← Chapters

အခန်း (၅၃၅-၅၃၆)

Vol. 46 Ch. 535-536

အခန်း (၅၃၅-၅၃၆)

Vol. 46 Ch. 535-536

အပိုင်း (၅၃၅)

တစ်ခဏအတွင်းမှာပင် အခြေအနေသည် ချက်ချင်း အလွန် တင်းမာသွားတော့၏။ နှစ်ဖက်စလုံးသည် နောက်ထပ် ဆွေးနွေးပွဲ အသစ်ကို စတင်ခဲ့ကြပြီး လုံးဝ အကြိတ်အနယ် အားပြိုင်နေကြတော့သည်။

ပထမအချက် - အောက်ယွီ တစ်မိသားစုလုံးကို အရှင်လတ်လတ် အရေခွံခွာ သတ်ဖြတ်ရန်။ ဤအချက်မှာ သံသယ ဖြစ်စရာ မလိုချေ။

ဒုတိယအချက် - မင်းသမီး ရှန်ရှန်းကို စီးမိသားစု ထံ ပို့ဆောင်ပေးနိုင်ပြီး စီးကွမ် နှင့် ဝိညာဉ် လက်ထပ်ပွဲ ပြုလုပ်နိုင်သော်လည်း လျှို့ဝှက်စွာ ပြုလုပ်ရမှာဖြစ်ပြီး အပြင်ဘက်သို့ မင်းသမီး ရှန်ရှန်း ရောဂါဖြင့် သေဆုံးသွားပြီဟု ကြေညာရမှာဖြစ်သည်။

စီးမိသားစုထံ ပို့ဆောင်ပြီးနောက်တွင် သူမသည် စီးမိသားစု၏လူ ဖြစ်သွားပြီဖြစ်ရာ နောက်ဆက်တွဲ ကံကြမ္မာမှာ စီးပြန်း၏ သဘောအတိုင်းသာ ဖြစ်၏။

တတိယအချက် - ကျိန့်ဟိုင်မြို့စား၏ ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြုသောအားဖြင့် နန်းတွင်းက နောက်ထပ် ပြည်နယ် တစ်ခုကို ထပ်မံ ချီးမြှင့်မည် ဖြစ်သော်လည်း ဤသည်မှာလည်း လျှို့ဝှက် စာချုပ်သာ ဖြစ်ပြီး လူသိရှင်ကြား ကြေညာမည် မဟုတ်ချေ။

သို့သော်ငြား နိုင်ကော် နှင့် ဆူမီယွမ်တို့က ဤအချက်ကို အသိအမှတ်ပြုမှာဖြစ်သည်။

စတုတ္ထအချက် - ကျိန့်ဟိုင်မြို့စား သည် နန်းတွင်း သို့ ငွေသား ဆယ်သန်းကို အခမဲ့ လှူဒါန်းရန် ဖြစ်၏။

ဤအချက်ကို ကျိန့်ဟိုင်မြို့စား စီးပြန်းက လုံးဝ သဘောမတူချေ။ ပြည်နယ် တစ်ခုတည်း ရရှိရုံဖြင့် ငွေသား ဆယ်သန်း ပေးရမည်လား။

ပြည်နယ် တစ်ခုတည်း၏ နယ်မြေမှ အခွန်များ အနှစ်တစ်ရာကောက်ခံလျှင်တောင် ငွေသား ဆယ်သန်း ရရှိရန် မသေချာချေ။

စီးမိသားစုတွင် ငွေကြေးများ အများအပြား ရှိသော်လည်း အရူးလုပ်ရန် လွယ်ကူသည်ဟု ထင်နေသည်လား။ ထို့အပြင် စီးမိသားစု၏ ဤငွေများသည် အနာဂတ်တွင် အင်ပါယာ တည်ထောင်ရန်အတွက် အသုံးပြုရမှာ ဖြစ်သည်။

နှစ်ဖက်စလုံးသည် နောက်ဆုံး အချက်နှစ်ချက် အတွက် အကြိတ်အနယ် ဆွေးနွေးတိုင်ပင်နေကြသည်။ သို့ပေမည့် နှစ်ဖက်စလုံးသည် ဤဆွေးနွေးပွဲမှာ မကြာမီ အောင်မြင်သွားတော့မည် ဖြစ်ကြောင်းကိုလည်း သိရှိနေကြ၏။

ကျိန့်ဟိုင်မြို့စားက ဤငွေသား ဆယ်သန်းကို မဖြစ်မနေ ပေးရမှာဖြစ်ပြီး ချီးမြှင့်မည့် ပြည်နယ် အရေအတွက်မှာ တစ်ခု မဟုတ်ဘဲ သုံးခု ဖြစ်သွားမှာဖြစ်သည်။

ဤသည်မှာလည်း သေချာပေါက် တိုင်းပြည်၏ အကျိုးစီးပွားကို စွန့်လွှတ်လိုက်ခြင်း ဖြစ်သော်လည်း နန်းတွင်း၏ အမတ်ကြီးများ အမြင်တွင် ဤတောင်ပိုင်းဒေသသည် နန်းတွင်း၏ နယ်မြေဟု အပြည့်အဝ မသတ်မှတ်ထားဘဲ ချမ်းသာကြွယ်ဝမှု ရှာဖွေရာ နေရာတစ်ခုဟုသာ သတ်မှတ်ထားကြ၏။

ဗြိတိသျှ အင်ပါယာ၏ တိုင်းတစ်ပါး ကိုလိုနီများအပေါ် ထားရှိသော သဘောထားမျိုးနှင့် အနည်းငယ် ဆင်တူ၏။ ပြည်နယ် သုံးခု ပေးလိုက်ရမည် ဆိုလျှင်လည်း ပေးလိုက်၍ရသည်။

ငွေသား ဆယ်သန်း ရရှိလာပါက လန်ကျိုး ဆိပ်ကမ်းကို ပြန်လည် တည်ဆောက်နိုင်ပြီ၊ ရေတပ်ကို ပြန်လည် ဖွဲ့စည်းနိုင်ပြီ၊ လန်ကျိုးမြို့ကို ပြန်လည် တည်ဆောက်နိုင်ပြီ ဖြစ်၏။

တောင်ပိုင်းကျိုးအင်ပါယာ၏ ရေတပ် အားကောင်းလာသည့် အချိန်ကျမှ မြို့စားများကို ပြန်လည် ရှင်းလင်းလိုက်ရုံ ဖြစ်သည်။

