အခန်း (၅၃၇-၅၃၈)
Vol. 46 Ch. 537-538
အပိုင်း (၅၃၇)
နန်းတော်အတွင်း၌ ဧကရာဇ်သည် ဧကရာဇ်ဟောင်းကို ထမင်းစားရန် အဖော်ပြုပေးရင်း ကိုယ်တိုင် ခွံ့ကျွေးနေပြန်၏။
ဤရက်နှစ်ဆယ်ခန့်အတွင်း နေ့စဉ်နေ့တိုင်း ဘဲငန်းတစ်ကောင်ကို အစာသွတ်သကဲ့သို့ အတင်းအကျပ် ခွံ့ကျွေးနေသောကြောင့် ဧကရာဇ်ဟောင်းသည် အမှန်တကယ်ပင် အနည်းငယ် ဝဖြိုးလာသော်လည်း စိတ်ဓာတ်ပိုင်းဆိုင်ရာတွင်မူ ပို၍ အားနည်းလာပြီး အကြည့်များလည်း ထိုင်းမှိုင်းလာကာ စက်ရုပ် တစ်ရုပ်ကဲ့သို့ အသက်ရှင်နေရသောကြောင့် ဖိနှိပ်ခံထားရသည့် ပုံစံမျိုး ရှိနေသည်။
သူ၏ လက်ရှိ အခြေအနေမှာ တရားမဝင် ဘိုးဘွားရိပ်သာ တစ်ခုတွင် နေထိုင်နေရသကဲ့သို့ အလွန် အရှက်တကွဲ ဖြစ်ဖွယ်ကောင်းလို့နေ၏။
နေ့စဉ် အချိန်ကျရောက်လာသည်နှင့် ဆာသည်ဖြစ်စေ၊ မဆာသည်ဖြစ်စေ ထမင်းစားရမှာဖြစ်ပြီး စားနိုင်သည် ဖြစ်စေ၊ မစားနိုင်သည်ဖြစ်စေ ပါးစပ်ထဲသို့ အတင်းအကျပ် သွတ်သွင်းခံရမှာဖြစ်၏။ အချိန်ကျလာပါက မစင်စွန့်ချင်စိတ် မရှိလျှင်တောင် အိမ်သာခွက် ပေါ်တွင် ထိုင်နေရမှာ ဖြစ်သည်။
“ခမည်းတော်... ခမည်းတော်ရဲ့ အိပ်မက်ပေးခြင်းကို အောက်ယွီက ရရှိသွားပြန်ပြီလို့ ကြားတယ်။” ဧကရာဇ်က မေးလိုက်၏။
“အိပ်မက်ပေးတယ် ဟုတ်လား။ မရှိပါဘူး...”
ဧကရာဇ်ဟောင်းက ပြန်ဖြေလိုက်သည်။ “အို... သူက ငါ အိပ်မက်ပေးတယ်လို့ ပြောနေတာလား။ အဲဒါဆိုလည်း အိပ်မက်ပေးတာ ဖြစ်မှာပေါ့။”
ဧကရာဇ်က မေးလိုက်၏။ “ဘာအိပ်မက် ပေးလိုက်တာလဲ။”
ဧကရာဇ်ဟောင်းက ပြန်ဖြေလိုက်သည်။ “ငါ... ငါလည်း သေချာ မသိဘူး။ အိပ်မက်ထဲက ကိစ္စတွေကို ငါလည်း သေချာ မမှတ်မိတော့ဘူးလေ။ အသက်ကလည်း ကြီးနေပြီကိုး။”
ဧကရာဇ်က ပြောလိုက်၏။ “သူက ကောင်းကင်ဘုံ၏ အပြစ်ပေးမှုလို့ ပြောတယ်။”
“ကောင်းကင်ဘုံ၏ အပြစ်ပေးမှု ဟုတ်လား။ အင်း...ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုပေါ့။”
ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “မဟုတ်ဘူး... မဟုတ်ဘူး...ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှု မဟုတ်ပါဘူး။”
ယခုအခါ သူ၏ စကားပြောသံများပင် ပြောင်းလဲနေပြီး အကြည့်များ ထိုင်းမှိုင်းနေရုံသာမက စိတ်ပိုင်းဆိုင်ရာတွင်ပါ ထိုင်းမှိုင်းနေပုံရကာ အချိန်အများစုတွင် တွေးခေါ်နိုင်စွမ်းက လျှာ၏ လှုပ်ရှားမှုကို မမီတော့သောကြောင့် လူများ နားမလည်နိုင်သော စကားများကို မကြာခဏ ပြောဆိုနေတော့၏။
ကြည့်ရသည်မှာ ဤသည်မှာ အလွန် ပုံမှန် ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် လူတစ်ယောက် အသက်အရွယ် ကြီးရင့်လာသည့်အခါ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်းလာပြီး ဉာဏ်ရည်လည်း ကျဆင်းလာကာ အနည်းငယ် စိတ်ဝေဒနာ ခံစားရတတ်သောကြောင့် ဖြစ်သည်။
သို့ပေမည့် လက်တွေ့တွင်မူ ဆေးတိုက်ခံထားရခြင်း ဖြစ်သည်။ ဆေးကို တော်ဝင်သမားတော် လင်ကျုံးရင်က ဖော်စပ်ပေးထားခြင်းဖြစ်ပြီး နေ့စဉ် သောက်သုံးရမည့် ပမာဏမှာ အလွန် နည်းပါးသော်လည်း အချိန် ကြာလာသည်နှင့်အမျှ လူတစ်ယောက်ကို အရူး တစ်ယောက် ဖြစ်သွားစေနိုင်၏။
ယခုအခါ ဆေးအာနိသင် ပြသနေပြီဖြစ်ကြောင်း ထင်ရှားလို့နေ၏။ ဤကဲ့သို့သော ဧကရာဇ်ဟောင်းကို မြင်တွေ့ရချိန်မှာတော့ ဧကရာဇ်သည် ဆက်လက် မမေးမြန်းတော့ဘဲ ထမင်းကို ဆက်၍သာ ခွံ့ကျွေးနေတော့သည်။
အချိန်များ လျင်မြန်စွာကုန်ဆုံးသွားပြီး ရှစ်လပိုင်း နှစ်ဆယ့်ခုနစ်ရက်နေ့သို့ ရောက်ရှိလာတော့၏။
ယခုအခါ မြို့တော် တစ်ခုလုံးမှာ အနည်းငယ် တိတ်ဆိတ်ငြိမ်သက်နေသည်။ အဘယ်ကြောင့်ဆိုသော် ထိုကောလာဟလကို လူတိုင်း ကြားသိထားပြီး ဖြစ်သောကြောင့်ပင်။
