အခန်း (၄၅၄-၄၅၅)
Vol. 25 Ch. 454-454
အပိုင်း (၄၅၄) အားလုံးက အမတ်ဖန်၏ ကျေးဇူး။
ရာသီဥတုက တဖြည်းဖြည်း အေးစိမ့်လာပြီ ဖြစ်သည်။
ကြမ်းပြင်အောက်မှ အပူပေးစနစ်များကိုလည်း ပြန်လည် စတင် အသုံးပြုနေကြပြီ ဖြစ်၏။
နွေးထွေးသော အခန်းလေးထဲတွင် လီယန်စုန့် နှင့် အခြားသော နန်းတွင်း အမတ်ကြီးများက ကျင်းဧကရာဇ်၏ အောက်ဘက်တွင် ဒူးထောက်ထိုင်နေကြသည်။
ယနေ့သည် တရားဝင် တွေ့ဆုံခြင်း မဟုတ်သဖြင့် လေထုက အနည်းငယ် ပေါ့ပါးနေ၏။
ကျင်းဧကရာဇ်က အစီရင်ခံစာ တစ်စောင်ကို ပေးလိုက်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။ “ဒါက မနေ့က နက္ခတ်တာရာဌာနက တင်ပြလာတဲ့ အစီရင်ခံစာပဲ။ ဒီနှစ် ဆောင်းရာသီက လွန်ခဲ့တဲ့ လေးနှစ်ကထက် ပိုအေးနိုင်တယ်လို့ ဆိုတယ်။ လွန်ခဲ့တဲ့ လေးနှစ်က ကျခဲ့တဲ့ နှင်းကြီးကို ကိုယ်တော် အခုထိ မှတ်မိနေတုန်းပဲ။
ဆယ်ရက်ဆက်တိုက် နှင်းမိုး ရွာချလိုက်တာ။ မြို့တော်နဲ့ အနီးတဝိုက်မှာ လူနဲ့ တိရစ္ဆာန် လေးထောင်နီးပါး အေးခဲ သေဆုံးခဲ့ရတယ်။ အဲဒီတုန်းက ပြည်သူတွေက အဝတ်အစားပါးပါးလေးတွေပဲ ဝတ်နိုင်ကြပြီး မီးဖိုနဲ့ ကောက်ရိုးတွေကိုပဲ အားကိုးပြီး အအေးဒဏ်ကို ကာကွယ်ခဲ့ကြရတာ။
ဟင်း ... နက္ခတ်တာရာဌာနက အမြဲတမ်း မမှန်နိုင်ပေမဲ့ တကယ်လို့ သူတို့ ခန့်မှန်းချက်သာ မှန်ခဲ့ရင် ဒီဆောင်းရာသီ က ကပ်ဘေးကြီး တစ်ခု ထပ်ဖြစ်လာအုံးမှာပဲ။
ခင်ဗျားတို့မှာ ဘာအကြံဉာဏ်တွေ ရှိလဲ။ ဒီနေ့ လွတ်လွတ်လပ်လပ် ပြောကြပါ။”
လူအများက အစီရင်ခံစာကို အလှည့်ကျ ကြည့်ရှုကြသည်။
အားလုံး ကြည့်ရှုပြီးနောက် လီယန်စုန့်က သပ်ရပ်စွာဖြင့် ပြောလိုက်၏ “အရှင်မင်းကြီး … ဆောင်းရာသီ ဖြတ်သန်းဖို့က အမြဲတမ်း ပြဿနာ တစ်ခု ဖြစ်နေတာပါ။ ဒါပေမဲ့ ဒီဆောင်းရာသီမှာတော့ အပြောင်းအလဲလေးတွေ ရှိလာနိုင်ပါတယ်။
ပန်းရှန်း ချည်မျှင်နှင့် အထည်စက်ရုံက မြို့ထဲက အထည်ကုန်သည်တွေနဲ့ ပူးပေါင်းပြီး အထည်စျေးတွေကို ချထားတယ်လို့ ကျွန်တော်မျိုး ကြားသိရပါတယ်။ ဒါကြောင့် ရာသီဥတု မအေးခင်ကတည်းက မြို့တော်က အဝတ်အစားနဲ့ အထည်စျေးတွေ အများကြီး ကျဆင်းနေပါပြီ။
အခုဆိုရင် ပြည်သူတော်တော်များများက စျေးပေါတဲ့အချိန်မှာ အဝတ်အစားသစ်တွေနဲ့ အထည်တွေကို ဝယ်ယူထားကြလောက်ပြီမို့ ဒီနှစ် အခြေအနေက အရင်နှစ်တွေထက် အများကြီး ပိုကောင်းလာနိုင်ပါတယ်။ ဒီကိစ္စမှာ ပန်းရှန်း ချည်မျှင်နှင့် အထည်စက်ရုံရဲ့ ကျေးဇူးက အကြီးမားဆုံးပါပဲ။”
ကျင်းဧကရာဇ်က ခေါင်းညိတ်ကာ ပြောလိုက်၏။ “ဒီကိစ္စကို ကိုယ်တော် ကြားသိထားပါတယ်။ ဒါပေမဲ့ မြို့တော်လောက်ပဲ ကန့်သတ်ထားတာလေ။ မြို့တော် အနီးတဝိုက်နဲ့ မြောက်ဘက် ဒေသတွေကရော ဘယ်လို လုပ်ကြမလဲ။”
ကျိန့်ချောင်က ပြန်ဖြေလိုက်သည်။ “အရှင်မင်းကြီး … မကြာသေးခင်က နယ်ကနေ အစီရင်ခံစာတွေ ရောက်လာပါတယ်။ အရှင်မင်းကြီး ကို မတင်ပြရသေးပါဘူး။ တကယ်တော့ နယ်တွေမှာလည်း အဝတ်အစား စျေးနှုန်းတွေ ကျဆင်းနေပါပြီ။”
“သြော် ၊ ဘာဖြစ်လို့လဲ။” ကျင်းဧကရာဇ်က စိတ်ဝင်စားသွား၏။
“မြို့တော်မှာ မကြာသေးခင်က ရောင်းချနေတဲ့ ဆောင်းတွင်းဝတ် အဝတ်အစားနဲ့ အထည်စျေးတွေက အရမ်းပေါနေတော့ ကုန်သည်ငယ်လေးတွေ တော်တော်များများက လူငှားပြီး အများကြီး ဝယ်ယူကြတယ်။ ပြီးတော့ အဲဒါတွေကို နယ်တွေမှာ စျေးတင်ပြီး ပြန်ရောင်းကြပါတယ်။
ဒီအဝတ်အစားနဲ့ အထည်တွေက နယ်တွေကို ရောက်သွားရင်တောင် ဒေသပေါက်စျေးထက် အများကြီး သက်သာနေတုန်းပါပဲ။ အရေအတွက် သိပ်မများပေမဲ့ ဒေသတွင်း စျေးနှုန်းတွေအပေါ် အများကြီး သက်ရောက်မှု ရှိပါတယ်။”