ယနေ့ ပေးလိုက်ရသော ပြည်နယ် သုံးခုကို ဆယ်နှစ်အတွင်း ပြန်ယူနိုင်ရုံသာမက စီးမိသားစု၏ နယ်မြေ တစ်ခုလုံးကိုပါ ပြန်လည် သိမ်းပိုက်နိုင်မှာဖြစ်သည်။ လျှို့ဝှက် စာချုပ် ချုပ်ဆိုရန် အချိန်လည်း သိပ်မလိုတော့ချေ။

ထို့နောက် ကျိန့်ဟိုင်မြို့စား စီးပြန်းက သတ်မှတ်ချက် တစ်ခုဟု မဆိုနိုင်သော တောင်းဆိုမှု တစ်ခုကို ပြုလုပ်လာခဲ့၏။ “ကျုပ်သားက အရင်က အောက်ယွီရဲ့ ခေါင်းကို သေးခံအိုး လုပ်ချင်တယ်လို့ ပြောခဲ့ဖူးတယ် မဟုတ်လား။”

ဒုတိယမင်းသားက ပြန်ဖြေလိုက်သည်။ “တကယ်ပဲ အဲဒီလို ပြောခဲ့ဖူးပါတယ်။”

ကျိန့်ဟိုင်မြို့စား စီးပြန်းက ပြောလိုက်၏။ “အဲဒါဆို ကျုပ်သားရဲ့ နောက်ဆုံး ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့။ ခင်ဗျားတို့ သူ့ကို အရှင်လတ်လတ် အရေခွံခွာ သတ်ဖြတ်ပြီးတဲ့ အခါကျရင် သူ့ရဲ့ အသားတွေ အားလုံးကို ရေခဲနဲ့ ထိန်းသိမ်းထားပြီး သူ့ရဲ့ ဦးခေါင်းခွံကို ကျုပ်ဆီ ပို့ပေးရမယ်။”

ဒုတိယမင်းသားက မေးလိုက်သည်။ “ခင်ဗျားက ဘာလုပ်ချင်လို့လဲ။”

ကျိန့်ဟိုင်မြို့စား စီးပြန်းက ပြန်ဖြေလိုက်၏။ “ကျုပ် သူ့အသားတွေကို ခွေးစာကျွေးမလို့။”

...............

အောက်ယွီ သည် သတိပြန်လည်လာပြီဖြစ်ရာ သူ့ကို အမည်ခံ အနေဖြင့် စစ်ဆေးမေးမြန်းမှု တစ်ခု ပြုလုပ်ရတော့မှာ ဖြစ်၏။ တရားရုံးသုံးရပ် ပူးပေါင်း စစ်ဆေးမှုဖြစ်ပြီး တော်ဝင်တရားရုံး အကြီးအကဲ စုချင်ဝမ် ကိုယ်တိုင် ကြီးကြပ်သည်။

တရားလွှတ်တော်ချုပ် အကြီးအကဲက ဒေါသတကြီးဖြင့် အော်လိုက်၏။ “အောက်ယွီ... ခင်ဗျား အပြစ် ဝန်ခံပြီလား။”

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “ကျုပ်နဲ့ စီးကွမ်က သေရေးရှင်ရေး စာချုပ်ကို လက်မှတ်ထိုးထားပြီး တရားမျှတတဲ့ ပြိုင်ပွဲ ဝင်ခဲ့ကြတာပါ။ သေတာရှင်တာ ကံတရား အပေါ်မှာပဲ မူတည်တယ်။ ဘာအပြစ် ရှိလို့လဲ။

အဲဒီတုန်းက လူထောင်ချီက သက်သေ လုပ်ပေးခဲ့သလို လျန်ချင်ဝမ် ကလည်း သက်သေ လုပ်ပေးခဲ့တယ်။ ပြီးတော့ ကျုပ်တို့ တောင်ပိုင်းကျိုးရဲ့ ဝေကျုံး ဧကရာဇ်တောင်မှ ရှီးလျန် အိမ်ရှေ့စံမင်းသားနဲ့ ပြိုင်ပွဲ ဝင်ခဲ့ဖူးတယ်။ ကျုပ်တို့ တောင်ပိုင်းကျိုးက ဒီ သေရေးရှင်ရေး စာချုပ်ကို အသိအမှတ် မပြုဘူးလို့ ပြောချင်တာလား။”

တရားလွှတ်တော်ချုပ် အကြီးအကဲ ဖူရန်လုံ မျက်မှောင်ကြုတ်သွားတော့၏။ ‘သေခါနီး အဘိုးကြီး လျန်ချင်ဝမ်... ခင်ဗျားက ဘာကိစ္စ ဝင်ပါနေရတာလဲ။’

“ပြိုင်ပွဲရဲ့ သေရေးရှင်ရေး စာချုပ်က ဥပဒေ အရဆိုရင် အကျုံးမဝင်ပါဘူး။ ဒါပေမဲ့ ကျုပ်တို့ အင်ပါယာမှာ အရင်က ဖြစ်စဉ်တွေ ရှိခဲ့ဖူးတော့ အကျုံးဝင်တယ်လို့ပဲ အကြမ်းဖျင်း သတ်မှတ်လိုက်ကြပါစို့။”

တရားလွှတ်တော်ချုပ် အကြီးအကဲ ဖူရန်လုံက ပြောလိုက်သည်။ “ဒါပေမဲ့ ကျိန့်ဟိုင်မြို့စား သားတော် စီးကွမ်ဟာ ပြိုင်ပွဲမှာ သေဆုံးသွားတာ မဟုတ်ဘဲ လုပ်ကြံသတ်ဖြတ်ခံရလို့ သေဆုံးသွားတာပါ။ အောက်ယွီ… ခင်ဗျားရဲ့ သိုင်းပညာက ဘယ်လောက်ရှိလဲ ဆိုတာကို လူတိုင်း သိကြပါတယ်။ ကြက်ကလေး တစ်ကောင်ကိုတောင် မသတ်နိုင်တဲ့သူပါ။

သားတော် စီးကွမ်ဟာ လူတစ်ထောင်ကို ယှဉ်နိုင်တဲ့သူ ဖြစ်နေတာကို ခင်ဗျားက ဘယ်လိုလုပ်ပြီး ပြိုင်ပွဲစင်မြင့်မှာ သူ့ကို သတ်နိုင်မှာလဲ။ ဒီအထဲမှာ သေချာပေါက် လှည့်ကွက်တွေ ရှိနေမှာပါ။ ဒါကြောင့် ကျုပ်က မှုခင်း ဆေးပညာရှင်တွေနဲ့ တော်ဝင် သမားတော် လင်ကျုံးရင် တို့ကို သားတော် စီးကွမ်ရဲ့ အလောင်းကို စစ်ဆေးခိုင်း ခဲ့ပါတယ်။

