အခန်း (၂၀၈၇-၂၀၈၈)
Vol. 209 Ch. 2087-2088
အခန်း (၂၀၈၇) တကယ့်ကို အကောင်းဆုံး ကံတရားပဲ
“ရှူရှန့်... မင်းရဲ့ ဒီစင်ကြယ်တဲ့ သွေးဗောဓိသီးက ဘယ်ကနေ ရလာတာလဲ”
ဝေကွမ်ရှောက်က ရုတ်တရက် အသံကျယ်ကြီးဖြင့် အတင်းအဓမ္မ မေးခွန်းထုတ် စစ်ဆေးလိုက်တော့သည်။
တောင်ကုန်းအသီးသီးမှ ဆရာများသည်လည်း ရှူရှန့်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြ၏။
“ဘယ်က ရလာတာလဲ ဟုတ်လား... သူတပါးကို အကူအညီအနည်းငယ် ပေးခဲ့လို့၊ အဲ့ဒီလူက လက်ဆောင်ပေးထားတာလေ”
ရှူရှန့်က မျက်မှောင်ကြုတ်လိုက်ရင်း -
“ဒါကိုတောင် လိုက်မေးနေသေးတယ်၊ ဒါဆို မင်းတို့ကျိုကျိတောင်ရဲ့ စင်ကြယ်တဲ့ သွေးဗောဓိသီးကကော ဘယ်ကနေ ရလာတာလဲ”
“ငါ...”
ဝေကွမ်ရှောက်သည် တစ်ခဏမျှ စကားအဆို့ခံလိုက်ရပြီး ဆွံ့အသွားခဲ့ရကာ၊ လူအများစုမှာလည်း ကျိုကျိတောင်သည် ဤကဲ့သို့သော စင်ကြယ်သည့် သွေးဗောဓိသီးကို မည်ကဲ့သို့သော နေရာမှ ရရှိထားသနည်းဟူသည်ကို အလွန်တရာ သိရှိလိုစိတ် ပြင်းပြနေကြသည်။
အချို့သော ဆရာများသည် ဤအခွင့်အရေးကို အသုံးချကာ ချက်ချင်းပင် ဝိုင်းဝန်း မေးမြန်းကြတော့သည်။
“မေးနေကြတာ၊ ဘာတွေကို လိုက်မေးနေကြတာလဲ၊ စင်ကြယ်တဲ့ သွေးဗောဓိသီးကို ဘယ်ကရလဲဆိုတာ မင်းတို့ကို အကုန်လိုက်ပြောပြနေရမှာလား”
ဝေကွမ်ရှောက်သည် အလွန်တရာ ဒေါသထွက်လွန်းသဖြင့် ရယ်မောမိသွားခဲ့ပြီးနောက်၊ ဝတ်ရုံလက်အင်္ကျီကို ခါယမ်းကာ ဤနေရာမှနေ၍ တိုက်ရိုက် ထွက်ခွာသွားခဲ့တော့သည်။
“ဒီကောင်က စွမ်းရည်ပိုင်းကတော့ မပြောပလောက်ဘူး၊ အကျင့်စရိုက်ကတော့ တော်တော်လေး ဆိုးတာပဲ၊ မင်းတို့လည်း ဆက်မမေးနေကြနဲ့တော့၊ စင်ကြယ်တဲ့ သွေးဗောဓိသီးလိုမျိုး ရတနာပစ္စည်းကို ဘယ်ကရလဲဆိုတာ မင်းတို့ကို လိုက်ပြောနေရမလား”
ရှူရှန့်က လက်ကို ဝှေ့ယမ်းလိုက်ပြီးနောက်၊ ထိုဆရာအုပ်စုကို လုံးဝ ဂရုမစိုက်တော့ဘဲ၊ မိမိ၏ လက်ထဲတွင် ရှိနေသော စင်ကြယ်သည့် သွေးဗောဓိသီးများကို ဖန့်ချန်နှင့် ဝမ်ချုံစန်း တို့ထံသို့ အသီးသီး ခွဲဝေ ပေးအပ်လိုက်တော့သည်။
ဝမ်ချုံစန်းသည် မိမိကိုယ်တိုင်လည်း စင်ကြယ်သည့် သွေးဗောဓိသီးတစ်လုံး ရရှိလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့သဖြင့်၊ တစ်ခဏမျှ ထိုပစ္စည်းကို လက်နှစ်ဖက်ဖြင့် ပွေ့ပိုက်ထားရင်း မယုံကြည်နိုင်လောက်အောင် ဖြစ်နေမိကာ၊ ကြောင်တောင်တောင်ကြီးဖြင့် ရှူရှန့်ကို စိုက်ကြည့်နေမိရှာသည်။
“မင်းက ငါ့ကို ဘာလို့ လိုက်ကြည့်နေတာလဲ”
ရှူရှန့်က မျက်မှောင်ကြုတ်လိုက်ရင်း -
“မြန်မြန် မျိုမချသေးဘူးလား၊ အကယ်၍ မင်းရဲ့ လက်ထဲမှာပဲ ဆက်ထားနေမယ်ဆိုရင်၊ ရက်အနည်းငယ်အတွင်းမှာပဲ ဘယ်သူက လုယူသွားမလဲဆိုတာ မင်းကိုယ်တိုင်တောင် သိလိုက်ရမှာ မဟုတ်ဘူး”
ဝမ်ချုံစန်းသည် ချက်ချင်းပင် ပတ်ဝန်းကျင် အရပ်ရပ်မှ ပူပြင်းတောက်လောင်ပြီး ကြောက်မက်ဖွယ် ကောင်းလှသော မျက်ဝန်းအကြည့်များကို ခံစားလိုက်ရသဖြင့်၊ စကားတစ်ခွန်းမျှ ထပ်မဆိုတော့ဘဲ စင်ကြယ်သည့် သွေးဗောဓိသီးကို တစ်လုပ်တည်းဖြင့် အတင်းအဓမ္မ မျိုချလိုက်တော့သည်။
ဖန့်ချန်သည်လည်း တစ်ချက်မျှ တုံ့ဆိုင်းသွားခဲ့သော်လည်း၊ မိမိ၏ လက်ထဲတွင် ရှိနေသော စင်ကြယ်သည့် သွေးဗောဓိသီးကို ဝမ်းဗိုက်ထဲသို့ မျိုချလိုက်၏။
ထိုအခါ ကြောက်မက်ဖွယ် ကောင်းလှသော ပူပြင်းသည့် အပူလှိုင်းလုံးကြီးများသည် သူ၏ ခန္ဓာကိုယ်အတွင်း၌ အဆက်မပြတ် လှည့်လည် စီးဆင်းသွားခဲ့ကြပြီး၊ သူ၏ နောက်ကွယ်ရှိ ခမ်းနားထည်ဝါလှသော အတွင်းကမ္ဘာနယ်မြေကြီးသည် ရုတ်တရက်ဆိုသလိုပင် သာမန်မျက်စိဖြင့် ထင်ရှားစွာ မြင်တွေ့နိုင်လောက်သည့် အရှိန်အဟုန်ဖြင့် စတင်၍ ကျစ်လျစ်ခိုင်မာလာခဲ့တော့သည်။
ဝမ်ချုံစန်းသည်လည်း ထိုနည်းတူပင် ဖြစ်၏။
၎င်းတို့နှစ်ဦးစလုံးသည် စင်ကြယ်သည့် သွေးဗောဓိသီး၏ အလွန်တရာ ဆန်းပြားထူးခြားလှသော စွမ်းအား အာနိသင်ကို ကောင်းစွာ ခံစားသိရှိလိုက်ကြရသည်။
ကုန်လွန်သွားသည့် စက္ကန့်တိုင်း စက္ကန့်တိုင်းသည် လှိုဏ်ဂူနန်းတော်အတွင်း၌ နှစ်ပေါင်း ဆယ်ဂဏန်းမက ကျင့်ကြံနေခဲ့ရသကဲ့သို့သော ခံစားချက်မျိုးကို ပေးစွမ်းနေခဲ့ချေပြီ။
“တကယ့်ကို ကြောက်စရာကောင်းတဲ့ တိုးတက်မှု အရှိန်အဟုန်ပဲ ”
“ဒီနှစ်ယောက်ရဲ့ အတွင်းကမ္ဘာနယ်မြေက၊ အဆက်မပြတ် ပိုပြီးတော့ အားကောင်းလာနေတာပဲ၊ အခြေခံအနှစ်သာရပိုင်းကလည်း ပိုပြီးတော့ ခိုင်မာထည်ဝါလာခဲ့ပြီ၊ အကယ်၍ နောင်တစ်ချိန်မှာ သူတော်စင်အဆင့်ကို တက်လှမ်းအောင်မြင်ခဲ့မယ်ဆိုရင်၊ အဲ့ဒီအခြေခံပိုင်းက တကယ့်ကို တောင့်တင်းခိုင်မာနေမှာ သေချာတယ်...”
