အခန်း (၁၄၂-၁၄၃)
Vol. 10 Ch. 142-143
အခန်း (၁၄၂)
ဧကရာဇ်အိုကြီး၏ တုန်လှုပ်မှု
ဤအချိန်တွင်... မဟာချင်တော်ဝင်နန်းတော်အတွင်း၌
ဆေးမီးဖိုကြီး၏ ဘေးတွင် ဧကရာဇ်အိုကြီးသည် ဘေးပတ်ဝန်းကျင်မှ ပျံ့လွင့်နေသော ဆေးရနံ့များကို ကျေနပ်အားရစွာဖြင့် ရှူရှိုက်နေခဲ့သည်။ ဂန္ထဝင်မြောက်လှသော ‘သက်ရှည်ဆေးလုံး’ မှာ အပြည့်အဝ မပြီးမြောက်သေးသော်လည်း... ဆေးဖော်စပ်သည့် ဖြစ်စဉ်အတွင်းမှာပင် ထူးခြားဆန်းပြားလှသော ဆေးရနံ့များ စတင်ထွက်ပေါ်နေခဲ့ပြီ ဖြစ်သည်။
ဤဆေးရနံ့များသည် ဧကရာဇ်အိုကြီး၏ အိုမင်းမောပန်းနေသော ခန္ဓာကိုယ်ကို ပြန်လည်နုပျိုကျန်းမာလာစေရန် များစွာ အထောက်အကူပြုနေပေသည်။
ဧကရာဇ်အိုကြီး ဇိမ်အရှိဆုံးအချိန်၌ ရှူရှိုက်နေစဉ်... ရုတ်တရက် အလျင်စလို ပြေးဝင်လာသော ခြေသံများနှင့်အတူ။ “ဧကရာဇ်မင်းမြတ်... မဟန်တော့ပါဘူး ဘုရား၊ စတုတ္ထမင်းသား အရေးကြုံနေရပါပြီ ဘုရား။” ဟု အစီရင်ခံသံ ထွက်ပေါ်လာခဲ့သည်။
“ဟင်... ဒီနေ့က အဲဒီ မိုက်မဲတဲ့သားရဲ့ မွေးနေ့ပွဲမဟုတ်လား၊ စာပေနဲ့ စစ်ဘက်ဆိုင်ရာ အရာရှိ ထက်ဝက်ကျော်က သူ့ကို သွားရောက်ဂုဏ်ပြုကြတယ်လို့ ငါကိုယ်တော်ကြားမိပါရဲ့။ သူက ဘာအရေးကြုံစရာ ရှိလို့လဲ”
အမှန်အတိုင်းပြောရလျှင်... ဧကရာဇ်အိုကြီးသည် စတုတ္ထမင်းသားကို အလွန်အမင်း အလေးထားသော်လည်း၊ မွေးနေ့ပွဲတော်တစ်ခုမျှဖြင့် ဤမျှများပြားလှသော အရာရှိများကို စုစည်းနိုင်သည်ကို မြင်ရသောအခါ စိတ်ထဲတွင် အနည်းငယ် မသက်မသာ ဖြစ်မိသည်။ ဘာပဲဖြစ်ဖြစ် ကောင်းကင်တွင် နေနှစ်စင်း မရှိနိုင်သကဲ့သို့... တိုင်းပြည်တစ်ခုတွင်လည်း အုပ်စိုးသူနှစ်ပါး မရှိနိုင်ချေ။
သို့သော်လည်း ယခုအခါ ဧကရာဇ်အိုကြီး၏ အာရုံစိုက်မှုအားလုံးမှာ သက်ရှည်ဆေးလုံးအပေါ်၌သာ ရှိနေခဲ့ပြီး... စတုတ္ထမင်းသားသည်လည်း မင်းသားအားလုံးထဲတွင် ပါရမီအရှိဆုံးနှင့် အလိမ္မာဆုံး ဖြစ်နေခဲ့သည်။ ထို့ကြောင့် ဧကရာဇ်အိုကြီးသည် မည်သည့်စကားမျှ မပြောဘဲ... မသိချင်ယောင်ဆောင်နေခဲ့ခြင်း ဖြစ်သည်။
သို့သော် ဤသည်မှာ ဧကရာဇ်အိုကြီးတွင် စတုတ္ထမင်းသား၏ ဘေး၌ မျက်လုံးနှင့် နားများ မရှိဟု မဆိုလိုချေ။ ဤအခိုက်အတန့်တွင်... မိန်းမစိုးအိုကြီး ‘လျိုကျင်း’ သည် သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာအားရ ဖြစ်နေသော အမူအရာဖြင့် စတုတ္ထမင်းသား၏ မွေးနေ့ပွဲတွင် ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် ရေးသားထားသော စာလွှာကို တရိုတသေ ဆက်သလာခဲ့သည်။
၎င်းတွင် မည်သည့်အရာရှိများ တက်ရောက်သည်၊ မည်သည့်စကားများ ပြောကြားသည်၊ မည်သည့်လက်ဆောင်များ ဆက်သသည်ကို အသေးစိတ် မှတ်တမ်းတင်ထားသော်လည်း ဧကရာဇ်အိုကြီးက ဒါကို ဂရုမစိုက်ချေ။
သို့သော်လည်း စာလွှာထဲတွင် လင်းရှောင်က။ ‘အရှင်မင်းသား သက်တော်ရာကျော် ရှည်ပါစေကြောင်း ကြိုတင်ဆုမွန်ကောင်း တောင်းလိုက်ပါတယ်’ ဟု ဆုတောင်းခဲ့သည်ကို မြင်လိုက်ရသောအခါ... ဧကရာဇ်အိုကြီး၏ မျက်ခွံများ ပြင်းထန်စွာ လှုပ်ခတ်သွားခဲ့ပြီး မျက်နှာတစ်ခုလုံး မည်းမှောင်သွားခဲ့ရသည်။ “ဒီလင်းရှောင်ဆိုတာ ဘယ်သူလဲ”
“ဧကရာဇ်မင်းမြတ်ကို တင်ပြရရင်... လင်းရှောင်က လင်းစစ်သူကြီးအိမ်တော်ရဲ့ သခင်လေးပါ ဘုရား။ လင်းစစ်သူကြီးက ဧကရာဇ်မင်းမြတ်အတွက် ဆေးဖော်စပ်ဖို့ အဖိုးတန် ဝိညာဉ်ဆေးပင်များစွာကို ရှာဖွေဆက်သပြီး အမှုတော်ထမ်းဆောင်ခဲ့ဖူးပါတယ် ဘုရား” မိန်းမစိုး လျိုကျင်းက ထိုသူ့အတွက် စကားကောင်း ပြောပေးလိုက်သည်။
