အခန်း (၅၄၅-၅၄၆)
Vol. 46 Ch. 545-546
အပိုင်း (၅၄၅)
ဧကရာဇ်က ပြောလိုက်၏။ “အောက်ယွီ... ခင်ဗျားသာ တစ်လ အတွင်းမှာ ငွေသား ခုနစ်သန်း ရအောင် လုပ်ပေးနိုင်ရင် ဒုက္ခသည် သန်းချီကို ကယ်တင်လိုက်တာပဲ။ ကိုယ်တော်က မင်းသမီး ရှန်ရှန်းကို ခင်ဗျားနဲ့ လက်ထပ်ပေးရုံသာမက ခင်ဗျားမိသားစုရဲ့ နုလန်ဟောက် ဘွဲ့ကိုပါ ပြန်ပေးမယ်။ ပြီးတော့ ခင်ဗျားကို နယ်စားဘွဲ့ အထိပါ တိုးမြှင့်ပေးမယ်။ ဒါပေမဲ့...”
ဧကရာဇ်က အေးစက်စက်ဖြင့် ပြောလိုက်သည်။ “ခင်ဗျားက လေထဲမှာ တိုက်ဆောက်နေတာပဲ။ ဧကရာဇ်ဟောင်းက တန်ခိုးစွမ်းအင် ကြီးမားပြီး အနာဂတ်ကို ကြိုတင် သိမြင်နိုင်တယ် ဆိုတော့ အနာဂတ်က ငွေတွေနဲ့ လက်ရှိ အခြေအနေကို ဖြေရှင်းပေးဖို့များ ကြံနေတာလား။
ကျုပ် မေးချင်တာက... အောက်ယွီရဲ့ စိတ်ကူးယဉ် ငွေသား ခုနစ်သန်းက တကယ် လက်တွေ့ကျတာလား၊ ကျိန့်ဟိုင်မြို့စားရဲ့ ကတိက ပိုပြီး လက်တွေ့ကျတာလား။ ဘယ်ဟာက ဒုက္ခသည် သန်းချီကို ပိုပြီး ကယ်တင်နိုင်မလဲ။”
ထို့နောက် ဧကရာဇ်၏ မျက်လုံးများ အေးစက်သွားပြီး အောက်ယွီကို ကြည့်ကာ ပြောလိုက်၏။ “မယ်တော် ပြောသွားတဲ့ စကားတစ်ခွန်းက အရမ်း မှန်ပါတယ်။ ခင်ဗျား အောက်ယွီ ဟာ အဆက်မပြတ် သောင်းကျန်းနေလို့ ကျုပ်တို့ တောင်ပိုင်းကျိုး နန်းတွင်းဟာ အမြဲတမ်း ဆူပူနေရတာ။
ခင်ဗျားရဲ့ လှည့်စားမှုတွေကြောင့်ပဲ ဧကရာဇ်ဟောင်းက ဒုက္ခသည် သန်းချီရဲ့ အသက်ရှင်ခြင်း သေဆုံးခြင်းကို ဂရုမစိုက်ဘဲ ခင်ဗျား တစ်ယောက်တည်းရဲ့ အသက်ကိုပဲ ကာကွယ်ပေးချင်နေတာ။ ခင်ဗျားကို သတ်လိုက်ရင် အားလုံး အေးချမ်းသွားပြီ။ လာကြစမ်း... အောက်ယွီကို သတ်လိုက်စမ်း။”
ချက်ချင်းပဲ နန်းတော်မှ ထိပ်တန်း သိုင်းပညာရှင် အချို့ ဓားဆွဲထုတ်ကာ ရှေ့သို့တက်လာပြီး အောက်ယွီ၏ ခေါင်းကို ဖြတ်ရန် ပြင်လိုက်ကြသည်။
ယခုအချိန်တွင် အမှန်တကယ်ပင် လက်နက်ချင်း ထိပ်တိုက် တွေ့နေပြီဖြစ်ပြီး မည်သည့် မျက်နှာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ တိုက်ရိုက် လူသတ်ရန် ပြင်နေပြီ ဖြစ်သည်။ ဧကရာဇ်ဟောင်း၏ မျက်စိရှေ့တွင် အောက်ယွီကို သတ်ပစ်လိုက်ပါက အရာအားလုံး ပြီးဆုံးသွားမှာဖြစ်၏။
‘ဧကရာဇ်ဟောင်း... ခင်ဗျားရဲ့ ဘေးနားမှာ ဟောက်ချန် တစ်ယောက်တည်း ရှိတာလေ။ ဘယ်နှစ်ကြိမ်များ တားဆီးနိုင်အုံးမလဲ ဆိုတာကို ကျုပ် ကြည့်ချင်သေးတယ်။’
“တတိယသား.. မင်းက လူသတ်ဖို့ပဲ သိတာလား။”
ဧကရာဇ်ဟောင်းက ဒေါသတကြီးဖြင့် အော်ငေါက်လိုက်၏။ “အကျိုးဆောင်ဖူးတဲ့ အမတ်တွေ အပေါ်မှာ ဒီလောက်တောင် ရက်စက်တယ်။ စီးပြန်းလို ပုန်ကန်သူ တစ်ယောက် အပေါ်မှာကျတော့ အလျှော့ပေးပြီး အလိုလိုက်နေတယ်။ မင်း ဧကရာဇ် လုပ်တဲ့ နည်းလမ်းက ဒါပဲလား။”
ဧကရာဇ်က နာကျင်စွာဖြင့် ပြောလိုက်သည်။ “ခမည်းတော်... ကျိန့်ဟိုင်မြို့စား စီးပြန်းဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကတော့ ပုန်ကန်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီ ဆယ်နှစ်ကျော်အတွင်းမှာ ဘယ်အချိန်များ ပုန်ကန်ခဲ့ဖူးလို့လဲ။ လန်ကျိုးမှာ သဘာဝဘေးအန္တရာယ် ကျရောက်တုန်းက သူက ငွေသား သန်းချီ ထုတ်ပေးပြီး ကယ်ဆယ်ခဲ့ပါတယ်။
သူက ကျုပ်တို့ တောင်ပိုင်းကျိုးရဲ့ တစ်ခုတည်းသော မျိုးရိုးမတူတဲ့ ဘုရင် ဖြစ်သလို မြို့စားလည်း ဖြစ်ပါတယ်။ ခမည်းတော်က ကျိန့်ဟိုင်မြို့စားကို သက်သေ မရှိဘဲ အခုလို စွပ်စွဲနေတာ တကယ်ပဲ သူ့ကို ပုန်ကန်အောင် ဖိအားပေးချင်နေတာလား။
အကယ်၍ ကျိန့်ဟိုင်မြို့စားသာ ပုန်ကန်ခဲ့ရင် ကျုပ်တို့ အင်ပါယာရဲ့ ပင်လယ်ရေကြောင်းကုန်သွယ်ရေးတွေ အားလုံး ရပ်တန့်သွားပြီး တောင်ပိုင်း တစ်ခုလုံး စစ်မီးတွေ တောက်လောင်သွားပါလိမ့်မယ်။ ခမည်းတော်လည်း ဒီ တိုင်းပြည်ကို အနှစ်ငါးဆယ် တိုင်တိုင် အုပ်ချုပ်ခဲ့ဖူးတာပဲ။ ဒီတိုင်းပြည်ကို မချစ်ဘူးလား။”