ကျင်းဧကရာဇ်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
“ဒီလိုကိစ္စမျိုး ရှိနေတာလား ... အထည်စျေးကျတာက ကောင်းတဲ့ကိစ္စပါပဲ။ ဒါပေမဲ့ ဒီကုန်သည်တွေက တကယ်ကို နေရာတကာ အမြတ်ထုတ်တတ်တာပဲ။ အားလုံးကသာ အလုအယက် ဝယ်ပြီး ပြန်ရောင်းနေကြရင် မြို့တော်က ပြည်သူတွေအတွက် ဝယ်စရာ ကျန်ပါအုံးမလား။
မြို့ထဲက အထည်ကုန်သည်တွေ စျေးချပေးတာက စေတနာကောင်းနဲ့ပါ။ ဒါပေမဲ့ တခြား ကုန်သည်တွေက အခွင့်ကောင်းယူပြီး အမြတ်ထုတ်နေတာကို ဖြေရှင်းဖို့ နည်းလမ်း မရှိဘူးလား။”
ကျိန့်ချောင် က ရှင်းပြလိုက်သည်။
“တကယ်တော့ တစ်ဆင့်ခံ ကုန်သည်တွေ ရှိနေတယ် ဆိုတာကို အထည်ကုန်သည်တွေလည်း သိကြပါတယ်။ ဒါပေမဲ့ ပန်းရှန်း ချည်မျှင်နှင့် အထည်စက်ရုံက အကြီးဆုံး အထည်ကုန်သည် တချို့ကို အကြောင်းကြား ထားပါတယ်။ သူတို့ကို တစ်ဆင့်ခံ ကုန်သည်တွေဆီ ပစ္စည်းနည်းနည်း ချပေးလို့ ရတယ်တဲ့။
ဒါပေမဲ့ အဲဒီကုန်သည်တွေကို မြို့တော်ထဲမှာ ဆက်မရောင်းဖို့ တားမြစ်ထားပါတယ်။ တကယ်လို့ စည်းကမ်းဖောက်ပြီး ရောင်းချတာ တွေ့ရင် ရုံးတော်ကို တိုင်ကြားပြီး အရေးယူဖို့ လုပ်ထားပါတယ်။
မြို့တော်က သာမန် ပြည်သူတွေအတွက်တော့ သိပ်အများကြီး မထိခိုက်ပါဘူး။ မြို့ထဲက အထည်ဆိုင် တော်တော်များများမှာ နေ့တိုင်း လူတွေ တန်းစီနေကြတာပါပဲ။ ဆောင်းရာသီကို ဖြတ်သန်းနိုင်တဲ့ ပြည်သူတွေကတော့ နေ့တိုင်း တန်းစီဖို့ အချိန်မပေးချင်ကြဘူး။ တော်တော်များများက အစောကြီးကတည်းက လက်လျှော့လိုက်ကြတယ် ဒါမှမဟုတ် နောက်မှ ဝယ်မယ်လို့ စဉ်းစားထားကြတယ်။
တကယ် စျေးပေါတဲ့ ဆောင်းတွင်းဝတ် အဝတ်အစားကို အရေးတကြီး လိုအပ်နေတဲ့ လူတွေကတော့ အချိန်အများကြီး ပေးပြီး တန်းစီဝယ်ကြပါတယ်။ တစ်ရက် နှစ်ရက်လောက် အချိန်ပေးလိုက်ရင်တော့ သေချာပေါက် ဝယ်လို့ ရပါတယ်။”
ကျင်းဧကရာဇ်က ထိုစကားကို ကြားပြီးနောက် သဘောပေါက်သွားကာ ချီးကျူးလိုက်၏။ “ပန်းရှန်း ချည်မျှင်နှင့် အထည်စက်ရုံကို အမတ်ဖန် တည်ထောင်ခဲ့တာပဲ။ သူက ဒီလောက်အထိ အမြော်အမြင် ရှိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ အကြီးအကဲ တစ်ယောက်အနေနဲ့ ချီးကျူးရမယ်။”
ကျိန့်ချောင်၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာ တစ်ခု ပေါ်လာသည် “ဒါ... အရှင်မင်းကြီး ၊ ဒီကိစ္စက ဖန်ကျန်းရီနဲ့ မသက်ဆိုင်လောက်ပါဘူး။”
“ဘယ်လို ပြောလိုက်တာလဲ။” ကျင်းဧကရာဇ်က ဆက်မေးလိုက်၏။
“ဖန်ကျန်းရီ မြို့တော်က ထွက်သွားတဲ့ အချိန်တုန်းက ဒီကိစ္စတွေ တစ်ခုမှ မဖြစ်သေးပါဘူး။ ပန်းရှန်း ချည်မျှင်နှင့် အထည်စက်ရုံကို ဖန်ကျန်းရီ တည်ထောင်ခဲ့တာ မှန်ပေမဲ့ ပြည်သူတွေကြားမှာတော့ မင်းသမီးလေး ကိုယ်တိုင် စီမံခန့်ခွဲနေတယ်လို့ သတင်းထွက်နေပါတယ်။ ကျွန်တော်မျိုးလည်း လူလွှတ်ပြီး စက်ရုံမှာ စုံစမ်းကြည့်တော့ ဒီနည်းလမ်းတွေကို မင်းသမီးလေး ကိုယ်တိုင် ညွှန်ကြားခဲ့တာပါတဲ့။ မင်းသမီးလေးက စာလေးတွေတောင် ရေးပေးလိုက်သေးတယ်တဲ့ ...။
မင်းသမီးလေးက နန်းတော်ထဲမှာ ရှိနေပေမဲ့ နေ့တိုင်း မိန်းမစိုးကတစ်ဆင့် စက်ရုံက ပြဿနာတွေကို တာဝန်ယူပေးပါတယ်။၊ စာလေးတွေလည်း နေ့တိုင်း ပေးပို့နေတာပါ။ ဒီကိစ္စကို စက်ရုံက လူတိုင်း သိကြပါတယ် ၊ ဒါကြောင့် ဖန်ကျန်းရီက ကြိုတင် စီစဉ်ထားတာ မဖြစ်နိုင်ပါဘူး။
ကျွန်တော်မျိုး လူလွှတ်ပြီး စုံစမ်းတဲ့အခါ ပြည်သူတွေကြားမှာ လူတစ်စုက စတင် ပြောဆိုနေကြတာကို ကြားခဲ့ရပါတယ် ...”