ဧကရာဇ်ဟောင်းက အောက်ယွီကို အိပ်မက်ပေးပြီး ညနေ ၃ နာရီ ၁၅ မိနစ် တွင်ကောင်းကင်ဘုံ၏ အပြစ်ပေးမှု ဖြစ်ပေါ်လာမည်ဟု ဆိုထားသော်လည်း မည်ကဲ့သို့သော ကောင်းကင်ဘုံ၏ အပြစ်ပေးမှုမျိုး ဖြစ်မည်ကိုတော့ မသိရှိကြချေ။
ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ အနည်းငယ် သတိထားနေခြင်းမှာ ကောင်းသည် မဟုတ်ပါလား။
လူတိုင်း အသက်ရှူအောင့်ကာ ဤနေ့ရက်လေး ကုန်ဆုံးသွားမည့် အချိန်ကို တိတ်ဆိတ်စွာ စောင့်မျှော်နေ ကြသည်။
လူတိုင်း၏ အမြင်တွင်ကောင်းကင်ဘုံ၏ အပြစ်ပေးမှု ဆိုသည်မှာ မိုးကြိုးပစ်ခြင်း၊ ငလျင်လှုပ်ခြင်း၊ မုန်တိုင်း တိုက်ခတ်ခြင်း စသည့် ဘေးအန္တရာယ်များသာ ဖြစ်၏။
သို့ပေမည့် ယနေ့ ရာသီဥတုမှာ အလွန်ကောင်းမွန်နေပြီး တိမ်တစ်လိပ်ပင် မရှိဘဲ နေသာ နေသောကြောင့် လေတိုက်မည့်၊ မိုးရွာမည့် အရိပ်အယောင်ပင် လုံးဝ မရှိချေ။
ထိုသို့ဆိုလျှင် ငလျင်လှုပ်မည်လား။ ယခင်က ဧကရာဇ်ဟောင်းသည် အောက်ယွီကို လန်ကျိုး ပင်လယ်ပြင်တွင် ကြီးမားသော ငလျင်နှင့် ဆူနာမီ ဖြစ်ပေါ်မည်ဟု အိပ်မက်ပေးခဲ့ဖူးသည် မဟုတ်ပါလား။
ထို့အပြင် တောင်ပိုင်းကျိုး မြို့တော်၏ သမိုင်း မှတ်တမ်းများတွင် ငလျင်လှုပ်သည့် အကြိမ်အရေအတွက် အတော်များများ ရှိခဲ့ဖူးပြီး ပြင်းအား မများသော်လည်း ရှားပါးသည့်ကိစ္စတော့ မဟုတ်ချေ။
လူတိုင်း၏ စိတ်ထဲတွင် တောင်ပိုင်းကျိုး မြို့တော်တွင် ငလျင်လှုပ်ခြင်းမှာ ရှားပါးသည့်ကိစ္စ မဟုတ်သော်လည်း ယနေ့တွင် အမှန်တကယ်ပင် ဖြစ်ပေါ်လာခဲ့ပါက အောက်ယွီ၏ စွမ်းဆောင်ရည်နှင့် ဧကရာဇ်ဟောင်း၏ နတ်ဘုရားလောင်း စွမ်းရည်ကို အသိအမှတ် ပြုရမည်ဟု တွေးတောနေကြသည်။
ယနေ့ ညီလာခံတွင်လည်း ကျိန့်ဟိုင်မြို့စားကိစ္စကို မည်သို့ ဖြေရှင်းမည် ဆိုသည်ကို ဆက်လက် ဆွေးနွေးနေကြ၏။
အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ အားလုံး၏ သဘောထားမှာ အလွန် ပြတ်သားလှပြီး အောက်ယွီကို သတ်ပစ်ကာ စီးကွမ် အတွက် အသက်လျော်ကြေး ပေးရမည်ဟု ဆိုကြသည်။ သို့ပေမည့် အခြား တောင်းဆိုချက် များကိုမူ လက်ခံ၍ မရနိုင်ချေ။
အောက်ယွီက စီးကွမ်ကို သတ်ပစ်လိုက်ခြင်းဖြစ်ပြီး နန်းတွင်းက သတ်ပစ်လိုက်ခြင်း မဟုတ်သောကြောင့် ကျိန့်ဟိုင်မြို့စား အနေဖြင့် အခွင့်ကောင်းယူ၍ မခြိမ်းခြောက်သင့်ချေ။
ကျိန့်ဟိုင်မြို့စားထံမှ ငွေချေးမည့် ကိစ္စအတွက်မူ အနာဂတ်တွင် လန်ကျိုး ဆိပ်ကမ်းနှင့် ကျန်းကျိုးဆိပ်ကမ်းတို့မှ ရရှိမည့် ကုန်သွယ်ရေး အခွန်ငွေများကို အပေါင်ပြု၍ ချေးယူနိုင်သည်။ အချုပ်အားဖြင့် နန်းတွင်း၏ ဂုဏ်သိက္ခာကို ထိခိုက်စေ၍ မဖြစ်ပေ။
သေချာပေါက် ဤသို့ ပြောဆိုနေကြသူများမှာ အလယ်အလတ်နှင့် အောက်ခြေ အဆင့်ရှိ အရာရှိများသာ ဖြစ်ပြီး တကယ့် နန်းတွင်း၏ အမတ်ကြီးများမှာမူ လုံးဝ နှုတ်ဆိတ်နေကြသည်။
အဘယ်ကြောင့်ဆိုသော် သူတို့သည် ဤမျှလောက် မမိုက်မဲကြဘဲ ယခုတစ်ကြိမ် ကျိန့်ဟိုင်မြို့စား စီးပြန်းက သေချာပေါက် ကြီးမားသော တောင်းဆိုမှုများ ပြုလုပ်လာမည်ကို သိရှိထားသောကြောင့် ဖြစ်၏။
သို့ပေမည့် နန်းတွင်း၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည့် စာချုပ်ကို မည်သည့် အမတ်က အဆိုပြုရဲမည်နည်း။ လူတိုင်း၏ လက်ညှိုးထိုး အပြစ်တင်ခြင်းကို ခံရပြီး နိုင်ငံတော် သစ္စာဖောက်အဖြစ် အပြောခံရမည်ကို ကြောက်ရွံ့ ကြသည်။
ယခင်က တာယင်အင်ပါယာနှင့် စစ်ဖြစ်ပွားစဉ်က စစ်ရှုံးခဲ့လျှင်တောင်မှ တောင်ပိုင်းကျိုးသည် မည်သည့် နယ်မြေကိုမှ မပေးအပ်ခဲ့သလို ငွေကြေး တစ်ပြားမှလည်း လျော်ကြေး မပေးခဲ့ဘဲ တစ်ဖက်နိုင်ငံမှ မင်းသား ယင်ချွီကိုပင် ဖမ်းဆီးနိုင်ခဲ့သေး၏။
ယခုအခါ နယ်စား တစ်ဦးကို အလျှော့ပေးရမည် ဆိုပါက တိုင်းပြည်၏ အကျိုးစီးပွားကို စွန့်လွှတ်လိုက်ခြင်းနှင့် အတူတူပင် မဟုတ်ပါလား။
