အခန်း (၂၀၈၉-၂၀၉၀)
Vol. 209 Ch. 2089-2090
အခန်း (၂၀၈၉) ငါ မင်းကို ကူညီနိုင်တယ်
“မင်း ရူးနေတာလား... စီနီယာအစ်ကိုဖန့်က ခုတင်တင်မှ စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်ကို တက်လှမ်းအောင်မြင်ထားတာ၊ အခြေခံအုတ်မြစ်က မတည်ငြိမ်သေးဘူး၊ အဲ့ဒါကို မင်းက ရှေ့တိုးပြီး စိန်ခေါ်ရဲတယ်ပေါ့လေ”
ဝမ်ချုံစန်းသည် အစောကတည်းက မေဒေါင်ကွမ်းကို ကြည့်မရဖြစ်နေခဲ့ရာ၊ တစ်ဖက်လူက ဤမျှအထိ အဆင်အခြင်မဲ့ကာ ရူးကြောင်ကြောင် ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသဖြင့် မနေနိုင်ဘဲ ဟောက်ရမ်းကာ ဆဲဆိုလိုက်တော့သည်။
မေဒေါင်ကွမ်းက ဝမ်ချုံစန်းကို ပြုံးစိစိဖြင့် လှမ်းကြည့်လိုက်ရင်း -
“မင်းရဲ့ မိသားစုတစ်ခုလုံးကို ငါ သတ်ပစ်မယ်၊ မင်းရဲ့ မိသားစုတစ်ခုလုံးကို ငါ သတ်ပစ်မယ်၊ ဟီးဟီးဟီး……”
ထူးဆန်းပြီး နားမခံသာလှသော ထိုကရော်ကမည် ရယ်မောသံကြီးသည်၊ လူတို့၏ စိတ်နှလုံးကို အလွန်တရာ နေရထိုင်ရ ခက်ခဲသွားစေ၏။
ထွက်ခွာမသွားကြသေးသော ကျိုကျိတောင် မှ အချို့သော သူတော်စင်များသည် မိမိတို့နှင့် ရင်းနှီးကျွမ်းဝင်ခဲ့ဖူးသော မေဒေါင်ကွမ်း ဤကဲ့သို့သော ပုံစံမျိုးအဖြစ် ပြောင်းလဲသွားသည်ကို မြင်တွေ့လိုက်ရသဖြင့်၊ ရင်ထဲ၌ အရသာတစ်မျိုး ခံစားလိုက်ကြရသည်။
သို့သော်လည်း ကံကောင်းသည်မှာ ယခုအချိန်တွင် မေဒေါင်ကွမ်း ထုတ်ဖော်နေသည့် သတ်ဖြတ်ခြင်း အရှိန်အဝါသည်၊ အတိတ်နှစ်များစွာကထက် အဆမတန် ပိုမို၍ ပြင်းထန် အားကောင်းနေခဲ့ချေပြီ။
“ရူးသွားတာက... အသုံးမကျတဲ့လူ ဖြစ်သွားတာထက်စာရင် အများကြီး ကောင်းပါသေးတယ်”
ထိုက်ရှီဝမ်းကျန်း က တိုးညင်းစွာဖြင့် ရေရွတ်လိုက်မိသည်။
ထို့နောက်တွင် သူက ဖန့်ချန်၏ထံသို့ လှမ်းကြည့်လိုက်ရာ၊ မျက်ဝန်းအစုံအတွင်း၌ စူးစမ်းလိုစိတ် အရိပ်အယောင်များ ပေါ်ထွက်လာခဲ့၏။
စင်ကြယ်သည့် သွေးဗောဓိသီးကို သုံးစွဲပြီး စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်သို့ တက်လှမ်းအောင်မြင်ခဲ့သော ဖန့်ချန်သည်၊ ယခုကဲ့သို့သော အချိန်မျိုးတွင် မေဒေါင်ကွမ်း၏ စိန်ခေါ်မှုကို လက်ခံရန် ဆန္ဒရှိမရှိဟူသည်ကို သူလည်း မသိရှိချေ။
“ခဏခဏရှိ လူတွေရဲ့ မိသားစုတစ်ခုလုံးကို သတ်ပစ်မယ်လို့ မပြောစမ်းပါနဲ့”
ဖန့်ချန်က သက်ပြင်းတစ်ချက် ချလိုက်မိရင်း -
“ငါတို့အားလုံးက ရွှေဟွေးကျောင်းတော်ရဲ့ ကျောင်းသားတွေချည်းပဲ၊ တူညီတဲ့ လူသားမျိုးနွယ်စုတွေ ဖြစ်ကြတဲ့အတွက်၊ ကြင်နာသနားပြီး ချစ်ချစ်ခင်ခင် နေထိုင်သင့်တာပေါ့၊ မင်းရဲ့ ရင်ထဲမှာ ဒေါသတွေ ရှိနေတယ်ဆိုရင်လည်း ငါ့ဆီကိုပဲ ပစ်လွှတ်လိုက်ပါ၊ ဒီကိစ္စက ဂျူနီယာညီလေးဝမ်နဲ့ လုံးဝ မသက်ဆိုင်ပါဘူး”
“စီနီယာအစ်ကိုဖန့် အစ်ကိုက ခုတင်တင်မှ စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်ကို တက်လှမ်းထားတာလေ၊ အဲ့ဒါကို သူ့ရဲ့ စိန်ခေါ်မှုကို လက်ခံလိုက်တာလား အကယ်၍ တစ်စုံတစ်ရာ မှားယွင်းသွားခဲ့ရင်၊ အခြေခံအုတ်မြစ်ကို ထိခိုက်မသွားနိုင်ဘူးလား အစ်ကိုအနေနဲ့ ဒီလူရဲ့ စိန်ခေါ်မှုနောက်ကို ပါမသွားပါနဲ့၊ သူ ငါ့ရဲ့ မိသားစုတစ်ခုလုံးကို ဘယ်လိုသတ်မလဲဆိုတာ ငါလည်း ကြည့်ချင်သေးတယ်၊ ငါ့ရဲ့ မိသားစုတစ်ခုလုံးက အစောကတည်းက အကုန် သေဆုံးကုန်ကြပြီ”
ဝမ်ချုံစန်းသည် ရူးသွပ်နေသော မေဒေါင်ကွမ်းကို အေးစက်စွာ စိုက်ကြည့်လိုက်ရင်း၊ မျက်ဝန်းအစုံအတွင်း၌ လုံးဝ ဖုံးကွယ်ထားခြင်း မရှိသော သတ်ဖြတ်ခြင်း အရှိန်အဝါတစ်ခု ဖြတ်ပြေးသွားခဲ့သည်။
“အကုန် သေဆုံးကုန်ကြပြီ”
“ဘယ်လိုဖြစ်တာလဲ”
လူအများအပြားသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြမိကြပြီး၊ ၎င်းတို့ ကြားသိထားရသလောက်မူ ဝမ်ချုံစန်း၏ နောက်ခံ ဝမ်မဟာမိသားစုသည်လည်း တော်တော်လေး အားကောင်းထည်ဝါသော မိသားစုတစ်ခု ဖြစ်ပေရာ၊ အဘယ်ကြောင့် အကုန် သေဆုံးကုန်ကြရသနည်း။
“ဝမ်မဟာမိသားစုရဲ့ အခြေခံအနှစ်သာရက ငါ့ရဲ့ ကျိမိသားစုနဲ့ သိပ်မကွာခြားလှဘူး၊ အကုန်လုံးမှာ အသက်စွမ်းအင်သူတော်စင် တွေ အုပ်စိုး စောင့်ရှောက်နေကြတာပဲ၊ ပြီးတော့ ဝမ်ချုံစန်းက ရွှေဟွေးကျောင်းတော်ကို ဝင်ရောက်နိုင်ခဲ့တယ်ဆိုကတည်းက နောက်ကွယ်မှာ အဆက်အသွယ် အချို့ ရှိနေတာကို ပြသနေတာပဲ၊ သူ့ရဲ့ မိသားစုက ဘယ်လိုဖြစ်ပြီး အကုန် သေဆုံးကုန်ရတာလဲ”
