← Chapters

အခန်း (၅၄၃-၅၄၄)

Vol. 46 Ch. 543-544

အခန်း (၅၄၃-၅၄၄)

Vol. 46 Ch. 543-544

အပိုင်း (၅၄၃)

ယွင်ကျုံးဟဲ့က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ “အမတ်မင်းတို့... ကျုပ် လွန်ခဲ့တဲ့ ရက်အနည်းငယ် တည်းက ဧကရာဇ်ဟောင်း အိပ်မက်ပေးတယ်၊ တောင်ပိုင်းကျိုးမှာ အပြစ်ရှိသူတွေ ရှိနေတယ်၊ ကောင်းကင်ဘုံက အမျက်ထွက်ပြီး ကောင်းကင်ဘုံ၏ အပြစ်ပေးမှု ခံရတော့မယ်လို့ အသံကျယ်ကျယ်နဲ့ အော်ဟစ်ခဲ့ပါတယ်။ ဒါက ဧကရာဇ်ဟောင်းက သတ္တဝါတွေကို သနားညှာတာတဲ့စိတ်နဲ့ ကြိုတင် သတိပေးပြီး လူတွေကို ကယ်တင်ချင်လို့ပါ။ ရလဒ်ကရော... ရလဒ်ကရော။”

ယွင်ကျုံးဟဲ့ သည် အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။ “ဒီကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုက ပြီးဆုံးသွားတာနဲ့ ချက်ချင်းပဲ တစ်ယောက်ယောက်က ဆက်ပြီး ပြစ်မှုကျူးလွန်ဖို့ အလောတကြီး ဖြစ်နေကြပြန်ပြီ။ ကျုပ်ကပဲ ဒီကောင်းကင်ဘုံ၏ အပြစ်ပေးမှုကို ဖန်တီးခဲ့တယ်လို့တောင် ပြောနေကြသေးတယ်။

ကျုပ် အောက်ယွီမှာ ဒီလောက်တောင်ကြီးမားတဲ့ စွမ်းဆောင်ရည် ရှိလို့လား။ ကျုပ်က နေမင်းကြီးကိုတောင် မျိုချပစ်နိုင်လို့လား။ ကောင်းကင်ကနေ ဥက္ကာပျံတွေ ရွာကျအောင် လုပ်နိုင်လို့လား။ ကျုပ်မှာသာ ဒီလောက် ကြီးမားတဲ့ စွမ်းဆောင်ရည်တွေ ရှိနေရင် ကျုပ်က ဘာလို့ ဒီမှာ အနှိမ်ခံနေရအုံးမှာလဲ။ အကျဉ်းသား တစ်ယောက် ဖြစ်နေရအုံးမှာလဲ။

ကျုပ် အစောကြီးတည်းက ဘုရင် လုပ်နေလောက်ပြီ။ ကျုပ်ရဲ့ကြီးမားတဲ့ စွမ်းဆောင်ရည်တွေနဲ့ ခင်ဗျား နင်ဟွိုင်အန်းကို အပိုင်းပိုင်းအစစ ဖြစ်သွားအောင် လုပ်ပစ်လိုက်ပြီ။ ကျုပ်က ဘာလို့ ဒီလို အရှက်ကွဲ ခံနေရအုံးမှာလဲ။

ခုနက ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှု ဖြစ်ပေါ်လာတဲ့ အချိန်မှာ ကျုပ် မမြင်လိုက်ရဘူး။ ဒါပေမဲ့ ကျုပ် ခံစားလို့ ရပါတယ်။ ခင်ဗျားတို့ အားလုံး ခြေထောက်တွေ တုန်ယင်ပြီး ဝိညာဉ် လွင့်စဉ်သွားလုမတတ် ဖြစ်နေကြမှာ သေချာတယ်။ မြေပြင်ပေါ်မှာ ဒူးထောက်ပြီးကောင်းကင်ဘုံရဲ့ ခွင့်လွှတ်မှုကို တောင်းခံနေကြမှာ သေချာတယ်။

ပြီးတော့ ကောင်းကင်ဘုံကို နောက်ပိုင်းမှာ တရားမျှတစွာ အလုပ် လုပ်ပါ့မယ်၊ ပြစ်မှုတွေ ထပ်မကျူးလွန်တော့ပါဘူးလို့ ကတိပေးနေကြမှာ သေချာတယ်။ ရလဒ်ကရော... ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှု ပြီးဆုံးသွားတာ ဘယ်လောက်ကြာပြီလဲ။ တစ်နာရီတောင် ပြည့်ပြီလား။ မေ့သွားကြပြီလား... မေ့သွားကြပြီလား။

တောင်ပိုင်းကျိုး မှာ အပြစ်ရှိသူတွေ ရှိနေတယ်။ ခင်ဗျားတို့ကိုယ်တိုင် ပြစ်မှု မကျူးလွန်ရင် ရပြီလို့ ထင်နေကြတာလား။ တခြားလူတွေ ပြစ်မှုကျူးလွန်တာကို အလိုလိုက်တာကလည်း ပြစ်မှု တစ်ခုပါပဲ။ ကျုပ်နဲ့ စီးကွမ် တို့ဟာ ပွင့်ပွင့်လင်းလင်း တရားမျှတစွာ ပြိုင်ပွဲ ဝင်ခဲ့ကြတာကို အဆိပ်ခတ်ပြီး လုပ်ကြံသတ်ဖြတ်တယ်လို့ အတင်းအကျပ် ချောက်ချခဲ့ကြတယ်။

ကျုပ် မေးချင်တာက... အကယ်၍ အဲဒီနေ့က ပြိုင်ပွဲမှာ သေသွားတဲ့သူက ကျုပ်ဆိုရင်ကော။ ခင်ဗျားတို့ အမတ်တွေထဲက အများစုက အောင်ပွဲခံပြီး လက်ခုပ်တီး ဝမ်းသာနေကြမှာ သေချာတယ်။ သေချာပေါက် ကျုပ် အောက်ယွီက စွမ်းဆောင်ရည် မရှိတဲ့ လူတစ်ယောက်ပါ။

ကျုပ် တစ်ယောက်တည်း မတရား သေသွားရတာ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုကို ကျုပ် ဖန်တီးခဲ့တယ်လို့ စွပ်စွဲတာတော့ လုံးဝ မဖြစ်နိုင်ဘူး။ တောင်ပိုင်းကျိုးမှာ အပြစ်ရှိသူတွေ ရှိနေလို့ ကောင်းကင်ဘုံက အမျက်ထွက်ပြီး ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုကို ချပေးခဲ့တာ။

