အခန်း (၄၅၆-၄၅၇)
Vol. 25 Ch. 456-457
အပိုင်း (၄၅၆) ကျင်းဧကရာဇ် လုပ်ကြံခံရခြင်း။
နွေးထွေးသော အခန်းလေးထဲမှ လူများ အားလုံး လူစုခွဲသွားကြပြီ ဖြစ်သည်။
ထိုသို့သော ရုတ်တရက် ဖြစ်ရပ်က လူတိုင်း၏ စိတ်ကို ရှုပ်ထွေးသွားစေပြီး ကျင်းဧကရာဇ်ကလည်း အလျင်အမြန် စီစဉ်ညွှန်ကြားပြီးနောက် အခြားလူများကို မိမိတို့၏ တာဝန်များအတိုင်း လုပ်ဆောင်ရန် စေလွှတ်လိုက်၏။
သူတစ်ယောက်တည်း အခန်းထဲတွင် ထိုင်ကာ တွေးတောနေပြီး ကော်ထျန်းယန်ကတော့ ထုံးစံအတိုင်း အနားတွင် ခစားနေဆဲ ဖြစ်သည်။
တစ်နာရီလောက် ကြာသွားပြီးနောက် ကျင်းဧကရာဇ်က မျက်ခုံးကြားကို ပွတ်သပ်လိုက်ကာ အစီရင်ခံစာများ ယူလာရန် အမိန့်ပေးလိုက်၏။
အချိန်က စောနေသေးပြီး ဝူမင်းသား၏ ပုန်ကန်မှုက ရုတ်တရက် ဆန်သော်လည်း ကြီးမားသော အန္တရာယ်တော့ မဟုတ်သေးပေ။ ဖန်ကျန်းရီဘက်တွင် ပြဿနာ ဖြစ်မည်ကိုသာ စိုးရိမ်နေရသည်။
ယခု ဟိုင်ယွမ်မြို့သို့ လူလွှတ်လိုက်ပြီဖြစ်ရာ အလောတကြီး လုပ်၍လည်း မရနိုင်ချေ။
မကြာမီမှာပင် လွန်ခဲ့သော ရက်ပိုင်းက အစီရင်ခံစာများ ရောက်ရှိလာပြီး ကျင်းဧကရာဇ်က ဘာမှမဖြစ်ခဲ့သလို ယူလာကာ အတွင်းဝန်များ၏ မှတ်ချက်များကို စတင် ဖတ်ရှုလေတော့၏။
ဝူမင်းသား ပုန်ကန်သည်မှာ မှန်သော်လည်း တိုင်းပြည်တွင် အရေးကြီး ကိစ္စများစွာ ရှိနေသေးပြီး အားလုံးကို သူကိုယ်တိုင် ဆုံးဖြတ်ရမည် ဖြစ်သည်။ ယခု စီစဉ်ပြီးပြီဖြစ်ရာ ဤကိစ္စတစ်ခုတည်းကြောင့် အခြားအရေးကြီး ကိစ္စများကို အနှောင့်အယှက် အဖြစ်ခံ၍ မရချေ။
ကျင်းဧကရာဇ်က မျက်မှောင်ကြုတ်လျက် အစီရင်ခံစာများကို ဖတ်ရှုနေပြီး အနည်းငယ် အာရုံလွင့်နေသည်။
အခန်းလေးထဲတွင် တိတ်ဆိတ်နေပြီး ကျင်းဧကရာဇ် အစီရင်ခံစာများကို လှန်လှောနေသည့် အသံသာ ထွက်ပေါ်နေ၏။
ထိုအချိန်တွင် တံခါးအပြင်ဘက်မှ သတင်းပို့သံ ထွက်ပေါ်လာသည်။ “အရှင်မင်းကြီး .. တံဆိပ်တုံး ထိန်းသိမ်းရေးဌာနက မိန်းမစိုးဟယ်ကျင်း အရေးကြီးကိစ္စ တင်ပြဖို့ ရှိပါတယ်လို့ လျှောက်ထားပါတယ်။”
ကျင်းဧကရာဇ်က စုတ်တံကို ချလိုက်ပြီး ဇဝေဇဝါဖြင့် ခေါင်းမော့ကြည့်လိုက်၏။
တံဆိပ်တုံး ထိန်းသိမ်းရေးဌာနမှာ ဘာအရေးကြီး ကိစ္စ ရှိနိုင်မှာလဲ ၊ နောက်ပြီး ဟယ်ကျင်း ဆိုတဲ့ နာမည်ကလည်း ရင်းနှီးနေသလိုပဲ။
“ခေါ်လာခဲ့။”
မကြာမီမှာ မိန်းမစိုးတစ်ယောက်က လင်ပန်းတစ်ခုကို ကိုင်ဆောင်ကာ ခေါင်းငုံ့လျက် အခန်းထဲသို့ ဖြည်းညင်းစွာ ဝင်ရောက်လာသည်။
ပြီးနောက် နေရာတွင် ရပ်ပြီးနောက် ပြောလိုက်၏။ “ကျွန်တော်မျိုး ဟယ်ကျင်း အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။”
“မင်းမှာ ဘာအရေးကြီး ကိစ္စ တင်ပြစရာ ရှိလို့လဲ။”
ဟယ်ကျင်း၏ အသံမှာ အနည်းငယ် စိုးရိမ်နေပုံရသည်။ “ကျွန်တော်မျိုးက တံဆိပ်တုံး ထိန်းသိမ်းရေးဌာနရဲ့ အကြီးအကဲပါ။ ဒီနေ့ ရှေးဟောင်းမှတ်တမ်းတိုက်ကို စစ်ဆေးတဲ့အခါ မတော်တဆ စာအိတ်တစ်အိတ်ကို တွေ့ခဲ့ပါတယ်။ ဝူမင်းသားထားခဲ့တာပါ .. စာအိတ်ပေါ်မှာ အရှင်မင်းကြီး ကိုယ်တိုင် ဖွင့်ဖတ်ပါလို့ ရေးထားပါတယ်။ ကျွန်တော်မျိုးလည်း နှောင့်နှေးမနေရဲဘဲ အခုချက်ချင်း ယူလာခဲ့တာပါ။”