ကျိလင်၏ မျက်နှာအမူအရာသည် ထူးဆန်းသွားခဲ့ရ၏။
ဖန့်ချန်ကိုယ်တိုင်ပင်လျှင် ဝမ်ချုံစန်းကို မနေနိုင်ဘဲ တစ်ချက် လှမ်း၍ ကြည့်လိုက်မိရာ၊ ဤကိစ္စကို သူလည်း ပထမဦးဆုံးအကြိမ် ကြားသိရခြင်း ဖြစ်ပေသည်။
စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားခဲ့ပြီးနောက်၊ ဖန့်ချန်က ဝမ်ချုံစန်းကို လက်ကာပြလိုက်ရင်း -
“ဝမ်လေး... မင်း လောလောဆယ် ဘေးတစ်ဖက်ကို ခေတ္တ ဆုတ်ခွာနေလိုက်ပါ၊ ငါနဲ့ ကျောင်းသားမေတို့ကြားက အတိတ်တုန်းက ရန်ငြိုးရန်စတွေကိုလည်း ဖြေရှင်းရမယ့် အချိန်ရောက်ပါပြီ၊ အကယ်၍ သူ့ရဲ့ စိတ်အခြေအနေပိုင်းကို ကယ်တင်ပေးနိုင်မယ်ဆိုရင်၊ အဲ့ဒါက ငါတို့ လူသားမျိုးနွယ်စု ကျောင်းတော်ကြီးရဲ့ တည်ငြိမ်မှုနဲ့ စည်းလုံးညီညွတ်မှုအတွက်လည်း ကောင်းမွန်တဲ့ ကိစ္စတစ်ခု ဖြစ်လာနိုင်တာပဲ မဟုတ်ဘူးလား”
ဝမ်ချုံစန်းသည် ဘာတတ်နိုင်မည်နည်းဟူသော အမူအရာဖြင့် ရှူရှန့် ကို လှမ်း၍ ကြည့်လိုက်ရာ၊ ရှူရှန့် ကမူ လက်ယမ်းပြလိုက်ရင်း -
“မင်းရဲ့ စီနီယာအစ်ကိုဖန့်တောင်မှ မကြောက်တာကို၊ မင်းက ဘာလို့ ကြောက်နေတာလဲ”
“ဂျူနီယာညီလေးဝမ်... ဒီဘက်ကို လာခဲ့ပါ”
ကျန်းတောက်ယွဲ့ က ပြုံးလျက် လှမ်း၍ ခေါ်လိုက်တော့သည်။
ဝမ်ချုံစန်းသည် စိတ်ထဲ၌ သက်ပြင်းတစ်ချက် ချလိုက်မိရင်း၊ မေဒေါင်ကွမ်းကို အေးစက်စွာ တစ်ချက် စိုက်ကြည့်လိုက်ပြီးနောက်၊ကရုဏာတောင် ၏ အုပ်စုအတွင်းသို့ ပြန်လည်၍ လျှောက်လှမ်းသွားခဲ့တော့သည်။
မေဒေါင်ကွမ်းသည် ဖန့်ချန်က စိန်ခေါ်မှုကို လက်ခံလိုက်ပြီဖြစ်ကြောင်း အတည်ပြုလိုက်နိုင်ပြီ ဖြစ်ရာ၊ ယခုအခါတွင်မူ တဟားဟားဖြင့် ကရော်ကမည် ထူးဆန်းစွာ ရယ်မောနေခဲ့ချေပြီ။
ရှူရှန့် သည် ထိုအသံကို ကြားရသဖြင့် စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့ရပြီး၊ တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။
“မင်း ဒီနေရာကို လာတာကို...မင်းရဲ့ ဆရာက သိရဲ့လား၊ တစ်စုံတစ်ရာ ပြဿနာဖြစ်ပွားရင် နောက်ဆုံးကျမှ ငါတို့ ကရုဏာတောင်ရဲ့ ခေါင်းပေါ်ကို ထပ်ပြီး ပုံချမနေနဲ့ဦး၊ ဒီတစ်ကြိမ် ပြိုင်ပွဲကြီးကို ကျင်းပခဲ့ရတာကလည်း၊ ဖန့်ချန်က မင်းရဲ့ ကျင့်စဉ်လမ်းခရီးကို နှောင့်နှေးစေခဲ့တယ်လို့ ကျိုကျတောင်က ထင်မှတ်နေခဲ့ကြလို့ မဟုတ်ဘူးလား၊ မင်းက ငါတို့ ကရုဏာတောင်အတွက် ပြဿနာတစ်ခု ရှာဖွေပေးခဲ့ပြီးပြီဆိုတော့၊ ဒုတိယအကြိမ် ထပ်ပြီး ပြဿနာမရှာစမ်းနဲ့ဦး... မင်းက တကယ့် ပြဿနာကောင်ပဲ”
“……”
မေဒေါင်ကွမ်း၏ ထူးဆန်းလှသော ရယ်မောသံကြီးသည် သိသိသာသာပင် ခေတ္တမျှ ရပ်တန့်သွားခဲ့ရပြီးနောက်၊ သူက ရှူရှန့်ကို သေလုမတတ် စိုက်ကြည့်လိုက်ရင်း ပြုံး၍ ဆိုလိုက်သည်။
“ဆရာရှူ... သတိထားဦးနော်၊ ငါ မင်းကို သတ်……”
“ဂျူနီယာညီလေးမေ... ဆရာက ငါ့ကို စကားတစ်ခွန်း ပါးခိုင်းလိုက်တယ်၊ ငါတို့ ဖုန်းချင်းရှန်းတောင်က ဘယ်သူ့ကိုမှ မကြောက်ဘူးတဲ့၊ တိုက်ခိုက်ချင်တယ်ဆိုရင်လည်း အားရပါးရနဲ့ ကောင်းကောင်းကြီး တိုက်ခိုက်ပစ်လိုက်စမ်းပါ၊ လူတိုင်းကို ငါတို့ရဲ့ ရူးသွပ်လက်သီးချက်တွေရဲ့ စွမ်းပကားကို မြင်တွေ့သွားစေရမယ် ”
ပုံရိပ်တစ်ခုသည် မေဒေါင်ကွမ်း၏ နောက်ကွယ်တွင် ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး၊ သူ ဆက်လက်ပြောဆိုမည့် စကားလုံးများကို ဖြတ်တောက်လိုက်တော့သည်။
ထိုလူ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက်၊ အရပ်ရပ်မှ ဆရာများနှင့် ဝါရင့် ကျောင်းသားအချို့သည် မျက်နှာထက်တွင် ထူးဆန်းအံ့ဩဖွယ်ရာ အမူအရာများ ပေါ်ထွက်လာခဲ့ကြရ၏။
ဖန့်ချန်ကိုယ်တိုင်ပင်လျှင် ထိုရောက်ရှိလာသောလူကို သေချာစွာ ထပ်မံ၍ စစ်ဆေးကြည့်ရှုလိုက်မိသည်။
အဘယ်ကြောင့်ဆိုသော် ထိုလူ၏ မျက်နှာထက်မှ အမူအရာသည် မေဒေါင်ကွမ်းထက်ပင် ပိုမို၍ ရူးသွပ် ဆန်းပြားနေသည့်အတိုင်း ဖြစ်နေခဲ့ပြီး၊ သူ၏ မျက်ဝန်းအစုံသည်လည်း တစ်စက္ကန့်မျှပင် ငြိမ်သက်ခြင်းမရှိဘဲ အဆက်မပြတ် လည်ပတ် လှုပ်ရှားနေခဲ့ကာ၊ စကားပြောဆိုသည့် အသံနေအထားမှာလည်း မေဒေါင်ကွမ်းထက်ပင် ပိုမို၍ ဆိုးရွားလွန်းနေခဲ့သောကြောင့် ဖြစ်ပေသည်။