သေချာပေါက် ယနေ့ ညီလာခံတွင် အပေါ်ယံအားဖြင့်သာ ပုံမှန်အတိုင်း ဖြစ်နေပုံ ရသော်လည်း လက်တွေ့တွင်မူ လူတိုင်းသည် ညနေ ၃ နာရီ ၁၅ မိနစ် အချိန်ကိုသာ စောင့်မျှော်နေကြခြင်း ဖြစ်သည်။
ဤသည်မှာ ကောင်းကင်ဘုံ၏ အပြစ်ပေးမှုကို ယုံကြည်၍ မဟုတ်ဘဲ ဧကရာဇ်ဟောင်း၏ ရွှေရောင် အလွှာကြီး လုံးဝ ပျက်စီးသွားမည့် အချိန်ကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုလိုသောကြောင့်ဖြစ်၏။
ယခုအခါ ဧကရာဇ်ဟောင်း၏ ရွှေရောင် အလွှာကြီးမှာ အနည်းငယ်မျှသာ ကျန်ရှိတော့၏။ သို့ပေမည့် အောက်ယွီက ဧကရာဇ်ဟောင်း၏ အိပ်မက်ပေးခြင်းကို အကြောင်းပြကာ ယနေ့တွင် ကောင်းကင်ဘုံ၏ အပြစ်ပေးမှု ဖြစ်ပေါ်လာမည်ဟု ပြောဆိုထားခြင်းမှာ အောက်ယွီ၏ နောက်ဆုံး ကြိုးပမ်းအားထုတ်မှု တစ်ခု ဖြစ်သလို အရာအားလုံးကို ဖျက်ဆီးပစ်မည့် လုပ်ရပ် တစ်ခုလည်း ဖြစ်သည်။
ညနေ ၃ နာရီ ၁၅ မိနစ်ကျော်လွန်သွားပြီး မည်သည့်ကိစ္စမှ ဖြစ်ပေါ်လာဘဲ မည်သည့်ကောင်းကင်ဘုံ၏ အပြစ်ပေးမှုမှ မဖြစ်ပေါ်လာပါက ဧကရာဇ်ဟောင်းကို သေလူ တစ်ယောက်အဖြစ် သတ်မှတ်လိုက်၍ ရပြီ ဖြစ်၏။
အချိန်များ တစ်မိနစ်ပြီး တစ်မိနစ် လျင်မြန်စွာကုန်ဆုံးသွားတော့၏။ ညီလာခံ အတွင်းရှိ ရေနာရီ၊ အပြင်ဘက်ရှိ နေနာရီနှင့် ဧကရာဇ်၏ အရှေ့ရှိ လှပသော ရွှေရောင် သဲနာရီ တို့သည် အချိန်ကို အဆက်မပြတ် မှတ်သား နေကြသည်။
ညနေ ၃ နာရီ ၁၅ မိနစ်နှင့် ပို၍ ပို၍ နီးကပ်လာပြီ ဖြစ်၏။
ထိုအချိန်တွင် နန်ကုန်းချော့က ရုတ်တရက် မေးလိုက်သည်။ “အရှင်မင်းမြတ်... အောက်ယွီကို ခေါ်လာရမလား။”
ဤအဓိပ္ပာယ်မှာ အလွန် ရှင်းလင်းလေသည်။ အောက်ယွီကို ညီလာခံသို့ ခေါ်ဆောင်လာပြီး ကောင်းကင်ဘုံ၏ အပြစ်ပေးမှု မဖြစ်ပေါ်လာခြင်းကို ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြည့်ရှုစေကာ ဧကရာဇ်ဟောင်း၏ ရွှေရောင် အလွှာကြီး လုံးဝ ပျက်စီးသွားခြင်းကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုစေရန်ဖြစ်၏။
ဧကရာဇ် သည် လက်ဝှေ့ယမ်းကာ ငြင်းပယ်လိုက်သည်။
ဧကရာဇ်ဟောင်းပင်လျှင် အကျယ်ချုပ် ချခံထားရပြီဖြစ်ရာ အောက်ယွီသည် လူရွှင်တော် တစ်ယောက် သက်သက်သာ ဖြစ်ပြီး သူ့ကို ညီလာခံသို့ ခေါ်ဆောင်လာခြင်းမှာ အလွန် အရေးပေးလွန်းရာ ကျသွားမှာဖြစ်၏။
ညနေ ၃ နာရီ ၁၅ မိနစ်တွင် ဖြစ်ပေါ်လာမည့် ကောင်းကင်ဘုံ၏ အပြစ်ပေးမှုကို စိတ်ထဲတွင် အရေးထားသော်လည်း အပြင်ပန်းတွင်မူ လုံးဝ အထင်သေးပြီး ဂရုမစိုက်သည့် ပုံစံမျိုး ပြသရမှာဖြစ်သည်။
သို့ပေမည့် ဧကရာဇ် သည် နန်းတော် အတွင်းရှိ အစောင့်တပ်ဖွဲ့ဝင်များကို နှစ်ဆကျော် တိုးမြှင့်ထားရန် လျှို့ဝှက်စွာ အမိန့်ပေးထားပြီး ဖြစ်သည်။ ညနေ ၃ နာရီ ၁၅ မိနစ်နှင့် ပို၍ပို၍ နီးကပ်လာပြီ ဖြစ်ပြီး နာရီဝက်ပင် မလိုတော့ချေ။
ယွမ်ထျန်းရှဲ့သည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လျက် တစ်ချက်လေးမှ မလှုပ်ရှားဘဲ နေနေပြီး သူ၏ အရှေ့တွင် လူဆယ်ယောက်ကျော်ခန့် ဒူးထောက်နေကြသည်။
အရာအားလုံး အဆင်သင့် ဖြစ်နေပြီ ဖြစ်ပြီး ဤပြဇာတ်ကြီး၏ ပြကွက် ပစ္စည်းများ အားလုံးနှင့် သရုပ်ဆောင်များ အားလုံး အသင့်အနေအထားတွင် ရှိနေကြပြီ ဖြစ်၏။
ညနေ ၃ နာရီ ၁၅ မိနစ်တွင် ကောင်းကင်ဘုံ၏ အပြစ်ပေးမှု ကျရောက်လာမည့် အချိန်ကိုသာ စောင့်မျှော် နေကြခြင်း ဖြစ်သည်။
အကယ်၍ ရောက်ရှိလာပါက ဤအံ့ဩတုန်လှုပ်ဖွယ်ရာ ပြဇာတ်ကြီးမှာ အလွန် အံ့ဩစရာကောင်းလာမှာ ဖြစ်သည်။ သို့ပေမည့် အကယ်၍ကောင်းကင်ဘုံ၏ အပြစ်ပေးမှု မရောက်ရှိလာရင် မည်သို့ ဖြစ်သွားမည်နည်း။