ဧကရာဇ်ဟောင်း သည် ဧကရာဇ်၏ စကားကြောင့် အလွန်အမင်း ဒေါသထွက်ပြီး တစ်ကိုယ်လုံး တုန်ယင်လာတော့၏။
အချိန်အတော်ကြာပြီးမှသာ ဧကရာဇ်ဟောင်းက တုန်ယင် အက်ကွဲနေသည့် အသံဖြင့် ပြောလိုက်သည်။ “တတိယသား.. မင်းက ငါ ရွေးချယ်ခဲ့တဲ့ နန်းမွေခံပါ။ မင်းရဲ့ အားနည်းချက် တချို့ကို ငါ သိပါတယ်။ ဒါပေမဲ့ မင်းက အိမ်ရှေ့စံမင်းသားအဖြစ် ဆယ်စုနှစ်ချီ နေခဲ့ဖူးတော့ ဧကရာဇ် ဖြစ်လာတဲ့အခါ စိတ်ထား ပိုပြီး ကျယ်ပြန့်လာပြီး အမြင် ပိုပြီးကျယ်လာလိမ့်မယ်လို့ ငါ ထင်ခဲ့တာပါ။
ဒါပေမဲ့ မင်း ဧကရာဇ် ဖြစ်လာတာ ရှစ်နှစ်၊ ကိုးနှစ် ရှိလာတဲ့ အချိန်မှာ မင်းရဲ့ အားနည်းချက်တွေက ပြုပြင်လို့ မရတဲ့အပြင် ပိုပြီးတော့တောင် ကြီးမားလာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ ကိုယ့်လူတွေ အပေါ်မှာ ရက်စက်ပြီး အပြင်လူတွေ အပေါ်မှာကျတော့ သဘောကောင်းနေတယ်။ ဒါက မင်း ဧကရာဇ် လုပ်တဲ့ နည်းလမ်းလား။”
ဧကရာဇ်သည် မြေပြင်ပေါ်တွင် ပြင်းထန်စွာ ဦးညွတ်ကာ ပြောလိုက်၏။ “ခမည်းတော်... ကျေးဇူးပြုပြီး မသင်ပြဘဲနဲ့ အပြစ်မပေးပါနဲ့။ ဘိုးဘေးတွေ အားလုံး သိကြပါတယ်။ ခမည်းတော်ရဲ့ ဒီ စွပ်စွဲချက်ကို သားတော် လက်မခံရဲပါဘူး။
ခမည်းတော်လည်း ဧကရာဇ် လုပ်ခဲ့ဖူးတာပဲ။ ဒီ နေရာမှာ နေရတာ မလွယ်ကူဘူး ဆိုတာကို သိမှာပါ။ တရားကျင့်တာလိုမျိုး စိတ်ကူးယဉ်လို့ မရဘူး။ စာရေးတာလိုမျိုး လှပအောင် လုပ်လို့ မရဘူး။ နိုင်ငံကြီး တစ်ခုကို အုပ်ချုပ်ရတာ ဟင်းချက်ရသလိုပါပဲ။ စကားလေး နည်းနည်း ပြောရုံနဲ့တင် ဖြစ်လာတာ မဟုတ်ပါဘူး။”
မယ်တော်မိဖုရားခေါင်ကြီးက ပြောလိုက်သည်။ “ဧကရာဇ်... မင်းရဲ့ ခမည်းတော်က အသက် ကြီးပြီး မိုက်မဲနေပြီ။ သူနဲ့ စကားတွေ အများကြီး ပြောနေစရာ မလိုပါဘူး။ အောက်ယွီဆိုတဲ့ ဒီ ဘေးဒုက္ခကောင်ကို မြန်မြန် သတ်ပစ်လိုက်ပြီး မင်းရဲ့ ခမည်းတော်ကို ပြန်ပို့ကာ ကောင်းကောင်း အနားယူခိုင်းလိုက်ပါ။ ထပ်ပြီး မသောင်းကျန်းပါစေနဲ့တော့။”
ဧကရာဇ် သည် နောက်တစ်ကြိမ် ဒူးထောက်ကာ ဦးညွတ်လျက် ပြောလိုက်၏။ “ခမည်းတော် ပင်ပန်းနေပြီ။ ပြန်ပြီး အနားယူပါတော့။”
ဧကရာဇ် ဝမ်ယွင် သည် လုံးဝ အရှက်မရှိတော့ဘဲ ဧကရာဇ်ဟောင်း မည်ကဲ့သို့ ထွက်လာသည်ဖြစ်စေ သူ့ကို အတင်းအကျပ် ပြန်လည် ခေါ်ဆောင်သွားရန် ဆုံးဖြတ်လိုက်သည်။
‘ဟောက်ချန်ကို သတ်ပစ်ရမယ်။ ပြီးတော့ တာအို ဘုန်းကြီး လေးပါးလုံးကို သတ်ပစ်မယ်။ ခင်ဗျားရဲ့ ရှန်ချင်းနန်းဆောင် အသေးလေးကို ယင်မဝင်အောင် ဝိုင်းရံထားပြီး တစ်သက်လုံး ထွက်မလာနိုင်အောင် လုပ်ပစ်မယ်။
လင်ကျုံးရင် ဆိုတဲ့ အသုံးမကျတဲ့ကောင်... ဘာဆေးတွေ တိုက်ထားတာလဲ။ ရက်နှစ်ဆယ်လောက် ရှိနေပြီကို ဧကရာဇ်ဟောင်းက အရူး မဖြစ်သေးဘူးလား။ နောက်ပိုင်း ဆေးပမာဏကို နှစ်ဆ တိုးရမယ်။
ဧကရာဇ်ဟောင်းနဲ့ အောက်ယွီ ဆိုတဲ့ လူရွှင်တော်လေးက ဒီလောက် အချိန်အကြာကြီး ပြဇာတ် ကပြနေတာတောင် ခင်ဗျားတို့ဘက်မှာ ရပ်တည်မယ့် အမတ် တစ်ယောက်မှ မရှိပါဘူး။ ဘာကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုလဲ။ ဘာ နတ်ဘုရားလောင်းလဲ။ ဘာအသုံးကျလို့လဲ။
ခင်ဗျားက နေ့တိုင်း သေလုနီးပါး ဖြစ်နေပြီး တစ်ကိုယ်လုံး လေဖြတ်နေတဲ့ အဘိုးကြီး တစ်ယောက် ဖြစ်နေ သရွေ့တော့ အရပ်ဖက်နဲ့ စစ်ဖက်ဆိုင်ရာ အမတ်တွေက ခင်ဗျားဘက်က လုံးဝ ရပ်တည်မှာ မဟုတ်ဘူး။ သူတို့ရဲ့ ဦးနှောက်တွေ ပျက်စီးနေတာမှ မဟုတ်တာ။’
ပြောဆိုပြီးနောက် မိန်းမစိုး အချို့ ရှေ့သို့တက်လာပြီး ဧကရာဇ်ဟောင်းကို အတင်းအကျပ် သယ်ဆောင်ကာ ရှန်ချင်းနန်းဆောင် အသေးလေးထဲသို့ ပြန်လည် အကျယ်ချုပ် ချထားရန် ပြင်လိုက်ကြတော့၏။