ထို့နောက် သူ၏ လေသံကို ချက်ချင်းပြောင်းကာ ဒေါသတကြီး ကျိန်ဆဲတော့သည်။ “ဒါပေမဲ့... အကျဉ်းထောင်မှူးချုပ် လျိုရဲ့ အရှိန်အဝါကို အားကိုးနေတဲ့ ‘ချူရွှမ်’ ဆိုတဲ့ ကွပ်မျက်သူကတော့ တကယ်ကို မုန်းစရာကောင်းလှပါတယ် ဘုရား။ သူက စတုတ္ထမင်းသားရဲ့ မွေးနေ့ပွဲကို အတင်းအဓမ္မ ကျူးကျော်ဝင်ရောက်ခဲ့ရုံတင်မကဘဲ၊ လင်းရှောင်ကို လူအများရှေ့မှာ ဖမ်းဆီးပြီး သွေးရောင်ဝတ် အစောင့်တပ်ရဲ့ တပ်မှူးတစ်ဦးကိုပါ သတ်ဖြတ်ခဲ့ပါတယ် ဘုရား၊ ဒါတင်မကသေးပါဘူး... ဒီအရူးက စတုတ္ထမင်းသားကိုပါ လူအများရှေ့မှာ ရက်ရက်စက်စက် ရိုက်နှက်ခဲ့ပြီး၊ ဒီကိစ္စကို နောင်နောင်မှာ အမှုမရှာဖို့ ကတိကဝတ်စာချုပ်ကို အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းခဲ့ပါသေးတယ် ဘုရား”
“ဒီအရူးရဲ့ မောက်မာမှုနဲ့ ရူးသွပ်မှုကတော့... ကျွန်တော်မျိုး သုံးရက်သုံးည ပြောရင်တောင် ပြီးမှာမဟုတ်ပါဘူး” ကောင်းကင်အကျဉ်းထောင်တွင် သုံးလခန့် စောင့်ဆိုင်းခဲ့ရသော နာကျည်းမှုကို တွေးမိရင်း မိန်းမစိုး လျိုကျင်းသည် ရရှိလာသော အခွင့်အရေးကို အသုံးချကာ ချူရွှမ်အပေါ် မကောင်းပြောရန် မဆိုးရွားလှသော စကားလုံးမျိုးစုံကို အတားအဆီးမရှိ ထုတ်ဖော်ပြောဆိုတော့သည်။
သူသည် မီးလောင်ရာလေပင့်ကာ အစွမ်းကုန် ဂြိုဟ်မွှေနေခဲ့သည်။
ချူရွှမ်ကို အားရပါးရ သိက္ခာချပြီးနောက် မိန်းမစိုး လျိုကျင်းက ဆက်လက်၍ အဆိပ်ပြင်းလှသော လေသံဖြင့် “ဧကရာဇ်မင်းမြတ်... ကျွန်တော်မျိုးရဲ့ အကြံပြုချက်ကတော့၊ ချူရွှမ်လိုမျိုး အရူးကို လုံးဝ သည်းခံလို့မရပါဘူး၊ သူ့ကို ပြင်းထန်စွာ အပြစ်ပေးရပါမယ် ဘုရား၊ ဒါ့အပြင် ဧကရာဇ်မင်းမြတ်... ဒီကောင်ပြောခဲ့တဲ့ စကားတွေကို ကြည့်ဦး၊ သူက တော်ဝင်မင်းသားဆိုတာ ဘာကောင်မို့လို့လဲလို့တောင် အော်ဟစ်ရဲခဲ့ပါတယ် ဘုရား”
မိန်းမစိုး လျိုကျင်းသည် တည်ကြည်သော မျက်နှာအမူအရာဖြင့်... ချူရွှမ် မင်းသားအိမ်တော်တွင် ပြောဆိုလုပ်ကိုင်ခဲ့သမျှကို သီးခြားစက္ကူတစ်ရွက်ပေါ်တွင် ရေးသား၍ ဆက်သလိုက်ပြန်သည်။ ဧကရာဇ်အိုကြီးသည်လည်း မည်းမှောင်သော မျက်နှာဖြင့် ၎င်းကို ယူကာ သေသေချာချာ ဖတ်ရှုလိုက်သည်။
သူ၏ မျက်နှာပေါ်တွင် ပထမဆုံး ပြင်းထန်သော ဒေါသရိပ်များ ပေါ်ပေါက်လာခဲ့သော်လည်း... ဒေါသဖြစ်ပြီးနောက်တွင်မူ တုံ့ဆိုင်းမှုများ ဖြစ်ပေါ်လာခဲ့သည်။ “ဒီချူဆိုတဲ့ လူငယ်က တကယ်ပဲ မောက်မာလှတယ်၊ တော်ဝင်မင်းသားကိုတောင် မျက်စိထဲမထည့်ဘူး။ ဒါပေမဲ့... ဒီလူ့ရဲ့ ရင်ထဲမှာတော့ ဧကရာဇ်အပေါ် သစ္စာစောင့်သိမှုက တော်တော့်ကို ပြင်းထန်ပုံရတယ်။”
အထူးသဖြင့်... ချူရွှမ်သည် စတုတ္ထမင်းသားကို ရိုက်နှက်နေစဉ်အတွင်း ဧကရာဇ်အပေါ် သစ္စာစောင့်သိရမည်ဟူသော စကားများကို ထပ်တလဲလဲ ပြောဆိုခဲ့ပြီး၊ စတုတ္ထမင်းသားသာ တကယ် ပုန်ကန်ပါက သူက အသက်ပေးပြီး ပထမဆုံး တိုက်ခိုက်မည်ဟု ရဲရဲဝံ့ဝံ့ ကြွေးကြော်ခဲ့သည်ကို မြင်တွေ့လိုက်ရသောအခါတွင် ဖြစ်သည်။
ဤသည်က ဧကရာဇ်အိုကြီး၏ နှလုံးသားကို လှုပ်ခတ်သွားစေခဲ့သည်။ ဘာပဲဖြစ်ဖြစ်... စာပေနှင့် စစ်ဘက်ဆိုင်ရာ အရာရှိအားလုံးက စတုတ္ထမင်းသားကို အနာဂတ်၏ အုပ်စိုးသူအသစ်ဟု သတ်မှတ်ကာ အသည်းအသန် ဖားနေကြသည့် အချိန်မျိုးတွင်... လက်ရှိ ဧကရာဇ်တစ်ပါးတည်းအပေါ်၌သာ ‘သစ္စာစောင့်သိ’ နေသော ချူရွှမ်ကဲ့သို့သော အရူးတစ်ယောက်မှာ တကယ်ကို ရှားပါးလွန်းလှပေသည်။
“မိန်းမစိုးလျိုကျင်း... ငါကိုယ်တော်မှတ်မိသလောက်တော့၊ မောင်မင်း တစ်ခါက ဒီကွပ်မျက်သူ ချူရွှမ်ဟာ အရေးမပါတဲ့ ကောင်တစ်ကောင်ပဲလို့ ပြောခဲ့ဖူးတယ်နော်။ အခုကြည့်ရတာ မောင်မင်း အမြင်မှားခဲ့ပုံပဲ။ ငါကိုယ်တော်ရဲ့ အမြင်မှာတော့... ချူရွှမ်က ဇွတ်တရွတ်နိုင်ပေမဲ့၊ သူ့ရဲ့ ရင်ထဲမှာတော့ သစ္စာရှိမှုအချို့ ရှိနေသေးတယ်။ ပြောစမ်း... ငါကိုယ်တော်သာ သူ့ကို အခု သိမ်းသွင်းလိုက်ရင်၊ သူက ငါကိုယ်တော်ရဲ့ သစ္စာရှိ လက်ပါးစေတစ်ယောက် ဖြစ်လာနိုင်မလား”
ဟင်...