“ဖုန်းချင်းရှန်းတောင်ရဲ့ ဝမ့်ဟဲ့ ပဲ၊ ငါက ဒီကောင် အစောကတည်းက ရူးသွပ်ပြီး သေဆုံးသွားပြီလို့ ထင်ထားခဲ့တာ၊ မမျှော်လင့်ဘဲ အသက်ရှင်နေသေးတာပဲ၊ ကျင့်စဉ်အဆင့်ကလည်း ကမ္ဘာတည်ဆောက်ခြင်း နောက်ပိုင်းအဆင့်ကို ရောက်ရှိနေပြီထင်တယ်”
ကျန်းတောက်ယွဲ့သည် ရောက်ရှိလာသောလူကို ကြည့်ရှုလိုက်မိရင်း၊ စိတ်ထဲ၌ တိုးညင်းစွာ ရေရွတ်လိုက်မိသည်။
“စီနီယာအစ်ကိုလင်းဖုန်း... ဒီလူက ဘယ်သူလဲဟင်……”
ဝမ်ချုံစန်း၏ မျက်ဝန်းအစုံအတွင်း၌ လေးနက်တည်ကြည်မှု အရိပ်အယောင်များ ပေါ်ထွက်လာခဲ့၏။
“ဝမ့်ဟဲ့…… ပြောရမယ်ဆိုရင်တော့၊ သူက စီနီယာအစ်ကိုကြီးနဲ့ တစ်သုတ်တည်း တက်ခဲ့တဲ့ ကျောင်းသားဟောင်းတစ်ယောက်ပဲ အတိတ်တုန်းက စီနီယာအစ်ကိုကြီးနဲ့အတူ ကရုဏာတောင်ရဲ့ လက်အောက်ကို ဝင်ရောက်ခဲ့ပေမဲ့၊ နောင်တစ်ချိန်မှာ အကြောင်းအရင်းအချို့ကြောင့် ကရဏာတောင်ကနေ နှုတ်ထွက်ဖို့ ရွေးချယ်ခဲ့တယ်၊ နောက်ဆုံးကျတော့ တော်တော်လေးကို ရှက်ဖွယ်ကောင်းတဲ့ အခြေအနေမျိုးနဲ့ ကြုံတွေ့ခဲ့ရပြီး ရူးသွပ်သွားခဲ့ရတာပေါ့၊ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီကြာပြီးတဲ့နောက်မှသာ၊ သူ ဖုန်းချင်းရှန်းတောင်မှာ ဝင်ရောက်ကျင့်ကြံနေတယ်ဆိုတာကို ငါတို့ သိရှိခဲ့ရတာ ဖြစ်တယ်”
လင်းဖုန်း က ပြောပြလိုက်တော့သည်။
ဝမ်ချုံစန်းသည် ရင်ထဲ၌ အနည်းငယ်မျှ တုန်လှုပ်အံ့ဩသွားခဲ့ရပြီး၊ နှစ်ဖက်ကြားတွင် ဤကဲ့သို့သော ထူးခြားဆန်းပြားလှသည့် ပတ်သက်မှုမျိုး ရှိနေလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ချေ။
ထိုအချိန်တွင် ဝမ့်ဟဲ့သည် ရှူရှန့်ကို လှမ်း၍ ကြည့်လိုက်မိရင်း၊ ထူးဆန်းစွာ ရယ်မောလိုက်တော့သည်။
“ဆရာရှူ... ကျွန်တော့်ရဲ့ ဆရာက ပြောလိုက်ပါတယ်၊ အကယ်၍ ဆရာ့ရဲ့ လက်အောက်က တပည့်က မေဒေါင်ကွမ်းကို အနိုင်တိုက်နိုင်တဲ့ စွမ်းရည်ရှိတယ်ဆိုရင်တော့၊ သူလည်း အဲ့ဒါကို သဘောတူ လက်ခံမှာပါတဲ့”
“ဒီလိုဆိုရင်လည်း... မင်းတို့တွေ စပြီး တိုက်ခိုက်ကြတော့လေ”
ရှူရှန့်က တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။
စကားဆုံးသည်နှင့် သူက အဝေးတစ်နေရာသို့ ဆုတ်ခွာသွားခဲ့တော့၏။
ဝမ့်ဟဲ့သည်လည်း မေဒေါင်ကွမ်းကို စကားအချို့ မှာကြားလိုက်ပြီးနောက်၊ ပြုံးစိစိဖြင့် ရှူရှန့်၏ ဘေးနားသို့ ဆုတ်ခွာသွားခဲ့ကာ၊ ထူးဆန်းလှသော အသံနေအထားဖြင့် တစ်စုံတစ်ရာကို လှမ်း၍ ပြောဆိုနေခဲ့တော့သည်။
လူအများအပြားသည်လည်း ၎င်းတို့၏ စကားများကို နားထောင်ရန် ပျင်းရိနေခဲ့ကြပြီး၊ ၎င်းတို့သည် မေဒေါင်ကွမ်းနှင့် ဖန့်ချန်ကြားရှိ တိုက်ပွဲကြီးကိုသာ ပိုမို၍ မျှော်လင့် တောင့်တနေကြချေပြီ။
“နှစ်ပေါင်းများစွာ ကြာသွားခဲ့ပြီပဲ... ဟဲ……”
မေဒေါင်ကွမ်းက တိုးညင်းသောအသံဖြင့် ရယ်မောလိုက်မိရင်း၊ သွေးစက်များဖြင့် ပြည့်နှက်နေသော မျက်လုံးအိမ်ကြီးသည် ရုတ်တရက်ဆိုသလို တစ်ချက် လည်ပတ်သွားခဲ့ပြီး၊ မျက်လုံးနှစ်လုံးသည် မတူညီသော အရပ်မျက်နှာများသို့ တစ်ပတ် လှည့်လည်သွားခဲ့ပြီးနောက်၊ ဖန့်ချန်၏ ခန္ဓာကိုယ်ထက်သို့ ကျရောက်သွားခဲ့ရသည်။
“ဖန့်ချန်... နှစ်ပေါင်းများစွာ ကြာသွားခဲ့ပြီပဲ၊ ငါ မင်းကို တွေးမိတိုင်း တကယ့်ကို အလွန်အမင်း ပျော်ရွှင်မိတယ်ကွာ၊ မင်း သိလား... ဒါက ဘာကြောင့်လဲဆိုတာကို”
“ဘာကြောင့်လဲ”
“ဘာကြောင့်လဲဆိုတော့…… ရူးသွပ်လက်သီးချက်ကြောင့်ပေါ့ကွာ”
မေဒေါင်ကွမ်း၏ စကားသံ ဆုံးသည်နှင့်တစ်ပြိုင်နက်၊ သူ၏ ခန္ဓာကိုယ်ထက်မှ ရုတ်တရက်ဆိုသလို ကောင်းကင်ယံကြီးကို တုန်ဟိန်းသွားစေနိုင်သော အော်ဟစ်မြည်ဟီးသံကြီးတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ ကြောက်မက်ဖွယ်ကောင်းသော အတွင်းကမ္ဘာ စွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် စီးဆင်းဝင်ရောက်လာခဲ့ကာ၊ သူ၏ လက်သီးချက်များထံမှနေ၍ ပြင်းထန်စွာ ပေါက်ကွဲ ပျံနှံ့ထွက်လာခဲ့တော့သည်။