ဧကရာဇ်ဟောင်းက သက်ပြင်းတစ်ချက် ချကာ ပြောလိုက်သည်။ “ဧကရာဇ်... မင်းက ငါတို့ တောင်ပိုင်းကျိုး အင်ပါယာရဲ့ ဧကရာဇ် တစ်ပါး ဖြစ်နေသေးလို့ အရပ်ဖက်နဲ့ စစ်ဖက်ဆိုင်ရာ အမတ်တွေ ရှေ့မှာ ဒီအရာကို ငါ တကယ် ထုတ်မပြချင်ခဲ့ဘူး။
ဒါက တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်နေလို့ပဲ။ ဒီအရာက ငါတို့ တောင်ပိုင်းကျိုး တော်ဝင်မိသားစုရဲ့ အရှက်တကွဲကိစ္စကြီးပါ။ တောင်ပိုင်းကျိုး နန်းတွင်းကို အရှက်ရစေရုံသာမက ဘိုးဘေးတွေကိုပါ အရှက်ရစေပါတယ်။”
ဧကရာဇ် အနည်းငယ် တုန်လှုပ်သွားတော့၏။ ‘ဧကရာဇ်ဟောင်းက ဘာကို ပြောနေတာလဲ။ အဲဒီ အရာများ ဖြစ်နေမလား။’
“ဟောက်ချန်... ငါ့ ရင်ဘတ်ထဲက အရာကို ထုတ်လိုက်စမ်း။” ဧကရာဇ်ဟောင်းက ပြောလိုက်သည်။
မိန်းမစိုးအိုကြီးဟောက်ချန် ရှေ့သို့တက်လာပြီး ဧကရာဇ်ဟောင်း၏ ရင်ဘတ်ထဲမှ အရာတစ်ခုကို ထုတ်ယူကာ ဧကရာဇ်ဟောင်း၏ အရှေ့၊ ဧကရာဇ် နှင့် အရပ်ဖက်၊ စစ်ဖက်ဆိုင်ရာ အမတ်များ၏ အရှေ့တွင် ပြသလိုက်သည်။
ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “ဧကရာဇ်... ဒါက မင်းနဲ့ ကျိန့်ဟိုင်မြို့စား စီးပြန်းတို့ ချုပ်ဆိုထားတဲ့ လျှို့ဝှက် စာချုပ် မဟုတ်လား။ မင်း တော်ဝင် တံဆိပ်တုံးတောင် ထုထားပြီးပြီလေ။”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ ဧကရာဇ်၏ မျက်နှာ လုံးဝ ပျက်ယွင်းသွားတော့သည်။ ‘ဒီ လျှို့ဝှက် စာချုပ်က ဘယ်လိုလုပ်ပြီး ဧကရာဇ်ဟောင်းရဲ့ လက်ထဲကို ရောက်သွားရတာလဲ။ လုံးဝ မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး။’
ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “ဒီ လျှို့ဝှက် စာချုပ်ရဲ့ ပထမအချက်က... အောက်ယွီ တစ်မိသားစုလုံးကို အရှင်လတ်လတ် အရေခွံခွာ သတ်ဖြတ်ပြီး စီးကွမ် အတွက် လက်စားချေရမယ်တဲ့။”
မြေပြင်ပေါ်တွင် ဒူးထောက်နေသော အမတ်များ အားလုံး နားစွင့်နေကြသည်။
ဤလျှို့ဝှက် စာချုပ် အကြောင်းကို သိသောသူဟူ၍ အဓိက အမတ်ကြီး အချို့သာရှိပြီး ကျန်သည့် အမတ်များက လုံးဝ မသိကြချေ။
ဧကရာဇ်ဟောင်းက ဆက်ပြောလိုက်၏။ “ဒါပေမဲ့... ဒီအချက်က ဘာမှ မဟုတ်သေးဘူးလို့ ပြောလို့ ရပါတယ်။ ဒုတိယအချက်က... မင်းသမီး ရှန်ရှန်းကို ရောဂါကြောင့် သေဆုံးသွားပြီလို့ အပြင်မှာကြေညာရမယ်။ ဒါပေမဲ့ ကျိန့်ဟိုင်မြို့စားအိမ်တော်ကို လျှို့ဝှက်စွာ ပို့ဆောင်ပေးပြီး သေဆုံးသွားတဲ့ စီးကွမ်နဲ့ ဝိညာဉ် လက်ထပ်ပွဲ လုပ်ပေးရမယ်တဲ့။”
ဧကရာဇ်ဟောင်းသည် ဤအချက်ကို ဖတ်နေချိန်တွင် တစ်ကိုယ်လုံး တုန်ယင်နေပြီး သူ၏ ဒေါသကို မည်သည့် စကားလုံးများကမှ ဖော်ပြနိုင်မည် မဟုတ်ချေ။
မယ်တော်မိဖုရားခေါင်ကြီးလည်း လုံးဝ အံ့ဩမှင်သက်သွားတော့၏။ သူမက ဧကရာဇ်ကို ချစ်ခင်သလို မြေးမလေး မင်းသမီး ရှန်ရှန်းကိုလည်း ချစ်ခင်သူ ဖြစ်သည်။
အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်မင်းများမှာမူ အခြားသူများထက်ပင် ပိုမို၍ အံ့ဩတုန်လှုပ် သွားကြရသည်။ ဤအခြင်းအရာသည် အမှန်တကယ် ထိတ်လန့်ခြောက်ခြားဖွယ်ရာ ကောင်းလွန်းလှ၏။
မင်းသမီး ရှန်ရှန်းသည် တောင်ပိုင်းကျိုးအင်ပါယာ တစ်ခုလုံး၏ အဖိုးထိုက်တန်လှသော ပုလဲရတနာလေး မဟုတ်ပါလား။
ဂုဏ်ဒြပ် အရှိန်အဝါနှင့် ပြည့်စုံလှသည့် အင်ပါယာ၏ မင်းသမီးတစ်ပါးက သေဆုံးသွားခဲ့ပြီဖြစ်သော မြို့စားမင်း၏ သားတော်နှင့် ဝိညာဉ်လက်ထပ်ပွဲ ဆင်နွှဲရမည်ဟူသော အမိန့်တော်ကြောင့် အမတ်တိုင်းက စိတ်တွင်းမှ မယုံနိုင်ဘဲ တီးတိုးရေရွတ်မိကြတော့သည်။