လအတော်ကြာ ကြိုးစား ပြင်ဆင်ထားမှုများ အားလုံး အလဟဿ ဖြစ်သွားမှာဖြစ်ပြီး ယွင်ကျုံးဟဲ့၏ အစီအစဉ်များ အားလုံး လုံးဝကျရှုံးသွားမှာ ဖြစ်သည်။
နောက်ဆက်တွဲ အနေဖြင့် ယွမ်ထျန်းရှဲ့၊ အောက်ရှင်း နှင့် အောက်ယွီ တို့သည် မြို့တော်မှ အမြန်ဆုံး ထွက်ပြေးရမှာဖြစ်ပြီး ဝေးနိုင်သမျှ ဝေးဝေး ပြေးနိုင်ရင် ပိုကောင်းမှာဖြစ်၏။
ကောင်းကင်ဘုံ၏ အပြစ်ပေးမှု မရောက်ရှိလာပါက အခြေအနေ တစ်ခုလုံးကို ပြောင်းပြန်လှန်နိုင်ရန် လုံးဝ မျှော်လင့်ချက် မရှိတော့ချေ။
ယွမ်ထျန်းရှဲ့ သည် သူ့အရှေ့ရှိ သဲနာရီကို ပင်ကြည့်စရာ မလိုတော့ဘဲ စိတ်ထဲတွင် ဂဏန်းများကို တိတ်တဆိတ် ရေတွက်နေရုံဖြင့် လုံလောက်နေသည်။
အချိန်က ပိုပိုပြီး နီးကပ်လာပြီး ၃ နာရီ ၁၅ မိနစ်ရောက်ရန် နာရီဝက်တောင် မလိုတော့ပေ။
ယွမ်ထျန်းရှဲ့သည် ဆက်၍ ထိုင်မနေနိုင်တော့ဘဲ စားပွဲရှေ့သို့ ချက်ချင်း လျှောက်လှမ်းသွားမိသည်။ ထိုစားပွဲပေါ်တွင် တောင်ပိုင်းကျိုးမြို့တော်၏ မြေမျက်နှာသွင်ပြင်ကို ပုံတူထုဆစ်ထားသည့် သဲပုံစံတူငယ်တစ်ခု ရှိနေ၏။
နန်းတော် တည်ရှိရာနေရာ၊ ဟေးပင်းထိုင်အကျဉ်းထောင် တည်ရှိရာနေရာ၊ သူကိုယ်တိုင် မည်သည့်နေရာမှ ကောင်းကင်ယံသို့ ပျံတက်ရမည်၊ မည်သည့်နေရာ၌ အောက်ယွီကို သွားရောက်ကြိုဆိုရမည်၊ ထို့အပြင် ဥက္ကာပျံ မိုးရွာသွန်းသည့် ပြဇာတ်ကြီးကို မည်သည့်နေရာများတွင် ကပြအသုံးတော်ခံရမည် စသည်တို့ကို အားလုံး အထင်အရှား မှတ်သားထားရှိသည်။
ဤလုပ်ငန်းစဉ်တစ်ခုလုံးတွင် မည်သည့်အမှားအယွင်းမှ မရှိစေရဟု သန္နိဋ္ဌာန်ချထားသော်လည်း လက်တွေ့ လေ့ကျင့်မှု တစ်စုံတစ်ရာမှ မလုပ်ဆောင်ခဲ့ရချေ။
ထို့ကြောင့် ယွမ်ထျန်းရှဲ့ကဲ့သို့ ခေါင်းအေးလှသူပင်လျှင် စိတ်လှုပ်ရှားလွန်းသောကြောင့် လက်ဖဝါးပြင်၌ ချွေးစေးများ ပြန်နေမိသည်။
ဟေးပင်းထိုင်အကျဉ်းထောင်အတွင်း၌မူ အောက်ယွီကို မြေအောက်အကျဉ်းထောင်၏ အနက်ရှိုင်းဆုံးနေရာတွင် ချုပ်နှောင်ထားရှိပြီး ဟေးပင်းထိုင်စစ်သည် သုံးထောင်ကျော်က ဝန်းရံစောင့်ကြပ်နေကြသည်။ ဟေးပင်းထိုင်၏ တံခါးဝမှသည် ဤမြေအောက်အကျဉ်းထောင်အထိ သံတံခါးပေါင်း ဆယ်ချပ်ထက်မနည်း တားဆီးပိတ်ဆို့ထား၏။
ထို့ကြောင့် အကျဉ်းထောင်ကို ဖောက်ဖျက်ရန်ဆိုသည်မှာ လုံးဝ စိတ်ကူးယဉ်အိပ်မက်မျှသာ ဖြစ်ပေလိမ့်မည်။ အောက်ရှင်းကဲ့သို့ ပြိုင်ဘက်ကင်း စစ်သေနာပတိချုပ်ပင်လျှင် ဤမျှ များပြားလှသော အတားအဆီးများကို ချိုးဖျက်နိုင်မည် မဟုတ်ချေ။
ဤနေရာ၌ စစ်သည် သုံးထောင် ရှိနေရုံမျှမက ယန္တရားထောင်ချောက်များနှင့် လျှို့ဝှက်မြားများလည်း မြောက်မြားစွာ ရှိနေသောကြောင့် ဖြစ်သည်။
ယွင်ကျုံးဟဲ့၏ အကျဉ်းခန်းလေးမှာမူ ကျဉ်းမြောင်းလှပြီး ခုနစ်စတုရန်းမီတာ၊ ရှစ်စတုရန်းမီတာခန့်သာ ကျယ်ဝန်းကာ အရပ်လေးမျက်နှာလုံးကို မာကျောလှသည့် ကျောက်တုံးနံရံများဖြင့်သာ ကာရံထား၏။
ဤနေရာသို့ နေရောင်ခြည် လုံးဝမကျရောက်သကဲ့သို့ သဲနာရီ အပါအဝင် မည်သည့်အချိန်မှတ် ကိရိယာမှလည်း ရှိမနေပေ။ သို့သော်ငြား အမှတ် (၉) ကွမ်တန်၏ အကူအညီကြောင့် အချိန်ကိုမူ တိကျစွာ သိရှိနေသည်။
ယွင်ကျုံးဟဲ့သည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လျက် တိတ်တဆိတ် နောက်ပြန် ရေတွက်နေတော့၏။
လူရိပ်တစ်ခု ဝင်ရောက်လာပြီး ထိုသူမှာ နန်ကုန်းစန်း ဖြစ်၏။ နန်ကုန်းအာသည် အောက်ရှင်းကို သနားကြင်နာမှု ပြသခဲ့ဖူးသောကြောင့် အနောက်ဘက် နယ်စပ်သို့ နယ်နှင်ဒဏ် ပေးခံလိုက်ရပြီ ဖြစ်သည်။
နန်ကုန်းစန်းကတော့ နန်ကုန်းချော့၏ မွေးစားသားများထဲ၌ အောက်ရှင်းကို အမုန်းဆုံး လူတစ်ယောက်ဖြစ်လို့ နေ၏။
အပိုင်း (၅၃၈)