မိန်းမစိုး လျိုကျင်းတစ်ယောက် မှင်တက်သွားခဲ့ရသည်။ ဒါ ဘာတွေလဲ သူက ထိုကောင်လေးအပေါ် မကောင်းစကားတွေ အများကြီး ပြောခဲ့တာကို... ဧကရာဇ်မင်းမြတ်က အပြစ်မမြင်တဲ့အပြင် သူ့ကို သဘောကျနေတာလား။
“ဧကရာဇ်မင်းမြတ်... ကျွန်တော်မျိုး လုံးဝ နားမလည်နိုင်တော့ပါဘူး ဘုရား” မိန်းမစိုး လျိုကျင်းက နဂါးပလ္လင်ကို ဇဝေဇဝါမျက်နှာဖြင့် စိုက်ကြည့်ကာ မေးလိုက်သည်။ ဧကရာဇ်အိုကြီးက ပြန်လည်မရှင်းပြဘဲ ခေါင်းကိုသာ သက်ပြင်းချလျက် ခါယမ်းလိုက်သည်။ “ဟုတ်တာပေါ့... မောင်မင်းက မိန်းမစိုးတစ်ယောက်ပဲလေ။ အချို့သော အရာတွေကို မောင်မင်း နားလည်နိုင်မှာ မဟုတ်ဘူး။”
“မင်းမြတ်... ကျွန်တော်မျိုး အကုန်နားလည်ပါတယ် ဘုရား” မိန်းမစိုး လျိုကျင်းသည် မကျေမနပ်ဖြစ်ကာ မိမိကိုယ်ကို သက်သေပြရန် ပြင်လိုက်သော်လည်း... ဧကရာဇ်အိုကြီးက လက်ကို ဝှေ့ယမ်းကာ တားဆီးလိုက်သည်။ “ထပ်ပြောနေဖို့ မလိုတော့ဘူး။ ချူရွှမ်က စတုတ္ထမင်းသားကို ရိုက်နှက်ခဲ့တာက ခွင့်မလွှတ်နိုင်တဲ့ အပြစ်ပဲ၊ ဒါပေမဲ့ သူ မိစ္ဆာတွေကို သတ်ဖြတ်ခဲ့တဲ့ ကောင်းမှုကုသိုလ်တွေကို ထည့်တွက်ပြီး... သူ့ကို တစ်နှစ်စာ လစာငွေ ဖြတ်တောက်တဲ့ အပြစ်ပဲ ပေးလိုက်မယ်။”
“ဘာ... အဲဒီချူဆိုတဲ့ကောင်က တော်ဝင်မင်းသားတစ်ပါးကို လူအများရှေ့မှာ ရိုက်နှက်ခဲ့တာကို... ခေါင်းဖြတ်မခံရတဲ့အပြင် လစာငွေ အနည်းငယ်ပဲ ဖြတ်တောက်ခံရတယ် ဟုတ်လား” မိန်းမစိုး လျိုကျင်းသည် လုံးဝ ဆွံ့အသွားခဲ့ရပြီး၊ ဧကရာဇ်မင်းမြတ် တစ်ယောက် အိုမင်းပြီး စိတ်နောက်နေပြီလားဟုပင် သံသယဝင်လာခဲ့တော့သည်။
ထိုစဉ် နောက်ထပ် လူတစ်ဦး အလျင်အမြန် ပြေးဝင်လာပြီး။ “ဧကရာဇ်မင်းမြတ်... မဟန်တော့ပါဘူး ဘုရား၊ ဘာအကြောင်းကြောင့်လဲတော့ မသိရသေးပေမဲ့... စတုတ္ထမင်းသားက သွေးရောင်ဝတ် အစောင့်တပ် အားလုံးကို ရုတ်တရက် ပြန်လည်ခေါ်ယူနေပါတယ် ဘုရား။”
“ဒါကို ကျွန်တော်မျိုး သိပါတယ် ဘုရား။ စတုတ္ထမင်းသားက အဲဒီချူရွှမ်ရဲ့ ရိုက်နှက်ခြင်းကို ခံလိုက်ရလို့ ဒေါသထွက်နေတာ ဖြစ်ရမယ်၊ အဲဒါကြောင့် ချူရွှမ်ကို ကလဲ့စားချေဖို့အတွက် သွေးရောင်ဝတ် အစောင့်တပ်တွေကို စုစည်းနေတာပဲ” မိန်းမစိုး လျိုကျင်းက စိတ်သက်သာရာရစွာဖြင့် ပြောလိုက်သည်။
“မိုက်မဲလိုက်တာ”
သို့သော်လည်း ဧကရာဇ်အိုကြီးက ဒေါသတကြီးဖြင့်။ “ငါကိုယ်တော်က သွေးရောင်ဝတ် အစောင့်တပ်ကို သူ့လက်ထဲ အပ်နှံခဲ့တာ... ပြိုလဲပျက်စီးသွားတဲ့ နိုင်ငံဟောင်းရဲ့ အကြွင်းအကျန်ကောင်တွေကို နှိမ်နင်းဖို့အတွက်ပဲ၊ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ကလဲ့စားချေမှုတွေအတွက် ဇွတ်တရွတ် သုံးစွဲဖို့ မဟုတ်ဘူး”
“ဒါပေမဲ့... ဒါကလည်း ကောင်းတဲ့အချက်ပဲဗျာ။ အဲဒီချူရွှမ်က သစ္စာရှိမှုအချို့ ရှိနေပေမဲ့... သူ့ရဲ့ လုပ်ရပ်တွေက ဇွတ်တရွတ်နိုင်လွန်းပြီး၊ မြို့စောင့်အကျဉ်းထောင်ဌာနနဲ့လည်း ပတ်သက်မှု နက်ရှိုင်းလွန်းတယ်။ သူ့ကို အရင်ဆုံး ဖိနှိပ်ထားပြီး၊ သူရဲ့ မောက်မာမှုတွေကို ရိုက်ချိုးကာ အသားကျအောင် လုပ်လိုက်တာက မဆိုးလှပါဘူး။ ထို့နောက်မှ ငါကိုယ်တော်က သူ့ကို အကျိုးအမြတ်အနည်းငယ် ပြသလိုက်ရင်... သူ့ကို ငါကိုယ်တော်ဘက်ပါအောင် မသိမ်းသွင်းနိုင်မှာကို စိုးရိမ်စရာ မလိုတော့ဘူး။”
“ဒီလိုလုပ်ကြရအောင်... မိန်းမစိုးလျိုကျင်း၊ မောင်မင်း ငါကိုယ်တော်ရဲ့ နှုတ်မိန့်တော်ကို ယူပြီး မြို့စောင့်အကျဉ်းထောင်ဌာနရဲ့ ကောင်းကင်အကျဉ်းထောင်ဆီ သွားလိုက်ပါ။ စတုတ္ထမင်းသားက သူ့ရဲ့ ကလဲ့စားချေမှုကို ပြုလုပ်ပြီးလို့... ချူရွှမ်တစ်ယောက် ရှေ့ဆက်မတိုးနိုင်ဘဲ အသည်းအသန် ဖြစ်နေတဲ့အချိန်ကျမှ... မောင်မင်းက ကြားကနေ ဝင်ရောက်စေ့စပ်ပေးလိုက်၊ ပြီးရင် ချူရွှမ်ကို ငါကိုယ်တော်ဆီခေါ်လာခဲ့။”