အတိုင်းအဆမရှိလှသော အားကျမနာလိုဖြစ်သည့် မျက်ဝန်းအကြည့်များသည် ထိုနှစ်ဦး၏ ခန္ဓာကိုယ်ထက်သို့ ကျရောက်နေကြသည်။
အချို့သော ကမ္ဘာတည်ဆောက်ခြင်းအဆင့် သူတော်စင်များပင်လျှင် စိတ်ထဲ၌ အားကျမနာလိုခြင်းများကို ခံစားနေရ၏။
အကယ်၍ ၎င်းတို့သည် တစ်ပိုင်းသူတော်စင်အဆင့်တွင် ရှိနေစဉ်က ယခုကဲ့သို့သော သူတော်စင်ဆေးဝါးကို သုံးစွဲခွင့် ရခဲ့မည်ဆိုပါက၊ ယခုအချိန်တွင် ရှိနေမည့် စွမ်းရည်အဆင့်အတန်းသည် မူလအခြေခံထက်စာလျှင် အနည်းဆုံး တစ်ပုံမှ သုံးပုံအထိ ပိုမို၍ အားကောင်းနေနိုင်ပေသည်။
ဤကဲ့သို့သော တိုးတက်မှုအဆင့်အတန်းကို အထင်အမြင်သေး၍ လုံးဝ မရနိုင်ချေ၊ ၎င်းတို့ကဲ့သို့သော ကျင့်စဉ်အဆင့်အတန်းသို့ ရောက်ရှိလာချိန်တွင်မူ၊ စွမ်းရည်ပိုင်း အနည်းငယ်မျှ တိုးတက်လာခြင်းသည်ပင်လျှင် ဗျောက်အိုးများ ဖောက်၍ အောင်ပွဲခံ ဂုဏ်ပြုရလောက်သည့် ကိစ္စရပ်မျိုး ဖြစ်ပေသည်။
“စင်ကြယ်တဲ့ သွေးဗောဓိသီး... စင်ကြယ်တဲ့ သွေးဗောဓိသီး... အဲ့ဒီ ဖန့်ချန်ကတော့ သူတော်စင်အဆင့်ကို တက်လှမ်းဖို့ အခွင့်အရေး ရသွားခဲ့ပြီပေါ့၊ ဟီးဟီးဟီး...”
မေဒေါင်ကွမ်းက တိုးညင်းစွာဖြင့် ထူးဆန်းစွာ ရယ်မောလိုက်သည်။
ဒီလိုမျိုး အခြေအနေမှာတောင် သူက ရယ်မောနိုင်သေးတာလား။
ကျိလင်၏ မျက်နှာတစ်ခုလုံးသည် အလွန်တရာ ပျက်ယွင်း ညိုမှောင်သွားခဲ့ရပြီး၊ အလွန်တရာ မသိမသာလှသော ရွံရှာမုန်းတီးသည့် မျက်ဝန်းအကြည့်များဖြင့် မေဒေါင်ကွမ်းကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက်၊ မိမိ၏ လက်ဖဝါးကို အလိုအလျောက် တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိတော့သည်။
ဝူချုံးသည် ကျိလင်၏ လက်ဖဝါးအတွင်းမှ နာကျင်မှု အချို့ကို ခံစားလိုက်ရသဖြင့်၊ မသိမသာ မျက်မှောင်ကြုတ်လိုက်မိပြီး၊ လက်ကို ပြန်လည်၍ ကျိလင်၏ လက်ဖမိုးထက်သို့ ညင်သာစွာ ပုတ်လိုက်ရင်း -
“ကိစ္စမရှိပါဘူး၊ နင်က အစောကြီးကတည်းက စွမ်းအင်စုစည်းခြင်းအဆင့် သူတော်စင် ဖြစ်နေခဲ့တာပဲဥစ္စာ”
ဟု ဆိုလိုက်၏။
“ဟုတ်ပါတယ်...”
ကျိလင်သည် ထိုစကားကို ကြားလိုက်ရချိန်တွင်မှသာ၊ စိတ်ထဲ၌ ပြန်လည်၍ သက်သာရာရကာ လျှော့ချလိုက်နိုင်တော့သည်။
ရွှမ်ပုထုံ အပါအဝင် လူသုံးဦးစလုံးသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြ၏။
“ဝမ်ချုံစန်းက ကရုဏာတောင်ရဲ့ လက်အောက်ကို ဝင်ရောက်ကျင့်ကြံတာ နှစ်ပေါင်း နှစ်ရာကျော်လောက်ပဲ ရှိသေးတာကို၊ ဒီလိုမျိုး အခွင့်အရေး အဆင့်အတန်းကို ရရှိပိုင်ဆိုင်နိုင်တာလား ”
“အကယ်၍ အတိတ်တုန်းက ငါတို့သာ စင်ကြယ်တဲ့ သွေးဗောဓိသီးကို သုံးစွဲခွင့် ရခဲ့မယ်ဆိုရင်၊ ငါတို့တွေ ဘယ်လိုနည်းနဲ့မှ တခြားတောင်ကုန်းကို ပြောင်းရွှေ့သွားမှာ မဟုတ်ဘူး...”
လုကျိုဝမ့်က တိုးညင်းစွာ ရေရွတ်လိုက်မိရှာသည်။
“မတရားဘူး”
ချိုင်စီရှို့၏ မျက်နှာအမူအရာသည် အလွန်တရာ ကြည့်ရဆိုးလှပေရာ၊ ဖန့်ချန်တို့နှစ်ဦးကို ကြည့်ရှုနေသည့် မျက်ဝန်းအကြည့်များထဲ၌ အမုန်းတရားနှင့် မနာလိုခြင်း အရိပ်အယောင်များဖြင့် ပြည့်နှက်နေခဲ့ချေပြီ။
“မိတ်ဆွေနှစ်ယောက်... အခွင့်အရေး ရှိမယ်ဆိုရင်တော့ အဲ့ဒီနှစ်ယောက်ကို စွမ်းအားရှင်အဖွဲ့ ထဲ ဝင်ဖို့ ဆန္ဒရှိမရှိ ဆိုတာကို မေးမြန်းကြည့်ရဦးမယ်”
မိုရှဲ့သည် မည်သည့်အချိန်က ရောက်ရှိလာခဲ့သည်မသိဘဲ ချိုင်စီရှို့နှင့် လုကျိုဝမ့် တို့၏ ဘေးနားသို့ ရောက်ရှိလာခဲ့ပြီး၊ အတွင်းကမ္ဘာနယ်မြေ၏ စွမ်းအင်လှိုင်းများ အဆက်မပြတ် ကျစ်လျစ်ခိုင်မာလာနေကာ အခြေခံပိုင်း ပိုမိုထည်ဝါလာနေသော ဖန့်ချန်နှင့် ဝမ်ချုံစန်း တို့ကို တည်ငြိမ် လေးနက်သော မျက်နှာအမူအရာဖြင့် စိုက်ကြည့်ရင်း ဆိုလိုက်သည်။
မိုရှဲ့၏ စကားကို ကြားလိုက်ရချိန်တွင် ထိုနှစ်ဦး၏ ရင်ထဲ၌ ပိုမို၍ နေရထိုင်ရ ခက်ခဲသွားခဲ့ရတော့သည်။
ယခုအချိန်အထိပင်၊ တစ်ဖက်လူသည် ဖန့်ချန်ကို စွမ်းအားရှင်အဖွဲ့အစည်းထဲသို့ ဝင်ရောက်စေရန် စိတ်ကူးနေဆဲ ဖြစ်ပါသလား။
“စီနီယာ မိုရှဲ့... ဒီစင်ကြယ်တဲ့ သွေးဗောဓိသီးက၊ တကယ်တမ်းကျတော့ တစ်ပိုင်းသူတော်စင်တွေအတွက် ဘယ်လောက်အထိ အကူအညီ ဖြစ်စေတာလဲ”
ချိုင်စီရှို့က တိုးညင်းသောအသံဖြင့် မေးမြန်းလိုက်သည်။
ကျိလင်သည်လည်း စိတ်လှုပ်ရှားသွားခဲ့ရပြီး မိုရှဲ့ကို လှည့်ကြည့်လိုက်၏။
ဘယ်သူမှ သတိမထားမိကြသည့် အခြေအနေအောက်တွင်၊ ရူးသွပ်နေသည့် အမူအရာ ဖြစ်နေသော မေဒေါင်ကွမ်း၏ မျက်ဝန်းအကြည့် အစွန်းအစလေးသည်လည်း ထိုနည်းတူပင် မိုရှဲ့၏ ခန္ဓာကိုယ်ထက်သို့ ကျရောက်နေခဲ့သည်။
မိုရှဲ့က ဖန့်ချန်ကို စိုက်ကြည့်နေရင်း၊ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် -