ဤတစ်ခဏအတွင်း၌ မေဒေါင်ကွမ်း ပစ်လွှတ်လိုက်သော လက်သီးချက်၏ အရှိန်အဝါသည်၊ ကောင်းကင်နှင့် မြေကြီးကိုပင် အရောင်အသွေး ပြောင်းလဲသွားစေနိုင်သည့် ခံစားချက်မျိုးကို ပေးစွမ်းနေခဲ့၏။
သူသည် အလွန်တရာ ရူးသွပ်စွာဖြင့် တဟားဟား ရယ်မောနေခဲ့သည်။
လက်သီးအရှိန်အဝါများသည် ကောင်းကင်နှင့်မြေကြီးကို ဖုံးလွှမ်းလျက် ဖန့်ချန်၏ထံသို့ လှိုင်းတံပိုးများပမာ တိုးဝှေ့ တိုက်ခိုက်သွားခဲ့ချေပြီ။
“ဒီလက်သီးတစ်ချက်က... စွမ်းအင်စုစည်းခြင်း အလယ်အလတ်အဆင့်ရဲ့ စွမ်းအားနဲ့ တကယ့်ကို နီးကပ်လွန်းနေပြီပဲဥစ္စာ……”
စွမ်းအင်စုစည်းခြင်း အလယ်အလတ်အဆင့်တွင် ရှိနေကြသော အချို့သော သူတော်စင်များသည် မျက်နှာအမူအရာများ ချက်ချင်းပင် ပြောင်းလဲသွားခဲ့ကြရ၏။
မူလက တည်ငြိမ်နေခဲ့သော မျက်နှာထက်တွင်၊ လေးနက်တည်ကြည်မှု အရိပ်အယောင်များ ပိုမို၍ တိုးပွားလာခဲ့ကြရပြီး၊ ထိုလက်သီးချက်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိကြတော့သည်။
မူလက စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်၏ တိုက်ပွဲများသည်၊ ၎င်းတို့၏ စိတ်ဝင်စားမှုကို လုံးဝ ဆွဲဆောင်နိုင်ခြင်း မရှိခဲ့ချေ။
သို့သော်လည်း မေဒေါင်ကွမ်း၏ ဤလက်သီးချက်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းပကားသည်၊ ၎င်းတို့၏ စိတ်ခံစားချက်ကို တိုက်ရိုက်ပင် လှုပ်ခတ်သွားစေခဲ့ရချေပြီ။
အကယ်၍ တစ်ဖက်လူသည် စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်မျှသာ ရှိနေသေးသည်ကိုပင်၊ ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်မျိုးကို ရရှိပိုင်ဆိုင်ထားသည်ဆိုပါက၊ စွမ်းအင်စုစည်းခြင်း အလယ်အလတ်အဆင့်သို့ တက်လှမ်းပြီးသွားချိန်တွင်မူ မည်သို့ဖြစ်လာမည်နည်း။
ကွင်းပြင်တွင် ရှိနေကြသော ကိုးပုံတစ်ပုံထက်မကသော တူညီသည့်အဆင့်တူ ကျင့်ကြံသူများကို တိုက်ရိုက်ပင် လွှမ်းမိုး ချေမှုန်းပစ်နိုင်လိမ့်မည် မဟုတ်ပါလော။
“ဖန့်ချန်က စင်ကြယ်တဲ့ သွေးဗောဓိသီးကို သုံးစွဲထားတယ်ဆိုရင်တောင်မှ၊ အခုအချိန်မှာ စွမ်းအင်စုစည်းခြင်း အလယ်အလတ်အဆင့်နဲ့ နီးကပ်တဲ့ စွမ်းရည်မျိုးကို ထုတ်ဖော်ပြသနိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်သေးဘူး”
“ဒါဆိုရင်တော့……”
“သူ သေချာပေါက် ရှုံးနိမ့်သွားရလိမ့်မယ်”
ဤတစ်ခဏအတွင်း၌ လူအများအပြားသည် စိတ်ထဲ၌ ဆုံးဖြတ်ချက်တစ်ခုကို ချက်ချင်းပင် ချမှတ်လိုက်ကြရပြီး၊ ဤဆုံးဖြတ်ချက်အပေါ်တွင်လည်း လုံးဝ ယုံကြည်ချက် အပြည့် ရှိနေခဲ့ကြသည်။
“မိတ်ဆွေမေရဲ့ လက်ရှိ စွမ်းရည်က…… ငါ့ထက် တကယ့်ကို တစ်ပန်း သာနေတာပဲ၊ ထားလိုက်ပါတော့... သူ ဖန့်ချန်ကို အနိုင်ယူပြီးသွားတဲ့အထိ စောင့်ဆိုင်းပြီးမှ၊ ငါက ဖန့်ချန်နဲ့ တိုက်ခိုက်ဖို့ အခွင့်အရေး ထပ်ပြီး ရှာဖွေရတာပေါ့”
ကျိလင်က တိုးညင်းစွာဖြင့် ရေရွတ်လိုက်မိသည်။
“ငါ့အတွက် ပျက်စီးသွားစမ်း တဟားဟားဟား……”
မေဒေါင်ကွမ်းက ရူးသွပ်စွာဖြင့် အော်ဟစ်ရယ်မောလိုက်မိရင်း၊ သူ၏ လက်သီးအရှိန်အဝါများသည် ဖန့်ချန်၏ အတွင်းကမ္ဘာနယ်မြေ၏ ရှေ့မှောက်သို့ ကျရောက်တော့မည်ကို မြင်တွေ့လိုက်ရသော်လည်း၊ နောက်တစ်စက္ကန့်အတွင်းမှာပင် သူ၏ ရယ်မောသံကြီးသည် ရုတ်တရက်ဆိုသလို ဆတ်ခနဲ ရပ်တန့်သွားခဲ့ရတော့သည်။
“ဂတ်”
ဖန့်ချန်သည် မေဒေါင်ကွမ်း၏ လက်သီးချက်ကို လက်တစ်ဖက်တည်းဖြင့် အမိအရ ဖမ်းဆုပ်လိုက်မိရင်း -
“ကျောင်းသားမေ... မင်းရဲ့ အခုလက်ရှိ အခြေအနေက မမှန်ကန်ဘူးဖြစ်နေတယ်၊ နောက်ကျရင်... ငါ မင်းကို ကူညီနိုင်ဖို့ မျှော်လင့်မိပါတယ်”
စကားဆုံးသည်နှင့် သူက လက်ကောက်ဝတ်ကို တစ်ချက် မြှင့်တင်လိုက်ရာ၊ မေဒေါင်ကွမ်း၏ လက်မောင်းတစ်ခုလုံးသည်၊ သူ၏ လက်ချက်ဖြင့် ထိုနေရာတွင်ပင် ဂျွတ်ခနဲ ကျိုးပြတ်သွားခဲ့ရတော့သည်။
အခန်း (၂၀၉၀) တော်လိုက်ပါတော့၊ မတိုက်နဲ့တော့
မေဒေါင်ကွမ်းသည် အခြေအနေကို သိပ်ပြီး သတိမပြုမိသေးသည့်အလား၊ မျက်နှာထက်မှ ရူးသွပ်စုတ်ပြတ်လှသော ရယ်မောသံကြီးသည် ယခုတိုင် လွတ်လပ်ရိုင်းစိုင်းစွာဖြင့် ဟိန်းထွက်နေဆဲ ဖြစ်ပေသည်။