“ဒါ... ဒါက အရမ်းကို ထိတ်လန့်စရာကောင်းလွန်းတယ်။ မင်းသမီး ရှန်ရှန်းဟာ တောင်ပိုင်းကျိုးအင်ပါယာရဲ့ ပုလဲရတနာလေးလေ။ ဂုဏ်သရေရှိတဲ့ အင်ပါယာရဲ့ မင်းသမီးတစ်ပါးက သေဆုံးသွားတဲ့ မြို့စားရဲ့ သားတော် တစ်ယောက်နဲ့ ဝိညာဉ်လက်ထပ်ပွဲ လုပ်ရမယ် ဟုတ်လား။ ဒါက ကြီးမားတဲ့ အရှက်တကွဲ ကိစ္စကြီးတစ်ခု မဟုတ်ရင် ဘာလဲ။”
ဧကရာဇ်ဟောင်းက ဆက်ဖတ်လိုက်၏။ “တတိယအချက်က... တောင်ပိုင်းကျိုးအင်ပါယာဟာ ယောင်နန်၊ ပေဝမ်၊ ဟိုင်ကျောင် ဆိုတဲ့ ပြည်နယ် သုံးခုကို ကျိန့်ဟိုင်မြို့စား စီးမိသားစုကို ထာဝရ အပိုင်စား ပေးရမယ်တဲ့။”
ဤအချက်ကို ဖတ်လိုက်ချိန်မှာတော့ အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ ပို၍ပင် အံ့ဩတုန်လှုပ် သွားကြတော့သည်။
ဒုတိယအချက်ဖြစ်သော မင်းသမီး ရှန်ရှန်းကို ပေးပို့ခြင်းသည် နာမည်ဂုဏ်သတင်းအရ ထိခိုက်မှု တစ်ခုမျှသာ ဖြစ်သော်လည်း ယခု ပြည်နယ် သုံးခုကို ကျိန့်ဟိုင်မြို့စား စီးပြန်းထံ အပိုင်စား ပေးလိုက်ခြင်းမှာ လုံးဝ တိုင်းပြည်၏ အကျိုးစီးပွားကို စွန့်လွှတ်လိုက်ခြင်း ဖြစ်သည်။ ဤသည်မှာ အပိုင်စား ပေးခြင်း မဟုတ်ဘဲ ခွဲဝေပေးလိုက်ခြင်း မဟုတ်ပါလား။
သေချာပေါက် တောင်ပိုင်း ပြည်နယ်ငါးခုသည် တောင်ပိုင်းကျိုးအင်ပါယာ အတွင်းသို့ ဝင်ရောက်လာခဲ့သည်မှာ ဆယ်စုနှစ် အနည်းငယ်မျှသာ ရှိသေးပြီး ဤပြည်နယ်များသည်လည်း အကြိမ်ကြိမ် ပြောင်းလဲနေခဲ့သည်။
သို့ပေမည့် ယခုအခါ တောင်ပိုင်းကျိုးအင်ပါယာ၏ နယ်မြေ ဖြစ်နေပြီဖြစ်ရာ ကျိန့်ဟိုင်မြို့စား စီးပြန်းထံ ခွဲဝေပေးလိုက်မည် ဟုတ်လား။ ဤသည်မှာကြီးမားသော အရှက်တကွဲကိစ္စကြီး တစ်ခုဖြစ်၏။
ဧကရာဇ်ဟောင်းက ဆက်ဖတ်လိုက်သည်။ “စတုတ္ထအချက်… ကျိန့်ဟိုင်မြို့စား စီးပြန်းက နန်းတွင်းကို ငွေသား ဆယ်သန်း အခမဲ့ လှူဒါန်းရမယ်တဲ့။”
ဖတ်ပြီးသွားချိန်မှာတော့ တစ်ကွင်းလုံး အပ်ကျသံ ကြားရလုမတတ် တိတ်ဆိတ်သွားတော့၏။
အချိန်အတော်ကြာပြီးမှသာ ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “ဧကရာဇ်... မင်းက ပြည်နယ် သုံးခုရဲ့ နယ်မြေကို ရောင်းစားချင်နေတာလား။ ဧကရာဇ် တစ်ပါး အနေနဲ့ ကိုယ့်နိုင်ငံရဲ့ နယ်မြေကို ရောင်းစားလို့ ရသလား။ ငွေသား ဆယ်သန်း နဲ့ ပြည်နယ် သုံးခုကို ရောင်းလိုက်တာ တကယ်ကို တွက်ခြေကိုက်တာပဲ။ မင်းက တကယ် ဈေးဆစ်တတ်တာပဲ။ ဒါပေမဲ့ မင်းက ဧကရာဇ် တစ်ပါးလေ၊ ကုန်သည် တစ်ယောက်မှ မဟုတ်တာ။”
အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ အားလုံး မြေပြင်ပေါ်တွင် ဒူးထောက်ကာ တုန်ယင်နေကြတော့၏။
အမှန်စင်စစ်အားဖြင့်မူ ထိုသူတို့၏ အတွင်းစိတ်ထဲမှ အမြင်အစစ်အမှန်ကို မေးကြည့်မည်ဆိုပါက တောင်ပိုင်း ပြည်နယ်ငါးခုသည် အလကားသက်သက် ကောက်ရထားသည့် နယ်မြေများဖြစ်ပြီး တောတောင်ထူထပ်ကာ လူရိုင်းများသာ နေထိုင်ရာအရပ်ဟု ယူဆနေကြဆဲ ဖြစ်သည်။
၎င်းတို့အနက် အဓိကဖြစ်သော ပြည်နယ်သုံးခုမှာလည်း လူဦးရေ ကျဲပါးလှသောကြောင့် မည်သည့်တန်ဖိုးမှ မရှိဟု ထင်မြင်နေကြ၏။
ထို့ကြောင့် အဆိုပါနယ်မြေများကို ငွေသားဆယ်သန်းဖြင့် ရောင်းချလိုက်ခြင်းမှာ အလွန် တွက်ခြေကိုက် လှသည့်အပြင် တန်ဖိုးကြီးကြီးဖြင့် လွှဲပြောင်းပေးလိုက်ရခြင်းဖြစ်သည်ဟု တွေးတောနေကြလေသည်။
အပိုင်း (၅၄၆)
ဤသည်မှာ သမိုင်းတွင် ရုရှားအစိုးရက အလာစကာ နယ်မြေကြီးကို အမေရိကန်ထံသို့ ရောင်းချခဲ့ဖူးသည့် ဖြစ်ရပ်နှင့် တူညီသည်။ ထိုစဉ်က စတုရန်းကီလိုမီတာ တစ်သန်းခုနစ်သိန်းကျော် ကျယ်ဝန်းလှသော နယ်မြေကြီးကို အမေရိကန်ဒေါ်လာ ၇.၂ သန်းမျှဖြင့်သာ ရောင်းချခဲ့ခြင်း ဖြစ်၏။