လောင်စစ် (ဝူမင်းသား) ထားခဲ့တဲ့စာ။ ရှေးဟောင်းမှတ်တမ်းတိုက်ထဲမှာ ဘယ်လိုလုပ် ရောက်နေတာလဲ။
ကျင်းဧကရာဇ်၏ ရင်ထဲတွင် အနည်းငယ် သတိထားသွားမိပြီး တည်ကြည်စွာ ပြောလိုက်၏။ “ယူလာခဲ့။”
ဟယ်ကျင်းက မနှောင့်နှေးရဲဘဲ ခြေလှမ်းများကို ဖြည်းညင်းစွာ ရွှေ့ကာ ကျင်းဧကရာဇ်ရှေ့သို့ တိုးသွားသည်။
လင်ပန်းပေါ်ရှိ စာအိတ်ကို ကြည့်ပြီး ကျင်းဧကရာဇ်က လက်လှမ်းယူလိုက်၏။
ဟယ်ကျင်း၏ မျက်နှာမှာ အနည်းငယ် မွဲခြောက်သွားပြီး နဖူးမှ ချွေးစေးများ စိမ့်ထွက်လာကာ အံကို တင်းတင်း ကြိတ်ထားသည်။
ကျင်းဧကရာဇ် လက်လှမ်းလိုက်သည့် အခိုက်အတန့်မှာပင် ဟယ်ကျင်းက လင်ပန်းကို လွှတ်ချလိုက်ပြီး လက်ကို အင်္ကျီလက်စွပ်ထဲသို့ ထိုးသွင်းလိုက်၏။
အေးစက်သော အလင်းရောင် တစ်ချက် လက်သွားသည်။ သူက အင်္ကျီလက်စွပ်ထဲမှ ဓားမြှောင်တစ်လက်ကို ထုတ်ယူကာ ကျင်းဧကရာဇ်၏ ရင်ဘတ်ဆီသို့ တည့်တည့် ထိုးချလိုက်သည်။
ကျင်းဧကရာဇ်မှာ ချက်ချင်းပင် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားတော့၏။
ဗီဇအလျောက် ဘေးသို့ ရှောင်တိမ်းလိုက်သဖြင့် အသက်အန္တရာယ်ရှိသော နေရာကို ရှောင်လွှဲနိုင်ခဲ့သည်။
နောက်တစ်စက္ကန့်တွင် သူက ဆက်လက် မရှောင်တိမ်းတော့ဘဲ ဓားမြှောင်ကို သူ၏ ပခုံးပေါ်သို့ အထိုးခံလိုက်ပြီး လက်သီးဖြင့် ပြန်လည် ထိုးနှက်လိုက်၏။
လျှပ်စီးလက်သလို မြန်ဆန်သော လက်သီးတစ်ချက်က ဟယ်ကျင်း၏ လည်ပင်းဆီသို့ တည့်တည့် ဝင်သွားသည်။
လက်သီးက လည်ပင်းထဲသို့ နက်ရှိုင်းစွာ ဝင်သွားပြီး လည်ပင်းရိုး ကျိုးသွားသော အသံကို တိုးတိုးလေး ကြားလိုက်ရကာ ဟယ်ကျင်း၏ လည်ပင်းနောက်ဘက်တွင် အဖုကြီးတစ်ခု ထွက်လာ၏။
ထို့နောက် သူ၏ ခန္ဓာကိုယ်မှာ သုံးပေခန့် အဝေးသို့ လွင့်စင်သွားပြီး လည်ပင်းကို ကိုင်ကာ ခက်ခက်ခဲခဲ နှစ်ချက်ခန့် ရုန်းကန်ပြီးနောက် သေဆုံးသွားသည်။
လျှပ်တစ်ပြက်အတွင်းမှာပဲ တိုက်ခိုက်မှုက ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။
ကော်ထျန်းယန်မှာ ကျောက်ရုပ်တစ်ရုပ်လို လုံးဝ မလှုပ်ရှားနိုင်တော့ချေ။
ကျင်းဧကရာဇ်၏ ပခုံးပေါ်တွင် ဓားမြှောင်တစ်ဝက် စိုက်ဝင်နေသည်ကို မြင်သောအခါမှ စူးရှသော ကြက်တွန်သံလို အသံကြီးဖြင့် အော်ဟစ်လိုက်သည်။ “လုပ်ကြံသူ ...”
“ပါးစပ်ပိတ်ထား။”
ကျင်းဧကရာဇ်က ဟောက်လိုက်ပြီး မြေပြင်ပေါ်သို့ ကျသွားသော စာအိတ်ကို ကောက်ယူလိုက်သည်။
ပခုံးပေါ်တွင် စိုက်ဝင်နေသော ဓားမြှောင်ကို မရှိသလို သဘောထားကာ သဘာဝကျကျ ပြန်ထိုင်လိုက်ပြီး စာအိတ်ကို စတင် ဖတ်ရှု၏။
ကော်ထျန်းယန်မှာ ခေါင်းတွေ ထုံကျင်သွားသလို ခံစားရပြီး အသံလည်း မထွက်ရဲတော့ပေ။
ကျင်းဧကရာဇ်က စာကို ဖတ်ပြီးနောက် ခေါင်းမော့ကာ အေးစက်စွာ ပြောလိုက်၏။ “ဟမ့် ... တကယ်ပဲ လောင်စစ် ရေးခဲ့တဲ့ နှုတ်ဆက်စာပဲ ၊ ကြည့်ရတာ သူလည်း လုပ်ကြံတာ အောင်မြင်မယ်လို့ မထင်ထားဘူး ထင်တယ်။ ကိုယ်တော် မှတ်မိပြီ။ ဒီဟယ်ကျင်းက အရင်က သူ့ကို ပြုစုဖူးတယ်။
ဒီလူက သေချာပေါက် သူ့လက်ထဲမှာ အားနည်းချက်တစ်ခုခု ရှိနေလို့သာ လုပ်ကြံရဲတာ ဖြစ်ရမယ်။ ဒီနေ့ ဝူမင်းသားရဲ့ အိမ်တော် အစီးခံရပြီးမှ သူ လာလုပ်ကြံတယ်ဆိုတော့ အကုန်လုံးက ကြိုတင် စီစဉ်ထားတာပဲ ... လောင်စစ်ရဲ့ အကြံအစည်တွေက တော်တော် နက်နဲတာပဲ ၊ ဒါက မကျေနပ်လို့ ကိုယ်တော့်ကို စိန်ခေါ်နေတာပဲ။
