပ်ထားတဲ့ ပစ္စည်းကို ခမည်းတော်က အထင်သေးရတယ်လို့ ၊ လာပေးမိတာ အချည်းနှီးပဲ။

“ခမည်းတော် သားတော် ...”

“မပြောနဲ့တော့။ သွား … အလုပ်သွားလုပ်တော့။ အချိန်မဖြုန်းနဲ့။” ကျင်းဧကရာဇ်က လက်ကာပြကာ မောင်းထုတ်လိုက်၏။

လီယွမ်ကျောက်မှာ မတတ်နိုင်ဘဲ မွန်းကြပ်စွာဖြင့် ယန်ရှင်းနန်းဆောင်ထဲမှ ခပ်သုတ်သုတ် ထွက်လာခဲ့ရသည်။

သူ၏ ကျောပြင် ပျောက်ကွယ်သွားသည်ကို ကြည့်ပြီးမှသာ ကျင်းဧကရာဇ်သည် ဖန်ပုလင်းကို ယူကာ သေချာစွာ စစ်ဆေးကြည့်ရှုလေတော့၏။

လေနှစ်ချက်လောက် မှုတ်လိုက်ပြီး သေချာ သုတ်ကာ ဘယ်ညာ လှည့်ပတ်ကြည့်ရင်း ကျေနပ်သော အမူအရာ ပေါ်လာသည်။

ကောထျန်းယန်ကို ကြည့်ကာ ပုလင်းကို လက်ညှိုးထိုးပြလျက် ပြောလိုက်၏။ “ကြည့်စမ်း ၊ အိမ်ရှေ့စံမင်းသားက ဒီလောက် ကြီးနေပြီကို နည်းနည်းလေးမှ မတည်ငြိမ်သေးဘူး။”

ကောထျန်းယန်က စိတ်ထဲတွင် နှုတ်ခမ်းမဲ့လိုက်သည်။

သဘောကျရင်လည်း သဘောကျတယ်ပေါ့။ ကျုပ်ကို ဘာလို့ လာပြောနေရတာလဲ …. အဓိပ္ပါယ်ရှိလို့လား။ နောက်ပြီး အိမ်ရှေ့စံမင်းသားက ပေါ့ပေါ့ဆဆ အကျင့်စရိုက်ရှိတဲ့ ဖန်ကျန်းရီနဲ့ နေ့တိုင်း ပေါင်းနေတာ ဘယ်လိုလုပ် တည်ငြိမ်နိုင်မှာလဲ။

စိတ်ထဲတွင် ကျိန်ဆဲထားသော်လည်း ကောထျန်းယန်က ပြုံးရွှင်စွာဖြင့် ပြောလိုက်၏ “အရှင်မင်းကြီး .. အိမ်ရှေ့စံမင်းသားက အရှင်မင်းကြီး အပေါ် ရိုသေကိုင်းရှိုင်းမှု ရှိတာပါ။ ကျွန်တော်မျိုး လည်း ရင်ထဲကနေ အရှင်မင်းကြီး အတွက် ဝမ်းသာပေးနေတာပါ။ ခေတ်အဆက်ဆက်မှာ အရှင်မင်းကြီး နဲ့ အိမ်ရှေ့စံမင်းသားတို့လို ရင်းနှီးတဲ့ သားအဖဆက်ဆံရေးမျိုးက တကယ့်ကို ရှားပါတယ် ၊ တကယ့်ကို တစ်မူထူးခြားတာပါပဲ။”

ကောထျန်းယန်က လက်မထောင်ကာ နှစ်ချက်ခန့် ဝှေ့ယမ်းပြလိုက်သည်။

ကျင်းဧကရာဇ်က တည်တည်ငြိမ်ငြိမ် နေချင်သော်လည်း အပြုံးများကို မထိန်းထားနိုင်တော့ချေ။ ချောင်းနှစ်ချက် ဟန့်ပြီး ပြောလိုက်၏။ “သွား ... အစီရင်ခံစာတွေကို အိမ်ရှေ့စံမင်းသားဆီ ပို့ပေးလိုက်။ ပြီးတော့ သူ့အတွက် အားဆေးတချို့လည်း ယူသွားပေးလိုက်။ ပြီးတော့ ဒီပုလင်းကို စာကြည့်ဆောင်မှာ သွားထားထားလိုက်။”

ကောထျန်းယန်က ခေါင်းညိတ်ပြီး စားပွဲပေါ်ရှိ အစီရင်ခံစာများကို ယူကာ နောက်လှည့် ထွက်သွား၏။ နောက်လှည့်လိုက်သည်နှင့် သူ၏ နှုတ်ခမ်းထောင့်တွင် ဆိုးရွားသော အပြုံးတစ်ခု ပေါ်လာသည်။

ဒီနေ့တော့ အရှင်မင်းကြီးကို သေချာ မြှောက်ပင့်နိုင်ခဲ့ပြီ။ ဖန်ကျန်းရီ မရှိသရွေ့ ငါ့ကို တခြား ဘယ်သူမှ မယှဉ်နိုင်ဘူး။

All Chapters