“စင်ကြယ်တဲ့ သွေးဗောဓိသီးက တစ်ပိုင်းသူတော်စင်တွေအတွက် အကူအညီ ဖြစ်စေတာကတော့၊ အခြေခံအုတ်မြစ် တည်ဆောက်ထားတဲ့အပေါ်မှာ၊ အဲ့ဒီအခြေခံအုတ်မြစ်ကို နောက်ထပ် တစ်ဆလောက် ပိုပြီးတော့ မြင့်တက်လာအောင် လုပ်ပေးလိုက်တာနဲ့ ညီမျှတယ်။
မင်းတို့လည်း သိကြတဲ့အတိုင်း ငါတို့ကျောင်းတော်ရဲ့ လှိုဏ်ဂူတွေမှာ ထူးခြားတဲ့ နတ်ဘုရားစွမ်းရည်တစ်ခု ရှိနေခဲ့တယ်။ ဒီနတ်ဘုရားစွမ်းရည်က မင်းတို့ကို တစ်ပိုင်းသူတော်စင်အဆင့်မှာ ရှိနေစဉ်ကတည်းက၊ စွမ်းအင်စုစည်းခြင်းအဆင့် သူတော်စင်တွေရဲ့ ထူးခြားတဲ့ အလှည့်အပြောင်းတွေကို ကြိုတင် ခံစားသိရှိနိုင်စေတာမျိုးပဲ။ ဒါကို ပြောရမယ်ဆိုရင်တော့ အခြေခံအုတ်မြစ် တည်ဆောက်တာပဲ ဖြစ်ပြီး၊ အစောပိုင်း သင်ယူမှုကာလကို နှစ်ပေါင်း တစ်ထောင်လို့ သတ်မှတ်ပေးထားရခြင်းရဲ့ အကြောင်းရင်းကလည်း... ဘာဖြစ်လို့လဲဆိုတော့ နှစ်ပေါင်း တစ်ထောင် ကုန်လွန်သွားခဲ့ပြီးနောက်မှာ၊ လှိုဏ်ဂူရဲ့ နတ်ဘုရားစွမ်းရည်က မင်းတို့အပေါ်မှာ လုံးဝ အာနိသင် မရှိတော့လို့ပဲ ဖြစ်တယ်။
မင်းတို့အနေနဲ့ လှိုဏ်ဂူ ရဲ့ ဒီလိုမျိုး ကောင်းမွန်တဲ့ အကျိုးကျေးဇူးကို၊ အဆင့်နိမ့် စင်ကြယ်တဲ့ သွေးဗောဓိသီး တစ်လုံးအနေနဲ့ မှတ်ယူလို့ ရနိုင်တာမျိုးပေါ့...”
“အဆင့်နိမ့် စင်ကြယ်တဲ့ သွေးဗောဓိသီး ဟုတ်လား”
“မှန်တယ်၊ ဒါပေမဲ့ ငါတို့ရဲ့ ရည်မှန်းချက်ကတော့၊ စွမ်းအင်စုစည်းခြင်းအဆင့် သူတော်စင်အဖြစ် တက်လှမ်းဖို့ပဲ ဖြစ်တယ်၊ ဘယ်လောက်အထိ စောစော တက်လှမ်းနိုင်မလဲဆိုတာ ပိုပြီးတော့ ကောင်းလေပဲ၊ ကျောင်းတော်ကနေ မောင်းထုတ်ခံရမယ့် အခြေအနေမျိုးကို နောက်ကျပြီးမှ မကြုံတွေ့ရလေ ပိုကောင်းလေပေါ့။
အခု သူတို့ သုံးစွဲလိုက်တဲ့ စင်ကြယ်တဲ့ သွေးဗောဓိသီးကတော့၊ တိုတောင်းလှတဲ့ အချိန်ကာလအတွင်းမှာပဲ၊ သူတို့ကို လှိုဏ်ဂူထဲမှာ နှစ်ပေါင်း ထောင်ဂဏန်း၊ ဒါမှမဟုတ် နှစ်ပေါင်း သောင်းဂဏန်းမက ကျင့်ကြံနေရသလိုမျိုး ထူးခြားတဲ့ အာနိသင်ကို ခံစားသိရှိသွားစေတာ ဖြစ်တယ်”
မိုရှဲ့က သက်ပြင်းတစ်ချက် ချလိုက်မိရင်း -
“စင်ကြယ်တဲ့ သွေးဗောဓိသီးကို သုံးစွဲခွင့်ရခဲ့တဲ့ တစ်ပိုင်းသူတော်စင် အများစုကတော့၊ အစောပိုင်း သင်ယူမှုကာလအတွင်းမှာတင် သူတော်စင်အဆင့်ကို တက်လှမ်း အောင်မြင်သွားနိုင်ကြတယ်၊ ဥပမာအနေနဲ့ အဲ့ဒီ ဝမ်ချုံစန်းပေါ့၊ သူ့မှာ နောက်ထပ် နှစ်ပေါင်း ရှစ်ရာလောက် အချိန်ကျန်နေသေးတာဆိုတော့၊ ဒီလိုမျိုး ကြောက်မက်ဖွယ်ကောင်းတဲ့ အာနိသင်ကို ချေဖျက် စုပ်ယူဖို့အတွက် လုံလောက်တဲ့ အချိန် ရှိနေတာမျိုးပဲ။ အဲ့ဒီ ဖန့်ချန်ကတော့... သူ့မှာလည်း နောက်ထပ် နှစ်ပေါင်း သုံးရာလောက် အချိန်ကျန်သေးတာဆိုတော့၊ လုံလောက်ရင်လည်း လုံလောက်နိုင်သလို၊ မလုံလောက်ရင်လည်း မလုံလောက်နိုင်ဘူး... အဆိုးဆုံး အခြေအနေကို တွေးကြည့်မယ်ဆိုရင်တောင်မှ၊ သူတို့နှစ်ယောက်စလုံးက အစောပိုင်း သင်ယူမှုကာလကို ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ရင်တောင်၊ နောင်တစ်ချိန်မှာ စွမ်းအင်စုစည်းခြင်းအဆင့် သူတော်စင်အဖြစ်ကိုတော့ တစ်ရာရာခိုင်နှုန်း တက်လှမ်း အောင်မြင်နိုင်မှာ သေချာသလို၊ စွမ်းရည်ပိုင်းကလည်း နိမ့်ကျနေမှာ မဟုတ်ဘူး၊ ကြီးကျယ်ခမ်းနားလှတဲ့ ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့ကြီးရဲ့ သီးသန့် ပြုစုပျိုးထောင်ပေးခြင်းကိုပါ ရရှိပိုင်ဆိုင်နိုင်ဦးမှာ ဖြစ်တယ်”
ကျိလင်သည် ဤနေရာအထိ ကြားလိုက်ရချိန်တွင်၊ မျက်နှာအမူအရာသည် နောက်တစ်ကြိမ် ပြန်လည်၍ ကြည့်ရဆိုးလှအောင် ပျက်ယွင်းသွားခဲ့ပြန်သည်။
စကားပြောဆိုနေကြစဉ်အတွင်းမှာပင်၊ ဝမ်ချုံစန်းသည် စင်ကြယ်သည့် သွေးဗောဓိသီး၏ ဆေးစွမ်းအာနိသင်ကို လုံးဝ စုပ်ယူ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ကာ၊ အတွင်းကမ္ဘာနယ်မြေ၏ အခြေခံအနှစ်သာရပိုင်းမှာ သာမန် တစ်ပိုင်းသူတော်စင်များအားလုံး မော့စိုက်ကြည့်ရလောက်သည့် အဆင့်အတန်းတစ်ခုသို့ ရောက်ရှိ မြင့်တက်သွားခဲ့ချေပြီ။
အရပ်ရပ်မှ တစ်ပိုင်းသူတော်စင်များသည် ထိုအထဲမှ ကွာခြားချက်များကို အကောင်းဆုံး နားလည် သဘောပေါက်နိုင်ကြပေသည်။
ဥပမာအနေဖြင့် ဝမ်ချုံစန်းနှင့် တိုက်ခိုက်ခဲ့ဖူးသော ကျိုးလင်း ပင် ဖြစ်၏။
သူသည် ဝမ်ချုံစန်းကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိရင်း၊ အသေးစိတ် စူးစမ်းလေ့လာနေရန်ပင် မလိုဘဲ၊ ယခုအချိန်တွင် ရှိနေသော ဝမ်ချုံစန်းသည် လက်သီးတစ်ချက်တည်းဖြင့် မိမိကို အလွယ်တကူ အနိုင်ယူသွားနိုင်လိမ့်မည် ဖြစ်ကြောင်း သေချာစွာ ဆုံးဖြတ်ချက် ချနိုင်ခဲ့သည်။