တကယ်ပဲ သံသယ ဖြစ်စရာတွေကို တွေ့ရှိခဲ့ရပါတယ်။ သူ့ခန္ဓာကိုယ်ထဲမှာ ထူးဆန်းတဲ့ အဆိပ်တွေ အများကြီး ရှိနေပါတယ်။ ဒါကြောင့် သူဟာ အဆိပ်မိပြီး သေဆုံးသွားတာ ဖြစ်ပြီး ပြိုင်ပွဲမှာ သေဆုံးသွားတာ မဟုတ်ပါဘူး။”

နောက်ဆက်တွဲ အနေဖြင့် မှုခင်းဆေးပညာရှင်၏ အစီရင်ခံစာနှင့် တော်ဝင် သမားတော် လင်ကျုံးရင် ကိုယ်တိုင် တရားခွင်တွင် သက်သေ ထွက်ဆိုချက်များမှာ အလွန် စနစ်ကျပြီး အောက်ယွီကိုယ်တိုင်ပင် ယုံကြည်သွားလုနီးပါး ဖြစ်သွားတော့၏။

ယွင်ကျုံးဟဲ့က အေးစက်စက် ပြုံးကာ မေးလိုက်သည်။ “စီးကွမ်ဟာ အဆိပ်မိပြီး သေတာ မဟုတ်ဘူး ဆိုတာကို ထားလိုက်ပါတော့။ အကယ်၍ သူ တကယ်ပဲ အဆိပ်မိနေတယ် ဆိုရင်တောင် ကျုပ်နဲ့ ဘာဆိုင်လို့လဲ။”

လင်ကျုံးရင်က အေးစက်စက် ပြုံးကာ ပြောလိုက်၏။ “အောက်ယွီ... ခင်ဗျား လုပ်ခဲ့တဲ့ အရှက်မရှိတဲ့ကိစ္စတွေကို ခင်ဗျားကိုယ်တိုင် ဝန်မခံချင်ဘူးလား။ ခင်ဗျား သားတော် စီးကွမ်ကို ခတ်ခဲ့တဲ့ အဆိပ်က မီတျဲ ချိုင့်ဝှမ်းရဲ့ ထူးဆန်းတဲ့ အဆိပ်၊ ငရဲပြည်မှ မိစ္ဆာမပဲ။ဘုရင်မ ကျင်းကျုံးယွဲ့ မိခဲ့တဲ့ အဆိပ်ကလည်း ဒီအဆိပ်ပဲ မဟုတ်လား။ ခင်ဗျားက မီတျဲ ချိုင့်ဝှမ်းကို သွားပြီး ငရဲပြည်မှ မိစ္ဆာမရဲ့ ဖြေဆေးကို တောင်းခဲ့တာလေ။”

ယွင်ကျုံးဟဲ့ အံ့ဩသွားရသည်။ ဤကိစ္စကို ပင် သူတို့ သိရှိနေကြသည်လား။ ထို့နောက် သူက ပြုံးလျက် မေးလိုက်သည်။ “ဒါဆိုရင် ကျုပ် သိချင်တာက ဒီ ငရဲပြည်မှ မိစ္ဆာမရဲ့ အဆိပ်ကို ကျုပ် ဘယ်လို ရလာတာလဲ ဆိုတာပဲ။”

လင်ကျုံးရင်က ပြန်ပြောလိုက်၏။ “ခင်ဗျားက မီတျဲ ချိုင့်ဝှမ်းကနေ ဝယ်လာတာလေ။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဘာသက်သေ ရှိလို့လဲ။”

လင်ကျုံးရင် သည် ပုလင်း တစ်လုံးကို ကိုင်မြှောက်ကာ ပြောလိုက်၏။ “ဒါ ဘာလဲ။ ဒါက မီတျဲ ချိုင့်ဝှမ်းရဲ့ အဆိပ်ပြင်း ငရဲပြည်မှ မိစ္ဆာမပဲ။ ခင်ဗျားအိမ် မီးလောင်သွားတော့ ခင်ဗျားအိမ်ရဲ့ အပျက်အစီးတွေ ကြားထဲကနေ ကျုပ်တို့ ရှာတွေ့ခဲ့တာ။ ပုလင်းတစ်ဝက်လောက် ကျန်သေးတယ်။ ကျန်တဲ့ ပုလင်းတစ်ဝက်ကတော့ စီးကွမ်ကို တိုက်လိုက်တာပေါ့။

ဒီ ငရဲပြည်မှ မိစ္ဆာမရဲ့ အကျိုးသက်ရောက်မှုက သောက်ပြီးတာနဲ့ နာရီဝက်လောက်နေမှ စတင် ပြသတာပါ။ ပြီးတော့ သိုင်းပညာ အတွင်းအားတွေကို သုံးလိုက်တာနဲ့ ချက်ချင်း ပြသပါတယ်။ အဆိပ် တက်လာပြီ ဆိုတာနဲ့ တစ်ကိုယ်လုံး ထုံကျင်သွားပြီး လုံးဝ လှုပ်ရှားလို့ မရတော့ပါဘူး။

ဒါက သားတော် စီးကွမ် လေထဲကို ခုန်တက်သွားပြီးနောက် ရုတ်တရက် တစ်ကိုယ်လုံး တောင့်တင်းသွားပြီး မြေပြင်ပေါ်ကို ကျလာကာ ခင်ဗျားရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတာကို အပြည့်အဝ သက်သေပြနေပါတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားက နာရီဝက်လောက်ကြိုတင်ပြီး သူ့ကို ငရဲပြည်မှ မိစ္ဆာမရဲ့ ထူးဆန်းတဲ့ အဆိပ်ကို ခတ်ထားလို့ပါပဲ။ လာကြစမ်း... သက်သေကို ခေါ်လာခဲ့။”

ခဏအကြာတွင် အလွန် ဆွဲဆောင်မှုရှိသော အမျိုးသမီး တစ်ဦး ဝင်ရောက်လာတော့သည်။

“ဆောင်ရှီ... ခင်ဗျားက ဘာအဆင့်အတန်းရှိပြီး သားတော် စီးကွမ်ကို ဘယ်လို အဆိပ်ခတ်ခဲ့တာလဲ။” တရားလွှတ်တော်ချုပ် အကြီးအကဲက အေးစက်စက်ဖြင့် မေးလိုက်၏။

ထို ဆွဲဆောင်မှုရှိသော အမျိုးသမီးက ပြန်ဖြေလိုက်သည်။ “ကျွန်မက သားတော် စီးကွမ်ရဲ့ ကိုယ်လုပ်တော်ပါ။ ဒါပေမဲ့ ကျွန်မက စုရှောင်ယွင် လိုပဲ တာယင်အင်ပါယာ ဟေးလုံထိုင်ရဲ့ စည်းရုံးမှုကို ခံထားရသူပါ။ တစ်နေ့ကျတော့ အောက်ယွီဟာ ကျွန်မရဲ့ အရှေ့ကို ရောက်လာပြီး ပုလင်းတစ်လုံးကို ပေးကာ ဒီအရည်တွေကို သားတော် စီးကွမ်ရဲ့ အစားအစာထဲကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ရောထည့်ခိုင်းပါတယ်။