ဘာ... ဧကရာဇ်မင်းမြတ်ရဲ့ စကားအရဆိုရင်... သူက ထိုလူငယ်ကို အလွန်အမင်း အရေးပေးပြီး သုံးစွဲဖို့ ကြံရွယ်နေတာလား၊ မိန်းမစိုး လျိုကျင်းတစ်ယောက် လုံးဝကို ဝေခွဲမရ ဖြစ်သွားခဲ့ရသည်။ သို့သော်လည်း တော်ဝင်အမိန့်တော် ထွက်ပေါ်လာပြီဖြစ်ရာ သူ မငြင်းဆန်ဝံ့ဘဲ အမိန့်ကို နာခံလျက် ထွက်ခွာရန် ပြင်လိုက်တော့သည်။
သို့သော် မိန်းမစိုး လျိုကျင်း အပြင်သို့ မထွက်ခွာနိုင်ခင်မှာပင်... နောက်ထပ် အနက်ရောင် ပုံရိပ်တစ်ခုသည် လျှပ်စီးအလား အလွန်မြန်ဆန်လှသော အရှိန်ဖြင့် နန်းတော်အတွင်းသို့ ရုတ်တရက် ပြေးဝင်လာခဲ့သည်။
မိန်းမစိုး လျိုကျင်း ထိတ်လန့်သွားခဲ့ရသည်၊ ဘာပဲဖြစ်ဖြစ် သူသည် ဤပုံရိပ်ကို မှတ်မိနေခဲ့သည်မဟုတ်ပါလား။ ၎င်းသည် မဟာချင်တော်ဝင်မျိုးနွယ်စု၏ အလျှို့ဝှက်ဆုံးသော အဖွဲ့အစည်းဖြစ်သည့် ‘အရိပ်အစောင့်တပ်’ ဖြစ်ပြီး... တော်ဝင်မျိုးနွယ်စုအတွက် လျှို့ဝှက်ချက် အချက်အလက်များကို စုံစမ်းပေးရန်နှင့် လိုအပ်ပါက လုပ်ကြံသတ်ဖြတ်မှုများကို လုပ်ဆောင်ရန် အထူးတာဝန်ပေးအပ်ခံထားရသည့် အဖွဲ့ဖြစ်သည်။ ထို့ပြင် အရိပ်စောင့်တပ် တည်ရှိမှုကို သိရှိသူမှာ အလွန်ပင် ရှားပါးလှပေသည်။
ထို့ကြောင့် အရိပ်အစောင့်တပ် ပေါ်လာသည်ကို မြင်ရသောအခါ ဧကရာဇ်အိုကြီးကိုယ်တိုင်ပင်လျှင် မိမိကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ နဂါးပလ္လင်ပေါ်မှ ထရပ်ကာ။ “ဘာကိစ္စ ဖြစ်ပျက်ခဲ့လို့လဲ” ဟု မေးလိုက်တော့သည်။
“အရှင်ဧကရာဇ်... မြို့စောင့်အကျဉ်းထောင်ဌာနရဲ့ ဘိုးဘေးနယ်မြေထံကနေ အရိပ်အစောင့်တပ်ရဲ့ လျှို့ဝှက်အချက်အလက် ရောက်ရှိလာပါတယ် ဘုရား။ ဘိုးဘေးနယ်မြေအတွင်းမှာ ရှိနေတဲ့ ‘ပထမဧကရာဇ်ရဲ့ အမိန့်တော်’ က... နားမလည်နိုင်တဲ့ အကြောင်းပြချက်တွေကြောင့် ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပါပြီ။ တစ်စုံတစ်ယောက်က ထိုအမိန့်တော်အတွင်းမှာ ရှိနေတဲ့ ပထမဧကရာဇ်ရဲ့ ကံကြမ္မာအရှိန်အဝါတွေကို ရရှိသွားခဲ့ပြီး... ပထမဧကရာဇ်ရဲ့ အမိန့်တော်ကိုပါ သိမ်းပိုက်သွားခဲ့တာ ဖြစ်ဖို့ အလွန်အမင်း ရာခိုင်နှုန်းများပါတယ် ဘုရား”
“မောင်မင်း ဘာပြောလိုက်တာလဲ ပထမဧကရာဇ်ရဲ့ အမိန့်တော် ဟုတ်လား အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ဧကရာဇ်အိုကြီး၏ မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားခဲ့ရသည်။ မဟာချင်တော်ဝင်မျိုးနွယ်စုအတွင်း၌... ပထမဧကရာဇ်၏ အမိန့်တော်ဟူသည် တော်ဝင်မျိုးနွယ်စု၏ ဦးခေါင်းထက်တွင် ဆွဲချိတ်ထားသော ထက်မြက်လှသည့် ဓားမြှောင်တစ်စင်းအလား တည်ရှိနေသည်ဟူသော ကောလာဟလတစ်ခု အမြဲတမ်း ရှိနေခဲ့သည်ကို လူတိုင်းသိကြသည်။
ဤဓားမြှောင်ကို ရရှိရန်အတွက်... မဟာချင်တော်ဝင်မျိုးနွယ်စုသည် ရေတွက်၍မရသော ပါရမီရှင်များစွာကို ဘိုးဘေးနယ်မြေအတွင်းသို့ စေလွှတ်ခဲ့သော်လည်း အားလုံးက လက်ဗလာဖြင့်သာ ပြန်လာခဲ့ကြရသည်။ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာခန့်က ‘ကောင်းကင်ဓားမ’ တစ်ဦးတည်းသာလျှင် နောက်ဆုံးတွင် အောင်မြင်မှု ရရှိခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ထိုကောင်းကင်ဓားမသည် ဘိုးဘေးနယ်မြေမှ ပြန်လည်ထွက်ခွာလာပြီးနောက်... အမိန့်တော်အတွင်းရှိ ကိစ္စရပ်များနှင့် ပတ်သက်၍ သူ၏ တစ်သက်တာလုံး ပါးစပ်ပိတ်ထားခဲ့ပြီး မည်သည့်စကားမျှ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိချေ။