ယခု ဤပြည်နယ်သုံးခုကို စုပေါင်းလိုက်လျှင်ပင် စတုရန်းကီလိုမီတာ တစ်သိန်းခန့်ပင် မပြည့်ချေ။ သို့သော်လည်း ငွေသားဆယ်သန်းအထိ ရရှိခဲ့သောကြောင့် ဧကရာဇ် ဝမ်ယွင်သည် တကယ့်ကို စီးပွားရေးအမြင်ရှိသူ၊ တွက်ချက်တတ်သူဟု မြင်နေကြခြင်း ဖြစ်သည်။
သို့ရာတွင် ဤကဲ့သို့သော လောဘသားအမြင်မျိုးကို စိတ်ထဲ၌သာ သိမ်းဆည်းထားရမှာဖြစ်ပြီး နှုတ်မှ လုံးဝ ထုတ်ဖော်ပြောဆို၍ မရနိုင်ချေ။ လူအများရှေ့မှောက်၌ တရားဝင် ပြောဆိုရမည့် စကားမှာမူ မိမိတို့၏ မြေတစ်လက်မ၊ ရေတစ်ပေါက်ကိုမျှ အဆုံးရှုံးမခံနိုင် ဟူ၍သာ ဖြစ်ရပေမည်။
ငွေသားဆယ်သန်း နေနေသာသာ၊ ငွေသားသန်းတစ်ရာ ပေးမည်ဆိုလျှင်ပင် မည်သည့်အခါမှ ရောင်းချလိမ့်မည် မဟုတ်ပေ။ စစ်သည်ရဲမက် သိန်းနှင့်ချီ၍ အသက်စွန့်ရမည်ဆိုဦးတော့၊ တိုင်းပြည်၏ နယ်မြေတစ်လက်မချင်းစီကို အသက်ပေး၍ ကာကွယ်ရမည်သာ ဖြစ်သည်။
ဤသည်ကမှ တိုင်းပြည်နှင့် လူမျိုးအတွက် ကိုယ်ကျင့်တရားနှင့် အမျိုးသားရေးဝါဒ၏ အမြင့်ဆုံးသော စံနှုန်းပင် ဖြစ်တော့သည်။ ထိုသို့သော အခြေအနေမျိုးတွင် ဤနယ်မြေများကို လွယ်လွယ်ကူကူ စွန့်လွှတ်ရန် မဖြစ်နိုင်ပေ။
ဧကရာဇ်၏ မျက်နှာ ဖြူရော်နေပြီး တစ်ကိုယ်လုံး အနည်းငယ် တုန်ယင်နေ၏။ ဤသည်မှာကြောက်ရွံ့မှုကြောင့် မဟုတ်ဘဲ အံ့ဩတုန်လှုပ်မှုကြောင့် ဖြစ်သည်။
ဤ လျှို့ဝှက်စာချုပ်သည် အလွန် လျှို့ဝှက်သော ကိစ္စတစ်ခု ဖြစ်ပြီး သိရှိသူ အနည်းငယ်သာ ရှိသည်။ ဧကရာဇ်ဟောင်းသည် မည်သို့ သိရှိသွားသနည်း။ စာချုပ်ကို မည်ကဲ့သို့ ရရှိသွားသနည်း။
ထို့အပြင် ဤလျှို့ဝှက်စာချုပ်မှာ လုံးဝ အတု မဖြစ်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် အပေါ်ရှိ စာလုံးတိုင်းမှာ တစ်ပုံစံတည်း တူညီနေသောကြောင့် ဖြစ်သည်။
ဤအချက်ကမှ ကြောက်စရာ အကောင်းဆုံး ဖြစ်သည်။ သူ့ဘေးနားတွင် သေချာပေါက် သစ္စာဖောက် တစ်ယောက် ပေါ်လာခဲ့ပြီ ဖြစ်ပြီး အလွန် အဆင့်မြင့်သော သစ္စာဖောက် တစ်ယောက်လည်း ဖြစ်၏။
ဧကရာဇ်၏ အကြည့်များမှာ ဝန်ကြီးချုပ် အချို့နှင့် နိုင်ကော်မှ အမတ်ကြီးများထံသို့ ရောက်ရှိသွားတော့သည်။ ‘ခင်ဗျားတို့ အထဲက ဘယ်သူ သစ္စာဖောက်တာလဲ။ ခင်ဗျားတို့ရဲ့ ဦးနှောက်ထဲ ရေဝင်နေတာလား။ ဧကရာဇ်ဟောင်းက အသက် ဘယ်လောက်တောင် ရှင်နိုင်တော့မှာမို့လို့ ခင်ဗျားတို့က ကျုပ်ကို သစ္စာဖောက်ရဲတာလဲ။’
သို့ပေမည့် ငြင်းဆို၍ မရနိုင်သည်မှာ ဧကရာဇ်ဟောင်း ထုတ်ပြလိုက်သော ဤလျှို့ဝှက်စာချုပ်သည် ဧကရာဇ်ကို အသက်အန္တရာယ် ရှိလောက်သော ထိုးနှက်ချက်၊ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာတွင် အသက်အန္တရာယ် ရှိလောက်သော ထိုးနှက်ချက်ကို ပေးစွမ်းနိုင်ခဲ့ခြင်း ဖြစ်၏။
ဧကရာဇ်ဟောင်းက အေးစက်စက်ဖြင့် မေးလိုက်သည်။ “ဧကရာဇ်... မင်း စကားပြောလေ။ မင်းက ဧကရာဇ် တစ်ပါးလား၊ ဒါမှမဟုတ် ကုန်သည် တစ်ယောက်လား။”
ဧကရာဇ် သည် ခက်ခဲသော ရွေးချယ်မှု တစ်ခုကို ပြုလုပ်ရတော့မှာဖြစ်သည်။ ဤလျှို့ဝှက်စာချုပ်ကို ဝန်ခံရမည်လား။ သူသည် တိုက်ရိုက် ငြင်းဆိုနိုင်ပြီး ဤလျှို့ဝှက်စာချုပ်သည် အတုအပ ဖန်တီးထားခြင်း ဖြစ်သည်ဟု ပြောဆိုနိုင်၏။
ဤသို့ဖြင့် အနည်းဆုံးတော့ အပေါ်ယံအားဖြင့် ဤကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ပြစ်တင်ဝေဖန်မှုမှ ရှောင်လွှဲနိုင်မှာဖြစ်သည်။
သို့ပေမည့် သူ၏ ဘေးနားရှိ အဆင့်အမြင့်ဆုံး နေရာတွင် သစ္စာဖောက် တစ်ယောက် ရှိနေပြီဖြစ်ရာ အရေးကြီးသော အချိန်တွင် ထိုအဆင့်မြင့် သစ္စာဖောက်က ထွက်လာပြီး ဤလျှို့ဝှက်စာချုပ်ကို အတည်ပြု ပေးလိုက်မှာဖြစ်၏။
ဤထွက်လာသော သစ္စာဖောက်သည် ဝန်ကြီးချုပ် ဖြစ်နိုင်သလို နိုင်ကော်မှ အမတ်ကြီးလည်း ဖြစ်နိုင်ပေရာ ဤသည်မှာ အလွန် အသက်အန္တရာယ် ရှိလေသည်။