စက္ကန့်အတော်ကြာ ဖြတ်သန်းသွားပြီးနောက်မှသာ၊ သူသည် မည်သည့်အရာ ဖြစ်ပျက်သွားခဲ့သည်ကို ရိပ်မိသွားခဲ့တော့၏။
သူ၏ မျက်ဝန်းအစုံအတွင်း၌ သာမန်လူများ သတိပြုမိရန် ခက်ခဲလှသော အံ့အားသင့်တုန်လှုပ်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့ပြီးနောက်၊ သူသည် ပိုမို၍ ရူးသွပ်ဆန်းပြားလှသော ရယ်မောသံကြီးကို ထပ်မံ၍ အုန်းအုန်းကျွက်ကျွက် ဖောက်ခွဲလိုက်တော့သည်။
“ဟားဟားဟားဟားဟား... တကယ့်ကို နာကျင်လိုက်တာ တကယ့်ကို အရသာရှိလှချေလား”
သူသည် ကျန်ရှိနေသေးသော အခြားလက်သီးတစ်ဖက်ကို ဝှေ့ယမ်းလိုက်ရင်း၊ ဖန့်ချန်၏ထံသို့ ပြင်းထန်စွာ ထိုးနှက် တိုက်ခိုက်လိုက်ပြန်တော့သည်။
ဤတစ်ကြိမ်တွင်မူ၊ ရူးသွပ်လက်သီးချက်၏ အရှိန်အဝါသည် ပိုမို၍ ကြောက်မက်ဖွယ်ကောင်းသော အခြေအနေသို့ ပြောင်းလဲသွားခဲ့ချေပြီ။
တိုက်ခိုက်ခြေမှုန်းခြင်း စွမ်းအားသည် အစောပိုင်းကထက် အဆမတန် သာလွန်ကောင်းမွန်နေရုံသာမက၊ အခြားသူများ၏ စိတ်ဝိညာဉ်ကိုပင် တိုက်ရိုက် လွှမ်းမိုး နှောင့်ယှက်နိုင်စွမ်း ရှိနေခဲ့သည်။
အနီးအနားတွင် ဝိုင်းဝန်းကြည့်ရှုနေကြသော ကြည့်ရှုသူများပင်လျှင် စိတ်ထဲ၌ ဂယောက်ဂယက်ဖြစ်ကာ စိတ်တိုဒေါသထွက်လာရပြီး၊ ဒေါသတကြီး အော်ဟစ်လိုက်ချင်သလို၊ သောင်းကျန်းစွာ ရယ်မောလိုက်ချင်သလို ခံစားချက်မျိုးကို ဖြစ်ပေါ်စေခဲ့ရသည်။
၎င်းတို့သည် ဤအချက်ကို ရိပ်မိသွားကြပြီးနောက်၊ တစ်ယောက်ပြီးတစ်ယောက် မိမိတို့၏ စိတ်အာရုံကို တင်းတင်းကျပ်ကျပ် စောင့်ထိန်းလိုက်ကြမှသာ၊ အနည်းငယ်မျှ နေရထိုင်ရ သက်သာသွားခဲ့ရပြီး၊ မျက်ဝန်းအစုံအတွင်း၌ လေးနက်တည်ကြည်မှု အရိပ်အယောင်များ ပေါ်ထွက်လာခဲ့ကြရတော့၏။
၎င်းတို့ကိုယ်တိုင်ပင်လျှင် ရူးသွပ်လက်သီးချက်၏ လွှမ်းမိုးမှုကို ခံစားလိုက်ရသည်ဆိုပါက၊ ဖန့်ချန်ကကော မည်သို့ရှိမည်နည်း။ သူသည် မေဒေါင်ကွမ်းနှင့် ဤမျှအထိ နီးကပ်လွန်းနေရသည်ဖြစ်ရာ၊ ကြုံတွေ့ရသည့် လွှမ်းမိုးမှုသည် ပိုမို၍ ပြင်းထန် ဆိုးရွားမနေနိုင်ဘူးလား။
သို့သော်လည်း လူတိုင်း လုံးဝ မြင်တွေ့ခွင့်မရလိုက်သည်မှာ ဖန့်ချန်၏ ခန္ဓာကိုယ်ထက်၌ စိုးစဉ်းမျှပင် သက်ရောက်မှု မရှိခဲ့ခြင်း ဖြစ်ပေရာ၊ သူသည် ကျန်ရှိနေသေးသော အခြားလက်ဖက်ဖြင့် မေဒေါင်ကွမ်း၏ ကျန်ရှိနေသေးသော အခြားလက်သီးတစ်ဖက်ကို ရိုးရှင်းစွာပင် လှမ်း၍ ဖမ်းဆုပ်လိုက်ရုံသာ ရှိခဲ့သည်။
ထို့နောက်တွင်မူ……
လက်ကောက်ဝတ်ကို ခပ်ဖွဖွလေး တစ်ချက် မြှင့်တင်လိုက်သည်။
ဂျွတ်
လူတိုင်းသည် အရိုးများ ကြေမွပျက်စီးသွားသည့် အသံကို တိကျပြတ်သားစွာ ကြားလိုက်ကြရတော့သည်။
“ဒါက…”
လူအများအပြားသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြမိကြတော့၏။
ချိုင်စစ်ရှို့၊ လုကျိုဝမ့်နှင့် အခြားလူများသည် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ၊ တိုက်ရိုက်ပင် အေးစက်လှသော လေထုကို တရှူးရှူး ရှူရှိုက်လိုက်မိကြတော့သည်။
တိုက်ကွက်နှစ်ကွက်အတွင်းမှာတင်၊ မေဒေါင်ကွမ်း၏ လက်မောင်းနှစ်ဖက်စလုံးသည် လုံးဝ ပျက်စီးသွားခဲ့ရပြီပေါ့လေ။
ရွှမ်ပုထုံ၏ နဖူးပြင်ထက်တွင်မူ၊ တဖြည်းဖြည်းချင်း အေးစက်လှသော ချွေးစေးများ စိမ့်ထွက်လာခဲ့ရချေပြီ။
သူသည် အလိုအလျောက်ပင် ကျိလင်၏ထံသို့ လှမ်း၍ ကြည့်ရှုလိုက်မိရာ၊ တစ်ဖက်လူသည်လည်း မိမိနည်းတူ ခန္ဓာကိုယ်ထက်တွင် အေးစက်လှသော ချွေးစေးများ စီးကျနေသည်ကို ရှာဖွေတွေ့ရှိလိုက်ရသည်။
“ဟားဟားဟားဟားဟား”
မေဒေါင်ကွမ်းသည် လက်မောင်းနှစ်ဖက်စလုံး ပျက်စီးသွားခဲ့ရသော်လည်း၊ နာကျင်စွာ အော်ဟစ်ညည်းတွားခြင်း မရှိသည့်အပြင်၊ ပိုမို၍ ရူးသွပ်ဆန်းပြားစွာဖြင့် တဟားဟား ရယ်မောလိုက်တော့သည်။
“ဒီလိုပုံစံမျိုးပဲ ဒီလိုပုံစံမျိုးပဲကွ”
“ကျောင်းသားမေ... မင်း ကြည့်ရတာ တကယ် ရူးနေတာမဟုတ်ဘဲ၊ ရူးချင်ယောင် ဆောင်နေတာနဲ့ ပိုတူနေသလိုပဲနော်။ အကယ်၍ မင်း ဒီလိုပုံစံမျိုး ပိုပြီး ဖြစ်လေလေ၊ မင်းရဲ့ ယခုလက်ရှိ စွမ်းရည်တွေကို ပိုပြီး ထုတ်ဖော်နိုင်လေလေ ဖြစ်နေတာလား”
ဖန့်ချန်က တိုးညင်းသောအသံဖြင့် မေးမြန်းလိုက်သည်။