ကျွန်မက ကြောက်လို့ သဘောမတူတဲ့အခါ အောက်ယွီက ကျွန်မကို ခြိမ်းခြောက်ပါတယ်။ အကယ်၍ သဘောမတူဘူးဆိုရင် ကျွန်မရဲ့ အဆင့်အတန်းကို ဖော်ထုတ်ပစ်မယ်တဲ့။ အဲဒီလိုဆိုရင် ကျွန်မက သေလုမျောပါး ဖြစ်သွားမှာမို့လို့ ရွေးချယ်စရာ မရှိတော့ဘဲ သားတော် စီးကွမ်ကို ဒီဆေးရည်တွေ တိုက်လိုက်ရတာပါ။”

တရားလွှတ်တော်ချုပ် အကြီးအကဲ ဖူရန်လုံက မေးလိုက်၏။ “ခင်ဗျားကို ဖိအားပေးပြီး သားတော် စီးကွမ်ကို အဆိပ်ခတ်ခိုင်းတာ မျက်စိရှေ့က ဒီလူပဲလား။”

ထို ဆွဲဆောင်မှုရှိသော အမျိုးသမီးသည် အောက်ယွီကို ကြည့်ကာ ပြန်ဖြေလိုက်သည်။ “ဟုတ်ပါတယ်။ သူပါပဲ... သူပါပဲ။”

တော်ဝင် သမားတော် လင်ကျုံးရင်သည် ပုလင်းကိုယူကာ ထိုဆွဲဆောင်မှုရှိသော အမျိုးသမီးထံ ကမ်းပေးလိုက်ပြီး မေးလိုက်၏။ “ဒီပုလင်းထဲက အရာပဲလား။”

“ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တယ်။”

ထိုအမျိုးသမီးက ပြန်ဖြေလိုက်သည်။ “ဒီအနံ့ပဲ။ ကျွန်မ ရှင်းရှင်းလင်းလင်း မှတ်မိနေတယ်။”

တရားလွှတ်တော်ချုပ် အကြီးအကဲ ဖူရန်လုံက အမိန့်ပေးလိုက်၏။ “ခေါ်သွားလိုက်။”

ထို့နောက် စီးကွမ်၏ ကိုယ်လုပ်တော်ကို ခေါ်ဆောင်သွားကြတော့သည်။

တရားလွှတ်တော်ချုပ် အကြီးအကဲ ဖူရန်လုံက အေးစက်စက်ဖြင့် ဒေါသတကြီး အော်ဟစ်လိုက်၏။ “အောက်ယွီ... အခု လူသက်သေ၊ သက်သေခံ ပစ္စည်း၊ အလောင်း သက်သေတွေ အပြည့်အစုံ ရှိနေပြီဆိုတော့ ခင်ဗျားမှာ ဘာပြောစရာ ရှိသေးလဲ။ ခင်ဗျား အပြစ် ဝန်မခံသေးဘူးလား။”

ယွင်ကျုံးဟဲ့သည် လက်ခုပ်တီးကာ ပြောလိုက်သည်။ “လေးစားပါတယ်... လေးစားပါတယ်... တကယ် လေးစားပါတယ်။”

စုချင်ဝမ်သည် လက်ဝှေ့ယမ်းလိုက်ရာ အခြားသူများအားလုံး ထွက်ခွာသွားကြပြီး တံခါးကို ပိတ်ထားလိုက် ကြတော့၏။

တရားခွင် အတွင်း၌ လူလေးဦးတည်းသာ ကျန်ရှိတော့၏။ စုချင်ဝမ်၊ တရားလွှတ်တော်ချုပ် အကြီးအကဲ ဖူရန်လုံ၊ တော်ဝင် သမားတော် လင်ကျုံးရင် နှင့် ယွင်ကျုံးဟဲ့ တို့ပင် ဖြစ်သည်။

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “စုချင်ဝမ်၊ အမတ်မင်း နှစ်ပါး...ကျုပ် တကယ်ကို လေးစားသွားပါပြီ။ မူလကတော့ ခင်ဗျားတို့က ကျုပ်ကို လုပ်ကြံသတ်ဖြတ်မှု ပြစ်မှုနဲ့ ကြုံရာကျပန်း ချောက်ချမယ်လို့ပဲ ထင်ထားခဲ့တာပါ။ ဒီလောက်တောင် စနစ်တကျ ပြည့်ပြည့်စုံစုံ လုပ်ဆောင်ထားမယ်လို့ မထင်ခဲ့မိပါဘူး။ အကယ်၍ ကျုပ်ကိုယ်တိုင် မလုပ်ခဲ့ဘူးဆိုတာကို မသေချာဘူးဆိုရင် ကျုပ်ကိုယ်တိုင်တောင် ယုံသွားလောက်ပါတယ်။”

တရားလွှတ်တော်ချုပ် အကြီးအကဲ ဖူရန်လုံက ပြန်ပြောလိုက်သည်။ “လူတစ်ယောက်ကို ဒုက္ခပေးမယ် ဆိုရင်လည်း ပြည့်ပြည့်စုံစုံ ဖြစ်အောင် လုပ်ရမှာပေါ့။”

ယခုအချိန်တွင် သူလည်း ဖုံးကွယ် မထားတော့ချေ။

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဒီ ငရဲပြည်မှ မိစ္ဆာမကို တာ့ရှီး အင်ပါယာရဲ့ အိမ်ရှေ့စံမင်းသား လီကျိုးက ခင်ဗျားတို့ကို ပေးခဲ့တာ မဟုတ်လား။ ကျုပ် ကျင်းကျုံးယွဲ့ကို ကယ်တင်ခဲ့တဲ့ကိစ္စ၊ ကျုပ် မီတျဲ ချိုင့်ဝှမ်းကို သွားခဲ့တဲ့ ကိစ္စတွေကိုလည်း သူက ခင်ဗျားတို့ကို ပြောပြခဲ့တာ မဟုတ်လား။”