ရလဒ်အနေနဲ့ ခင်ဗျားတို့က ချက်ချင်း ပြောင်းလဲသွားပြီး ဒါက ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှု မဟုတ်ဘူး၊ ကျုပ် အောက်ယွီ လုပ်တာလို့ ပြောနေကြတယ်။ ခင်ဗျားတို့က ကောင်းကင်ဘုံကို စော်ကားနေတာလား၊ လှောင်ပြောင်နေတာလား၊ အထင်သေးနေတာလား။ ကောင်းကင်ဘုံက ပိုကြီးမားတဲ့ ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုကို ချပေးပြီး ခင်ဗျားတို့ အားလုံးကို မိုးကြိုးပစ် သတ်လိုက်မှာကို မကြောက်ဘူးလား။”

ယွင်ကျုံးဟဲ့သည် ကျယ်လောင်စွာ အော်ဟစ်နေပြီး သူ၏ စကားလုံး တစ်လုံးချင်းစီက ထိုနေရာတွင် ရှိနေသော အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ၏ စိတ်နှလုံးကို တုန်လှုပ်သွားစေခဲ့သည်။

အောက်ယွီ နှင့် စီးကွမ် တို့၏ ပြိုင်ပွဲတွင် အောက်ယွီက မည်ကဲ့သို့ အစွမ်းထက်စွာဖြင့် အနိုင်ရရှိခဲ့သည်ကို လူတိုင်း မသိရှိကြသော်လည်း အဆိပ်ခတ်၍ လုပ်ကြံသတ်ဖြတ်သည် ဆိုသည်မှာ လုံးဝ မမှန်ကန်ကြောင်းကို လူတိုင်း သိရှိထားကြ၏။

အရေးအကြီးဆုံးမှာ အောက်ယွီ ပြောသည်မှာ ယုတ္တိရှိလို့နေ၏။ ကောင်းကင်ဘုံ၏ အပြစ်ပေးမှုကို လူက ဖန်တီးသည်ဟု ပြောဆိုခြင်းမှာ ကောင်းကင်ဘုံကို အထင်သေးခြင်းပင် ဖြစ်သည်။

ယွင်ကျုံးဟဲ့က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ “နင်ဟွိုင်အန်း... ခင်ဗျားက ကောင်းကင်ဘုံကို အမျက်ထွက်စေမှာကို မကြောက်ပေမယ့် ဒီနေရာမှာ ရှိနေတဲ့ အရပ်ဖက်နဲ့ စစ်ဖက်ဆိုင်ရာ အမတ်တွေ အားလုံးကိုပါ ရေထဲ ဆွဲချချင်နေတာလား။

ခင်ဗျားတို့က ကျုပ် စီးကွမ်ကို လုပ်ကြံသတ်ဖြတ်တယ်လို့ စွပ်စွဲတာကို ကျုပ် လက်ခံတယ်။ လက်ခံတယ်။ ကျုပ်က အပိုင်းပိုင်း ခုတ်ထစ် သတ်ဖြတ်ခံရတော့မှာ သေချာနေပြီဆိုတော့ သေရမှာကို မကြောက်တော့ဘူး၊ ဘာပြစ်မှုကိုမှ ကြောက်စရာ မလိုတော့ဘူးလေ။ ဒါပေမဲ့ ဒီကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုကို အတုအပ ဖန်တီးတယ်ဆိုတဲ့ ပြစ်မှုကိုတော့ ကျုပ် လက်မခံနိုင်ဘူး။ ခင်ဗျားတို့လည်း လက်မခံနိုင်ဘူး။ ဒါကြောင့် ပြန်ရုပ်သိမ်းလိုက်ပါ။”

‘ချီးတဲ့မှ... ယွင်ကျုံးဟဲ့ရဲ့ ဒီပါးစပ်က တကယ်ကို အစွမ်းထက်တာပဲ။ လုံးဝ ပြန်ပြောစရာ စကားမရှိအောင် လုပ်နိုင်တာပဲ။’

အချိန်အတော်ကြာပြီးမှသာ ဧကရာဇ်က အေးစက်စက် ပြုံးကာ ပြောလိုက်သည်။ “ပြောတာကောင်းတယ်... ပြောတာ အရမ်းကောင်းတယ်။ ခင်ဗျားက စီးကွမ်ကို သတ်ခဲ့တာ ဝန်ခံတယ်ဆိုမှတော့ ခင်ဗျား သေချာပေါက် သေရတော့မှာပေါ့။”

ဧကရာဇ် သည် အောက်ယွီ နှင့် ဆက်လက်၍ အဓိပ္ပာယ်မရှိသည့် စကားများ မပြောတော့ဘဲ အမြင့်ဆုံး နည်းလမ်းကို တိုက်ရိုက် အသုံးပြုရန် ဆုံးဖြတ်လိုက်၏။ ‘ငါကိုယ်တော်တိုင် ခင်ဗျားကို သတ်ပစ်မယ်။ ခင်ဗျား သေခါနီး အချိန်ရောက်ရင် ဘယ်လိုများ လျှာသွက်နေအုံးမလဲ ဆိုတာ ကြည့်ရသေးတာပေါ့။’

ယွင်ကျုံးဟဲ့သည် မျက်ရည်များကျဆင်းလာပြီး မြေပြင်ပေါ်တွင် ဒူးထောက်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ “အရှင်မင်းမြတ်...ကျုပ် သေရတာ ကိစ္စမရှိပါဘူး။ အခုချိန်မှာ နန်းတွင်းက ကျိန့်ဟိုင်မြို့စားကို အကူအညီ လိုအပ်နေတယ် ဆိုတာကို ကျုပ် သိပါတယ်။ အရှင်က ကျုပ် တစ်ယောက်တည်းကို သတ်ပြီး ကျိန့်ဟိုင်မြို့စားရဲ့ ဒေါသကို ပြေပျောက်စေတာ ကိစ္စမရှိပါဘူး။

တောင်ပိုင်းကျိုးအင်ပါယာအတွက် ကျုပ် အသေခံဖို့ ဆန္ဒရှိပါတယ်။ ကျုပ် အပိုင်းပိုင်း ခုတ်ထစ် သတ်ဖြတ်ခံဖို့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ အရှင်မင်းမြတ် အနေနဲ့ ကျိန့်ဟိုင်မြို့စားရဲ့ တခြားလွန်ကဲတဲ့ တောင်းဆိုချက်တွေကို တော့ လုံးဝ သဘောမတူပါနဲ့။ လုံးဝ တိုင်းပြည်ရဲ့ အကျိုးစီးပွားကို စွန့်လွှတ်လိုက်တာမျိုး မလုပ်ပါနဲ့။ အထူးသဖြင့် နယ်မြေ ခွဲပေးတဲ့ကိစ္စကတော့ လုံးဝ မဖြစ်နိုင်ပါဘူး။ အဲဒီလိုလုပ်ရင် တောင်ပိုင်းကျိုးရဲ့ သမိုင်းတစ်လျှောက် အကြီးမားဆုံး အပြစ်ရှိသူကြီး ဖြစ်သွားပါလိမ့်မယ်။”