နန်ကုန်းစန်းက မေးလိုက်သည်။ “အောက်ယွီ... အခု ညနေ ၃ နာရီ ၁၅ မိနစ် ရောက်တော့မယ်။ အပြင်မှာတော့ လေပြေလေး တိုက်နေပြီး နေသာနေတယ်။ မိုးကြိုးလည်း မရှိဘူး၊ မုန်တိုင်းလည်း မရှိဘူး၊ ငလျင်လှုပ်မယ့် လက္ခဏာလည်း မရှိဘူး။ ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုက ဘယ်မှာလဲ။”
ယွင်ကျုံးဟဲ့ မျက်လုံးများကို မှိတ်ထားပြီး လုံးဝ ဂရုမစိုက်ချေ။
နန်ကုန်းစန်းက မေးလိုက်၏။ “ညနေ ၃ နာရီ ၁၅ မိနစ်ကျော်သွားရင် ဘာအကျိုးဆက်တွေ ဖြစ်လာမလဲ ဆိုတာ ခင်ဗျား သိလား။”
ယွင်ကျုံးဟဲ့ လုံးဝ ဂရုမစိုက်သေးချေ။
နန်ကုန်းစန်းက ပြောလိုက်၏။ “ခင်ဗျားက လူတွေကို လှည့်စားခဲ့လို့ ခင်ဗျား တစ်မိသားစုလုံး သေဒဏ် ပေးခံရတော့မယ်။ ပြီးတော့ ဧကရာဇ်ဟောင်းရဲ့ ရွှေရောင်အလွှာကြီးလည်း လုံးဝ ပျက်စီးသွားပြီ။ အဲဒီနောက်မှာတော့ သေလူ တစ်ယောက်လို ဖြစ်သွားပြီး ဘာဩဇာအာဏာမှ ရှိတော့မှာ မဟုတ်ဘူး။
ဒါတင်မကသေးဘူး... သူ တစ်သက်လုံး တည်ဆောက်ခဲ့တဲ့ နာမည်ဂုဏ်သတင်းတွေ အားလုံးလည်း လုံးဝ ပျက်စီးသွားပြီး အသက်ကြီးမှ မိုက်မဲတဲ့ ဧကရာဇ် တစ်ပါးအဖြစ် သမိုင်းမှာ မှတ်တမ်းတင် ခံရတော့မယ်။ အရင်တစ်ခေါက်က ဧကရာဇ်ဟောင်းကို နန်းတော်ထဲ အကျယ်ချုပ် ချထားလိုက်တာက သူ့ရဲ့ နိုင်ငံရေး သက်တမ်းကုန်ဆုံးသွားပြီ ဆိုတာကို ပြသနေတာပဲ။
ဒီနေ့ကတော့ သူ့ရဲ့ တစ်သက်တာ အကျိုးဆောင်မှုတွေ အားလုံးကို ဖျက်ဆီးပစ်တော့မယ် ဆိုတာကို ပြသနေတာပဲ။ အောက်ယွီ... ခင်ဗျားက အသက်ကို ပဓာနမထားဘဲကြိုးစားနေတာ မဟုတ်ဘူး။ ခင်ဗျားက အားလုံးကို ဖျက်ဆီးပစ်ချင်နေတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သေရတော့မှာဆိုတော့ မျက်လုံးမှိတ်ပြီး စွန့်စားကြည့်လိုက်တာ မဟုတ်လား။
ပြီးတော့ ဧကရာဇ်ဟောင်းရဲ့ တစ်သက်တာ နာမည်ဂုဏ်သတင်းကိုပါ လောင်းကြေးထပ်လိုက်တယ်။ ခင်ဗျား တစ်မိသားစုလုံးရဲ့ အသက်တွေကိုပါ လောင်းကြေးထပ်လိုက်တယ်။ ခင်ဗျား အေးအေးဆေးဆေး သေသွားတာ မကောင်းဘူးလား။ ဘာလို့ ဒီလို ပြဿနာတွေ ရှာနေရတာလဲ။ ဘာလို့ ဒီလောက်တောင် လူအများကြီးကို ဒုက္ခပေးနေရတာလဲ။
ဒီအချိန်မှာ အရူးတွေ၊ စိတ်ဝေဒနာရှင်တွေ၊ ဦးနှောက်မရှိတဲ့ သူတွေပဲ ခင်ဗျားကို ယုံကြည်ကြမှာပါ။ ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှု ဆိုတာ တကယ် ရှိတယ်လို့ ယုံကြည်ကြမှာပါ။ ပြီးတော့ ကျုပ်... နန်ကုန်းစန်း ဟာလည်း အဲဒီလို အရူး တစ်ယောက်၊ စိတ်ဝေဒနာရှင် တစ်ယောက် ဖြစ်လောက်ပါတယ်။”
ဤစကား ပြောပြီးချိန်မှာတော့ နန်ကုန်းစန်းသည် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်တော့သည်။
ယွင်ကျုံးဟဲ့ ရုတ်တရက် မျက်လုံးဖွင့်လာတော့၏။
နန်ကုန်းစန်း သည် ကောင်းကင်ကို မော့ကြည့်လိုက်သော်လည်း ဤနေရာတွင် ကောင်းကင် မရှိဘဲ ကျောက်တုံး မျက်နှာကြက်သာ ရှိသည်။
နန်ကုန်းစန်းက အံကို တင်းတင်းကြိတ်ကာ ပြောလိုက်၏။ “ခင်ဗျား သိလား။ ကျုပ် ကိုယ့်ကိုယ်ကိုယ် နာရီအတော်ကြာအောင် နှိပ်စက်နေခဲ့တာ။ သေခြင်းရှင်ခြင်းတိုက်ပွဲ ဆုံးဖြတ်ချက်တွေကို နာရီအတော်ကြာအောင် ချနေခဲ့တာ။
ခင်ဗျားကို လုံးဝ မယုံဖို့၊ ဧကရာဇ်ဟောင်းကို လုံးဝ မယုံဖို့။ သူ ရှုံးသွားပြီ၊ လုံးဝ ရှုံးသွားပြီ။ ကျုပ် လုံးဝ ရူးသွပ်သွားလို့ မဖြစ်ဘူး။ မဟုတ်ရင် ကျုပ် သေလုမျောပါး ဖြစ်သွားလိမ့်မယ်လို့ ကျုပ်ကိုယ်ကျုပ် အကြိမ်ကြိမ် သတိပေးနေခဲ့တယ်။”
နန်ကုန်းစန်းက ကျောခိုင်းလိုက်ပြီး ပြောလိုက်သည်။ “ခင်ဗျား သိလား။ မွေးစားအဖေရဲ့ သားတွေထဲမှာ တစ်ယောက်ချင်းစီက ဇာတ်ကောင် အမျိုးမျိုးကို သရုပ်ဆောင်ရတာ။ ကြက်ဥတွေကို ခြင်းတောင်း တစ်လုံးတည်း ထဲမှာ ထည့်ထားလို့ မရဘူး။ မဟုတ်ရင် အားလုံးကွဲကုန်လိမ့်မယ် ဆိုတာကို ခင်ဗျား နားလည်လား။”
ယွင်ကျုံးဟဲ့ ခေါင်းညိတ်ပြလိုက်၏။