“အထွတ်အထိပ် ကာလတုန်းက တစ်ပိုင်းသူတော်စင် ဖန့်ချန်တောင်မှ၊ ဒီလိုမျိုး အခြေခံအုတ်မြစ် ခိုင်မာထည်ဝါမှုမျိုး ရှိခဲ့ဖူးမှာ မဟုတ်ဘူး... စင်ကြယ်တဲ့ သွေးဗောဓိသီးက... တကယ်ပဲ ဒီလောက်အထိ ကြောက်စရာ ကောင်းတာလား”
ကျိုးလင်းက တိုးညင်းစွာ ရေရွတ်လိုက်မိသည်။
သူ၏ စကားသံများသည် ကျိလင်တို့အုပ်စု၏ နားထဲသို့လည်း ကျရောက်သွားခဲ့ရ၏။
၎င်းတို့သည် တစ်စုံတစ်ရာ ပြန်လည် ငြင်းခုံခြင်း မပြုနိုင်ကြရုံတင်မကဘဲ၊ ယခုအချိန်တွင် ရှိနေသော ဝမ်ချုံစန်း၏ စွမ်းအင်လှိုင်း အခြေခံအနှစ်သာရပိုင်းကို သေချာစွာ စစ်ဆေးကြည့်ရှုလိုက်ကြပြီးသည့်နောက်၊ လက်လျှော့ကာ ယင်းအချက်ကိုသာ သဘောတူ လက်ခံလိုက်ကြရတော့သည်။
ယခုအချိန်တွင် ရှိနေသော ဝမ်ချုံစန်း၏ စွမ်းအင်လှိုင်းများသည်၊ အတိတ်တုန်းက ၎င်းတို့ ရင်ဆိုင်ခဲ့ဖူးသော အထွတ်အထိပ်ကာလ ဖန့်ချန်ထက်စာလျှင်ပင် အဆပေါင်းများစွာ ပိုမို၍ စွမ်းအားကြီးမားလှပေသည်။
“မကောင်းတော့ဘူး၊ ဖိနှိပ်ထားလို့ မရတော့ဘူး၊ နောက်ထပ် နှစ်ပေါင်း သုံးရာလောက် အချိန်တွေ ဖြုန်းတီးပစ်လိုက်ရတော့မှာပဲ...”
ဖန့်ချန်က ရုတ်တရက် မျက်လုံးကို ဖွင့်လိုက်မိရင်း၊ သူ၏ မျက်ဝန်းများထဲ၌ ခါးသီးစွာ ပြုံးလိုက်သည့် အမူအရာတစ်ခု ပေါ်ထွက်လာခဲ့ရသည်။
သူ၏ ခန္ဓာကိုယ်ထက်မှ စွမ်းအင်လှိုင်းများသည် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိ မြင့်တက်သွားခဲ့ပြီးနောက်၊ တစ်စုံတစ်ရာသော အချုပ်အနှောင် အတားအဆီးကို ထိုးဖောက် ဖျက်ဆီးပစ်လိုက်သကဲ့သို့၊ အရှိန်အဟုန်ပြင်းစွာဖြင့် ရှေ့သို့ ဆက်တိုက် တိုးတက် မြင့်တက်သွားခဲ့ချေပြီ။
ဤထူးခြားလှသော ကောင်းကင်နိမိတ် ဖြစ်စဉ်ကြီးသည် ကွင်းပြင်တွင် ရှိနေကြသော အရပ်ရပ်မှ သူတော်စင်များအားလုံး၏ အာရုံစိုက်မှုများကို၊ ချက်ချင်းပင် ဖန့်ချန်၏ ခန္ဓာကိုယ်ထက်သို့ စုပြုံ ကျရောက်သွားစေခဲ့တော့သည်။
“ဖန့်ချန်က စွမ်းအင်စုစည်းခြင်းအဆင့် သူတော်စင်အဖြစ် တက်လှမ်းတော့မှာလား”
“ဒီကောင်က ကောင်းကင်ငါးပါးစစ်မြေပြင် ထဲကို တစ်ကြိမ်တစ်ခါမျှတောင် ဝင်ရောက်ခဲ့ဖူးတာ မဟုတ်ဘူး၊ အခုတော့ စင်ကြယ်တဲ့ သွေးဗောဓိသီး တစ်လုံး ရလိုက်ရုံနဲ့တင်၊ စွမ်းအင်စုစည်းခြင်းအဆင့်ကို တက်လှမ်းနိုင်တော့မှာဆိုတော့... ကံတရားက တကယ့်ကို ကောင်းလွန်းတာပဲ မဟုတ်ဘူးလား”
“ဟူး... လူအချင်းချင်းတော့ တူတူပါပဲ၊ ဒါပေမဲ့ ကံကြမ္မာ အလှည့်အပြောင်းကျတော့ ဘာဖြစ်လို့ ဒီလောက်အထိ ကွာခြားနေရတာလဲ၊ လုံးဝ မကျေနပ်နိုင်စရာပဲကွာ..”
“အကယ်၍ စင်ကြယ်တဲ့ သွေးဗောဓိသီးသာ မရှိခဲ့ဘူးဆိုရင်၊ သူက စွမ်းအင်စုစည်းခြင်းအဆင့် သူတော်စင်အဖြစ်ကို လုံးဝ တက်လှမ်းနိုင်မှာ မဟုတ်ဘူး၊ ရာခိုင်နှုန်း အတော်များများကတော့ အစောပိုင်း သင်ယူမှုကာလအတွင်းမှာတင် ပယ်ဖျက် မောင်းထုတ်ခြင်း ခံရမှာ သေချာတယ်”
ကျိလင်က အေးစက်သောအသံဖြင့် တိုးညင်းစွာ ရေရွတ်လိုက်မိသည်။
“တကယ့်ကို အကောင်းဆုံး ကံတရားပဲ”
အခန်း (၂၀၈၈) သူတော်စင်အဆင့်သို့ တက်လှမ်းခြင်း
ထိုအချိန်တွင် အရပ်ရပ်မှ မည်သူတစ်ဦးတစ်ယောက်မျှ တိုက်ရိုက် ထွက်ခွာသွားခြင်း မရှိကြဘဲ၊ ဖန့်ချန်၏ ကျင့်စဉ်အဆင့် တက်လှမ်းအောင်မြင်မှု ဖြစ်စဉ်ကို စောင့်ကြည့်ရန်အတွက်သာ ကျန်ရစ်နေခဲ့ကြသည်။
မည်သို့ပင်ဆိုစေကာမူ ၎င်းသည် စင်ကြယ်သည့် သွေးဗောဓိသီးကို သုံးစွဲပြီးမှသာ စွမ်းအင်စုစည်းခြင်းအဆင့် သူတော်စင်အဖြစ် တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်ပေရာ၊ ဖန့်ချန်၏ ကျင့်စဉ်တက်လှမ်းမှုသည် သာမန် စွမ်းအင်စုစည်းခြင်းအဆင့် သူတော်စင်များနှင့် မည်သို့များ ကွာခြားမှု ရှိနေမည်နည်းဟူသည်ကို ၎င်းတို့လည်း မြင်တွေ့လိုကြသည်။
ဝမ်ချုံစန်း၏ မျက်နှာထက်တွင် အားကျခြင်းနှင့် သက်ပြင်းချမိခြင်း အမူအရာများဖြင့် ပြည့်နှက်နေခဲ့ပြီး၊ ဖန့်ချန်၏ စွမ်းအင်လှိုင်းများသည် မိမိ လုံးဝ အကဲမဖြတ်နိုင်တော့သည့် အဆင့်အတန်းတစ်ခုအထိ တစ်ဆင့်ပြီးတစ်ဆင့် အရှိန်အဟုန်ပြင်းစွာ မြင့်တက်သွားနေသည်ကို မျက်ဝန်းအစုံဖြင့် အမိအရ မြင်တွေ့နေရ၏။
ထိုနည်းတူပင် စင်ကြယ်သည့် သွေးဗောဓိသီးကို သုံးစွဲခဲ့ရသည့် မိမိမှာမူ၊ စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်သို့ တက်လှမ်းနိုင်မည့် အခြေအနေမျိုးနှင့် ဝေးကွာလွန်းနေသေးသည်။
၎င်းတို့နှစ်ဦးကြားရှိ ကွာခြားချက်နှင့် အခြေခံအနှစ်သာရပိုင်း ကွာဟမှုသည် ဤတစ်ကြိမ်တွင် ချက်ချင်းပင် ထင်ရှားစွာ ပေါ်လွင်သွားခဲ့ချေပြီ။
“အကယ်၍ ဒီစင်ကြယ်တဲ့ သွေးဗောဓိသီးသာ မရှိခဲ့ဘူးဆိုရင်၊ ဖန့်ချန်က အစောပိုင်း သင်ယူမှုကာလအတွင်းမှာ စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေး လုံးဝ ရှိတော့မှာ မဟုတ်ဘူး”
