← Chapters

အခန်း (၅၄၁-၅၄၂)

Vol. 46 Ch. 541-542

အခန်း (၅၄၁-၅၄၂)

Vol. 46 Ch. 541-542

အပိုင်း (၅၄၁)

ဤမြင်ကွင်းသည် အမှန်တကယ် ကမ္ဘာပျက်မည့် နေ့ရက်နှင့် တူနေသည်။ ကောင်းကင်ကြီးမှာ လုံးဝ မှောင်မည်းနေပြီး နေမင်းကြီးမှာ ထာဝရ အမြိုခံလိုက်ရသကဲ့သို့ ဖြစ်နေ၏။

ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်ဘုံ၏ အပြစ်ပေးမှုဖြစ်ပြီး ကောင်းကင်ဘုံက တကယ် အမျက်ထွက်သွားခြင်း ဖြစ်သည်။

မြို့တော်၏ ပြည်သူ သန်းချီ သည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်နေကြ၏။ “ကောင်းကင်ဘုံ သနားညှာတာပေးပါ... ကောင်းကင်ဘုံ သနားညှာတာပေးပါ။”

“တောင်ပိုင်းကျိုး မှာ အပြစ်ရှိသူတွေ ရှိနေတယ်။ ဧကရာဇ်ဟောင်း သက်တော်ရာကျော် ရှည်ပါစေ။” ဤစကားကို အော်ဟစ်သူ အများအပြား ရှိသော်လည်း လူနည်းစုသာ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် လူအများစုမှာ အလွန် ကြောက်ရွံ့တုန်လှုပ်နေကြပြီး ကောင်းကင်ဘုံ၏ သနားညှာတာမှုကိုသာ တောင်းခံဝံ့ကြသောကြောင့် ဖြစ်သည်။

ထို့နောက် လူတိုင်း၏ အကြည့်များမှာ ဧကရာဇ်မင်းမြတ်ထံသို့ ရောက်ရှိသွားကြတော့၏။ ‘အရှင်မင်းမြတ်... ဒီလိုကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုကို ရင်ဆိုင်ရတာတောင်၊ ဒီလို နေမင်းကြီး အမြိုခံရတာနဲ့ ရင်ဆိုင်ရတာတောင် ခင်ဗျားက ဒူးထောက်ပြီး ကောင်းကင်ဘုံကို အပြစ် ဝန်မခံသေးဘူးလား။’

သို့ပေမည့် ဧကရာဇ်၏ ဦးခေါင်းတစ်ခုလုံး ရှုပ်ထွေးလို့နေ၏။ နေမင်းကြီး အမြိုခံရကာ ကောင်းကင် တစ်ခုလုံး မှောင်မည်းသွားသည့် ဤမြင်ကွင်းမှာ မိနစ်အနည်းငယ်ခန့်သာ ကြာမြင့်သော်လည်း ဧကရာဇ် အတွက်မူ တစ်နှစ်လောက် ကြာမြင့်သွားသကဲ့သို့ ခံစားလိုက်ရသည်။

အချိန်အတော်ကြာပြီးမှသာ ဧကရာဇ် သည် ဖြည်းညင်းစွာ ဒူးထောက်လိုက်ပြီး ကောင်းကင်ကို ဦးညွတ်လျက် ပြောလိုက်၏။ “ကောင်းကင်ဘုံ... အမှားတွေ အားလုံးက ကျုပ်ရဲ့ အမှားတွေချည်းပါပဲ။ ကျုပ်ကို သာ အပြစ်ပေးပါ။ ကျုပ်ရဲ့ ပြည်သူတွေကို အပြစ်မပေးပါနဲ့။”

“ကောင်းကင်ဘုံ သနားညှာတာပေးပါ... ကောင်းကင်ဘုံ သနားညှာတာပေးပါ။”

အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ အားလုံး မြေပြင်ပေါ်တွင် ဒူးထောက်ကာ အသံကျယ်ကျယ်ဖြင့် ငိုကြွေးလိုက်ကြသည်။ “ကျုပ်တို့ မှားသွားပါပြီ...ကျုပ်တို့ မှားသွားပါပြီ။”

မြို့တော် တစ်ခုလုံး၏ အော်ဟစ် ငိုကြွေးသံများကြားတွင် ကောင်းကင်ဘုံက သူ၏ကြောက်မက်ဖွယ်ကောင်းသော အပြစ်ပေးမှုကို ရပ်တန့်ပေးလိုက်သကဲ့သို့ပင် ဖြစ်နေသည်။

အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့သော နေမင်းကြီး (တကယ်တော့ ဆယ်မိနစ်ပင် မပြည့်သေးချေ) သည် နောက်ဆုံးတွင် တဖြည်းဖြည်း ပြန်လည် ထွက်ပေါ်လာပြီး အရင်ဆုံး လခြမ်းလေး တစ်ခုကဲ့သို့ ဖြစ်လာကာ ပို၍ပို၍ ဝိုင်းစက်လာပြီး ပို၍ပို၍ ကြီးမားလာတော့၏။

ပတ်ဝန်းကျင်ရှိ အလင်းရောင်များသည်လည်း တဖြည်းဖြည်း ပြန်လည် ရရှိလာပြီး နောက်ဆုံးတွင် တစ်နာရီတိတိ ကြာပြီးမှသာ နေမင်းကြီး တစ်ခုလုံး အပြည့်အဝ ပြန်လည် ထွက်ပေါ်လာတော့သည်။

နေဝင်ဆည်းဆာ အချိန် ဖြစ်နေသော်လည်း ကမ္ဘာမြေကြီးသည် အလင်းရောင်ကို ပြန်လည် ရရှိသွားတော့၏။

ထိုမြင်ကွင်းသည် အလွန်တရာ လှပဆန်းကြယ်လွန်းလှ၏။ လောကတစ်ခုလုံးကို ဖျက်ဆီးပစ်တော့မည့်အလား ဖိစီးနှိပ်စက်ထားသော အမှောင်ထုကြီး ကွယ်ပျောက်သွားခဲ့ပြီဖြစ်ရာ လူတိုင်းလည်း နောက်ဆုံးတွင်မှ စိတ်အေးလက်အေးဖြင့် လွတ်လပ်စွာ အသက်ရှူနိုင်ကြတော့သည်။

မြို့တော်၏ ပြည်သူ သောင်းချီထံမှ ဝမ်းသာအားရ အော်ဟစ်သံများ ထွက်ပေါ်လာတော့၏။

“ကျေးဇူးတင်ပါတယ်ကောင်းကင်ဘုံ...ကျေးဇူးတင်ပါတယ်ကောင်းကင်ဘုံ။”

“ဧကရာဇ်ဟောင်း သက်တော်ရာကျော် ရှည်ပါစေ... ဧကရာဇ်ဟောင်း သက်တော်ရာကျော် ရှည်ပါစေ။”

သာမန် အခြေခံလူတန်းစား ပြည်သူများမှာမူ အမှန်တကယ် ဝမ်းသာအားရ ဖြစ်နေကြသည်။ သို့သော်ငြား ယခုလေးတင် မြင်တွေ့ခဲ့ရသည့် ထူးဆန်းသော မြင်ကွင်းကြီးကိုမူ သူတို့တစ်သက်လုံး မေ့ပျောက်နိုင်ကြလိမ့်မည် မဟုတ်ချေ။

ထို့အပြင် ဤအကြောင်းအရာများကို မိမိတို့၏ သားစဉ်မြေးဆက်များ အဆက်ဆက်တိုင်အောင် ဆင့်ကဲ ပြောကြားကြဦးမည်သာ ဖြစ်သည်။

ထိုသို့ ပြောဆိုကြသည့်အခါတွင်လည်း အဆပေါင်းများစွာ၊ အဆတစ်ရာမက ပိုမိုချဲ့ကား၍ ပုံကြီးချဲ့ ပြောဆိုကြမည်ဖြစ်ရာ နောင်တစ်ချိန်တွင် ဤအခြင်းအရာနှင့် ပတ်သက်၍ ဆန်းကြယ်သော ဒဏ္ဍာရီပုံပြင်များစွာ ထွက်ပေါ်လာဦးမည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်၏။

သို့ပေမည့် နန်းတွင်းတွင်မူ သေမတတ် တိတ်ဆိတ်နေတော့၏။ ဧကရာဇ်သည် နန်းဆောင် အပြင်ဘက်တွင် ရပ်နေပြီး အမတ်များသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ တုန်ယင်နေကြဆဲ ဖြစ်သည်။