ယခုအခါ... နောက်ထပ် တစ်စုံတစ်ယောက်က ထိုအမိန့်တော်အတွင်းသို့ အမှန်တကယ် ဝင်ရောက်နိုင်ခဲ့ပြီး၊ ပထမဧကရာဇ်၏ ကံကြမ္မာအရှိန်အဝါကို ရရှိခဲ့သည့်အပြင် အမိန့်တော်ကိုပါ သိမ်းပိုက်သွားခဲ့ပြီ ဟုတ်လား။
“အဲဒီလူက ဘယ်သူလဲ”
ဧကရာဇ်အိုကြီးသည် မိမိ၏ လေသံများ တုန်ရီနေခဲ့သည်ကို သတိမပြုမိခဲ့ချေ။ ဘာပဲဖြစ်ဖြစ်... တော်ဝင်မျိုးနွယ်စုအတွင်း၌ နောက်ထပ် ကြောက်မက်ဖွယ်ကောင်းသော ကောလာဟလတစ်ခု ရှိနေသေးသောကြောင့်ပင် ဖြစ်တော့သည်။
အခန်း (၁၄၃)
တော်ဝင်ညီတော်၊ တော်ဝင်ဦးရီးတော်နှင့် တော်ဝင်မျိုးနွယ်
ပထမဧကရာဇ်၏ အမိန့်တော် ရုတ်တရက် ပျောက်ကွယ်သွားမှုကြောင့် ဧကရာဇ်အိုကြီးတစ်ယောက် နန်းတော်အတွင်း၌ ထိတ်လန့်တုန်လှုပ်နေစဉ်... စတုတ္ထမင်းသားအိမ်တော်၌မူ စစ်ဝတ်စုံအပြည့် ဝတ်ဆင်ထားသော စစ်သည်တော်များဖြင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။
မဟာချင်ပြည် မြို့တော်ရှိ သွေးရောင်ဝတ် အစောင့်တပ် အင်အားသုံးထောင်လုံးသည် ချပ်ဝတ်တန်ဆာအပြည့်ဖြင့်... ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်များကို ထုတ်ဖော်နေကြသည်။ စတုတ္ထမင်းသား၏ မျက်နှာပေါ်တွင် ညိုမည်းဒဏ်ရာအချို့ ရှိနေဆဲဖြစ်သော်လည်း... သူ၏ မျက်လုံးများထဲတွင်မူ ရက်စက်လှသော ကလဲ့စားချေလိုစိတ်များ ပြည့်နှက်နေခဲ့သည်။
“ငါမင်းသားရဲ့တစ်သက်တာမှာ... ဒီလိုမျိုး အရှက်ရစရာ ကိစ္စတစ်ခုမှ မရှိခဲ့ဖူးဘူး၊ လူအများရှေ့မှာ အရိုက်ခံရရုံတင်မကဘူး၊ ကတိကဝတ်စာချုပ်ကိုပါ အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းခံရသေးတယ်။ ဒါက ငါမင်းသားအတွက် အကြီးမားဆုံး အရှက်ခွဲခံရမှုပဲ အကယ်၍ ငါမင်းသားသာ ဒီကလဲ့စားကို ပြန်မချေနိုင်ရင်... စတုတ္ထမင်းသားဆိုတဲ့ ငါ့မျက်နှာကို ဘယ်သူ့ရှေ့ သွားပြရတော့မှာလဲ၊ အခု... ငါမင်းသား မြို့စောင့်အကျဉ်းထောင်ဌာနရဲ့ ကောင်းကင်အကျဉ်းထောင်ဆီ သွားပြီး၊ အဲဒီချူဆိုတဲ့ ကွပ်မျက်သူကို လူအများရှေ့မှာ သေအောင် ရိုက်သတ်ပစ်မယ်။ မောင်မင်းတို့ ငါမင်းသားကို ကူညီကြမလား”
“ကျွန်တော်မျိုးတို့ စတုတ္ထမင်းသားနောက်သို့ အသက်ပေးပြီး လိုက်ပါပါ့မယ် ဘုရား”
“ချူရွှမ်ကို သတ်ပစ်စမ်း”
“သာမန် အရာရှိတစ်ယောက်က ဘာကောင်မို့လို့လဲ”
စတုတ္ထမင်းသား၏ ခံစားချက်ကို သိရှိကြသဖြင့်... သွေးရောင်ဝတ် အစောင့်တပ် သုံးထောင်လုံး၏ သတ်ဖြတ်လိုစိတ်များမှာ မုန်တိုင်းအလား ဆူပွက်လာခဲ့ကြသည်။ ထိုစဉ် သွေးရောင်ဝတ် အစောင့်တစ်ဦး အလျင်အမြန် ပြေးဝင်လာပြီး။ “စတုတ္ထမင်းသား... လင်းစစ်သူကြီးက သူ့ရဲ့ အိမ်တော်အစောင့်တွေကို ဦးဆောင်ပြီး စစ်ကူပေးဖို့ ရောက်ရှိလာပါတယ် ဘုရား”
“ကောင်းတယ် လင်းစစ်သူကြီးက ‘နတ်အဆင့် နဝမအလွှာ’ ကျွမ်းကျင်သူတစ်ယောက်ပဲ။ ငါမင်းသားရဲ့ သွေးရောင်ဝတ် အစောင့်တပ်ထဲမှာလည်း အဓိကနဲ့ ဒုတိယ တပ်မှူးတွေက နတ်အဆင့် နဝမအလွှာတွေပဲ။ ကောင်းကင်အကျဉ်းထောင်နဲ့ တိုက်ရိုက် ထိပ်တိုက်တွေ့ရင်တောင်... ငါမင်းသား လုံးဝ မကြောက်ဘူး”
“ဒါတင်မကသေးဘူး... အနာဂတ်ရဲ့ အုပ်စိုးသူအသစ်ဖြစ်လာမည့် ငါမင်းသားရဲ့ မျက်နှာကို ထောက်ပြီး... မြို့စောင့်အကျဉ်းထောင်ဌာနက ငါမင်းသားနဲ့ အပြတ်အသတ် ရန်သူဖြစ်ဝံ့လိမ့်မယ်လို့ ငါမင်းသား လုံးဝ မယုံကြည်ဘူး။ အကုန်လုံး ချီတက်ကြစမ်း ကောင်းကင်အကျဉ်းထောင်ဆီ ချီတက်ကြစမ်း”
ဝုန်း... ဝုန်း... ဝုန်း...