ကျိလင်၏ မျက်ဝန်းအစုံသည် ပိုမို၍ ညိုမှောင် အေးစက်လာခဲ့ပြီး၊ မိမိကိုယ်တိုင် ကျင့်စဉ်အဆင့်ပိုင်းတွင် တစ်ဖက်လူကို အဝေးကြီး ကျော်လွန်သွားခဲ့ပြီဟု တွေးထင်ထားခဲ့ကာ၊ အနာဂတ် လမ်းခရီးပိုင်းတွင်လည်း တစ်ဖက်လူကို နင်းခြေထားနိုင်ပြီဟု ထင်မှတ်ခဲ့မိသည်။
သို့သော်လည်း ယခုအခါ၌ ပြိုင်ပွဲကြီး ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက်၊ တစ်ဖက်လူသည် လူအများအပြား၏ ရှေ့မှောက်တွင်ပင် ကောင်းကင်ဘုံကို ဆန့်ကျင်သော ကံတရား အလှည့်အပြောင်းကြီးကို ရရှိပိုင်ဆိုင်သွားခဲ့ချေပြီ။
ရွှေဟွေးကျောင်းတော်ရဲ့ အဓိကတပည့်တွေသာ သုံးစွဲခွင့်ရှိတဲ့ စင်ကြယ်တဲ့ သွေးဗောဓိသီးကို သုံးစွဲခွင့် ရသွားခဲ့တာလား။
ယခုအခါတွင် တစ်ဖက်လူသည် အတွင်းကမ္ဘာနယ်မြေ၏ အခြေခံပိုင်းကို ကြောက်မက်ဖွယ်ကောင်းသော အဆင့်တစ်ခုအထိ မြင့်တက်စေခဲ့ရုံတင်မကဘဲ၊ ကျင့်စဉ်အဆင့်ပိုင်းမှာလည်း မိမိနှင့် မကြာမီ ထပ်တူညီမျှသွားတော့မည် ဖြစ်ရာ၊ နှစ်ပေါင်းများစွာ အသည်းအသန် ကြိုးစားအားထုတ်၍ ဖြတ်တောက်ထားခဲ့သော ကွာဟချက်ကြီးသည် တစ်နေ့တည်းအတွင်းမှာတင် သူတပါး၏ အမီလိုက်ခြင်းကို ခံလိုက်ရတော့မည် ဖြစ်ပေရာ၊ သူ၏ ရင်ထဲ၌ မည်သို့များ ကျေနပ်နိုင်ပါအံ့နည်း။
“ကျိလင်... နင်က သူတော်စင်အဆင့်ကို သူထက် နှစ်ပေါင်းများစွာ စောပြီးတော့ တက်လှမ်းအောင်မြင်ခဲ့တာပဲ စင်ကြယ်တဲ့ သွေးဗောဓိသီးက ဘယ်လောက်ပဲ စွမ်းအားကြီးပါစေဦးတော့၊ အဲ့ဒါက အခြေခံအုတ်မြစ်ကို မြှင့်တင်ပေးတဲ့ ပစ္စည်းတစ်ခုပဲ ဖြစ်တယ်၊ သူက စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် သူတော်စင်အဖြစ် တက်လှမ်းနိုင်ခဲ့ရင်တောင်မှ၊ နင့်ကို လုံးဝ ယှဉ်နိုင်မှာ မဟုတ်ပါဘူး”
ဝူချုံးသည် ကျိလင်၏ မျက်နှာအမူအရာ အဆက်မပြတ် ပျက်ယွင်းပြောင်းလဲနေသည်ကို မြင်တွေ့လိုက်ရသဖြင့်၊ မနေနိုင်ဘဲ နှုတ်ထွက်၍ ချက်ချင်းပင် ဖျောင်းဖျ အားပေးလိုက်တော့သည်။
“နင်ပြောတာ တကယ့်ကို အဓိပ္ပာယ်ရှိတယ်၊ ဖန့်ချန် စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် သူတော်စင်အဖြစ် တက်လှမ်းပြီးတာနဲ့၊ ငါက ဒီအခွင့်အရေးကို အသုံးချပြီးတော့ သူနဲ့ ကောင်းကောင်းကြီး တိုက်ခိုက်ပစ်မယ်၊ အတိတ်တုန်းက ကြုံတွေ့ခဲ့ရတဲ့ အရှက်ရမှုတွေကို အောင်နိုင်သူတစ်ယောက်အနေနဲ့ဖြောင့်မတ်တည်ကြည်စွာ ဆေးကြောပစ်ရမယ်”
ကျိလင်၏ မျက်ဝန်းအစုံသည် အနည်းငယ် တောက်ပသွားခဲ့ပြီး၊ စိတ်ခံစားချက်သည်လည်း ချက်ချင်းပင် များစွာ ကောင်းမွန် သက်သာသွားခဲ့ရတော့သည်။
ကျိလင်၏ စိတ်ကူးအတွေးများကို ရိပ်မိသွားခဲ့၍လားမသိ၊ မေဒေါင်ကွမ်းက ရုတ်တရက်ဆိုသလို ဟီးဟီးဟူ၍ တစ်ချက် ရယ်မောလိုက်ရင်း -
“ဖန့်ချန် စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်ကို တက်လှမ်းပြီးတာနဲ့၊ ငါက သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ငါ့ရဲ့ ရူးသွပ်လက်သီးချက်တွေကို စမ်းသပ်ကျင့်ကြံလို့ ရပြီပေါ့၊ ဟီးဟီး... ငါ့ရဲ့ ဒီလက်သီးတစ်ချက်က၊ သူ့ကို သေလုမြောပါးဖြစ်အောင် သေချာပေါက် ရိုက်နှက်ပစ်နိုင်သလို၊ သူ့ရဲ့ မိဘဘိုးဘွားတွေကိုပါ အော်ဟစ်တမ်းတပြီး ငိုယိုသွားစေရမယ် ”
စကားဆုံးသည်နှင့် သူက ကျိလင်ကို တစ်ချက် ဝေ့ကြည့်လိုက်ရင်း -
“မင်းက ငါ့ဆီကနေ ဒီအခွင့်အရေးကို လုယူဖို့ ရည်ရွယ်နေတာတော့ မဟုတ်ဘူးမလား... မင်းရဲ့ မိသားစုတစ်ခုလုံးကို ငါ အကုန် သတ်ပစ်မှာကို သတိထားဦးနော်”
ချိုင်စီရှို့နှင့် လုကျိုဝမ့် တို့သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြမိသည်။
ရွှမ်ပုထုံသည်လည်း မျက်နှာတစ်ခုလုံး ထူးဆန်းအံ့ဩဖွယ်ရာ အမူအရာများဖြင့် ပြည့်နှက်သွားခဲ့ရ၏။
အတိတ်တုန်းက မေဒေါင်ကွမ်းသည် ကျိလင်ကြောင့်နှင့်သာ ဖန့်ချန်နှင့် ရန်ငြိုးရန်စများ ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်ကို သိထားကြပေသည်။
ယခုအခါတွင်မူ မေဒေါင်ကွမ်းသည် ကျိလင်ကိုပင် ဤကဲ့သို့သော စကားလုံးမျိုးကို ပြောဆိုဝံ့နေချေပြီလား။
“ဒီကောင်က တကယ်ပဲ ရူးသွားတာလား”
ရွှမ်ပုထုံက စိတ်ထဲ၌ တိုးညင်းစွာ ရေရွတ်လိုက်မိရင်း၊ မသိမသာဖြင့် မေဒေါင်ကွမ်းနှင့် အနည်းငယ်မျှ အကွာအဝေးကို လှမ်း၍ ခွာလိုက်တော့သည်။
ကျိလင်သည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားခဲ့ပြီးနောက်၊ မျက်နှာထက်တွင် အတင်းအဓမ္မ ပြုံးလိုက်ရသည့် အမူအရာတစ်ခုကို ဖန်တီးလိုက်ရင်း -
“မိတ်ဆွေ မေဒေါင်ကွမ်း... စိတ်ချပါ၊ ဒီအခွင့်အရေးကို ငါက မင်းဆီကနေ လုယူမှာ မဟုတ်ပါဘူး”
“အဲ့ဒါဆိုရင်တော့ ကောင်းတာပေါ့၊ အဲ့ဒါဆိုရင်တော့ ကောင်းတာပေါ့၊ ဟီးဟီးဟီး...”