ကျိန့်ချောင်က စကားပြောနေရင်း ရပ်တန့်သွားသဖြင့် ကျင်းဧကရာဇ်က အလျင်စလို မေးလိုက်၏။ “ဘာတွေ ပြောနေကြတာလဲ။”
အသေးအဖွဲ ကိစ္စရပ်ငယ်များဟုသာ မှတ်ယူထားခဲ့သည့်အလျောက် ဤကိစ္စအပေါ် သူ များစွာ အလေးအနက် မထားခဲ့ပေ။
တော်ဝင်မိသားစုဝင် အမျိုးသမီးတစ်ဦးအနေဖြင့် ကုန်သွယ်ဖောက်ကားသည့် လုပ်ငန်းရပ်များကို လုပ်ကိုင်ဆောင်ရွက်နေခြင်းမှာ ပြင်ပ၌ ထုတ်ဖော်ပြောဆိုရန် သင့်လျော်လှသည်တော့ မဟုတ်ချေ။ တော်ဝင်မိသားစု၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းထိခိုက်စေသည် မဟုတ်ပါလား။
“ပြောနေကြတာက ... မင်းသမီးလေးက လောကကြီးက အမျိုးသမီးတွေအတွက် စံပြပါပဲတဲ့။”
ဘာ။
ကျင်းဧကရာဇ်မှာ အံ့အားသင့်သွားသည်။
ဖန်ကျန်းရီက သမီးလေး ပျော်အောင် ဟန်ပြလုပ်နေတာလို့ပဲ ထင်ခဲ့တာမို့ သိပ်ပြီး ဂရုမစိုက်ခဲ့တာ ၊ သူက ဒီလို စွမ်းရည်မျိုး ရှိနေပြီး နာမည်ကောင်းလေးတောင် ရနေပြီပဲ။
ယောကျ်ားလေး တစ်ယောက်သာ ဆိုရင် ဒီလို အမြော်အမြင်မျိုးနဲ့ နယ်မှာ အမတ်ဖြစ်ဖို့တောင် လုံလောက်နေပြီ။
အနည်းငယ် ဝမ်းသာသွားသော်လည်း ကျင်းဧကရာဇ်က မျက်နှာထား တင်းမာလျက် ပြောလိုက်၏။ “အမျိုးသမီး တစ်ယောက်က ဘယ်လိုလုပ် ကုန်သွယ်ရေး လုပ်ငန်း လုပ်လို့ရမှာလဲ ၊ ကိုယ်တော် သူ့ကို မဆုံးမခဲ့တာ ခဏလေး လစ်ဟင်းသွားတာပါ ၊ ပြည်သူတွေကြားမှာ ဘယ်လိုလုပ် ဒီလို အပြောမျိုးတွေ ရှိနေရတာလဲ။”
ကျိန့်ချောင်က ပြောလိုက်သည်။ “အရှင်မင်းကြီး …. အထည်စျေးတွေက တကယ်ကို အများကြီး ပေါသွားလို့ပါ ၊။ ပြီးတော့ အရည်အသွေးကလည်း ကောင်းတယ်လေ။
ဒါကြောင့် ဘယ်ပြည်သူကမှ မင်းသမီးလေး ကုန်သွယ်ရေးလုပ်ငန်း လုပ်နေတယ်လို့ မထင်ကြပါဘူး ၊ တော်ဝင်မိသားစုက ပြည်သူတွေအတွက် အကျိုးဆောင်ပေးနေတယ်လို့ပဲ ထင်ကြတာပါ။
ဒီလိုပြောဆိုတာက သဘာဝကျပါတယ်။ မင်းသမီးလေးက ရုပ်ရည်ရော အရည်အချင်းရော ပြည့်စုံတော့ လောကကြီးက အမျိုးသမီးတွေအတွက် စံပြဆိုတဲ့ နာမည်က တကယ်ကို ထိုက်တန်ပါတယ်။”
ဤမြှောက်ပင့်စကားက ကျင်းဧကရာဇ်ကို တိုက်ရိုက် ထိမှန်သွားတော့၏။
ငါ့ရဲ့ သမီးလေး ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်မပြုရသေးခင်မှာပဲ လောကကြီးက အမျိုးသမီးတွေရဲ့ စံပြ ဖြစ်သွားပြီပေါ့။
ကျင်းဧကရာဇ်၏ မျက်နှာမှာ အနည်းငယ် နီမြန်းသွားပြီး လက်ခါပြကာ ပြောလိုက်သည်။ “မြှောက်လွန်းနေပါပြီ ၊ မြှောက်လွန်းနေပါပြီ ၊ သူက ဒီလောက် နာမည်ကြီးကို ဘယ်လိုလုပ် ခံနိုင်မှာလဲ ၊ ဒီလို အမြော်အမြင်မျိုး ဘယ်ရှိပါ့မလဲ။ ကိုယ်တော့် အထင်တော့ မတော်တဆ ဖြစ်သွားတာ နေမှာပါ။”
အချိန်အတော်ကြာ တိတ်ဆိတ်နေသော ကျန်းတုန်းရှန်က ဝင်ပြောလိုက်၏။ “အရှင်မင်းကြီး .. ဒါက တကယ်ကို ကောင်းတဲ့ ကိစ္စပါ။ ဒါပေမဲ့ ဆောင်းရာသီမှာ ပြည်သူတွေကို ကယ်ဆယ်ဖို့က အစိုးရရဲ့ တာဝန်ပါ ။ ကုန်သည်တွေကိုပဲ အားကိုးနေလို့ မရပါဘူး။