မြင်းခွာသံများမှာ လျှပ်စီးအလား ဟိန်းဟောက်သွားခဲ့သည်။ သတ်ဖြတ်လိုစိတ်များကလည်း ကောင်းကင်ယံအထိ ဖုံးလွှမ်းသွားခဲ့သည်။
စတုတ္ထမင်းသားကို ခြံရံလျက် သွေးရောင်ဝတ် အစောင့်တပ် အင်အားသုံးထောင်သည် မြို့တော်၏ လမ်းမများပေါ်သို့ တိုက်ရိုက် ချီတက်လာကြရာ... သာမန်အရပ်သားများမှာ မြို့တော်အတွင်းသို့ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာကောင်ကြီးတစ်ကောင် ထပ်မံဝင်ရောက်လာသည်ဟု ထင်မှတ်ပြီး ကြောက်လန့်တကြား ထွက်ပြေးပုန်းအောင်းကြတော့သည်။
တစ်ချိန်တည်းမှာပင်... တရားစီရင်ရေး အရာရှိရုံးတော်၏ ရုံးခန်းအတွင်း၌ ချူရွှမ်သည် အလွန်ပင် သက်တောင့်သက်သာရှိစွာ ထိုင်နေခဲ့သည်။ ရံဖန်ရံခါတွင်... အတွင်းဘက်မှ လင်းရှောင် နှိပ်စက်ညှဉ်းပန်းခံရသဖြင့် အော်ဟစ်နေသော အသံများကို ကြားနေရပေသည်။ ဤလူယုတ်မာသည် သူကျူးလွန်ခဲ့သမျှသော ပြစ်မှုအားလုံးကို ဝန်ခံရန် အချိန်အများကြီး လိုတော့မည်မဟုတ်ကြောင်း ချူရွှမ် ယုံကြည်နေသည်။
ထို့ပြင်... သူ မင်းသားအိမ်တော်မှ ထွက်ခွာလာစဉ်အတွင်း လင်းရှောင်ကို ဖမ်းဆီးခဲ့ရုံတင်မကဘဲ၊ လင်းရှောင် လုယက်ထားသော ‘ဝိညာဉ်ဝါးမြိုမြက်’ ကိုပါ သိမ်းဆည်းလာခဲ့သည်။ သူသည် ဝမ်ရှောင်ဝူ၏ အိုမင်းမောပန်းနေသော မိခင်အိုကြီးကိုပါ ရုံးတော်သို့ ခေါ်ဆောင်လာခဲ့သည်။
“အဘွား... ကြည့်စမ်းပါဦး၊ ဒါ အဘွားရဲ့သား အသက်နဲ့လဲပြီး ရခဲ့တဲ့ ဝိညာဉ်ဆေးပင် မဟုတ်လား အခု... ဒီအရာရှိက ပိုင်ရှင်အစစ်အမှန်ထံ ပြန်လည် အပ်နှံပေးလိုက်ပါတယ်။ အဘွား ယူထားလိုက်ပါတော့။”
“အရာရှိမင်းကြီးချူ... အရာရှိမင်းကြီးက တကယ်ကို ဖြောင့်မတ်တည်ကြည်တဲ့ အရာရှိကောင်းပါပဲရှင်” ရင်းနှီးလှသော ဝိညာဉ်ဆေးပင်ကို ကြည့်ရင်း မိခင်အိုကြီးသည် ဝမ်းသာအားရ ငိုကြွေးတော့သည်။ “ဒါပေမဲ့... ကျွန်မရဲ့ သားလေးကတော့ ဘယ်တော့မှ ပြန်ရှင်လာမှာ မဟုတ်တော့ဘူး။ ဒီလို ဝိညာဉ်ဆေးပင်က ကျွန်မလို သာမန်အရပ်သားတစ်ယောက်အတွက် ဘာမှ အသုံးမဝင်ပါဘူး။ ဒါကြောင့် ဒီဆေးပင်ကို အရာရှိမင်းကြီးချူထံပဲ လက်ဆောင်အဖြစ် ဆက်သပါရစေ။”
“အဘွား... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲဗျာ။” ချူရွှမ်က လက်ကို ဝှေ့ယမ်းကာ ငြင်းပယ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ဤဝိညာဉ်ဝါးမြိုမြက်သည် ဝမ်ရှောင်ဝူ အသက်ပေးပြီး ရရှိခဲ့သော အရာဖြစ်သည်။ ဒါတင်မကသေးဘဲ သားဖြစ်သူ သေဆုံးသွားသဖြင့် အဘွားအိုကြီးတွင် ဝင်ငွေရလမ်း မရှိတော့ချေ။ အကယ်၍ ဤဝိညာဉ်ဆေးပင်ကိုသာ ရောင်းချလိုက်ပါက အဘွားအိုကြီးအနေဖြင့် တစ်သက်လုံး စားဝတ်နေရေးအတွက် စိုးရိမ်စရာ လိုတော့မည်မဟုတ်ချေ။
ချူရွှမ်သည် သူတစ်ပါး၏ အရာကို အလကား လုံးဝ မယူလိုပါချေ။ နောက်ဆုံးတွင် မတတ်သာသည့်အဆုံး ချူရွှမ်က။ “ဒီလိုလုပ်စို့ အဘွား... ငါ ဒီဝိညာဉ်ဆေးပင်ကို ငွေကြေးအပြည့်အဝပေးပြီး ဝယ်ယူလိုက်ပါ့မယ်...” ဟု ပြောရင်း ရွှေဒင်္ဂါးလက်မှတ်ကို ထုတ်ရန် ပြင်လိုက်သည်။
ထိုစဉ်... အပြင်ဘက်မှ အလျင်အစလို ပြေးဝင်လာသော ခြေသံများကို ကြားလိုက်ရသည်။ “အစ်ကိုချူ... မဟန်တော့ဘူးဗျ စတုတ္ထမင်းသားက သွေးရောင်ဝတ် အစောင့်တပ် အင်အားသုံးထောင်ကို ဦးဆောင်ပြီး ရုံးတော်ဆီကို ပြဿနာရှာဖို့ ချီတက်လာပြီ”
ဝုန်း
ထို့နောက်... ရုံးတော်တစ်ခုလုံး တုန်ခါသွားစေလောက်အောင် ပြင်းထန်လှသော မြင်းခွာသံများ ထွက်ပေါ်လာခဲ့သည်။ ချူရွှမ်၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့သည်။ ‘လာရမယ့်အရာက... နောက်ဆုံးတော့ ရောက်လာပြီပဲ။’
ကံကောင်းထောက်မစွာဖြင့်... ငါ့လက်ထဲမှာ ‘ပထမဧကရာဇ်ရဲ့ အမိန့်တော်’ ဆိုတဲ့ ဝှက်ဖဲကြီး ရှိနေသေးတာပဲ။ ဒီအရာကို ထုတ်ပြလိုက်တာနဲ့... မင်းသားတစ်ပါးတင်မကဘူး၊ ဧကရာဇ်ကိုယ်တိုင် ရောက်လာရင်တောင် ငါ ဘာမှ ကြောက်နေစရာ မလိုဘူး။ စာလွှာအတွင်းရှိ အကြောင်းအရာများကို တွေးမိသောအခါ ချူရွှမ်၏ ရင်ထဲတွင် ယုံကြည်မှုများ ပိုမို ပြည့်နှက်လာခဲ့သည်။ သူသည် ချက်ချင်းပင် အမိန့်ပေးလိုက်သည်။
“ကျန်းလုံ... အဘွားအိုကြီးကို သေသေချာချာ စောင့်ရှောက်ထားလိုက်။ ကျောက်ဟူ... လင်းရှောင်ကို ဆက်ပြီး စစ်ဆေးစမ်း၊ သူ ကလေးဘဝတုန်းက ဘောင်းဘီထဲ သေးပေါက်ခဲ့တဲ့ အချိန်ကစပြီး အကုန်လုံး ဝန်ခံလာအောင် စစ်ဆေးစမ်း”
“စီနီယာတို့... နှစ်ယောက်လုံး ကျွန်တော်နဲ့အတူ အပြင်ကို လိုက်ခဲ့ကြ”
ချူရွှမ်သည် နတ်အဆင့် နဝမအလွှာ ကျွမ်းကျင်သူနှစ်ဦးဖြစ်သော ဝမ်ချောင်နှင့် မာဟန့်တို့ကို ခေါ်ဆောင်ကာ အပြင်သို့ ထွက်ခွာခဲ့သည်။ သူတို့သည် စစ်ပွဲအတွင်း အမိန့်ကို ထိန်းသိမ်းရန်အတွက် အကောင်းဆုံး ကျွမ်းကျင်သူများဖြစ်ကြပြီး... တစ်ဦးချင်းစီမှာ သွေးရောင်ဝတ် အစောင့် ရာဂဏန်းကို အလွယ်တကူ တိုက်ခိုက်နိုင်စွမ်း ရှိကြသည်။
ဒါတင်မကသေးဘဲ... အရာရှိရုံးတော်နှင့် မလှမ်းမကမ်းတွင် ကောင်းကင်အကျဉ်းထောင် တည်ရှိသည်။ အကျဉ်းထောင်မှူး ‘ဝမ်ရှန့်’ သည် အပြင်ဘက်မှ ဆူညံသံများကို ကြားရသောအခါ... ကူညီပေးရန်အတွက် နတ်အဆင့် အကျဉ်းထောင်စောင့် အမြောက်အမြားကို ဦးဆောင်ကာ အလျင်အမြန် ရောက်ရှိလာခဲ့သည်။ သူသည် စတုတ္ထမင်းသား၏ ဒေါသတကြီးမျက်နှာကို မြင်လိုက်ရသောအခါ လန့်သွားကာ။၏ “စတုတ္ထမင်းသား... မင်းသားရဲ့ မျက်နှာက ဘာလို့ ဖူးယောင်ညိုမည်းနေရတာလဲ တစ်စုံတစ်ယောက်က မင်းသားကို ရိုက်နှက်ခဲ့လို့လား”
“ဝူး...”