ဤအရာမှာ လျှို့ဝှက် စာချုပ်၏ တည်ရှိမှုကို သက်သေပြနိုင်ရုံသာမက ဧကရာဇ်၏ လိမ်ညာလှည့်စားတတ်မှုကိုပါ ဖော်ထုတ်ပြလိုက်ခြင်းလည်း ဖြစ်၏။
မကြာမီမှာပင် ဧကရာဇ် သည် ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်လိုက်၏။ ဤ လျှို့ဝှက် စာချုပ်ကို ဝန်ခံခြင်းလည်း မပြုသလို ငြင်းဆိုခြင်းလည်း မပြုတော့ဘဲ သူ၏ လှည့်စားပြောဆိုမှု အတတ်ပညာကိုသာ ဆက်လက် အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။
ချက်ချင်းပဲ ဧကရာဇ်က အေးစက်စက်ဖြင့် မေးလိုက်၏။ “ခမည်းတော်... သားတော်ကလည်း ခမည်းတော်ကို မေးခွန်းတစ်ခု မေးချင်ပါတယ်။ အဲဒီတုန်းက ခမည်းတော် နန်းတက်ပြီး သိပ်မကြာခင်မှာ ရှီးလျန်နိုင်ငံရဲ့ မြင်းစီးတပ်ဖွဲ့တွေက ကျုပ်တို့ တောင်ပိုင်းကျိုး မြို့တော် အရှေ့အထိ တိုက်ရိုက် ဝင်ရောက်လာခဲ့တယ်။
ခမည်းတော်က မင်းသမီး လန်ရှီးကို ရှီးလျန်ဘုရင်ဆီ ကိုယ်လုပ်တော်အဖြစ် လက်ထပ်ပေးလိုက်တော့ အဲဒီတုန်းက ဘယ်လို ခံစားခဲ့ရလဲ။ အဲဒီနောက်မှာ ခမည်းတော်က ရှီးလျန်နိုင်ငံကို နှစ်စဉ် ငွေသား တစ်သန်းခွဲ ပေးဆက်ခဲ့ရတာ ဘယ်လို ခံစားခဲ့ရလဲ။”
ဧကရာဇ်၏ မေးခွန်းမှာလည်း အလွန် အသက်အန္တရာယ် ရှိလေသည်။ ‘ခမည်းတော်... ခင်ဗျားက ကျုပ်ရဲ့ ဒီ လျှို့ဝှက် စာချုပ်ဟာ တိုင်းပြည်ရဲ့ အကျိုးစီးပွားကို စွန့်လွှတ်လိုက်တာလို့ ပြောနေတယ် မဟုတ်လား။ ဒါဆို ခင်ဗျား အဲဒီတုန်းက ရှီးလျန်နိုင်ငံ အပေါ် လုပ်ခဲ့တာတွေကကော တိုင်းပြည်ရဲ့ အကျိုးစီးပွားကို စွန့်လွှတ်လိုက်တာ မဟုတ်ဘူးလား။ မင်းသမီးကို လက်ထပ်ပေးခဲ့ရသလို၊ အခွန်တွေလည်း ပေးဆက်ခဲ့ရတာ ဘယ်လောက်တောင် အရှက်ကွဲစရာကောင်းပြီး ဂုဏ်သိက္ခာ မရှိလိုက်ဘူးလဲ။’
ဤမေးခွန်းကို ဧကရာဇ်ဟောင်း အနေဖြင့် ဖြေဆို၍ မရနိုင်ချေ။ မညသည့်အဖြေပဲဖြစ်ဖြစ် အမှားချည်းသာ ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ တကယ့် သမိုင်းဝင် အမည်းစက် တစ်ခု ဖြစ်သောကြောင့် ပင်။
ယွင်ကျုံးဟဲ့က အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “ဧကရာဇ်ဟောင်းက အဲဒီတုန်းက အခက်အခဲတွေကို ကြိတ်မှိတ် သည်းခံပြီး တောင်ပိုင်းကျိုးအင်ပါယာရဲ့ အနာဂတ် အတွက် မလွှဲမရှောင်သာ အလျှော့ပေးခဲ့ရတာပါ။”
ဧကရာဇ်က ဒေါသတကြီးဖြင့် မေးလိုက်၏။ “ဒါဆို ခင်ဗျားက ဘာလို့ကိုယ်တော်က အခက်အခဲတွေကို ကြိတ်မှိတ် သည်းခံနေတာ မဟုတ်ဘူးလို့ ပြောရတာလဲ။”
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “ဒါပေမဲ့ ဧကရာဇ်ဟောင်းက အရှက်ရစရာတွေကို တကယ်ပဲ ဆေးကြောနိုင်ခဲ့ပါတယ်။ ရှီးလျန်နိုင်ငံရဲ့ ကိုယ်လုပ်တော်အဖြစ် မင်းသမီးကို လက်ထပ်ပေးပြီး အခွန်တွေ ဆယ်နှစ်တိုင်တိုင် ပေးဆက်ခဲ့ရပြီးတဲ့နောက် ကျုပ်တို့ တောင်ပိုင်းကျိုးအင်ပါယာဟာ ချက်ချင်း အင်အားကြီးမား လာခဲ့ပြီး ဧကရာဇ်ဟောင်းဟာ ရှီးလျန်နိုင်ငံနဲ့ ဂုဏ်သိက္ခာ ရှိတဲ့ ငြိမ်းချမ်းရေး စာချုပ်ကို လက်မှတ်ထိုးနိုင်ခဲ့ပါတယ်။
ရှီးလျန် ဘုရင်ကတောင် ဆယ်နှစ်စာ အခွန်တွေအတွက် လျော်ကြေး အနေနဲ့ နယ်မြေ တစ်ခုကို အလိုအလျောက် ပေးအပ်ခဲ့ပါသေးတယ်။ အဲဒီနောက်မှာ ဧကရာဇ်ဟောင်းဟာ တောင်ပိုင်းကို တိုက်ခိုက်ပြီး ကျုပ်တို့ တောင်ပိုင်းကျိုးအင်ပါယာရဲ့ နယ်မြေကို တစ်ဝက်လောက်အထိ တိုးချဲ့နိုင်ခဲ့ပါတယ်။
ဒါက ဘယ်လောက်တောင်ကြီးမားတဲ့ သမိုင်းဝင် အောင်မြင်မှုကြီးလဲ။ ဒါကြောင့် ဧကရာဇ်ဟောင်းက အဲဒီတုန်းက မင်းသမီးကို လက်ထပ်ပေးပြီး လျော်ကြေးတွေ ပေးခဲ့တာဟာ လုံးဝ အခက်အခဲတွေကို ကြိတ်မှိတ် သည်းခံပြီး အနာဂတ်အတွက် ပြင်ဆင်ခဲ့တာပါ။”