ပြောဆိုပြီးနောက် အောက်ယွီသည် မြေပြင်ပေါ်တွင် မှောက်လျက် အသံကျယ်ကျယ်ဖြင့် ငိုကြွေးနေတော့၏။ “အရှင်မင်းမြတ်... ကျိန့်ဟိုင်မြို့စားရဲ့ ဒေါသကို ပြေပျောက်စေဖို့အတွက် ကျုပ် အပိုင်းပိုင်းအစစ ဖြစ်သွားပါစေ... အရှင်မင်းမြတ် လုံးဝ နယ်မြေ ခွဲမပေးပါနဲ့။ အဲဒီလိုလုပ်ရင် ကျုပ်တို့ တောင်ပိုင်းကျိုးဟာ နိုင်ငံ ပျက်သုဉ်းမယ့် အန္တရာယ် ရှိလာပါလိမ့်မယ်။”

ယွင်ကျုံးဟဲ့ သည် တစ်ဖက်မှ အော်ဟစ်ရင်း တစ်ဖက်မှ ဦးညွတ်နေရာ သွေးများပင် ထွက်လာတော့သည်။

‘ဒါ... ဒါက ဘယ်လို စိတ်ဓာတ်လဲ။ အပိုင်းပိုင်းအစစ ဖြစ်သွားပါစေ... ဧကရာဇ်ကို အကြံဉာဏ် ပေးချင်နေသေးတယ်။ ဘယ်လောက်တောင် သစ္စာရှိလိုက်လဲ။ ဒီ အောက်ယွီဟာ တကယ်ကို ရာစုနှစ် တစ်ခုအတွင်းမှာ ရှားပါးတဲ့ သစ္စာရှိတဲ့ အမတ်ကြီး တစ်ယောက်ပါပဲ။’

ထိုနေရာတွင် ရှိနေသော အမတ် အချို့သည် ဤစကားများကို ကြားရချိန်မှာတော့ စိတ်နှလုံးများ တုန်လှုပ် သွားကြတော့၏။

သို့ပေမည့် ဧကရာဇ် တစ်ဦးတည်းသာလျှင် ဤစကားများကို ကြားရချိန်မှာတော့ တစ်ကိုယ်လုံး တုန်ယင်သွားပြီး အောက်ယွီ၏ ဤစကားများမှာ အလွန် ရည်ရွယ်ချက် ဆိုးရွားလွန်းကြောင်း တွေးတောနေမိသည်။

ဤလူယုတ်မာကို လူသိရှင်ကြား စကားပြောခွင့် မပေးသင့်ကြောင်း သူ သိရှိသွားတော့သည်။ သူ စကားပြောလိုက်တိုင်း ဧကရာဇ်၏ ဩဇာတိက္ကမကို သေချာပေါက် ထိခိုက်စေပေလိမ့်မည်။

“ဟား... ဟား...ဟား... ဟား......”

ဧကရာဇ် သည် အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်ပြီးနောက် အောက်ယွီကို အေးစက်စက် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်၏။ “ခင်ဗျားက သမိုင်း မှတ်တမ်းတွေထဲက သစ္စာရှိတဲ့ အမတ်တွေလို၊ ပိုင်ကန် (သမိုင်းဝင် သစ္စာရှိ အမတ်)လို သစ္စာရှိတဲ့ အမတ် တစ်ယောက် ဖြစ်ချင်နေတာလား။ ဒါဆိုကိုယ်တော့်ကို ကျိုးဘုရင်လို ရက်စက်တဲ့ ဘုရင် တစ်ပါးလို့ သတ်မှတ်နေတာပေါ့လေ။ ခင်ဗျားက သစ္စာရှိတဲ့ အမတ် ဖြစ်ချင်နေတာလား။ ကိုယ်တော်က ခင်ဗျားကို ဖြစ်စေရမယ်... ခင်ဗျား ဆန္ဒကို ဖြည့်ဆည်းပေးမယ်။”

ဧကရာဇ်က ဒေါသတကြီးဖြင့် အမိန့်ပေးလိုက်သည်။ “လာကြစမ်း... အောက်ယွီကို ကြိုးနဲ့ တုပ်ပြီး လူသိရှင်ကြား အရှင်လတ်လတ် အရေခွံခွာ သတ်ပစ်ဖို့ ပြင်ဆင်ကြ။ အခုချက်ချင်း လုပ်။”

“အမိန့်တော်အတိုင်းပါ။”

မိန်းမစိုး အချို့ ရှေ့သို့တက်လာပြီး ယွင်ကျုံးဟဲ့ကို အထူးကြိုးငယ်များဖြင့် သေချာစွာ တုပ်နှောင်လိုက်ကြ၏။

အရှင်လတ်လတ် အရေခွံခွာ သတ်ဖြတ်ခြင်း၏ တုပ်နှောင်ပုံ နည်းလမ်းမှာ အလွန် ထူးခြားလေသည်။ အသားစိုင် တစ်ခုချင်းစီကို ထွက်ပေါ်လာအောင် တင်းကျပ်စွာ တုပ်နှောင်ရပြီးမှသာ ဓားဖြင့် တစ်ချက်ချင်းစီ လှီးဖြတ်ရခြင်း ဖြစ်သည်။

တုပ်နှောင်ပြီးနောက် ယွင်ကျုံးဟဲ့ကို ယာယီ တည်ဆောက်ထားသော ကွပ်မျက်စင်မြင့်ပေါ်သို့ တင်လိုက်ပြီး အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ၏ အရှေ့တွင် အမှန်တကယ်ပင် အပိုင်းပိုင်း ခုတ်ထစ် သတ်ဖြတ်တော့မှာဖြစ်၏။

ဧကရာဇ်၏ စိတ်ထဲတွင် သတ်ဖြတ်လိုစိတ်များ ကောင်းကင်ယံသို့ ထိုးတက်နေသည်။ သူသည် အောက်ယွီ၏ အကြောင်းကို အလွန်တရာ ကောင်းစွာ သိရှိထားသူဖြစ်ရာ ထိုသူသည် သေဘေးကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဝံ့သူမျိုး မဟုတ်ကြောင်းကိုလည်း ကောင်းစွာ နားလည်ထားလေသည်။

‘သေခါနီး အချိန်ရောက်ရင် ခင်ဗျား ဘယ်လောက်များ ပါးစပ် မာနေအုံးမလဲ၊ ဘယ်လောက်များ ကိုယ်ကျင့်တရား ကောင်းတဲ့ ပုံစံမျိုး ပြသနိုင်အုံးမလဲ ဆိုတာကို ကြည့်ရသေးတာပေါ့။’