နန်ကုန်းစန်းက ဆက်ပြောလိုက်သည်။ “ဧကရာဇ်ဟောင်းနဲ့ ဧကရာဇ်ကြားမှာ ဘယ်သူမဆို ရပ်တည်ချက် ရွေးချယ်ရမှာပဲ။ ကျုပ်တို့ အားလုံးက သာမန်လူတွေပဲလေ။ ကျုပ်တို့လည်း သေရမှာကို ကြောက်ကြတယ်။ ဒါကြောင့် အောင်မြင်မယ့်သူဘက်ကနေ ရပ်တည်ရမှာပေါ့။
ဧကရာဇ်မင်းမြတ်က သေချာပေါက် အောင်မြင်မယ့်သူ ဖြစ်လို့ လူအများစုက ဧကရာဇ်ဘက်မှာ ရပ်တည်ကြတယ်။ ဒါပေမဲ့ တကယ်လို့များ မထင်မှတ်ဘဲ ပြောင်းလဲမှုတွေ ဖြစ်လာရင်ရော။ တကယ်လို့များ ခင်ဗျားနဲ့ ဧကရာဇ်ဟောင်း တို့က အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်ရင်ရော။ ဒါကြောင့် ဒီအချိန်မှာ ဧကရာဇ်ဟောင်း ဘက်က ရပ်တည်မယ့်သူ တစ်ယောက် လိုအပ်လာတာပေါ့။”
ဤကဲ့သို့သော ဉာဏ်ပညာမျိုးကို ခေတ်အဆက်ဆက်တွင် တွေ့မြင်နိုင်ပြီး ဟေးပင်းထိုင် ကဲ့သို့သော အဖွဲ့အစည်း မျိုးတွင်ဆိုလျှင် ပြောစရာပင် မလိုတော့ချေ။
နန်ကုန်းစန်းက ဆက်ပြောလိုက်၏။ “ဒုတိယ အစ်ကိုက ဖြောင့်မတ်တဲ့ သူတစ်ယောက်ပါ။ သူက အရမ်းကို သိသာ ထင်ရှားလွန်းလို့ ဧကရာဇ်က သူ့ကို လက်ခံနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် အနောက်ဘက် နယ်စပ်ကို နယ်နှင်ဒဏ် ပေးခံလိုက်ရတာ။
သူက အရူးတစ်ယောက် ဖြစ်နေလို့သာ အသက်ရှင်ခွင့် ရခဲ့တာပါ။ ဒါပေမဲ့ တချို့လူတွေက ကြည့်ရတာ အသိဉာဏ်ရှိပြီး ပုံမှန်လို ထင်ရပေမယ့် တကယ်တမ်းကျတော့ အရူးတွေပါပဲ။ ကျုပ် နန်ကုန်းစန်းကလည်း အဲဒီလို အရူး တစ်ယောက်ပါပဲ။
အဲဒီတုန်းက ကျုပ် ဘာလို့ ဒီလောက်တောင် ပါးစပ် သရမ်းခဲ့တာလဲ။ မွေးစားအဖေက ကျုပ်တို့ကို မေးတဲ့အချိန်မှာ ကျုပ် ဘာလို့ သဘောတူခဲ့တာလဲ။ တခြား ညီအစ်ကိုတွေက သဘောမတူကြဘူးလေ။ ကျုပ် ဘာလို့ သဘောတူခဲ့တာလဲ။ ကျုပ်ကိုယ်ကျုပ် အရမ်းကို လောင်းကစား ဆန်လွန်းတယ်လို့ ထင်မိတယ်။”
“ဖြောင်း... ဖြောင်း...”
နန်ကုန်းစန်းသည် ကိုယ့်ကိုယ်ကိုယ် ပါးအကြိမ်ကြိမ် ရိုက်ချလိုက်ပြီး ဆက်ပြောလိုက်ပြန်သည်။ “မွေးစားအဖေက ကျုပ်တို့ကို ရွေးချယ်ခိုင်းတဲ့ အချိန်မှာ ခင်ဗျားနဲ့ ဧကရာဇ်ဟောင်းဘက်ကနေ ရပ်တည်ပေးမယ့်သူ ဘယ်သူမှ မရှိသလောက်ပါပဲ။ အဲဒီ တစ်ခဏလေးအတွင်းမှာ ကျုပ်ဦးနှောက်ထဲ ရေဝင်သွားလို့ သဘောတူလိုက်တာ။ ကျုပ်ဆိုတဲ့ လူက လောင်းကစား ဆန်လွန်းပါတယ်။
အောက်ယွီ... ခင်ဗျားကို ပုံပြင် တစ်ပုဒ် ပြောပြမယ်။ တစ်နေ့ကျတော့ လမ်းပေါ်မှာ အမျိုးသမီး တစ်ယောက်ကို တွေ့လိုက်တယ်။ အဝတ်အစားတွေက ချမ်းသာတဲ့ ပုံပေါက်တယ်။ အဲဒီကျောပြင်နဲ့ ခန္ဓာကိုယ် အချိုးအစားက တကယ်ကို အံ့ဩစရာကောင်းလွန်းလို့ ရင်ခုန်သွားမိတယ်။
အဲဒီလောက် လှပတဲ့ ခန္ဓာကိုယ်မျိုးကို ကျုပ် တစ်ခါမှ မမြင်ဖူးဘူး။ ကြည့်လိုက်တာနဲ့ အလှပဆုံး မိန်းကလေး ဆိုတာ သိသာနေတယ်။ ဒါနဲ့ပဲ ကျုပ် သူ့နောက်ကနေ သူ့အိမ်အထိ လိုက်သွားပြီး သူ့အဖေ အရှေ့ကို သွားကာ ကျုပ်က ဟေးပင်းထိုင်က နန်ကုန်းစန်း ပါ၊ ခင်ဗျား သမီးကို သဘောကျလို့ ဘယ်လို လုပ်ပေးနိုင်မလဲလို့ မေးလိုက်တယ်။”
ယွင်ကျုံးဟဲ့ ချက်ချင်း စိတ်ဝင်စားသွားတော့၏။
နန်ကုန်းစန်းက ဆက်ပြောလိုက်သည်။ “သူ့အဖေက အမတ် တစ်ယောက်ပါ။ ဆဋ္ဌမအဆင့်လောက် ရှိမယ် ထင်တယ်။ သူက ကျုပ်ကို ငြင်းလိမ့်မယ်လို့ ထင်ထားခဲ့ပေမယ့် သူက ချက်ချင်း သဘောတူလိုက်ပြီး စေ့စပ်ရေးမှူး လွှတ်ကာ စေ့စပ်လက်ဆောင်တွေ ချက်ချင်း လာပေးဖို့ ပြောတယ်။ ကျုပ် နောင်တရသွားမှာကို တောင် စိုးရိမ်နေတဲ့ ပုံစံမျိုးပဲ။
ဒါနဲ့ ကျုပ်လည်း ဒုတိယအစ်ကို ကို စေ့စပ်ရေးမှူးအဖြစ်ခေါ်ပြီး ညီအစ်ကို နှစ်ယောက် စေ့စပ်လက်ဆောင်တွေ သယ်ကာ အဲဒီ အမတ်အိမ်ကို သွားပြီး အိမ်ထောင်ရေးကိစ္စကို တရားဝင် သတ်မှတ်လိုက်တယ်။ အဲဒီနောက် ယောက္ခမက ကျုပ်ရဲ့ သတို့သမီးကို ခေါ်ထုတ်လာပြီး တွေ့ခိုင်းတော့...