စုချင်ဝမ်က ပြန်ဖြေလိုက်သည်။ “ဟုတ်တယ်။ အောက်ယွီ... ခင်ဗျားရဲ့ ရန်သူတွေက လောက အနှံ့မှာ ရှိနေတာပဲ။ ဒါပေမဲ့ ကျုပ်လည်း အရမ်းကို သိချင်နေပါတယ်။ ခင်ဗျားက ပြိုင်ပွဲမှာ စီးကွမ်ကို ဘယ်လို သတ်ခဲ့တာလဲ။ တကယ်ကို အံ့ဩစရာကောင်းတာပဲ။ ဒါပေမဲ့ စီးကွမ်ကို သတ်ခဲ့တဲ့အတွက် ခင်ဗျားကို ကျေးဇူးတင်ရပါမယ်။ မဟုတ်ရင် ကျုပ်တို့က ဧကရာဇ်ဟောင်းကို အကျယ်ချုပ် ချထားနိုင်မှာ မဟုတ်ဘူးလေ။”

‘ဧကရာဇ်ဟောင်းကို အကျယ်ချုပ် ချထားတယ် ဟုတ်လား။ ခင်ဗျား စုချင်ဝမ်က ဒီစကားကို ပွင့်ပွင့်လင်းလင်း ပြောရဲပြီလား။’

အပိုင်း (၅၃၆)

“အောက်ယွီ... ဧကရာဇ်ဟောင်းက ခင်ဗျားကို လာကယ်လိမ့်မယ်လို့ မမျှော်လင့်ပါနဲ့တော့။”

စုချင်ဝမ်က ရယ်မောကာ ပြောလိုက်၏။ “သူကိုယ်တိုင်က အခု အကျဉ်းသား တစ်ယောက် ဖြစ်နေပြီ။ ဝက်တွေ၊ ခွေးတွေလိုပဲ။ နေ့တိုင်း ထမင်းစားဖို့၊ အိပ်ဖို့၊ မစင်စွန့်ဖို့တွေကို အတိအကျ သတ်မှတ်ခံထားရတယ်။ မစားနိုင်ရင် အတင်း ခွံ့ကျွေးတယ်။ မအိပ်နိုင်ရင် ကုတင်ပေါ်မှာ အတင်း ဖိထားတယ်။ တကယ်ကို သနားစရာ ကောင်းလွန်းပါတယ်။ ဒါပေမဲ့ သူက နည်းနည်းတောင် ဝလာသေးတယ်။ ကြည့်ရတာ လူနဲ့ ဝက်ဟာ အတူတူပဲ။ အတင်းကျွေးရင် သေချာပေါက် ဝလာမှာပဲ။”

ယွင်ကျုံးဟဲ့က တုန်ယင်စွာဖြင့် မေးလိုက်သည်။ “မင်းသမီး ရှန်ရှန်း ရော။ စီးကွမ် သေသွားပြီဆိုတော့ သူမ လက်ထပ်စရာ မလိုတော့ဘူး မဟုတ်လား။”

စုချင်ဝမ်က ပြန်ဖြေလိုက်၏။ “အပြင်မှာတော့ မင်းသမီး ရှန်ရှန်း ရောဂါကြောင့် သေသွားပြီလို့ ကြေညာထားပါတယ်။ ဒါပေမဲ့ ကျိန့်ဟိုင်မြို့စားအိမ်တော်ကို လျှို့ဝှက်စွာ ပို့ဆောင်ပြီး စီးကွမ်ရဲ့ နာမည်ပြားနဲ့ လက်ထပ်ပေးမယ်။ ဝိညာဉ် လက်ထပ်ပွဲ လုပ်ပေးမယ်။ သေချာပေါက် နောက်ဆုံးမှာ သူမ ဘယ်သူ့ လက်ထဲ ရောက်သွားမလဲ ဆိုတာကိုတော့ ကောင်းကင်ဘုံကပဲ သိပါလိမ့်မယ်။”

ယွင်ကျုံးဟဲ့က တုန်ယင် အက်ကွဲနေသည့် အသံဖြင့် ပြောလိုက်သည်။ “ခင်ဗျားတို့က တကယ်ကို တိရစ္ဆာန် ထက်တောင် ယုတ်မာတာပဲ။ တော်ဝင်မိသားစုဝင်တွေ ဖြစ်နေရက်နဲ့ ကိုယ့်ရဲ့ မင်းသမီးကိုတောင် မကာကွယ်နိုင်ဘူး။”

စုချင်ဝမ်က ပြန်ပြောလိုက်၏။ “အောင်မြင်သူက ဘုရင် ဖြစ်ပြီး ရှုံးနိမ့်သူက သူပုန် ပါပဲ။ ဘာတွေ ပြောနေစရာ လိုသေးလို့လဲ။ ဟုတ်သားပဲ။ အပေးအယူ အနေနဲ့ ခင်ဗျားတို့ တစ်မိသားစုလုံးကို အရှင်လတ်လတ် အရေခွံခွာ သတ်ဖြတ်ရမယ်။ ခင်ဗျားရဲ့ ဦးခေါင်းခွံကို လက်ဆောင် အနေနဲ့ ကျိန့်ဟိုင်မြို့စား စီးပြန်းဆီကို ပို့ပေးရမယ်။”

ယွင်ကျုံးဟဲ့က ဒေါသတကြီးဖြင့် အော်လိုက်သည်။ “ခင်ဗျားတို့က ဧကရာဇ်ဟောင်း အပေါ်မှာ ဒီလို လုပ်တယ်။ မင်းသမီး ရှန်ရှန်း အပေါ်မှာ ဒီလို လုပ်တယ်။ ကျိန့်ဟိုင်မြို့စားလို ပုန်ကန်သူကို ဒီလို အလိုလိုက်တယ်။ ဒီလောက်တောင် တိရစ္ဆာန်ထက် ယုတ်မာတဲ့ အလုပ်တွေ လုပ်နေတာ၊ ကောင်းကင်ဘုံက အမျက်ထွက်ပြီး ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှု ခံရမှာကို မကြောက်ဘူးလား။”

“ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုလား။”

စုချင်ဝမ်က အသံကျယ်ကျယ်ဖြင့် ရယ်မောကာ ပြောလိုက်၏။ “အောက်ယွီ... ဧကရာဇ်ဟောင်း ကိုယ်တိုင်က အကျဉ်းသား တစ်ယောက် ဖြစ်နေပြီ။ ဝက်တွေ၊ ခွေးတွေလို ဖြစ်နေပြီ။ ခင်ဗျားက သူ့နာမည်ကို သုံးပြီး အိပ်မက်ပေးတယ်လို့ ပြောနေသေးတယ်။ သူများ အားကိုးပြီး မောက်မာနေသေးတယ်။ ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ။”

ယွင်ကျုံးဟဲ့က စကားလုံး တစ်လုံးချင်းစီကို ရှင်းလင်းပြတ်သားစွာ ပြောလိုက်သည်။ “တကယ်ပဲ ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှု ရှိတယ်။ ယုံတာ မယုံတာ ခင်ဗျာတို့ သဘောပဲ။”