မေဒေါင်ကွမ်းက ထူးဆန်းစွာ ရယ်မောလိုက်ပြီးနောက်၊ မနီးမဝေးအရပ်တွင် ကျင့်စဉ်အဆင့် တက်လှမ်းနေသော ဖန့်ချန်၏ ထံသို့ ရုတ်တရက် လှမ်း၍ အော်ဟစ်လိုက်တော့သည်။
“ဖန့်ချန် မင်း မြန်မြန်လေး စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်ကို တက်လှမ်းစမ်းပါ၊ ငါက မင်းနဲ့ အသေအလဲ တိုက်ခိုက်ချင်လို့ပါကွာ၊ ဂျီးဂျီးဂျီး”
“အဲ့ဒါ မေဒေါင်ကွမ်း မဟုတ်ဘူးလား... ကြည့်ရတာ တကယ်ပဲ ရူးသွပ်သွားတဲ့အတိုင်းပဲ”
“ဖုန်းရှင်းရှန်းတောင် ရဲ့ လက်အောက်ကို ဝင်ရောက်နိုင်တဲ့သူတွေထဲမှာ၊ ဘယ်သူကများ လူကောင်း ရှိလို့လဲ၊ အကုန်လုံးက ရူးသွပ်နေတဲ့သူတွေချည်းပဲ”
“တစ်ခါတလေကျရင်တော့ ငါက သူ့ကို တော်တော်လေး အားကျမိတယ်၊ အကယ်၍ ရူးသွပ်သွားတာနဲ့ ဖုန်းရှင်းရှန်းတောင်မှာ ဝင်ရောက်ကျင့်ကြံခွင့်ရပြီး၊ ကာကွယ်ရေးဆရာရဲ့ တပည့် ဖြစ်လာနိုင်မယ်ဆိုရင်၊ အဲ့ဒါကလည်း ကံတရား အလှည့်အပြောင်းတစ်မျိုးပဲ မဟုတ်ဘူးလား”
“သူက အခု စိန်ခေါ်မှုကို ထုတ်ဖော်လိုက်ပြီဆိုတော့၊ အကယ်၍ ဖန့်ချန်က စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်ကို ရောက်ရှိချိန်မှာ မေဒေါင်ကွမ်းရဲ့ စိန်ခေါ်မှုကို ငြင်းပယ်လိုက်မယ်ဆိုရင်၊ နောင်တစ်ချိန် ကျင့်ကြံခြင်း လမ်းခရီးမှာ သူ့ရဲ့ စိတ်အခြေအနေပိုင်းအပေါ် အနည်းနဲ့အများသက်ရောက်မှုတွေ ရှိလာနိုင်တယ်”
“ငါသာဆိုရင်လည်း ငြင်းပယ်မှာပဲ၊ သက်ရောက်မှုရှိရင်လည်း ရှိပါစေပေါ့၊ စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်ကို စတင်ဝင်ရောက်ကာစ လူတစ်ယောက်အနေနဲ့ မေဒေါင်ကွမ်းလိုလူမျိုးနဲ့ တိုက်ခိုက်နေလို့ ဘာအကျိုးရှိမှာလဲ”
“အဲ့ဒါကလည်း ပြောရခက်တယ်လေ၊ သူက စင်ကြယ်တဲ့ သွေးဗောဓိသီးကို သုံးစွဲထားတာဆိုတော့၊ ဖြစ်နိုင်တာက သာမန် အဆင့်တက်စ သူတော်စင်အသစ်တွေနဲ့ မတူညီတာမျိုးလည်း ဖြစ်နိုင်တာပဲ မဟုတ်ဘူးလား”
အရပ်ရပ်မှ ကျောင်းသားများသည် တိုးညင်းစွာဖြင့် အချင်းချင်း ကောလာဟလများ ပြောဆိုနေကြတော့သည်။
တောင်ကုန်းအသီးသီးမှ ဆရာများသည်လည်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြမိပြီး၊ ထိုအထဲမှ အချို့သောလူများသည် မေဒေါင်ကွမ်း၏ ကျင့်စဉ်အဆင့်အတန်းကို ရိုးရှင်းစွာ စစ်ဆေးကြည့်ရှုလိုက်ကြရာ၊ မေဒေါင်ကွမ်း၏ အခြေခံအနှစ်သာရပိုင်းသည် အလွန်တရာ ခိုင်မာထည်ဝါနေပြီး စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်သို့ စတင်ဝင်ရောက်ကာစ လူတစ်ယောက်နှင့် လုံးဝ မတူညီကြောင်းကို သိရှိလိုက်ကြရသည်။
“ဖုန်းချင်းရှန်းတောင်ရဲ့ ကျင့်ကြံခြင်း နည်းလမ်းတွေက၊ တကယ့်ကို အနှစ်သာရ အချို့ ရှိနေသေးတာပဲ၊ နှမြောစရာကောင်းတာက ရူးသွပ်နေတဲ့သူတွေမှသာ ကျင့်ကြံလို့ ရတာပဲ”
“ဒါက ကျောင်းတော်အတွင်းမှာ အများပြည်သူအတွက် ပျံ့နှံ့အောင် လုပ်လို့ရမယ့် နည်းလမ်းမျိုး မဟုတ်ပါဘူး၊ ဒါတွေအားလုံးက လမ်းဘေးနည်းတွေပဲ ဖြစ်ပြီး၊ လျှောက်လှမ်းနိုင်တဲ့သူကလည်း အလွန်တရာ နည်းပါးတယ်၊ ငါတို့ လူသားမျိုးနွယ်စုအတွက်တော့ ကြီးမားတဲ့ အသုံးဝင်မှု မရှိနိုင်ဘူး”
“ငါတို့ လူသားမျိုးနွယ်စုအတွက် လိုအပ်တာကတော့၊ အကုန်လုံး လျှောက်လှမ်းနိုင်မယ့် မဟာကောင်းကင်လမ်းမကြီးပဲ ဖြစ်တယ်၊ တစ်မျိုးနွယ်စုလုံး လျှောက်လှမ်းလို့ ရမယ့် လမ်းမျိုး ဖြစ်ရမယ်၊ စွမ်းရည်ပိုင်း အနည်းငယ် အားနည်းနေရင်တောင်မှ ကိစ္စမရှိဘူး”
“အတိအကျပဲ”
……
……
ဖန့်ချန်သည် မေဒေါင်ကွမ်း၏ အော်ဟစ်သံကို ကြားလိုက်ရသော်လည်း၊ ဂရုစိုက်ရန်ပင် ပျင်းရိနေခဲ့သည်။
ယခုအခါတွင် သူသည် မိမိ၏ အတွင်းကမ္ဘာနယ်မြေအတွင်းရှိ အမျိုးမျိုးသော ပြောင်းလဲမှုများကိုသာ အာရုံစိုက် ခံစားနေမိ၏။
ဝမ်ချွမ်မြစ်ရေ နှင့်မသေမျိုးသန့်စင်ခြင်းရေစင် တို့ဖြင့် ကျစ်လျစ်အောင် ဖွဲ့စည်းထားသော ကောင်းကင်နိမိတ်မြစ်ကြီးသည်၊ သူ စွမ်းအင်စုစည်းခြင်းအဆင့်သို့ တက်လှမ်းနေသည့် ဖြစ်စဉ်အတွင်း၌ အရပ်မျက်နှာ အနှံ့အပြားသို့ စတင်၍ လှိုင်းတံပိုးများ ထန်လျက် လွှမ်းခြုံ စီးဆင်းသွားခဲ့ချေပြီ။
သူသည် အတွင်းကမ္ဘာနယ်မြေအတွင်း၌ ထွင်းထုထားခဲ့သော နတ်ဘုရားစွမ်းရည် တစ်ခုပြီးတစ်ခုသည်လည်း၊ ကြီးမားကျယ်ပြန့်လှသော နယ်မြေဒေသကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြပြီး၊ စွမ်းပကားနှင့် အခြေခံအနှစ်သာရပိုင်းများအားလုံး အဆမတန် မြင့်တက်လာခဲ့ကြရသည်။