အစောပိုင်းက ဥက္ကာခဲပေါင်း မည်မျှ နန်းတော်ထက်သို့ ကျရောက်ပေါက်ကွဲခဲ့သနည်း။ မျက်စိရှေ့မှောက်ရှိ ကြီးကျယ်ခမ်းနားလှသော ကွမ်မင်နန်းဆောင်ကြီးပင်လျှင် ယခုအခါ ဖျက်ဆီးခြင်းခံလိုက်ရသောကြောင့် ဧရာမ အပေါက်ကြီးတစ်ခုအသွင် ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။

ထိုပျက်စီးခြင်းတရားကို မြင်တွေ့လိုက်ရသူတိုင်းက ထိတ်လန့်တုန်လှုပ်စွာဖြင့် ရေရွတ်မိကြတော့သည်။ “ခုနက ဥက္ကာပျံ ဘယ်နှစ်စင်း နန်းတော်ပေါ်ကို ကျလာခဲ့တာလဲ။”

အချိန်အတော်ကြာပြီးမှသာ ဧကရာဇ်က တုန်ယင် အက်ကွဲနေသည့် အသံဖြင့် အမိန့်ပေးလိုက်၏။ “သွား... စုချင်ဝမ်တို့ သုံးယောက်အတွက် အလောင်းကောက်ပေးလိုက်။”

တော်ဝင် သက်တော်စောင့် အချို့ ရှေ့သို့တက်သွားပြီး ဥက္ကာပျံများကို ဖယ်ရှားရန် အစွမ်းကုန် ကြိုးစားကြတော့သည်။

“အား...”

ကျရောက်လာသော ဥက္ကာခဲသည် အလွန်တရာ အပူရှိန်ပြင်းထန်နေဆဲ ဖြစ်သည်။ အလေးချိန်အားဖြင့် ပေါင်အနည်းငယ်မျှသာ ရှိသော်လည်း အလွန် နက်ရှိုင်းလှသော တွင်းကြီးတစ်ခု ဖြစ်သွားစေသည်အထိ အရှိန်အဟုန် ပြင်းထန်လို့နေ၏။

နန်းတွင်းအစောင့်များက ဥက္ကာခဲများကို ဖယ်ရှားကြည့်လိုက်သည့်အခါတွင်မူ စုချင်ဝမ်၏ ရုပ်အလောင်းမှာ ကောက်ယူ၍ပင် မရနိုင်တော့ဘဲ ဂေါ်ပြားဖြင့်သာ သိမ်းဆည်းယူရမည့် အခြေအနေသို့ ဆိုက်ရောက်နေသည်ကို တွေ့လိုက်ကြရသည်။

အဘယ်ကြောင့်ဆိုသော် စုချင်ဝမ်၏ တစ်ကိုယ်လုံးသည် အပိုင်းပိုင်းအစစ ပျက်စီးသွားခဲ့ရုံမက၊ အသားစိုင် အများစုမှာလည်း မီးလောင်ကျွမ်းသွားခဲ့သောကြောင့် လုံးဝရုပ်ပျက်ဆင်းပျက်ဖြစ်ကာ အသွင်အပြင်ကိုပင် ခွဲခြားရန် ခဲယဉ်းနေသောကြောင့်ပင်။

ထိုအခါ အစောင့်အချို့က ဧရာမ ပိုးထည်စကြီးတစ်ချပ်ကို ယူဆောင်လာပြီး စုချင်ဝမ်၏ အသားစိုင်များကို ပိုးထည်ပေါ်သို့ ဂရုတစိုက် ကောက်တင်ကာ လူပုံသဏ္ဌာန် ပြန်လည်ပေါ်ပေါက်လာစေရန် အတတ်နိုင်ဆုံး စီစဉ်ကြည့်ကြသည်။

ဖူရန်လုံနှင့် လင်ကျုံးရင်တို့၏ အခြေအနေမှာလည်း ထိုထက် ပို၍ သက်သာခြင်း မရှိပေ။ သူတို့၏ ခန္ဓာကိုယ်များမှာလည်း မည်းနက်နေသော အသားစိုင်များအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

အစောင့်များက အလွန်အမင်း အားစိုက်ထုတ်၍ လုပ်ဆောင်ပြီးမှသာလျှင် ထိုသို့ ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော ရုပ်အလောင်းသုံးလောင်းကို ဧကရာဇ်မင်းမြတ်နှင့် အမတ်မင်းတို့၏ ရှေ့မှောက်သို့ ပို့ဆောင်ချထား ပေးနိုင်ခဲ့တော့သည်။