ပြေးတယ် ... သူ ဘယ်ကို ပြေးနိုင်မှာလဲ ၊ ကြီးမြတ်တဲ့ ကျင်းတိုင်းပြည်မှာ နေလို့ မရတော့ဘူး။ ဟိုင်ယွမ်မြို့ကနေ တောင်ဘက်ကို ဆက်သွားမယ်ဆိုရင် တောင်ပိုင်းပင်လယ်က နိုင်ငံတွေကို သွားမလို့လား ... မဖြစ်နိုင်ဘူး။”
ကျင်းဧကရာဇ်က သူ့ဘာသာသူ ရေရွတ်နေပြီးမှ ရုတ်တရက် စကားတွေ အများကြီး ပြောနေသည်။ ဘေးမှလူက ဘာမှ မတုံ့ပြန်တာကို သတိထားမိပြီးနောက် ကော်ထျန်းယန်ကို လှမ်းကြည့်လိုက်သည်။
ကော်ထျန်းယန်မှာ တံတွေးများကို အဆက်မပြတ် မြိုချနေပြီး ကျင်းဧကရာဇ်၏ ပခုံးမှ သွေးများ တဖြည်းဖြည်း စိုရွှဲလာသည်ကို ကြည့်ကာ ရင်ထဲတွင် စကားပြောချင်သော်လည်း မပြောရဲ ဖြစ်နေ၏။
စူးရဲသော အကြည့်နှစ်ချက် သူ့ဆီ ရောက်လာသောအခါမှ ရုတ်တရက် သတိဝင်လာသည်။
“မင်းက ကိုယ်တော် သွေးထွက်လွန်ပြီး သေတာကို ကြည့်ချင်နေတာလား .. သမားတော် သွားမခေါ်သေးဘူးလား။”
“ဟုတ်ကဲ့။” ကော်ထျန်းယန်က လန့်ဖျပ်သွားပြီး အလျင်အမြန် ပြေးထွက်သွား၏။
မကြာမီမှာပဲ သမားတော်ကို ခေါ်လာခဲ့ပြီး ကျင်းဧကရာဇ်၏ ပခုံးပေါ်တွင် ဓားမြှောင်တစ်လက် စိုက်ဝင်နေသည်ကို မြင်လိုက်ရသောအခါ သမားတော်မှာ လန့်သေမတတ် ဖြစ်သွားသည်။
ကျင်းဧကရာဇ်က ဓားမြှောင်ကို ကိုယ်တိုင် ဆွဲနှုတ်လိုက်ပြီး စစ်ဆေးကြည့်ရာ အရိုးနှင့် အကြောများကို မထိခိုက်ထားကြောင်း တွေ့ရ၏။
သမားတော်က ဆေးမြစ်အချို့ကို အလျင်အမြန် အုံပေးလိုက်ပြီး ဒဏ်ရာကို ပတ်တီးစည်းပေးကာ ကမန်းကတန်း ပြန်ထွက်သွားသည်။
ကော်ထျန်းယန်က ကျင်းဧကရာဇ်အနီးသို့ သတိထား၍ ကပ်သွားကာ စိုးရိမ်တကြီး မေးလိုက်၏။ “အရှင်မင်းကြီး ... အဆင်ပြေရဲ့လား။”
“မင်းကြည့်ရတော့ ကိုယ်တော်က အဆင်ပြေနေတဲ့ ပုံပေါက်နေလို့လား။”
“…...”
ကော်ထျန်းယန် ဒူးထောက်ရန်ပြင်လိုက်သည်။
“ရပြီ … ရပြီ။ မဒူးထောက်နဲ့တော့။ ကိုယ်တော် မြင်ရတာ မျက်စိနောက်တယ်။ မင်း သတိဝင်လာမဲံ အချိန်ဆိုရင် ကိုယ်တော် ဆယ်ခါလောက် သေပြီးလောက်ပြီ။” ကျင်းဧကရာဇ်က စိတ်မရှည်စွာဖြင့် လက်ကာပြလိုက်၏။
ကော်ထျန်းယန်က ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး ထိတ်လန့်တကြား ပြောလိုက်သည်။ “ဒါတွေ အကုန်လုံးက ကျွန်တော်မျိုးရဲ့ အမှားပါ ၊ ကျွန်တော်မျိုးရဲ့ အမှားပါ။”
“ခဏနေရင် နန်းတော်ထဲမှာ လောင်စစ်ရဲ့ လူတွေ ကျန်သေးလားဆိုတာ သေချာ စစ်ဆေးခိုင်းလိုက်။”
ကော်ထျန်းယန်က ခဏ တုံ့ဆိုင်းနေပြီး စိုးရိမ်တကြီး ပြောလိုက်၏။ “အရှင်မင်းကြီး … ကျွန်တော်မျိုး ထင်တာကတော့ ဒီကိစ္စထဲမှာ ထူးဆန်းတာတွေ ရှိနေသလိုပဲ။”
“အရှင်မင်းကြီးက အမတ်ဖန်ကို ဆားကုန်သည်တွေကို စစ်ဆေးဖို့ လွှတ်လိုက်တာကို ဝူမင်းသား သိသွားတာနဲ့ ဘာလို့ ချက်ချင်း ထွက်ပြေးသွားရတာလဲ ၊ ဒီတုံ့ပြန်မှုက အရမ်းလွန်ကဲနေသလိုပဲ။
နောက်ပြီး တောက်ယွမ်ခရိုင်ကို တိုက်ခိုက်တာ ၊ အရှင်မင်းကြီး ကို လုပ်ကြံတာတွေက တစ်ခုပြီးတစ်ခု ဆက်တိုက် ဖြစ်နေတာ ၊ ဒီနောက်ကွယ်မှာ တခြားလူတွေများ ရှိနေမလား ၊ ကျွန်တော်မျိုး ...”