ဤစကားလုံးများသည် ဓားတစ်စင်းပမာ၊ မေဒေါင်ကွမ်း၏ ရင်ဘတ်အလယ်တည့်တည့်သို့ တိုက်ရိုက်ပင် စိုက်ဝင်သွားခဲ့သည့်အတိုင်း ဖြစ်ပေရာ၊ သူ၏ မျက်နှာထက်မှ ရယ်မောသံကြီးသည် သိသိသာသာပင် ဆတ်ခနဲ တောင့်တင်းသွားခဲ့ရသည်။
အရပ်ရပ်မှ သူတော်စင်များသည်လည်း ချက်ချင်းပင် သံသယအရိပ်အယောင်များ ပေါ်ထွက်လာခဲ့ကြရတော့သည်။
“ဒီလိုမျိုးလည်း ရတာပဲလား ရူးချင်ယောင် ဆောင်နေရုံနဲ့တင်၊ ဖုန်းချင်းရှန်းတောင်ရဲ့ ကာကွယ်ရေးဆရာရဲ့ လက်အောက်မှာ တပည့်အဖြစ် အသိအမှတ်ပြု ခံရနိုင်တာလား”
“ဒါဆိုရင် ငါလည်း နောင်ကျရင် ဒီနည်းလမ်းကို တစ်ချက်လောက် စမ်းသပ်ကြည့်ရမယ်……”
ကျိုကျိတောင်မှ သူတော်စင်များဖြစ်ကြသော ထိုက်ရှီဝမ်းကျန်း ကဲ့သို့သော လူများ၏ မျက်ဝန်းအစုံအတွင်း၌လည်း၊ သံသယအရိပ်အယောင်တစ်ခု ပေါ်ထွက်လာခဲ့ရချေပြီ။
“တကယ်တော့ ဒီကောင်က အယောင်ဆောင်နေတာပဲလား”
လင်းဖုန်း က မနေနိုင်ဘဲ ပြုံး၍ ပြောဆိုလိုက်သည်။
“အယောင်ဆောင်တာက တကယ့်ကို တူလွန်းလှပါတယ်”
ဝမ်ယန် က ခေါင်းကို ခပ်ဖွဖွလေး ညိတ်လိုက်မိ၏။
“တကယ်တော့ အဲ့ဒီလိုမျိုးလည်း တစ်ဖက်လူကို သွားပြီး မတွေးဆသင့်ပါဘူး၊ သူက အယောင်ဆောင်နေတာ မဟုတ်လောက်ပါဘူး၊ အတိတ်တုန်းက ဂျူနီယာညီလေးဖန့်ရဲ့ ရိုက်နှက်မှုကို အဲ့ဒီလို ပုံစံမျိုး ခံလိုက်ရတာဆိုတော့၊ တကယ် ရူးသွားတာလည်း ဖြစ်နိုင်တာပဲလေ”
ကျန်းတောက်ယွဲ့ က ချောင်းတစ်ချက် ဟန့်လိုက်ရင်း ပြောဆိုလိုက်သည်။
အနီးအနားမှ သံသယဖြစ်ဖွယ်ရာ စူးစိုက်ကြည့်ရှုနေကြသော မျက်ဝန်းအစုံများကို ခံစားလိုက်ရရင်း၊ တစ်ချက်ပြီးတစ်ချက် တိုးညင်းစွာ ပြောဆိုနေကြသော စကားသံများကို ကြားလိုက်ရသဖြင့်၊ မေဒေါင်ကွမ်း၏ မျက်ဝန်းအစုံအတွင်း၌ ရုတ်တရက်ဆိုသလို ပြာယာခတ်သွားသည့် အရိပ်အယောင်တစ်ခု ပေါ်ထွက်လာခဲ့ရသည်။
သို့သော်လည်း သူက ချက်ချင်းပင် ပြန်လည်၍ ဖိနှိပ်လိုက်ပြီး၊ ပိုမို၍ ရူးသွပ်စွာ တဟားဟား ရယ်မောလိုက်ရင်း၊ မိမိ၏ လက်မောင်းနှစ်ဖက်ကို ကိုယ်တိုင် ဖြတ်တောက်လိုက်ကာ၊ အတွင်းကမ္ဘာနယ်မြေကို မောင်းနှင်လျက် ဖန့်ချန်နှင့် အကွာအဝေးတစ်ခုသို့ ဆုတ်ခွာသွားခဲ့တော့သည်။
“ဟားဟားဟားဟား”
မေဒေါင်ကွမ်းသည် ဖန့်ချန်၏ လက်ထဲ၌ ရှိနေသော ဖြတ်တောက်ခံလိုက်ရသည့် မိမိ၏ လက်မောင်းနှစ်ဖက်ကို ကြည့်ရှုလိုက်မိရင်း၊ အတွင်းကမ္ဘာနယ်မြေ၏ တံခါးဝရှေ့တွင် ရူးသွပ်စွာဖြင့် တဟားဟား ရယ်မောနေခဲ့ကာ၊ အလွန်တရာ အပျော်ကြီး ပျော်နေသည့်အလား ခံစားချက်မျိုးကို ဖြစ်ပေါ်စေခဲ့ရ၏။
လူတိုင်း၏ မျက်နှာအမူအရာသည် ထူးဆန်းသွားခဲ့ရပြီး၊ အမှန်တကယ်တော့ ဤနေရာအထိ မြင်တွေ့လိုက်ရရုံဖြင့်၊ ၎င်းတို့သည် မေဒေါင်ကွမ်းက ဖန့်ချန်၏ ပြိုင်ဘက် လုံးဝ မဟုတ်တော့ကြောင်းကို သိရှိသွားကြပြီ ဖြစ်သည်။
“ဖန့်ချန်ရဲ့ အခြေခံအနှစ်သာရက…… မမျှော်လင့်ဘဲ တကယ့်ကို ထူးခြားလွန်းအောင် သန်မာတယ်”
“ဒါကြောင့်လည်း အဲဒီအဓိကတပည့်လူသားတွေက တစ်ယောက်ထက်တစ်ယောက် ပိုပြီး ကြောက်မက်ဖွယ်ကောင်းနေကြတာပေါ့၊ တကယ့် မကောင်းဆိုးဝါးတွေအတိုင်းပဲ။ ငါသာ သူတော်စင်အဆင့်ကို မတက်လှမ်းခင်မှာ၊ စင်ကြယ်တဲ့ သွေးဗောဓိသီးတစ်လုံးကို သုံးစွဲခွင့် ရခဲ့မယ်ဆိုရင်၊ ငါ့ရဲ့ အခုလက်ရှိ စွမ်းရည်ကလည်း ပိုပြီးတော့ တိုးတက်လာနိုင်ဦးမှာပဲ ”
“အခု အခြေအနေကို ကြည့်ရသလောက်တော့၊ လူသားမျိုးနွယ်စု ကျောင်းတော်အတွင်းက စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်တွေထဲမှာ၊ ဖန့်ချန်ရဲ့ ပြိုင်ဘက်ဖြစ်နိုင်တဲ့လူက လက်ချိုးရေတွက်လို့ရလောက်တဲ့ ပမာဏပဲ ရှိတော့မှာပါ”
“အဲ့ဒီလိုလည်း ပြောလို့မရသေးပါဘူး၊ မတူညီတဲ့ ကာကွယ်ရေးဆရာတွေရဲ့ လက်အောက်မှာလည်း၊ စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်မှာပဲ ရှိနေသေးတဲ့လူ အချို့ ရှိနေသေးတာပဲ၊ သူတို့ရဲ့ အခြေခံအနှစ်သာရက ဖန့်ချန်ထက် လျော့နည်းနေလိမ့်မယ်လို့ ပြောလို့မရဘူး၊ သူတို့က ပုံမှန်အားဖြင့် လူလုံးထွက်ပြလေ့မရှိကြလို့သာ ဖြစ်တယ်”
ထိုအချိန်တွင် မေဒေါင်ကွမ်းသည် ယခုတိုင် ရယ်မောနေဆဲ ဖြစ်ပေရာ၊ ဤကဲ့သို့သော ရူးသွပ်လှသည့် ရယ်မောသံကြီးဖြင့်သာ၊ သူ၏ ရင်ထဲမှ ထိတ်လန့်တုန်လှုပ်မှုနှင့် အရှက်ရစရာ ခံစားချက်များကို ဖုံးကွယ်ထားနိုင်သည့်အတိုင်း ဖြစ်နေခဲ့ချေပြီ။