ဤမြင်ကွင်းသည်ကား တကယ့်ကို သနားစရာ ကောင်းလှသကဲ့သို့၊ အရှင်လတ်လတ် အရေခွံခွာ၍ သတ်ဖြတ်ခြင်း ခံရသည်ထက်ပင် ပိုမိုထိတ်လန့် ခြောက်ခြားဖွယ်ရာ ကောင်းလို့နေ၏။

“ဥက္ကာပျံတွေ အားလုံးကို စုစည်းလိုက်။” ဧကရာဇ်က အမိန့်ပေးလိုက်သည်။

ခဏအကြာတွင် ဥက္ကာပျံ နှစ်ဆယ်ကျော်ခန့် အားလုံးကို အရှေ့တွင် ချထားလိုက်ပြီး အကြီးဆုံးမှာ ဆယ်ပေါင်ကျော်ခန့် ရှိပြီး အသေးဆုံးမှာ ပေါင်အနည်းငယ်ခန့် ရှိ၏။

ဧကရာဇ်က တုန်ယင် အက်ကွဲနေသည့် အသံဖြင့် မေးလိုက်သည်။ “နက္ခတ်ဗေဒင်ရုံး... ဒါက တကယ်ပဲ ဥက္ကာပျံတွေ သေချာရဲ့လား။ သာမန်ကျောက်တုံးတွေ မဟုတ်ဘူးလား။”

နက္ခတ်ဗေဒင်ရုံး အကြီးအကဲသည် လူများကို ခေါ်ဆောင်ကာ ဥက္ကာပျံ တစ်ခုချင်းစီကို သေချာစွာ စစ်ဆေးပြီးနောက် ဒူးထောက်ကာ လျှောက်တင်လိုက်၏။ “အရှင်မင်းမြတ်... ဒါ... ဒါတွေက တကယ်ပဲ ဥက္ကာပျံတွေပါ။”

အမတ်ချုပ်ကြီး လင်ကုန်းက မေးလိုက်သည်။ “ဘာလို့ ဒီလို ပြောတာလဲ။

နက္ခတ်ဗေဒင်ရုံး အကြီးအကဲက ပြန်ဖြေလိုက်၏။ “ဥက္ကာပျံ ဆိုတာ သာမန်ကျောက်တုံး မဟုတ်ပါဘူး။ အထဲမှာ သတ္တု ပါဝင်မှုတွေ အများကြီး ရှိပါတယ်။ ပြီးတော့ အားလုံးက မီးလောင်ကျွမ်းထားတဲ့ အရိပ်အယောင်တွေ ရှိပါတယ်။”

ဧကရာဇ်က မေးလိုက်သည်။ “အနံ့ခံကြည့်စမ်း။ အပေါ်မှာ ဆီနံ့တွေ ရသလား။”

ဧကရာဇ် ဝမ်ယွင်သည် ဤဥက္ကာပျံများ မီးလောင်ကျွမ်းရခြင်းမှာ ဆီဆွတ်ထားခြင်းကြောင့်ဟု သံသယ ဝင်နေခြင်း ဖြစ်၏။

နက္ခတ်ဗေဒင်ရုံး အကြီးအကဲက ပြန်ဖြေလိုက်သည်။ “အရှင်မင်းမြတ်... ဆီ မရှိပါဘူး။ ဒါက သေချာပေါက် ဥက္ကာပျံ လောင်ကျွမ်းတာပါ။ ဘာလို့လဲဆိုတော့ ဒီမှာ ဥက္ကာပျံတွေ မီးလောင်ပြီး တစ်ဝက် အရည်ပျော်သွားကာ ပြန်ခဲသွားတဲ့ အရာတွေ ရှိနေလို့ပါ။”

ဧကရာဇ်က ထပ်မေးလိုက်၏။ “ဒါက ဥက္ကာပျံ မိုးတွေဆိုတာ သေချာရဲ့လား။ တစ်ယောက်ယောက်က ပစ်ပေါက်လိုက်တာ မဟုတ်ဘူးလား။”