စတုတ္ထမင်းသားသည် ဒေါသတကြီး ဟိန်းဟောက်လျက် ဝမ်ရှန့်ကို လက်ညှိုးထိုးကာ “ဝမ်... မောင်မင်းက သိရက်နဲ့ မသိချင်ယောင်ဆောင်ပြီး ငါမင်းသားကို တမင် အရှက်ခွဲနေတာလား အဲဒီချူရွှမ်က မောင်မင်းကိုယ်တိုင် ရာထူးတိုးပေးထားတဲ့ မောင်မင်းရဲ့ အချစ်ဆုံး လက်အောက်ငယ်သားလေ။ သူ ငါမင်းသားကို ရိုက်နှက်ခဲ့တာကို မောင်မင်း မသိဘူးလို့ ပြောချင်တာလား”
“ချူ... မင်းမှာ သတ္တိရှိရင် ထွက်လာပြီး အသေခံစမ်း” စတုတ္ထမင်းသား လုံးဝ ရူးသွပ်နေခဲ့ပြီ ဖြစ်သည်။
သူ့ဘေးရှိ လင်းစစ်သူကြီးကလည်း ဒေါသတကြီးဖြင့် “အဲဒီ ယုတ်ညံ့တဲ့ ကွပ်မျက်သူကောင် ငါ့ရဲ့ သားလေးက သာမန်အရပ်သားတစ်ယောက်ကို အရှိန်လွန်ပြီး ကန်မိသွားလို့ သေသွားတာက... ဘာအရေးကြီးလို့လဲ၊ မင်းက ငါ့သားကို ဖမ်းဆီးရဲတယ်ပေါ့။ မင်း တကယ်ပဲ အသက်ရှင်ချင်သေးရင် ငါ့သားကို အခုချက်ချင်း လွှတ်ပေးစမ်း၊ မဟုတ်ရင်တော့...”
“မဟုတ်ရင် ဘာဖြစ်မှာလဲ... ဒီခွေးအိုကြီးရဲ့၊ မင်းက ငါ့ရဲ့ အရာရှိရုံးတော်ကို အတင်းအဓမ္မ ကျူးကျော်ဝင်ရောက်ဝံ့လို့လား၊ မဟာချင်ပြည်ရဲ့ တရားဥပဒေအရ... အဆင့် ၅ အရာရှိဖြစ်တဲ့ ငါ့မှာ ‘အရင်သတ်ပြီးမှ အစီရင်ခံပိုင်ခွင့်’ ရှိတယ်၊ ကိုယ့်ထက် ရာထူးတစ်ဆင့်မြင့်တဲ့သူကို တိုက်ရိုက် သတ်ပိုင်ခွင့်ရှိတယ်။ မင်းက အဆင့် ၄ စစ်သူကြီးတစ်ယောက်ပဲ ဖြစ်လို့... ငါ့ရဲ့ ဓားအောက်ကို တိုက်ရိုက် ရောက်ရှိနေတာ။ မင်းမှာ သတ္တိရှိရင် ရှေ့ကို တစ်လှမ်းတိုးပြီး စမ်းသပ်ကြည့်လိုက်စမ်း”
ရုံးတော်၏ တံခါးကြီး ပွင့်ဟသွားခဲ့သည်။
ချူရွှမ်သည် ဝမ်ချောင်နှင့် မာဟန့်တို့ကို ဘေးဝဲယာတွင် ခြံရံလျက် ခန့်ညားစွာ ထွက်ခွာလာခဲ့သည်။ သို့သော်လည်း ဝမ်ရှန့်ကို မြင်လိုက်ရသောအခါ ချူရွှမ်သည် ချက်ချင်းပင် ပြုံးရွှင်သော မျက်နှာအမူအရာသို့ ပြောင်းလဲလိုက်ပြီး။ “ဂါရဝပြုပါတယ် အကျဉ်းထောင်မှူးကြီး။” ဟု နှုတ်ဆက်လိုက်သည်။
သူ၏ အရှေ့အနောက် မတူညီလှသော အမူအရာပြောင်းလဲမှုကြောင့်... လင်းစစ်သူကြီးမှာ ဒေါသကြောင့် သွေးအန်မတတ် ဖြစ်သွားခဲ့ရသည်။ ဝမ်ရှန့်ကိုယ်တိုင်လည်း နေရာမှာတင် ဆွံ့အသွားခဲ့ရသည်၊ ဘာပဲဖြစ်ဖြစ် ဤကောင်လေး ရာထူးတက်ခါစတွင် ဆူပွက်အောင် လုပ်လိမ့်မည်ဟု သူသိထားသော်လည်း... ဤမျှအထိ ကြီးမားသော မုန်တိုင်းကို ဖန်တီးလိမ့်မည်ဟု မထင်ထားမိချေ။ သူက တော်ဝင်မင်းသားကိုတောင် ရိုက်နှက်ရဲသည် မဟုတ်ပါလား။ ဝမ်ရှန့်ကိုယ်တိုင်ပင်လျှင် သူ့ကို အရှုံးပေးရတော့မည် ဖြစ်သည်။
စတုတ္ထမင်းသား၏ မျက်နှာမှာ သံမဏိထက်ပင် ပိုမို စိမ်းဖတ်သွားခဲ့ရသည်။ “ချူရွှမ်... မင်း မောက်မာမနေနဲ့ဦး ဒီနေ့... ငါမင်းသား မင်းကို ဘယ်လိုသေရမလဲဆိုတာ ပြသပေးမယ် ဟေ့လူတွေ... ‘စစ်ဗျူဟာအခင်းအကျင်း’ ကို ဖွဲ့စည်းပြီး၊ သူ့ကို ဝိုင်းရံသတ်ဖြတ်ကြစမ်း”
“စတုတ္ထမင်းသား... လုံးဝ မလုပ်ပါနဲ့” ဝမ်ရှန့်၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့သည်။
စစ်ဗျူဟာအခင်းအကျင်းဟူသည်... အားနည်းသူများက အားသာသူများကို အရေအတွက်ဖြင့် ဖိနှိပ်တိုက်ခိုက်ရာတွင် အသုံးပြုသော တော်ဝင်စစ်တပ်၏ ကြောက်မက်ဖွယ်ကောင်းသော လက်နက်ကြီး ဖြစ်သည်။ မဟာဆရာသခင်အောက်ခြေရှိ မည်သည့်ကျွမ်းကျင်သူမျှ ၎င်းကို မခုခံနိုင်ချေ၊ အထူးသဖြင့် ဤစစ်ဗျူဟာကို သွေးရောင်ဝတ် အစောင့်တပ်များက ဖွဲ့စည်းထားခြင်း ဖြစ်သောကြောင့်ပင်။ ဝမ်ရှန့်က ကြားကနေ ဝင်ရောက်ဖျန်ဖြေရန် ပြင်လိုက်သည်။