ယွင်ကျုံးဟဲ့သည် အရှင်လတ်လတ် အရေခွံခွာ သတ်ဖြတ်ခံရမည့် အချိန်ရောက်နေသော်လည်း အဆက်မပြတ် အော်ဟစ်နေဆဲ ဖြစ်၏။ “အရှင်မင်းမြတ်... ကျုပ် သေရတာ ကိစ္စမရှိပါဘူး။ အရှင်မင်းမြတ် အနေနဲ့ ကျိန့်ဟိုင်မြို့စားကို နယ်မြေတွေ လုံးဝ ခွဲမပေးပါနဲ့။ အဲဒီလိုလုပ်ရင် ကျုပ်တို့ တောင်ပိုင်းကျိုးရဲ့ သမိုင်းတစ်လျှောက် အကြီးမားဆုံး အပြစ်ရှိသူကြီး ဖြစ်သွားပါလိမ့်မယ်။ တောင်ပိုင်းကျိုးရဲ့ ဘိုးဘေးတွေကို မျက်နှာပျက်စေပါလိမ့်မယ်။”

ဧကရာဇ် ဒေါသထွက်သွားပြီး ရုတ်တရက် လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။ “အပြစ်ပေး... အပိုင်းပိုင်း ခုတ်ထစ် သတ်ပစ်။”

ထို့နောက် ခေါင်းဖြတ်သမား သည် ဓားငယ်လေးကို ဆွဲထုတ်ကာ အောက်ယွီကို တရားဝင် အရှင်လတ်လတ် အရေခွံခွာ သတ်ဖြတ်ရန် ပြင်လိုက်တော့၏။

“ခုတ်... ခုတ်... ခုတ်။”

မိဖုရားကြီး နှင့် နင်ဟွိုင်အန်း တို့သည် အလွန်အမင်း ပျော်ရွှင်စွာ ကြည့်ရှုနေကြသည်။

‘နောက်ဆုံးတော့ ဒီနေ့ ရောက်လာခဲ့ပြီပဲ။ အောက်ယွီ ဆိုတဲ့ ဒီကြီးမားတဲ့ ဘေးဒုက္ခကြီးဟာ နောက်ဆုံးတော့ အပိုင်းပိုင်း ခုတ်ထစ် သတ်ဖြတ်ခံရတော့မှာပဲ။’

“နေအုံး...” ထိုအချိန်တွင် ရုတ်တရက် တစ်ယောက်ယောက်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ မဟုတ်ပေ။ လူနှစ်ယောက် ပြိုင်တူ အော်ဟစ်လိုက်ခြင်း ဖြစ်၏။

လူတိုင်း အသံထွက်ပေါ်လာရာ အရပ်သို့ အလိုအလျောက် လှမ်းကြည့်လိုက်မိကြ၏။ လူရိပ်တစ်ခု သည် လူတိုင်း၏ အရှေ့သို့ ဖြည်းညင်းစွာ ထွက်ပေါ်လာတော့သည်။

‘ဧကရာဇ်ဟောင်း ရောက်လာပြီ... ဧကရာဇ်ဟောင်း ရောက်လာပြီ။’

ဧကရာဇ်ဟောင်းသည် သစ်သား ဘီးတပ်ကုလားထိုင် ပေါ်တွင် ထိုင်နေပြီး မိန်းမစိုးအိုကြီး ဟောက်ချန်က ဘီးတပ်ကုလားထိုင်ကို တွန်းကာ ဖြည်းညင်းစွာ ရောက်ရှိလာ၏။

ယခုအခါ ဧကရာဇ်ဟောင်းသည် ဘီးတပ်ကုလားထိုင်ပေါ်တွင် ကိုယ်ကို ကိုင်းညွတ်ကာ ထိုင်လျက် အသက်အရွယ် ကြီးရင့်ပြီး သေလုနီးပါး ဖြစ်နေသည့် ပုံစံမျိုး ရှိနေဆဲ ဖြစ်သည်။

သို့ပေမည့် လူတိုင်း၏ အမြင်တွင်မူ ဧကရာဇ်ဟောင်း၏ ခေါင်းပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော ရွှေရောင် အလွှာကြီး တစ်ခု ပြန်လည် ထွက်ပေါ်လာသကဲ့သို့ ဖြစ်နေ၏။

မည်သို့ပင်ဆိုစေ ယခုတစ်ကြိမ် ကောင်းကင်ဘုံ၏ အပြစ်ပေးမှု၊ ကြီးမားသော နေကြတ်ခြင်းကြီးမှာ အလွန် အံ့ဩတုန်လှုပ်ဖွယ် ကောင်းလွန်းလေသည်။

အောက်ယွီက ဧကရာဇ်ဟောင်း အိပ်မက်ပေးပြီး တောင်ပိုင်းကျိုးတွင် အပြစ်ရှိသူများ ရှိနေသောကြောင့် ကောင်းကင်ဘုံက အမျက်ထွက်ကာ ကောင်းကင်ဘုံ၏ အပြစ်ပေးမှု ဖြစ်ပေါ်လာမည်ဟု ရှင်းရှင်းလင်းလင်း ပြောဆိုထားခဲ့သည် မဟုတ်ပါလား။

ချက်ချင်းပဲ အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ အားလုံး သပ်သပ်ရပ်ရပ် ဒူးထောက်ကာ ပြောလိုက်ကြ၏။ “ဧကရာဇ်ဟောင်းကို အရိုအသေပေးပါတယ်။”

ဧကရာဇ် နှင့် မိဖုရားကြီး တို့သာလျှင် စိတ်ထဲတွင် ကြောက်ရွံ့တုန်လှုပ်ခြင်းကို ခံစားရနေကြရသည်။ ‘ဧကရာဇ်ဟောင်းက အကျယ်ချုပ် ချခံထားရတာ မဟုတ်လား။ ဘယ်လိုလုပ်ပြီး ထွက်လာရတာလဲ။ ပြီးတော့ ဧကရာဇ်ဟောင်းက ဦးနှောက် ထိုင်းမှိုင်းနေတဲ့ ပုံစံမျိုး ဖြစ်နေရမှာ မဟုတ်ဘူးလား။ ဘာလို့ အခု သတိပြန်ဝင်လာတဲ့ ပုံစံမျိုး ဖြစ်နေရတာလဲ။’

ဧကရာဇ်ဟောင်း သည် ခေါင်းဖြတ်သမား၏ အရှေ့သို့ ရောက်ရှိလာပြီး ဖြည်းညင်းစွာ မေးလိုက်၏။ “ခင်ဗျားတို့ ဓားကို ချပြီး အောက်ယွီကို ကြိုးဖြည် မပေးသေးဘူးလား။ ခင်ဗျားတို့ရဲ့ ဧကရာဇ်ကို ကျဲ့ နဲ့ကျိုးလို ရက်စက်တဲ့ ဧကရာဇ်တွေ ဖြစ်သွားအောင် တကယ်ပဲ လုပ်ချင်နေကြတာလား။”

ထို့နောက် ဟောက်ချန် သည် ဧကရာဇ်ဟောင်းကို ဧကရာဇ်၏ အရှေ့သို့ တွန်းသွားပေးလိုက်သည်။

ယခုအခါ အမတ်များ အားလုံး ဒူးထောက်နေကြသော်လည်း ဧကရာဇ်ကမူ မူလနေရာတွင် ခေါင်းမာစွာဖြင့် တစ်ချက်လေးမှ မလှုပ်ရှားဘဲ မတ်မတ် ရပ်နေ၏။

ဧကရာဇ်ဟောင်းက သက်ပြင်းတစ်ချက် ချကာ ပြောလိုက်သည်။ “ဧကရာဇ်... မင်းက ငါ့ကို တကယ်ပဲ စိတ်ပျက်အောင် လုပ်တာပဲ။”

................