ကျင်းဧကရာဇ်က စာအိတ်ကို အောက်ငုံ့ကြည့်လိုက်ပြီး သေချာပေါက် ပြောလိုက်၏။ “မရှိဘူး … သူက တုံ့ပြန်မှု လွန်ကဲတာ မဟုတ်ဘူး ၊ သတိကြီးလွန်းတာ။
အခုကြည့်ရသလောက် လျိုရွှန်းနဲ့ ဆားကုန်သည်တွေက သူနဲ့ သေချာပေါက် ပတ်သက်နေတယ် ၊ သူ စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း သိတယ်လေ။ ကိစ္စတွေ ဒီလောက် ကြီးကျယ်နေတာ သဲလွန်စလေး နည်းနည်းပေါ်တာနဲ့ ဖုံးကွယ်ထားလို့ ရမှာ မဟုတ်တော့ဘူး ဆိုတာကို။ ချက်ချင်း မြို့တော်ကနေ ထွက်ခွာသွားတာကမှ ပညာရှိတဲ့ ရွေးချယ်မှုပဲ။
ဒါပေမဲ့ သူ ငွေရှာတာကို ထားလိုက်ပါတော့ ။ အခု ခွေးလို ပြေးရတဲ့ အခြေအနေမှာတောင် ပုန်ကန်ချင်တဲ့ စိတ်ကူး ရှိနေသေးတယ် ၊ မိုက်ရိုင်းလိုက်တာ။”
ပြောရင်းပြောရင်း ကျင်းဧကရာဇ်၏ ဒေါသများက ပြန်လည် ထွက်ပေါ်လာသော်လည်း အလျင်အမြန်ပင် ပြန်လည် ထိန်းချုပ်လိုက်၏။
“ဒီည လုပ်ကြံခံရတဲ့ ကိစ္စကို လောလောဆယ် အပြင်ကို သတင်းမထွက်စေနဲ့အုံး။ သန့်ရှင်းရေး သေချာ လုပ်ထားဖို့ မမေ့နဲ့ ၊ သွားလုပ်တော့။”
...
ဟိုင်ယွမ်မြို့။
ရက်ပိုင်းအတွင်းမှာပဲ လွီမိသားစု တစ်စုလုံး ထောင်ထဲ ရောက်သွားကြပြီ ဖြစ်သည်။
ထို့နောက် ဖန်ကျန်းရီက ငွေတိုက်ထဲရှိ ရွှေငွေရတနာများနှင့် လွီမိသားစု အိမ်တော်ရှိ တန်ဖိုးကြီး ပစ္စည်းများ အားလုံးကို ရုံးတော်၏ သိုလှောင်ရုံသို့ အမြန်ဆုံး ရွှေ့ပြောင်းရန် စီစဉ်လိုက်၏။
သိုလှောင်ရုံ မလောက်မည်ကို စိုးရိမ်သဖြင့် နောက်ထပ် အခန်းအချို့ကိုပါ အရန်အဖြစ် ရှင်းလင်းထားလိုက်သည်။
အစပိုင်းတွင် အမှုစစ် လူဆယ်ဂဏန်းခန့်မှာ အလွန် စိတ်လှုပ်ရှားနေကြ၏။ မည်သို့ပင်ဆိုဆို ဤမျှများပြားသည့် ငွေတွေကို ကိုယ်တိုင် မြင်တွေ့ရသည်က ကြီးမာသော ပျော်ရွှင်မှုကြီး ဖြစ်သည်။ သို့ပေမည့် ဤဆန်းသစ်မှုက အချိန်အကြာကြီး မခံလိုက်ဘဲ မကြာမီမှာပဲ ခွေးသေတစ်ကောင်လို ပင်ပန်း နွမ်းနယ်သွားကြ၏။
တစ်နေ့လုံး သယ်ယူပြီးနောက် ငွေများကို မြင်လိုက်ရသည်နှင့် ထုံကျင်သွားကြပြီး ငွေတုံးနှင့် အုတ်ခဲမှာ ဘာမှ မကွာခြားတော့သလို ခံစားရကာ ရင်ထဲတွင်လည်း အန်ချင်စိတ်များ ပေါ်လာသည်။
အရာအားလုံး နေရာတကျ ဖြစ်သွားပြီးနောက် ဖန်ကျန်းရီက ရုံးတော်၏ အရှေ့ဘက် စာရင်းခန်းမှ စာရင်းကိုင် အားလုံးကို ခေါ်ယူကာ စာရင်းတွက်ချက်ခိုင်း၏။
ထိုအထဲမှ အချို့ကို စစ်သည်များက ယူသွားကြပြီး ၊ အချို့ငွေများကို ပြည်သူများအတွက် ထောက်ပံ့ကြေးအဖြစ် အသုံးပြုမည် ဖြစ်သည်။
ကျန်ရှိနေသည်များကိုမှ အစိုးရထံသို့ အပ်နှံမည်ဖြစ်ရာ ဤစာရင်းစာအုပ်ကိုလည်း အသစ်ပြန်လည် ပြုစုရမည်သာ ဖြစ်၏။
ထို့အပြင် ရုံးတော်၏ တံခါးကြီးကို ဖွင့်လှစ်ကာ ပြည်သူများအား မတရားမှုများကို တိုင်ကြားခွင့်ပြုပြီး လွီမိသားစု၏ ပြစ်မှုအထောက်အထားများကို အများအပြား စုဆောင်းသည်။
သို့ပေမည့် ကိစ္စများက မျှော်လင့်ထားသည်နှင့် အနည်းငယ် လွဲချော်သွားခဲ့၏။ ဖန်ကျန်းရီအနေဖြင့် ရုံးတော်သို့ အမှုလာတိုင်သူ ဤမျှများပြားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ ။ ပေါက်ကရ အမှုများ အပါအဝင် တိုင်တန်းသည့် ပမာဏက မျှော်မှန်းထားသည်ထက် များစွာ ကျော်လွန်နေခဲ့၏။
စကားကြီးစကားကျယ် ပြောထားပြီးပြီ ဖြစ်ရာ ပြန်လည် ပြင်ဆင်၍လည်း မရတော့သဖြင့် အခန်းအချို့ကို ထပ်မံ ရှင်းလင်းကာ ညီအစ်ကိုအချို့ကို ခွဲဝေ၍ အမှုစစ်ဆေးစေပြီး သူ ကိုယ်တိုင်လည်း ပါဝင်ခဲ့ရသည်။