စုချင်ဝမ်က မေးလိုက်၏။ “အို... ဘယ်အချိန်မှာလဲ။”

“ရှစ်လပိုင်း နှစ်ဆယ့်ခုနစ်ရက်နေ့၊ ညနေ ၃ နာရီ ၁၅ မိနစ် မှာ။” ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။

စုချင်ဝမ်၏ မျက်ခုံးများ ကျုံ့သွားတော့၏။ အချိန်ကိုပင် အတိအကျ ပြောနိုင်နေသည်လား။

“ဒါဆို သန်ဘက်ခါ ပေါ့လေ။” စုချင်ဝမ်က ပြောလိုက်သည်။

“ဟုတ်တယ်။ သန်ဘက်ခါ။” ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်၏။

စုချင်ဝမ်က ထပ်မေးလိုက်သည်။ “ဒါဆို ဘယ်လိုကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုမျိုးလဲ။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “ကျုပ်... ကျုပ်လည်း မသိဘူး။ ဒါပေမဲ့ ဧကရာဇ်ဟောင်းက ကျုပ်ကို အိပ်မက်ပေးပြီး အဲဒီအချိန်ကျရင် သေချာပေါက် ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှု ဖြစ်လာမယ်လို့ ပြောခဲ့တယ်။”

စုချင်ဝမ်သည် အသံကျယ်ကျယ်ဖြင့် ရယ်မောကာ မေးလိုက်သည်။ “ဘာ... ခင်ဗျားက မသိဘူး ဟုတ်လား။”

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်၏။ “ဟုတ်တယ်။ ဘာဖြစ်လာမလဲဆိုတာ ကျုပ် မသိဘူး။ ဒါပေမဲ့ သေချာပေါက် ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှု ဖြစ်လာမှာပါ။ စုချင်ဝမ်၊ တရားလွှတ်တော်ချုပ် အကြီးအကဲ အမတ်မင်းဖူ၊ အမတ်မင်း လင်ကျုံးရင်... ခင်ဗျားတို့ လူစုက သဘာဝတရားနဲ့ ဆန့်ကျင်တဲ့ အလုပ်တွေ လုပ်နေတာ ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှု ခံရမှာကို မကြောက်ဘူးလား။”

စုချင်ဝမ်၊ ဖူရန်လုံ နှင့် လင်ကျုံးရင် သုံးဦးတို့သည် အချင်းချင်း အပြန်အလှန် ကြည့်လိုက်ကြပြီး အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်ကြတော့သည်။

“အောက်ယွီ... ခင်ဗျားက အသက်ရှင်ချင်လွန်းလို့ ရူးသွားပြီလား။ ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုလား။ ဟား... ဟား... ဟား....”

“ကျုပ်တို့ စောင့်ကြည့်ကြတာပေါ့... စောင့်ကြည့်ကြတာပေါ့။”

“လာကြစမ်း... အောက်ယွီကို ဟေးပင်းထိုင် အကျဉ်းထောင်ထဲကို ပြန်ခေါ်သွားလိုက်။”

နောက်ဆက်တွဲ အနေဖြင့် အောက်ယွီကို ဟေးပင်းထိုင် အကျဉ်းထောင်ထဲတွင် နောက်တစ်ကြိမ် ပြန်လည် ပိတ်လှောင်လိုက်တော့၏။

လုံးဝ အမှားအယွင်း မရှိစေရန်အတွက် အောက်ရှင်း နှင့် အောက်ယွီ တို့ကို ရန်ငြိုးထားသော နန်ကုန်းစန်း ကိုယ်တိုင် ဟေးပင်းထိုင် ထိပ်တန်း သိုင်းပညာရှင် ရာချီခန့်ကို ဦးဆောင်ကာ စောင့်ကြပ်နေစေပြီး မည်သူ့ကိုမှ အောက်ယွီ နှင့် ထိတွေ့ခွင့် မပေးတော့ချေ။

လေလုံသော နံရံ ဆိုတာ မရှိပေ။ အောက်ယွီ နိုးလာသည်နှင့် တပြိုင်နက် ဧကရာဇ်ဟောင်း အိပ်မက်ပေးကြောင်း၊ တောင်ပိုင်းကျိုးတွင် အပြစ်ရှိသူများ ရှိနေကြောင်း၊ ကောင်းကင်ဘုံက အမျက်ထွက်ပြီး ကောင်းကင်ဘုံ၏ အပြစ်ပေးမှု ခံရတော့မည်ဖြစ်ကြောင်း အသံကျယ်ကျယ်ဖြင့် အော်ဟစ်ခဲ့သည်။

ဟေးပင်းထိုင် စစ်သည် အများအပြား ကြားလိုက်ရပြီး လမ်းတစ်လျှောက်လုံးတွင်လည်း ယွင်ကျုံးဟဲ့က အဆက်မပြတ် အော်ဟစ်လာခဲ့၏။

ထို့ကြောင့် ယခုအခါ မြို့တော် တစ်ခုလုံးတွင် ဤစကား ပျံ့နှံ့နေပြီး အောက်ယွီ၏ ကြိုတင် သတိပေးချက်ကို လူတိုင်း သိရှိနေကြပြီ ဖြစ်သည်။

သို့ပေမည့် လူတိုင်းက သူ့ကို လုံးဝ ဟာသ တစ်ခုကဲ့သို့သာ သတ်မှတ်ထားကြသည်။ ယခင်က ကောလာဟလများ ထွက်ပေါ်လာစဉ် စုချင်ဝမ် တို့က ရှန်ချင်းနန်းဆောင်ကို စော်ကားခဲ့သောကြောင့် နတ်ဘုရားများ၏ အပြစ်ပေးခြင်းကို ခံရမည်ဟု ပြောဆိုခဲ့ကြသေးသည် မဟုတ်ပါလား။

ရလဒ်ကား မည်သို့နည်း။ ဘာမှ မဖြစ်ခဲ့ချေ။ ရှန်ချင်းနန်းဆောင်ကြီးပင် စွန့်ပစ်ခံလိုက်ရပြီ ဖြစ်သော်လည်း ဤသုံးယောက်မှာမူ အကောင်းပကတိ ရှိနေဆဲ ဖြစ်သည်။

ယခုအခါ အောက်ယွီ သည် အရှင်လတ်လတ် အရေခွံခွာ သတ်ဖြတ်ခံရတော့မှာ ဖြစ်ပြီး ဧကရာဇ်ဟောင်း လည်း အကျယ်ချုပ် ချခံထားရပြီ ဖြစ်သည်။ ဤအခြေအနေ ရောက်သည့်တိုင် အောက်ယွီက ဧကရာဇ်ဟောင်း၏ နာမည်ကို အသုံးပြုပြီး အိပ်မက်ပေးသည်ဟုဆိုကာ ကောင်းကင်ဘုံ၏ အပြစ်ပေးမှု ဖြစ်မည်ဟု ပြောနေသေးရာ ကြီးမားသော ဟာသကြီး မဟုတ်ပါလား။