ဤစကား ထွက်ပေါ်လာချိန်မှာတော့ အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ၏ စိတ်ထဲတွင် အလွန် အံ့ဩတုန်လှုပ်သွားကြတောသည်။

‘အရှင်မင်းမြတ်... ခင်ဗျားရဲ့ စိတ်ကူးယဉ်မှုက အရမ်းကြီးမားလွန်းနေပြီနော်။ ခုနက လူတိုင်း မြင်တွေ့ခဲ့ရတာပဲ။ ဒီ ဥက္ကာပျံတွေ အားလုံးကကောင်းကင်ယံကနေ ပြုတ်ကျလာတာပါ။ ပြီးတော့ တစ်စင်းချင်းစီတိုင်းက ပြင်းထန်စွာ လောင်ကျွမ်းနေတာလေ။

ဥက္ကာပျံမိုး မဟုတ်ရင် ဘာဖြစ်နိုင်ဦးမလဲ။ တစ်ယောက်ယောက်က ဒီဥက္ကာပျံတွေကို ကောင်းကင်ပေါ် သယ်သွားပြီး မီးရှို့ကာ ပစ်ချလိုက်တာလို့ ထင်နေတာလား။ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီကမ္ဘာလောကက လူတွေမှ မပျံသန်းနိုင်တာ။

ပြီးတော့ ဒါကကျောက်တုံးတွေလေ။ ဘယ်လိုလုပ် မီးလောင်နိုင်မှာလဲ။ ဥက္ကာပျံမိုး မဟုတ်ရင် ဘာဖြစ်နိုင်အုံးမလဲ။ ဒါကကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုပဲ။’

သို့ရာတွင် ဧကရာဇ်မင်းမြတ်ကမူ ထိုအရာကို ယုံကြည်ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူသည် အောက်ယွီ၏ ထူးခြားလှသော စွမ်းဆောင်ရည်များကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ဖူးသောကြောင့်ပင်။

အောက်ယွီသည် တာ့ရစ်တောင်မီးတောင် ပေါက်ကွဲမည့် အရေးကို ကြိုတင်သိရှိခဲ့ရုံမျှမက၊ မီးတောင် ပေါက်ကွဲသည့် အချိန်၌လည်း ဆန်းပြားသော အဝတ်ကို ဝတ်ဆင်ကာ တောင်ထိပ်မှနေ၍ ဝဲပျံဆင်းလာခဲ့သည်ကို ဧကရာဇ်က ကောင်းစွာမှတ်မိနေဆဲ ဖြစ်သည်။

သို့သော်လည်း အောက်ယွီ ကိုယ်တိုင်ကမူ ထိုအသုံးအဆောင်ပစ္စည်းသည် မြင့်မားသော အရပ်မှ အောက်သို့ ခုန်ချဆင်းရန်အတွက်သာ အသုံးပြုနိုင်ပြီး၊ ကောင်းကင်ယံထက်သို့မူ ပျံသန်းတက်ရောက်နိုင်ခြင်း မရှိကြောင်း အစောပိုင်းတည်းက ပြောကြားခဲ့ဖူး၏။

ဧကရာဇ်သည် ဤကြီးမားသော နေကြတ်ခြင်းကြီးမှာ ကောင်းကင်၏ဖြစ်စဉ် တစ်ခု ဖြစ်သည်ဟု အခိုင်အမာ ယုံကြည်သော်လည်း ဤဥက္ကာပျံမိုးမှာမူ အောက်ယွီ၏ ဖန်တီးမှုသာ ဖြစ်မည်ဟု ယုံကြည်နေသည်။

သို့ပေမည့် အချို့သော စကားများကို ဧကရာဇ် အနေဖြင့်ကိုယ်တိုင် ထုတ်ပြော၍ မရနိုင်ချေ။ သူ၏ အကြည့်များမှာ စုချင်ဝမ်ထံသို့ အလိုအလျောက် ရောက်ရှိသွားသည်။ အဘယ်ကြောင့်ဆိုသော် အမြဲတမ်း သူ ပြောချင်သော စကားများကို စုချင်ဝမ်က အရင်ဆုံး ထွက်ပြောလေ့ ရှိသောကြောင့်ပင်။

သို့ပေမည့် ယခုအခါ စုချင်ဝမ် သည် မြေပြင်ပေါ်ရှိ အသားစိုင်များ အဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်ရာ ဧကရာဇ် အတွက် အရင်ဆုံး ရှေ့ထွက် တိုက်ခိုက်ပေးမည့်သူ မည်သူ ရှိတော့မည်နည်း။