ဤဖြစ်စဉ်ကြီးသည် အတွင်းကမ္ဘာနယ်မြေတစ်ခုလုံး ထူးခြားဆန်းပြားလှသော အသွင်ကူးပြောင်းမှု အဆင့်မြှင့်တင်ခြင်းကို လုပ်ဆောင်နေသည့်အတိုင်းပင် ဖြစ်၏။
ခမ်းနားထည်ဝါပြီး အရှိန်အဝါကြီးမားလှသော အတွင်းကမ္ဘာနယ်မြေနှင့် သူ၏ကြားရှိ ဆက်နွှယ်မှုသည် နောက်ထပ် အဆင့်တစ်ခုသို့ ပိုမို၍ နက်ရှိုင်းသွားခဲ့ရပြီး၊ အတိုင်းအဆမရှိလှသော အတွင်းကမ္ဘာ စွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် စီးဆင်းဝင်ရောက်လာခဲ့ကြကာ၊ သူ၏ ကိုယ်ပိုင် ကျင့်စဉ်အဆင့်နှင့် ထူးခြားဆန်းပြားလှသော စွမ်းအားများကို မြင့်တက်စေခဲ့တော့သည်။
အတိုင်းအဆမရှိလှသော အတွင်းကမ္ဘာ၏ ကောင်းကင်ယံကြီးသည်၊ အနားသတ်ကို မြင်တွေ့နိုင်ခြင်း မရှိသော ကြီးမားလှသည့် ကောင်းကင်ပိတ်ကားကြီးတစ်ခု၏ လွှမ်းခြုံခြင်းကို ခံလိုက်ရသည့်အတိုင်းပင် ဖြစ်သည်။
ထိုကောင်းကင်ပိတ်ကားကြီး၏ အထက်တွင်မူ၊ လုံးဝ ကွဲပြားခြားနားလှသော ပုံရိပ်ကွက်များ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာနေခဲ့သည်။
အတိုင်းအဆမရှိလှသော မီးလျှံများ တောက်လောင်နေသည့် နယ်မြေဒေသတစ်ခုအတွင်း၌၊ ဖန့်ချန် ရင်းနှီးကျွမ်းဝင်နေခဲ့သော ပုံရိပ်တစ်ခုပြီးတစ်ခုသည် ထိုနေရာအတွင်း၌ ကျောက်မီးသွေးတွင်းမှ ကျွန်များကဲ့သို့ပင်၊ စွမ်းအင်အပြည့်ဖြင့် တစ်စုံတစ်ရာကို အသည်းအသန် တူးဆွနေကြရသည်။
ရံဖန်ရံခါတွင် မီးပွားအချို့သည် လွင့်စင်လာခဲ့ကြပြီး၊ လူသားများကို ပြာအဖြစ်သို့ လောင်ကျွမ်း ပျက်စီးသွားစေခဲ့သော်လည်း၊ မကြာမီအချိန်အတွင်းမှာပင် မူလပုံစံအတိုင်း ပြန်လည်၍ နိုးထလာခဲ့ကြရပြန်ရာ၊ ၎င်းတို့၏ ခန္ဓာကိုယ် ပုံရိပ်များသည်သာ အနည်းငယ်မျှ ဝေဝါး အက်ကွဲနေသည့်အတိုင်း ဖြစ်နေခဲ့ကြရသည်။
ယွင်ဟယ်သည် ဝတ်ရုံလက်အင်္ကျီဖြင့် မိမိ၏ နဖူးထက်မှ ချွေးစက်များကို သုတ်လိုက်မိရင်း၊ ထူးဆန်းလှသော ပြုံးယောင်သန်းမှုတစ်ခုကို ဖော်ပြလိုက်ပြီးနောက်၊ ခေါင်းကို ပြန်လည်နှိမ့်ချကာ ဆက်လက်၍ တူးဆွနေခဲ့ပြန်သည်။
မြင့်မားလှသော ကောင်းကင်ယံထက်တွင်မူ၊ ကြီးမားထည်ဝါလှသော ပုံရိပ်ကြီးတစ်ခု ရှိနေခဲ့ပြီး၊ ၎င်းတို့ကဲ့သို့သော ယန်နတ်ဘုရားအုပ်စုကို တိတ်ဆိတ်စွာဖြင့် စိုက်ကြည့်နေခဲ့၏။
……
ဆူညံသံများနှင့် မီးတောက်မီးလျှံများ ပြည့်နှက်နေသော စစ်မြေပြင်ကြီးတစ်ခုထက်တွင်မူ၊ စစ်သည်တော်များသည် အစွမ်းကုန် သတ်ဖြတ် တိုက်ခိုက်နေကြရသည်။
ဤနေရာသည် မည်သည့် ပုရွက်ဆိတ်အသိုက်အမြုံ နယ်မြေဒေသဖြစ်သည်ကို မသိရသော်လည်း၊ သူတော်စင်တစ်ပါးသည် ကြီးမားလှသော စစ်သည်တော် အင်အားစုများကို ဦးဆောင်ကာ တိုက်ခိုက်နေခဲ့ခြင်း ဖြစ်ပြီး၊ သူသည် ဟင်းလင်းပြင်ထက်တွင် တိတ်ဆိတ်စွာ ရပ်တန့်နေရင်း စစ်မြေပြင်၏ လှုပ်ရှားမှု အားလုံးကို စောင့်ကြည့် စစ်ဆေးနေခဲ့သည်။
သူ၏ မျက်ဝန်းအစုံသည် တည်ငြိမ် အေးစက်လွန်းလှရာ၊ သူ၏ ရှေ့မှောက်တွင် ရှိနေသောအရာအားလုံးကို စိတ်ထဲ၌ လုံးဝ ထည့်သွင်းထားခြင်း မရှိသည့်အတိုင်းပင် ဖြစ်၏။
မိမိ၏ လက်အောက်ခံ မျိုးနွယ်စုဝင်များ သေဆုံးသွားခြင်းသည်ပင်လျှင်၊ သူ၏ မျက်နှာထက်သို့ မည်သည့် စိတ်ခံစားမှု အရိပ်အယောင်မျှ ထပ်မံ၍ ဖြည့်စွက်ပေးနိုင်ခြင်း မရှိချေ။
ရုတ်တရက်ဆိုသလိုပင်၊ သာမန် စစ်သည်တော်တစ်ဦး၏ ပုံရိပ်သည် သူ၏ မျက်ဝန်းထဲသို့ ကျရောက်သွားခဲ့ရသည်။
ထိုစစ်သည်တော်သည် အသက်အရွယ်အားဖြင့် မကြီးမားလှသော်လည်း၊ စွမ်းရည်ပိုင်းမှာမူ အားနည်းခြင်း မရှိဘဲ၊ ပုရွက်ဆိတ်အသိုက်အမြုံ နယ်မြေအတွင်းရှိ တစ်ပိုင်းသူတော်စင်အဆင့်နှင့် ညီမျှသော တည်ရှိမှုတစ်ခုကို ပြာအဖြစ်သို့ ပြောင်းလဲသွားစေသည်အထိ ရိုက်နှက် ချေမှုန်းပစ်လိုက်တော့သည်။
ထိုအခြေအနေသည် မည်သည့် အမူအရာမျှ မရှိဘဲ အေးစက်နေသော သူတော်စင်၏ မျက်ဝန်းအစုံအတွင်း၌၊ တိုးညင်းလှသော ပြုံးယောင်သန်းမှု အစွန်းအစလေးတစ်ခုကို ထပ်မံ တိုးပွားသွားစေခဲ့ပြီး၊ သူက တိုးညင်းသောအသံဖြင့် မေးမြန်းလိုက်သည်။
“ဒီလူက ဘယ်သူလဲ”
“ဘိုးဘေး... သူက ကျွန်တော်တို့ရဲ့ လက်အောက်ခံ ရှမဟာမျိုးနွယ်စု ရဲ့ တပည့်တစ်ယောက်ပါ၊ နာမည်ကတော့ ရှကျိ လို့ ခေါ်ပုံရပါတယ်”
“သူ့ကို ကောင်းကောင်းကြီး ပြုစုပျိုးထောင်ပေးလိုက်ပါ၊ ရွှေဟွေးကျောင်းတော်ရဲ့ လက်အောက်ခံ နန်းဆောင်ကိုးခု ဆီကို ပို့ဆောင်ပေးနိုင်မယ့် နည်းလမ်း ရှိမရှိ ကြည့်ရမယ်၊ အကယ်၍ ကျောင်းတော်ရဲ့ လက်အောက်ကို တိုက်ရိုက် မဝင်ရောက်နိုင်ခဲ့ရင်တောင်မှ၊ နန်းဆောင်ကိုးခုမှာ ကျင့်ကြံခွင့် ရမယ်ဆိုရင်၊ နောင်တစ်ချိန်မှာ နယ်မြေဒေသတစ်ခုကို ဦးဆောင် စောင့်ရှောက်နိုင်တဲ့သူ ဖြစ်လာလိမ့်မယ်”