သို့သော်လည်း ချူရွှမ်က တည်ငြိမ်စွာဖြင့် လက်ကို ဝှေ့ယမ်းကာ တားဆီးလိုက်သည်။ “အကျဉ်းထောင်မှူး... သူ့ကို လာခိုင်းလိုက်စမ်းပါ။ သူ့ကံဆိုးမလား၊ ကျွန်တော်ကံဆိုးမလားဆိုတာ စောင့်ကြည့်ရုံပေါ့”
အဆိုးဆုံးဖြစ်လာရင်လည်း... ငါ့လက်ထဲက ‘ပထမဧကရာဇ်ရဲ့ အမိန့်တော်’ ကို ထုတ်ပြလိုက်ရုံပဲ။ ဧကရာဇ်ကိုတောင် ပလ္လင်ပေါ်က ဆွဲချနိုင်တဲ့အရာမို့... သာမန်မင်းသားတစ်ပါးကိုတော့ ပြောနေစရာတောင် မလိုဘူး။ ဒါက ချူရွှမ်၏ တော်ဝင်မျိုးနွယ်စုကို ရင်ဆိုင်ရာတွင် အရှိဆုံးသော ယုံကြည်မှု ဖြစ်သည်။ ဘေးရှိ ဝမ်ရှန့်သည်လည်း ဤအချက်ကို တွေးမိသွားပုံရသည်။
သူသည် ချက်ချင်းပင် ချူရွှမ်ကို အလွန်အမင်း စူးစမ်းလိုသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ ‘ဒီကောင်လေးက... အဲဒီအရာကို ထုတ်သုံးဖို့ ကြံစည်နေတာလား၊ ဒါပေမဲ့ ထိုအမိန့်တော်ထဲမှာ ဘာတွေ ရေးထားလို့... ဒီကောင်လေးက ဤမျှအထိ ယုံကြည်မှု ပြည့်ဝနေရတာလဲ’ ဝမ်ရှန့်၏ ရင်ထဲတွင် စူးစမ်းလိုစိတ်များ ပြင်းထန်လာခဲ့ပြီး... ချူရွှမ်က ယုံကြည်မှုရှိနေသဖြင့် သူ ထပ်မံ မတားဆီးတော့ချေ။
ဝမ်ရှန့် နောက်ဆုတ်သွားသည်ကို မြင်ရသောအခါ စတုတ္ထမင်းသားသည် မြို့စောင့်အကျဉ်းထောင်ဌာနတစ်ခုလုံး ကြောက်လန့်သွားပြီဟု ထင်မှတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ်... သူက အနာဂတ်ရဲ့ ဧကရာဇ်လေ၊ သာမန် ကွပ်မျက်သူတစ်ဦး၏ လူအများရှေ့မှာ ရိုက်နှက်ခြင်းကို ဘယ်လိုလုပ် ခံယူနိုင်ပါမည်နည်း။
“ကဲ... အခုချက်ချင်း သူ့ကို သတ်ပစ်ကြစမ်း”
“စတုတ္ထမင်းသား... ထောက်ညှာပေးပါဦး ဘုရား၊ ထောက်ညှာပေးပါဦး အရာရှိချူကို သတ်လို့ မဖြစ်ပါဘူး ဘုရား၊ လုံးဝ သတ်လို့ မရပါဘူး...”
ရုတ်တရက်... ဝေးကွာသော နေရာမှ စူးရှလှသော အသံတစ်ခု အလျင်အမြန် ပျံလွင့်လာခဲ့ပြီး၊ သူ၏ လက်ထဲတွင် တော်ဝင်အမိန့်တော်တစ်ခုကို ကိုင်ဆောင်ထားခဲ့သည်။ နှစ်ဖက်စလုံး ထိပ်တိုက်တွေ့တော့မည့် အခိုက်အတန့်တွင်... မိန်းမစိုးအိုကြီး လျိုကျင်းသည် ကြားထဲသို့ အသက်လုကာ ပြေးဝင်လာခဲ့ပြီး တော်ဝင်အမိန့်တော်ကို အလျင်အမြန် ဖြန့်လိုက်တော့သည်။
“ကောင်းကင်ဘုံ၏ အမိန့်တော်အရ... ဧကရာဇ်မင်းမြတ် မိန့်ကြားသည်မှာ။ အရာရှိ ချူရွှမ်သည် တရားဥပဒေကို ဖြောင့်မတ်တည်ကြည်စွာ ဆောင်ရွက်ပြီး မည်သည့်အာဏာကိုမျှ မကြောက်ရွံ့ဘဲ... အရာရှိအားလုံး၏ စံပြပုဂ္ဂိုလ်တစ်ဦး အမှန်ပင် ဖြစ်ပေသည်။ ငါကိုယ်တော်တိုင် အလွန်ပင် ဝမ်းမြောက်မိပေသည်။ စကားပုံအရ... ညီအစ်ကိုများ စိတ်တူကိုယ်တူ ရှိကြလျှင် သူတို့၏ စွမ်းအားက သံမဏိကိုပင် ဖြတ်တောက်နိုင်သည်ဟု ဆိုကြသည်။ ထို့ကြောင့်... ငါကိုယ်တော်သည် ချူရွှမ်အား ‘တော်ဝင်ညီတော်’ အဖြစ် အသိအမှတ်ပြုကာ၊ ချူမျိုးနွယ်အား တော်ဝင်မျိုးနွယ်အဖြစ် ချီးမြှင့်ပြီး၊ ချူရွှမ်အား မဟာချင်ပြည်၏ ‘တော်ဝင်ဦးရီးတော်’ အဖြစ် တရားဝင် ခန့်အပ်လိုက်သည်”
ဤတော်ဝင်အမိန့်တော်ကို ကြားလိုက်ရသောအခါ... ချူရွှမ်ကိုယ်တိုင်ပင်လျှင် လုံးဝ ဆွံ့အ ဇဝေဇဝါ ဖြစ်သွားခဲ့ရတော့သည်။ “ဒါ ဘာတွေလဲ ငါက မဟာချင်ပြည်ရဲ့ တော်ဝင်ညီတော် ဖြစ်သွားတာလား၊ တော်ဝင်မျိုးနွယ် ဟုတ်လား”