အပိုင်း (၅၄၄)

ဧကရာဇ်ဟောင်း၏ ဤစကားကို ကြားလိုက်ရချိန်မှာတော့ ဧကရာဇ် လုံးဝ မျက်နှာပျက်သွားသလို အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ အားလုံးလည်း မျက်နှာပျက်သွားကြတော့၏။

ယခင်က ဧကရာဇ်ဟောင်းသည် ဧကရာဇ်ကို ပြစ်တင်ဝေဖန်သည့် စကား တစ်ခွန်းမှ မပြောဖူးဘဲ အမြဲတမ်း အသိအမှတ် ပြုခဲ့ပြီး အခြေအနေ မည်မျှပင် ဆိုးရွားနေပါစေ ဧကရာဇ်ကို လူသိရှင်ကြား ချီးကျူးဂုဏ်ပြုလေ့ ရှိခဲ့သည်။

လွန်ခဲ့သော ရက်နှစ်ဆယ်ကျော်က ဧကရာဇ်က ဧကရာဇ်ဟောင်းကို အတင်းအကျပ် ဖိအားပေးခဲ့စဉ်ကပင် ဧကရာဇ်ဟောင်းက ဧကရာဇ် သည် မိဘကျေးဇူး သိတတ်ပြီး ကြိုးစားပမ်းစား လုပ်ဆောင်နေသည် ဟုသာ ပြောဆိုခဲ့၏။

ယခုအခါ ဧကရာဇ်ဟောင်းသည် မင်းက ငါ့ကို တကယ်ပဲ စိတ်ပျက်အောင် လုပ်တာပဲ ဟုသာ ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သော်လည်း ဤသည်မှာ ကောင်းကင်ကြီး ပြိုကျသွားသကဲ့သို့ ဖြစ်နေပြီး ရန်သူစစ်စစ် ဖြစ်သွားပြီ ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်သည်။

အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ အားလုံး မြေပြင်ပေါ်တွင် နဖူးကို ကပ်ထားလိုက်ကြတော့၏။ ဧကရာဇ် နှစ်ပါး၏ စစ်ပွဲ စတင်သွားပြီဖြစ်ရာ အမတ်များ အနေဖြင့် ဝင်ရောက် စွက်ဖက်ရန် မဝံ့ရဲသည်သာမက နားထောင်ရန်ပင် မဝံ့ရဲကြတော့ချေ။

ဤသည်မှာ ကြယ်နှစ်လုံး ဝင်တိုက်လိုက်သကဲ့သို့ဖြစ်ပြီး ဘေးနားတွင် ရှိနေသူများအားလုံး လုံးဝ အပိုင်းပိုင်းအစစ ဖြစ်သွားနိုင်သည်။

ဧကရာဇ် သည်လည်း မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး အချိန်အတော်ကြာသည်အထိ ဘာတုံ့ပြန်မှုမှ မလုပ်နိုင်တော့ချေ။

စက္ကန့်သုံးဆယ်ခန့် အကြာတွင်မှ ဧကရာဇ်သည် ဒူးထောက်လိုက်ပြီး စကားလုံး တစ်လုံးချင်းစီကို ရှင်းလင်းပြတ်သားစွာ ပြောလိုက်၏။ “ခမည်းတော်... သားတော်က ဘယ်နေရာမှာများ ခမည်းတော်ကို စိတ်ပျက်စေအောင် လုပ်ခဲ့မိလို့လဲ။ကျေးဇူးပြုပြီး ရှင်းပြပေးပါ။”

ဤစကားမှာလည်း အမှန်တကယ်ပင် ခိုင်မာပြတ်သားလွန်းလေသည်။

‘အံ့ဩတုန်လှုပ်ဖွယ်ရာ ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှု ဖြစ်ပေါ်လာပြီး ဧကရာဇ်ဟောင်းရဲ့ ရွှေရောင်အလွှာကြီး ပြန်လည်ရရှိသွားတာကြောင့် ခင်ဗျားက အနိုင်ရပြီလို့ ထင်နေတာလား။ ဒီလိုနဲ့ အာဏာ ပြန်လုလို့ ရပြီလို့ ထင်နေတာလား။ ဧကရာဇ်ဟောင်း... ခင်ဗျားက ဘယ်လိုပဲဖြစ်ဖြစ် အသက်ကြီးပြီး အားနည်းနေပြီ ဖြစ်သလို အသက်ရှင်ဖို့ အချိန် သိပ်မကျန်တော့ပါဘူး။ အမတ်တွေကတော့ ကိုယ်တော့်ဘက်မှာပဲ ရပ်တည်နေကြအုံးမှာပါ။

ဒီကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုဆိုတာတွေက အရမ်းကို စိတ်ကူးယဉ်ဆန်လွန်းပါတယ်။ ဒါပေမဲ့ ကိုယ်တော်နဲ့ လာပြိုင်မယ် ဆိုရင်တော့ မနက်ဖြန်မှာ ခေါင်းပြတ်သွားနိုင်တယ် ဆိုတာကို လူတိုင်း သိကြပါတယ်။ ဘာတွေ လာပြောနေတာလဲ... နေမင်းကြီး အမြိုခံရတယ်၊ ကောင်းကင်မှာ နေမင်းအသစ် ပြောင်းလဲသွားပြီ ဆိုတော့ မြေပြင်ပေါ်မှာလည်း အရှင်သခင်အသစ် ပြောင်းလဲတော့မယ် ဟုတ်လား။ ဘယ်သူ ပြောတာလဲ။

ဧကရာဇ်ဟောင်း... ခင်ဗျားက ဒီလို ဟန်ဆောင်လှည့်စားမှုတွေကို အသုံးပြုပြီး အာဏာ ပြန်လုချင်နေတာလား။ အရမ်းကို ရယ်စရာကောင်းမနေဘူးလား။’

မိဖုရားကြီးကလည်း ဒူးထောက်ကာ မေးလိုက်၏။ “အနောက်ဆောင်က နိုင်ငံရေးကို ဝင်မစွက်ဖက်ရဘူးလို့ ပြောကြပေမယ့် သမီးတော်လည်း မေးချင်ပါတယ်။ အရှင်မင်းမြတ်က ဘယ်နေရာမှာများ လုပ်တာ မကောင်းလို့ ခမည်းတော်ကို စိတ်ပျက်စေရတာလဲ။”