နံနက်ခင်း တစ်ပိုင်းလုံး အလုပ်လုပ်ပြီးမှသာ လက်ရှိအလုပ်များကို ရပ်နားလိုက်ပြီး ရှဲ့ရှန်းကို ခေါ်ကာ သိုလှောင်ရုံ ဘက်သို့ လိုက်လံ စစ်ဆေး၏။
စာရင်းကိုင်များက ပေသီးများကို တချွတ်ချွတ် မြည်အောင် တွက်ချက်နေသည်ကို ကြည့်ရင်း ဖန်ကျန်းရီက သတိပေးလိုက်သည်။ “ခင်ဗျားတို့တွေ သေချာ တွက်ကြနော်။ နည်းနည်းလေးမှ အမှားမခံဘူး။ ပေသီးလုံးလေးက သေးပေမဲ့ ကျုပ် ဖန်ကျန်းရီရဲ့ ခေါင်းထက် ပိုကြီးတယ်နော်။ ခင်ဗျားတို့ သေချာ မှတ်ထားရမှာက ခင်ဗျားတို့ လက်ထဲမှာ တွက်နေတာက ကျုပ် ဖန်ကျန်းရီရဲ့ ခေါင်းပဲ။”
“စိတ်ချပါ အမတ်ဖန် ၊ ကျုပ်တို့ လုပ်သက် အနှစ်နှစ်ဆယ်လောက် ရှိနေပါပြီ ၊ မမှားပါဘူး ... ဟင်။”
အပိုင်း (၄၅၇) မိန်းမစိုးချန်က လူမိုက်လုပ်ခြင်း။
ကြောင်အမ်းအမ်း ဖြစ်နေသော စာရင်းကိုင်ကို ကြည့်ရင်း ဖန်ကျန်းရီက မျက်လုံးတစ်ချက် လှန်ကြည့်လိုက်ပြီး ဆက်မပြောတော့ဘဲ သိုလှောင်ရုံထဲသို့ ဝင်သွားကာ လူကွယ်ရာ နေရာတစ်ခုကို ရှာလိုက်သည်။
ယခုအခါ သိုလှောင်ရုံထဲတွင် ရွှေငွေများ အပြည့်ဖြစ်နေပြီး ဤနေရာ၏ အလင်းရောင်က ငွေတိုက်ထက် အများကြီး ပိုကောင်းသဖြင့် သတ္တုအရောင်များက ပို၍ပင် တောက်ပနေ၏။
ဖန်ကျန်းရီက ငွေပုံပေါ်တွင် မှီလျက် ရှဲ့ရှန်းကို မေးလိုက်သည်။ “ဒီရက်ပိုင်း လွီမိသားစုရဲ့ စာရင်းစာအုပ်ကို လေ့လာရတာ ဘယ်လိုနေလဲ။”
ရှဲ့ရှန်းက ခေါင်းခါပြလိုက်၏။ “စာရင်းစာအုပ်က မပြည့်စုံဘူး ၊ လွန်ခဲ့တဲ့ တစ်နှစ်လောက်က စာရင်းတွေပဲ ရှိတယ် ၊ ပြီးတော့ အဲဒီအပေါ်မှာ မှောင်ခိုဆား ဝင်ငွေနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေ ဘာမှ မပါဘူး။”
အလုပ်ကိစ္စများ တိုးတက်မှု မရှိသည်ကို ကြားလိုက်ရသောအခါ ဖန်ကျန်းရီမှာ အနည်းငယ် စိတ်ရှုပ်သွားသည်။ “ချီး … ဘယ်လိုလုပ် ဒီလောက် ဉာဏ်များရတာလဲ။ ခွေးကောင်တွေ တော်တော် သေချာ ဝှက်ထားတာပဲ။”
“သခင်လေး မလောပါနဲ့။ ပိုင်ရွေ့တို့က လွီအိမ်တော်ကို ရှာနေတုန်းပဲလေ။ အိမ်ကြီးက အရမ်းကျယ်တော့ ရက်အနည်းငယ်တော့ ရှာရအုံးမှာပေါ့ ၊ သဲလွန်စ မရှိတာတော့ မဖြစ်နိုင်ပါဘူး။”
ဖန်ကျန်းရီက မတတ်နိုင်ဘဲ ခေါင်းညိတ်လိုက်ရ၏။
လွီမိသားစုကို သူ အပြတ်ရှင်းလင်းထားပြီ ဖြစ်ရာ ပြဿနာ ဖြေရှင်းလို့ မရမည်ကိုတော့ မကြောက်ပေ။ ယခု အခြေအနေအရဆိုလျှင် အရင်းမြစ်ကို ရှာတွေ့ရန်မှာ အချိန်ပြဿနာသာ ရှိတော့သည်။
“ချန်တယ်ရှန်းကို ရှာတွေ့ပြီလား။”
“မတွေ့သေးဘူး။ ကျုပ်တို့ လူတွေ ရှာနေတာပဲ ၊ အခုထိ မတွေ့သေးဘူး။”
“ချီးတဲ့မှ …. ဒီအဘိုးကြီးက မြေကြွက်လား။ သူ့ကို နေရာရှာပြီး ပုန်းနေခိုင်းတာ ကိုယ့်လူတွေတောင် ပြန်ရှာမတွေ့ဘူး ဆိုတော့ အပြင်မှာများ သေနေပြီလား မသိဘူး။”
ဤကိစ္စကို တွေးမိတိုင်း ဖန်ကျန်းရီ ခေါင်းကိုက်ရသည်။
သူ၏ လက်အောက်ငယ်သားများမှာ အတန်ငယ် ချို့ယွင်းချက်များ ရှိနေကြသည်။ ဝူမင်းသား၏ အိမ်တော်သို့ စေလွှတ်ထားသော သူလျှိုမှာလည်း အရိပ်အယောင်မျှပင် မတွေ့ရတော့ဘဲ မည်သည့်အရပ်သို့ ရောက်ရှိသွားမှန်း မသိရတော့ချေ။
အချိန်ကာလအားဖြင့် တစ်နှစ်ခန့်ပင် ကြာမြင့်နေတော့မည်ဟု ထင်မှတ်ရသည်။
“ထားလိုက်တော့ … ဆက်ရှာကြတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်တို့ဘက်က အချိန်ရပါသေးတယ်။ ခင်ဗျားဘက်က အမှုစစ်ရတာရော ဘယ်လိုနေလဲ။”