မကြာမီမှာပဲ လူတစ်ယောက် ထွက်လာတော့သည်။ မြို့တော် စစ်သေနာပတိ နင်ဟွိုင်အန်းသည် ဒူးထောက်ကာ လျှောက်တင်လိုက်၏။ “အရှင်မင်းမြတ်... ဒီကောင်းကင်ကနေ ကျလာတဲ့ ဥက္ကာပျံတွေဟာ သေချာပေါက် အောက်ယွီရဲ့ လက်ချက်ပါပဲ။ ဥက္ကာပျံမိုး လုံးဝ မဟုတ်ပါဘူး။”

ဤစကား ထွက်ပေါ်လာချိန်မှာတော့ လူတိုင်း၏ အကြည့်များမှာ နင်ဟွိုင်အန်း ထံသို့ ရောက်ရှိသွားကြ တော့သည်။

‘စစ်သေနာပတိနင်... ခင်ဗျားရဲ့သားက အောက်ယွီရဲ့ လက်ချက်ကြောင့် သေသွားရတယ် ဆိုတာကို ကျုပ်တို့ သိပါတယ်။ ဒါပေမဲ့ ခင်ဗျားကလည်း ဒီလို အခြေအမြစ် မရှိဘဲ လျှောက်ပြောလို့ မရဘူးလေ။ ခုနက ဥက္ကာပျံ မိုးတွေကို ဖန်တီးနိုင်တယ် ဟုတ်လား။ အောက်ယွီကို နတ်ဘုရားလို့များ ထင်နေတာလား။’

နင်ဟွိုင်အန်းက ဆက်ပြောလိုက်၏။ “အရှင်မင်းမြတ်... ကျုပ် ကြားသိရတာကတော့ အရင်တုန်းက တောင်ပိုင်းရဲ့ တာ့ရစ်တောင်မှာ အောက်ယွီဟာ မီးတောင် ပေါက်ကွဲမှုကို အသုံးပြုပြီး လူရိုင်းသူပုန် တစ်သိန်းကျော်ကို ဖျက်ဆီးပစ်ခဲ့တယ်တဲ့။ ပြီးတော့ မီးတောင် မပေါက်ကွဲခင်မှာ သူက ထူးဆန်းတဲ့ အဝတ်အစား တစ်မျိုးကို ဝတ်ဆင်ပြီး တောင်ထိပ်ကနေ ပျံသန်းဆင်းလာခဲ့တယ်တဲ့။”

ဧကရာဇ်၏ မျက်မှောင် အနည်းငယ်ကြုတ်သွားတော့၏။ ဤကိစ္စသည် လုံးဝ လျှို့ဝှက်ချက် တစ်ခု ဖြစ်သင့်သည် မဟုတ်ပါလား။

သို့ပေမည့် ယခုအခါ အလွန် အရေးကြီးသော အချိန် ဖြစ်နေသောကြောင့် ဤအသေးစိတ် အချက်အလက်များကို ဂရုမစိုက်နိုင်တော့ဘဲ ခေါင်းညိတ်ကာ ပြောလိုက်၏။ “ဟုတ်တယ်။ အောက်ယွီဟာ လေနဲ့အတူ ပျံသန်းနိုင်တဲ့ အဝတ်အစား တစ်မျိုးကို တကယ် ဖန်တီးခဲ့ဖူးပါတယ်။”

နင်ဟွိုင်အန်းက ပြောလိုက်သည်။ “အရင်တုန်းက မိစ္ဆာလေဆိုးတွေ တိုက်ခတ်ပြီး စုချင်ဝမ်၊ တရားလွှတ်တော်ချုပ် အကြီးအကဲ ဖူရန်လုံနဲ့ တော်ဝင် သမားတော် လင်ကျုံးရင်တို့ သုံးယောက်ဟာ ရှန်ချင်းနန်းဆောင်ကို စော်ကားခဲ့လို့ ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုနဲ့ သေရမယ်လို့ ပြောခဲ့ကြပါတယ်။ ဘာလို့ အဲဒီ လူသုံးယောက် ဖြစ်နေရတာလဲ။ ဘာလို့လဲဆိုတော့ အဲဒီ လူသုံးယောက်က အောက်ယွီရဲ့ ရန်သူတွေ ဖြစ်နေလို့ပါ။”