ကျုပ်ရဲ့ ဒုတိယ အစ်ကို အကြောင်းကို ခင်ဗျား သိတယ် မဟုတ်လား။ သူက စကားထစ်တယ်၊ ပြီးတော့ အရူး တစ်ယောက်လေ။ ဒီလို လူမျိုးက ဘာကိုမှ မကြောက်တတ်ဘူး၊ သူ့ကို လန့်သွားအောင် လုပ်နိုင်တဲ့အရာ ဘာရှိသေးလို့လဲ။
ရလဒ်ကတော့ ကျုပ်ရဲ့ သတို့သမီးကို မြင်လိုက်တာနဲ့ သူ လန့်ပြီး အော်လိုက်တော့တာပဲ။ ကျုပ်လည်း အံ့ဩသွားတယ်။ မိန်းမ တစ်ယောက်က ဒီလောက်တောင် အရုပ်ဆိုးနိုင်တယ် ဆိုတာကို မထင်ထားခဲ့ဘူး။ အရေးအကြီးဆုံးက ခန္ဓာကိုယ်ကောက်ကြောင်း အရမ်းကို လှပလွန်းနေတာပဲ။ ကျောပြင်ကနေကြည့်ရင် ဘယ်လောက်တောင် လှပလိုက်လဲ။ ဒါပေမဲ့ မျက်နှာကတော့ အရမ်းကို အရုပ်ဆိုးပြီး မိစ္ဆာမကြီးလို ဖြစ်နေတယ်။
ဒါပေမဲ့ နောက်ဆုံးတော့ ကျုပ် သူ့ကို လက်ထပ်ခဲ့ပါတယ်။ အခု ကလေး နှစ်ယောက် ရနေပြီ။ တစ်ယောက်က အရမ်း အရုပ်ဆိုးပြီး နောက်တစ်ယောက်က အရမ်းကို ချောမောလှပတယ်။”
နန်ကုန်းစန်းက ပြောလိုက်၏။ “ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ ဇနီးဆိုတော့ မျက်လုံးမှိတ်ပြီးတော့ အိပ်ရတာပေါ့။ ကံကောင်းတာက ကောင်းကင်ဘုံက ကျုပ်ကို လုံးဝ မနှိပ်စက်သေးပါဘူး။ အရုပ်ဆိုးတဲ့ကလေးက ယောကျာ်းလေး ဖြစ်ပြီး အရမ်း လှပတဲ့ကလေးက မိန်းကလေး ဖြစ်နေတာပါ။
ကျုပ်ဇနီးက ကျုပ်အပေါ် အရမ်းကောင်းပါတယ်။ လိမ္မာရေးခြားရှိပြီး သိမ်မွေ့ပါတယ်။ မီးပိတ်လိုက်ရင်တော့ တကယ့်ကို အံ့ဩစရာကောင်းလွန်းပါတယ်။”
နန်ကုန်းစန်း သည် မျက်နှာကို လှည့်ကာ အောက်ယွီကို ကြည့်ပြီး ဆက်ပြောလိုက်သည်။ “ကျုပ် တော်တော်လေး ပျော်ရွှင်နေပါတယ်။ ဒါပေမဲ့ ပါးစပ် သရမ်းမိလို့၊ ဦးနှောက် မရှိလို့ မွေးစားအဖေက ကျုပ်တို့ကို ရွေးချယ်ခိုင်းတဲ့ အချိန်မှာ ကျုပ်က ဧကရာဇ်ဟောင်းဘက်ကနေ ရပ်တည်ဖို့ ရွေးချယ်လိုက်တာ။ ကိုယ်တိုင် ဖျော်ထားတဲ့ ခါးသီးတဲ့ အရက်ကို ကိုယ်တိုင် သောက်ရတာပေါ့။
အောက်ယွီ... အကယ်၍ ဒီတစ်ကြိမ် ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှု မဖြစ်လာဘူး၊ ခင်ဗျားနဲ့ ဧကရာဇ်ဟောင်းတို့ အခြေအနေကို ပြောင်းပြန် မလှန်နိုင်ဘူးဆိုရင် ကျုပ်ရဲ့ တစ်မိသားစုလုံးလည်း ခင်ဗျားနဲ့အတူ အသေခံရတော့မှာပဲ။”
နန်ကုန်းစန်း၏ နောက်ဆုံး စကားတစ်ခွန်းတွင် စကားလုံး တစ်လုံးချင်းစီက ပေါင်ထောင်ချီ လေးလံနေသော်လည်း အလွန် ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်ခြင်း ဖြစ်၏။
ယွင်ကျုံးဟဲ့ သည် စကားတစ်ခွန်းမှ မဆိုဘဲ နန်ကုန်းစန်းကို ဦးညွတ် အရိုအသေပေးလိုက်တော့သည်။
“ကဲ... သွားကြစို့။”
နန်ကုန်းစန်းက ပြောလိုက်၏။ “အရင်တစ်ခေါက် မိန်းမ ယူတုန်းက ကျုပ် လောင်းကစား အနိုင်ရခဲ့လား၊ အရှုံးပေါ်ခဲ့လား ဆိုတာကိုတောင် ကျုပ် မသိတော့ပါဘူး။”
ထို့နောက် နန်ကုန်းစန်းသည် အောက်ယွီကို ခေါ်ဆောင်ကာ အနက်ရှိုင်းဆုံး မြေအောက် အကျဉ်းခန်းမှ ထွက်ခွာလာပြီး မြေအောက် လမ်းကြောင်း၏ အဆုံးသို့ ရောက်ရှိသွားတော့၏။ ထို့နောက် စက်ယန္တရား တစ်ခုကို လှည့်၍ လျှို့ဝှက်တံခါး တစ်ခုကို ဖွင့်လိုက်ရာ မြေအောက် လိုဏ်ခေါင်း တစ်ခု ပေါ်ထွက်လာတော့သည်။
“သွားတော့။” နန်ကုန်းစန်းက လက်ဝှေ့ယမ်းကာ ပြောလိုက်၏။