ယခုအခါတွင်မူ မျက်စိကန်းနေသောလူပင်လျှင် အခြေအနေ၏ အရိပ်အယောင်အချို့ကို မြင်တွေ့နိုင်နေပြီ ဖြစ်သည်။
“မိတ်ဆွေမေက…… တကယ့်ကို ရူးသွပ်သွားခဲ့တာ မဟုတ်ဘူးပဲ……”
ကျိလင်က တိုးညင်းသောအသံဖြင့် ပြောဆိုလိုက်သည်။
ဝူချုံး ကလည်း ခေါင်းကို ခပ်ဖွဖွလေး ညိတ်လိုက်မိရင်း -
“ကြည့်ရတာတော့ သေချာပေါက် အယောင်ဆောင်နေတာပဲ ဖြစ်ရမယ်၊ ဒါပေမဲ့ သူကိုယ်တိုင်တောင်မှ ဖန့်ချန်ရဲ့ ပြိုင်ဘက် မဟုတ်ဘူးဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး……”
သူမ၏ မျက်ဝန်းအစုံသည် ထပ်ဆင့်သော ဟင်းလင်ူပြင် ကောင်းကင်ပြင်ကြီးကို ဖြတ်သန်းလျက်၊ ဖန့်ချန်၏ ခန္ဓာကိုယ်ထက်သို့ ကျရောက်သွားခဲ့ရသည်။
သူမ၏ မျက်ဝန်းအစုံအတွင်း၌ နောင်တရရသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့၏။
ကျိလင်က အနည်းငယ်မျှ ရိပ်မိသွားခဲ့သဖြင့်၊ မျက်ဝန်းအစုံသည် အနည်းငယ်မျှ အုံ့မှိုင်းသွားခဲ့ရသော်လည်း၊ မည်သည့်စကားကိုမျှ ထုတ်ဖော်၍ ပြောဆိုခြင်း မရှိခဲ့ချေ။
ဖန့်ချန်သည် ဆက်လက်၍ တိုက်ခိုက်ခြင်း မပြုတော့ဘဲ၊ တဟားဟားဖြင့် ရူးသွပ်စွာ ရယ်မောနေသော မေဒေါင်ကွမ်းကိုသာ ငြိမ်သက်စွာဖြင့် စိုက်ကြည့်နေမိတော့သည်။
ဟင်းလင်းပြင် ကောင်းကင်ပြင်ကြီးတစ်ခုလုံးတွင်၊ မေဒေါင်ကွမ်း၏ ရူးသွပ်လှသော ရယ်မောသံကြီးတစ်ခုတည်းသာ ကျန်ရှိနေတော့သည့်အတိုင်း ခံစားရစေသည်။
ဖန့်ချန်သည် စိတ်ထဲ၌ သက်ပြင်းတစ်ချက် ချလိုက်မိရင်း၊ ယခုတစ်ခဏ၌ လေထုကြီးတစ်ခုလုံးပင်လျှင် တစ်ဖက်လူအတွက် အလွန်အမင်း ရှက်ဖွယ်ကောင်းလွန်းလှသည်ဟု ခံစားလိုက်ရတော့သည်။
“ဘာတွေ လျှောက်ရယ်နေတာလဲကွာ၊ အယောင်ဆောင်မနေစမ်းပါနဲ့တော့၊ တိုက်ချင်တယ်ဆိုရင်လည်း ဆက်ပြီး တိုက်ပစ်လိုက်စမ်းပါ ”
ရုတ်တရက်ဆိုသလို၊ မည်သူက အော်ဟစ်လိုက်သည်မသိသော အော်ဟစ်သံကြီးတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ မေဒေါင်ကွမ်း၏ ရယ်မောသံကြီးကို ချက်ချင်းပင် ဆတ်ခနဲ ရပ်တန့်သွားစေခဲ့တော့သည်။
“ငါတို့ ဖုန်းချင်းရှန်းတောင်က ကိစ္စရပ်တွေကို ဆောင်ရွက်နေတာကို၊ မင်းတို့တွေက ဘာလို့ ဝင်ပြီး လျှာရှည်နေကြတာလဲ ဘယ်သူလဲ ငါ့အတွက် အမြန်ဆုံး လိမ့်ထွက်ခဲ့စမ်း၊ မင်းရဲ့ ပါးစပ်ကို ငါ ဆွဲဖြဲပစ်တာကို မခံချင်ဘူးဆိုရင်ပေါ့ ”
ဝမ့်ဟဲ့သည် အလွန်တရာ ဒေါသတကြီးဖြင့် ပတ်ပတ်လည်သို့ လှမ်း၍ ကြည့်ရှုလိုက်တော့၏။
“ဝမ့်ဟဲ့... လူသားမျိုးနွယ်စု ကျောင်းတော်ကြီးထဲမှာ ကာကွယ်ရေးဆရာ ရှိနေတာက မင်းတို့ ဖုန်းချင်းရှန်းတောင် တစ်ခုတည်း မဟုတ်ဘူးနော်၊ ပုံမှန်အချိန်တွေမှာ မင်းတို့တွေ ရူးသွပ်နေကြတာကို ထားလိုက်တော့၊ အခုက လူတွေနဲ့ တိုက်ခိုက်နေတာ မဟုတ်ဘူးလား။ ဒါဆိုရင် ရူးသွပ်နေရုံတင်ပဲလား၊ လုံးဝ မသောင်းကျန်းတော့ဘူးပေါ့ သူ ဆက်ပြီး တိုက်ခိုက်ဖို့ ရည်ရွယ်ချက် ရှိသေးရဲ့လား၊ တကယ်လို့ မရှိတော့ဘူးဆိုရင်လည်း သူ့ကို ဖုန်းချင်းရှန်းတောင်ကိုပဲ တိုက်ရိုက် ပြန်ခေါ်သွားလိုက်တော့လေ”
ရှူရှန့်က မျက်မှောင်ကြုတ်လျက် ပြောဆိုလိုက်သည်။
ဝမ့်ဟဲ့သည် ထိုစကားကို ကြားလိုက်ရသောအခါ၊ ချက်ချင်းပင် ထူးဆန်းစွာ ရယ်မောလိုက်တော့သည်။
“ဆရာရှူ... မလောပါနဲ့ဦးဗျာ၊ ဂျူနီယာညီလေးမေက ဆရာ့ရဲ့ လက်အောက်က တပည့်ကို အသက်ရှူခွင့် ခေတ္တ ပေးလိုက်ရုံတင်ပါ”
စကားဆုံးသည်နှင့် သူက မေဒေါင်ကွမ်းကို လှမ်းကြည့်လိုက်ရင်း၊ တဟားဟား ရယ်မောလိုက်တော့သည်။
“ဂျူနီယာညီလေးမေ... ငါတို့တွေလည်း ဖုံးကွယ်မနေကြတော့ဘဲ၊ တိုက်ရိုက်ပဲ ရှေ့တိုးလိုက်ကြစို့ ”
“ဟားဟားဟားဟား... ကောင်းပြီလေ၊ စီနီယာအစ်ကိုဝမ့်”
မေဒေါင်ကွမ်းက ရူးသွပ်စွာ ရယ်မောလိုက်မိရင်း၊ အတွင်းကမ္ဘာနယ်မြေကို ထပ်မံ၍ မောင်းနှင်လျက် ဖန့်ချန်၏ထံသို့ တိုးဝှေ့ တိုက်ခိုက်သွားခဲ့ပြန်သည်။
ဤတစ်ကြိမ်တွင်မူ သူသည် ဖုန်းချင်းရှန်းတောင်၏ တန်ခိုးစွမ်းပကားများကို ထုတ်ဖော်ခြင်း မပြုတော့ဘဲ၊ အတိတ်နှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ဖူးသော အခြားသော တန်ခိုးစွမ်းပကား နည်းလမ်းအချို့ကိုသာ ထုတ်ဖော်၍ တိုက်ခိုက်လိုက်တော့၏။