ကျွန်တော်မျိုး တွေးမိတာက အခု အထည်စျေးတွေ ပေါနေတော့ ကုန်သည်တွေကို ညွှန်ကြားပြီး စျေးကွက်ထဲမှာ အဟောင်းပေး အသစ်ယူစနစ် လုပ်ခိုင်းရင်ကောင်းမလားလို့ပါ။ အစိုးရက စျေးကွာဟချက်ကို စိုက်ထုတ်ပေးပြီး ပြန်ရလာတဲ့ အဝတ်ဟောင်းတွေကို စုဆောင်းမယ်။ ဆင်းရဲသား ပြည်သူတွေကို ဝေငှပေးဖို့ပါ။
မင်းသမီးလေးက အထည်လုပ်ငန်းကို ကောင်းကောင်း သိနေတော့ ဒီကိစ္စ ဖြစ်နိုင်ခြေ ရှိမရှိ သိရအောင် သူ့ကို အကြံပေးအဖြစ် ခန့်ထားရင်ရော .. အရှင်မင်းကြီး ဘယ်လို ထင်ပါသလဲ။”
ကျင်းဧကရာဇ်က ခဏ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်၏။ “အမတ်ကျန်း ပြောတာ အဓိပ္ပါယ်ရှိတယ်။ ဒီကိစ္စကို ကိုယ်တော် တခြားလူရှာပြီး စီစဉ်ခိုင်းလိုက်မယ်။”
“အရှင်မင်းကြီး … မင်းသမီးလေးတင်မကဘူး ၊ အိမ်ရှေ့စံမင်းသားကလည်း ဒီတစ်ခေါက် တော်တော်လေး အားထုတ်ထားပါတယ်။ ကျွန်တော်မျိုး ကြားသိရသလောက် အိမ်ရှေ့စံမင်းသားက ပန်းရှန်း ချည်မျှင်နဲ့ အထည်စက်ရုံ ပတ်ဝန်းကျင်က မြေကွက် ဆယ်ခုလောက်မှာ အိမ်ခြေရာမဲ့တွေ ဆောင်းတွင်း ဖြတ်သန်းနိုင်ဖို့ အနွေးခန်းတွေ ဆောက်လုပ်နေပါတယ်” ကျိန့်ချောင်က ဆက်ပြောလိုက်သည်။
“အနွေးခန်း ဆိုတာက ဘာလဲ။” ကျင်းဧကရာဇ်မှာ ပြုံးသွားပြီး အိမ်ရှေ့စံမင်းသားကလည်း တာဝန်သိစိတ် ရှိလာပြီကို တွေးကာ ဝမ်းသာသွား၏။
“ဒီအနွေးခန်းဆိုတာက မြန်မြန်ဆန်ဆန် ဆောက်လုပ်ထားတဲ့ သစ်သားအိမ်လေးတွေပါ။ အိမ်တစ်လုံးမှာ လူဆယ်ဂဏန်းကနေ ရာဂဏန်းအထိ နေလို့ရပါတယ်။ အိမ်ရှေ့စံမင်းသားက စွန့်ပစ်ထားတဲ့ ကြက်မွေး ဘဲမွေးတွေကို အများကြီး စုဆောင်းခိုင်းပြီး အနွေးထည်တွေ ချုပ်ခိုင်းတာ ဒါမှမဟုတ် ကြမ်းပြင်မှာ ခင်းပြီး အနွေးဓာတ် ရအောင် လုပ်ခိုင်းပါတယ်။၏
အနွေးခန်းထဲမှာ မြေကွက်လပ်တစ်ခု လုပ်ထားပြီး ညတိုင်း မီးသွေးဖို တစ်ဖို ဖိုထားပါတယ် ၊ ရေနွေးကြိုဖို့ ရေနွေးအိုးတွေလည်း ပြင်ဆင်ထားပါတယ်။
ယေဘုယျအားဖြင့် ကြည့်ရင် ကုန်ကျစရိတ်က အရမ်း နည်းပေမဲ့ အကျိုးသက်ရောက်မှုကတော့ တကယ်ကို ကောင်းမှာ သေချာပါတယ်။
နှစ်တိုင်း ဆောင်းရာသီမှာ အိမ်ခြေရာမဲ့တွေ အများကြီး အေးခဲသေဆုံးကြတယ်။ ဒါက ငွေနည်းနည်းနဲ့ အကျိုးကျေးဇူး အများကြီး ရတဲ့ ကိစ္စပါပဲ။ ဒီနည်းလမ်းကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သင့်တယ်လို့ ကျွန်တော်မျိုး ထင်ပါတယ်။”
ကျင်းဧကရာဇ်က ထိုစကားကို ကြားသောအခါ အလွန် ဝမ်းသာသွား၏။ “ဒီနည်းလမ်းကို တကယ်ပဲ အိမ်ရှေ့စံမင်းသားစဉ်းစားမိတာလား ၊ အမတ်ဖန် စဉ်းစားမိတာများလား။”
ပါးစပ်ကသာ ထိုသို့ ပြောနေသော်လည်း ရင်ထဲတွင်မူ မိမိသားကိုယ်တိုင် လုပ်ခြင်းဖြစ်ပါစေဟု တိတ်တဆိတ် မျှော်လင့်နေမိသည်။
ရောက်ရှိနေသူအားလုံးမှာ စိတ်ပျက်သွားကြပြီး အလွန် ရွံစရာကောင်းကာ အရိုက်ခံချင်စရာကောင်းသော လူတစ်ယောက် ၏ မျက်နှာက စိတ်ထဲတွင် ပေါ်လာကြ၏။
စကားပြောနေတာ ခဏလေးပဲ ရှိသေးတယ် ၊ သူ့အကြောင်း ဘယ်နှခါတောင် ပြောနေရပြီလဲ။ ဒီဖန်ကျန်းရီ ထွက်သွားတာ ဘယ်လောက်တောင် ကြာပြီလဲ။
ဒါတောင် နေရာတကာမှာ သူ့နာမည်ချည်းပဲ။
အပိုင်း (၄၅၅) အိမ်ရှေ့စံမင်းသားက အရမ်းကို တည်ငြိမ်နေတာပဲ။