ဧကရာဇ်ဟောင်း ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ဧကရာဇ် နှင့် မိဖုရားကြီးတို့သည် မျက်ရိပ်ပြကာ မိန်းမစိုးကြီး ဟောက်ချင့်ကို မယ်တော်မိဖုရားခေါင်ကြီးထံ စေလွှတ်၍ သွားခေါ်ခိုင်းခဲ့ပြီး ဖြစ်သည်။

မယ်တော်မိဖုရားခေါင်ကြီးသည် အာဏာ မရှိသော်လည်း မျိုးရိုးစဉ်ဆက်နှင့် အဆင့်အတန်း အရ ဧကရာဇ်ဟောင်း နှင့် တန်းတူ ဖြစ်နေပြီး ဧကရာဇ်ကို အလွန်ကာကွယ်ပေးတတ်သူ ဖြစ်ကာ အရေးအကြီးဆုံးမှာ သူမသည် အလွန် ရိုင်းစိုင်းစွာ ပြောဆိုရဲသူ ဖြစ်၏။

ဧကရာဇ် နှင့် မိဖုရားကြီးတို့ တပြိုင်နက်တည်း မေးခွန်းထုတ်လိုက်ကြတော့၏။ ‘ဘယ်နေရာမှာ လုပ်တာ မကောင်းလို့လဲ။’

ဧကရာဇ် သည် နောက်တစ်ကြိမ် ပြင်းထန်စွာ ဦးညွတ်ကာ ပြောလိုက်၏။ “သားတော်က ခမည်းတော်ကို တောင်းဆိုချင်ပါတယ်။ သားတော်က ဘယ်နေရာမှာ လုပ်တာ မကောင်းလို့ ခမည်းတော်ကို စိတ်ပျက်စေရတာလဲ။”

‘လန်ကျိုးက ဆူနာမီကြီးက ငလျင်ကြောင့် ဖြစ်တာလေ။ အဲဒါကို ကိုယ်တော် ဆိုတဲ့ ဧကရာဇ်ကို လာအပြစ်တင်လို့ ရမလား။ တာတမံ ကျိုးပေါက်တာက ဝေမြို့စားကြီး တွမ်ပိရဲ့ ညစ်ပတ်တဲ့ လက်ချက်တွေ ဆိုတာကို စိတ်ထဲမှာ သိနေပေမယ့် သူ သေသွားပြီဆိုတော့ သက်သေပြစရာ ဘာမှ မရှိတော့ဘူးလေ။

ကျိုးလီက အကြံအစည် ရှိပြီး တွမ်ပိကို အသက်ရှင်လျက် ဖမ်းထားကာ ဒီပြစ်မှုကို ဝန်ခံခိုင်းခဲ့ရင်တောင် အဲဒါက ကိုယ်တော် ဆိုတဲ့ ဧကရာဇ်နဲ့ ဘာဆိုင်လို့လဲ။ တွမ်ပိ ဒီလောက်တောင် ရူးသွပ်မိုက်မဲနေတာက ကိုယ်တော် ခိုင်းလို့မှ မဟုတ်တာ။

ဒါမှမဟုတ် ကိုယ်တော်က ခမည်းတော်ကို နှိပ်စက်ခဲ့လို့လား။ နေ့တိုင်း အချိန်မှန် ထမင်းကျွေး၊ အချိန်မှန် သိပ်တာက နှိပ်စက်တာလား။’

အမှန်စင်စစ်အားဖြင့်မူ ဤအခြင်းအရာသည် တကယ့်ကို နှိပ်စက်ခြင်းပင် ဖြစ်သည်။ သို့ရာတွင် ဧကရာဇ်ဟောင်းတစ်ပါးအနေဖြင့်မူ ထိုသို့သော စကားမျိုးကို နှုတ်မှ ထုတ်ဖော်ပြောကြားရန် လုံးဝမဖြစ်နိုင်ချေ။

သာမန် အရပ်သား အဘိုးအိုတစ်ဦးသာ ဆိုပါက ငိုယိုမြည်တမ်း၍ ဖွင့်ဟတိုင်တည်နိုင်သော်လည်း၊ ဧကရာဇ်ဟောင်းတစ်ဦးအဖို့မူ ထိုသို့ပြုမူရန် မထိုက်တန်ပေ။

အကယ်၍သာ ထိုသို့ အားညှိုးငယ်စွာ ပြောဆိုမိပါက မိမိကိုယ်မိမိ အားနည်းချို့တဲ့ကြောင်း သက်သေပြလိုက် သကဲ့သို့ ဖြစ်သွားပြီး၊ လူအများ၏ အထင်သေးအမြင်သေး ပြုခြင်းကိုသာ ခံရပေလိမ့်မည်။

ဧကရာဇ်ဟောင်းက နာကျင်စွာဖြင့် ပြောလိုက်၏။ “ငါ မင်းကို စိတ်ပျက်ရတာက ကျိန့်ဟိုင်မြို့စား စီးပြန်းကို အလျှော့ပေးလိုက်လို့ပဲ။”

ဧကရာဇ်က မေးလိုက်သည်။ “ခမည်းတော်ရဲ့ အဓိပ္ပာယ်က အောက်ယွီကို မသတ်သင့်ဘူးလို့ ပြောချင်တာလား။”

ဧကရာဇ်ဟောင်းက ပြန်ပြောလိုက်၏။ “သေချာပေါက် မသတ်သင့်ဘူးပေါ့။ ဒါပေမဲ့ ဒီနေ့ ငါ ပြောချင်တာက အောက်ယွီကို သတ်သင့် မသတ်သင့် ဆိုတဲ့ ပြဿနာ မဟုတ်ဘူး။ မင်းဆိုတဲ့ ဧကရာဇ် တစ်ပါးဟာ မြို့စား တစ်ယောက်ကို အလျှော့ပေးပြီး သူ ခြိမ်းခြောက်တာကို လက်ခံလိုက်တဲ့ကိစ္စပဲ။”

ဧကရာဇ်က မေးလိုက်သည်။ “ဒါဆို ခမည်းတော်ကို သားတော် မေးပါရစေ။ လန်ကျိုးက ဒုက္ခသည်တွေကို ကယ်တင်သင့်လား။ လန်ကျိုးမြို့ကို ပြန်လည် တည်ဆောက်သင့်လား။ လန်ကျိုး ဆိပ်ကမ်းကို ပြန်လည် တည်ဆောက်သင့်လား။ လန်ကျိုး ရေတပ်ကို ပြန်လည် တည်ဆောက်သင့်လား။”

ဧကရာဇ်ဟောင်းက ပြန်ဖြေလိုက်၏။ “သေချာပေါက် လုပ်သင့်တာပေါ့။”

ဧကရာဇ်က ပြောလိုက်သည်။ “အဲဒါတွေ အားလုံး လုပ်သင့်တယ် ဆိုရင် ငွေတွေကော... ငွေတွေ ဘယ်ကနေ ရမှာလဲ။ ဒီအရာတွေ အားလုံး လုပ်ဖို့ ငွေတွေ လိုအပ်တယ်။ မရေမတွက်နိုင်အောင် များပြားတဲ့ ငွေတွေ လိုအပ်တယ်။ အခု တောင်ပိုင်းကျိုး နန်းတွင်း တစ်ခုလုံးမှာ ငွေထုတ်ပေးနိုင်တဲ့ သူဆိုလို့ ကျိန့်ဟိုင်မြို့စားကလွဲရင် ဘယ်သူ ရှိသေးလို့လဲ။