အောက်ယွီ မည်မျှပင် အော်ဟစ်ပြောဆိုနေပါစေ အသုံးမဝင်တော့ချေ။ မည်သို့မှ ကယ်တင်၍ မရတော့ဘဲ သေချာပေါက် သေရတော့မှာဖြစ်သည်။

ထိုသို့ဆိုလျှင် ကောင်းကင်ဘုံ၏ အပြစ်ပေးမှု ဆိုသည်မှာ ဘာနည်း။ အောက်ယွီ နှင့် ဧကရာဇ်ဟောင်း တို့သည် ဤကောင်းကင်ဘုံ၏ အပြစ်ပေးမှုကို ဗဟိုပြုပြီး ကြီးမားသော အကြံအစည်ကြီး တစ်ခုကို ဖန်တီးထားခဲ့ကြသည် မဟုတ်ပါလား။

တရားလွှတ်တော်ချုပ်ကို သွေးစွန်းစေခဲ့ရာမှ ညီလာခံတွင် သွေးစွန်းခဲ့သည်အထိ၊ ထိုမှတစ်ဆင့် စီးကွမ်ကို သတ်ဖြတ်သည်အထိ၊ နောက်ဆုံးတွင် ဧကရာဇ်က လန်ကျိုးက ဒုက္ခသည်များကို သတ်ဖြတ် နှိမ်နင်းပြီး ဧကရာဇ်ဟောင်းကို အတင်းအကျပ် ဖိအားပေးသည်အထိ ဖြစ်လာခဲ့သည်။

ယခုအခါ ဧကရာဇ်ဟောင်းသည် ဤကဲ့သို့ ထူးခြားသော နည်းလမ်းဖြင့် နန်းတော် အတွင်းသို့ ပြန်ရောက်လာပြီး အကျဉ်းသား တစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။ ဤသည်မှာ အသက်ကို ပဓာနမထားဘဲ ကြိုးပမ်းခြင်းထက်ပင် ပိုလွန်နေသည် မဟုတ်ပါလား။

ဤကောင်းကင်ဘုံ၏ အပြစ်ပေးမှု သည် ငလျင် လား။ လေဆင်နှာမောင်းလား။ မိုးကြိုးလား။ မဟုတ်ပေ။ နေကြတ်ခြင်း ဖြစ်သည်။

ထို့အပြင် နှစ်ရာချီ အတွင်း အချိန်အကြာဆုံး နေကြတ်ခြင်း ဖြစ်ပြီး ကိုးမိနစ်ခန့် ကြာမြင့်မှာဖြစ်၏။

ဤနေကြတ်ခြင်းကို မြင်တွေ့ရရန်အတွက် ယွင်ကျုံးဟဲ့ သည် လအတော်ကြာ စောင့်ဆိုင်းခဲ့ရသည်။ အကြံအစည်များ အားလုံးသည် ဤ နေကြတ်ခြင်းကို ဗဟိုပြုပြီး လုပ်ဆောင်နေခြင်း ဖြစ်သည်။

ရှစ်လပိုင်း နှစ်ဆယ့်ခုနစ်ရက်နေ့ ၃ နာရီ ၁၅ မိနစ်တွင် အံ့ဩတုန်လှုပ်ဖွယ်ရာ နေကြတ်ခြင်းကြီး ဖြစ်ပေါ်လာမှာ ဖြစ်၏။

ထိုအချိန်သို့ ရောက်လျှင်ကောင်းကင်နှင့် မြေကြီး တစ်ခုလုံး မှောင်မိုက်သွားပြီး လက်ငါးချောင်းကိုပင် မမြင်ရတော့သည့် အခြေအနေသို့ ရောက်ရှိသွားမှာ ဖြစ်သည်။

နည်းပညာများ တိုးတက်လာသော နှောင်းခေတ်ကမ္ဘာမြေပေါ်တွင် နေကြတ်ခြင်းကို အံ့ဩစရာဟု သတ်မှတ်ကြသော်လည်း ကြီးမားသော ကိစ္စကြီး တစ်ခုဟုတော့ မသတ်မှတ်ကြချေ။

သို့ပေမည့် ဤကမ္ဘာလောကတွင်မူ နေကြတ်ခြင်းသည် ကမ္ဘာပျက်မည့် နေ့ရက် ရောက်လာသည်နှင့် အတူတူပင် ဖြစ်သည်။

ကောင်းကင်ပေါ်မှ နေမင်းကြီး ရုတ်တရက် ပျောက်ကွယ်သွားပြီး နေ့လည်ခင်းမှ ရုတ်တရက် ညဘက် အဖြစ်သို့ ပြောင်းလဲသွားခြင်း ဖြစ်သည်။ ဤသည်မှာ မည်မျှ ကြောက်စရာ ကောင်းလှသနည်း။

ဤကမ္ဘာလောက၏ သမိုင်း မှတ်တမ်းများတွင် နေကြတ်ခြင်း ဖြစ်ပေါ်လာတိုင်း နန်းတွင်းတွင် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်လေ့ရှိကြောင်း ရေးသားထားသည်။

လွန်ခဲ့သော နှစ်ရာချီက ဖြစ်ပေါ်ခဲ့သည့် နေကြတ်ခြင်းတွင် တာ့ရှ အင်ပါယာ၌ ချင်ဝမ် တစ်ယောက်က အစ်ကို ကို သတ်ပြီး ဖခင်ကို အကျယ်ချုပ်ချကာ ထီးနန်း လုယူခဲ့သည့် အံ့ဩတုန်လှုပ်ဖွယ်ရာကိစ္စကြီး ဖြစ်ပွားခဲ့၏။

သူသည်ကား တာ့ရှ အင်ပါယာ၏ သမိုင်းတစ်လျှောက် အကောင်းဆုံး ဧကရာဇ် တစ်ပါး ဖြစ်သော ကွမ်ကျူ ဧကရာဇ်ပင် ဖြစ်သည်။

သူက အိမ်ရှေ့စံမင်းသားကို သတ်ပြီး ဧကရာဇ်ကို အကျယ်ချုပ် ချခဲ့သည့် အကြောင်းပြချက် မှာ တာ့ရှ အင်ပါယာတွင် အပြစ်ရှိသူများ ရှိနေသောကြောင့် ကောင်းကင်ဘုံက ဒေါသထွက်ပြီး ကောင်းကင်ဘုံ၏ အပြစ်ပေးမှုကို ခံရကာ လောက တစ်ခုလုံး အမှောင်အတိ ကျသွားရခြင်း ဖြစ်သည်ဟု ပြောခဲ့၏။