လီယန်စုန့်က ချောင်းဟန့်ပြီး ပြောလိုက်၏။ “အရှင်မင်းကြီး … အမတ်ဖန်ရဲ့ လုပ်ဟန်အရဆိုရင် ... ဒီကိစ္စကို သေချာပေါက် အိမ်ရှေ့စံမင်းသားစဉ်းစားမိတာ ဖြစ်ရပါမယ်။”
သူ ထိုသို့ သတိပေးလိုက်သောအခါမှ ကျင်းဧကရာဇ်သည် သေချာ စဉ်းစားမိသွားသည်။
ဖန်ကျန်းရီရဲ့ လုပ်ဟန်ဆိုရင်တော့ ... သူစဉ်းစားမိတာနဲ့ ချက်ချင်း လုပ်တော့မှာပဲ ၊ အားလုံးသိအောင် အကြီးအကျယ် လုပ်ပြီး အခုထိ အချိန်ဆွဲထားမှာ မဟုတ်ဘူး။
ဆိုလိုတာက ဒီကိစ္စကို အစကနေ အဆုံးထိ အိမ်ရှေ့စံမင်းသားကပဲ လုပ်ခဲ့တာလား။ ပြီးတော့ ကိုယ်တော့်ရှေ့ကို လာပြီး ကြွားလည်း မကြွားဘူးပေါ့။
ကျင်းဧကရာဇ်က အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ “အဓိပ္ပါယ်ရှိတယ်။ အိမ်ရှေ့စံမင်းသားက အခု ကိုယ်တော့်အတွက် အလုပ်တွေ လုပ်ပေးနေပြီလို့ သတ်မှတ်ရမှာပေါ့။ မထင်ထားခဲ့ဘူး။”
လီယန်စုန့်က အလျင်အမြန် မြှောက်ပင့်လိုက်သည်။ “အရှင်မင်းကြီး … အိမ်ရှေ့စံမင်းသားက ဒီနှစ်ပိုင်းတွေမှာ အများကြီး ပြောင်းလဲလာပါပြီ။ အရင်တုန်းကနဲ့ ယှဉ်ရင် အများကြီး တည်ငြိမ်လာပါပြီ။ နောက်ပြီး အိမ်ရှေ့စံမင်းသားက ကြင်နာတတ်တယ် ၊ ကိုယ်ကျင့်တရား ကောင်းတယ်။ အရှင်မင်းကြီး လိုပဲ ကြီးမြတ်တဲ့ ဧကရာဇ်လက္ခဏာ ရှိပါတယ်။”
တစ်ခဏအတွင်းမှာပင် နွေးထွေးသော အခန်းလေးထဲတွင် မြှောက်ပင့်သံများ ဆူညံသွားပြီး အားလုံးက လီယွမ်ကျောက် ကို ဝိုင်းဝန်း ချီးကျူးကြလေတော့၏။
ကျင်းဧကရာဇ်မှာ မျက်နှာပေါ်တွင် အပြုံးများ ဝေဆာနေပြီး ထိုမြှောက်ပင့်သံများကို ကြားရသောအခါ တစ်ကိုယ်လုံး ဓာတ်လိုက်သလို ခံစားလိုက်ရသည်။
ရင်ထဲတွင် ဖိနှိပ်ခံရသူဘဝကနေ လွတ်မြောက်ပြီး အောင်ပွဲခံ သီချင်းဆိုရသလို ပျော်ရွှင်မှုကို ခံစားလိုက်ရ၏။
အိမ်ရှေ့စံမင်းသားသည် ငယ်စဉ်တောင်ကျေး ကလေးဘဝကပင် အပြစ်တင် ဆူပူခံခဲ့ရသူ ဖြစ်သည်။ သူကိုယ်တိုင် ဆူပူ ကြိမ်းမောင်းလေ့ရှိသော်ငြားလည်း ရင်တွင်း၌မူ အမှန်တကယ် စိတ်မချမ်းမြေ့ဖြစ်ရသည်။
တစ်ဦးတည်းသော သားတော်ဖြစ်ပါလျက် အလွန်တရာ ဆိုးသွမ်းမိုက်မဲနေခဲ့သည်။ တိုင်းပြည်၏ တစ်ဦးတည်းသော ထီးနန်းဆက်ခံမည့်သူ ဖြစ်နေသောကြောင့် လူအများအား အစဉ်အမြဲ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ် စေခဲ့၏။
ပြင်ပတွင် မည်သူတစ်ဦးတစ်ယောက်ကမှ ပြင်းပြင်းထန်ထန် ထုတ်ဖော် မပြောဆိုရဲကြသော်လည်း သူ၏ ရင်တွင်း၌မူ အလိုလို သိရှိနေခဲ့သည်။
ကျင်းဧကရာဇ်၏ အဖြစ်မှာ မိဘနှင့် ဆရာများ တွေ့ဆုံပွဲတွင် စင်မြင့်ထက်သို့ အမြဲတမ်း အခေါ်ခံရကာ အပြစ်တင်ခံရလေ့ရှိသော မိဘတစ်ဦးနှင့် ပမာတူလှ၏။
သို့ရာတွင် ရုတ်တရက်ဆိုသလို နေ့တစ်နေ့၌ သားဖြစ်သူမှာ ပထမဆုကြီးကို ဆွတ်ခူးရရှိခဲ့ပြီး တစ်ကျောင်းလုံး၏ ချီးကျူးဂုဏ်ပြုမှုကို ခံယူလိုက်ရသည်။
ဘယ်လို ခံစားရမလဲ။ အရမ်း ပျော်တာပေါ့။
ကျင်းဧကရာဇ်၏ မျက်နှာမှာ ပိုမို နီမြန်းလာပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ “ဒါတွေ အကုန်လုံးက အမတ်ဖန်ရဲ့ ကျေးဇူးပါပဲ။”
ဘာလို့ သူ့ကို ထပ်ပြောနေပြန်တာလဲ။