“အမိန့်အတိုင်းပါ”
……
ကောင်းကင်ပိတ်ကားကြီးအတွင်းရှိ အရာအားလုံးသည်၊ ဖန့်ချန်၏ မျက်စိရှေ့မှောက်တွင် အဆက်မပြတ် လှည့်လည် ဖြတ်သန်းသွားခဲ့ကြသည်။
တဖြည်းဖြည်းနှင့် ကရုဏာတံဆိပ်တော် သည် အတွင်းကမ္ဘာနယ်မြေ၏ ဗဟို ဟင်းလင်းပြင်ထက်တွင် ဖြည်းညင်းစွာ ပေါ်ထွက်လာခဲ့ပြီး၊ အထွတ်အထိပ် အမြင့်ဆုံးသော နတ်ဘုရားတစ်ပါးကဲ့သို့ပင်၊ ဤနေရာဒေသကြီးတစ်ခုလုံးကို အုပ်စိုး စောင့်ရှောက်လိုက်တော့သည်။
ချီယန်သူတော်စင် သည် တစ်ပိုင်းသူတော်စင်အဆင့်မှ စွမ်းအင်စုစည်းခြင်းအဆင့်သို့ ဖောက်ထွက်သည့် ဖြစ်စဉ်ကို ကြုံတွေ့ခဲ့ဖူးခြင်း မရှိသည် မဟုတ်ချေ။
သို့သော်လည်း သူ၏ ဖြစ်စဉ်တုန်းကမူ၊ ရိုးရှင်းစွာဖြင့် အတွင်းကမ္ဘာနယ်မြေ အနည်းငယ်မျှ အားကောင်းလာခြင်းသာ ဖြစ်ပြီး၊ ထို့နောက်တွင် ဆက်နွှယ်မှုကို ပိုမိုခိုင်မာစေကာ၊ အတွင်းကမ္ဘာနယ်မြေအတွင်းမှနေ၍ စွမ်းအင်များကို စုစည်းစုပ်ယူနိုင်ခြင်း စွမ်းရည်ကို ရရှိပိုင်ဆိုင်ခဲ့ခြင်းသာ ဖြစ်သည်။
သို့သော်လည်း ယခုကဲ့သို့သော နေနှင့်လတို့ လှည့်လည်ပြောင်းလဲနေပြီး၊ ကောင်းကင်နှင့်မြေကြီးတို့ အသွင်ကူးပြောင်း သစ်လွင်သွားသည့် ကောင်းကင်နိမိတ် ဖြစ်စဉ်မျိုးကိုမူ၊ သူသည်လည်း ပထမဦးဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်ပေသည်။
တိုတောင်းလှသော အချိန်ကာလအတွင်းမှာပင်၊ သူသည် ထိုအတွင်းကမ္ဘာနယ်မြေကြီး မည်မျှအထိ အဆပေါင်းများစွာ ပိုမို၍ အားကောင်း မြင့်တက်သွားခဲ့သည်ဟူသည်ကိုပင် ရေတွက်နိုင်ခြင်း မရှိတော့ချေ။
ငါးဆလား။
ရှစ်ဆလား။
ဒါမှမဟုတ် ဆယ်ဆအထိလား။
အတိတ်တုန်းက မိမိကိုယ်တိုင် တစ်ပိုင်းသူတော်စင်အဆင့်မှ စွမ်းအင်စုစည်းခြင်း သူတော်စင်အဖြစ် တက်လှမ်းခဲ့စဉ်ကမူ၊ အတွင်းကမ္ဘာနယ်မြေ၏ အခြေခံအနှစ်သာရပိုင်းသည်၊ ငါးပုံတစ်ပုံမျှသာ ပိုမို၍ တိုးတက် မြင့်တက်ခဲ့ရခြင်း ဖြစ်ပေရာ……
မသိမသာဖြင့် ဖန့်ချန်၏ ခန္ဓာကိုယ်ထက်မှ စွမ်းအင်လှိုင်းများသည် လုံးဝ အသွင်ကူးပြောင်း သစ်လွင်သွားခဲ့ပြီး၊ တစ်ပိုင်းသူတော်စင်အဆင့်မှနေ၍ သူတော်စင်အဆင့်အတန်းအတွင်းသို့ တရားဝင် ခြေလှမ်းလှမ်း ဝင်ရောက်သွားခဲ့ချေပြီ။
ထိုတစ်ခဏအတွင်း၌ သူနှင့် အနီးကပ်ဆုံးနေရာတွင် ရှိနေသော ဝမ်ချုံစန်းသည် ရုတ်တရက်ဆိုသလို တစ်စုံတစ်ရာကို ခံစားလိုက်ရပြီး၊ မိမိ၏ အခြေခံအနှစ်သာရပိုင်းသည်လည်း အကြောင်းရင်းမရှိဘဲ မသိမသာဖြင့် နောက်ထပ် အနည်းငယ်မျှ တိုးတက် မြင့်တက်သွားခဲ့ရသကဲ့သို့ ခံစားလိုက်ရသည်။
ကြီးကျယ်ခမ်းနားလှသော ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့ကြီးအတွင်း၌မူ၊ ယခုကဲ့သို့သော ခံစားချက်မျိုးကို ကြုံတွေ့လိုက်ရသည့် တည်ရှိမှုများသည် ရေတွက်၍ မရနိုင်လောက်အောင် များပြားလှပြီး၊ အရပ်ရပ် အရပ်ဒေသများသို့ ပြန့်နှံ့ တည်ရှိနေခဲ့ကြသည်။
ဝမ်ချုံစန်း၏ ခန္ဓာကိုယ်ထက်မှ ထူးဆန်းလှသော လှုပ်ရှားမှုများကို၊ ကွင်းပြင်တွင် ရှိနေကြသော ဆရာများနှင့် သူတော်စင် အများအပြားလည်း သတိထားမိကြသော်လည်း၊ ၎င်းသည် စင်ကြယ်သည့် သွေးဗောဓိသီးကို သုံးစွဲပြီးနောက် ကြုံတွေ့ရသည့် သာမန် ပြောင်းလဲမှုတစ်ခုအဖြစ်သာ မှတ်ယူလိုက်ကြပြီး၊ အသေးစိတ် ထပ်မံ၍ တွေးတောခြင်း မပြုကြချေ။
ဖန့်ချန်၏ ခန္ဓာကိုယ်ပတ်လည်တွင် နတ်ဘုရားအလင်းတန်းများ အဆက်မပြတ် လှည့်လည် စီးဆင်းနေသည်ကို မြင်တွေ့လိုက်ရချိန်တွင်မူ၊ မေဒေါင်ကွမ်းသည် ချက်ချင်းပင် ရူးသွပ်လှသော ရယ်မောသံကြီးတစ်ခုကို ထုတ်ဖော်လိုက်တော့သည်။
“ကောင်းတယ် ကောင်းတယ် ကောင်းတယ် ဖန့်ချန်... ငါတို့တွေ အားရပါးရနဲ့ ကောင်းကောင်းကြီး တိုက်ခိုက်ကြရအောင် ”
သူ၏ စကားသံများသည် အရပ်မျက်နှာ အနှံ့အပြားသို့ ဟိန်းထွက် လှိုက်ခတ်သွားခဲ့ပြီး၊ စကားပြောဆိုနေစဉ်အတွင်းမှာပင်၊ မိမိ၏ အတွင်းကမ္ဘာနယ်မြေကို မောင်းနှင်ကာ ဖန့်ချန်၏ ရှေ့မှောက်သို့ တိုက်ရိုက် ရောက်ရှိလာခဲ့ချေပြီ ဖြစ်ရာ၊ သူ၏ မျက်ဝန်းအစုံထဲ၌ ရူးသွပ်လှသော စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့ပြီး မျက်နှာထက်တွင်လည်း အလွန်တရာ ရူးသွပ်လွန်းလှသော အပြုံးကြီးတစ်ခု ပေါ်ထွက်နေခဲ့တော့သည်။