လူတိုင်း သိကြသည့်အတိုင်း နေကြတ်ခြင်း ဆိုသည်မှာ ထောင့်ချိုးများ ရှိသည်။ အချို့နေရာများတွင် မြင်ရပြီး အချို့နေရာ များတွင် မမြင်ရချေ။ ထိုစဉ်က ဖြစ်ပွားခဲ့သော နေကြတ်ခြင်းသည် တာ့ရှ အင်ပါယာ၏ နယ်မြေ အတွင်း၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကောင်းကင် တွင် နေနှစ်စင်း မရှိသလို၊ ပြည်သူ များတွင်လည်း အရှင်သခင် နှစ်ယောက် မရှိဟု ဆိုကြသည်။ ဧကရာဇ် ဆိုသည်မှာကောင်းကင်ပေါ်မှ နေမင်းကြီး ဖြစ်၏။

ထိုသို့ဆိုလျှင် တစ်နေ့တွင် နေမင်းကြီး ရုတ်တရက် ပျောက်ကွယ်သွားပါက မည်သည့် အဓိပ္ပာယ် ဖြစ်မည်နည်း။ ဧကရာဇ် အာဏာ ပြောင်းလဲသွားမည်၊ လောက၏ အရှင်သခင် ပြောင်းလဲသွားမည် ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်သည်။

ထို့ကြောင့် ရှေးခေတ် လူ့အဖွဲ့အစည်း တွင် ငလျင်၊ ဆူနာမီ၊ ဟာရီကိန်း မုန်တိုင်း စသည့် ဘေးအန္တရာယ်များ အားလုံး ပေါင်းလိုက်လျှင်တောင် နေကြတ်ခြင်း၏ အံ့ဩတုန်လှုပ်မှုကို မယှဉ်နိုင်ချေ။

လောက က ပြည်သူများ အတွက်မူ နေကြတ်ခြင်းသည် အကြီးမားဆုံးသော ကောင်းကင်ဘုံ၏ အပြစ်ပေးမှုပင် ဖြစ်သည်။

သို့ပေမည့် နေကြတ်ခြင်းသည် မည်သည့် သတ်ဖြတ်နိုင်စွမ်းမှ မရှိချေ။ နေ့လည်ခင်းမှ ရုတ်တရက် ညဘက် ပြောင်းသွားခြင်း သက်သက်သာ ဖြစ်၏။

လူများ၏ စိတ်ပိုင်းဆိုင်ရာကို ယခင်က မရှိခဲ့ဖူးသော အံ့ဩတုန်လှုပ်မှု နှင့် ရိုက်ခတ်မှုများကိုသာ ပေးစွမ်းနိုင်ခြင်း ဖြစ်သည်။

ထိုသို့ဆိုလျှင် မည်သို့ လူသတ်မည်နည်း။ အကယ်၍ နေကြတ်ခြင်း နှင့်အတူ ဥက္ကာပျံ မိုး များပါ ရွာကျလာမည် ဆိုလျှင်ကော၊ ကောင်းကင်မှ ဥက္ကာပျံမိုးများ ရွာကျလာပြီး နန်းတော်ကို ဖျက်ဆီးကာ အမတ်ယုတ်များကို ဖိချေပစ်မည် ဆိုလျှင်ကော။

ဤမြင်ကွင်းသည် လုံလောက်အောင် အံ့ဩတုန်လှုပ်စရာ ကောင်းပြီလား။ ကောင်းကင်ဘုံ၏ အပြစ်ပေးမှုနှင့် လုံလောက်အောင် တူပြီလား။

နေမင်းကြီး အမြိုခံလိုက်ရပြီး ကောင်းကင်နှင့် မြေကြီး တစ်ခုလုံး အမှောင်အတိကျသွားသည်။ ကောင်းကင်ပေါ်မှ ကြောက်မက်ဖွယ်ကောင်းသော ဥက္ကာပျံမိုးများ ရွာကျလာပြီး နန်းတော်များကို ဖျက်ဆီးကာ အမတ်တချို့ကို အသားစိုင်များ ဖြစ်သွားအောင် ဖိချေပစ်လိုက်သည်။ ဤမြင်ကွင်းသည် လုံလောက်အောင် အံ့ဩစရာ ကောင်းနေပြီ မဟုတ်ပါလား။

သို့ပေမည့် နေကြတ်ခြင်းသည် နေကြတ်ခြင်းသာ ဖြစ်သည်။ ဥက္ကာပျံမိုးများ ရွာကျလာမည် မဟုတ်ချေ။ ထိုမျှလောက် တိုက်ဆိုင်ရန် မဖြစ်နိုင်ချေ။ ထို့အပြင် တကယ်ပင် ဥက္ကာပျံမိုးများ ရွာကျလာလျှင်တောင် နန်းတော်ကို လာမှန်ရန် ဖြစ်နိုင်ခြေ အလွန် နည်းပါးပြီး လုံးဝ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။

ဥက္ကာပျံမိုး မရှိလျှင်လည်း ကိုယ်တိုင် ဖန်တီးလိုက်မှာ ဖြစ်သည်။ ကောင်းကင်မှ ဥက္ကာပျံများ ကျလာပြီး နန်းတော်ကို ဖျက်ဆီးကာ အမတ်ယုတ်များကို ဖိသတ်သည့် အံ့ဩတုန်လှုပ်ဖွယ်ရာ ပြဇာတ်ကြီးကို ကိုယ်တိုင် ဖန်တီးလိုက်မှာဖြစ်၏။

ယွမ်ထျန်းရှဲ့က ယခင်က ပြောခဲ့ဖူး၏။ သူသည် ဟန်ဆောင် လှည့်စားရန်အတွက် ဥက္ကာပျံများ အများအပြား ပြင်ဆင်ထားသည်။

သို့ပေမည့် ယွင်ကျုံးဟဲ့က မလုံလောက်သေးဘဲ ပိုကြီးရမည်၊ ပိုများရမည်ဟု ပြောခဲ့သည်။ လအတော်ကြာအောင် စီစဉ်ခဲ့ခြင်း ဖြစ်၏။

ခြောက်လပိုင်းတည်းက စတင်ခဲ့ပြီး ယခုအခါ ကိုးလပိုင်းကို ရောက်တော့မှာဖြစ်၏။ ဤ အံ့ဩတုန်လှုပ်ဖွယ်ရာ ပြဇာတ်ကြီးသည် နောက်ဆုံးတွင် စတင်တော့မှာ ဖြစ်သည်။

…………….

All Chapters