ဖန်ကျန်းရီ ထိုသို့ မေးလိုက်သောအခါ ရှဲ့ရှန်းလည်း ခေါင်းကိုက်သွား၏။ “တော်တော်လေး အဆင်ပြေပါတယ်။ အမှုစစ်တချို့က လွီမိသားစုနဲ့ ပူးပေါင်းပြီး ပြည်သူတွေကို ရိုက်နှက်တယ်လို့ တိုင်ကြားတဲ့သူ တချို့ ရှိတယ်။
ဒါပေမဲ့ အဲဒီ အမှုစစ်တွေကို ကျုပ် စုံစမ်းကြည့်တော့ အရင်က ကျုပ်တို့နဲ့အတူ ဝမ်ချန်ကို ဖမ်းတုန်းက ပါဝင်ခဲ့ပြီး ငွေတိုက်ကနေ ငွေယူခဲ့တဲ့သူတွေ ဖြစ်နေတယ်။
ပြီးတော့ ဒီလူတွေက ငွေရပြီးတာနဲ့ ရုံးတော်ကနေ ထွက်သွားပြီး အိမ်မှာ ဇိမ်ခံနေကြတာ။ ဒါကို ဘယ်လို စီရင်ရမလဲ။ အလောတကြီး အရေးယူလိုက်ရင် တခြား စစ်သည်တွေနဲ့ အမှုစစ်တွေ ကြောက်လန့်ကုန်မှာ စိုးရတယ်။”
ဖန်ကျန်းရီက လှောင်ပြုံး ပြုံးလိုက်သည်။ “အလုပ်မလုပ်တော့ဘူးလား။ အလကား နေချင်တဲ့လူက ကျုပ် ညီအစ်ကို မဟုတ်ဘူ။ ငွေတွေကို ပြန်သိမ်းပြီး ဥပဒေအတိုင်း အရေးယူလိုက် … တိတ်တိတ်လေး လုပ်ရင် ရပြီ။”
“ရပြီ။ အလုပ်ပြန်သွားလုပ်တော့။ အခု လွီမိသားစုနဲ့ ဝမ်ချန်ရဲ့ ပြစ်မှုတွေက လုံလောက်နေပြီ။ ဒါပေမဲ့ ကျန်နေသေးတဲ့ အမှုလာတိုင်တဲ့ ပြည်သူတွေကိုလည်း ပစ်ထားလို့ မရဘူး။ သေသပ်တဲ့ အဆုံးသတ်လေး ဖြစ်အောင် လုပ်ပြီး အမှုတွေ ရှင်းပြီးရင် ကျုပ်တို့ အိမ်ပြန်ကြမယ်။”
...
ရုံးတော်သို့ ပြန်ရောက်သောအခါ ဖန်ကျန်းရီက လက်ဖက်ရည် တစ်ငုံ သောက်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “နောက်တစ်ယောက်။”
ခဏအကြာတွင် ပညာတတ်ပုံစံ ပေါက်နေသော လူတစ်ယောက်က သတိထားလျက် အခန်းထဲသို့ ဝင်လာပြီး မြေပြင်ပေါ်တွင် ဒူးထောက်ကာ ညည်းတွားလိုက်သည်။ “ကျောင်းသား ဟွေဖေး … အမတ်မင်းကို ဂါရဝပြုပါတယ်။”
“ဂုဏ်ထူးဆောင် ဘွဲ့ရထားတာ ဘာလို့ ဒူးထောက်ရတာလဲ။ နောက်ပြီး ... ဟွေ ဆိုတဲ့ မျိုးရိုး ရှိလို့လား။ ကျုပ်ကတော့ အခုမှ ပထမဆုံး ကြားဖူးတာပဲ။” ဖန်ကျန်းရီက အနည်းငယ် စိတ်ဝင်စားသွား၏။
ဟွေဖေးက ငိုယိုကာ ပြောလိုက်သည်။ “ကျောင်းသား ရုံးတော်ကိုလာတိုင်း သူတို့က ဒူးထောက်ခိုင်းတာပဲ ... ကျောင်းသားက တကယ်တော့ ဟွေ မျိုးရိုး မဟုတ်ပါဘူး ၊ လွီ မျိုးရိုးပါ။
လွီမိသားစုက သခင်လေးခုနစ်က ကျောင်းသားကို လွီမျိုးရိုးနဲ့ မထိုက်တန်ဘူးဆိုပြီး ကျောင်းသားရဲ့ မျိုးရိုးကို ပြောင်းပစ်ခဲ့တာပါ။ အခု မှတ်ပုံတင် စာရင်းမှာတောင် ဟွေမျိုးရိုး ဖြစ်နေပါတယ်။
ကျောင်းသား မိဘတွေနဲ့ ဘိုးဘေးတွေကို မျက်နှာပူမိပါတယ်။ ကျေးဇူးပြုပြီး ကျောင်းသားကို လွီမျိုးရိုး ပြန်ပြောင်းပေးပါ အမတ်မင်း။”
ဖန်ကျန်းရီက ခေါင်းလှည့်ကာ ဘေးရှိ စာရေးကို မေးလိုက်၏။ “ဒီလွီမိသားစုရဲ့ သခင်လေးခုနစ်က အသက် ဘယ်လောက် ရှိပြီလဲ။”
စာရေးက ရယ်ချင်စိတ်ကို ထိန်းကာ ရှင်းပြလိုက်သည်။ “အမတ်မင်း …. လွီဖေးက မြို့ထဲမှာ နည်းနည်း နာမည်ကြီးတယ်။ စာရေးတာ ဝါသနာပါပေမဲ့ ခရိုင်စာမေးပွဲမှာ ခဏခဏ ကျတယ်။ အခုထိ စာပေဘွဲ့လေးပဲ ရသေးတယ်။ အဲဒီ လွီမိသားစုက သခင်လေးခုနစ်က အဲဒီတုန်းက အသက် ဆယ့်နှစ်နှစ်ပဲ ရှိသေးတာ ၊ ဒီကိစ္စကို သိသွားတော့ သူ့ရဲ့ မျိုးရိုးကို ပြောင်းပစ်ခဲ့တာ ၊ အခုဆိုရင် နှစ်နှစ်တောင် ရှိသွားပြီ။”
“လွီဖေး ... ရပြီ ၊ ကျုပ် သိပြီ။ အခုပဲ လူရှာပြီး ခင်ဗျားအတွက် ပြန်ပြောင်းပေးမယ်။ ခဏနေရင် ချက်ချင်း မပြန်နဲ့အုံး။ ကျုပ် လူလွှတ်ပြီး ခင်ဗျားကို ထောင်ထဲက သခင်လေးခုနစ်ဆီ လိုက်ပို့ပေးမယ်။ သူ့ကို ပါးအချက် နှစ်ဆယ်လောက် ရိုက်ပြီး မှတ်လောက်အောင် လုပ်ပေးလိုက်။ ပြန်တော့ … နောက်တစ်ယောက်။”