ဧကရာဇ်က ပြန်ပြောလိုက်၏။ “ဒါဆို ခင်ဗျားက ကိုယ်တော်က အခက်အခဲတွေကို ကြိတ်မှိတ် သည်းခံနေတာ မဟုတ်ဘူးလို့ ဘယ်လို ဆုံးဖြတ်လိုက်တာလဲ။ ကျုပ်တို့ တောင်ပိုင်းကျိုးရဲ့ အဓိက ရန်သူက ဘယ်သူလဲ။ ကျိန့်ဟိုင်မြို့စား လား။ ဒါမှမဟုတ် မြောက်ဘက်က တာယင်အင်ပါယာလား။
အနာဂတ်မှာ တာယင်အင်ပါယာနဲ့ စစ်ဖြစ်ရင် ကျိန့်ဟိုင်မြို့စား စီးပြန်းရဲ့ ရေတပ်ကို အားကိုးရမှာ မဟုတ်ဘူးလား။ ကိုယ်တော်က ကျိန့်ဟိုင်မြို့စားကို စည်းရုံးနေတာက မြောက်ဘက်က အင်အားကြီးတဲ့ ရန်သူ တာယင်အင်ပါယာကို တိုက်ခိုက်ဖို့အတွက်ပါ။ ဒါက ကျုပ်တို့ တောင်ပိုင်းကျိုးအင်ပါယာရဲ့ အသက်ရှင်ခြင်း သေဆုံးခြင်း နဲ့ သက်ဆိုင်နေတာပါ။ ဒါက အမှားလား။”
‘ချီးတဲ့မှ... ဒီ ဧကရာဇ်မင်းမြတ်ဟာ လှည့်စား ပြောဆိုတဲ့ နေရာမှာ တကယ်ကို ကျွမ်းကျင်တာပဲ။ ပြီးတော့ နားထောင်ရတာလည်း အရမ်း ယုတ္တိရှိနေသလိုပဲ။’
ယွင်ကျုံးဟဲ့က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “အရှင်မင်းမြတ်နဲ့ ဧကရာဇ်ဟောင်းရဲ့ အခြေအနေကို ဘယ်လိုလုပ် နှိုင်းယှဉ်လို့ ရမှာလဲ။”
ဧကရာဇ်က မေးလိုက်၏။ “ဘယ်လို နှိုင်းယှဉ်လို့ မရတာလဲ။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “အဲဒီတုန်းက ဧကရာဇ်ဟောင်း ဆက်ခံခဲ့ရတဲ့ တိုင်းပြည်က ဘယ်လို အခြေအနေမျိုးလဲ။ အရမ်းကို အားနည်းနေလို့ ရှီးလျန်နိုင်ငံရဲ့ မြင်းစီးတပ်ဖွဲ့တွေက မြို့တော် အရှေ့အထိ တိုက်ရိုက် ဝင်ရောက်လာနိုင်ခဲ့တာလေ။
ဧကရာဇ် ဆက်ခံခဲ့ရတဲ့ တိုင်းပြည်ကရော ဘယ်လို အခြေအနေမျိုးလဲ။ ဧကရာဇ်ဟောင်း သေချာ ပြုစု ပျိုးထောင်ပေးခဲ့တဲ့ တိုင်းပြည်၊ တောင်ပိုင်းကျိုးအင်ပါယာရဲ့ အင်အားအကြီးဆုံး အချိန်လေ။ အားနည်းတဲ့ အချိန်မှာမှ အခက်အခဲတွေကို ကြိတ်မှိတ် သည်းခံရတာပါ။ အင်အားကြီးတဲ့ အချိန်မှာ အခက်အခဲတွေကို ကြိတ်မှိတ် သည်းခံရတယ် ဆိုတာ ဘယ်မှာ ရှိလို့လဲ။”
ယွင်ကျုံးဟဲ့၏ ဤစကားမှာလည်း အလွန် ရည်ရွယ်ချက် ဆိုးရွားလေသည်။ ဧကရာဇ်၏ နှာခေါင်းကို တိုက်ရိုက် လက်ညှိုးထိုးကာ ခင်ဗျားက အရည်အချင်း မရှိဘူး။ ဒီလောက်ကောင်းတဲ့ အခြေအနေကြီးကိုတောင် ဒီလို အခြေအနေမျိုး ရောက်အောင် ဖျက်ဆီးပစ်ရသလားဟု ပြောလိုက်သကဲ့သို့ပင် ဖြစ်နေ၏။
ဧကရာဇ်က အေးစက်စက် ပြုံးကာ ပြောလိုက်သည်။ “ဟုတ်ပါတယ်။ ကိုယ်တော် ဆက်ခံခဲ့ရတဲ့ တိုင်းပြည်ဟာ ဧကရာဇ်ဟောင်း ခေတ်ကနဲ့ ဘယ်လိုမှ နှိုင်းယှဉ်လို့ မရနိုင်ပါဘူး။ ဒါပေမဲ့ ကိုယ်တော် ရင်ဆိုင်နေရတဲ့ ရန်သူကလည်း ဧကရာဇ်ဟောင်း ခေတ်ကနဲ့ ဘယ်လိုမှ နှိုင်းယှဉ်လို့ မရနိုင်ပါဘူး။”
ဧကရာဇ်၏ လှည့်စား ပြောဆိုမှု အတတ်ပညာမှာ တကယ်ကို အံ့ဩစရာကောင်းလွန်းလှ၏။ ထို့အပြင် ဧကရာဇ် သည် ဤစကားကို အဆုံးအထိ မပြောခဲ့ချေ။ ဧကရာဇ်ဟောင်း ရင်ဆိုင်ခဲ့ရတဲ့ ရန်သူက မည်သူဖြစ်သနည်း။
ဧကရာဇ် ဝမ်ယွင်သည် ဒေါသမာန်ဟုန်ပြင်းစွာဖြင့် ဧကရာဇ်ဟောင်း၏ မျက်နှာကို စိုက်ကြည့်ကာ တရစပ် ဆက်ပြောလိုက်သည်။ “ရှီးလျန်နိုင်ငံကို မင်းသမီးနဲ့ လက်ထပ်ပေးပြီး အခွန်ဘဏ္ဍာတွေ ဆက်သခဲ့လို့သာ သူတို့ဘာသာ တပ်ဆုတ်သွားခဲ့တာလေ။ တောင်ပိုင်းကျိုးအင်ပါယာနဲ့ တကယ့် အဆုံးအဖြတ် တိုက်ပွဲမျိုး တစ်ခါမှ မဆင်နွှဲခဲ့ဖူးဘူး။ ဒါကြောင့် ဧကရာဇ်ဟောင်းဟာ ရှီးလျန်နိုင်ငံကို တကယ် အနိုင်ရခဲ့တာ မဟုတ်ပါဘူး။
ပြီးတော့ ဧကရာဇ်ဟောင်းက တောင်ပိုင်းကို တိုက်ခိုက်ခဲ့တုန်းက ရင်ဆိုင်ခဲ့ရတဲ့ ရန်သူတွေက ဘယ်သူတွေလဲ။ စည်းလုံးမှုမရှိတဲ့ လူရိုင်းမျိုးနွယ်စုတွေပဲလေ။ နိုင်ငံရဲ့ နယ်မြေကို တစ်ဝက်လောက်အထိ တိုးချဲ့နိုင်ခဲ့တယ်လို့ ကြွေးကြော်နေကြပေမယ့် ရင်ဆိုင်ခဲ့ရတဲ့ ရန်သူတွေက အသုံးမကျတဲ့သူတွေချည်းပါပဲ။