စက္ကန့်အနည်းငယ်မျှ ကြာပြီးနောက်
သူ၏ ညာဘက်ခြေထောက်သည် ပြတ်တောက်သွားခဲ့ရပြီး၊ လွတ်မြောက်နိုင်ရန်အတွက်၊ မေဒေါင်ကွမ်းသည် မိမိ၏ ညာဘက်ခြေထောက်ကို ကိုယ်တိုင် ဖြတ်တောက်ရန် ရွေးချယ်လိုက်ရပြန်သည်။
ထို့နောက်တွင် သူက ပိုမို၍ ရူးသွပ်စွာဖြင့် ရှေ့သို့ တိုးဝှေ့ တိုက်ခိုက်သွားခဲ့ပြန်ရာ၊ မျက်နှာထက်မှ အမူအရာသည် အနည်းငယ်မျှ ကြောက်မက်ဖွယ်ကောင်းလွန်းအောင် ရက်စက်ကြမ်းကြုတ်နေခဲ့၏။
သို့သော်လည်း ဤတစ်ကြိမ်တွင်မူ၊ သူ၏ ဘယ်ဘက်ခြေထောက်ပါ ပြတ်တောက်သွားခဲ့ရချေပြီ။
“ဟားဟားဟား”
လူလုံးကဲ့သို့ ဖြစ်သွားခဲ့ရသော မေဒေါင်ကွမ်းသည် တဟားဟား ရယ်မောလိုက်မိရင်း၊ အတွင်းကမ္ဘာနယ်မြေကို မောင်းနှင်လျက် ဖန့်ချန်နှင့် အလွန်တရာ ဝေးကွာလှသော နေရာတစ်ခုသို့ အတင်းအကျပ် ထွက်ပြေးတိမ်းရှောင်သွားခဲ့တော့သည်။
အစောပိုင်းက တိုက်ကွက်အနည်းငယ်အတွင်းမှာတင်၊ သူ၏ အတွင်းကမ္ဘာနယ်မြေ၏ တံခါးဝထက်တွင် မြောက်မြားစွာသော အက်ကြောင်းရာကြီးများ ထွက်ပေါ်လာခဲ့ရပြီ ဖြစ်ပေသည်။
အကယ်၍ သူသည် အတွင်းကမ္ဘာနယ်မြေ၏ အခြေခံအနှစ်သာရများကို အတင်းအကျပ် အလွန်အကျွံ ထုတ်သုံးခဲ့ခြင်း မရှိပါက၊ ယခုကဲ့သို့သော အခြေအနေမျိုးမှ ရုန်းထွက်နိုင်ရန် တကယ့်ကို ခက်ခဲသွားပေလိမ့်မည်။
“မိတ်ဆွေမေ... တော်လိုက်ပါတော့၊ မတိုက်နဲ့တော့”
ကျိလင်သည် ထိုအခြေနေကို မြင်တွေ့လိုက်ရသောအခါ၊ မနေနိုင်ဘဲ ဝင်ရောက်၍ တားဆီး စကားပြောဆိုလိုက်တော့သည်။
“ဂျူနီယာညီလေးမေ... နောက်တစ်ကြိမ်ကျမှ ကျောင်းသားဖန့်နဲ့ ထပ်ပြီး တိုက်ခိုက်တော့လေ၊ ဒီနေ့အတွက်တော့ ဒီလောက်နဲ့ပဲ တော်လိုက်ပါတော့”
ထိုက်ရှီဝမ်းကျန်း ကလည်း ဝင်ရောက်၍ ဖျောင်းဖျ ပြောဆိုလိုက်၏။
ကျိုကျိတောင်မှ လူအများအပြားသည်လည်း ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ၊ အတိတ်တုန်းက မေဒေါင်ကွမ်းနှင့် အတူတကွ ဖြတ်သန်းခဲ့ဖူးသော အချိန်များကို တွေးမိကြပြီး၊ ယခုအခါတွင် သူ၏ ဤကဲ့သို့သော ပုံစံမျိုးကို ကြည့်ရှုလိုက်ရသဖြင့်၊ တကယ့်ကို စိတ်ထဲ၌ မချိတင်ကဲ ဖြစ်ရလွန်းလှပေသည်။
၎င်းတို့သည်လည်း တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်၍ ဖျောင်းဖျ စကားပြောဆိုလိုက်ကြရင်း၊ မေဒေါင်ကွမ်းအနေဖြင့် ယနေ့တိုက်ပွဲကို အဆုံးသတ်လိုက်နိုင်ရန် မျှော်လင့်မိကြတော့သည်။
ယခုကဲ့သို့သော အချိန်မျိုးတွင်မူ၊ ဆက်လက်၍ ရူးချင်ယောင် ဆောင်နေရန် လုံးဝ အကြောင်းမရှိတော့ချေ။
“ဟားဟားဟား... မင်းတို့တွေက ဘာကို နားလည်လို့လဲကွ ပါးစပ်ပိတ်ထားစမ်း အကုန်လုံး ပါးစပ်ပိတ်ထားကြစမ်း မဟုတ်ရင် ငါ မင်းတို့ရဲ့ မိသားစုတစ်ခုလုံးကို သတ်ပစ်မယ် ဟားဟားဟား ”
မေဒေါင်ကွမ်းသည် ယခုတိုင် ရူးသွပ်စွာ ရယ်မောနေဆဲ၊ ဆဲဆိုနေဆဲ ဖြစ်ပေရာ၊ ရယ်မောရင်း ရယ်မောရင်းဖြင့်ပင်၊ မျက်ဝန်းထောင့်မှ မျက်ရည်စအချို့ ဝဲတက်စီးကျလာခဲ့ရသည့်အတိုင်း ဖြစ်သော်လည်း၊ ချက်ချင်းပင် အငွေ့ပျံ ပျောက်ကွယ်သွားခဲ့ရသဖြင့်၊ လူအနည်းငယ်မျှသာ သတိပြုမိလိုက်ကြသည်။
“မရယ်နေနဲ့တော့၊ တိုက်ချင်တယ်ဆိုရင်လည်း ဆက်ပြီး တိုက်ပစ်လိုက်စမ်းပါ”
ရှူရှန့် က တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။
“……”
“ထားလိုက်ပါတော့... ဂျူနီယာညီလေးမေက ဒီကျောင်းသားဖန့်ရဲ့ ပြိုင်ဘက် မဟုတ်ဘူးဖြစ်နေပုံရတယ်ဆိုတော့၊ ဒါဆိုရင် ဒီနေ့ တိုက်ပွဲကို ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ကြရအောင်”
ဝမ့်ဟဲ့က ခပ်ဖွဖွလေး ပြုံးလိုက်မိရင်း၊ ဝတ်ရုံလက်စကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ၊ ယခုတိုင် ရူးသွပ်စွာ ရယ်မောနေဆဲ ဖြစ်သော မေဒေါင်ကွမ်းကို တိုက်ရိုက်ပင် ပွေ့ပိုက်လျက် အဝေးတစ်နေရာသို့ အလျင်အမြန် ခေါ်ဆောင်၍ ပျံသန်းထွက်ခွာသွားခဲ့တော့၏။
လူတိုင်းသည်လည်း မရေမရာလှသော အခြေအနေတစ်ခုအတွင်း၌၊ ထိုရူးသွပ်လှသော ရယ်မောသံကြီးများကြားထဲမှနေ၍၊ သတိပြုမိရန် ခက်ခဲလှသော တရှုံ့ရှုံ့ ငိုရှိုက်သံတိုးတိုးလေးတစ်ခုကိုပါ မရေမရာ ကြားလိုက်ကြရတော့သကဲ့သို့ ရှိနေခဲ့ကြတော့သည်။