လွီဖေးက ထိုစကားကို ကြားသောအခါ အလွန် ဝမ်းသာသွားပြီး ခေါင်းသုံးကြိမ် တိုက်ကာ ကျေးဇူးတင်လိုက်၏။ “တရားမျှတတဲ့ အမတ်မင်းကို ကျေးဇူးတင်ပါတယ်။ ကျောင်းသားမှာ နောက်ထပ် တိုင်စရာ အမှု ရှိပါသေးတယ်။ ကျောင်းသားက ဘဝတစ်ဝက်လုံး စာအုပ်ရေးလာခဲ့တာ ။ စုဆောင်းထားတဲ့ ငွေတွေ အကုန်ထုတ်ပြီး ပုံနှိပ်တိုက်ကို စာအုပ်ရိုက်ဖို့ ပေးခဲ့တယ်။ ဒါပေမဲ့ လွီမိသားစုက ခွင့်မပြုလို့ အခုထိ စာအုပ်မထွက်သေးဘူး။ ပုံနှိပ်တိုက်ကလည်း ငွေမပြန်အမ်းဘူး။ ကျောင်းသားရဲ့ ငွေတွေတော့ ရေစုန်မျောသွားပြီ။ အမတ်မင်း … ကျေးဇူးပြုပြီး တရားမျှတမှု ရှာပေးပါ။”
ပြောပြီးသည်နှင့် လွီဖေးက ရင်ခွင်ထဲမှ စာအုပ်တစ်အုပ်ကို ထုတ်ကာ လက်ကမ်းပေးလိုက်သည်။
ဖန်ကျန်းရီက ပြုံးသွားပြီး ပေါ့ပေါ့ပါးပါးနှင့် စိတ်ဝင်စားစရာကောင်းသော အမှုလေးတစ်ခု ဖြစ်ကြောင်း တွေးလိုက်မိ၏။
လွီဖေး၏ စာအုပ်ကို ယူကြည့်လိုက်ရာ …
“... တောအုပ်ထဲမှာ မြူတွေ ဖုံးလွှမ်းနေပြီး ကျန်းရှန်း တစ်ယောက် လမ်းပျောက်သွားတယ် ... ရုတ်တရက် အလှမယ်လေးတွေ လာကြိုတာကို တွေ့လိုက်ရတယ် ... နှင်းဆီရောင် ခြေတံသွယ်လေးတွေက တောအုပ်လိုပဲ။ ကျန်းရှန်း တစ်ယောက် ရမ္မက်သွေးတွေ ဆူပွက်လာတယ် ... ရင်ခံလေးတွေ တစ်ခုပြီးတစ်ခု ကျလာပြီး ၊ တစ်ညတာ နွေဦးကာလကို ဖြတ်သန်းခဲ့ကြတယ်။”
ဖန်ကျန်းရီက စာအုပ်ကို ကြည့်လိုက် ၊ လွီဖေးကို ကြည့်လိုက် လုပ်နေ၏။
ဒီကောင် စာမေးပွဲ မအောင်တာ အံ့သြစရာ မရှိဘူး ၊ ဒီလို အပြာစာအုပ်တွေ ရေးဖို့ စဉ်းစားနေမှတော့ ဘယ်လိုလုပ် အောင်ပါ့မလဲ။
“တစ်ညတာ နွေဦးကာလရဲ့ အရှေ့ပိုင်းကရော .. ။”
လွီဖေးက ပါးစပ်ဟကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ဖြေလိုက်၏။ “အကုန်လုံး အထဲမှာ ပါပါတယ် ၊ ဒီထက် ပိုအသေးစိတ်ရင် တားမြစ်စာအုပ် ဖြစ်သွားမှာပါ။”
ဖန်ကျန်းရီက မျက်နှာထား တင်းမာသွားပြီး စာအုပ်ကို ပြန်ပစ်ပေးကာ ဒေါသတကြီး ဆူပူလိုက်သည်။ “ပါရမီ မရှိရင် သူများလို စာအုပ်ရေးဖို့ မကြိုးစားနဲ့။ ပုံနှိပ်တိုက်က ခင်ဗျားကို ငွေကြွေးတင်နေတာ မှန်ကန်ကြောင်း ကျုပ် လူလွှတ်ပြီး စစ်ဆေးပြီးရင် ပြန်ဆပ်ခိုင်းလိုက်မယ်။ ထွက်သွားတော့ … နောက်တစ်ယောက်။”
လွီဖေးက မျက်နှာငယ်လေးဖြင့် ထွက်သွား၏။
ထို့နောက် တံခါးဝတွင် လူနှစ်ယောက် ရောက်လာသည်။ အသက်ကြီးသူ တစ်ယောက်နှင့် ငယ်ရွယ်သူ တစ်ယောက် ဖြစ်သည်။
ဖန်ကျန်းရီက အသက်ကြီးသူကို မြင်လိုက်သည်နှင့် ရုတ်တရက် ဒေါသထွက်သွား၏။ “ချန်တယ်ရှန်း …. ခင်ဗျား ဘယ်တွေ သွားနေတာလဲ။ လူတွေ အများကြီး လိုက်ရှာနေတာ ရှာလို့ကို မရဘူး။”
ဤကိစ္စကို ပြောရလျှင် သူ ဒေါသထွက်သည်။ ရှာမတွေ့တာ တစ်ခုတည်း မဟုတ်ပေ။
ရွှေယီပိုင်တွင် ရင်းနှီးကျွမ်းဝင်သူဟူ၍ ချန်တယ်ရှန်း တစ်ဦးတည်းသာ ရှိသည်။ ထိုသူကို ရှာမတွေ့ရသောအခါ တစ်နေ့တာလုံး စိတ်ပူပန်သောက ရောက်နေခဲ့ပြီး ဟင်းလျာများ ချက်ပြုတ်ရာတွင်လည်း အပေါ့အငန် မမှန်တော့ဘဲ ငန်လိုက် ပေါ့လိုက် ဖြစ်နေခဲ့ရာ ယင်းအခြေအနေက ဖန်ကျန်းရီကို အတော်ပင် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။
သူ့ရှေ့က လူက ချန်တယ်ရှန်း ဖြစ်နေ၏။ ဘေးမှာ ပါလာတာက နုံ့ယွီပင်။