ကျုပ်တို့ တောင်ပိုင်းကျိုး ရေတပ်ကြီး ပျက်စီးသွားပြီဆိုတော့ ပင်လယ်ပြင်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘူး။ ဒါကြောင့် ပင်လယ်ရေကြောင်းကုန်သွယ်ရေး အာဏာကို ကျိန့်ဟိုင်မြို့စားဆီ အပ်ထားရမှာ မဟုတ်ဘူးလား။ အောက်ယွီ တစ်ယောက်တည်းရဲ့ အသက်က အရေးကြီးတာလား၊ လန်ကျိုးက ဒုက္ခသည် သန်းချီရဲ့ အသက်တွေက အရေးကြီးတာလား။”

ဧကရာဇ်က အသက်အန္တရာယ် ရှိလောက်သော မေးခွန်း သုံးခုကို မေးလိုက်တော့၏။

အမှန်တကယ်ဆိုရလျှင် ဤကဲ့သို့သော စကားမျိုးကို နှုတ်မှ ထုတ်ဖော်ပြောဆိုရခြင်းသည် အလွန်တရာ အရှက်ရဖွယ် ကောင်းလှသည်။ စင်စစ်အားဖြင့် ယခင်ကသာ ဆိုပါက ဧကရာဇ်မင်းမြတ်သည် ဤသို့သော စကားမျိုးကို လုံးဝ ထုတ်ပြောလိမ့်မည် မဟုတ်ပေ။

ကျိန့်ဟိုင်မြို့စားက မိမိ၏ သဘောဆန္ဒအလျောက် လှူဒါန်းခြင်းသာ ဖြစ်သည် ဟူ၍လည်းကောင်း၊ အခွန်ဘဏ္ဍာ ဆက်သခြင်းသာ ဖြစ်သည် ဟူ၍လည်းကောင်း ဝေ့ဝိုက်၍သာ ပြောဆိုပေလိမ့်မည်။

သို့ရာတွင် ယခုအခါ၌မူ ဧကရာဇ်အာဏာကို ပြိုင်ဆိုင်လုယူနေရသည့် အရေးကြုံနေပြီ ဖြစ်ရာ ဤမျှလောက်အထိ အသေးအဖွဲများကို ငဲ့ကွက်ဂရုစိုက်နေရန် အချိန်မရှိတော့ချေ။ သိက္ခာနှင့် မျက်နှာပန်းလှရန်မှာ မည်မျှပင် အရေးကြီးသည်ဆိုစေဦးတော့၊ ဧကရာဇ် ရာဇပလ္လင်အာဏာ တည်မြဲရေးထက်မူ ပို၍ အရေးမကြီးနိုင်ပါချေ။

ထိုအချိန်တွင်ပင် မိန်းမစိုး တစ်စု၏ ခြံရံမှုဖြင့် မယ်တော်မိဖုရားခေါင်ကြီး ရောက်ရှိလာပြီး ရောက်ရောက်ချင်းပင် ဧကရာဇ်ဟောင်းကို လက်ညှိုးထိုးကာ ပြောလိုက်၏။ “ရှင်က ဒီလောက် အသက်ကြီးနေပြီကို ဘာလာလုပ်နေတာလဲ။ ကိုယ့်ကျန်းမာရေးကိုယ် ကောင်းလွန်းနေတယ်လို့ ထင်နေတာလား။ အမြန် ပြန်မသွားသေးဘူးလား။”

ထို့နောက် မယ်တော်မိဖုရားခေါင်ကြီး သည် အောက်ယွီကို လက်ညှိုးထိုးကာ ထပ်ပြောလိုက်သည်။ “ဒါတွေ အားလုံးက မင်းလို ဘေးဒုက္ခကောင်ကြောင့်ပဲ။ ငါတို့ တောင်ပိုင်းကျိုးဟာ အစက အကောင်းကြီး ရှိနေတာကို မင်းလို ဘေးဒုက္ခကောင် ရောက်လာပြီးနောက် ဧကရာဇ် သားအဖကြားက ဆက်ဆံရေးကို အဆက်မပြတ် သွေးခွဲနေတာ။ မင်းက ငါတို့ တောင်ပိုင်းကျိုးအင်ပါယာကို အပိုင်းပိုင်းအစစ ဖြစ်သွားအောင် လုပ်ချင်နေတာလား။

လာကြစမ်း... အခုချက်ချင်း ဒီ အောက်ယွီကို သတ်ပစ်လိုက်စမ်း။ ဒီလူကို သတ်လိုက်တာနဲ့ ငါတို့ တောင်ပိုင်းကျိုးအင်ပါယာဟာ ငြိမ်းချမ်းသွားလိမ့်မယ်။”

မိဖုရားခေါင်ကြီး၏ စကားသံ ဆုံးသည်နှင့် တပြိုင်နက် သူမ အနောက်ရှိ မိန်းမစိုးကြီး တစ်ဦးသည် ချက်ချင်း ထွက်လာပြီး အောက်ယွီ၏ ခေါင်းကို ဖြတ်ရန် ပြင်လိုက်တော့၏။

ဤမယ်တော်မိဖုရားခေါင်ကြီးသည် သူ၏ သားတော်ဘက်သို့သာ အစဉ်တစိုက် ဘက်လိုက်ကူညီသူ ဖြစ်၏။ အရှင်သခင် လင်ယောက်ျားနှင့် သားအရင်းတို့၏ ကြားတွင် ရွေးချယ်စရာ ကြုံလာသည့်အခါ၌လည်း သူမသည် မည်သို့မျှ တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ မိမိ၏ သားတော်ရင်းကိုသာ ပြတ်ပြတ်သားသား ရွေးချယ်ခဲ့သည်။

“ရိုင်းစိုင်းလိုက်တာ။” ဧကရာဇ်ဟောင်းက ဒေါသတကြီးဖြင့် အော်လိုက်၏။

သရဲတစ္ဆေကဲ့သို့ လျင်မြန်သော ဟောက်ချန် သည် ပြေးထွက်သွားပြီး ထိုမိန်းမစိုး၏ ဓားကို လက်ချောင်းဖြင့် ညှပ်ထားလိုက်တော့သည်။

ဧကရာဇ်၏ အေးစက်သော အကြည့်များမှာ ဧကရာဇ်ဟောင်း ထံသို့ ရောက်ရှိနေသည်။ ‘ခင်ဗျားရဲ့ ဘေးနားက ဟောက်ချန်ရဲ့ သိုင်းပညာက တကယ်ပဲ အစွမ်းထက်ပါတယ်။ မယ်တော်မိဖုရားခေါင်ကြီး ဘေးနားက မိန်းမစိုးကို တားဆီးနိုင်ပါတယ်။ ဒါပေမဲ့ ခင်ဗျားက ဟောက်ချန် တစ်ယောက်တည်းကို အားကိုးပြီး အာဏာ ပြန်လုနိုင်မယ်လို့ ထင်နေတာလား။’