ဧကရာဇ်က အမိန့်ပေးလိုက်၏။ “ဆက်ပြောပါ။”

နင်ဟွိုင်အန်းက ဆက်ပြောလိုက်၏။ “စုချင်ဝမ်နဲ့ အောက်ယွီရဲ့ ရန်ငြိုးကတော့ ပြောစရာတောင် မလိုတော့ပါဘူး။ လုံးဝ သေခြင်းရှင်ခြင်းတိုက်ပွဲ ရန်သူတွေပါပဲ။ ပြီးတော့ ဒီ ဖူရန်လုံက ဖူယန်ထူရဲ့ညီ ဖြစ်ပြီး အောက်ရှင်းနဲ့ အောက်ယွီကို ကိုယ်တိုင် ဖမ်းဆီးခဲ့ဖူးတဲ့အတွက် အောက်ယွီရဲ့ ရန်သူကြီး ပါပဲ။

လင်ကျုံးရင်ကတော့ သားတော် စီးကွမ်ကို အောက်ယွီက အဆိပ်ခတ် သတ်ဖြတ်ခဲ့တယ်ဆိုတာကို သက်သေပြခဲ့ပြီး အထောက်အထားတွေလည်း ရှာတွေ့ခဲ့သူပါ။ ဘာလို့ ဒီလောက်တောင် တိုက်ဆိုင်နေရတာလဲ။ ကောင်းကင်ဘုံ၏ အပြစ်ပေးမှုနဲ့ သေဆုံးရသူတွေ အားလုံးက ဘာလို့ အောက်ယွီရဲ့ ရန်သူတွေချည်းပဲ ဖြစ်နေရတာလဲ။”

ဤအချိန်တွင် လူတစ်ယောက်က ဝင်ရောက် မေးမြန်းလိုက်သည်။ “စစ်သေနာပတိနင်... ခင်ဗျားကလည်း အောက်ယွီရဲ့ ရန်သူပဲလေ။ ပြီးတော့ ကျွမ့်ယွမ် အောက်မင် ဆိုရင် ပိုပြီးတော့တောင် အောက်ယွီရဲ့ သေခြင်းရှင်ခြင်း ရန်သူကြီးပဲ။ ဘာလို့ ခင်ဗျားတို့တွေ ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုနဲ့ မသေရတာလဲ။”

“ဟုတ်တယ်... ဟုတ်တယ်။ ဘာဖြစ်လို့လဲ။” လူတိုင်းကလည်း ဝင်ရောက် မေးမြန်းလိုက်ကြ၏။

နင်ဟွိုင်အန်းက ပြန်ဖြေလိုက်သည်။ “အကြောင်းရင်းက အရမ်း ရိုးရှင်းပါတယ်။ ဘာလို့လဲဆိုတော့ ကျုပ် ရော၊ အောက်မင် ရော နှစ်ယောက်လုံးက သိုင်းပညာနဲ့ ကိုယ်ဖော့ပညာ အရမ်း မြင့်မားကြတယ်။ ဒီ ဥက္ကာပျံတွေ ပြုတ်ကျလာတဲ့ အချိန်မှာ ကျုပ်တို့က ရှောင်တိမ်းနိုင်ကြတယ်။ ဒါပေမဲ့ စုချင်ဝမ်၊ ဖူရန်လုံ နဲ့ လင်ကျုံးရင် တို့ကတော့ မရှောင်တိမ်းနိုင်ကြဘူးလေ။”

လူတစ်ယောက်က ထပ်မံကန့်ကွက်လိုက်၏။ “ဒါဆို မမှန်သေးဘူးလေ။ ဖူရန်လုံလည်း သိုင်းပညာ ရှိတာပဲ။”

နင်ဟွိုင်အန်းက ပြန်ဖြေလိုက်သည်။ “ဘာလို့လဲဆိုတော့ ဖူရန်လုံ အမတ်မင်းဟာ တရားလွှတ်တော်ချုပ်ကို သွေးစွန်းစေတဲ့ အမှုတုန်းက ခန္ဓာကိုယ်ကို ဓားနဲ့ ထိုးသွင်းခံထားရပြီး ဒဏ်ရာ မကျက်သေးလို့ပါ။”

All Chapters