အမတ်ကြီးများမှာ ချီးစားမိသလို ခံစားလိုက်ရပြီး အလွန် နေရခက်သွားကြသည်။
ငါတို့လည်း အိမ်ရှေ့စံမင်းသားကို စာသင်ပေးနေတာပဲလေ။
အိမ်ရှေ့စံမင်းသားက အသက်နည်းနည်း ကြီးလာလို့ တည်ငြိမ်လာတာကို ဖန်ကျန်းရီက အခွင့်ကောင်းဝင်ယူပြီး အသီးအပွင့်တွေကို ခူးစားသွားတာပဲ။
ဘာလို့ သူ့ရဲ့ ကျေးဇူးတွေချည်းပဲ ဖြစ်နေရတာလဲ။ ဒါဆို ငါတို့ သင်ပေးတာတွေက အလကား ဖြစ်သွားတာပေါ့။
အမတ်ကြီးများ၏ မျက်နှာ ပိုပိုပြီး ဆိုးရွားလာသည်ကို ကျင်းဧကရာဇ် လုံးဝ သတိမထားမိဘဲ သူ့ဘာသာသူ ဝမ်းသာစွာဖြင့် ပြောနေ၏။ “ကောင်းတယ်။ ကောင်းတယ်။ အိမ်ရှေ့စံမင်းသားရဲ့ နည်းလမ်းက တကယ် ကောင်းတယ်။ ချက်ချင်းပဲ သတင်းစာထဲ ထည့်ပြီး နယ်တွေ အကုန်လုံးကို သင်ယူဖို့ အမိန့်ပေးလိုက်။ အိမ်ရှေ့စံမင်းသားရဲ့ ဒီရက်ပိုင်း လုပ်ရပ်တွေကို ကိုယ်တော် အကုန် မြင်ပါတယ်။ အရင်လို မဆိုးသွမ်းတော့ဘဲ ပိုပိုပြီး တည်ငြိမ်လာပြီ။ ကြည့်ရတာ ဆရာကောင်း သမားကောင်းတွေက သူ့အတွက် အများကြီး အထောက်အကူ ဖြစ်စေတယ်ဆိုတာ သိသာတယ်။”
အမတ်ကြီးများက ခေါင်းတညိတ်ညိတ်ဖြင့် သဘောတူလိုက်ကြသည်။
ထိုအချိန်တွင် ကော်ထျန်းယန် ဝင်လာ၏။
သူက ဘေးဘက်ခန်းမှနေ၍ အလျင်စလို ပြေးဝင်လာပြီး မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်နေသည်။
အခန်းထဲ ဝင်သည်နှင့် အမူအရာကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ကျင်းဧကရာဇ်အနီးသို့ ကပ်သွားကာ တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်၏။ “အရှင်မင်းကြီး … ကျွန်တော်မျိုးမှာ တင်ပြစရာ အရေးကြီး ကိစ္စ ရှိပါတယ်။”
ကျင်းဧကရာဇ်က စိတ်အခြေအနေ ကောင်းမွန်နေသဖြင့် သူ၏ ပုံစံကို သိပ်မတွေးမိဘဲ အနည်းငယ် ဒေါသထွက်သွားသည်။
အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “ပြောစရာ ရှိတာ တည့်တည့်ပြောလေ။ ဘာလို့ ကြောက်နေတာလဲ။”
ကော်ထျန်းယန်၏ မျက်နှာပေါ်ရှိ ကြွက်သားများ နှစ်ချက်ခန့် တုန်ခါသွားပြီး ခေါင်းမော့ကာ ပြောလိုက်သည်။ “အိမ်ရှေ့စံမင်းသား... အိမ်ရှေ့စံမင်းသားက လမ်းမပေါ်မှာ မြင်းကို အပြင်းနှင်ပြီး လူနှစ်ရာလောက် ခေါ်သွားတယ်။ ဝူမင်းသားရဲ့ အိမ်တော်ကို ဝင်စီးနေပါတယ် ...”
“ဘာ ...”
ကျင်းဧကရာဇ်က ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး ခေါင်းပေါ်သို့ မိုးကြိုးပစ်ချလိုက်သလို ခံစားလိုက်ရကာ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများပင် ထသွား၏။
အခြားလူများလည်း ပြောစရာမလိုတော့ချေ။ မျက်နှာများ သွေးဆုတ်သွားပြီး တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။
ကျိန့်ချောင်လည်း မျက်နှာ ဖြူဖျော့သွားကာ ဘာလုပ်ရမှန်းမသိဖြစ်လျက် ဘေးရှိ လီယန်စုန့်ကို ကြည့်လိုက်သည်။
လီယန်စုန့်လည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေပြီး ခဏအကြာမှ သတိဝင်လာကာ တိုးတိုးလေး ပြောလိုက်၏။ “ဖန်ကျန်းရီ သင်ပေးထားတာ ...”
“ဟုတ်တယ် ၊ ဟုတ်တယ် ၊ ဟုတ်တယ် ...”