“ခမည်းတော်... သားတော်ရဲ့ မေးခွန်းတွေကို မဖြေရသေးဘူးနော်။ အခု နေရာတိုင်းမှာ ငွေတွေ လိုအပ်နေပြီး နိုင်ငံတော် ဘဏ္ဍာတိုက် မှာလည်း ငွေမရှိဘူး ဆိုတော့ သားတော် ဘယ်လို လုပ်ရမလဲလို့ မေးချင်ပါတယ်။”

ဧကရာဇ်က ပြောလိုက်သည်။ “ဧကရာဇ်ဟောင်းဟာ တန်ခိုးစွမ်းအင်ကြီးမားလို့ ကျောက်ခဲကို ရွှေဖြစ်အောင် လုပ်နိုင်လောက်ပါတယ်။ ကျေးဇူးပြုပြီး ဧကရာဇ်ဟောင်းက လန်ကျိုးက ဒုက္ခသည် သန်းချီကို ကယ်တင်ပေးတော်မူပါ။”

ပြောဆိုပြီးနောက် ဧကရာဇ်၏ တစ်ကိုယ်လုံး မြေပြင်ပေါ်တွင် ဒူးထောက်မှောက်လျက် နေလိုက်ပြီး တစ်ချက်လေးမှ မလှုပ်ရှားတော့ချေ။

ဤစကားမှာ ပို၍ပင် ရည်ရွယ်ချက် ဆိုးရွားလွန်းလှသည်။ ‘ဧကရာဇ်ဟောင်း... ခင်ဗျားက နတ်ဘုရားလောင်းလို့ အမြဲတမ်း ဟန်ဆောင်နေတာ မဟုတ်လား။ ဒါဆို အခု နတ်စွမ်းအင်တွေ ပြသပြီး ရွှေတွေ ငွေတွေ ဖန်တီးပေးလိုက်လေ။ ဒါက ဒုက္ခသည် သန်းချီကို ကယ်တင်ရမယ့် အရေးကြီးတဲ့ကိစ္စကြီး နော်။ ခင်ဗျားက ဒီလောက်လေးတောင် နတ်စွမ်းအင် မသုံးချင်ဘူးလား။’

ဤစကားကြောင့် ဧကရာဇ်ဟောင်းမှာ ပြန်ပြောစရာ စကားမရှိအောင် ဖြစ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ လုံးဝ ဉာဏ်ဆင်ပြီး ပြောဆိုနေခြင်း ဖြစ်သည်။ ဧကရာဇ်ဟောင်း၏ အဆင့်အတန်း အရဆိုလျှင် ဤကဲ့သို့ ဉာဏ်ဆင်ပြီး ပြန်ပြောရန် မသင့်တော်ချေ။

ထိုအချိန်တွင် ယွင်ကျုံးဟဲ့က အေးစက်စက် ပြုံးကာ ပြောလိုက်၏။ “အရှင်မင်းမြတ် ပြောတာ မှားနေပါတယ်။”

ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်သည်။ “ဧကရာဇ်ဟောင်းရဲ့ နတ်ဘုရားလောင်း ဆိုတာက အဆင့်အတန်း တစ်ခုပါ။ စိတ်ပိုင်းဆိုင်ရာ နားလည်မှု တစ်ခုပါ။ ကောင်းကင်ဘုံနဲ့ ဆက်သွယ်နိုင်ပြီး အနာဂတ်ကို ကြိုတင် သိမြင်နိုင်တဲ့ တကယ့်ကြီးမားတဲ့ ဉာဏ်ပညာကြီးပါ။

ကျောက်ခဲကို ရွှေဖြစ်အောင် လုပ်တယ် ဆိုတာကတော့ လမ်းဘေးက လိမ်ညာလှည့်စားတဲ့သူတွေရဲ့ အတတ်ပညာ သက်သက်ပါပဲ။ တကယ့် နတ်ဘုရားတွေဟာ ကျောက်ခဲကို ရွှေဖြစ်အောင် လုပ်ဖို့ လုံးဝ ဂရုမစိုက်ကြပါဘူး။ ဘာလို့လဲဆိုတော့ နတ်ဘုရားတွေရဲ့ အမြင်မှာ ရွှေတွေ၊ ငွေတွေ ဆိုတာ အလကား အရာတွေချည်းပါပဲ။”

ဧကရာဇ်က အသံကျယ်ကျယ်ဖြင့် ရယ်မောကာ ပြောလိုက်၏။ “နန်းတွင်း စာမေးပွဲ ပထမဆု ရရှိသူ အသစ် အောက်ယွီ... ခင်ဗျားရဲ့ ပညာရေးက တကယ်ကို ကောင်းမွန်လွန်းပါတယ်။ ဒါဆိုရင် ခင်ဗျားလို နန်းတွင်း စာမေးပွဲ ပထမဆု ရရှိသူ အသစ်ကို ကျုပ် မေးချင်ပါတယ်။ ရွှေတွေ၊ ငွေတွေလို အောက်တန်းကျတဲ့ အရာတွေ မရှိဘဲနဲ့ လန်ကျိုးက ဒုက္ခသည် သန်းချီကို ဘယ်လိုကယ်တင်မလဲ။ လန်ကျိုးကို ဘယ်လို ပြန်လည် တည်ဆောက်မလဲ။”

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “ငွေသား သန်းချီ လောက်ကို ဧကရာဇ်ဟောင်းလို နတ်ဘုရား ကိုယ်တိုင် လုပ်ဆောင်ဖို့ လိုအပ်လို့လား။ ကျုပ် တစ်လ အတွင်းမှာ ဒီ ငွေတွေ ရအောင် လုပ်ပေးနိုင်ပါတယ်။”

ထို့နောက် ဧကရာဇ်က အေးစက်စက်ဖြင့် မေးလိုက်၏။ “လန်ကျိုး သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး၊ လန်ကျိုးမြို့ ပြန်လည် တည်ဆောက်ရေး အတွက် ငွေဘယ်လောက် လိုအပ်လဲ၊ လန်ကျိုး ဆိပ်ကမ်း ပြန်လည် တည်ဆောက်ရေး အတွက် ငွေဘယ်လောက် လိုအပ်လဲ ဆိုတာ ခင်ဗျား သိလား။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “ငွေသား ခုနစ်သန်းလောက် ဆိုရင် လုံလောက်ပြီလား။ ကျုပ် တစ်လ အတွင်းမှာ ငွေသား ခုနစ်သန်း ရအောင် လုပ်ပေးနိုင်ရင် လုံလောက်ပြီလား။”

All Chapters