ကျုပ် ဧကရာဇ် ဝမ်ယွင် အခု ရင်ဆိုင်နေရတဲ့ ရန်သူက ဘယ်သူလဲ။ အင်အားကြီးမားလှတဲ့၊ နေလိုလလို တောက်ပနေတဲ့ တာယင်အင်ပါယာလေ။ အခုဆို လန်ကျိုးမှာ ကြီးမားတဲ့ ဆူနာမီ၊ ကြီးမားတဲ့ ရေကြီးမှု ဘေးဒဏ်တွေနဲ့ပါ ရင်ဆိုင်နေရလို့ တောင်ပိုင်းကျိုးအင်ပါယာဟာ အခုလို အခြေအနေမျိုး ရောက်သွားတာကို ကျုပ်ဆိုတဲ့ ဧကရာဇ်ကိုပဲ အပြစ်တင်လို့ ရမလား။
ပြီးတော့ စစ်ဘက်ဆိုင်ရာ အဆင့်မြင့်ရာထူးတွေကို မှူးမတ်တွေက ချုပ်ကိုင်ထားပြီး မျိုးဆက်သစ် အင်အားစုတွေ ထွက်ပေါ်လာခွင့် မရတာတွေ၊ အမတ်တွေကြားမှာ အကျင့်ပျက်ခြစားမှုတွေနဲ့ ပျင်းရိငြီးငွေ့မှုတွေ ပြည့်နှက် နေတာတွေ အားလုံးက ဧကရာဇ်ဟောင်း အလိုလိုက်ခဲ့လို့ ဖြစ်လာတာချည်းပဲ မဟုတ်လား။ ဒါတွေကကော ကျုပ်ဆိုတဲ့ ဧကရာဇ်ရဲ့ အမှားတွေပဲလား။”
အခြေအနေကို စောင့်ကြည့်နေသူတိုင်းကမူ ဘေးကျပ်နံကျပ် အခြေအနေကို ကြုံတွေ့နေရသည့် ကြားမှပင် ပြစ်ချက်မရှိ တုံ့ပြန်သွားနိုင်သော ဤဧကရာဇ်အသစ်၏ အမှားအမှန်ကို ဆင်ခြင်နိုင်စွမ်းနှင့် လျင်မြန် ထက်မြက်လှသော တွေးခေါ်မြော်မြင်မှုတို့ကို စိတ်တွင်းမှ မချီးမွမ်းဘဲ မနေနိုင်ကြတော့ချေ။
လုပ်ငန်းစဉ် တစ်ခုလုံးတွင် အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ အားလုံး မြေပြင်ပေါ်တွင် ဒူးထောက် နေကြပြီး တစ်ချက်လေးမှ မလှုပ်ရှားဝံ့သလို စကားတစ်ခွန်းမှလည်း ဝင်မပြောဝံ့ကြချေ။
ဤသည်မှာ ဧကရာဇ် နှစ်ပါး၏ တိုက်ပွဲ ဖြစ်သည်။ အကယ်၍ ဝင်ပါရဲပါက အနည်းငယ် အမှားအယွင်း ရှိသည်နှင့် တပြိုင်နက် အပိုင်းပိုင်းအစစ ဖြစ်သွားပြီး တစ်မိသားစုလုံး သေဆုံးသွားရမည့် အခြေအနေ ဖြစ်သည်။
အောက်ယွီ သည် တစ်မိသားစုလုံး၏ အသက်ကို လောင်းကြေးထပ်ထားပြီး ဖြစ်သောကြောင့် ရွေးချယ်စရာ မရှိတော့၍ လုပ်ဆောင်ရခြင်း ဖြစ်၏။
သို့ပေမည့် ထိုနေရာတွင် ရှိနေသော အမတ်များမှာမူ အလောတကြီး ရပ်တည်ချက် ရွေးချယ်ရန် မဝံ့ရဲကြသေးဘဲ ဧကရာဇ် နှစ်ပါး အနိုင်အရှုံး ပေါ်လာမည့် အချိန်ကိုသာ စောင့်ဆိုင်းနေကြသည်။
ဧကရာဇ် ဝမ်ယွင် သည် ယနေ့တွင် မျက်နှာ အများကြီး ပျက်သွားခဲ့ရသော်လည်း သူသည် ဧကရာဇ် တစ်ပါး ဖြစ်နေဆဲဖြစ်ပြီး အင်အား အကောင်းဆုံး အရွယ်တွင် ရှိနေဆဲ ဖြစ်သည်။ ဧကရာဇ်ဟောင်းသည် အသက်အရွယ် ကြီးရင့်နေပြီး သေလုနီးပါး ဖြစ်နေကာ လေဖြတ်နေသူဖြစ်၏။
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အရှင်မင်းမြတ်... ခင်ဗျားက ပြည်နယ် သုံးခုကို ကျိန့်ဟိုင်မြို့စား စီးပြန်းကို ခွဲဝေပေးလိုက်တာဟာ ပထမအချက် အနေနဲ့ လန်ကျိုးက ဒုက္ခသည် သန်းချီကို ကယ်တင်ဖို့၊ ဒုတိယ အနေနဲ့ ကျိန့်ဟိုင်မြို့စားကို စည်းရုံးပြီး မြောက်ဘက်က အင်အားကြီးတဲ့ ရန်သူ တာယင်အင်ပါယာကို တိုက်ခိုက်ဖို့၊ ကျုပ်တို့ တောင်ပိုင်းကျိုးအင်ပါယာရဲ့ အသက်ရှင်ခြင်း သေဆုံးခြင်း အတွက်လို့ ပြောပါတယ်။
ဒီစကားက နားထောင်ရတာ အရမ်း ယုတ္တိရှိပါတယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ ဒီလုပ်ရပ်ဟာ ပြဿနာ တစ်ခုကို ဖြေရှင်းဖို့ နောက်ထပ် ပြဿနာကြီးတစ်ခု ဖန်တီးလိုက်တာ မဟုတ်ဘူးလို့၊ မီးလောင်နေတာကို ထင်းတွေ ထပ်ထည့်ပေးလိုက်တာ မဟုတ်ဘူးလို့ ဘယ်လိုလုပ် သိနိုင်မှာလဲ။
ကျိန့်ဟိုင်မြို့စားကို စည်းရုံးနိုင်မှာ မဟုတ်တဲ့အပြင် သူ့ရဲ့ လောဘတွေကို ပိုကြီးမားသွားစေပြီး ပိုပြီးတော့တောင် အလိုရမ္မက် ကြီးလာအောင် လုပ်လိုက်သလို ဖြစ်မသွားနိုင်ဘူးလား။ ကျုပ်တို့ တောင်ပိုင်းကျိုးအင်ပါယာကို ဆက်ပြီး ခြိမ်းခြောက်နေအောင် လုပ်လိုက်သလို ဖြစ်မသွားနိုင်ဘူးလား။
သူက တာယင်အင်ပါယာနဲ့ ပူးပေါင်းပြီး ကျုပ်တို့ တောင်ပိုင်းကျိုးအင်ပါယာကို တောင်နဲ့ မြောက် ညှပ်ပြီး တိုက်ခိုက်လာမှာ မဟုတ်ဘူးလို့ ဘယ်လိုလုပ် သိနိုင်မှာလဲ။”
....................