ကျင်းဧကရာဇ်၏ မျက်နှာမှာ အလွန် ဆိုးရွားနေပြီး မျက်လုံးများတွင် ဒေါသများ အပြည့်ဖြစ်နေကာ ကော်ထျန်းယန်ကို စိုက်ကြည့်လျက် အံကြိတ်ကာ တစ်လုံးချင်း ပြောလိုက်သည်။ “မင်း ကိုယ်တော့်ကို နောက်တစ်ခါ ပြန်ပြောစမ်း။”
“အင်း ... အိမ်ရှေ့စံမင်းသားက လူတစ်စုကို ခေါ်ပြီး ဝူမင်းသားရဲ့ အိမ်တော်ကို ဝင်စီးနေပါတယ် ... အိမ်တော် တံခါးကိုပါ ဖြိုချလိုက်တယ်လို့ ကြားပါတယ် ၊ ဝူမင်းသားကို ဖမ်းပြီး အခု နန်းတော်ကို လာနေပါပြီ ...”
ကော်ထျန်းယန်က ပြောပြီးသည်နှင့် အားအင်ကုန်ခမ်းသွားသလို နေရာတွင် ရပ်နေကာ လှုပ်ပင် မလှုပ်ရဲတော့ချေ။
“ဖုန်း” ဟူသော အသံနှင့်အတူ လက်ဖက်ရည်ခွက်ကို မြေပြင်ပေါ်သို့ ပေါက်ခွဲလိုက်ရာ အစအနများ လွင့်စင်သွား၏။
“မိုက်ရိုင်းတဲ့ကောင် … ခွေးကောင် … ဒီချီးစားတဲ့ အကျင့်ကို မဖျောက်နိုင်တဲ့ကောင်။ အခုချက်ချင်း အဲဒီ တိရစ္ဆာန်ကောင်ကို ကိုယ်တော့်ရှေ့ ခေါ်လာခဲ့စမ်း။”
ကျင်းဧကရာဇ်မှာ လုံးဝကို ဒေါသထွက်နေပြီ ဖြစ်သည်။
မူလက ပထမရလို့ ကျောင်းတစ်ကျောင်းလုံး ချီးကျူးခံရတယ်လို့ ထင်ထားတာ ၊ မထင်မှတ်ဘဲ လူဆိုးစာရင်းထဲ ရောက်ပြီး တစ်ကျောင်းလုံး ရှေ့မှာ အရှက်ခွဲခံရတာ ဖြစ်နေတယ်။
ဒီတိရစ္ဆာန်လေးကို ခုလေးတင် ချီးကျူးနေတာ ၊ ခဏလေးနေတော့ ကိုယ့်ကို ဒီလောက်ကြီးတဲ့ အံ့သြစရာ လာပေးတယ်။
ဒီနေ့တော့ ငါ့ရဲ့ ဂုဏ်သိက္ခာတွေ အကုန် ကျသွားပြီပဲ။
ကော်ထျန်းယန်က အလျင်စလို ပြေးထွက်သွားပြီး နွေးထွေးသော အခန်းလေးထဲတွင် တိတ်ဆိတ်သွားသည်။ မည်သူကမှ စကားမပြောရဲကြတော့ချေ။
ရှည်လျားသော နာရီဝက်ခန့် ကုန်လွန်သွားပြီးနောက် အခန်းလေးထဲတွင် မလိုက်ဖက်သော အသံများ ထွက်ပေါ်လာသည်။
အော်ဟစ်ဆူညံသံများက အဝေးမှနေ၍ နီးကပ်လာကာ အခန်းလေးထဲသို့ ဝင်ရောက်လာ၏။
အခန်းတံခါးမှာ ဝုန်းခနဲ ပွင့်သွားသည်။
လူတိုင်းက နောက်လှည့်ကြည့်လိုက်ရာ လီယွမ်ကျောက်သည် လူတစ်ယောက်၏ လည်ပင်းကို ကိုင်ကာ အခန်းထဲသို့ အတင်း ဆွဲသွင်းလာပြီး ကော်ထျန်းယန် က ဘာလုပ်ရမှန်းမသိ နောက်မှ လိုက်ပါလာသည်ကို တွေ့လိုက်ရ၏။
လီယွမ်ကျောက်က အခန်းထဲ ဝင်လာပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ “ခမည်းတော် … ခမည်းတော့်ဆီကို သားတော် ဘယ်သူ့ကို ခေါ်လာခဲ့တယ်ဆိုတာ ခန့်မှန်းကြည့်ပါအုံး။”
“…….”