ချန်တယ်ရှန်းက အားနာပါးနာ ပြုံးကာ ရှင်းပြလိုက်သည်။ “သခင်လေး .. ကျုပ် ညတွင်းချင်း အိမ်တစ်လုံးဝယ်ပြီး ပုန်းနေတာ။ ဒီရက်ပိုင်း လွီမိသားစု အဖမ်းခံရတယ်လို့ သတင်းတွေ ကြားပေမဲ့ ကျုပ် မယုံရဲဘူး ... ရက်အနည်းငယ်လောက် စောင့်ကြည့်ပြီးမှ ထွက်လာတာပါ။”
လူပြန်ရောက်လာသည်က ကောင်းသော ကိစ္စပင်။ ဖန်ကျန်းရီလည်း ဆက်ပြီး ပြဿနာ မရှာတော့ဘဲ မေးလိုက်၏။ “ခင်ဗျားဘေးက တစ်ယောက်က ဘယ်သူလဲ။”
“သြော် … သူက ရှဲ့ရှန်းရဲ့ တရားမဝင် မိန်းမ။ လွီမိသားစုက ပေးတာ။”
နုံ့ယွီက သူ့ကို စူးရဲစွာ ကြည့်လိုက်ပြီးနောက် ညင်သာစွာ ပြောလိုက်သည်။ “အမတ်မင်း …. ကျွန်မမှာလည်း တိုင်စရာ အမှု ရှိပါတယ်။”
ထို့နောက် ချန်တယ်ရှန်းကို လက်ညှိုးထိုးပြကာ ဆက်ပြောလိုက်၏။ “သူက ဒီရက်ပိုင်း ကျွန်မကို အတင်းအဓမ္မ ဖမ်းချုပ်ထားတယ်။ အပြင်မထွက်ခိုင်းဘူး ၊ ပြီးတော့ ကျွန်မကို မဖွယ်မရာ လုပ်ဖို့ ကြိုးစားတယ်။ ကျွန်မ လက်မခံတော့ ဓားနဲ့ မျက်နှာကို ခြစ်မယ်လို့ ခြိမ်းခြောက်သေးတယ်။”
“ကျွန်မ ခုနက ကြားလိုက်တယ်။ သူက အမတ်မင်းရဲ့ လူပဲ ၊ ဒါပေမဲ့ အမတ်မင်းက လွီမိသားစုကိုတောင် ဖြုတ်ချနိုင်ခဲ့တာဆိုတော့ ဖြောင့်မတ်မှန်ကန်တဲ့ အမတ်ကောင်း တစ်ယောက် ဖြစ်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ သေချာပေါက် တရားမျှတအောင် ဆုံးဖြတ်ပေးပါ။”
နုံ့ယွီမှာ ဖမ်းချုပ်ခံထားရသည်မှာ ရက်အနည်းငယ် ရှိပြီဖြစ်ရာ ဒေါသတွေ ထွက်နေသည်မှာ ပေါက်ကွဲတော့မည့် အခြေအနေ ဖြစ်နေ၏။ ယနေ့တော့ အကုန် ဖွင့်ပြောလိုက်ရမှ ကျေနပ်တော့မည်။
ချန်တယ်ရှန်း၏ မျက်နှာအိုကြီးမှာ နီရဲသွား၏။
ဤမိန်းမအား ရက်အနည်းငယ်ကြာ ဖမ်းဆီးချုပ်နှောင်ထားခဲ့ပြီး ဓားဖြင့် ခြိမ်းခြောက်ခဲ့သည်မှာ အမှန်ပင် ဖြစ်လသည်။ သို့ရာတွင် လုံးဝ ထင်မှတ် မထားခဲ့မိသည်မှာ... ဤနေရာသို့ ရောက်ရှိချိန်တွင် သူမက အခြေအနေကို ပြောင်းပြန်လှန်ကာ စွပ်စွဲလာလိမ့်မည်ဟုပင်။
စွပ်စွဲခြင်းကိုပင် ခေတ္တဖယ်ထားလိုက်ပါဦး။ သူ့သို့သော မိန်းမစိုးတစ်ဦးက သူမအား အဓမ္မကျင့်ကြံလိုသည်ဟု ပြောဆိုရက်လေသည်လား။..
ဖန်ကျန်းရီက သူတို့နှစ်ယောက်ကို စိတ်ဝင်တစား ကြည့်နေပြီး နုံ့ယွီကို လေးစားစိတ် အနည်းငယ် ပေါ်လာကာ လက်မြှောက်ပြီး နှစ်ချက်ခန့် လက်ခုပ်တီးလိုက်၏။
ဒီမိန်းမက သာမန် မဟုတ်ဘူး ၊ သတ္တိရှိတယ် ၊ လိမ်ပြောတာတောင် မျက်နှာမပျက်ဘူး။
“ကောင်းပြီ။ ကျုပ် သေချာပေါက် တရားမျှတအောင် ဆုံးဖြတ်ပေးမယ်။ လာကြစမ်း … သူ့ကို နောက်ဖေး ခေါ်သွားပြီး သင်းကွပ်လိုက်စမ်း။”
“ကျွန် ... ကျုပ် မတရားခံရတာပါ သခင်လေး။” ချန်တယ်ရှန်းက အော်ဟစ်လိုက်သည်။
မတရားခံရခြင်း၊ လောကကြီးတွင် သူ့လောက် မတရားခံရမည့်သူ ရှိမည်မထင်ပေ။ သောက်ကျိုးနည်း .. မိန်းမစိုးက အဓမ္မပြုကျင့်သည်ဟု တိုင်တန်းနေ၏။
ရုံးတော်ထဲမှ အမှုစစ်တွေ အကုန်လုံးက ကိုယ့်လူတွေချည်းပင်။ ထို့ကြောင့် အခြေအနေကို ကောင်းကောင်း သိနေကြတယ်။
ရယ်ချင်စိတ်ကို ထိန်းကာ ချန်တယ်ရှန်းကို နောက်ဖေးသို့ ဆွဲခေါ်သွားကြ၏။
နုံ့ယွီ၏ မျက်လုံးထဲတွင် အံ့သြမှု အနည်းငယ် ဖြတ်ပြေးသွားပြီးနောက် ဒူးထောက်လိုက်သည်။ “ကျေးဇူးတင်ပါတယ် အမတ်မင်း … ကျွန်မမှာ နောက်ထပ် တိုင်စရာ အမှု တစ်ခု ရှိပါသေးတယ်။”
“ပြောပါ။”
“ရှဲ့ရှန်းက ကျွန်မအပေါ် စည်းကမ်းမဲ့ပြီး တာဝန်မယူတာကို တိုင်ချင်ပါတယ်။”