အောက်ယွီသည် မြေအောက် လိုဏ်ခေါင်း အတွင်းသို့ ဝင်ရောက်သွားပြီး နောက်သို့ လှည့်ကာ ပြောလိုက်သည်။ “နန်ကုန်းစန်း... ခင်ဗျားရဲ့ အရုပ်ဆိုးတဲ့ ဇနီးကို နှုတ်ဆက်လိုက်တယ်လို့ ပြောပေးပါ။ ဟုတ်သားပဲ... ခင်ဗျားရဲ့ သားက အရမ်း ဉာဏ်ကောင်းတယ်။ ကျုပ် သူ့ကို လက်ဆောင် တစ်ခု ပေးထားတယ်။ အဲဒီ လက်ဆောင် နာမည်က ရူဘစ်တုံး လို့ ခေါ်တယ်။ သူ တော်တော်လေး ကစားနိုင်တယ်။”
ထို့နောက် ယွင်ကျုံးဟဲ့သည် မြေအောက် လိုဏ်ခေါင်း အတွင်း၌ ခေါင်းငုံ့ကာ အရှိန်အဟုန်ဖြင့် ပြေးလွှားပြီး ဟေးပင်းထိုင် အကျဉ်းထောင်မှ ထွက်ပြေးသွားတော့၏။
ဤ မြေအောက် လိုဏ်ခေါင်းသည် မီတာ ခုနစ်ရာကျော် ရှည်လျားပြီး ဟေးပင်းထိုင်၏ လုံခြုံရေး အိမ်တစ်လုံးဆီသို့ တိုက်ရိုက် ဆက်သွယ်ထားခြင်း ဖြစ်သည်။
လုံခြုံရေးအိမ်မှ ထွက်လာပြီးနောက် ယွင်ကျုံးဟဲ့သည် ဝတ်ရုံရှည်ကို ခြုံကာ ယွမ်ထျန်းရှဲ့နှင့် ချိန်းဆိုထားသော နေရာသို့ အရှိန်အဟုန်ဖြင့် ပြေးသွားတော့၏။
ညနေ ၃ နာရီ ၁၅ မိနစ် ၅၃ စက္ကန့် နှင့် အလွန် နီးကပ်နေပြီ ဖြစ်ပြီး ဆယ်မိနစ်ကျော်ခန့်သာ လိုတော့သည်။
သုံးမိနစ် အကြာတွင်! ယွင်ကျုံးဟဲ့ သည် ယွမ်ထျန်းရှဲ့ နှင့် အောင်မြင်စွာ ဆုံတွေ့သွားတော့၏။
“အဆင်သင့် ဖြစ်ပြီလား။” ယွင်ကျုံးဟဲ့က မေးလိုက်သည်။
ယွမ်ထျန်းရှဲ့က ပြန်ပြောလိုက်၏။ “အားလုံး အဆင်သင့် ဖြစ်ပါပြီ။ လေတိုက်ရာ လမ်းကြောင်း မှန်ကန်မယ် ဆိုတာ သေချာလား။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “သေချာတယ်။ ဒီ လေတိုက်ရာ လမ်းကြောင်း သေချာပေါက် မှန်ကန်တယ်။”
ယွမ်ထျန်းရှဲ့က မေးလိုက်၏။ “ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှု သေချာပေါက် ဖြစ်လာမယ်ဆိုတာ သေချာလား။ အချိန်က တစ်နာရီရဲ့ လေးပုံတစ်ပုံ (၁၅ မိနစ်) တောင် မလိုတော့ဘူးနော်။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “သေချာပေါက် ဖြစ်လာပါလိမ့်မယ်။ အကယ်၍ မဖြစ်လာဘူးဆိုရင် ကျုပ်တို့ ချက်ချင်း ထွက်ပြေးကြတာပေါ့။ အားလုံး အလဟဿ ဖြစ်သွားပြီလို့ သတ်မှတ်လိုက်ကြတာပေါ့။”
……………..
နန်းတော် အတွင်း၌ အခြေအနေများမှာ အလွန် တင်းမာနေပြီး လူသတ်လိုသော အရိပ်အယောင်များ ပြည့်နှက်နေ၏။
အဘယ်ကြောင့်ဆိုသော် ညနေ ၃ နာရီ ၁၅ မိနစ် အချိန်အတွင်းသို့ ဝင်ရောက်လာပြီ ဖြစ်သောကြောင့်ပင်။
ဤကမ္ဘာလောကတွင် အချိန်ကို ၁၀၀ ခွဲ၍ သတ်မှတ်ထားသောကြောင့် ၁၅ မိနစ်ဆိုသော်ငြား ၁၄.၄ မိနစ်သာ ရှိသည်။
ညီလာခံ တစ်ခုလုံး လုံးဝ တိတ်ဆိတ်နေပြီး လူတိုင်းက အသက်ရှူအောင့်ကာ ဤအချိန်လေး ကုန်ဆုံးသွားမည့် အချိန်ကို စောင့်မျှော်နေကြ၏။
အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များသည် လူတိုင်း၏ နှလုံးခုန်သံကိုပင် ကြားနေရလောက်အောင် တိတ်ဆိတ်နေကြသည်။
လူတိုင်းကကောင်းကင်ဘုံ၏ အပြစ်ပေးမှု ဖြစ်ပေါ်လာမည်ဟု မယုံကြည်ကြသော်လည်း တကယ်လို့များ ဖြစ်ပေါ်လာခဲ့လျှင် မည်သို့ဖြစ်မည်နည်း။
‘တကယ်လို့များ ငလျင်လိုမျိုး ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှု ဖြစ်ပေါ်လာခဲ့လျှင် ဧကရာဇ်ဟောင်းရဲ့ ရွှေရောင် အလွှာကြီးက ပြန်လည် တောက်ပလာမှာပေါ့။’