ကျင်းဧကရာဇ်က စူးရဲစွာ ကြည့်လိုက်ရာ ရင်းနှီးပြီး ထိတ်လန့်နေသော မျက်နှာတစ်ခုကို မြင်လိုက်ရသည်။
နဖူးတွင် သွေးကြောများ ထောင်ထလာပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။ “တိရစ္ဆာန် .. မင်းရဲ့ ဦးရီးတော်ကို လွှတ်လိုက်စမ်။ မင်း ဒီလို လုပ်ရသလား ၊ ကိုယ်တော့်ရှေ့မှာ ဒူးထောက်စမ်း။”
လီယွမ်ကျောက်က နည်းနည်းလေးမှ မကြောက်ဘဲ အေးစက်စွာ ရယ်လိုက်ပြီး ထိုလူ၏ အင်္ကျီလည်ပင်းကို လွှတ်ပေးလိုက်ကာ ဗိုက်ကို ခြေထောက်ဖြင့် အားကုန် ကန်ချလိုက်သည်။
“အား….” ချက်ချင်းပင် နာကျင်စွာ အော်ဟစ်လိုက်၏။
ဤသို့ အရိုင်းအစိုင်း လုပ်ရပ်ကို မြင်လိုက်ရသောအခါ အခန်းထဲရှိ လူအားလုံးမှာ ထိုအကန်က မိမိတို့၏ ဗိုက်ပေါ်သို့ ကျရောက်လာသလို ခံစားလိုက်ရသည်။
ကျင်းဧကရာဇ်က ထိတ်လန့်တကြား အော်လိုက်၏။ “မင်း ရူးနေပြီလား။”
“ခမည်းတော် …. သေချာ ကြည့်ပါအုံး …. သူက တကယ်ပဲ ဦးရီးတော် ဟုတ်ရဲ့လား။” လီယွမ်ကျောက်က ပြောပြီးသည်နှင့် ဝူမင်းသား၏ ပေါင်ကြားကို နောက်တစ်ချက် ထပ်ကန်လိုက်ပြန်သည်။
စူးရှသော အော်သံကြီး ထွက်ပေါ်လာ၏ ။
ကျင်းဧကရာဇ်မှာ ထိုအခါမှ ရုတ်တရက် သတိဝင်လာပြီး သေချာ ထပ်ကြည့်လိုက်သည်။
ရုပ်ကတော့ ဟုတ်တယ် ... အသံက မဟုတ်ဘူး ၊ ဒါက အဲဒီအသံ မဟုတ်ဘူး။
“လောင်စစ်။” ကျင်းဧကရာဇ်က စမ်းသပ်သည့် အနေဖြင့် ခေါ်လိုက်သော်လည်း မြေပြင်ပေါ်ရှိ လူက ဘာမှ မတုံ့ပြန်ဘဲ နာကျင်စွာ အော်ဟစ်နေရုံသာ အော်ဟစ်နေသည်။
“သူက ...” ကျင်းဧကရာဇ်က မျက်လုံးမှေးကာ သေချာ အကဲခတ်လိုက်ပြီး ဒေါသများ လျင်မြန်စွာ ငြိမ်သက်သွား၏။
“သူက ကိုယ်ပွားပဲ ၊ တကယ့် ဦးရီးတော်က အစောကြီးကတည်းက ထွက်ပြေးသွားပြီ။”
ဤစကားရပ်သည် လွင်ပြင်ထက်ဝယ် မိုးကြိုးပစ်ချလိုက်သည့်ပမာ လူအပေါင်းအား အလွန်တရာ အံ့သြမှင်သက်သွားစေခဲ့သည်။
မင်းသားတစ်ပါး မြို့တော်မှ ထွက်ခွာသွားခြင်းမှာ အသေးအဖွဲ ကိစ္စရပ်တစ်ခု မဟုတ်ချေ။ ထို့အပြင် ကိုယ်ပွားတစ်ဦးကိုပါ ချန်ရစ်ထားခဲ့သည်ဆိုခြင်းမှာ ယင်းကိစ္စသည် သေချာပေါက် ကြိုတင်ပြင်ဆင် ကြံစည်ထားခဲ့ခြင်းပင် ဖြစ်၏။
နောက်ကွယ်၌ မည်သည့်အရာများကို ကြံစည်လုပ်ဆောင်နေသည်ကို မသိရှိရသေးသော်ငြား တွေးကြည့်လေ ကြီးမားသော ပြဿနာမှန်း သိသာလေပင်။
“လာကြ ၊ ဒီလူကို အရင်ဆုံး ထောင်ထဲပို့ပြီး သေချာ စစ်ဆေးကြစမ်း။”
“ကိုယ်တော့်ကို ပြောပြစမ်း။ မင်း ဘာတွေသိထားလဲ …. တကယ် ဘာတွေ ဖြစ်ခဲ့တာလဲ။” ကျင်းဧကရာဇ်၏ ရင်ထဲရှိ ဒေါသများမှာ ယခုအခါ လေးနက်မှုအဖြစ် ပြောင်းလဲသွားပြီ ဖြစ်၏။
မည်သို့ပင်ဆိုဆို ဤကိစ္စက အရမ်း ထူးဆန်းပြီး အရမ်းကို ရုတ်တရက် ဆန်လွန်းနေသည်။
လီယွမ်ကျောက်က ချက်ချင်း နောက်လှည့်ကာ တံခါးကို ပိတ်လိုက်ပြီး အခန်းထဲရှိ အမတ်ကြီးများကို ကြည့်ကာ အနည်းငယ် တုံ့ဆိုင်းနေ၏။
ကျင်းဧကရာဇ်က ယင်းကို မြင်သောအခါ ပြောလိုက်သည်။ “ကိစ္စမရှိဘူး … တည့်တည့်သာ ပြော။”
လီယွမ်ကျောက်က ထိုစကားကို ကြားပြီးနောက် ဆက်လက် တုံ့ဆိုင်းမနေတော့ချေ။ “ခမည်းတော် … လွန်ခဲ့တဲ့ ရက်ပိုင်းက ဝူမင်းသားက တောက်ယွမ်ခရိုင်ကို တိုက်ခိုက်ဖို့ စစ်တပ် လွှတ်ခဲ့တယ် ...”
“.......”
လီယွမ်ကျောက်က ဖြစ်ကြောင်းကုန်စင် အသေးစိတ် ပြောပြသည်ကို နားထောင်ပြီးနောက် အခန်းထဲရှိ လူအားလုံး၏ နဖူးတွင် ချွေးစေးများ ထွက်လာကြ၏။
မြို့တော်ထဲက မင်းသားတွေကြားထဲမှာ ဤမျှကြီးမားသည့် ဗုံးကြီး တစ်လုံး ဝှက်ထားသည်ကိုး။
ကျင်းဧကရာဇ်၏ မျက်နှာမှာ အေးစက်သွားပြီး စားပွဲကို အားကုန် ရိုက်ချကာ အံကြိတ်လျက် ပြောလိုက်သည်။ “ရက်စက်ယုတ်မာတဲ့ကောင်။”
“ယမ်းမှုန့်တွေ ၊ သူက သေချာပေါက် နည်းလမ်းနှစ်ခု ပြင်ဆင်ထားမှာပဲ။ အခုချိန်မှာ သူက အမတ်ဖန်ကို ဖမ်းဖို့ ဟိုင်ယွမ်မြို့ကို သွားနေမှာ သေချာတယ်။”
“ကော်ထျန်းယန် .. အခုချက်ချင်း ဟိုင်ယွမ်မြို့ကို လူလွှတ်လိုက်စမ်း။”